Sunday, March 18, 2012

သာဓု ၏ အတာ, အပိုင်း (၁ဝ)

အတာ ၏ သန့်ရှင်းရိုးသားသော စေတနာသည် အတာကလေးအား အကျိုးပေးလျက်ရှိ၏။ ဤကဲသို့ ဆရာမ က ပေးကမ်းကျွေးမွေးလေ မုန့်ဖိုးအကုန်အကျသက်သာလေဖြင့် အတာတွင် စုငွေကလေး တိုး၍ တိုး၍ လာတော့၏။

သို့ သူစုသော ပိုက်ဆံကလေး တစ်နေ့တခြား တိုးလာသလောက် ကုန်စရာအပေါက်အလမ်းက လည်းပေါ်၍ ပေါ်၍ လာပြန်၏။ ရာသီမှာဆောင်းဝင်ခဲ့ပြီး ဖြစ်သောကြောင့် အတာတွင် နံနက်စောစော ကျောင်းသွားရင်း ၀တ်ရန် အနွေးထည်ကလေး လိုလာ၏။ အမှန်လည်းလို၏။ အတာကိုယ်၌က လည်း အခြားသော အတန်းသားများနည်းတူ ဘလေဇာကွက်အင်္ကျီမ၀ယ်နိုင်သည့်တိုင်အောင် ဆွယ်တာလေး တစ်ထည်လောက် ကိုမူ ၀တ်ချင်၏။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသကဲ့သို့ အချမ်းလည်းလုံ အများ သူငါကဲ့သို့လည်း ဆွယ်တာကလေးနှင့် လှလှပပကျောင်းတက်ချင်ရှာ၏။
ဤတစ်ကြိမ်တွင်မူ မသိန်းမေအား ပိုက်ဆံအပ်၍ အ၀ယ်မခိုင်းတော့ဘဲ သူ့ကိုယ်တိုင်ပင် စွပ်ကျယ် ဆိုင်တန်း သို့သွားကာ အပေါစား ဂျပန်လုပ် ဂွမ်းခံဆွယ်တာတစ်ထည်ကို သူကြိုက်ရာအဆင်ရွေး ပြီး ငါးမတ်တိတိ ပေးဝယ်ခဲ့၏။ သို့သော် ထိုဆွယ်တာအင်္ကျီကို အိမ်အရောက် တစ်ပါတည်း ယူမလာ ၀ံ့။

"ဒီ ဆွယ်တာလေး ၂၅လမ်းထဲက ကျွန်တော့်ဟာကျွန်တော် သွားဝယ်လာခဲ့တယ်၊ အဲဒါမမသက် ယူထား လိုက်ပါနော်၊ မေမေတို့ပြန်လာမှ ကျွန်တော့်ဖို့ မမသက်က ၀ယ်ပေးတာဆိုပြီး မေမေတို့ ရှေ့မှာ ခေါ်ပေးပါ၊ ဟုတ်လား၊ နို့မို့ဆိုရင် မေမေကသူ့ကို မသိမပေးဘဲ ၀ယ်ရသလဲဆိုပြီး ကျွန်တော့်ကို ရိုက် နေလိမ့်မယ်"
မခင်သက် တို့ ဆိုင်ဝင်၍ အတာ သည် ဤလိုပြောရင်း ဆွယ်တာအင်္ကျီကလေးကို ပေးအပ်ခဲ့ရသေး ၏။

ဤမျှသော အသက်အရွယ်နှင့် ဤလိုအသိတရားရှိပြီး ဤသို့လျှင် အရွယ်နှင့်မမျှအောင် ကိုယ့်ကြမ္မာ ကိုယ် ဖန်တီး နေသူ လူလိမ္မာကလေးတစ်ယောက် ဖြစ်ပါလျက် ဤကဲ့သို့ ကိုယ့် ပိုက်ဆံနှင့်ကိုယ် ၀ယ် ၀တ်သည် ကိုပင် ဤမျှလောက် သူ့မေမေကို ကြောက်နေရသည်မှာ တရားလွန် သည်ထက်ပင် မကောင်းလေခြင်း ဟု မခင်သက် တို့တစ်စုက ရင်ထုမနာ ဖြစ်မိကြ၏။
ခုလိုမင်းဟာမင်း ပိုက်ဆံစုပြီး ကိုယ့်ဟာကိုယ် ၀ယတ်ဝတ်တယ်ဆိုတော့ မမသက်သာ မင့်အမေ ဆိုရင် မျက်ရည် ကျမတတ် ၀မ်းသာမိမှာပဲ အတာရယ် အင်းမင်းဖြစ်ပုံများနှယ် မကောင်းလိုက်တာ လှိုက်လှိုက် လှဲလှဲ ညည်းညူး မိရင်း မခင်သက်လည်း အတာ့ဆွယ်တာထုပ်ကလေးကို မျက်ရည် လည်းရွဲနှင့် ယူထား လိုက်ရတော့၏။

တစ်နေ့သော် သူရသည့် မုန့်ဖိုးခြောက်ပြားအနက်မှ နှစ်ပြားကို အိမ်တွင် စုထားခဲ့သဖြင့် သူ့အိတ်ထဲတွင် ပဲစေ့ တစ်စေ့သာ ပါလာ၏။ ထိုနေ့ကလည်း အတန်းပိုင်ဆရာမ နေမကောင်း သဖြင့် ခွင့် ယူထားသော နေ့ဖြစ်ရာ မုန့်စားလွှတ်သည်နှင့် သူ့ဆရာမအတွက် ဘာမှဝယ်ပေးစရာ မလိုသည့်အတိုင်း ခေါက်ဆွဲကြော် ထုပ်တစ်ထုပ်ကိုယူ၍ ဆိုင်ရှင်အဒေါ်ကြီးအား ပဲ့စေ့ကလေးကို လှမ်းပေးလိုက်၏။
ကျောင်းလွှတ်စ ဖြစ်သည့်အတိုင်း ဆိုင်ဟူသမျှတွင် ကျောင်းသူကျောင်းသားများဖြင့် ရှုပ်ယှက်ခတ်နေ ၏။ ခေါက်ဆွဲကြော် ဆိုင်တွင်လည်း ဆယ့်လေးငါးယောက် ဝိုင်းအုံရှုပ်ထွေးနေသဖြင့် ဆိုင်ရှင်သည် အတာ ပေးသော ပဲစေ့မူးစေ့ အထင်ဖြင့် ပိုက်ဆံခြောက်ပြား ပြန်အမ်းလိုက်၏။

ပထမသော် အတာသည် ပိုက်ဆံခြောက်ပြားကို ကြောင်တွေတွေကြည့်နေမိ၏။ သူပေးလိုက်သည်မှာ ပဲ စေ့ ဖြစ်လျက် အဒေါ်ကြီးကမှား၍ ပိုအမ်းလိုက်သည်ကို အတာ သေသေချာချာ သိ၏။ ပိုသောပိုက်ဆံကို ပြန်ပေးရ ကောင်းနိုး၊ ယူသွားရ ကောင်းနိုးဖြင့် သူ့တွင် ချီတုံချတုံဖြစ်နေပြီးမှ
"တစ်ပဲ ဆိုရင် ငါ နှစ်ရက်လောက် စုမှရမှာ ကိစ္စမရှိဘူး၊ ငါယူသွားမယ် ဒါ ခိုးတာမှမဟုတ်ဘဲ"
ပိုက်ဆံရှားသည် ကို လည်းကောင်း၊ မက်မောရမည်ကိုလည်းကောင်း ကောင်းကောင်းကြီးသိနေသော အတာ သည် ပိုက်ဆံခြောက်ပြားကို အိတ်ထဲသို့ ခပ်သုတ်သုတ်ထည့်ရင်း ခေါက်ဆွဲဆိုင်အနီးမှ လှည့် ထွက်လာ ခဲ့၏။

လူအေးကလေး အတာသည် အေးအေးနေ၍ အေးအေးစားတတ်သူဖြစ်သည့်အတိုင်း ခေါက်ဆွဲထုပ် ကလေး ကို ကိုင်၍ သူစားနေကျနေရာဖြစ်သော ဆောင်တော်ကူးပန်းပင်အောက်သို့လျှောက်လာပြီး ခေါက်ဆွဲထုပ် ကို ဖြေလိုက်၏။ ယခင့်ယခင် အခါများကကဲ့သို့ အတာသည် သွက်သွက်လက်လက်မရှိ လှဘဲ တစ်စုံတစ်ရာအတွက် သူ့စိတ်ထဲတွင် လေးနေသလို ထင့်နေသယောင်ဖြင့် အမူအရာမှာ ကြောင် တွေတွေ ရှိလှတော့၏။

ထိုတစ်စုံတစ်ရာအတွက် ဆိုသည်မှာ အခြားမဟုတ်။ ခေါက်ဆွဲသည်အဒေါ်ကြီးက ပို၍အမ်းလိုက်သော ပိုက်ဆံ တစ်ပဲပင်ဖြစ်၏။ ထိုပိုက်ဆံတစ်ပဲကို အဒေါ်ကြီး ပို၍အမ်းလိုက်စဉ်က အတာသည် သိလျက်နှင့် ပင် လိုချင် သောကြောင့် ယူလာခဲ့၏။ နှစ်ရက်တိတိ မုန့်လျှော့စား၍ စုမှရမည်ဖြစ်သော ပိုက်ဆံတစ်ပဲကို ယခု လို လွယ်လွယ်ကလေးရသဖြင့် သူ ဝမ်းသာသလိုလိုလည်း ရှိခဲ့ပြီးမှ ယခုမူ အဘယ်သို့သော အကြောင်း ကြောင့် ထိုပိုက်ဆံအတွက် စိတ်ထင့်နေရလေသနည်း။

နံနက် ကျောင်းတက်၍ ဘုရားရှိခိုးပြီးတိုင်း တာဝန်ကျသူ ဆရာမက ဆုံးမသြဝါဒပေးလေ့ရှိ၏။ ထိုထို သြဝါဒ တရားစကားများထဲတွင် သူတထူး၏ပစ္စည်းကို မခိုးရ၊ သူတစ်ပါးပစ္စည်းကို ပိုင်ရှင်မသိဘဲနှင့် တိတ်တဆိတ် မယူရ၊ ကျောက်တံ ခဲတံ စသည်များကောက်ရလျှင်ပင် မိမိတို့ဆိုင်ရာ အတန်းဆရာမကို ပေးအပ်ရမည် အစရှိသော ဆုံးမစကားများကို အမြဲတမ်း ထည့်ပြောလေ့ရှိ၏။
အတာလည်း ယခု ခေါက်ဆွဲတမြုံ့မြုံ့စားနေရင်းကပင် ထိုထိုသြဝါဒစကားများကို နားထဲတွင် ကြား ယောင် လာပြီး တစ်ဆက်တည်းဆိုသလိုပင် အတာ တွေးနေမိ၏။

ခေါက်ဆွဲသည် အဒေါ်ကြီးက ပိုအမ်းလိုက်သော ပိုက်ဆံတစ်ပဲကို သူယူခဲ့ရာ၌ တစ်စုံတစ်ဦး၏ပိုက်ဆံ ကို ခိုးရာ ရောက်သလော၊ သို့မဟုတ် ပိုင်ရှင်မသိဘဲနှင့် တိတ်တဆိတ် ယူရာရောက်သလော စသဖြင့် သူ့၌ အပြစ်ရှိ မရှိကု သူ တွေးကြည့်၏။ သူ့အတွေးတွင် ပေါ်လာသော အဖြေကား ရှင်းနေ၏။ အတာ သည် ထိုပိုက်ဆံ တစ်ပဲ ကို လိုချင်သောကြောင့် ယူလာခဲ့သည်ဖြစ်၍ သူ အပြစ်ကင်းမည့်ဘက်ကိုသာ လု၍ တွေး၍ အပြစ်မရှိ ဟု သူ ဆုံးဖြတ်၏။

သူသည် ခေါက်ဆွဲသည် အဒေါ်ကြီးထံမှ ခိုးခြင်းလည်းမဟုတ်၊ မသိဘဲနှင့် တိတ်တဆိတ်ယူလာခြင်း လည်း မဟုတ်ဘဲ အဒေါ်ကြီးပင် ကျေကျေနပ်နပ်မှား၍ အမ်းလိုက်ခြင်းသာဖြစ်သောကြောင့် သူနှင့် ထိုက်၍ သူရသည် ဟု အဖြေထုတ်၏။
သို့လျှင် သူ၌ လုံးဝအပြစ်မရှိဟု အဖြေထုတ်၍ ဆုံးဖြတ်ပြီးသော်လည်း သူ့စိတ်ထဲတွင် စောစောကကဲ့ သို့ ကြည်ကြည် လင်လင် မရှိလှဘဲ ထိုပိုက်ဆံတစ်ပဲအတွက်ပင် သူ့ရင်ထဲ၌ လေးနေ၏။ ထိုကိစ္စကိုသာ ထပ်ခါ တလဲလဲ တွေးနေမိ၏။ ကျောင်းတက်၍ အတန်းထဲရောက်သည့်တိုင်အောင် သူ့စိတ်မှာ ရှင်းရှင်း လင်းလင်း မရှိ သေးဘဲ အဆိုပါ ပိုက်ဆံတစ်ပဲကို ထုတ်ကြည့်လိုက်တွေးလိုက်ဖြင့် တစ်ခါတစ်ရံလည်း အတန် ကြာအောင် ငေးနေမိ၏။

"မကောင်းဘူး မကောင်းဘူး၊ ဒီပိုက်ဆံတစ်ပဲဟာ ငါ့ကို အလကား စိတ်ညစ်အောင် လုပ်နေတာပဲ"
အတာ သည် ဤသို့လည်း ဝမ်းထဲမှကြိတ်၍ ရေရွတ်နေမိ၏။ ထိုပိုက်ဆံတစ်ပဲကို ထုတ်ကြည့်လိုက် တွေး လိုက်ဖြင့် တစ်ခါတစ်ရံလည်း အတန်ကြာအောင် ငေးနေမိ၏။
"ဒီလို ငါယူလာတာ ငါ့မှာအပြစ်ရှိမှာပဲ၊ ဒါကြောင့် ငါ့ရင်ထဲမှာ တစ်မျိုးကြီးဖြစ်နေတာထင်ပါရဲ့၊ ဟုတ်မှာ ပဲ၊ ဒီပိုက်ဆံ တစ်ပဲ ငါ့အိတ်ထဲရောက်ကတည်းက ငါ မပျော်ဘူး၊ စိတ်ညစ်နေသလိုပဲ"
အတာ သည် ဝမ်းထဲမှပင် သူ့ကိုယ်သူ ပြောနေပြန်၏။

ပစ္စည်းတစ်စုံတစ်ခု ကောက်ရလျှင်ပင် ပိုင်ရှင်ရ အောင်ရှာ၍ ပြန်ပေးရမည်။ သို့မဟုတ် မိမိတို့ဆိုင်ရာ ဆရာမ ကို ပေးအပ်ရမည်ဟူသော ဆုံးမစကားကို အတာ သတိရလာပြန်၏။ ဘုရားရှိခိုး၍ပြီးတိုင်းလည်း တာဝန်ခံ ဆရာမသည် ကျောင်းသားပေါင်းစုံ ကောက်ရ၍ ပေးအပ်ထားသော ကျောက်တံ၊ ခဲတံ၊ စာအုပ်၊ ရင်ထိုး၊ ဆံညှပ်၊ ဖောင်တိန် အစရှိသော ပစ္စည်းများကို စာခြင်းတစ်ခုဖြင့် ထည့်ယူလာပြီး ပစ္စည်း ပျောက်သူများ လာယူကြရန် မကြာခဏဆိုသ လို ကြေညာလေ့ရှိသည်ကိုလည်း အတာ မြင်ယောင်လာ။

"ဟုတ်တယ်၊ ကောက်ရတဲ့ပစ္စည်းတောင် ပိုင်ရှင်ကို ရှာပြီး ပြန်ပေးရတယ်ဆိုတော့ မသိလို့မှားပြီး အမ်း တဲ့ ပိုက်ဆံ ကိုလဲ ပြန်ပေးရမှာပဲ၊ ပိုင်ရှင်ကိုလဲ ငါ သိတယ်၊ ရှာစရာတောင် မလိုဘူး၊ ငါ ပြန်ပေးမယ်"
ဤပုံ စိတ်ကူးကလေး ပေါက်လာသည်နှင့် အတာသည်ငေါက်ခနဲ ထလာတဲကာ အတန်းစောင့်ဆရာမ အား ခွင့်တိုင် ၍ ထွက်သွားတော့၏။

ကျောင်းတက်ပြီး၍ ဆယ်မိနစ်မျှသာ ရှိသေးသောကြောင့် ဈေးသည်များ မပြန်ကြသေး။ တစ်ယောက် မုန့် နှင့် တစ်ယောက် လဲလှယ်စားရင်း စကားလက်ဆုံကျနေကြခိုက် အတာ ရောက်သွားပြီး ခေါက်ဆွဲ သည် အဒေါ်ကြီး ရှေ့တွင် ထိုက်လိုက်သဖြင့် "ဘာလဲ ကလေး၊ ခေါက်ဆွဲလား၊ ကုန်သွားပြီကွယ်၊ နက်ဖြန်မှပဲ စားတော့ ဟုတ်လား"ဟု အဒေါ်ကြီးက ပျော့ပျောင်းချိုသာသော အသံဖြင့် ပြောနေသောကြောင့် "မဟုတ်ဘူး ခင်ဗျ၊ ကျွန်တော် ခေါက်ဆွဲစားမလို့ လာတာမဟုတ်ပါဘူး၊ စောစောက ကျွန်တော် စားပြီးပါ ပြီ" "သြော် သြော်၊ နို့ ခုလာတာက ဘာပြောချင်လို့လဲ ကလေးရဲ့"
"ခုန ကျွန်တော် လာဝယ်တုန်းက ကြီးကြီး ကျွန်တော့်ကို ပိုက်ဆံတစ်ပဲပိုပြီး အမ်းလိုက်တယ်၊ ကျွန်တော် ပေးတာက ပဲစေ့၊ အဲဒါ ကြီးကြီးက မူးစေ့ထင်ပြီး ခြောက်ပြားပြန်အမ်းလိုက်လို့ ပိုနေတဲ့ပိုက် ဆံတစ်ပဲ ပြန်ပေး မလို့ပါ"

အတာလည်း ပြောပြောဆိုဆိုပင် အသင့်ကိုင်လာသော ပဲစေ့ကလေးကို အဒေါ်ကြီးအား လှမ်းပေးလိုက် သည် ကို ခေါက်ဆွဲသည်က ရုတ်တရက် လက်မခံသေးဘဲ
"နေပါဦး ကွဲ့၊ ဒီပိုက်ဆံက ကြီးကြီး မှားအမ်းတာမှ ဟုတ်ရဲ့လား၊ မင်း ဒိပြင် ဘာဝယ်စားသေးသလဲ"ဟု အဒေါ်ကြီးက မေးနေပြန်သဖြင့်
"ဒီနေ့ ကျွန်တော် ခေါက်ဆွဲပဲစားပါတယ်၊ ကျွန်တော့်ဆီမှာလဲ ပဲစေ့တစ်စေ့ပဲရှိပါတယ်။ ကြီးကြီး မှားပြီး အမ်း ပေးတာပါ၊ ကျွန်တော် မှတ်မိပါတယ်၊ အစတော့ ကျွန်တော် ယူတော့မလို့ဘဲ။ နောက်တော့ ငရဲကြီး မှာ ကြောက်တာနဲ့ လာပြန်ပေးတာပါ"

အတာလည်း မကွက်မဝှက် ခပ်သွက်သွက်ပင် ဝန်ခံလိုက်သောကြောင့် ဈေးသည်တစ်ခုလည်း သူ့ငါ ကြည့် ငါ့သူကြည်ဖြင့် ပြုံးနေမိကြရာမှ အားလုံးပင် အတာ့ဆီသို့ မျက်လုံးရောက်သွားကာ အတာက လေးအား ချီးကျူး သော အမူအရာဖြင့် ကြည့်နေကြစဉ်မှာပင်
"သိပ်လိမ္မာတဲ့ ကလေးပဲနော်၊ ငယ်ငယ်လေးရှိသေးတယ်၊ ပိုအမ်းလိုက်တဲ့ ပိုက်ဆံတောင် ပြန်ပေးရမှန်း သိနေပြီ"
"ဟုတ်ပါရဲ့၊ အရွယ်နဲ့တောင် မလိုက်ဘူး၊ ရိုးသားလိုက်တာ"
"အင်း ကျွန်မဖြင့် ဒီကလေးကို ကျွန်မသားလေးပဲ ဖြစ်လိုက်ပါတော့လို့တောင် ဆုတောင်းမိတယ်" ဤ သို့လျှင် ဈေးသည်များက တစ်ယောက်တစ်မျိုးစီ ချီးမွမ်းနေကြရာမှ "ကဲ ကဲ ငါ့တူလေးက စိတ်ကောင်း လဲရှိတယ်၊ ရိုးလဲ ရိုးသားတယ်၊ ဒါကြောင့် အဲဒီတစ်ပဲ ကို ကလေးပဲ ယူ တော့နော်၊ မုန့်ဝယ်စား၊ အဲဒါ ကြီးကြီး က စေတနာနဲ့ပေးတာကွဲ့၊ ငရဲမကြီးပါဘူး"ဟု ခေါက်ဆွဲသည် ပြုံးပြုံး ရယ်ရယ်နှင့် ပြောလိုက်သည် ကိုပင် အတာသည် ခေါင်းကလေးတခါခါနှင့် ရမ်းနေရာမှ "ဟင့်အင်း၊ ဒီပိုက်ဆံ ကျွန်တော် မလိုချင်ဘူး ကြီးကြီး၊ ကြီးကြီးပဲ ပြန်ယူပါ"ဟု ပြောရင်းဆိုရင်းကပင် အတာလည်း အဆိုပါပဲစေ့ကလေးကို ခေါက်ဆွဲဗန်း ထဲ ထည့်ခဲ့ပြီး ခပ်သုတ်သုတ် ပြန်ထွက်လာ၏။

အတန်းထဲသို့ ပြန်ရောက်လာပြီဖြစ်သော အတာသည် ယခုမှ သူ့စိတ်ကလေး ရှင်းသွားတော့၏။ သူ တစ်ထူး ၏ပိုက်ဆံကို ပြန်ပေးလိုက်ရသဖြင့်လည်း စိတ်ထဲတွင် ပျော်သလိုလို ရှိနေ၏။ တစ်ဖန် သူ ဤ ကဲ့သို့ စိတ်ကောင်းကလေးထား၍ ရိုးသားစွာ ပြန်ပေးသည့်ကောင်းမှုကြောင့် အဒေါ်ကြီးက မုန့်ဖိုးအဖြစ် ပြန်ပေးသည် ကိုလည်းကောင်း၊ အခြားဈေးသည်များက ချီးကျူးလိုက်သည်ကိုလည်းကောင်း အတာ သည် တအံ့တသြ ဝမ်းသာသွား၏။ ရိုးသားမှုသည် အဘယ်မျှလောက် တာသွား၍ အဘယ်မျှထိအောင် တန်ဖိုး ရှိသည်ဟူ၍ အတာ မမှန်းဆတတ်သော်လည်း သစ္စာရှိခြင်း၊ ရိုးသားခြင်းသည် အလွန်ပျော်စရာ ကောင်း သော အလုပ်တစ်ခုဟူ၍ကား သူ ဉာဏ်မီသလောက် နားလည်လိုက်၏။

ထိုနေ့ လွန်မြောက်ခဲ့၍ နောက် နှစ်ရက်ခြားလောက်တွင် နေ့လယ်မုန့်စားလွှတ်၍ သူ့ဆရာမကိစ္စများ လုပ်ဆောင် ပြီးစီးခဲ့သည်နှင့် အတာလည်း မုန့်စားရန် ထွက်လာခဲ့၏။ ပိုက်ဆံကလေး အကြွေနှစ်ပြားကို ခေါက်ဆွဲသည် အဒေါ်ကြီးအား လှမ်းပေးလိုက်ပြီးမှ ခေါက်ဆွဲတစ်ထုပ် ကောက်အယူတွင်
"နေဦး ကလေး"ဟု ပြောရင်း အဒေါ်ကြီးသည် အတာ့လက်ထဲမှ ခေါက်ဆွဲထုပ်ကို ပြန်ယူပြီး နောက် ထပ် နှစ်ပြားဖိုးစာ လောက်နီးပါး အပိုထည့်ပေးလိုက်ပြီးမှ အတာအား လှမ်းပေးရင်း
"မင့်နာမည် ဘယ်လိုခေါ်သလဲ ကလေး"
"အတာ လို့ ခေါ်ပါတယ်" "အေး အေး၊ နောက်ကို ပိုက်ဆံမရှိပေမဲ့ စားချင်ရင် လာယူနော်၊ ကြီးကြီး ကျွေးမယ်၊ ဟုတ်လား" "ဟုတ်ကဲ့"

ပိုအမ်းလိုက်သော ပိုက်ဆံတစ်ပဲ ပြန်ပေးခဲ့သည့်နေ့မှစ၍ အတာသည် ရိုးသားလိမ္မာစွာ သစ္စာရှိသော ကလေးတစ်ယောက်ဟူ၍ အားလုံးသောဈေးသည်များက အသိအမှတ်ပြုကာ အတာ တစ်ခုခုလာဝယ် တိုင်း မေးဆွဲပါးဆွဲဖြင့် ချစ်ခင်ယုယတတ်သည်သာမက စားစရာများလည်း ပေးကမ်းကျွေးမွေးလိုက်ကြ သေး၏။
ဤသို့ဖြင့် အတာသည် ဆရာမကပေး၊ ဈေးသည်များက ကျွေးဖြင့် အတော်ကလေး စားလမ်းဖြောင့်နေ တော့၏။ သို့သော် အတာသည် ဆရာမဖြစ်သူ ကျွေးသောပေးသောအခါတွင် စိတ်ဆိုးမည်ကြောက်၍ မငြင်း မပယ် လက်ခံစားသောက်ခဲ့သော်လည်း ဈေးသည်များပေးတိုင်း ကျွေးတိုင်းကိုမူ သူ စားလေ့မရှိ။

တစ်ခါက မသိန်းမေသည် စိတ်လိုလက်ရ ဈေးသိမ်းအပြန် ဝယ်လာသော ပဲမြစ်များကို ကြောင်အိမ်ထဲ တွင် ထည့် ထားပြီး အတာအား စားလိုက ယူစားရန် ခွင့်ပြုခဲ့သဖြင့် အတာလည်း စားကောင်းကောင်းရှိ သည်နှင့် ပဲမြစ် လေးငါးခြောက်ခုလောက် ယူစားမိ၏။ နောက် မသိန်းမေတို့ပြန်လာ၍ ကိုထွန်းအောင် နှင့် အတူ ပဲမြစ်ယူစားကြသည်တွင် သိသိသာသာကြီး လျော့နေသဖြင့် "ဟဲကောင်၊ နင် ဘယ်နှစ်ခု စားသလဲ"ဟု အတာအား မေးသဖြင့် "အတာ ငါးခုခြောက်ခုလောက် စားတယ် မေမေ"
"ကဲ ကျွန်မ ပြောတော့ ရှင်က ကာဆီးကာဆီးနဲ့၊ ခုကြည့်စမ်း၊ ပဲမြစ် ယူစားချင်စားလို့ နည်းနည်းအလို လိုက် လိုက်တာနဲ့ တစ်ခါထဲ ထင်သလို ယူစားပစ်တာပဲ"ဟု မသိန်းမေက ကိုထွန်းအောင်အား လှည့် ပြောလိုက် သည်နှင့် "သူ ကလေးပဲဗျ၊ ဘာသိမှာလဲ၊ ကလေးဆိုတာ စားလို့လွှတ်ပေးလိုက်ရင် အဝစား မှာပဲ၊ အဲဒီတော့ ခင်ဗျားက သီးသန့်ပြီး ပေးချင်သလောက် ပေးခဲ့ပါလား" "ပြောပြန်ပြီ  ကာဆီးကာဆီးနဲ့"
"ကောင်လေးဘက်က ကျုပ် ကာကွယ်တာ မဟုတ်ဘူး၊ လမ်းအတိုင်း ပြောတာ" "လမ်းအတိုင်းမကလို့ ဘာဖြစ်ဖြစ် ဒီကောင်လေးကို အကျင့်မကောင်းဘူး၊ အလကားရမယ်ဆိုရင် ရေ တောင် အသေသောက်မဲ့ အကောင်"

မသိန်းမေ ပြောလိုက်သောစကားများ အဘယ်မျှလောက် အဓိပ္ပာယ်မဲ့၍ ကမောက်ကမနိုင်နေသည်ကိုမူ အတာ မတွေးတတ်။ သူ နားလည်လိုက်သည်ကား မိဘဝယ်လာသော စားစရာပင်ဖြစ်စေ ပိုက်ဆံမပေး ရတိုင်း များများစားခြင်းသည် အပြစ်ရှိသည်ဟူ၍ပင်ဖြစ်၏။ အထူးသဖြင့် သူ့နားထဲစွဲသွားသည်မှာ (အလကား ရမယ်ဆိုရင် ရေတောင် အသေသောက်မဲ့ အကောင်)ဟူသော စကားပင်ဖြစ်၏။
အတာ မှာ လူမမယ်မျှသာရှိသေးသောကြောင့် ဤသို့သော စကားပုံများ၏ အဓိပ္ပာယ်သဘောသွားကို သူ ဉာဏ် မမီနိုင်။ သူ့အရွယ်နှင့် လျော်ညီစွာသာ သဘောပေါက်၏။ ရေသည် အလကားရသော အဟာ ရပင်ဖြစ်သော်လည်း အားရပါးရ တဝကြီးသောက်က အပြစ်ရှိလေသလောဟု အတာသည် သံသယဖြစ် ခဲ့ဖူး၏။ သို့ကြောင့်လည်း ထမင်းစား၍ ရေသောက်စဉ် သူ့မေမေစကားကို သတိရသောအခါများ၌ ရေ ကိုပင် အဝမသောက်ဝံ့ဘဲ ရွံ့နေခဲ့ရှာ၏။

မကောင်းသော အပြုအမူ အပြောအဆိုတစ်ခုခုကို ကျူးလွန်လျှင် အပြစ်ဖြစ်၏။ အပြစ်ဆိုသည်မှာ ငရဲ ကြီးခြင်းကို ခေါ်၍ ထိုငရဲကြီးခြင်းဆိုသည်မှာလည်း ဆီပူထဲတွင် ကြော်လှော်ခြင်းခံရသည်ကို ခေါ် ကြောင်း၊ ကျောင်းတွင် သင်ကြားရ၏။ မခင်သက်တို့ကလည်း ဘုရားခေါ်သွားတိုင်း ပြောပြရုံမဟုတ်၊ ဆွဲချိတ်ထားသော ငရဲခန်း ပုံကားများကိုပါ ပြတတ်သောကြောင့် အတာ အလွန်ကြောက်၏။
မသိန်းမေ ပြောဖူးသည့် ထိုမည်သော "အလကားရရင် ရေတောင် အသေသောက်မဲ့အကောင်"ဟူသည့် စကား ကို အဓိပ္ပာယ်ကောင်မှားခဲ့သော အတာသည် ကျောင်းရှိဈေးသည်များက ၎င်း၏ရိုးသားမှုကို ဂုဏ် ပြု ချစ်ခင်သော အားဖြင့် မုန့်ပဲသရေစာများ အခမဲ့ ခေါ်ကျွေးကြသည်ကိုပင်  အတာသည် ရဲရဲမစားဝံ့သ လို ရှိခဲ့၏။

"ရော့ ဒီခေါက်ဆွဲတစ်ထုပ်ကိုတော့ မင်း စားရမယ်၊ မစားရင် ကြီးကြီး စိတ်ဆိုးမှာပဲ"
တစ်ခါက ခေါက်ဆွဲသည် အဒေါ်ကြီးသည် အတာပေးသော ပိုက်ဆံနှစ်ပြားကို အိတ်ထဲပြန်ထည့်ပေးပြီး အတာ့ လက်ကို ဆွဲထားရင် အတင်းအကျပ် ပြောသောကြောင့် အတာလည်း မငြင်းသာတော့ဘဲ ဆိုင် အနီး မှာပင် ထိုင်၍ စားလိုက်ရတော့၏။
ထိုနေ့က အိမ်ရောက်ရောက်ချင်း အတာသည် ခေါက်ဆွဲသည်ကြီးက ပိုက်ဆံပိုအမ်းသည်ကို သူပြန်ပေး သည်မှ စ၍ ဇာတ်ကြောင်းလှန်၍ ကိုထွန်းအောင်အား ပြောပြ၏။ "အဲသလို အဒေါ်ကြီးက ခေါက်ဆွဲ အတင်းကျွေး လို့ ကျွန်တော် စားမိတာ အပြစ်ရှိသလား ဟင်"ဟု စိုးရိမ်သံကလေးဖြင့် ကိုထွန်းအောင်အား အတာက မေး၏။

"မရှိပါဘူးကွာ၊ သူက မင့်ကို ချစ်လို့ ကျွေးတာပဲဥစ္စာ၊ မခင်သက်တို့က ကျွေးသလိုပေါ့"
"ဒါပေမဲ့ မမသက် တို့ ကျွေးတာကိုတော့ မေမေက မုန့်ဟင်းခါးတို့ ဘာတို့ဆိုရင် စားတဲ့၊ ထမင်းကျွေးရင် တော့ မစားရဘူးတဲ့" "အေးလေ မင်းကို ခေါက်ဆွဲသည်ကြီးက ထမင်းကျွေးတာမှ မဟုတ်တာ၊ ခေါက်ဆွဲ ကျွေးတာ ချစ်လို့ပဲ၊ စားပေါ့ကွာ၊ ဒါပေမဲ့ ခဏခဏ ကျွေးတိုင်း မစားနဲ့ ဟုတ်လား"
"ဟုတ်ကဲ့၊ ကျွန်တော် မစားပါဘူး၊ တစ်ခါတလေ ပိုက်ဆံမယူဘူးဆိုပြီး အတင်းကျွေးပေမဲ့ ကျွန်တော် လေ ပိုက်ဆံနှစ်ပြား ကို ဗန်းထဲထည့်ခဲ့ပြီး အတင်းထွက်ပြေးတာပဲ" ထိုစကားကို ကြားလိုက်ရသည်နှင့် ကိုထွန်းအောင် လည်း အတာ၏ခေါင်းကလေးကို လှမ်းကိုင်ပွတ်သပ် နေပြီးမှ "အေး မင်း လိမ္မာသလောက် မင့်အမေ မိုက်လုံးကြီးနေတော့တာပဲ၊ အဲဒါ ဘာဖြစ်လို့လဲ သိသလား" အတာက ခေါင်းကလေးကို ညင်ညင်သာသာ ခါပြလိုက်သဖြင့် "မင့်အမေဟာ စာမတတ်ဘူးကွ၊ ဒါကြောင့် ဒီလောက်ဆိုးနေတာ"

အတာလည်း အတန်ကြာ တွေနေပြီးမှ "မေမေ ငယ်ငယ်က ဘာလို့ကျောင်းမနေတာတဲ့လဲ ဟင်"
"မိုက်လို့ပေါ့ကွာ၊ မင်းတို့ မော်လမြိုင်က ဘွားဘွားက ပြောဖူးတယ်၊ ကျောင်းထားပေမဲ့ မင့်အမေဟာ ကျောင်းမတက်ဘဲ ကျောင်းရှေ့မှာထိုင်ပြီး ငိုနေတာပဲတဲ့၊ ဘယ်လိုရိုက်ရိုက် အနာခံတယ်၊ ကျောင်းမ တက်ဘူး တဲ့၊ ဒါနဲ့ သူ့ကို ကျောင်းကထုတ်လိုက်ရသတဲ့"

အတာလည်း စိတ်ဝင်တစားနားထောင်နေရင်းကပင် တစ်စုံတစ်ရာကို မေးသင့် မမေးသင့် စဉ်းစားသလို တွေနေပြီးမှ
"မေမေဟာ စာမတတ်လို့ ဆိုးတာမိုက်တာဆိုတော့ ဒေါသကြီးတာလဲ စာမတတ်လို့ပေါ့နော်"
"အေးပေါ့ကွာ"ဟု ကိုထွန်းအောင်က ပြီးမှပြီးစေတော့ဟု ဖြေလိုက်သည်ကို
"ဒါဖြင့် မေမေက ကျွန်တော့်ကိုမချစ်တာကော စာမတတ်လို့ပဲလား ဟင်"
ထိုမေးခွန်း ကို အဖြေရကြပ်သွားသည်ထက် ကိုထွန်းအောင်တွင် ရင်ထုမနာနှင့် အတာကလေးအား သနားစိတ် က ပို၍ ဖြာသွားတော့၏။

"မင့်အမေက မင့်ကို ချစ်သားပဲကွ"
မေးခွန်းကိးု တိုက်ရိုက်မဖြေဘဲ သို့လျှင် သာမန်အားဖြင့် ပြောလိုက်သည်ကို အတာ ကျေနပ်ပုံမရ။
"မေမေ ကျွန်တော့်ကို မချစ်ပါဘူး။ ကျောင်းက လက်သုပ်သည် အဒေါ်ကြီးက ကျွန်တော့်ကို ဒီကလေး သာ ကျွန်မသားဆို သိပ်ကောင်းမှာပဲတဲ့၊ မေမေကတော့ ကျွန်တော့်ကို သေစေချင်နေတာပဲ၊ ဒီမအေ လေး မြန်မြန် သေမှ အေးမယ်တဲ့၊ ခဏခဏပြောတယ်၊ ဒါ ကျွန်တော့်ကို မချစ်လို့ပေါ့"
ယခုမူ ကိုထွန်းအောင်၌ ရင်ထုမနာသာမဟုတ်တော့ဘဲ အသည်းတွေပင် ကြွေမတတ် ရင်ထဲတွင် အောင့် သွားတော့၏။

"ဒါ အလကားပြောတာပါကွာ၊ စိတ်ဆိုးရင် ဒီလိုပဲ ပြောတာပေါ့၊ မင့်ကို ဘယ်သေစေချင်ပါ့မလဲ"
"စိတ်ဆိုး လို့ပြောတာ ဟုတ်လားဟင်"
အတာလည်း သူ့မေမေ သူ့အားချစ်သည်ဆိုသည့် မျှော်လင့်ချက်ကလေး ၀င်လာသည့်အသွင် ရုတ်ရက် ရွှင်လာရာ မှ မျက်နှာကလေး ညှိုးသွားပြန်ကော
မေမေ ဟာ စိတ်ဆိုးလို့ ကျွန်တော့်ကို ကျိန်ဆဲတယ်၊ ဆူတယ်၊ ရိုက်တယ်၊ ဒါပေမဲ့ စိတ်မဆိုးတဲ့ အခါလဲ ကျွန်တော့် ကို တစ်ခါမှ ရယ်ပြီးတော့ စကားမပြောဘူး၊ မေမေရယ်တာကို ကျွန်တော် သိပ်ကြည့်ချင်တာပဲ
"ကိုထွန်းအောင် လည်း အတာဘာဆိုလိုသည် မသိသလို ရုတ်တရက် တွေသွားရာမှ"
"ရယ်သားပဲကွ၊ မင်းဘာကိုပြောနေတာလဲ ဟေ"

"သူများတွေနဲ့တော့ ရယ်ပြီး စကားပြောတယ်လေ၊ ကျွန်တော်မြန်သားပဲ ကျွန်တော်ပြောတာက ကျွန်တော့် ကို ကြည့်တဲ့အခါ ဘယ်တော့မှ မရယ်ဘူး၊ မျက်နှာကြီးက အမြဲစိတ်ဆိုးထားတယ်၊ ကျွန်တော့် ကို မချစ်သလိုပဲ ကျွန်တော်ကတော့ မေမေ့ကိုသိပ်ချစ်တာပဲ၊ ဘုရားစူးမေမေ မြင်းနိုင် လာရင်ကျွန်တော် သိပ်ဝမ်းသာတာပဲ၊ ၃၆ ကောင်တိုက်ရင်လဲ ပျော်ပဲ၊ မေမေရယ်ပြီးတော့် စကား ပြောနေရင် ကျွန်တော် သဘော ကျတယ် မိုးကြိုးပစ်"
"ကွာ ကျိန်မနေစမ်းပါနဲ့ ငါယုံပါတယ်၊ ကဲသွားကစားချေဦး"
မူထား မမှန် နဂိုသံမဟုတ်၊ ကိုထွန်းအောင်၏ စကားသည် တုန်တုန်လှုပ်လှုပ် ထွက်လာ၏။ စိတ်ထဲ တွင် လည်း မနည်းကြီး ထိခိုက်သွား၍ လားမသိ စကားပြတ်သွားစေရန် အတာအား အကစား ဆင်းခိုင်းလိုက် ရတော့၏။

ဆိုခဲ့သည့်အတိုင်း ကျောင်းရောက်လျှင်ဆရာမကပေး၊ ဈေးသည်တွေကကျွေး၍ အိမ်တွင်လည်း ရံဖန်ရံခါ ဆိုသလို မခင်သက်တို့က အစားအသောက်ကလေးများဖြင့် ယုယတတ်ပြန်သောကြောင့် အတာတွင် တစ်နေ့နှစ်ပြားသုံးပြား မှသည် တစ်ပဲခြောက်ပြားအထိ စုနိုင်ခဲ့၏။
"ရလေ လိုလေ အိုတစ္ဆေဆိုပြီး မင့်အမေကို ငါခဏခဏ ပြောတာကြားတယ်မဟုတ်လား၊ အတာ"
"ဟုတ်ကဲ့" "အဲဒါ အဓိပ္ပာယ်ကော သိသလား" "ဟင့်အင်း"

"ငါပြောပြမယ်၊ သေသေချာချာ နားထောင် ဟုတ်လား၊ မင့်အမေဟာ သူ့ဆီ ပိုက်ဆံဘယ်လောက် ရှိရှိ နောက်ထပ် လိုချင်တာပဲ၊ ဘယ်လိုများများပေးလဲ မလောက်ဘူး၊ ရရင်လိုချင်တာပဲ၊ ဒါကြောင့် ရလေ လိုလေ အိုတစ္ဆေလို့ပြောတာ လူတွေဟာ အဲသလို ရတိုင်းလိုချင်တဲ့လူ ပေးတိုင်းကျွေးတိုင်း စားတဲ့လူကို တစ္ဆေ လိုပဲ မုန်းတယ်"
"တစ္ဆေတွေ ဟာလဲ ဘယ်လောက်ရရ နောက်ထပ် လိုချင်တာပဲလား ဟင်"
"အေး တစ္ဆေသရဲ ဆိုတာ သူတို့ကို သနားလို့ တစ်ခါကျွေးမိရင် ခဏခဏကျွေးရတယ်၊ မကျွေး ရင် ခြောက်တာပဲ၊ ကျွေးလို့လဲ ဘယ်တော့မှ မ၀ဘူး၊ ပြီးတော့ တစ္ဆေဆိုတာ လူတွေကို ဘာမှ အကူအညီ ပေးတာ မဟုတ်ဘူး၊ ဒါကြောင့် တစ္ဆေသရဲကို လူတွေက မုန်းတာပေါ့၊ အဲဒါ မင်းမှတ် ထား၊ မင်းတို့ ကျောင်းက ဈေးသည် တွေက မင်းကိုချစ်လို့ အလကားကျွေးပေမဲ့ ခဏခဏ ကျွေးတိုင်းမစားရဘူး၊ ကျွေးတိုင်း ပေးတိုင်းစားရင် ကြာတော့ မင့်ကိုတစ္ဆေလိုပဲ မုန်းသွားလိမ့်မယ်"

လွယ်လွယ်ုနားလည်နိုင်သောနည်းဖြင့် ကိုထွန်းအောင်က သွန်သင်ဆုံးမဖူးသည်ကို အတာမည် သည့် အခါမျှ မမေ့။ စွဲမှတ်ထား နာယူထားသည့်အတိုင်း အတာသည် ယခင်ကထက် ပို၍ ဆင်ခြင်လာ၏။ ဆရာမကျွေးသည်ကိုပင် ယခင်က စိတ်ဆိုးမည်ကြောက်၍ မငြင်းခဲ့သော်လည်း ယခုမူ "ကျွန်တော် မဆာဘူး မမ" ဟူသော အကြောင်းပြချက်ဖြင့် တစ်ခါတစ်ရံသာ စား၏။ ကျောင်း ရှိဈေးသည်များက ပေးကမ်း ကြလျှင်လည်း တစ်ခါတစ်ရံသာ လက်ခံ၍ များသောအားဖြင့် ပိုက်ဆံအတင်းပေးပြီး ထွက်ပြေး လေ့ရှိ၏။

"ဒီကလေး ဟာ တစ်မျိုးပဲနော်၊ ဒီလို ထူးခြားတဲ့ကလေးမျိုး ကျွန်မဖြင့် တစ်ခါမှ မတွေ့ဖူးဘူး"
"အတာလား၊ ဒီကောင်းလေးလိုဟာမျိုးတော့ ရှားပါတယ်၊ အရွယ်နဲ့မလိုက်ဘူး၊ သိတတ်လိုက် တာ လွန် နေတာပဲ"
"အေးလေ တချို့ကလေးတွေများ ပါတာနီ နှိုက်ပြေးတားနဲ့၊ မုန့်ဟင်းခါးစားပြီး ပိုက်ဆံမပေးဘဲ မယောင် မလည် လစ်ပြေးတာနဲ့ သိပ်ဆိုးတယ်၊ အတာကတော့လဲ ပေးတိုင်းမယူ ကျွေးတိုင်းလဲ မစားဘူး၊ သိပ်လိမ္မာ တဲ့ ကလေး"

"ဒါကြောင့် ကျွန်မသားလေးပဲ ဖြစ်လိုက်ပါတော့လို့ ပြောတာပေါ့၊ တစ်နေ့ကလဲ ကျွန်မ စေတနဲ့ အတင်း ကျွေးပြီး ပိုက်ဆံကိုအတင်းပြန်ပေးတာမရဘူး၊ နောက်ကနေပြီး အလစ်မှာ ပစ်ပေးပြီး ပြေးတာပဲ"
"ဟုတ်တယ်ဗျ၊ ကျွန်တော်လဲ အိမ်ပြန်ရောက်တိုင်း ကျွန်တော့်မိန်းမကို အတာ့အကြောင်း ပြောပြရတာ အမောပဲ၊ မနက်က ကျွန်တော့်မိန်းမ လိုက်လာတာ အဲဒါပေါ့၊ ကျွန်တော်ပြောအား ကြီးလို့ အတာကို ကြည့်ချင်တယ်ဆိုပြီး လိုက်လာတာတဲ့"

"အင်း အတာလို ကလေးမျိုးသာ ရမယ်ဆိုရင် ကျွန်မဖြင့် အိမ်မှာရှိတဲ့ ကလေးသုံးကောင်နဲ့ တောင် လဲ လိုက်ချင်တယ် အဟုတ်ပဲ၊ သူရိုးသားလို့ အရင်ကနှစ်ပြားဖိုးလောက် ကျွေးချင်တာ ခုလို သိတတ်တယ် ဆိုတော့် သူစားချင်သလောက် စားပစေ၊ ကျွန်မတော့် ကျွေးမှာပဲ"

အတာကလေး၏ ကောင်းသတင်းမှာ ယခုလို ရွှန်းရွှန်းဝေအောင် ပဲ့တင်သံ ထပ်နေတော့၏။ ကျောင်းတွင် အတာ ကလေး အခွင့်အရေးသာသလောက် အိမ်ရောက်သည်နှင့် ပိုက်ဆံမပေးရတာ ရေချိုးမှုကိစ္စတွင်ပင် "မချိုးနဲ့ဦး" "မြန်မြန်ချိုး"နှင့် အမျိုးမျိုးသော ချုပ်ချယ်မှုတွေ ပတ်လည်ဝိုင်းနေ တော့၏။
ဤသို့နှင့်ပင် အတာကလေး၏ ခြောက်လပတ် ဒုတိယတန်း စာမေးပွဲသည် တဖြည်းဖြည်း နီးကပ်လာခဲ့၏။ စာမေးပွဲ ဖြေရတော့်မည်ကို အတာပျော်နေသလောက် စာမေးပွဲဖြေဆိုရာ၌ ကုန်ကျရမည့် အဖြေစက္ကူနှင့် ခဲတံဖိုး အတွက် စိတ်ထဲတွင် ထင့်နေ၏။

သုံးလပတ် အစမ်းစာမေးပွဲစစ်စဉ်က မြန်မာစာရေးဖြေနေစဉ် ရုတ်ရက် ခဲတံကျိုးသွားသောကြောင့် အတာတွင် မျက်ရည်ယိုတော့မလောက် ဦးနှောက်ခြောက်သွားဖူးလျက် ဆရာမက သူ့ခဲတံကို ချွန် ပေးသောကြောင့်သာ သက်သာရာရသွား၏။ သို့သော် နှစ်ကြိမ်တိတိ ခဲတံချွန်နေရသည်နှင့် ပင် အချိန်လျော့သွားသည်ဖြစ်ရာ အတာ လည်း မေးခွန်းတစ်ခုကို မဖြေလိုက်ရဘဲ အချိန်စေ့သွားခဲ့ ၏။
"နောက်တစ်ခါ စာမေးပွဲစစ်ရင်တော့ ခဲတံကို သုံးချောင်းလောက်ဝယ်ပြီး ချွန်ထားမယ်"
အတာ သည် ကိုယ်တွေ့ကြုံလိုက်ရသော အခက်အခဲတစ်ရပ်ကို အသည်းစွဲအောင် မှတ်ရင်းသို့ လျှင်ပင် ရေရွတ်လိုက်ချေ၏။

ဆက်ရန်
.

No comments: