(အတာလည်း ဤသို့လျှင် "ဟင်"အရှည်ကြီးဖြင့် ညည်းညူလိုက်ပြီးမှ
"ကျွန်တော် ဈေးကိုတော့ လိုက်သွားပြီး မတောင်းချင်ဘူး၊ တော်ကြာ ဆူနေဦးမယ်" ဤ စကား မှန်သည် ကို ကိုထွန်းအောင် မငြင်းနိုင်။ သို့နှင့်ပင် "ကဲ ဒီလိုလုပ်၊ မင်းတို့ကျောင်း နေ့လယ် ဘယ် အချိန် မုန့်စားလွှတ်သလဲ"
"၁၂ နာရီ" "အေး၊ ၁၁ နာရီခွဲလောက် ငါ လာပို့မယ်၊ မင့်အမေဆီ ငါပဲသွားတောင်းပြီး လာပို့မယ်၊ ဟုတ်လား") ကို ဆက်ရန်................

ဤလို အထစ်ထစ်အငေါ့ငေါ့ ကိစ္စကလေးများနှင့် အမြဲတစေ ရင်ဆိုင်နေရသော အတာကလေး၌ ပညာ သင်ရသည်မှာ အဘယ်သို့လျှင် ရွှင်ရွှင်လန်းလန်းရှိနိုင်ပါတော့မည်နည်း။
သို့သော် ထူးခြားသော အတာသည် ဤလို စိတ်မချမ်းမြေ့ဖွယ်ရာသော ဒုက္ခကြားထဲမှပင် စာကို ကြိုး ကြိုးစားစား လေ့ကျက်၏။ ဂရုတစိုက် မှတ်သား၏။ စာသင်ချိန်တွင် စိတ်ကို အတတ်နိုင်ဆုံး ကြည် ကြည်လင်လင်ထား၏။
ဤလိုနှင့် ကိုထွန်းအောင် အလုပ်ပြုတ်ခဲ့ပြီးနောက် အရက် ၂၀ လောက်အရတွင် ကိုထွန်းအောင်လည်း မသိန်းမေ ခွင့်ပြုချက်အရ ကျောက်ထိုးအတတ်ပညာသင်တန်းတက်ရန် ယနေ့ညပင် မိတ္ထီလာသို့ ခရီး ထွက်ရမည်ဖြစ်၍ ရှိစုမဲ့စု အဝတ်အစားကလေးများကို သံသေတ္တာတစ်လုံးတွင် တရိုတသေထည့်ရင်း အလုပ် ရှုပ်နေ၏။ ထိုအချိန်နှင့် အတာကလေး ကျောင်းမှပြန်လာခိုက် ကြုံကြိုက်နေသည်တွင် အတာ လည်း ကိုထွန်းအောင်၏အပြုအမူများကို မြင်လိုက်ရသည်နှင့် စိတ်ထိခိုက်သလို တွေနေရာမှ
"မိတ္ထီလာ ကို သွားတော့မလို့လား ဟင်"
သို့ အတာ က အနီးတွင် လာထိုင်ရင်း မေးလိုက်သည်တွင် ကိုထွန်းအောင်က ရုတ်တရက်မဖြေ။ အတာ အား ကြင်နာ လှသော အမူအရာဖြင့် တွေကြည့်နေပြီးမှ
"အေးကွာ၊ ငါ ဒီညပဲ သွားရလိမ့်မယ်"
ကိုထွန်းအောင်က ဝမ်းနည်းသံကြီးနှင့်ပင် ပြောရင်းအ တာ့ကိုယ်ကလေးကို စုဖက်ဆွဲယူတဲ့ကာ
"မကြာခင် ငါ ပြန်လာမှာပါကွာ၊ ငါ မိတ္ထီလာကပြန်လာရင် ကျောက်ထိုးဆရာဝန် အလုပ်ရမယ်၊ ဒီတော့ မှ လခလဲ များများ ရမယ်၊ အဲ့ဒီအခါကျတော့မှ မင့်ကိုလဲ အဝတ်အစားတွေ ဘာတွေ ကောင်းကောင်း ဝယ်ပေးနိုင် မှာကွ၊ သိလား"
အတာတွင် မျက်ရည်လည်ရွဲနှင့် ဝမ်းနည်းနေရှာ၏။ ကိုထွန်းအောင်တွင်လည်း စိတ်မကောင်းနိုင်။ သူ သွားနေသည့် ရက်၊ လ အပိုင်းအခြားအတွင်း၌ အတာကလေး ကြုံတွေ့ရနေရမည့် ပြဿနာကို မတွေး ဝံ့အောင် ပင် ရှိနေ၏။
"ဟိုရောက်ရင် ကျွန်တော့်ဆီကို စာရေးပါနော်"
"ရေးမှာပေါ့ကွာ၊ မင်းကလဲ ငါ့ဆီကို စာရေး ဟုတ်လား"
"ဟုတ်ကဲ့ ကျွန်တော်ကတော့ ခဏခဏ ရေးမှာပဲ"
ထိုအခိုက်တွင် မသိန်းမေ၏အသံကြားလိုက်ရသည်နှင့် အတာလည်း ကိုထွန်းအောင် အနီးမှ ခပ်သုတ် သုတ် ဆုတ်ခွာလိုက်ရတော့၏။
နောက်တစ်နေ့ မိုးလင်းသည်နှင့် မသိန်းမေလည်း ရှောရှောရှူရှူပင် အတာအား မုန့် ဖိုးခြောက်ပြား ပေးပြီးမှ ဈေးသို့ထွက်သွား၏။ အတာ၌ မုန့်ဖိုးအတွက် စိတ်မထင့်ရဘဲနှင့် လွယ်လွယ် ရလိုက်သော ကြောင့် ရုတ်တရက် ဝမ်းသာသွားပြီးမှ ခါတိုင်းကဲ့သို့ လက်ဖက်ရည်နှင့် နံပြားထောပတ်သုတ် ဝယ် မခိုင်းတော့သဖြင့် သူ့တွင် နံနက်စောစောအတွက် ဘာမျှမစားရတော့ဘဲ ဝမ်းအဟာသား ကျန်ရစ် ခဲ့တော့ ၏။
ယမန်နေ့ညကလည်း ကိုထွန်းအောင် မိတ္ထီလာသွားရေးကိစ္စဖြင့် အလုပ်ရှုပ်နေသောကြောင့် မသိန်းမေ က ထမင်းဖိုးပေးရန် မေ့သွားသဖြင့် အတာတွင် နံနက်ပိုင်းက ချန်ထားခဲ့သော ပိုက်ဆံနှစ်ပြားဖြင့် ညစာ ပြီးခဲ့ ရသောကြောင့် အိပ်ရာမှနိုးသည်နှင့် သိသိသာသာကြီး ဆာနေ၏။ သို့နှင့် မသိန်းမေ ပေးခဲ့သော ကျောင်းမုန့်ဖိုးခြောက်ပြားထဲမှပင် ပိုက်ဆံနှစ်ပြားနုတ်၍ ခပ်သုတ်သုတ် ဆင်း သွားကာ အီကြာကွေးနှင့် ဆန်ပြုတ်ကို တစ်ပြားဖိုးစီ ရောထွေး၍ ဝမ်းအေးအောင် မြုံ့ခဲ့ရ၏။
သူတို့နေရသည့် မောင်ခိုင်လမ်း (ယခု ဗိုလ်ရွှဲလမ်း)မှာ တရုတ်ရပ်ကွက်လို ဖြစ်နေသည်နှင့်အညီ စား သောက်ဖွယ်ရာ ဆို၍လည်း တရုတ်အစားအစာဆိုင်သာ များ၏။ မြန်မာအစာဆို၍လည်း မုန့်ဟင်းခါးနှင့် ကြာဆံကြီးကလွဲ၍ ဘာမျှမရှိ။ မုန့်ဟင်းခါးမှာလည်း အနည်းဆုံး တစ်ပန်းကန် နှစ်ပြား၊ ဘူးသီးကြော် စသော အကြော်တစ်ခုခုနှင့်ဆိုမူ သုံးပြား ပေးရ၏။ ကလေးဖြစ်၍ မုန့်တစ်ပြား၊ အကြော် တစ်ပြားဖိုး စား လျှင် ရနိုင်သော်လည်း အီကြာကွေးနှင့် ဆန်ပြုတ်လောက် များများမရ၊ ဝလည်း ဝမည်မဟုတ်သော ကြောင့် အတာ့အဖို့တွင် အရသာရှိသော အစားအစာထက် ဗိုက်တင်းမည့်အစာကိုသာ ဦးစားပေး၍ ရွေးရရှာ၏။
ကိုထွန်းအောင် ထွက်သွားပြီးနောက် လေးရက်မြောက်သောနေ့တွင် တစ်တစ်စောင်ရောက်လာ၏။ စာအိတ်ထဲတွင် စာ ၂ စောင်ပါလာ၏။ တစ်စောင်မှာ မသိန်းမေအတွက်ဖြစ်ပြီး အခြားတစ်စောင်မှာ အတာ့ထံ ရေးလိုက်သော စာဖြစ်၏။ နှစ်စောင်စလုံးကိုပင် အတာက ဖတ်ပြရ၏။
မသိန်းမေအား ပေးစာတွင် သူ မိတ္ထီလာသို့ ချောချောမောမောရောက်ကြောင်း ကံအားလျော်စွာ သူနှင့် ငယ်ရွယ်စဉ်က အလွန်ရင်းနှီးခဲ့ဖူးသော မိတ်ဆွေတစ်ဦး မိတ္ထီလာတွင် အိမ်ထောင်ကျ၍ ကြီးပွားနေသ ဖြင့် သူ့အဖို့ အစစ အကူအညီရနိုင်ကြောင်းအပြင် ကျောက်ထိုးပညာသည် လာဘ်မြင်တတ်သော သူ့ အဖိုပ၌ ခဲယဉ်းမည်မဟုတ်၍ လွယ်လွယ်နှင့် တတ်မြောက်အောင်မြင်မည်ဖြစ်ကြောင်းများကို ရေးသား ထား၏။
အတာ့ထံ ပေးစာတွင်မူ
သားလေး အတာ
ငါ မိတ္ထီလာကို ကောင်းကောင်းမွန်မွန်ပဲ ရောက်တယ်၊ မင်း ပညာကို ကြိုးစားပါ၊ လိမ်လိမ်မာမာ နေပါ၊ ခု တန်ဆောင်တိုင်ပွဲမှာ လမ်းထဲ အငြိမ့်တွေ ဘာတွေခံလိမ့်မယ် မဟုတ်လား၊ ညဥ့်နက်အောင် မကြည့်နဲ့၊ အိပ်ပျက်မယ်၊ နေထိုင်မကောင်းရင် ကျောင်းပျက်မယ်၊ ငါ မကြာခင် ပြန်လာခဲ့မယ်၊ မင်း အား မငယ်နဲ့။ စာကိုသာ ကြိုးစားကွာ
အဖေထွန်း
အရေးတယူပို့လိုက်သော ပေးစာတစ်စောင်ဖြင့် အတာ့အဖို့၌ ပထမဆုံးအကြိမ် ဖတ်လိုက်ရသော ကြောင့် အတာသည် ချာချာလည်သွားမလောက် အူမြူးဝမ်းမြောက်နေ၏။ လူကြီးတစ်ယောက် ဖြစ် သွားသကဲ့သို့လည်း သူ့ကိုယ်သူ အထင်ရောက်သွား၏။
ချက်ချင်းဆိုသလိုပင် သူ့မေမေ ရေးခိုင်းသော ပြန်စာနှင့်အတူ သူကလည်း ကိုထွန်းအောင်ထံ သီးသန့် စာတစ်စောင်ကို လှလှပပကလေး ရေးလိုက်သေး၏။
တန်ဆောင်တိုင်ပွဲတော်လည်း ပြီးစီးခဲ့လေပြီ။ အတာသည် ကိုထွန်းအောင် ရေးသားဆုံးမလိုက်သည့်အ တိုင်း လမ်းထဲရှိ တရုတ် ဗုဒ္ဓဘာသာအသင်းမှ ခင်းကျင်းကပြသော သူ အလွန်သဘောကျသည့် လူရွှင် တော် ဒန်ပေါက်နှင့် ညှပ်ကြီးတို့ပါသော အငြိမ့်ကိုပင် အတာသည် ပွဲသိမ်းသည်အထိ မကြည့်ဘဲ လက် ထောက်မင်းသမီး အပြီး ည ၁၀ နာရီလောက်တွင် အိမ်ပြန်အိပ်၏။
နောက်တစ်နေ့ အတာကလေး အိပ်ရာမှအနိုးတွင် ဈေးသွားရန် လှေကားထိပ်သို့ ရောက်နေပြီဖြစ်သော မသိန်းမေကို မြင်လိုက်သည်နှင့် အတာလည်း အလူးအလဲထကာ
"မေမေ ကျွန်တော် ဒီနေ့ ကျောင်းသွားရမယ်"ဟု အတာက မဝံ့တဝံ့နှင့် အရဲစွန့်ပြောလိုက်သည်ကို "အဲဒါ ဘာဖြစ်လဲ"
မသိန်းမေက မျက်နှာထားတင်းတင်းနှင့် အတာအား သမင်လည်ပြန်လှည့်ကြည့်ရင်း မေးလိုက်၏။
အတာကလည်း ဘာဆိုလိုသည်မှာ မသိန်းမေ သိ၏။ သို့ သေသေချာချာ သိပါလျက်နှင့် ဤလိုမေးခွန်း မျိုး ထုတ်လိုက်သည်ကို အတာ မည်သို့ဖြေရမည်နည်း။
"ကျောင်းသွားတော့ ဈေးကိုဝင်ခဲ့"
ယခုမှပင် လိုရင်းစကားကို မသိန်းမေ ပြောလိုက်တော့၏။ ခက်သည် ခက်သည်မှာ သာမန်ခက်ပုံမျိုး မဟုတ်။ ကိုထွန်းအောင် ပြောဖူးသည့်အတိုင်း "မင်းအမေကို ငါ ဘယ်လိုနားလည်ရမှန်း ခုထိ မသိသေး ဘူး"ဟူသကဲ့သို့ပင် မသိန်းမေ၏စိတ်နေစိတ်ထားကို အကဲခတ်ရ ခက်နေတော့၏။
"ကျွန်တော် ဒီနေ့ ကျောင်းသွားရမယ် မေမေ"
"အေး မုန့်ဖိုး ဈေးမှာလာယူ"
အဖြေသည် ဤအတိုင်းသာဖြစ်သင့်ပါလျက် အဘယ်သို့သော စိတ်ထားဖြင့် "အဲဒါ ဘာဖြစ်သလဲ"ဟူ သော စကားမျိုးကို သုံးလိုက်သည်မသိ။ စင်စစ် ထိုစကားသည် သားသမီး၏ပညာရေးကို လျစ်လျရှု၍ ဥပေက္ခာထားလိုက်သည့်သဘောမျိုး သက်ဝင်ရုံသာမက ဘေးလူအနေဖြင့်လည်း ကြား၍ မလျော်သည့် အတော် ကမောက်ကမနိုင်သော စကားမျိုးဖြစ်သည်ကို မသိန်းမေ ကိုယ်တိုင်သော်မှ သိပါလေ၏လော။
အတာကလေးအပေါ်၌ ဂရုတစိုက်ရှိလှသည့် ကိုထွန်းအောင်၏ အပြောအဆို အပြုအမူကို သက်သေ ထူ၍ "အဲဒါ ပထွေး"ဟု ပြောလျှင် ယုံနိုင်စရာမရှိသကဲ့သို့ မသိန်းမေ၏အမူအရာလက္ခဏာမှာလည်း "အမေအရင်းပါ"ဟု ကျိန်တွယ်၍ ပြောစေကာမူ အကြောင်းမသိက ယုံကြမည်ပင် မဟုတ်တော့ပေ။
အတာလည်း ရေမိုးချိုး၍ ကျောင်းလွယ်အိတ်ကို အသင့်ပြင်ကာ ရှစ်နာရီထိုးသည်နှင့် အိမ်မှထွက်ခဲ့၏။ မောင်ခိုင်လမ်း (ယခု ဗိုလ်ရွဲလမ်း)နှင့် သိမ်ကြီးဈေး မှာ ဝေးလှသည် မဟုတ်။ ပေသုံးရာသာသာမျှသာ ရှိ သော်လည်း ထိုခရီးကို အတာ သည် လေးငါးမိနစ်မျှအချိန်ယူ၍ လျှောက်နေ၏။ သူ့မေမေ သည် ကျောင်းမုန့်ဖိုး ကို အေးအေး လူလူ ပေးပါလေမည်လော။ မျက်လုံးမျက်ဆံပြူးပြရင်း "ဘာလဲ" ဟု အော် လိုက်သော် ခက်ရချည့်ဟူသော အတွေးဖြင့် ရင်တလေးလေး လှမ်းလာခဲ့၏။ မသိန်းမေထိုင်၍ ရောင်း လေ့ရှိသောနေရာသို့ ရောက်သည်နှင့် အတာ သည် ရင်ထဲတွင် "ဒိတ်"ခနဲ ထိတ်သွားရှာ၏။ ဈေးဗန်းကို သာ တွေ့ရပြီး မသိန်းမေကိုမူ အရိပ်အယောင် မျှ မမြင်ရသောကြောင့်
"မေမေ ဘယ်သွားလဲ ဟင်"
အတာ လည်း ဆိုင်နီးချင်း ဘီးသည်တစ်ဦးအား မေးလိုက်သည်တွင်
"ပြောတတ်ဘူး အတာ၊ ခုလေးတင်ပဲ ပုလိပ်တစ်ယောက်နဲ့ ထွက်သြွးတယ်"
ထိုစကားကြားလိုက်ရသည်နှင့် အတာကလေး တွေသွား၏။ အချိန်အကန့်အသတ်မရှိ၊ အဘယ်အခါ တွင်မှ ပြန်လာမည်လည်း မသိသောကြောင့် "ကျောင်းမှ မီပါ့မလား"ဟူသော စိုးရိမ်မှုကလေးဖြင့် အတာသည် လူကြီးတစ်ယောက်ကဲ့သို့ပင် သက်ပြင်းကလေးကို ဟင်းခနဲ ချလိုက်မိရှာ၏။
နာရီ၏စက္ကန့်သံနှင့်အတူ အတာ၏ရင်ကလေးသည် တဒုဒုခုန်လျက်ရှိ၏။ တဒေါင်ဒေါင်နှင့် ကိုးချက်တိ တိတီးလိုက်သော သိမ်ကြီးဈေးနာရီသံကြောင့် အတာတွင် အဘယ်ပုံ စိတ်ထိခိုက်သွားသည် မသိ။ မျက်ရည်ကလေးပင် တဝေဝေလည်လာကာ တောင်မြောက်လေးပါးသို့ မျက်လုံးကစားရင် သူ့မေမေကို ရှာနေ မိ၏။
ကိုးနာရီထိုးပြီးသွားပြီဖြစ်၍ အတာတွင် ပို၍ လှုပ်ရှားလာ၏။ ကျောင်းသည် ကိုးနာရီခွဲတိတိတွင် တက် သည်ဖြစ်သောကြောင့် ခြေကျင်လျှောက်သွားရမည့် အချိန်နှင့်ဆိုလျှင် ယခုသွားပါမှ အချိန်မီရုံသာ ရှိ မည်ဖြစ်၏။ သာမန် ကျောင်းသားတစ်ယောက်ဖြစ်က ကျောင်းတက်မှ ရောက်သည့်တိုင် အရေးမကြီးလှ သော်လည်း အတာမှာမူ မော်နီတာဖြစ်နေသည့်အလျောက် သူများ ထက် စောစောရောက်ရမည်၊ ကျောင်းသင်ပုန်း သုတ်ရမည်၊ အတန်းကို သပ်ရပ်အောင် ရှင်းလင်း ထား ရမည် ဖြစ်၏။
သို့တွေးမိလေ အတာတွင် နေမထိထိုင်မထိ ရှိလေဖြင့် မုန့်ဖိုးကိုပင် စောင့်မတောင်းတော့ဘဲ ထွက်သွား ရကောင်းနိုးနိုး၊ သူ့တွင်လည်း စုပြီးဆောင်းပြီး ပိုက်ဆံမရှိ၍ သူ့မေမေလာသည် အထိ ပင် စောင့်နေရ ကောင်းနိုးနိုးဖြင့် စိတ်မောလူမောဖြစ်နေရှာ၏။
"ဟဲ့ကောင်၊ မသွားသေးဘူးလား ကျောင်းကို" သို့လျှင် ဈေးကြားထဲမှထွက်လာရင်း မသိန်းမေ အော်မေးလိုက်မှ အတာလည်း ချာခနဲလှည့်ကြည့်မိ တော့၏။ မုန့်ဖိုးမရသေး၍ လာစောင့်နေသည် ကို သိသင့်ပါလျက် မသိန်းမေသည် ဤလိုကမောက်ကမ မေးခွန်းကိုပင် ထုတ်လိုက်ပြန်ချေသေး၏။
"သွားမယ် မေမေ၊ ကျွန်တော် ခု ကျောင်းသွားမလို့ပဲ"
အတာလည်း သို့လျှင် အဖြေပေးရင်း သူ့မေမေအနီးသို့ မရဲတရဲ ကပ်သွား၏။ မသိန်းမေကမူ မုန့်ဖိုးပိုက် ဆံကို ရုတ်တရက် ထုတ်မပေးသေး။ ဈေးဗန်းကို ဖုန်ခါလျက် ဗန်းထဲရှိ ပစ္စည်းများကို ဟိုရွှေ့သည်ရွှေ့ နေရာပြင်လိုက်ဖြင့် သူ့ကိစ္စတွင်သာ တလှုပ်လှုပ် စိတ်ဝင်စားနေပြီးမှ
"ရော့" ဟူသော အသံနှင့်အတူ ပိုက်ဆံတစ်ခု ပစ်ပေးလိုက်၏။
အတာ လည်း ပျာပျာသလဲ ကုန်းကောက်၍ လက်ထဲရောက်မှပင် မတ်စေ့ကလေးဖြစ်နေသည်ကို တွေ့ ရသည်နှင့် "သွား အမ်းရမလား မေမေ"
"ဘာလဲ။ မအမ်းလို့ အကုန်ယူသွားချင်သေးသလား၊ သွားအမ်း"
ကျောင်းသွားရန် အချိန်မရှိသလောက် နည်းနေပြီဖြစ်သော အတာ့အဖို့၌ ပိုက်ဆံလျှောက်အမ်းရမည့် အလုပ်တစ်ခု ပိုလာပြန်တော့၏။ သို့သော် အတာ ဘာကိုမျှမစဉ်းစားနိုင်။ မတ်စေ့ကလေးတကိုင်ကိုင် နီးရာဈေးသည်များထံ အကြွေပိုက်ဆံ လည်အမ်းရတော့၏။ မုန့်ဟင်းခါးသည်ကလည်း သူ့တွင် အကြွေ များများရှိမှ သူ့အဖို့ ထအမ်းရမည့်ဒုက္ခမှကင်းမည်ဖြစ်၍ အတာ့ကိုမအမ်းနိုင်။ သတင်းစာသည် ကုလား ကည်း ထို့အတူ၊ ရှာလပတ်ရည်ဆိုင်ကလည်း ခေါင်းခါပြ၏။ နာဍောင်းကြယ်သီး သည်ကလည်း ဈေးဦး ပေင်မပေါက်သေးဟု ပြောလိုက်သောကြောင့် နောက်ဆုံး၌ အတာလည်း သူ့အားထားရာဖြစ်သော မမ သက်ဆိုင်သို့ ခြေကုန်သုတ်ရတော့၏။
အကြွေကား ရခဲ့၏။ သို့သော် ကျောင်းချိန်မှာ အတော်ကလေး နောက်ကျသွားပြီဖြစ်၍ အတာလည်း ပိုက်ဆံ မနှမြောနိုင်တော့ဘဲ ကျောင်းသို့ အမြန်ရောက်စေရန် တစ်ပြားအကုန်ခံ၍ ဘတ်စ်ကား စီးသွားရ တော့၏။ ထိုခေတ်က သိမ်ကြီးဈေးနှင့် မော်တင်ကို အာအီးတီပိုင် ဘတ်စ်ကားများက နှစ်ပြားယူသော် လည်း မြန်မာပိုင် ဘတ်စ်ကားများက တစ်ပြားနှင့်ပို့၏။ ထို့ကြောင့်လည်း အတာတွင် တစ်ပြားသက်သာ သွားတော့၏။
အတာကလေး အဖို့၌ အနှောင့်အယှက်သည် လက်မလည်နိုင်အောင် များနေတော့၏။
ကျောင်းရောက်သည့် အချိန်၌ တစ်ကျောင်းလုံးပင် ဘုရားရှိခိုးတက်နေကြပြီဖြစ်၍ အတာလည်း ဘုရားရှိ ခိုးရန် တက်လိုက်မသွားတော့ဘဲ ကျောက်သင်ပုန်းသုတ်၊ အတန်းရှင်းဖြင့် သူ့ဝတ္တရားကို သူကျေပွန် လျက်ရှိ၏။
ဘုရားရှိခိုးပြီးကြ ၍ ဆရာမနှင့်တူ အတန်းသားများ ရောက်လာပြီးနောက် မကြာမီပင် ဆရာမက
"ကျောင်းလခ ယူလာတဲ့လူ လာပေးကြ"
သို့လျှင် ဆရာမပြောလိုက်မှ ကျောင်းလခကို အတာ သတိရလာတော့၏။ ယခင့်ယခင် လများကမူ အတာသည် ကျောင်းလခပေးရမည့်ရက်ကို ထူးထူးထွေထွေ မှတ်သားမထားခဲ့မိဘဲ လဆန်း ၁ ရက်နေ့ ညနေတိုင်း ကိုထွန်းအောင်က ပေးအပ်ထားလေ့ရှိသောကြောင့် နောက်တစ်နေ့တွင် သူက ဆရာမကို ပေးလိုက်ခြင်းဖြင့် လွယ်လွယ်ပင် ကိစ္စပြီးခဲ့၏။
ဆရာမသည် လဆန်း ၁ ရက်နေ့တိုင်း အတန်းသားများကို ဤလို သတိပေးတောင်းဆိုဖူး၏။ ထိုစဉ်က အတာ မတုန်လှုပ်ခဲ့။ နှစ်ရက်နေ့တွင် ပေးနေကျဖြစ်သောကြောင့် စိတ်အေးလက်အေးဖြင့်ပင် နောက် တစ်နေ့မှ ပေး၏။ မှန်မှန်လည်း ပေးနိုင်ခဲ့၏။
သို့သော် ယနေ့သည် လဆန်း ၁ ရက်နေ့ မဟုတ်။ ပွဲတော်ရက်များ ခံနေသောကြောင့် ယနေ့ တနင်းလာနေ့ သည် လဆန်း ၄ ရက်ပင် ရှိခဲ့ပြီဖြစ်၏။ သူ ကျောင်းလခ မပေးနိုင်သေး။ နောက်တစ်နေ့ တွင် ပေးနိုင်လိမ့်မည်ဟူ၍လည်း အတာ မျှော်လင့်ချက် မထားနိုင်။ ကျောင်းလခအတွက် အားထား ရာ ဖြစ်သော ကိုထွန်းအောင်သည်လည်း တစ်ရပ်တစ်ကျေးအဝေးသို့ ရောက်နေ၏။
ထိုကျောင်းလခနှင့်ပတ်သက်၍ အတာသည် အခြားအားကိုးဖွယ်ရာ မတွေ့တော့သည်တွင်မှ မလွှဲသာ မရှောင်သာ သူ့မေမေကို မြင်လာရတော့၏။ သို့သူ့မေမေကို မြင်လာသည်မှာလည်း ဧကန်မုချ သူလိုနေ သော ကျောင်းလခကို ရလိမ့်မည်ဟူသော ယုံကြည် ချက်ဖြင့် မြင်ခြင်းမျိုးကားမဟုတ်။ နောက်ဆုံးဖြစ် သော အားကိုးရာအနေဖြင့် ရလို ရငြား မျှော်လင့်ချက်ကလေး ထားမိခြင်းသာဖြစ်၏။
"မုန့်ဖိုးကလေးတောင် ဆဲဆိုပြီးမှ ပေးတာ၊ ခုလို ငွေနှစ်ကျပ်တောင် ဆိုတော့"
အတာ ဆက်မတွေးဝံ့။ ထိုနေ့တစ်နေ့လုံးအဖို့ သူ့ ကျောင်းလခပြဿနာကိုသာ တွေးရင်း စိတ်မောရင်း ရှိနေခဲ့ရသောေ ကြာင့် သူလုပ်သမျှ အားလုံးလိုလိုပင် အမှားမှား အယွင်းယွင်းဖြစ်နေတော့၏။
"အတာ ဒီနေ့ မင်း ဘာဖြစ်နေသလဲ၊ ခါတိုင်းဆိုရင် ဘယ်လိုခက်တဲ့ပုစ္ဆာဖြစ်ဖြစ် မင်း အားလုံးမှန်အောင် တွက်နိုင်တယ်၊ ပထမဆုံးပြီးတယ်၊ ခု အင်မတန်လွယ်တဲ့ အတွက်ကျမှ မင်း ဘာဖြစ်နေတာလဲ၊ ကြည့် စမ်း၊ အားလုံး အမှားချည်းပဲ"
အတာတွင် မျက်နှာပင် မဖော်ဝံ့အောင် ရှက်သွားရှာ၏။
"ဘာလဲ မင်း နေမကောင်းဘူးလား အတာ"
"ကောင်းပါတယ် မမ"
"မဟုတ်ဘူး၊ မင်းတစ်ခုခုတော့ ဖြစ်ပြီ၊ မင့်ကြည့်ရတာလဲ မျက်နှာမသာမယာနဲ့၊ သွား မျက်နှာသွားသစ် ချည်၊ ပြီးမှ ပြန်တွက်"
နေ့လည် မုန့်စားလွှတ်၍ သူ့ဆရာမကိစ္စပြီးစီးခဲ့သော်လည်း အတာသည် မုန့်ဆိုင်တန်းသို့မသွားဘဲ တစ်ခုသော သုံးပန်လှပင်ကလေးအောက်တွင် ထိုင်ရင်း ငိုင်နေပြန်၏။ ကျောင်းလခအတွက် ရင်မအေး နိုင်သည်နှင့်အမျှ အတာ့တွင် သောကဖြင့်သာ တွေးနေတော့၏။
ထိုနေ့အဖို့ အတာ ဘာလုပ်လုပ် ကပေါက်ကချာနှင့် ဆရာမ၏အဆူကိုပင် မခံရစဖူး ခံခဲ့ ရတော့၏။ ကျောင်းလွှတ်၍ ဆရာမအား ထုံးစံအတိုင်း ကားဆိပ်လိုက်အပို့တွင်
"ဒီနေ့ မင်း ဘာဖြစ်တယ် မသိဘူး၊ အားကြီးညံ့တာပဲ၊ နက်ဖြန် ဒီလိုမဖြစ်စေနဲ့နော်"
"ဟုတ်ကဲ့ မမ၊ ဒီနေ့ ကျွန်တော် ခေါင်းနည်းနည်းကိုက်လို့ပါ"ဟု မလိမ်စဖူး လိမ်လိုက်မိ၏။
"မနက် က မမ မေးတော့ ဘာမှမဖြစ်ဘူးဆို၊ အေး နက်ဖြန် နေမကောင်းရင် မလာနဲ့"
ထိုစကားအတွက်မူ အတာ ဘာမျှပြန်မဖြေသေးဘဲ ခေါင်းကလေး ငုံ့ကာ ငြိမ်နေပြီးမှ
"မနက်ဆို ကျွန်တော် နေကောင်းသွားမှာပဲ"
ထိုအခိုက်တွင် ဘတ်စ်ကားလည်း ထိုးဆိုက်လာသဖြင့် ဆရာမ ကားပေါ်တက်၍ မော်တော်ကားထွက် သွားမှ အတာလည်း အိမ်ဘက်သို့ လျှောက်လာခဲ့၏။
ဆက်ရန်
.

2 comments:
အစ်မသူငယ်တန်းတက်တုန်းက တစ်နေ့ကိုမုန့်ဘိုး ၂၅ပြားရတယ် မုန့်ဟင်းအကြော်စုံတစ်ပွဲ ၁၀ပြားး)
အတာလေးက အသက်နဲ့မလိုက်အောင် စိတ်ဖိစီးမှုတွေခံစားရတယ် သနားစရာကောင်းတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အရမ်းကို ဖတ်နေခြင်းတဲ့ စာအုပ်ပါ အခုမမျှော်လင့်ဘဲ့ ဖတ်ခွင့်၇လို့ အစ်မေ၇ွှဇင်ဦးကို ကျေးဇူတင်ပါတယ်းးးးစာေ၇းဆ၇ာ ၇ုပ်၇ှင်ဒါ၇ိုက်တာ သာဓု၇ဲ့ ဘ၀ အမှန်ပါ တဲ့ သာဓုအမေက ဒီထက်ဆိုးတာတွေတောင် ၇ှိပါတယ်တဲ့ စာဖတ်ပ၇ိတ်သတ်က ဇတ်နာအောင်ထည့်ေ၇းတယ်ထင်မှာ စိုး၇ိမ်းလို့ ထည့်မေ၇းတာပါလို့ တစ်ခါက ဆ၇ာသာဓုက အင်တာဗျုး ၁ ခုမှာပြောဖူးတာဖတ်ခဲ့၇တယ်(အဲဒီအချိန်ကစပြီ ဒီစာအုပ်ကိုဖတ်ခြင်းလို အင်တာနက်မှာ၇ှာနေတာ အခုမှတွေ့ တောတယ်)သာဓုကချမ်းသားတော့ သူအမေကို ဈေးမေ၇ာင်းပါနဲ့လို တားတာမ၇လို့ .မားစီတီးကားနဲ့ ဈေးဗန်းကိုလိုက်ပို့ လိုက်ကြိုလို့ ပြီး သူအမေကိုစိတ်ချမ်းသာအောင်ထားခဲ့တယ်
Post a Comment