Wednesday, March 14, 2012

တင်မောင်မြင့် ၏ နွေကန္တာ, အပိုင်း (၄)

(ကာလက် မြင်းရထားပေါ်မှ ဆင်းလာသည်။ သူတို့ဆီသို့ ရှက်ကိုး ရှက်ကန်း အမူအရာဖြင့် လျှောက်လာ၏။ ကာလက်မှာ အရပ် မြင့်မြင့် အရိုးအဆစ်ကြီးကြီးနှင့် မျက်နှာက သူ့အဖေလိုပင် တည်သည်။ ဂျူးဒစ်လို သွက်သွက်လက်လက် မဟုတ်။ တုဏှိဘာဝေ နေတတ်သည်။ မိဘစကား ကို မြေ၀ယ်မကျ နားထောင် သည်။ ဟောဟော ဒိုင်းဒိုင်း ညီမလုပ်သူနှင့် အသွင်မတူသော်လည်း မောင်နှမနှစ်ယောက် တစ်ဦးကို  တစ်ဦး ချစ်ကြသည်။) ကို ဆက်ဖတ်ရန်....

မျက်လွှာချကာ မြေကြီးကို ဖိနပ်ဦးဖြင့် ထိုးဆွရင်း -
" ဂျူးဒစ်၊ အမေ နေမကောင်းဘူး၊ တော်တော် ဖျားနေတယ်၊ နင် ခဏပြန်လာရင် ကောင်းမယ် "
" ဟင် အမေ နေမကောင်းဘူး ဟုတ်လား၊ အိပ်ရာထဲ လဲနေလားဟင် "
ဘယ်လို ဖြစ်တာပါလိမ့်။ ဒါလောက် ကျန်းမာရေးကောင်းတဲ့ မေမေ။
" အင်း ... တော်တော်လေး ဆိုးတယ် "
ဖုန်မှုန့်တွေကို တစ်ချက်ကန်ရင်း ပြောသည်။ ဂျူးဒစ်ထက် အကြီးဖြစ်သော်လည်း လူငယ်ကလေး တစ်ယောက် နှင့် တူနေသည်။

" ယာတောကို ပြောင်းလာကတည်းက မေမေ တရှောင်ရှောင် ဖြစ်နေတာ၊ ပူလွန်းလို့ ထင်ပါရဲ့ ဟာ၊ ခုတော့ အဖျားပါ ၀င်လာတယ်၊ အဖေက ပြောတယ်၊ အမေ့ကို ကြည့်မယ့်လူလည်း မရှိဘူးတဲ့ "
လင်တော်မောင် မျက်နှာကို ဂျူးဒစ် မော်ကြည့်လိုက်သည်။ ဖီးလစ် မျက်ခုံးတွန့်ပြီး -
" ဂျူးဒစ် လိုက်သွားချင်လား ဟင် "
" လိုက်ချင်တာပေါ့ အစ်ကိုရယ်၊ လိုက်သွားပါရစေနော် "
" ဒါပေမဲ့ မင်းကိုယ်တိုင်လည်း နေ မှ မကောင်းတာ "
ကာလက်ဘက် လှည့်ပြီး -
" မင်းတို့အိမ်မှာ အိမ်ဖော် ကပ္ပလီတွေ မရှိဘူးနော် "
ကာလက် က မျက်နှာပျက်ပျက်ဖြင့် ခေါင်းခါပြရင်း -
" ကျွန်တော်တို့ ၀ယ်လာတဲ့ ကပ္ပလီတွေက ကွင်းဆင်းလုပ်သားတွေချည်းပဲ၊ အမေက သူတို့ကို အိမ်မှာ မခိုင်းချင် ဘူးလေ၊ အလေ့အထ မရှိဘူးမဟုတ်လား"

" ဂျူးဒစ် လိုက်သွားမယ်နော် အစ်ကို၊ ကာလက် ခဏလေးစောင့်နော် "
ပြောပြော ဆိုဆို ဖီးလစ်ကို အိမ်ထဲသို့ ခေါ်သွားပြီး -
" မနက်ဖြန် သွားရမယ့် အတူတူပဲ၊ လိုက်သွားမယ်နော် အစ်ကို၊ အစ်ကိုနဲ့ လိုက်ပြေးလာတာ ဂျူးဒစ်မှာ အပြစ် ရှိတယ်။ အမေ တစ်ချိန်လုံး စိတ်ပူနေရှာမှာ။ ထုတ်မပြောပေမဲ့ စိတ်ပူနေမှာ သေချာတယ်။ ဂျူးဒစ် လုပ်တာ မမှားတဲ့အကြောင်း ပြောမယ်၊ ဒါမှ မေမေ စိတ်သက်သာရာရမှာ "
" ကောင်းပြီလေ၊ အစ်ကို ကာလက်ကို သွားပြောလိုက်မယ်နော်၊ ဂျူးဒစ်လိုက်မယ့် အကြောင်းလေ "
" ဂျူးဒစ် အ၀တ်အစားတွေ ထည့်လိုက်ဦးမယ်၊ ကာလက် ကို ညစာ ကျွေးလိုက်ပါ အစ်ကို၊ မနက်ဖြန် အစ်ကို လိုက်ဖြစ်အောင် လိုက်လာခဲ့နော် "
ဖီးလစ် အပြင်ထွက်သွားတော့ ဂျူးဒစ် အ၀တ်အစားတွေ ပြင်သည်။ သန့်သန့်ပြန့်ပြန့် အ၀တ်ကလေး တွေကို ရွေးဝတ်သည်။ အမေ့ဆီ လိုက်သွားဖို့ ဣနြေ္ဒပျက်လောက်အောင် ဖြစ်မိခြင်း အတွက် အစ်ကို့ကို အားနာ စရာ ဖြစ်နေမလား။

" နင်တို့နေရတဲ့ အိမ်ကလဲဟယ် စုတ်ချာလိုက်တာ "
မြင်းရထား မောင်းထွက်လာပြီး လမ်းပေါ် ရောက်ရောက်ချင်း ကာလက်က နိဒါန်းမပျိုးဘဲ ပြောလာ သည်။
" သိပ်အဆိုးကြီး မဟုတ်ပါဘူး ကာလက်ရယ်။ ဂျူးဒစ်အတွက် ကပ္ပလီ အစေခံမတစ်ယောက်လည်း ရှိတယ်လေ "
" အမေကတော့ သူတို့ကို ကွင်းထဲက အလုပ်နဲ့ပဲ တန်တယ်တဲ့၊ အစားအသောက်အနား ကို မကပ်စေနဲ့တဲ့၊ ဒါလောက် မည်းနေတော့ သူတို့ ဘယ်လိုလုပ်ပြီး သန့်ရှင်းနိုင်မှာလဲ "
ပထမ တော့ တီဘီကို ဂျူးဒစ် သည်လိုပဲ မြင်ခဲ့သည်။ ခုတော့ သူ့အမြင်တစ်မျိုး ပြောင်းသွားပြီ။

" သူတို့ဟာ လူဖြူတွေလိုပဲ သန့်ရှင်းပါတယ် ကာလက်၊ မည်းတာနဲ့ ညစ်ပတ်တာ တခြားစီပဲ၊ ဖီးလစ်က လူမည်းကျွန် တွေနဲ့ တစ်သက်လုံး နေလာတော့ သူတို့အကြောင်းကို ပိုသိတယ်လေ "
ကာလက် က မြင်းကို ငေါက်ပြီး တအားမောင်းနေသည်။ ဂျူးဒစ်လွင့်မကျအောင် ထိုင်ခုံကို မနည်း ကိုင်ထား ရသည်။ နေရှိန်က ဆောင်းထားသည့် ဦးထုပ်ကို ဖောက်ထွင်းပြီး ရက်ရက်စက်စက် ပူနေ သည်။ သို့သော် ကြိတ်မှိတ်ခံနေလိုက်သည်။ အစ်ကိုလုပ်သူ၏ရှေ့တွင် မညည်းညူမိအောင် ချုပ် တည်းထား လိုက်သည်။

အတန်ကြာမှ ကာလက် လည်ချောင်းရှင်းပြီး -
" နင် နေရတာ အဆင်ပြေရဲ့လားဟင် ဂျူးဒစ် "
" ဟာ ဘာလို့ မပြေရမှာလဲ ကာလက်ရဲ့ "
" မေမေက နင့်အတွက် သိပ်စိတ်ပူနေတာ၊ နင်တို့နေတဲ့ အိမ်ကို သူတစ်ခါ ရောက်ပြီးကတည်းက တော်တော့် ကို စိတ်မကောင်းဖြစ်နေတယ်၊ မိုးမယိုဘူးလားဟင်"
" သိပ်မသည်းရင်တော့ မယိုပါဘူး "
" ဖီးလစ် ကရော နင့်အပေါ် ကောင်းရဲ့လား "
" ဂျူးဒစ် ကို သိပ်ချစ်ရှာပါတယ် ကာလက်ရယ် "
" အလုပ် တွေရော လုပ်ခိုင်းသလား " ဂျူးဒစ် ရယ်သည်။

" ဘာဆိုဘာမှ မလုပ်ခိုင်းဘူး၊ ချည်ငင်ပါရစေ ပြောတာတောင် မရဘူး၊ အဲဒီအတွက် ကောင်မလေး တစ်ယောက် သတ်သတ်ရှာပေးမယ်တဲ့၊ သူတို့အရပ်မှာ အမျိုးသမီးတွေ လုပ်စရာရှိတာတွေအား လုံး ကျွန် တွေက လုပ်ရတယ်တဲ့လေ "
" ဒါပေမဲ့ တို့က အဲဒီလောက်မှ မချမ်းသာဘဲ "
" နောက် ချမ်းသာလာမှာပေါ့၊ ဘုရင်မင်းမြတ် ပေးသနားတဲ့ ဒီမြေတွေ အများကြီးရယ်၊ မဲနယ်ဈေး က လည်း ဒါလောက်ကောင်းနေတာ ဘာလို့ မချမ်းသာရမှာလဲ၊ မစ္စတာပါစယ်တို့ နေပုံထိုင်ပုံ ကြည့် ပါလား "
" မစ္စတာပါစယ်တစ်ယောက် ပြောပုံဆိုပုံ နေပုံထိုင်ပုံအားလုံး ပြောင်းလဲသွားတယ်လို့ ဖေဖေက ပြော နေတယ်၊ သူ့မိန်းမကြောင့်ပဲ ထင်တယ်တဲ့ "
" ဂျာဗာစီလား၊ သိပ်တော်တဲ့ အမျိုးသမီးပါ ကာလက်ရယ်၊ ဘ၀င်မြင့်ပုံ မရပါဘူး "

" ထားပါလေ၊ အမေကတော့ နင့်ကိုမြင်မှ သက်သာလာမလား မသိဘူး "
ဂျူးဒစ် ပြုံးသည်။ ဖီးလစ် ဘယ်လိုတော်ကြောင်း၊ ဘယ်လောက် ပြည့်ဝကြောင်း မေမေ့ကို ပြောပြ ရဦးမည်။ ပြီးတော့ ကလေးမွေးဖို့ အကြောင်းကိုလည်း မေမေ့ကို မေးရမည်။ အဖေနှင့် အစ်ကို တို့နောက်ကွယ်မှာ သားအမိ နှစ်ယောက်ထဲ ပြောစရာတွေ အများကြီးပါလား။
ဂျူးဒစ်သည် နံဘေးမှ အစ်ကိုလုပ်သူကို အကြင်နာမျက်လုံးများဖြင့် ကြည့်လိုက်၏။ မိမိထက်ကြီး သော်လည်း သူ့မျက်နှာမှာ နုနုနယ်နယ်ကလေး။ ပီဘိကလေးတစ်ယောက် အတိုင်းပင်။ မိမိကမူ ၁၅ နှစ်အရွယ် တွင် အိမ်ရှင်မဖြစ်နေပြီ။ ၀က်သစ်ချမြိုင်ရဲ့ မျိုးဆက်သွေးကို ၀မ်းမှာ လွယ်ထား နေပြီ။

ရှာရမီမိသားစုက သူတို့ယာတောကို "သစ်ဖြူတော" ဟု နာမည်ပေးထား၏။ ကာလက်ရွေးပေး သည့်နာမည်ဖြစ်သည်။ ကာလက်သည် စိတ်ကူးယဉ်တတ်သူ ဖြစ်၏။ ကဗျာဆန်ချင်သူဖြစ်၏။ အဖြူ ရောင် ဆိုက်ပရပ် ပင်စည်တွေကို ကြည့်ပြီး ယာတောမြေနှင့် လိုက်ဖက်သည့် နာမည်ကို သူ ရလိုက်ခြင်း ဖြစ်သည်။
တစ်နှစ် နှစ်နှစ်လောက် နေလို့ဖြစ်အောင် မတ်ရှာရမီ၏ ကပ္ပလီတွေ အိမ်ဆောက်နေစဉ် သူတို့ သားအမိ သားအဖ တွေ ဝေါ်လ်တာပါစယ်အိမ်တွင် ဆက်နေကြသည်။ တောရှင်းပြီးမှ ယာတော အိမ်ကြီးဆောက်ဖို့ စီစဉ် ထားသည်။

လောလောဆယ်နေဖို့ ယာယီသစ်လုံးအိမ်မှာ တောင့်တင်း ခိုင်မာသည်။ အခန်း ၄ ခန်းပါသည်။ ထို့ ကြောင့် ဖီးလစ်နှင့် သူ့ကပ္ပလီတွေ တစ်ပတ်အတွင်း ဖြစ်ကတတ်ဆန်း ဆောက်ထားသည့် မီးခြစ် ဘူး သာသာ အိမ်ကို သူတို့ မိသားစု ဘ၀င်မကျနိုင်ခြင်းဖြစ်၏။ ချစ်သူနှင့်အတူတူ နေချင်လွန်း၍ အလော သုံးဆယ် လုပ်ခဲ့ခြင်းဖြစ်ကြောင်းကိုမူ ဂျူးဒစ် တစ်ယောက်သာ နားလည်နိုင်သည်လေ။ ခိုးရာ လိုက်သွားသည့်ညက သည်သစ်လုံး အိမ်ကလေးကို နိဗ္ဗာန်ဘုံ ထင်ခဲ့သေးသည် မဟုတ်လား။
အိမ်ထဲ မှ အဖေ ထွက်လာပြီးကြိုသည်။

" သမီး လိုက်လာတာ ဖေဖေ ၀မ်းသာပါတယ်။ သမီးယောက်ျားဆီက ခွဲလာရတဲ့အတွက်တော့ ဖေဖေ စိတ်မကောင်းပါဘူးကွယ် "
ဂျူးဒစ် စိတ်မကောင်းဖြစ်သွားသည်။ သြော် ဘယ်လောက် ပြည့်ဝသည့် ဖေဖေပါလဲ။

" သမီးလည်း လာတော့မယ့်ဆဲဆဲပါ ဖေဖေ "
" သမီးရောက်လာတာ သိပ်အဖိုးတန်တာပဲ၊ ဖေဖေနဲ့ ကာလက်က သိပ်ပြုစုတတ်တာ မဟုတ်ဘူး"
" မေမေ ရောဟင် "
" အိပ်ခန်းထဲမှာ သမီး၊ ခပ်ဖြည်းဖြည်း ၀င်သွားလေ "
သစ်လုံးအိမ်ကြီး၏ နံဘေးပေါက်မှ ဂျူးဒစ် လှမ်းဝင်သွားသည်။ သြော် အမေ့အိမ်ပီပီ အေးမြလှပါ ကလား။ ယာယီအိမ် ဖြစ်လင့်ကစား ရှင်းရှင်းသန့်သန့်၊ ကျယ်ကျယ်ဝန်းဝန်း။ ချက်ဖို့ ပြုတ်ဖို့ မီးဖို ခန်းက သီးသီးသန့်သန့်။ ကြမ်းကြားများတွင် ရွံ့တွေ သဲတွေမရှိ။ အမေ့အခန်းထဲကို ခြေဖော့နင်း ၀င်သွားသည်။ ဗိုင်းတောင့် တွေနှင့် ရစ်ဘီးကို အခန်း တစ်နေရာတွင် လှမ်းမြင်ရတော့ ရင်ထဲ နင့် သွားသည်။ အမေ့ကို အိပ်ရာ ပေါ်တွင် တွေ့ရ၏။ ခြင်ထောင်ချထားသဖြင့် အမေ့ရုပ်သွင်ကို ၀ိုးတ၀ါး စ မြင်သည်။

အမေ ခေါင်းထောင်ထလာသည်။ ခပ်ဖျော့ဖျော့ လေသံဖြင့် -
" သမီး ဂျူးဒစ် "
ခြင်ထောင်ကို ပင့်ကာ အမေ့အပေါ်ပိုင်းကို ပွေ့ပြီး နမ်းလိုက်သည်။ အသာပြန်ချပြီး ပါးချင်းအပ် တော့ ဟင် ... အသားတွေ ချစ်ချစ်တောက် ပူနေပါလား။ အမေ့အခြေအနေကို ကြည့်ပြီး ၀က်သစ်ချမြိုင်သို့ ချက်ချင်း ပြန်လာနိုင်လိမ့်မည် မဟုတ်ကြောင်း ဂျူးဒစ် သဘောပေါက်လိုက် သည်။ ရင်ထဲလေးသွားပြီး မေးစရာ တွေရှိတာ မမေးသင့်ကြောင်း နားလည်လိုက်၏။
 
အခန်း (၃)

အမေ့အခြေအနေ မကောင်းကြောင်း ဂျူးဒစ်ကို ဘယ်သူမှမပြောဘဲ ထားကြသော်လည်း ဂျူးဒစ် အကဲခတ် မိသည်။ ဝေါ်လ်တာပါစယ်တို့ လင်မယား ဆန်ပြုတ်တွေ၊ မုန့်ညက်တွေနှင့် ရောက်လာ ကြသည်။
ဂျာဗာစီသည် ခါတိုင်းထက်ပင် နူးညံ့ပျော့ပျောင်းနေ၏။ အမေ့နဖူးကို တယုတယစမ်းပြီး ပူပြင်းလွန်း သော နွေကို မခံစားဖူးသူများ ရတတ်သည့် အဖျားမျိုးဖြစ်ကြောင်း ရှင်းပြသည်။ သို့သော် မိမိသာ သည်လို လုပ်မသွားလျှင် အမေ ခုလို ဖျားပါ့မလားဟု ဂျူးဒစ် စဉ်းစားနေမိသည်။
ချစ်သူ နောက်သို့ ကောက်ကောက်ပါအောင် လိုက်ပြေးပြီး နောက် တစ်နေ့ အဖေ ရေးသားသည့် စာကို ဂျူးဒစ် သတိရနေသည်။ သည်စာကို ဘယ်လောက်မျိုသိပ်ပြီး အဖေ ရေးရကြောင်းကိုလည်း ဂျူးဒစ် နားလည် ပါသည်။

ချစ်သမီးလေး ဂျူးဒစ်
သမီး စိတ်နောက်ကိုယ်ပါ လုပ်သွားပြီးတဲ့ ကိစ္စကတော့ ပြီးသွားပြီပေါ့။ အဖေနဲ့ အမေတော့ သမီး စိတ်ချမ်းသာပါစေလို့ပဲ ဆုတောင်းနေပါတယ်။ ဖီလစ်လန်းက မိသားဖသားပီပီ ထုံးတမ်းစဉ်လာအရ သမီး ကို လက်ထပ်ယူတယ်ဆိုတော့ အိုအောင်မင်းအောင် ပေါင်းရပါစေလို့ ဖေဖေတို့ ဆုတောင်းပေးရမှာပေါ့။ မယားဝတ်ငါးပါး ကျေပွန်တဲ့ ဇနီးတစ်ယောက်ဖြစ်အောင် ကြိုးစားပါ။
ဖီးလစ် ကလည်း သမီးကို မြတ်နိုးကြင်နာလိမ့်မယ်လို့ ဖေဖေတို့ မျှော်လင့်ပါတယ်။
သမီးတို့ ဇနီးမောင်နှံကို ဘုရားသခင် စောင်မပါစေ။ ဘုရား တရားကို ဘယ်တော့မှ မမေ့ပါနဲ့။
ချစ်တဲ့ ဖေဖေ

မတ်ရှာရမီ

အဲဒီတုန်းက အစ်ကို့ကို ပြောခဲ့သေးသည်။
" တွေ့လား အစ်ကို၊ အစ်ကို့ကို သိပ်ချစ်တယ်ဆိုတာ သူတို့ သိထားတော့ သဘောတူရတယ် မဟုတ်လား "
အစ်ကိုက ရယ်ပြီး -
" ဟုတ်ပါတယ်ဗျာ၊ ဟုတ်ပါတယ်၊ သူတို့ သဘောမတူလို့လည်းရမှ မရတော့တာ" တဲ့လေ ။
ခုတော့ အမေ အိပ်ရာထဲ လဲနေပြီ။ သို့သော် သမီးလုပ်သူကို အပြစ်တင်စကား မဆိုရှာဘဲ အမေ့ ကြောင့် အလုပ်ပိုသည့်အတွက် စိတ်မကောင်းကြောင်း ညည်းညည်းတွားတွား ပြောနေသေးသည်။
အဖေက မမေးရက်မေးရက် အမူအရာဖြင့် -
" သမီးယောက်ျားနဲ့ အဆင်ပြေရဲ့ မဟုတ်လား၊ ပျော်ကော ပျော်ရဲ့လား "

" ပျော်ပါတယ် ဖေဖေ၊ အဆင်လည်း ပြေပါတယ်"
" အင်း၊ ၀မ်းသာပါတယ် သမီးရယ် "
သို့သော် သမီး၏စကားကို မတ်ရှာရမီ လုံးဝဥဿုံတော့ ယုံကြည်ခြင်းမရှိပေ။
ဂျူးဒစ်သည် အမေ့ကို အတတ်နိုင်ဆုံး ပြုစုသည်။ သို့သော် လုပ်စရာတွေက အပုံအပင်။ ချက်ရေး ပြုတ်ရေး၊ အိမ်သန့်ရှင်းရေး၊ လျှော်ရေးဖွပ်ရေး၊ အမေ့အတွက် ဓာတ်စာ စသည် စသည်။
ဖီးလစ် ရောက်လာပြီး ဂျူးဒစ်ကို တားသည်။

" ဟာ ... အချစ် ဒါလောက် အပင်ပန်းခံလို့ ဘယ်ဖြစ်မလဲကွယ်၊ နေလို့ကော ကောင်းရဲ့လားဟင်"
မီးဖိုနားတွင် ချက်ရပြုတ်ရသည့်အခါ ပူလွန်းသဖြင့် အားအင်ကုန်ခန်းကာ မူးနောက် ရီဝေလျက်။ အမေ့အိပ်ရာ နံဘေးက ခုတင်ဆီသို့ မနည်းရောက်အောင် သွားခဲ့ရသည့်အဖြစ်ကို မေ့ထားပြီး မပင်ပန်းလှကြောင်း၊ နေထိုင်ကောင်းကြောင်း အစ်ကို့ကို ပြန်ပြောပြရသည်။ သို့သော် ဖီးလစ်က တီဘီကို ပို့ ဖြစ်အောင် ပို့လိုက်ပြီး သူက ကပ္ပလီတွေနှင့် ရောနှောစားနေလေသည်။
သည်လောက်ပူလောင်သည့် ရာသီတွင် အမေသည် ခိုက်ခိုက်တုန်အောင် ချမ်းပြီး မေးချင်း ရိုက် နေတတ်သည်။ ရှိသမျှစောင်တွေ ထပ်ခြုံပေးသော်လည်း အချည်းနှီးပင်။ တစ်ကိုယ်လုံး ပူချစ်နေ၏။ အဖျားကျသွားပြီး ထူထူထောင်ထောင် ဖြစ်လာသည့် ရက်များလည်း ရှိတတ်သည်။

သည်အခါမျိုးတွင် ကလေးအကြောင်း၊ မွေးပုံဖွားပုံအကြောင်း မေးဖို့ စိတ်ကူးလိုက်တိုင်း အဖျားက အမေ့ ဆီသို့ အတင်းပြန်ရောက်လာပြန်သည်။ မမေးဖြစ်တော့ပြန်။ စိတ်မပူဖို့ ကိုယ့်ကိုယ်ကိုယ် အားပေးနေရ၏။ မိန်းမ တွေ အများကြီး ကိုယ်ဝန်ဆောင်နေကြတာပဲ။ မွေးဖွားနေကြတာပဲ။
ကနက်တီကပ်မှာတုန်းက အမေ့မိတ်ဆွေတွေ မွေးလို့ မုန့်တွေ၊ ပန်းစည်းတွေနှင့် ခဏခဏ မီးနေ ၀င်ရသည်ကို အမှတ်ရနေသည်။ မီးဖွားရင်း အသေအပျောက်ရှိသော်လည်း အလွန်နည်းပါသည်။ ဘာကြောင့် သေရသည်၊ ဘယ်လို သေရသည်ကိုတော့ ဂျူးဒစ် မသိပေ။ ငယ်စဉ်က ကျန်းမာရေး မကောင်းကြ ၍ မမွေးနိုင်ကြခြင်း ဖြစ်ပေမည်။ မိမိအနေဖြင့် ဒီအရွယ်အထိ ဖျားဖူးနာဖူးခြင်း မရှိ၍ စိတ်ပူစရာ မလိုပေ။ သို့သော် မပူဘဲလည်း မနေနိုင်ဖြစ်နေ၏။

ဂျာဗာစီ ဒီတစ်ခါ လာရင်တော့ မေးဖြစ်အောင် မေးမည်။ သို့သော် ဂျာဗာစီတစ်ယောက် နောက်တစ် ခေါက် ပေါ်မလာတော့ပေ။ ဝေါ်လ်တာပါ စယ်တစ်ယောက်တည်း မြင်းတစ်စီးနှင့် တောလမ်းက ဖြတ်စီးလာတတ်သည်။ တစ်နေ့တွင် ဝေါ်လ်တာက ဂျူးဒစ်ကို ရှေ့ခန်းခေါ်ပြီး မေးသည်။
" ဂျူးဒစ် ဘာလိုသေးလဲဟင်၊ ဂျာဗာစီက မှာတယ်၊ လိုတာပြောပါတဲ့ "
" ဘာမှတော့ မလိုပါဘူး အစ်ကိုကြီး၊ ဒါပေမဲ့ သူ့ကို ဂျူးဒစ် တွေ့ချင်နေတယ်လို့ ပြောပေးပါနော် "
" သူ လာနိုင်မယ်မဟုတ်ဘူး ဂျူးဒစ်၊ ဒါကြောင့် ခုလို မှာတာလေ၊ မင်းအမေ ဒါလောက် နေမကောင်း ဖြစ်နေတာ ကို သူက ဂရုမစိုက်ဘူးလို့ ထင်မှာ စိုးတယ်တဲ့လေ၊ သူ့ကိုယ်ဝန်က သုံးလထဲ ရောက်နေပြီ ဂျူးဒစ်၊ လမ်းကဆိုးတော့ သွားလို့လာလို့ မကောင်းတော့ဘူး "

ဂျူးဒစ်က ခေါင်းညိတ်ပြီး -
" ဒါပေါ့လေ၊ ကျေးဇူးတင်ပါတယ် အစ်ကိုကြီး၊ အစ်ကိုကြီးတို့ ကျေးဇူး ဂျူးဒစ် မမေ့ပါဘူး"
ဝေါ်လ်တာ ထွက်သွားတော့ ဂျူးဒစ်တစ်ကိုယ်တည်း အားငယ်သလိုလို ဖြစ်ကျန်ရစ်သည်။ ဧရာမ စံအိမ်ကြီး တွင် အစေခံတွေ၊ အခြွေအရံတွေနှင့် မင်းသမီးတစ်ပါးလို ခံစားနေသည့် ဂျာဗာစီကို အားကျ နေမိ၏။
တစ်နေ့တွင် တီဘီက ကောက်ကာငင်ကာ မေးသည်။
" မမလေး၊ မမလေး မှာ ဟို ဗိုက် ... အဲလေ ကလေးရနေပြီလား "
ဂျူးဒစ် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
" သွားစမ်း တီဘီ၊ ဖေဖေ ကြားသွားမယ်၊ သူ့မှာ ပူပင်စရာတွေ အများကြီး "
" ဟုတ်ကဲ့၊ မမလေး " ဟု ပြောပြီး ထွက်သွားသော်လည်း ကျေနပ်ပုံမရ။ နောက်တစ်နေ့ ဖီးလစ် ရောက်လာ တော့ တန်းပြောသည်။

" အစ်ကိုလေး မမလေးကို ပြန်ခေါ်သွားပေးပါ၊ သူ့ကို နားခိုင်းပါ"
သို့သော် ဂျူးဒစ်ကို ပြန်ခိုင်း၍မရ။ ဤသို့ဖြင့် သြဂုတ်လထဲသို့ ရောက်လာသည်။ အမေတစ်ယောက် သည်တောင်ကို ကျော်နိုင်တော့မည် မဟုတ်ကြောင်း အားလုံး သိနေကြပြီ။ တဖြည်းဖြည်းနှင့် စကားပင် ဖြောင့်ဖြောင့် မပြောနိုင်တော့သော အခြေအနေသို့ ရောက်လာသည်။
အမေ့ ကို သနားတာထက် အဖေ့အဖြစ်ကို ကြည့်ပြီး ဂျူးဒစ် ပိုပြီး စိတ်ထိခိုက်ရသည်။ အဖေသည် ခုတလော စကားမပြောတော့ဘဲ အိမ်ပတ်ဝန်းကျင်တွင် ဆောက်တည်ရာမရ လျှောက်သွားနေ တတ်သည်။ တစ်ခါ တစ်ရံ တောထဲ ၀င်သွားတတ်သည်။
ဂျူးဒစ် အဖို့ လုပ်စရာများများ မရှိဘဲ အသေးအဖွဲ ကိစ္စကလေးများဖြင့် အချိန်ကုန်လျက် ရှိသည်။ အမေ့ နဖူးပြင် ကို ရေဖတ်တင်ပေးခြင်း၊ တွန့်ကြေနေသည့် ခေါင်းအုံးကို ဆွဲဖြန့်ပေးခြင်းမျိုးမှ လွဲ၍ ဂျူးဒစ် ဘာလုပ် ရမှန်း မသိတော့။

နွေသည် ကြမ်းသည်ထက် ကြမ်းလာ၏။ အမေ့နဖူးကို ရေဖတ်တင်ဖို့ ရေအေးအေးပင် မရတော့။ ဘာလုပ်ရမှန်း မသိသည့်အဆုံး အစ်ကို့ကို သစ်ဖြူတောအိမ်တွင် ခဏလာနေဖို့ အခေါ်လွှတ်လိုက် ရတော့သည်။ အစ်ကို ရောက်လာတော့လည်း ဘာမှ အကြောင်းမထူး။ အစ်ကိုသည် သည်လို အချိန်မျိုး တွင် အသုံးမ၀င်လှဘဲ ဖြစ်နေသည်။  စိတ်ရှုပ်နေသည့် ကလေးတစ်ယောက်နှင့် တူနေ၏။
မဆုံးမီ အချိန်ကလေးတွင် အမေ့မျက်လုံးတွေ ကြည်လင်လာသလိုရှိ၏။ အဖေ့ကို ခေါ်ခိုင်းသည်။ အဖေ့ကို အခန်း ထဲ သွင်းပေးပြီး အပြင်တွင် ဖီးလစ်၊ ကာလက်တို့နှင့်အတူ ဂျူးဒစ် ရပ်စောင့်နေ သည်။ အတန်ကြာမှ အဖေ ပြန်ထွက်လာသည်။ တံခါးကို အသာလေး နောက်ပြန်ပိတ်ထားခဲ့ပြီး ဘာမှမပြောဘဲ အိမ်ရှေ့ဘက်သို့ ထွက်သွားသည်။ သူ့ခြေထောက်တွေကခဲဆွဲထားသည့်အလား။ ပထမဆုံးအကြိမ်အဖြစ် အဖေ့ ကို အဘိုးအို တစ်ယောက်အသွင် ဂျူးဒစ် မြင်ဖူးလိုက်ခြင်းဖြစ်သည်။

အဖေ့ကို ကြည့်ပြီး အမေဆုံးပြီဟု အားလုံး သိလိုက်ကြသည်။ နောက်ဆုံးအချိန်တွင် အဖေ့ကို ဘာတွေများ မှာခဲ့ပါလိမ့်ဟု ဂျူးဒစ် သိချင်နေသည်။ သို့သော် ဘယ်နည်းနှင့်မှ အဖေပြန်ပြောမည် မဟုတ်သည် ကိုလည်း သိနေ၏။ လင်နှင့်မယားကြားတွင် ဘယ်သူ့ကိုမှ အသိမပေးသည့် ကိစ္စမျိုး တွေ ရှိနေတတ် သည် မဟုတ်လား။
အစ်ကို့ လက်ကို တွဲပြီး သုံးဦးသား အဖေ့နောက်သို့ လိုက်သွားကြသည်။ လှေကားထစ်တွေပေါ် တွင် ဖေဖေ ထိုင်နေသည်။ နဖူးကို လက်နှစ်ဖက်ပေါ်တွင် အားပြုလျက်။ အဖေ့အနားသို့ ဂျူးဒစ် အသာ ကပ်သွားသည်။ ဆံပင်တွေကို ပွတ်သပ်ပေးသည်။ အဖေ့ဆံပင်တွေက သန်မာ တောထ နေဆဲ။ အဖေက မော်မကြည့် ဘဲ စိတ်ပျက်လက်ပျက် ညည်းသည်။

" သူ့ခေါင်းရင်းမှာ မှတ်တိုင်စိုက်ဖို့ ကျောက်ပြားနဲ့တူတာကို မရှိဘူးကွာ၊ ဘယ်လိုအရပ်လဲ မသိပါဘူး"
ဂျူးဒစ် လည်ချောင်းထဲ ဆို့သွားသည်။ အစ်ကို ပခုံးသိုင်းဖက်လာသည်ကို သတိထားလိုက်မိ၏။ အလွန် မျက်ရည် လွယ်သည့် ဂျူးဒစ်တစ်ယောက် ငိုလို့မရဘဲ ဖြစ်နေသည်။
ဆိုက်ပရပ် ထင်းရှူးသားဖြင့် လူမည်းကျွန်တွေ အခေါင်းစပ်ကြသည်။ နောက်တစ်နေ့မနက်တွင် စိန့်မာဂရက် ၀တ်ကျောင်းမှ ဘုန်းတော်ကြီး သရဏဂုံတင်ပေးဖို့ ရောက်လာသည်။
ဝေါ်လ်တာပါစယ် နှင့် မိတ်ဆွေအားလုံး လာကြသည်။ အသုဘရှုလာသူတိုင်း နှင်းဆီဖြူတွေ၊ တောင်ဇလပ် တွေ ပါလာကြပြီး "ခေါင်း"ပေါ်တွင် တင်ကြသည်။

ခုရက်ပိုင်းတွင် ဂျူးဒစ် လက်မလည်အောင် အလုပ်တွေ ရှုပ်နေသည်။ ပတ်ဝန်းကျင်တွင် အစ်ကို့ကို ရှာကြည့်သည်။ အရိပ်အယောင်မျှ မတွေ့။ တစ်နေရာရာမှာ ရှိနေမည်ဟု ထင်၏။ သို့သော် အစ်ကို လုံးဝမရှိ။ သောကပင်လယ်ဝေနေသည့် အဖေ သတိမထားမိပါစေနဲ့ဟု ဂျူးဒစ် ဆုတောင်းနေရသည်။ ကာလက် က သိသည်။ ညီမလုပ်သူကို တိုးတိုးကပ်မေးသည်။ ဂျူးဒစ် ခေါင်းခါပြရုံမှလွဲပြီး ဘာမှ မတတ် နိုင်ရှာပေ။
အခေါင်းနံဘေးတွင်ရပ်ပြီး ဘုန်းတော်ကြီးက ရွတ်ဖတ်သရဇ္ဈာယ်သည်။
" ငါသည် ရှင်ပြန်ထမြောက်လာသူဖြစ်သည်။ ငါသည်ပင် ဘ၀ဖြစ်သည်။ ငါကိုယ်တော်ကို ယုံကြည် သူသည် သေလွန်သော်လည်း ရှင်နေလိမ့်မည်သာ။ ဤသည်ကို ယုံကြည်သူ၊ ငါကိုယ်တော်ကို ယုံ ကြည် သူသည် ထာဝရအသက်ရှင်နေလိမ့်မည်"
ကပ္ပလီကျွန်တွေက အခေါင်းကိုထမ်းပြီးမြင်းရထားပေါ် တင်လိုက်ကြသည်။ အခြားလူများနှင့်အတူ ဂျူးဒစ် မြင်းရထားတစ်စီးပေါ် တက်ထိုင်လိုက်သည်။ မညီမညာ လမ်းကလေးအတိုင်း မြင်းရထား တွေ ထွက်သွား ကြသည်။

သစ်လုံးဖြင့်ပြီးသည့် ဘုရားရှိခိုးကျောင်းကလေးရောက်တော့ နေ၀င်စပြုပြီ။ ကျွန်တွေ အခေါင်းကို မြေချတော့ အခေါင်းပေါ်ကို ရှည်လျားလှသော လူရိပ်တွေ ထိုးဆင်းနေ၏။ ဘုန်းတော်ကြီးကစပြီး တွင်းထဲ သို့ မြေတစ်ဆုပ်ပစ်ထည့်လိုက်သည်။ အဖေသည် တွင်းထိပ်တွင် မလှုပ်မယှက် ငြိမ်ငြိမ်ကြီး တွေရပ်နေ၏။ ဦးခေါင်း ကို ငိုက်စိုက်ချလျက်။ ဂျူးဒစ်ရော ကာလက်ပါ စကားမပြောရဲကြ။
အခေါင်း ကို မြေဖို့ပြီးတော့ မှောင်စပြုပြီ။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်လျက်။

ထိုစဉ် သုသာန်ဆီသို့ မြင်းလှည်းတစ်စီး တရကြမ်း မောင်းလာနေသည့် အသံကို အားလုံး ကြား လိုက် ရသည်။ အသံလာရာဆီသို့ လူတွေ လှည့်ကြည့်လိုက်ကြသည်။ မှောင်နေပြီဖြစ်၍ လူနည်း နည်းသာ ကျန်တော့၏။ မြင်းလှည်းသည် သုသာန်ဝင်းထဲသို့ တန်းတန်းမတ်မတ် မောင်းဝင်လာနေ သည်။ ဆိတ်ငြိမ် ရပ်ဝန်း သည် မြင်းလှည်းသံဖြင့် ဆူညံသွား၏။
အနားရောက်မှ မောင်းလာသူမှာ ဖီးလစ်ဖြစ်ကြောင်း တွေ့ကြရသည်။ နံဘေးတွင် သူ့ လက်စွဲတော် ချာတိတ် ဂျိုးလည်း ပါလာသည်။ ကာလက်၏ လက်ကို လွှတ်ချပြီး ဂျူးဒစ် ပြေးသွား ၏။ ဖီးလစ်က ဇနီး လုပ်သူကို မကြိုအားဘဲ မြင်းလှည်းပေါ်မှ ပစ္စည်းတစ်ခုကို ဂျိုးနှင့်အတူ သယ်ချ နေသည်။ ပြီးမှ မတ်ရှာရမီ ဆီသို့ လျှောက်သွားပြီး -
" ကျွန်တော် ယူလာခဲ့ပါပြီ ခင်ဗျာ "
သမက်လုပ်သူကို ဘာမျှနားမလည်သလို မတ် စိုက်ကြည့်နေသည်။ သူ ပျောက်နေသည်ကိုရော၊ သူရောက်လာသည်ကိုပါ မတ် ဂရုမထားမိပေ။

" ဘာလဲ၊ ဘာယူလာတာလဲ "
အိပ်မက်မှ လန့်နိုးလာသူလို ဇဝေဇ၀ါ ပြန်မေးသည်။
" ကျောက်တိုင်ပါ ခင်ဗျာ "
" ဟင် " ဟု တအံ့တသြ အာမေဍိတ်ပြုကာ ကျောက်တိုင်ဆီ လျှောက်သွားပြီး ဒူးထောက်ထိုင်ချကာ ကိုင်ကြည့် နေသည်။

ဘုန်းတော်ကြီး၏တပည့် ကိုင်ထားသည့် လက်ဆွဲမီးအိမ်ကို ဂျူးဒစ်လှမ်းယူလိုက်သည်။ လူဝီစီးယား နားသို့ ရောက်ကတည်းက ကျောက်တုံးနှင့် တူသည့် ပစ္စည်းဟူ၍ ကျောက်စရစ်ခဲပင် မတွေ့ဖူးသေး။
အစ်ကို ယူလာသည့် ကျောက်တိုင်မှာ စတုဂံပုံစံ မညီမညာ ဆစ်ထားသည့် ကျောက်သားတုံးကြီး။ ထွင်း ထားသည့် စာလုံးတွေကလည်း ခပ်ကြမ်းကြမ်းတွေ။ မနည်းကြိုးစားပြီး ဖတ်ယူရသည်။
" ကက်သရင်း။ မတ်ရှာရမီ၏ ချစ်ဇနီး၊ ၁၇၇၄ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် ကွယ်လွန်အနိစ္စ ရောက်သည်။"

သည်တော့မှ အစ်ကို့လည်ပင်းကို သိုင်းဖက်ပြီး ဂျူးဒစ် ငိုဖြစ်တော့သည်။ မနေ့ညက ညှစ်ထုတ်၍ မရခဲ့သည့် မျက်ရည်တွေ ယနေ့မှ စုပြုံပြီး ပြိုဆင်းလာတော့၏။ အစ်ကို့ သိတတ်မှု အတွက်လည်း ရင်ဝယ် တသိမ့်သိမ့်ဖြစ်နေ၏။ အဖေ ဘယ်လောက် ကျေနပ်နေမည်နည်း။
သည်ကျောက်တုံးကြီး ဘယ်က ရလာသည်ကို ဖီးလစ် တော်တော်နှင့် မပြောဘဲထားသည်။ နောက် မှ အဖေ့ ကို ပြန်မပြောဖို့ ကတိတောင်းပြီး ဖီးလစ် ဇာတ်ကြောင်း ပြန်ပြသည်။
" အဲဒါ အစို ခိုးလာတာ ဂျူးဒစ်၊ နယူးအော်လီယန်းကို ကုန်ကြမ်း လာဝယ်ကြတဲ့ ပြင်သစ်နဲ့ စပိန်သင်္ဘောတွေဟာ ဒီအလာမှာ ကုန်ချော များများစားစား တင်မလာကြဘူး၊ ဒီဘက်အပိုင်းမှာ ၀ယ်သုံး နိုင်တဲ့လူ သိပ်မရှိကြဘူး မဟုတ်လား။

ဒီတော့ အလာမှာ သင်္ဘောငြိမ်အောင် ကျောက်တုံး တွေ တင်လာလေ့ရှိတယ်။ အဲဒီကျောက်တုံးတွေကို နယူးအော်လီယန်း ဆိပ်ကမ်းမှာ သူတို့ ပစ်ထား ခဲ့ကြတယ်လေ၊ ဒီလို ရွှံ့နွံထူထပ်တဲ့ အောက်ပြည် အောက်ရွာ မှာ ဘယ်လောက် အဖိုးတန် တယ်ဆိုတာ သူတို့ မသိကြဘူး၊ အဲဒီမှာ မြို့နယ်ကောင်စီက လမ်းပြင်ဖို့ သိမ်းယူလိုက်တယ်။
" လွန်ခဲ့တဲ့ တစ်ရက် နှစ်ရက်ကမှ ဘာတွန်ရုဂ်က ခြံပိုင်ရှင် တစ်ယောက်က သူ့အိမ်အ၀င်လမ်းခင်း ဖို့ ကျောက်တုံးတွေ လှမ်းမှာတဲ့အကြောင်း အစ်ကို သတင်းရတာ၊ အဲဒီ ကျောက်တုံးတွေ ဒယ်လ်ရွိုင်း ဆိပ်ကမ်း မှာ ချနေတုန်း လှေသမားတွေကို အမူးတိုက်ပြီး အစ်ကို တစ်တုံး လစ်လာတာ"
သူတစ်ပါး ပစ္စည်း ခိုးယူခြင်းကို ကြောက်မက်ဖွယ် ပြစ်မှုကြီးဟု ယုံကြည်နေသည့် ဂျူးဒစ်တစ်ယောက် လင်တော်မောင် ၏ ခိုးမှုကို အပြစ်မမြင်နိုင်ဖြစ်နေလေသည်။

စက်တင်ဘာ ပထမပတ်တွင် ၀က်သစ်ချမြိုင်သို့ လင်မယားနှစ်ယောက် ပြန်ခဲ့ကြသည်။ မြင်းရထား ထွက်ခါနီး တွင် မတ်လာပြီး နှုတ်ဆက်သည်။ ဂျူးဒစ် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းပြောတော့ အမေမသေခင် သိမသွားရသည့်အတွက် စိတ်မကောင်းကြောင်း ပြန်ပြောရှာသည်။ တစ်ဆက်တည်းတွင် -
" သမီးကို ဒီလာဖို့ မပြောခင် ဒါကို ဖေဖေ ထည့်စဉ်းစားမိဖို့ ကောင်းတာပေါ့" ဟု စိတ်မကောင်း သည့် လေသံ ဖြင့် ပြောနေသေးသည်။
" ရပါတယ် ဖေဖေရယ်၊ ကိစ္စမရှိပါဘူး "
စင်စစ် ဂျူးဒစ်တစ်ယောက် အမေ့အိမ်တွင် များများစားစား လုပ်အားပေးနိုင်ခဲ့ခြင်းမရှိပါ။ ဘာကြောင့် သည်နွေကာလ ရိုင်းတွင် မိမိနှေးကွေးလေးလံနေကြောင်း ဖေဖေ ခုမှ သဘောပေါက် ရှာမည် ထင်သည်။

" ဖေဖေ့အနားမှာ ပြုစုမယ့်လူမရှိဘဲ သမီး ထားသွားရမှာကို စိတ်မကောင်းပါဘူး၊ တီဘီကို ဖေဖေ့ဆီ ပို့ထား ဖို့ ဖီးလစ်နဲ့ တိုင်ပင်ပြီးပါပြီ၊ သမီးအတွက် ဘာမှ မပူနဲ့နော် ဖေဖေ "
သမီးကို လှမ်းဖက်ပြီး ပခုံးပုတ် နှုတ်ဆက်သည်။ သြော် ဖေဖေ၊ ဖေဖေ။ ဘ၀တွင် သောကတွေ အကြိမ်ကြိမ် တွေ့ခဲ့ရသည့် ဖေဖေပါလား။ ကာလက် မမွေးခင် ကလေးလေးယောက် ကျောက် ရောဂါဖြင့် ဆက်တိုက် ပျက်စီးခဲ့ဖူးသေးသည်လေ။ ခုတော့ သူ့အနားမှာ ဝေဒနာကို အမြဲတမ်း မျှဝေခံစားသည့် အမေလည်း မရှိတော့ပြီ။
" ဖေဖေရယ်၊ သမီးဘ၀မှာ ဖီးလစ်နောက် လိုက်ပြေးတာကလွဲပြီး တစ်ခါမှ ဖေဖေ စိတ်ဆင်းရဲ အောင် မလုပ်ခဲ့ဖူး ပါဘူးနော်၊ နောင် ဖေဖေ စိတ်မချမ်းမသာ ဖြစ်မယ့်ကိစ္စ သမီး ဘယ်တော့မှ မလုပ်တော့ပါဘူး ဖေဖေ"
" သမီးက အမြဲတမ်းလိမ္မာတဲ့ သမီးပါကွယ် "
ဖီးလစ် အိမ်ထဲမှ ထွက်လာသည်။

" ကဲ သွားစို့လား ဂျူးဒစ်" ဟု ပြောပြောဆိုဆို ဇနီးလုပ်သူကို မြင်းလှည်းပေါ် ပွေ့တင်သည်။ ယောက္ခမကြီး ကို လက်ဆွဲနှုတ်ဆက်ရင်း -
"တီဘီ ကို ဦးအတွက် မနက်ဖြန် ကျွန်တော် ပြန်ပို့ပေးလိုက်ပါ့မယ်၊ ခု မထားခဲ့နိုင်တာ ခွင့်လွှတ်ပါဦး၊ ဂျူးဒစ်အတွက် နောက်ဝယ်လိုက်တဲ့ ကောင်မလေးကို သူ ပြပေးစရာကလေးတွေ ရှိနေလို့ပါ။ မင်္ဂလာပါခင်ဗျာ"
မြင်းလှည်းပေါ် လွှားခနဲခုန်တက်ပြီး မောင်းထွက်လာခဲ့ကြသည်။ လင်တော်မောင်ကို ဂျူးဒစ် တစ်ချက် မော် ကြည့်သည်။ အစ်ကိုသည် အဖေနှင့်လည်းမတူ။ ကာလက်နှင့်လည်း မတူသည့် လူ တစ်မျိုးဖြစ်၏။ ဘယ်လောက် ထူးခြားသည့် အစ်ကိုပါလဲ။ သူလိုလူကို ပိုင်ဆိုင်ရခြင်းအတွက် ဘယ် လောက်ဂုဏ်ယူစရာ ကောင်းလိုက် ပါသလဲ။
ဖီးလစ် သည် ဂျူးဒစ်အမေ သေဆုံးခြင်းအတွက် အလွန်စိတ်မကောင်းဖြစ်မိပါသည်။ ဇနီးသည်နှင့် ထပ်တူ ထပ်မျှ ကြေကွဲဝမ်းနည်းပါသည်။ သို့သော် သည်ကိစ္စသည် သူ့အတွက် ပြီးသွားလေပြီ။ လုပ်စရာ ရှိတာတွေ ကို ပြန်ပြီး အာရုံစိုက်ရတော့မည်။

ဂျူးဒစ်က ထိုင်ခုံကို လက်နှစ်ဖက်ဖြင့် ကိုင်ရင်း -
" ဖြည်းဖြည်းမောင်းပါ အစ်ကိုရယ်၊ ဂျူးဒစ် လွင့်ကျသွားပါဦးမယ်"
" သြော် အင်း၊ အစ်ကို သတိလစ်သွားတယ် ဂျူးဒစ်"
ဇက်ကြိုးကို အသာတုံ့ပြီး အရှိန်လျှော့လိုက်သည်။ ဇနီးသည်ကလေးကို ငဲ့ကြည့်ရင်း -
" ဒါလောက်ဆို သိပ်မခုန်တော့ပါဘူး၊ အချစ် အိမ်ပြန်ရောက်တော့မှာမို့ အစ်ကိုတော့ ပျော်နေတယ်၊ မင်းရှိဘဲ အစ်ကို အိမ်မှာ တစ်ယောက်တည်းနေရတာ သိပ်ပျင်းစရာကောင်းတာပဲ"
ဂျူးဒစ် ပြုံးသည်။ သစ်လုံးအိမ်ကလေး ဘယ်လိုများ ဖြစ်နေပါလိမ့်။ တစ်အိမ်လုံး ပုရွက်ဆိတ်တွေ အာဏာ သိမ်း ထားမှာပါ။ ဒါလောက် လုံလုံခြုံခြုံဆောက်ထားတဲ့ အဖေ့မီးဖိုချောင်ကိုတောင် သူတို့ရ အောင် ၀င်ကြ သေးတာပဲ။

စက်တင်ဘာလထဲ ၀င်လာသည့်တိုင် နွေက မညှာမတာ ပူလို့ကောင်းဆဲ။ ကနက်တီကပ်မှာ ခုလောက်ဆို သစ်ပင်တွေ ရွက်နုဝေနေပြီ။ မနက်မနက်ဆို နှင်းမှုန်တွေ ကျပြီး ခိုက်ခိုက်တုန်နေ လောက်ပြီ။ အမျိုးသား တွေက ထွန်ကြ၊ ယက်ကြနှင့်။ အမျိုးသမီးတွေက သိုးမွေးချည်တွေ ငင်သူငင်၊ အနွေးထည်တွေ ထိုးသူထိုး  နှင့် အလုပ်ရှုပ်နေကြလောက်ပြီ။
" ဒီလိုရာသီဥတုနဲ့ ဆိုရင်တော့ မဲနယ်တွေ အများကြီးထွက်မှာပဲ"
သူက သူ့စိတ်ကူးနှင့်သူ ပြောနေသည်။

" ဒီရာသီမျိုးကို မဲနယ်ပင်တွေ ကြိုက်တယ်လား"
" ဒါပေါ့၊ နောက်နှစ်မှာ ၀ါဂွမ်းလည်း နည်းနည်း ထည့်စိုက်ကြည့်မယ်၊ ဒီက စိုက်ပျိုးရေးသမားတွေ ၀ါကိုသပ်စိတ်မ၀င်စားကြဘူး၊ ရသလောက် အကုန်အကျများတယ်တဲ့၊ သူတို့က ၀ါကောက်ချိန်မှာ ကပ္ပလီတွေ လုပ်သားတွေ သုံးတာကိုး၊ အစ်ကိုကတော့ ကလေးတွေကို ကောက်ခိုင်းမယ်၊ ဘာခက်တာ မှတ်လို့"
" အင်း၊ ဟုတ်တယ်နော် "
ဘီးတစ်ဘီးက ချိုင့်ထဲကျသွားသဖြင့် ထိုင်ခုံကို လက်နှစ်ဖက်ဖြင့် တင်းတင်း ဆုပ်ထားလိုက်ရသည်။ ကံောင်းလို့ လွင့်မကျခြင်းဖြစ်၏။ ဒါကြောင့် သူ့မိန်းမကို မစ္စတာပါစယ် ခေါ်မလာတာကိုး။ သိပ်မှန် တာပေါ့။ ကလေးများ တစ်ခုခုဖြစ်မှဖြင့်။ ဖီးလစ်က လက်တစ်ဖက်ဖြင့် ဂျူးဒစ်ကို ဖက်ပြီး ထိန်းထား ပေးသည်။

" မင်းအတွက် ကောင်မလေးတစ်ယောက် ၀ယ်ထားပေးတဲ့အကြောင်း ပြောပြီးပြီနော်"
ဂျူးဒစ်က ခေါင်းညိတ်သည်။
" ကျေးဇူးတင်ပါတယ် အစ်ကိုရယ်၊ ဒါဆို အလုပ်တွေ ကိုယ်တိုင် မလုပ်ရတော့ဘူးပေါ့ ဟုတ်လား"
" လုံးဝ မလုပ်ရဘူး၊ မင်း ပင်ပန်းလှပါပြီ ကလေးရယ်၊ ကောင်မလေးက မဆိုးပါဘူး၊ နယူးအော်လီယန်းက ရထားတာ၊ သူ့ပိုင်ရှင်တွေ သေသွားလို့ အစ်ကို ရလိုက်တာလေ။ နာမည်က အိန်ဂျဲလစ်တဲ့"
မြင်းလှည်းနောက်ပိုင်း ကြမ်းပြင်ပေါ်တွင် ထိုင်လိုက်လာသည့် တီဘီကို ပြန်လှည့်ကြည့်လိုက်သည်။ တီဘီကို လက်လွှတ်ရမှာ စိတ်မကောင်းဖြစ်နေ၏။

" နာမည်ကလေးက ချစ်စရာပဲ၊ ပြင်သစ်နဲ့ ကပ္ပလီကပြား ထင်တယ်၊ ဟုတ်လား အစ်ကို "
" ဟုတ်တယ်၊ အင်္ဂလိပ်စကားတော့ သိပ်မတတ်ဘူး၊ မင်း ထင်တယ်၊ ဟုတ်လား အစ်ကို "
" ဟုတ်တယ်၊ အင်္ဂလိပ်စကားတော့ သိပ်မတတ်ဘူး၊ မင်း သင်ပေးရလိမ့်မယ်"
လဲကျနေသည့် သစ်တုံးကြီးကို မြင်းလှည်းဘီး တစ်ဖက် ဖြတ်တက်သွားသည်။ ဂျူးဒစ် အလန့်တကြား ဖြစ်သွားပြီး ဖီးလစ်၏ခါးကိုလှမ်းဖက်ထားလိုက်ရသည်။ မဲနယ်ပင်တွေကို စည်ကြီးတွေထဲတွင်ပေါင်းပြီး မဲနယ်ဖြစ်အောင် လုပ်ပုံကိုင်ပုံများကို ဖီးလစ်က ရှင်းပြနေသည်။

အဲဒီ မဲနယ်အကြောင်းကို ရပ်ထားပြီး ဂျူးဒစ် လွင့်ကျမသွားအောင် ဂရုစိုက်ဖို့ စိတ်ကူးပါလား အစ်ကိုရယ်ဟု စိတ်ထဲမှ ပြောနေမိသည်။ တစ်ကိုယ်လုံး နာကျင်နေပြီဆိုတာ အစ်ကို မသိဘူးလား ကွယ်။ ပြီးတော့ အင်္ဂလိပ်စကားမတတ်တဲ့ အစေခံ ကောင်မလေးနဲ့အတူ နေရဦးမယ်တဲ့။ ကလေးအတွက် စိုးရိမ်စပြုလာသည်။ အားကိုးရမယ့်လူက အစ်ကိုတစ်ယောက်တည်းပဲရှိသည်။ သူက သူ့စိတ်ကူးနဲ့သူ အလုပ်ရှုပ်နေတဲ့ လူမျိုးလေ။
သစ်လုံးအိမ်ကလေးရှေ့ရောက်တော့ အစ်ကိုက အောက်ပွေ့ချပေးသည်။ တီဘီက အထုပ်အပိုးတွေနှင့် နောက်မှ ဆင်းလိုက်လာသည်။
" ကဲ၊ အချစ် အနားယူတော့နော် "
အိမ်မှာ ပုံပျက်သည်ထက် ပျက်နေသည်။ တစ်ဖက်သို့ ယိုင်စပြုနေပြီ။ ပတ်ပတ်လည်တွင် မြက်တွေရှည်နေပြီ။ ဂျူးဒစ် ဂါဝန်ကို မ ပြီး ၀င်သွားရသည်။ အထဲရောက်တော့ ရင်ထဲ အေးသွား၏။
အားလုံး ရှင်းသန့်နေသည်။ အခင်းကို ပြောင်လက်နေအောင် တိုက်ထား၏။ အိုးတွေ၊ ခွက်တွေက သူ့နေရာနှင့် သူ နေသားတကျ။ အစ်ကို့ အ၀တ်အစားတွေလည်း သေသေသပ်သပ် သိမ်းခေါက် ထားပေးသည်။ သေတ္တာတွေကို နံရံဘက်တွင် ကပ်ပြီး စီစီညီညီ ဆင့်ထားသည်။

အိပ်ရာမှာ အတွန့်အကြေမရှိ ပြန့်ပြန့်ပြူးပြူး။ ထမင်းစားစားပွဲမှ ပန်းအိုးထဲတွင် ကြက်သွေးရောင် ပန်းပွင့် တွေ ဝေလျက်။
" အင်း၊ ခုလိုတော့လည်း အိမ်ကလေးက ချစ်စရာလေးပဲနော် အစ်ကို"
ဂျူးဒစ်က တအံ့တသြ ပြောလိုက်မိသည်။ ဖီးလစ်က ပြုံးပြီး -
" အိန်ဂျဲလစ်ရဲ့ လက်ရာလေ "
မီးဖိုနံဘေးထောင့်မှ အိမ်ဖော်မကလေး ထလာပြီး ဒူးညွှတ်အရိုအသေပေးသည်။ ဖီးလစ်ကို ပြင်သစ်လို လှမ်းပြောသည်။ ဖီးလစ်က တစ်စုံတစ်ရာ ပြန်ပြောလိုက်၏။ ကလေးမကို စူးစမ်းသည့် မျက်လုံးများဖြင့် ဂျူးဒစ် ကြည့်နေသည်။

အိန်ဂျဲလစ်မှာ ချစ်စဖွယ် ကိုယ်လုံးသွယ်သွယ်နှင့်ဖြစ်သည်။ အသားက ကော်ဖီရောင်။ မျက်လုံးများ ကမူ ကတ္တီပါနက်လို မည်းမှောင်နေသည်။ အပြာရောင် ချည်ထည်အင်္ကျီပေါ်မှ မီးဖိုဆောင်သုံး အဖြူရောင် ရှေ့ပိုင်းရင်ဖုံးကိုလွှမ်းလျက်။ ခေါင်းတွင် အနီရောင်ပ၀ါ စည်းထားသည်။ ဒူးညွှတ်အရို အသေပေးစဉ် ပါးတစ်ဖက် တစ်ချက် စီတွင် ဆံခွေကလေးတွေ ထွက်ကျလာသည်။
ချက်ချင်း အနားရောက်လာပြီး ဂျူးဒစ်၏ ဦးထုပ်နှင့် ၀တ်စုံကြိုးတွေကို ဖြေသည်။ ပြီးတော့ ဒူးထောက်ကာ ဖိနပ် ချွတ်ပေးသည်။ ရေဇလုံပြေးယူလာပြီး မျက်နှာကို ရေဖတ်တိုက်ပေးသည်။ ဂျူး ဒစ်ငြိမ်ခံနေရင်း ဖီးလစ် ကို မော့ကြည့်ပြုံးသည်။
" ဂျူးဒစ် သဘောကျသွားပြီ အစ်ကို "
" အို ကျရမှာပေါ့၊ သူ့လိုဟာမျိုးလေး ဒီလိုနေရာမှာရဖို့ မလွယ်ဘူး၊ အစ်ကိုတို့ ကံကောင်းလို့ ရတာ "
ဖီးလစ်က မိန်းမလုပ်သူကို ငုံ့နမ်းရင်း ပြောလိုက်သည်။

" ကဲ၊ မင်း သူ့ကို ပစ္စည်းနာမည်တွေက စသင်ပေတော့၊ အစ်ကိုကွင်းထဲ ဆင်းလိုက်ဦးမယ် "
ဂျူးဒစ်က လင်တော်မောင်၏ လက်ကို ဆွဲယူ နမ်းရှုပ်လိုက်သည်။ သြော် ... အစ်ကိုရယ်၊ သိပ်ချစ်ဖို့ ကောင်းတဲ့ အစ်ကိုပါကွယ်။ သို့သော် ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်မှု၊ ကိုယ်လက်မအီမသာ ဖြစ်မှုတို့ အတွက် အစ်ကို့လို လူဆီက စာနာမှုရဖို့ သိပ်မျှော်လင့်၍ မရနိုင်ပါ။ အလုပ်အကြောင်းတွေ သူ့ခေါင်းထဲ ၀င်လာလျှင် ငါ့မိန်းမဗိုက် လေးလနဲ့ပါလား ဆိုတာလည်း သူ မေ့ချင် မေ့နေမည်။
အိန်ဂျဲလစ် နှင့် ဆိုလျှင် အဆင်ပြေပြီ။ တစ်ယောက်နှင့်တစ်ယောက် စကားပေါက်ဖို့ပဲလိုသည်။ တီဘီက ရောက်မဆိုက် မီးဖိုတွင် အလုပ်ရှုပ်နေပြီ။
" မမလေး တစ်ခုခု စားလိုက်ဦး၊ ဒီကောင်မလေးကို ဘေးချိတ်ထားလိုက်စမ်းပါ၊ စကားလည်း မပြောတတ်ဘဲနဲ့"
အိန်ဂျဲလစ်က စက္ကူဖာတစ်လုံးဖွင့်ပြီး ထန်းလက်ယပ်တောင်ကို ထုတ်၍ ခတ်ပေးသည်။ လေလည်း ရသည်။ တီဘီ ယူလာပေးသည့် ရုံးပတီသီးဆန်ပြုတ်တွင် လာနားသည့် ယင်ကောင်တွေကိုလည်း မောင်းပြီးသား ဖြစ်သွားသည်။ တီဘီက ဘူးသီးခြောက်နှင့် ရေတစ်အိုး လာချပေးသည်။

" တီဘီ၊ နင့်ကို သစ်ဖြူတောအိမ်ပို့ရမှာ စိတ်မကောင်းပါဘူး၊ တီဘီရှိနေရင် အိန်ဂျဲလစ်ကို ကူပြီး စကား သင်ပေးလို့ ရတာပေါ့ "
" ဟုတ်ကဲ့ မမလေး၊ ဒါပေမဲ့ ဒီလိုအသားရောင်ရှိတဲ့ မိန်းကလေးတွေဟာ အကျင့် မကောင်းကြဘူး "
" ဟင် ဘာပြုလို့လဲ "
" သူတို့ အမေ အကျင့်မကောင်းလို့ တီဘီလို သူ မည်းမနေတာပေါ့ "
ဂျူးဒစ်က စွပ်ပြုတ်ပန်းကန် ထဲကို ဇွန်းထည့်ရင်း -
" တီဘီ "
တီဘီ ပျာပျာသလဲထူးသည်။ ရင်ဖုံးအ၀တ်ကို တစ်ချက်ခါပြီး -
" ဟုတ်ကဲ့ မမလေး၊ မမလေးကို မရိုသေလို့ပြောတာ မဟုတ်ပါဘူး "

အိန်ဂျဲလစ်က ပြုံးပြုံးကလေး နားထောင်နေသည်။ ကပ္ပလီစစ်စစ်တွေ သူ့ကို မကြည်ဖြူကြကြောင်း သူ သိနေပုံ။ ရံခါတွင် သူ့သခင်မကို ကြည့်ပြီး ပြုံးပြသည်။ ဂျူးဒစ်ကလည်း ပြန်ပြုံးပြသည်။ တီဘီက စိတ်မကျေနပ်သေးသည့် ပုံစံဖြင့် ထပ်ပြောသေးသည်။
" သူတို့လို ကပြားမတွေက လူဖြူတွေကိုဖမ်းဖို့ ကြိုးစားနေကြတာချည်းပဲ မမလေး"
ဂျူးဒစ်က ရယ်ပြီး အစ်ကို့အတွက် စွပ်ပြုတ်သွားပို့ဖို့ ပြောလိုက်သည်။ တီဘီ ထွက်သွားမှ ပစ္စည်းတစ်ခုချင်း ကိုင်ပြပြီး အိန်ဂျဲလစ်ကို စကားသင်ရသည်။ ကလေးမက ဥာဏ်ကောင်းသည်။ အတတ်မြန်သည်။ အသံထွက်မှားသည့်အခါ နှစ်ယောက်သား ရယ်ကြသည်။

အိန်ဂျဲလစ်မှာ ကျွန်နှင့်မတူဘဲ အခစား အိမ်ဖော်တစ်ယောက်နှင့် တူနေသည်။ ဂျူးဒစ်အတွက် တိုးတိုးဖော် တစ်ယောက် ကောက်ရခြင်းပင်။ လှလည်း လှသည်။ အသားညိုမကလေးများထဲတွင် အိန်ဂျဲလစ်လို လှသည့် မိန်းကလေးမျိုး ဂျူးဒစ် မတွေ့ဖူးသေး။
မျက်နှာကို လက်နှင့် တစ်ချက်သပ်ပြီး အလေးအနက် စဉ်းစားမိသည်။ အစ်ကိုတစ်ယောက် ငါ့ကို လှတယ်မှ ထင်သေးရဲ့လား စူ၍၊ အိမ်တွင် မှန်ဆိုလို့ သူ မုတ်ဆိတ်ရိတ်သည့် လေးထောင့်မှန် ကလေး တစ်ခုပဲ ရှိသည်။
ထိုညတွင် ပူဆာလိုက်ခြင်းဖြစ်၏။

" အစ်ကို နောက်တစ်ခါ မြို့ရောက်ရင် မှန်ကြီးကြီးတစ်ချပ် ၀ယ်ခဲ့နော် "
" ဆိပ်ကမ်းပေါ် တက်တက်ချင်း ပထမဆုံး တွေ့တဲ့ဆိုင်မှာ ၀ယ်ခဲ့မယ်၊ ဟုတ်ပြီလား "
ဇနီးသည် ကို ရင်ခွင်ထဲ ဆွဲသွင်းပြီး ချစ်စနိုးနမ်းရင်း ကတိပေးလိုက်သည်။ လင်တော်မောင်၏ ပခုံးတွင် ဦးခေါင်းကို မှေးတင်ကာ ခေါင်မိုးကို ဂျူးဒစ် လှမ်းကြည့်မိသည်။ သစ်လုံးနှစ်လုံးကြားမှ ကြယ်တွေကို လှမ်းမြင်နေရသည်။
" ခုနေ မိုးရွာချရင်တော့ မလွယ်ဘူးအစ်ကို၊ ဟိုမှာကြည့်ပါဦး "
" အင်း ... မင်းပြောမှ သတိရတယ်၊ ဖာရဦးမယ်၊ ဟိုတစ်ခါလည်း အဲဒီနားက ယိုတယ်လေ "
ဂျူးဒစ် လူချင်းခွာလိုက်သည်။ တစ်ကိုယ်လုံး ကိုက်ခဲနေ၏။
" အစ်ကိုက သိပ်နေနိုင်တာပဲ၊ ဂျူးဒစ်ကို လာမခေါ်ခင် ဘာလို့ ဖာထေးမထားသလဲ "
" သြော် ... အချစ်ကလဲကွယ် "
ဖီးလစ် တအံ့တသြ ဖြစ်နေသည်။

" အစ်ကို လုပ်မှာပါကွာ၊ မေ့နေလို့ပါလို့ အစ်ကို ပြောပြီးပြီလေ "
ဖီးလစ်က လှမ်းဖက်တော့ ခုတင်တိုင်ကိုကိုင်ပြီး ဂျူးဒစ် ဇွတ်ပေကတ်နေသည်။
" ဂျူးဒစ် အေးအေးနေပါရစေ အစ်ကို၊ အစ်ကို ဂျူးဒစ်ကို ချစ်တယ်ဆိုတာ တကယ်လားဟင်၊ ကတော်တစ်ယောက်လို ထားမယ်ဆိုပြီး ခုတော့ တဲထဲမှာ ထားတယ်၊ ဘယ်တုန်းကမှ ဒီလိုမျိုး မနေခဲ့ရဖူး ဘူး "
" သြော် ... ကလေးရယ်၊ ခု မိုးမှ မရွာသေးဘဲကွာ၊ မင်း ဘာလို့ စိတ်တိုနေရတာလဲဟင်၊ တစ်ခါမှ အစ်ကို့ ကို အော်မပြောဖူးပါဘူး "
" ဒီည မိုးမရွာဘူးလို့ အစ်ကို ဘယ်လိုလုပ် ပြောနိုင်သလဲ "

ဂျူးဒစ်က တရှုပ်ရှုပ်ငိုပြီး -
" ဂျူးဒစ် အတတ်နိုင်ဆုံး အဆင်ပြေအောင် ကြိုးစားပါတယ် အစ်ကို၊ ဒါလောက်ဆိုးတဲ့ နွေကြမ်းရဲ့ နှိပ်စက်မှု ကိုလည်း ကြိတ်မှိတ်ခံတယ်၊ ထမင်းပန်းကန်ထဲက ပိုးကောင် မွှားကောင်တွေကိုလည်း လက်နဲ့ ဖယ်ပြီး စားပါတယ်၊ အမေ့ကို တိုင်ပင်မယ် တိုင်ပင်မယ်နဲ့ အမေသာ သေသွားရော မတိုင်ပင် ဖြစ်လိုက်ဘူး။ ကလေးမွေးဖို့ကိစ္စ ဂျူးဒစ် ဘယ်လောက် ကြောက်နေတယ်ဆိုတာ အစ်ကို့ကို မပြောခဲ့ဘူး၊ ခုထိ ကလေးကို ဘယ်လိုမွေးရမယ်ဆိုတာ ဂျူးဒစ်ကို ပြောပြမယ့်လူ တစ်ယောက်မှ မရှိဘူး၊ အဲဒါတွေ အားလုံး ဂျူးဒစ် ကြိတ်မှိတ်ခံနေပါတယ်၊ ဒါပေမဲ့ ခေါင်းပေါ်မှာ အမိုး လုံလုံခြုံခြုံ မရှိတာကိုတော့ ဂျူးဒစ် သည်းမခံ နိုင်ဘူး အစ်ကို "
ပြောပြော ဆိုဆို အော်ငိုသည်။

ဖီးလစ်က ကလေးတစ်ယောက်ကို ချော့သလိုချော့ပြီး အိပ်ရာပေါ် ပွေ့လှဲသည်။ မွေ့ရာပေါ် မျက်နှာ မှောက်ပြီး ဂျူးဒစ် ငိုပြန်သည်။
" ဂျူးဒစ်၊ သြော် ကလေးရယ် "
" သွား၊ ဂျူးဒစ် ကို စကားလာမပြောနဲ့၊ အစ်ကို စိတ်ဝင်စားတာ ဂျူးဒစ်မဟုတ်ဘူး၊ မဲနယ်၊ မဲနယ် "
" သြော် ကလေးရယ် "
ဖီးလစ်က သူ့ကိုယ်ကလေး ကို တင်းတင်းပိုက်ပြီး -
" အမိုးပေါက်နေတဲ့အတွက် အစ်ကို စိတ်မကောင်းပါဘူးကွာ၊ အစ်ကို လုပ်ပေးပါ့မယ်၊ အမိုးမလုံလို့ မင်း အဲဒီလို လုပ်နေရင် ပိုဆိုးမှာပေါ့ ဂျူးဒစ်ရယ် "
ဂျူးဒစ် သက်ပြင်းတစ်ချက် ချစဉ် ဖီးလစ် ဆက်ပြောသည်။

" ကလေးရယ်၊ မင်းကို အစ်ကို ချစ်ပါတယ်၊ အဲဒါ သံသယမရှိပါနဲ့ကွာ၊ ချစ်လွန်းလို့ မစောင့်နိုင်ဘဲ အစ်ကို အလောတကြီး လုပ်ခဲ့မိတာပေါ့၊ အိမ်ကြီးမပြီးမချင်း ကလေးရလိမ့်မယ်လို့ အစ်ကို လုံးဝ မထင်ခဲ့မိဘူးလေ၊ မင်းလည်း အစ်ကို့ ကို တကယ်ချစ်လို့ အခုလို စွန့်စွန့်စားစား လိုက်လာတာ မဟုတ်လားဟင်"
မရှိုက်တော့ဘဲ မျက်ရည်တွေ တွေတွေကျလျက်က -
" ချစ်ပါတယ် အစ်ကိုရယ်၊ အစ်ကို့ကို စတွေ့ကတည်းက ရင်တွေခုန်ပြီး ချစ်ခဲ့ရတာပါ၊ ဒါပေမဲ့ ကြွက်တွေ၊ ခြင်တွေ၊ ယင်တွေနဲ့ ဒီနွေရဲ့ဒဏ်ကို ...။ ခြေမျက်စိတွေလည်း ရောင်နေပြီအစ်ကို "
" အစ်ကို သိပါတယ်ကွယ်၊ အစ်ကို ဘယ်လောက် စိတ်မကောင်းဖြစ်နေတယ်ဆိုတာ ဘာနဲ့ ဘယ်လို သက်သေပြ ရမလဲဟင် "
" ဘာနဲ့မှ မပြနဲ့၊ အမိုးကို ပလတ်စတာနဲ့ တက်ဖာပေး "
ဖီးလစ် ရယ်သည်။

" ကောင်းပါပြီ အချစ်ရယ်၊ ဒီတစ်ခေါက် မြို့သွားရင် ပလတ်စတာ ၀ယ်ဖြစ်အောင် ၀ယ်လာခဲ့ပါ့မယ်။ အစ်ကို မင်းကို ခဏခဏ ပြောပါတယ်၊ အစ်ကိုဟာ အလကားကောင်၊ ဘာမှ အသုံးမကျဘူးလို့ "
" အို အဲလို မပြောပါနဲ့၊ ဘယ်က အလကားကောင်ရမှာလဲ "
ဂျူးဒစ်က သူ့လည်ပင်းကို သိုင်းဖက်ပြီး -
" ဂျူးဒစ်ကို တင်းတင်းဖက်ထားစမ်းပါ အစ်ကို၊ အစ်ကိုပြောသလောက် ချစ်ရဲ့လားဟင် "
" မိုးလောက်ကြီးချစ်တယ် "
" ဂျူးဒစ်လေ အစ်ကို့ကို သိပ်သိပ်ချစ်တာပဲ၊ အစ်ကို့ကို ပိုင်ရပြီပဲ၊ ကျန်တာတွေ ဘာမှ မကြောက် တော့ဘူး"
" ကလေးမွေးရမှာလည်း မကြောက်တော့ဘူးပေါ့နော် "
" မကြောက်တော့ဘူး၊ အစ်ကိုနဲ့တူတဲ့ ကလေးတွေ တစ်ခါဒင်လောက်မွေးမယ် "
လင်တော်မောင်ကို တင်းတင်းဖက်ပြီး ဂျူးဒစ် ပြောလိုက်သည်။ ဖီးလစ်က ကြင်ကြင်နာနာ နမ်းသည်။ ထိုည တွင် ဂျူးဒစ် ဘာမှ မကြောက်တော့။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လေသည်။

ဆက်ရန်
.

No comments: