(ဂျူးဒစ်အား ကလေးတစ်ယောက်ပွေ့သလို ပွေ့ယူလိုက်ပြီး ဒေးဗစ်အကြောင်းမေးသည်။ ပြီးတော့ ၀က်သစ်ချမြိုင် စံအိမ်ကြီး ပြီးပြီမို့ ပြန်ခေါ်ဖို့ လာခြင်းဖြစ်ကြောင်း ပြောသည်။
ကြည့်စမ်း၊ ၀က်သစ်ချမြိုင်အိမ်ကြီး ပြီးပြီတဲ့။ ဂျူးဒစ်ရင်တွေ ခုန်နေ၏။ ဖီးလစ်၏ မျက်လုံးပြာတွေ ဂုဏ်ယူ ၀င့်ကြွားစွာ တောက်ပနေကြသည်။) ကို ဆက်ဖတ်ရန်......
ကြည့်စမ်း၊ ၀က်သစ်ချမြိုင်အိမ်ကြီး ပြီးပြီတဲ့။ ဂျူးဒစ်ရင်တွေ ခုန်နေ၏။ ဖီးလစ်၏ မျက်လုံးပြာတွေ ဂုဏ်ယူ ၀င့်ကြွားစွာ တောက်ပနေကြသည်။) ကို ဆက်ဖတ်ရန်......
" ရဲတိုက်ကြီးတစ်ခုလောက်တော့ မခမ်းနားဘူးပေါ့ကွာ၊ ဒါပေမဲ့ နေပျော်အောင်တော့ အစ်ကို ကြိုး စား ထားပါတယ် "
ဂျူးဒစ်က သူ့လည်ပင်းကို သိုင်းဖက်ပြီး -
" ဂျူးဒစ် ကို ချပေးပါအစ်ကိုရယ်၊ ပြေးပြီး ကြည့်ချင်လှပါပြီ "
ဂျူးဒစ် လျှောဆင်းသည်။ ဖီးလစ်က ဂျာဗာစီကို လှမ်းမေးသည်။
" ဝေါ်လ်တာတစ်ယောက်ကော "
" ရှိပါတယ်၊ အိမ်ထဲမှာလေ၊ ဘာထူးလို့လဲ ဖီးလစ် "
" သူ့ကိုပြောဖို့ သတင်းထူး ပါလာတယ်၊ ဒီမနက် ဆိုက်တဲ့လှေနဲ့ အင်္ဂလိပ်သတင်းစာတွေ ပါလာတယ်၊ ကမ်းရိုးတန်း ပြည်နယ်တွေမှာ ပုန်ကန်မှုတွေ ဖြစ်နေပြီ တဲ့ "
ဂျူးဒစ် အသက်မရှူရဘဲ ...
" ဟင် ကြောက်စရာကြီးနော် အစ်ကို "
" ဘာတွေ ပုန်ကန်ကြသလဲဟင် ဖီးလစ် "
ဂျာဗာစီ က အလိုက်အထိုက် မေးသည်။ စိတ်ဝင်စားလှလို့တော့မဟုတ်။ ပုန်ကန်သည့် ပြည်နယ် တွေနှင့် လည်း အဝေးကြီး၊ ပုန်ကန်ခံရသည့် အင်္ဂလန်ကလည်း အဝေးကြီး။ ဘာလို့ စိတ်ဝင်စားရမှာလဲ။
" ကုန်သွယ်ရေးကိစ္စ၊ အခွန်အတုတ်ကိစ္စ ဖြစ်မှာပေါ့။ ပုန်ကန်တဲ့ကိုလိုနီတွေက ပါလီမန်မှာ ကိုယ်စားလှယ်နေရာရရေးလည်း တောင်းဆိုနေကြတယ်တဲ့ "
" ကနက်တီကပ်က မထွက်ခင်မှာ အခွန်ကိစ္စ လှုပ်လှုပ်ရွရွဖြစ်နေသံ ဂျးဒစ်ကြားခဲ့တယ်၊ ဘော့စတွန်မှာ လှေတစ်စင်း က လက်ဖက်ခြောက်တွေမြစ်ထဲ သွန်ချပစ်တယ်တဲ့။ အဖေကပြောတော့ဒီလိုလုပ်တာ ကောင်း တယ်ဆို"
ဖီးလစ်က ဂျူးဒစ်ကို ထောက်ခံဆွေးနွေးသည်။
" ဒါတော့ ဟုတ်တယ်၊ ဒါပေမဲ့ ဘုရင်မင်းမြတ်ကို ပုန်ကန်ခြားနားတယ်ဆိုတာတော့ တော်တော် သတ္တိပြောင် တဲ့ အလုပ်ပဲ "
" သူတို့ တစ်တွေ လက်နက်ကိုင် တော်လှန်နေကြတာလားဟင် အစ်ကို "
" ဒါပေါ့၊ ဘုရင့်စစ်တပ်နဲ့ ကိုလိုနီတပ်တွေလည်း ပဋိပက္ခဖြစ်နေကြတယ် "
ဖီးလစ် က ရယ်ပြီး ဆက်ပြောသည်။
" ခုနေ အရပ်ကိုပြန်ပြီး ချလိုက်ရရင် ပျော်စရာကြီးနေမှာပဲ "
" ဟာ အစ်ကိုကလဲ၊ လူဝီစီးယားနားမြေတွေ ရတုန်းက အစ်ကို ဘုရင်မင်းမြတ်ကို သစ္စာခံခဲ့ရတယ် မဟုတ်လား၊ ဘယ်လိုလုပ်ပြီး ပုန်ကန်လို့ ရမလဲ "
" သူက သူ့ကတိမတည်ရင် အစ်ကိုကလည်း အစ်ကို့ကတိ ဘယ်တည်နိုင်မလဲ ဂျူးဒစ်၊ လန်ဒန်က လူတွေ ကို သင်ခန်းစာ ကောင်းကောင်းပေးဖို့ သူပုန်ထရုံပဲရှိတယ်။ ကိုလိုနီပြည်နယ်တွေက ဘုရင်မင်းမြတ်ဆီမှာ အသေးအဖွဲ ကလေးတွေ တောင်းဆိုနေကြတာ၊ လွတ်လပ်ရေးတောင်းတာ မဟုတ်သေးဘူး "
" လွတ်လပ်ရေး၊ ဟုတ်လား အစ်ကို၊ အဓိပ္ပာယ်မရှိပါဘူး၊ ဂျူးဒစ်ကတော့ အင်္ဂလိပ်တစ်ယောက်လိုပဲ မွေး လာတယ်၊ အင်္ဂလိပ်တစ်ယောက်လိုပဲသေမယ်၊ ပြီးပြီပေါ့ "
ဂျူးဒစ်က ဂျာဗာစီကို လှမ်းကြည့်လိုက်သည်။ သူနှင့်မဆိုင်ည့် အကြောင်းတွေ ပြောနေသလိုများ ဖြစ်နေမလား ဟု အားတုံ့အားနာ ဖြစ်သွားသည်။ သို့သော် ဂျာဗာစီက ရယ်ပြီး -
" ကိုယ်တော့ နေရင်းထိုင်ရင်း ၁၈ နှစ်အရွယ်မှာ နိုင်ငံသုံးနိုင်ငံ ပြောင်းပြီးပြီ ဂျူးဒစ်ရေ၊ ကိုယ့်ကို မွေးတုန်းက နယူးအော်လီယန်းက ပြင်သစ်ပိုင်၊ နောက်တော့ စပိန်လက်ထဲ ရောက်သွားပြီး အလံ တစ်မျိုး ပြောင်းသွားတယ်၊ အိမ်ထောင်ကျပြီး ဒီရောက်လာတော့ အင်္ဂလိပ်ဖြစ်သွားပြန်ရော၊ နောက် ဘာထပ်ဖြစ်ဦး မယ် မသိဘူး၊ အဲ တစ်ခုတော့ သေချာတယ် "
ဂျာဗာစီ စကားမဆက်ဘဲ တုံ့နေသဖြင့် ဖီးလစ်က ၀င်ထောက်ပေးသည်။
" ဘာများလဲ ဂျာဗာစီ "
" ရှင်က ကိုယ့်ပြည်နယ်ကို ပြန်ချင်တယ်ဆိုပြီး လူဝီစီးယားနားမှာ မြေတွေ မတရားဝယ်နေတယ်၊ ဒီ အခြေအနေ နဲ့ ကိုယ့်မွေးဇာတိကို ပြန်ပြီး ခေါင်းချရင် သစ္စာဖောက်ရာ မရောက်ဘူးလား "
" အဓိကက ဗိုက်ပြည့်ဖို့ပါ မဒမ် "
" အင်း ... ခုမှ သတိရတယ်၊ ကော်ဖီ သွားပြင်လိုက်ဦးမယ်နော် "
ဂျာဗာစီ အိမ်ထဲဝင်သွားတော့ ဂျူးဒစ်ကို ပြုံးကြည့်ပြီး -
" အိမ်ပြန် ရတော့မယ်ဆိုတော့ အချစ် မပျော်ဘူးလားဟင် "
ဂျူးဒစ် ခေါင်းညိတ်သည်။
" အစ်ကို့ကို သိပ်အောက်မေ့တာပဲ "
" အစ်ကိုလည်း အချစ်ကို အောက်မေ့တာပဲပေါ့၊ သြော် ... ဒါထက် မင်းအဖေနဲ့ အစ်ကိုလည်း ၀က်သစ်ချမြိုင် ကို လာကြလိမ့်မယ်၊ မင်းဘ၀လုံးဝ ပျက်စီးမသွားဘူးဆိုတာ သူတို့ တွေ့ရင် အစ်ကို့ကို ခွင့်လွှတ်ကြတန် ကောင်းပါရဲ့နော် "
ဂျူးဒစ်က သူ့ရှပ်အင်္ကျီလက်နှင့် ပါးကိုပွတ်ရင်း -
" အို၊ သူတို့ဘာသာ ဘာထင်ထင် ဂျူးဒစ် ဂရုမစိုက်ပါဘူး။ လာသွားစို့၊ အိန်ဂျဲလစ်ကို အထုပ်အပိုး ပြင်ခိုင်း ရအောင် "
ဝမ်းသာလွန်းလို့ ဂျူးဒစ် တစ်လမ်းလုံး စကားတွေ တတွတ်တွတ်ပြောလိုက်လာသည်။ သို့သော် ၀က်သစ်ချမြိုင် ရောက်တော့ ပိုလို့ ၀မ်းသာရသေးသည်။ စံအိမ်ကြီးက စိတ်ကူးပုံထဲမှာထက် အပုံကြီး ပိုလှနေသည်လေ။
ဝက်သစ်ချတောကို ကျော်ပြီး မြင်းရထားကြီး အိမ်ထဲဝင်သွားတော့ ရင်တွေခုန်နေ၏။ အဝေးမှ လှမ်းမြင်ကတည်းက ၀က်သစ်ချမြိုင်သည် ဝေါ်လ်တာပါစယ်၏ သီရိမြိုင်ထက် အပုံကြီး ပိုပြီးခမ်းနားကြောင်း ဂုဏ်ယူဝင့်ကြွားစွာသိလိုက်၏။
အိမ်ကြီး မှာ ပန်းနုရောင် ဖိတ်ဖိတ်တောက်နေပြီး ဆင်ဝင်နှင့်စမုတ်ဆောင်များကို ပကတိ အဖြူရောင် သုတ် ထားသည်။ အိမ်မကြီး အ၀င်ပေါက်ကို ထုံးစံအတိုင်း တစ်ခုတည်းမထားဘဲ ဧရာမ တံခါးမကြီး သုံးခု ဖြင့် တခမ်းတနား တည်ဆောက်ထားသည်။
ဝင်ဝင်ချင်း ခန်းမဆောင်ကြီးသုံးခုက အခံ့အညား ကြိုဆိုနေသည်။ တစ်ခန်းက ကန့်လန့်၊ နှစ်ခန်းက အလျားလိုက်။ အိမ်မကြီးထဲတွင် အခန်း ၁၆ ခန်းရှိသည်။ အိမ်နောက်ဘက်အဆွယ်တွင် အိမ်စေ အခန်း များက သတ်သတ်။
အလယ်ပေါက်မှ ဂျူးဒစ် လှမ်းဝင်လိုက်သည်။ သားငယ်ကို ချီလာသည့် ကလေးထိန်း ကောင်မလေး နောက်မှ အဖေနှင့်ကာလက်။ သူတို့နောက်မှ ဝေါ်လ်တာပါစယ်နှင့် ဂျာဗာစီ။ သည်မျှ ကြီးကျယ် ခမ်းနားလိမ့်မည်ဟု ကြိုတင်မှန်းဆ မထားခဲ့မိသဖြင့် ဂျူးဒစ် ပါးစပ်အဟောင်းသားဖြစ်နေ သည်။
ပန်းရောင် နံရံတွေနှင့် လေ၀င်လေထွက်ကို အထူးအသားပေးတည်ဆောက်ထားပုံမှာ ရင်သပ်ရှုမော ဖွယ် အတိ ဖြစ်ပါသည်။ ဆက်တီထိုင်ခုံတွေကို ကြိမ်အခင်း နုနုကလေးများ ခင်းထားသည်။ ကျေနပ် ပျော်ရွှင်မှု တွေ ရင်ထဲလှိုင်းထလာ၏။ မနှစ်က သစ်လုံးအိမ်ကလေးကို မြင်ယောင်လာသည်။
တစ်ဖက်ကိုလှည့်ပြီး အဖေ့မျက်နှာကို အကဲခတ်လိုက်၏။ အဖေသည် မျက်ခုံးကို ချီကာ တအံ့တသြ ငေးမော နေလေသည်။ ဂျာဗာစီကတော့ အားကျနေပုံ။ အစ်ကို့ပုံစံမှာ သူ့တိုင်းပြည်ကို လိုက်လံပြသ နေသည့် ဘုရင်တစ်ပါးနှယ် ခံ့ညား တင့်တယ်နေသည်။ ချုပ်တည်းထားသည့်ကြားမှ အသံထွက်သွား၏။
" သြော် အစ်ကိုရယ်၊ လှလိုက်တာ၊ ဒီလိုမှန်တံခါးတွေ ပါလိမ့်မယ်လို့ ဂျူးဒစ် လုံးဝ မျှော်လင့်မထားဘူး "
ဖီးလစ် က ဇနီးသည်၏ ပခုံးကို ဖက်ပြီး တခြားဧည့်သည်များဘက်သို့ပါ လှည့်ကာ -
" လာ၊ ကျန်တဲ့အခန်းတွေ လျှောက်ကြည့်ရအောင် "
ပင်မ အိပ်ခန်းကြီးဆီသို့ ပထမဆုံး ခေါ်သွားသည်။ အိပ်ခန်းထဲမှ ခုတင်ကြီးက လူလေးယောက်လောက် ကောင်းကောင်း အိပ်နိုင်သည့် အရွယ်အစား။ ခန်းမဆောင်၏တစ်ဖက်ခန်းက ကလေးခန်း။ အထိန်း အတွက် ခေါက်ခုတင်တစ်လုံးနှင့် ကလေးအတွက် ကြိမ်ပုခက်ကြီး ဆင်ထားသည်။ အိပ်ခန်းဆီသို့ ပြန်လျှောက် သွားပြီး ဖီးလစ်က အချက်ပြဆက်သွယ်ရေးစခစ်ကို ရှင်းပြသည်။ အိပ်ရာခေါင်းရင်းတွင် မျက်နှာကျက် မှ တွဲလဲကျသည့် ကြိုးတစ်ချောင်းကို ညွှန်ပြပြီး -
" မင်း မနက်နိုး လို့ ကော်ဖီသောက်တော့မယ်ဆိုရင် လှမ်းဆွဲလိုက်ရုံပဲ၊ ထဖို့ မလိုဘူး၊ အိန်ဂျဲလစ် ချက်ချင်း ရောက် လာလိမ့်မယ်။ ဒီလိုကြိုးမျိုးဧည့်ခန်းမှာလည်း ရှိတယ်၊ ထမင်းစားခန်းမှာလည်းရှိ တယ်၊ အစေခံ တွေကို လိုက်ရှာနေစရာ မလိုတော့ဘူးလေ "
အဖေ့မျက်နှာ ကို ဂျူးဒစ် လှမ်းကြည့်လိုက်သည်။ ဘာမှ မပြောနိုင်ဘဲ ဟိုငေးသည်ငေးဖြစ်နေ၏။
ဖီးလစ်က သူတို့အားလုံးကို ထမင်းစားခန်းဆီသို့ ဦးဆောင်ခေါ်သွားသည်။ ထမင်းစား စားပွဲကြီးမှာ လူ နှစ်ဆယ် သုံးဆယ် ဆံ့မည့် စားပွဲမျိုးကြီးဖြစ်၏။ ကြက်ဆင်မွေးဖြင့် ပြီးသည့် ဆွဲယပ်ကြီးက မျက်နှာကျက် မှာ တွဲလောင်းကျလျက်။ ထမင်းစားခန်းနှင့် တွဲလျက်က မီးဖိုဆောင်။ မီးဖိုဆောင်ကပင် အိမ်ငယ် တစ်ဆောင်မျှ ကျယ်ဝန်းလေသည်။
ဂျူးဒစ် ငိုချင်စိတ် ပေါက်လာသည်။ အဖေကြီးက သမီးလုပ်သူ၏ လက်ကို လှမ်းကိုင်ပြီး -
" သည်လို စံအိမ်ကြီးမှာနေပြီး မာန မထောင်လွှားမိအောင် ဘုရားသခင်ဆီမှာ ဆုတောင်း၊ ကြားလား သမီး " ၀က်သစ်ချမြိုင် စံအိမ်ကြီး၏ အရှင်သခင်မအဖြစ် ကိုယ့်ကိုယ်ကိုယ် မြင်ယောင်ကြည့်ပြီး ဂျူးဒစ် တစ်ယောက် ရင်ထဲ ကတုန်ကယက်ဖြစ်လာသည်အထိ ပျော်နေသည်။ ပိန်းကောကြီးနဲ့ စုန်လာပြီး သစ်လုံးအိမ် ထဲမှာနေတဲ့ ကောင်မလေးဟာ ငါမှ ဟုတ်ရဲ့လားဟယ်။
အထိန်းလက်ထဲမှ ဒေးဗစ်ကလေးကို ဆတ်ခနဲ ဆွဲပွေ့ပြီး အိပ်ခန်းကြီးထဲသို့ ပြေးချသွားသည်။ အိပ် ရာနံဘေး တွင် ဒူးထောက် ထိုင်ချလိုက်၏။ ရင်ခွင်ထဲမှ ဒေးဗစ်ကလေးသည် ၀ါဂွမ်းရုပ်ကလေးလို နူးညံ့ အိထွေး နေသည်။ ဖီးလစ်က သူ့သားကို ၀က်သစ်ချမြိုင်၏ အရှင်သခင်ဖြစ်ရမယ်ဟုကတိပေးထားသည်။ ဂျူးဒစ် အနေဖြင့် မူ ဤမျှထိ မစဉ်းစားမိပါ။
ငိုချင်စိတ်ကို မျိုချနေသည့်ကြားမှ တစ်ချက် ရှိုက်လိုက်မိသည်။ ပြီးတော့ ပြတ်တောင်းတောင်း နှင့် တိုးတိုး ကလေး ဆုတောင်းနေသည်။
" အို အဖေဘုရားသခင်၊ တပည့်တော်မကို မိန်းမကောင်း မိန်းမမြတ်တစ်ယောက် ဖြစ်အောင် စောင်မ တော်မူပါ၊ ၀က်သစ်ချမြိုင် စံအိမ်ကြီးနဲ့ ထိုက်တန်တဲ့ မီးဖိုကြီးတွေ၊ အစေခံခေါ်တဲ့ ကြိုးတွေ၊ မှန်ပြတင်း တွေနဲ့ ထိုက်တန်တဲ့ အိမ်ရှင်မတစ်ယောက် ဖြစ်လာအောင် စောင့်ရှောက်တော်မူပါ။ သူ့လို နန်းတော်တမျှ အိမ်ကြီး မျိုးမှာ မနေနိုင်တဲ့ ဆင်းရဲသူ ဆင်းရဲသားများအပေါ် ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင်ဖြစ်အောင် သားကလေး ကို ဖန်ဆင်းပေးတော်မူပါဘုရား "
ဆုတောင်းအပြီးတွင် အခင်းပြင်၌ ပုရွက်ဆိတ်တန်း တစ်တန်းကို တွေ့လိုက်သည်။ မိမိအနေဖြင့် သည်ကြမ်းပြင် ပေါ်တွင် နေခွင့်ရှိနေသလို သူတို့ကလည်း သူတို့ပိုင်နက်ဟု သတ်မှတ်ထားသည့် အလား ကျောထဲစိမ့်သွားပြီး အလန့်တကြား ထရပ်လိုက်သည်။ နှံကောင်တစ်ကောင် အခန်းထောင့်မှ ခုန်ထွက်လာပြီး ဂျူးဒစ်ကို စိုက်ကြည့်နေသည်။ နောက်ဆက်တွဲ ဆုတောင်းလိုက်မိ ၏။
" အို အရှင်၊ ဖီးလစ်ရှေ့တွင် လူဝီစီးယားနားကို ပိုးမွှားတို့တိုင်းပြည်ဟု မပြောမိသည့်ကိုယ်လည်း ဖြစ်ရပါလို၏ ဘုရား "
စိုက်ပျိုးရေး လုပ်ငန်း ပိုင်ရှင်တစ်ယောက်၏ မိန်းမသည် အကြီးဆုံးကျွန်ဖြစ်သည်ဟူသည့် ဆိုရိုးစကား အတိုင်းဖြစ်အောင် လုပ်မည်ဟု ၀က်သစ်ချမြိုင် ဆောက်မပြီးခင် တစ်လအလိုလောက် ကတည်းက ဂျူးဒစ် ဆုံးဖြတ် ခဲ့သည်။
ချည်ငင် ချည်ရစ်နှင့် အချုပ်အလုပ်ကိစ္စမှ စ၍ ပန်းဥယျာဉ်ထိန်းသိမ်းပြုပြင်ရေးအထိ ကြီးကြပ် ကွပ်ကဲ ရမည်။ ပြီးတော့ ညစာစားပွဲတွေ၊ စိုက်ပျိုးရေး လုပ်ငန်းရှင်ကြီးများ၊ မြို့မျက်နှာဖုံးများ အားလုံး ဖီးလစ်၏ အပေါင်းအသင်း များ ဖြစ်နေကြပြီ။ မိတ်ဆွေတွေကို ဖိတ်ခေါ် ကျွေးမွေးခြင်း၌ ၀ါသနာထုံသည့် လင်တော်မောင် ကို ပါရမီ ဖြည့်ရပေမည်။
ဝက်သစ်ချမြိုင်တွင် အိန်ဂျဲလစ်အပါအ၀င် အစေခံကိုးယောက်ရှိသည်။ သူတို့အားလုံး အလုပ်နှင့် လက် ပြတ်သည် မရှိကြ။ လုပ်စရာတွေက ပြီးဆုံးသည်မရှိ။ သူတို့ကို ဂျာဗာစီထံမှ ၀ယ်ယူလိုက်ခြင်း ဖြစ်၍ ပြင်သစ် စကားသာတတ်ကြသည်။ သည်နေရာတွင်လည်း အိန်ဂျဲလစ် အသုံးဝင်နေပြန်သည်။ သူသာ စကားပြန် လုပ်မပေးလျှင် ဘာအလုပ်မျှ ပြီးမည် မဟုတ်တော့။
အိန်ဂျဲလစ်သည် အလွန်တော်ည့် အိမ်ဖော်ဖြစ်၏။ သူ မသိတာဟူ၍ ဘာမှမရှိ။ ကရဝေးရွက် ကို နေမပြဘဲ အရိပ် ထဲတွင် အခြောက်လှန်းတတ်၏။ အမှုန့်ကြိတ်တတ်၏။ ခြင်ကိုက်သည့်နေရာတွင် အဆိတ်ဖြေရန် ထင်းရှူးသား မှ အဆီထုတ်တတ်၏။ ခုတလော ခေတ်စားနေသည့် ဆံပင်ပုံစံမျိုးကို ဂျူးဒစ်၏ ခေါင်းပေါ် တွင် မို့မို့မောက်မောက် ပြုပြင်ပေးတတ်၏။ မဲနယ်ပင်တွေဆီက ရောက်လာသည့် နှံကောင်တွေကို မည်သည့် ပိုးသတ်ဆေးသုံးပြီး နှိမ်နင်းရမည်ကိုလည်း ဂျူးဒစ် အားသင်ပေး၏။
ခုတင်တွေကို တစ်နှစ်လျှင် နှစ်ကြိမ် တစ်စစီဖြုတ်ပြီး ပြဒါးရည် သုတ်ဖို့ စီစဉ်သူမှာလည်း အိန်ဂျဲလစ်ပင်။ ဘာအတွက် လဲ မေးကြည့်တော့ -
" ကြမ်းပိုး တွေ မတွယ်အောင်ပေါ့ မမလေး" ဟု ခပ်တိုးတိုးဖြေသည်။
ဂျူးဒစ် တွေးလို့ မရနိုင်အောင် ဖြစ်နေသည်။ ဒါလောက် ပိုးမွှားထူပြောသည့် လူဝီစီးယားနားကို လူတွေ ဘာလို့ နိဗ္ဗာန်ဘုံတမျှ မက်မောနေကြပါလိမ့်။
အိမ်မကြီး ထဲတွင်သာမက အစေခံဆောင်က ခုတင်တွေကိုပါ ဂရုတစိုက် ပြဒါးမပြတ် သုတ်ခိုင်း သည်။ အိန်ဂျဲလစ် ပြောသည့်အတိုင်း တစ်နှစ်နှစ်ကြိမ်။ ကြာတော့ ဖီးလစ် ညည်းလာသည်။ ပြဒါး ဈေးက ကြီးသည် မဟုတ်လား။ "ပြဒါးဖိုးနဲ့ ငါတော့ မွဲမှာပဲ" တဲ့လေ။
သည် မိန်းကလေး ဒါလောက်မှ မသိလေရော့သလား။ သည်ပစ္စည်းက ပြည်တွင်းဖြစ်မဟုတ်။ ဥရောပမှ သွင်းလာသည့် ပစ္စည်းမျိုး။ ပြည်နယ်အရပ်ရပ်မှာ အင်္ဂလိပ် ဆန့်ကျင်ရေး ပုန်ကန်မှုတွေ စဖြစ်ကတည်းက သွင်းကုန် ဈေးနှုန်းတွေ သုံးဆ တက်သွားသည်။
သည်အကြောင်း ပြောတော့ ဂျူးဒစ်က ကြက်ခေါင်းဆိတ်မခံ ပြန်ပြောသည်။
" ပြင်သစ်ကလာတဲ့ဝိုင်ကို အစ်ကို နေ့တိုင်း သောက်နေတာကျတော့ ထည့်မပြောဘူးလား။ ဂျူးဒစ်က အိမ်သန့်ရှင်းရေး လုပ်နေတာရှင့်၊ သားကလေးနဲ့ပုခက်ထဲမှာ မနက်တိုင်း ပိုးကောင်မွှားကောင်တွေ အုံကျင်း ဖွဲ့နေတာ အစ်ကို မြင်ချင်သလား "
" ကြမ်းပိုးနှိမ်တာတော့ ဟုတ်ပါပြီ၊ ဒါပေမဲ့ ပြင်သစ်ဝိုင်မတိုက်ဘဲ အမိရဲ့ ညစာစားပွဲတွေမှာ အပေါစား အိမ်တွင်းဖြစ် လိမ္မော်ဝိုင် ထုတ်တိုက်ရင် ဘယ်ဧည့်သည့်မှ လာမှ မဟုတ်တော့ဘူး "
" ကြမ်းပိုး နဲ့ ၀ိုင် ဘယ်ဟာအရေးကြီးလဲ၊ အစ်ကို ပြော"
" ဒုက္ခပါပဲ၊ မင်းဟာ ပိုးကောင်မွှားကောင်ကိစ္စနဲ့ ပတ်သက်လာရင် အဖြစ်ကို သည်းတယ် "
သည်အကြောင်းကို သည်လိုပြောလာသည့်အတွက် ဂျူးဒစ် ဒေါသထွက်လာသည်။ ဆုတောင်းတိုင်း ဖြစ် မလာတော့ ကလေးမွှေးသည့်ညက အကြောင်းကို ပြန်ဖော်ပြီး နှုတ်လှန်ထိုးမိ တော့သည်။ တံခါးကို ၀ုန်းခနဲ ဆွဲပိတ်ပြီး ဖီးလစ် အခန်းထဲမှ ထွက်သွားသည်။
သူ ထွက်သွားသည်ကိုကြည့်ပြီး ဂျူးဒစ် ဒေါသလည်း ဖြစ်ရ၏။ ကျေလည်း ကျေနပ်နေ၏။ သည်လက်နက် ကို အပိုင်ကိုင်ပြီး တိုက်ပွဲဝင်ရမည်ဟုလည်း ဂျူးဒစ် နားလည်လိုက်၏။ တိုက်ပွဲဆင်မိသည့်အတွက်လည်း ၀မ်းသာ နေ၏။
မိုးဦးချ တွင် ဒုတိယကလေး ကိုယ်ဝန်ရှိလာတော့ ပထမအကြိမ်ကို သတိရပြီး လန့်နေမိပြန်သည်။ ဘယ်လို မှ သတ္တိမွေးလို့မရ။ သူ့ကို ထုတ်ပြောလိုက်လျှင် ၀မ်းသာအားရ ဖြစ်ဦးမည် မုချဟု ဂျူးဒစ် တွက်ထား လိုက်၏။ သူ မွေးရတာမှ မဟုတ်ဘဲကိုး။
ထင်သည့်အတိုင်းပင်။ ဖွင့်ပြောလိုက်တော့ - " အဲဒါ မင်းဘာလို့ စိတ်ပျက်လက်ပျက် ဖြစ်နေရတာလဲ။ မင်းဘ၀ တစ်လျှောက်လုံး ဒီတစ်ယောက်တည်းနဲ့ ကျေနပ်နေမှာလား "
ထမင်းစားခန်းထဲတွင် နှစ်ယောက်သား ညစာစားတော့မည့် ဆဲဆဲဖြစ်သည်။ ဂျူးဒစ်က နှာရှူဘူးကို ဆောင့်ကြီး အောင့်ကြီး ချာလည်လှည့်နေသည်။ နှာမှုန့်တွေ ထွက်လာပြီး တခွီးခွီး ချေတော့သည်။
အားရအောင်ချေပြီးမှ -
" အစ်ကိုက အနည်းဆုံးစိတ်မကောင်းတဲ့အကြောင်းတော့ ပြောမယ် ထင်နေတာ"
"သြော် မိန်းကလေးရယ်၊ ကလေးရမှာကို ဘာလို့ စိတ်မကောင်းဖြစ်ရမှာလဲကွာ၊ ဒါထက် ၀မ်းသာစရာ ကောင်းတာ ဘာရှိလို့လဲ "
" ကောင်းပြီလေ၊ ဒီတစ်ယောက်မွေးပြီးရင် တခြားစီ အိပ်မယ် "
ဂျူးဒစ် ခပ်ပြတ်ပြတ် ပြောချလိုက်သည်။ ဖီးလစ် ခဏတွေသွားသည်။
" မင်း အဲဒီလို မပြောမိရင် ကိုယ် သိပ်ကျေးဇူးတင်မှာပဲ ဂျူးဒစ်"
ဂျူးဒစ် ရုတ်ခြည်း သူ့ဆီ ပြေးသွားသည်။
" ဂျူးဒစ် တောင်းပန်ပါတယ် အစ်ကိုရယ်၊ တကယ် စိတ်ထဲရှိလို့ ပြောမိတာ မဟုတ်ပါဘူး"
ဖီးလစ် ရယ်သည်။
" အစ်ကို သိပါတယ်ကွာ၊ မှန်း မင်းအသက် ဘယ်လောက်ရှိသွားပြီလဲ "
" နိုဝင်ဘာမှာ ၁၇ နှစ် ပြည့်မယ်လေ "
" အသက် ၂၀ လောက် ရောက်ရင် ခုလို စိတ်လိုက်မာန်ပါ လုပ်တာလေးတွေ ပျောက်သွားကောင်း ပါတယ် နော် "
ဂျူးဒစ် အလေးအနက် ခေါင်းညိတ်သည်။
" ဂျူးဒစ် ကြိုးစားပါ့မယ် အစ်ကိုရယ် "
သည့်နောက်ပိုင်းတွင် ဂျူးဒစ်စိတ်ကို သတိကြီးစွာထားပြီး တည်ငြိမ်အောင် ကြိုးစားသည်။ စိတ်ရှည် ရှည်ထားသည်။ သို့သော် အခါခပ်သိမ်း အောင်မြင်သည်တော့ မဟုတ်။ တာဝန်တွေကိုလည်း ကြည့် ဦးလေ။ လုပ်စရာတွေက ပြီးဆုးခန်းရောက်သည်မရှိ။ အိမ်မှုကိစ္စအပြင် နောက်ကလေးအတွက် အ၀တ်အစား တွေ၊ အနွေးထည်တွေ ချုပ်လုပ်ပြင်ဆင်နေရပြီ။ သစ်ဖြူတော အိမ်ကိုလည်း မကြာခဏ သွားကြည့် ပေးရသေးသည်။
ခုလို အမေ့အိမ်ကို ပြန်ကူဖော်ရသည့်အတွက် အဖေနှင့် ကာလက်တို့နှစ်ယောက် ဂျူးဒစ်ကို ကျေးဇူးတင် မဆုံး ဖြစ်နေကြသည်။ သို့သော် မိုးကျလာပြီး လမ်းတွေ ဆိုးလာသောအခါ ဂျူးဒစ် မသွားနိုင်တော့ဘဲ အိန်ဂျဲလစ် ကိုပဲ လွှတ်ရတော့သည်။
တစ်နေ့ သစ်ဖြူတောမှအပြန် အိန်ဂျဲလစ်က မတ်နှင့် ကာလက်တို့ နေကောင်းထိုင်သာ ရှိကြောင်း၊ မိုးကုန် လျှင် သစ်ဖြူတောအိမ်ကြီးလည်း ပြီးစီးတော့မည့်အကြောင်း ဂျူးဒစ်အား ပြောပြနေသည်။
" သစ်ဖြူတော ကို အုပ်ချုပ်ဖို့ မိန်းမတစ်ယောက် သိပ်လိုနေပြီ အိန်ဂျဲလစ်၊ ကာလက် မိန်းမယူဖို့ ကောင်း နေပြီ"
အိန်ဂျဲလစ် ရယ်ပြီး -
" အစ်ကိုလေး ကာလက်က အားလုံးအသင့်ဖြစ်မှ ယူမယ့်လူမျိုးမမလေးရဲ့ "
အိန်ဂျဲလစ် တစ်ယောက် အင်္ဂလိပ်စကားကို သွက်သွက်လက်လက် ပြောနိုင်နေပြီ။ ကပ္ပလီအိမ်စေမတွေ ပြော သည့် လေသံနှင့်မတူအောင် သူကြိုးစားပြောသည်။
အထိန်းက ဒေးဗစ်ကလေး ကို ခေါ်လာပေးသည်။ ဂျူးဒစ်လှမ်းယူပြီး ရွှေရောင်ဆံပင်နုနုလေး တွေကို နမ်းလိုက်သည်။
" ငါ နောက်တစ်ယောက်မွေးရင် ဒေးဗစ်လောက် လှပါဦးမလား အိန်ဂျဲလစ်ရယ် "
" ဒါကတော့ ဘုရားသခင် ပေးသနားတဲ့အတိုင်းပေါ့ မမလေးရယ် "
အိန်ဂျဲလစ်က အင်္ကျီအိတ်ထဲမှ ယုန်ခြေထောက်ကလေးတစ်ခု ထုတ်ပေးသည်။
" သစ်ဖြူတောက အိမ်စေကလေးတစ်ယောက်က မမလေးဖို့ ထည့်ပေးလိုက်တာ။ သောကြာနေ့ သန်းခေါင်ယံမှာ ပစ်လို့ရတဲ့ ယုန်တစ်ကောင်ရဲ့ ဘယ်ခြေထောက် မမလေး၊ မမလေးရဲ့ အိပ်ရာ အောက်မှာ ထားအိပ်ပါတဲ့၊ မွေးလို့ ဖွားလို့ လွယ်တယ်တဲ့ "
ဂျူးဒစ်က ရယ်ပြီး လှမ်းယူရင်း -
" နင် အဲဒါ ယုံလားဟင် "
" မသိဘူးလေ မမလေး၊ ဒါပေမဲ့ လုပ်ရတာ ပင်ပန်းတာ မှတ်လို့၊ မွေးခါနီးကျရင် မမလေးရဲ့ အင်္ကျီထဲမှာ ထည့် ထားပါတဲ့ "
" အေးလေ၊ ကောင်းပြီ" ဂျူးဒစ်က ယုန်ခြေထောက်ကို အင်္ကျီထဲထည့်ထားလိုက်သည်။ အိန်ဂျဲလစ်က -
" အစ်ကိုလေးကိုတော့ ပြန်မပြောပါနဲ့နော် မမလေး၊ သက်သေမပြနိုင်ရင် သူက ဘာမှ ယုံမယ့်လူမျိုး မဟုတ်ဘူး "
သို့သော် ဖီးလစ်က ဂျူးဒစ်ကောင်းမယ်ထင်ရင် လုပ်ဟု ပြောမှာ သေချာပါသည်။ သူကိုယ်တိုင်လည်း အလုပ်တွေ ချာလပတ်လည်အောင် ရှုပ်နေပြီ။
သည်နှစ် တာအစာဆုံး အကြောင်းအရာမှာ ကမ်းရိုးတန်းပြည်နယ်မှ သုပုန်များအကြောင်းဖြစ်သည်။ သည်အရေးအခင်း ဘယ်တော့များမှ ပြီးမလဲ။ မပြီးရင် လူဝီစီးယားနားကို ဘယ်လို လှိုင်းပုတ်လာနိုင်သလဲ။
အမေရိကန်များနှင့် အလွမ်းသင့်သော နယူးအော်လီယန်း စပိန်ဘုရင်ခံက မြစ်ညာပိုင်းမှ ဗြိတိသျှ အလိုတော်ရိများနှင့် ကုန်သွယ်မှု ဖြတ်တောက်ပစ်လိုက်သည်။ အင်္ဂလိပ်ပိုင်နက်မှ စိုက်ပျိုးရေးလုပ်ငန်းရှင်များထံကလည်း ဆိပ်ကမ်းခွန်တွေ တိုးကောက်မည်ဟု ကြေညာလိုက်သည်။ အင်္ဂလိပ်ဘက်တော်သားတွေနှင့် ပြင်သစ်အသိုက်အ၀န်းတွေ ပွက်လောရိုက်သွားသည်။
နယူးအော်လီယန်းမှ ဂျာဗာစီ၏ အစ်ကို့စာထဲမှာ ပါသည့်အတိုင်း နိုင်ငံရေးက နိုင်ငံရေး၊ ကုန်သွယ် ရေးက ကုန်သွယ်ရေး ထားသင့်သည်။ စပိန်နှင့် အင်္ဂလန်သည် ရွှေလမ်း ငွေလမ်း ဖောက်နေသော နှစ်နိုင်ငံ ဖြစ်ပါလျက် အန်ဇာဂါဆိုသည့် ဘုရင်ခံငတုံးကြောင့် အနောက် ဖေလော်ရီဒါနှင့် နယူးအင်္ဂလန်တို့ စစ်တိုက်ရမလို ဖြစ်နေပြီ။
ပြင်သစ်ကုန်သည်တို့သည် အင်္ဂလိပ်ကုန်ပစ္စည်း မရလျှင် ဘ၀ပျက်ကုန်တော့မည်။ အလားတူ စိုက် ပျိုးရေး လုပ်ငန်းရှင်ကြီးများ အနေဖြင့်လည်း ဈေးကွက်ပျက်လျှင် ငတ်ကြဖို့ပဲ ရှိသည်။ အခွန်အတုတ် တိုးမြှင့်လိုက်ခြင်းသည်လည်း သူတို့အားလုံးကို သွယ်ဝိုက်စွာ ထိခိုက်လေသည်။ မိမိ တစ်ဦးတည်း အနေဖြင့်မူ ထုံးစံအတိုင်း လှေတွေ စုန်ဆင်းလာစေမည်။ ဘုရင်ခံက ၀င်နှောင့်လျှင် ဓား ဓားချင်း၊ လှံ လှံချင်း ရင်ဆိုင်မည်ဟု ရေးလာသည်။
စာပါ အကြောင်းအရာများတွင် ဆွေးနွေးစရာတွေ အများကြီးရှိသည်ဟု ဖီးလစ် ယူဆသည်။ သို့သော် တကယ့်တကယ်တွင် ဘာမျှ မစဉ်းစားတော့ဘဲ မဲနယ်တွေ အပြည့်တင်ပြီး နယူးအော်လီယန်းသို့ ကိုယ်တိုင် ခိုးသွင်းမည် ဆိုသောအခါ ဂျူးဒစ် တားရတော့သည်။
" အို မိသွားရင် ဘယ့်နှယ်လုပ်မလဲ အစ်ကို "
" ကလေးရယ်၊ အစ်ကို ဒါထက်စွန့်စားရတဲ့ အလုပ်တွေ လုပ်ခဲ့ဖူးပါတယ်၊ မင်းကိုယ်မင်းသာ ကျန်းမာအောင် နေပါ "
နယူးအော်လီယန်းမှ အောင်မြင်စွာ ပြန်ရောက်လာသည်။ သည်တွင်မှ မျက်ရည်တွေတွေကျပြီး ဂျူးဒစ် ဟင်းချနိုင်တော့သည်။
" ဘာဖြစ်သေးလဲဟင် အစ်ကို "
" ဘာမှမဖြစ်ပါဘူး၊ လွယ်လွယ်ကလေးပါ၊ နယူးအော်လီယန်းကို ညအချိန် ၀င်တယ်၊ ကုန်တွေ ညတွင်းချင်း ချတယ်၊ ဂိုဒေါင်ထဲ ညတွင်းချင်းသွင်းတယ်၊ ပြီးပြီပေါ့။ ဘာအခွန်မှ မပေးခဲ့ရဘူး။ ဒီ အန်ဇာဂါဆိုတဲ့အကောင်က အလကား နလပိန်တုံးပါ၊ ပေးနေကျ ဆိပ်ကမ်းခွန်တောင် မပေးခဲ့ရဘူး၊ နောက်ဆို ဒီလိုပဲ မှောင်ခိုသွင်းကြတော့မယ်၊ သူ့ဆိပ်ကမ်း ပြင်ဖို့ ပိုက်ဆံတောင် သူ ရတော့မှာ မဟုတ်ဘူး၊ တကယ် ရယ်ရတယ် "
သူက ရယ်ရယ်မောမော ပြောနေသည်။ ဂျူးဒစ် သက်ပြင်းချရင်း ခေါင်းယမ်းသည်။ သူက အရာတိုင်းကို ရယ်စရာအဖြစ်သာ မြင်တတ်သူ။ အန္တရာယ်နှင့်နီးလေ သူ ရယ်စရာလုပ်လေ။ မိသွားလျှင် ကြိုးပေးခံရမည့်ကိစ္စကျတော့ သူ့ခေါင်းထဲ တစ်ခါမျှ ၀င်ဟန်မတူ။
သို့သော် သူ သည်လိုစွန့်စား၍ပင် ဝေါ်လ်တာပါစယ်ကို မြေဖိုးတွေ ချေနိုင်ခြင်းဖြစ်၍ ဂျူးဒစ် ကျေးဇူးတင်ရပြန်သည်။ ဒါကလည်း ဂျူးဒစ်ဇွတ်တိုက်တွန်း၍ ဆပ်ဖြစ်ခြင်းဖြစ်၏။ သူက အိမ်အတွက် ကျွန်တွေ ထပ်ဝယ်ဦးမည် တကဲကဲလုပ်နေသည်။ ကြွေးတင်သည့်အလုပ်ကို ရှက်စရာ အဖြစ် နားလည်ထားသည့် ဂျူးဒစ်က သူ့ကို မနည်း ဖျောင်းဖျယူရသည်။
ဖီးလစ် ဟောကိန်းထုတ်သည့်အတိုင်းပင် နွေဦးမပေါက်ခင် မှောင်ခိုလှေတွေ ခေတ်ထလာ၏။ သူကိုယ်တိုင် နောက်ထပ် သုံးခေါက်ရလိုက်သေးသည်။ ဘုရင်ခံ အန်ဇာဂါ လက်မှိုင်ချရတော့၏။ ရင်တမမ ဖြစ် နေသော်လည်း ဂျူးဒစ်မပူရုပ် ဆောင်နေရသည်။ သည်လို မိုက်မိုက်ကန်းကန်း တစ်ဇွတ်ထိုး လုပ်တတ် သည့် အမူအကျင့်တွေကြောင့်များ သူ့ကို ပိုချစ်နေသလား မသိ။
ယုန်ခြေထောက်အစွမ်းလား ဘာလားမသိ၊ ဒုတိယသားကို လွယ်လွယ်ကလေး မွေးနိုင်သည်။ အံ့သြစရာပင်။ ခရစ္စတိုဖာ ကိုလံဘဘတ်စ်ဟု နာမည်ပေးဖို့ ဂျူးဒစ်က တိုက်တွန်းသည်။
" စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ကိုလံဘတ်စ်လို့ ထင်လာတယ်။ ဒီသားအလှည့်မှာ အသစ်အဆန်း တွေချည်း တွေ့ခဲ့ရတယ် မဟုတ်လား၊ ကမ္ဘာသစ်ကို ရောက်နေရသလိုပဲ "
ဖီးလစ်က -
" ကိုလံဘတ်စ်ဆိုတဲ့ နာမည်ကို မကြိုက်ပါဘူးကွာ၊ ခရစ္စတိုဖာဆိုတော်ရောပေါ့" ဟု ဆိုသဖြင့် ဒုတိယ သားရတနာ၏ အနွတ္တသညာ ခေါ်စရာမှာ ခရစ္စတိုဖာ ဖြစ်သွားလေသည်။ သည်တော့မှ ဂျူးဒစ် တစ်ခါက ပြောဖူးသည်ကို ဖီးလစ် ပြန်စဉ်းစားမိသည်။ ဘာအဓိပ္ပာယ်နှင့် ပြောတာပါလိမ့်။
" အစ်ကိုနဲ့ လက်ထပ်ရတာ ကမ္ဘာသစ်တစ်ခုကို သင်္ဘောတစ်စင်းနဲ့ ရွက်လွှင့်နေရသလိုပဲ" တဲ့လေ။
စာရင်းချုပ်လိုက်တော့ ရလိုက်သည့် အမြတ်တွေမှာ မယုံနိုင်စရာပင်။ ငွေတွေရလာလို့လည်း ပျော်၏။ စပိန် အကောက်ခွန်သမားတွေကို လွတ်လွတ်ကျွတ်ကျွတ် အရှောင်အတိမ်း လုပ်နိုင်သဖြင့် ၀မ်းသာနေ၏။
ဂျူးဒစ်ကလေးကို လိုလေသေးမရှိ ၀ယ်ပေးနိုင်တော့မည်။
ဆက်ရန်
.
No comments:
Post a Comment