Friday, March 16, 2012

မောင်တင်ဆင့် ၏ ရထားပေါ်က ကင်ဆာတစ္ဆေ, အပိုင်း (၂၇)

ရထားပေါ်ကလူများ-၁၀

ဟိုးအနောက်ဘက် မိုးကုတ်စက်ဝိုင်းမှာပဲ ခရမ်းနုအလင်း ပျပျကသာ ကောင်းကင်မှိုင်းပြာကို ထွန်းလင်းနေ တော့၏။ ဘူတာ လေးဝန်းကျင်မှာ အမှောင်ပျပျထဲ မြူနှင်းမီးခိုးမှိုင်းပျပျတို့ ရောယျက်ပျံ့လွင့်နေပါသည်။
ညနေပိုင်းရထားတွေက ပြန်တက်သွားကြပြီ။ ညပိုင်းရထားဆင်းလာတာကိုသာ စောင့်ရတော့မည်။ ဘူတာလေး စင်္ကြန်းမှာ ခရီးသည်ကျိုးတို့ကျဲတဲသာ တစ်စစီ ပြန့်ကျဲနေသည်။ ကွမ်းယာဆေးလိပ် ဆိုင်လေး သုံးလေးဆိုင်။ တစ်ဆိုင်က တရုတ်ပြည်ထုတ် ရေဒီယိုလေး ဖွင့်ထားသည်။ ကြောင်ပေါက်စလေး အော်သံလို ထွက်ပေါ်နေသော ရဒီယိုမှ မသဲမကွဲ အသံတွေကသာ စင်္ကြန်တစ်လျှောက်။ ခေါက်တုံ့ပြန် လျှောက် နေသည်။ ခရီးသည်တွေအတွက် ကျောက်ပြားခုံတန်းလျား လေးငါးခုခပ်ကြဲကြဲချထားသည်။ ခရီးသည် တချို့ထိုင်နေသည်။

ကျွန်တော်လည်း စင်္ကြန်လျှောက်တာ နည်းနည်းကြာလာတော့ ကျောက်ခုံတန်းလျား အစွန်းတစ်ဘက်မှာ ထိုင်ချ လိုက်သည်။
ဘူတာရုံလေး၏ လက်မှတ်ရောင်းသော အဆောက်အဦးလေးထဲက လက်ဘက်ရည်ဆိုင်လေးမှာ ဗီဒီယိုပြ နေသည်။ ဗီဒီယို ပြစက်ထဲမှ သေနတ်သံတွေ၊ ရိုက်နက်ထိုးကြိတ်သံတွေ ကြားနေရ၏။ လူတွေ လက်ဘက် ရည်ဆိုင် စည်းရိုးအပြင်ဘက်မှ ၀ိုင်းအုံကာ ဗီဒီယိုကြည့်နေကြသည်။ ဆိုင်ခင်းထဲမှာ လက်ဘက်ရည် သောက်သူ တစ်ဦးသာရှိသည်။
ဘူတာ အနောက်ဘက်ခြမ်း သံလမ်းနှင့် ဆယ်ပေကွာလောက်မှာ ထမင်းဆိုင်၊ ကဖီးဆိုင်၊ အရက်ဆိုင်၊ တန်း လျက် ခပ်ခွာခွာ တဲကြီးများ ရှိသည်။ မီးရောင်မှိန်ပျပျ။ အရက်ဆိုင်လေးမှလွဲ၍ အစားသုံးသူ မရှိ သလောက်။

အစောပိုင်းအမှောင်မှုံမွှားတွေ ရောက်မလာခင်ကတော့ ကျွန်တော် အဲသည်အရက်ဆိုင်ကလေးဝင်ကာ ဂရင်းရွိုင်ရယ် ကပ်ဘောလုံးပြိုင်ပွဲက အင်ဒိုနီးရှားလက်ရွေးစင်အသင်းနှင့် ဘင်္ဂလားဒေ့ရှ် အသင်းတို့ ကန်တာ ၀င်ကြည့်နေခဲ့သေးသည်။ အရက်ဆိုင်လေးမှ လှမ်းကြည့်လျှင် ဘူတာစင်္ကြန်အဆောက်အဦး မြောက်ဘက်စွန်း အမိုးတွေကို တွေ့မြင်နေရသည်။ ရထားသံလမ်းဘေးကွက်လပ် ကျဉ်းကျဉ်းမှာ ကောင်မ လေး တစ်ယောက်နှင့် လူငယ်လေးသုံးလေးယောက် ကော်ဘောလုံးကန်နေကြသေးသည်။
အင်ဒိုနီးရှား အသင်းကစားတာ အတော်ကောင်းသည်။ အဆင့်ရှိသည်။ နောက်ပိုင်း မြန်မာ့လက်ရွေးစင် အသင်းနှင့် တွေ့ဖို့ရှိသည်။ မြန်မာက ဘင်္ဂလားဒေ့ရှ်ကို သရေကစားထားသည်။ ကောင်မလေးက ဘောလုံး ကို အကျအနကန်တတ်သည်။ ကောင်ကလေးငယ်ငယ်က ကောင်မလေးခါးကို ဖက်ကာ ဘောလုံး လုသည်။ အင်ဒိုနီးရှားက ဘင်္ဂလားဒေ့ရှ်အသင်းကို နှစ်ဂိုးလားမသိ သွင်းလိုက်သည်။ ကုလားလေး တွေလည်း ကစားတာ သိပ်အဆိုးကြီးတော့မဟုတ်။ သို့တိုင်ခြေကကွာနေသည်။

ဘောလုံးပွဲပြီးတော့ ကျွန်တော့်မှာ လုပ်စရာမရှိပြန်။ ရထားက မလာသေး။ အချိန်ကလိုနေသေးသည်။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ ရောက်လာမည်ဖြစ်သည်။ အလင်းရောင်က ယဲ့ယဲ့ပင်ရှိတော့သည်။ ဆောင်းဦး ပေါက်အလင်းက အပြေးမြန်သည်။
ဘူတာလေးက ဆင်ခြေဖုံးရထားလိုင်းအဆုံး ဘူတာလေးဖြစ်သည်။ မြောက်ဘက်သံလမ်းအတိုင်း ဆက်သွား လျှင်တော့ မြေလတ်မြို့တွေကို ရောက်သွားမည်။ ကျွန်တော့်စိတ်က သံလမ်းအတိုင်း လိုက်မသွားပါ။
ဘူတာလေး အနောက်ဘက်မှာ ဈေးလေးတစ်ဈေးရှိသည်။ ယခုအခါ ဈေးလေးထဲမှာ ခွေးလေခွေးလွင့်နှင့် ဆိုင်သိမ်းလက်စ ဈေးသည်အချို့ပဲ ရှိတော့မည်။ ဘူတာလေးနှင့်တည့်တည့် ဈေးဘေးမှာ လမ်းလေး တစ်လမ်း ရှိသည်။ ထိုမြေလမ်းလေးမှ လိုက်သွားလျှင် လူနေရပ်ကွက်ကြီးထဲရောက်သွားမည်။

အချိန်တွေက ကျွန်တော့်အတွက် ပိုနေပြန်သည်။ ဘယ်တော့မှ ပြန်မရသည့်အထဲမှာ အချိန်တွေပါသည်။ နှမျောစရာကောင်းလှ၏။ စာရေးဆရာတစ်ယောက်အဖို့တော့ အချိန်ကိုရသလောက် အသုံးချရမည်။ ကျွန်တော် ဈေးလေးဘေးက မြေလမ်းထဲ ဆင်းသွားလိုက်သည်။ အလင်းပျပျကတော့ မြူ၊ မီးခိုးတို့နှင့် အတူ ရှိနေသေးသည်။
ဈေးဘေးလမ်းကလေးမှာလည်း ဈေးတန်းကလေးဖြစ်နေသည်။ ကြံတွေ ဆစ်ပိုင်းရောင်းနေသည့် တဲဆိုင်၊ ကြက်သွန်နီ-ဖြူကို ပလက်စတစ်အထုပ်ကလေးတွေထုပ်ကာ ခင်းရောင်းနေတဲ့ဆိုင်၊ အသင့်တို့စရာ အသီးအရွက်ပြုတ်ဆိုင်၊ ၀က်သားတုတ်ထိုးဆိုင်၊ အကြော်ဆိုင်စသည့် အမိုးအကာမရှိ လမ်းဘေး မြေခင်းဆိုင် ကလေးတွေ အလင်းပျပျမှာ ဘ၀ကို ဆယ်ယူနေကြ၏။ ခုနှစ်ပေ၊ ရှစ်ပေ ပတ်လည်တဲ ကလေးကတော့ အငွေ့တအူအူ ထင်းမီးဖိုမှာ ထမင်းချက်နေသည်။ တဲရှေ့ မြေလမ်းပေါ်မှာ လေးဘက် တွား ကလေးငယ်တစ်ယောက် မြေပေါ်မှာတွားသွား။ အမဲကလီဇာတုတ်ထိုးဆိုင်လေးမှာ လူတစ်ချို့ဝိုင်းအုံ၊ ကွမ်း ယာဆိုင်။

မြေလမ်းလေးဆုံးတော့ မြေလမ်းကျယ်က ကန့်လန့်ဖြတ်ထားသည်။ ကျယ်ကျယ်ဝန်းဝန်း အရက်ဆိုင်။ လိုက်ကာလေး လှုပ်သွားလိုက် တစ်ယောက်ဝင်သွားလိုက်။ ဒယီးဒယိုင်တစ်ချို့ထွက်လာလိုက်။ အရက်ဆိုင် ရှေ့ပြတင်းမှာတော့ ကလေးလူကြီး လေးငါးခြောက်ယောက် စုပြုံတိုးရပ်ကာ ဆိုင်ထဲလှမ်းကြည့်နေ၏။ ဆိုင်ထဲမှာ ဗီဒီယိုပြနေသည်။ အဲသည်ဆိုင်ရဲ့ ဘေးတစ်အိမ်ကျော်မှာလည်း အရက်ဆိုင်။ ဆိုင်ပေါက်ဝမှာ ကလေးလူကြီး စုပြုံတိုးရပ်ကြည့်နေသည်။ ဗီဒီယိုပြနေသည်။ ဆိုင်ထဲမှာ သောက်သုံးသူတစ်ဦးမျမရှိ။

မျက်စောင်းထိုးမှ လက်ဘက်ရည်ဆိုင်တဲကြီး။ ဗီဒီယိုပြနေသည်။ သောက်သုံးသူ လေးငါးဝိုင်း၊ ဟိုးဘက်မှာ ဆိုက်ကားဂိတ်။ တဖြည်းဖြည်း နွားရိုင်းသွင်းချိန်(ခေါ်) ညီအစ်ကို မသိတသိအချိန်ရောက်မှန်းမသိ ရောက် လာသည်။ အလုပ်ပြန်၊ ဈေးပြန်၊ အိမ်ပြန်၊ အိပ်တန်းပြန် လူသွားလူလာဖြင့် မြေလမ်းပေါ်မှာ စည်ကားနေ သည်။ အသံဗလံတွေက မှုံရီမှိုင်းပျ ညနေခင်းကို အသက်သွင်းနေပါသည်။
ကျွန်တော် သည် ကျောက်ခုံတန်းလျားအစွန်းတစ်ဘက်မှာ ထိုင်နေပြီး အနောက်ဘက် မိုးကုတ်စက်ဝိုင်းဆီ အိမ်ခေါင် တွေကို ကျော်၍ငေးနေမိသည်။ ခရမ်းပြာအလင်းက မှုံမှုံစစသာ ကျန်ရစ်တော့၏။ ရထားက မလာသေး။ စင်္ကြန်ပေါ်မှာ ခရီးသွားအချို့ ထပ်ရောက်လာနေပုံရသည်။

ကလေးတချို့ဆော့နေတာကို မအေလုပ်သူက မန်မဲနေသည်။ ကွမ်းယာရောင်းသူက ပိုက်ဆံရေတွက်နေသည်။
" အံမယ်လေး မပြောချင်ပါဘူး။ မအ၀ှာရယ်၊ သူက ဘဲဥကြော်ရယ်၊ ကန်ဇွန်းရွက်ချဉ်ရေရယ်ကို မစားနိုင်ဘူးတဲ့။ အမေတို့ရော ဘာနဲ့စားသလဲတဲ့။ ဒါပဲပေါ့လို့ ငါကပြောပါတယ်။ ငါတို့သားအမိ ချဉ်ရေဟင်း နဲ့ ငပိရည်ပဲ စားတာ။ တို့ကတော့ ချေးများမနေပါဘူး။ မိန်ရာဟင်းကောင်းပါ။ အံမယ်လေး မင်းသမိးက မစား နိုင်ရှာဘူး။ ဘဲဥကြော်တောင် သူက ဘာမျလုပ်ရတာ မဟုတ်ဘူး။ ကိုယ့်ပန်းကန်တောင် ကိုယ်ဆေးချင်တာ မဟုတ်ဘူး။ သူ့မှာ အလုပ်တစ်ဘက်နဲ့ ကျောင်းတက်နေရလို့တဲ့လေ။ ဘာဖြစ်လာမှာ လိုက်လို့။ ပေးတော့ ကောကြည့်ဦး၊ ပြီးခဲ့တဲ့တစ်ပတ်က ထောင့်နှစ်ရာ။ ဟိုတစ်ပတ်က ထောင့်ငါးရာ။ ဘာလုပ်လို့ ရမှာလဲ။ ငါ့မှာ ဟယ် ချွေးမလေးတစ်ယောက်ရပါတယ်"

" ဒီကောင်ကလည်း မိုးလင်းက မိုးချုပ်ပါပဲ "
" သားက ဘာလုပ်လဲ ဒေါ်လေးရဲ့ ... "
" အရောင်းသမားဆိုလား ဘာလား သူတို့ဘိုလို ငါမခေါ်တတ်ပါဘူး။ သားကလည်း သူ့မယားဆို ဘာမှ ပြောတာမဟုတ်ဘူး။ မအေကိုလည်း မပြောပါဘူး။ သိပ်အေးတဲ့ကောင်။ မအ၀ှာရယ် နဂိုကတည်းက ရေခဲတုံးဟာကို"
စကားသံတွေက ကျောက်ခုံတန်းလျား တစ်ဘက်စွန်းမှ ကျွန်တော့်ဆီ လှိုင်းလုံးတွေလို လာရိုက်ခတ်နေခြင်း ဖြစ်သည်။ ရေစီးကသန်သည်။ ဘ၀ကို ဆယ်ယူရတာ ပိုခက်ခဲလာပါသည်။
ကျွန်တော့်မှာ ညနေပိုင်းကမှ သွားဦးမှပါလေဆိုပြီး သည်ဆင်ခြေဖုံးမြို့စွန်ရပ်ကွက်က မိတ်ဆွေဆီ ထွက်လာရသည်။ ရထားတစ်ဘူတာပဲ စီးရ၏။ ညနေအဆင်းရထား နောက်ဆုံးအစီးတဲ့။ ညပိုင်းတော့ (၆)စီးလောက် ရှိသေးသည်။ဟုဆိုသည်။ မိတ်ဆွေအိမ်ရောက်တော့ အိမ်တံခါးကို သော့ခတ်ပိတ်ထား သည်။ ဘေးအိမ်ကတော့ မရှိကြဘူးတဲ့။ ဒါပဲ။ အဲသည်အိမ်နီးချင်းက ချက်ရေးပြုတ်ရေး ကလေးတွေအရေး နှင့် သူဟာသူရှုပ်နေသည်။ ခွေးတွေက ဟောင်နေသည်။ ရပ်ကွက်လေးထဲ၊ ရပ်ကွက်လေးပေါ် မီးခိုညှောင်နံ့တွေ ဝေ့အူနေသည်။

အမှောင်ရိပ်တွေက မီးသတ်ပိုက်နဲ့ ပက်နေသလို နေရတကာမှာ စိုရွဲနေသည်။ ဟိုးအဝေးမှာ တဖွဲဖွဲရွာချနေ သည်။ မီးတိုင်ကလေးတွေက ငုတ်တုတ်။ ရထားလာပြီဆိုသော သတင်းက ချက်ချင်းရောက်သည်။ ခရီး သည်တစ်ချို့လှုပ်သွား၏။ မီးဆလိုက်တစ်ခုက အမှောင်ထဲမှ ထွက်လာနေသည်ကို ကျွန်တော်လှမ်းကြည့် ပြီးသတင်းကို အတည်ပြုလိုက်သည်။
" နို့ ... ဒေါ်လေးက အခု ဘယ်သွားမလို့တုန်း "

" ဟဲ့ ... ငါ့ချွေးမ အလုပ်ပြန် လာစောင့်တာ။ မိန်းကလေးတစ်ယောက် ညရေးညတာ သွားလို့လာလို့ မကောင်း ဘူး။ အမူးသမားတွေကလည်း ရှိတယ်မို့လား။ ခေမးမဆိုပေမယ့်လည်း ကိုယ့်သားနဲ့ရတော့ ကိုယ့် သမီး ပေါ့။ သမီးက စိတ်ထားကောင်းပါတယ်။ ငယ်သေးတော့ အပြောအဆိုက မတတ်ဘူးပေါ့ "
အဘွားကြီးပြောတော့ မအ၀ှာကရယ်သည်။ ဘာရယ်တာလဲဟဲ့ဟု အဘွားကြီးက ရယ်ပြီးပြောသည်။ ဟုတ်ပါရဲ့ ဘာရယ်တာပါလိမ့်။ အဘွားကြီးရဲ့ နှလုံးသားအရောင်တလက်လက် ဖြစ်နေတာကို ရယ်တာ လား မသိ။ အလင်းရောင် ပျပျရှိနေတာပင် ပျော်ရွှင်ရယ်မောစရာဖြစ်မယ်ထင်ပါသည်။

၂၀၀၈၊ နိုဝင်ဘာ၊ ၁၇ ရက်၊
မြန်မာသစ်မဂ္ဂဇင်း။
.

No comments: