Wednesday, March 28, 2012

တင်မောင်မြင့် ၏ နွေကန္တာ, အပိုင်း (၁၄)

(ရော်ဂျာကလေး ရောက်လာသည်မှာ နှစ်ပတ်ကြာခဲ့ပြီ။ ကလေးကို သိပ်ဖို့ ပုခက်ပြင်နေသည့် ကလေးထိန်းကို ကြည့်ပြီး ကာလက် ပီတိတွေဖြာနေ၏။ မျက်နှာမှာ ပြုံးချိုလျက်။)  ကို ဆက်ဖတ်ရန်...

သားကလေး ကို ကောက်ပွေ့ပြီး ချော့သိပ်သည်။
" အစ်ကိုလေး က အမျိုးသမီးတစ်ယောက်လိုပဲ ညင်သာတယ်" ဟု ကလေးထိန်းက သူ့ကို ချီးကျူးရင်း သူ့ကလေး မည်းကြုတ်ကြုတ်ကလေးကို ပုခက်ထောင့်တွင် ချလိုက်သည်။
ဖအေ့ ရင်ခွင်ထဲတွင် ရော်ဂျာကလေး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီ။ ပုခက်ထဲသို့ ရွရွကလေး ထည့်ပြီး စောင်လွှမ်းပေးသည်။ ပြီးမှ "ဂွတ်နိုက်ရော်ဂျာ" ဟု တိုးတိုးကလေး နှုတ်ဆက်ကာ ခြေကို ဖွဖွနင်း ၍ အခန်းထဲမှ ထွက်ခဲ့သည်။

သစ်ဖြူတောအိမ်ကြီးသည် တိတ်ဆိတ်ခြင်းမလှ တိတ်ဆိတ်နေ၏။ အဖေ့ဟောက်သံ သဲ့သဲ့ကလွဲပြီး ဘာသံမျှ မကြားရ။ ကာလက် ၀ုန်းခနဲ ထ ထိုင်လိုက်သည်။ အိပ်ပျော်နေရာမှ အလန့် တကြား နိုးလာခြင်းဖြစ်၏။ ခန်းမဆောင်တစ်ဖက်ရှိ ကလေးခန်းဆီမှ ကလေးငိုသံပါလား။ တစ်ယောက် တည်း ပခုံးတွန့်ပြီး အိပ်ရာပေါ် ပြန်လှဲလိုက်သည်။ ကလေးထိန်း မိန်းမ၏ သားကလေး အသံမှန်း သိသာသည်။ ရော်ဂျာ့အသံက ဒါလောက် မကျယ်သေးဘူးလေ။ ကလေးငိုသံတင်မကဘဲ စကားပြောသံတွေ ပါ ကြားနေရသလိုလို။ ကလေးခန်းဆီမှ ခပ်အုပ်အုပ် ပြောသံတွေ။
ဟင် ... မိန်းမနှစ်ယောက် အချေအတင် ပြောနေသံပါလား။ ရင်ထဲထိတ်ခနဲဖြစ်သွားသည်။ အိပ်ရာ ပေါ်မှ ခုန်ဆင်း လိုက်သည်။ ဖိနပ်မစီးတော့ဘဲ ခန်းမဆောင်ကို ဖြတ်ပြေးသွားသည်။ ကလေးခန်း တံခါးကို ၀ုန်းခနဲ ဆွဲဖွင့်လိုက်သည်။

ပြတင်းပေါက်မှ စီးဝင်နေသည့် ကြယ်ရောင်ရေးရေးတွင် အနက်ရောင် သဏ္ဍာန်တစ်ခုကို တွေ့ရ သည်။ ကာလက်အတွက် မမှတ်မိနိုင်စရာ အကြောင်းမရှိသော ပုံရိပ်။ ဘယ်ဘက်လက်ဖြင့် ကလေး ကို ပွေ့ထားပြီး ညာဘက်လက်တွင် သေနတ်နှင့်။ သေနတ်ပြောင်းက ကလေးထိန်းအမျိုး သမီးကို ချိန်လျက်။ ကပ္ပလီအမျိုးသမီးမှာ ကြောက်လွန်းသဖြင့် နံရံကို မှီကာ တဆတ်ဆတ်တုန်နေ သည်။ သူ့ ကလေး နိုးလာပြီး အထိတ်တလန့်နှင့် စူးစူးဝါးဝါးအော်ငိုပြန်သည်။ ရော်ဂျာကလေးက တအင်အင်နှင့်။

" ကလေးကို ပြန်ချထားစမ်း"
ကာလက် ကြောက်မက်ဖွယ်အသံဖြင့် အမိန့်ပေးလိုက်သည်။ ဒိုလားရက်စ်သည် ကလေးကို ရင်မှာ ကပ်လိုက်၏။ သေနတ်ပြောင်းဝကို ကာလက်ဆီသို့ လှည့်လိုက်သည်။
ကာလက် နားထဲတွင် သေနတ်သံတစ်ချက် ကြားလိုက်၏။ ၀မ်းဗိုက်နံဘေးတွင် နာကျင်မှုဝေဒနာကို အပြင်း အထန် ခံစားလိုက်ရပြီး လဲကျသွား၏။ ရှေ့မှ အနက်ရောင်သဏ္ဍာန်သည် ဒယီးဒယိုင် ဖြစ် သွားသည်။

သတိ လုံးဝလစ်သွားသည်တော့ မဟုတ်။ သို့သော် စကားမပြောနိုင်တော့။ ဒိုလားရက်စ် ကလေးကို ပွေ့ကာ ပြတင်းပေါက်မှ ခုန်ဆင်းသွားသည်ဟု ထင်လိုက်၏။ ကလေးထိန်းမိန်းမက အကြောက် လွန်ပြီး ကြက်သေ သေနေ၏။ ထ ဖို့ ကြိုးစားသည်။ မရ။ အသံတစ်သံ အိမ်ထဲတွင် ထပ် ပေါ်လာ သည်။ အဖေ့အသံ။ အဖေ ချက်ချင်း အခန်းထဲ ရောက်လာသည်။
" ခု ထွက်သွား၊ အရှက်မရှိတဲ့ မိန်းမ "
အဖေက ပြောပြောဆိုဆို ဒိုလားရက်စ်လက်ထဲက ကလေးကို ၀င်လုသည်ကို သိလိုက်သည်။ ထိုစဉ် မခံ မရပ်နိုင်အောင် နာလာပြီး ကာလက် လုံးဝ သတိလစ်သွားတော့သည်။
ဝက်သစ်ချမြိုင် ခန်းမဆောင်ထဲတွင် ဂျူးဒစ် ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်နေသည်။ ဤသို့ ဆောက်တည်ရာမရ ဖြစ်နေသည်မှာ လေးရက်ပင် ရှိခဲ့ပြီ။ ကာလက်များ တစ်ခုခုဖြစ်ရင်တော့ သင်း ၀က်သစ်ချမြိုင်မြေကို မနင်းစေရဘူးဟု စိတ်ထဲမှ ကြုံးဝါးလိုက်သည်။

ချက်ချင်း ခြေလှမ်းတုံ့သွားပြီး မျက်ရည်တွေ လည်လာကာ သူ့ကို အချုပ်ခန်းထဲမှ ရအောင်ခေါ်ပြီး ပြန်လာဖို့ လင်တော်မောင်ကို ပူဆာပြန်သည်။ သူ မပြောခင် ဖီးလစ်က ခေါ်ချင်နေသူ။ အချုပ်ခန်း မှာ ညစ်ပတ်စုတ်ပြတ်နေပြီး ကြွက်တရုန်းရုန်းနှင့် မဟုတ်လား။ သို့သော် အစ်ကို တစ်ယောက်လုံး အသက်အန္တရာယ် စိုးရိမ်နေရချိန်တွင် အစ်ကို့ကိုသတ်ဖို့ ကြိုးစားသည့် မိန်းမကို အိမ်ခေါ် ထားရမည့် ကိစ္စမှာ အလွန် အပြောရခက်သည့် ကိစ္စဖြစ်၍ ငြိမ်နေခဲ့ရခြင်းဖြစ်သည်။

ငရဲခန်းထဲ မှ ထုတ်လာပြီး ၀က်သစ်ချမြိုင် ပြန်ရောက်တော့ ဒိုလားရက်စ်က သူတို့နှစ်ယောက်စလုံး ကို ကျေးဇူးစကားမဆို။ ရောက်ရောက်ချင်းတစ်ခုပဲ တောင်းဆိုသည်။ ရေချိုးပါရစေတဲ့။
ဝက်သစ်ချမြိုင် တွင် ကလေးနှစ်ယောက်နှင့် အတူမဟုတ်သည့် အချိန်များ၌ ဒိုလားရက်စ်တစ်ယောက် လုံးဝ မစကားမပြောဘဲ တစ္ဆေမကလေးလို လှုပ်ရှားနေသည်။
ကာလက် ဒဏ်ရာ တဖြည်းဖြည်းနှင့် သက်သာလာသည်။ သားအဖ နှစ်ယောက် ငွေကုန်ကြေးကျခံပြီး ဒိုလားရက်စ အမှု ရုံးတင်မခံရအောင် လိုက်ပေးသည်။ ဒိုလားရက်စ်ကို သံယောဇဉ်ရှိ၍လား၊ သစ်ဖြူတော ၏ ဂုဏ်သိက္ခာကိစ္စလားဟု ဂျူးဒစ် တွေးနေသည်။ တစ်နေ့တွင် ဖီးလစ်က ခေါင်းခါပြီး -
" မင်းအစ်ကို ဟာ မင်းတို့ ပြောပြောနေတဲ့ နယူးအင်္ဂလန်က ကျောက်တုံးကြီးတွေနဲ့ လုပ်ထားတဲ့ လူစားမျိုး ထင်ပါရဲ့ကွာ" ဟု ညည်းညည်းညူညူပြောလေသည်။

ဒိုလားရက်စ် အတွက် အိမ်ဆောက်ဖို့ ကာလက် အသင့်ဖြစ်နေကြောင်း ထပ်ပြောသည်။ သို့သော် တစ်ဖက် ကလည်း ကလေးကို တစ်ဦးတည်း အုပ်ထိန်းလိုမှုအတွက် သက်ဆိုင်ရာကို ဦးတိုက်လျှောက်ထားရန် လုံးပန်းနေသည်။ ဂျူးဒစ်အနေဖြင့် သည်ကိစ္စ မပြီးမချင်း ဒိုလားရက်စ်ကို လက်ခံထားရတော့မည်ဖြစ်သည်။

နောက်ခြောက်လအကြာ။ ဖလော်ရီဒါအနောက်ပိုင်း ဘုန်းတော်ကြီးမြတ်သော ဘုရင့်ကို နီခုံရုံးတော်မှ စာရွက်ခုနစ်ရွက် ပါသည့် စီရင်ချက်ထွက်လာသည်။ ဒိုလားရက်စ်ရှာရမီမှာ လင်ယောက်ျားကို သတ်ဖို့ ကြိုးစား ခဲ့သည့် မိန်းမဖြစ်ကြောင်း၊ ကာလက်ရှာရမီကို မမှန်ကန်သော နည်းလမ်းဖြင့် လိမ်ညာ လှည့်ဖြားပြီး သွေးဆောင် လက်ထပ်ခဲ့သူဖြစ်ကြောင်း၊ ထို့ကြောင့် ရော်ဂျာရှာရမီအား အုပ်ထိန်းခွင့်ပေးသင့် သူမှာ ဖခင် ကာလက်ရှာရမီပင် ဖြစ်ကြောင်း စသည်ဖြင့် စီရင်ချက်တွင် ဖော်ပြပါရှိသည်။

တရားရုံးတော်မှ ဖီးလစ်ပြန်လာတော့ ဂျူးဒစ် ဥပစာဆောင်ထဲတွင်ရှိနေသည်။ သူ မြင်းပေါ်မှ ဆင်းပြီး လေးကန်သော ခြေလှမ်းများဖြင့် လှေကားထစ်များကို တက်လာနေသည်။
" ဘာတဲ့လဲဟင် အစ်ကို "
" တို့ ထင်တဲ့အတိုင်းပါပဲ "
ဖီးလစ်က စီရင်ချက်စာရွက် မိတ္တူကို လှမ်းပေးရင်း ပြောလိုက်သည်။ ဂျူးဒစ် အဆောင်လက်ရန်းကို မှီပြီး ဖတ်သည်။
" သူ့ကို ပြောလိုက်ရမလားဟင် "
" ပြောလိုက်ရင် ကောင်းမယ်ထင်တယ်၊ သူ ဘာလုပ်မလဲ မသိဘူး "
" မပြောတတ်ဘူး၊ တော်တော်တော့ ခံစားရမှာပဲ၊ သူက တစ်မျိုးမျှော်လင့်ထားတာ မဟုတ်လား "

" အေးလေ၊ ဘယ်သူမပြု မိမိမှုပဲ၊ ကာလက်ကို သေကောင်ပေါင်းလဲဖြစ်အောင် သူ လုပ်ခဲ့တာကိုး၊ ဘာပဲဖြစ်ဖြစ် မင်းအနေနဲ့ သူ့အပေါ် တာဝန်ကျေသားပဲ ဂျူးဒစ်ရယ်၊ အဲဒီလိုသာ ဖြေပေတော့ "
ဒိုလားရက်စ် ဥပစာဆောင်ထဲ ၀င်လာသည်။ ဂျူးဒစ်လက်ထဲမှ စာရွက်ထပ်ကြီးကို လှမ်းကြည့်ပြီး စိုးရိမ် တကြီး လေသံဖြင့် -
" ဘာတဲ့လဲဟင် ဂျူးဒစ် "
ဂျူးဒစ်က စာရွက်တွေကို ကမ်းပေးလိုက်သည်။ သူ လှမ်းယူသည်။ ဟိုလှန်သည်လှန် လုပ်နေပြီး မှ ပြန်ပေးရင်း -
" ကျွန်မ အင်္ဂလိပ်စာ မဖတ်တတ်ဘူးလေ "
" သြော် ... အင်း၊ မေ့လို့ "
ဂျူးဒစ် အားတင်းပြီး စာရွက်ကို စီကာ ဖတ်မည်ပြုသည်။

" ဘုန်းတော်ကြီးမြတ်လှသော တတိယမြောက် ဂျော့ဘုရင်မင်းမြတ်၏ ... အို ... အစ်ကိုပဲ ဖတ်ပြလိုက်ပါ"
ဒိုလားရက်စ် တံခါးရွက်ကို မှီပြီး ရပ်နေသည်။ သူတို့ဘက်သို့ တည့တည့်မကြည့်။ ဖီးလစ် ခပ်သွက်သွက် ဖတ် သွားသည်။
" ဒယ်လ်ရွိုင်းမြို့၊ လူဝီစီးယားနား၊ ဇွန်လ သုံးရက်၊ တစ်ထောင့်ရှစ်ရာ ခုနစ်ဆယ့်ခုနစ်"ဟု နိဂုံးချုပ် လိုက်၏။
ဒိုလားရက်စ် ကျောက်ဆစ်ရုပ်လို မလှုပ်မယှက် ရပ်နေသည်။ ဖီးလစ်နှင့် ဂျူးဒစ်တို့နှစ်ယောက်က ငိုများ ငိုချလေ မလား၊ ပြိုပဲ ပြိုလဲသွားလေမလားဟု စိုးရိမ်တကြီး စောင့်ကြည့်နေသည်။
သို့သော် ဒိုလားရက်စ် ဘာမှမဖြစ်။ အတော်ကြီးကြာမှ လက်ကမ်းပြီး အဲဒါ ကျွန်မကို ပေးပါလား"ဟု စာရွက်တွေ ကို တောင်းသည်။ ထွက်လာသည့် အသံက တိုးတိုးလေး။
" ရော့လေ၊ ကိုယ်တို့ စိတ်မကောင်းပါဘူး ဒိုလားရက်စ် "

ဖီးလစ် စာရွက်ထပ် ကို သွားပေးရင်း ပြောလိုက်သည်။ " ကျေးဇူးတင်ပါတယ်" တစ်ခွန်းသာ ပြောပြီး အိမ်ထဲ ပြန်ဝင်သွားသည်။ အခန်းတံခါးဆွဲပိတ်သံ ကြားလိုက်ရ၏။
" ဂျူးဒစ် လိုက်သွားရမလားဟင် အစ်ကို "
" သူ့ဘာသာသူ နေပါစေ၊ လာ တို့ ညစာ စားကြရအောင် "
" ဒါဖြင့် အစ်ကို ရေချိုးဖို့ ရေနွေးစပ်ခိုင်းလိုက်မယ် "
ဂျူးဒစ် ရင်ထဲတွင် နင့်နေအောင် ခံစားနေရသည်။ သူ့အပြစ် သူခံသွားသည် ထားဦး၊ ၀င်မပူဘဲ မနေ နိုင်အောင် ဖြစ်နေသည်။ သူ့အခန်းရှေ့မှ ဖြတ်သွားတော့ အထဲမှ ကျိတ်ငိုနေသံ ကြားရသည်။ သည်းအူပြတ်မျှ သောက ရောက်နေသည့် ငိုရှိုက်သံမျိုး။

ထိုညတွင် ဒိုလားရက်စ် တစ်ညလုံး အပြင်ထွက်မလာတော့ပေ။ အစေခံတွေကို အစားအသောက် ပို့ခြင်းဖြင့် မနှောင့်ယှက်ဖို့ ဂျူးဒစ် အမိန့်ပေးထားသည်။
အိပ်ခန်း ထဲရောက်တော့ ဖီးလစ်က ထင်ကြေးပေးသည်။
" သူု ခုလောက်ဆို အရက်မူးအောင် သောက်နေလောက်ပြီထင်တယ်၊ အရက်ဗီရိုထဲမှာ ၀ီစကီ တစ်လုံး ပျောက်နေတယ်၊ အင်း ... သနားပါတယ် မခံနိုင်တော့ဘူး ထင်တယ် "
" သူ စိတ်ချမ်းသာသလို နေပါစေ အစ်ကိုရယ် "

ညည်ညအဖို့ သူဘာလုပ်လုပ် ဂျူးဒစ် ခွင့်လွှတ်ထားမည်သာ။ အိပ်ရာထဲ ရောက်တော့ ဂျူးဒစ် လင်တော်မောင်ကို တင်းတင်းဖက်ထားလိုက်မိသည်။ ခုလို ငြိမ်းချမ်းအေးမြတဲ့ ၀က်သစ်ချမြိုင်ရဲ့ မဟေသီ ဘ၀နဲ့ နေရအောင် ငါဘာတွေများ ဆောင်ကြဉ်းခဲ့လို့လဲဟု ပြန်စဉ်းစားနေမိသည်။
မိမိကို မြတ်နိုးလှသည့် အိမ်ဦးနတ်နှင့်အတူ ၀က်သစ်ချမြိုင် အိမ်ကြီးရယ်၊ ကျေးကျွန်တွေရယ်၊ ချစ် စရာ ရင်သွေးငယ်နှစ်ယောက် ရယ်၊ ဒါတွေအားလုံး ဘုရားသခင်က ချက်ချင်း ဖန်ဆင်းပြီး လက်ထဲ လာထည့် သွားသည့် အလား။
အိပ်မပျော်မီ တိုးတိုးကလေး ဆုတောင်းလိုက်သည်။

" အို အရှင်၊ တပည့်တော်မကို ဤအရာအားလုံးနှင့် ထိုက်တန်သည့် ကိုယ် ဖြစ်ရပါလို၏ဘုရား၊ စိတ် လိုက်မာန်ပါ လျှောက်လုပ်နေသည့် တပည့်တော်မ၏ အစ်ကို့ကိုလည်း သနားခွင့်လွှတ်တော်မူ ပါဘုရား "
နောက်တစ်နေ့ မနက်စောစော မြင်းတစ်စီးဖြင့် စိုက်ခင်းတွေဆီသို့ ဖီးလစ် ထွက်သွားသည်။ မွန်းတည့် ချိန်လောက် မှ ပြန်ရောက်လာ၏။ ဂျူးဒစ် စိုးရိမ်တကြီး စောင့်နေသည်။
" ခုထက်ထိ သူ အပြင်မထွက်ဘူး အစ်ကို၊ ၀င်ကြည့်ရရင် မကောင်းဘူးလား "
" သွားကြည့်လေ၊ တစ်ညလုံး အိပ်မပျော်ဘဲ လင်းခါနီးမှ အိပ်သွားတာလည်း ဖြစ်နိုင်တာပဲ၊ ဒါမှမဟုတ် ခုထိ ဆက်ငိုနေတုန်းပဲလား၊ အဲဒါဆိုလည်း ကျိတ်ခံနေတာနဲ့စာရင် ကောင်းပါတယ်လေ "
ခန်းမဆောင်ကို ဖြတ်ပြီး ဒိုလားရက်စ်၏ အခန်းသို့ ဂျူးဒစ် ခပ်သွက်သွက် လျှောက်သွားသည်။ ခပ်တိုးတိုး ခေါ်ကြည့်သည်။

" ဒိုလားရက်စ် "
အတွင်းမှ ထူးသံမကြားရ။ အတွင်းမှ ကန့်လန့်ကို အသာမပြီး တံခါးကို အသံမကြားအောင် ဖြည်းဖြည်းကလေး ဖွင့်ကြည့်သည်။ ဖီးလစ်ကို အလန့်တကြား အော်ခေါ်လိုက်သည်။
" အစ်ကို အစ်ကို လာပါဦး "
ဖီးလစ် ပြေးချလာသည်။
" ဘာလဲ ဂျူးဒစ် "
" သွားပြီ၊ သူ သွားပြီ။ အားလုံး ယူသွားပြီ အစ်ကို "

နှစ်ယောက်သား အခန်းထဲ ၀င်ခဲ့ကြသည်။ အိပ်ရာတွေမှာ ကြေမွတွန့်လိပ်လျက်။ ခေါင်းအုံးက ပုံပျက် ပန်းပျက် ပိန်ရှုံ့ပုံပျက်နေ၏။ အကြိမ်ကြိမ် ဖက်ထားပုံလည်းရ၏။ လက်သီးနှင့် ထိုးကြိတ်ထား ပုံလည်းရ၏။ တစ်ခန်းလုံး ရှုပ်ပွနေသည်။ အလောတကြီး ထသွားပုံရသည်။ ခြေအိတ် တချို့နှင့် ခေါင်းစည်းဖဲကြိုးတချို့ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသည်။
အံဆွဲများကို အပြင်ဆွဲထုတ်ထား၏။ အထဲတွင် ဘာမှမရှိတော့။ ဖယောင်းတိုင်မှာ အောက်အထိ လောင်ပြီး ကုန်နေ၏။ ဖီးလစ်၏ မျက်လုံးအစုံပြတင်းပေါက်သို့ ရောက်သွားသည်။ နှစ်ပေါက်စလုံး ပွင့်နေ သည်။ မြေကြီးပေါ်သို့ သေတ္တာအလျင်ချပြီး သေတ္တာပေါ်မှတစ်ဆင့် လွယ်လွယ်ကူကူ ဆင်း သွားခြင်းဖြစ်သည်။

ဂျူးဒစ်က ဖီးလစ်၏ လက်မောင်းကို ဆွဲပြီး -
" သူ သစ်ဖြူတောကို သွားတာများလား အစ်ကို "
" မပြောတတ်ဘူး၊ ခဏ နေဦး "
ဖီးလစ်က အပြင်ထွက်သွားသည်။ အခန်းထောင့်တွင် အရက်ပုလင်းခွံ တစ်လုံးလဲနေသည်ကို ဂျူးဒစ် သတိထား မိ၏။ ဖီးလစ် ပြန်ဝင်လာသည်။
" သေနတ်တော့ ယူမသွားဘူး၊ အားလုံး သူ့နေရာနဲ့သူ ရှိနေတယ်၊ ဂျိုးကို သစ်ဖြူတောလွှတ်လိုက် ပြီး။ အဲဒီကိုများ ရောက်လာသလား သွားမေးခိုင်းလိုက်တယ် "
ဖီးလစ်က သရော်ပြုံး ပြုံးလိုက်ပြီး -
" အစ်ကိုတော့ အဲဒီသွားတယ် မထင်ပါဘူး "
" ဘာပြုလို့ "
" သေနတ်ခန်းထဲမှာရှိတဲ့ စားပွဲထဲက ပိုက်ဆံတွေအားလုံး ယူသွားတယ်လေ "

" ဘုရား ဘုရား၊ အများကြီးများလာဟင် အစ်ကို "
" လေးငါးခြောက်ပေါင်လောက်ပါ၊ နယူးအော်လီယန်းကိုတော့ ရောက်နိုင်တာပေါ့ "
" ငွေထည်ပစ္စည်းတွေလည်း ပါသွားတယ် အစ်ကို၊ ရောင်းစားလို့ ရတာတွေ အကုန်သယ်သွားတယ်"
" အင်း ... သနားပါတယ်ကွာ၊ တကယ့်ကို သနားစရာပါပဲ "
ဂျူးဒစ်က ခံပြင်းသည့် အမူအရာဖြင့် -
" ဂျူးဒစ်တော့ နားမလည်ဘူးအစ်ကို၊ ၀က်သစ်ချမြိုင်ရဲ့ သနားကြင်နာမှုကို ဒီလို တုံ့ပြန်သွားတာပေါ့ နော်၊ သူ ဘာလုပ်ချင်လုပ်ချင် အကူအညီ ပေးမယ်ဆိုတာ သိလျက်သားနဲ့ "
" သြော် ဂျူးဒစ် ကလဲကွယ်၊ လက်ဝါးဖြန့် တောင်းရမယ့်အဖြစ်ထက် ခိုးဝှက်ပြီး လစ်သွားရတာ လွယ်လို့ပေါ့၊ မင်း အဲဒီလို မတွေးမိဘူးလား "
" ခု ဘယ်ရောက်နေမယ် ထင်လဲဟင် "

" အစ်ကို့ အထင်တော့ သူ့နောက်ကို ဘယ်သူမှ လိုက်ရှာစေချင်မယ် မထင်ဘူး "
ဂျိုး ပြန်ရောက်လာပြီး သစ်ဖြူတောသို့ ဒိုလားရက်စ် ရောက်မလာကြောင်း သတင်းပို့ချိန်တွင် ဂျူးဒစ် စိတ်ဓာတ်အကျကြီး ကျနေပြီ။ သူ့ပိုက်ဆံအိတ်ပါ ယူသွားလေပြီ။ ရွှေလိုင်းသုံးလိုင်းပါသည့် ဖန်ခွက် သုံးလုံးကိုလည်း ယူသွားသည်။ တန်ဖိုးကြီးလှသော ပြင်သစ်ပြည်လုပ် ဖန်ခွက်အစုံထဲမှ ယူ သွားခြင်းဖြစ်၏။ ထမင်းစားခန်းထဲမှ ရွှေသွားကြားထိုးတံတွေလည်း ပါသွားသည်။ အခြား တိုလီ မိုလီ ပစ္စည်းတွေလည်း အများကြီး။
ဂျူးဒစ်က ဖီးလစ်ကို ၀ဋ်လည်တာဟုဆိုသည်။ ပင်လယ်ဓားပြ သင်္ဘောပေါ်က ပစ္စည်းတွေခိုးပြီး သူ့ဘ၀ကို တည်ဆောက်ခဲ့ခြင်း မဟုတ်လား။ ဖီးလစ်က ၀န်ခံလေသည်။

အခန်း (၉)

ဆိပ်ကမ်းတစ်ဝိုက်နှင့် လှေကြီးတွေပေါ်တွင် လူတွေ ကြိတ်ကြိတ်တိုးနေသည်။ ဗလကောင်းကောင်း ကပ္ပလီကြီးများသည် သီးနှံထွက်ကုန် အမျိုးမျိုးကို လှေများပေါ်သို့ သယ်ပို့ တင်ဆောင်နေကြ၏။ ဆိပ်ကမ်းပေါ်မှ အထုပ်တွေ၊ အိတ်တွေပေါ်တွင် လူဖြူတွေ၊ လူမည်းတွေ ထိုင်သူထိုင်၊ လှဲသူလှဲနှင့်။ စစ်သားအချို့က အန်စာပစ်နေကြ၏။ အချို့က နေဆာလှုံနေကြသည်။
သေတ္တာကိုချပြီး ဒိုလားရက်စ် ရပ်လိုက်သည်။ ပင်ပန်းလှပြီ။ နေကလည်း ပူစပြုပြီ။ သယ်လာစတုန်းက သေတ္တာမှာ ပေါ့ပေါ့ပါးပါးဖြစ်၏။ ခရီးဝေးတော့ လက်မောင်းတွေ ကိုက်လာ သည်။ လမ်းတွင် မဲနယ် လှည်းတစ်စီးနှင့်သာ မတွေ့လျှင် သည်သေတ္တာ သည်နေရာသို့ ရောက် လာမည်မထင်။ ၀က်သစ်ချမြိုင်မှ ဆိပ်ကမ်းအရောက် ရှစ်မိုင်ခန့် ရှိမည်ထင်သည်။ ပိုချင်သာပိုမည်။ သည့်ထက်မလျော့နိုင်။
လှည်းသမားကြီးကို နယူးအော်လီယန်းထွက်မည့် လှေကြုံရှိ မရှိ မေးကြည့်သည်။ ကပ္ပလီကြီးမှာ စိုက်ပျိုးခြံ တစ်ခြံမှ ကျွန်အလုပ်သမားကြီးဖြစ်၍ ရေလမ်းနှင့် လှေအကြောင်း ဘာမှ မသိပေ။
အသီးအနှံတွေရွက်ပြီး လိုက်ရောင်းနေသည့် ကောင်မလေးကို မြင်မှ မနေ့ကတည်းက ဘာမှ မစားရသေးကြောင်း သတိရသည်။ ဈေးသည်မကလေးကို လက်ယပ်ခေါ်လိုက်ပြီး ငှက်ပျောသီး တစ်လုံးနှင့် စပျစ်သီးတစ်ခိုင် ၀ယ်လိုက်သည်။

လမ်းတွင်သုံးရန် ပိုက်ဆံအကြွေတချို့ကို သိုးမွေးအိတ်ကလေးထဲ ထည့်ပြီး အင်္ကျီရင်ဘတ်ထဲ ထည့်ထားလိုက်သည်။ ၀က်သစ်ချမြိုင်မှ ယူခဲ့သည့် ပိုက်ဆံတွေကိုတော့ ဆာလာအိတ်ထဲထည့်ပြီး ကုတ်အင်္ကျီအတွင်းအိတ်တွင် ထားသည်။
ဝက်သစ်ချမြိုင် စံအိမ်ကြီးတွင် ငွေတွေ အများကြီး ရှိလိမ့်မည်။ သို့သော် ဘယ်နေရာတွင် ထားမှန်း မသိ။ ကိစ္စမရှိပါဘူးလေ၊ ဒါလောက်နှင့်ဆိုလျှင် နယူးအော်လီယန်းကို ရောက်နိုင်ပါတယ်။ သည်လူ တွေနှင့် ပို၍ဝေးသော နေရာကိုလေ။ သူတို့အားလုံးကို မုန်းတယ်။
ခြောက်ရက်အရွယ် သားကလေးကို လုယူသွားတဲ့ ကာလက်ရော၊ သူ့အဖေ မျက်နှာပုပ်ကြီးကိုရော၊ အယဉ်အကျေးပြိုင်နေကြတဲ့ ပါစယ်လင်မယားကိုရော မုန်းတယ်။ အားလုံးကို မုန်းတယ်။ ပြီးတော့ ဖီးလစ်နှင့် ဂျူးဒစ်။

မိမိကို ခွေးသူတောင်းစားမ တစ်ကောင်အပေါ် ကြင်နာနည်းမျိုးနဲ့ ကြင်နာကြသူတွေ။ တစ်ခါတလေ တစ်ဆောင်တယောင်မထားဘဲ ကွင်းထဲဆင်းပြီး အလုပ်လုပ်ခိုင်းထားတာကမှ သက်သာဦးမည်ဟု တွေးမိ၏။
သည်အိမ်ကြီးက ထွက်ပြေးချင်နေသည်မှာ ကြာပြီ။ သားကလေးကို ပြန်ရနိုးနှင့် ကြိတ်မှိတ်သည်းခံပြီး စောင့်နေခြင်းဖြစ်၏။ ခုတော့ ရင်သွေးကလေးကို သူတို့ အတင်းလုယူသွား ကြပြီ။ မကြည့်ချင်တော့။ သည်ရေ၊ သည်မြေ၊ သည်လူတွေကို လုံးဝမကြည့်ချင်တော့။ သားကလေးနှင့် အချိန် မရွေး တွေ့ခွင့်ရသူ အားလုံးကို မမြင်လိုခြင်းဖြစ်ပါ၏။ အင်း၊ ခြောက်လပင် ကြာခဲ့ပြီပဲ။ ရော်ဂျာကလေးကို ပြန်တွေ့လျှင်လည်း မှတ်မိတော့မည်မထင်။

စီရင်ချက်စာရွက်ကို ဖီးလစ် ဖတ်ပြတော့ တစ်ကိုယ်လုံး လောင်ကျွမ်းသွားမတတ် ပူပူလောင်လောင် ခံစား လိုက်ရသည်။ လူ့လောကတွင် သည်လောက် ရက်စက်သည့် အဖြစ်မျိုးတွေ ရှိနိုင်မည် မထင်ခဲ့။ သို့သော် တကယ်ရှိနေပြီ။ သည်မှာ တကယ် ဖြစ်နေပြီလေ။
ကြီးကြီးကျယ်ကျယ် ဥပဒေစကားလုံးများကို နားမလည်သော်လည်း ကာလက်က သူ့ကို အပြီးအပိုင် မောင်းထုတ်လိုက်ပြီဖြစ်ကြောင်း၊ သားကလေးကိုလည်း တစ်သက် တွေ့ခွင့်ရတော့ မည်မဟုတ်ကြောင်း နားလည်လိုက်၏။

မိမိအပေါ် ကာလက် ချစ်ခဲ့သည့် အချစ် သံယောဇဉ်ကို အကြောင်းပြုပြီး သည်လောက် အရုပ်ဆိုးဆိုး၊ သည်လို ရိုင်းရိုင်းစိုင်းစိုင်း ဖြစ်လာမည်မထင်ခဲ့။ သို့သော် ကိုယ့်လက်ကိုယ့်ခြေလို ပိုင် သည့် ရင်သွေးကလေးအား မိခင်က ပိုင်ဆိုင်ခွင့် မရှိစေရဟု ခေါင်းပေါ်တွင် ဆံပင်တုများ စွပ်ထား သည့်ပညာရှိ တရားသူကြီးများက မည်သို့ ယုံကြည်နိုင်ပါမည်လဲ။ သို့သော် သူတို့ သည်အတိုင်း ယုံကြည်ကြသည်တဲ့လေ။

ကျန်းမာသန်စွမ်းပြီး လိုရာကို သွားနိုင်ပြောနိုင်တဲ့ မိန်းမ ဖြစ်ပါလျက် သူတို့ကို သွားရောက်ပြောဆို ဟန့်တားနိုင်ခြင်း မရှိခဲ့ပေ။ မိမိအနေဖြင့် မည်သူ့ကိုမျှ ထိထိခိုက်ခိုက် မဖြစ်စေလိုပါ။ ၀က်သစ်ချမြိုင် မှ မြင်းတစ်စီး ယူပြီး ကလေးကို ပြန်ခေါ်စ်ကလည်း ဘယ်သူ့ကိုမျှ သတ်ဖို့ မရည်ရွယ်ခဲ့ပါ။

ကလေးထိန်းကို သေနတ်နှင့်ချိန်ပြီး ခေါ်ထုတ်၊ ပြီးတော့ ငမည်းကောင်ကလေးကို မအော်နိုင်အောင် ခေါင်းအုံးနဲ့ ဖိခဲ့ရင် လွယ်လွယ်ကလေးရသားပဲ။ ကာလက်က အကြမ်းဖက်ပြီး သားကလေးကို ပြန်လုမည် ဆိုတော့မှ အမုန်းခွန်အားတွေ လျှံတက်လာပြီး သေနတ်မောင်းကို ဆွဲညှစ်လိုက်ခြင်းဖြစ်ပါသည်။

စပျစ်သီးဝါးရင်း ဒိုလားရက်စ် ဖြစ်ကြောင်း ကုန်စင် စားမြုံ့ပြန်နေသည်။ မိမိကို ကြိုးစင်မတင်သည့် အတွက် သူတို့ကို ကျေးဇူးတင်သင့်ပါ၏။ သို့သော် ဒိုလားရက်စ် ကျေးဇူးမတင်ပေ။ ခုနေ ခိုးရာပါ ပစ္စည်းတွေနှင့် အဖမ်းခံရလျှင်ကော။ ယူလာသည့် ပစ္စည်းနှင့် ငွေတန်ဖိုးမှာ ၀က်သစ်ချမြိုင် အတွက် ပြောပလောက်သည့် ပမာဏ မဟုတ်ပါချေ။ ဘယ်သူမှလည်း ဒါလောက်ကိစ္စကို ရေးကြီးခွင်ကျယ် လုပ်မည်မထင်ပါ။ သည်တော့ ပြန်အဖမ်းခံရဖို့၊ ကြိုးဟင်တက်ဖို့ လမ်းက မရှိတော့ဘူးပေါ့။ စိတ်ပျက် လက်ပျက်ဖြစ်သွားသည်။ အကာအကွယ်မဲ့ ဘ၀၊ တစ်ကောင်ကြွက် ဘ၀ပါလား။
သားကလေးမွေးဖွားသည့် အခန်းထဲတွင် မိုးလင်းလို့ နိုးလာသည်နှင့် ငါတစ်ယောက်တည်းရယ်ပါ လားဟူသည့် အသိမှာ ရင်ကွဲနာကျစရာ ကောင်းသည့် အသိမျိုးဖြစ်ပါ၏။ သည်ဘ၀မျိုးကို ဘယ်မိခင် နေနိုင်ပါမည်နည်း။

ကာလက်အနေဖြင့် ထောက်ပံ့မည်ဆိုသည့် ကိစ္စနှင့် စပ်လျဉ်း၍ကတော့ ဒိုလားရက်စ်ကို သက်သက် အထင်သေးခြင်းပင်။ သည်မိန်းကလေးသည် သူများအထောက်အပံ့ခံ ဘ၀ဖြင့်နေမည့် မိန်းကလေးမျိုးလား ဆိုသည်ကို ကာလက် စဉ်းစားသင့်သည်။ မယားမိုက်ကိုတောင် ကျွေးမွေးစောင့်ရှောက်ထားတဲ့ မဟာကရုဏာရှင်အဖြစ် လူတွေ သူ့ကို ကောင်းချီးပေးတာ ခံချင်သေးသည်ထင်ပါရဲ့။ အသက်ကြီးလာသည့် ငွေဝယ်ကျွန် အဘိုးအို၊ အဘွားအိုတွေကို အလုပ်လျှော့လိုင်းသည့် ကျွန်ပိုင်ရှင်အား ချီးကျူးသလိုပေါ့။

သူခိုးဘ၀ကို ရောက်ချင်ရောက်ပါစေ၊ ဆိပ်ကမ်းတကာမှာ ကလေကချေ ဘ၀ကို ရောက်ချင် ရောက်ပါစေ။ သူတို့တစ်တွေ၏ အသနားခံ ဘ၀ကိုတော့ ဒိုလားရက်စ် အရောက်ခံမည် မဟုတ်ပါ။
ခြေထောက်တွေ၊ ကျောတွေ အောင့်လာသည်။ လူတစ်ယောက် အနားတွင် ရစ်သီရစ်သီ လုပ်နေ သည်ကို သတိထားမိ၏။ စကားလာပြောတော့စိတ်ရှုပ်ရှုပ်နှင့် အော်ထုတ်ပစ်လိုက်သည်။
" သွားစမ်း၊ ရှင် အခုထွက်သွား "
သစ်သီးသေတ္တာပေါ်တွင် ထိုင်ငေါင်နေသည့် ကပ္ပလီကောင်လေး တစ်ယောက်ကို လှမ်းခေါ် လိုက် သည်။ ရင်ဘတ်တွင် တံဆိပ်နှင့်။ သူ့သခင်က ဆိပ်ကမ်းတွင် တောက်တိုမည်ရ လုပ်ဖို့ လွှတ်ထား သည့်ကလေး။

" ကောင်လေး၊ ငါ့သေတ္တာလေး ကြည့်ထားပေးစမ်း၊ ငါ လှေဆင်းစုံစမ်းမလို့၊ နယူးအော်လီယန်း ထွက်မယ့်လှေ နင်သိလား "
ကောင်လေးက မျက်လုံး ကလယ်ကလယ်နှင့် ခုချိန် ရှိဖို့ မလွယ်ကြောင်း ပြန်ပြောသည်။
" အမေရိကန်တွေက စစ်တိုက်နေတယ် မဟုတ်လား မလေး။ ဒါကြောင့် သိပ်မသွားရဲကြဘူး "
" သေတော့မှာပဲ၊ ဒီကိစ္စကလည်း ခုထိ မပြီးသေးဘူးလား "
" မပြီးသေးဘူး မလေး၊ လှေမှန်သမျှ စစ်သားတွေ ချောဆွဲထားကြတယ်၊ မနက်ဖြန်ထွက်မယ့် လှေတစ်စင်းတော့ ဟောဟိုအောက်နားမှာ ရှိတယ် "
နယူးအော်လီယန်းသို့ ထွက်မည့်လှေကို ဒိုလားရက်စ် ရှာသည်။ သိပ်မလွယ်။ ဆိပ်ကမ်းတစ်လျှောက် လှေတွေ၊ ကုန်တွေ၊ ကုန်တင်ကုန်ချ လုပ်သားတွေ၊ စစ်သားတွေနှင့် ရှုပ်ယှက်ခတ်နေ၏။ လမ်းလျှောက်ရန်ပင် မလွယ်။

သားမွေးအရေခွံတွေ လိုက်ရောင်းနေသည့် လူနီရိုင်းများလည်းရှိ၏။ ဆိပ်ကမ်းတစ်ဝိုက်တွင် အမျိုး သမီးများကို မတွေ့ရသလောက်ပင်။ ဘာသာမျိုးစုံဖြင့် သူ့ကို ချဉ်းကပ် စကားပြောကြသည်။ နားလည်သည့် ဘာသာစကားသုံးမျိုးဖြင့် ပြောလာလျှင် လှည့်ကြည့်ပြီး ဆဲပစ်ခဲ့သည်။

နောက်ဆုံးတွင် နယူးအော်လီယန်းကို ထွက်မည့် လှေကြီးကို သွားတွေ့သည်။ ဧရာမ ပိန်းကော ကြီး။ မဲနယ်၊ ဆေးရွက်ကြီးနှင့် သားမွေးတွေ အပြည့်တင်ထားသည်။
အမျိုးသမီးတစ်ဦးနှင့် သူ့ယောက်ျားဖြစ်ဟန်တူသူ အမျိုးသားတစ်ဦးတို့ လှေသူကြီးနှင့် စကားပြော နေရင်း သူတို့ပစ္စည်းတွေကို နေရာချနေသည်။ နောက်တွင် ကပ္ပလီကျွန်လေးယောက် ပါလာသည်။
ဒိုလားရက်စ်က သူတို့ကိစ္စပြီးသည်အထိ စောင့်ပြီးမှ လှေသူကြီးနှင့် စကားပြောသည်။
လှေသူကြီးက အဖော်မပါဘဲ ခရီးသွားသည့် အမျိုးသမီးကို လုံးဝမတင်ကြောင်း အပြတ်ပြောသည်။

" ကျွန်မ တန်ရာတန်ကြေးထက် ပိုပေးပါ့မယ်ရှင် "
" ကျုပ် ပြောပြီးပြီပဲ၊ ကျုပ်လှေဟာ အဲဒီလိုလှေမျိုး မဟုတ်ဘူး "
" သေချင်းဆိုးကြီး "
လှေသူကြီးက သူ့ကို ဂရုမစိုက်တော့ဘဲ လှည့်ထွက်သွားပြီး လှေထိုးသမားတွေကို ဆက်လက် အမိန့်ပေးနေသည်။ ဒိုလားရက်စ် စိတ်ပျက်လက်ပျက်နှင့် ကုန်းပေါ်ပြန်တက်လာပြီး လှေကြီးကို ငေး ကြည့်နေသည်။ စောစောက စုံတွဲ ကုန်းပေါ်ပြန်တက်လာပြီး အသင့်စောင့်နေသည့် ရထားလုံး ကြီးပေါ်သို့ တက်လိုက်ကြသည်။ အမျိုးသားက အမျိုးသမီးကို ဖေးဖေးမမ ယုယုယယ တွဲခေါ် သည်။
သက်ပြင်းတစ်ချက် ချလိုက်မိသည်။ အင်း ... လင်မရှိသည့် မယားဘ၀ဘယ်သူမှ မလေးစားကြ တော့ပါလား။ အနည်းဆုံး ရိုးကျိုးသည့် ကျွန် နှစ်ယောက်လောက်တော့ အနားမှာ ရှိသင့်သည်။ အကာအကွယ် လိုပါသည်ဟု ဆိုလေ လူတွေက အကာကွယ်မဲ့ ဘ၀ကို အခွင့်အရေး ယူချင်လေ လေ။

နောက်တစ်စင်းကို သွားမေးသည်။ သူတို့က အထက်ကို ဆန်မှာတဲ့။ အင်္ဂလိပ်စစ်တပ်ရှိတဲ့ ဘာတွေရုဂ်အထိ သွားမှာတဲ့။ နောက်တစ်စင်းကတော့ ညစ်ပတ်လှ၏။ တိရစ္ဆာန် သားရေချပ်တွေ၊ အလီနွိုင်းက ၀က်ဝံဆီတွေ တင်လာသည့်လှေ။ သည်လှေကလည်း ခရီးသည် လုံးဝ မတင်ဟု ဆို သည်။
အခြားလှေတွေကတော့ စစ်သားတွေ၊ သေနတ်တွေ တင်နေပြီး အရပ်သား လိုက်ခွင့်မရသည့် လှေတွေ။ လက်နက်တွေ အပြည့်ဆင်ထားသည့် စပိန်လှေတစ်စင်းကိုလည်း တွေ့ရ၏။ အနီနှင့် အဖြူစင်း အလံထူထားသည့် အခြားလှေတစ်စင်းနှင့် ယှဉ်ရပ်ထားသည်။ အနီနှင့် အဖြူအစင်းအလံ၏ တစ်ဖက်ထောင့် အပြာခံပေါ်တွင် ကြယ်ဖြူများကို တွေ့ရသည်။

ဘယ်ကလာတဲ့ လှေပါလိမ့်။ အလံလေးက လှလိုက်တာ။ နိုင်ငံခြားလှေ ထင်ပါရဲ့။ ကာကီရောင် ရှပ်အင်္ကျီနှင့် စစ်သားတစ်ယောက် ဆင်းလာသည်။ ထူးထူးဆန်းဆန်း အလံနှင့် လှေအကြောင်း ဒိုလားရက်စ် သွားမေးသည်။ သူက လွတ်လပ်သော တရားမျှတသော အမေရိကန် ပြည်ထောင်စု က လှေဖြစ်ကြောင်း၊ သံတမန်အရာရှိကြီးများ စီးလာသည့် လှေဖြစ်ကြောင်း၊ နံဘေးက စပိန် စစ်လှေမှာ အင်္ဂလိပ်ပိုင်နက်ထဲတွင် စောင့်ရှောက်ရန် လိုက်လာခြင်းဖြစ်ကြောင်း ရှင်းပြသည်။

" ကျွန်မ နယူးအော်လီယန်းကိုများ လိုက်လို့ ရမလားရှင် "
စစ်သားက ဒိုလားရက်စ်ကို ခြေဆုံးခေါင်းဆုံး ကြည့်ပြီး ပြုံးသည်။
" ကျွန်တော် ခေါ်သွားချင်တာပေါ့ ခင်ဗျာ၊ ဒါပေမဲ့ ဘယ်လိုမှ မဖြစ်နိုင်လို့ပါနော် "
" ကျွန်မအတွက် စိတ်အနှောင့်အယှက် မဖြစ်စေရပါဘူးရှင် "
ဒိုလားရက်စ်က ဇွတ်ပြောသည်။ ပင်ပန်းလှပြီ။ ဘယ်လို လှေမျိုးနဲ့ဖြစ်ဖြစ်၊ ဘယ်လို အခြေအနေနဲ့ဖြစ် ဖြစ် လိုက်ခွင့်ရှိလျှင် လိုက်ချင်သည်။ နားချင်လှပြီ။ ကျောတစ်နေရာစာ ရလျှင် တော်ပါပြီ။ နှစ်ရက်အတွင်း တစ်နာရီလောက်ပဲ အိပ်ရသေးသည်။ အရက်တွေ မတရားသောက်ထားသဖြင့် ခေါင်းထဲတွင် မူးရီ မူးဝေ ဖြစ်နေတုန်း။ နေက ပူသည်ထက် ပူလာပြီ။ ခေါင်း တစ်ခုလုံးလေးလံနေပြီ။ ထပ်တောင်းပန်သည်။

ဆက်ရန်
.

No comments: