Wednesday, March 7, 2012

ဂျူလိုင်မိုး ၏ မြွေနိုင်မြွေစား

မြွေနိုင်မြွေစား

ပြာသိုချမ်းပြင်း၊ ဆီးနှင်းရောယှက်၊ နှမ်းပုံဖျက်။
ပြာသိုလသည် မြန်မာ့တစ်ဆယ့်နှစ်လတို့တွင် ဒသမလ။ မကာရ ရာသီဖြစ်၏။ နက္ခတ်မှာ ဖုသျှ။ ခွာညို ပန်း ပွင့်သည်။
ပြာသိုလ ၏ အဓိပ္ပာယ်မှာ ပျားဖယောင်းစု၍ အရဆုံးသောလ။ ပျားဖယောင်းလဖြစ်သည်။ ပြာသိုလတွင် မြင်းခင်း ပွဲတော်ကျင်းပကြသည်။
(၁)

မိုးလင်္ကာ၌ အချမ်းပြင်းသည်ဟူ၍သာ ညွှန်းဆိုသွားငြား တကယ့်တကယ်၌ မြန်မာ့တစ်ဆယ့်နှစ်လမိုးတွင် ပြာသိုမိုး ကား အဖျက်မိုးသာဖြစ်၏။
ပြာသိုလ မှာ မိုးရာသီမဟုတ်၊ ဆောင်းရာသီဖြစ်သောကြောင့် ဤလ၌ရွာသော မိုးသည် အခါမဲ့၌ ရွာသည့် အကာလမိုး ဖြစ်လေသည်။ အလွန်ချမ်းအေးလှသော ပြာသိုလတွင် ဆီးနှင်းနှင့် ရောထွေး ရွာသွန်း တတ်သည့် မိုးသည် တောင်သူကြီးတို့၏ ယာပြင်တစ်လျောက် စုပုံထားမည့် နှမ်းပုံကြီးများ၊ နှမ်းပင်များကို တန်းစီ ၍ ညီညီညာညာ ထောင်ထားသော နှမ်းထောင်များ ကို ပျက်စီးစေတတ်လေသည်။

ထို့ကြောင့်လည်း "ပြာသိုလအတွင်း၊ မိုးညှင်းညှင်း၊ ဆီးနှင်းရောယှက်၊ နှမ်းထောင်ဖျက်" ဟူ၍လည်း အဆို ရှိ ခဲ့သည်။ မိုးသေးမိုးငယ်နှင့် နှင်းရော၍ ရွာသောကြောင့် ပြာသိုလအတွင်း ရိတ်သိမ်းစုပုံထားသော နှမ်းထောင် များပျက်လေ့ရှိသည်ကို ဆိုလိုခြင်းဖြစ်သည်။
ငါးရဲ့မုဆိုးကြီး ဦးတောက်ကတော့ ဤသို့ ချမ်းအေးလှသော ပြာသိုလဆောင်းတွင်းကြီးသို့ ရောက်ပြီ ဆိုလျှင် သိုမိုးအကြောင်း မည်မည်ရရ မစဉ်းစားမိတတ်ပါ။ ပြာသိုမိုးကို ဦးတောက်စိတ်မ၀င်စားပါ။
သို့သော် ... ယနေ့ နံနက်ခင်းမှာ တစိမ့်စိမ့် ဖွဲနေသည့် မိုးလိုလို နှင်းလိုလို ပြာသိုမိုးကိုတော့ ဦးတောက် စိတ်တို နေမိသည်။
မနက်စောစော ကန်သာယာကန်ကြီးအတွင်း ငါးရဲ့သွားပစ်မည်ဟု ဆုံးဖြတ်ပြီး ပြင်ဆင်နေချိန်မှာ မိုးက ရွာချ လိုက်ခြင်း ...။

သည်တော့ ချမ်းရသည့်ကြားထဲ မိုးလေးတစိုစိုနှင့် ဖြစ်သွားလျှင် အအေးပါ မိသွားနိုင်သည် မဟုတ်လား ...။
" ပလောက် ... ပလောက် ပလောက် ... ပလောက် ... "
အိမ်ဘေးဆင့်တွင် ပက်လက်ကုလားထိုင်ဖြင့် ထိုင်နေစဉ်မှာ အိမ်အောက်မှ "ပလောက် ... ပလောက် " နှင့် အသံ တွေ ကြားရသည်။
ဆင့်ကြမ်းပြင် ကြားထဲမှ ငုံ့ကြည့်လိုက်သောအခါ အိမ်အောက်ရှိ ရေကွက်ကျင်းလေးတွေထဲမှာ ရေမြွေသုံး လေးကောင် ကို တွေ့ရ၏။ ငါးငယ်များကို လိုက်ဖမ်းစားနေကြသည်။
ရေကွက်ကျင်း လေးထဲမှာ သည်ရေမြွေတွေ လူးလာဆန်ခတ်နှင့် ငါးလေးများကို လိုက်ဖမ်းနေသဖြင့် အိမ် အောက်ဘက် မှ "ပလောက် ပလောက် " အသံထွက်နေခြင်းပဲဖြစ်သည်။
သည်နှစ်တော့ အိမ်အောက်မှရေသည်။ ခုချိန်ထိ မခန်းသေး ...။ အိမ်အောက်ထဲမှရေမှာ မိုးတွင်း ကတည်းက တက်ခဲ့သော ရေ၏ လက်ကျန်ဖြစ်သည်။
ဘားအံမှာ ကုန်းပြင်မြင့်တွင် အလွန်ပေါသည်။ အထင်အရှားရှိနေသည်ကိုက ကုန်းကြီး ၁၁ ကုန်း ...။ မီးသတ်ကုန်း၊ အရိုးကုန်း၊ မုဆိုးမကုန်း၊ ကုန်းကလေး၊ ဘိုတဲကုန်း၊ ဟင်္သာကုန်း၊ သပြေညိုကုန်း၊ အင်ကုန်း၊ ဘီးရှော့ (Bishop)ကုန်း၊ သပြေကုန်း၊ ဖားမဲတောင်ကုန်းဆိုပြီးရှိသည်။

မိုးတွင်းမှာ မိုးကြီးပြီ၊ မြစ်ရေတက်ပြီဆိုလျှင် ကုန်းမကျသည့် အနိမ့်ပိုင်းတွေမှာ ရေဘေးဒုက္ခသင့်ကြပြီ။
မြစ်ရေကတိုး၊ မိုးကမစဲ ...။ တစ်ခါတစ်ရံများမိုးက သုံးလေးရက်မက ခုနစ်ရက်တစ်ပတ်ပင် ဆက်တိုက် ရွာတတ်သည်။
ဦးတောက် နေထိုင်သော ဇွဲကပင်လမ်းမှနေအိမ်သည် အင်ကုန်းနှင့် ဘီးရှော့ကုန်း၊ ကုန်းနှစ်ကုန်း၏ အနိမ့်ဆုံး အပိုင်းထဲမှာရှိသည်။ သည်တော့ မိုးတွင်း မြစ်ရေမတက်နှင့်ဦး၊ မိုးကောင်းလိုက်သည်နှင့် အိမ်အောက်ကို ရေရောက်ပြီး စီးလာသမျှရေက သူ့အိမ်အောက်မှ ဖြတ်ပြီး ကန်သာယာကန်ကြီးထဲ စီးဝင်ခြင်းဖြစ်သည်။ မြစ်ရေကြီးမနေလျှင်တော့ အိမ်အောက်မှရေက ကန်သာယာကန်ကြီးထဲ စီးဝင်သွား၍ ကြာကြာ ရေတင်မနေတတ်ပါ။ ကန်ရေလျှံနေလျှင်လည်း ရေထိန်း တံခါးဖွင့်ပြီး သံလွင်မြစ်ထဲ ရေလွှတ်ထုတ်ပေးလိုက်လျှင် ချောင်းရိုးလေးအတိုင်း စီးထွက်သွားကာ ရေက ပြန်ကျသွားတတ်စမြဲ ...။

စင်စစ် ကန်သာယာကန်ကြီးက သဘာဝကန်ကြီးမဟုတ်။ မြေအနိမ့်ပိုင်းကို တာဘောင်များခတ်ပြီး ဆယ် ထားသော ဧရာမလူလုပ်ကန်ကြီးသာဖြစ်သည်။ ကန်ကြီး၏ ရေအနည်းအများကို ရေတံခါးနှင့် ထိန်းထားသည်။
ပုံမှန်အားဖြင့် ဆိုလျှင်တော့ အိမ်အောက်တွင် ၀င်ရောက်ခဲ့သောရေများ နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လ လောက်ကတည်းမှ ခန်းသွားတတ်စမြဲ ...။ သည်နှစ်တော့ ကန်သာယာကန်ကြီး၏ မြောက်ဘက်ရှိ ရေထိန်း တံခါးကို မိုးမပြတ်မီလများကတည်းမှ ပိတ်ထားခဲ့သဖြင့် ရေမတင်းတော့ဘဲ ယခုပြာသိုလ ဆောင်းတွင်းကြီး အထိ ရေက ကျန်နေသေးခြင်းဖြစ်သည်။
" ပလောက် ... ပလောက် ပလောက် .... "
ပလောက် ... ပလောက် ပလောက် ... "

ရေကြော ပြတ်သွားပြီမို့ ရေကွက်ကျင်းလေးထဲမှ ငါးလေးများမှာ သူတို့ အသက်ဘေးမှ လွတ်မြောက်နိုင်ဖို့ ပြေးစရာရှောင်စရာ ရေပြင်ကျယ်ကျယ်ဝန်းဝန်း မရှိတော့ပါ။ သည်တော့ ရေမြွေတွေက ငါးငယ်လေးများကို စိမ်ပြေ နပြေ အေးအေးဆေးဆေး ဖမ်းစားနေကြခြင်းဖြစ်သည်။
" ဖားနိုင် ဖားစား၊ ငါးနိုင် ငါးစား ... " တဲ့ ။ ဤသို့ မြန်မာစကားပုံရှိခဲ့သည်။ ဖားက ကြီးလျှင် ငါးငယ် ကိုစား၍ ငါးကကြီးလျှင် ဖားငယ်ကို စားသကဲ့သို့ အင်အားကြီးလျှင် အနိုင်ရစတမ်းဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်၏။
ဦးတောက် မှာတော့ "ဖားနိုင်ဖားစား၊ ငါးနိုင်ငါးစား"၊ လောက်နှင့် အတွေးက မရပ် ... ။
(၂)

" ၀ှီး ... ၀ှီး ... ၀ှီး ... ၀ှီး ... "
" ဖရော ... "
ကုန်းမြင့်ပေါ်မှနေ၍ ငါးမျှားတပ်ထားသော စားဖားလေးကို ဦးတောက်က လေထဲမှာ တ၀ှီးဝှီးမြည်အောင် လွှဲပြီး ပစ်လိုက်၏။ အရှိန်ဖြင့် ပါသွားသော နိုင်လွန်ကြိုးများက ဖရောခနဲ ပြေးထွက်သွားသည်။
သူက အပေါ်ဘက်မှာရှိနေ၍ မြင်ကွင်းအားလုံးကို စီးမြင်နေရလေသည်။
ငါးစာ စားဖားလေးက အောက်ဘက်ရှိ ကန်သာယာကန်ကြီးအတွင်းမှ ပဒေသာ ဒိုက်သရောပြင်ကြီးပေါ် ကျ သွား၏။ ပဒေသာဟဒိုက်သရောပြင်ကြီးက သဘာဝအတိုင်း ရက်ဖွဲ့ချုပ်ထားသော ကော်ဇောကြီးနှင့် တူလှသည်။

အပင်ငယ်လေးတွေ စုဖွဲ့နေသော ကြွက်နားရွက်ပြင်ကြီးထဲမှာမှ ခရမ်းနုရောင် ပန်းပွင့်ကြီးတွေနှင့် ဗေဒါ၊ အပေါ်ဘက် အစိမ်း၊ အောက်ဘက်မျက်နှာပြင် ကြက်သွေးရောင် အရွက်များရှိသည့် ကျွဲခေါင်းပင်၊ အပွင့်ဖြူ လေးတွေ ဝေနေသော ကန်စွန်းပင်၊ ထောင်ထောင်လဲလဲနှင့် စိမ်းစိမ်းဝါ၀ါ ပေါင်းမြက်ပင်များ၊ အပွင့်ဝါဖြူ လေးတွေနှင့် အရွက်ဝိုင်းဝိုင်း ကြာပင်ငယ်၊ ရေထိကရုံး၊ ကနဖော့၊ ပုစွန်စာနွယ်များနှင့် ဒိုက် စပါးပင် စသည့်အပင်များစုဝေးပေါက်နေကြခြင်းဖြစ်သည်။

ဦးတောက် စိတ်ဝင်စားသည်မှာ ပဒေသာဒိုက်သရောပြင်ကြီး၏ အစပိုင်းကန်စပ်နားတွင်သာရှိသည့် ရေကွက်လေးကို ဖြစ်၏။ ကန်စပ်နှင့် သုံးလေးပေခန့် အကွာမှာပင်ရှိသည်။ အချင်းအကျယ်ကလည်း တစ်တောင် သာသာမျှသာရှိမည်။ အောက်ဆင်းပစ်လျှင်တော့ လက်တစ်ကမ်းသာ ...။. နီးနီးလေး ...။
သို့သော် ... သည်လောက်နီးနီးလေးမှ ငါးစာ စားဖားကို မတ်တတ်ရပ်ပစ်နေလျှင် သူ့ကို ရေအောက်မှ ငါးက သတိပြုမိသွားနိုင်သည်။ လူရိပ်လူယောင်ကြောင့် အကင်းပါးသော ငါးရံ့ကြီးများ ရှောင်ထွက် သွားနိုင်သည်။

ထို့ကြောင့် ဦးတောက်က နီးသောနေရာကန်စပ်သို့ မဆင်းတော့ဘဲ ဝေးသော ကုန်းမြင့်ပေါ်မှနေ၍သာ လှမ်းပစ် မျှားဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ဦးတောက် က ရစ်ခုံ ပလတ်စတစ်ဘူးနှင့် နိုင်လွန်ငါးမျှားကြိုးကို တစ်ပတ်ချင်း ပြန်ရစ်ယူပြီး ငါးစာ ဖားအား ဆွဲလာခဲ့သည်။
သူ့ရည်ရွယ်ချက်က ငါးစာ ဖားလေးကို ရေကွက်ပေါ်မှ ဖြတ်ဆွဲဖို့ ...။
" အို ... "
ထိုစဉ်မှာ ... ပဒေသာ ဒိုက်ပြင်ထဲရှိ ဗေဒါပင်စုတွေကြားမှ မြွေတစ်ကောင် ထွက်လာပြီး ရစ်ယူနေသော ငါးစာ ဖားကို လိုက်တော့သည်။
မြွေက အကောင်ကြီးတော့ မဟုတ်။ တံတောင်ကျော်ကျော်ကောင် ...။
မြွေ ဆိုသည်က ခြေလက်မဲ့၍ ကိုယ်လုံးဖြင့်သာ လူးလွန့်သွားနိုင်သော ကျောရိုးရှိ တွားသွားကောင် ...။

မှန်ကဲ့သို့ ချောပြောင်နေသော နေရာတွင် သွားလာနိုင်စွမ်းအားနည်းသော်လည်း အောက်မျက်နှာပြင် ကြမ်းတမ်း လေလေ မြွေတို့ အဖို့ သွားလာရလွယ်ကူလေဖြစ်သည်။ ထို့ကြောင့် သာမန် သတ္တ၀ါလေးများသွားလာရန် ခက်ခဲသော သည်ရှုပ်ရှုပ်ထွေးထွေး ပဒေသာဒိုက်သရောပြင်ကြီးပေါ်မှာ ဖား နောက် လိုက်လာသည့် မြွေက အလွန်မြန်သည်။
မြွေက ရစ်ခုံကြောင့် ပရမ်းပတာ ရွေ့သွားနေသော စားဖားသေလေးကို တကယ့်အရှင်ဟု ထင်နေပုံရ၏။ သည် အလျားရှည် သားစားသတ္တ၀ါက သူ့အစာဖားကို အလွတ်ခံချင်ပုံမရ။ 
ဦးတောက်ကလည်း ငါးရံ့ပစ်ဖို့ ငါးမျှားချိတ်မှာ တပ်ထားသည့် သူ့စားဖားလေးကို မြွေအစားမခံနိုင်။
ဒါကြောင့် ရစ်ခုံဘူးကို ပစ်ချပြီး မြွေလိုက်မမီရန် ငါးမျှားကြိုးအား လက်ဖြင့် ဘယ်ညာ မြန်မြန် ဆွဲပစ်လိုက်သည်။ ဒါတောင် ကန်စပ်အနီး ပဒေသာဒိုက်သရောပြင် ရေပေါက်နားရောက်တော့ စားဖားကို မြွေ က မီလုမီခင်ဖြစ်လာသေးသည်။

ဦးတောက်က ငါးစာ စားဖားလေးကို ရေပေါက်ကျော်အောင် ဆတ်ခနဲ မြှောက်ဆွဲပစ်လိုက်တော့မှ မြှောက်ပြီး ကန်စပ်မြေပေါ် မြက်တောထဲ ရောက်သွားသည်။
သည်တော့ စားဖားနောက် စားမာန်ထပြီး သဲကြီးမဲကြီးလိုက်နေသော ရေမြွေမှာ ရေပေါက်လေးကို ဖြတ်မိ သွား တော့၏။
" ၀ုန်း ... "
" ဟာ ... "
သူ့ငါးရံ့ ပစ်သတ်တစ်လျောက် တစ်ကြိမ်မှ မမြင်ခဲ့ဖူးသော မြင်ကွင်း ...။ ဒါကြောင့် ပါးစပ်မှ ဟာခနဲပင် အာမေဍိတ်သံ ထွက်သွားရသည်။
ရေပေါက်အောက်မှ ၀ုန်းခနဲ ဟပ်လိုက်သံနှင့်အတူ ရေထဲမှာ မြွေပျောက်သွားသည်။ ကြည်နေခဲ့သော ရေပေါက် တစ်ခုလုံးလည်း နောက်ကျိလို့သွားသည်။
" ဒါ ... ဒါ ... မြွေ ... မြွေကို စားသွားတာပဲ ... "
(၃)

ငါးက မြွေကို စားသတဲ့လား ...။
မြွေ က ငါးကိုစားတာပဲ ငါးရံ့မုဆိုးကြီး ဦးတောက်မြင်ခဲ့ဖူးသည်။ ငါးက မြွေကို စားတာတော့ သူ့တစ်သက် မှာ ခုလို ကိုယ်တွေ့ကြုံသိရသော အဖြစ်အပျက်မျိုး လက်တွေ့မရှိခဲ့။ ခုတော့ ... မျက်ဝါးထင်ထင် မြင်လိုက် ရလေပြီတည့်။
သို့သော် ... စိတ်ထဲမှာမူ မတင်မကျ ဖြစ်နေသည်တော့ ရှိနေသေး၏။
" မြွေကို စားလိုက်တဲ့ ငါးက ဘာငါးအမျိုးအစားလဲ "
ဝုန်းခနဲ ဟပ်လိုက်သံကို ကြားလိုက်ရသော်လည်း ငါးအကောင်အထည်ကိုတော့ ဦးတောက် မမြင် လိုက်မိပါ။
တံတောင်ကျော်ကျော်မြွေကို ထိုးဟပ်စားသည့် ငါးဆိုတော့ အကောင်သေးသေးတော့ မဖြစ်နိုင် ...။ သားစား ငါးမျိုးအကောင်ကြီးထဲက ဖြစ်မည်မှန်းတော့ သေချာသည်။ ဘာငါးပါလိမ့် ...။ အာဖရိက ငါးခူကြီး များလား ...။

ဟိုတစ်လောက သူ့မိတ်ဆွေ ဦးစံသော်နှင့် သူ့သားမက်တို့ ညဘက်မှာ ကန်သာယာကန်ကြီးပတ်ပြီး ငါးသွား ထိုးခဲ့ကြသည်။ အဲသည်မှာ သူတို့ ငါးခူကြီးတစ်ကောင် ရခဲ့ကြသည်။ ငါးခူကြီးကန်စပ်မှာ ငြိမ်ပြီး အိပ် နေတုန်း မှိန်းနှင့်ထိုးယူခဲ့ခြင်းဖြစ်သည်။
ငါးခူကြီး က ၆ ပိသာခန့်ရှိသည် ... တဲ့။ အကောင်ကြီးလွန်း၍ ဦးစံသော် သားမက်က ပုဆိုးချွတ်ကာ ထုပ်ပြီး အိမ် သို့ ထမ်းတောင်ပြန်ခဲ့ရသည် ... တဲ့။
သူတို့က အဲသည်လောက်ကြီးသော ငါးခူကြီးကို ဘာငါးခူမျိုးမှန်း မသိကြတော့ စားလည်း မစားရဲကြ ... တဲ့။ ဒါနဲ့ ခုတ်ထစ်ပြီး ပိုင်းရောင်းလိုက်ကြသည်ဆိုပဲ။
ဦးတောက် ကတော့ ငါးခူအဲသည်လောက်ကြီးပြီး ပင်လယ်ငါးခူမျိုးလည်း မဟုတ်သည့် ရေချိုကန်ငါးခူ၊ အိုင်ငါးခူ ဆိုတော့ အာဖရိက ငါးဟုပဲထင်သည်။
အာဖရိကငါးခူကြီးတွေက ၄ ပေလောက်အထိ ရှည်လျားနိုင်ပြီး ပါးစပ်ကလည်း ၁ ပေလောက် အထိ ကျယ်သည့် အကောင်မျိုး။

အာဖရိကငါးခူမျိုးတွေက ကန်ထဲရှိသမျှ ရေသတ္တ၀ါတိုင်းကို မလွတ်စတမ်းစားသော သားစားကျူးသည့် ငါးဘီလူး ...။ ဒါကြောင့် ရေလုပ်ငန်းဥပဒေနှင့်ပင် မွေးမြူခြင်းမပြုဖို့ တားမြစ်ခံထားရသည့် သတ္တ၀ါမျိုး ...။
ဖြစ်နိုင်သည် ဟု တွေးမိသော်လည်း နောက်ဆုံးမှာတော့ မဖြစ်နိုင်ဟု ဦးတောက်ယုံကြည်လိုက်သည်။
အကြောင်းရင်းကတော့ တစ်ချက်တည်း ...။ ငါးခူမျိုးတွေက သားကောင်ကို ၀ုန်းခနဲဟပ်ပြီး စားတတ်သည့် အကျင့်စရိုက်မျိုး မရှိသောကြောင့် ဖြစ်သည်။ ဒါဆိုလျှင် ... ဟုတ်သည်။ ငါးရံ့ပဲ ဖြစ်ရမည်။
တစ်ပိသာ အထက် နှစ်ချို့ငါးရံ့ကြီးတစ်ကောင်ပဲဖြစ်ရမည်ဟု ဦးတောက်တစ်ထစ်ချ ယုံကြည်လိုက်သည်။
သို့သော် ... လက်တွေ့ ထပ်မြင်ဖို့တော့ လိုသေးသည်ဟု စိတ်ထဲမှာ စွဲနေမိ၏။
(၄)

ငါးရံ့နှင့်မြွေ ...။ မုဆိုး မုဆိုးချင်း ...။ သည်သတ္တ၀ါ နှစ်ကောင်၏ ဆက်နွယ်နေမှုကို သိပ်မကြာခင်မှာပင် ဦးတောက် မျက်ဝါး ထင်ထင် တွေ့ခဲ့ရသည်။
ဤတစ်ကြိမ် တွင်တော့ မြွေကို ရေအောက်မှ ထိုးဟပ်လိုက်သော ရေသတ္တ၀ါမှာ ငါးရံ့ကြီး တစ်ကောင်ဆိုတာ သေချာသွားခဲ့ပြီ။
သည်အတွေ့အကြုံကလည်း သူ့ငါးရံ့ပစ်သတ်တစ်လျောက် ပထမဦးဆုံးကြုံခဲ့ဖူးခြင်း ... ။
ဘယ်ရက်၊ ဘယ်လက ဆိုတာတော့ အတိအကျ မမှတ်မိခဲ့တော့ ...။ သည်နှစ်ထဲမှာပဲဖြစ်သည်။
တစ်ညနေစောင်းမှာ ငါးရံ့ကြီးတစ်ကောင် သူပစ်ရခဲ့သည်။ ပုတ်သင်ညို ငါးစာနှင့် ပစ်ရခဲ့ခြင်းဖြစ်သည်။

ပုတ်သင်ညိုကို ခေါင်းခြေမဖြတ်ဘဲ အကောင်လိုက်ပုံစံမပျက် ငါးမျှားမှာတပ်ပြီး ပစ်မျှားခဲ့ခြင်းဖြစ်သည်။
အစာကို ၀ုန်းခနဲ ထိုးဟပ်ပြီး ငါးမျှားကြိုးကို ဆွဲသွားကတည်းက ငါးကြီးမည်မှန်း ဦးတောက် သိသည်။ တပိသာအောက်တော့ မလျော့နိုင် ...။
ထပ်သည့်အတိုင်းပင် ငါးရံ့ကြီးကို ရလိုက်တော့ နှစ်ပိသာနီးနီးကောင် ...။ ပုတ်သင်ညိုကို မျိုထားသည်။ ငါးစာ က အစာအိမ်ထဲ ရောက်နေပြီ။ ငါးရသည့် အချိန်က နေ၀င်သွားခဲ့ပြီမို့ ဈေးထဲသွားရောင်းဖို့ အချိန် မရှိတော့ ...။ ဒါနဲ့ ငါးကြီးဆွဲပြီး မမှောင်ခင် အိမ်ပြန်လာခဲ့သည်။

အိမ်ရောက်တော့ ငါးရံ့ကြီးကို ငါးခြောက်ခွဲလှမ်းဖို့ စီစဉ်သည်။ သည်ည ငါးရံ့ကြီးကိုခွဲပြီး ဆားနယ်ထား ...။ မနက်ကျတော့ ရေပြန်ဆေးပြီး နေလှမ်းမည်ပေါ့ ...။
ဒါကြောင့် ငါးရံ့ကြီးခေါင်းကို အရင်ဆုံးဖြတ်လိုက်သည်။ ပြီးတော့ ငါးရံ့ကြီး မျိုထားသော ငါးစာကို အစာအိမ်ထဲမှ ဆွဲထုတ်သည်။ ငါးမျှားချိတ်တပ်ထားသော ပုတ်သင်ညိုအကောင်လိုက် ထွက်လာသည်။
ပြီးတော့ ... ။ ပြီး တော့ နောက်ထပ်ထွက်လာသည်က မြွေငယ်တစ်ကောင်။ အခွေလိုက်လေး ထွက် လာသည်။ မျိုထားတာလည်း ကြာသေးဟန်မတူ ...။ မြွေအကြေးခွံတွေပင် သိပ်အရောင်မမှိန်သေး ...။
မြွေကို ဟပ်မျိုခဲ့ပြီး မကြာခင်လေးမှာ သူပစ်မျှားသည့် ပုတ်သင်ညိုအား ထပ်စားခဲ့ခြင်း ...။

ငါးများကို ဖမ်းမျိုတတ်သည့် မြွေမျိုးအား ပြန်စား၊ ပြန်မျိုပစ်တာ ငါးရံ့ကြီးဖြစ်မှန်း သေချာသွားလေပြီ။
ကိုယ်တိုင် ဖမ်းမိခဲ့ ငါးရံ့ကြီးကို ငါးခြောက်ခွဲလှမ်းဖို့ စီစဉ်သည်။ သည်ည ငါးရံ့ကြီးကိုခွဲပြီး နေလှမ်းမည်ပေါ့။
ဒါကြောင့် ငါးရံ့ကြီးခေါင်းကို အရင်ဆုံးဖြတ်လိုက်သည်။ ပြီးတော့ ငါးရံ့ကြီး မျိုထားသော ငါးစာကို အစာအိမ်ထဲ မှ ဆွဲထုတ်သည်။ ငါးမျှားချိတ်တပ်ထားသော ပုတ်သင်ညိုအကောင်လိုက် ထွက်လာသည်။
ပြီးတော့ ... ။ ပြီးတော့ နောက်ထပ်ထွက်လာသည်က မြွေငယ်တစ်ကောင်။ အခွေလိုက်လေး ထွက်လာသည်။ မျိုထားတာလည်း ကြာသေးဟန်မတူ ...။ မြွေအကြေးခွံ တွေပင် သိပ်အရောင်မမှိန်သေး ...။
မြွေကို တစ်မျိုခဲ့ပြီး မကြာခင်လေးမှာ သူပစ်မျှားသည့် ပုတ်သင်ညို အား ထပ်----
ငါးများ ကို ဖမ်းမျိုတတ်သည့် မြွေမျိုးအား ပြန်စား၊ ပြန်မျိုပစ်တာ ငါးရံ့ကြီးဖြစ်မှန်း သေချာသွားလေပြီ။

ကိုယ်တိုင် ဖမ်းမိခဲ့သော ငါးရံ့ကြီးဝမ်းထဲမှ မြွေအခွေလိုက် ထွက်လာခဲ့သည်ကို လက်တွေ့မြင်ခဲ့ပြီးသည့် နောက်မှာတော့ ဦးတောက်တစ်ယောက် ငါးရံ့ကြီးများကို မြွေများနှင့် ပစ်မျှားဖြစ်ခဲ့တော့၏။
လက်ညှိုး၊ လက်မ လုံးပတ်လောက်ရှိသည့် မြွေမျိုးဆို မြက်ခင်းများ၌ ကျက်စားတတ်သော မြက်လျှော လား၊ ချောင်ကြိုချောင်ကြားက ထွက်လာမည့် လင်းမြွေလား၊ ... လာထား ... ။
သံလွင်မြင်ကမ်းနားမှ တံငါမိတ်ဆွေတွေ ယူလာပေးသည့် ကနကုတ်တွေနှင့်လည်း ငါးရံ့ပစ်သည်။ ကနကုတ် ဆိုသည်မှာ ဒီရေရှိသော ချောင်းများတွင် နေတတ်သော အဆိပ်မဲ့မြွေ ...။
ကျိုင်းခေါင်းမြွေရလျှင်လည်း ငါးရံ့ပစ်ဖို့ အစာဖြစ်သွားသည်။ ကျိုင်းခေါင်းမြွေကို ကြက်ဥခိုး မြွေ ဟုလည်းခေါ် သည်။ ကြက်ဥ၊ ငှက်ဥများကို မျိုတတ်သော အဆိပ်မဲ့ မြွေကျားငယ် ...။
ကန်သာယာ ကန်ကြီးထဲမှ ထားပိုက်သမားတွေက သူတို့ ပိုက်မှာလာငြိပြီးသေနေတတ်သော ရေမြွေတွေ လာပေးလျှင် လည်း ငါးရံ့ပစ်ဖို့ ဖြစ်သွားသည်။

မြွေပတုံ့ရလျှင်လည်း ပစ်သည်။ မြွေပတုံ့က အမြှီးကို ခေါင်းသဖွယ်ထောင်၍ လှည့်စားတတ်သည့် အဆိပ်မဲ့ မြွေတစ်မျိုး ...။
ပြီးတော့ ရံဖန်ရံခါ ရတတ်သည့် မြွေစိမ်းတွေနှင့်ဆိုလည်း အလုပ်ဖြစ်သည်။ မြွေစိမ်းတွေထဲမှာတော့ ကိုယ်လုံး သေး၍ ရှည်သော ရက်ကန်းကြိုးမြွေမျိုးကိုတော့ ဦးတောက် သိပ်မကြိုက် ...။ အသား နည်းလွန်း လှ သည့် အကောင်မျိုး ...။
မြွေစိမ်းမြီးခြောက်နှင့်လည်း ငါးရံ့ပစ်ဖူးသည်။ မြွေစိမ်းမြီးခြောက်ကိုတော့ အကိုင်အတွယ် သတိ ထားရသည်။ မြွေစိမ်းမြှီးခြောက် မှာ မြွေပွေးအနွယ်ဝင်ဖြစ်သည်။ သူ့အမြှီးဖျားက မွဲညိုရောင်ရှိပြီး အဆိပ်ပြင်း သည့် မြွေစိမ်းမျိုး ...။

ဦးတောက်က မြွေဆိုလျှင် မိက်စိနှင့် နှာခေါင်းပေါက်များအကြား အချိုင့်ရှိမရှိကိုတော့ အရင်ဆုံး သတိပြု ကြည့်သည်။ အချိုင့်ရှိလျှင် မြွေဆိုး ...။
မြွေတွေ့လျှင် သူ့ခါးရိုးကို တစ်ချက်ရိုက်ချိုးပစ်လိုက်နိုင်လျှင်ရပြီ။ မြွေက ခါးရိုးကျိုးလျှင် မပြေးနိုင်တော့ ...။ ခေါင်းကို တစ်ချက် ထပ်ထုလိုက်လျှင်တော့ မြွေသေပြီ။ ကိုယ်ရလိုက်သောမြွေ ဘာအမျိုးမှန်း မသိ၍ အဆိပ်ရှိ မရှိသိချင်လျှင်တော့ ဦးတောက်က တုတ်ငယ်လေးတစ်ချောင်းဖြင့် မြွေပါးစပ်ကို ဖြဲပြီး ကြည့်တတ် သည်။ အဆိပ်မရှိသော မြွေမှန်သမျှ၏ အထက်မေးရိုးတွင် သွားငယ်လေးတွေ တန်းစီ နေကြသည်။ အဆိပ် ရှိသော မြွေများတွင်မူ ၄င်းနေရာ၌ အစွယ်တစ်ချောင်း၊ နှစ်ချောင်း၊ တစ်ခါတစ်ရံ လေးချောင်း အထိ ရှိတတ် ကြသည်။
အစွယ်ရှိ မရှိကို ကြည့်ပြီးလည်း မြွေဆိုး မြွေကောင်း သိနိုင်သည်။ ခွဲခြားနိုင်သည်။
ဦးတြော်ကတော့ ငါးရံ့ပစ်လို့ရနိုင်သည့်အရွယ်အစားမျိုးဆိုလျှင် မြွေဆိုးဖြစ်ဖြစ်၊ မြွေကောင်းဖြစ်ဖြစ် တုံးတစ် ပြီး ငါးစာလုပ်ပစ်လိုက်သည်ချည်း ...။
(၅)

ဦးတောက်က အိမ်အောက် ရေကွက်ကျင်းလေးထဲမှ ထွက်လည်းမပြေးနိုင်၊ ပြန်လည်း မခုခံနိုင်ရှာသော ငါးငယ် လေးများအား လိုက်ဖမ်းစားနေသည့် ရေမြွေတွေကို ကြည့်ပြီး ပြုံးလိုက်မိ၏။
လောကကြီး ထဲမှာ အမြဲတမ်းဆိုတာ မရှိ ...။
သဘာဝ ဖြစ်ရိုးဖြစ်စဉ်နိယာမ ဖြစ်မြဲသဘောက ရိုးစင်းလှပါသည်။
အမြဲတမ်း နိုင်သူမရှိ၊ အမြဲတမ်း ရှုံးသူမရှိ ...။
သူ့ဥာဏ်လေးတစ်ထွာ တစ်မိုက်နှင့် အတွေးအခေါ်ကြီးကြီးတွေကို စဉ်းစားကြည့်နေမိသည်လားတော့မသိ။
" ဖားနိုင်ဖားစား၊ ငါးနိုင်ငါးစား "မှ သည် မြွေနိုင် မြွေစား၊ ငါးနိုင်ငါးစား "အထိ ဦးတောက် တွေးကြည့်နေမိ လေတော့သတည်း။

ဂျူလိုင်မိုး
.

2 comments:

Anonymous said...

စာကောင်းပေကောင်းလေးတွက်ကော..
မြွေဗဟုသုတတွက်ပါ...
ကျေးဇူးပါအစ်မ..
ညီမက.မြွေကြောက်တယ် :P


ချစ်ခင်လျှက်
မိစံ

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒါလေးဖတ်လိုက်တာ မြွေရဲ့ သဘာဝကို အတော်သိသွားတယ်
စိတ်ဝင်စားဖို့ကောင်းတယ်နော်
အတုံ့အလှည့်လို့ပြောရမလား မသိဘူး
နိုင်သူစားစတမ်းဆိုတာ သိပ်မှန်တာဘဲ