Saturday, March 17, 2012

သာဓု ၏ အတာ, အပိုင်း (၉)

(စာသင်ခန်း၏အခြားသော ထောင့်တစ်နေရာတွင်  ကျန်ရစ်ခဲ့သော ယောက်ျားကလေးများ မှာကား အတာကိုယ်တိုင် ကျောက်သင်ပုန်းကြီးတွင် ရေးပေးထားသည့် အတွက်များကို တကုန်းကုန်း ထိုင်၍ တွက်နေကြ၏။ အတာကိုယ်တိုင်ကသော် ဘာမျှမလုပ်ရဘဲ ထိုယောက်ျား ကလေးများကို ထိုင်ကြည့် ရင်း စကားမများရန်၊ အတွက်ခိုးမချရန်၊ မဆော့ရန်ကိုသာ ထိန်းသိမ်း ပေးရ၏။) ကို ဆက်ဖတ်ရန်.......

"ဟေ့ အတာ၊ အတွက် နံပါတ် ၄ က အဖြေဘယ်လောက်လဲကွ ဟင်၊ င့ါကို ပြောပြပါလား"ဟု အချို့ သော ကျောင်းသား များ က ခက်သောပုစ္ဆာအတွက် အတာ့အား ချော့၍ အဖြေတောင်းကြ၏။ သို့သော် အတာ က မပေး။ သူအချစ်ဆုံး သူငယ်ချင်းများကိုပင် ပြမပေးဘဲ
"သူတို့တော့ အဖြေရအောင်တွက်ပြီး မင်းကို အဖြေမှန်ပြပေးမယ်ဆိုရင် ဘယ်တရားမလဲကွ၊ သူတို့လို ရအောင် တွက်ပေါ့"ဟု ပြောရင်း မှားလာလျှင် ကြက်ခြေခတ်ပစ်သည်သာ ဖြစ်၏။ သို့လျှင် အတာသည် တည်ကြည်၏။ ဖြောင့်မတ်၏။ မည်သူ့ကိုမျှ မျက်နှာမလိုက်ဘဲ တရားသဖြင့်သာ လုပ်လေ့ရှိ၏။

ငယ်ငယ်ရွယ်ရွယ်နှင့် စိတ်ရင်းကောင်းသူကလေးဖြစ်သည့်အတိုင်းလည်း ဂဏန်းသင်္ချာညံ့သော အတာ ကိုယ်တိုင် တွက်ပုံတွက်နည်းများကို စိတ်ရှည်လက်ရှည်သင်ပြပေးတတ်၏။ အတာသည် ဤလို ရှေ့ ဆောင် ရှေ့ရွက် လုပ်ရသောအဖြစ်ကို အလွန်ပျော်၏။ စိတ်ဝင်စား၏။ ဝါသနာလည်း ပါ၏။
ယင်းကဲ့ သို့ အတာကလေး ကျောင်းတွင် ပျော်သလောက် အိမ်ပြန်ရောက်လျှင်မူ ဟက်ဟက်ပက်ပက် ပျော်လှသည် ဟူ၍ တစ်ခါမျှရှိခဲ့ဖူးသည်မရှိ။ တစ်ခုမဟုတ် တစ်ခုသော အကြောင်းကြောင့် စိတ်ညစ်ရရှာ ၏။

တစ်ခါတစ်ရံ အတာကလေး ကျောင်းမှပြန်ရောက်ပြီးနောက် ညခုနစ်နာရီ ရှစ်နာရီထိုးသည့်တိုင်အောင် ကိုထွန်းအောင် ရော၊ မသိန်းမေပါ အိမ်သို့ပြန်မရောက်သေးဘဲ ရှိတတ်သောကြောင့် အတာတွင် ထမင်း ဆာသော် လည်း ဘာမျှမတတ်နိုင်။ သူ့မေမေတို့ ပြန်အလာကိုသာ လည်ပင်းတရှည်ရှည်ဖြင့် မျှောနေရှာ ၏။ မသိန်းမေ တို့ ဇနီးမောင်နှံ ညနေ ခြောက်နာရီပွဲ ရုပ်ရှင်ကြည့်လိုလျှင် များသောအားဖြင့် အိမ်သို့ ပြန် မလာတော့ ဘဲ ကိုထွန်းအောင်ရုံးမှ အပြန်ဈေးသို့ ဝင်ရန်မှာထားပြီး ဈေးမှပင် တစ်ခါတည်း ဆိုင်သိမ်း၍ ရုပ်ရှင်သို့ တစ်ဆက်တည်း သွားတတ်ကြသည်ဖြစ်ရာ အတာမှာလည်း ည ကိုးနာရီခွဲလောက်အထိ မသိန်းမေ တို့ ပြန်မလာသည့်တိုင်အောင် အဆာခံ၍ စောင့်နေရ၏။

ရံဖန်ရံခါ ဆိုသလို လည်း ရုပ်ရှင်မှအပြန် တစ်ဆိုင်ဆိုင်ဝင်၍ ထမင်းစားသောက်ပြီးမှ ပြန်သောရက်များ တွင်မူ ဆယ်နာရီ သာသာလောက်မှ ပြန်ရောက်တတ်၏။ ထိုအချိန်ထိမူ အတာ စောင့်နိုင်သည်ကနည်း ပြီး ဆာဆာနှင့်ပင် သူပြောလေ့ရှိသည့်အတိုင်း ရေအဝသောက်၍ အိပ်ချလိုက်သည်က များ၏။
ကျောင်းသား ဘဝရောက်သည်မှစ၍ အတာတွင် အနည်းဆုံး တစ်မတ်ငါးပဲလောက်ကား အမြဲစုထားပြီး သား ရှိတတ်သော်လည်း ဆာလွန်းမက ဆာသည့် နေ့များမှတစ်ပါး သူ့ပိုက်ဆံနှင့်သူ ထမင်းစားရမည် ကို သူ အလွန်နှမြော၏။ သူ ပိုက်ဆံစုသည် မှာ ထမင်း နှင့် မုန့်စားရန်မဟုတ်။ ကျောက်တံ ခဲတံမှအစ အင်္ကျီ လုံချည် ဖိနပ် ဤမည်သော သူ့တွင် လိုအပ်သော ပစ္စည်းများ ဝယ်ရန်သာ စုဆောင်းခြင်းဖြစ်၏။
ထို့ကြောင့် ပင် အငတ်ခံ၍ စုခဲ့သော ပိုက်ဆံဖြင့် ဝယ်မစားဘဲ ထပ်၍ အငတ်ခံပြီး ထိုပိုက်ဆံကိုပင် ပြန်၍ စု သလို ဖြစ်နေတော့၏။

မနေနိုင် မထိုင်နိုင်လောက်အောင် ဆာသောအခါများတွင်သာ အတာသည် ဘခွေးအား တစ်ခါက ပြော ခဲ့ဖူးသည့် အတိုင်း မြေပဲကြော် ဆားဖြူးနှင့် ဆန်ပြုတ်အဖြူထည်ကို နှစ်ပြားဖိုး အလွန်ဆုံးသာ ဝယ်စား လေ့ ရှိ၏။ ဆာလွန်းမက ဆာ၍ သို့ သူ့ပိုက်ဆံနှင့် သူ ဝယ်စားပြီးတိုင်းလည်း
"ငါ မေ့လို့ ဝယ်စားမိတယ်၊ ရေသောက်ပြီး အိပ်လိုက်ရကောင်းသား၊ ခု ငါ့ မတ်စေ့ကလေး ပျက်သွားပြီ၊ နှစ်ပြားလျော့သွားပြီ"စသဖြင့် တွေးတောရေရွတ်ရင်း တဖျစ်တောက်တောက် နှမြောနေတတ်ပြန်၏။ ဤလို သူ့ပိုက်ဆံနှင့်သူ စားရ၍သာ နှစ်ပြားထဲ သုံးသည်မဟုတ်။ မသိန်းမေ ကိုထွန်းအောင်တို့တစ်ဦးဦး အချိန်မီ ပြန်ရောက်၍ ထမင်းဖိုးတစ်ပဲပေးလျှင်လည်း အတာသည် မြေပဲကြော်နှင့် ဆန်ပြုတ်၊ အီကြာ ကွေး နှင့် ဆန်ပြုတ် ဖောဖောသီသီရသော တရုတ်ဆိုင်သို့သာ ဦးတည်ပြေးလေ့ရှိ၏။ စားလျှင်လည်း နှစ် ပြားဖိုး ပင်။ ပိုသော နှစ်ပြား ကို အမြတ်တနိုးထား၍စု၏။ လက်ရှိ သုံးမူးနှင့် ခြောက်ပြားတွင် ထိုနှစ်ပြား ထည့် လိုက်၍ ငါးမူးဖြစ်သွားလျှင် သူ အလွန်ပျော်၏။ ပျော်သလောက်လည်း ထိုအထဲမှပဲ့သွားမည်ကို ကြောက် ၏။

မသိန်းမေ က သားအရင်းဖြစ်သော အတာကလေးပေါ်တွင် မည်သို့သဘောထားသည်ကို ယခုတိုင် မှန်း ဆ၍ မရနိုင်သေး။ ဘေးလူအနေဖြင့် မြင်ရသည်မှာမူ သည်းအူနာလောက်အောင်ပင် ကြင်နာမှုကင်းမဲ့ သလို ဖြစ်နေတော့၏။ ဆိုခဲ့သည့်အတိုင်း အတာတွင် သူလို လူမမယ်ကလေးတစ်ယောက်အဖို့ ညစာ ထမင်းတစ်နပ် သည် ပြဿနာလိုဖြစ်နေ၏။
"မသိန်းမေ၊ ကောင်လေးကို ထမင်းဖိုးပေးလိုက်ဦးလေဗျာ"
ကိုထွန်းအောင် အိမ်တွင်ရှိက ဤလိုသတိပေးဖော်ရသဖြင့်တော်သေး၏။ မသိန်းမေ တစ်ယောက်တည်း သာ ရှိပြီး တစ်ဦးတစ်လေနှင့် စကားကောင်းနေခိုက်နှင့် ကြုံနေသော် အတာ အဘယ်မျှ ဆာနေစေကာ မူ ထမင်း ဖိုး မတောင်းဝံ့။ မယောင်မလည် ကိုယ်ယောင်ပြရင်းသာလျှင် အချိန်ကုန်နေတတ်၏။ မသိန်း မေ သတိ ရ၍ ပေးမှသာ အပြေးကလေး သွားဝယ်စားရ၏။

တစ်ကြိမ် ကမူ မသိန်းမေတို့ ဘယ်သွားနေကြသည်ဟူ၍ မသိ။ ကိုးနာရီထိုးသည်တိုင်အောင် ပြန်မ ရောက်ကြ သေးသော ညတစ်ည၊ မခင်သက်တို့ ညီအစ်မတစ်သိုက် ထမင်းစားနေကြခိုက်နှင့် အိပ်တော့ မည် ဟူသော ရည်ရွယ်ချက်ဖြင့် အတာ နောက်ဖေးထွက်ခိုက် ကြုံကြိုက်သွားသည်တွင်
"ဟဲ့ အတာ၊ နင့်မိထွေးကော ပြန်မလာသေးဘူးလား၊ အသံလဲ မကြားရဘူး"
"ဟုတ်ကဲ့၊ မလာကြသေးဘူး မမသက်"
"နို့ နင်ကော ထမင်းစားပြီးပလား"
သို့ မခင်သက် မေးလိုက်သည်ကို အတာ ရုတ်တရက်မဖြေ။ ယောင်တွေတွေ လုပ်နေသောကြောင့်
"လာခဲ့ လာ၊ မမတို့နဲ့ ဝင်စားလိုက်၊ နင့်မိထွေး က ဘယ်အချိန်မှ ပြန်လာမယ် သိတာမဟုတ်ဘူး၊ အင်း တော်တော်ခက် တဲ့ မိန်းမကြီးပဲ၊ သားသမီးရယ်လို့ နည်းနည်းကလေးမှ ဂရုမစိုက်ဘူး"
ဤလို တစ်ဆက်တည်း ညည်းညူရင်း အတာအား ထမင်းခေါ်ကျွေး၏။

ထမင်းစား၍ အတာကလေး ပြန်တက်သွားပြီးနောက် အိပ်ပျော်သွားသလောက် အရှိတွင်မှ မသိန်းမေတို့ ပေါက် လာသဖြင့် "အင်း ဒေါ်ဒေါ်တို့လုပ်ပုံ သိပ်ကောင်းတာပဲ"ဟု မခင်သက်က မနေနိုင်လွန်းသည်နှင့် ဤလိုစကား စလိုက်သောကြောင့် "ဘာတုံး မခင်သက်ရဲ့၊ ညည်းဥစ္စာက အလန့်တကြားကြီးပါလား"
"ဟုတ်ပါဘူး၊ ဒေါ်ဒေါ်တို့ ခုလို သွားချင်ရာသွားပြီး ပြန်ချင်မှပြန်ရင်လဲ ကလေးကို ထမင်းဖိုးလေး ဘာလေး ပေးထားခဲ့ ဖို့ ကောင်းတယ်" "အေး ငါလဲ အရေးကြီးတဲ့ကိစ္စတစ်ခု ပေါ်လာတာနဲ့ အိမ်တောင် ပြန်မလာနိုင်ဘူး၊ ဘယ်မလဲ အတာ ကော" ပြောလိုက်သောစကားတွင်သာ ဝန်ခံသလိုနှင့် နောင်တ ရသယောင် အဓိပ္ပာယ်မျိုး ဆောင်နေသော် လည်း မျက်နှာထားမှာမူ သိသိသာသာ ပျက်နေ၏။ နောက်ထပ် မခင်သက် က ဘာမျှဆက်မပြောနိုင်မီ ပင် မသိန်းမေလည်း ခပ်သုတ်သုတ် လှည့်တက် သွား တော့၏။

"ကဲ အခုလို ပြောခံရတာ ကောင်းသလား ဟင်၊ ကျုပ် အတန်တန် ပြောတယ်၊ အိမ်မပြန်ဘဲနဲ့ ဟိုသွား ဒီ သွား သွားချင်ရင်လဲ တစ်ခါထဲ ကိစ္စပြီးအောင် ကောင်လေးကို ညစာအတွက်ပါ ပေးပေးထားပါလို့"
အထပ်ခိုး ပေါ်ရောက်သည်နှင့် ကိုထွန်းအောင်က သို့လျှင် နှစ်ကိုယ်ကြားသံဖြင့် အပြစ်တင်လိုက်သည် ကို
"တော်တော့ ကိုထွန်းအောင်၊ ဒီအကြောင်း နောက်ထပ်မဆက်နဲ့တော့"
"အဖြစ်က ဆိုးလွန်းလို့ပြောတာဗျ၊ ခင်ဗျားအဖို့တော့ ဘာအရေးလဲ မအေအရင်းမို့၊ ပြောစရာရှိတော့ ပထွေး ကို ထိခိုက်လာမယ်၊ ကျုပ်ကို ပြောကြမှာဗျ၊ သိလား"
"တော်တော့လို့ ကျွန်မ ပြောနေတယ်နော်၊ ဘာလဲ မိုးကြီးချုပ်မှ ရန်ဖြစ်ချင်သလား၊ ဟုတ်လား"
မသိန်းမေ ၏ မျက်နှာထားတွင် ခုနစ်အိမ်ကြား အော်တော့မည်ကဲ့သို့သော အရိပ်အရောင်ပေါ်လာသည် တွင်မှ ကိုထွန်းအောင် လဲ သက်ပြင်းရှည်ချ၍ စကားစဖြတ်လိုက်ရတော့၏။

ဤကိစ္စကို ဤမျှနှင့် ဤမှာပင် ပြီးစေချင်သလောဟု မသိန်းမေ၏ဆန္ဒကို ကိုထွန်းအောင် အကဲခတ်မှား ခဲ့၏။
နံနက်မိုးလင်း ၍ ထုံးစံအတိုင်း အတာကလေး လက်ဖက်ရည်ဝယ်ပြီး ပြန်လာသည်နှင့်ပင် မသိန်းမေ လည်း တစ်စုံ တစ်ရာကို သတိရသည့်မျက်နှားဖြင့် အတာအား သူ့အနီးသို့ခေါ်ယူလိုက်၏။
"ညက နင် ထမင်း ဘယ်မှာစားသလဲ"
မသိန်းမေ က အံကြိတ်သံနှင့် မေးလိုက်သောကြောင့် အတာတွင် အတော်ကြီး ထိတ်လန့်သွားရှာ၏။
"မမသက် တို့က ခေါ်ကျွေးလို့ အတာ ဆာတာနဲ့" "နင့်ကို ငါ ဘာမှာထားသလဲ၊ ဘယ်သူက ဘာ ကျွေးကျွေး ငါ မသိဘဲ မစားရဘူးလို့ ဘယ်နှစ်ခါရှိပလဲ ငါ ပြောထားတာ၊ ဟင်"
မှန်၏။ သူတစ်ထူး စားနေသည်ကို မမျှော်ရ၊ ကျွေးတိုင်းလည်း မစားရဟူသော ပညတ်ချက်ဖြင့် မသိန်း မေ က အတာအား ဆုံးမထားဖူး၏။ သို့သော် ထမင်းဆာနေချိန်၌ ခေါ်ကျွေး၍စားသည်မှာမူ အပြစ်မရှိဟု အတာ က ယူဆ၏။

"ဒါဖြင့် နောက်ကို အတာ ဘယ်တော့မှ မစားတော့ပါဘူး၊ မေမေ"
"ခုမှ မစားတော့ပါဘူးလား" မသိန်းမေလည်း သို့မေးရင်းကပင် အတာ၏ပေါင်တွင်းကြောကို ဆွဲလိမ် လိုက်၏။ တစ်ချက်တည်းသာ လိမ်ရုံမဟုတ်ဘဲ ဆွဲလိမ်လျက်သားပင် ကိုင်ထားပြီးမှ "ငါ့အရှက် ကိုခွဲတာ အမျိုးယုတ် ဟင်၊ နင် နောက်ကို ဘယ်သူ ဘာကျွေးကျွေး စားဦးမလား"
"မစားပါဘူး မေမေ"
နာလွန်းသဖြင့် မျက်ရည်များ ဖြိုင်ဖြိုင်စီးကျလာရာမှ အတာသည် ရှုံ့ရှုံ့မဲ့မဲ့နှင့် ပြန်ဖြေလိုက်သည်ကို
"တိုးတိုးပြော ကာလနာလေး၊ အသံမထွက်နဲ့"ဟု ပိတ်ပင်ရင်း မလွှတ်သေးသော ပေါင်တွင်းကြောကို ထပ် လိမ်လိုက်ပြန်သဖြင့် အတာကလေးတွင် အသက်အောင့်၍ ကြိတ်ကာ မျက်စိစုံမှိတ် အနာခံနေရရှာ ၏။

ထိုအပြုအမူအတွက် ဝင်စွက်ရကောင်းနိုးနိုးဖြင့် မျက်စိပျက် မျက်နှာပျက် စိတ်လက်မကောင်းဖြစ်နေ သော ကိုထွန်းအောင် လည်း ယခုမူ မနေနိုင်တော့သည့်အတိုင်း "မသိန်းမေ၊ ခင်ဗျား တယ်ခက်ပါလား ဟင်"
"ရှင် ဝင်မပြောနဲ့၊ မပြောနဲ့ဆို ဘာမှမပြောနဲ့၊ ဒါ ကျွန်မ ဆုံးမနေတာ"
"ဘာလဲ မှားတာက ခင်ဗျား ဗျ သိလား၊ ကလေးကို ဆုံးမဖို့ မလိုဘူး၊ ခင်ဗျာ့ကိုယ် ခင်ဗျား ဆုံးမ"
မသိန်းမေက စကားအနေဖြင့် ဘာမျှမပြောတော့ဘဲ မျက်ဆံတပြူးနှင့် ရှူးရှူးရှဲရှဲ လှည့်ကြည့်လိုက် သောကြောင့် "ကဲ ခင်ဗျား ဆုံးမတာဆိုရင်လဲ ပါးစပ်နဲ့ပြောဗျာ၊ ပေါင်တွင်းကြောဆွဲထားတဲ့ လက်ကို လွှတ်လိုက်၊ ကလေးအသား နုနုကလေး ဘယ်ခံနိုင်မှာလဲဗျ"ဟု စိတ်ကို မထိန်းနိုင်တော့သည့်အလား ကိုထွန်းအောင် လဲ အနီးသို့ကပ်သွားပြီး မသိန်းမေ၏လက်ကို ဆွဲဖယ်လိုက်၏။

ကိုထွန်းအောင် စိတ်ဆိုးမှန်း လည်းသိ၊ ပတ်ဝန်းကျင်ကလည်း အတာ့ငိုသံကို မကြားစေလိုသောကြောင့် မသိန်းမေ လည်း အသာတ ကြည်ပင် အလျှော့ပေးလိုက်ပြီးမှ
"သေသေချာချာ နားထောင်၊ နောက်ကို ဘယ်သူပဲ မေးမေး၊ ထမင်းစားပြီးပလား ဆိုရင် စားပြီးပြီး မပြီး ပြီး ပြီးပြီလို့ ပြောရမယ်၊ ခေါ်ကျွေးရင်လဲ ဘယ်တော့မှ ဝင်မစားရဘူး၊ ကြားရဲ့လား"
"ဟုတ်ကဲ့"
"ဒါပဲ၊ နောက်တစ်ခါ ဒီထမင်းကိစ္စနဲ့ ငါ့အရှက်ခွဲရင်တော့ နင့်ကို ဘယ်လိုလုပ်ပြမယ်ဆိုတာ ကြည့်"
"ဒါဖြင့် ညစာထမင်းဖိုး ကိုပါ မနက်ကတည်းက ပေးထားခဲ့ပါလား မေမေရဲ့"
အကယ်၍ မသိန်းမေသာ သားသမီးကို ကြင်နာယုယတတ်သည့် အခြားသော မိခင်မျိုးဖြစ်လျှင် (ဝါ) သားသမီးအား ရင်းရင်းနှီးနှီး တီတီတာတာ ဆက်ဆံခွင့်ပေးသူဖြစ်လျှင် အတာသည် အထက်ပါအတိုင်း ပြောလိုက် မိမည်သာ ဖြစ်၏။ ဤသည်မှာလည်း စင်စစ် မိဘကို အာခံသည့်သဘောမျိုးမဟုတ်။ တရား နည်းလမ်း မကျသည့် မသိန်းမေ၏အကြင်နာကင်းမဲ့လှသော အပြုအမူနှင့် အပြောအဆိုအတွက် အချက်ပိုင်ပိုင် ကလေး ပြောလိုခြင်းသာဖြစ်၏။

ဤလို ပေါင်တွင်းကြောကလေး ပွန်းလုမတတ် ဆွဲလိမ်ကြိမ်းမောင်းကာ လုံးဝအဓိပ္ပာယ်မရှိသော စည်း ကမ်းချက် များဖြင့် ချုပ်ချယ် မာန်မဲလိုက်ပြီးမှ အဘယ်သို့သော စိတ်မျိုးဝင်လာပြန်သည်မသိ၊ မသိန်းမေ လည်း ကုတ်ကုတ်ကလေး ထိုင်၍ မျက်ရည်သုတ်နေသော အတာကလေးအား အတန်ကြာတွေကြည့် နေပြီး မှ မူးစေ့တစ်စေ့ပစ်ပေးလိုက်ရင်း "သွားမအမ်းနဲ့တော့၊ တစ်မူးလုံးပဲယူ"
မသိန်းမေ လည်း အတာအား သနားသွားဟန်တူ၏။ ပေးနေကျထက် နှစ်ပြားပို၍ ပေးကာ ကြည်ကြည် သာသာ ပင် ညနေကျောင်းမှ ပြန်လာက ဘုရားညောင်ရေအိုးများ ဆေးကြောထားရန် မှာရင်း ဈေးထွက် ရန် ဆင်းသွားတော့၏။ မသိန်းမေ၏သဘောထားမူမှန်ကို အကဲခတ်ရင်အတွက်မှာ ယခုထိ ခက်နေ သေး ၏။

ဆိုခဲ့ပြီးဖြစ်သည့်အတိုင်း အတာသည် နံနက်တိုင်း မုန့်နှင့် ထမင်းဖိုးအဖြစ် ရသော ခြောက်ပြားအနက်မှ တစ်နေ့ လျှင် နှစ်ပြားမှန်မှန်စုခဲ့၏။ ပထမတန်းတွင် နေရစဉ်က ကျောက်တံ ခဲတံစသည်များကို တစ်ပြား စ နှစ်ပြား စသာ သူစုထားသည့် ပိုက်ဆံထဲမှ ရက်ဝေးဝေးခြားပြီး ထုတ်နုတ်သုံးစွဲခဲ့ရသောကြောင့် သူ့  ပိုက်ဆံ လျော့သွားသည်မှာ မသိသာလှသော်လည်း ယခု ဒုတိယတန်းအရောက်တွင်မူ ပထမတန်း တုန်း ကထက် အကုန်အကျကလေး ပိုလာ၏။

လေ့ကျင့် ရေးသားရသည့် သင်ခန်းစာ ဘာသာရပ်ဦးရေက တိုးလာသည်နှင့်အမျှ အမျိုးမျိုး အမယ်မယ် ရေးရ သည်ဖြစ်ရာ ကျောက်တံရော ခဲတံပါ ပို၍ ကုန်လေ၏။ ထိုနှစ်မျိုးသာမဟုတ်။ မကြာခဏဆိုသလို ကော်ပီစာအုပ် ကလည်း ဝယ်ရသေး၏။ ကော်ပီစာအုပ်မှာ နှစ်ပြားတန်မှ အများဆုံး တစ်မူးအထိသာ တန် သည့် အမျိုးအစားကို သုံးရသည်ဖြစ်သောကြောင့် ကိုထွန်းအောင်ကို ပြောလျှင် တစ်နည်းနည်းဖြင့် ဝယ်ပေး မည်သာဖြစ်သည်ကကို အတာသိ၏။ သို့သော်လည်း သူ ကိုထွန်းအောင်အား ပြောရမည်ကို အားနာ သလိုဖြစ်နေ၏။

လဆန်း ၁ ရက်နေ့ ညနေတိုင်း ကိုထွန်းအောင်သည် ရုံးမှ ပြန်လာသည်နှင့် ကျောင်းလခအတွက် ငွေ နှစ်ကျပ် ကို အတာအား ဦးဦးဖျားဖျားပေးထားလေ့ရှိ၏။ ဤသည်ကို ကိုထွန်းအောင်က လွယ်လွယ်ပင် ပေး သလော၊ ရှားပါးသော ငွေအဖြစ် သဘောထား၍ ပေးသလောဟု အတာမသိသော်လည်း အတာ ကိုယ်၌ကမူ နှစ်ပြားစီလီ၍ စုနေရသူဖြစ်သည့်အတိုင်း နှစ်လကျော်ကျော်စုမှ ရမည့်ငွေအဖြစ် ဧရာမတန် ဖိုး ဟု ယူဆ၏။ သို့လျှင် အတာ့အဖို့ နှစ်လကျော်စုမှ ရမည့်ငွေကို ကိုထွန်းအောင်က လစဉ်မှန်မှန်ပေး နေသည် ဖြစ်သောကြောင့် ကော်ပီစာအုပ်ဖိုး ခဲတံဖိုးစသဖြင့် နောက်ထပ်တောင်းရန်မှာ အားနာ လျှာ လေးဖြင့် အတာတွင် ပြောမထွက်နိုင်အောင် ဖြစ်နေ၏။
"ကိုထွန်းအောင် ပိုက်ဆံ တစ်မူးလောက် ခဏပေးစမ်းပါ၊ လန်ခြားခ ပေးချင်လို့" မသိန်းမေက တစ်ခါ တစ်ရံ တောင်းတတ်၏။

"တစ်မူး မရှိဘူး မသိန်းမေ၊ ဒီနေ့အဖို့တော့ ကျုပ် တစ်ပဲ ပဲ ချမ်းသာတယ်"
ဤသို့ ကိုထွန်းအောင်က ပြန်ပြောတတ်သည်ကို အတာသည် မကြခာဏ ကြားရဖူး၏။ သို့ဖြစ်လျှင် ငယ်ငယ် ရွယ်ရွယ် နှင့် အကင်းပါး၍ အလိုက်သိတတ်သော အတာ့အဖို့၌ ကိုထွန်းအောင်ထံမှ ကော်ပီစာ အုပ်ဖိုး တစ်ပဲ တစ်မူး တောင်းရန် အဘယ်မှ လျှာသွက်နိုင်ပါတော့အံ့နည်း။
"တစ်လ နှစ်ကျပ်၊ နှစ်ကျပ်တောင် ငါ့အတွက် သူ့ကျောင်းလခပေးရတာ နည်းတာမဟုတ်ဘူး"ဟူသော သိတတ်မှု ကလေးဖြင့် အတာသည် ထိုထိုလိုအပ်သမျှ ကျောင်းသုံးပစ္စည်းကလေးများကို သူ့စုငွေထဲမှပင် ထုတ်၍ ဝယ်လေ့ရှိ၏။ သို့အလျောက်လည်း သူ့စုငွေမှာ အဝင်နှေးသလောက် အထွက်က သွက် နေတော့၏။ ဤအရေးထဲ တွင် အတန်းသား သူငယ်ချင်း တစ်ယောက်တလေက ပါလာသော မုန်ဖိုး ပိုက်ဆံ ကျပျောက်သွားသည် ဟု အတာ သိလျှင်လည်း မနေတတ်၊ တစ်ပြားစ နှစ်ပြားစ ဖဲ့၍ မုန့်ဝယ်ကျွေး တတ် သေး၏။

တစ်ခါတစ်ရံ ဆရာမက ရှာလပတ်ရည်မှာခိုင်းပြီး ပိုက်ဆံပေးရန် မေ့နေသောအခါများ၌လည်း သူ့ အိတ်ထဲမှ စိုက် ထုတ်ပေးရတတ်သေးလျက် ဆရာမက လုံးလုံး သတိမရလျှင် ထိုပိုက်ဆံ ဆုံးရ၏။ သူကမူ ဆရာမ အား သတိ လည်း မပေး၊ ပြန်လည်း မတောင်းတော့ပေ။
နေ့စဉ်ရသော ခြောက်ပြားအနက်မှ အတာသည် ယခင်က နှစ်ပြားသာ စုသော်လည်း ယခုမူ သုံးပြားမှ တစ်ပဲ အထိ မရရအောင် စု၏။ နံနက်ပိုင်းတွင်  မုန့်ကို လုံးဝဝယ်မစားဘဲ နေ့လယ်မုန့်စားလွှတ်မှပင် များများ ရသော ပုစွန် ခြောက်မှုန့်ဖြူးထားသည့် ခေါက်ဆွဲကြော် သို့မဟုတ် အားလူးဟင်းနှင့် ပလာတာ အစ ရှိသော အဆာခံသည့် သရေစာများကိုသာ နှစ်ပြားဖိုးမျှနှင့် အ၀စားလေ့ရှိ၏။ ပိုက်ဆံ စုချင်သည့်စိတ်က ပြင်းထန်လွန်းသောကြောင့် စနေ၊ တနင်္ဂနွေ၊ ကျောင်းနှစ်ရက်ပိတ်သည်ကိုပင် စိတ်ထဲမှ မကျေမနပ် ချင်သလို ဖြစ်လာ၏။ ကျောင်းနှစ်ရက်ပိတ်သောကြောင့် သူ့တွင် မုန့်ဖိုးတစ်ပဲလျော့ သွားသည် မဟုတ်ပါလော။

ညဘက်တွင်လည်း သူ့မေမေပေးသော ထမင်းဖိုးတစ်ပဲအနက်မှ တစ်ပြားလောက်ဖြစ်စေ၊ မရအရ စုလိုက် ချင်သေး၏။ ကံစွပ်သွား၍ သူထမင်းဝယ်မစားရသေးမီ မခင်သက်တို့ ညီအစ်မအနက် တစ်ယောက်ယောက်က အတာအား လမ်းထပ်ခေါ်သွားပြီး တစ်ခုခုဝယ်ကျွေးလိုက်သည်ဆိုလျှင် ထိုည အဖို့ ထ၍ ကျွမ်းထိုးတော့မလောက် အတာဝမ်းမြောက်သွားလေ့ရှိ၏။ ဤညလိုမျိုးနှင့် ကြုံလာမှု အတာ တစ်ပဲလုံး စုမိသွားတော့၏။

တစ်ခါ တစ်ရံ မသိန်းမေ စိတ်ကူးပေါက်၍ ထမင်းရော ဟင်းပါ ချက်သည့်နေ့တွင်မူ အတာ ၀၀လင်လင် စားခွင့်ကြုံ၏။ သို့စားရသည့်အခိုက်တွင် တ၀တပြဲနှင့် ပျော်ပျော်ကြီး စားလိုက်ကာ စား၍ပြီးသည်နှင့် ထမင်းဖိုးရတော့မည် မဟုတ်သည်ကိုလည်းကောင်း၊ ထိုညအဖို့ သူစုမည့်အထဲမှ တစ်ပြားနှစ်ပြား လျော့သွား တော့မည်ကို တွေးမိလျက် စိတ်ကလေး မသက်မသာ ရှိနေတတ်ပြန်၏။
သို့လျှင် အစားထက် အစုဘက်တွင်သာ စိတ်ပြင်းထန်ခဲ့သည့်အလျေက် မစားရက် မသောက်ရက် ဘဲ ကျစ်၍ စုခဲ့သည်ဖြစ်ရာ ကြာသော် အတာတွင် အဟာရဓာတ်ယုတ်လာ၏။ အင်အားလည်း ဆုတ်လာ၏။ အသားအရည် လည်း ပိန်ခြောက် ကြုံလှီလာတော့၏။ အိပ်ရာထဲလဲ၍ နာဖျားမကျန်း မဖြစ်သေးသည်ပင် အတာ့ အဖို့ ကံကောင်သည်ဟု ဆိုရမည်ကဲ့သို့ ရှိနေတော့၏။
အတာ သည် စိတ်ကောင်းနှလုံးကောင်း၇ှိသူကလေး ဖြစ်သည့်အတိုင်း ကောင်းသော အကျိုးသည် အမှန် မုချ သူ့ကို ပေးလိမ့်မည်သာ ဖြစ်၏။

"မမ ဘာစားမလဲ ဟင်၊ ကျွန်တော်မှာပေးမယ်လေ"
အတာသည် နေ့လယ်မုန့်စားလွှတ်တိုင်း အခြားသောကျောင်းများကဲ့သို့ မုန်းတန်းရှိရာသို့ ကဆုန်ပေါက် မပြေးဘဲ ရှေးဦးစွာ သူ့ဆရာမအနီးတွင်ရပ်၍ သို့လျှင် ကူညီလိုသောစိတ်ထားဖြင့် မေးလေ့ရှိ၏။ ဆရာမ မှာခိုင်းသည့် အစားအစာကို ပျာပျာသလဲ ပြေး၍ ယူလာတတ်၏။ ဆရာမဖြစ် သူစားသောက်ပြီး၍ ပန်းကန် ခွက်ယောက်များ ပြန်ပို့ပြီးစီးမှ သူ့ဝမ်းအတွက် မုန့်တန်းသို့ သွားစားလေ့ရှိ၏။ ညနေ ကျောင်းလွတ်လျှင်လည်း ဆရာမလွယ်အိတ်၊ ကော်ဖီဘူး စသည်တို့ကို အတာကိုယ်တိုင် သယ်ပိုး၍ ကားဆိပ် အထိ လိုက်ပို့ပေးလေ့ရှိ၏။

ဤသို့ကူညီသည်မှာလည်း အတာသည် ဆရာမထံမှ ဘာမျှအလိုရှိ၍ မဟုတ်။ မွန်မြတ်သော ဓာတ်ခံ စိတ် မှသာ ပေါက်ဖွားလာတတ်သည့် တစ်ဖက်သားအား ကူညီလိုခြင်း၊ အလိုက်သိခြင်း၊ ရိုသေထိုက်သူကို ရိုသေ လေးစားတတ်ခြင်း အစရှိသော လူမှုရေးရာကို စေတနာကောင်းဖြင့် ဆောင်ရွက်နေခြင်းသာဖြစ်၏။ စေတနာ သည် အကျိုးပေးတတ်၏။ ကောင်းသော စေတနာရှိသူကို ကောင်းသောအကျိုးပေးတတ်၏။

သို့ကြောင့်ပင် စေတနာကောင်းသော အတာ၊ တစ်ဖက်သားကို ကူညီလိုစိတ် ရှိသည့်အတာ၊ အလိုက် သိ တတ်သော အတာအား ဆရာမသည် တစ်နေ့တခြား ချစ်လာ၏။ ချစ်သည်နှင့်အမျှ လည်း
"အတာ အဲဒီပိုတဲ့ ပိုက်ဆံထဲက မင်းနှစ်ပြားယူ၊ မုန့်ဝယ်စား"ဟူ၍ တစ်မျိုး။
အတာ ၏ သန့်ရှင်းရိုးသားသော စေတနာသည် အတာကလေးအား အကျိုးပေးလျက်ရှိ၏။ ဤကဲသို့ ဆရာမ က ပေးကမ်းကျွေးမွေးလေ မုန့်ဖိုးအကုန်အကျသက်သာလေဖြင့် အတာတွင် စုငွေကလေး တိုး၍ တိုး၍ လာတော့၏။

ဆက်ရန်
.

No comments: