(မခင်သက်တို့ ညီအစ်မတစ်သိုက်နှင့်အတူ အတာသည် ရွှေတိဂုံ၊ ငါးထပ်ကြီးနှင့် တိရစ္ဆာန်ရုံအနှံ့ တစ်နေကုန် လည်ပတ်ခဲ့ရသည်ဖြစ်၍ ပျော်လိုက်သည်မှာ ပြောစရာပင်မရှိ၊ ယခုတစ်ခေါက်တွင် ပေါ်ပလင် တိုက်ပုံအင်္ကျီနှင့် မန္တလေးပိုးစစ်ကို အသစ်စက်စက်ကလေး ၀တ်သွားရသဖြင့် အတာမှာ ပို၍မြူးခဲ့ ၏။
မိမိရင်သွေးဖြစ်သော သားကလေး လူမမယ်သည် အရွယ်နှင့်မလိုက်အောင် လိမ္မာလှပါတကား။ မိဘကို အပူမတတ် ကိုယ့်မုန့်ဖိုးကိုယ်စု၍ ကိုယ့်အ၀တ်အစား ကိုယ်ဝတ်ရှာသည့် သားလိမ္မာ ကလေး ပါတကား။ အင်္ကျီလုံချည် သစ်သစ်လွင်လွင်ကလေးနှင့် ချစ်ချင်စရာ အသွင်ဆောင်နေ သော အဖိုးတန်ရတနာကလေး ပါတကား။) ကို ဆက်ဖတ်ရန်...
ယင်းကဲ့သို့ သဘောထား၍ မသိန်းမေသည် အတာကလေးအား
"လာစမ်းပါဦး သားရယ်၊ သားလေး သွားနေလိုက်တာ မေမေဖြင့် တစ်နေ့အုံးအောက်မေ့နေတာပဲ၊ ပိုး လုံချည်ကလေး နဲ့ တိုက်ပုံအင်္ကျီနဲ့ဆိုတော့ သားက လူပျိုကြီးကျနေတာပဲ၊ အင်း မေမေ့သားအလိမ္မာတုံး လေး၊ ကိုယ့် ပိုက်ဆံ ကိုယ်စုပြီး အဝတ်အစားဝယ်ဝတ်တတ်တဲ့ မေမေ့အသည်းကလေး ဒီလို လိမ္မာတာ ကလေး တွေကြောင့် ဒီပြင်လူတွေက သားကို ချီးမွမ်းတော့ မေမေဖြင့် ဘယ်လိုဝမ်းသာမှန်း မသိဘူး"
ဤသို့သော စကားဖြင့် မျက်နှာထားချိုချို မသိန်းမေက အတာအား ဆီးကြိုခဲ့သော် အတာကလေး အမည်မျှလောက် ဝမ်းမြောက်ရှာလေမည်နည်း။ ယခုသော် ဘုရားအနှံ့လည်၍ တိရစ္ဆာန်ရုံတွင် ပျော်မြူး ခဲ့သလောက် အိမ်ပြန်ရောက်သည်နှင့် ရှစ်ခေါက်ချိုး မျက်နှာထားကို အတာကလေး ရင်ဆိုင်လိုက်ရ တော့၏။
ယနေ့သည် ဘုရားပွဲတော်နေ့ တောဘုရားဖူးများ ရန်ကုန်တွင် အပြည့်အကျပ် ရောက်နေသည့်နေ့ ဖြစ် သည့်အတိုင်း ရန်ကုန် အရောင်းအဝယ်လောကသည် အတော်ကလေး ငွေလှိုင်နေသောနေ့ဖြစ်၏။ မသိန်းမေ သည်လည်း ယနေ့အဖို့၌ ငွေလေးငါးခြောက်ကျပ် ခေါက်မိခဲ့၏။ ယခင်ရက်များက တစ်နေ့ တစ်ကျပ် မြတ်လျှင်ပင် အသက်ရှူချောင်သောနေ့ဟု ယူဆခဲ့သော မသိန်းမေအဖို့၌ ယနေ့ ခြောက် ကျပ် လောက် ဝင်ငွေဖြောင့်ခဲ့သည်နှင့်အမျှ တဝကြီးရွှင်နေဖို့ပင်မဟုတ်ပါလော။
သို့သော် သူ့အမူအရာတွင် လုံးဝကြည်လင်သည့် အရိပ်အရောင်မျိုးမတွေ့ရဘဲ သူ့မျက်နှာထားသည် "ကျွန်တော့် ကို ကြည့်ရင် မေမေဟာ အမြဲစိတ်ဆိုးနေတာပဲ" ဟူသော အတာပြောဖူးသည့် အသွင်မျိုးဖြစ် သာ အတာကလေး ရင်ဆိုင်လိုက်ရ၏။ သူ့တွက်ကိန်းအတိုင်းပင် မသိန်းမေသည် အတာအား ကြိမ်း မောင်း ဆူပူကာ သူမသိဘဲ အကျီဝယ်ရကောင်းလားဟု တဖျစ်တောက်တောက်ပြောရင် ထိပ်တစ်ချက် ခေါက်သွား သေး၏။
နောက်တစ်နေ့နံနက် မသိန်းမေ ဈေးထွက်သွားသည်နှင့် အတာတို့သားအဖလည်း ရွှင်သောပြုံးခြင်းဖြင့် မျက်နှာချင်း ဆိုင်မိကြာကာ
"မင့်စိတ်သဘောထားနဲ့ မင့်အမေနဲ့ကတော့ တခြားစီပါပဲလား အတာ ဟင်"
ကိုထွန်းအောင် စလိုက်သောစကားမှာ အတာ့အဖို့ ယောင်ချာချာဖြစ်စေလျက် အဓိပ္ပာယ်အကျယ်အ နက် ကိုလည်း ရုတ်တရက် သဘောမပေါက်သလို စဉ်းစားနေမိစဉ်
"မင်းက လိမ္မာတယ်၊ စိတ်ကောင်းရှိတယ်၊ ရိုးသားတယ်၊ လူတစ်ဖက်သားကို သနားတတ်တယ်၊ အပြစ် ဖြစ်မဲ့ အလုပ်ကို မင်းကြောက်တယ်၊ အေး မင့်အမေကတော့ မင်းနဲ့ ဆန့်ကျင်ဘက်ချည်းပဲ"
အတာ သည် ယခုမှ ကိုထွန်းအောင် ဘာဆိုလိုသည်ကို သဘောပေါက်လာ၏။ သို့သော် နောက်ဆုံးဝါ ကျကို သူ နားမရှင်း သလို ရှိနေသည်နှင့်
"ဆန့်ကျင်ဘက်ဆိုတာက ဘာလဲဟင်"
"မင်းလိမ္မာသလောက် မင့်အမေ မိုက်တယ်၊ မင့်စိတ်ကောင်းရှိသလောက် မင့်အမေ စိတ်ကောင်းမရှိဘူး အဲ့ဒါတွေကို ဆန့်ကျင်ဘက်လို့ ခေါ်တာပေါ့"
သူ့မေမေက သူ့အပေါ်ဆိုးသည် မှန်သော်လည်း သို့ ကိုထွန်းအောင်က မသိန်းမေတွင် စိတ်ကောင်းမရှိ ဟု နှိမ့်ချပြောသည်ကိုမူ အတာ မကျေနပ်နိုင်သလို ဖြစ်သွား၏။ သူ့မေမေကို သူချစ်သည် မဟုတ်ပါ လော။
"မေမေ ဟာ စိတ်ကောင်းမရှိဘူးလား ဟင်"
"အေး မင့်အမေဟာ ပိုက်ဆံသာရမယ်ဆိုရင် ဘာမဆိုလုပ်တာပဲ၊ အပြစ်ရှိတာရော ဘာရော သူ ဘာမှ မပြောဘူး၊ အဲဒါ စိတ်ကောင်းမရှိလို့ပေါ့ကွ"
ထိုစကားကို အတာ လုံးဝလက်မခံနိုင်။
မသိန်းမေသည် မြင်းနိုင်လာလျှင်ဖြစ်စေ၊ ၃၆ ကောင်ပေါက်လျှင်ဖြစ်စေ ရံဖန်ရံခါဆိုသလို အမဲဈေးသို့ ကိုယ်တိုင် ပြေးကာ ဆိတ်ကလီစာ အမဲအူစုံစသည်များ ကို တတောင်းတမောက် ဝယ်လာပြီး ကိုယ်တိုင် ပင် ချက်၏။ ပြီးလျှင် ကိုယ်တိုင်ပင် ထွက်သွားကာ သုံးပြားတန် အထူးစပယ်ရှယ် နံပြားများ တပွေ့တ ပိုက် ဝယ်လာပြီး ပွဲကတော်ကြီး မိသားစုက အစ မခင်သက်တို့တစ်ခုတစ်ပြုံလုံးကိုပါ စားကြသောက်ကြ နှင့် ဝအီ သွားသည် အထိ စေတနာ အတိဖြင့် ကျွေးတတ်သည်ကို အတာ ကိုယ်တွေ့သိ၏။
ဤသည်မှာ စိတ်ကောင်းရှိ၍ ကျွေးမွေးခြင်း မမည်လေသလော။ အတာသည် သို့လျှင် ခပ်သုတ်သုတ် တွေး၍ ထိုအဖြစ်ကို ကိုထွန်းအောင်အား ရှင်းပြလိုက်ပြီးမှ
"ကဲ အဲဒါကတော့ မေမေ စိတ်ကောင်းရှိလို့မဟုတ်လား၊ အားလုံးကို မေမေ ကျွေးတာပဲ"ဟု အတာက စောဒက တက်လိုက်ရင်း "နောက်ပြီး တစ်ခါတစ်လေ မေမေ ဈေးကပြန်လာတဲ့အခါ ပြောင်းဖူးပြုတ်တွေ ဝယ်လာတယ်၊ ပဲမြစ် တွေ ဝယ် လာတယ်၊ အားလုံးကို ကျွေးတာပဲ၊ တစ်ခါတစ်ခါလဲ အုန်းထမင်းနဲ့ အမဲနှပ်ဟင်းချက်ပြီး တစ် အိမ်လုံး ကို ကျွေးတယ်၊ ဒါ စိတ်ကောင်းရှိလို့ မဟုတ်လား၊ ကဲ"
ကိုထွန်းအောင်တွင် ရုတ်တရက် အဖြေရခက်သွား၏။ သို့ အဖြေရကြပ်သွားသည်မှာ သူဆိုလိုရင်း အဓိပ္ပာယ် နှင့် အတာ တွေးသည့် သဘောပေါက်မှုမှာ တစ်ခုနှင့်တစ်ခု လမ်းလွဲနေသောကြောင့်ပင် ဖြစ် ၏။ "အေး မင်းပြောလဲ မှန်တယ်၊ ဒါပေမဲ့ မင့်အမေရဲ့စိတ်သဘောထးဟာ ဘယ်လိုရယ်လို့ ငါတောင် အကဲ မခတ်တတ်အောင် ဖြစ်နေပြီ" ဟု စကားစလိုက်ပြီးမှ ထိုစကားသည်လည်း အတာ၏ဦးနှောက်နှင့် ဉာဏ်မမီ နိုင်လောက်အောင် လေးနက်နေပြန်သောကြောင့် "ကဲကွာ၊ မင်းပြောသလို မင့်အမေဟာ ပိုက်ဆံကလေး ဖောဖောသီသီရှိလာတာနဲ့ ခေါက်ဆွဲကြော်ပြီး တစ်အိမ်လုံးကို အဝကျွေး၊ မိုးကျ လက်ဖက်တွေ သုပ်ပြီး ပျော်ပွဲစားလိုစား၊ ပလာတာနဲ့ ဟင်းနဲ့ လေးငါး ကျပ်ဖိုး အကုန်ခံဝယ်ပြီး မခင်သက် တို့ရော ဒေါ်သီတို့ရော တစ်အိမ်လုံးကို မင့်အမေက ကျွေးလားမွေး လားလုပ်တာဟာ စိတ်ကောင်းရှိလို့ ဆိုတာတော့ မှန်တယ်လေ၊ ဒါပေမဲ့ အဲသလို ဒိပြင်လူတွေ ဖောဖော သီသီ စားရ သလောက် မင့်ကိုကော မင့် မေမေက ဝဝလင်လင် ကျွေးရဲ့လား အတာ ဟင်" ဤတွင်မှ အတာကလေး ငိုင်ကျသွားတော့၏။
မသိန်းမေ သည် ဆိုခဲ့သည့်အတိုင်း သူစိမ်းတစ်ရံဆံများအပေါ်တွင် စေတနာဗလဝနှင့် ကျကျနန ကျွေး တတ်သလောက် အတာကလေးဆိုလျှင် သူတို့စားနေရာသို့ အနားပင်မသီရ။ အောက်ထပ်တွင် စားနေ ကြသည် ဖြစ်က အတာသည် အပေါ်ထပ်ခိုးတွင် ကုပ်၍ မလှုပ်ဝံ့အောင် ငြိမ်နေရ၏။
"အတာရေ လာဟေ့" စား၍ မျိုမကျနိုင်သော မခင်သက်တို့က လှမ်းခေါ်လိုက်သည်ကိုပင် "မခေါ်နဲ့ သူ့ဖို့ အပေါ် မှာ ခွဲပေးခဲ့ပြီးပြီ"
မသိန်းမေ က ထိုစကားမျိုးဖြင့် ဟန့်တားတတ်၏။ သို့သော် ခွဲပေးခဲ့ပြီးပြီဆိုသော စကားမှာ မုသာဝါဒမျှ သာဖြစ်၏။ သူတို့တစ်တွေ ပျော်တပြုံးပြုံးနှင့် မြိုးမြိုးမြက်မြက် စားနေကြခိုက် အတာမှ လျှာတပြင်ပြင် နှင့် အပေါ်ထပ်တွင် ကုပ်နေရ၏။ သူတို့ မစားနိုင်၍ ပိုလျှံမှ အတာစားရ၏။ တစ်ခါတစ်ရံ မနပ်၍ဖယ် ထားသော ပလာတာအလယ်သား နှင့် အရိုးအရင်း ဟင်းကပ်ကလေးသာစားရလျက် များသောအားဖြင့် မူ ဝယ် လာသမျှ တက်တက်စင် ပြောင်သွားတတ်သောကြောင့် အတာတွင် အာခေါင်အခြောက်သားနှင့် ပင် စားကြွင်း စားကျန် ပန်းကန်ခွက်ယောက်များဆေးရင်း "ငါ့ကိုတော့ ဘာလို့မကျွေးပါလိမ့်"ဟူသော အတွေး ဖြင့်သာ နိဂုံးချုပ်ခဲ့ရ၏။ ဤသည်ကို အတာ တွေးမိ လာ၏။
"ဟုတ်တယ်နော်၊ သူများတွေတော့ စားချင်သလောက် စားရပြီး ကျွန်တော့်ကိုတော့ ဝအောင်မကျွေး ဘူး၊ တစ်ခါတလေ ကျ လုံးလုံးမစားရဘူး၊ အဲဒါ သူများတွေကို စိတ်ကောင်းရှိပြီး မေမေဟာ ကျွန်တော့် အပေါ် မှာတော့ စိတ်ကောင်းမရှိဘူး၊ နော်"
ကိုထွန်းအောင်လည်း ဟင်းခနဲ သက်ပြင်းတစ်ချက် ချလိုက်ပြီးမှ "ဒါကြောင့် ငါပြောတာပေါ့ကွာ၊ မင့်အမေ ကို ငါ ဘယ်လိုနားလည်ရမှန်းကို မသိဘူးလို့၊ သူများအပေါ်မှာ ရက်ရောသလောက် မင့်အမေဟာ မင့်အပေါ် ကျတော့ စိတ်ကောင်းမရှိဘူး" အတာကလေး တွေသွား၏။ ကိုထွန်းအောင်လည်း အတာ စိတ်မကောင်း ဖြစ်သွာသည်ကို ချက်ချင်း သတိထားလိုက်မိကာ
"အဲဒါ ဘာဖြစ်လို့လဲ မင်း သိလား အတာ၊ မင့်အမေဟာ ဒိပြင်လူတွေအပေါ် သဘောကောင်းပြီး မင့်အ ပေါ် မှာတော့ ဘာလို့ စိတ်ကောင်းမရှိသလဲ ဆိုတာ ဘာကြောင့်လို့ ထင်သလဲ" "ကျွန်တော်က ကံဆိုးလို့ပါ"
ပက်လက်ကုလားထိုင်တွင် နောက်ကိုမှီ၍ထိုင်နေသော ကိုထွန်းအောင်လည်း အတာ့အဖြေကို ကြား လိုက်ရသည် နှင့် ထူထူထောင်ထောင် ကိုယ်မတ်၍ ထိုင်မိသည်အထိ အံ့အားသင့်သွားရာမှ
"ဘာပြောတယ်ကွ၊ မင်း ကံဆိုးလို့ ဟုတ်လား"
"မမသက်တို့က ပြောတာပဲ၊ နင့်အမေအရင်းခေါက်ခေါက်က နင့်အပေါ် ဒီလောက်ရက်စက်တယ်ဆိုတာ ဟာ နင် ကံဆိုးလို့ပဲ အတာ တဲ့၊ နင့်ကံဆိုးလို့ ဒီမိန်းမကြီးသား လာဖြစ်ရတာတဲ့"
မခင်သက်တို့က ပြောလိုက်သည်မှာ အတာ့စကားအရ အပေါ်ယံမျှဖြစ်သည်ကို ကိုထွန်းအောင် သတိ ထားမိလိုက်၏။
"နေဦး၊ မင်း သေသေချာချာ နားလည်အောင် ငါ ပြောပြမယ်၊ မခင်သက်တို့ပြောသလို မင်းကုသိုလ်ဆိုး လို့ မင့်အမေဟာ မင့်အပေါ်မှာ ရက်စက်နေတာ အမှန်ပဲကွ၊ အဲဒါ ဘာကြောင့်လဲဆိုတော့ မင်း ဟိုဘဝ က တစ်ဦးတစ်ယောက်အပေါ်မှာ ဒီလိုပဲ ရက်စက်ခဲ့၊ ဆိုးခဲ့ဖူးလို့ ဒီဘဝမှာ မင်း ခုလိုခံနေရတာပဲ၊ ငါ ပြောတာ နားလည်ရဲ့လား အတာ"
အတာလည်း မရှင်းသေးလို့ တွေနေပြန်သောကြောင့်
"ဒီမှာ အတာ၊ မင်း ဟိုတစ်လောက ငါ့ကို ပြောပြတယ်မဟုတ်လား၊ လမ်းထိပ်က ဘခွေးအကြောင်း လေ"
"ဟုတ်ကဲ့" "အေး အဲဒီဘခွေးကို မင်းပေတံနဲ့ ဘာပြုလို့ရိုက်တာလဲ၊ သူက မင်းကို ဘာမှမလုပ်ရင် မင်းရိုက်မလား" အတာလည်း ခေါင်းကလေးကို အသာခါပြရင်း
"သူက ကျွန်တော့်ကို အနိုင်ကျင့်လို့ ရိုက်တာပေါ့"
"အဲဒီလိုပေါ့ကွ၊ လူတစ်ယောက်ဟာ ဒိပြင်လူတစ်ယောက်ကို မတရားနှိပ်စက်ရင် တစ်နေ့ကျတော့ သူ လဲ ပြန်ပြီး အနှိပ်စက်ခံရတတ်တယ်၊ ကဲ မင်း ဟိုတုန်းက ဘခွေးကို သိပ်ကြောက်ရတာပဲဆို၊ ခုတော့ သူက မင်းကို ပြန်ပြီးကြောက်နေရတယ်လို့ မင်းပြောဖူးတယ်၊ ဟုတ်ရဲ့လား" "ဟုတ်ကဲ့၊ ကျောင်းကကောင်တွေလဲ အရင်ကလို အနိုင်မကျင့်ရဲတော့ဘူး" "အေး ဒီသဘောမျိုးပေါ့ကွာ" ကိုထွန်းအောင်က စကားမဆုံး သေးမီပင် "ဘခွေးက ကျွန်တော် အနိုင်ကျင့် တာလဲ ဒီဘဝ၊ သူ ကျွန်တော့်ကို ပြန်ကြောက်ရတာလဲ ဒီဘဝပဲ၊ မေမေ နဲ့ ကျွန်တော်ကျတော့ ဘာပြုလို့ ဟိုဘဝ ဒီဘဝဖြစ်နေတာပဲ ဟင်"
ကိုထွန်းအောင်လည်း အတာ မေးလိုက်သော ကတ်သီးကတ်သတ်အတွေးကြောင့် ရုတ်တရက် မဖြေ တတ်အောင် ယောင်တွေတွေ ဖြစ်သွားတော့၏။ အတော်ကလေး အချိန်ယူစဉ်းစားနေမိပြီးမှ
"ဒါက ဒီလိုလေကွာ၊ မင်းနဲ့ ဘခွေးတို့က ရွယ်တူ ကလေးချင်းအနေနဲ့ အနိုင်ကျင့်တာ ရန်စတာမျိုး မဟုတ်လား၊ ဒီတော့ ဒီဘဝမှာတင်ဝဋ်လည်တာပေါ့ကွ၊ မင်းနဲ့ မင့်အမေက သားအမိအနေမျိုးနဲ့ဆိုတော့ ဥပမာ ဟိုဘဝတုန်းက မင့်အမေက မင့်သမီး ဒါမှမဟုတ် သား တစ်ခုခုပေါ့ကွာ၊ မင်းက သူ့အမေ ဒါမှ မဟုတ် အဖေ၊ ဒါမှမဟုတ်ဘဲ မိထွေး၊ ပထွေး တစ်ခုခုဖြစ်လိမ့်မယ်၊ အဲ ဟိုဘဝတုန်းက သူ့ကို မင်း အမျိုးမျိုး နှိပ်စက်ခဲ့လို့ ဒီဘဝကျတော့ မင်းက သူ့သားလာဖြစ်ပြီး သူက မင်းကိုနှိပ်စက်သလို လုပ်နေတာ ဖြစ်မှာပဲ" ယခုမူ အတာသည် အတော်အတန် သဘောပေါက်နေပြီကဲ့သို့ ခပ်တွေတွေကလေး နားစွင့် နေ၏။
"ဒီလိုဆိုရင် နောက်တစ်ခါဘဝကျတော့ မေမေက ကျွန်တော့်ကလေးလာဖြစ်ပြီး ကျွန်တော်က ပြန်ပြီး နှိပ်စက် ရဦးမလား ဟင်" ပေါက်ပေါက်ရှာရွာ အတာလည်း သို့လျှင် ကောက်ကာငင်ကာ မေးလိုက်သောကြောင့် ကိုထွန်းအောင် က တစ်စုံတစ်ခုကို ရုတ်တရက် သတိရသလိုဖြင့်
"ကဲ အတာ၊ ငါ မေးမယ်၊ ခု မင်းအမေဟာ မင်းအပေါ်မှာ အတော့်ကိုဆိုးတယ်နော်၊ အဲဒါ မင်းသူ့ကို စိတ်မဆိုး ဘူးလား၊ မမုန်းဘူးလား"
"ဟင့်အင်း၊ ကျွန်တော် စိတ်မဆိုးဘူး၊ ချစ်တယ် မေမေ့ကို ကျွန်တော် သိပ်ချစ်တယ်၊ နောက်ဘဝ ကျွန် တော့် ကလေးဖြစ်လာရင်လဲ ကျွန်တော် ချစ်မှာပဲ၊ မနှိပ်စက်ဘူး၊ ရိုက်လဲ မရိုက်ဘူး၊ အော်လဲ မအော်ဘူး၊ မုန့်တွေ ဘာတွေ အများကြီး ဝယ်ကျွေးမယ်၊ အင်္ကျီလှလှလေးတွေ ဝယ်ပေးမယ်၊ ပြီးတော့"...
"တော်ပါတော့ အတာရယ်၊ မင်း မင်း"
ကိုထွန်းအောင်မှာဆက်၍ ပြောရန်ပင် စကားစရှာမရနိုင်တော့ဘဲ အတာ့ပါးကလေးနှစ်ဖက်ကို လက်ဝါး နှစ်ခုဖြင့် စုအုပ်ဆွဲခါလျက် ကြင်နာ အရိပ်အယောင်ကိုပြရင်း ပြုံးလိုက်မိ၏။ ကိုထွန်းအောင်တွင် အဘယ်မျှလောက် ကြည်နူးဝမ်းမြောက်သွားသည်မသိ။ မျက်လုံးများထဲတွင် ရေကြည်ကလေးသန်းလာ သည် အထိ အတာအား တွေကြည့်နေမိပြီးမှ
"မင်းဟာ လူဆန်းကလေးပါလား အတာရယ် ဟင်၊ မင်း သိပ်ထူးခြားတဲ့ ကလေးပဲ"
ကိုထွန်းအောင်လည်း မချင့်မရဲကြီးကြည့်ရင်း အာလုတ်သံဖြင့် ပြောလိုက်ကာ ခေါင်းတညိတ်ညိတ်နှင့် အမြိန့်သား ဝမ်းမြောက်နေ၏။
"အင်း ဒီကောင်လေး ပြောလိုက်တဲ့ စကားကဖြင့် ဒီဘဝ ဒီမျှနဲ့ကြောပါစေဆိုတဲ့ သဘောမျိုးပဲ၊ အရွယ်နဲ့ မလိုက်အောင် မြင့်မြတ်လိုက်တဲ့ စကားနှယ်" ဤသို့လည်း ဝမ်းထဲမှ ရေရွတ်နေမိ၏။
"ဒီကလေး ပြောတဲ့ စကားတွေသာ သူ့အမေကြားရရင် အို ကြားလဲ အပိုပါပဲ၊ ကြီးကြီးကျယ်ကျယ် ပြော တယ် ဆိုပြီး ထရိုက်ချင် ရိုက်နေမှာ ခက်တယ်၊ လောကမှာ စာမတတ်တာလောက် လူဖြစ်ရှုံးတာ မရှိ တော့ဘူး" ဟူ၍လည်း မသိန်းမေအတွက် စိတ်ပျက်လက်ပျက် ညည်းညူနေမိ၏။
"အေး ငါ့သားက လိမ္မာတယ်" "ငါ့သား"ဟူသော အသုံးအနှုန်းဖြင့် ပြောုလိက်သည်မှာ ကိုထွန်းအောင်အဖို့ ဤတစ်ကြိမ်သည် ပထမ ဖြစ်၏။ ထို့အရင်ကမူ သူ သုံးချင်၏။ သို့သော် သိတတ်နေပြီဖြစ်သော အတာကလေး အနေ ကြုံရမည် စိုးသောကြောင့်သာ "မင်း မင်း"နှင့်ခေါ်ဝေါ်ပြောဆိုခဲ့ရာမှ ယခုမူ သူ့ စိတ်ထဲ၌ မချုပ်တည်းနိုင်လောက် အောင်ပင် အတာ့အပေါ်၌ ကရုဏာအနှစ်ဖြင့် အချစ်ကြီး ချစ်မိသွားသည့်အတိုင်း သို့လျှင် "ငါ့သား"ဟူ ၍ သုံးလိုက်သည်ဖြစ်ရာ အတာကလည်း သာယာသွားသလို အပြုံး ဖြင့် လက်ခံနေ၏။
"မင်း နောက်ကိုလဲ ဒီလိုပဲ စိတ်ထဲမှာထားနော်၊ မင့်အမေဟာ ခုဆိုးနေပေမဲ့ မင်းက သူ့အပေါ်မှာ မုန်း တဲ့စိတ်မျိုးမထားဘဲ မင်း ခုနပြောသလို သူက ဘယ်လိုပဲဆူဆူ ရိုက်ရိုက် ချစ်တဲ့စိတ်က အမြဲထားရင် တစ်နေ့ ကျ သူ ကောင်းလာမှာပဲ၊ သိလား"
"ဟုတ်ကဲ့၊ ကျွန်တော်လေ ဘုရားရှိခိုးရင်လဲ မေမေ ကျွန်တော့်ကို ချစ်ပါစေလို့ အမြဲဆုတောင်းတယ်"
အတာ့စကားမှာ ကိုထွန်းအောင်၏သြဝါဒထက်ပင် ပိုသွားသောကြောင့် အတာ့ခေါင်းကလေး ဆွဲပွတ် ကာ အညွတ်အနူးသဘောကျနေမိတော့၏။
"ဟို မနေ့တုန်းကလေ မေမေ ဈေးရောင်းတာ ပိုက်ဆံအများကြီးမြတ်တယ်တဲ့။ မနက်က မမသက်တို့ အောက်မှာပြောနေကြတယ်၊ ဟုတ်လား ဟင်၊ ကျွန်တော် သိပ်ဝမ်းသာတာပဲ"
အတာက ပြုံးပြုံးကလေး မော်ကြည့်ရင်း မေးလိုက်သောကြောင့် "အေး ဒါပေမဲ့ မင်း ဝမ်းမသာနဲ့ အတာ၊ အဲဒါ မတရားရတဲ့ပိုက်ဆံတွေကွ"
"ဟင်၊ ဈေးရောင်းလို့မြတ်တာ မဟုတ်ဘူးလား"
"ဈေးရောင်းလို့ မြတ်တာတော့ မှန်တယ်လေ၊ ဒါပေမဲ့ မသန့်ရှင်းဘူးကွ၊ ကဲ မင်းနားလည်အောင် ငါ ပြောပြမယ်၊ ဥပမာ ဆိုပါတော့ကွာ၊ ထီးတစ်လက်ကို တစ်ကျပ် အရင်းကျတယ်၊ အဲဒါ ငါးမတ်နဲ့ရောင်း တော့ အဲဒီတော့ ဆိုရှင် ဘယ်လောက်မြတ်မလဲ"
"တစ်မတ်မြတ်တာပေါ့"
"အေး၊ အဲဒီတစ်မတ်ဟာ သန့်ရှင်းတဲ့ အမြတ်လို့ခေါ်တယ်"
"ကဲကွာ၊ မင်းက ဆိုင်တစ်ဆိုင်မှာ ပိုးလုံချည်တစ်ထည် သွားဝယ်တယ် ဆိုပါတော့၊ အဲဒါ ဆိုင်ရှင်က ပိုး အတုလုံချည် ငါးမတ်လောက် တန်တာကို ပိုးအစစ်ဆိုပြီး မင့်ကို နှစ်ကျပ်ခွဲနဲ့ လိမ်ရောင်းတယ် ဆိုပါ တော့၊ အဲဒီတော့ ဆိုင်ရှင် ဘယ်လောက်မြတ်မလဲ"
"ငါးမတ်တန်ကို နှစ်ကျပ်ခွဲနဲ့ရောင်းတော့ ငါးမြတ်တောင် မြတ်မှာပေါ့"
"အေး အဲဒါ မသန့်ရှင်းဘူး၊ ပိုးအစစ်မဟုတ်ဘဲနဲ့ မတရားလိမ်ရောင်းတာမို့ အမြတ်များများရပေမဲ့ အပြစ် ဖြစ်တယ်၊ မသန့်ရှင်းတဲ့အမြတ်လို့လဲ ခေါ်တယ်"
ဤတွင် အတာလည်း ဘာကို သတိရလိုက်သည်မသိ။ တန်းပေါ်တွင် လွှားလျက်သားပင်ရှိနေသေး သော သူ့ပိုးလုံချည်ကလေးကို ပြေးယူလာပြီး
"ကြည့်ပါဦး၊ ဒါကော ပိုးအစစ်ဟုတ်ရဲ့လား ဟင်"ဟု စိုးရိမ်သွားသလို အမူအရာကလေးဖြင့် မေးနေ သောကြောင့် ကိုထွန်းအောင်တွင် အားပါးတရ ရယ်နေမိရာမှ
"မင့်လုံချည်က ပိုးစစ်ပါတယ်ကွ၊ ငါ ခုန ငါ ပြောတာ ဥပမာ ပြောတာပါ၊ ဒါနဲ့ ဒီလုံချည်ဝယ်တော့ မင့်ကို တစ်မတ်ပြန်ပေးလိုက်တယ်ဆို" "ဟုတ်တယ်၊ သုံးကျပ်မတ်တင်း ရောင်းတာကို ကျွန်တော်မို့ မုန့်ဖိုး တစ်မတ် လျှော့ပေးတာတဲ့"
"အေး ဒါဆို အရင်းအတိုင်းလောက်ပဲရှိမယ်၊ သုံးကျပ်မတ်တင်းရောင်းမှ သူတို့ တစ်မတ်လောက်ပဲမြတ် မယ်၊ အဲသလို ပိုးစစ်ဆို အစစ်၊ အတုဆို အတု ပြောပြီး မှန်မှန်ကန်ကန်နဲ့ အသင့်အတင့် အမြတ်ယူတာ ကတော့ အပြစ်မရှိဘူး၊ ကဲ တကယ်လို့ မင်းဝယ်လာတဲ့ လုံချည်ဟာ အတုဖြစ်နေရင် မင့်ကို လိမ်ရောင်း လိုက်တာဆိုရင် မင်း ဘယ်လိုနေမလဲ။ အတာ ပြောစမ်း" "ကျွန်တော် စိတ်ဆိုးမှာပေါ့"
"အေး စိတ်လဲဆိုးမယ်၊ ဒီလုံချည်မြင်တိုင်းလဲ မင်းစိတ်ချမ်းသာမှာ မဟုတ်ဘူး၊ အဲဒီတော့ လိမ်ပြီးရောင်း တာ ကောင်းသလား" "ဘယ်ကောင်းမလဲ၊ ဒါ မတရားလုပ်တာပေါ့ နော်"
"အေး၊ မင့်အမေ မနေ့က ပိုက်ဆံအများကြီးမြတ်တယ် ဆိုတာ အဲသလိုပဲကွ၊ ဘုရားဖူးလာတဲ့ တောသူ တောင်သားတွေကို လိမ်ပြီးရောင်းလို့ အများကြီး မြတ်တာပေါ့"
"ဘာရောင်းတာလဲတဲ့ ဟင်" "အိန္ဒိယနိုင်ငံကလာတဲ့ ဘာဘူ ဘန်ကောက်လုံချည်ကို ယိုးဒယား ဘန်ကောက် အစစ်ဆိုပြီး လိမ်ရောင်း တာပေါ့ကွ"
"ဟင် သူတို့ကကော အစစ်နဲ့ အတုကို မသိဘူးလား" "နို့ မင်းကော၊ မင့်လုံချည် ပိုးစစ်လား အတုလား ဆိုတာ သိလို့လား" "ကျွန်တော်က ကလေးပဲဟာ" လူကြီးမှန်ရင် သိရမည်ဟူသည့်အတွေးဖြင့် အတာက မေး လိုက်သောကြောင့် ကိုထွန်းအောင် ပြုံးမိ သွား၏။
"အေးပေါ့ကွာ၊ တောသူတောင်သားဆိုတာ လူကြီးပေမဲ့ ရိုးတယ်၊ အတယ်၊ ဒါကြောင့် ဝယ်သွားတာ ပေါ့"
"သနားပါတယ်နော်" အတာလည်း ညည်းညည်းညူညူပင် ရေရွတ်လိုက်၏။
"အဲဒါ သူတစ်ထူးကို လိမ်ရောင်းလို့ မတရားရတဲ့ပိုက်ဆံမဟုတ်လား" သွက်သွက်ကလေး အတာက ခေါင်းညိတ် လိုက်၏။ "အေး အဲသလို မတရားရတဲ့ ပိုက်ဆံဟာ ဘယ်တော့မှ လက်ထဲမှာ ကြာကြာမနေဘူးကွ၊ ခဏလေးနဲ့ ကုန်တာပဲ" "ဘာပြုလို့လဲ ဘယ်လိုကုန်တာလဲ ဟင်"
"မင့်အမေ ကြည့်ပါလား၊ မနေ့က ငွေခြောက်ကျပ် ခုနစ်ကျပ်လောက်မြတ်တယ်၊ အဲဒါ သူတစ်ထူးကို မတရား လိမ်ရောင်း လို့ ရတဲ့ပိုက်ဆံမို့ မြင်းလောင်း ၃၆ ကောင်ထိုးနဲ့ တစ်နေ့ထဲရှစ်ကျပ်ရှုံးလို့ သူ့အိတ်ထဲ က တောင် တစ်ကျပ်ပါသွားသေးတယ်"
အတာကလေး စဉ်းစားသလို တွေနေပြန်၏။ ကိုထွန်းအောင်ကလည်း အတာကလေး ၏ တွေနေသည့် အမူအရာကိုကြည့်ရင်း "ဘာတွေ ကတ်သီးကတ်သတ် မေးဦးမှာပါလိမ့်" ဟူသော အတွေးဖြင့် အကဲ ခတ် နေခိုက်မှာပင် "တကယ်လို့ မေမေ ၃၆ ကောင် မထိုးရင်တော့ ဒီပိုက်ဆံ ကို မေမေ သုံးရမှာပဲ မဟုတ်လား"
ကိုထွန်းအောင် ထင်သည့်အတိုင်းပင် အတာ၏ရှာရှာဖွေဖွေ မေးသံပေါ်လာတော့၏။
ဆက်ရန်
.

No comments:
Post a Comment