Wednesday, March 21, 2012

သာဓု ၏ အတာ, အပိုင်း (၁၃)

( "တကယ်လို့ မေမေ ၃၆ ကောင် မထိုးရင်တော့ ဒီပိုက်ဆံကို မေမေ သုံးရမှာပဲ မဟုတ်လား"
ကိုထွန်းအောင် ထင်သည့်အတိုင်းပင် အတာ၏ရှာရှာဖွေဖွေ မေးသံပေါ်လာတော့၏။)
ကို ဆက် ဖတ်ရန် .....

"၃၆ ကောင် မထိုးလဲ ဒီလို မတရားရတဲ့ပိုက်ဆံက တခြားနည်းနဲ့ ကုန်မှာပဲကွ"
သို့ ပြောပြီး မှ ကိုထွန်းအောင်က ဆက်လက်၍
"ဒီမှာ အတာ၊ မင်းမှတ်ထား သူခိုးတို့ ခါးပိုက်နှိုက်တို့ဆိုတာ တစ်ခါတစ်ခါခိုးရင် အများကြီးရတယ်ကွ၊ တချို့များ အိမ်တစ်အိမ်ဝင်ပြီး ဓားပြတိုက်ရင် ငါးရာ တစ်ထောင်ရတယ်၊ ဒါပေမဲ့ သူတို့ဟာ ဘယ်တော့ မှ မချမ်းသာ ဘူး၊ ကြာကြာလဲ မစားရဘူးကွ၊ အဲဒါ ဘာပြုလို့လဲဆိုတော့ သူခိုး ဓားပြမှန်ရင် အရက် သောက်တယ်၊ ဖဲရိုက်တယ်၊ ဒီတော့ သူတို့ခိုးလို့ တိုက်လို့ရတဲ့ ပိုက်ဆံဟာလဲ အရက်သောက် ဖဲရိုက် တာ နဲ့ ကုန်တာပဲ၊ ကုန်တော့ ထပ်ပြီး ခိုး၊ ခိုးလို့ ရတော့ တစ်ခါ အရက်သောက် ဖဲရိုက်နဲ့ ကုန်ပြန်ရော"
အတာလည်း စဉ်းစဉ်းစားစား နားစွင့်နေ၏။

"အဲဒါပဲကွ၊ မတရားရတဲ့ ပိုက်ဆံဟာ မကောင်းတဲ့ အလုပ်နဲ့ပဲ ကုန်တတ်တယ်၊ ခုန ပြောသလိုပေါ့ကွ၊ သူခိုး ဓားပြမှန်ရင် အရက်သောက် ဖဲရိုက်တတ်တဲ့ လူချည်းပဲ၊ အဲဒါ ဘာပြုလို့လဲ သိလား၊ သူတို့ခိုးလို့ တိုက်လို့ရတဲ့ မတရားပိုက်ဆံတွေ မြန်မြန်ကုန်ဖို့ အလိုလိုဖြစ်တာပဲ၊ မင်း ဟိုတစ်ခါပြောဖူးတယ် မဟုတ် လား အတာ၊ ခေါက်ဆွဲသည် အဒေါ်ကြီးရဲ့ပိုက်ဆံတစ်ပဲကြောင့် မင်း သိပ်စိတ်ညစ်နေပြီး ပြန်ပေးလိုက် တော့မှ စိတ်အေးသွားတယ်ဆိုတာလေ၊ အဲဒီလိုပဲပေါ့ကွ၊ သူများကို မကောင်းကြံရင် ကိုယ်လဲ မကောင်းဖြစ်မှာပဲ၊ မင်း ခေါက်ဆွဲသည်ကို ပိုက်ဆံပြန်ပေးလိုက်တော့ မင့်ကို ချစ်သွားကြတယ် မဟုတ် လား၊ အေး ကောင်းတာ လုပ်ရင် ကောင်းတာဖြစ်မယ်၊ အဲဒါ မြဲမြဲမှတ်ထား"

"ဟုတ်ကဲ့၊ ကျွန်တော် မှတ်ထားပါ့မယ်"
"ကဲ ကဲ မင်းအင်္ကျီတွေဖွပ်မယ်ဆိုရင် သွားဖွပ်ချေတော့၊ ငါလဲ တစ်ရေးလောက် အိပ်လိုက်ဦးမယ်"
ဤတွင် အတာလည်း အထပ်ခိုးဝရန်တာမှ အောက်ထပ်ရှိ နာရီကို လှမ်းကြည့်လိုက်၏။ လက်တံတိုက ၁၁ ကိုပြ၍ လက်တံရှည်ကမူ ၂ နှင့် ၃ အကြားတွင်ရှိနေသောကြောင့်
"ဟင်၊ ဟိုမှ ၁၁ နာရီတောင် ထိုးပြီးနေပြီ၊ ရုံးမသွားတော့ဘူးလား"
အတာ က အမှတ်မဲ့ နေတတ်သူမဟုတ်သည့်အတိုင်း သို့မေးလိုက်သောကြောင့်  ကိုထွန်းအောင်တွင် ရုတ်တရက် မျက်နှာညှိုးသွား၏။ အတန်ကြာတွေနေပြီးမှ ခေါင်းကို ခပ်လေးလေးခါရင်း
"ဒီနေ့ ရုံးပိတ်လို့ပေါ့ကွာ"
"ဟင် တနင်္ဂနွေနေ့လဲ မဟုတ်ဘဲနဲ့"

"အိုကွာ ဘုရားပွဲတော်အတွက် ပိတ်တာပေါ့၊ သွား သွား အဝတ်သွားလျှော်ချေတော့"
အတာလည်း ကျေနပ်ပုံမရလှသေး၊ သို့သော်လည်း ကိုထွန်းအောင်က မျက်စိကိုစုံမှိတ်၍ မှိန်းချလိုက် သောကြောင့် ဘာမျှမမေးသာတော့ဘဲ အတာ အောက်သို့ ဆင်းခဲ့ရတော့၏။
လူမှန်းမသိတသိအရွယ်ကစ၍ ကိုယ့်အဝတ်အစား ကိုယ်လျှော်ဖွပ်၍ ဝတ်ခဲ့ရသော အတာသည် ယခု အချိန်၌ အလျှော်အဖွပ် ကောင်းသော မိန်းကလေးခပ်ကြီးကြီးတစ်ယောက်လောက်ပင် ကျင်ကျင်လည် လည် လျှော်တတ်နေပြီ ဖြစ်၏။

ယနေ့ သူလျှော်ရသည်မှာ သူ့အဝတ်အစားသာမဟုတ်။ မသိန်းမေ၏ရှံသားအင်္ကျီနှစ်ထည်အပြင် ဘော် လီ သုံးထည် လည်း ပါသေး၏။ ကိုထွန်းအောင်မှာမူ သူကိုယ်တိုင်လည်း မဖွပ်အား၊ အတာကိုလည်း မ ခိုင်းရက် သည်နှင့် အောက်ထပ်ရှိ ကုလားပင်းမင်းဆိုင်သို့သာ တွင်တွင်ပို့၍ ဝတ်ခဲ့၏။ အဝတ်အစား ရိုသသူဖြစ်သည့် အတိုင်းလည်း ရှပ်တစ်ထည်ကို အနည်းဆုံး သုံးရက်လောက်ဝတ်သောကြောင့် ဒိုဘီခ မှာ တစ်နေ့ တ ပြားလောက်သာ ကျ၏။

အတာမှာကား အလိုက်သိတတ်သူကလေး ဖြစ်သည့်အတိုင်း ခိုင်းနေစရာပင်မလို၊ တန်းပေါ်တွေ့သော အဝတ်ဟောင်း ဟူသမျှ ဆွဲယူလျှော်ဖွပ်ထားလေ့ရှိ၏။ ဤလိုသိတတ်မှုကြောင့်လည်း ကိုထွန်းအောင်က အသည်းစွဲနေ၏။ သို့သော် တစ်ခါတစ်ခါ ဆပ်ပြာဖိုး အတွက် သူ့စုငွေကလေးထဲမှ ထွက်ရသောကြောင့် စိတ်ပျက် သလိုလို ရှိလာတတ်သေး၏။ သို့တိုင်အောင်လည်း စိတ်ကောင်းရှိသူလေးပီပီ "အို ဒါလဲ ကု သိုလ် ရတာပဲ" ဟူသော ဖြေဖျောက်မှုကလေးဖြင့် ကျေကျေနပ်နပ်ပင် သူ ဆပ်ပြာသူဝယ်၍ မိဘများ အထည်အ ဝတ် ကိုပါ ဖြူဖြူစင်စင် လျှော်ဖွပ်ထားတတ်၏။
ယနေ့လည်း သူ ခါတိုင်းနည်းတူ လျှော်ဖွပ်နေ၏။ သို့သော် ယခင့်ယခင်နေ့များ အကြိမ်များကဲ့သို့ သီချင်း တအေးအေးဖြင့် ပျော်ပျော်ရွှင်ရွှင်ကလေး မဟုတ်တော့ဘဲ တစ်စုံတစ်ရာကို စဉ်းစားသလို တွေတွေကလေး ငုံ့ရင်း တလှုပ် လှုပ်ဖွပ်နေ၏။ ကြည့်ရသည်မှာ စိတ်ပါလက်ပါ မရှိလှ။

မှန်၏။ သူ စိတ်ပါလက်ပါ မရှိနိုင်။ "အိုကွာ ဘုရားပွဲတော်အတွက် ရုံးပိတ်တာပေါ့"
သို့ပြောလိုက်သော ကိုထွန်းအောင်၏စကားနှင့် မျက်နှာထားအမူအရာကို သူ သတိထားမိခဲ့၏။ ဤလို ပြောလိုက်စဉ်က ကိုထွန်းအောင် မျက်နှာပျက်သွားသည်ကိုလည်းကောင်း၊ စိတ်ညစ်သွားသည့် လက္ခဏာ မျိုး ပေါ်လာသည်ကိုလည်းကောင်း သိသိသာသာ တွေ့ခဲ့ရသောကြောင့် အတာ့စိတ်တွင် မကောင်းနိုင် သလို ဖြစ်သွား၏။
"ကျုပ် အလုပ်က အမြဲတမ်းမဖြစ်သေးဘူး မဟုတ်လား၊ တစ်နေ့နေ့ လူလျှော့ပမယ်ဆိုရင် အမှန်မုချ ကျုပ် ပြုတ်မှာပဲ၊ ဒါပေမဲ့ ကျုပ်မကြောက်ပါဘူး မသိန်းမေ"
"ဒီအလုပ်ပြုတ်တော့ ဒီ့ပြင်အလုပ် ရှာပေါ့ရှင်"

"ခုခေတ်မှာ ဘယ်လွယ်မလဲဗျ၊ ဒါကြောင့် ခင်ဗျားကို ကျုပ်ပြောနေတာပေါ့၊ ဒိပြင်အရောင်းအဝယ်တစ်ခု ကို စဉ်းစားပါလို့၊ ကျုပ်ပါ ဝင်ပြီး ကူလုပ်နိုင် ဝိုင်းရောင်းနိုင်တဲ့ အလုပ်မျိုးပေါ့"
"အင်း၊ ရှင်က ပြောတော့ လွယ်လိုက်တာ၊ ဘယ်မလဲ အရင်းအနှီး  ပိုက်ဆံ"
"အေးလေ၊ ဒါကြောင့် ကျုပ်က ကြိုကြိုတင်တင် ပြောနေတာပေါ့ဗျ၊ တကယ်လို့သာ ခင်ဗျား ခုလို အလောင်းအစားတွေ ဘာတွေမလုပ်ဘဲထားမယ်ဆိုရင်"
"ပိုက်ဆံစုတဲ့စကား ကျွန်မကို မပြောနဲ့၊ ဒီနေ့ရရင် ဒီနေ့သုံးမှာပဲ၊ နက်ဖြန်အတွက် နက်ဖြန်မှရှာမယ်၊ ကျွန်မတို့ အမျိုး ဟာ ဂေါ်ရင်ဂျီကုလားလို ပိုက်ဆံကို ခါးကြားလိမ်ပြီး မစားရက် မသောက်ရက်စုတဲ့အမျိုး မဟုတ်ဘူး"

မသိန်းမေသည် သူတစ်ယောက်တည်းအနေဖြင့် အသုံးအဖြုန်းကြီး၍ မိုက်တွင်းနက်သည်ကိုမပြောဘဲ ဆွေမျိုးပါထည့်၍ အဖော်ညှိလိုက်ချေသေး၏။
ဤလို ကိုထွန်းအောင်တို့ မကြာခဏပြောတတ်ကြသည်ကို အတာ ကြားရဖူး၏။ သို့အလျောက်ပင် အသိအမြင်ထက်မြက်လှသော အတာလည်း ထိုစကားများနှင့် ယခု ကိုထွန်းအောင်ရုံးမသွားဘဲ အမူအ ရာပျက်နေသည့်အဖြစ်ကို ဆက်စပ်၍ တွေးနေမိ၏။ သူ သေသေချာချာ နားလည်သည်ကား ကိုထွန်း အောင်တို့ရုံးသည် စနေ နေ့တစ်ဝက်၊ တနင်္ဂနွေတစ်နေ့လုံးနှင့် ဘုရားပွဲ လပြည့်နေများနှင့် သင်္ကြန်ရက် များတွင်သာ နှစ်ရက်သုံးရက် ဆက်ပိတ်သည်ကို အတာမှတ်မိ၏။

သိမထား၍လည်းမဖြစ်ပေ။ သူ့အား အရေးလုပ် လက်ခံစကားပြောမည့်သူဆို၍ ကိုထွန်းအောင်နှင့် မခင် သက်တို့ ညီအစ်မ သာရှိရာ ကိုထွန်းအောင် ရုံးပိတ်လျှင် အတာ အလွန်ပျော်၏။ ထို့ကြောင့်လည်း ကိုထွန်းအောင် ရုံးပိတ်ရက် ကို အတာတွက်၍ မှတ်ထားခဲ့သည်ဖြစ်ရာ ယနေ့ ရုံးပိတ်သည်ဆိုရာ အတာ စဉ်းစား၍မရ။ အခါကြီး ရက်ကြီးဖြစ်သော လပြည့်နေ့သာ ရုံးပိတ်လျက် လပြည့်ကျော်တစ်ရက်တွင် ပိတ် လေ့မရှိသည်ကို အတာ သိ၏။
သို့နှင့် ထိုအကြောင်း ဤအကြောင်းများ ပေါင်းစပ်တွေးတောရင်း တလှုပ်လှုပ် အဝတ်လျှော်နေရာမှ
"လူကြီး ကို ရုံးက အလုပ်ဖြုတ်လိုက်ပြီထင်ပါရဲ့"ဟူ၍ပင် စိတ်ထဲမှကြိတ်၍ ရေရွတ်နေမိရှာ၏။

အတာမှာ တစ်စုံတစ်ရာကို သိလိုစိတ်ပြင်းထန်လာလျှင် မသိန်းမေကလွဲ၍ မည်သူ့ကိုမဆို ရဲရဲတင်း တင်း မေးတတ်၏။ ယခုလည်း ကိုထွန်းအောင်က အဘယ်ကြောင့် ရုံးမသွားသည်ကို သူ သိချင်၏။ သာ မာန် ရုံးမသွားခြင်းလောက်ကိုသာ သိချင်သည်မဟုတ်ဘဲ အလုပ်ပြုတ်မပြုတ်ကို ပို၍သိချင်လာ၏။ သို့ နှင့် အအဝတ်များကို ခပ်သုတ်သုတ်လျှော်၍ ရေအမြန်ဆုံးချိုးကာ အပေါ်ထပ်သို့ ပြေးတက်လာခဲ့၏။ သို့ သော် ထိုအချိန်၌ ကိုထွန်းအောင်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ဖြစ်၍ သူ့ဆန္ဒကို စိတ်ကလေး မောသွားခြင်းဖြင့်ပင် အဆုံးသတ်လိုက်ရရှာတော့၏။

အတာက မမေးရဘဲနှင့် နောက်တစ်နေ့နံနက် လက်ဖက်ရည်ဝယ်၍ အပြန်တွင် မခင်သက်တို့ ပြောပြ ချက်အရ ကိုထွန်းအောင် အလုပ်ပြုတ်သွားပြီဖြစ်ကြောင်း အတာကလေး ဝမ်းနည်းစွာသိလိုက်ရ၏။ တစ်သက်နှင့် တစ်ကိုယ် ဤလိုစိတ်မချမ်းသာဖြစ်ရသည့်အကြိမ်သည် အတာ့အဖို့ ဤတစ်ကြိမ်သည် ပထမဖြစ်၏။
အမှတ် ၁ အနေဖြင့် အတာ တွေးပူလိုက်သည်မှာ သူ့အတွက် ကျောင်းလခဖြစ်၏။ ယခု ကိုထွန်းအောင် အလုပ်ပြုတ် သွားလေပြီ။ ကိုထွန်းအောင် မပေးနိုင်လျှင် သူ့မေမေက ပေးရတော့မည်ကို အတာသည် လွယ်လွယ် ပင် သဘောပေါက်ခဲ့၏။ မုန့်ဖိုးကလေး ခြောက်ပြားကိုပင် ဆောင့်၍ ဆောင့်၍ ဒေါနှင့် မော နှင့် မျက်နှာကြီး ရှစ်ခေါက်ချိုးထားပြီးမှ ပေးတတ်သော မသိန်းမေသည် ငွေနှစ်ကျပ်တည်းဟူသော အတော် များသည့် ကျောင်းလခကို ကြည်ကြည်ဖြူဖြူပေးပါမည်လော။

အတာ သံသယဖြစ်နေ၏။ ထိုအပူသည် သူ့ရင်ထဲတွင် ကမ္ဘာမီးတမျှ ကြီးကျယ်စွာ တောက်လောင်နေ ၏။          
ယင်းသည့်အထဲတွင် ကိုထွန်းအောင် အလုပ်ပြုတ်ခဲ့သည်မှစ၍ မသိန်းမေ၏ဆူအောင့်မှုမှာ ပို၍ပြင်းထန် လာတော့၏။ သို့ ဆူပူမှုအကြိမ်များများ ဖြစ်လာလေ မြေစာပင်ဖြစ်သော အတာကလေး အနေရကြပ် လေ အကြောင်းမဲ့ မာန်မဲ ရိုက်နှက်ခံရလေ ဖြစ်နေတော့၏။
အိမ်ထောင်တစ်ခု၏ ပျော်ရွှင်ရေးမှာ ထိုအိမ်ထောင်၏ဝင်ငွေအပေါ်တွင် အများဆုံးတည်၏။ စီးပွားရေး ချောင်လည်မှ ထိုအိမ်ထောင်လည်း ကြည်လင်ရွှင်လန်းနိုင်မည်ဖြစ်၏။ မသိန်းမေတို့တွင်လည်း ထိုနည်း အတိုင်းပင် ဖြစ်ရာ ယခု ကိုထွန်းအောင် အလုပ်ပြုတ်ခဲ့သည်နှင့် တစ်လ လေးဆယ်ခန့်သောဝင်ငွေ သည် ဆုတ်ယုတ်သွားတော့မည် ဖြစ်၏။ သို့နှင့်အမျှ သူတို့တစ်တွေ၏ သာယာမှုသည်လည်း လျော့ပါး စ ပြုနေ ပြီဖြစ်၏။

အတာ့အဖို့တွင်သော်ကား မသိန်းမေ၏စီးပွားရေးတိုးတက်မှု၊ ဆုတ်ယုတ်မှုနှင့် ပတ်သက်၍ အကျိုးခံစား ခွင့်သည် ဘာမျှမရှိ။ မသိန်းမေ၌ဝင်ငွေကလေးဖြောင့်လာလျှင် အဆူအရိုက်ခံရမှုသက်သာ၍ မသိန်းမေ မြင်းရှုံးလာက အကြောင်းမဲ့ အကန်ကျောက် အကြိမ်းအမောင်း ခံရသည်သာ ခြားနား၏။
ယခင်ကဆိုမူ သုံးရက်တွင် နှစ်ရက်လောက်က သာသာယာယာနှင့် အိပ်ရာဝင်နိုင်ခဲ့ကြရသော်လည်း ယခု ကိုထွန်းအောင် အလုပ်ပြုတ်ခဲ့သည်မှစ၍ နေ့ရှိသလောက်ဆိုသလို သူတို့လင်မယား မျက်နှာချင်း ဆိုင်မိသည်နှင့် စကားများကြ၏။ ဆူဆူပူပူဖြစ်တတ်ကြ၏။

"ကျုပ်လဲ နေ့စဉ်နဲ့အမျှ အလုပ်ရှာနေတာပဲဗျ၊ မရတာတော့ ဘယ့်နဲ့မှ မတတ်နိုင်ဘူး၊ ဒါကြောင့် ကျုပ် ပြောတယ် မဟုတ်လား၊ ဒိပြင်အရောင်းအဝယ် တစ်ခုခုလုပ်ပါ၊ ကျုပ်လဲ ဝိုင်းရောင်း ကူညီလုပ်မယ်လို့၊ ဒီလိုဆိုတော့လဲ ခင်ဗျား အရင်းအနှီးမရှိတာကို ပြောဦးမယ်၊ ခုလိုသာ အလောင်းအစားကို ခင်ဗျား မစွန့် လွှတ်နိုင်ရင်တော့ ဘယ်တော့မှ လူမွေးလူတောင် ပြောင်မှာမဟုတ်ဘူး"
"ဒါကို ထည့်မပြောနဲ့၊ ကျွန်မ မြင်းလောာင်းတာ ၃၆ ကောင်ထိုးတာ စီးပွားရှာတာရှင့်၊ သိရဲ့လား"
"အင်း၊ ခင်ဗျားလက်ထက်ကျမှပဲ ကြားဖူးတော့တယ်၊ မြင်းလောင်းတာဟာ စီးပွားရှာတာတဲ့၊ အေး အဲ သလိုသာ စီးပွားရှာနေ ဘယ်တော့မှ ဒီအခြေက တက်မှာမဟုတ်ဘူး"
ကိုထွန်းအောင် အလုပ်ပြုတ်ခဲ့ပြီးသည့် ဆယ်ရက်လောက်အတွင်း၌ ဤလိုစကားများသံကို ရှစ်ကြိမ် ထက် မနည်း အတာ ကြားခဲ့ရပြီဖြစ်၏။ စိတ်ညစ်လိုက်သည်မှာလည်း ပြောစရာမရှိ။
လွန်ခဲ့သော လေးငါးဆယ်လလောက်က ကုသိုလ်ကံသည် မသိန်းမေထံသို့ အဖော်အပေါင်းနှင့်ရောက် လာသည် ဟု ဆိုရမလောက် ၃၆ ကောင်လည်း ပေါက် မြင်းကလည်းနိုင် အရောင်းအဝယ်ကပါ မြိုင်ခဲ့ သောကြောင့် မသိန်းမေ တွင် ဝင်ငွေ အတော်ကလေး လှိုင်ခဲ့၏။

ယခုတစ်ဖန် အကုသိုလ်ကံက အဖော်တွေနှင့် လာပြန်ချေပြီ။ မြင်းရော ၃၆ ကောင်ပါ အမြဲလိုလိုရှုံး၍ အရောင်း အဝယ် လည်း နေရာမကျ၊ ဤအထဲတွင် ကိုထွန်းအောင်ကပါ အလုပ်ပြုတ်ရပြန်၏။
မသိန်းမေ ဝင်ငွေဖြောင့်ခဲ့စဉ်က အလှုကြီးပေးသလို ဘေးလူများအား အမျိုးမျိုး အမည်မည် ကျွေးမွေး ခြင်း ရက်ရက်ရောရော အကုန်အကျခံခဲ့သလောက် အတာတွင် အကြွင်းအကျန်များသာ မဝတဝစားခဲ့ ရ၏။ တစ်ခါတစ်ရံ အတာကလေး ကျောင်းနေသည်မှ ယခုထိ ဆယ်ပြားတန် စွပ်ကျယ်တစ်ထည်တ လေမှ ဝယ်ပေး ဖူးသည် မရှိခဲ့။
သို့လျှင် မသိန်းမေ ငွေကြေးချောင်လည်သော အခါများ၌ အတာတွင် ဘာမျှအကျိုးခံစားခွင့်မရသော် လည်း ယခုကဲ့ သို့ ဝင်ငွေရလမ်း ဆုတ်ယုတ်လာသောအခါတွင်မူ ထိုဒဏ်ကို အတာကလေးပါ ဝင်၍ခံရ ၏။

လွန်ခဲ့သော လေးငါးခုနစ်ရက်ခန့်ကစ၍ မနက်တစ်ပဲ ညတစ်ပဲမျှသော ထမင်းဖိုးပင် မှန်မှန်မရ။ နံနက် ဘက်တွင် ထမင်းဖိုး မပေးခဲ့သောနေ့များ၌ အတာသည် အချိန်ကျ၍ ဆာမှသာလျှင် သူ့မေမေဈေးသို့ သွားလျက် မယောင် မလည်နှင့် ကိုယ်ယောင်ပြရ၏။ စိတ်လိုလျှင် လွယ်လွယ်ထုတ်ပေး၍ စိတ်နှင့်အခန့် မသင့်သော နေ့များတွင်မူ
"ဘာလဲ"ဟု အော်မေးရင်း မသိန်းမေက မျက်လုံးပြူးပြလိုက်သည်နှင့် တစ်ကိုယ်လုံး တုန်သွားသော ထိတ်လန့်ခြင်းနှင့်အတူ သူကလေး လှည့်ပြန်ခဲ့ရ၏။ ကျောင်းကလည်း ပိတ်ထားသည်ဖြစ်၍ သူ့တွင် မုန့် ဖိုးမှန်မှန် မရသောကြောင့်လည်း စုပြီးဆောင်းပြီး ပိုက်ဆံမရှိ။ ယင်းသည့်နေ့များကဲ့သို့ မသိန်းမေ အော် လိုက်လျှင်သော်လည်းကောင်း၊ မသိန်းမေ မြင်းပွဲထွက်သွားပြီဖြစ်၍ မမီလိုက်သော အခါမျိုးနှင့် ကြုံခဲ့လျှင် သော် လည်းကောင်း အတာသည် တစ်ခါတစ်ရံ ကြိတ်မှိတ်၍ အငတ်ခံရ၏။ မဟန်နိုင်လွန်းလောက် အောင် ဆာလာသော အခါများတွင်မှ သူ့မမသက်တို့ရှိရာ သိမ်ကြီးဈေး ဘီရုံဘက်သို့သွား၍ တစ်ပြားစ နှစ်ပြားစ တောင်းလေ့ရှိ၏။                                                                                                                                                                                                                                              
"ဘာလုပ်ဖို့လဲ အတာ၊ နင် ထမင်းကော စားပြီးပြီလား"
အမှန်အတိုင်း မစားရသေးကြောင်းနှင့်ပြောပြလျှင် မမသက်တို့က ထမင်းသော်လည်း ဝယ်ကျွေးမည်၊ စားလောက်အောင်လည်း တစ်ပဲမျှကို အနည်းဆုံးပေးလိမ့်မည်ဟု အတာသိ၏။ သို့သော် သူမပြောဝံ့။ မသိန်းမေ၏ခြိမ်းခြောက်ထားချက်ကိုလည်း တစ်ဖက်က ကြောက်နေရသေးသောကြောင့်
"ကျွန်တော် မုန့်ဆာလို့ပါ"ဟူသော သာမန်အကြောင်းပြချက်ကလေးဖြင့်သာ တစ်ပြား နှစ်ပြားစတောင်း ၍ သူ့ဖောက်သည်ဖြစ်သော အဖြူထည် ဆန်ပြုတ်ဆိုင်သို့ သုတ်ခြေတင်ရရှာ၏။ တစ်ခါတစ်ရံ ထိုဆန် ပြုတ်မှာ သူ့အဖို့ ရိုးနေပြီဖြစ်သောကြောင့် စားလိုစိတ်မရှိသည့်အခါများတွင် ဘယာကြော်တစ်ခု အာလူး ကြော်တစ်လုံးဖြင့် သူ့နံနက်စာကို ကိစ္စတုံးလိုက်ရရှာ၏။

အတာ့အဖြစ်မှာ လုပ်ကြံဖန်တီးထားသော ဒဏ္ဍာရီဝတ္ထုဖြစ်လေသလောဟူ၍ပင် ယုံမှား သံသယ ရှိ လောက်အောင် သူကလေး၌ နံနက်နှင့် ညစာထမင်းပင် စိတ်မချရ။
တစ်ခါတစ်ရံ နံနက်စာ ထမင်းဖိုးအဖြစ် မသိန်းမေက ကြည်ကြည်ဖြူဖြူ ပိုက်ဆံကလေး တစ်ပဲ ပေးသွား သောအခါများ၌ပင် အတာသည် ထိုပိုက်ဆံတစ်ပဲလုံးကို သုံးမပစ်ဝံ့။ သူ အလွန်ကြိုက်သော ကုလား ဆိုင် မှ အမဲသားနှပ်နှင့် ထမင်းဝယ်စားလျှင် ထိုတစ်ပဲသည် တက်တက်စင် ပြောင်သွားမည်ဖြစ်၏။
ထိုတစ်ပဲ သည်ပင် ထမင်းဖိုးအဖြစ် နည်းနေသေးပါလျက် အတာ အဘယ်ကြောင့်ကုန်အောင် မသုံးရက် မစားရက် ဖြစ်နေပါဘိသနည်း။ ယခင်နည်းတူပင် သူပိုက်ဆံစုလို၍လော မှန်၏။ အကယ်ပင် ပိုသော ပိုက်ဆံ ကလေး ကို စုထားလို၏။

သို့စုထားလိုသည်မှာ ယခင်ကကဲ့သို့ သူ့အတွက်လိုအပ်သော အသုံးအဆောင်ကလေးများဝယ်ရန်အ တွက် မဟုတ်တော့။ သူ့အတွက် ရသောထမင်းဖိုးမှာ အရမမှန် တစ်ခါတစ်ရံ တစ်နပ်စာသာရ၏။ နောက်ထပ်လည်း သူမတောင်းဝံ့။ သို့နှင့် အတာသည် နံနက်စာရသော တစ်ပဲကို ကုန်သွားအောင် စား မပစ်ရဲ။ ညဘက်တွင် ရမည် မရမည် မသေချာသောကြောင့် ထိုတစ်ပဲထဲမှ နှစ်ပြားသာ သူ သုံးဝံ့၏။ အကယ်၍ ညဘက်တွင် မရပါက ပိုသောနှစ်ပြားဖြင့် ညစာအတွက် အသက်ဆက်ရဦးမည် မဟုတ်ပါ လော။

အတာကလေး၏ဖြစ်အင်သည် သို့မကြားဝံ့လောက်အောင်ပင် ဆိုးဝါးနေသည့်အထဲက တစ်ခါတစ်ရံ
"ဟဲ့ကောင် ရော့ အကြွေမရှိဘူး။ သုံးပြားပဲယူ"
မသိန်းမေ က သူ့လက်ဝါးပေါ်တွင် ဖြန့်တင်၍ ရွေးနေရာမှ မတ်စေ့နှင့် မူးစေ့များကို အိတ်ထဲပြန်ထည့်ပြီး အကြွေသုံးပြား မျှသာ ပေးခဲ့သောအခါများ၌
"ညစာအတွက်ပါ မူးစေ့ကလေးပေးခဲ့တော ဘာဖြစ်သွားမှာတဲ့လဲ"ဟု အတာသည် စိတ်ထဲမှ ရေရွတ် ရင်း မကျေမနပ်ဖြစ်ရင်းနှင့် ကျန်ရစ်ခဲ့သည်မှာလည်း အကြိမ်ကြိမ်။
ဤလို သုံးပြားမျှသာ ပေးသွားသောနေ့မျိုး၌ အတာတွင် အတော်ကလေး အသုံးရခက်၏။ ညဘက်တွင် ထမင်းဖိုး ရ မရကလည်း မသေချာသောကြောင့် ထိုသုံးပြားအနက်မှ ညစာအတွက်လည်း ချန်ရဦးမည် ဖြစ်၏။ သို့နှင့် အတာသည် သိမ်ကြီးဈေး ဈေးချိုထိပ်သို့သွားကာ ပါတာနီ၊ မြေပဲလှော် သို့မဟုတ် ကုလားပဲခြမ်းစသည့် တစ်ခုခု ကို တစ်ပြားဖိုး ဝယ်၏။ ထိုဆိုင်မှာ လက်ကားရောင်းသောဆိုင်ဖြစ်၍ တစ် ပြားဖိုးဆိုလျှင် ကလေး တစ်ယောက် စာ တဝစားနိုင်လောက်အောင် ပေါပေါများများရ၏။

ထိုပါတာနီဆိုင်မှာ ညဘက်တွင် ဆိုင်ပိတ်သောကြောင့် မနက်စာထမင်းအတွက်ကို အဆိုပါ ကုလားပဲ ခြမ်းလှော်၊ ပါတာနီ တစ်ခုခုဖြင့် ကိစ္စပြီးအောင် စီမံရပြီး ညဘက်တွင်မှ ကျန်သောနှစ်ပြားကို ထမင်းနှင့် တန်းတူ အာသာပြေ သည့် အစာ တစ်မယ်မယ်ကို ဝယ်စားရ၏။
တစ်ခါတစ်ရံ မုန့်ဟင်းခါးဟင်းရည် တစ်ပြားဖိုးဝယ်၍ နံပြားတစ်ခြမ်းနှင့် ကိစ္စပြီးရ၏။ တစ်ခါတစ်ရံတွင် လည်း များများ ရသော အဖြူထည်ဆန်ပြုတ်ထက် အရသာရှိသော ငါးရံ့ဆန်ပြုတ်ကို ဝယ်စား၏။ သို့ သော် ထမင်းနှင့် ဟင်း စားရသကဲ့သို့ အာသာပြေရုံသာရှိ၏။ ဝကား မဝရှာပေ။

ယနေ့သည် အတာတို့ ကျောင်းဖွင့်သောနေ့ ဖြစ်၏။ အတာလည်း ထုံးစံအတိုင်းပင် သူတို့သားအမိ သားအဖ သုံးယောက် သောက်ပြီးခဲ့ပြီဖြစ်သော လက်ဖက်ရည်ချိုင့်နှင့် ပန်းကန်များ ဆေးကြော၍ ပြန် တက်အလာတွင်
"ဟင် မေမေသွားပြီလား"
"အေး၊ ခုပဲ ဆင်းသွားတယ်"ဟု ကိုထွန်းအောင်က ပြောလိုက်သည်နှင့် အတာတွင် မသိမသာ မျက်နှာ လေး ပျက်သွားရာမှ
"ကျွန်တော့်ဖို့ ကျောင်းမုန့်ဖိုးရော ပေးမသွားဘူးလား ဟင်"
"ဟော၊ မင်းကလဲ သတိပေးမထားတော့ ငါလဲ မတောင်းလိုက်မိဘူး၊ မင်း ကျောင်းသွားတော့ ဈေးကို ဝင်ပြီး တောင်းသွားပေါ့ကွာ"
"ဟင်"

အတာလည်း ဤသို့လျှင် "ဟင်"အရှည်ကြီးဖြင့် ညည်းညူလိုက်ပြီးမှ
"ကျွန်တော် ဈေးကိုတော့ လိုက်သွားပြီး မတောင်းချင်ဘူး၊ တော်ကြာ ဆူနေဦးမယ်"
ဤစကားမှန်သည် ကို ကိုထွန်းအောင် မငြင်းနိုင်။ သို့နှင့်ပင်
"ကဲ ဒီလိုလုပ်၊ မင်းတို့ကျောင်း နေ့လယ် ဘယ်အချိန် မုန့်စားလွှတ်သလဲ"
"၁၂ နာရီ" "အေး၊ ၁၁ နာရီခွဲလောက် ငါ လာပို့မယ်၊ မင့်အမေဆီ ငါပဲသွားတောင်းပြီး လာပို့မယ်၊ ဟုတ်လား"

ဆက်ရန်
.

4 comments:

Anonymous said...

"အတာ"ကိုဖတ်ချင်‌နေတာကြာပြီ..ဘယ်မှာမှရှာမရ
ဘူး..မ‌ရွှေစင်ကို‌ကျေးဇူးအရမ်းတင်ပါတယ်..ဒီ
‌လောက်ဆိုးရွားတဲ့အ‌မေကိုဆရာသာဓုဟာမညည်း
မညူအလိုလိုက်ပြီး‌သေတဲ့အထိ‌ကျွေး‌မွေး‌စောင့်‌ရှောက်
သွားတယ်လြို့ကားဖူးတယ်..‌နောက်ဘဝ‌တွေမှာအ
ေ ကြွးမတင်ချင်လို့တဲ့..သနားစရာ‌ကောင်းလိုက်တဲ့
အတာ..ဆရာ့ဝဋ်ေ ကြွး‌တွေဒီဘဝနဲ့‌ကြေပါ‌စေ...။

မယ့်ကိုး said...

အစ်မရွှေစင်ရဲ့ စေတနာအပြည့်ရိုက်တင်ပေးတဲ့ စာကို ညီမရဲ့ စာကို မှီငြမ်းခွင့်ပြုလို့ ခွင့်တောင်းပါတယ်။ ကျေးဇူအထူးပါနော် မမ။

မယ့်ကိုး said...

ညီမရဲ့စာမှာ လို့ ရေးတာပါ ...း)

Anonymous said...

ညီမ အဆင်ပြေသလို လုပ်ပါ အမ က ဖတ်ရအောင် ရိုက်တင်ပေးတာ သက်သက်ပါ... ညီမ တို့ ဖတ်ချင်နေတာဆိုလို့ ပိုပြီးဝမ်းသာရပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး