Friday, March 16, 2012

တင်မောင်မြင့် ၏ နွေကန္တာ, အပိုင်း (၅)

(" ဂျူးဒစ်လေ အစ်ကို့ကို သိပ်သိပ်ချစ်တာပဲ၊ အစ်ကို့ကို ပိုင်ရပြီပဲ၊ ကျန်တာတွေ ဘာမှ မကြောက် တော့ဘူး"
" ကလေးမွေးရမှာလည်း မကြောက်တော့ဘူးပေါ့နော် "
" မကြောက်တော့ဘူး၊ အစ်ကိုနဲ့တူတဲ့ ကလေးတွေ တစ်ခါဒင်လောက်မွေးမယ် "
လင်တော်မောင် ကို တင်းတင်းဖက်ပြီး ဂျူးဒစ် ပြောလိုက်သည်။ ဖီးလစ်က ကြင်ကြင်နာနာ နမ်း သည်။ ထိုည တွင် ဂျူးဒစ် ဘာမှ မကြောက်တော့။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လေသည်။)
ကို ဆက် ဖတ်ရန်......... 

အခန်း (၄)

သို့သော် နောက်တစ်နေ့ လင်းသည်နှင့် ကြောက်နေပြန်သည်။ ဖီးလစ်ကိုမူ ထုတ်မပြောတော့။ မွေးဖို့ဖွားဖို့ တွေးလေ ထိတ်လန့်ကြောက်ရွံ့စိတ်က ပိုပြီး အင်အားကောင်းလေ ဖြစ်နေ၏။
မေးမယ့်သူလည်းမရှိ။ ရှိသည့်တိုင်အောင် ဘာမေးရမှန်း သိမည်မဟုတ်။ တစ်နေ့တွင် ဂျာဗာစီက အစေခံ တစ်ယောက်ကို လွှတ်ပြီး စာတစ်စောင်နှင့် အသားချောချော ပိတ်တစ်အုပ် ပို့လာသည်။ စာလုံးပေါင်း အမှားမှား အယွင်းယွင်းနှင့် စာတိုကလေး။ ဂျာဗာစီသည် အင်္ဂလိပ်စကားကို ကောင်း ကောင်းပြော နိုင် သော်လည်း စာကိုတော့ ဟုတ်တိပတ်တိ မတတ်ပေ။
နောက်တစ်နေ့တွင် အမျိုးသမီးကြီးတစ်ယောက် ရောက်လာသည်။ ကလေးအတွက် အနွေးထည် ချုပ်ဖို့ ဖလန်နယ်စ ကလေးကို ကိုင်လျက်။

" ကိုယ့်နာမည်က ဆီလ်ဗီဂျူဟန်ပါကွယ်၊ ကိုယ့်အမျိုးသားက အမေရိကန်လေ၊ လှေကြီးတွေ စပ် ရောင်းတဲ့ အလုပ် လုပ်တယ်၊ မွေးဖွားပြီးရင် ကိုယ်တို့အိမ်ကို လာလည်နော် "
ဂျူးဒစ် က ကျေးဇူးတင်ပါကြောင်း၊ လာလည်မည့်အကြောင်း ပြန်ပြောရသည်။ ဒယ်လ်ရွိုင်းတွင် ဖီးလစ်ကို လူတိုင်း သိနေကြဟန်တူသည်။ ပြီးတော့ သူ့မိန်းမဟာ ကလေးသာသာ မိန်းကလေး ဖြစ်ကြောင်းလည်း သိကြ ပုံရသည်။ မရင်းနှီးသူများကို ဂျူးဒစ် မမေးချင်။ သိချင်သည့် ကိစ္စတွေကတော့ အပုံအပင်။

ဗိုက်ထဲတွင် ကလေးက လှုပ်လှုပ်ရွရွ လုပ်စပြုလာသည်။ ဂျူးဒစ်အတွက် အထူးအဆန်း ဖြစ်နေ၏။ နောက်ထပ် ဘာတွေနဲ့များ ထပ်ကြုံရဦးမည် မသိ။ အစ်ကိုကတော့ ဖေဖော်ဝါရီလလောက် မွေးမည် ဟု ခန့်မှန်း သည်။ အိန်ဂျဲလစ်များ သိမလားပဲ။ ခက်သည်က ခုထိ အန်ဂျဲလစ် စကားကောင်းကောင်း မတတ်ပေ။ မည်သို့ဖြစ်စေ အိန်ဂျဲလစ် ရှိနေခြင်းအတွက် အပုံကြီး စိတ်သက်သာရာရသည်။ အတွေ့အကြုံ ရှိပြီးသား အိမ်ဖော်ဖြစ်၍ အလုပ်ကို အောက်ခြေသမ်း လုပ်ပေးတတ်သည်။ ဂျူးဒစ်၏ ဆံပင်ကို အမျိုးမျိုး အဖုံဖုံ ထုံးဖွဲ့ပေးတတ်သည်။ အချုပ်အလုပ်တွင်လည်း လက်ရာမြောက်ပါပေ သည်။ ကလေးအတွက် အင်္ကျီ တွေကို ကူချုပ်ပေးသည်။ ဂျူးဒစ်က သူ့ကို စာပါတွဲသင်ပေးနေ၏။ နွေကန္တာ ခရီးကြမ်း ကုန်ဆုံးကာ ပျော်စရာ ဆောင်းရာသီ သို့ ရောက်လာခဲ့လေသည်။ ဂျူးဒစ် အပြင် သိပ်မထွက်တော့။ မီးဖိုနံဘေးတွင် ထိုင်ပြီး မီးလှုံ နေတတ်သည်။ အိန်ဂျဲလစ်လို အိမ်ဖော်မလေးလို ရအောင် ရှာပေးတတ်သည့် အစ်ကို့ကို ကျေးဇူးတင် မဆုံးနိုင်အောင် ဖြစ်နေ၏။

သို့သော် ကြောက်ရွံ့စိတ်က လျော့ပါးသွားသည် မရှိခဲ့ပါချေ။ နှင်းမှုန်တွေ တဖွဲဖွဲကျနေသည့် နေ့တစ်နေ့ တွင် အိန်ဂျဲလစ် အ၀တ်လျှော်နေသဖြင့် တစ်ယောက်တည်း လမ်းလျှောက်ထွက်လာခဲ့ သည်။ ကပ္ပလီ အလုပ်သမားတွေ နေသည့် တန်းလျားနား အရောက်တွင် တစ်စုံတစ်ယောက်၏ အော်ဟစ် ညည်းညူသံ ကြား လိုက်သည်။ ဝေဒနာ အပြင်းအထန် ခံစားနေရသည့် ညည်းညူသံမျိုး။
ရပ်ပြီး နားစွင့်နေလိုက်သည်။ အမျိုးသမီးတစ်ဦး မချိမဆံ့ ဖြစ်နေပုံ။ မီးဖိုကြီးတစ်ခုတွင် ထမင်း စု ချက်နေသည့် မိန်းမတစ်သိုက်ဆီသို့ ခပ်သုတ်သုတ်လျှောက်သွားသည်။ သူတို့အားလုံး အော်ဟစ် ညည်းညူသံကို မကြားကြလေရော့သလား။ ဘယ်သူမှ ဂရုစိုက်ဟန်မတူ။ ဂျူးဒစ် ဒေါသ ဖြစ်သွားသည်။ ခပ်ဆတ်ဆတ် ငေါက်ပြီး မေးလိုက်သည်။

" ဟဲ့၊ အဲဒါ ဘာဖြစ်နေတာလဲ "
မိန်းမတစ်ယောက်က ခေါင်းမော့ပြီး -
" ရှင် မမလေး "
" နင်တို့ ငါပြောနေတာ မကြားကြဘူးလား၊ တဲထဲမှာ ဘာဖြစ်နေတာလဲလို့ "
အမျိုးသမီးက ပခုံးတွန့်ပြီး -
" ဘာမှ မဟုတ်ပါဘူး မမလေး၊ မိန်းမတစ်ယောက် ကလေးမွေးနေတာပါ "
နားနှစ်ဖက်ကို နာနာပိတ်ပြီး အိမ်ဘက်ကို သုတ်ခြေတင် ပြန်လာခဲ့သည်။ အိမ်ရောက်ရောက်ချင်း ခုတင် ပေါ် ပစ်လှဲလိုက်သည်။ နားနှစ်ဖက်ကို ပိတ်ထားဆဲ။ သို့သော် အော်ညည်းသံက နားထဲမှ မထွက်။ အိန်ဂျဲလစ် ၀င်လာတော့ ဂျူးဒစ် မျက်နှာတွင် သွေးမရှိတော့။

အိန်ဂျဲလစ် အပြေးရောက်လာပြီး အင်္ဂလိပ်စကားတစ်ဝက် ပြင်သစ်စကားတစ်ဝက်ဖြင့် စိုးရိမ်တကြီး မေးနေသည်။ ဂျူးဒစ်ကို ရင်ခွင်ထဲပွေ့ပြီး တတွတ်တွတ် ပြောနေ၏။ ဘာတွေ ပြောနေမှန်းမသိ။ ထပ်ကာ ထပ်ကာ ပြောနေခြင်းဖြစ်၍ တဖြည်းဖြည်း ဂျူးဒစ် သဘောပေါက်လာသည်။
" ကျွန်မ ကလေးမွေးဖူးတယ် မမလေး၊ မမလေး မွေးရင် ကျွန်မ ကူလုပ်ပေးမယ် "
" ဘာ နင်ကလေး မွေးဖူးတယ် ဟုတ်လား "
အိန်ဂျဲလစ် က ခေါင်းညိတ်သည်။
" ဒါဖြင့် နင့်ကလေးရော "
" သေသွားတယ် မမလေး၊ မမလေး ကလေးရရင် မသေအောင်လုပ်ပေးမယ်နော် "
" နင် ငါ့ကို ကူညီပါနော် "

အိန်ဂျဲလစ်ပြုံးပြီး ခေါင်းညိတ်သည်။ သူ့ရင်ခွင်ထဲကို ဂျူးဒစ် လှဲချလိုက်သည်။ အိန်ဂျဲလစ်က ကလေး တစ်ယောက် ကို ပွေ့သလို ပွေ့ထားပြီး ချော့သိပ်သည်။ ပြင်သစ် သီချင်းတစ်ပုဒ်ကို တိုး တိုးညည်းလျက်။ စာသား တွေကို ဂျူးဒစ် တစ်လုံးမှ နားမလည်။
ဖီးလစ် ရောက်လာသည်။ အိန်ဂျဲလစ်က ဆက်ဆိုနေသည်။ ဖီးလစ်လည်း နားမလည် ကွန်ဂိုမှာဆို သည့် ကပ္ပလီများ၏ ကျေးလက်သီချင်းဖြစ်ကြောင်း အိန်ဂျဲလစ် ပြောပြသည်။ သူ့အသံက ချိုမြအေးချမ်းသည်။ သူ့ ယုယပိုက်ထွေးပုံက နူးညံ့သိမ်မွေ့သည်။ ဂျူးဒစ် အကျေနပ်ကြီး ကျေနပ်နေမိ၏။
မီးဖိုကြီးထဲတွင် မီးတွေ ထည့်ထားသည့်ကြားက ခုတလော စိမ့်နေအောင် အေးလာသည်။ လူဝီစီး ယားနား မှာတော့ သည်လောက် အေးမည်မထင်၊ သည်မှာတော့ ဆောင်းဟေ့ဆိုသည်နှင့် ပတ်ကြမ်းတိုက်ပြီး ၀င် လာသည်။

အမိုးကို ဖာထေးထားပြီး ဖြစ်သော်လည်း ဆောင်းတွင်းမိုး နှိပ်စက်သဖြင့် ယိုကျလာပြန်သည်။ သည် တစ်ခေါက် မြို့ရောက်လျှင် ၀ယ်ခဲ့ပါမည်ဟု ဂျူးဒစ်ကို ကတိပေးထားသော်လည်း တကယ်မြို့ ရောက်တော့ ၀ယ်ဖို့ မေ့လာသည်။ ဧကပေါင်းများစွာ စိုက်ပျိုးပြီးစီးနေသည့် မဲနယ်ပင်ကိစ္စက သူ့ကို လွှမ်းမိုး ထားလေပြီ။
ဇန်န၀ါရီလဆန်းတွင် နှင်းထုပါးလာသည်။ နေ့လယ်နေ့ခင်းများတွင် ကြည်လင်အေးမြနေ၏။ ဂျူးဒစ် တစ်ယောက် နေကောင်း ကျန်းမာလျက် ရှိသည်။ ဤသို့ဖြင့် ဖေဖော်ဝါရီလထဲ ၀င်လာလေတော့ သည်။
ဖေဖော်ဝါရီလသည် ဘယ်တုန်းကမှ ဂျူးဒစ်အတွက် ထူးခြားသည့် လမဖြစ်ခဲ့ပေ။ သို့သော် တစ်မ နက် အိပ်ရာမှ နိုးအလာတွင် တစ်လောကလုံးအပြာနှင့် ရွှေရောင် လွှ့မ်းနေသည်ကို တွေ့ရသည်။ ခုတင်ပေါ်မှ လျှောခနဲ ဆင်းသွားပြီး ပြတင်းပေါက်တွင် မှီရပ်ကာ အပြင်သို့ ငေးကြည့်နေလိုက်သည်။ ခန္ဓာကိုယ်သာ မီးပုံးပျံကြီး လောက် ကြီးမနေလျှင် လှည့်ပတ် ကပစ်လိုက် ချင်သည်။

နေရောင်ခြည်သည် ၀က်သစ်ချနှင့် တတိုင်မွှေးပင်များပေါ်တွင် တောက်တောက်ပပ ဖြာဆင်းနေ၏။ နွေလို ကြည်လင်နေသော်လည်း လေက အေးမြသည်။ ဤသို့ နေ့စဉ်ရက်ဆက် ရာသီဥတုသာယာ နေသည်။ လမ်းလျှောက်လို့ ခက်လာအောင် ဗိုက်ကြီးထွက်နေသော်လည်း ဂျူးဒစ်တစ်ယောက် အတောင်ပါသည့်နှယ် သွက်လက်နေ၏။
ဘယ်လောက်ထူးဆန်းသည့် ဒေသပါလဲ။ ဖေဖော်ဝါရီတွင် အလှသရဖူ ဆောင်းနေသည်။ အအေး ဓာတ် လွန်ကဲ သည့်ကြားက မြေပြင်မှ အပင်ပေါက်တွေ အလုအယက် ထိုးထွက်နေကြ၏။ ၀က်သစ်ချ ကိုင်းများက ရွက်ဟောင်းတွေ ခါချပြီး ရွက်သစ်နုတွေ တဝေေ၀နှင့်။ တတိုင်းမွှေးပင်များ တွင် အစိမ်းရင့်ရောင် အဖူးတွေ အလုအယက် ပွင့်ဖို့ အားယူနေကြသည်။ ပင်မြင့်တွေ၊ ပင်စောက် တွေပေါ်မှ ရေညှိရေမှော်ပင်တွေပင် စိမ်းသည်ထက် စိမ်းနေသည်ထင်ရ၏။ အရာအားလုံးသည် အသက်ဝင်နေ၏။ တောက်ပနေ၏။

ကြောက်မက်ဖွယ် နွေရိုင်းကာလကို သေလုမျောပါး ဖြတ်ကျော်နေစဉ်က နွေကန္တာ၏နောက်တွင် သည်လို ချစ်စရာ ဖေဖော်ဝါရီရှိနေကြောင်း ဘာကြောင့် သူတို့ မပြောဘဲ နေကြပါလိမ့်။ အင်း၊ နယူးအင်္ဂလန်က လူတွေ မြင်စေချင်စမ်းပါဘိ။ ဟိုမှာက မိုးလင်းလို့မှ ပြတင်းပေါက်ကို ဖွင့်ရဲကြတာ မဟုတ်ဘူးလေ။ ခုလို ရွှေဝါ ရောင်၊ နီလာရောင်ကို သူတို့ ဘယ်မြင်ဖူးကြပါ့မလဲ။
နွေရောက် လျှင် ကျွက်ကျွက်ဆူနေသည့် ကြေးရည်အိုးကြီးကို ခေါင်းပေါ် သွန်ချနေသလို ခံစားရဦး မည်။ သို့သော် လာမည့်နွေနှင့် ရင်ဆိုင်ရမှာ မကြောက်တော့။ သည်နွေနောက်တွင် သည်လို ဖေဖော်ဝါရီ ရှိနေသည် ဆိုတာ သိထားပြီး မဟုတ်လား။

နယူးအင်္ဂလန်ကို စရောက်စ လူတွေလည်း သည်လိုပဲ နေမယ်ထင်ရဲ့။ ရှည်လျားလှတဲ့ ဆောင်းနှင်း ထုကြီးကို ဖြတ်သန်းနေစဉ်မှာ ဇွန်လရောက်ရင် ဒေစီတွေ ပွင့်မယ်၊ ဒေလီယာတွေ မြိုင်နေမယ်လို့ သူတို့ကို ပြောမယ့်လူ ဘယ်ရှိပါ့မလဲနော်။
ဇွန်လကို ပထမဆုံး သူတို့ တွေ့ဖူးစမှာ ဘယ်လောက် ပျော်ကြမလဲ။ ကနက်တီကပ်က ဇွန်လ နဲ့ လူဝီစီးယားနား က ဖေဖော်ဝါရီ ဆင်ဆင်တူတဲ့ အကြောင်း ကြိုသိထားရင် ဘယ်လောက်ကောင်းမလဲ။
သိမထားတာလည်း တစ်မျိုးကောင်းပါတယ်လေ။ ကြိုသိထားရင် ခုလို ရင်သပ်ရှုမော ဖြစ်ချင်မှ ဖြစ်တော့မှာပေါ့။ ဒီမှာ ဒေစီတွေ မရှိပေမဲ့ပန်းတွေ ပေါမှပေါ။ နာမည်မသိတဲ့ ပန်းတွေကို အများကြီး ရယ်။
အနီရဲရဲ အဆုပ်ဆုပ် ပန်းပွင့်ကြီးတွေရဲ့ နာမည်ကို ဘယ်လို ခေါ်မှန်းခုထိ မသိသေး။ ရေစပ်တွေမှာ သစ်ခြောက်ပင် လို အပင်တွေက ပွင့်တဲ့ ခရမ်းရောင် ပန်းပွင့်တွေလည်း ရှိသေးရဲ့။ လေးလံစွာ လှုပ် ရှားနေရာ မှ ပေါ့ပေါ့ပါးပါး၊ မြူးမြူးကြွကြွ ပြန်ဖြစ်လာဦးတော့မှာပေါ့နော်။ ခုပဲ ဗိုက်ထဲက ကလေးလှုပ် တိုင်း ပျော်နေရပြီ။ အစ်ကို့အတွက် မျိုးဆက်သွေးကလေး မွေးပေးရတော့မယ်ဆိုတဲ့ အသိကြောင့် လည်း ဂုဏ်ယူ မိရဲ့။

မနက်ခင်း စကောစက အချိန်ကြီးတွေ မပြန်စဖူး ဖီးလစ် အိမ်ပြန်လာသည်။
" အစ်ကို မြို့တက်မလို့၊ ထွန်သွားတွေ ထပ်ဝယ်ရမယ်၊ အချစ်အတွက် ဘာယူခဲ့ရမလဲဟင် "
" အမိုးဖာ ဖို့ ပလတ်စတာပါရင် တော်ပါပြီ "
" စိတ်ချ၊ စိတ်ချ၊ ဒီတစ်ခါ အစ်ကို မမေ့တော့ပါဘူး၊ ပြီးတော့ မှန်လည်း ၀ယ်ခဲ့မယ်နော် "
" အစ်ကို က ဂျူးဒစ်ကို ခုထိ လှတယ် ထင်တုန်းလားဟင် "
" မင်းမျက်လုံးတွေလောက်လှတာ အစ်ကို ဘယ်မှာမှမတွေ့ဖူးသေးဘူး၊ ရွှေအိုရောင် ညနေပိုင်း ရေပြင်ပေါ် မှာ နေရောင်ဖြာကျနေသလိုပဲ "
" ဘာပဲဖြစ်ဖြစ် ဂျူးဒစ် ခုတလော သိပ်ပျော်နေတယ် အစ်ကို "
" အစ်ကို ရောပေါ့၊ သွားမယ်နော်၊ အစ်ကို အမြန်ဆုံး ပြန်ခဲ့မယ် "

နှုတ်ဆက်အနမ်း ပေးခဲ့ပြီး သူ ထွက်သွားသည်။ မြင်းလှည်းပေါ်ခုန်တက်ကာ မောင်းထွက်သွားသည့် ချစ်လင်ကို ပြတင်းပေါက်တွင်ရပ်ပြီး ဂျူးဒစ် လက်ပြကျန်ရစ်၏။
လေက သူ့ဆံပင်တွေကို ဆော့ကစားနေသည်။ လက်နှစ်ဖက်ဆန့်ပြီး အသက်ကို တ၀ကြီး ရှူသွင်း လိုက်၏။ ဟိုး အနောက်ဘက်ဆီမှ မြစ်ပြင်ပေါ်တွင် အဖြူရောင် မိုးသားတွေ စုဝေးနေသည်။ အစ်ကို ပြန်မရောက် မချင်း မိုးမရွာချပါနဲ့ဦး မိုးမင်းကြီးရယ်။
ညနေစောင်းမှ သူ ပြန်ရောက်လာသည်။ မိုးသားတိမ်တိုက်တွေက အဖြူရောင်မှ အညိုရောင်သို့ ပြောင်းနေသည်။ ဖီးလစ်နှင့် ဂျိုးတို့ ပစ္စည်းတွေ သယ်ချနေကြသည်။ ပြီးတော့ အိမ်ဆီကို အပြေး ရောက်လာပြီး -
" အချစ်အတွက် အစ်ကို ဘာတွေ ၀ယ်လာလဲ ကြည့်ပါဦး၊ နယူးအော်လီယန်းက ကုန်သည်လှေတစ် စင်း ဆိုက်တာ အတော်ဖြစ်သွားတယ်၊ ဟောဒီမှာ ကြည့် "
ပွင့်ရိုက် ပိုးတွန့်အလိပ်ကြီးကို ဆွဲထုတ်ပြသည်။ ပိုးသားများ အိစက်ညက်ညောနေ၏။

" ပါရီက လာတာလေ၊ ဟောဒီမှာ ဘယ်အမျိုးသမီးမှ ဒီအ၀တ်မျိုးမ၀တ်ဖူးသေးဘူး၊ အိန်ဂျဲလစ်ကို ချုပ် ခိုင်းပေတော့ "
" အို၊ လှလိုက်တာ အစ်ကိုရယ် "
အိန်ဂျဲလစ်နှင့် နှစ်ယောက်သား ပြိုင်တူကိုင်ကြည့်လိုက်ကြသည်။ နှင်းဆီသွေး ခပ်နုနုပေါ်တွင် အပြာရောင် အပွင့်များမှာ ကြွတက်နေသည်ထင်ရ၏။ ကျေးဇူးတင်စကား ပြောလိုက်ပြီးမှ ၀က်တဲသာသာ သစ်လုံးအိမ် ထဲတွင် နေပြီး ဒီပိုးတွန့်ပိတ်စကို ဘယ်လို အသုံးချရပါ့မလဲဟု တွေး နေမိ၏။
" ဟောဒါ က နှင်းဆီရောင် အနားကွပ်ဖို့ ဖဲကြိုး၊ ပိုးစစ်စစ်ပဲ၊ ဟောဒါက ဆံနွယ်ခွေဖို့ ဆီမွှေး၊ စံပယ် ဆီနဲ့ လုပ်တာ"
" ဒီအထုပ်ကြီး က ဘာလဲ "

" ပြင်သစ် အချစ်ဝတ္ထုနှစ်အုပ် ၀ယ်လာတာလေ "
" ဂျူးဒစ် မှ မဖတ်တတ်တာ "
" အစ်ကို ဖတ်ပြမှာပေါ့၊ ဟောဒါက ဆီးရောင် ကတ္တီပါအတွင်းခံ "
" သိပ်လှတာပဲ အစ်ကိုရယ်၊ ဒါပေမဲ့ ဘယ်လိုလုပ် ၀တ်မလဲ "
" သြော် သိမ်းထားပေါ့၊ ၀တ်လို့ရတဲ့အချိန် မကြာခင် ရောက်တော့မှာပဲဟာ၊ ဟိုဘက်က ဟာက ၀ိုင်ပုလင်း တွေ၊ အကောင်းဆုံးဝိုင် ကို ရှာဝယ်ခဲ့တာလေ "
ချည်ငင်ရစ်ဘီးထက် မြင့်သည့် အထုပ်ကြီး တစ်ထုပ်လည်း ပါလာသည်။
" အဲဒါကြီးကကော ဘာကြီးလဲ အစ်ကိုရဲ့ "
" ဖွင့်ကြည့်လေ "

ဂျူးဒစ် အားတက်သရော ကြိုးတွေကို ဖြေပြီး ပတ်ထားသည့် အ၀တ်တွေကို ဆွဲခွာသည်။ ပါးစပ် အဟောင်းသား ဖြစ်ပြီး ပထမ ကြောင်ကြည့်နေသည်။ ပြီးမှ အလန့်တကြား နောက်ဆုတ်ပြီး ငိုချ လိုက်တော့၏။
" အလို၊ အချစ် ဘာဖြစ်တာလဲကွယ် "
ဂျူးဒစ် တစ်ခါပြန်ကြည့်သည်။ ပြီးမှ မျက်နှာကို လက်ဝါးနှင့် အုပ်ပစ်လိုက်၏။
" ဘုရား၊ ဘုရား ဂျူးဒစ် အဲဒီလိုကြီး ဖြစ်နေတာပေါ့။ ဟုတ်လားအစ်ကို "
ဖီးလစ် ပါးစပ်အဟောင်းသားဖြစ်နေသည်။ အိန်ဂျဲလစ်ကို လှမ်းကြည့်လိုက်၏။ အိန်ဂျဲလစ်က ခေါင်းခါ ပြသည်။ ကိုယ်လုံးပေါ် မှန်ကို ကျောပေးရပ်ကာ တရှုပ်ရှုပ်ငိုနေသည့် ဂျူးဒစ်ကို ဖီးလစ် ကြောင်ကြည့် နေသည်။

" ပြန်ထုပ်ထားလိုက်စမ်းပါ၊ အဲဒါကြီး မကြည့်ပါရစေနဲ့ "
ဂျူးဒစ် စိတ်ဆိုးမာန်ဆိုး အော်ပြောသည်။
ကြည့်မှန်ကြီးကို ဖီးလစ် အသာအယာ ပြန်ထုပ်သည်။
" အစ်ကို စိတ်မကောင်းပါဘူးကွယ်၊ ဒီလိုမှန်းသိရင် ၀ယ်မလာပါဘူး "
အင်္ကျီလက်နှင့် မျက်ရည်သုတ်နေရာမှ ဖီးလစ်၏ ရင်ခွင်ထဲ ပြေးဝင်ပြီး -
" သြော် အစ်ကိုရယ်၊ ဂျူးဒစ် တောင်းပန်ပါတယ်၊ အစ်ကို ၀ယ်လာတာ မှန်ပါတယ်၊ ဂျူးဒစ် မှန်ကြီးကို သဘောကျ ပါတယ်၊ ဗြုန်းစားကြီးဆိုတော့ လန့်သွားတာပေါ့"
ဖီးလစ် ကြင်နာစွာ ပြုံးသည်။

" အစ်ကို ထုပ်ထားလိုက်ပါပြီ၊ အချစ် ပြန်လှလာမှ ဖြေမယ်နော်"
" ဟင့်အင်း၊ မလိုပါဘူး အစ်ကို၊ ဂျူးဒစ်က သိပ်ကလေးဆန်တာပဲ အစ်ကိုရယ်၊ အစ်ကိုမို့ သည်းခံ နိုင်တယ်"
ဂျူးဒစ်က အထုပ်ကို ပြန်ဖြေနေသည်။
" အစ်ကို ၀ယ်လာတာတွေ သဘောကျရဲ့လားဟင် "
" ကျပါတယ် အစ်ကိုရယ်၊ ပိုးတွန့်လိပ်ကို သေတ္တာအောက်ဆုံးမှာထည့်ထားရအောင်နော်၊ မတော်လို့ မိုး ယိုရင် အစိုသက်သာအောင်လေ၊ အစ်ကို ဂျိုးကို တက်ဖာခိုင်းတော့လေ၊ မိုးတွေ လာနေပြီ"
ဖီးလစ် စိတ်ပျက်လက်ပျက်နှင့် လက်နှစ်ဖက်ကို ဖြုတ်ချလိုက်သည်။

" ဒုက္ခပါပဲကွယ်၊ အစ်ကို မေ့ခဲ့ပြန်ပြီ "
" ဟာ အစ်ကို ကလဲ၊ လုပ်ပြန်ပြီ "
" တစ်လမ်းလုံး သတိမေ့မှာစိုးလို့ တမင် သတိထားသွားတာပါကွာ၊ အညာလှေဆိုက်နေတော့ အ၀တ် အစား တွေနဲ့ အလှကုန်တွေမြင်ပြီး ၀ယ်ချင်လောဘအားကြီးသွားတာနဲ့ အဲဒါကို မေ့သွားတာ"
ဂျူးဒစ် က သူ့အနားမှ ထွက်သွားသည်။ ပြီးမှ ချာခနဲလှည့်ပြီး- မြို့သွားဝယ်ရမှာလား၊ အစ်ကိုကလွဲ ပြီး ဘယ်သူ့ အားကိုးစရာရှိလို့လဲ၊ အလကားဝတ်လို့မရလဲ အ၀တ်တွေ ၀ယ်လာတယ်၊ မဖတ်တတ်တဲ့ စာအုပ် တွေ ၀ယ်လာတယ်၊ ပြီးတော့ မှန်ကြီး၊ ဒီပုံပျက်ပန်ျးပ်က ခန္ဓာကိုယ်ကြီးကို ကြည့်ဖို့ပေါ့ဟုတ်လား၊ မှာ တာက တစ်မျိုးတည်းရယ်၊ မိုးလုံဖို့ပဲ၊ အဲဒီတစ်မျိုးတည်းကို မေ့လာတယ်၊ ဒီအမိုးကလေးလုံအောင် လုပ် ဖို့တောင် အားမကိုးရဘူး၊ ကြုတ်ထဲကျွဲသိပ်နေရတဲ့အထဲမှာ မိုးက ယိုသေးတယ်၊ သိပ်စိတ်ကုန် စရာ ကောင်းတာပဲ"
ဖီးလစ် အိမ်ထဲမှ ထွက်သွားသည်။ တံခါးဝကို ဂျူးဒစ် ပြေးလိုက်သွားတော့ သူက မြင်းလှည်းနား ရောက် ခါနီး နေပြီ။

" ဒါက ဘယ်သွားမလို့လ "
အော်မေးလိုက်ခြင်းဖြစ်၏။ သူက လှည့်မကြည့်ဘဲ -
" မြို့ကိုလေ၊ ပလတ်စတာ သွားဝယ်မယ် "
" သွားမနေပါနဲ့၊ အပြန် သိပ်မိုးချုပ်နေမှာပေါ့ "
" မင်းကို ဂျိုး စောင့်ပေးလိမ့်မယ်၊ အဲဒီလို မင်း သောင်းကျန်းနေတာကို ကြည့်နေရတာထက်စာရင် ည မင်းလှည်း လျှောက်မောင်းနေရတာက သက်သာဦးမယ် "
ပြောပြော ဆိုဆို မြင်းကို တစ်ချက်ရိုက်ပြီး မောင်းထွက်သွားတော့သည်။ ဂျူးဒစ်က သူ့ကို နောက်မှ ငေးကြည့် ရင်း ကျန်ရစ်၏။ ထိုင်ခုံတွင် မထိုင်ဘဲ မတ်တတ် မောင်းသွားခြင်းဖြစ်၏။ ဂျိုးက အိမ်နံ ဘေးတွင် ယောင်ပေ ယောင်ပေ လုပ်နေရာမှ "စောင့်ပေးပါ့မယ် မမလေး"ဟု ပြောလာသည်။

ခေါင်းညိတ်ပြပြီး အိမ်ထဲ ပြန်ဝင်ခဲ့၏။ အိန်ဂျဲလစ် မ၀ံ့မရဲ အနားတိုးလာသည်။ လက်ထဲတွင် မှန်ကို ပတ်သည့် အ၀တ် တွေ စုကိုင်လျက်။
" ဒါ လုပ်ရမလား မမလေး "
" ဘာမှ မလုပ် နဲ့၊ သူ့ဘာသာ ထားလိုက် "
ခပ်ပြတ်ပြတ်ပြောပြီး ပြတင်းပေါက်ဘက် သွားရပ်သည်။ မိုးတွေ ညို့ သထက် ညို့ လာပြီ။ စိတ်ညစ် လိုက်တာ။
အိန်ဂျဲလစ် အနားရောက်လာပြီး လက်မောင်းကို လာကိုင်မှန်းသိလိုက်၏။ လှည့်ကြည့်လိုက်တော့ ပေါင်မုန့်နှင့် ဟင်းလျာပွဲ ပြင်ထားသည်ကို မြင်ရသည်။ ခေါင်းခါပြလိုက်၏။ လေတိုက်တိုင်း ယိမ်းနွဲ့ လှုပ်ရှား နေကြသည့် သစ်ပင်တွေကို အဓိပ္ပာယ်မရှိ ငေးကြည့်နေသည်။ အိန်ဂျဲလစ်က ထောင့်တစ်ထောင့် ရှိ သေတ္တာတစ်လုံး ပေါ်တွင် ထိုင်ကာ ညစာစားနေ၏။

ဗိုက်ထဲက ရုတ်ခြည်း ထိုးနာလာသည်။ တစ်ချက် ငိုက်ကျသွားပြီး အသက်အောင့်ထားလိုက်သည်။ အိန်ဂျဲလစ် ခုန်ထပြီး ပြေးချလာသည်။
တတွတ်တွတ် ပြောနေ၏။ ပြောနေတာလား၊ မေးနေတာလား မသိ။ ဘာတစ်ခု မှ နားမလည်။
" မသိဘူး၊ မသိဘူး"
တုန်တုန်ယင်ယင် ပြန်ပြောလိုက်၏။ ချက်ချင်း ကောက်နာသလို ချက်ချင်း အနာပြန်ရပ်သွားသည်။ အသာ ထိုင်ချ လိုက်၏။ အိန်ဂျဲလစ် သူ့နေရာသူ ပြန်သွားပြီး ဆက်စားနေသည်။
ကုလားထိုင်နောက်ကျောကို မှီပြီး အနားယူမည် ကြံတုန်း ဗြုန်းဆို ထိုးနာလာပြန်သည်။ ကုလားထိုင် လက်တန်း ကို အလန့်တကြား ဆုပ်ကိုင်လိုက်ပြီး အိန်ဂျဲလစ်ကို လှမ်းအော်ခေါ်လိုက် သည်။ အိန်ဂျဲလစ် ချက်ချင်း ရောက်လာသည်။ ဂျူးဒစ်မျက်နှာတွင် သွေးမရှိတော့။ နာကျင်ခြင်းနှင့် စိတ်ရှုပ်ထွေးခြင်း ဝေဒနာ ရောထွေး ခံစား နေရသည်။

အနာ သက်သာလွန်းပြန်သည်။ လုံးဝနီးပါး ပျောက်သွား၏။ အိန်ဂျဲလစ်က နှစ်သိမ့်စကားတွေ ကရား ရေလွှတ် ပြောလျက်။ ဂျူးဒစ် တစ်ခွန်းမှ နားမလည်။ လေသံကိုဖမ်းပြီး နှစ်သိမ့်စကားမှန်း သိနေ၏။ အိန်ဂျဲလစ် က ဂျူးဒစ်၏ ပခုံးကို သိုင်းဖက်သည်။ နောက်တစ်ကြိမ် ထိုးနာလာတော့ အိန်ဂျဲလစ်၏ လက်မောင်း ကို ဖမ်းဆုပ်ထားလိုက်မိသည်။ သက်သာသွားမှ လွှတ်ပေးလိုက်ပြီး -
" အင်း၊ သက်သာသွားပြန်ပြီ "
အိန်ဂျဲလစ် အလုပ်ရှုပ်စပြုပြီ။ ရေနွေးတည်၊ သေတ္တာထဲက ပစ္စည်းတွေထုတ်နှင့် တစ်ယောက်တည်း ချာလပတ်လည်နေသည်။ ဂျိုးကို အော်ခေါ်ပြီး ထင်းတစ်ပွေ့ ယူလာခဲ့ဖို့ ပြောသည်။
ဂျူးဒစ်က ကုလားထိုင်တွင် ဆက်ထိုင်နေ၏။ သည်တစ်ကြိမ် နာလာပုံက ရက်စက်လှသည်။ တစ်ဖက်စီမှ ဆွဲပြီး အလယ်တည့်တည့်က နှစ်ခြမ်းခွဲခံလိုက်ရလေသလား အောက်မေ့ရသည်။ အစ်ကို မြန်မြန် ပြန် ရောက်ပါစေဟု ဆုတောင်းလိုက်မိ၏။ အစ်ကိုနဲ့ ဂျူးဒစ်တို့ရဲ့ ရင်သွေးကလေး တကယ်မွေးတော့မယ် အစ်ကို ရဲ့ လို့ ပြောချင်လှပြီ။ ပြီးတော့ မမွေးခင် မိုက်မှားပြောဆိုမိခဲ့သည့် အတွက် တောင်းပန်ချင် သည်လေ။ ပလတ်စတာ မေ့ခဲ့သည့်အတွက် တောက်လျှောက်အပြစ်ရှာပြီး ဆူဆူပူပူ လုပ်ခဲ့မိသည့် အဖြစ်။

တတ်နိုင်သမျှ မပြောဖြစ်အောင် ထိန်းထားခဲ့ပြီးမှ ပြောမည့်ပြောတော့ အလွန်အကျွံတွေ ဖြစ်ကုန်သည်။
သည်တစ်ကြိမ် ထိုးအနာတွင် ပြတင်းပေါက်ဘောင်ကို လက်နှစ်ဖက်နှင့် လှမ်းဆုပ်ထားလိုက်၏။ ဂျိုး ထင်းတွေ ပွေ့ဝင်လာသည်။ သူထွက်သွားတော့မှ အိပ်ရာထဲသွားဖို့ စိတ်ကူးရသည်။ ည၀တ်အင်္ကျီ ယူခဲ့ဖို့ အိန်ဂျဲလစ်ကို လှမ်းပြောသည်။ အိန်ဂျဲလစ်က အ၀တ်တွေ ချွတ်ပြီး ည၀တ်ရုံနှင့် လဲဝတ်ပေးသည်။ အ၀တ်လဲ နေတုန်း နာလာလို့ အိန်ဂျဲလစ်၏ပခုံးကို ဆုပ်ထားလိုက်ရသေးသည်။ အိပ်ရာပေါ် လှဲမည် ပြုတော့ အိန်ဂျဲလစ်က နောက်မှ ဆွဲထားပြီး -
" မလှဲနဲ့ မမလေး၊ လမ်းလျှောက်၊ လမ်းလျှောက်ရတယ် "
ဘာမှ မတတ်နိုင်။ သူခိုင်းသည့်အတိုင်း လိုက်လုပ်ရတော့သည်။ အိန်ဂျဲလစ်သည် အလွန်ညင်ညင် သာသာ ကြင်ကြင် နာနာရှိသည့် အိမ်ဖော်ဖြစ်၏။ သူပြောသမျှ နားမလည်သော်လည်း စိတ်သက် သာရာရသည်။

ဝေဒနာပြင်းထန်သော်လည်း ထင်သလောက် မဆိုးကြောင်း ဂျူးဒစ်နားလည်လာသည်။ သေကောင် ပေါင်းလဲ မဟုတ်။ မခံမရပ်နိုင်အောင် မဟုတ်။
ဤသို့ဖြင့် မိုးစုတ်စုတ်ချုပ်သွားသည်။ ဖီးလစ် ပြန်ရောက်မလာသေး။ အနာဆက်လာပြီး အသက်ရှူဖို့ပင် ခက်လာသည်။ အိန်ဂျဲလစ်၏ လက်ကို ကိုင်ပြီး တစ်ချက်တစ်ချက် ညည်းသည်။ အိန်ဂျဲလစ်သည် အလွန် အားထားရသော အိမ်ဖော်ဖြစ်သော်လည်း အနားမှာ အစ်ကိုပဲ ရှိနေစေချင် သည်လေ။
သူ ပြန်ရောက်ချိန်တန်ပါပြီ။ သူ့ကိုမှီပြီး နားချင်သည်။ အိန်ဂျဲလစ်ကို အားပြုရတာ မိန်းမသားချင်းမို့ သိပ် အားမရ။ နှစ်ယောက်သား လဲကျမလိုခဏခဏဖြစ်ကာ ဒယီးဒယိုင်နှင့်။ ပြီးတော့ အစ်ကို့ ကလေး။ သူ သိပ်လိုချင် နေတဲ့ဝက်သစ်ချမြိုင်ရဲ့ မျိုးဆက်သွေးလေ။ ဒီတော့ သူ ရှိနေသင့်တာပေါ့။ ခုလို ဝေဒနာ ခံစား နေရတာ အစ်ကိုတွေ့ရင် စောစောက ဂျူးဒစ် စိတ်တိုလို့ ပြောခဲ့မိတာတွေကိုလည်း ခွင့်လွှတ် မှာပါနော်။

အိန်ဂျဲလစ်က ဂျူးဒစ်ကို ခုတင်တိုင်တွင် ခဏမှီစေပြီး မီးဖိုဆီပြေး၍ ထင်းထပ်ထည့်သည်။ မွေးဖို့ ကောင်းပြီ၊ ဘာလို့ ထွက်မလာသေးတာပါလိမ့်။
" အိန်ဂျဲလစ်၊ ဘယ်လောက်ကြာအောင် ဆက်နာနေဦးမှာလဲဟင် "
" ရှင် မမလေး "
အိန်ဂျဲလစ် နားမလည်ပြန်။
" ငါ မေးတာက .... "
အောင့်နာ လာသဖြင့် ဆက်မပြောနိုင်ဘဲ ခုတင်တိုင်ကို လက်နှစ်ဖက်နှင့် တအားဖက်ထားလိုက် သည်။ အံကို တင်းတင်းကြိတ်လျက်။ ခဏနေမှ -
" ငါမွေးတာက ဘယ်လောက်ကြာဦးမလဲလို့ "
အိန်ဂျဲလစ် မီးဖိုဆီမှ ထလာသည်။ ပြင်သစ်စကားတွေ တတွတ်တွတ်ရွတ်ရင်း ဂျူးဒစ်ကို တယုတယ ဖက်သည်။ နဖူးကို နမ်းသည်။ ဂျူးဒစ်သိလိုက်ပြီ။ ဆက်နာနေဦးမည် ဟူသည့် အဓိပ္ပာယ်။
အိန်ဂျဲလစ် က လမ်းဆက်လျှောက်ခိုင်းသည်။ ခုတင်တိုင်ကို လက်လွှတ်လိုက်သည်နှင့် ဂျူးဒစ် ခွေကျ သွားတော့၏။ အိန်ဂျဲလစ် ပျာပျာသလဲ တွဲယူသည်။
" ငါ လှဲပါစေတော့ အိန်ဂျဲလစ်ရယ် "

သည်တော့မှ အိန်ဂျဲလစ်က အိပ်ရာပေါ် တင်ပေးသည်။ စောစောက နာနည်းမျိုး မဟုတ်တော့။ အပြင်း အထန် မခံနိုင်လောက်အောင် နာလာသဖြင့် မအော်မိအောင် ကိုယ့်လက်မောင်း ကိုယ် ကိုက်ထားလိုက်၏။ ချက်ချင်း သွေးခြည်ဥသွားသည်။ တဲထဲက ကပ္ပလီက အော်ဟစ်ညည်းတွားသံ ကို သွားသတိရလိုက်သည်။ အိန်ဂျဲလစ် က နံဘေးတွင်ထိုင်ပြီး နဖူးကို ပွတ်ပေးနေ၏။
မြင်ကွင်း ကို ကြည်ကြည်လင်လင် မြင်နေရ၏။ ပြိုကျပျက်စီးနေသည့် နံရံ။ စောင်းရွဲ့ပေါက်ပြဲနေ သည့် အမိုး။ နံရံတွင် ချိတ်ထားသည့် အ၀တ်အစားတွေ။ သေတ္တာတွေက အိမ်နှင့်အပြည့်။ တစ်ခုပေါ်တစ်ခု ဆင့်လျက်။ ပြောင်းဆန်မှုန့်အိတ်ပေါ်တွင် ပိုးဟပ်တစ်ကောင် တွားတတ်နေသည်။ တစ်နေရာတွင် ပုရွက်ဆိတ် တွေ အတန်းလိုက်။ မီးဖိုထဲမှ မီးလျှံကြောင့် အိမ်တွင်းရှိ အရာတိုင်း နီကြန်ကြန် ဖြစ်နေ၏။
နာလွန်းသဖြင့် ခြေထောက်တွင် တစစ်စစ် နာနေသည်ကို ဂရုမစိုက်နိုင်။ ပုရွက်ဆိတ်တွေ ကိုက်နေမှန်း သိတော့မှ အော်မိသည်။

" ဟင်၊ ငါ့ကို ပုရွက်ဆိတ်တွေ ၀ိုင်းကိုက်နေပြီ "
အိန်ဂျဲလစ် အလန့်တကြား ထ ခါပေးသည်။ သို့သော် တစ်ကောင်တလေ မဟုတ်ဘဲ အုံကျင်းဖွဲ့ပြီး အိပ်ရာပေါ် ရောက်နေခြင်းဖြစ်၏။
အပြင်တွင် မိုးက အားနှင့်မာန်နှင့် ရွာချနေသည်မှာ အတန်ပင်ကြာပြီ။ လက်မောင်းတွင် မိုးပေါက် တွေ လာမှန်နေသည် ကို ခုမှ ဂျူးဒစ် သတိထားမိ၏။ ပြီးတော့ နဖူးပေါ်သို့ တဖွဲဖွဲကျလာနေသည်။ မိုးရေ သန့်သန့်ကြည်ကြည်မဟုတ်။ ရွံ့တွေ၊ ဖုန်တွေ နိုင်းချင်းနှင့် သစ်လုံးတွေကို ဖြတ်သန်းလာ သည့် ရေညစ် ရေနောက်တွေ။
တစ်အိမ်လုံး ပုရွက်ဆိတ်တွေ ဟိုနယ်သည်နယ် ပြောင်းကြတယ် လုပ်နေကြပြီ။ အိန်ဂျဲလစ် လှည်း လို့ကျင်း လို့ မနိုင်တော့။ ဂျူးဒစ်၏လက်တွေ၊ ခြေတွေကိုလည်း ၀ိုင်းခဲနေကြပြီ။ ပိုးဟပ်တစ်ကောင် ပျံလာပြီး ဂျူးဒစ် ၏ မျက်နှာ ကို ၀င်တိုက်သည်။ ငယ်သံပါအောင် အော်လိုက်မိ၏။

ဆက်ရန်
.

No comments: