(ထိုအတိုင်းတွက်၍ ပြကြ၏။ အတာတစ်ယောက်တည်းကသာ (ငွေနှစ်ကျပ်ရှုံးခဲ့ပါသည်)ဟု တိကျစွာ အဖြေ တွင် ရေးလိုက်၏။
ကျန်အခြားသော ကလေးများအနက် အတော်များများက မရှုံးပါ မမြတ်ပါဟု ဖြေကြပြီး အချို့ကမူ လုံး လုံး မတွက်တတ် သလို ရှိနေကြ၏။) ကို ဆက်ဖတ်ရန်.........
ဆရာမလည်း မှားလာသူများကို ခါတိုင်းကဲ့သို့ပင် အချိန်စေ့သည် အထိ ပြန်မတွက်ခိုင်းတော့ဘဲ ကျောက်သင်ပုန်းကြီးအနီးသို့လာ၍ ဝိုင်းရန် ကလေးများ ကိုခေါ် လိုက်၏။ နောက် အတာအား အမှတ် ၁ ပုစ္ဆာကိုချိန်၍ ကျန်အားလုံးကို အဖျက်ခိုင်းပြီးမှ အတာအား သူ့နည်း အတိုင်း ကျောက်သင်ပုန်းကြီးတွင် အတွက်ခိုင်းလိုက်၏။
"ဒီဂဏန်းပုစ္ဆာဟာ ခါတိုင်းမင်းတို့ကို ပေးတာမျိုးမဟုတ်လို့ အမှတ်များကြတာကို မမ စိတ်မဆိုးဘူး၊ ဒါပေမဲ့ ဒီအတွက် ဟာ အလွယ်ကလေးပဲ၊ အတာ တွက်ပြတာကို ကြည့်၊ ဘာမှမခက်ဘူး"
ဆရာမက သို့ပြောရင်း ကြိမ်လုံးဖြင့် ထောက်ပြကာ သေချာသည်ထက် သေချာအောင် ရှင်းပြလိုက်ပြီးမှ
"ကဲ နားမလည်သေးရင် မမကို မေးနိုင်တယ်၊ ဘယ်သူမေးချင်ကြသလဲ"
တစ်ယောက်သော မိန်းကလေးက လက်ညှိုးထောင်ပြသဖြင့်
"အေး မစွမ်ကြည် က ဘာသိချင်သလဲ"
"အဲဒီ ရုံးစာရေးဟာ ဝင်ခ ၂ ကျပ်ပေးပြီး ဝင်သွားတော့ ၁၈ ကျပ် ကျန်တယ်မဟုတ်လား မမ၊ အဲ့ဒီ ၁၈ ကျပ် နဲ့ ကစားတာ ပြန်လာတော့ ၁၈ ကျပ်ပဲ ပြန်ပါလာတယ်၊ ဒီလိုဆို ဘယ်မှ ၂ ကျပ်ရှုံးလို့လဲ၊ အရင်းပဲ ပေါ့ မမရဲ့"
"ကဲ အတာက မစွမ်ကြည် နားလည်အောင် ရှင်းပြလိုက်စမ်း" ဟု ဆရာမက ပြောလိုက်သည်နှင့်
"နင် သေသေချာချာမှ ပုစ္ဆာကိုမကြည့်ဘဲ၊ သူ ယူသွားတာက ငွေ ၂၀ ကျပ်မဟုတ်ဘူးလား၊ ပြန်လာ တော့ ၁၈ ကျပ် ပဲ ပါလာတယ်ဆိုတော့ နှစ်ကျပ်ရှုံးတာပေါ့ဟ"
"ဟို နှစ်ကျပ် က ဝင်ခပေးရတာပဲ၊ အဲဒါက ကစားလို့ရှုံးတာမှ မဟုတ်တာ"
မစွမ်ကြည်ကလည်း အလျှော့မပေးသေးဘဲ အတာအား ရန်တွေ့သလို မျက်နှာထားကလေးဖြင့် ပြော လိုက်သောကြောင့် ဆရာမတွင် သဘောကျသလို ပြုံးပြုံးကြီးဖြစ်သွား၏။
"ဟ ဝင်ခပေးရတာလဲ ပိုက်ဆံပဲ၊ ဘယ်လိုဖြစ်ဖြစ် သူ သွားတုန်းက ယူသွားသလောက် ပြန်ပါမလာရင် အဲဒါ ရှုံးတာချည်း ပဲပေါ့၊ တို့အဖေ ခဏခဏ ပြောဖူးတယ် သိလား"
"အောင်မယ်"
"ဘာ အောင်မယ်လဲ၊ တို့မေမေက အပတ်တိုင်း မြင်းပွဲသွားနေတာ နားလည်လား၊ ဒါတွေ နင့်ထက် ငါ ပိုသိတယ်"
အတာကလေးနှင့် မစွမ်ကြည်တို့မှာ ဆရာမကိုပင် သတိမရတော့သလို အချီအချပြောနေကြ၏။ ဆရာမ ကလည်း ရယ်ကာမောကာဖြင့် အကဲခတ်နေပြီးမှ
"ကဲ တော်ကြတော့၊ မစွမ်ကြည်ပြောတာ နည်းနည်းတော့ မှန်တယ်၊ ဒါပေမဲ့ စာမေးပွဲမှာဆိုင်ရင် အမှတ် ရမှာ မဟုတ်ဘူး၊ ဘာပြုလို့လဲဆိုတော့ ဒီပုစ္ဆာက လိမ္မော်သီ ၁၉ လုံးကို တစ်ကျပ်နဲ့ ဝယ်ပြီး တစ်လုံးကို တစ်ပဲနဲ့ ပြန်ရောင်းတော့ ဘယ်လောက်မြတ်သလဲဆိုတဲ့ မေးခွန်းလို မလွယ်ဘူး၊ နည်းနည်း ဉာဏ်ထုတ် ပြီး စဉ်းစားရတဲ့ ပုစ္ဆာမျိုးကွဲ့၊ နို့မို့ဆိုရင် မျက်စိလည်သွားတယ်"
ဆရာမလည်း စိတ်လိုက်မာန်ပါ မြင်းပွဲဆိုသည်ကို စိတ်နာနာနှင့် ဤလိုပုစ္ဆာမျိုးကို ပေးလိုက်မိပြီးမှ သူ့ပြဿနာကိုသူအတော် ဖြေရှင်းနေရတော့၏။
"ခု ပုစ္ဆာကို မမပေးတာက တခြားကြောင့် မဟုတ်ဘူးကွဲ၊ မြင်းလောင်းတာတို့၊ ဖဲရိုက်တာ တို့ ဆိုတဲ့ လောင်းကစားခြင်းဟာ မကောင်းတဲ့အကြောင်းကို မင်းတို့သိအောင်လို့ပဲ၊ ကဲ ခုန မြင်းလောင်း ဖို့သွားတဲ့ ရုံးစာရေးဟာ ငွေ ၂၀ ကျပ် ပါသွားပေမဲ့ ဝင်ခ ၂ ကျပ်ပေးလိုက်ရတော့ ဘယ်လောက် ကျန်သလဲကွဲ့"
"၁၈ ကျပ် ကျန်ပါတယ် မမ"
"အေး အဲဒီ ၁၈ ကျပ်နဲ့ ကစားလို့ အိမ်ပြန်လာတော့ ၁၈ ကျပ်ပဲ ပြန်ပါလာတာကို မင်းတို့က ရှုံးလဲ မရှုံး ဘူး၊ နိုင်လဲ မနိုင်ဘူးလို့ အဖြေပြတယ်၊ မစွမ်ကြည်ကတော့ အရင်းပဲလို့ ခုနပြောတယ်၊ အမှန်တော့ အတာ ပြောသလိုပဲ နှစ်ကျပ် ရှုံးခဲ့တာပေါ့ကွဲ့၊ ဘာကြောင့်လဲဆိုတော့ ပါသွားတာက ငွေနှစ်ဆယ်၊ ပြန် လာတော့ ဆယ့်ရှစ်ကျပ်ပဲ ပါလာတာကိုး၊ ရှင်းရဲ့လား မမပြောတာ"
"ရှင်းပါတယ် မမ"
"အေး ဒါတောင် လမ်းစရိတ်တွေ ဘာတွေနဲ့ဆို ရှုံးတာနှစ်ကျပ်မကတော့ဘူးပေါ့ကွယ်၊ အေး ဖဲရိုက်တာ တို့ ဘာတို့လဲ အတူတူပဲကွဲ့၊ ဥပမာ လူလေးယောက်ဟာ ငွေ တစ်ယောက်တစ်ဆယ်စီ ကိုင်ပြီး ဖဲရိုက် ကြတယ်ဆိုပါတော့၊ အဲဒါဖဲဝိုင်းထောင်တဲ့အိမ်က တစ်လှည့်ကို တစ်မတ်အကောက်ကောက် တယ်ဆိုပါ တော့ကွယ်၊ အဲ သေသေချာချာနားထောင်နော်၊ မမ မေးမယ်၊ ခုနပြောသလို အဲဒီ လူလေးယောက် ဟာ တစ်ကြိမ်ကို တစ်မတ်ကောက်ပေးပြီး အကြိမ်ပေါင်းနှစ်ဆယ် ကစားတယ် ဆိုပါ့တော့၊ နောက်ဆုံးဖဲဝိုင်း ပြီးတော့ ဒီလူလေးယောက်လက်ထဲမှာ ပိုက်ဆံညီတူညီမျှကျန်တယ်တဲ့၊ ကဲ အဲဒီတော့ လူတစ်ယောက် မှာ ဘယ်လောက်စီရှိမလဲ"
ဤပုစ္ဆာကိုမူ အလွန်တော်သော အတာပင် ယောင်ချာချာဖြစ်သွားတော့၏။ သို့လျှင် အဖြေထုတ်နိုင်မည့် သူ ပေါ်မလာ သဖြင့် ကိုယ်တိုင်ပင် ကျောက်သင်ပုန်းတွင် ရေးခြစ်ပြရပြီး
"ခု မမ တွက်ပြထားတဲ့အတိုင်း တစ်ကြိမ်ကို အကောက်တစ်မတ်ပေးရတော့ အကြိမ်နှစ်ဆယ်ကို ငါးကျပ်ပေးရမယ် မဟုတ်လား၊ အဲဒီတော့ ဒီငါးကျပ်ကို ဘယ်သူက ပေးရတယ်ထင်သလဲ"
"ကစားတဲ့ လူလေးယောက်က ပေးရပါတယ် မမ"
"အဲ ဟုတ်ပြီ၊ ဒီတော့ ခုန လူလေးယောက်ဆီက ငွေတွေပေါင်းလိုက်ရင် ၄၀ ကျပ်ရမယ်နော်၊ ဒီ ၄၀ ကျပ်ထဲ က ငါးကျပ်နှုတ်လိုက်တော့ ၃၅ ကျပ်ကျန်မယ် မဟုတ်လား၊ ဒီတော့ အဲဒီငွေ ၃၅ ကျပ်ကို အညီ အမျှ ခွဲလိုက်စမ်း၊ လူလေးယောက်အတွက် တစ်ယောက် ဘယ်လောက်ရမလဲကွယ်"
အတန်ကြာ ငြိမ်သက်နေပြီးမှ
"ဆယ့်ရှစ်ကျပ် နှစ်ပဲစီရမယ် မမ"
ထိုအဖြေကို အတာပင် ပထမဆုံ ပြောလိုက်၏။
"အဲဒီတော့ လေးယောက်ကစားတာ တစ်ယောက်မှ မနိုင်ဘူးမဟုတ်လား"
"အားလုံးပဲ ငါးမတ်စီ ရှုံးတာပေါ့နော် မမ"ဟု မစွမ်ကြည်က ဖျတ်ခနဲ မေးလိုက်သေး၏။
"အေး ဘယ်နိုင်မလဲကွဲ့၊ အကောက်တွေ ပေးလိုက်ရတာကိုး၊ ဘယ်လောင်းကစားတာပဲဖြစ်ဖြစ် အကောက်အခွန် ဆိုတာ ရှိတာပဲ၊ ဒီတော့ လေးယောက်ကစားကစား ဆယ်ယောက် ကစားကစား စ ကစား ထဲက အကောက်ပေးလိုက်ရလို့ ရှုံးနေတာပဲ၊ ဒါကြောင့် မင်းတို့ကြီးလာတဲ့အခါ အလောင်းအစား နဲ့ သူများ ပိုက်ဆံ လဲ မလိုချင်နဲ့၊ သူများပိုက်ဆံ လိုချင်ရင် ကိုယ့်ပိုက်ဆံလဲ ပေးရတတ်တယ်၊ နားလည် ကြရဲ့လား၊ မမ ပြောတာကို"
"နားလည်ပါတယ် မမ"
"ကဲ အရှင်းဆုံးဥပမာနဲ့ မမ ပြောမယ်၊ တကယ်လို့ အတာ့မှ ငွေတစ်ကျပ်ရှိတာကို သူက လောဘကြီးပြီး နှစ်ကျပ်ဖြစ်ချင်တာနဲ့ ကစားဝိုင်းတစ်ခုမှာ သွားလောင်းတယ်ဆိုပါတော့၊ အဲဒီ လောင်းတယ် ဆိုက တည်းက သူ့ငွေတစ်ကျပ်နဲ့ချပြီး လောင်းရမယ်နော်၊ ကဲ မနိုင်ဘဲနဲ့ ဒိုင်က စားသွားပါပြီ တဲ့ကွယ်၊ အတာ့ ပိုက်ဆံတစ်ကျပ်ဟာ နှစ်ကျပ်ဖြစ်လာပါ့မလား"
"ဘယ်ဖြစ် မလဲ မမ၊ ရှုံးသွားပြီပေါ့" အတာကပင် ပျာပျာသလဲ ပြောလိုက်၏။
"ကဲကွယ်၊ အတာက သူ့ဆီရှိတဲ့ တစ်ကျပ်ကို နှစ်ကျပ်ဖြစ်ချင်တဲ့ လောဘလဲမရှိဘူး၊ ကစားလဲ မကစား ဘူးဆိုပါ့တော့၊ အဲဒီတစ်ကျပ်ဟာ ဘယ်ရောက်သွားမလဲ"
"အတာ့ဆီမှာပဲ ရှိမှာပေါ့ မမရဲ့"
မစွမ်ကြည် ဖြေလိုက်သဖြင့်
"အေး၊ အဲသလို လောဘမကြီးဘဲ မကစားဘဲနေလို့ ဒီတစ်ကျပ်ဟာ လျော့မသွားဘူးကွဲ့၊ လောဘကြီး လို့ ကစားရင်တော့ နိုင်ချင်နိုင်မပေါ့ကွယ်၊ ဒါပေမဲ့ လက်ထဲရှိပြီးသား တစ်ကျပ်လောက် မသေချာဘူး၊ ရှုံးချင်လဲရှုံးနိုင်တယ်၊ ဒါကြောင့်"
ဆရာမသည် စကားကို ဤတွင်ဖြတ်၍ တစ်နေရာသို့ ဆတ်ခနဲ လှမ်းကြည့်လိုက်ပြီးမှ
"ဟေ့ စံဝင်း၊ မင်း မုန့်ဈေးတန်းကို ငေးနေတာ ဘာလဲဆာလှပြီလား ဟင်"
သို့ဆရာမ လှမ်းမေးလိုက်မှပင် စံဝင်းဆိုသူကလေးလည်း မုန့်ဈေးတန်း ဘက် မျှော်ငေးကြည့်နေရာမှ ပြူးပြူးပျာပျာ လှည့်လာတော့၏။
"ဘယ်စာပဲ မေးလိုက်မေးလိုက် မင်း နောက်ဆုံးကချည့်ပဲ၊ ဒါနဲ့လဲ မကြိုးစားချင်ဘူး၊ ဆရာမ သင်ပြနေ လဲ မင်း ငေးနေမယ်၊ ဆော့နေမယ်၊ သူများကို နောက်ပြောင်နေမယ်၊ ဒါပဲ မင်းတတ်တယ်၊ လာဦး ဒီနား ကို"
စံဝင်း သည် ကြောက်ကြောက်ရွံ့ရွံ့နှင့်ပင် ဆရာမအနီးသို့ ကပ်လာ၏။
"စံဝင်း ဒီအတိုင်းသာဆို ခက်သေးတယ် သိလား၊ ကဲ မင်းကြီးလာရင် ပညာမတတ်ဘဲနဲ့ ဘာလုပ်စားမ လဲ ဟင်"
"ကျွန်တော် ဂျော်ကီ လုပ်မယ် မမ"
ဆရာတွင် သက်ပြင်းချရင်း ဟင်းခနဲ မောသွားတော့၏။
"ဘာပြောတယ် စံဝင်း၊ မင်း ဂျော်ကီလုပ်မယ်"
"ဟုတ်ကဲ့၊ ကျွန်တော်တို့ဦးလေးက မြင်းပွဲမှာ ပြိုင်မြင်းတွေမွေးထားတယ်၊ ခြောက်ကောင်တောင်၊ အဲဒါ ဦးလေး ကပြောတယ်၊ မင်းကြီးလာရင် မြင်းစီးတဲ့ ဂျော်ကီလုပ်ရမယ်တဲ့"
ထိုစကား ကြားလိုက်ရသည်နှင့် ဆရာမလည်း အသက်ရှူကြပ်သလို မတ်တတ်မှ ထိုင်ချရင်း စိတ်ပျက် သလို ငိုင်သွားတော့၏။
"ကဲ၊ ကိုယ့်နေရာ ကိုယ်ပြန်ကြတော့၊ မြန်မာစာအုပ်ထုတ်ပြီး ဖတ်နေကြ၊ တော်ကြာ မမ အလွတ်မေး မယ်"
ဆရာမလည်း စိတ်မောလူမောရှိနေလျက်ကပင် ထိုပြဿနာကို ဦးခေါင်းထဲမှ ထုတ်မပစ်နိုင်သေး။ လက်ရှိ ကျောင်းသားမိဘများအတွက် စိတ်အပျက်ကြီးပျက်နေမိတော့၏။
မိမိတို့ သားသမီးများသည် မည်သည့်အတတ်ကို ဝါသနာပါ၍ အဘယ်သာသာရပ်ကို စိတ်ဝင်စား ကြောင်း စူးစမ်းမှုမရှိ။
"မင်းကြီးလာရင် ဂျော်ကီလုပ်၊ မင်း ဆယ်တန်းအောင်ရင် ငါ့လက်အောက်မှ စာရေးဝင်လုပ်၊ မင်းက ဆရာဝန်လိုင်းလိုက်၊ မင်းကတော့ အင်ဂျင်နီယာဘက်သိုသွား" စသဖြင့် မိမိတို့ကြိုက်ရာပုံကိုသာ ဇွတ် အတင်းသွင်းနေကြသောကြောင့် လောကာဓာတ် ပညာဘက်တွင် စိတ်ဝင်စားသူက ဝတ်လုံဖြစ်နေရ၏။ အင်ဂျင်နီယာဘက်၌ စိတ်ထက်သန်သူမှာ ဆရာဝန်ကြီးအဖြစ် စခန်းသွားနေရသည်နှင့်ပင် မြန်မာထဲမှ ကမ္ဘာကျော်လောက်အောင် ဘာတစ်ခုမျှ ထူးထူးချွန်ချွန်ပညာရပ်တစ်ခု မပြနိုင်ဘဲရှိခဲ့သည်ကို ဆရာမ သည် ကြိတ်၍ အသည်းနာနေတော့၏။ သူကိုယ်တိုင်ပင်လျှင် ဆရာဝန်ဘက်ကို စိတ်သန်ခဲ့ပါလျက် ဖခင်ပညာဝန်ထောက်၏ အဓမ္မပုံသွင်းချက်ကြောင့် စိတ်ဝင်စားမှုမရှိပါဘဲလျက် ကျောင်းဆရာမဖြစ်နေရ သည်ကိုလည်း တွေးမိတိုင်း ဝမ်းနည်းမဆုံး ဖြစ်နေရ၏။
သို့တွေးရင်း စိတ်ထိခိုက်ရင်းနှင့်ပင် စာကိုသော်မျှ ဆက်မသင်နိုင်တော့ဘဲ မုန့်စားခေါင်းလောင်းထိုး သည်အထိ ဆရာမသည် တွေးမိတွေးရာ တွေးနေဆဲပင် ရှိသေး၏။
"မမ ဘာစားမလဲ ဟင်"
ဝတ္တရားအတိုင်း အတာကလေး လာမေးမှပင် ဆရာမတွင် လှုပ်လှုပ်ရှားရှားဖြစ်လာပြီး
"အေး မမဖို့ အုန်းထမင်းနဲ့ ဆိတ်သားပြုတ်ကြော် တစ်ပန်းကန်မှာနော်၊ ဟို ပဲတီချဉ်နဲ့ ငါးပိချက်ကို ပန်း ကန်တစ်ချပ်နဲ့ သပ်သပ်ထည့်ပေးပါလို့ပြော၊ မင်းလည်း စားချင်တာ ယူစားပေါ့၊ မမ ပိုက်ဆံပေးမယ်"
ဆရာမအတွက် လိုလေသေးမရှိအောင် မှာပေးပြီးသည်နှင့် သူ့ပိုက်ဆံနှင့်သူပင် ခေါက်ဆွဲကြော်တစ် ထုပ် ဝယ်စား၏။ အတာ၏ရိုးသာမှုကြောင့် ချစ်နေပြီဖြစ်သော ခေါက်ဆွဲသည်အဒေါ်ကြီးက နှစ်ပြားဖိုးနီး နီးလောက် နောက်ထပ် အပိုထည့်ပေးလိုက်သည်နှင့် အတာတွင် နှစ်ပြားဖိုးမျှဖြင့် ဝအီသွားတော့၏။
နေ့လယ် ကျောင်းပြန်တက်သည်နှင့်ပင် ကျောင်းဒရဝမ်က စာတစ်စောင်လာပေးသဖြင့် ဆရာမလည်း လိပ်စာကိုဖတ်ကြည့်ကာ ချက်ချင်းပင် အတာအား ခေါ်ပေးလိုက်၏။
"ဒီစာပို့တဲ့လူက ကိုထွန်းအောင် မိတ္ထီလာတဲ့၊ အဲဒါ မင်းတို့ဖေဖေမဟုတ်လား အတာ"
"ဟုတ်ပါတယ် မမ"
"အေး အေး သွား၊ မင့်နေရာကိုယူသွားပြီး ဖောက်ဖတ်ချည်"
သူ့ခုံရှိရာပြန်ရောက်သည်နှင့် အတာလည်း ဝမ်းမြောက်ဝမ်းသာ ဖောက်ဖတ်ကြည့်၏။ ထုံးစံအတိုင်းပင် သူ့မေမေအတွက် စာတစ်စောင်နှင့် သူ့အတွက် စာတစ်စောင် ပါလာသည်ကို တွေ့ရ၏။
သားလေး အတာ
မင်း ထည့်ရေးပေးလိုက်တဲ့စာကို ဖတ်ရလို့ ငါ ဝမ်းသာမိတယ်၊ မင့်အတွက် စာ များ များတော့ ရေးစရာမရှိဘူး၊ မင်း စာကိုသာ ကြိုးစားသင်ဖို့ပဲ၊ ငါ နောက် နှစ်လကြာရင် ပြန်လာခဲ့မယ်။
ဒါနဲ့ မင့်အမေ ဒီလအတွက် ကျောင်းလခပေးရဲ့လား၊ အဲဒါ ငါ့ဆီ စာရေးလိုက်ဦး ဟုတ်လား။
ခု စာကို မင်းကျောင်းလိပ်စာနဲ့ထည့်လိုက်တာဟာ ဒီစာကိုမင့်အမေက ဒိပြင်လူကို ဖတ်ခိုင်းမှာ စိုးလို့ပဲ။ ကတယ် လို့ မင်းကို ဖတ်ခိုင်းရင်လဲ ကျောင်းလခ အကြောင်းကိုထည့်ပြီး ဖတ်မပြနဲ့၊ (နောက် နှစ်လကြာရင် ငါ ပြန်လာခဲ့မယ်)ဆိုတဲ့အထိပဲ ဖတ်ပြပေါ့ကွာ။
အဖေထွန်း
အတာလည်း ထိုစာကို သုံးကြိမ်တိတိဖတ်ပြီးမှ စာအိတ်ထဲပြန်ထည့်ကာ "ဒါ တို့အဖေဆီက ရေးလိုက် တဲ့ စာကွ သိလား"ဟု အနီးရှိ သူငယ်ချင်းများကို ရင်တကော့ကော့နှင့် ကြွားနေတော့၏။
ဆရာမ၏မျက်လုံးများသည် အတာ့ဆီတွင်သာရှိနေပြီး အတာ့စာရွက်ကိုခေါက်၍ စာအိတ်ထဲထည့် လိုက်ပြီးမှပင် သင်စရာရှိသည်ကို အစပြုတော့၏။
တစ်နေ့တစ်နေ့နှင့် မသိန်းမက ကျောင်းလခပေးမည်ဟု ချိန်းဆိုထားသောနေ့သို့ ရောက်လာခဲ့ပြီဖြစ် သည်။ မနေ့ကတည်းက နေ့ရက်ကို တွက်ထားခဲ့သော အတာသည် ယနေ့နံနက်မိုးလင်းသည်နှင့် သူ့ ကျောင်းလခ ပြဿနာသည် ခေါင်းထဲတွင် စွဲနေ၏။
မုန့်ဖိုးတောင်းရန် ဈေးဘက်သို့ လျှောက်လာခဲ့၍ မသိန်းမေရှိရာသို့ ရောက်လုလုမှာပင် အတာသည် တစ်စုံတစ်ရာကို သတိရလာ၏။ ကျောင်းလခကို စိတ်ထဲတွင် စွဲလမ်းနေရသည်နှင့် သူ့ဆရာမ မှာလိုက် သော ကျောက်ဆူးတံဆိပ်ဇာလုံချည်ဝယ်ရန်ပင် မေ့နေတော့မလိုရှိကာ ယခုမှ သတိရ သည်နှင့် ၂၅ လမ်းကြားတွင် သုတ်သုတ်ကေးလ သွားဝယ်ခဲ့ရ၏။
"ဟင် ဒီနေ့ မိန်းကလေးတွေ အချုပ် ချုပ်ရမဲ့နေ့ဆိုတော့"
ယနေ့သည် သောကြာနေ့ဟူ၍ အတာသည် ယခုမှ သတိထားမိတော့၏။ ယနေ့ သောကြာဖြစ်သော ကြောင့် နက်ဖြန်ဆိုလျှင် သူ့မေမေ မြင်းပွဲသွားမည်။ သို့ဆိုက ယနေ့ သူ ကျောင်းလခတောင်း၍ဖြစ်ပါ မည်လော။ အဆူအရိုက်ခံ၍ တောင်းသည့်တိုင်အောင် ရလျှင် ကား တော်သေး၏။
စနေ့ ကို မဆိုထားဘိ၊ သောကြာနေ့တွင်ပင် အကြွေးလာတောင်းက မသိန်းမေ အော်မောင်းလွှတ်တတ် သည် ကို အတာ သိ၏။ သို့ဖြစ်သည့်အတိုင်းလည်း ယနေ့ ကျောင်းလခတောင်းလျှင် ပေးလိမ့်မည်မ ဟုတ် သည် သာမက လောလောဆယ် အရိုက်အနှက်ခံရရုံမျှဖြင့် မပြီးသေးဘဲ မုန့်ဖိုးကိုပင် ထိခိုက်သွားစရာ ရှိလျက် နက်ဖြန် မြင်းရှုံးပါကလည်း "နင့်ကြောင့်"ဟူ၍ နောက်ဆက်တွဲ အကန်အကျောက် ခံရမည် မှာ သေချာ၏။
သို့ တမျှော်တခေါ် တွေးမိလိုက်သည်နှင့် အတာလည်း "သူပေးမှပဲ ယူတော့မယ်လေ"ဟူသော အား လျှော့မှုကလေးဖြင့် သူ့မေမေအနီးသို့ အရိပ်အခြည်ကြည့်ရင်း ကပ်သွား၏။
ယနေ့လည်း အတာသည် ကုသိုလ်ကောင်း၏။ မုန့်ဖိုကို မသိန်းမေက ကျေကျေနပ်နပ်နှင့်ပင် ထုတ်ပေး လိုက်၏။ သို့သော် ကျောင်းလခနှင့်ပတ်သက်၍မူ ဘာတစ်ခွန်းမျှမပြော၊ သတိပင်ရဟန်မတူပင် ခပ်အေးအေး အမူအရာဖြင့် ဈေးဗန်းကို ပြန်နေသောကြောင့် အတာတွင်လည်း ယောင်၍မျှ စကားမဟ ဝံ့သည့် အတိုင်း ကြာကြာပင် မဆိုင်းဘဲ ထွက်လာခဲ့ရတော့၏။
ယနေ့သော် အတာသည် ဆရာမခေါ်မေးသည်ကိုပင် မစောင့်တော့ဘဲ ဆရာမစားပွဲတွင် သွားရပ်ကာ
"ကျွန်တော်တို့မေမေက ကျောင်းလခကို ၁၅ ရက်နေ့ပေးမယ်ပြောပြီး ဒီနေ့လဲ မပေးလိုက်သေးဘူး မမ"
"ဟေ ဘယ်နေ့ပေးမယ်လို့ကော မပြောဘူးလား"
"ဘာမှကို မပြောလိုက်ဘူးခင်ဗျ၊ ကျွန်တော်လဲ မမေးရဲဘူး၊ ရိုက်မှာကြောက်တာနဲ့"
"ဖြစ်ရလေကွယ်၊ မင့်မေမေက ကျောင်းလခတောင်းတာကိုပဲ ရိုက်ရသေးသတဲ့လား"
သောကြာနှင့် စနေများတွင် ပိုက်ဆံတောင်းခြင်းနှင့်ပတ်သက်၍ သူစောင့်စည်းရသော ဝတ္တရားများကို အတာ က ရှင်းပြလိုက်သည်၌ ဆရာမတွင် စုတ်တသတ်သတ်ဖြင့် စောစောကထက်ပင် စိတ် မကောင်း ဖြစ်သွားရတော့၏။
အတာကလေး သူ့နေရာသူပြန်ရောက်၍ မကြာမီပင် ဆရာမသည် စားပွဲကို ကြိမ်လုံးဖြင့် သုံးလေးချက် ရိုက်လိုက်ခြင်းအားဖြင့် အတန်းသားများ သူ့ဆီသို့ အာရုံစိုက်စေလျက်
"ကျောင်းသွားကျောင်းပြန် ဘတ်စ်ကားစီးဖို့ စာရင်းပေးထားတဲ့လူတွေ သေသေချာချာ နားထောင်ကြ၊ ဒီနေ့ ညနေ ကျောင်းလွှတ်ချိန်ကစပြီး အဲ့ဒီစာရင်းပေးထားတဲ့လူတွေကို ဘတ်စ်ကားနဲ့ ပို့ပေးလိမ့်မယ်၊ အဲဒီတော့ ညနေ ကျောင်းလွှတ်ရင် ကိုယ့်အတန်းထဲမှပဲ ကိုယ်ထိုင်နေကြရမယ် ကြားရဲ့လား"
"ကြားပါတယ် မမ"
အသွားအပြန် ကျောင်းကားစီးမည်ဟု စာရင်းပေးထားသော ကလေးများက ဝမ်းသာအားရသို့လျှင် ဖြေလိုက်ကြ၏။
"နောက်ပြီး နက်ဖြန်ကျရင်လဲ မင်းတို့ကို ကျောင်းကားနဲ့ လာကြိုလိမ့်မယ်၊ မနက် ရှစ်နာရီတိတိမှာ မင်း တို့အဆင်သင့်ပြင်ထားရမယ်နော်၊ အဆင်သင့်လုပ်မထားတဲ့လူကို ကျောင်းကားက စောင့်နေမှာမဟုတ် ဘူး၊ မှတ်မိရဲ့လား"
"မှတ်မိပါတယ် မမ"
"အေး ကျောင်းကားအတွက် တစ်လကို သုံးကျပ်ပေးရလိမ့်မယ်ဆိုတာ မင်းတို့သိပြီနော်၊ ဒီနေ့ ၁၅ ရက် ဆိုတော့ တစ်လရဲ့တစ်ဝက်၊ အဲဒီတော့ လဆန်းရင် မင်းတို့လဝက်ခပဲ ပေးရမယ်၊ လဝက်တွက်ဆိုတော့ ဘယ်လောက်ကျ မလဲဟေ့"
"တစ်ကျပ်ခွဲပါ မမ"
"အဲဒီတော့ လဆန်းလို့ ကျောင်းလခ ယူလာတဲ့နေ့မှာ ကျောင်းကားအတွက် တစ်ကျပ်ခွဲကိုပါ ယူခဲ့ကြရ မယ်"
ကျောင်းသားမိဘများ၏တောင်းဆို နားပူချက်အရ ကျောင်းအုပ်ကြီးတွင် ကျောင်းဘတ်စ်ကားထားရန် အတွက် အပူတပြင်း စီမံရတော့ကာ အလွယ်ကူဆုံးနှင့် အမြန်ဆုံးဖြစ်သွားစေရန် ခရီးသည်တင်ကားအ ဖြစ် သွားလာနေသော ဘတ်စ်ကားတစ်စင်းကိုပင် ခပ်သုတ်သုတ်ဝယ်လိုက်ရတော့၏။ ဈေးသက်သက် သာသာနှင့်လည်းရ၊ ကျောင်းသားမိဘများလည်း ကျေနပ်မှုရသွားစေရန် ကျောင်းအုပ်ကြီးသည် လကုန် အထိပင် မစောင့်တော့ဘဲ ၁၅ ရက်နေ့မှပင် စတင်၍ ကားဖြင့်ပို့ပေးရန် စီမံလိုက်တော့၏။
လဆန်းစလောက်ကပင် စတင်ကြေငြာ၍ စာရင်းသွင်းစေခဲ့ရာ၌ ကျောင်းကားဖြင့် ကျောင်းတက်ရန် အတာတို့အတန်းမှ ကိုးယောက်စာရင်းပေး၏။ ထိုအထဲတွင် စံဝင်းနှင့် ရာမာဆိုသူ ဂေါ်ရင်ဂျီကုလား ကလေး တစ်ယောက်လည်း ပါ၏။
အခြားသော ကလေးတို့မှာ များသော အားဖြင့် ကျောင်းပတ်ဝန်းကျင် အနီးအနားတွင် သာနေကြနေသော ကြောင့် ကျောင်းကားကို စီးရန်မလို။ အတာကလေး အဖို့တွင် မူ ကျောင်းနှင့်အတော်ကလေး အလှမ်း ဝေးသည်ဖြစ် ၍ ကျောင်းကားစီးရန် လိုအပ်သည် မှန်သော်လည်း ကျောင်းလခပင်အနိုင်နိုင်ဖြစ်နေသော ကြောင့် အတာ မှာယောင်၍မျှ စိတ်မကူးဝံ့ခဲ့ဘဲ ဆရာမ က အိမ်ရှိလူကြီးများအား မေးမြန်းခဲ့ရန်မှာသည်ကို ပင် အတာသည် မမေးခဲ့။ ကျောင်းကား ကိစ္စနှင့်ပတ်သက်၍ သူ့မေမေကို ဘာတစ်ခွန်းမျှ စကားရိပ် မသန်းခဲ့၊ သို့သော် သူ စီးချင်ရှာ၏။
သို့ စီးချင်သည်မှာလည်း စစ်စစ် ကျောင်းတက်ကျောင်းပြန် ခြေကျင်ချည့် သွားလာနေရ၍ ညောင်းညာ ပင်ပန်းသောကြောင့်မဟုတ်၊ ကလေးတို့သဘာဝအတိုင်းပင် အညံ့မခံလိုစိတ် အများနည်းတူ စီးလို သည့်စိတ်ကြောင့်သာဖြစ်၏။
ရာမာဆိုသူ ဂေါ်ရင်ဂျီကုလားကလေးမှာ ကျောင်းနှင့် ငါးမိနစ်လောက်လျှောက်လျှင် ရောက်နိုင်သည့် ဘုန်းကြီးလမ်း တွင် နေ၏။ အတာ့အဖို့မူ ခပ်သုတ်သုတ်သွားနိုင်ပါမှ ဆယ့်သုံးလေးမိနစ်ကြာ၏။
ရာမာ တို့နှင့် အခြေအနေချင်း နှိုင်းယှဉ်လိုက်သော် အတာတို့ကသာ၏။ ရာမာ၏အဖေမှာ တစ်နေ့တစ် ကျပ်ပင် မနည်းကြီးဝင်အောင် ကြိုးစားရသော သင်္ဘောကြီးကူလီဖြစ်၏။ ရာမာ၏အမေက မဆလာ ကြိတ်ရောင်းခြင်းဖြင့် တစ်ဖက်တစ်လမ်းရှာ၏။
ဂေါ်ရင်ဂျီကုလားတို့မည်သည် သားသမီးများကို အင်္ဂလိပ်ကျောင်းထား၍ ပညာသင်ပေးသည်မှာ ရှာမှ ရှား၏။ သို့သော် ရာမာ၏ဖခင်မှာမူ အခြားသော ဂေါ်ရင်ဂျီကုလားများကဲ့သို့ မိမိက ကူလီဆိုလျှင် သားကိုလည်း ကူညီလုပ်ခိုင်းလျက် မိမိက လန်ခြားဆွဲလျှင် သားသည်လည်း အရွယ်ရောက်သည်နှင့် လန်ခြားဆွဲခိုင်းချင်သော စိတ်မျိုးမရှိ။
"ကျွန်တော်နော် သင်္ဘောကြီးမှာ လုပ်တယ်၊ အများကြီး ဒုက္ခများတယ် အမာ၊ အများကြီး ပင်ပန်းတယ်၊ ရာမာနော် ဒီလိုမလုပ်ရဘူး၊ အင်းဂလိစာ၊ မြန်မာစာတတ်တယ်နော်၊ တစ်လကို နှစ်ဆယ်သုံးဆယ် ရပစီ တော်ပြီ၊ သူ ထမင်းစားဖို့ရမှာပဲ၊ ကရာနီအလုပ်လေ စာရေးအလုပ်နော် အများကြီးကောင်းတယ် အမာ၊ အလုပ် အများကြီးသက်သာတယ်၊ ကူလီ အလုပ်နော် အလကားပဲ"
ရာမာ၏ ဖခင် ကုလားကြီးကိုယ်တိုင် ဆရာမထံသို့ မကြာခဏလာရောက်ကာ သို့လျှင် သူ့ဘဝ ကို ပြော ပြတတ်၏။ သူ့သားအပေါ်၌ အဘယ်မျှမေတ္တာထားသည်ကို အစီရင်ခံရင်း ရာမာ စာမကြိုးစားက သွေး ထွက်အောင်ရိုက်သည်ဖြစ်စေ၊ သူစိတ်ဆိုးမည် မဟုတ် ကြောင်း တောင်းတောင်းပန်ပန်နှင့် သူ့သားအား ဂရုစိုက်သင်ကြားပေးရန် မေတ္တာရပ်ခံလေ့ရှိ၏။ ထို့ကြောင့် လည်း အတာသည် ရာမာတို့၏အခြေအနေ ကို ရေရေလည်လည် သိခွင့်ရခဲ့၏။
အတာ့မေမေနှင့် ရာမာတို့မေမေ ဝင်ငွေချင်း သိသိသာသာခြားနား၏။ ကိုထွန်းအောင်သည် တစ်လ လေးဆယ့်နှစ်ကျပ်မှန်မှန်ရ၏။ ရာမာတို့အဖေမှာမူ တစ်လ သုံးဆယ်ပင် မသေချာ။
သို့သော် ရာမာတည်းဟူသော ဂေါ်ရင်ဂျီကုလားကလေးသည် အတာထက် အစစအရာရာတွင်သာ၏။ ရာမာသည် နံနက်ကျောင်းတက်တိုင်း ခေါက်ရိုးမကျိုးသော ဒိုဘီကျ ရှပ်အင်္ကျီအကောင်းစားကို ထည် လဲနှင့် လာတတ်၏။ မိုးရာသီတွင် မိုးကာအင်္ကျီနှင့် ဆောင်းဦးပေါက်လျှင် သက္ကလတ်ကွက် သက္ကလတ် ဆွယ်တာနှင့်ဆိုသလို ဘာမျှလိုလေသေးမရှိအောင် သူ့မိဘများက ဆင်ပေးလေ့ရှိ၏။ မုန့်ဖိုးအနေဖြင့် လည်း အိမ်တွင်အဝ နံနက်စာကို ကျကျနနစားခဲ့ရသည့်အပြင် တစ်မူးတိတိ အိတ်ထဲတွင် ပါလာချေ သေး၏။ တစ်ခါတစ်ရံ အတာ့ကိုပင် တစ်ပဲမှ တစ်မူးဖိုးအထိ ဖောဖောသီသီ ဝယ်ကျွေးနိုင်လောက် အောင် တစ်မတ်ငါးမူး ပါလာတတ်သေး၏။
"တို့အဖေကလေ ငါ ကျောင်းမနေတော့ဘူးဆိုရင် တစ်ခါထဲငိုတာပဲကွ၊ မင်း ကျောင်းမနေရင် ငါလိုပဲ ကူလီဖြစ်တော့မှာပဲဆိုပြီး တစ်ခါထဲအော်ငိုတာပဲ၊ တို့အဖေက ငါ ကူလီဖြစ်မှာ သိပ်ကြောက်တာပဲ၊ ဒါ ကြောင့် ငါ ပိုက်ဆံပိုလိုင်ချင်ရင် ကျောင်းမသွားတော့ဘူးလို့ ပြောလိုက်တာပဲ၊ အဲသလိုဆိုရင် ငါတောင်း သလောက် ပေးတယ်ကွ၊ ဒီနေ့လေ ငါ ငါးပဲတောင်ရတယ် ဆရာ"
အကြောင်း ဆိုက်တိုင်း ရာမာသည် အတာ့အား ဤလိုပြောပြလေ့ရှိ၏။
ယခုလည်း ရာမာသည် ကျောင်းတက် ကျောင်းပြန် ကားနှင့်သွားရတော့မည်ဖြစ်၍ အတာထက် သာ သွားပြန်လေပြီ။ သို့သော် အတာသည် ရာမာ့အပေါ်၌ မနာလိုစိတ်မရှိ။ ရာမာသည် ဂဏန်းသင်္ချာနှင့် မြန်မာစာမှလွဲလျှင် အားလုံးသောဘာသာ၌ ညံ့သူဖြစ်သောကြောင့် အတာသည် သူ့အား သနား ၏။ အမြဲလိုလို အားလပ်ချိန်ရတိုင်း အတာက စာပြပေးလေ့ရှိ၏။ သို့ကြောင့်လည်း ရာမာက အတာ အား ချစ်၏။ အတာကလည်း ချစ်၏။
"ဟေ့ ရာမာ၊ မင့်ဖိနပ် ဘယ်လောက်ပေးရသလဲကွ"
တစ်နေ့သော် ရာမာစီးလာသည့် ပန်းရှုါ်ခေါ် ဖဲကြိုးတပ်သားရေပြောင် ဖိနပ်အသစ်ကလေးကိုကြည့်ရင်း အတာက မေးသည်ကို
"လေးကျပ်လေ၊ စပယ်ရှယ် မှာချုပ်တာပေါ့၊ ဒီဖိနပ်မျိုး ငါစီးချင်နေတာ ကြာပြီကွ၊ တို့အဖေက ဈေးများ တယ်ဆိုပြီး ချုပ်မပေးဘူး၊ ဟိုစနေနေ့ကတော့ ငါလဲ သိပ်စီးချင်တာနဲ့ ဒီဖိနပ်ချုပ်မပေးရင် ကျောင်းထွက် တော့မယ်လို့ ပြောတာနဲ့ တို့ဖေဖေက သူ စုထားတဲ့ ပိုက်ဆံဘူးကလေးဖောက်ပြီး လိုက်ချုပ်ပေးတယ် ကွ၊ ကောင်းတယ်နော်"
"အေး သိပ်လှတာပဲ"
"မင်းကော တစ်ရန်ချုပ်ပါလားကွ"
ရာမာက လွယ်လွယ်ကလေး ပြောလိုက်သလောက် အတာတွင်မူ စိတ်ရောလူပါ မောသွားတော့၏။
"ငါ မချုပ်နိုင်ပါဘူး ရာမာရာ"
အတာတွင် ထိုမျှသာ ပြန်ပြောနိုင်၏။
"မင်း လိုချင်ရင် ဒီဖိနပ်ယူလေ၊ ငါ တို့အဖေကို ဖိနပ်ပျောက်သွားပြီဆိုပြီး အသစ်ထပ်ချုပ်ခိုင်းမယ်"
ထိုစကားအတွက် အတာကလေး ငိုင်သွား၏။
"ဟေ့ကောင် မင်း ဒီလိုမလုပ်နဲ့ကွ၊ မင်းတို့အဖေဟာ ဘယ်လောက်တောင် သနားဖို့ကောင်းသလဲ၊ မင်း ပူဆာရင် ဘာမဆို ဝယ်ပေးတာပဲမဟုတ်လား၊ ဒီလို သဘောကောင်းတဲ့ အဖေ အမေကို ခဏခဏ စိတ် ညစ်အောင်လုပ်ရင် မင်း ငရဲကြီးလိမ့်မယ်ကွ၊ နားလည်လား"
"ဒီလိုဆိုလဲ မင့်စကားကို ငါ နားထောင်မှာပေါ့ကွာ၊ ငါကတော့ မင့်ကို ချစ်လို ဒီဖိနပ်ပေးချင်တာပါ"
ရာမာ၏ မိဘများသည် သားကို ပညာတတ်စေလိုသောဇောနှင့် မေတ္တာစိတ်ကြောင့် ဤမျှအလိုလိုက် ယုယ သည်နှင့်ပင် မပြီးသေး၊ တစ်ခါတစ်ရံ မုန့်ဖိုးပေးပြီးဖြစ်ပါလျက် နေ့လယ် မုန့်စားလွှတ်သောအခါ များ၌ ရာမာ၏မိခင်ကြီးရောက်လာကာ ဝယ်လာသော ဖွယ်ဖွယ်ရာရာမုန့်ကလေးများကို ပေးသွားကျွေး သွား တတ်သေး၏။
သို့လျှင် ဂရုတစိုက်ရှိပုံကို အတာသည် သူ့မေမေနှင့်နှိုင်းယှဉ်ကြည့်မိရာမှ တစ်ခါတစ်ခါသော်
"ငါသာ ရာမာတို့အမေဝမ်းထဲ ဝင်စားမိရင် ကောင်းမှာပဲ"ဟူ၍ပင် ကယောင်ကတမ်း ရေရွတ်မိရှာ၏။
အချိန်မှာ ညနေကျောင်းလွှတ်ချိန် ၁၀ မိနစ်ခန့်သာ လိုတော့သောအချိန်ဖြစ်၏။ ဆရာမသည် မိန်းကလေးများကို ခေါင်းအုံးစွပ် ပန်းထိုးပညာကို သင်ပြပေးနေ၏။ အတာမှာမူ ယောက်ျားလေးတစ် သိုက်နှင့် အခန်းထောင့်တစ်နေရာတွင် မြန်မာဖတ်စာအုပ်တစ်အုပ်ကိုင်၍ ဆရာမလေသံမျိုးအတိုင်း ဖတ်ရင်း အဓိပ္ပာယ်ရှင်းပြရင်းဖြင့် အလုပ်ရှုပ်နေ၏။
မကြာမီ ပင် ကျောင်းဝင်းထဲသို့ မောင်းဝင်လာသောဘတ်စ်ကားကြီးနှင့်အတူ စက်သံသည် တစ်ကျောင်း လုံး ဆူညံသွားတော့၏။ ဤတွင် ကျောင်းကားနှင့် ပြန်ကြရမည်ဖြစ်သော ယောက်ျားလေးများ၏ ဝမ်း မြောက်ပျော်မြူးသံ မှာ ထိန်းမရအောင် ညံနေသည်နှင့်
"အတာ မင့်ဘက်က ဘာလို့ ဒီလောက်ဆူနေသလဲ၊ ပြောလို့မရရင် ရိုက်လို့ မမ မှာထားတယ်မဟုတ် လား" ဟု ဆရာမက လှမ်းပြောလိုက်မှ စကားဖြင့်သာ ဖျောင်းဖျောင်းဖျဖျ ပြောလေ့ရှိ၏။
ဆက်ရန်
.

No comments:
Post a Comment