ရထားပေါ်ကလူများ (2)
ဘူတာကြီး နံပါတ်(၇) စင်္ကြံန်မှာ ဆိုက်ကပ်ထားသော မြောက်ပိုင်းဆင်ခြေဖုံးသွားရထားပေါ် တက်လိုက် ကတည်းက ခုံတန်းလျားရှည်တွေမှာ လူတွေက အပြည့်နီးပါး။
ကျွန်တော့် အတွက် တင်ပါးတစ်နေရာစာရှိဖို့ကတော့ လိုပါသည်။ ကမန်တ်ာသွားမည့် ခရီးဆုံးထိဆိုလျှင် အနည်းလေး တစ်နာရီခွဲ ( မိနစ် ၉၀) ကြာမြင့်ပါမည်။ မိနစ် ၉၀ လုံး မတ်တပ်ရပ်လိုက်ဖို့ဆိုတာ အိုလျော့ နေပြီဖြစ်သည့် ကျွန်တော့်ခြေသလုံး ကြွက်သားမျာက သည်းခံနိုင်မည်မထင်ပါ။ ရှေ့ဘူတာတွင် ခရီးသည် တွေက သည်ထက်တိုးလာဖို့ပရြှိသည်။ နောက်ဆုံး အောက်ဆီဂျင် မလုံလောက်သည်အထိ တွဲတွင်းမှာ လူတွေ များလာနိုင်စရာ ရှိသည်။ ယခုအခါ ရထားစီး၍ ဆင်ခြေဖုံးသို့ ခရီးသွားခဲ့သည်မှာ တစ်နှစ်နီးပါး ရှိတော့မည်။ ရထားစီးခြင်း အတွေ့အကြုံတွေက တောင်ပုံရာပုံဖြစ်လာနေပြီ။ ဘယ်ကွေ့မှာ ဘယ်သောင်၊ ဘယ်ကမ်း မှာ ဘယ်ကျောက်တန်း၊ ဘယ်ခရီးမှာ ဘယ်ရေစီးဆိုတာ ကျွန်တော် ခန့်မှန်းနိုင်ပါပြီ။
ကျွန်တော်သည် တစ်တွဲတက် တစ်တွဲဆင်းကာ တင်ပါးတစ်နေရာစာရှာသည်။ ကျွန်တော်သည်နေ့ ဘူတာကြီး ရောက်တာ နည်းနည်းနောက်ကျခဲ့သည်။ ညနေ ၄ နာရီလောက်တွင် ကျွန်တော်အယ်ဒီတာ အဖြစ် ဝင်လုပ်ပေးနေသည့် မဂ္ဂဇင်းတိုက် သို့ မိတ်ဆွေစာရေးဆရာအချို့ ရောက်လာသည်။ သို့နှင့် ၄၇ လမ်းရှိ မုန့်ဟင်းခါး ရသော ကဖီးဆိုသို့ ချီတက်ရာတွင် ပါသွားခဲ့သည်။ သည်လောကတွင် နေပျော် နေသည်မှာ စာရေးဆရာချင်းဆုံတွေ့လက်ဖက်ရည်ဆိုင်ထိုင် ထွေရာလေးပါး လေပစ်ရသော အရသာက ဘာနှင့်မျှ မလဲနိုင်။ ကျွန်တော်တစ်ဘဝလုံး တောင့်တခဲ့သည်မှာလည်း သည်စာရေးဆရာဘဝမျိုးသာ။ စာရေးဆရာ ဘဝနှင့် ဘာကိုမျှ ကျွန်တော်မလဲနိုင်ပါ။ ဆရာကြီးပီမိုးနင်း က နောင်ဘဝဆက်တိုင်း စာရေးဆရာ ဖြစ်ရပါလို၏ ဟု ဆုတောင်းသွားတာ ယခုတော့ ကျွန်တော်နားလည်သွားပါသည်။
ကျွန်တော်တစ်တွဲတက် တစ်တွဲဆင်းရှာရင်း ရထား၏ အလယ်တွဲလောက်တွင် ခုံတန်းလျားရှည်ထောင့်စွန်း ၌ ကျွန်တော့် တင်ပါးတစ်နေရာစာ ရရှိခဲ့ပါသည်။ နည်းနည်းဟ နေသော ခရီးသည်နှစ်ဦးကို တောင်းပန်ကာ ပူးကပ် ထိုင်နေရခြင်းဖြစ်သည်။ ပူအိုက်လှောင်နေသော်လည်း၊ ကျပ်ညပ်နေသော်လည်း နေရာ တစ်နေရာ အတွက် ၀မ်းမြောက်ဝမ်းသာ ရှိရပါသည်။ ကံကောင်းသည်က ကျွန်တော် နေရာရပြီး မကြာမီ ရထားထွက် ပါသည်။ ရထားက ကျွန်တော်ထိုင်နေသော ဆင်ခြေဖုံးမြို့သစ်ထိ ခုတ်မောင်း ပါလိမ့်မည်။ ရထားလည်း ခုလို ညနေတွေဆို မနိုင်ဝန်ထမ်းရရှာပါသည်။
ရထားထွက်တော့ ရထားပြတင်းများမှ လေအေးအချို့ တိုးဝင်လာပြီး လေပူများကို တွန်းရွှေ့သွားပါသည်။ ဘူတာကြီး မှ ရထားစစထွက်ချင်းမှာ ခုံတန်းလျားပြည့်သော်လည်း မတ်ရပ်ခရီးသည်တစ်ယောက်စ နှစ် ယောက်စ သာ။ ပထမတော့ မိုးပေါက်ကလေးတွေ ကျလာသေးသည်။ တစ်ပြိုင်တည်း နေရောင်က ၀င်းပနေ သည်။ မိုးပေါက်ကလေးတွေက ငွေရောင်ရွှေရောင်တောက်ပ ကျဆင်းနေသည်။
ရထား က ညနေ ၅ နာရီထိုးလုနီးမှာ ထွက်ခဲ့တာဖြစ်သည်။ ဘုရားလမ်းဘူတာရောက်တော့ လူအုပ်ကြီးက ရထား ပေါ် သွန်ကျလာပါသည်။ သည်အချိန်သည်ဘူတာမှာ သည်လိုစီးဆင်းမြဲဆိုတာ ကျွန်တော် သိနေပါ သည်။ ဆင်းသူက နည်းပြီး တက်လာသူက များပါသည်။ စတိုးဆိုင်၊ အရောင်းဈေးသည်လေးများ၊ ကွန်ပျူတာ အလုပ်သမများ၊ စာရေးစာချီဝန်ထမ်းများလည်း ပါတတ်ပါသည်။ ဒါက နိစ္စဓူဝ မနက်ဆို မြို့တွင်း ၀င်လာ၊ ညနေဆို မြို့တွင်းမှ ဆင်ခြေဖုံးသို့ ပြန်ထွက်သူများ။
ရထားပြန်ထွက်ပြီး တစ်အောင့်ကြာတော့ လမ်းမတော်ဘူတာတွင်ဆင်းရန် ကျွန်တော့်ဘေးမှ အမျိုးသမီး တစ်ယောက် ထသည်။ ရပ်နေသော ခရီးသည်တွေထဲမှ ခုံနှင့်အနီးဆုံး တုတ်တုတ်ခိုင်ခိုင် လူတစ် ယောက် က ထိုလစ်လပ်သွားသော နေရာကို ရုတ်ခနဲဝင်ထိုင်လိုက်ပါသည်။ ပတ်ဝန်းကျင်မှ မိန်းကလေး တချို့ ကတော့ ဣနြေ္ဒရရ ရပ်မြဲရပ်နေကြသည်။ ကျွန်တော့်စိတ်တွင် သည်လူ့နှယ် ယောက်ျား ရင့်မာ သန်သန် မာမာ ကြီးနဲ့ မိန်းကလေးတွေမှ အားမနာဟု တွေးနေမိသေးသည်။ နောက်တော့မှ လူဆိုတာ အတ္တသတ္တ၀ါ တွေပဲလေဆိုကာ စိတ်ဖြေရသည်။ ကိုယ်ကိုယ်တိုင်ကရော။ တင်ပါးတစ်နေရာစာအတွက် ရှာ ခဲ့ရတာ၊ ယခု လို တစ်နေရာ ရတော့လည်း မြဲမြံထားတာ။ အင်း ... သည်လူနှင့်ငါက သိပ်ကွာခြားမှုမရှိဘူးဟု ပြန်တွေး နေမိ သည်။
လမ်းမတော်ဘူတာရောက်တော့လည်း ဆင်းသူနှင့် တက်သူမှာ တက်သူက အများစုပဲဖြစ်သည်။ ရထားတွဲ တွင်း မှာ အောက်စီဂျင်က ပိုမိုရှားပါးလာသည်။ ရထားသွားနေလျှင်တော့ အသက်၀၀ရှူလို့ ကောင်း နေပါသည်။ ရထားရပ်သည်နှင့် ကာဗွန်ဒိုင်အောက်ဆိုက်တွေက ရာနှုန်းပိုများလာသည်ဟု စိတ်မှာ ထင်နေ ပါသည်။
လမ်းမတော် ဘူတာမှ တက်လာသော မြေးအဘိုးနှစ်ယောက်က ကျွန်တော့်ရှေ့မှာ လာရပ်နေသည်ကို ရထား သွားနေပြီး အတန်ကြာမှ ကျွန်တော် သတိထားမိပါသည်။ အဘိုးကြီးမှာ အတော်ကလေးပိန်ပြီး အားနည်း နေပုံလည်းရပါသည်။ သူ့နောက်ဘက်က မြေးမလေးကို ထီးပါရဲ့လားဟု မေးနေသည်။ မြေးမလေး က ထီးကို အဘိုးဖြစ်သူထံ ကမ်းပေးသည်။ ရထားအကွေ့မှာ ယိမ်းသွားရာ အဘိုးဖြစ်သူမှာ ထီး လှမ်းယူရင်း လဲမလို ပြိုမလို ဖြစ်သွားသည်။ ထီးက အရွက်တွေလန်ပြီး ကို့လို့ကန့်လန့် ဖြစ်နေ၏။ ထီးလေး ပိတ်ပေးပါဟု အဘိုးအိုက ဆိုပါသည်။ ထိုင်နေသူဆီ အကူအညီတောင်းခြင်းဖြစ်၏။ သူလုပ် မလိုလို ငါလုပ်မလိုလို နှင့် ထိုင်နေသူတွေထံမှ ချက်ချင်းတုံ့ပြန်မှုမရပါ။ နောက်တော့ ကျွန်တော် ထီးကို လှမ်းယူ ပြီး နောက် ခေါက် ပေးလိုက်သည်။
" ကျုပ်က ဗိုက်ခွဲထားလို့ပါ။ အခုမှ ဆေးရုံက ဆင်းလာတာပါ။ ခဏလေးကိုင်ထားပေးပါ။ ကျုပ်ခါးက သိပ် လှုပ် လို့ မကောင်းဘူး "
သူက မြေးမလေးလွယ်ထားသော အိတ်ထဲမှ သရေပတ်ပြားကြီးကို ခါးပတ်ဖို့ပြင်ပါသည်။ ရထားဈေးသည် တွေ တိုးတိုက်မှု၊ ရထားယိမ်းလှုပ်မှုနှင့် အဘိုးကြီးမှာ အတော်ခက်ခဲနေပါသည်။ သားရေခါးပတ်ပြားကြီးက သူ့ ခါး ကို ငြိမ်သက်အောင် ထိန်းပေးနိုင်မည်ဖြစ်သည်။ သည်နေရာ တွင် ထိုနာလန်ထ လူနာအတွက် ငြိမ်သက် ထိုင်လိုက်ပါဖို့ လိုပါမည်။ ကျွန်တော့်ဘေးက တုတ်တုတ်ခိုင်ခိုင်လူများ သူ့နေရာမှ ထပေးမလား။ ကျွန်တော် လှည့်ကြည့်ဖြစ်သေးသည်။ ထိုသူက မလှုပ်၊ တစ်ဖက်ကိုပင် မျက်နှာလှည့်လိုက်သေးသည်။ အမှန် တကယ် ပင် သည်နာလန်ထလူနာလည်း ထိုင်စရာနေရမှဖြစ်မည်။ ကျွန်တော် တကယ် စေတနာ မပါဘဲ တင်ပါး တစ်နေရာစာ လှူတန်းဖို့ အခြေအနေက တွန်းပို့နေပါသည်။ မတတ်နိုင်ပါ။ အရာရာကို လျစ်လျူရှူ ဥပေက္ခာထားဖို့ ကျွန်တော့်တွင် အင်အားမရှိပါ။
ကျွန်တော် နေရာမှထလိုက်ပြီး ဦးလေးဒီမှာထိုင်ပါဆိုကာ သူ့လက်ကိုဆွဲကာ ထိုင်ခုံနေရာပေးလိုက်သည်။ သူက အားနာနေသေးသည်။ ထိုင်ပါ ထိုင်ပါ ရပါတယ်ဗျာ လုပ်နေသေးသည်။ သူဟန်ဆောင်ပြောပြောတာ ဖြစ်နိုင်သည်။ သူ့အခြေအနေက ထိုင်စရာတစ်နေရာလိုအပ်နေပါသည်။ ရထားခရီးသည်တွေက တွဲလုံး ပြည့် ကျပ်ညပ်နေခဲ့ပြီ။ မတ်တတ်ရပ်ရတာပင် သက်တောင့်သက်သာမရှိ။
အဘိုးအို က ထိုင်ခုံမှာ ထိုင်မိပြီး သားရေခါးပတ်ပြားကြီးကို သူ့ခါးမှာ ပတ်နေသည်။ ကျုပ်ဗိုက်က နှစ်ခါပြန် တောင်ချုပ်ရတာဟု သူပြောနေသည်။
" ပထမ ချုပ်ရိုးကကျဲတော့ ပြတ်ထွက်ပြီး အူတွေ ထွက်လာတာ။ အဲဒါနဲ့ ပြန်ချုပ်ရတယ်။ ဆေးရုံပေါ် မှာတော့ လူနာတွေကလည်း ကျပ်နေတာ။ ဗိုက်ခွဲတဲ့လူနာပေမယ့် သုံးလေးငါးရက် ချုပ်ရိုးဖြည်ပြီး တာနဲ့ ဆင်း ခိုင်းတာ။ တချို့ အနာမကျက် လို့ အိမ်ရောက်မှ ပြန်တက်ရတာရှိတယ် "
အဘိုးကြီး အသံမှာ မောဟိုက်သံပါနေသည်။ လေက မဆက်မိချင်။ သူက ကျွန်တော့်ကို အားနာပြီး ဘယ်ဆင်း မှာလဲဟု မေးနေသည်။ ကျွန်တော်က ရထားလမ်းဆုံးနားထိဆိုတာ မပြောပါ။ ရပါတယ် ... ဦးလေး ဘယ်ဆင်း မှာလဲဟုသာ မေးလိုက်ပါသည်။
" သမိုင်းဘူတာ အဲဒီက ဆင်းပြီးရွာကို ကားစီးရမယ် "
" တက္ကစီငှားစီးသွားပေါ့။ ခုလိုဆေးရုံ က ဆင်းခါစမှာ "
" ဘတ်စ်ကား က နီးနီးပဲစီးရမှာ ခုံးတံတားကျော်ရင် ရောက်ပြီ။ ဂွမ်းလိပ်ကအစ အပ်ချိတ်ကအစ ၀ယ်ရတာ။ ဘာမှ အလကားမရဘူး ... "
" ဦးလေး ဘယ်လောက်ကုန်သွားလဲ ... "
" ကျုပ်က ဆယ်ရက်ကျော်ကျော် ကြာသွားတယ်။ ခုနှစ်သိန်းလောက် ကုန်သွားတယ်။ ကျုပ်လည်း တတ်နိုင် လို့ မဟုတ်ဘူး။ ရွာဆွေမျိုးက စုပေးကြရတာ ... "
" ဦးလေးက ဘာဖြစ်လို့ ဆေးရုံတက်ရတာလဲ ... "
" အူလမ်းကြောင်း ပိတ်တာတဲ့။ ခွဲစိတ်ပြီး အူထဲကပိတ်နေတဲ့ အစာတွေထုတ်လိုက်တာ။ ချိန်ကြည့်တော့ ခြောက်ဆယ်သား လောက်ရှိသတဲ့။ ကျုပ်လည်း အစားကို ပုံမှန်စားတာပါပဲ။ ကျုပ်က ထမင်းပဲ စားတာပဲ။ ဘယ်လို ဖြစ်တယ်မသိဘူး "
" ဘယ်လို ဖြစ်တာလဲ၊ တအားအောင့်တာလား၊ ပိတ်တော့လေ ... "
ကျွန်တော် စိတ်ဝင်စားနေပါသည်။ ကျွန်တော့် ညီတစ်ယောက်လည်း အစာလမ်းကြောင်းပိတ်ပြီး ဆေးရုံ တက်ရသတဲ့။ သူကတော့ သောက်ဆေး ထိုးဆေးနှင့် သက်သာသွားသည်ဟု ဆိုသည်။
" ဘယ်လိုမှမဖြစ်ဘူး၊ အစားစားလို့မရဘူး။ နောက်တော့ အရည်ပါသောက်လို့မရတော့ဘူး။ ဒါပဲ သိပ်နာတာ အောင့်တာလည်း မရှိဘူး ... "
" အဖော်မပါဘူးလား။ ဦးလေးဇနီးလာမကြိုဘူးလား ... "
" ကျုပ် က မိန်းမဆုံးတာကြာပြီ။ ခုဆင်းတော့ ကျုပ် မြေးလေးနဲ့ပဲ "
" ဦးလေး က အသက် ဘယ်လောက်ရှိပြီလဲ ... "
" ခြောက်ဆယ့်လေးနှစ်ရှိပြီဗျာ။ အသက်ကြီးပြီ မသေနိုင်သေးဘူး။ ဒုက္ခတွေကလည်း များပါ့ ... "
သြော် ... ။ ကျွန်တော်ကသာ ဦးလေးခေါ်နေသည် သူ့အသက်မှာ ကျွန်တော်နှင့်မကွာလှ။ သုံးလေးနှစ်။ သို့သော် ကျန်းမာရေး ဘ၀ရေး ဖိစီးမှုကြောင့် အိုစာလှလေသည်။ ကျွန်တော်က ထိုသူကို ပထမက အသက် ၇၀ ကျော် ဟု ထင်နေခဲ့ပါသည်။
ကြည့်မြင်တိုင် ဘူတာကျော်ပြီးသည်နှင့် အတက်က ပိုများလာပြန်သည်။ သမိုင်းဘူတာရောက်တော့ ကျွန်တော် ထိုင်ခုံရပါသည်။ ကျွန်တော့် တင်ပါးတစ်နေရာစာ ကျွန်တော် ပြန်ရခြင်းဖြစ်သည်။ နာလန်ထ အဘိုးအို မှာ သူ့မြေးလက်ဆွဲကာ ဆင်းသွားလေပြီ။
ကြည့်မြင်တိုင်ဘူတာမှစ၍ လက်လုပ်လက်စား အောက်ခြေအလွှာများ အများစုရထားပေါ်တက်ရောက်လာ တတ်ကြ ပါသည်။ ကုန်ထမ်းသမား၊ ပန်းရံအလုပ်သမား၊ ပျံကျဈေးသည်စသည်ဖြင့်။
ရထား သည် ရေနွေးငွေ့ပေါင်းအိုးတစ်လုံးနှင့် ပိုမိုတူလာသည်။ ပေါင်းအိုးမှာ ဆူညံနေသော အသံဗလံ တွေပါ အပြည့်အသိပ် တင်ဆောင်ထားပါသည်။ ရပ်ကွက်လမ်းကြိုလမ်းကြားမှာ တစ်နေကုန် အော်ဟစ် ရောင်းချ ခဲ့သော၊ မုန့်လက်ကောက်သည်၊ သာကူ၊ မုန့်ကြာစိသည်၊ ဖရဲသီးသည်။ ဒိန်ချဉ်သည်၊ လက်သုပ်သည် တို့မှာ ရထားတွဲ လူသွားလမ်းမှာ ဗန်းများကို ချလျက်၊ ထိုင်ပြီး အော်ဟစ်ကာ လက်ကျန် မုန့် များကို ရောင်းချနေပါသည်။
ကျွန်တော့်ဘေးမှ လူတုတ်ခိုင်ကတော့ ထိုင်ခုံမှာ နောက်မှီကာအိပ်များပင် အိပ်နေပါသည်။ ဘယ်တုန်း ထဲက အိပ်နေသည်မသိ။ ကြို့ကုန်းဘူတာရောက်တော့ သူမျက်လုံးဖွင့်ကြည့်လာ၏။ ကျွန်တော် စာဖတ် နေတာ ကို တွေ့မြင်သွားသောအခါ စကားစပါသည်။
" ခင်ဗျား က စာဖတ် ၀ါသနာပါသကိုး ... "
ကျွန်တော်က ပြုံးလှည့် ခေါင်းညိတ်ပြပါသည်။
" ကျွန်တော်က စာအုပ်ရောင်းတယ်။ လမ်းဘေး ပလက်ဖောင်းမှာပါ။ ဗိုလ်ချုပ်လမ်းရှေ့ပတ်ဝန်းကျင်မှာ ရောင်း ပါတယ်။ ခင်ဗျားက ဘာလုပ်သလဲ "
" ကျွန်တော် က အယ်ဒီတာလုပ်ပါတယ် "
" ဟုတ်လား၊ ဘယ်ဂျာနယ်လဲ၊ ဘယ်မဂ္ဂဇင်းလဲ ... "
ကျွန်တော် ပြောပြလိုက်တော့ သူ ကျွန်တော်လုပ်သော မဂ္ဂဇင်းကို ကောင်းကောင်းသိပုံမပေါ်။ ကျွန်တော် က စာအုပ်အရောင်းအ၀ယ် အခြေအနေ မေးကြည့်တော့ မိုးတွင်းမို့ သိပ်မကောင်းကြောင်း၊ ရတဲ့ အခါလည်း မြတ်မြတ်ကလေး ရတာရှိပေမယ့် ဈေးဦးမပေါက်တဲ့နေ့ရှိကြောင်း ပြောပါသည်။
" ခင်ဗျား အသက် ဘယ်လောက်ရှိပြီလဲ ... "
ကျွန်တော်က ပြောပြလိုက်တော့။
" ဟင် ... ကျွန်တော့်ထက်ကြီးပါလား။ ကျွန်တော်က ရွယ်တူအောင် မေ့နေတာ။ ဒီမှာ အစ်ကိုကြီးရ ကျွန်တော် က အသက် ၅၀ ပြည့်ပြီးကတည်းက ဘာမှ ၀ါဒီမထားတော့ဘူး။ ကျုပ်မိန်းမနဲ့ ကလေး တွေကိုလည်း ငါတတ်နိုင်သမျှ လုပ်ကိုင်ကျွေးမယ်၊ ဘာဖြစ်ချင်တယ် ညာဖြစ်ချင်တယ် ငါ့လာမပြောနဲ့။ အိမ်ထောင်ကျ သွားတဲ့ကောင် မန္တလေးမှာနေတယ်။ သူ့အမေကတော့ အဆင်မှပြေပါ့မလားဆိုပြီး ပူပန် သောက တွေ များနေတယ်။ ကျွန်တော်ကတော့ ဘာမှမပူဘူး။ ကျွန်တော်တို့က ရှေ့လျှောက်သေဖို့ပဲ ရှိ တော့တာ။ ရေဝေး ကို မျက်စောင်းထိုးနေရပြီ။ ခြေလှမ်းပြင်နေရပြီ မဟုတ်ဘူးလား အစ်ကိုကြီးရ ဒီအရွယ် မှာ။ အဲတော့ ကျွန်တော်က ဘာဝါဒီမှ မထားတော့ဘူး။
ရှိရင်စားမယ် မရှိရင် မစားဘူး။ မိန်းမကိုလည်း နှစ်ထောင်ရှိရင် တစ်ထောင့်ငါးရာပေးလိုက်မယ်။ မရှိ ရင်တော့ မတတ်နိုင်ဘူး။ သမီးကျောင်းသူတစ်ယောက်ရှိတယ်။ သူက ရှစ်တန်း၊ သူများဘာဝတ်တယ် ဘာဖိနပ် စီးတယ် လာမပြောနဲ့။ သူများရှိတာ ကိုယ့်ရှိတာမဟုတ်ဘူး။ ဟုတ်တယ်မို့လား၊ ရော့ အဖေတတ် နိုင်တာ ကျောင်းဝတ်စုံနှစ်စုံ ဒါပဲ။ အ၀တ်အစားက အရေးမကြီးပါဘူး။ ပညာသင်တာ ပညာတတ်ဖို့ မဟုတ်လား။ အခုတော့ ကျွန်တော်က ဘာဝါဒီမှမထားဘူး။ ဥပက္ခာပဲ။ ဟုတ်တယ်လေ။ ဒီအရွယ်မှာ ပါဂျရိုး စီးချင်လို့လည်း မလုပ်နိုင်တော့ဘူး။ မိန်းမကိုလည်း ပြောထားတယ်။ ငါ့ကို ဘာမှလာမပြောနဲ့။ သူများ အကြောင်း လာမပြောနဲ့ ကိုယ့်ရှိတာကိုယ်စား၊ ကိုယ်လုပ်စရာရှိတာလုပ်။ မဟုတ်ဘူးလား အစ်ကိုကြီး ရာ။ ဒီအရွယ်မှာ အေးအေးချမ်းချမ်းနားအေး ပါးအေးပဲ နေချင်တော့တယ် "
" ခင်ဗျား အသက်ငယ်ပါသေးတယ်။ သူများတွေ အသက် ခုနှစ်ဆယ်၊ ရှစ်ဆယ်အလုပ် လုပ်ကောင်း တုန်းဗျာ။ ဘာလဲ ... ခင်ဗျားက တရားအားထုတ်ချင်နေပြီလား ...၊ လောကီငြီးငွေ့လို့ ဘုန်းကြီး ၀တ်လိုက် ရင်လည်း ကောင်းပါတယ်ဗျာ။ ဘ၀ငြိမ်းချမ်းတာပေါ့ ... "
အမှန်တော့ နားငြီးလာသဖြင့် ကျွန်တော်က သူ့ကို အရွဲ့တိုက်ပြောလိုက်ခြင်းသာ ဖြစ်သည်။ သို့တိုင် သူက မသိပါ။ နောက်ပိုင်း သူ့စကားများက သူ့စရိုက်ကိုပိုပြီး ပေါ်လွင်စေပါသည်။
" ဒါတော့ မဖြစ်နိုင်သေးဘူး အစ်ကိုကြီးရာ။ ဘုန်းကြီးတော့ မ၀တ်နိုင်သေးဘူး။ ကျွန်တော်က ညနေဆို တစ်ပိုင်း လောက်တော့ သောက်တယ်။ ကျွန်တော်က တပ်ထဲဝင်ဖူးတယ်။ ဂန်းရှော့နဲ့ ကျွန်တော် နား ခဲ့တာ။ တခြားဟာတော့ ကျွန်တော်က မလုပ်ပါဘူး။ မိန်းမတို့ လောင်းကစားတို့ ကျွန်တော်က နှစ်လုံး သုံးလုံး တောင် မလုပ်ဘူး။ အရက်ကတော့ ကြိုက်လို့ပါ အစ်ကိုကြီးရာ"
အမှန်တော့ ကျွန်တော်ဆင်းရမည့် ဘူတာမှာ နောက်ထပ်လေးငါးခြောက်ဘူတာ ကျန်ပါသေးသည်။ သို့တိုင် ကျွန်တော် ယခုရပ်မည့် ဘူတာတွင် ဆင်းပါတော့မည်။ တခြားရွေးချယ်စရာ မရှိပါ။ တစ်နေ့လုံး ကျွန်တော် မျက်စိပင်ပန်းခဲ့သည်။ ယခုထပ်ပြီး နားကိုအပင်ပန်းမခံနိုင်တော့ပါ။
၂၀၀၉၊ အောက်တိုဘာ၊ ၁၂ ရက်၊
မြန်မာသစ်မဂ္ဂဇင်း။
.

No comments:
Post a Comment