Friday, March 16, 2012

သာဓု ၏ အတာ, အပိုင်း (၈)

(စောစောက သူခန့်မှန်းသည့်အတိုင်းပင် သူ့ငွေမှာ နှစ်ကျပ်တစ်မတ်လုံးလုံး ပိုသည်ကို သိခဲ့ရ၏။
"နှစ်ကျပ်ဆိုရင် ငါ သုံးလလောက် စုတောင်ရချင်မှရမှာ"ဟူ၍လည်းကောင်း၊
"နောက်ထပ် ရှပ်အင်္ကျီတစ်ထည်နဲ့ လုံချည်တစ်ထည် ဝယ်မယ်ဆို ဒီပိုက်ဆံနဲ့လောက်ရဲ့သားနဲ့ မေမေ ဝယ်မလာဘူး"ဟူ၍ တစ်ဖုံ၊
"ငါ မေ့လို့ မေမေ့ကို ဝယ်ခိုင်းမိတယ်၊ ငါ့ဘာသာငါ ဝယ်ပြီးမှ အရိုက်ခံလိုက်ရတာ ကောင်း သေးတယ်၊ ခုတော့ ငါ့ပိုက်ဆံ နှစ်ကျပ်တစ်မတ်တောင်"ဟူ၍ တစ်မျိုး အသံကလေး များပင် ခပ်တိုးတိုးထွက်လာ သည်အထိ ရေရွတ်ရင်း တွေးရင်းနှင့်ပင် စိတ်ညစ် သွားသောကြောင့်လား မသိ ခါတိုင်းကဲ့သို့ စာပင်မ ကျက် နိုင်တော့ဘဲ ရုတ်တရက် အိပ်ပျော် သွားရှာတော့၏။)
ကို ဆက်ဖတ်ရန်..............


ယနေ့သည် အတာကျောင်းသွားရမည့်နေ့ အတန်းတက်ရမည့်နေ့ဖြစ်၏။ လုံချည်သစ် အင်္ကျီသစ်နှင့် သူ့ ဘာသာသူ ဆေးဖြူကလေးသုတ်ထားသော ပတ္တူဖိနပ်ကိုစီး၍ ပျော်တပြုံးပြုံးထွက်လာခဲ့ရာမှ လမ်းထိပ် သို့ရောက်သည်နှင့် အတာ့မျက်နှာကလေးမှာ သိသိသာသာ ညှိုးသွားရှာ၏။
တောင်ကြည့်မြောက်ကြည့် သတိနှင့်လျှောက်လာခဲ့ရာမှ သူအလွန်မုန်းသော ဘခွေးရှိရာ ကုန်စုံဆိုင် ရှေ့သို့ရောက်သည်နှင့် အတာလည်း ဆိုင်ထဲ၌ ဘခွေးရှိမရှိကို တစေ့တစောင်း အကဲခတ်လိုက်၏။ ဘခွေး ၏ အရိပ်အယောင်ကို မတွေ့ရမှပင် စိတ်ချလက်ချ လျှောက်သွားတော့၏။

ကျောင်းသွားတစ်ကြိမ် ကျောင်းပြန်တစ်ကြိမ် ထိုနှစ်ကြိမ်စလုံး ဤဆိုင်ရှေ့ရောက်တိုင်း အတာ စိတ်ထိ ခိုက်၏။ ဘခွေးကလည်း အတာ့ကိုမြင်လိုက်သည်နှင့် အနီးသို့ကပ်လာကာ ပခုံးချင်းတိုက်လိုတိုက် ထိပ် ပုတ် ခေါင်းရိုက် လုပ်လိုလုပ်နှင့် အမျိုးမျိုးရန်စလေ့ရှိ၏။
"မင့်ကို ငါကြောက်ပါတယ်လို့ ပြောထားသားပဲ၊ ငါ့ကို မစပါနဲ့ကွာ"ဟု မျက်နှာငယ်ကလေးဖြင့် တောင်းပန် သည့် တိုင်အောင်
"ကြောက်ရင် ရှိခိုး" ဟု ဘခွေး က ကဲလာပြန်၏။

 အေးအေးလူလူနေတတ်သော အတာကမူ အနှောင့်အယှက်ကင်းကင်းနှင့် သွားရလာရလျှင် ကျေနပ်ပြီ ဟူသော သဘောဖြင့် ဘခွေးအား လက်အုပ်ကလေးချီ၍ ကန်တော့ခဲ့ဖူး၏။ ထိုအထိ လိုက်လျောခဲ့ သည် တိုင်အောင် အတာတွင် အနှောင့်အယှက်ကား မလွတ်။ ဘခွေးသည် အတာ့အား ရင်ဆိုင်မိသည် နှင့် အနိုင်ကျင့် လိုက်သည်သာ ဖြစ်၏။
လူမှန်းသူမှန်းသိတတ်သည့်အရွယ်မှစ၍ အရင်းနှီးဆုံးဖြစ်သော သူ့မေမေကိုပင် မော့မကြည့်ဝံ့အောင် ကြောက် နေခဲ့ရသည်ဖြစ်သောကြောင့် အတာတွင် အားငယ်နေ၏။ ကြောက်တတ်သော စိတ်ကလည်း သူ့ အား လွှမ်းမိုးနေ၏။ သို့အလျောက်ပင် ဘခွေးက အနိုင်ကျင့်လျှင်လည်း ခံရ၏။ ကျောင်းရောက်၍ အခြားသော ကလေးများက ထိုးလားကြိတ်လား ရန်စလား လုပ်လျှင်လည်း ခံရ၏။
ယနေ့လည်း အတာသည် ဘခွေးရန်ကိုကြောက်၍ တထိတ်ထိတ်နှင့် လျှောက်လာခဲ့ရာမှ ဘခွေးကို မတွေ့ ရတော့သည်နှင့် စိတ်အေးလက်အေးပင် လျှောက်လာခဲ့၍ ကုန်စုံဆိုင်နှင့် တစ်ဆိုင်ကြားလောက် အရောက် တွင် တစ်စုံတစ်ဦးကနောက်မှနေ၍ ချေချိတ်လိုက်သောကြောင့် လက်ထောက်လျက်သား လဲ ကျ သွားတော့၏။

အတာလည်း ချက်ချင်းပင် အလူးအလဲထ၍ လှည့်ကြည့်လိုက်သည်၌ ဟားတိုက်၍ရယ်နေသော ဘခွေး ကို တွေ့ရ၏။ ပထမသော် ကြောက်ရွံ့သော အမူအရာဖြင့် အသနားခံသလိုကြည့်၍ လှည့်ထွက်သွား တော့မည် ကဲ့သို့ ခြေလှမ်းအပြင်လိုက်တွင် တစ်စုံတစ်ရာ ထူးခြားသော ထိတွေ့မှုကို ခံစားလိုက်ရသည့် ပမာ အတာ သည် ပျာပျာသလဲ ငုံ့ကြည့်မိ၏။ လက်ယာဘယ်ခြေသလုံးနှင့် တည့်တည့်ရှိ လုံချည်အနား မှာ တစ်ထွာ သာသာခန့် စုတ်ပြဲသွားသည်ကို တွေ့လိုက်ရသည်နှင့်တစ်မျက်နှာလုံး ဖြုန်းခနဲ နီလာ၏။ မျက်ရည် လည်း ဝေလာ၏။
ဘဘခွေးနှင့် ရင်ဆိုင်မိတိုင်း ကေသရာဇာခြင်္သေ့မင်းရှေ့ရောက်နေရသော သမင်ငယ်ကလေးအသွင် သာ ရှိနေခဲ့ဖူးသော အတာလည်း ယခုမူ ခြင်္သေ့မင်းကိုပင် သုတ်သင်ချေမှုန်းတော့မည်ကဲ့သို့သော ဆင် ပြောင်ကြီး၏ အသွင်သို့ တစ်မုဟုတ်ချင်း ပြောင်းလဲသွားရာ အတာလည်း လွယ်အိတ်ထဲရှိ ပေတံကို ဆွဲ ထုတ် တဲ့ကာ ဘာတစ်ခွန်းမျှမပြောတော့ဘဲ တဟားဟားရယ်နေသော ဘခွေးအား ရုတ်တရက် လှမ်း ရိုက် လိုက်၏။

ကြောက်ကန်ကန်သူတို့၏ဓမ္မတာအတိုင်းပင် အတာသည် တစ်ချက်နှင့်လည်းအားမရ၊ နှစ်ချက်နှင့် လည်း တင်းမတိမ် နိုင်ဘဲ သဲသဲမဲမဲ ဖိ၍ရိုက်နေတော့၏။ ဘခွေးတွင်မူ အတာလာ ပြန်လည်ထိုးကြိတ် မည့် လက္ခဏာမျိုးမမြင်ရ။
"ဟေ့ကောင် အတာ တော်တော့ကွ၊ ငါကြောက်ပြီ"ဟူသော တောင်းပန်သံနှင့်အတူ လက်နှစ်ဖက် မြောက် ၍ ကာကွယ်ရင်းနှင့်ပင် နောက်ဆုံး အော်ငိုရသည်အထိ ဘခွေးအရေးနိမ့်သွားတော့၏။
သို့တိုင်အောင် အတာက အရိုက်မရပ်သေး။ အားပါးတရ ရိုက်နှက်လျက်ပင် ရှိနေသေးသည့်အခိုက် ကုန်တိုက် ထံမှ တရုတ်တစ်ယောက် ပြေးထွက်လာပြီး ဘခွေးကို ဆွဲ၍ကြားဝင်လိုက်မှ အတာက အရိုက် ရပ်တော့၏။

သူ့ဆိုင်မှလူကို ရိုက်ရကောင်းလားဟု ထိုတရုတ်က ရန်မူမည်စိုးသည်နှင့် အတာလည်း ချက်ချင်းဆိုသ လို ပင် စုတ်သွားသော သူ့လုံချည်ကလေးကို ငုံ့၍ ကိုင်ပြရင်း
"ပေါက်ဖော်ကြီး ဒီမှာကြည့်ပါ၊ သူလုပ်လို့ လုံချည်စုတ်သွားပြီ၊ အိမ်ပြန်ရင် ကျွန်တော့်အမေ ကျွန်တော့် ကို သေအောင် ရိုက်မှာဗျသိလား၊ ဒါကြောင့် ကျွန်တော် သူ့ကို"ဟူသော အတာ့စကားမှ မဆုံးသေးမီပင်
"အေး ငါသိတယ်လေ၊ ဒီကောင် အားကြီးဆိုးတယ်၊ သူ ခဏခဏ ဒီလိုပဲလုပ်တတ်၊ မင်းကိုလဲ လုပ် တယ်၊ တခြား ကလေးတွေကိုလဲ သူအားကြီးနိုင်ချင်တယ်၊ ခု မင်း သူ့ကိုချတယ်နော်၊ အများကြီးကောင်း တယ်"
ထို တရုတ်လည်း သို့ပြောရင်းကပင် တရှုံ့ရှုံ့ငိုနေသော ဘခွေး၏ထိပ်ကို တဂေါက်ဂေါက်ခေါက်၍ ဆွဲ ခေါ်သွားရင်း
"ကောင်လေး၊ မင်းသွားတော့"ဟူ၍ပင် ချိုသာစွာ လှည့်၍ပြောသွားသေးတော့၏။

အတာလည်း စုတ်သွားတော့ လုံချည်နှစ်စကို ခေါက်တုံ့တုတ်၍ချည်လိုက်ပြီးမှ ကျောင်းဘက်သို့ဆက်၍ လျှောက် သွား၏။ သုံးလေးလှမ်းမျှသာ လှမ်းရသေးသည် ထုံးချည်ထားသော လုံချည်အောက်ပိုင်းနှင့် လမ်းလျှောက် ရသည်မှာ ခိုးလိုးခုလုရှိသောကြောင့် ချည်ထားသော အထုံးကိုဖြေလျက် အပေါ်နှင့် အောက်လှန်၍ ဝတ်လိုက်၏။
ခေါင်းငိုက်စိုက်နှင့် လျှောက်သွားသော အတာလည်း စုတ်သွားသော လုံချည်အတွက် သူ့မေမေသိက ရိုက်လားနှက်လား လုပ်တော့မည်ကို တွေးမိတိုင်း စိတ်လေးနေမိသော်လည်း သူ မော်မကြည့်ဝံ့အောင် ကြောက် ခဲ့ရသော ဘခွေးက "မင်းကို ငါကြောက်ပါပြီ"ဟု လက်မြှောက်အရှုံးပေးသည်အထိ အောင်ပွဲခ ခဲ့ရသည့် အဖြစ် ကို တွေးမိပြန်သောအခါ၌ သူ့မေမေ ရိုက်တော့မည်ကိစ္စသည်ပင် အရေးမကြီးတော့သ လို မေ့ပျောက် သွားတော့၏။

ယခုထက်ထိသော အတာ၏တစ်သက်တာအဖို့၌ ယနေ့လောက် ပျော်သောနေ့သည် မရှိခဲ့ပေ။ သူ့အား ကျောင်းစ အပ်သည့်နေ့က ပျော်သောပျော်ခြင်းမျိုးနှင့်မတူ။ ယနေ့ သူဝမ်းမြောက်သည်မှာ အရသာတစ် မျိုး လိုဖြစ်နေ၏။
အတာမှ ဘခွေးကို နှိမ်နင်းခဲ့ရသော ပြဿနာကြောင့် သူကျောင်းရောက်ချိန်၌ ဘုရားပင်ရှိခိုးပြီးနေကြပြီ ဖြစ်၏။ နေ့လယ် မုန့်စားလွှတ်လိုက်သည်ဆိုလျှင်ပင် အတာလည်း ယနေ့အဖို့၌ အောင်ပွဲရခဲ့သည်နှင့်အ မျှ အပျော်ကြီး ပျော်နေသောကြောင့် ယခင်နည်းတူ တစ်ပဲစား၍ နှစ်ပြားစုရန်ပင် သတိမရတော့ဘဲ ခေါက်ဆွဲသုပ် ရော မုန့်ဟင်းခါး အပြင် ရေခဲပေါက်စီ ပါ ခြောက်ပြားဖိုးစလုံး တပြုံးပြုံးနှင့် သုံးပစ်လိုက် တော့၏။
စားသောက် ပြီး၍ အတန်းထဲသို့ ဝင်သွားချိန်၌ အခြားအတန်းသားများသည် ထိုင်ခုံအပေါ်တွင် ပြေးကာ လွှားကာဖြင့် "သူခိုးပြတာ"ကစားနည်းမျိုး ကစားနေကြ၏။ သူခိုးလုပ်သူရော ပြာတာလုပ်သူပါ လက်ထဲ တွင် ပေတံ ကိုယ်စီဖြင့် ဓားခုတ်သလို ယှဉ်ခုတ်နေကြ၏။

"ဟေ့ အတာ မင်းပေးတံ ခဏပေးစမ်း"
ယခင့် ယခင်ကဆိုလျှင် မည်သူက တောင်းသည်ဖြစ်စေ အတာသည် မပေးချင်ပါဘဲ သူ့ပေတံကို ထုတ် ပေးခဲ့ရသည်သာဖြစ်၏။ မပေးပြန်လျှင်လည်း အထိုးအကြိတ်ခံရ၏။ ပေးလိုက်လျှင်လည်း ပေတံတစ်ခု လုံး ပိန့်ချိုင့် ပျက်စီးရ၏။ သို့ပျက်စီးခဲ့သောကြောင့်လည်း သူ့မုန်ဖိုးနှင့် အသစ်ဝယ်ခဲ့ရသည်မှာ လေး ကြိမ်ထက် မနည်း ရှိခဲ့ပြီဖြစ်၏။
ယခုလည်း အသစ်လောက်နီးနီး ကောင်းသောပေတံကို သူငယ်ချင်းတစ်ယောက်က လာ၍တောင်းပြန် လေပြီ။ သို့သော် အတာကား ဤတစ်ကြိမ်၌ အညံ့မခံ။ ဘခွေးကောင်းမှုကြောင့် ကြောက်စရာရှိလျှင် ပြူး၍ ခြောက်တတ်သည့် သဘောကို သိလာပြီဖြစ်သော အတာလည်း ခပ်မာမာပင်။

"ဘာလို့ ပေးရမှာလဲကွ"ဟု ပြောလိုက်သည်နှင့် ထိုသူငယ်က အတာ၏အင်္ကျီရင်ဘတ်ကို ဆတ်ခနဲဆွဲ ကိုင်ရင်း
"ပေးမလား မပေးဘူးလား၊ မင်း ဒါပဲပြော" မသုံးရသေးသောကြောင့် သံချေးတက်သလို ရှိနေခဲ့ပြီး ဘခွေးအပေါ်တွင် ယနေ့ သုံးခဲ့ရ၍ ထက်နေပြီ  ဖြစ်သော သတ္တိကို အတာသည် တစ်ဆက်တည်း ပြလိုက်ချင်၏။ သို့နှင့် အတာလည်း သူ့ရင်ဘတ်ကို ဆုပ်ကိုင်ထားသော ထိုလူငယ်၏လက်ကို ခပ်သွက်သွက် ပုတ်ချလိုက်ပြီးမှ "မပေးဘူးကွာ၊ မင်း ဘာလုပ်မလဲ"
သို့ မေးရင်းကပင် အတာသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ မျက်နှာထားတင်းတင်းနှင့် မေး လိုက် မှ ထိုသူငယ်လည်း ချာခနဲ လှည့်ထွက်သွားတော့၏။

ယနေ့လည်း အတာ့အဖို့ ထူးခြားသော နေ့ဖြစ်၏။ ကြောက်တတ်လျှင် ဖြဲ၍ခြောက်တတ်သည့် သဘော တရား ကို နားလည်လာ၏။ ညှင်းတိုင်းခံလျှင် ခံတိုင်း ညှင်းတတ်သည်ကိုလည်း သဘောပေါက်လာ၏။
"မင်းတို့ ငါ့ကို ရန်စနဲ့နော်၊ ငါ ဟိုတုန်းက အတာမဟုတ်ဘူး၊ မင်းတို့ကိုလဲ ငါ ဘာမှမလုပ်ဘူး၊ ငါ့ဟာငါ အေးအေးနေရင်လဲ မင်းတို့ ငါ့ကို အနိုင်မကျင့်နဲ့ ဒါပဲ"ဟူ၍ပင် မျက်နှာထားတင်းတင်းဖြင့် ပြောဝံ့လာ သည်အထိ အတာတွင် အသိတရား တိုးနေ၏။
ထိုနေ့မှစ၍ နောက်ပိုင်းရက်များတွင်မူ အတာအား အမြဲတမ်းအနိုင်ကျင့်သူများပင် မလေးမခန့်မလုပ်ဝံ့။ ဘခွေး သည်ပင် အတာ့ကို မြင်လိုက်ရသည်နှင့် မျက်လွှာချ၍ အဝေးမှ ရှောင်သွားလေ့ရှိ၏။ သို့သော် အတာ ကမူ ရန်စခြင်း၊ အနိုင်ကျင့်ခြင်း လုံးဝမရှိ။ ခပ်အေးအေးပင် ဘာသိဘာသာ သွားလာနေခဲ့၏။

ကျောင်းပိတ်သော နေ့တစ်နေ့၊ အတာကလေး လမ်းထိပ်သို့ထွက်လာခိုက် ကွမ်းရာဆိုင်ဘေးတွင် ထိုင်၍ မှိုင် နေသော ဘခွေးကို တွေ့ရသည်နှင့်
"ဟေ့ ဘခွေး"ဟု ခေါ်လိုက်သည်ကို ဘခွေးလည်း ပြူးပြူးပျာပျာ မော်ကြည့်ရာမှ ကြောက်ရွံ့သော အမူ အရာဖြင့်
"မင့်ကို ငါ ဘာလုပ်လို့လဲကွ"
"အေးပါ၊ မင်းကမှ ဘာမှမလုပ်ဘဲ ငါကလဲ ဘာမှမလုပ်ပါဘူး၊ ဘာဖြစ်လို့ မင်းကမှိုင်နေတာလဲ"ဟု အတာက ကရုဏာသံဖြင့်မေးရင်း ပြုံးပြလိုက်မှပင်
"ငါတို့ထောင်ကဲက ရိုက်လို့ပါကွာ"ဟု ပြောရင်း ဘခွေးက ကျောကိုလှည့်၍ပြ၏။ မြင်ရသောအရှိုးများမှာ ကြောက်ခမန်း လိလိ ပေါက်ပြဲလုနီးပါးညိုမည်းဖောင်းရောင်နေသည်ကို တွေ့ရသောကြောင့် စိတ်ထိ ခိုက်သွား၍ လောမသိ၊ အတာမျက်နှာကလေးမှာ သိသိသာသာပင် ညှိုးကျသွားတော့၏။

"ဘာဖြစ်လို့ ရိုက်တာလဲကွ"
"မနက်က ငါ့ကိုဈေးထဲခိုင်းလိုက်တာကို ငါက ဓာတ်ရထားလျှောက်ခိုစီးနေတာ မိသွားတာနဲ့ ငါ့ကိုရိုက် လဲ ရိုက် တယ်၊ မနက်စာလဲ ထမင်းမကျွေးဘူးတဲ့ကွ"
"ဟင် ဒါဖြင့် မင်း ထမင်းစားရသေးဘူးပေါ့၊ ဟုတ်လား" "အေးကွ၊ ငါ သိပ်ဆာတာပဲ၊ ဒါကြောင့် ငါ စိတ်ညစ် ပြီး ဒီမှာလာထိုင်နေတာ"

အတာလည်း ဘခွေးအား သနားသွားသည့်အမူအရာဖြင့် အတန်ကြတွေကြည့်နေပြီးမှ
"ဒါဖြင့် မင်း မြေပဲကြော်နဲ့ ဆန်ပြုတ်သွားပေါက်ပါလားကွ၊ နှစ်ပြားဖိုးဆို ဝတာပဲ၊ ငါလဲ တို့အမေက ထမင်းဖိုး ပေးရင် အဲဒီဆန်ပြုတ်ပဲ သွားသောက်တယ်
"ငါ့မှာမှ ပိုက်ဆံမရှိဘဲကွ"
"ငါပေးမယ်လေ ရော့"
ပြောပြောဆိုဆို အတာလည်း မုန့်စားမည်ဟုယူ၍ ထွက်လာသော ပိုက်ဆံနှစ်ပြားကို ဘခွေးအား လှမ်း မေးလိုက်တော့၏။ တစ်ကြိမ်က သူ့အားအကြီးဆုံးသော အနှောင့်အယှက်ပေးခဲ့သည့် ရန်သူတစ် ယောက် ဟူ၍ ဘခွေးအပေါ်တွင် သဘောမထားတော့ဘဲ အလွန်ခင်မင်သော သူငယ်ချင်းတစ်ယောက် ပမာ ဤသို့ပင် သဒ္ဓါရက်ရောစွာဖြင့် သူ မုန့်စားမည့်ပိုက်ဆံနှစ်ပြားကို ပေးလိုက်ချေသေး၏။
အတာ တွင် ဤကဲ့သို့ နှစ်လိုဖွယ်ရာသော စိတ်ထားကလေးများ ရှိနေသည်မှာ ယခုမှမဟုတ်။ လူမှန်း သိစအချိန်ကတည်းကပင် ခွေးကလေး ကြောင်ကလေးများကို နီးနီးကပ်ကပ် တွေ့ရသောအချိန်နှင့် သူ တစ်စုံတစ်ရာ စားနေခိုက်ကြုံလျှင် ရက်ရက်ရောရော ကျွေးပစ်တတ်၏။

တစ်ခါကလည်း ပြင်ပမှ ကလေးတစ်ယောက် လောက်လေးနှင့်  ပစ်လိုက်သဖြင့် ရင်အုပ်ကိုထိမှန် ဒဏ် ရာ ရလာသော စာကလေးတစ်ကောင်သည် သွေးရူးသွေးတန်းနှင့် အတာတို့အိမ်ထဲသို့ စွတ်ဝင်လာကာ မီးဖိုဆောင် ထဲတွင်  တဖျပ်ဖျပ် လူးလဲနေသည်ကို အိမ်သာတက်ရန်အလာတွင် အတာက တွေ့သဖြင့် ပျာပျာ သလဲ ကောက်ယူပြီး တတ်သလောက် မှတ်သလောက် ထုံး နနွင်းစသည်တို့ဖြင့် ပြုစုကုသပေး ကာ ကောင်းစွာ ပျံသန်းနိုင်သည်အထိ သုံးရက်လုံးလုံး အစာရေစာပါ တိုက်ကျွေးသောအားဖြင့် အသက် တစ်ချောင်း ကို ကယ်ခဲ့ဖူး၏။

ထိုမျှသာမက အသေးအမွှားဖြစ်သော ပုရွတ်ဆိတ်၊ ပိုးဟပ်အစရှိသော သက်ရှိသတ္တဝါကလေးများ၊ ရေ ဇလုံရေစည် စသည်တို့ထဲသို့ ကျနေသည်ကို တွေ့လျှင်လည်း တယုတယဆယ်၍ ဘေးကင်းရာသို့  ပို့ လွှတ် ပေးတတ်၏။ လမ်းဘေးရေမြောင်းများထဲ၌ သေလုမြောပါး ရေနစ်နေသည့် ကြွတ်ကလေးများကို လည်း အတာ မကြာခဏ တွေ့တတ်သေး၏။ ဤလိုတွေ့တိုင်းလည်း အတာသည် မည်မျှပင် နံစော်နေ သော ရွှံ့ပုပ်များဖြင့် ရွံ့စရာကောင်းနေသည်ဖြစ်စေ သူတစ်ထူး၏အသက်ကို မရအရ မြောင်းထဲဆင်း၍ ကယ်ခဲ့ သည်သာ ဖြစ်၏။

ဤလို သက်ရှိသတ္တဝါသာမဟုတ်၊ သက်မဲ့ဖြစ်သော သစ်ပင် ပန်းပင်ကလေးများ ညှိုးနွမ်းနေသည်ကို တွေ့လျှင် အတာ စိတ်မကောင်းဖြစ်တတ်၏။ သူတို့၏အိမ်ရှင်ဖြစ်သော ပွဲကတော်ကြီး စိုက်ပျိုးထား သည့် ပန်းပင် ကလေးများ ညှိုးခြောက်နေသည်ကိုမြင်လျှင် အတာ မနေတတ်၊ ရေခပ်၍ လောင်း၏။ မြေ ကြီးရှာ၍ ဖြည့်ပေးတတ်၏။
သို့လျှင် ကြင်နာတတ်သောစိတ်၊ သနားတတ်သောစိတ်၊ ကိုယ်ချင်းစာတတ်သော မွန်မြတ်လှသည့် အတာ့ စိတ်ကလေးများကြောင့်ပင် အတာအား ကြီးစွာသော  ကောင်းကျိုးချမ်းသာသည် အမှန်မုချ ပေး လိမ့်မည် ဟု အတာ့ စိတ်ထားကို သိသူတိုင်းက သို့လျှင် နိမိတ်ဖတ်ကြ၏။

အတာကလေး ဒုတိယတန်းသို့ရောက်ခဲ့၍ ဆယ်ရက်မျှပင် မကြာသေးမီ ဆရာမက အတာ့အား မော်နီ တာ ခန့်လိုက်တော့၏။ အတာ အတန်းတက်စက ဒုတိယတန်းတွင် စာမေးပွဲကျ၍ ကျန်ရစ်ခဲ့သော ကျောင်းသားနှစ်ယောက် နှင့် ကျောင်းသူမိန်းကလေးတစ်ယောက် ရှိ၏။ ထိုအထဲတွင် အသက်ဆယ့် တစ်နှစ်ခန့် အရွယ် ကျောင်းသားတစ်ယောက်ပါလျက် သူသည် မူလကတည်းက အတန်းမော်နီတာ ဖြစ်၏။
ဆရာမက အသက်ကြီးသည်ကို အကြောင်းပြု၍ မော်နီတာခန့်ထားသော်လည်း ဆရာမသည် လူ ဟောင်း လည်းဖြစ်၊ အသက်လည်းကြီးသော သူငယ်အစား ထိုသူငယ်ထက် အသက်လေးနှစ်နီးပါးငယ် သော အတာ့အား ရွေး၍ မော်နီတာ ခန့် လိုက်သဖြင့် ထိုသူငယ်သည် ဆရာမလည်းကောင်း၊ အတာ့ အား လည်းကောင်း မကျေမနပ် ဖြစ်ခဲ့၏။

အတာတွင် ထူးခြားသော စိတ်ထားကလေးတစ်ခုရှိ၏။ မျက်စိထဲ၌ အမြင်မတော်သည်ကို တွေ့လျှင် သူ နှင့် ဆိုင်သည်ဖြစ်စေ၊ မဆိုင်သည်ဖြစ်စေဝင်၍ လုပ်ကိုင်ပြုပြင်တတ်၏။ နံနက်ကျောင်းကိုရောက်သည် နှင့် ကျောက်သင်ပုန်း ကြီး ၌ ပေနေလျှင်ဖြစ်စေ၊ လွန်ခဲ့သောရက်က ရေးထားသည့်မလိုတော့သောစာ များရှိ နေလျှင်ဖြစ်စေ၊ အတာသည် ဆရာမ၏အံဆွဲထဲမှ ဒတ်စတာ(ဘောဖျက်)ကို ထုတ်၍ ပြောင် သွား သည် အထိ ပွတ်တိုက်သုတ်သင်လေ့ရှိ၏။ အတန်းသားများ၏စားပွဲကုလားထိုင်များ ရွဲ့စောင်းနေလျှင် လည်း နေသား တကျဖြစ်အောင် စီရွှေ့ထားတတ်၏။
စိန်လှ ဆိုသူ ယခင် မော်နီတာဟောင်းမှာမူ အတာလောက် လာဘ်မမြင်၊ ခိုင်းမှသာ လုပ်လေ့ရှိသော ကြောင့် အလိုက်သိ ၍ အကင်းပါးပြီး သွက်လက်ချက်ချာရှိလှသော အတာအား မော်နီတာအဖြစ် ဆရာ မက မြှောက်စား လိုက်ခြင်းဖြစ်၏။

မိန်းကလေးကျောင်းဖြစ်သောကြောင့်လည်း သောကြာနေတိုင်း ညနေဘက် နေ့တစ်ဝက်သည် မိန်းကလေး များ အပ်ချုပ်ပန်းထိုး သင်ကြားရသော အချိန်အဖြစ် သတ်မှတ်ထားသည်ဖြစ်ရာ သို့ မိန်းကလေး များ အပ်ချုပ်ပန်းထိုး သင်ကြားနေကြသည့် အချိန်ပိုင်းတွင် ယောက်ျားလေးက ဆရာမ ပေးထားသည့် ကျောင်းစာတစ်ခုခုကို ရေးသားဖတ်ရှု့နေကြရ၏။
အတာတို့ အတန်းတွင်မူ မုန့်စားလွှတ်ချိန်ရောက်သည်နှင့် ဆရာမသည် အတွက်ပုစ္ဆာရော အဖြေပါ အသင့် ရေးသားထားသည့် စာရွက်တစ်ခုကို အတာအား ပေးအပ်ထား၏။ ကျောင်းပြန်တက်သည်နှင့် ဆရာမ သည် ယောက်ျာကလေးတိုင်းကို "မင်းတို့အားလုံး အတာ့စကား နားထောင်ရမယ်၊ သူရေးခိုင်းတာကိုရေး၊ သူဖတ်ခိုင်းတဲ့စာကို ဖတ်ကြ၊ အတာ့စကားကို နားမထောင်တဲ့လူကို မမစကား နားမထောင်တဲ့လူလိုပဲ သဘောထားပြီး မမ ခေါ်ရိုက် မယ်၊ မှတ်ထားကြ"ဟူသော သြဝါဒဖြင့် ရှိသမျှ ယောက်ျားကလေးများကို အတာ နှင့် လွှဲထားလိုက်ပြီး ဆရာမကမူ အတန်း၏ထောင့်တစ်နေရာသို့ မိန်းကလေးများကို စုခေါ်သွားပြီး ဇာထိုး ပန်းချုပ် သင်ပေး လေ့ရှိ၏။

စာသင်ခန်း၏အခြားသော ထောင့်တစ်နေရာတွင်  ကျန်ရစ်ခဲ့သော ယောက်ျားကလေးများမှာကား အတာ ကိုယ်တိုင် ကျောက်သင်ပုန်းကြီးတွင် ရေးပေးထားသည့် အတွက်များကို တကုန်းကုန်းထိုင်၍ တွက် နေကြ၏။ အတာကိုယ်တိုင်ကသော် ဘာမျှမလုပ်ရဘဲ ထိုယောက်ျားကလေးများကို ထိုင်ကြည့် ရင်း စကား မများရန်၊ အတွက်ခိုးမချရန်၊ မဆော့ရန် ကိုသာ ထိန်းသိမ်းပေးရ၏။

ဆက်ရန်
.

No comments: