ရထားပေါ်ကလူများ-၉
ကျွန်တော်တို့ ပုဂံဘူတာရောက်တော့ ၈ နာရီသာသာ။ ရထားက ည ၉ နာရီထွက်မည်။
ပုဂံဘူတာကနေ တောင်ဇင်း၊ ငါမင်းမေး၊ ကျောက်ပန်းတောင်း၊ နတ်မောက်၊ မြို့သစ်၊ တောင်တွင်းကြီး၊ ဆတ်သွား ကနေ နေပြည်တော် ပျဉ်းမနားမှ မန္တလေးထွက်ခွာသော ရထားလိုင်းက တစ်လိုင်း။ နေပြည်တော် ပျဉ်းမနားကနေ ရန်ကုန် ထွက်ခွာသော တစ်လိုင်းရှိသည်။ နောက်တစ်လိုင်းက ပုဂံ၊ ကျောက်ပန်းတောင်း၊ တောင်တွင်းကြီး၊ အောင်လံ၊ ရွှေတံခါးကနေ ပြည် ရန်ရထားလမ်းပိုင်းကို ပုတီးကုန်း မှာ ချိုးကွေ့ပြီးပေါင်းတည်၊ နတ္တလင်း၊ ဇီးကုန်း၊ ကြိုးပင်ကောက်၊ လက်ပံတန်း၊ သာယာဝတီ၊ တိုက်ကြီးလမ်း အတိုင်း ရန်ကန်လမ်းပိုင်းတစ်ကြောင်းရှိသည်။ ပုဂံ မန္တလေးလိုင်းက နေ့စဉ်ရှိသည်ဟု ဆိုသည်။ ပုဂံနေပြည်တော် ပျဉ်းမနားရန်ကုန်နှင့် ပုဂံပုတီးကုန်း၊ နတ္တလင်းမှသည် ပြည်လမ်းအတိုင်း ရန်ကုန် တို့မှာ တစ်ရက်ခြားပြေးဆွဲသတဲ့။
ကျွန်တော် တို့ စီးရမည့် ရထားက ပု၈ံမျ ပုတီးကုန်းလမ်းပိုင်းမှထွက်မည့် ရန်ကုန်လိုင်းဖြစ်သည်။
ဟိုယခင်တုန်းက သည်ရထားကို ကြေးနီရထားဟုခေါ်သည်။ ပုဂံအထိမရောက်၊ နေပြည်တော်ပျဉ်းမနားက ၀င်လာပြီး ကျောက်ပန်းတောင်းအလွန် ကြေးနီအထိသာရောက်သည်။ ယခု နောက်ပိုင်းမှ ပုဂံအထိ ဖောက် လုပ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ပုဂံမှ ပုတီးကုန်းကိုကွေ့ဝင်သော ပြည်ရန်ကုန်လမ်းပိုင်းမှာလည်း ယခု နောက်ပိုင်း မှ ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။
ကျွန်တော် လူငယ်အသက် ၂၀ အရွယ်လောက်က ဖတ်ခဲ့ရပြီး စွဲလန်းခဲ့သော နွေတညမှ ခင်ဝေတို့ မသိန်းရှင် ဆီပို့ပေးပါမှ ညိုညိုတို့၏ လွမ်းမောဖွယ်ရာ ရထားလမ်းပိုင်းဖြစ်သည်။ အဲသည် ၀တ္ထုတွေဖတ်ပြီး ကတည်းက ကျောက်ပန်းတောင်း၊ နတ်မောက်၊ မြို့သစ်၊ တောင်တွင်းကြီးစသည့် သည်ရထားလမ်းကို စွဲလန်း နေခဲ့ပါသည်။ မြင်ချင်တွေ့ချင် ရောက်ဖူးချင်သည့် ချဉ်ခြင်းကြီးရှိနေခဲ့ပါသည်။ သို့ပေမယ့် မရောက်ဖြစ်ခဲ့။
ယခုပထမဆုံးနှစ်ပေါင်း ၃၀ ကျော် ကြာပြီးမှ ငယ်ဘ၀ချဉ်ခြင်းကြီးရှိရာ ရောက်ရှိလာပါသည်။ ဒါလည်း မိတ်ဆွေ ဦးသောင်းဝင်း မှ သူလှူမည့် သူ့ရွာအလှူ၊ ပခုက္ကူမြစ်ခြေ၊ ညောင်နီပင်သို့ အတင်းခေါ်သဖြင့် ပါလာခဲ့ကာ ယခု အပြန်တွင် ပုဂံမှပို့ဆောင်ခြင်းဖြစ်သည်။ ရေငတ်သူရေတွင်းထဲကျသည့်ကိန်းဆိုင်ခဲ့လေ သည်။
ခင်ဝေတို့ ညိုညိုတို့ ယခုထိရှိနေကြသေးရဲ့လား။
ရှိနေခဲ့သေးလျှင်လည်း ဘယ်လောက်ပြောင်းလဲသွားကြပြီလဲ။ ကျွန်တော်သည် ပုဂံဘူတာ ရောက်ပြီးနောက် ကြိုတင်မှန်းဆကာ ရင်ခုန်နေခဲ့သည်။
ရှေးဟောင်း နှင့် ခေတ်ပေါ် ဗိသုကာ ရောယှက်ထားသော ပုဂံဘုတာရုံက တန်ဆောင်မုန်းလပြည့်ကျော် လရောင် အောက်တွင် ငိုက်မြည်းလို့နေသည်။ ဘူတာစင်္ကြန်ရှိ ပလက်စတစ်ထိုင်ခုံတွေမှာ မန္တလေး သွားမည့် ခရီးသည်တွေနှင့် စည်ကားနေသည်။
မန္တလေးခိုင်းပိုင် ရထားက ဦးစွာတွဲထိုးကာ အရငထွက်ခွာသွားသည်။ ည ၈း၄၅ နာရီမှာ ကျွန်တော်တို့ စီးနင်း ရမည့်ရထားစင်္ကြန်လမ်းထဲ ၀င်ရောက်လာ၏။ ကျွန်တော်တို့ အလှူပြန်အုပ်စုက လူ ၁၀ ယောက်ခန့် ရှိမည်။ ဖယောင်းတိုင်တွေ ၀ယ်ထားကြနော်ဟု ရထားပေါ်အတက်တွင် တစ်ယောက်ယောက်က သတိပေး တာ ကြားလိုက်ရသည်။
ကျွန်တော်တို့ရထားတွဲပေါ်တက်နေရာယူစဉ်ကပဲ တွဲအတွင်းမှာ ဖယောင်းတိုင်အချို့ ထွန်းထားတာတွေ့ရ သည်။ ရထားထွက်လာပြီး အရှိန်ကလေးရလာတော့ ဖယောင်းတိုင်မီးများ ပျောက်ကွယ်သွားသည်။ သည် တော့မှ လပြည့်ကျော် လရောင်ခြည်က ရထားတွဲအတွင်းသို့ ပြတင်းပေါက်မှတစ်ဆင့် ခုန်ဆင်းလာခဲ့သည်။ အမှောင်ချ ထားသော ရထားက လရောင်အောက်မှာ တရွေ့ရွေ့။
ကျွန်တော်သည် ပြတင်းပေါက်မှတဆင့် တမာပင် ကန္တာရပင် တဇောင်းလက်ပတ် ဆူးခြုံပုတ် ကလေး များနှင့် အိမ်ရိပ်ဝိုးတ၀ါးလရောင်အောက်က အညာရှုခင်းကို တစ်ဝတစ်မေ့ကြီး ငေးမောနေခဲ့မိသည်။ ရထား က လှုပ်ရုံကလေးသွားနေခဲ့သည်။
ပြည်ရန်ကုန်လမ်းကြော ပုတီးကုန်းသို့မရောက်မီ တစ်လျှောက်လုံး တစ်ညနှင့်တစ်နေ့၊ ပေါင်း ၁၆ နာရီလောက် သည်လိုပဲ တလှုပ်လှုပ် တရွေ့ရွေ့သာ ရထားက လမ်းလျှောက်နေခဲ့သည်။ လမ်းတွေ ကလည်း မြေနီကွင်းပြင် တမျှော်တခေါ်ထဲ ဖြတ်ဖောက်ထားရာ အနိမ့်အမြင့် လှိုင်းထနေ သေးသည်။
ခေါင်းတွဲကတော့ ဒီဇယ်စက်ခေါင်းတွဲဖြစ်သည်။ ခင်ဝေတို့ညိုညိုတို့ခေတ်ကတော့ ရေနွေးငွေ့နှင့်မောင်းနှင် သော ရထားခေါင်းတွဲ ဖြစ်မည်ထင်ပါသည်။
ပုဂံဘူတာက စတင်ခြေလှမ်းထွက်စကတော့ ရထားတွဲထဲမှာ ချောင်ချောင်ချိချိပင်။ ကျောက်ပန်းတောင်း ရောက်ခါနီးတော့ ပြတင်းတံခါးတွေ ပိတ်ထားဟု တစ်စုံတစ်ယောက်က သတိပေးလိုက်သည်။ ကုန်တွေလူ တွေ ပြတင်းပေါက်က ခုန်တက်လာလိမ့်မည်ဟုဆိုသည်။ သို့တိုင် ကျောက်ပန်းတောင်းရောက်တော့ လူတွေ ကုန်တွေ တက်လာပါရဲ့၊ ပြောသလောက်တော့မဟုတ်။ သို့တိုင်-နတ်မောက်ဘူတာမရောက်မီ ကြား ဘူတာလေးများမှာတော့ ကုန်တွေ ခရီးသည်တွေတက်လာလိုက်သည်မှာ ခြေချစရာပင်မရှိတော့။ ရထားတွဲထဲမျာ မှောင်နှင့်မည်းမည်း ဆူဆူညံညံ။ ပြတင်းတံခါးကို တအုံးအုံးထုကာ အတင်း ဖွင့်ခိုင်း နေသည်။ ခရမ်းချဉ်သီး သေတ္တာတွေ ပဲတောင်းတွေ။ ထန်းလျက်ပါချင်ပါနိုင်သော်လည်း အဓိက တွဲလမ်းကြား နေရာယူထားသည်က ခရမ်းချဉ်သေတ္တာတွေ။ ဓာတ်မီးရောင်တ၀င်းဝင်း၊ အသံတွေ ပေါက်ကွဲ။ ဖရောင်းတိုင်မီးလေးတွေ လင်းလက်လာသည်။ လူသွားလမ်းကြား၊ ထိုင်ခုံတွေကြား ကုန်ပစ္စည်း တွေ လူတွေ။ သက်ရှိသက်မဲ့တွေ ရောထွေးနေပုံများ။ ဘယ်နားမှာလဲခင်ဝေ ဘယ်မျာလဲညိုညို။
ကျွန်တော်စိတ်ကူးတွေနှင့် ရှာဖွေနေမိဆဲ ညိုညိုတို့ ခင်ဝေတို့၏ အငွေ့အသက်ကို ရရှိလာနေသလိုပင်။ ညသန်းခေါင် ကျော်နှစ်ချက်တီးခန့်တွင် "သာမြား" ဆိုသော ဘူတာလေးသို့ ရထားဆိုက်ပါသည်။ နတ်မောက် တော့ လွန်လာခဲ့ပြီ။ အဲသည် "သာမြား" ဘူတာလေးမှ ကျွန်တော် ရှာဖွေနေသော ညိုညိုတို့ ခင်ဝေ တို့ ရထားတွဲပေါ်တက်လာလေသည်။
သတို့အားလုံးပေါင်း အယောက် ၄၀ လောက်ရှိမည်။ အများစုက မိန်းကလေးတွေ။ ၁၅၊ ၁၆၊ ၁၈၊ ၂၀ ၀န်းကျင် အရွယ်တွေ။ ယောက်ျားလေး သုံးယောက်ပဲပါသည်ဟု နောက်တွင် သိရသည်။ သူတို့ အပျိုဖျန်း နှင့် အပျိုဖားဖားတွေကို အသက် ၃၅-၄၀ လောက် အမျိုးသမီးကဦးဆောင်လာသည်ဟုဆိုသည်။ တစ်ချို့ ပုဆိုး ဟောင်း၊ တစ်ချို့အိတ်ဟောင်းလေးလွယ်လို့၊ တစ်ချို့က သားရေအိတ်။
သူတို့ တက်လာပြီးနောက် တွဲလမ်းကြား၊ ခုံကြားတို့တွင် တိုးဝှေ့နေရာယူကြသည်။ တစ်ချို့က မတ်တတ်။ ခေါ်သံအော်သံ တွေ ပထမဝေစီဆူညံနေခဲ့သေးသည်။ ကျွန်တော်တို့လည်း ခရီးသွားချင်း ကိုယ်ချင်းစာ စိတ် တွေ ဖြစ်ပေါ်လျက် (ကျွန်တော်တို့က ခုံနံပါတ်ပါသော လက်မှတ်တွေ ရခဲ့ကြသည်။ နှစ်ယောက်ထိုင်ခုံ ကို တတ်နိုင်သမျှ ကျုံ့ပေးပြီး သူတို့လေးတွေကို နေရာပေးကြပါသည်။ နှစ်ယောက်ထိုင်ခုံ မှာ သုံးယောက် ဖြစ်သွားသည်။ တစ်ချို့က လက်တင်တန်းပေါ်မှာထိုင်ကြသည်။
ကျွန်တော်တို့လည်း သူတို့ကို နေရာပေးရင်း၊ ကျီစယ်ရင်းသူတို့လေးတွေနှင့် အတန်ငယ်ရင်းနှီးလာပါသည်။ သည်တော့ မှ ကျွန်တော်က အလာပသလာပပြောရင်း သူတို့လေးတွေဘ၀ကို စူးစမ်းမိသည်။
" ညည်းတို့က ဘယ်ကလာတာလဲ .... "
အသားညိုညို ပိန်ပိန်ပါးပါးကလေးမလေးက "ဟင်"တဲ့။ ချက်ခြင်းကျွန်တော် မေးတာကို နားလည်ဟန် မတူ။ သို့မဟုတ် ကြားလိုက်ဟန်မတူ။ ကျွန်တော်နှင့် မျက်နှာချင်းဆိုင်ခုံမှ မိတ်ဆွေကိုဝင်းကြိုင်က ၀င်ထောက် ပေး သည်။
" ဘယ်ရွာကလာကြတာလဲလို့ မေးနေတာ "
မြန်မာစကားကို မြန်မာစကားပြန်က ပြန်ပေးမှ
" စမ်းကုန်း ကလာတာ ... "
" အားလုံး စမ်းကုန်းရွာ ကပဲလား .... "
" ဟုတ် တယ် ... "
" သြ ... "
ကလေးမမှာ ၁၇၊ ၁၈ လောက်ပဲရှိဦးမည်။ သူတို့ဒေသလေသံကိုမိအောင် ကျွန်တော် ရေးမပြတတ်ပါ။ လေသံ က အာခံတွင်းမှ ဆောင့်တွန်းထွက်လာသည့်အသံမျိုး။
" နာမည် ဘယ်လိုခေါ်ကြလဲ .... "
အနီးရှိ မိန်းကလေးများ၏ အမည်များကို သူက သန်းစိန်၊ သူက ခင်ဝင်း၊ သူက မြင့်ကြည် စသည်ဖြင့် ပြောပါ သည်။ ပြီးတော့ ရယ်ကြ၏။
" ဘယ်သွားကြမှာတုန်း" ဆိုတော့
" ထောက်ကြံ့တိုင်း ကို" တဲ့။ ထောက်ကြံ့တိုင်း ဘယ်မှာရှိတယ် ကျွန်တော်မသိ။ တစ်ယောက်က ၀င် ထောက်သည်။ သူ့ကြည့်ရတာ ၁၅၊ ၁၆ ထင်ရ၏။ မေးကြည့်တော့ ၂၀ တဲ့။ အတော်ညှက်လေသည်။
" မဟုတ်ဘူး" "မုံညင်းရိုး ထိသွားမျာ .... "
" ဟုတ်လား၊ ထောက်ကြံ့တိုင်း ဆိုတာက .... "
" အဲဒါ ဘူတာ။ အဲသည်ကဆင်းပြီး တစ်နေသွားရမယ်။ အဲ့တော့မှ မုံညင်းရိုးရောက်မှာ "
"တစ်နေဆိုတာက "
" ရော တစ်နေဆိုတာက အဲဒီကသွားရော၊ ဟိုကို ညခင်းမှ ရောက်မှာ .... "
" သြ ... ဘာသွားလုပ်ကြမှာတုန်း ညည်းတို့က။ အကုန်သွားကြမှာလား။ နေပါဦး ညည်းတို့အဖွဲ့က ဘယ်နှစ်ယောက် ပါလဲ .... "
ကျွန်တော် သိချင်စိတ်လောဘကြီးလာသည်။ ရထားကတော့ ညခင်းထဲမှာ တလှုပ်လှုပ်။ ပြတင်းတံခါးတွေ ပိတ်ထားရသည်။ အေးစက်တဲ့ အညာဆောင်းက အရိုးထဲထိ ၀င်လာသလိုပင်။ သို့တိုင် မှောင်ပျပျ ရထားတွဲ တစ်ခုလုံး လူတွေနှင့် ပြည့်သိပ်နေတော့ ကိုယ်ငွေ့အနွေးဓာတ်တွေက အအေးဓာတ်ကို အံတု နေသည်။ လရောင်ခြည်က ၇ထားတွဲထဲ တောက်လျှောက်ပါလာ၏။
" မုံညှင်းရိုး မှာ လယ်သွားစိုက်မှာ အကုန်သွားမှာ .... "
" ညည်းတို့ မိန်းကလေးတွေချည်းလား .... "
" ဟုတ်ဘူး။ ငထွန်းတို့သုံးယောက်ပါတယ်။ အမကြီးမ၀င်းပါတယ်။ သူက ခေါင်သူကြီး ခေါင်သူကြီးပဲ။ အပျိုကြီး လေ ဟီး ... ဟီး .... "
ဝိုင်းရယ်ကြသည်။ ကောင်မလေးနော်ဟု ဟိုဘက်နှစ်ခုံကျော်အမှောင်တွင်းက လှမ်းဟန့်သံတစ်သံထွက်လာ၏။
" စပါးသွားစိုက်တော့ တစ်ရက်ဘယ်လောက်ရတုန်း။ ဒါမှမဟုတ် စပါးပေးလား။ ဘယ်လိုပေးလဲ .... "
" ကလေးမ သူကစာရေးဆရာ၊ ညည်းတို့အကြောင်းကို ရေးမလို့ မေးနေတာ " မိတ်ဆွေ ကိုဝင်းကြိုင်က အတည်ပေါက် ၀င်နောက်သည်။
" စာရေးဆရာလား။ ကျုပ်တို့အကြောင်းရေးပြီး ဗီဒီယိုရိုက်မှာလား "
" ရိုက်မှာပေါ့ " ဟု ကိုဝင်းကြိုင်က ၀င်နောက်ပြန်သည်။
" ညည်းတို့ရွာမှာ ဗီဒီယိုရုံရှိလား ... "
" ရှိတာပေါ့"
" လျှပ်စစ်မီးရှိလား ... "
" မီးစက်နဲ့ ပြတာ ... "
" မင်းသားထဲက ဘယ်သူ့ကြိုက်လဲ ... "
" ဟီး ...ဟီး နေမျိုးအောင်၊ သူက ခန့်စည်သူ။ ဟိုကောင်မက နေထက်လင်း အသည်းစွဲ ... "
" ကျုပ်လဲ နေမျိုးအောင်ပါနော် ... "
တစ်ယောက်က ၀င်ပြောရင်းရယ်သည်။ သန်းစိန်ညည်းက ခန့်စည်သူကို ကြိုက်တာမဟုတ်လားဟု ဆက်ပြောတော့ ၀ိုင်းရယ်ကြသည်။ ရယ်သံနောက်ပြောင်သံများနှင့် ရထားတွဲထဲက ညခင်းလေးမှာ ပျော်ရွှင် စရာ မွှေးပျံ့လန်းဆန်းနေပါသည်။ ရိုးသားပွင့်လင်းမှုက ရထားတွဲထဲမှာ လင်းချင်းနေပါသည်။ ကျေးလက် ရနံ့ ကို ရထားတွဲပေါ်တင်လာနိုင်ခဲ့သူများ။
" ညည်းတို့ရွာမှာ ဘာလုပ်ကြသလဲ။ အဲဒီမှာ ကိုင်းအလုပ်တွေဘာတွေ မရှိဘူးလား ... "
" ရှိတယ်။ ရှားတယ်။ အလုပ်ကနည်းပါပြီး လူတွေကများတယ်။ ကျုပ်တို့ရှမ်းပြည်နယ်သွားပြီး လက်ဘက် တောင်ခူးတယ်။ စားတာနဲ့ လမ်းစရိတ်သိပ်မကာမိဘူး။ ဦးကြီးက ဘာစာတွေရေးထာလဲ ... "
" အခု စပါးသွားစိုက်တော့ ဘယ်လောက်ရလဲ။ စားတော့ရော လယ်ရှင်ကကျွေးလား ... "
" ထမင်းစုချက်ကြတယ်။ လယ်ရှင် က ဟင်းပေးတယ်။ တစ်ရက်ကို အရင်က တစ်ထောင်၊ ထောင့်နှစ်ရာ လောက် ရတယ် "
" တစ်ယောက်ကိုလား "
" ဟုတ်လား "
" ညည်းတို့အခုသွားရင် ဘယ်လောက်ကြာမလဲ "
ပြောတတ်ဘူး။ တစ်လ တစ်လခွဲ နှစ်လလောက်ကြာမလားပဲ "
" ဒါဆို ရည်းစား က လွမ်းနေမှာပေါ့ ... "
" ကျုပ်က ရည်းစားမရှိဘူးတော်၊ သူ ... သူ ခင်ဝင်းက ရှိတယ် ... "
" ကောင်မ ဘာတွေလျှောက်ပြော၊ မဟုတ်က ဟုတ်က။ သူမှရှိတာ ဦးကြီး။ သူ့မှာရှိတယ် ... "
သူတို့တွေ တစ်ယောက်နှင့် တစ်ယောက်ငြင်းခုန်နေသည်ကို ကြည့်ရတာ ချစ်စရာကောင်းနေပါသည်။ ကလေးလေးတွေနှင့် တူနေသလား။ သူတို့ကလေးလေးတွေတော့ မဟုတ်တော့။ သူတို့တွေ ဘယ်အရွယ် ကတည်းက မိသားစုဘ၀ထဲ ၀င်ရောက်ကူညီဝမ်းကြောင်းနေခဲ့ရသလဲ။ စာသင်ခဲ့ကြရရဲ့လား။ ခင်ဝေ၏ ကလေး ဆန်ပုံ။ ညိုညို၏ ထန်းလျက်မှောင်ခိုကုန်သည်ဘ၀ စွန့်စားခန်းများကို သတိရနေမိသည်။ ကျွန်တော့် စိတ်အာရုံထဲ ကျွန်တော့် ဘေးပတ်ပတ်လည်တွင် ခင်ဝေတွေ ညိုညိုတွေ ၀န်းရံနေသည်ဟု ထင်လာ ပါသည်။
တောင်တွင်းကြီး၊ ဆတ်သွား၊ ချောင်းကောက်ရိုးပင် ဘယ်နေရာကြည့်ကြည့် ကန္တာရပင်ပုလေးတွေနှင့် မြေနီကွင်းပြင် တမျှော်တခေါ်။ ရထားကလမ်းလျှောက်နေဆဲ။ တချို့နေရာ ရထားသံလမ်းပေါ် မြေပြိုကျ ဖုံးလွှမ်း နေ၏။ လုပ်သားတစ်ယောက် နှစ်ယောက် လမ်းရှင်းမြေဖယ်နေတာတွေ့ရသည်။ သည်လမ်းကြောင်း တွင် ဘူတာကြဲပါးဝေးကွာလွန်းသည်။
မိုးလင်းကတည်းက ဘာမျှမစားရသေး။ အောင်လံဘူတာရောက်တော့ မနက် ၉ နာရီ ၁၅ မိနစ်ရှိနေပြီ။ အဲသည်ကျမျ မနက်အစောစာရော၊ နေ့လည်စာပါ ပေါင်းစားရသည်။ ညိုညိုတို့ ခင်ဝေတို့ ရထားပေါ်က ဆင်းတာမတွေ့။ လမ်းမှာရေသန့်ဗူးနှင့် ကျွန်တော်တို့ ရေသောက်ကြတော့ သူတို့ကိုပေးသောက်သည်။ ခေါင်းခါ ငြင်းပယ်ကြ၏။ သူတို့မှာ ရေပါတာမတွေ့။ ရေသောက်ပုံမရ။ ကျွန်တော်တို့ အစာအိမ်တွေ တကျုတ်ကျုတ်မြည်ပြီး ဆာလောင်နေကာ အောင်လံမှာ အပြေးအလွှားထမင်းဆင်းစားတော့လည်း သူတို့ တွေစား တာမတွေ့ရ။
" ဟင် ... ညည်းတို့ဘာမှလည်း မစားဘူး။ ရေလည်း မသောက်ဘူး။ ဘာလို့လဲ .... "
ဆိုတော့ ဘာမှပြန်မပြောပါ။ တစ်ယောက်နှင့်တစ်ယောက် ကျီးကြည့်ကြောင်ကြည့်။ ကျွန်တော်လည်း ဘာမှ ဆက်မပြောတတ်တော့ပါ။
" ညည်းတို့ ရောက်ခါနီးပြီလား "
" ရှေ့မှာ ထောက်ကြံ့တိုင်း ရောက်တော့မယ် "
" အော် အဲဒီမှာနားပြီး စားပြီးမှ ဆက်သွားကြမှာပေါ့ "
" မဟုတ်ဘူး။ ကျုပ်တို့က နေသန်တုန်း ရေတောက်လျှောက်သွားရမှာ။
နေသန်တုန်း ရေတောက်လျှောက်သွားရမှာ။ ပထမတော့ စကားလုံးတွေကို ကျွန်တော့်မှာ နားမလည်နိုင်။ တဖြည်းဖြည်းစဉ်းစားကြည့်တော့မှ နေရောင်ကောင်းကောင်း ရှိနေတုန်း ပေါများသည့် ချောင်းတွေ မြောင်း တွေကို တောက်လျှောက်ဖြတ်သန်းသွားရမည်ဖြစ်ကြောင်းသိလာရသည်။ တချို့ချောင်းရိုး များသည် ရေစီးသန်လွန်းသဖြင့် လူတွေတန်းစီလက်ချင်းချိတ်ကာ သွားရသည်ဟု ဆိုသည်။
ထောက်ကြံ့တိုင်း ဆိုသည့် ဘူတာကလေးရောက်တော့ သူတို့လေးတွေ တဘက်တွေပေါင်း၊ ပုဝါတွေပေါင်း၊ ပုဆိုးဟောင်း ခေါင်းမှာပေါင်းပြီး လွယ်အိတ်လေးတွေလွယ် ကသုတ်ကယက်ဆင်းသွားကြ၏။
ကျွန်တော်တို့ ကိုပင် လက်ပြနှုတ်ဆက်မသွားနိုင်ကြ။
၂၀၀၈၊ ဇူလိုင်လ၊ ၂၇ ရက်၊
မြန်မာသစ်မဂ္ဂဇင်း။
မှတ်ချက်။ ၂၀၀၅ ခုနှစ် နိုဝင်ဘာလလည်က သွားရောက်ခဲ့သော ပခုက္ကူ၊ ကမ္မ၊ မြစ်ခြေ၊
ပုဂံခရီးအမှတ် တရ။
.
.
No comments:
Post a Comment