Tuesday, March 6, 2012

ခင်ခင်ထူး ၏ ကျာကျူး အပိုင်း (၆) (ဇာတ်သိမ်း)

(" ဟဲ့ ... သူ့ယောက်ျားဖို့ဆိုတော့လည်း ညည်းအဖေပဲ မဟုတ်ဘူးလားဟဲ့ ... ကိုယ့်အဖေကြီး ခေါင့် ကြီးမား ကို ကျွေးတာ ကျာကျူးကတောင် ၀မ်းသာရဦးမယ် "
" အဖေတော့ အဖေပေါ့ ဆရာမကြီးရဲ့ ... ကျွန်မ ပြောလိုက်တယ်လေ အေး ကိုယ့်ယောက်ျားကိုယ် ဦးစား ပေးကြေးနော် ... လုပ်ကြလေ ... ကျွန်မ ယောက်ျားယူလို့ ဦးစားပေးမှ မပြောကြနဲ့လို့ "
ကျွန်မ ဖြင့် ဆုံးမနေတဲ့ကြားက ရယ်လိုက်ရတာ။ ) ကို ဆက်ဖတ်ရန်...

မအိုးမအ ကလေး ဆိုတော့ ကျွန်မမှာ ဆိုရခက် ပြောရခက်ကိုး။ ဆိတ်ပြဿနာကလည်း ကျွန်မ သိရ သလောက် မပြီးပါဘူး။ ကျာကျူးအမေ နဲ့ ကျာကျူးအဒေါ်တို့ အပေးအယူကတိပျက်ကြရာက ရန်ဖြစ် ကြရော၊ ရန်ဖြစ်ကြတော့ ကျာကျူးကို လိမ်ထားတာ တွေပေါ်ရော။ ပေါ်တော့ ကျာကျူးက အတိုးချပြီး အော်ပြန်ရော။ မကြာပါဘူး။ ဆိတ်နှစ်ကောင် ကျာကျူး တို့ အိမ်ကို ဒရွတ် သိုးသီ ပြန်ရောက်လာလေရဲ့။ ကျာကျူး ဆိုတာ အသံကလေးတစာစာ နဲ့။ ဆိတ်နှစ်ကောင်နဲ့ စကားတွေပြော နေတာများ လူကို ပြောနေ တဲ့ အတိုင်းပဲ။ ပြတင်းပေါက်မှာ ကျွန်မ ရပ်ကြည့်နေတာမြင်တော့ ကျွန်မကို လှမ်းပြောနေသေးတာပါ။

"နီတိုး နဲ့ နီတူးပြန်ဖြစ်သွားပြီ ဆရာမကြီး ... ပေါက်စီနဲ့ အီကြာကွေး မဟုတ်တော့ဘူး ... ကျွန်မကို လွမ်း လို့ နဲ့တူတယ် ... သည်နှစ်ကောင် နည်းနည်းတော့ ပိန်သွားတယ် ... မပူနဲ့ နင်တို့ကို ငါကျွေး နင်တို့မှာ သူရဲလည်း မရှိဘူး ... ဓာတ်မတည့်တာလည်း မရှိဘူး ... ငါ့အမေနဲ့ ငါ့အဒေါ်က လူတွေဖြစ်ပြီး လိမ်တာ ... နင်တို့က ဆိတ်ဖြစ်ပြီးတော့ မလိမ်ဘူး နင်တို့ ကုသိုလ်ရလိမ့်မယ် ကြားလား "
ကျွန်မ ကိုလည်း လှမ်းပြော၊ ဆိတ်တွေကိုလည်းပြော။ ကျွန်မရင်ထဲမှာ မှုန်တစ်လှည့် လင်းတစ်လှည့်။ ကျာကျူး ရယ် ... "

တစ်ရက် မှာတော့ ကျာကျူးတို့သားအမိ ဈေးသွားကြပြီး ဘုရားကြီးကို ဘုရားဖူးသွားကြတယ်။ မသွားခင် မနက်က ကျွန်မတို့အိမ်ဘက် ကူးလာလို့ ကျွန်မက မုန့်ဖိုးသုံးထောင် ထည့်ပေးလိုက်တယ်။ ဘုရားကြီးမှာ နေကုန်ကြမှာ ဆိုတော့ လမ်းစရိတ်ကော၊ စားစရိတ်ကော ကုန်ကြမှာကိုး။ အဲသည့်မနက်က ကျာကျူးက ရှိုးအပြည့်နဲ့ပါ။ မျက်နှာကလည်း မိတ်ကပ်တွေပိန်းလို့။ နှုတ်ခမ်းနီကလည်း ရဲတွတ်လို့။ ကျာကျူးတို့ ဘုရားက ပြန်လာတော့ မိုးချုပ်နေပါပြီ။ အ၀တ်မိုးချုပ်နေပါပြီ။ အ၀တ်အစားလဲပြီး ကျွန်မတို့ အိမ်ဘက်ကို ကူးလာတော့ မျက်နှာက ချွေးစေးတွေနဲ့ ကွက်ကျားရိုက်လို့။
" ဆရာမကြီး ကုသိုလ်ရအောင် ဆရာမကြီးပေးတဲ့ ပိုက်ဆံနဲ့ ကျွန်မဘဲကလေးလေးကောင်ဝယ်လာတယ် တစ်ကောင်ငါးရာ တဲ့ ... တန်တယ်ဆရာမကြီးရဲ့ ... သည်ဘဲတွေ ကြီးလာရင် ပြန်ရောင်းမယ် ... ဆရာမကြီး သာဓုခေါ်တော့ "

" အေးပါအေ ... သာဓုပါ ... ပိုက်ဆံပေးလိုက်တာ ညည်းတို့စားဖို့ လှူဖို့လေ ... ဘုရားမှာ မလှူခဲ့ဘူးလား ကျာကျူ ရဲ့ "
" နှစ်ရာလှူခဲ့တယ်လေ ... လှူတဲ့လူတွေအများကြီးပဲ ဆရာမကြီးရဲ့ ... ကျွန်မတို့ရောက်တော့တောင် ဘုရား မှာ ပိုက်ဆံတွေ အများကြီးရနေပြီ"
ကျွန်မလည်း ဘာပြန်ပြောရမှန်းတောင် မသိတော့ပါဘူး။ ဆရာမကြီး ကုသိုလ်ရအေင် ဘဲကလေးတွေ ၀ယ်ခဲ့သတဲ့။ ကျွန်မကိုတောင် သာဓုခေါ်တော့တဲ့။ ဘဲလေးကောင်ကို နှစ်ထောင်ဖိုးဝယ်ခဲ့ပြီး ဘုရားတော့ နှစ်ရာ ဖျစ်ဖျစ်မြည်လှူခဲ့သတဲ့။ သူတကာတွေ လှူနေကြလို့ ဘုရားမှာ ပိုက်ဆံတွေရလှပေါ့တဲ့။ သူပြောချင်တာ ကို စိတ်ထဲရှိတဲ့အတိုင်း ပြောနေတာပါ။ ငေါက်ရခက် ငန်းရခက်။ ကျာကျူးက ပြော နေသေး တာ။

" ဘဲလေးကောင် ကို ကျွန်မတို့မီးနင်းပွဲနီးတော့မှ ရောင်းမယ် ... အဲသည်ကျရင် ကျွန်မ ဖန်လက်ကောက် လေးကွင်း ၀ယ်မယ် ဒါမှ ဘီလား ကို ကျွန်မ နိုင်မယ် ... ဘီလားမှာ နှစ်ကွင်းပဲ ရှိတယ် "
ဘီလားဆိုတာ ကူမဲက အဒေါ်တစ်ယောက်က မွေးတဲ့ ကျာကျူးနဲ့ ရွယ်တူ မိန်းကလေးပါ။ ကျာကျူး မျက်နှာကလေး တင်းနေပုံထောက်တော့ မီးနင်းပွဲပြန်တိုင်း ဘီလားက ဖန်လက်ကောက် တချွင်ချွင်နဲ့ လုပ်ပုံ ရတယ်။ ဒါမကို ကျာကျူးမခံချင် ဖြစ်နေပုံလည်းရရဲ့။ ကျွန်မက ဆရာမကြီးဝယ်ပေးပါ့မယ်အေ၊ မီးနင်းပွဲ ရောက်ရင်သာပြောဆိုတော့ ကျာကျူးမျက်နှာကလေးပြုံးသွားလေရဲ့။ နောက်ဆက်တွဲ စကားကြောင့် ကျွန်မ ဘာစကားဆက်ရမှန်းမသိ ဖြစ်သွားရတယ်။

“ ဒါဆိုရင် ဘဲတွေ ကို အကောင်ပွားမယ် … အများဆို အများကြီးရမှ တစ်ခါတည်း ထုတ်ရောင်းမယ် … ပိုက်ဆံ တွေ ရရင် ရွှေဝယ်မယ် … ရွှေဝတ်ရင် လူကျန်းမာတယ်လို့ အမေပြောတယ် … အခုက ကျွန်မ တို့မှာ ရွှေမရှိ လို့ ခဏခဏ နေမကောင်းဖြစ်နေတယ် “
တစ်ခါတစ်ခါ ကျာကျူး နှုတ်ကထွက်လာတဲ့စကားတွေက အဲသလိုပါ။

သည်နှစ်ထဲ ကျာကျူး က အရပ်ကလေးထွက်လာတာ ကျွန်မသတိထားမိတယ်။ အပျိုဖော်ထားမိတယ်။ အပျိုဖော်ကလေး ၀င်စဆိုတော့ ပေပေရေရေနေတဲ့ကြားက အပျိုရည်ကလေးနဲ့ ဖူးဖူးပွင့်ပွင့် ရှိ လာတာလည်း အမှန်ပဲ။ စာရယ်လို့ ကောင်းကောင်းမတတ်ပေမယ့် ဈေးဗန်းရွက်ပြီး ဈေးရောင်း တတ်လို့ တော်သေးရဲ့ အောက်မေ့မိတယ်။ သားအဖသုံးယောက် မန္တလေးလို မြို့ကြီးမှာ အိမ်လခမကုန်၊ မင်းတိုင်း ကြေးမကုန် နေခွင့်ရကြတာကလည်း ကံထူးတယ်ပြောရမှာပါ။ မြို့မှာ နေစရိတ်ကလည်း ကြီးတာ မဟုတ်လား။ သည်ကြားထဲ ကျာကျူးတို့ အိမ်ကုပ်ကုပ်ကလေးထဲကို ကူမဲမြစ်သားဘက်က အမျိုးတွေ ရောက် ရောက်လာတတ်ကြလို့ ဘယ်လိုများ အိပ်ကြပါလိမ့်လို့ တွေးမိတယ်။ လာကြပြန်တော့ မနေကြဘူး ဆိုရင် လေးငါးရက်တော့ နေကြတာချည်းပဲ။ ကျာကျူးတို့ အိမ်ဘေးမီးဖိုက မီးခိုးတအူအူနဲ့ ချက်လို့ပဲ မပြီးနိုင်ဘူး။

ဆွေမျိုးသားချင်းတွေက ၀င်လိုက်ထွက်လိုက်ကြ၊ ခူးလိုက်ခပ်လိုက်ကြ၊ စားလိုက်သောက်လိုက်ကြနဲ့ ပျော်စရာ တောင် ကောင်းသေးတော့။ ကျာကျူး တို့ကလည်း စိတ်ထဲသွားချင်စိတ်ပေါက်လာရင် အိမ်တံခါး ပိတ်ပြီး ကူမဲ၊ မြစ်သားဘက် စုတ်ခနဲ ထသွားကြတာပါပဲ။ တစ်ခါတလေ ကျာကျူးတို့ တစ်ခါတည်းများ ပြောင်း သွားကြလေသလား အောက်မေ့မိတယ်။ ပြန်လာရင်တော့ ပြန်လာပုံ ပြန်လာနည်းကို အကဲခတ်ရုံ နဲ့ ဘယ်လိုခံစားမှုနဲ့ ပြန်လကြသလဲဆိုတာ ကျွန်မသိနှင့်ပါပြီ။ ညကြီးမိုးချုပ် မှောင်ကြီးထဲ ကျာကျူးတို့ သားအဖ တစ်တွေ တိတ်တိတ်ကလေးပြန်လာကြပြီဆိုရင် ဆွေမျိုးထဲက တစ်ယောက် ယောက်နဲ့ ရန်ဖြစ်လာကြတာ သေချာတယ်။ ညနေစောင်း နေမ၀င်တ၀င် ပြန်လာပြီး ချက်ကြ ပြုတ်ကြ သောသောညံနေပြီဆိုရင် အဆင်ပြေလာလို့ပေါ့လေ... အခြေအနေကို လိုက်လို့ နောက်မနက်ကျာကူးနဲ့ တွေ့လို့ .. ညည်းအေ ကိုယ့်ဆွေမျိုးတွေပဲဟာ ရန်ဖြစ်တာ မကောင်းပါဘူး.. ကဲ ပြောစမ်း ဒီတခေါက်ဘယ်သူနဲ့ ရန်ဖြစ်လာတုံး.. လို့များဆိုရင် ကျာကျူးက ကျွန်မ ကို အကြားအမြင်ရတဲ့ ဓါတ်ဆရာမကြီးလို ကြည့်နေသေးတာပါ...အမေကြီး မှာ မြေးတွေ အများကြီးရှိတယ် ဆရာမကြီးရဲ့ ..အခုတခေါက် ရန်ဖြစ်တာက ချိုတီးနဲ့ဖြစ်တာ ... 
 
သူက ကျွန်မကို နင်တို့က အမေကြီးအိမ်မှာ လာကပ်စားနေတာလို့ ပြောလို့ ကျွန်မနဲ့ ရန်ဖြစ်တာလေ ... အမေကြီးလည်း ငါတို့အိမ် လာကပ်စားတာပဲလို့ ပြောလိုက်တာ သူက ကျွန်မကို ကုတ်ဆွဲတယ် ဆရာမကြီး ရဲ့ ... ကျွန်မကလည်း ပြန်ကုတ်တာပေါ့... ဘာရမလဲ ... ရန်ဖြစ်ကြရော "

အဲဒါမျိုးက ရန်ဖြစ်ပြန်လာတိုင်း ပြောနေကျပါ။ ရန်ဖြစ်တဲ့သူတော့ ကွဲပြားတာပေါ့လေ။ သည်တစ်ခေါက် လာလာ နဲ့ဖြစ်ရင် နောက်တစ်ခေါက်က ချိုတီးနဲ့ဖြစ်တယ်။ နောက်တစ်ခေါက်ကျ အမေနဲ့ အဒေါ် တစ်ယောက်ယောက် နဲ့ ရန်ဖြစ်ကြတယ်ဆိုတာမျိုးပေါ့။ ကျာကျူးတို့သားအမိ ပျော်ပျော်ပါးပါး ပြန်လာလို့ ချက်ပြုတ် စားသောက်နေကြရင် ကျွန်မက သည်တစ်ခေါက် ကျာကျူးရန်မဖြစ်ခဲ့ဘူးဟေ့၊ ဟန်ကျ ချက်တော့ လို့ပြောရင် ကျာကျူးက အင်မတန် အံ့သြရှာတာပါ။ ဆရာမကြီးက မန္တလေးမှာ နေပြီး ကူမဲက အကြောင်း တွေသိတယ်နော်တဲ့။ ကျွန်မက ခပ်တည်တည်နဲ့"သိပါအေ တို့အိမ်မှာ စလောင်းတပ်ထားတာ မမြင်ဘူးလား စလောင်းကကြည့်ရင် ကျာကျူးတို့ ကူမဲ က အိမ်ကို လှမ်းကြည့်လို့ရတယ်" လို့များဆိုရင် တကယ် ယုံရှာတာပါ။ ဒါပေမဲ့ သံသယတော့ ရှိတဲ့ပုံပါ။ ကျွန်မကို သေချာအောင် မေးနေသေးတာလေး။

" ကျွန်မ ကူမဲမှာ ဘာလုပ်သလဲ ... ဆရာမကြီး မြင်တာပြောပြပါ"
" ညည်းက မယုံလို့လား ... ညည်းအမေကြီး ကို လက်ဖက်ရည် ၀ယ်ပေးတယ်အေ ... သန်းရှာပေးတယ်အေ ... ဒူးခေါင်းကို ဆေးလူးပေးတယ်အေ ကိုင်း "
" ဟုတ်တယ် ... ကျွန်မနဲ့ ဘယ်သူနဲ့ လုပ်ပေးတာလဲ "
" နာမည်တော့ ဘယ်သိပါ့မလဲအေ့ ... ကုလားမလေးပဲ "
 " အဲဒါလည်း ဟုတ်တယ် ... အဲဒါက မာလာ"
" ဒါကြောင့် ပြောတာပေါ့ ... အကုန်မြင်ရပါတယ်ဆို "
" ဒါဆို ဆေးရုံကြီးရှေ့မယ် ...  ကြည့်ပေးစမ်းပါ … အမေရောင်းတဲ့ လိမ္မော်သီးတွေ ကုန်ကာနီးပြီလားလို့ … လိမ္မော်သီးသည်တွေများတော့ မရောင်းရဘူး ဆရာမကြီးရဲ့ … အမေ့သနားလို့“

ကုန်ကာနီးပါပြီအေ … ရောင်းရပါတယ် “
သည်လိုများဆိုရင် ကျာကျူးက အင်မတန် ၀မ်းသာရှာတယ်။ ဘဲလေးကောင်ရောက်လာကတည်းက ကျာကျူး တစ်ယောက် အိမ်ရှေ့က ရေစပ်စပ်မြောင်းဘေးမှာ ငုတ်တုတ်။ ဘဲတွေက ရေကူးကြလို့။ သူ့ဘဲတွေသူ့စိတ်နဲ့တွက်ပြီး ကြီးကောင်ဝင်စေချင်ပုံရတယ်။ သီချင်းတညည်းညည်း၊ မျက်နှာတပြုံးပြုံးနဲ ထိုင်နေတာပါ။ သူ့စိတ်ထဲမှာ ရွှေလက်ကောက်တွေ တချွင်ချွင်နဲ့ ဖြစ်နေပုံလည်းရရဲ့။ တစ်ခါတော့ ကျွန်မက ဘဲထီး၊ ဘဲမညည်းသိလို့လားဆိုတော့ ဘဲဥအုတော့မှ ကြည့်ရမှာပဲတဲ့။

ဒါပေသိ ဘဲတွေက မအုလိုက်ရပါဘူး။ ခွေးဆွဲ`ကြွက်ဆွဲနဲ့ နှစ်ကောင်သေတာလည်း ကြားလိုက်ရတယ်။ နောက်နှစ်ကောင်ကတော့ နည်းနည်းလေး ထွားလာလို့ ကျွန်မကတောင် အဖတ်တင်ပါစေလို့ ဆုတောင်းမိ တယ်။ ဆုတောင်းမပြည့်ပါဘူး။ ရောဂါဝင်တာပဲလားတော့မသိဘူး။ ရက်နည်းနည်းခြားပြီး နှစ်ကောင်စလုံး သေကုန်ကြတာပါပဲ။ ကျာကျူးက ငိုလိုက်တာမှ ကျူကျူပါလို့။ ကျွန်မက ဆရာမကြီး ပိုက်ဆံ ပေးပါ့ မယ်အေ၊ ဘဲလေးငါးကောင်ထပ်ဝယ်လိုက်ပါဆိုတော့လည်း ကျာကျူးက အငိုမရပ်ဘူး။ သူ့ဘဲကလေး တွေကို သနားလွန်းလို့တဲ့။ မအေကတော့ ကျွန်မကို ကျာကျူးမသိအောင် ပြောရှာပါရဲ့။

ဆရာမကြီးနှယ် … ဘဲလေးကောင် ၀ယ်ချင်လှချည့်ရဲ့ဆိုလို့ ဘုရားကအပြန်ခြင်းနဲ့ထည့်ရောင်းတဲ့ ဘဲကလေး တွေထဲက လေးကောင် ဇွက်ဝယ်တာ … ကျွန်မ တားတာလည်း မရဘူး … အမေနဲ့ ဈေးလိုက် ရောင်းပါ ဆိုတာ ပြောလို့မရဘူး … ဘဲတွေမထားခဲ့နိုင်လို့တဲ့ … အခုတော့ ဈေးပြန် လိုက်မယ်ထင်ပါရဲ့ … သားအမိ နှစ်ယောက် ရောင်းတော့ တွင်တာပေါ့“
ကျာကျူး ခမျာ မအေနဲ့အတူ ဈေးရောင်းပြန်ပါပြီ။ မနက်မနက် သနပ်ခါးအဖွေးသားနဲ့ ဈေးဗန်းရွက်ပြီး သားအမိနှစ်ယောက် အိမ်ရှေ့က ဖြတ်ကြပြန်ပါပြီ။ ကျွန်မက အိမ်ရှေ့လမ်းပေါ် တံမြက်စည်းကြမ်းနဲ့ လှည်းကျင်း နေရင်းက မြင်လိုက်ရင် ကျာကျူးက ဈေးရောင်းတော့ အဖြစ်တော့ လို့ ချီးကျူးရတယ်။ မအေ မှ ကူဖော်လောင်ဖက်ရပါစေတော့ဆိုတဲ့ သဘောနဲ့ ပြောရတာပါ။ နှစ်ရက်၊ သုံးရက်ရှိတော့ ဘဲ အကြောင်း မပြောတော့ဘူးဆိုလို့ ဈေးရောင်းတဲ့ဘက် ခေါင်းလည်အောင် မအေရော ကျွန်မပါ မြှောက်ပင့် ပေး နေရတယ်။

မအေကဆိုရင် “ဆရာမကြီးနှယ် … ကျာကျူးက ကျွန်မထက်တောင် ဈေးရောင်းဖြစ်သေးတယ်“တဲ့။ မကြာ ပါဘူး။ ကျာကျူးရောဂါဟောင်း ပြန်ပေါ်လာပြန်ပါရော။ မြိုကထဲက ငှက်ကလေး နှစ်ကောင် ၀ယ်လာ ပြန်တာပါ။ စိမ်းစိမ်းပြာပြာ ကိုယ်လုံးကလေးနဲ့ ချစ်စရာကောင်းတဲ့ ကျေးကြုတ်ငှက်ကလေးနှစ်ကောင်ပါ။ သေးသေးကလေးတွေဆိုတော့ အိမ်ကဘဲဥ သံခြင်းထဲ ထည့်မွေးထားသတဲ့။ တစ်ရက်များ ကျွန်မတို့ အိမ်ဘက် သံခြင်းကလေး မလာပြီး တကန်တက လာပြသေးတာလေ။ ကျွန်မက ကျာကျူးရယ် ကိုယ်က ဈေးရောင်း စားရတာ ငှက်မွေးလို ညည်းတို့ ၀င်ငွေ ဘယ်လိုရမှာလဲ ဆိုတော့ ကျာ်ကျူးပြောလိုက်တဲ့ စကား ကြောင့် ကျွန်မတောင် လန့်သွားမိတယ်။

“ပိုက်ဆံတော့ မရဘူးပေါ့ ဆရာမကြီးရယ်… ဒါပေမဲ့ ငှက်ကလေးတွေကလှတယ် … သူတို့ အော်တာလည်း နားထောင်ကောင်းတယ် … ကျွန်မမွေးတော့ သူတို့စိတ်ချမ်းသာတယ် … ငှက်ကလေး တွေလိုပဲ နောက်ဘ၀ ကျရင် ကျွန်မလည်းလှမယ်၊ အသံလည်းကောင်းမယ်၊ စိတ်လည်းချမ်းသာမယ် “
“အလိုတော် … ညည်းက ဘာတွေများ စိတ်မချမ်းသာစရာရှိလို့လဲဟဲ့“

“လူဆိုတာ လိုတာရတယ်နော် စိတ်ချမ်းသာတယ် … လိုတာမရဘူးနော် စိတ်မချမ်းသာဘူး … ကျွန်မလည်း လိုတာမရရင် စိတ်မချမ်းသာဘူး ဆရာမကြီးရဲ့ “
ကျာကျူးက သူပြောတတ်သလို ပြောနေတာပေမယ့် သူဘာကိုဆိုလိုတယ်ဆိုတာ ကျွန်မ သဘောပေါက်ပါ တယ်။ ကျေးကြုတ်ကလေးနှစ်ကောင်ထွေးထွေးပိုက်ပိုက် မွေးခြင်း ကုသိုလ်ကြောင့် နောင်ဘ၀မှာ တူသော အကျိုးရမယ်လို့ ပြောနေတာမဟုတ်လား။

“ကျာကျူးရယ် … ညည်း သည်ဘ၀မှာလည်း လှပြီးသားပဲဟာ … ကျာကျူးမိဘကို နိုင်သမျှ လုပ်ကျွေးတယ်… တိရစ္ဆာန်ကလေးတွေကို ချစ်တယ် … စိတ်ကောင်းရှိတယ် … သည့် ထက်ကောင်း တာ ဘာများ ရှိသေးလို့တုံး … ညည်းစိတ်ရင်းကပဲ ညည်းကို စောင့်ရှောက်မှာပါ … တစ်ခုတော့ ဆရာမကြီး ပြောချင်တယ်“
“ဘာကိုတုန်း ဆရာမကြီး“
“ငှက်ကလေးတွေကို ဘဲဥခြင်းထဲထည့်ထားတော့ သူတို့ မလွတ်လပ်ဘူးပေါ့ … ကျပ်ကျပ်သပ်သပ် နေကြရ တော့ ငှက်ကလေးတွေခမျာ မွန်းမှာပေါ့ … ညောင်းညာမှာပေါ့ … ညောင်းညာမှာပေါ့ … ပြီးတော့ သူတို့နေရာ မဟုတ်ဘူးလေ … ငှက်ဆိုတာ တောထဲတောင်ထဲမှာ လွတ်လွတ်လပ်လပ် နေချင်ကြတာ မဟုတ်လား အခုတော့ ကျာကျူးက မွေးထားတနဲ့တူနေတယ် လွှတ်လိုက်ရင် ပိုကုသိုလ်ရတာ ပေါ့ … ကျာကျူး ပေးဝယ်ခဲ့တဲ့ ငှက်ဖိုးကို ဆရာမကြီးပေးမှာပါ “

ကျာကျူးငိုင်သွားလေရဲ့။ ဘယ်လိုတွေးမိလို့လဲတော့ မပြောတတ်ဘူး။ နှစ်ရက်လောက်နေတော့ ကျာကျူး ငှက်ကလေး တွေကို လှောင်အိမ်ထဲကဖွင့်ပြီး လွှတ်လိုက်သတဲ့။ ကျွန်မဆီကို ငှက်ဖိုးလာတောင်းလို့ သိရ တာပါ။ ကျွန်မက ၀ယ်ရင်းဈေးမေးတော့ တစ်ကောင်တစ်ထောင်တဲ့။ နှစ်ကောင်အတွက် ပိုက်ဆံပေးရင် သူ့ စိတ်ခံစားမှုကို သိချင်တာနဲ့ ညည်းငှက်ကလေးတွေကို အဲသလို လွှတ်လိုက်တော့ မနှမျော ဘူးလား ဆိုတော့ မျက်နှာကလေး အိုသွားရှာတယ်။ ပြီးမှ ပြုံးရှာတာပါ။

“လွှတ်တုန်းကတော့ နှမျောတယ် … နောက်တော့ မနှမျောတော့ဘူး … ဆရာမကြီးပေးတဲ့ ပိုက်ဆံနဲ့ ပိုလှတဲ့ ငှက်နှစ်ကောင်ဝယ်လိုက်မယ် … မနေ့က ငှက်ဆိုင်မှာ ငှက်ကလေးတွေ အများကြီး ထပ်ရောက် လာ တယ်၊ အပြာနဲ့ အ၀ါနဲ့ပါတဲ့ ငှက်ကလေးတွေ အားကြီး ချစ်စရာကောင်းတယ် “
ကျွန်မ ဖြင့်လေ ကျာကျူးခေါင်းကို မခေါက်မိအောင် မနည်းအောင့်အည်းနေလိုက်ရတယ်။“

အေးပေါ့ ကျာကျူးရယ် … ညည်းက ၀ယ်လာလိုက်၊ ပြန်လွှတ်လိုက်၊ ငါက ငှက်ဖိုး ပေးလိုက်ပေါ့အေ“ ဆိုတော့ “အင်းဟုတ်တယ် … အဲဒါကောင်းတယ်“တဲ့လေ။
ကျာကျူး အကြောင်း ရေးရင် ကုန်နိုင်ဖွယ်မရှိပါဘူး။ ချစ်စရာလည်းကောင်းရဲ့၊ သနားစရာ လည်း ကောင်းရဲ့။ တစ်ခါတစ်ခါ သည်စိတ်၊ သည်ခန္ဓာနဲ့ ရှေ့ဘယ်လိုများရှိရှာမှာပါလိမ့်လို့ ကျွန်မ တွေးမိတယ်။ တစ်ခါတော့ ကျွန်မက ကျာကျူးစားစေချင်လို့ ကားနဲ့တင်ခေါ်သွားပြီးဆိုင်မှာ ခေါက်ဆွဲ ကျွေး တယ်။ ကျာကျူး က တို့ကနန်း ဆိတ်ကနန်း လုပ်နေလို့ “စားပါဟဲ့ ကျာကျူး ရဲ့ … ညည်း အဲသလို မစားလို့ ပိန်နေတာ“ ဆိုတော့ ကျာကျူးက မျက်လုံးပြူးကလေးနဲ့ ပြန်ပြောတယ်။

“ပိန်တာကောင်းတယ် ဆရာမကြီးရဲ့ … ဈေးဖမ်းတွေလိုက်တော့ ပြေးနိုင်တယ် … ဆရာမကြီးလိုဝရင် ဘယ်လို ပြေးနိုင်မလဲ … ဆရာမကြီးကို မိသွားမှာပေါ့ "
" ပိန်တာ ကောင်းပါတယ်အေ ... ဒါပေသိ ညည်းက ပိန်လွန်းလို့ပြောသာ"
"ပိန်တာ ဆင်းရဲလို့လေ ... ချမ်းသာရင် မတရားစားမယ် မတရား ၀ါးမယ် "
ကျာကျူးရဲ့ ဖီလိုဆိုဖီ ထင်ပါရဲ့။ ကျွန်မလည်း ရှေ့မတိုးသာလို့ ဘာမှမပြောတော့ပါဘူး။ စူပါမတ်ကက်ကြီး တစ်ခုထဲဝင်ကြတော့ ကျာကျူး အံ့သြနေတာ ကျွန်မ သတိထားမိတယ်။ သည်လို Shopping Mall ကြီး တွေထဲကို ကျာကျူး မရောက်ဖူးဘူး။ လေအေးစက် ပေးထားပြီး မီးရောင်တွေ ထိန်နေတဲ့ ခန်းမကြီး ထဲ ရောက်တော့ ကျာကျူးမျက်လုံး ကလေး ပြူးအောင် လိုက်ကြည့်တယ်။
" ဒါ ဆရာမကြီး တို့ ၀ယ်တဲ့ ဈေးပေါ့ "

" အေး ... သည်မှာ အစုံရတယ် ... ကျာကျူး ဘာလိုချင်သလဲ စဉ်းစားလိုက် အကုန်ရှိတယ် "
" နံနံပင် ရှိသလား"
" ရှိပါ့ ... "
" တညင်းသီးရှိသလား "
" ရှိပါ့ "
" ဒါဆိုကောင်းတယ် သည်ဆိုင် မဆိုးဘူး "
Shopping Mall ကြီးတွေထဲမှာ တညင်းသီးနဲ့ နံနံပင် မရှိလောက်ဘူးထင်လို့ ရိုးရိုးသားသား မေးတာ ပဲလား၊ အစုံရှိတယ်ဆိုလို့ ကျွန်မကို ရွဲ့မေးတာလားတော့ မပြောတတ်ပါဘူး။ ကျွန်မသမီးက ခြင်းတစ်လုံး နဲ့ မုန့်တွေ၊ ကလေးစာအုပ်တွေ၊ ဆံကုတ်တွေ၊ ကလစ်တွေ ယူယူပြီး တစွပ်စွပ် ထည့် နေတာ တွေ့ တော့လည်း ကျာကျူး က အံ့သြနေတာပါပဲ။ " ဖွေးဖွေး က လူလည်ဖြစ်နေပြီ" တဲ့။ ကျွန်မ က ကျာကျူးကြိုက်တဲ့ အလှကုန် ပစ္စည်းကလေးတွေ ၀ယ်ပေးတော့ ပြုံးလို့။ ဖိနပ်ဝယ်ပေးတော့လည်း ကျောက်စီ ထားတဲ့ ဖိနပ်မှ ကြိုက်သတဲ့။ အင်္ကျီဝယ်ပေးတော့ ပုစွန်ဆီရောင် ဖိုးရိုးဖားရား ဒီဇိုင်းကို ရွေး သေးတာပါ။

အမေ ၀တ်လို့ မရတာဝယ်မှ ကျွန်မချည်းဝတ်ရမှာတဲ့လေ။ မအေမ၀တ်ရဲတဲ့ ဒီဇိုင်းဝယ်မှ သူချည်း ၀တ်ရမှာလို့ ပြောတာထင်ပါရဲ့။ တချို့ ထဘီတို့ ဖိနပ်တို့ဆိုရင် သားအမိ နှစ်ယောက်အတူတူ ဆူလှယ်နဲ့ ၀တ်ရတာကို ကျွန်မသိလို့ ကျာကျူးပြောတာကို ကျွန်မ သဘောပေါက်ပါတယ်။ ရေခဲမုန့်ဝယ်ကျွေးတော့ ခေါင်းခါတယ်။ ကျွန်မက ကျာကျူးကြိုက်မှန်းသိလို့ လက်ဖက်ရည်ဆိုင်ဝင်တော့ မက်မက် စက်စက် သောက်ပြန်ရဲ့။
" ညည်းက လက်ဖက်ရည်ကျတော့ ခေါင်းမခါပါလား ကျာကျူး " ဆိုတော့ ကမ္ဘာပေါ်မှာ လက်ဖက်ရည် လောက် ကောင်းတာ မရှိဘူး ဆိုပါရောလား။ ခက်များ ခက်ရချေရဲ့။ ထုံးစံအတိုင်းပါပဲ၊ ကျွန်မက ငြိမ်နေရုံ ပေါ့။

ကျာကျူး က ကျွန်မသမီးအရွယ်လောက် ရှိသေးပေမယ့် ကျာကျူးနဲ့ ဆက်ဆံရတာ ကျွန်မ စိတ်ချမ်းသာ ပါတယ်။ ကျာကျူးက ရိုးဖြောင့်တယ်။ ရင်ထဲရှိတဲ့အတိုင်း ပြောတယ်။ သစ္စာရှိတယ်။ ဘ၀မှာ သူ နားလည်သလောက်နဲ့ ပျော်ပျော်ရွှင်ရွှင် နေတယ်။ နောက်ကိုလှည့်ပြီး မပူသလို ရှေ့ကိုမျှော်ပြီး ပူတာ မျိုးလည်း မရှိသူပါ။ ကျာကျူး ဘ၀ ကမှ အေးချမ်းပါသေးကော။ တစ်ခါတော့ ကျာကျူး ကျွန်မတို့ အိမ်ကို ရောက် လာတယ်။ ကျောက်ဆည်ဘက်၊ မြစ်သားဘက် ထင်ပါရဲ့၊ သူတို့ဘာသာ ထုံးစံ မီးနင်းပွဲ သွားကြ မလို့ တဲ့။ ကျွန်မ က မုန့်ဖိုးပေးတော့ ယူတယ်။
" ညည်း တို့ကော မီးနင်းကြမှာလား "

" မနင်းဘူး ... မီးနင်းရင် ဥပုသ်စောင့်ရတယ် ... အဖေကတော့ ပြောတယ် ... ငါ မီးနင်းရင် ပူမှာ မဟုတ်ဘူး တဲ့ ... မီး က အဖေ တို့ လောက် မပူ ဘူးတဲ့ ... အဲဒါဟုတ်မှာပဲ "
သည် တစ်ခါတော့ ကျာကျူး စကားကြောင့် မီးကျီးခဲပေါ် ခြေဖ၀ါးချလိုက်သလို ထူပူသွားမိတာက ကျွန်မ ကိုယ်တိုင် ပါ။ ကျာကျူး ရယ် ...။ ညည်းနှယ်အေ ...။

ခင်ခင်ထူး
.

4 comments:

thiri said...

ကျေးဇူးတင်ပါတယ် အစ်မ...အရမ်းကြိုက်ပါတယ်။
ကျာကျူးကိုဖတ်ရင်း ဆရာမရဲ့"မိုင်ခိုး" ကိုတောင်သတိရမိတယ်။

Lorem Ipsum said...

ကျာကျူးကိုလာအားပေးသွားပါတယ် အခုလိုစိတ်ရှည်လက်ရှည်ရိုက်တင်ပေးတာကျေးဇူးတင်ပါတယ်နော်

မေ၀င့်သူ said...

ဆရာမရေ အညာသူအညာသားကျွန်မဆွေမျိုးများကိုဖတ်ဖြစ်ပြီးပေါ့ဆိုတည်းက အရမ်းကိုကြိုက်ပါတယ်။အညာဟန်အရမ်းပါအောင် ရေးပေးထားလို့ ကျေးဇူးတင်ပါတယ်

ခိုင်လေး ( ရွှေတောင် ) said...

စာကောင်းလေးဖတ်ခွင့်ရလို့ကျေးဇူးတင်ပါတယ် ဆရာမ

ခိုင်လေး