Wednesday, March 7, 2012

ဝင်းငြိမ်း နှင့် စာရေးဆရာများ ပေဖူးလွှာစာပေအင်တာဗျူး, အပိုင်း (၅၄) (ပထမပိုင်း ပြီး၏)

(တချို့ကျောင်းကြီးတွေ ဓမ္မရိပ်သာတွေ မှာ ၀တ္ထုဖတ်ခွင့် မပေးပါဘူး။ ဆရာ့ဝတ္ထုကိုတော့ ဖတ်ခွင့် ပေး ပါတယ်။ အထူးသဖြင့် ဒီဝတ္ထုကို ဖတ်ခွင့် ပေးထားပါတယ်။) ကို ဆက်ဖတ်ရန်..

"ထူးခြားတဲ့ ၀တ္ထုတစ်ပုဒ်ပါပဲ ဆရာ။ ကျွန်တော်ကလည်း ဆရာ့ စာဖတ်ပရိသတ်တစ်ယောက်ပါပဲ ဆရာ။ ဆရာ့ ၀တ္ထု တွေကို စွဲစွဲမြဲမြဲ ဖတ်ခဲ့တာပါ။ အခု ဆရာနဲ့ တွေ့ရမယ်ဆိုတော့ ဆရာ့ဝတ္ထုတွေ တစ်ကျော့ပြန် ဖတ် ပါတယ်။ ဒီတစ်ခါ ဖတ်တာကတော့ ငယ်ငယ်တုန်းက ဖတ်တာနဲ့ မတူတော့ဘူးပေါ့ ဆရာရယ်။ ပိုပြီး အာရုံ စူးစိုက် ဖတ်ရတာပေါ့။ အဲဒါဆို ဖတ်လိုက်တော့ "ခိုင်" မှာကော "တစ်ပြည်သူ မရွှေထား" မှာပါ သတိထား မိတဲ့ အချက်ကလေးတစ်ခု တွေ့လာပါတယ်။ အဲဒီအချက်နဲ့ ပတ်သက်ပြီး ဆရာ့ကို မေးရမှာ အားတော့ နာပါတယ်"
"မေးပါ၊ မေးပါ"
"ဒီလိုပါ ဆရာ၊ ခိုင်နဲ့ မောင် စတွေ့တဲ့အချိန် ခိုင်မက သုံးတန်ကျောင်းသူကိုးနှစ်သမီး၊ မောင်က လေးတန်း ကျောင်းသား၊ ၁၁နှစ်သား။ တစ်ပြည်သူမရွှေထားမှာ ထားက ၁၁နှစ်သမီး၊ မောင်မြတ်ဆွေက ၁၃နှစ်သား။ ဒါပေမဲ့ အဲဒီကလေးဇာတ်ကောင်မရွေးပြောကြတဲ့ စကားတွေက အဲဒီအရွယ်ကလေးတွေ နဲ့စာရင် မြင့်များ မြင့် မနေဘူးလားလို့ပါ။

"အဲဒါ မေးတဲ့သူ တော်တော်များများ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆရာကပြန်မေးမယ်။ အမှန်အတိုင်း ဖြေနော်၊ အားနာပါးနာမဖြေနဲ့။ ဒါမှအဖြေမှန် ရမယ်။ မြင့်လား၊ မမြင့်လား မဆုံးဖြတ်ခင်သူတို့ ပြောတာ တွေကို နားထောင်သွားတဲ့အချိန်မှာ ခင်ဗျားအနေနဲ့ ကျေနပ်လက်ခံသွားသလား"
"၀တ္ထုဖတ်နေတဲ့အချိန်မှာ သူတို့အရွယ်ကို ကျွန်တော်မေ့နေတာ အမှန်ပဲ"
"သူတို့ပြောတဲ့နောက်ကို ပါသွားတယ် ဆိုပါတော့။ အဲဒါကိုက ဘာပြသလဲဆိုတော့ ဖြစ်နိုင်တယ်ဆို တာပြ တာပဲ။ သို့သော် ကလေးတိုင်းဒီလိုပဲလား ဆိုတာတော့ ကျွန်တော်လည်း အာမ မခံနိုင်ဘူး၊ သို့ သော်ဒီလို ကလေးမျိုး မရှိဘူးဆိုတာတော့ သွားမပြောနဲ့၊ ရှိကိုရှိတယ်။"

ကျွန်တော်တို့ စိတ်ပညာမှိာ ကလေးတေါကို ခွဲခြားတဲ့နေရာမှာ Age  နှစ်ခုနဲ့ခွဲခြားတယ်။ Chronological Age နဲ့ Mental Age နဲ့ခွဲတယ်။ Chronological Age ဆိုတာက အခုပြောတဲ့ ၁၀နှစ်၊ ၁၁နှစ်၊ ၁၂နှစ် စတဲ့ မွေးသက်နဲ့ ပြောတာ။ Mental Age ဆိုတာကတော့ သူရဲ့ စိတ်သက်ကို ပြောတာ။ သူသည် ၁၀နှစ်ကလေး ဖြစ်ပေမယ့် တခြား ၁၆နှစ်ကလေးရဲ့ စိတ်သက်နဲ့ တူချင်တူနေမယ်။ အခုေ ခတ်ပြောနေတဲ့ IQ ဆိုတာ Mental Age နဲ့ Chronological Age ရဲ့အချိုးကိုပြောနေတာ။ တချို့ကလေးတွေမှာ ဒီအချိုးက One။ အချို့က less than one။ အဓိပ္ပာယ်က Mental Age ကသိပ် ညံ့နေတယ်။ Chronological Age ကသိပ်ကြီးနေတယ်။ ကြီးသာ ကြီးတယ် ကျပ်မပြည့်သေးတဲ့သူက less than one ပေါ့။ တော်တဲ့သူကျတော့ အချိုးက more than one ရှိတယ်။ ဒါကြောင့် အသက်တစ် ခုတည်းနဲ့ ကလေးတွေရဲ့ Mental Age ကို မသိနိုင်ဘူး။ သူတို့ရဲ့ ဥာဏ်၊ အမြင်၊ အသိတွေနဲ့ ချိန်ရ တယ်။ ဒီလို ကလေးမျိုးတွေ ရှိတယ်။

မောင်တို့၊ ခိုင်တို့၊ ထားတို့၊ မောင်မြတ်ဆွေတို့က လူတိုင်းထဲက လူတိုင်းလေးတွေတော့ မဟုတ်ဘူး။ နည်းနည်း လေးတော့ သူတို့ကို အထူးပြုထားတယ်။ အဲဒီတော့ ဇာတ်လမ်းပေါ်မှာ မူတည် ပြီးတော့ ဒီလို လူမျိုးကို ရွေးရတာကိုး။
    ဒီနေရာမှာဗဟုသုတအနေနဲ့ ပြောရရင်ခေါင်းဆောင်ဆိုတာ ဘာလဲဆိုတာ စိတ်ပညာမှာ ခွဲလေ့ ရှိတယ်။ ခေါင်းဆောင်သည် နောက်လိုက် လုပ်မယ့်သူတွေနဲ့ တူလည်း တူရမယ်။ မတူလည်း မတူ ရဘူးတဲ့။ နောက်လိုက်တွေနဲ့ မတူဘဲအပြတ်အသတ် ကွာနေပြန်ရင်လည်း နောက်လိုက်တွေက သူ့ကိုတို့ အထဲကသူ မဟုတ်ဘူးဆိုပြီး လက်ခံမှာမဟုတ်ဘူး။ ဒါကြောင့် တူတာလည်း ရှိရတယ်။ တို့လို ကောင် ပါပဲကွာ ဆိုရင်လည်း အများနဲ့လည်း တူရမယ်။ အများထက်လည်း ထူးခြားရမယ်။ ဒါက စိတ်ပညာ မှာ Leadership နဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့အချက်။

ထိုနည်းတူစွာပဲ ၀တ္ထုတွေမှာ ဇာတ်ကောင်သည် လူတိုင်းထဲက လူတော့ ဖြစ်ရမယ်။ လူတိုင်းထဲ ကလူတွေလို ဖြစ်နေတာတွေကို လျှောက်ရေးပြန်ရင်လည်း ဘယ်သူဖတ်တော့မလဲ။ မဖတ်တော့ဘူးဗျ။ ဒါကြောင့် ၀တ္ထုထဲက ဇာတ်ကောင်သည်။ လူတိုင်းထဲက လူတော့ဖြစ်ရမယ်။ ဒါပေမဲ့ နည်းနည်းလေး တော့ ထူးခြားရမယ်။ မထူးရင် ဒါလောက်တော့တို့ နေ့တိုင်းတွေ့နေတာပဲဆိုပြီး လွှင့်ပစ်လိုက်မှာပေါ့။
အဲဒါနဲ့ ပတ်သက်ပြီး အနုပညာတွေမှာ ပန်းချီဆရာပဲဖြစ်ဖြစ်၊ ကဗျာဆရာပဲဖြစ်ဖြစ်၊ ၀တ္ထုရေး ဆရာပဲဖြစ်ဖြစ်၊ တချို့နေရာတွေမှာ Sharpen လုပ်သင့်တဲ့နေရာတွေမှာ လုပ်ပစ်လိုက်ရတယ်။ Blunt  လုပ်သင့်တဲ့နေရာမှာ လုပ်ရတယ်။ နည်းနည်းချွန်တာကို များများချွန်အောင် လုပ်ပေးလိုက်ရတ်။ နည်းနည်း တုံးတာကို များများတုံးအောင် လုပ်ပေးလိုက်ရတယ်။ ပြုပြင်မှုရှိတယ်။ ခိုင်တို့၊ မောင်တို့ ကလည်း လောကမှာရှိသော သွက်လက်တဲ့ကလေး Mental Age ကြီးတဲ့ကလေးတွေ ဖြစ်ပါ တယ်။ သို့သော် ၀တ္ထုကြောင်းအနေနဲ့ စိတ်ဝင်စားအောင် နည်းနည်း sharpen လုပ်ထားရတဲ့ သဘောတော့ ရှိပါတယ်။

ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်တော်တို့ လွမ်းတေးမဆုံးစေနှင့် စောသခင်ကို ဆက်လိုက် ချင်ပါတယ်။ ဒီဝတ္ထုမှာနိုင်ငံခြားက ဂီတပညာ သင်လာတဲ့ ကိုစောနိုင်က ဂီတပညာစစ်စစ်ဟာ အမြစ်နက်သလို အပြော ကျယ်လှပါတယ်။ ရုပ်ရှင်အနုပညာကတော့ ဒုတိယတန်းစာအဆင့်မှာပဲ ရှိတယ်လို့ ပြောသွားပါတယ်။ ရုပ်ရှင် အနုပညာကို ဘာဖြစ်လို့ ဒုတိယတန်းစားအဆင့် အနုပညာလို့ သတ်မှတ်ရတယ်ဆိုတာ ရှင်းပြ ပေးစေချင်ပါတယ် ဆရာ’’
“ခက်ခဲနက်နဲမှု အပိုင်းမှာ အနုပညာတစ်ခုနဲ့ တစ်ခု မတူကြဘူး။ သူ့ဟာနဲ့သူတော့ ခက်ခဲနက်နဲကြတာပဲ။ ဥပမာ- ပန်းပုပညာနဲ့ ပန်းချီပညာမှာဆိုရင် ပန်းပုသည် ပန်းချီထက် ခက်ခဲနက်နဲတယ် ဆိုတဲ့ အဆိုရှိတယ်။ ပန်းချီတို့ ဘာတို့က တစ်ခါ တခြားအနုပညာထက် နက်နဲတယ် ဆိုတဲ့ သဘောလေးတွေရှိတယ်။ ဒါကို တချို့ကတော့ လက်ခံချင်မှ လက်ခံမယ်။ ဆရာကတော့ လက်ခံတယ်။ ကျွန်တော် စာရေးဆရာ၊ ကဗျာဆရာ ဖြစ်ပေမယ့် ပန်းချီပညာနဲ့ ပန်းပုပညာသည် အလွန်အဆင့်မြင့်တယ်လို့ ကျွန်တော်ထင်တယ်။ အဲဒီတော့ အနုပညာတိုင်းမှာ  မြင့်ခြင်း၊ နိမ့်ခြင်း သဘောလေးတွေ ရှိတယ်။ သို့မဟုတ် ခက်ခဲနက်နဲတဲ့ သဘောလေး တွေ ရှိတယ်။

ရုပ်ရှင်ကို ဒုတိယတန်း အနုပညာလို့ ပြောရတာက နံပါတ်က သူက ပေါ်လာတာ အချိန်သိပ်မကြာသေးလို့  သူ့သက်တမ်းက အလွန်နုသေးတယ်။ ပြီးတော့ ခြွင်းချက်တချို့ကလွဲလို့ ဒီနေ့ ရုပ်ရှင်အများစုက ပိုက်ဆံအတွက် ရိုက်နေကြတာ။ မြန်မာပြည်က ရုပ်ရှင်လည်း ပိုက်ဆံအတွက် ရိုက်နေတာပဲ။ ဟောလီဝုဒ် တော့ ပြောမနေနဲ့တော့ ။ သူတို့ရဲ့ ရည်ရွယ်ချက်ကိုက ပိုက်ဆံများများ ရရေး၊ ဖျော်ဖြေရေး၊ လူကြိုက် များရေးကို ဦးတည်တဲ့အတွက် ရုပ်ရှင်ကို ရှေးပြဇာတ်ကြီးများ၊ ဂီတကြီးများ၊ ကဗျာကြီးများလို ဆရာ နေရာမပေလိုဘူး။

ရှေးက ကဗျာဆရာကြီးတွေ ရေးတာ ပိုက်ဆံအတွက် ရေးတာမဟုတ်ဘူး။ ချမ်းသာဖို့ ရေးတာလည်း မဟုတ်ဘူး။ ရေးချင်လို့ ရေးတာ။ ပန်းချီဆရာတွေလည်း ဒီအတိုင်းပဲ။ ငတ်ပြတ်သွားတဲ့ ပန်းချီဆရာ တွေပြည့်လို့ ။ ရုပ်ရှင်ကတော့ စ လာကတည်းက ပိုက်ဆံအတွက်လုပ်တာ။ သူက Commercial ဆန်လွန်း တယ်။ အနုပညာ လေးစားတဲ့ ဒါရိုက်တာကြီးတွေ ရှိပါတယ်။ အနုပညာကို လေးစားပြီး၊ အမှန်တရားကို လေးစားပြီးလုပ်တဲ့ ဒါရိုက်တာကြီးတွေ ရှိပါတယ်။ သို့သော် သူတို့တစ်တွေက အင်္ဂလိပ်လို ပြောရရင် Exception တွေပါ။ Rule မဟုတ်ပါဘူး။ ခြွင်းချက်အနေနဲ့ပဲ ရှိတယ်။ ယေဘာယျ အားဖြင့် ခြုံငုံစဉ်းစားရင် သူတို့က ပိုက်ဆံအတွက် လုပ်နေတာပဲ ရှိတယ်။

စာပေ၊ ပန်းချီ၊ ပန်းပု၊ ပြဇာတ်ကြီးများအဆင့်ကို မရောက်သေးပါဘူး။ နောက်တစ်ခုက ပြဇာတ်နဲပပဲ ယှဉ်စဉ်းစားကြည့်ပါ။ ပြဇာတ်မှာ တစ်ခုခုကို တင်ပြဖို့ရာ လူက တော်တော်ကြိုးစားရတယ်။ သူ့ကို ဘေးက ဖေးမကူတဲ့ဟာ အလွန်နည်းတယ်။ ရုပ်ရှင်ကျတော့ Technology က အများကြီး ကူထားတယ်။ အနီးကပ် ပြချင် ပြလိုက်မယ်။ အဝေးက ပြချင် ပြလိုမယ်။ သူ့မှာ Technology နဲ့ ပတ်သက်ပြီး Choice တွေ အများ ကီးရှိတယ်။ လူက ထုတ်လုပ်လိုက်ရတာ အင်မတန် နည်းတယ်။ အကပညာတို့၊ ပြဇာတ်ပညာတို့မှာ Technology သိပ်မပါဘူးလားဆိုတော့ ပါတော့ ပါတယ်။ ဒါပေမဲ့ လူက ကြိုးစားအားထုတ်လိုက်ရတာက ပိုများတယ်။

အဲဒါကြောင့် ပြဇာတ်ကြီးတွေ၊ အော်ပရာကြီးတွေ၊ ဘဲလေးကြီးတွေနဲ့ ယှဉ်ရင် ရုပ်ရှင်ဟာ ဒုတိယ တန်း အဆင့်မှာပဲ ရှိေးတယ်။ ပထမတန်း အနုပညာအဆင့်ကို ဘယ်တော့ ရောက်မယ်ဆိုတာ မပြောနိုင် သေးဘူး "
" ဆရာ့ဝတ္ထု ဘယ်နှပုဒ်လောက် ရုပ်ရှင်ရိုက်ပြီးပါပြီလဲ "
" အဲ ... ကျွန်တော်လည်း ပြန်တွက်ကြည့်ရဦးမယ်။ ပထမဆုံး ရိုက်တာက " ထားသခင်"၊ သူက ၀တ္ထုမဟုတ်ဘူး။ ဇာတ်ညွှန်း ရေးပေးတာ။ နောက်တော့ "ညီမလေးရယ် စိုးရိမ်မိတယ်"၊ " လွမ်း " ပြီးတော့ "မိုးညအိပ်မက်မြူ"၊ "မုန်းရစ်လေဦး"၊ နောက်ပြီးတော့ "ရေပင်လယ်နဲ့ ငွေစင်ကြယ်"၊ "တန်ခူးလေနဲ့ လျောတော့သည်"ကို မွှေးလွန်းသော ပန်း"ဆိုပြီးရိုက်တယ်။ အားလုံး ခုနစ်ခုလောက် ရှိတယ်။ ဇာတ်ညွှန်းတွေကတော့ အများကြီးပေါ့"
" ဆရာ့ဝတ္ထု တော်တော်များများမှာ သီချင်းစာသားလေးတွေ ပါတာ တွေ့ရတယ်။ အဲဒါတွေ အပြင် မှာ လွှင့်ဖြစ် သလား ဆရာ "

" တချို့လည်း လွှင့်ဖြစ်ပါတယ်၊ တချို့တော့ မလွှင့်ဖြစ်ဘူး "
" ဆရာ သီချင်းရေးတော့ကော ဒီကလောင်နာမည်နဲ့ပဲလား "
" ဟုတ်တယ်၊ ဥပမာ - "ထားသခင်" တုန်းကဟာဆိုရင် ရေနံ့သာစိုးလှိုင် ဆိုပြီး မြန်မာ့အသံက လွှင့် ခဲ့တယ်။ "ကမ္ဘာကုန်ကျယ်သရွေ့ဝယ်" တင်တင်မြ ဆိုပြီး နာမည်ကြီးခဲ့တဲ့ "စခန်းအောင်မြေ"၊ ဒီသီချင်းတွေက တစ်ပြိုင်တ်း လွှင့်ခဲ့တဲ့ သီချင်းတွေပဲ "
" ဆရာ့ဝတ္ထုတွေထဲမှာ ဂီတနယ်သန်ကို စောညိန်းတို့၊ ရေနံ့သာစိုးလှိုင်တို့ အကြောင်းတွေ ပါနေတော့ ရင်းနှီးမယ် ထင်ပါတယ် "
" ဟုတ်တယ်၊ သူငယ်ချင်းတွေပါပဲ "
" အခု ဂီတနယ်သန်ကိုစောညိန်း သီချင်းတွေ ပြန်လည်ဆန်းသစ်နေတာ ဆရာကြားမိမှာပေါ့။ ဆရာ ဘယ်လို သဘောရလဲ "

" အင်မတန်ကောင်းတာပေါ့။ မြန်မာ့ဂီတရဲ့ ဒီဘက်ပိုင်းမှာ ငြိမ်း နှစ်ငြိမ်း ရှိတယ်။ မြို့မငြိမ်းနဲ့ ဂီတ နယ်သန် ကိုစောညိန်း။ ဒီလူတွေ ဘာလုပ်တယ် ဆိုတာကို သုံးသပ်ချက် စာတမ်းတစ်စောင် ရေးဖို့ ကျွန်တော် တောင် စိတ်ကူးထားတယ်။ သီချင်း စပ်ကြတယ်၊ စပ်ကြတယ်နဲ့ ထင်ကြတာကတော့ ပေါ့ပေါ့ပဲ။ တချို့က အသံထဲ စာသားထည့်လိုက်ရင် သီချင်းဖြစ်တာပဲလို့ ထင်ကြတယ်။ တချို့နေရာမှာ ဘာတွေ တွေ့ရသလဲဆိုတော့ အသံက လမ်းတစ်လမ်းသွားပြီး စကားတွေက လွမ်းနေပြီး ဂီတက မြူးကြွနေတယ်။ အဲဒါမျိုး တွေလည်း ရှိတယ်။

စကားလေးတွေ သပ်သပ်ရပ်ရပ်လုပ်၊ အသံလည်း ဆီလျော်အောင်လုပ်ဖို့ ကြိးစားတာကျတော့ တော်တော် အဆင့်အတန်း မြင့်ပါတယ်။ နောက်တစ်ခု အလွန်ခက်ခဲတာ ရှိတယ်။ မန်မာပြည်မှာတော့ ဒါကို အကျယ် မချဲ့ကြသေးဘူး။ အဲဒါက ဂီတကို ကဗျာမှု ပြုတယ်လို့ ပြောတယ်။ Musicaliscation of Potery (ဂီတကို ကဗျာမှု ပြုတယ်ဆိုတာ ကမ္ဘာ့ဂီတသမိုင်းမှာလည်း ရှိပါတယ်။ ဘယ်ပုဂ္ဂိုလ်ကြီးတွေ လက်ထက်ကစပြီး ဂီတ ကို ကဗျာမှုပြုခံလိုက်ရတယ်လို့ ပြောကြတယ်။ ကဗျာဆန်တာကို ပြောတာ မဟုတ် ဘူးနော်။ ဂီတကို စကားပြောခိုင်းတော့ ကဗျာလို ပြောခိုင်းတာ။
ကဗျာဆန်တာနဲ့ ကဗျာမှုပြုတာ ခွဲကြည့်ရအောင်။ ကဗျာဆန်တယ် ဆိုတာက လှပတဲ့ စကားလုံးလေးတွေကို ပုလဲတစ်လုံး ရွဲတစ်လုံးစီပြီး သီချင်းအဖြစ်နဲ့ ဆိုလိုက်တယ်။ အသက်မပါဘူး။ ကဗျာမှု ပြုတယ်ဆိုတာက စကားလုံးတွေက လှရုံတင်မကဘူး။ အဲဒီစကားလုံးလေးတွေ သွားနုတ်လို့ မရဘူး။ အပိုတိုးလို့လည်းမရဘူး။ သူတို့သာလျှင် ဒီဟာကို ပြောနိုင်တယ်။ တခြား စကားလုံးတွေက မပြောနိုင်ဘူး။

ဂီတကို ကဗျာခံစားသလို လိုက်ခံစားရင် နားသာယာရုံတင် မဟုတ်တော့ဘူး။ ကဗျာမှုပြုထားတဲ့ ဂီတသည် နားနဲ့တင် ခံစားလို့ မရတော့ဘူး။ နားကော၊ ဦးနှောက်ကော၊ နှလုံးသားကော အကုန်ဝင်ယူရတယ်။ အဲဒါမျိုးကို မြန်မာပြည်မှာ စလုပ်တာ မြို့မငြိမ်းပဲ။ နောက် ပိုပြီး သိသာထင်ရှားလာ တာကတော့ ဂီတနယ်သန်ကိုစောညိန်းပဲ။ အလွန်သိသာတယ်။ သူ လုပ်ထားတဲ့ သီချင်းတွေက သီချင်းလား ... ဟုတ်၏။ ဂီတလား ... ဟုတ်၏။ ဥပမာနမူနာပြောရရင် သူ့သီချင်း "ပွင့်ဦး" ဆိုပါတော့။ တော်တော်ေးကို နက်နဲတယ်။ သီချင်းအနေနဲ့ ကရုဏာရသလည်း ရတယ်။ အဓိပ္ပာယ် တွေးခေါ်မယ်ဆိုရင်လည်း နက်နဲတယ်။ ကဗျာ ဆိုတာက ကဗျာ ဆရာက နည်းနည်းပေးလိုက်မယ်။ ခံစားတဲ့သူက များများချဲ့ပြီး ခံစား ပေတော့။ ခင်ဗျားတို့ကို ပေးလိုက်ပြီပဲ။
ကိုစောညိန်းရဲ့ သီချင်းတွေက ဒီလိုပဲ။ ခင်ဗျားတို့ ဆိုမယ့်သူ၊ တီးမယ့်သူတွေ လုပ်ကြတော့နော်။ ကျွန်တော် က အရင်းအတိုင်း ပေးလိုက်တာကို ပွားကြတော့နော်ဆိုတဲ့ အဓိပ္ပာယ်တွေ ပါနေတယ်။ ဒါကြောင့် လည်း လူတိုင်းက အစမှာ အရသာ မခံစားတတ်ဘူး။ ကြာလေ စွဲလေ၊ သိလေ စွဲလေပဲ "
" ဆရာ အခု ဘာဖြစ်လို့ စာမရေးဖြစ်တော့တာလဲ "

" စာမရေးဖြစ်တာ အကြောင်းနှစ်ကြောင်း ရှိတယ်။ တစ်ကြောင်းက စိတ်မအားတာ။ ကောလိပ်ကြီး တစ်ခု ကို အုပ်ချုပ်ရတယ်ဆိုတာ တစ်စက်မှ မအားပါဘူး။ တာဝန်လည်း ကြီးပါတယ်။ တာဝန်တွေက လူမှုရေး တာဝန်၊ နိုင်ငံရေးတာဝန်၊ အုပ်ချုပ်ရေးတာဝန်၊ ယဉ်ကျေးမှုတာဝန် စသဖြင့် လျှောက် ချဲ့ရင်တော့ အများကြီး ပေါ့။ ရုပ်ပိုင်းက ကလောင် မကိုင်နိုင်လောက်အောင် မအားဘူးလား ဆိုတော့ ဒီလိုလည်း မဟုတ်ဘူး။ အားလပ်တဲ့ အချိန်ကလေးတွေ ရှိပါတယ်။ စိတ်မအားတာ။

ကျွန်တော်တို့ စာရေးနည်းကလည်း ခက်တယ်။ စာရေးပြီဆိုရင် ပုံပစ်လိုက်တယ်။ "ပိတောက်ပွင့်ဆဲ လသာဆဲ " ၀တ္ထုထဲမှာ ရေးထားသလိုပေါ့။စာရေးပြီဆိုရင် တစ်ကမ္ဘာထဲကို ရောက်သွားတာပဲ။ လက်ရှိ ကမ္ဘာထဲက အဆက်ပြတ်သွားပြီး ကျွန်တော် ဆောက်ထားတဲ့ ကမ္ဘာထဲကို ရောက်သွားတယ်။ အဲဒီအချိန် မှာ ကျွန်တော် ထမင်းလည်း မစားတော့ဘူး။ စာရေးပြီဆိုရင် ကျွန်တော့် မိန်းမ က သိပ်ဂရုစိုက်ရတယ်။ ရေချိုး ဖို့ သတိမရဘူး။ အိပ်ဖို့ သတိမရဘူး။ ညနေခြောက်နာရီကနေ ရေးတာ မနက်ကိုးနာရီထိ ရေး နိုင်တယ်။ တစ်ခုတော့ရှိတယ်။ ဒီကြားထဲမှာ ဘာအနှောင့်အယှက်မှ မလာရဘူး။ တစ်ခုခု ၀င်လာရင်တော့ ပြန်ထိုင် လို့ မရတော့ဘူး။

အဲဒါ ကြောင့် ကျွန်တော် စာရေးနိုင်ဖို့ရာက စိတ်အားဖို့ သိပ်အရေးကြီးတယ်။ ခုလို အလုပ်တာဝန်တွေနဲ့ ဆိုတော့ မရေးဖြစ်တော့ဘူးပေါ့။
နောက်တစ်ခုက စာရေးတဲ့ နေရာမှာ အင်္ဂလိပ်လို ပြောရရင် Spontaneous ပေါ့။ စေတနာက ပေါ်ချင်တဲ့အချိန်မှာ ပေါ်ပြီးတော့ လှုံ့ဆော်လာတဲ့အခါမှာ ရေးချလိုက်ရတာပဲ။ သူက ဘာတွေ ဖြစ်ရမယ်၊ ဘာတွေ မဖြစ်ရဘူး။ ဒီလို သွားတွေးလို့ မရဘူး။ ဥပမာ ကျွန်တော် " သူ့ကျွန်မခံပြီ" ရေးတုန်းက ဘောင်တွေ ခတ်ပြီး Consciously ရေးမယ်ဆိုရင် ဒါလောက် ကောင်းချင်မှ ကောင်းမယ်။ ဒီဝတ္ထုရေးတုန်းက အလွန်ရိုးတဲ့ ဇီဝိတိနြေ္ဒလေးပဲရှိတယ်။ ခင်ဗျားတို့ လုပ်ကြပြန်ပြီလား၊ ကျွန် ထပ်ဖြစ်ဦးမယ်၊ ဒါလေးပဲ။ အဲဒါကို လွတ်လွတ်လပ်လပ် ရေးချလိုက်လို့ ကောင်းသွားတာ။ အစကတည်းက ဘာကို ရေးမယ်၊ ဘာကို မရေးဘူး၊ ဘာမှ ကောင်းမယ်၊ ဘာက မကောင်းဘူးလို့ သိပ်တွေးရင် စာရေးလို့ မကောင်းတော့ဘူး။

အခု စာတစ်ခု ရေးမယ်ဆိုရင် (ဒါကတော့ ကျွန်တော့်အပြစ်ပါ) ဘာမှ ကောင်းမယ်၊ ဘာကတော့ မကောင်းဘူးဆိုတာ ခေါင်းထဲ ပေါ်ပေါ်လာတယ်။ ပေါ်လာတော့ မိမိကိုယ် မိမိ ပြန်ချုပ်ချယ်သလို ဖြစ်သွား တယ်။ အသက်ကြီး လာလို့ ဒီလို ဖြစ်လာသလားတော့ မပြောတတ်ဘူး။ အဲဒီလို အတွေးတွေ ၀င်လာတော့ လက်က မသွက်တော့ဘူး။
နောက်လက်တွေ့ အခက်အခဲတစ်ခု ရှိသေးတယ်။ စက္ကူပြဿနာပဲ။ ဘယ်နှကျပ်တန်၊ ဘယ်နှဖောင် ဘာညာ ဆိုတာတွေ တွက်လာရတယ်။ ဟိုတုန်းကတော့ ဒါတွေ သိပ်မတွက်ဘူး။ အခုတော့ တွက် ရမယ်လေ။ စက္ကူတွေ ဘာတွေ တွက်ရတယ် မဟုတ်လား။

" ခိုင် " ရေးတုန်းက သိတဲ့အတိုင်း နှစ်ကျပ်တန်လို့ ကြော်ငြာခဲ့တာပဲ။ မပြီးတာနဲ့ ကိုသန်းကျော်ရေ ... အဲဒီအတိုင်းပဲ ထုတ်လိုက်တော့၊ ဒုတိယတွဲ ကျွန်တော် ဆက်ရေးရင် ဇာတ်သိမ်းမှာပါဆိုပြီး ဆက်ရေး တယ်။ မပြီးပြန်ဘူး။ ဒါနဲ့ တတိယတွဲအထိ ဆက်ခဲ့ရတာပဲ။ အဲဒီလို လုပ်လို့ရတယ်။ ဒါကြောင့် ၀တ္ထုဆိုတာက ငါ ဘယ်ကစမယ်၊ ဘယ်မှာ ဆုံးမယ် ဆိုတာတွေ ထည့်တွက်နေရရင် ရေးလို့မရတော့ဘူး။
အခုက စာရေးတော့မယ်ဆိုရင် ဘယ်နှမျက်နှာ ရေးရမလဲ၊ သိပ်များထူသွားရင် ဈေးများကြီးသွား မလား။ စက္ကူ ကော အလုံအလောက် ရပါ့မလား ဘာညာ အတွေးတွေ ၀င်လာရင် အဲဒါ သွားရော "
" ဆရာ အခု စာရေးသက် ရလာတဲ့အချိန်မှာ Romance က တခြားလိုင်းပြောင်းရေးဖို့ စိတ်ကူးပေါ် မိသလား "

" တမင်တော့ မရှိပါဘူး။ Romance လိုင်းလို့ လူတွေကတော့ ကျွန်တော့်ကို ပြောကြတယ်။ ဒါပေမဲ့ ဆရာကြီး ဦးသိန်းဖေမြင့်ကတော့ ခင်ဗျားက Romance လိုင်းလည်း မဟုတ်ဘူး။ ဘာလိုင်းမှ မဟုတ်ဘူး၊ ခင်ဗျားလိုင်း ပဲတဲ့။ ဘုန်းနိုင်လိုင်း၊ ဘုန်းနိုင်စတိုင်ပါ၊ မစွန့်ပါနဲ့၊ ဒီအတိုင်းရေးပါ၊ ကျွန်တော် သိပ်ကြိုက် တယ်တဲ့။ ကျွန်တော် ခင်ဗျားလို မရေးတတ်ဘူးတဲ့။ အားမလျှော့ပါနဲ့၊ မပြောင်းပါနဲ့၊ ဒီအတိုင်းသွား ပါလို့ ဆရာကြီးဦးသိန်းဖေမြင့် မကွယ်လွန်ခင်က ပြောသွားဖူးတယ်။

အဲဒီလိုပဲ ကျွန်တော့် ဆရာတစ်ဦးဖြစ်တဲ့ ငွေဥဒေါင်းက ပြောဖူးတယ်။ ကိုဘုန်းနိုင်ခင်ဗျားလိုင်းက ခင်ဗျားလိုင်းပဲတဲ့၊ မစွန့်ပါနဲ့တဲ့။ ဒီလိုပဲ ပြောဖူးတယ်။ ကျွန်တော် ရေးတာကို Roance ပဲခေါ်ခေါ် ဘာခေါ်ခေါ် ခေါ်ချင်သလိုခေါ်။ ဖတ်ကြည့်ရင်တော့ ဒီထဲမှာ Romance ပါသလို life လည်းပါတာ တွေ့ရပါမယ်။ အစုံပါပဲ။ ကျွန်တော်တော့ ဒီပုံစံကို မစွန့်ချင်ပါဘူး။ စွန့်မယ်လို့လည်း စိတ်မကူးပါဘူး။
Romance ဖြစ်တယ် ပြောလို့လည်း ကျွန်တော် စိတ်မထိခိုက်ပါဘူး။ စာရေးဆရာကြီး ဟဲမင်း(ဂ)ဝေးကို Romance ဖြစ်တယ်လို့ ပြောကြတယ်။ သေတဲ့အထိ သူ ဒီပုံစံကိုပဲ ရေးသွားတာပဲ။ ကမ္ဘာမှာ သူ့စာ ကျန်တာပဲ။ ဘ၀သရုပ်ဖော် စာပေပဲ၊ အချစ်ပဲ၊ ဘာညာ ငြင်းကြ ခုံကြတာတွေဟာ စာပေ သဘောတရားတွေ ပေါ်ခါစကသာ ရှိတာပါ။ စာပေမှာဘာပဲရယ်လို့ ပြောလို့မရပါဘူး။ Romance လိုလိုနဲ့ ဘ၀ဖြစ်သွားတာလည်း ရှိတယ်၊ ဘာဝလိုလိုနဲ့ Romance ဖြစ်သွားတာလည်း ရှိတာပဲ "

" ဆရာ လောလောဆယ် ၀တ္ထုထွက်ဖို့ အစီအစဉ် ရှိသေးလား "
" မရှိတော့ဘူးဗျ။ ကလောင်နဲ့ စက္ကူဝေးနေတာ တော်တော်ကြာပြီ၊ ရေးမယ်လို့ စိတ်ကူးတော့ ရှိပါတယ်"
" ၀တ္ထုရေးတဲ့ပုံစံနဲ့ ပတ်သက်ပြီး ဆရာ့ဝတ္ထုတွေမှာ ထူးခြားတာတစ်ခု တွေ့ရတယ်ဆရာ။ ဘာလဲဆိုတော့ ဆရာရေးတဲ့ ၀တ္ထုတိုင်းမှာ "သုတ"လေးတွေ ထည့်ပေးသွားတာပဲ။ ဒီလို သုတပါပေမယ့် ၀တ္ထုမှာ အနှောင့် အယှက်ဖြစ်မသွားဘူး။ စာပေအယူအဆ တစ်ခုက ရသမှာ သုတ မရောရဘူးလို့ ဆိုတယ်။ ဆရာ့ ၀တ္ထုတွေမှာကတော့ ရသနဲ့ သုတ ရောပေးထားတာဆိုတော့ ဒီအယူအဆနဲ့ ပတ်သက်ပြီး ဆရာ ဘယ်လို သဘောရပါသလဲ "

" ရသစာပေမှာ သုတ မပါရဆိုတာတော့ ကျွန်တော် လက်မခံနိုင်ဘူး။ နှစ်ပိုင်း ခွဲကြည့်ရအောင်၊ အထူးသဖြင့် မြန်မာ့အစဉ်အလာနဲ့ တစ်ပါးသူ အစဉ်အလာ ဒီနှစ်ခု မရောစွက်ထိုက်ဘူး။ ဟိုပုဂံခေတ်ကနေ ဒီနေ့ထိ မြန်မာစာပေ၊ မြန်မာအနုပညာ ဆိုတာက ရသနဲ့ သုတ တွဲနေတယ်။ သုတ မတွဲတဲ့ ရသကို ပညာရှိတို့ မချီးမွမ်းဘူး။ ရသနဲ့ သုတ တွဲတဲ့ဥစ္စာကို ချီးမွမ်းတယ်။ အဲဒါက မြန်မာ့အမွေ၊ မြန်မာ့ အစဉ်အလာ ပဲ၊ အဲဒါကျတော့ ခေါင်းမာတယ်။ ကျွန်တော် မစွန့်နိုင်ဘူး။
သို့သော် ... သုတ ပေးလိုက်တာကို ကဲပြီးတော့ အနုပညာ ပုံပန်းပျက်အောင် ဇွတ်အတင်းဝင် တရားဟောတာမျိုးတော့ မဖြစ်သင့်ဘူးပေါ့။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကမ္ဘာမှာတော့ အသုံးအနှုန်းရှိပါတယ်။ ရုပ်တုက သေးပြီးတော့ အောက်ခံအုတ်ခုံက ကြီးတယ်တဲ့။ အဓိက၀တ္ထု အနုပညာပိုင်းက သေးပြီးတော့ သုတ ပိုင်းက ကြီးနေရင် ဒါ စာရေးဆရာ မကျွမ်းကျင်တာကို ပြတာပဲ။
သုတထည့်ခြင်း၊ မထည့်ခြင်းက ပဓာန မဟုတ်ပါဘူး။ ကျွမ်းကျင်စွာ ထည့်တတ်ဖို့ပဲလိုတယ်။ ကျွမ်းကျင်စွာ ထည့် တတ်ရင် ထည့်သာထည့်ပါ။

တချို့ပြောတာ ရှိသေးတယ်။ ၀တ္ထုရေးတဲ့နေရာမှာ ဇာတ်လမ်းနဲ့ ဇာတ်ကောင်က သယ်သွားပါစေ၊ စာရေးဆရာ ၀င်မပြောပါနဲ့တဲ့။ ကျွန်တော်လည်း အစက အဲဒီအတိုင်း ရေးခဲ့တယ်။ ဒီ Technique ကို အင်မတန် ကောင်းတယ်လို့ ထင်ခဲ့တယ်။ ကမ္ဘာ့စာပေ ပညာရှင်ကြီးတွေက ဝေဖန်တော့ အဲဒီလို စာရေးဆရာ ၀င်မပြောတဲ့ ၀တ္ထုတွေလည်း ကောင်းပါတယ်တဲ့။ သို့သော် သူသာ အကောင်းဆုံးလို့ ပြောလို့ မရ ပါတဲ့။ စာရေးဆရာ ၀င်ပြောပေမယ့် ကောင်းတဲ့ ၀တ္ထုတွေရှိပါတယ်တဲ့။ ၀င်ပြောသင့်ရင် ပြော လိုက်ပါတဲ့။ သို့သော် ပြောတတ်ဖို့တော့ လိုပါတယ်တဲ့။

War and Peace မှာဆိုရင် စာရေးဆရာက အများကြီး ၀င်ပြောတာပဲ။ ၀တ္ထုက ကောင်းနေတာပဲ။ ဒါကြောင့် ၀တ္ထုကို တစ်ခုတည်းနဲ့ သွားပြီးတော့ ဆုံးဖြတ်လို့ မရဘူ။ ခန္ဓာတစ်ခုအနေနဲ့ ကြည့်ပါလို့ စောစော က ပြောခဲ့တာပေါ့။ ကျွန်တော် နာမည်တပ် မပြောချင်ဘူးဗျာ၊ ကမ္ဘာကျော်တဲ့ ရုပ်ရှင်မင်းသမီး တွေပဲ ကြည့် ကြည့်၊ မြန်မာရုပ်ရှင်မင်းသမီးတွေပဲ ကြည့်ကြည့်၊ တစ်ခုချင်း သူတို့မျက်နှာပေါ်မှာ ကြည့်ရင် ချို့ယွင်းချက် ရှိနေတာပဲ။ မျက်လုံးက တစ်မျိုးလေး ဖြစ်နေတာ၊ နှာခေါင်းက တစ်မျိုးလေး ဖြစ်နေတာ၊ နားရွက် က တစ်မျိုး၊ ပါးစပ်က တစ်မျိုး။ ဒါပေမဲ့ ဒါတွေ ပေါင်းကြည့်လိုက်တော့ လှနေပြန်ရော။ တစ်ခါတလေ မျက်နှာတစ်ခုလုံးက ချို့ယွင်းချက် ဖြစ်နေတာတောင် တစ်ကိုယ်လုံး ခြုံပြီး ကြည့်လိုက်တော့ လှနေတာ ရှိတယ်။

အဲဒီလိုပဲ အနုပညာမှာလည်း ပန်းချီပဲဖြစ်ဖြစ်၊ ပန်းပုပဲဖြစ်ဖြစ်၊ ၀တ္ထုဖြစ်ဖြစ်၊ ကဗျာဖြစ်ဖြစ် လိုက်ကြည့်ရင်တော့ အနည်းအကျဉ်းတွေ့တတ်ပါတယ်။ ခြုံကြည့်လို့ အလှတရားခံစားလိုက်ရရင် အဲဒါ သူ့ အလှပဲ။ အလှဆိုတဲ့ စကားကလည်း ကျွန်တော်တို့က အနက်အဓိပ္ပာယ်သိပ်မပြောဘူး။ ဒါက ခိုးယူထားတဲ့ စကား။ ရှေးက မြန်မာစာပေတို့၊ အနုပညာတို့မှာ ကောင်းတယ်၊ မကောင်းဘူး၊ မြတ်တယ်၊ မမြတ်ဘူးလို့ဘဲ သုံးတယ်။ အလှဆိုတာ မသုံးခဲ့ဘူး။ ဂုဏ်မြောက်တယ်၊ မမြောက်ဘူး၊ ဒေါသသင့်တယ်၊ မသင့်ဘူး၊ ဒါပဲ သုံး ခဲ့ကြတယ်။ှတယ် ဆိုတာ မသုံးခဲ့ဘူး။ "လှ" ဆိုတဲ့ စကားက နိုင်ငံခြားက သုံးတဲ့စကားကို ယူလာတာ။ နိုင်ငံ ခြားမှာ "လှ" ဆိုတဲ့ စကားကို ဘယ်လို အဓိပ္ပာယ်ဖွင့်သလဲဆိုတော့ "မိမိဘ၀င်မှာ သဘောကျ စေသော အရာကို အလှဟုခေါ်သည်"တဲ့။ အဲဒီတော့ အနုပညာမှာလည်း ၀တ္ထုပဲဖြစ်ဖြစ်၊ ကဗျာပဲဖြစ်ဖြစ် မိမိဘ၀င်မှာ သဘောကျသွားရင် ဒါ အလှပဲပေါ့"

" ဒါဆိုရင် အခု ဆရာ သုံးလိုက်တဲ့စကားက အရင်သုံးနေကြတဲ့ "ရသမြောက်တယ်"ဆိုတဲ့ စကားနဲ့ မတူဘူးလား ဆရာ"
" အဲ ... မြန်မာကတော့ ရသမြောက်တယ်လို့ သုံးလေ့ရှိကြတယ်။ ဒါပေမဲ့ ရသမြောက်တယ် ဆိုတာထက် လှတယ်ဆိုတဲ့ စကားက ပိုပြီးကျယ်ဝန်းတယ်။ ရသမြောက်တိုင်း ကိုယ်က ဘ၀င်ကျချင်မှ ကျမှာကိုး "
" ဆရာ နဲ့ ဆွေးနွေးရတာ ပြည့်ပြည့်စုံစုံ ရှိပါတယ် ဆရာ။ စာဖတ်ပရိသတ်အတွက်လည်း အကျိုးကျေးဇူး အများကြီး ရနိုင်ပါလိမ့်မယ်။ နောက်ဆုံး မေးခွန်း တစ်ခုလောက်တော့ ထပ်မေးခွင့်ပြုပါဦး ဆရာ "
" မေးဗျာ "
" ဆရာ ရေးတဲ့ ၀တ္ထုအများစုဟာ ဘာဖြစ်လို့ အလွမ်းဝတ္ထုတွေ ဖြစ်နေတာလဲဆရာ"

(ဒီမေးခွန်း မေးပြီးတဲ့အချိန်မှာ ကျွန်တော့်ကိုယ် ကျွန်တော် အပြစ်တင်မိတယ်။ ရှေ့က မေးခွန်းတွေကို တောက်လျှောက် လုံးဝမနားဘဲ ဖြေလာခဲ့ပြီး ဒီမေးခွန်းကို မေးလိုက်ခါမှ ဆရာက အဖြေ ချက်ချင်း မပေးဘဲ ခပ်ငေးငေး ဖြစ်သွားလို့ ကျွန်တော့် မေးခွန်းကြောင့် ဆရာ စိတ်အနှောင့်အယှက် ဖြစ်သွား ပြီလားလို့လည်း ထင်လိုက်မိတယ်။ တိုက်ခန်းရှေ့က လမ်းဘက်ကို ငေးပြီး စီးကရက် ဖွာရင်းက ဆရာ ခပ်ဖြည်းဖြည်း ဖြေလိုက်ပါတယ်။)
" အလွမ်းဝတ္ထုဘာကြောင့် ဖြစ်ရသလဲဆိုတော့ ဘ၀နဲ့ ပတ်သက်နေပါတယ်။ ကျွန်တော့်ဘ၀က ရုန်းကန် ခဲ့ရတာတွေ များတယ်။ နာကြည်းစရာတွေ အများကြီး တွေ့ခဲ့ရတယ်။ နာမည်ကျော် စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်၊ ကောလိပ်ကျောင်းအုပ်ကြီး ဘာညာ ဒါတွေတွေ့တော့ ကျွန်တော့် ဘ၀ဟာ ရွှေဇွန်းကိုက်ပြီး ရာဇပလ္လင်ပေါ်ဖွားခဲ့သလား တင်ကြလိမ့်မယ်။

ကျွန်တော့်ဘ၀မှာ ရုန်းကန်ခဲ့ရတာတွေ အများကြီးပဲ။ ကျွန်တော့်ဖခင် တစ်နေရာရောက်နေတဲ့အချိန်၊ အမေက အိပ်ရာပေါ်မှာ လိမ့်နေတာပဲ။ လက်ထဲမှာ ငွေ လေးငါးကျပ်ပဲ ရှိတယ်။ ဆွေလည်းမရှိဘူး။ မျိုးလည်း မရှိဘူး။ အမေ့ရင်ထဲ ဘယ်လောက် မီးလောင်နေမလဲ။ ကျွန်တော့် အစ်မကလည်း အပျိုပေါက် အရွယ်ဆိုတော့ ခိုင်းလို့မဖြစ်ဘူး။ ကျွန်တော်နဲ့ အမေနဲ့ပဲ ထမင်းသုပ် ရောင်းခဲ့ရ တယ်။ မုန့်ဟင်းခါး ရောင်းခဲ့ရတယ်။ နေ့မှာတင် မဟုတ်ဘူး။ တစ်ကျပ် တစ်ပြားကလေး မြတ်ဖို့အတွက် တောရွာရုပ်သေးတွေ ဘာတွေ ကတဲ့နေရာထိ လိုက်ပြီး ညမှောင်မှောင်မှာ သားအမိနှစ်ယောက် ဈေးရောင်း ခဲ့ရတယ်။ ဒါမျိုးတွေ ကျွန်တော့်ဘ၀မှာ ကြုံခဲ့ရတယ်။

ပြီးတော့ ကျွန်တော့်ဘ၀က အကြောင်းကြောင်းကြောင့် မိဝေး ဖဝေး ခဏခဏ နေခဲ့ရတယ်။ ကိုယ့် ခြေထောက် ပေါ် ကိုယ် ရပ်ပြီး သွားနေခဲ့ရတယ်။ ကျွန်တော့်ဘ၀က မချောမွေ့ခဲ့ပါဘူး။ တော်တော်လေး ကြီးလာ လို့ တက္ကသိုလ် တက်ရတော့လည်း ချို့ချို့ငဲ့ငဲ့ တက်ရတယ်။ မြင်းပွဲအလုပ် လုပ်ရတယ်။ ကျားကျောင်း မှာ ကျောင်းဆရာ လုပ်ရတယ်။ တစ်ခါတလေ အလုပ်မရှိလို့ ကျောင်းငွေမသွင်းနိုင်ဘူး။ မိဘ ကလည်း အဲဒီအချိန်မှာ တော်တော် ယိုင်နေပြီ။ အမေက ချဉ်ပေါင်ရွက်စားပြီး ငါ့သား ကျောင်းထား ပေးမယ်လို့ ပြောပါတယ်။ အမေ့ ကျေးဇူးအလွန်ကြီးပါတယ်။ ကျွန်တော် မပြောရက်တော့ဘူး။ လိမ်ရတယ်။ အမေ ကျွန်တော် အလုပ်ရနေပြီ။ ပိုက်ဆံရှိပါတယ်။ မပို့ပါနဲ့တော့လို့ ပြောပြီး ဒီမှာ ကျွန်တော် ငတ် နေတယ်။ ၁၉၅၁ ခုနှစ်ကိုတော့ ကျွန်တော် မမေ့နိုင်ဘူး။ အဲဒီနှစ် ဇွန်၊ ဇူလိုင် နှစ်လ ရက်ခြောက်ဆယ် မှာ သူများတွေက တစ်နေ့ ထမင်း နှစ်နပ်စားရင် အနပ်ပေါင်း ၁၂၀ စားရမယ်။ ကျွန်တော် ၁၀ နပ်ပဲ စားခဲ့ရတယ်။ တစ်ဖက်က စာမေးပွဲ ဖြေနေတယ်။

ပေးပါ၊ ကမ်းပါ ဆိုလည်း ပေးမယ့်သူ မရှိဘူး။ ကူညီမယ့်သူမရှိဘူး။ ကိုယ့်ဘာသာ ကိုယ်ပဲ လုပ်ရတာ။ ဇွဲတော့ ကျွန်တော် မလျှော့ခဲ့ဘူး။ နောက်ပြီးတော့် ကျွန်တော် လူမှန်း သိတတ်စ လေးနှစ်သား လောက်က စပြီး အဖေက ရာထူးတွေ ဘာတွေကျပြီး အလွန်ဆင်းရဲ ဒုက္ခ ရောက်ခဲ့ရတယ်။ ပြီးတော့ အငြင်း ပယ်ခံခဲ့ရတယ်။ ကလေးဘ၀မှာက ကလေးချင်းတောင် မတူခဲ့ရဘူး။ တန်းတူ မရခဲ့ဘူး။ အဲဒီတော့ ဘ၀ကို ပြန်ကြည့်လိုက်ရင် စိတ်ဆင်းရဲစရာတွေ မတူခဲ့ရဘး။ တန်းတူ မရခဲ့ဘူး။ အဲဒီတော့ ဘ၀ကို ပြန်ကြည့် လိုက်ရင် စိတ်ဆင်းရဲစရာတွေရှိတယ်။ ကိုယ်ကိုယ်တိုင်က စိတ်ဆင်းရဲစရာတွေ တွေ့ခဲ့ဖူးတော့ အခု ကျွန်တော် အုပ်ချုပ်ရေးကိုင်ရတဲ့ လူကြီးတစ်ယောက် ဖြစ်လာတဲ့အချိန်မှာ အဲဒါဟာ ကျွန်တော့်ရဲ့ အား နည်းချက်ဖြစ်လာတယ်။ ဒါကြောင့် တစ်ခါတလေ ကျွန်တော် စာရေးဆရာပဲ လုပ်ချင်တယ်။ အုပ်ချုပ်ရေး မကိုင်ချင်ဘူး၊ ရာထူးမကြီးချင်ဘူး။ ဖြစ်လာရင် သနားတာက အရင်၊ အရေးယူဖို့က နောက်ကျ ကျနေတယ်။ ကျောင်းသား အပေါ်မှာလည်း ဒီလိုပဲ။

အုပ်ချုပ်ရေးသမားတစ်ယောက်အနေနဲ့ ကြည့်ရင် ဒါ အလွန်အား နည်းတဲ့အချက် ဖြစ်နေတယ်။ လူတစ်ယောက်အနေနဲ့တော့ ဂုဏ်ယူပါတယ်။
ခင်ဗျားတို့က ကျွန်တော့်ကို အလွမ်းသန်တယ်လို့ ပြောတယ်။ ကျွန်တော်ကတော့ လောကကို ကရုဏာပါပါနဲ့ ကြည့်တာပဲ။ အထူးသဖြင့် ကရုဏာသက်ဖွယ်ရှိတဲ့ လူတွေ အကြောင်းသာ ရေးလေ့ ရှိတယ်။ ရေးမိတော့ အလွမ်းတွေ ဖြစ်ကုန်တာပေါ့။ ဒါပေမဲ့ ဆရာမကြီး ခေါ်ခင်မျိုးချစ်ရဲ့ မှတ်ချက်တစ်ခု ကျွန်တော် သတိထားမိတာရှိတယ်။ ကိုခင်မောင်တင့်က ကရုဏာတော့ သန်ပါတယ်။ မုဒိတာလေးလည်း ပါတတ်တယ်တဲ့။ ကိုခင်မောင်တင့်ရဲ့ ၀တ္ထုတွေ ဖတ်လိုက်ရင် မုဒိတာကို မြင်ရတယ်တဲ့။ ဒေါ်ခင်မျိုးချစ် က အဲဒီလို ပြောဖူးတယ်။ ဘာဖြစ်လို့ အဲဒီလို ပြောတာလဲဆိုတော့ ကျွန်တော့် ၀တ္ထုထဲမှာ ဘယ်လောက် ဒုက္ခ ရောက်ရောက်၊ ဘယ်လောက်ထိ ဆင်းရဲ ဆင်းရဲ၊ ကြိုးစားလို့ အောင်မြင်သွားတာတွေ၊ မြင့်မြတ်လို့ အောင်မြင် သွားတာတွေ၊ အဲဒါတွေကို ကျွန်တော် မြတ်မြတ်နိုးနိုး ထည့်ရေးတတ်တယ်။ ဆရာမကြီးက ဒါကြောင့် ပြောတာပါ"

ဆရာက သူ့ဘ၀နောက်ကြောင်းတွေကို ဆွေးဆွေးမြည့်မြည့် ပြောပြနေချိန်မှာ ကျွန်တော်က "ခိုင်" ၀တ္ထုထဲက မောင့်တမ်းတချက်ကလေးတစ်ခုကို သွားသတိရမိပါတယ်။
မောင့်ကို ခွင့်လွှတ်ပါလေ ခိုင်၊ နောင်ဘ၀ဆိုသည်လည်း ရှိပါစေ ခိုင်၊ ဘ၀တို့ အကြိမ်ကြိမ် ပြန်လည် ဖွားမြောက်လေသော သံသရာဆိုသည်နှင့် သံသရာ၌ ပြန်လည်တွေ့ဆုံတတ်သော ရေစက်ဆိုသည်လည်း ရှိပါစေ ခိုင်၊ သံသရာလမ်းဘုံဘ၀ ကွန်းထောက်စခန်းမှာ ရေစက်အဟုန်ကြောင့် ခိုင် နှင့် မောင် ပြန်ဆုံတွေ့လျှင် မောင့်ကို ခွင့်လွှတ်နိုင်ပါစေ ခိုင် ...
" ဆရာ နဲ့ ခုလို အားပါးတရ တွေ့ဆုံခွင့်ရလိုက်တာ ကျေးဇူးအများကြီးတင်ပါတယ် ဆရာ။ ဆရာ့ ပရိသတ် တစ်ဦးဖြစ်တဲ့ ကျွန်တော်ကပဲ အားလုံးကိုယ်စား တောင်းဆိုပါရစေ ဆရာ။ " သူ့ကျွန်မခံပြီ" လို၊ လသူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်" လို့ လက်ရာမြောက်တဲ့ ၀တ္ထုကောင်းတွေ ကျွန်တော်တို့ ဖတ် ပါရစေဦး ဆရာ၊ ဆရာ့ တာဝန်တွေကြားထဲကပဲ စိတ်အားမယ့် အချိန်ကလေးကို ကြိုးစားရယူပြီး ဖန်တီး ပေးပါဦးလို့ ... ဒီတွေ့ဆုံခန်းအတွက်ကတော့ ကျေးဇူးအနန္တပါ ဆရာ "

ပေဖူးလွှာ မဂ္ဂဇင်း၊ အမှတ်-၄၉၊ ဇွန်လ-ဇူလိုင်လ၊ ၁၉၈၅ ခုနှစ်။
.

No comments: