(ညနေ ၃ နာရီခွဲ၍ ကျောင်းလွှတ်ချိန်၌ အတာတွင် အခြားသောရွယ်တူကလေးများနည်းတူ လာရောက် ကြိုဆိုမည့်သူမရှိ။ ၁၇ လမ်းမှသည် မောင်ခိုင်လမ်း (ယခု ဗိုလ်ရွှဲလမ်း) အထိ ဓာတ်ရထား၊ ဘတ်စ်ကား အစရှိသော ယာဉ်အမျိုးမျိုး၏အန္တရာယ်ကို အရွယ်နှင့်မလိုက်အောင် ရှောင်တိမ်းဖြတ်သန်း၍ ပြန်လာခဲ့ ရ၏။) ကို ဆက်ဖတ်ရန်.....
မောင်ခိုင်လမ်း (ယခု ဗိုလ်ရွဲလမ်း) သို့ရောက်ရန် ပေသုံးဆယ်မျှလိုသော တိုက်တန်းလျားသို့ရောက် သော် အတာသည် တစ်ဦးတစ်ယောက်ကို ရှာသကဲ့သို့ သူ့မျက်လုံးများသည် ဝိုင်းဝိုင်းလည်အောင် ထိုထိုဤဤ ကြည့်ရင်း လျှောက်လာသည်ကို တွေ့ရ၏။
တစ်ခုသော တရုတ်ကုန်စုံဆိုင်ရှေ့သို့ရောက်သည်နှင့် အတာမျက်လုံးများသည် အဆိုပါ ကုန်စုံဆိုင်ဆီ တွင် စူးစိုက် သွားပြီး ချက်ချင်းပင် စိုးရွံ့သော အမူအရာကလေးများဖြင့် မျက်နှာလွှဲပစ်လိုက်၏။
ယင်းသည့် အခိုက်အတန့် မှာပင် ထိုတရုတ်ကုန်စုံဆိုင်ထဲမှ အသက်ကိုးနှစ်ခန့်အရွယ် မြန်မာလူငယ်တစ် ယောက် ထွက်လာပြီး အတာ့အနီးသို့ကပ်သွားကာ ပခုံးတစ်ဖက်ကို ဆတ်ခနဲ ဆွဲလှည့်လိုက်ရင်း
"ဟေ့ကောင် မင်း ဘယ်ကလာသလဲ"
သို့လျှင် ထိုလူငယ်က အပြုအမူကြမ်းကြမ်းနှင့် ခပ်ရမ်းရမ်းကလေး မေးလိုက်သောကြောင့် အတာတွင် တုန်လှုပ် ချောက်ချားသော အမူအရာဖြင့် မရဲတရဲ မော်ကြည့်လိုက်ပြီးမှ
"ကျောင်းက ပြန်လာတာပါ"
"အောင်မာ မင်းအခု ကျောင်းနေသလား"
ကြောက်ကြောက် လန့်လန့် အမူအရာဖြင့် အတာက ခေါင်းညိတ်လိုက်သည်ကို ထိုသူငယ်က ခပ်မဲ့မဲ့ ကြည့်ရင်း အတာ၏ နောက်စေ့ကလေးကို ဖတ်ခနဲပုတ်လိုက်ပြီးမှ "မင်း ငါ့ကို ကြောက်ရဲ့လား"
"ကြောက်ပါတယ်" "ဒါဖြင့် သွားတော့"
ထိုအမိန့်သံကြားရမှ အတာလည်း ထိုလူငယ်အနီးမှ ထွက်လာဝံ့တော့၏။ သို့တိုင်အောင် ထိုလူငယ်က နောက်မှ လိုက်၍ ဇက်ပိုးကိုအုပ်လေမည်လားဟုလည်း အတာ့တွင် တထိတ်ထိတ်နှင့် လျှောက်လာခဲ့ရ ရှာ၏။ လှည့်၍လည်း မကြည့်ဝံ့။
ဤလိုအဖြစ်မျိုးနှင့် အတာကြုံခဲ့ရသည်မှာ ဤလမ်းထဲသို့ပြောင်းလာခဲ့သည့်နေမှအစ ယနေ့တိုင်အောင် ဖြစ်၏။ ထိုသူငယ်မှာ ၎င်းတရုတ်ကုန်စုံဆိုင်မှ ခေါ်ယူမွေးစားခိုင်းစေထားသော မြန်မာမိဘမဲ့ကလေးဖြစ် လျက် အတာတစ်ဦးတည်းကိုသာမဟုတ်၊ ပတ်ဝန်းကျင်ရှိ ရွယ်တူရော၊ ၎င်းထက် ငယ်သူကလေးများ အပေါ်တွင်ပါ အမြဲတမ်း အနိုင်ကျင့်လေ့ရှိ၏။ သူ့အား ကြောက်သည်ဆိုမှ သဘောကျ၏။
ယင်းသည့် အခိုက်အတန့် မှာပင် ထိုတရုတ်ကုန်စုံဆိုင်ထဲမှ အသက်ကိုးနှစ်ခန့်အရွယ် မြန်မာလူငယ်တစ် ယောက် ထွက်လာပြီး အတာ့အနီးသို့ကပ်သွားကာ ပခုံးတစ်ဖက်ကို ဆတ်ခနဲ ဆွဲလှည့်လိုက်ရင်း
"ဟေ့ကောင် မင်း ဘယ်ကလာသလဲ"
သို့လျှင် ထိုလူငယ်က အပြုအမူကြမ်းကြမ်းနှင့် ခပ်ရမ်းရမ်းကလေး မေးလိုက်သောကြောင့် အတာတွင် တုန်လှုပ် ချောက်ချားသော အမူအရာဖြင့် မရဲတရဲ မော်ကြည့်လိုက်ပြီးမှ
"ကျောင်းက ပြန်လာတာပါ"
"အောင်မာ မင်းအခု ကျောင်းနေသလား"
ကြောက်ကြောက် လန့်လန့် အမူအရာဖြင့် အတာက ခေါင်းညိတ်လိုက်သည်ကို ထိုသူငယ်က ခပ်မဲ့မဲ့ ကြည့်ရင်း အတာ၏ နောက်စေ့ကလေးကို ဖတ်ခနဲပုတ်လိုက်ပြီးမှ "မင်း ငါ့ကို ကြောက်ရဲ့လား"
"ကြောက်ပါတယ်" "ဒါဖြင့် သွားတော့"
ထိုအမိန့်သံကြားရမှ အတာလည်း ထိုလူငယ်အနီးမှ ထွက်လာဝံ့တော့၏။ သို့တိုင်အောင် ထိုလူငယ်က နောက်မှ လိုက်၍ ဇက်ပိုးကိုအုပ်လေမည်လားဟုလည်း အတာ့တွင် တထိတ်ထိတ်နှင့် လျှောက်လာခဲ့ရ ရှာ၏။ လှည့်၍လည်း မကြည့်ဝံ့။
ဤလိုအဖြစ်မျိုးနှင့် အတာကြုံခဲ့ရသည်မှာ ဤလမ်းထဲသို့ပြောင်းလာခဲ့သည့်နေမှအစ ယနေ့တိုင်အောင် ဖြစ်၏။ ထိုသူငယ်မှာ ၎င်းတရုတ်ကုန်စုံဆိုင်မှ ခေါ်ယူမွေးစားခိုင်းစေထားသော မြန်မာမိဘမဲ့ကလေးဖြစ် လျက် အတာတစ်ဦးတည်းကိုသာမဟုတ်၊ ပတ်ဝန်းကျင်ရှိ ရွယ်တူရော၊ ၎င်းထက် ငယ်သူကလေးများ အပေါ်တွင်ပါ အမြဲတမ်း အနိုင်ကျင့်လေ့ရှိ၏။ သူ့အား ကြောက်သည်ဆိုမှ သဘောကျ၏။
တစ်ခါတစ်ရံ စောစောက အတာအား ပြုမူသကဲ့သို့ ကြောက်သည်ဆိုရုံဖြင့် မကျေနပ်သေးဘဲ ထိပ်ပုတ် ခေါင်းရိုက်နှင့် ထိုးလိုက်ကြိတ်လိုက်လည်း လုပ်တတ်သေး၏။ ထို့ကြောင့်ပင် အတာသည် သူ့မေမေက ကြာဆံ၊ ပဲငါးပိ အစရှိသည်ကို အဝယ်ခိုင်းမည်ကို အလွန်ကြောက်၏။ မလွှဲသာ၍ သွားဝယ်ရပြန်ပါလျှင် လည်း ထိုကုန်စုံဆိုင် မှ ထိုလူငယ်နှင့် အမြဲတမ်းရင်ဆိုင်ရပြီး ရင်ဆိုင်မိတိုင်းလည်း အနည်းဆုံး ထိပ် အပုတ်ခံ ရတတ်၏။
တစ်နေ့သော် လမ်းထိပ်၌ ကလေးတစ်ယောက် မော်တော်ကားတိုက်မိသဖြင့် အခြားသောကလေးများ နည်းတူ အတာလည်း ထိုအခင်းဖြစ်ပွားရာ လမ်းထိပ်သို့ရောက်သွား၏။ သို့သော် လူအများဝိုင်းအံ့ကြည့် နေရာသို့ပင် မရောက်သေးမီ ကုန်စုံဆိုင်မှ လူငယ်ကို မြင်လိုက်ရသည်နှင့် အတာသည် ထိုနေရာသို့ မသွားဝံ့ တော့ဘဲ ပြန်ကွေ့ခဲ့ရ၏။
"ကားတိုက်ခံရတဲ့အကောင်သာ ဘခွေးဆိုရင် ဘယ်လောက်ကောင်းမလဲ"ဟူ၍ပင် အတာသည် ဝမ်းထဲ မှ ဆုတောင်းမိ၏။ ထိုမျှလောက်ပင် အတာသည် ကုန်စုံဆိုင်မှ ဘခွေးဆိုသူကို မုန်း၏။ ကြောက်လည်း ကြောက် ၏။
ယနေ့လည်း ထိပ်တစ်ချက်အပုတ်ခံရပြီး ကြောက်ကြောက်နှင့်ပင် ပြန်ခဲ့ရသော အတာသည် အိမ် အပေါ် ရောက်၍ ရေမိုးချိုးပြီးနောက် မကြာမီပင် ကိုထွန်းအောင် ပေါက်လာတော့၏။
"ဟေး အတာ ဘယ့်နဲ့လဲ၊ မင်း ကျောင်းမှာ ပျော်ရဲ့လားကွ"
"ဟုတ်ကဲ့ ကျွန်တော် သိပ်ပျော်တာပဲ၊ အစတော့ ကျွန်တော့်ကို သူငယ်တန်းခေါ်သွားတယ်၊ နောက်ပြီး ဆရာမက စာတွေမေးတယ်၊ ဖတ်ခိုင်းတယ်၊ ရေးလဲ ရေးခိုင်းတယ်၊ ကျွန်တော်က လှလှကလေးရေးပြ ပြီး ဖတ်လဲ ဖတ်ပြတာနဲ့ ကျွန်တော့်ကို ပထမတန်း ကို ပို့ပေးတယ်၊ ဆရာမက ပြောသေးတယ်၊ မင်း သိပ်တော်တာ ပဲတဲ့"
ဝမ်းသာအယ်လဲ နှင့် အောင်ပွဲတစ်ခု ဆွတ်ခူးခဲ့သည့်ပမာ အတာသည် ရယ်ကာမောကာ အမူအရာပါပါ ပြောပြ လျက်ရှိ၏။
"အေး ကြိုးစားနော်၊ စာမတတ်ရင် မင်း ဘာဖြစ်လဲ သိလား"
"ဟို လမ်းထိပ်က ကုန်စုံဆိုင်က ဘခွေးလို ကူလီဖြစ်မှာပေါ့"
"ခု မင်း စာတွေ အများကြီးနောက်ကျနေတယ် သိလား၊ အဲဒီတော့ မင်း အများကြီးကြိုးစားမှ စာမေးပွဲ အောင်မယ်၊ အရင်သင်ပြီးသားစာတွေလဲ ဆရာမကို မေးနော်"
"ဟုတ်ကဲ့ ကျွန်တော် ကြိုးစားပါ့မယ်"
"အေး စာမေးပွဲအောင်လို့ နှစ်တန်းကိုတက်ရရင်"
ကိုထွန်းအောင် သည် စကားကို ရှေ့မဆက်တော့ဘဲ ဤတွင်ပင် ရပ်၍ ရုတ်တရက်တွေသွား၏။ အမှန် အားဖြင့် သူ ဆက်ချင်သည့်စကားမှ သားသမီးကို ပညာကြိုးစားစေလိုသော မိဘတိုင်းက အားပေး တတ်သည့် "စာမေးပွဲအောင်ရင် စက်ဘီးယယ်ပေးမယ်၊ ရွှေကြယ်သီး လုပ်ပေးမယ်"အစရှိသည့် ကတိ စကားမျိုး ကို ပြောလိုဟန်တူ၏။
သို့သော်လည်း ကိုထွန်းအောင်မှာ သူရသောလခငွေကိုပင် သူမပိုင်၊ မသိန်းမေအား တစ်ပြားမကျန် အပ်ရမည်ဖြစ်၏။ ကြားပေါက်ငွေဆိုသည်မှာလည်း မတရားလာဘ်စားတတ်သူအဖို့သာ လွယ်လွယ်နှင့် မျှော်လင့်ချက် ထားနိုင်သော်လည်း စေတနာသန့်သန့်နှင့် ကူညီတတ်သော ကိုထွန်းအောင်လို စာရေး တစ်ယောက်အဖို့ သော်ကား အလိုက်သိစွာနှင့် ပေးကမ်းသူရှိမှ ရ၏။
သို့လျှင် သေချာပေါက် မျှော်လင့်ချက်မရှိသောကြောင့် အတာအား "စာမေးပွဲအောင်ရင် ဘာဝယ်ပေး မယ်"ဟူသော ကတိမျိုးကိုပေးရန် ခက်နေသည်ထင်ရ၏။ သို့နှင့် ကိုထွန်းအောင် လည်း အတန်ကြာ တွေနေမိပြီး မှ "အေးကွာ မင်းစာမေးပွဲအောင်လို့ နှစ်တန်းကိုတက်ရရင် ပါရှင်းလုံချည်ကလေး ဝယ်ပေးမယ် နော်"
နောက်ဆုံး တွင်မူ ကိုထွန်းအောင်လည်း အတာမှ အားတက်ပါစေတော့ဟူသော သဘောဖြင့် သူ အတတ်နိုင် ဆုံးသော ကတိကို ပေးဖြစ်အောင် ပေးလိုက်ချေသေး၏။
အတာတို့ အရွယ်ဝတ်ဆိုလျှင် ထိုခေတ်က မန္တလေး ပိုးလုံချည်တစ်ထည် အများဆုံး သုံးကျပ်သာပေးရ ၏။ သို့ တိုင်အောင် ထိုလုံချည်မျိုးကို ကိုထွန်းအောင် ကတိမပေးဝံ့။ သုံးကျပ်ဆိုသော ငွေမှာ သူ့ခေတ် နှင့် သူ အလွန် တန်ဖိုး ရှိ၏။ လူတစ်ယောက်အဖို့ ထိုသုံးကျပ်သည် လဝက်တိတိ ထမင်းစားနိုင်၏။
ထို့ကြောင့်ပင် ပါရှင်းလုံချည် ဝယ်ပေးမည်ဟုသာ ကတိပေးဝံ့၏။ ၎င်းပါရှင်းလုံချည်ဆိုသည်မှာ ပိုးစစ်ပင် မဟုတ် သော်လည်း မန္တလေးလုံချည်နှင့် တန်းတူ အသွေးအရောင် ပြောင်၏။ နာနတ်ချည်ကဲ့သို့ပင် ပိုး တုကို ရက်လုပ်ထားသော လုံချည်ဖြစ်လျက် ထိုခေတ်ထိုအခါကဆိုလျှင် ထိုပါရှင်းလုံချည်သည် တော သူတောင်သား လယ်သမားများနှင့် အတာတို့ကဲ့သို့ ငွေရေးကြေးရေး နွမ်းပါးသူတို့အဖို့ ပွဲလမ်းသဘင်၌ ဝတ်ဆင်ရန် အကောင်းဆုံးဟု သဘောထားရသော ပိုးလုံချည်ဖြစ်၏။ လူကြီးဝတ်တစ်ထည်မှ ငါးမတ် ထက် ပိုမပေးရ၊ အတာတို့ အရွယ်ဝတ်ဆိုလျှင် သုံးမတ်လောက်နှင့် ကိစ္စပြီးနိုင်၏။
ဤမျှလောက် ဈေးပေါသော ပါရှင်းလုံချည်ကိုပင် တစ်သက်နှင့်တစ်ကိုယ် အတာသည် တစ်ခါမျှမဝတ် ဘူးခဲ့။ ရော်ဘာမျှော့ကြိုးတပ် သုံးပဲတန် ဘောင်းဘီနှင့် ကုလားပြည်မှလာသော အလံတံဆိပ် ငါးပဲတန် ချည်ကြမ်း လုံချည်တို့ဖြင့်သာ ယနေ့ထိ အချိန်ကုန်ခဲ့ရသဖြင့် စာမေးပွဲအောင်က ကိုထွန်းအောင် ဝယ် ပေးမည် ဆိုသော ပါရှင်းလုံချည်ကိုပင် အတာသည် စိတ်ကူးဖြင့် အဆင်ရွေး နေမိရှာ၏။
အတာသည် ကျောင်းနေခွင့်ရသွားသောကြောင့် အလွန်အကျူး ပျော်နေ၏။ သူ့အား ကျောင်းထားလိုက် ရသဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်နေသူမှာ ကိုထွန်းအောင်ဖြစ်လျက်၊ ကိုထွန်းအောင်နှင့်တန်းတူပင် အားရ ကျေနပ်နေသူ နှစ်ဦးရှိသေး၏။ ထိုသူတို့ကား မခင်သက်နှင့် မခင်သွယ်တို့ညီအစ်မတစ်တွေဖြစ်၏။
လူတစ်ဦးတစ်ယောက်၏အမူအရာကို ကြည့်ခြင်းအားဖြင့် သူ၏အတွင်းသဘောကို ခန့်မှန်းရသည်မှာ ကြာရိုးကြာစွယ် ကိုကြည့်၍ ရေ၏အတိမ်အနက်ကို မှန်းဆရသလောက် မလွယ်ကူလှပေ။
သို့အလျှောက်လည်း အတာကလေးအား ကျောင်းအပ်လိုက်သည့်ကိစ္စနှင့်ပတ်သက်၍ ပထွေးဖြစ်သူ ရော ဘေးလူ များပါ ကြည်နူးဝမ်းမြောက်ရှိနေကြသလောက် သူ၏မိခင်အရင်းခေါက်ခေါက်ဖြစ်သူ မသိန်းမေ၏ အတွင်းသဘောကိုကား စောကြောတွက်ဆမှန်း၍မရနိုင် ရှိနေတော့၏။
"အတာကလေး ကျောင်းအပ်လိုက်ပြီဆို၊ ကောင်းပါလေ့ရှင်၊ နို့မိုဆိုရင် လတ်လျားလတ်လျားနဲ့ တေ လေ ဖြစ်သွား မှာပဲ"
အသိမိတ်ဆွေနှင့်တွေ့၍ ဤလိုမေးလားပြောလား လုပ်လာသောအခါများတွင်
"ဟုတ်တယ်လေ၊ မရှိမဲ့ရှိမဲ့နဲ့ပဲ သူ့ကို ကျောင်းအပ်လိုက်ရတယ်"
မသိန်းမေ ကလည်း သို့လျှင် ဝမ်းမြောက်ကျေနပ်သံဖြင့် အဖြေပေးတတ်လျက် ကြိုးကြိုးပမ်းပမ်းနှင့် စာ ကိုသာ အငမ်းမရ ကျက်နေတတ်သည့်အတာကို မြင်သောအခါ၌လည်း တစ်ခါတစ်ရံ ရွှင်လန်းအားရ သဘော ကျသော မျက်နှာမျိုးဖြင့် ကြည့်တတ်၏။
သို့သော် တစ်ခါတစ်ရံတွင်မူကား ပေးနေကျ ကျောင်းမုန့်ဖိုးကို မပေးဘဲ မသိန်းမေ ဆင်းသွားသောအခါ မျိုး၌ အတာသည် ခပ်သုတ်သုတ်ကလေး ပြေးဆင်းလိုက်သွားပြီး "မေမေ မုန့်ဖိုး"ဟု တောင်းသည့်အခါ များ၌ "ဒီသောက်မုန့်ဖိုးကလဲ ဒုက္ခတစ်ခု"ဟူသော ရေရွတ်သံနှင့် ဆောင့်ဆောင့်အောင့်အောင့် ပေးလေ့ ရှိ၏။
အတာကလေး ကျောင်းသားဘဝအရောက်တွင်မှ ရနေကျဖြစ်သော ထမင်းဖိုး တစ်ပဲအပြင် မုန့်ဖိုးအဖြစ် နှစ်ပြားပို၍ရ၏။ အကယ်၍ ညကပိုသော ထမင်းနှင့်ဟင်း ရှိနေလျှင်လည်းကောင်း၊ ထမင်းကြမ်း ကျန် လျှင်သော်လည်းကောင်း ပဲပြုတ်ဆီဆမ်းနှင့် စားသွားရပြီး မုန့်ဖိုး နှစ်ပြားသာပေး၏။
ထိုခေတ်က ဘတ်(စ်)ကား နှစ်ပြားခရီးမျှဝေးသော ကျောင်းသို့ခြေကျင်သွားပြီး ကုန်းကြောင်းပြန်ရ၏။ သို့တိုင်အောင် အတာသည် ရွေးစေ့လောက်သော်မျှ ညည်းညူခြင်းမရှိဘဲ ကျောင်းသားအဖြစ်၏အရ သာကို ပျော်ပျော်ကြီး ခံယူလျက်ရှိ၏။
အတာကလေးပင် ကံကောင်းစပြုလာ၍လော မသိ။ သူ့အားကျောင်းအပ်ခဲ့ပြီးမှ ပထမတန်း၏အတန်း တင်စာမေးပွဲ စ စ်လုနီးသောအချိန်သို့ ရောက်ခဲ့သည်အထိ မသိန်းမေတွင် မြင်းပွဲလေးပတ်ကစားက သုံးပတ်လောက်သည် အနိုင်နှင့်ချည်း ပြန်လာရသည်ဖြစ်သောကြောင့် အတာတို့မိသားစု၏အခြေအနေ သည် အတော်ကလေး ပြောင်းလဲလာခဲ့၏။
စိတ်ရွှင်မှ လူရွှင်သည်ဟူသော စကားသည် မှန်၏။ သို့သော် ခေတ်သဘောအားဖြင့် စိတ်ရွှင်ရန် အရေး မှာ ငွေရွှင်မှသာ ဖြစ်နိုင်သည်က များ၏။
အတာတို့ အမေမှာ ဆိုခဲ့သည့်အတိုင်း မြင်းကလည်း မကြာခဏနိုင်ပြီး ၃၆ ကောင်ထီကပါ ရက်ခြားလို လို ပေါက်နေပြန်သောကြောင့် မသိန်းမေတွင် ငွေရွှင်နေသည်နှင့်အမျှ စိတ်ရောကိုယ်ပါ လိုလေသေး မရှိအောင် ရွှင်နေခဲ့၏။
သို့ မသိန်းမေတွင် ငွေနှင့် စိတ်ရောကိုယ်ပါ ရွှင်နေခဲ့သည်က များသောကြောင့် ဆူဆူပူပူလုပ်ရန် အချိန် မရနိုင်ရှိခဲ့၏။ အတာကလေးမှာလည်း သူ့မေမေစိတ်ရွှင်ကိုယ်လန်း ရှိခဲ့သလောက် အကန်အကျောက် အဆူအပူနှင့် ကင်းဝေးခဲ့၏။ အကြွေမရှိလျှင် မူးစေ့ကိုပင် အအမ်းခိုင်းပြီးမှ ခြောက်ပြားအထိသာ မုန့်နှင့် ထမင်းဖိုးပေးလေ့ရှိခဲ့ရာမှ ယခုသော်မူ ရက်ခြားလောက်လိုလိုပင် မူးစေ့ကလေး ပစ်ပေးပြီး "သွားမအမ်း နဲ့တော့၊ တစ်မူးပဲယူသွား" ဟူ၍ပင် မသိန်းမေ ကရုဏာသံနှော၍ ရက်ရက်ရောရော ပေး တတ်၏။
ထူးခြားသည်မှာ အတာကလေး၌အဝတ်အစားနှင့်ပတ်သက်၍ သူတစ်ထူးအိမ်တွင် ခိုင်းထားသော အစေခံတစ်ယောက်၏အဆင့်အတန်းလောက်တွင်သာ ရှိနေသေးခြင်းဖြစ်၏။ ယခင်က မသိန်းမေတွင် ငွေရေးကြေးရေး ကြပ်တည်း၍ဟူသော အထောက်အထားဖြင့် ခွင့်လွှတ်နိုင်သေး၏။ စင်စစ်သို့ ငွေကြေး ကြပ်တည်းသည်မှာလည်း လောင်းကစားမှုဘက်တွင် အဖြုန်းများခဲ့သောကြောင့်သာဖြစ်ရာ ဤလိုပင် အကြံအစည် အပေါက်အလမ်းမတည့်၍ဟု ညှာညှာတာတာ သဘောထားနိုင်ကြသေး၏။
ယခုသော် မြင်းရော ၃၆ ကောင် ထီပါ မကြာခဏ နိုင်နေရုံမကဘဲ အရောင်းအဝယ်ကလည်း ကုသိုလ် လိုက်၍ ငွေကလေး ဖောဖောသီသီ သိုက်မြိုက်နေပါလျက် အတာတွင် ထိုက်ထိုက်တန်တန် မဝတ်ရ၊ မဆင်ရ၊ စုစုပေါင်းမှ ကိုထွန်းအောင် ဝယ်ပေးသော ရှပ်လက်တိုနှစ်ထည်မျှနှင့်ပင် ယနေ့တိုင် စခန်းသွား ရရှာ၏။
မခင်သက်တို့နှင့်တကွသော အခြားပတ်ဝန်းကျင်ရှိ မိတ်ဆွေများက အတာကလေးအား ဝတ်ကောင်း စားလှကလေးများ ဝယ်ပေးရန် တိုက်တွန်းစကား ပြောကြားလျှင် "ညည်းတို့မသိပါဘူး၊ ရှင်တို့ မသိပါဘူး၊ ဒီကိစ္စနောက်ကို မပြောကြနဲ့" မသိန်းမေသည် ဤသို့သော စကားမျိုးဖြင့် တစ်ကြိမ်ထက် နှစ်ကြိမ် မထပ်အောင် တိတိပြတ်ပြတ် ပိတ် ပြောလေ့ရှိ၏။ ဤသည်ပင် အားလုံးအဖို့ နားမလည်နိုင်သော မသိန်းမေ၏သဘောထားဖြစ်၏။
ဂျပန်ဆေးရိုက်အစင်းနှင့် အကွက်ဖြစ်သော ရှပ်နှစ်ထည်သာ အတာကလေး၏ အတန်းတင်စာမေးပွဲ စစ်သောအချိန်၌ အရောင်အဆင်းပျက်ပြုန်း၍ လုံးလုံးလျားလျား ဖြူနေသည်သာမက ပခုံးစောင်းချုပ်ရိုး အနီးမှပင် ရိပြဲစပြုနေခဲ့သည်။ အသစ်ဆို၍ကား တစ်ထည်မျှမရရှာသေး။
ဤလိုနှင့်ပင် အတာတို့စာမေးပွဲကြီးပြီးခဲ့သည်။ အတာလည်း အမှတ်အများဆုံးဖြင့် ပထမစွဲ၍ စာမေးပွဲေ အောင်ခဲ့သည်။ အတာ ပျော်သလောက် ကိုထွန်းအောင် ဝမ်းမြောက်၍ မခင်သက်တို့ ညီအစ်မတစ်ခုက ဆုအဖြစ် စပို့ရှပ်ကလေးတစ်ထည်ဝယ်ပေး၏။ မသိန်းမေတွင်မူကား ထူးထူးခြားခြား ဘာအမူအရာမျှ မမြင်ရ။
"မေမေ အတာ စာမေးပွဲအောင်တယ်၊ အားလုံးထဲမှာလေ အတာ ပထမရတယ်"
"အေး"
မသိန်းမေ၏အဖြေကား ထိုမျှသာဖြစ်၏။ အဘယ်သဘောဟူ၍ကား စောကြောတွက်ဆ မှန်းမရနိုင် အောင် ရှိလှ၏။
အသက်ကလေး တစ်နှစ်လောက် ကြီးလာသည်နှင့်အမျှ အတာ၏အသိဉာဏ်ကလေးသည်လည်း သိသိသာသာ တိုးတက်လာ၏။ တစ်နေ့လျှင် ခြောက်ပြားရခဲ့သည့် ကျောင်းနေစမှသည် ယခု နွေရာသီ ကျောင်းပိတ်ရက်သို့တိုင်အောင် တတ်နိုင်သမျှ စုဆောင်းထားခဲ့သည်မှာ ငွေလေးကျပ်နှင့်ခြောက်မူးဖြစ် ၏။
အခြားသော ကလေးများနည်းတူ လိုလေသေးမရှိအောင် မိဘများ၏ ဂရုစိုက်ခြင်းကိုသာ ခံခဲ့ရမူ အတာ တွင် အနည်းဆုံး ငွေရှစ်ကျပ်မျှ စုမိနေလိမ့်မည်။ ယခုမူ အတာ၌ ကျောက်တံမရှိသည်ကိုပင် သူ့မိဘ အား မပြောဝံ့၊ တစ်ခါတစ်ရံ ကျောင်းသွားရန် မုန်ဖိုးတောင်းရာ၌ပင် ဆောင့်ဆောင့်အောင့်အောင့် ပေး တတ်သော သူ့မေမေအားသာ၍ပင် မပြောရဲဘဲရှိခဲ့၏။ ကိုထွန်းအောင်ကိုကား ပြောရဲဆိုဝံ့ရှိသည် မှန် သော်လည်း
"မတောင်းတော့ပါဘူး၊ ကျောက်တံက တစ်ပြားဖိုးဝယ်ရမှာ ငါ့မုန့်ဖိုးနဲ့ပဲ ဝယ်လိုက်ပါတော့မယ်"
ဤလို ထူးခြားသော အတွင်းဓာတ်ခံစိတ်ကလေးကြောင့်လည်း ကျောက်တံလောက်ကို ကျောင်းရာသီ ကုန်သည်အထိ သူ့မုန့်ဖိုးနှင့်ပင် သူဝယ်၍ သုံးခဲ့၏။ တစ်ကြိမ်ကမူ ကျောက်သင်ပုန်း လက်မှလွတ်ကျ၍ ကွဲသွားသဖြင့် အိမ်ရောက်ရောက်ချင်း ပြောတော့မည်ကြံပြီးမှ ကျောက်သင်ပုန်းကိုကွဲအောင် ကိုင်ရ ကောင်းလားဟု သူ့မေမေ၏ကြိမ်းမောင်းရိုက်နှက်ခြင်းကို ခံရမည်စိုးသည်နှင့်ပင်
အတာသည် သူစုထားသော ပိုက်ဆံထဲမှပင် အောင့်အောင့်အည်းအည်းနှင့် ကျောက်သင်ပုန်းတစ် ချပ် တစ်မတ် ပေး၍ တစ်မတ်ပေး၍ ၀ယ်လိုက်ရရှာ၏။
ဤလို တိုတိုထွာထွာ အသုံးစရိတ်ကလေးများကို သူ့အိတ်ထဲမှပင် စိုက်၍ ကုန်ခဲ့ရသောကြောင့် လေးကျပ်နှင့် ခြောက်မူးလောက်သာ အဖတ်တင်ခဲ့၏။ ထိုငွေကလေးကား ယခုအစုလိုက်အခဲလိုက် သုံးစွဲလိုက်ရတော့မည့်အခြေသည် ပေါ်လာပြီဖြစ်၏။
နွေလ ကျောင်းပိတ်ရက်ပင် ကုန်လုလုရှိနေပြီဖြစ်သည့်အတိုင်း မကြာမီအတာသည် ကျောင်းပြန် တက်ရပေတော့မည်။ သူ့တွင် အင်္ကျီဝတ်စရာ မရှိတော့ပေ။ ရှိသည့်နှစ်ထည်မှာလည်း အတော် ကလေးညံ့သော အမျိုးအစားဖြစ်သည်တွင် ထိုနှစ်ထည်ကိုသာ လျှော်ကာဖွက်ကာဖြင့် ကျောင်းတစ် ရာသီပင်ဝတ်ခဲ့ရသောကြောင့် ရိစုတ်နေပြီဖြစ်၏။
သူ့အား ကြည်ကြည်ဖြူဖြူ အင်္ကျီလုံချည်ကလေးအစ ၀ယ်ပေးမည့်သူဆို၍ ကိုထွန်းအောင်တစ် ယောက် ကိုသာ အတာမြင်၏။ သို့သော် ကိုထွန်းအောင်အား အပူကပ်ရမည်ကို အတာလန့်နေ၏။ တစ်ခါက အတာအတွက် ငါးမတ်တန် ပတ္တူနောက်ပိတ် ဖိနပ်ကလေးတစ်ရံ ၀ယ်ပေးခဲ့သည်ကို မသိန်းမေက ပွတ်လောရိုက်အောင် ဆူခဲ့ဖူး၏။ မည်သို့သော်နည်းဖြင့် ငွေပိုရခဲ့သည်ဖြစ်စေ သူ့ကို ပထမအပ်ရမည်ဟု မသိန်းမေက အရေးဆို၏။ သူကမှတစ်ဆင့် အတာ့အတွက်ဖြစ်စေ မည်သူ့ အတွက်ဖြစ်စေ လိုသောပစ္စည်းကို ၀ယ်ပေးမည်။ သူသိခွင့်မရဘဲ ကိုထွန်းအောင် သဘောအတိုင်း လုပ်သည်မှာ ရွာလွန်ရွတ်တိုက်ရာ ရောက်သည်ဟု မသိန်းမေက အရေးဆိုရင်း အပြင်းအထန် ဆူပူခဲ့၏။ နောက်ဆုံး၌ နားအေးပါးအေးနေတတ်သော ကိုထွန်းအောင်ကပင် အော်ကြီးဟစ် ကျယ်သမား မသိန်းမေကိုလက်လျှော့ သဘောတူ ခဲ့ရတော၏။ ထိုအခါမှစ၍ အတာလည်း ကိုထွန်းအောင်ထံမှ ဘာမျှ မမျှော်လင့်နိုင်ခဲ့တော့ပေ။
ယခုအင်္ကျီဝတ်စရာ မရှိတော့သည်တွင်လည်း အားကိုးတစ်ခုအနေဖြင့်သာ ကိုထွန်းအောင် ကို မြင်မိသော်လည်းအတာတွင် ပြောရမည်ခက်နေ၏။ မျှော်လင့်ချက်လည်း မရှိသည်ကို သိသည် နှင့် သူစုထားသော ငွေကလေးဖြင့် သူကြိုက်ရာ အဆင်ရွေးပြီး သူကိုယ်တိုင်ပင် မေးဝယ်တော့မည် ဟူသောရည်ရွယ်ချက်ဖြင့် သိမ်ကြီးဈေးဘက်သို့ ထွက်လာခဲ့၏။
သိမ်ကြီးဈေးအပေါ်တပ်ရှိ ရှပ်အင်္ကျီဆိုတန်းသို့ ရောက်လာပြီးမှပင် အတာလည်း တစ်စုံ တစ်ခုကို တွေးမိလာ၏။
“နင်ငါ့ကို ဘာပြုလို့ မပြောသလဲ”
သို့လျှင် မေးခွန်းထုတ်၍ ရိုက်လားပုတ်လားလုပ်ခဲ့သော်ဟု တွေးမိသည်နှင့်ပင် အတာ လည်းမသိန်းမေရှိရာ ဈေးနားရီစင်အောင်သို့ ပြန်ဆင်းလာခဲ့ပြီး စုထားသမျှသော ငွေကလေး လေး ကျပ် ခြောက်မူးဖြင့် သင့်တော်သော လုံချည်နှင့် အင်္ကျီကလေးဝယ်ပေးရန် သူ့မေမေအား ပြောရင်း တထိတ်ထိတ် ဖြင့် ပုံအပ်လိုက်ရတော့၏။
“သွား၊ နင်ပြန်တော့ ငါဝယ်လာခဲ့မယ်”
အတာတွင် ဘာတစ်ခွန်းမှ မဟ၀ံ့ဘဲ တွန့်ဆုတ်ကလေး ဆုတ်၍ပြန်ခဲ့ရ၏။ သူ့ငွေနှင့်သူ ပင်သူကြိုက်ရာအဆင်ကလေးကို ရွေးခွင့်မရ။ “၀ယ်မှဝယ်လာပါ့မလား”ဟု တွေးရင်း ရင်တလေး လေးဖြင့် လျှောက် လာခဲ့ရ၏။
ဤတစ်ကြိမ်၌မူ အတာကလေး ကံကောင်းသည်ဟု ဆိုရမည်ဖြစ်၏။ ညနေဈေးမှပြန်လာ သောမသိန်းမေလက်ထဲတွင် စက္ကူအိတ်ကလေးနှစ်လုံး ပါလာ၏။ အတာအား ပစ်ပေးလိုက်သဖြင့် အလော သုံးဆယ် ဖြေကြည့်လိုက်ရာ၌ အတာနှစ်ခြိုက်သော အဆင်အကွက်ပါသည့် ရှပ်နှစ်ထည် နှင့်လုံချည် ကလေး နှစ်ဝတ်စာကို ၀မ်းမြောက်ဝမ်းသာတွေ့ရ၏။ အမျိုးအစားမှာမူ ကိုထွန်းအောင် ၀ယ်ပေးဖူးသော ခပ်ညံ့ညံ့ ထဲကပင်ဖြစ်၏။
နောက်တစ်နေ့နံနက် သူ့မေမေ ဈေးထွက်သွားသည်နှင့် အတာလည်း အသစ်ဖြစ်သော လုံချည်နှင့် အင်္ကျီများကို အမျိုးမျိုးဝတ်ကြည့်ရင်း ပီတိတွေဖြာနေတော့၏။ ကျေနပ်လောက်မှ အင်္ကျီ ရောလုံချည်ပါ ခေါက်၍ နေထားတကျ သိမ်းနေရင်းကပင် ထိုအ၀တ်အစားလေးမျိုးသည် အဖိုး အဘယ်မျှကျသည်ဟု အတာ သိချင်လာ၏။ သူပေးထားသော ငွေနှင့် မလောက်၍ သူ့မေမေက နောက်ထပ်စိုက်၍ ၀ယ်ခဲ့ရသည် ဆိုလျှင် သူ့မေမေအား သူကျေးဇူးတင်လို၏။ အကယ်၍ သူ့ငွေက ပိုနေလျှင်လည်း သူပြန်လို ချင်၏။
အကယ်၍ သူ့ငွေပိုသည်တိုင်အောင် ပြန်ရရန် လမ်းမရှိတော့သည်ကိုလည်း အတာသိ၏။ သို့ တိုင်အောင် လည်း ကလေးတို့၏ သဘာဝအတိုင်း အမြတ်တနိုးမုန့်အငတ်ခံ၍ စုဆောင်းထားခဲ့ ရသည်ဖြစ်၍ နှမြောသလိုလို ရှိနေရှာ၏။ ပြန်ရရန်လုံးဝ မျှော်လင့်ချက်မရှိတော့သည့်တိုင်အောင် အဘယ်မျှလောက် သူ့ငွေပို လိမ့်မည်ကို မှန်းဆတွက်ချက်နေမိပြန်၏။
ကိုထွန်းအောင်နှင့်အတူ သူပါလိုက်သွား၍ ပထမအကြိမ် သွားဝယ်ကြစဉ်က ဈေးနှုန်းကိုအတာ သည်ကောင်းကောင်းကြီးမှတ်မိနေ၏။ ထိုတန်ဖိုးဖြင့်ထား၍ တွက်သော် နှစ်ကျပ်ကျပ်ကျော် ပိုလိမ့် မည်ဟု ခန့်မှန်းမိ၏။ သို့တွေးမိလေ နှမြောလေဖြင့် မျက်ရည်ကလေးပင် မသိမသာ ဝေလာရှာ တော့၏။ ချက်ချင်းပင် အဘယ်ပုံစိတ်ကူးပေါက်လာသည်မသိ ရုတ်တရက် အိမ်ပေါ်မှဆင်းသွားပြီး သိမ်ကြီးဈေး ဘက်သို့ လျှောက်သွား၏။ သူ့မေမေ မမြင်စေရန် ဟိုကွယ်သည်ပုန်းဖြင့် ရှပ်ဆိုင်တန်း လုံ ချည်တန်းအနှံ့ လျှောက်သွားကာ မသိန်းမေ ဝယ်လာသော အဆင်တူ အသားတူများကိုရွေး၍ ဈေးမေး စုံစမ်းပြီးမှ ခပ်သုတ်သုတ် ပြန်လာခဲ့၏။
စောစောက သူခန့်မှန်းသည့်အတိုင်းပင် သူ့ငွေမှာ နှစ်ကျပ်တစ်မတ်လုံးလုံး ပိုသည်ကို သိခဲ့ရ၏။
"နှစ်ကျပ်ဆိုရင် ငါ သုံးလလောက် စုတောင်ရချင်မှရမှာ"ဟူ၍လည်းကောင်း၊
"နောက်ထပ် ရှပ်အင်္ကျီတစ်ထည်နဲ့ လုံချည်တစ်ထည် ဝယ်မယ်ဆို ဒီပိုက်ဆံနဲ့လောက်ရဲ့သားနဲ့ မေမေ ဝယ်မလာဘူး"ဟူ၍ တစ်ဖုံ၊
"ငါ မေ့လို့ မေမေ့ကို ဝယ်ခိုင်းမိတယ်၊ ငါ့ဘာသာငါ ဝယ်ပြီးမှ အရိုက်ခံလိုက်ရတာ ကောင်းသေးတယ်၊ ခုတော့ ငါ့ပိုက်ဆံ နှစ်ကျပ်တစ်မတ်တောင်"ဟူ၍ တစ်မျိုး အသံကလေးများပင် ခပ်တိုးတိုးထွက်လာ သည်အထိ ရေရွတ်ရင်း တွေးရင်းနှင့်ပင် စိတ်ညစ်သွားသောကြောင့်လားမသိ ခါတိုင်းကဲ့သို့ စာပင်မ ကျက် နိုင်တော့ဘဲ ရုတ်တရက် အိပ်ပျော်သွားရှာတော့၏။
ဆက်ရန်
.
No comments:
Post a Comment