Saturday, March 17, 2012

တင်မောင်မြင့် ၏ နွေကန္တာ, အပိုင်း (၆)

(တစ်အိမ်လုံး ပုရွက်ဆိတ်တွေ ဟိုနယ်သည်နယ် ပြောင်းကြတယ် လုပ်နေကြပြီ။ အိန်ဂျဲလစ် လှည်း လို့ ကျင်းလို့ မနိုင်တော့။ ဂျူးဒစ်၏ လက်တွေ၊ ခြေတွေကိုလည်း ၀ိုင်းခဲနေကြပြီ။ ပိုးဟပ် တစ်ကောင် ပျံလာပြီး ဂျူးဒစ် ၏ မျက်နှာ ကို ၀င်တိုက်သည်။ ငယ်သံပါအောင် အော်လိုက် မိ၏။) ကို ဆက်ဖတ် ရန် .....

အစ်ကိုရေ ... အစ်ကိုရေဟု ဆက်တိုက် အော်ခေါ်နေသည်။ အိန်ဂျဲလစ်က မိုးယိုသည့် နေရာနှင့် လွတ် အောင် အိပ်ရာကို တွန်းရွှေ့သည်။ ရေစိုဝတ်တစ်ခုဖြင့် ဂျူးဒစ်ကိုယ်ပေါ်မှ ပုရွက်ဆိတ်တွေကို လိုက်ပြီး နှိမ်နင်းပေးသည်။ မတတ်နိုင်သည့်အဆုံးတွင် အိပ်ရာခင်းကို ဆွဲယူပြီး မီးဖိုပေါ်တွင် သွားချသည်။ သို့သော် နောက်တစ်နေရာမှ သူတို့တစ်တွေ တပ်တောင်တာဗိုလ်ထု နှင့် ချီတက်လာ ကြပြန်၏။
မိုးက သည်းသည်ထက် သည်းလာ၏။ အိမ်ထဲတွင်လည်း ရွှဲရွှဲစိုနေပြီ။ နံရံအပေါင်အပြဲများကြားမှ ၀င် လာကြသည့် ပိုးဟပ်ပျံတွေများသည်ထက် များလာသည်။ အိပ်ရာတစ်ဝိုက်တွင် တ၀ီဝီနှင့် သောင်းကျန်း နေကြ၏။ နံရံနှင့်တိုက်ပြီး တစ်ကောင်ပြီးတစ်ကောင် ပြုတ်ကျနေသည်။ လင်တော် မောင်ကို ငယ်သံ ပါအောင် အော်ခေါ်သော်လည်း ဖီးလစ် ရောက်မလာ။

လင်အားကြီးချိန်တွင်မှ ဖီးလစ် ပြန်ရောက်လာသည်။ တစ်ကိုယ်လုံး စက်စက်နစ်ပြီး ခိုက်ခိုက်တုန်နေသည်။ အနည်းငယ် လည်း မူးလာ၏။ အရက်ဆိုင်ထဲတွင် အကြာကြီး ထိုင်နေမိသဖြင့် ဤမျှ နောက်ကျ သွားခြင်းဖြစ်၏။ မိုးသံလေသံတွေ ကြားထဲကပင် ဂျူးဒစ်၏အော်သံကို အဝေးမှ ကြားနေရသည်။ မြင်းလှည်း အရှိန် မသေခင် ခုန်ဆင်းပြီး ပြေးချသွားသည်။ တံခါးကို တဒုန်းဒုန်းထုသည်။ အိန်ဂျဲလစ် ပြေး ဖွင့် ပေး၏။ သူ့ကိုမြင်တော့ ဂျူးဒစ် ကိုယ်တစ်ပိုင်းကြွပြီး -
" အစ်ကို၊ လုပ်ပါဦး အစ်ကိုရယ်၊ ဒီကောင်တွေကို ဂျူးဒစ်အနားက မောင်းထုတ်ပေးပါ "
ဖိးဠစ် ဘာလုပ်ရမှန်းမသိဘဲ ကြောင်ကြည့်နေသည်။ ခုတင်က အခန်းအလယ်တည့်တည့်တွင် ရောက် နေ၏။ ခုတင်တိုင်တွင် စောင်အနားစွန်းတွေ ချည်ပြီး အမိုးလုပ်ထားသည်ကို တွေ့ရ၏။ မိုးရေတွေက နေရာတကာ မှ ဒလဟော စီးလျက်။

ခုတင်ဆီသို့ ဖီးလစ် ပြေးချသွားသည်။ ဂျူးဒစ်၏ မျက်နှာမှာ သွေးဆုတ် ဖြူရော်လျက်ရှိ၏။ မီးဖိုမှ အလင်းရောင် တွင် သူ့အသားရောင် ၀ါကြန်ကြန် ဖြစ်နေသည်။ မွေ့ရာမှာ အကွက်လိုက် အကွက် လိုက် စိုရွှဲ နေ၏။ နံဘေးသို့ တွန်းပစ်ထားသည့် စောင်ပေါ်တွင် ပုရွက်ဆိတ်တွေ ရွတက်နေ၏။ လက်နှင့် ခြေထောက် တွေပေါ်သို့လည်း တပ်ဖြန့်ထားသေးသည်။
အံကြိတ်ထားလျက်က ဖီးလစ်ကို မော်ကြည့်ပြီး -
" လုပ်ပေးပါ အစ်ကို၊ သူတို့ကို မောင်းပေးပါ "
" အင်း အင်း၊ အစ်ကို လုပ်ပေးမှာပေါ့ " စောင် ကို ရေတွေအိုင်နေသည့် ကြမ်းပေါ်သို့ လွှင့်ပစ်လိုက်ပြီး ကိုယ်ပေါ် မှ အကောင်တွေကို လက်နှင့် သပ်ချလိုက်သည်။

" သြော် ... အချစ်ရယ်၊ ဖြစ်မှဖြစ်ရလေကွယ်၊ ဒီအတိုင်း ထားသွားတဲ့ အစ်ကိုကို့ ခွင့်လွှတ်နိုင်သေးရဲ့ လားဟင်"
ဂျူးဒစ် ခေါင်းညိတ်သည်။ ဖီးလစ်က သူ့ကိုပွေ့ယူပြီး ကိုယ်ပေါ်မှ ပုရွက်ဆိတ်တွေကို သုတ်သင်ပေး သည်။ တစ်ပြိုင်တည်း တွင် အိပ်ရာပေါ် ပြုတ်ကျလာသည့် ပိုးဟပ်တစ်ကောင်ကို လက်နှင့် ကောက် ခြေပစ် လိုက်သည်။
ပြီးတော့ ခုတင်ခြေထောက်တွေကို ရေအိုင်နေသည့်နေရာ ရောက်အောင် ရွေ့ပြီး နောက်တက်လာ မည့် ပုရွက်ဆိတ် လမ်းကြောင်းကို ဖြတ်တောက်ပစ်လိုက်သည်။ ဂျူးဒစ်ကိုယ်ပေါ်တွင်လည်း အားလုံး ရှင်း သွားပြီ။ ခုမှ နဖူးတွင်ရွှဲနေသည့် ချွေးတွေကို ဖီးလစ် သုတ်ပေးချိန်ရတော့၏။ အံကြိတ်ထားသဖြင့် လည်တိုင်ရင်း မှ တင်းနေသည့် အကြောတွေကို ဖီးလစ် ငေးကြည့်နေသည်။ ဘာလုပ်ပေးရမှန်းလည်း မသိ။

ဂျူးဒစ်က နာလာတိုင်း လင်တော်မောင်၏လက်ကို တင်းတင်းဆုပ်ကာ ကြိတ်မှိတ်ခံသည်။ ဖီးလစ် သည် ကာရိုလိုင်းနားကလူတွေ ပြောသလို ဘာမှ သုံးမရသည့်ကောင်ဟူ၍ ပထမဆုံးအကြိမ်အဖြစ် ကိုယ့် ကိုယ် ကိုယ် ခံယူလိုက်၏။ " ဘာမှ အသုံးမကျတဲ့ကောင်ဆိုတာ တစ်နေ့ မင်းကိုယ်မင်း နားလည်လာလိမ့်မယ်" ဟု အဖေ ပြောသွားသည်ကို ပြေးသတိရလိုက်သည်။
သူ့ကို တကယ်ချစ်တယ်ဆိုတာ ဂျူးဒစ် ယုံနိုင်ပါမည်လား။ မဖြစ်ဘူး၊ သူကလေး နားလည်အောင် လုပ်မှ။ နောင် ကို မင်းအပေါ် အစ်ကို ဆတက်ထမ်းပိုး တိုးပြီး ကြင်နာပါ့မယ်ကွယ်။
" ဂျူးဒစ် ကလေးရယ်၊ အစ်ကိုလေ ဖြစ်ခဲ့သမျှအားလုံးအတွက် တောင်းပန်ပါတယ်ကွယ်၊ စိတ်လည်း မကောင်း ပါဘူး၊ အစ်ကို့ကို စကားပြောပါဦးလား အချစ်ရယ် "
သူ့လည်ချောင်းထဲမှ အသံတစ်မျိုး ထွက်လာသည်။ သဲသဲကွဲကွဲမကြားလိုက်။ ဖီးလစ် ထပ်မေးသည်။ ဂျူးဒစ် လုံးဝ မဖြေနိုင်တော့။ တစ်ချက်ကော့တက်လာပြီး အရုပ်ကြိုးပြတ် ပျော့ခွေ ကျသွားသည်။ မျက်နှာ မှာ အလောင်းကောင်တစ်ခုလို သွေးဆုတ်သွား၏။

ဖီးလစ် အလန့်တကြား ငုံ့ကြည့်လိုက်သည်။ ဘုရား၊ ဘုရား တော်ပါသေးတယ်။ မောကြီးပန်းကြီး အသက်ရှူနေသည်။
" မွေးပြီ၊မွေးပြီ အစ်ကိုလေး၊ ယောက်ျားလေးတော်၊ ယောက်ျားလေး"
ဖီးလစ် က ဇနီးသည်၏ နားနားကပ်ပြီး တိုးတိုးလေးပြောလိုက်သည်။
" အားလုံး ပြီးသွားပြီ၊ အချစ် နားတော့နော်၊ သားကလေးတဲ့ကွ ... သားကလေး တဲ့"
ဂျူးဒစ် မလှုပ်နိုင်တော့။ လက်မောင်းတစ်ဖက်ကို မျက်နှာပေါ် ကန့်လန့်ဖြတ်တင်ပြီး ငြိမ်နေသည်။ ခဏ နေတော့ အိန်ဂျဲလစ်က ကလေးကို ချည်အနှီးတစ်ထည်နှင့် ထုပ်ပြီး သူ့အမေနံဘေးသို့ လာချ သည်။ ဂျူးဒစ် အိပ်ပျော်နေပြီ။
သေတ္တာတစ်လုံး ကို ဖီးလစ် ထဖွင့်သည်။ မာဆေးက ၀ယ်လာခဲ့သည့် ကတ္တီပါ သားမွေးစောင်ကြီး ကိုထုတ်ပြီး သားအမိနှစ်ယောက်အပေါ် အသာလွှမ်းပေးလိုက်သည်။
 အခန်း (၅)

ကလေးမွေးစဉ်က ဂျာဗာစီ ပို့လာပေးသည့် ဆင်စွယ်ရောင် ပိုးစကို ဘုရားရှိခိုး သွားလျှင် ၀တ်ဖို့ ဖီးလစ် ချုပ် ခိုင်း သဖြင့် ဂျူးဒစ်နှင့် အိန်ဂျဲလစ်တို့ နှစ်ယောက်သား အလုပ်ရှုပ်နေကြသည်။
ကလေးကို "ဒေးဗစ်လန်း"ဟု နာမည်ပေးထားသည်။ ဖီးလစ်က သူ့အဖေနာမည်ကို ယူပြီး အမှတ်တရ ပေးခြင်းဖြစ်သည်ဆို၏။ ဂျူးဒစ် သဘောတူလိုက်သည်။ နာမည်အတွက် အလေးအနက် ထားစရာ မလိုဟု ထင် သည်။ ချစ်စရာ ရင်သွေးကလေးရပြီပဲ။

၀၀ကစ်စ် ကျန်းကျန်းမာမာ ချစ်စရာ ကြီး။ မွေးသည့်ညက အဖြစ်အပျက်တို့သည် တစ်ရံရောအခါက ခြောက် အိပ်မက်တစ်ခု လို လွင့်ပြယ်သွားချေပြီ။
ဘုရားရှိခိုးကျောင်း သို့ စ သွားနိုင်သည့် နေ့တွင်ပင် ဂျာဗာစီတို့ "သီရိမြိုင်" ခဏပြောင်းနေဖို့ ဂျူးဒစ် ထွက်ခဲ့ ရသည်။ ၀က်သစ်ချမြိုင် စံအိမ်ကြီး ပြီးသွားသည်အထိ သွားနေဖို့ ဖီးလစ်က စီစဉ်ထားသည်။
ဂျးဒစ် မသွားချင်ပါ။ သစ်လုံးအိမ်ကလေးမှာ နေချင်စဖွယ် လုံလုံခြုံခြုံလှလှပပ ဖြစ်နေပြီ။ ဒေးဗစ် ကလေး မွေးသည့် ညတွင်မှ သည်အိမ်မျိုးမှာ နေအပ်သည့်အိမ်မျိုး မဟုတ်ကြောင်း ဖီးလစ် သဘော ပေါက် လာသဖြင့် ဤသို့ ဇွတ်စီစဉ်ခြင်းဖြစ်၏။

" သည်လို အိမ်မျိုးမှာ မင်းမို့ သည်းခံနေနိုင်တယ် ဂျူးဒစ်ရယ် " ဟုလည်း ပြောတတ်၏။ ဤသို့ဖြင့် သူ့ကို တစ်ယောက် တည်း မထားခဲ့ချင်သော်လည်း ဖိတ်ဖိတ်တောက်နေသည့် မြင်းရထားအသစ် ကြီးပေါ်သို့ ဂျာဗာစီ နှင့် အတူ လှမ်းတက်ခဲ့ရသည်။ ရထားကြီးမှာ နယူးအော်လီယန်းမှ ရောက်စဖြစ်၏။ ဂျာဗာစီ ကိုယ်တိုင်လည်း ကလေးမွေးပြီးသည်မှာ မကြာလှသေးပေ။
အိန်ဂျဲလစ်က ဒေးဗစ်အတွက် ရထားသည့် အထိန်းကောင်မလေးနှင့်အတူ ရထားနောက်ပိုင်းတွင် ပါ လာသည်။

ဂျူးဒစ် က သူ့သား နီတာရဲလေးကို ကပ္ပလီမ၏ရင်ခွင်မှာ မြင်ရစဉ် အလန့်တကြား ဖြစ်သွားပုံ၊ကျွန် ပိုင်သည့် လူဖြူ အမျိုးသမီးမှန်သမျှ ကိုယ့်ကလေးကိုယ်ထိန်းသည့် အစဉ်အလာမရှိ ကြောင်း ဖီးလစ် ပြောပြသည့် တိုင်အောင် ဘ၀င်မကျပုံများကို ဂျာဗာစီအား ခပ်တိုးတိုး ပြောလိုက် လာသည်။

ဂျာဗာစီက ရယ်ပြီး သူက ဘရင်ဂျီဘာသာဝင်ဖြစ်ကြောင်း၊ သူ့ကလေးနှစ်ယောက်စလုံး နှစ်ခြင်း ခရစ်ယာန် ဘာသာ ထဲ အသွင်းခံလိုက်ရကြောင်း၊ တတိယမြောက် ဂျော့ဘုရင်က လူဝီစီးယားနား တွင် ဘရင်ဂျီ သာသနာပြု ကျောင်းများကို ခွင့်မပြုကြောင်းများကို ပြောပြပြီး -
" ကိုယ်ကလည်း ဘယ်ရမလဲ၊ ကလေးတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ဘာသာဝင်ဖြစ်အောင် တိတ်တိတ်ပြန်လုပ်တာပေါ့ " ဟု ရယ်ရယ်မောမော ပြောသည်။ သူတို့ နှစ်ယောက် တိုးတိုးဖော် ဖြစ်နေပြီ။ ဖီးလစ် က သီရိမြို့သို့ စနေနေ့တိုင်းလာပြီး တနင်္ဂနွေနေ့ညနေမှ ပြန်သည်။ အစ်ကို့ကို အောက်မေ့ သော်လည်း သီရိမြိုင်တွင် ဂျူးဒစ် ပျော်နေသည်။
ဂျာဗာစီသည် အတုယူလောက်သည့် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်၏။ အချက်အပြုတ် အလုပ် တွင် ဂျူးဒစ် လောက် မတတ်သော်လည်း စီမံခန့်ခွဲရာတွင် အဟုတ်တော်သည်။
အိပ်ခန်း ထဲတွင် လှဲကာ အိန်ဂျဲလစ် ကော်ဖီလာပို့မှ ထသောက်ပြီး ဂျာဗာစီနှင့် မြင်းရထားစီးလိုက်၊ အတင်း ပြောလိုက် နှင့် နေရသည့် နေ့များကို ဂျူးဒစ် သဘောကျစ ပြုလာသည်။ နောက်ဆုံးပေါ် ပုံစံ တွေကို ကြည့်ပြီး အ၀တ်ချုပ်ရသည်မှာလည်း ပျော်စရာ။

ဖီးလစ်က သူရောက်လာချိန်များတွင် ဇနီးလုပ်သူ ပြောင်းလဲနေပုံများကို ပြောပြသည်။ ဂျူးဒစ်ကိုယ် တိုင် ကတော့ သိပ်နားမလည်။ သူတို့နံဘေးမှ မစ္စစစ်စပီမြစ်ကြီးလို သူ့ဘာသာသူ ပျင်းတိပျင်းတွဲ စီးဆင်း နေခြင်းမျိုး ဟုပဲ ထင်သည်။ခပ်ပေါ့ပေါ့ကလေး နေဖို့က သိပ်လွယ်လွန်းသည်လေ။
သို့သော် ဂျာဗာစီလောက်တော့ ကြော့ကြော့ကလေး မနေမိအောင် ဂျူးဒစ် သတိထားပါသည်။ ဂျာဗာစီက ခပ်သိမ်း ကုန်သော အရာတို့ကို ပျော်စရာရှုထောင့်မှသာ ကြည့်တတ်သူ။ တစ်ခါတစ်ခါ သူ့ကို အားကျမိ၏။ တစ်ခါ တစ်ခါလည်း သနားစိတ်များ ၀င်မိသည်။ အောင်မြင်သည့် အိမ်ရှင်မ၊ သီရိမြိုင်၏ အရှင်သခင်မ ဖြစ် သော်လည်း မိမိ ဖီးလစ်ကိုချစ်သလို သူတစ်စုံတစ်ယောက်ကို ချစ် တတ်ပါ့မလားဟု တွေးကြည့်မိသည်။ လင်မယား စကားများခြင်းမျိုး လုံးဝမရှိသော်လည်း သူ့ယောက်ျားကို သူ မချစ်သည်ကတော့ သေချာ သည်။

ဝေါ်လ်တာ နှင့် ခရီးသွားဟန်လွှဲသဘောမျိုး အိမ်ထောင်ကျခဲ့ခြင်းဖြစ်ကြောင်း ဂျာဗာစီ ပြောဖူး သည်။ ဖီးလစ် ၏ ခပ်ရိုင်းရိုင်း အမူအရာကို သူသဘောကျသည်။ လင်နောက်လိုက်ပြေးရဲသည့် ဂျူးဒစ်၏သတ္တိကို သူ ချီးကျူး သည်။
ဝေါ်လ်တာပါစယ်ကို ဂျာဗာစီ တွေ့ဖူးစက ၁၄ နှစ်သမီးအရွယ်ဖြစ်၏။ နယူးအော်လီယန်းရှိ အဖေ့ အိမ်မှ ကျွန်တွေ ၀ယ်ဖို့ သူရောက်လာခြင်းဖြစ်သည်။ ဂျာဗာစီတို့အဖေက ကျွန်ကုန်သည်။ တဲ့တိုး သမားကြီး ဖြစ်၏။ သမီးတွေ အသုံးအစွဲကြီးလွန်းသဖြင့် ကြွေးတင်နေသူဖြစ်သည်။
ဂျာဗာစီ က လှသည်။ အညာမှဆင်းလာသည့် အမေရိကန်လူငယ်၏ အိတ်ထဲတွင် ဂျော့ဘုရင် ပေးသနား လိုက် သည့် မြေဂရန်တွေနှင့်။ မျက်စိကျပြီဆိုတော့လည်း ဘာသာမတူတာလောက်ကို ထည့် မစဉ်းစား တော့။

ဝေါ်လ်တာပါစယ် ကလည်း မိန်းမလိုချင်နေသည့်လူ။ သူတို့နှစ်ယောက် စလုံးအတွက် ကိုယ်တွက် ကျန် သည့် အပေးအယူမျိုး ဖြစ်သွားကြသည်။ အဘိုးကြီးက ဂျာဗာစီကို နားချတော့ သမီးလုပ်သူက လွယ်လွယ် ပင် ခေါင်းညိတ်သည်။ တစ်ယောက်နှင့်တစ်ယောက် ဘာသာစကား မတူသည်က လွဲပြီး ငြင်းစရာမရှိ။ အမှန်ဝန်ခံ ရလျှင် ဂျာဗာစီက ကံကောင်းသည်ဟုပင် ထင်နေသေး သည်။
အဖေ့ ကျွန်သင်္ဘောတစ်စင်းလုံးနီးပါး ရောဂါဖြစ်ပြီး သေကုန်ကြလို့ ရှေ့လျှောက် ကောင်းကောင်း ၀တ်၊ ကောင်းကောင်းစား ရဖို့ လမ်းမမြင် ဖြစ်နေချိန်။ မိမိရုပ်ရည်နှင့်ဆိုလျှင် သည်လူကြီး မမြတ်နိုး စရာအကြောင်း မရှိဟုဂျာဗာစီ တွက်ပြီးသား။

ထင်သည့်အတိုင်း ဂျာဗာစီ ပျော်ပါသည်။ ဝေါ်လ်တာက သူ့ကို အလှမွေးထားသည့် ကြောင်မလေး တစ်ကောင် လို အရိပ်တကြည့်ကြည့်နေသည် မဟုတ်လား။ သီရိမြိုင်တွင် အားလုံး သူ့လက် သူ့ခြေ ချည်း။ ဘာ မပျော်စရာ အကြောင်း ရှိမည်နည်း။ သို့သော် ဖိးလစ် အပတ်စဉ်ရောက်လာပြီး ဂျူးဒစ်နှင့် ဆက်ဆံပုံ ကို မြင်ရတော့ သီရိမြိုင်တွင် တစ်စုံတစ်ခု လစ်ဟာနေသလို ခံစားလာရသည်။ သူတို့နှစ် ယောက် ချစ်ကြပုံ က မိးလျှံနှစ်ခု ပေါင်းစပ်ထားသည်နှင့်တူ၏။ ပင်ကိုစရိုက်အရ သဘောကောင်းလွန်းသော ဝေါ်လ်တာနှင့် ဖီးလစ်ကို ယှဉ်ကြည့်မိပြီး ဂျူးဒစ်ကို အားကျသလို ဖြစ် လာသည်။ သို့သော် ကြမ်းပိုးတွေ၊ ပုရွက်ဆိတ်တွေ၊ ပိုးဟပ် တွေ ဗရပွနျင့် သစ်လုံးအိမ်ထဲမှာ နေမလား မေးလျှင်တော့ ဂျာဗာစီ မနေနိုင်။

ဝေါ်လ်တာ၏ မရှင်းရသေးသော သစ်တောတချို့ကို ဖီးလစ်အား ခွဲရောင်းသည်။ ဝေါ်လ်တာက သူပိုင်မြေ နှင့် ဆက်စပ်နေသည့် ကမ်းခြေတွင် သင်္ဘောကျင်း တည်ဆောက်နေ၍ စိုက်ပျိုးရေးကို ဖီးလစ်လောက် ဇောက်ချ မလုပ်နိုင်ခြင်းကြောင့်ဖြစ်၏။ လက်ရှိ သူပိုင်မြေတွေကို တောရှင်းဖို့ပင် နှစ် ပေါင်းများစွာ ကြာမြင့် ဦးမည်ဖြစ်ရာ ဖီးလစ် ဘယ်အတွက် လောဘတကြီးထပ်ဝယ်သည်ကို ဂျာဗာစီ သဘောမပေါက် ဘဲ ဖြစ်နေ၏။ သို့သော် ဂျူးဒစ်က နားလည်သည်။
ဂျူးဒစ် သည် လင်တော်မောင်၏ ကြီးမားသော ရည်ရွယ်ချက်ကို နားလည်နေသည်။ သူသည် ဘုရင် မင်းမြတ် ပေးသနားသည့် ဧကသုံးထောင်နှင့် ပထမဆုံး သီးနှံတွေ ရောင်းပြီး စာရင်းချုပ် လိုက်တော့ နင့် နေအောင် မြတ်နေကြောင်းတွေ့ရ၏။ ဂျူးဒစ် ဈေးဝယ်ဖို့ ပိုက်ဆံတွေ ထုတ်ပေးသည်။

အိန်ဂျဲလစ် နှင့် ဂျာဗာစီ၏ အိမ်ဖော်ကောင်မလေးတို့ သခင်မနှစ်ပါးကို ဆိပ်ကမ်းထိ လိုက်ပို့သည်။ နယူး အော်လီယန်း သို့ တက်ပြီး အ၀တ်စတွေ၊ ဖိနပ်တွေ၊ ကလေးအတွက် ကစားစရာတွေ ၀ယ် သည်။ ဒေးဗစ်ကလေး မွေးသည့် ညအတွက် ကျေးဇူးဆပ်သည့်အနေဖြင့် အိန်ဂျဲလစ်ဖို့ အင်္ကျီတွေ ၀ယ်လာသည်။ သူလည်း မိန်းမချောလေး တစ်ယောက်ပီပီ ၀တ်ကောင်းစားလှတွေကို မက်မော တတ်သည်လေ။ လက်ဆောင် ပစ္စည်းတွေ ပေးတော့ အိန်ဂျဲလစ် ဆွေ့ဆွေ့ခုန်မျှ ၀မ်းသာနေသည်။
" ဒါထက် ကောင်းတဲ့လက်ဆောင် ငါပေးဦးမယ်၊ နင် ဘာလိုချင်လဲပြောလေ အိန်ဂျဲလစ် " အိန်ဂျဲလစ် ခပ်တွေတွေ လေး ဖြစ်နေသည်။ ပြီးမှ စကားလုံးရွေးပြောသည်။

" ဘာမှ မလိုချင်ပါဘူး မမလေး၊ လူဖြူ အမျိုးသမီးတွေထဲမှာ မမလေးလို ကြင်နာတတ်သူ မတွေ့ဖူး သေး ပါဘူး "
ကြေးနီရောင် ကောင်မလေးအကြောင်းကို ဂျူးဒစ် အလေးအနက် စဉ်းစားရင်း ငေးကြည့်နေသည်။ လက်ထဲ တွင် ဒေးဗစ်အတွက် ထိုးလက်စ သိုးမွေးထည်တွေနှင့်။ သူ့လက်ချောင်းကလေးတွေက ကျင်လည် စွာ လှုပ်ရှားနေကြသည်။ ၀က်သစ်ချမြိုင်က သူ့ကိုမ၀ယ်မီ ဘယ်လိုဘ၀မျိုးတွေ ဖြတ်သန်း လာရပါလိမ့် ဟု ဂျူးဒစ် သိချင်နေသည်။
" ပထမပိုင်ရှင် တွေက နင့်အပေါ် မကောင်းကြဘူးလား ဟင် "
အိန်ဂျဲလစ် မျက်လွှာမပင့်ဘဲ ဖြေသည်။

" ကောင်းပါတယ် မမလေး၊ အစားအစာတွေလည်း အများကြီး ကျွေးပါတယ်၊ ဒါပေမဲ့ မမလေးလို့ စကား မပြော ကြဘူး "
" နင် ဘယ်လောက်အသုံးဝင်ကြောင်း သူတို့ကို ပြောပြခွင့်မကြုံလို့ နေမှာပါဟယ်။ ငါ နင့်ကို အမှတ် တရ တစ်ခုခု ပေးချင်သေးတယ်၊ ငါ နင့်ကျေးဇူးကို မမေ့ဘူးဆိုတာ ပြချင်တယ် အိန်ဂျဲလစ် "
အိန်ဂျဲလစ် တစ်ချက်မော့ကြည့်သည်။ ပြီးတော့ မျက်လွှာပြန်ချပြီး -
" ကျွန်မ ကို ဘာမှ ၀ယ်မပေးပါနဲ့ မမလေး၊ ကျွန်မ တစ်ခုပဲ လိုချင်ပါတယ် "
" ကဲ ... ဘာလဲ ပြော " " ကျွန်မကို တခြားမမလေး တစ်ယောက်ယောက်ဆီ ပြန်မရောင်းပါနဲ့နော် "
ဂျူးဒစ် မတ်တတ်ရပ်ပြီး သူ့ပခုံး ကို သိုင်းဖက်လိုက်သည်။

" သြော် ... အိန်ဂျဲလစ်ရယ်၊ နင့်ကို ငါက ဘယ်လိုလုပ်ပြီး ရောင်းနိုင်မှာလဲ၊ နင်က ငါ့မိတ်ဆွေဖြစ်နေပြီပဲ၊ ပေါင် တစ်ထောင် ပေးလည်း မရောင်းဘူး။ ဘုရင်မင်းမြတ်နဲ့ သူ့ကြင်ရာတော် မိဖုရားကြီး ကိုယ်တိုင် လန်ဒန် က လာဝယ်ရင်တောင် မရောင်းဘူး "
အိန်ဂျဲလစ် ၏ မျက်ဝန်းနက်များတွင် မျက်ရည်တွေ ပြည့်လျှံလာသည်။ တစ်ချက် မော်ကြည့်ပြီး -
" မမလေး ၊ တကယ် ပြောတာလားဟင် " ဂျူးဒစ် စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြလိုက်သည်။

" မမလေးက သိပ်သဘောကောင်းတဲ့ သခင်မပဲနော် "
ဂျူးဒစ်က အိန်ဂျဲလစ်နှင့် ကြမ်းပြင်ပေါ်တွင် ယှဉ်ထိုင်လိုက်ပြီး -
" ဒီမယ် အိန်ဂျဲလစ်၊ နင် ငါ့ကို ကတိတစ်ခု ပေးပါလား "
" ဘာလဲ မမလေး " " ငါ ကလေးမွေးတဲ့ညက ဒုက္ခတွေရယ်၊ ဖီးလစ်က ငါ့ကိုထားပြီး ထွက်သွားတယ် ဆိုတာ တွေ ရယ် ဘယ်သူ့ကိုမှ မပြောဖို့လေ " အိန်ဂျဲလစ် ပြုံးသည်။
" မပြောပါဘူး မမလေး "
သူတို့နှစ်ယောက် မျက်လုံးချင်း ဆုံကြသည်။ တစ်ဦးကို တစ်ဦး နားလည်သည်ထက် နားလည်လာကြသည့် အဓိပ္ပာယ်။

ဂျာဗာစီ ၀င်လာပြီး ဖီးလစ် အပြင်တွင် ရောက်နေကြောင်း သတင်းပေးလာသည်။ ဟင် ... စနေနေ့ လည်း မဟုတ်ဘဲနဲ့။ ဂျူးဒစ် ပြေးထွက်သွားသည်။ ဘာများ ဖြစ်လို့ ပါလိမ့်။
ဖီးလစ် ခါတိုင်းထက် ရွှင်နေသည်။ အပြာရောင်ကုတ်အင်္ကျီဝတ်လာပြီး ပိုးတွန့် မာဖလာကို စည်း ထားသည်။ ဂျာဗာစီ့ လက်ကိုကိုင်ကာ ငုံ့နမ်းပြီး နှုတ်ဆက်ပုံက အထက်တန်းကျလှသည်။
ဂျူးဒစ် သဘောကျနေ၏။
" မဒမ်ကတော့ တစ်နေ့တခြား ပိုပြီးလှနေတာပဲ "ဟု ခပ်တိုးတိုး ပြောသည်။
ဂျူးဒစ်အား ကလေးတစ်ယောက်ပွေ့သလို ပွေ့ယူလိုက်ပြီး ဒေးဗစ်အကြောင်းမေးသည်။ ပြီးတော့ ၀က်သစ်ချမြိုင် စံအိမ်ကြီး ပြီးပြီမို့ ပြန်ခေါ်ဖို့ လာခြင်းဖြစ်ကြောင်း ပြောသည်။
ကြည့်စမ်း၊ ၀က်သစ်ချမြိုင်အိမ်ကြီး ပြီးပြီတဲ့။ ဂျူးဒစ်ရင်တွေ ခုန်နေ၏။ ဖီးလစ်၏ မျက်လုံးပြာတွေ ဂုဏ်ယူ ၀င့်ကြွား စွာ တောက်ပ နေကြသည်။

ဆက်ရန်
.

1 comment:

Anonymous said...

Thank you....