Tuesday, March 20, 2012

တင်မောင်မြင့် ၏ နွေကန္တာ, အပိုင်း (၁ဝ)

(" တစ်ခုတော့ရှိတယ် ကာလက်၊ မင်း ဒီလိုချည်း မှောင်ရိပ်မှာ ခိုးတွေ့နေရုံနဲ့ ကိစ္စမပြီးဘူး၊ ငါလည်း မင်းကို အကြာကြီး မစောင့်နိုင်ဘူး "
ကာလက် က စိတ်ဆုံးဖြတ်ထားပြီးသား။ ဒိုလားရက်စ်မပါဘဲ နယူးအော်လီယန်းက မပြန်တော့။ ဘ၀တွင် ဘယ်တုန်း ကမှ သည်လောက် မပျော်ဖူးခဲ့။ သစ်ဖြူတောကို စပိန်သူ မိန်းမချော ကလေး နှင့် အတူ ပြန်မည်။ သူလို မိန်းကလေးနှင့် စိုက်ပျိုးရေးလုပ်ငန်းမှာ အံဝင်ခွင်ကျ ဖြစ်မည် မုချ။ နှစ်နှစ်ကာကာလည်း ချစ်နေမိပြီ။)
ကို ဆက်ဖတ်ရန်....

သည်အကြောင်း တစ်ညနေ ဖွင့်ပြောလိုက်သည်။ ချစ်သူ၏ ခါးကျဉ်းကျဉ်းကလေးကိုဖက်ပြီး ပြော လိုက်ခြင်း ဖြစ်၏။ ဒိုလားရက်စ်၏ ကိုယ်ကလေးတောင့်ခနဲ ဖြစ်သွားသည်။ ရှိုက်သံကလေး စွက်ပြီး -
" ရှင် တကယ်ပြောတာလားဟင်၊ ကျွန်မကို ခေါ်သွားမယ်၊ တကယ် "
" တကယ်ပါ အချစ်ရယ်၊ မင်း လိုက်ခဲ့မယ် မဟုတ်လားဟင် "
" သြော် ... ကာလက်ရယ်၊ ရှင် ကျွန်မအကြောင်း ဘာမှလည်း မသိသေးဘဲနဲ့ "
" မင်းဟာ လှတယ်၊ ချောတယ်၊ ချစ်စရာကောင်းတယ်၊ ချိုသာတယ်၊ ကိုယ်လိုချင်တာ ဒါပဲ၊ မင်းဆီက လိုက်ပါမယ် လို့ ကတိမရမချင်း ကိုယ် မပြန်ဘူး "

သူက အမှောင်ထဲမှာ ပြုံးနေပြီး -
" နေပါဦး၊ မင်းကကော ကိုယ့်အကြောင်း သိလို့လား "
ကာလက်၏ ပါးပြင်ကို သူ့လက်နုနုကလေးဖြင့် ပွတ်ရင်း -
" အိုး သိတာပေါ့၊ သဘောကောင်းတယ်၊ ပြီးတော့ စိတ်ထဲက သိနေတယ်လေ၊ ကျွန်မကို ကာလက် မညာဘူး ဆိုတာ၊ တကယ် လက်ထပ်မှာလားဟင် "
" တကယ်ပေါ့ကွယ်၊ ဒါပေမဲ့ "
" ဒါပေမဲ့ ဘာလဲဟင် ကာလက် "
" မင်းဦးလေး က စပိန်အုပ်ချုပ်ရေးပိုင်းမှာ အရာရှိမဟုတ်လား၊ သူ သဘောမတူဘဲ ဖြစ်ပါ့မလား၊ ကိုယ် သူ နဲ့ သွားတွေ့မယ်လေ၊ လူဝီစီးယားနားမှာ မင်းတို့ ဘာသာဝင်ဘုန်းကြီး မရှိဘူး၊ ဒီမှာ လက်ထပ်သွားမှ ဖြစ်မှာ "

" မလုပ်နဲ့ ကာလက်၊ ဘယ်လိုမှ မဖြစ်ဘူး၊ သူက နှစ်ခြင်းဘာသာဝင် ဆိုရင် လုံးဝ လက်ခံမှာ မဟုတ်ဘူး၊ ချက်ချင်း သီလရှင် ၀တ်ပေးမလား၊ ဟိုအဘိုးကြီးလက်ထဲ ထည့်လိုက်မလားဘဲ၊ သူ တစ်ခုခုလုပ်မှာ သေချာ တယ်၊ သူ့ကို အသိမပေးဘဲနဲ့ မရဘူးလားဟင် "
" မင်း ကိုယ့်ကို ယုံရင် ရပါတယ်။ ဒီကနေ အင်္ဂလိပ်ပိုင်နက်ထဲ ရောက်သွားရင် လက်ထပ်လို့ ရတာပဲ "
" အို ... ကာလက်ရယ်၊ ဘာလို့ မယုံရမှာလဲ၊ ရှင် ဘယ်သွားသွား ကျွန်မ လိုက်ရဲတယ်၊ ကျွန်မလေ ရှင် ဒါလောက် ချစ်မှန်း ခုမှ သိတယ် "
သူ့ကိုယ်ကလေးကို တင်းတင်းဖက်ပြီး -
" မနက်ဖြန်မနက် ဘုရားရှိခိုးနေရင်း လစ်ထွက်ခဲ့၊ တို့ တစ်ခါတည်း ထွက်ပြေးမယ်၊ မန်းချက်မှာ လှေခဏ ဆိုက်ပြီး လက်ထပ်မယ်၊ ရေစီးသန်ရင် နောက်တစ်နေ့ဆို ရောက်သွားမှာပါ "
" အ၀တ် တွေ ယူလာလို့ မရတော့ဘူးပေါ့နော်၊ နှစ်ထပ် ထပ်ဝတ်ခဲ့မယ်နော် "

" ရပါတယ်၊ ကိစ္စမရှိပါဘူး၊ မင်းနဲ့ ကိုယ့်ညီမအရွယ်နဲ့ အတူတူလောက်ပဲ၊ ဘာမှ မပူနဲ့၊ ဟိုရောက်လို့ တို့ မ၀ယ်ဖြစ် သေးခင် သူ့ဆီက ခဏငှားဝတ်တာပေါ့၊ ဆက်ဆက်လာနော် "
ကာလက်၏ လည်ပင်းကို သိုင်းဖက်ရင်း -
" စိတ်ချပါ ကာလက်ရယ်၊ ကျွန်မလေ တစ်ခါမှ ဒီလို မပျော်ဖူးဘူး၊ သစ်ဖြူတောဆိုတာ ယာတော အကြီးကြီးလားဟင် "
" တော အားလုံးရှင်းပြီးရင် ဧရာမ ယာတောကြီးပေါ့၊ မင်း သဘောကျမှာပါကွယ် "
" အင်း၊ အင်း၊ သဘောကျမှာပေါ့ ကာလက်ရယ်၊ ရှင့်အတွက် ကျွန်မ ဇနီးကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစား ပါ့မယ်၊ အင်္ဂလိပ်စကားတွေလည်း ပိုသင်မယ်၊ ရှင်လိုချင်တာ အားလုံးပေးမယ်"
ကာလက် အားရပါးရ နမ်းလိုက်သည်။

" မင်း ပျော်စေရပါမယ် အချစ်ရယ် "
" ဒါဖြင့် သွားမယ်နော်၊ ကွန်ဆက်ကွိုင် စောင့်နေလောက်ပြီ "
" ကွန်ဆက်ကွိုင်ကိုပါ မင်း ခေါ်ခဲ့ချင်သလား ဟင် "
" ဟင့်အင်း ဟင့်အင်း၊ ဘယ်သူ့မှ မခေါ်ချင်ဘူး၊ သွားမယ်နော်၊ မနက်ဖြန်အထိနော် "
ပြောပြော ဆိုဆို အမှောင်ထဲ ပြေးဝင်ပျောက်ကွယ်သွားသည်။

ဤသို့ဖြင့် နောက်တစ်နေ့မနက် ပိန်းကောလှေကြီးပေါ်တွင် ဒိုလားရက်စ် ပါလာတော့၏။ ခြေအိတ်နှင့် အတွင်းခံ က အစ နှစ်ထပ်ဝတ်လာသဖြင့် ၀နေသလို ထင်ရသည်။ ကုန်းပတ်ပေါ်တွင် နှစ်ယောက်သား ထိုင်ရင်း မြစ်ကမ်းတစ်ဖက်တစ်ချက်မှ စိုက်ပျိုးခင်းများကို ငေးကြည့်လိုက်လာကြ သည်။ လှေသမား များသည် လှေကြီးကို ခွန်စိုက်အားစိုက် လှော်ခတ်နေကြ၏။
ခဏကြာတော့ ဒိုလားရက်စ် သီချင်းတစ်ပုဒ် ဆိုသည်။ ကာလက်နံဘေးတွင် ထိုင်ရင်း -
" စပိန်သီချင်း မဟုတ်ဘူးထင်တယ်၊ အဓိပ္ပာယ် ပြန်ပြပါဦးကွယ် "
" မဟုတ်ဘူး ဒါလင်ရဲ့၊ ပြင်သစ်ကပ္ပလီတွေဆိုတဲ့ သီချင်း၊ ထွက်ပြေးသွားတဲ့ ကျွန်တစ်ယောက် အကြောင်း စပ်ထားတာလေ၊ ကျွန်က သူ့သခင်ကို ပြောနေသလို ဆိုထားတာ။ အဓိပ္ပာယ်ကတော့ သတ္တိရှိရင် လိုက်ခဲ့ကြ၊ ဖမ်းနိုင်ရင် ဖမ်းဆီးကြဆိုတဲ့ သဘောပါပဲ၊ ကျွန်မလည်း အဲဒီလိုပဲ ခံစားနေရတယ်လေ"
ဒိုလားရက်စ် တစ်ခေါက်ပြန်ဆိုသည်။

နယူးအော်လီယန်းသည် တဖြည်းဖြည်း ဝေးကျန်ခဲ့လေပြီ။ သူကလေးအိမ်ကိုများ အောက်မေ့နေမလားဟု ကာလက် စိုးရိမ်နေသည်။ သို့သော် သူ့ကြည့်ရသည်မှာ လှောင်အိမ်မှ လွတ်လာသည့် ငှက်မလေးလို ပျော်မြူး နေသည်။
" သိပ်ပျော်တာပဲ ဒါလင်ရယ်" တဲ့။ အင်္ဂလိပ်ပိုင်ကမ်းခြေ ကောက်ကြောင်းများကို ရေးရေးမြင်ရ သည်။ နောက်တစ်နေ့ ဆိုလျှင် မန်းချက်ကို ရောက်တော့မည်။ သူကလေးနှင့် အကြင်လင်မယား ဖြစ်တော့မှာ ပါလား။
 
အခန်း (၇)

ဝက်သစ်ချမြိုင် စံအိမ်ကြီးရှေ့မှ ပန်းခြံထဲတွင် ဂျူးဒစ်သည် သားနှစ်ယောက်နှင့် ကစားနေသည်။ မြင်းတစ်စီး နှင့် အဖေ ရောက်လာပြီး ကာလက် နယူးအော်လီယန်းမှ မိန်းမခိုးလာကြောင်း ပြောပြ သည်။
" ကျူးဘားသူ လေး သမီးရဲ့၊ တစ်မျိုးပဲ၊ စကားပြောတာလည်း သိပ်ဝဲတာပဲ၊ ဘာအ၀တ်အစားမှ လည်း မပါ လာဘူး၊ ကာလက်က သမီးအ၀တ်တွေ ခဏငှားထားပေးပါတဲ့ "
ဂျူးဒစ် ၀မ်းသာသွားသည်။ စိတ်လည်း ပူသွားသည်။ အစ်ကိုလုပ်သူ၏ အသည်းနုနုကလေးကို စပိန်သူ ပူပူနွေးနွေး ကလေးက အနိုင်ယူသွားခြင်းများလား။ အဖေက ကောင်မလေးအကြောင်းကို တိုတိုတုတ်တုတ် ပြောပြသည်။ စပိန် အထက်တန်းလွှာမျိုးရိုးထဲကတဲ့။ တိတ်တိတ် လိုက်ပြေးလာတာ တဲ့လေ။

" ဘယ်လိုပုံစံမျိုးလေးလဲ ဖေဖေ "
မတ်ရှာရမီ တွေနေသည်။
" ပြောရခက်တယ် သမီး၊ တစ်မျိုးပဲ၊ ဖေဖေတို့ အသိုက်အ၀န်းက မိန်းကလေးတွေနဲ့ လုံးဝမတူဘူး၊ ဒါပေမဲ့ ကာလက် က အရူးအမူး ဖြစ်နေတယ်လေ၊ ကောင်မလေးက လှတာကိုး၊ သွားကလေးတစ် ချောင်း ကျိုး နေတာပဲ ပြောစရာ ရှိတယ်။ ဒါပေမဲ့ သူရယ်မှ သိနိုင်တာပါ၊ ရယ်လည်း ရယ်ခဲတယ်၊ ရယ်ရင်လည်း သွားကျိုး ကလေး မပေါ်အောင် နှုတ်ခမ်းကို စေ့စေ့ထားတတ်တယ် "
ဂျူးဒစ် သံသယဖြစ်သွားသည်။ စပိန်လူမျိုးတွေအကြောင်း သိပ်မသိလှပါ။ စိတ်လိုက်မာန်ပါ လုပ် တတ်သူများ ဖစ်ကြောင်း၊ ချေးကျရာပျော်သည့် ပျံကျဆန်ဆန် လူတွေဖြစ်ကြောင်းတော့ ကြားဖူး သည်။ အဖ နှင့် ကာလက်ကို သည်လို မိန်းကလေးတစ်ယောက်က စောင့်ရှောက်နိုင်ပါမည်လား။ ရှာရမီမျိုးဆက် သည် မှဲ့တစ်ပေါက် မစွန်းခဲ့သည့် မဟုတ်မခံ မျိုးဆက်ဖြစ်သည်။ အဖေ့ကို ဂျူးဒစ် ဘာမှတော့ မပြော လိုက်။ အဖေကိုယ်တိုင်လည်း ယုံယုံကြည်ကြည် ရှိပုံမပေါ်။

" ဘာပဲဖြစ်ဖြစ်ပေါ့ သမီးရယ်၊ ကာလက် အိမ်ထောင်ရက်သား ကျသွားတာကို ဖေဖေ ၀မ်းသာပါ တယ်၊ ကဲ ... ဖေဖေ ပြန်မယ်၊ သမီးလာခဲ့နော် " ဟု ပြောပြီး သစ်ဖြူတောဆီသို့ ပြန်စီးသွားသည်။
လိုအပ် မည့် အ၀တ်အစားတွေ ထုပ်ပိုးပြီး ဂျူးဒစ်နှင့် အိန်ဂျဲလစ် သစ်ဖြူတောသို့ ရောက်သွားသည်။ အိမ်ကြီး ထဲမှ ဒိုလားရက်စ် ထွက်ကြိုသည်။ ပန်းရောင်ပွင့်ရိုက် အင်္ကျီမှာ တွန့်ကြေနေ၏။ ဆံပင်ကိုတော့ လှလှပပ ပြင်ထားသည်။ နားရွက်ပေါ်တွင် နှင်းဆီနှစ်ပွင့် ပန်လျက်။

" ဂျူးဒစ် ဟုတ်ပါတယ်နော်၊ ကျွန်မ ဒိုလားရက်စ်ပါ၊ သိပ်ဝမ်းသာတာပဲ ဂျူးဒစ်ရယ် "
သူ့လေသံ တွင် အားငယ်သံပါနေသည်ဟု ဂျူးဒစ် ထင်လိုက်သည်။ အသိုက်အ၀န်းက သူ့ကို လက်မခံ မှာကို စိုးရိမ်နေပုံရ၏။ ဂျူးဒစ်က သူ့ပါးပြင်ကို နမ်းပြီး နှုတ်ဆက်လိုက်သည်။ ဂျူးဒစ် ၀တ် လာသည့် ၀တ်စုံ ကို သူ ငေးကြည့်နေ၏။ ပြီးတော့ သူ့ကိုယ်သူ ငုံ့ကြည့်ပြီး - " ကျွန်မကို ခွင့်လွှတ်ပါနော် ဂျူးဒစ်၊ ကျွန်မမှာ ဒါပဲ ရှိလို့ပါ " ခပ်တိုးတိုး တောင်းပန်စကား ဆိုသည်။

" သိပါတယ်ကွယ်၊ ဖေဖေ ပြောထားပြီးပါပြီ၊ ဘာကြောင့် ဒိုလားရက်စ် အ၀တ်တွေ ပါမလာရတာလဲ ဆိုတာ သိပြီးပါပြီ၊ ကိုယ် ယူလာခဲ့တယ်လေ "
ဒိုလားရက်စ် က ယောက်မလုပ်သူ၏ လက်ကို ဆွဲညှစ်ပြီး -
" ကျေးဇူးတင်ပါတယ် ဂျူးဒစ်ရယ်၊ ဒီလို အ၀တ်အစားတွေကို ရက်ရက် ရောရော ပေးငှားတယ် နော်"
" ရပါတယ်ကွယ်၊ မင်းအခန်း ဘယ်မှာလဲ ဒိုလားရက်စ် "
" လာလေ၊ ဒီဘက်မှာ " " အိန်ဂျဲလစ်ရေ လိုက်ပို့လိုက်ပါကွယ်၊ မစ္စဒိုလားရက်စ် ဘာလိုသေးလဲလဲ ကြည့်ပါဦး၊ နောက်တစ် ခေါက် ပို့ပေးတာပေါ့ "
ဒိုလားရက်စ်နှင့် အိန်ဂျဲလစ် အခန်းထဲ ၀င်သွားကြသည်။ ကာလက် ရောက်လာတော့ ဂျူးဒစ်က ပြုံးပြီး -
" ယောက်မကလေး က ချစ်စရာကလေးနော် ကာလက် " " ဘယ်လောက် ကျက်သရေရှိသလဲ "

ဇနီးလုပ်သူကို နောက်ပိုင်းမှ လှမ်းကြည့်ပြီး ကာလက် အမြတ်တနိုး ပြောလိုက်သည်။ ဂျူးဒစ်၏ သံသယ စိတ် တဖြည်းဖြည်း ပါးလျားလာသည်။ သူ ဒါလောက်ချစ်နေမှတော့ နိုင်ငံခြားသားများ အပေါ် မယုံကြည် တတ်သည့် အဖေလည်း ဘာမှ တတ်နိုင်တော့မည် မဟုတ်။
" စိတ်မပူပါနဲ့ ကာလက်၊ ဒီအသိုက်အ၀န်းထဲမှာ သူ နေသားကျသွားအောင် ဂျူးဒစ် လုပ်ပေးပါ့မယ်"
" လုပ်ပေးပါကွာ၊ သူ့ခမျာ ဒီကလူတွေနဲ့ ဆက်ဆံရမှာ သိပ်ကြောက်နေတာ "
" သနားပါတယ်" ဟု ပြောပြီး ဂျူးဒစ် သူတို့အိပ်ခန်းထဲ လိုက်ဝင်သွားသည်။ အိန်ဂျဲလစ်က အ၀တ်တွေကို ဖြန့်ပြ နေသည်။ ပြင်သစ် စကားတွေ အားရပါးရ ပြောလို့။ ဂျူးဒစ် ၀င်လာတာမြင်မှ ရပ်သွားပြီး သခင်မ အပြော ကို တလေးတစား နားထောင်နေ၏။

ဂျူးဒစ်က ယောက်မလုပ်သူ၏ ခါးကလေးကို သိုင်းဖက်လိုက်သည်။ ဟင် ပိန်ပိန်ကလေးရယ်ပါလား။
" ဒိုလားရက်စ်၊ ဘာမှ အားမငယ်နဲ့သိလား၊ လိုတဲ့အကူအညီ ကိုယ့်ကိုပြော၊ အမေရိကန် အိမ်ထောင် ထိန်းသိမ်းမှု စနစ်တို့ ဘာတို့ပေါ့၊ နော် "
" ဟင် သင်ပေးမယ် ဟုတ်လား၊ ၀မ်းသာလိုက်တာ ဂျူးဒစ်ရယ်။ ကျွန်မ ဘာမှ သိပ်နားမလည်ဘူး "
" ကိစ္စ မရှိဘူး၊ အားလုံး သင်ပေးမှာပေါ့ "

" ကျေးဇူးတင်ပါတယ်ရှင်၊ ဂျူးဒစ်တို့ အဖေကတော့လေ .... "
မျက်ဝန်းနက်များဖြင့် တံခါးဝသို့ တစ်ချက်ကြည့်ပြီး ...
" ကျွန်မကို သဘောမကျဘူး ဂျူးဒစ်၊ ဒါပေမဲ့ သူသဘောကျအောင် ကျွန်မ လုပ်မှာပါ "
သူ့မျက်လုံးတွေ မျှော်လင့်ချက်ဖြင့် တဖျတ်ဖျတ် တောက်ပနေ၏။ ကာလက် သည်ကလေးမကို ဘာ ကြောင့် အရူးအမူး ဖြစ်နေရသည်ကို ဂျူးဒစ် သဘောပေါက်လိုက်သည်။ တိတ်ဆိတ်နေသည့် သစ်ဖြူ တော အိမ်ကြီး ခုမှ အသက်ဝင်လာတော့သည်။ ဂျူးဒစ်က နောက်တစ်ခါ ပွေ့ဖက်နမ်းလိုက် ပြီး ...
"မင်း ဟာ သိပ်ချစ်စရာကောင်းပါတယ် ဒိုလားရက်စ်ရယ် "
နယ်မြေသစ်တွင် အားငယ်နေသည့် မိန်းကလေးတစ်ဦး၏ အံ့သြခြင်းမျိုးဖြင့် ဂျူးဒစ်ကို ပြန်ဖက်သည်။

" ကျွန်မကို တကယ်ကူညီပါနော် "
" တကယ်ပေါ့ကွယ် "
" ဂျူးဒစ်က သိပ်သဘောကောင်းတာပဲနော် "
ခပ်တိုးတိုးကလေး ပြောပြီး ဂျူးဒစ်အား ခုတင်ပေါ်တွင် ပြန်ထိုင်စေလိုက်သည်။ အိပ်ရာပေါ်မှ ခင်းဖုံလွှာမှာ ကနက်တီကပ်မှာတုန်းက မေမေနှင့် ဂျူးဒစ် အစပိုများနှင့် ချုပ်ထားပေးသည့် ဂွမ်းကပ် ဖြစ်သည်။
" ဂျူးဒစ်ရယ်၊ ကျွန်မလေ ကာလက်ကို အကောင်းဆုံး ပြုစုချင်ပါတယ်။ ကျွန်မကို လက်ထပ်တဲ့ အတွက် သူ နောင်တ မရစေရအောင် ကြိုးစားပါ့မယ်၊ တစ်ခု မေးပါရစေနော် "
" ဘာများလဲကွယ် "

" သူတို့သားအဖေ ဘယ်လိုဟင်းမျိုးတွေ ကြိုက်တတ်လဲဟင် "
ဂျူးဒစ်က ရယ်ပြီး -
" ၀က်သစ်ချမြိုင်ကို လာခဲ့လေ၊ ကိုယ့်ယောက်ျားက နယူးအင်္ဂလန်ဟင်းတွေကို မကြိုက်ဘူး၊ ဒါပေမဲ့ ကိုယ် အားလုံး မှတ်မိပါတယ် "
" ဒါဆို မနက်ဖြန် လာခဲ့မယ်နော် "
" ကောင်းပြီလေ၊ ကိုယ် ကြိုပြီး မှတ်စုတွေ ရေးထားလိုက်မယ် "
ဒိုလားရက်စ်က ခေါင်းယမ်းပြီး -
" ဟင် ကျွန်မ အင်္ဂလိပ်စာ မဖတ်တတ်ဘူး ဂျူးဒစ် "
" စာမဖတ်တတ်ဘူး ဟုတ်လား "

" စပိန်နဲ့ ပြင်သစ်စာပဲ တတ်တယ်၊ အင်္ဂလိပ်စကားက ကြားဖူးနားဝနဲ့ ပြောနေတာ "
" ဒါဆိုလည်း ဒီလိုပဲ စကားပြောရင်း သင်တာပေါ့၊ ရပါတယ်၊ တို့အဖေအတွက် သိပ်စိတ်မပူပါနဲ့ကွယ်၊ သူက စကားနည်းတယ်၊ အမေဆုံးပြီးတော့ ပိုနည်းသွားတယ်လေ၊ သဘောကောင်းပါတယ် "
" သိပ်သဘောကောင်းပါတယ်၊ ကလေးရရင် ကျွန်မကို ချစ်လာမှာပါ၊ ဂျူးဒစ်က နှစ်ယောက်နော် "
" ဟုတ်တယ်၊ ယောက်ျားလေးတွေချည်း၊ အကြီးကောင် ဒေးဗစ်က နှစ်နှစ်၊ အငယ်ကောင် ခရစ္စတိုဖာက ဇွန်လမှာ အခါလည်ပြည့်မယ်၊ မနက်ဖြန် တွေ့ရမှာပါ၊ အကြီးကောင်က ဆိုးချင် တယ်၊ အငယ်ကောင်က သဘောကောင်းတယ်၊ ခု ရှေ့သွားတွေ ကျိုးနေတယ်လေ "
ဒိုလားရက်စ်က သွားကျိုးနေရာကို လက်နှင့် ကိုင်ကြည့်နေသည်။

" သိပ် မမြင်သာပါဘူး ဒိုလားရက်စ် "
" ဟာဗာနာမှာတုန်းက ဖြစ်တာလေ၊ လူနှစ်ယောက် ဓားချင်းယှဉ်ခုတ်ကြတာကို သွားကြည့်ရင်း နံရံပေါ်က လိမ့်ကျပြီး ကျိုးသွားတာ "
" သြော် ဖြစ်မှဖြစ်ရလေကွယ်၊ ဒီအတွက် ဘာမှ စိတ်အနှောင့်အယှက် မဖြစ်ပါနဲ့ကွယ်၊ မသိသာပါဘူး၊ ဒီရုပ်ရည်မျိုး နဲ့ ဒီထက်မက ချို့ယွင်းချက်တွေကို ဖုံးကွယ်ထားနိုင်ပါတယ် "
" ဂျူးဒစ် တကယ် ပြောတာလားဟင် "
ယောက်မလုပ်သူကို ဂျူးဒစ် သဘောကျနေသည်။ ဘယ်လောက် သနားစရာကောင်းသည့် ကလေးမလဲ။

ရက်သတ္တပတ် အနည်းငယ်အတွင်း ဒိုလားရက်စ်ကို အသိုက်ဝအန်းက နားလည်လာကြသည်။ ယောက္ခမလုပ်သူ မတ်ရှာရမီပင်လျှင် ချွေးမအပေါ် ပျော့ပျောင်းလာသည်။ သူနားလည်ထားသည့် နိုင်ငံခြားသူ များနှင့် ချွေးမလုပ်သူ ကလေးမှာ တခြားစီဖြစ်နေကြောင်း မတ်ရှာရမီ ၀န်မခံ၍ မရနိုင်အောင် ဖြစ် နေသည်။ တတိုင်းမွှေးပွင့် ပန်ပြီး ရင်သားအလျကို ဖော်ကျူးသည့် ဘလောက်စ် မျိုးဝတ်ကာ ထမင်းဝိုင်း သို့ လာရဲသည့် ဒိုလားရက်စ်လို မိန်းကလေးမျိုးကို ရှာရမီမျိုးဆက်မှ လုလင်ပျိုများ တစ်ခါမှ လက်မထပ်ခဲ့ဖူးပါ။

သို့သော် သူ ချက်ပြုတ်ကျွေးမွေးသည့် လက်ရာများက လျှာရင်းမြတ်လှသည်။ သည့်အတွက် ဖအေကြီး တဖြည်းဖြည်း ညွှတ်ကျနေခြင်းဖြစ်သည်။ ကာလက်နှင့် ဂျူးဒစ်တို့နှစ်ယောက် ဒိုလားရက်စ်ကို အမှတ်တွေ ပေးလို့ မဆုံး ဖြစ်နေကြ၏။ ဒိုလားရက်စ်က နှုတ်ခမ်းလေး စေ့စေ့ ထားပြီး ပြောလေ့ရှိသည်။
" ကျွန်မတို့ဆီမှာ ဆိုရိုးစကားတစ်ခုရှိတယ်၊ ဘယ်ယောက်ျားမဆို သူ့ကို ခံတွင်းတွေ့အောင် ချက်ကျွေးနိုင်တဲ့ မိန်းမကို အကြိုက်ဆုံးပဲ "
ပထမနွေကို ဖြတ်သန်းစဉ်မှာပင် ဒိုလားရက်စ်၏ အင်္ဂလိပ်စကားပြောမှာ သဒ္ဒါမှန်လာသည်။ သို့သော် ၀ဲ နေဆဲ။ ပါးစပ်ကလေး ခပ်စေ့စေ့ထားပြီး ပြောပုံကလေးက တစ်မျိုး ချစ်စရာကောင်းနေ သည်။
ဒိုလားရက်စ် သည် တဖြည်းဖြည်းနှင့် ပြောရဲဆိုရဲ ရှိလာသည်။ ရွှင်လည်း ရွှင်လာသည်။

ဟာဗာနာနေ အိမ်တွင် သူ့အဖေနှင့်အတူ ညစာ လာစားလေ့ရှိသည့် နိုင်ငံရေးခေါင်းဆောင်များ အကြောင်း၊ သူ့ကို မြင်းစီးသင်ပေးသည့် မင်းပျိုမင်းလွင်များ အကြောင်းကို နားထောင်ချင့်စဖွယ် ပြောပြတတ်သည်။ မြင်းစီးလည်း အဟုတ်ကျွမ်းသူဖြစ်၏။ သစ်ဖြူတောတွင် သူ မစီးနိုင်သည့် မြင်းဟူ၍ တစ်ကောင်မဆ မရှိ။
" ဒါလောက် စီးတတ်လျက်သားနဲ့ ဘာလို့ မြင်းပေါ်က လိမ့်ကျရတာပါလိမ့်၊ သွားကလေးကျိုးသွား တာ မြင်းပေါ်က လိမ့်ကျလို့တဲ့လေ "
တစ်နေ့တွင် ကာလက်က ညီမလုပ်သူကို ရယ်ရယ်မောမော ပြောသည်။

" ဟင် ဂျူးဒစ်ကို ပြောတော့ တစ်မျိုးပါလား၊ ပန်းခြံထဲမှာ လူနှစ်ယောက် ချိန်းသတ်တာကို သွား ကြည့်ရင်း လိမ့်ကျပြီး ကျိုးတာတဲ့၊ ပန်းခြံထဲကိုများ မြင်းစီးဝင်သွားသလား မသိဘူး "
" ဟာဗာနာက ပန်းခြံကြီးတွေက နယူးအော်လီယန်းက ပန်းခြံထက် ကျယ်လို့ ဖြစ်မှာပေါ့ "
တစ်နေ့ စိုက်ခင်းတွေကို မြင်းကိုယ်စီစီးပြီး ဖီးလစ်နှင့် လျှောက်ကြည့်ရင်း သည်အကြောင်း စကားစ ဖြစ်သည်။ သစ်ဖြူတောသို့ ဒိုလားရက်စ် ရောက်သည်မှာ လေးလပင် ရှိခဲ့ပြီ။ အားလုံးနှင့် တရင်းတနှီး ပင်ဖြစ်နေပြီ။ ဂျူးဒစ်က ဟာဗာနာမှာ ပန်းခြံထဲ မြင်းစီးဝင်လို့ရလားဟု မေးရင်း ဒိုလားရက်စ် သွားကျိုးပုံ နှစ်မျိုး ဖြစ်နေခြင်းကို ပြောပြတော့ ဖီးလစ်က -
" အလကား၊ ဒီကောင်မလေး ဖြီးနေတာ၊ သူ့သွား ဘယ်လိုပဲ ကျိုးကျိုးကွာ၊ ဘာစိတ်ဝင်စားစရာ ရှိလို့လဲ "

" နောက် ရှိသေးတယ် အစ်ကို၊ ဂျူးဒစ်တို့ အသိုက်အ၀န်းထဲ ရောက်လာစမို့ အထာမကျသေးတာ လားတော့ မသိဘူး၊ ဘာမှ တတ်ပုံသိပုံ မပေါ်ဘူး သိလား "
ဖီးလစ် က တစ်ချက်လှမ်းကြည့်ပြီး -
" သူ့ဘာသာသူ ဖြစ်နေသား မဟုတ်လား၊ ကိုယ့်ကိစ္စကိုယ် စိတ်ဝင်စားစမ်းပါကွာ "
" ပန်းကန်ခွက်ယောက် အကြောင်းတောင် စုံအောင် မသိဘူးအစ်ကို "
ဖီးလစ်က စကားဖြတ်ပြီး မဲနယ်ခင်းတွေအကြောင်း ပြောရင်း ရှေ့မှ ခပ်သုတ်သုတ် စီးသွားသည်။ ကြီးကြပ်ရေးမှူး လုပ်သူကို လူမည်းကျွန်တွေ အုပ်ချုပ်ပုံကိစ္စ ရှင်းပြရဦးမည်။ ကွန်ဂိုကပ္ပလီတွေကို အာဖရိက တောင်ပိုင်းသားကပ္ပလီတွေနှင့် ရောထားပေးရမည်။ တောင်ပိုင်းသားတွေချည်း စုထားလျှင်ပြဿနာအမျိုးမျိုး ပေါ်တတ်သည်။ ကွန်ဂိုတွေက အသိဥာဏ် အဆင့်မြင့်သည်။

" ဒေးဗစ် ကြီးလာရင် ဘာအခက်အခဲမှ ရှိတော့မှာ မဟုတ်ဘူး "
ဂျူးဒစ်မီလာတော့ သားကလေး၏ ရှေ့ရေးကို တွေးပြီး ဖီးလစ်က တွေးတွေးဆဆ ပြောသည်။
" အဲဒီအချိန်လောက်ဆိုရင် အမေရိကန်ပေါက် ကပ္ပလီတွေနဲ့ ဆက်အလုပ်လုပ်ရမှာလေ၊ အာဖရိက ကောင်တွေက မလွယ်ဘူး၊ ကျွန်ဈေးမှာ လူ့ခန္ဓာကိုယ်ကို ကြည့်ဝယ်ရတာ၊ ဘယ်သူက သူ့တိုင်းပြည်မှာ ဘုရင်၊ ဒါမှ မဟုတ် မင်းညီမင်းသားဆိုတာ ဘယ်လိုမှ ခွဲသိနိုင်တာ မဟုတ်ဘူး"
ဒိုလားရက်စ်အကြောင်းကို ဆက်ပြောချင်ပုံ မရသည်နှင့် ဂျူးဒစ်လည်း ငြိမ်နေလိုက်ရတော့၏။

အိန်ဂျဲလစ် ကလည်း ထုတ်မပြောပေမယ့် စပိန်သူ ကာလက်ကတော်ကို သိပ်အထင်ကြီးပုံမရ။ တစ်နေ့တွင် သစ်ဖြူတော ညစာစားပွဲသို့ သွားရန် အ၀တ် ၀တ်ပေးနေသည့် အိန်ဂျဲလစ်အား ဂျူးဒစ် ဖွင့်မေးလိုက်သည်။
" မစ္စဒိုလားရက်စ်ကို နင် ဘယ်လိုထင်လဲဟင် အိန်ဂျဲလစ် "
" ကျွန်မ အပေါ် ကောင်းရှာပါတယ် မမလေး "
ဒူးထောက်ပြီး သူ့သခင်မကို ခြေအိတ်စွပ်ပေးရင်း အိန်ဂျဲလစ် ဖြေသည်။

" နင့်ဥစ္စာက ငါ့အမေးကို ဖြေတာ မဟုတ်သေးဘူး အိန်ဂျဲလစ် "
အိန်ဂျဲလစ်က ခြေအိတ်ကို စန့်စန့်ရန့်ရန့် ဖြစ်စေရန် ပွတ်သပ်ပေးရင်း -
" စကားပြောတော့ နည်းနည်းကြီးကျယ်သလိုပဲ၊ ဖိနပ်ကွင်းကလေးတွေကို ကျွန်မ တိုက်ပေးလိုက် ဦးမယ်နော် မမလေး"
" ပေပေစေတော့၊ အချိန်မရှိတော့ဘူး၊ ဆံပင်လည်း လုပ်ရဦးမှာ မဟုတ်လား၊ ခပ်မြင့်မြင့် ဖွပြီးလုပ် နော်၊ ဟိုငှက်ရုပ် ကလေးတွေ ပန်မယ်နော်၊ နေပါဦး စကားပြော ကြီးကျယ်တယ်ဆိုတာ ဘာကိုပြော တာလဲ "

ကြမ်းပြင်ပေါ်တွင် ထိုင်နေရင်းမှ ထ ရင်း -
" လူဖြူသခင် သခင်မတွေအကြောင်း ကျွန်မ ပြောလေ့မရှိပါဘူး မမလေး "
" လူဖြူတချို့ထက်တောင် နင်က ပိုသိတာတွေ ရှိပါတယ်ဟယ်၊ ဆီမွှေးများများ ထည့်ပြီး ဆံပင်ကို ဖွနော်၊ စကားပြော ကြီးကျယ်တယ်ဆိုတာ ဇာတ်လမ်းရှည်ကြီးတွေကို ပုံပြင်ဆန်ဆန် ပြောတာကို နင် ဆိုလိုတာလား "
အိန်ဂျဲလစ် ရယ်သည်။

" ဒါကတော့ အစ်ကိုလေး ကာလက်က အဲဒါမျိုးတွေကို သဘောကျနေလို့ ဖြစ်မှာပေါ့ မမလေးရဲ့၊ သူ့မိန်းမ ကို သူသိပ်ချစ်တာ၊ အထင်လည်းကြီးတယ် " " ဟုတ်တယ်၊ နင်ပြောတာ သိပ်ဟုတ်တယ် "
ဂျူးဒစ်က သူ့ဆံပင်တွေကို ဖွချည်ဖြေချည် လုပ်နေသော အိန်ဂျဲလစ်အား မှန်ထဲမှ အကဲခတ်နေ သည်။ ဒိုလားရက်စ်က သူ့ဆံပင်ကို စပိန်ဆန်ဆန်ပဲ ထုံးဖွဲ့သည်။
" ငှက်ရုပ်လေးတွေ ပန်မယ်နော် မမလေး၊ စစ်သင်္ဘောတွေ မပန်တော့ဘူးလား "

" ဟင့်အင်း၊ အမေရိကန်တော်လှန်ရေး စကတည်းက မိန်းမတိုင်း စစ်သင်္ဘောတွေချည်း ပန်နေကြ တယ်။ ငှက်ကလေးနှစ်ကောင်ရယ်၊ အသိုက်ရယ်၊ ဥကလေးတွေရယ်၊ အဲဒီအတွဲကို နင် သိတယ် နော်"
" ဟုတ်ကဲ့ပါ မမလေး "
အားလုံးပြီးတော့ ဂျူးဒစ် လက်ကိုင်မှန်ကလေးကို ကောက်ယူပြီး ဆံပင်ကို ပတ်ပတ်လည်ကြည့် သည်။
" အေး ကောင်းတယ်၊ ၁၁ လက်မလောက်ရှိမယ်၊ အဲဒီလောက်မြင့်မှ၊ ငါကြားဖူးတာတစ်ခုရှိတယ်၊ 

ဆက်ရန်
.

No comments: