Monday, March 19, 2012

တင်မောင်မြင့် ၏ နွေကန္တာ, အပိုင်း (၈)

(ဖီးလစ်က -
" ကိုလံဘတ်စ်ဆိုတဲ့ နာမည်ကို မကြိုက်ပါဘူးကွာ၊ ခရစ္စတိုဖာဆိုတော်ရောပေါ့" ဟု ဆိုသဖြင့် ဒုတိယ သားရတနာ ၏ အနွတ္တသညာ ခေါ်စရာမှာ ခရစ္စတိုဖာ ဖြစ်သွားလေသည်။ သည်တော့မှ ဂျူးဒစ် တစ်ခါက ပြောဖူးသည်ကို ဖီးလစ် ပြန်စဉ်းစားမိသည်။ ဘာအဓိပ္ပာယ်နှင့် ပြောတာပါလိမ့်။
" အစ်ကို နဲ့ လက်ထပ်ရတာ ကမ္ဘာသစ်တစ်ခုကို သင်္ဘောတစ်စင်းနဲ့ ရွက်လွှင့်နေရသလိုပဲ" တဲ့လေ။
စာရင်းချုပ် လိုက်တော့ ရလိုက်သည့် အမြတ်တွေမှာ မယုံနိုင်စရာပင်။ ငွေတွေရလာလို့လည်း ပျော်၏။ စပိန် အကောက်ခွန်သမားတွေကို လွတ်လွတ်ကျွတ်ကျွတ် အရှောင်အတိမ်း လုပ်နိုင် သဖြင့် ၀မ်းသာနေ၏။ ဂျူးဒစ်ကလေးကို လိုလေသေးမရှိ ၀ယ်ပေးနိုင်တော့မည်။)
ကို ဆက်ဖတ်ရန်...

အခန်း (၆)

မတ်ရှာရမီက မှောင်ခိုလုပ်ငန်းမှာ ရိုးသားသည့်လုပ်ငန်းမဟုတ်၍ မိုးခါးရေမသောက်ဘဲနေသည်။ စရိတ် ကျဉ်း နိုင်သမျှ ကျဉ်းအောင် လုပ်သော်လည်း ဆိပ်ကမ်းခွန်ပေးရသဖြင့် အမြတ်နည်းနည်းပဲ ကျန်သည်။ သစ်ဖြူတော အိမ်လည်း ဆောက်လုပ်ပြီးစီးနေပြီ။ သိပ်မကြီးလှပေမဲ့ နေပျော်သည့် အိမ်တစ်ဆောင် ဖြစ်ပါသည်။
သူပုန်ထပြီး နှစ်နှစ်အကြာ ခရစ္စတိုဖာကလေး တစ်နှစ်အရွယ်တွင် ကာလက်ရောက်လာသည်။ နယူးအော်လီယန်း သို့ ကျွန်သွားဝယ်မည့်အကြောင်း ဂျူးဒစ်အား လာရောက်ပြောခြင်းဖြစ်သည်။ ဖီးလစ် က သူ့မိတ်ဆွေအလန်ဂျူဟန်၏ လှေကြုံဖြင့် သယ်ယူပို့ဆောင်ဖို့ စီစဉ်ပေးသည်။

အလန်ဂျူဟန်မှာ စစ်ပြန်တစ်ဦးဖြစ်ပြီး ပိုင်စားမြေတွေ ရခဲ့သော်လည်း စိုက်ပျိုးရေးသမားဖြစ်မလာဘဲ ခြံထွက် သစ်တွေကို လှေစပ်ရောင်းသည့် အလုပ်ဖြင့် အသက်မွေး နေသူ အမေရိကန်တစ်ယောက်ဖြစ်၏။ လုပ်ငန်း တိုးချဲ့ရန် နယူးအော်လီယန်းသို့ သူကိုယ်တိုင်သွား ပြီး ဖောက်သည်ရှာမည်။ ပြင်သစ်လူမျိုး ယောက္ခမကြီး က ပေါက်ပေါက်ရောက်ရောက် ရှိသူဖြစ်၍ နယူးအော်လီယန်းတွင် လုပ်ငန်း အဆင်ချောလိမ့်မည် ဟု မျှော်လင့်ထားသည်။

ကာလက်သည် နယူးအော်လီယန်းကို တအံ့တသြ လျှောက်ကြည့်နေသည်။ အလွန်ထူးဆန်းသည့် မြို့ကြီးဖြစ်၏။ မြို့၏ မျက်နှာစာက မစ္စစ်စပီမြစ်ကြီး။ မြို့အနောက်ဘက် နယ်နိမိတ် တစ်လျှောက်မှ မြို့ရိုးကြီးက မျက်စိတစ်ဆုံး၊ လူရိုင်းများရန်မှ ကာကွယ်ရန် ရှေးရှေးက ဆောက်လုပ်ထားသည့် မြို့ရိုးကြီး။ ခု ခေတ်တွင် သိပ်အသုံးမ၀င်တော့ပါ။ လူရိုင်းတွေကလည်း သိပ်မရိုင်းကြတော့ဘူးလေ။
ရွှံ့တွေ၊ ရေတွေ ထူပြောသည့်လမ်းများကို ကာလက် သဘောကျနေ၏။ ဆယ့်နှစ်ရာသီ စိုစွတ်နေ သည့် လမ်းတွေ ထင်ပါရဲ့။ လမ်းခင်းကျောက်တုံးတွေကြားက ရွံ့တွေ၊ ရေတွေ စိမ့်ထွက်နေသည်လေ။
ဘုရားရှိခိုး ကျောင်း အ၀င် တံခါးဝတွင် မြင်းရထားကြီးရပ်တော့ ၀တ်ကောင်းစားလှနှင့် အမျိုးသမီးတွေ ရထားပေါ်က ဆင်းပုံကို ကြည့်ပြီး ကာလက်သဘောကျနေသည်။ တံခါးရွက်တွင် ပေကျံနေသည့် ရွှံ့စက်တွေနှင့် အ၀တ်အစား ထိမှာလည်းစိုးရ၊ ဖိနပ်လှလှလေးတွေ ဗွက်ထဲ နင်းမိ မည်လည်း စိုးရသဖြင့် သတိကြီးစွာထားပြီး လျှောက်သွားနေကြပုံမှာ ကြည့်လို့ကောင်းလှ၏။

နှစ်ခြင်းဘာသာဝင် တစ်ယောက်ဖြစ်သော်လည်း သူတို့ ဘရင်ဂျီဝတ်ကျောင်းကြီး၏ မြင်ကွင်းနှင့် ခေါင်းလောင်းသံ တွေကို သဘောကျနေမိ၏။ ဘာသာစကားပေါင်းစုံ ရောထွေးပြောဆိုနေကြသည်။ ကျွန်ဈေးကို ကြည့်ပြီး ပျော်နေမိ၏။ ပြင်သစ်ဝိုင် အရောင်းဆိုင်များ၊ အထည်ဆိုင်များတွင် ၀ယ်သူတွေ ကြိတ်ကြိတ်တိုးနေသည်။ ရောင်စုံပုတီးများ၊ တိရစ္ဆာန်သားမွေး အရေခွံများရောင်းသည့်ဆိုင်လည်း အများအပြား တွေ့ရသည်။

မြို့ရောက်သခိုက် အရက်ဆိုင်မ၀င်ဘဲ လမ်းတကာလျှောက်ပြီး သဘောကျနေသည့် ကာလက်ကို ကြည့်၍ မစ္စတာ ဂျူဟန် ရယ်သည်။ ပြီးတော့ အနံ့အသက်နှင့် မြင်ကွင်းတွေကြောင့် ကာလက်မူးနေ သည်ကို တွေ့ရတော့ ဂျူဟန် နားမလည်နိုင် ဖြစ်သွားသည်။
တတိယမြောက်နေ့ မနက်တွင် ညက အားရပါးရ ပွေပြန်လာပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ သည့် မစ္စတာဂျူဟန် ကို ထားခဲ့ကာ ပန်းခြံထဲသို့ ထွက်ခဲ့သည်။ စွန်ပလွံပင်ကို မှီပြီး ထွက်ပြူစ နေလုံးကြီးကို ကာလက် ငေးကြည့်နေသည်။

ပန်းရောင် နေ၀န်းကြီးအား ရေကာတာရိုးနှင့် လှေတွေကို ကျော်ပြီး မြင်နေရ၏။ ဘုရားဝတ်ကျောင်းမှ ခေါင်းလောင်းသံတွေ ပျံ့လွင့်လာသည်။ ပန်းခြံထဲတွင် တတိုင်းမွှေးနံ့ သင်းနေ၏။ နယူးအော်လီယန်းသည် ရွှေအဆင်းကို ဆောင်နေ၏။
ခပ်လှမ်းလှမ်း ဘုရားရှိခိုးကျောင်းမှ ဓမ္မတေးသံ ပျံ့လွင့်လာသည်။ မြို့သူမြို့သားတွေ ဘုရားကျောင်းဆီသို့ သွားနေကြသည်။ အချို့က ရထားလုံးကြီးများဖြင့်။ တချို့က ခြေကျင်။ အစေခံတွေ ထမ်းလာသည့် ဝေါဖြင့် အခံ့သား ထိုင်လိုလာသူတွေလည်း တွေ့ရ၏။ ကောင်မလေးတစ်ယောက် သူ့ကို ဖြတ်ပြေး သွားသည်။ စကတ်အဖြူကလေး တ၀ဲဝဲနှင့်။ မြစ်ဆိပ် ဆီသို့ ပြေးသွားပြီး ရေကာတာကြီးပေါ် ပြေးတက်သွားသည်။

သံပရာပင် တစ်ပင်အောက် အရောက်တွင် ခေါင်းစည်းပွင့်ရိုက်ဝါကိုချွတ်သည်။ ကာလက်ကို ကျောပေးပြီး မြစ်ပြင်ဘက်သို့ မျက်နှာမူလျက် လက်နှစ်ဖက်ကို ဆန့်တန်းသည်။ ပြီးမှ လေကို တ၀ကြီးရှူနေသည်။
နေရောင်တွင် သူ့ပိတုန်းရောင် ဆံပင်တွေ တဖိတ်ဖိတ်တောက်နေ၏။ မြစ်ပြင်ကို ဖြတ်တိုက်လာ သည့် လေက ကလေးမ၏ အ၀တ်အစားများကို တဖျပ်ဖျပ် လှုပ်ခတ်နေစေ၏။ အဖြူရောင် ဂါဝန်အောက်မှ ခါးကျဉ်းကျဉ်းကလေးကို ကာလက် ငေးကြည့်နေသည်။

ကလေးမက သံပရာပင်ရိပ်မှ မြက်ခင်းပြင်ပေါ်တွင် ခေါင်းစည်းပ၀ါကို ဖြန့်ခင်းပြီး ထိုင်ချလိုက်သည်။ ကာလက် သူ့ဆီသို့ လျှောက်သွားပြီး ဆင်ခြေလျှောရေကာတာပေါ်သို့ ပြေးတက်လိုက်သည်။
၁၀ စက္ကန့်လောက် ရပ်ပြီး စဉ်းစားဖြစ်လျှင် သူ ခုလို လုပ်မိမည်မဟုတ်။ အနားရောက်မှ သည်နယ်က ပြင်သစ်တွေ၊ စပိန်တွေအကြောင်း သွားသတိရသည်။ အဖေတွေ၊ မောင်တွေသည် သူတို့ သမီးတွေ၊ နှမတွေအတွက် အမြဲ ဓားသွေးနေကြသူတွေဖြစ်၏။ မိသားဖသားပီပီ မိတ်ဆက်ပြီး ရင်းနှီးသူမဟုတ်လျှင် မိန်းကလေးတစ်ယောက်အား စကားပြောခွင့်မရှိပေ။ ခုတော့ သူ ဘာမှ သတိမရတော့။ နံနက်ခင်းရယ်၊ သံပရာပင်အောက်က မိန်းမပျိုရယ် သိပ်ပနံနေတာကိုပဲ သိသည်။ ကောင်မလေးနှင့် မျက်လုံးချင်းဆုံမှ စကားပြောခွင့် မရှိကြောင်း ပြေးသတိရလိုက်ခြင်း ဖြစ်သည်။
ဒါဖြင့် ဘာလုပ်မလဲ။ ပြောခွင့်ရှိသည့်တိုင်အောင် ပြင်သစ်စကားကို ဟုတ်တိပတ်တိ ပြောတတ် သည် မဟုတ်။

အရောင်းအ၀ယ် ကိစ္စအတွက် ထမင်းစား ရေသောက်တော့ သင်ထားသည်။
သို့သော် သူကလေးကို သေသေချာချာ ကြည့်မိတော့မှ ပြင်သစ်မဟုတ်ဘဲ စပိန်မကလေးဖြစ်ကြောင်း တွေ့ရသည်။ ဘာဆက်လုပ်ရမှန်း မသိသဖြင့် ရပ်ကြည့်ပြီး ပြုံးပြလိုက် သည်။
ကလေးမတွင် ကြောက်ရွံ့ ထိတ်လန့်ပုံ အလျှင်းမတွေ့ရ။ မြက်ခင်းပေါ်တွင် လက်တစ်ဖက်ထောက် ပြီး အံ့သြသည့် အမူအရာဖြင့် သူ့ကို ပြန်ကြည့်နေသည်။ သေးသွယ်နက်မှောင်နေသည့် မျက်ခုံးမွှေး နှစ်ခုမှာ နှာတံရင်း တွင် ထိဆက်လုခမန်း ဖြစ်နေသည်ကို ကာလက် သတိပြုမိ၏။ နှုတ်ခမ်းအစုံက စတော်ဘယ်ရီ ရောင် ရဲနေသည်။ အသားအရေက ကလေးတစ်ယောက်လို ပြစ်မျိုးမှဲ့မထင်။ စပိန် လူမျိုးများသည် သူတို့ မိန်းကလေး များကို သူများလက်ထဲပေးဖို့ မတရားတွန့်တိုကြ၏။ သို့သော် စပိန် မိန်းကလေး များ၏ လည်ဟိုက်လွန်းသော အ၀တ်အစားများကိုမူ ပိတ်ပင်ရကောင်းမှန်းမသိကြ။

" ကျွန်တော့်ကို ခွင့်လွှတ်ပါနော်" ဟု ပြောပြီး ကာလက် ပေရပ်နေသည်။ ကလေးမ၏ မျက်နှာတွင် အံ့သြခြင်း လက္ခဏာများ ပြယ်မသွားသေး။ အလွန်မပီသသော အင်္ဂလိပ်စကားဖြင့် အားယူပြီး ပြော သည်။
" ရှင် ... ရှင်က အင်္ဂလိပ်လား "
" အင်း အင်း ဟုတ်တယ်၊ မင်း အင်္ဂလိပ်စကားတတ်တယ်နော် "
ကာလက်က ၀မ်းသာအားရ ပြန်မေးရင်း မြက်ခင်းပေါ်တွင် ၀င်ထိုင်လိုက်သည်။ ကလေးမက နှစ် လက်မလောက် တစ်ဖက်တိုးသွားပြီး ...
" သိပ်မတတ်ပါဘူး၊ ရှင်က ဘယ်သူလဲ "
" ကိုယ့်နာမည် ကာလက်ရှာရမီ၊ မင်းကို ကိုယ် ဘာမှ ဒုက္ခမပေးပါဘူးနော်၊ မင်း သိပ်လှလွန်းလို့ စကား လာမပြောဘဲ မနေနိုင်အောင် ဖြစ်နေလို့ပါ "
သူကလေး က ရယ်ပြီး -
" ဂရာစီယားစ်၊ အဲလေ၊ ကျေးဇူးတင်ပါတယ်လို့ ပြောတာပါ "

"ခဏလေးထိုင်ပြီး မင်းနဲ့ စကားပြောခွင့်ရမလားဟင်၊ ကိုယ်ဆိုလိုတာက ကိုယ်က ဒီအရပ်သား မဟုတ်ဘူးလေ။ နယူးအော်လီယန်းမှာ အသိအကျွမ်းလည်း တစ်ယောက်မှ မရှိဘူး "
ကလေးမ ရယ်ပြန်သည်။ ပို၍ရွင်လာ၏။ သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်သည်။ အကောင်းဆုံးအ၀တ်တွေ ထုတ်ဝတ်လာခဲ့မိသည့်အတွက် ကာလက်ဝမ်းသာနေ၏။
" ရှင်တို့ အင်္ဂလိပ်တွေ သိပ်ရယ်စရာကောင်းတယ် "
သူ့အသံ ၀ဲလွန်းနေသည်ကပင် တစ်မျိုး ချစ်စရာကောင်းနေသည်။ ရယ်လိုက်လျှင် ပို၍ ချစ်စရာ ကောင်းသည်။
" ဒါလောက် ရယ်စရာ မကောင်းပါဘူးကွယ်၊ အကြောင်းသိသွားရင် မရယ်ရတော့ပါဘူး၊ မင်းမှာ အင်္ဂလိပ် လူမျိုး အသိအကျွမ်း တစ်ယောက်မှ မရှိဘူးလား "
" နည်းနည်းပဲ ရှိတယ် "

" ကိုယ်က အင်္ဂလိပ်မဟုတ်ပါဘူး၊ အမေရိကန်ပါ၊ ကနက်တီကပ်အရပ်သားပါ "
" အဲဒါ ဘယ်မှာလဲ၊ ပင်လယ်ရဲ့ ဟိုဘက်မှာလား "
" မဟုတ်ပါဘူး၊ မြောက်ပိုင်းမှာပါ"
သူက တစ်ဖက်ကို လှည့်ကြည့်သည်။ မြစ်ရိုးတစ်လျှောက်တွင် ကနက်တီကပ်ကို မြင်ရနိုးနှင့် လှမ်းကြည့် နေဟန်။ မြစ်ညာဘက်သို့ မကြည့်ဘဲ ရေစုန်အတိုင်း လိုက်ကြည့်နေခြင်းဖြစ်သည်။
" မြောက်က အဲဒီဘက် မဟုတ်ဘူးလေ၊ မင်း ပြောင်းပြန်ကြည့်နေတယ် "
" ဒါ မြောက်ဘက်ပါဆို "
သူ့ဘာသာသူ သဘောကျပြီး ရယ်ပြန်သည်။

" ရှင်တို့ လူမျိုးတွေက သိပ်ခက်တာပဲ၊ နယူးအော်လီယန်းမှာ ရေက ဟိုလိုစီးတယ်ပြောရင် သူတို့ ဘယ်လိုမှ မယုံဘူး။ ဟိုလေ ဒီလို ကွေ့တယ် "
" ဘယ်လို ဘယ်လို၊ နောက်ပြန်စီးတယ်လို့ ပြောတာလား "
" ဘယ်ကလာ၊ ဒီလို "
သူက ခင်းထားသည့် ခေါင်းစည်းပ၀ါပေါ်မှာ လက်ညှိုးနှင့် ရေးပြရင်း -
" ဒီလို၊ ဒီလို ဘာခေါ်တယ်၊ အကွေး ... အကွေး "
" မင်းနာမည် ကိုယ့်ကို ပြောပါဦး "
သူက ခေါင်းငုံ့ထားပြီး ခေါင်းစည်း ဇာနားကလေးကို ဆော့ကစားရင်း -
" ဒိုလားရက်စ်ဘွန်ဒီယို "

" စပိန်လူမျိုးပေါ့ ဟုတ်လား "
သူကလေးက ခေါင်းညိတ်ပြီး -
" ကျူးဘားမှာ မွေးတယ်"
" ဒီမှာနေလားဟင် "
" အဖေနဲ့ အမေ သေပြီ၊ ဒီမှာ အဒေါ်နဲ့ လာနေတယ်လေ "
" မင်းအဒေါ်က စည်းကမ်းကြီးသလားဟင်၊ တို့ စကားပြောနေတာတွေ့ရင် ဆူမှာလား "
ဒိုလားရက်စ် မောကြည့်သည်။

" သိပ်စည်းကမ်းကြီးတယ်၊ သူ့အနားက ဘယ်မှမသွားရဘူး၊ ဒီမနက်သူ ဘုရားရှိခိုးကျောင်းသွားနေတုန်း ကျွန်မ လစ်ပြေးလာတာ၊ သူ ကျွန်မကို ဘုရားရှိခိုးနေတယ် ထင်မျာ၊ မနက်ခင်းက သိပ်လှနေတယ်နော်၊ ဘုရားရှိခိုးကျောင်းကို ကျွန်မ အမြဲတမ်း မလိုက်ချင်ဘူး၊ မယ်သီလရှင်မှ မဟုတ်တာ "
ကာလက် မျက်မှောင်ကုတ်ပြီး -
" ဘရင်ဂျီတွေက ဘုရားကျောင်းကို နေ့တိုင်းသွားရတယ် ဟုတ်လား "
" ဘုရားတရား သိပ်ကြည်ညိုတဲ့ လူတွေလောက်ပါ၊ ရှင်က ဘရင်ဂျီမဟုတ်ဘူးလား "
" ဟင့်အင်း၊ မဟုတ်ဘူး "
" ရှင်က ဘယ်သူလဲဟင်၊ ရှင့်အကြောင်း ပြောပါဦး၊ ကွန့် ... ကွန် ဘာဖြစ်တယ်၊ ကျွန်မ မခေါ် တတ်ဘူး "

" ကနက်တီကပ်က ဟိုးအဝေးကြီးမှာ၊ ဒီကနေ မြစ်ကို ဆန်တက်ရင် ခြောက်လကနေ ရှစ်လအထိ ကြာတယ်၊ ဒါပေမဲ့ ကိုယ် ခု အဲဒီမှာ မနေတော့ဘူး၊ ဖလော်ရီဒါ အနောက်ပိုင်းကို ရောက်နေတယ်"
" အဲဒါက ဘယ်မှာလဲ "
" အင်္ဂလိပ်ပိုင် လူဝီစီးယားနားလို့ ခေါ်တယ်၊ နယူးအော်လီယန်းရဲ့ အထက်ဘက်ကျတယ်၊ မစ္စစစ် စပီရဲ့ အရှေ့ဘက်ကမ်းပေါ်မှာ ရှိတယ်၊ တို့မှာ သားအဖနှစ်ယောက်ပဲရှိတယ်၊ အလုပ်ကတော့ စိုက်ပျိုးရေးပေါ့"
" အိုး "
ဒိုလားရက်စ ပြုံးသည်။ သူပြုံးလျှင် နှုတ်ခမ်းကို ခပ်စုစုထားတတ်သည်။
" ဘုရင်မင်းမြတ် ပေးသနားတော်မူတဲ့ မြေကွက်ကလေးရတဲ့ လူတစ်ယောက်ပေါ့ ဟုတ်လား "
ကာလက် ခေါင်းညိတ်ပြလိုက်သည်။

" ခု နယူးအော်လီယန်းကို ဘာလာလုပ်တာလဲ၊ ရှင် အမေရိကန် တော်လှန်ရေးထဲ မပါဘူးလား"
" ဟင့်အင်း၊ မပါပါဘူး၊ ကပ္ပလီကျွန်တွေဝယ်ဖို့ ကိုယ်လာခဲ့တာလေ၊ မြေတွေရှင်းစရာ အများကြီး ကျန်သေးတယ် "
ကာလက်က မြက်ခင်းပေါ်ကို တံတောင်နှစ်ဖက်နှင့် ထောက်ပြီး စပိန်မကလေးကို မော်ကြည့်လိုက် သည်။
" ကဲ မင်းအကြောင်း ပြောပါဦး "
ဒိုလားရက်စ် တစ်ချက်တွေဝေနေပြီးမှ လက်ခါပြရင်း ...
"ဘာမှ ပြောစရာများများ မရှိပါဘူး" ဟု ပြောပြီး မျက်နှာကလေးညှိုးသွားသည်။

" ဒီမှာနေတယ်၊ အဒေါ်နဲ့ နေတယ်၊ အဒေါ်က မွေးတဲ့ ၀မ်းကွဲမောင်နှမတွေလည်း ရှိတယ် "
သူ့ကို ကြည့်ပြီး ကာလက် စိတ်မကောင်းဖြစ်သွားသည်။
" သူတို့က မင်းအပေါ်မှာ မကောင်းကြလို့လား မစ္စဘွန်ဒီယို "
" အို၊ အဲဒီလို မဟုတ်ပါဘူး၊ သိပ်ကောင်းကြပါတယ် "
လက်နှစ်ဖက် ကို ဒူးပေါ်တွင် ပတ္တာဆက်ပြီး အဝေးဆီသို့ ငေးကြည့်နေသည်။ ကာလက်က သူ့ လက်ချောင်း ကလေးများကို လှမ်းဆုပ်လိုက်တော့ ကလေးမ ဆတ်ခနဲ တွန့်သွားပြီး -
" ကျွန်မ သွားတော့မယ် "

" ဟာ၊ ခဏကလေး နေပါဦးကွာ "
" ဘုရားရှိခိုးကျောင်းမှာ ကျွန်မကို ရှာမတွေ့ရင် အဒေါ်က ကျွန်မကို အခန်းထဲ လှောင်ပိတ်ထားလိမ့်မယ်၊ ကျွန်မ သွားပါရစေတော့ရှင် "
ကာလက်က သူ့လက်ကို ကိုင်ထားဆဲဖြစ်၍ တောင်းတောင်းပန်ပန် ပြောနေရှာသည်။
" ပန်းခြံထဲ ဖြတ်ပြေးပြီး ဘုရားရှိခိုးမပြီးခင် ကျွန်မ အရောက်သွားရမှာ "
ကာလက် ဆက်တားသေးသည်။ မရတော့။ ရေကာတာအောက်သို့ ဆင်းပြေးသွားတော့သည်။ ကာလက် က သူ့လက်ကို မလွှတ်ဘဲ ပြေးလိုက်သွား၏။
" ကျွန်မ သွားမယ် ဆီညော်ရယ်၊ တစ်ဆိတ်လွှတ်ပါရှင် "
သူကလေး ၏ လက်ကို ကိုင်ထားဆဲ။

" ခဏလေးပါ၊ ကိုယ် မင်းနဲ့ ဘယ်လို ပြန်တွေ့ရမလဲဟင် "
ဒိုလားရက်စ်က ဘုရားရှိခိုးကျောင်းကြီးကို လှမ်းကြည့်ပြီး -
" အို၊ တွေ့လို့မဖြစ်ပါဘူးရှင်"
"တွေ့ပါရစေကွယ်၊ ခဏကလေး လစ်ထွက်လာလို့ မရဘူးလားဟင်၊ ဒီညဖြစ်ဖြစ်ပေါ့ "
 " အို ... မဖြစ်နိုင်ပါဘူးဆို၊ ကျွန်မ သွား .... "
" မင်းကို ကိုယ်သိပ်သဘောကျနေပြီ။ ခဏလေး လစ်ထွက်လာခဲ့ပါနော်။ သူတို့ မင်းကို အချိန်ပြည့် စောင့်ကြည့်မနေနိုင်ပါဘူးကွာ "
ဒိုလားရ်စ် မရုန်းတော့ဘဲ ဘုရားရှိခိုးကျောင်းဆီကို တစ်လှည့်၊ ကာလက်ကိုတစ်လှည့် ကြည့်သည်။

" အရေိကန်မလေးတွေ အဲဒီလိုပဲ လုပ်ကြသလား "
" အို ... လုပ်တာပေါ့ "
" ညနေ နေ၀င်ချိန် လာစောင့်လေ၊ ညနေ ဘုရားကျောင်းတစ်ခါလာရဦးမှာ၊ ကဲ သွားမယ်နော် "
ပြောပြောဆိုဆို ပြေးထွက်သွားသည်။ ပြေးလွှားရင်း ခေါင်းစည်းကို စည်းနှောင်သွားသည်။ ကျောင်းရှေ့ ရေပန်းကြီးနောက်တွင် ကွယ်ပျောက်သွားသည်အထိ ကာလက် စောင့်ကြည့်နေသည်။
ညနေပိုင်းတွင် နေမ၀င်မီ ကာလက် အစောကြီး ကြိုရောက်နေသည်။ ဒိုလားရက်စ် တော်တော်နှင့် ပေါ်မလာ။ သူ့အဒေါ် မနက်က သိသွားပြီး အခန်းထဲ အလှောင်ခံနေရပြီလား မသိ။ မှောင်ရီပျိုးချိန် တွင် ဘုရားရှိုးကျောင်း ထဲမှ သူ ဖြည်းဖြည်းမှန်မှန် လျှောက်လာနေသည်။ မျက်လုံးက ဟိုကြည့် သည်ကြည့်နှင့်။ တစ်စုံ တစ်ယောက် တွေ့သွားမည်ကို အစိုးရိမ်ကြီးနေပုံ။ အနက်ရောင် ခြုံထည်ကို လွှ့မ်းလာသည်။ နောက်မှာ အထိန်းတော်ကပ္ပလီမကြီးလည်းကို စပိန်စကားနှင့် တစ်ခွန်းနှစ်ခွန်း ပြောလိုက်တော့ ကပ္ပလီမကြီး ကျောင်းဝင်းထဲ ပြန်ဝင်သွားသည်။

ကာလက်ကို ဒဟိုလားရက်စ မော်ကြည့်သည်။ ခြုံထည် လွှမ်းထား၍ သူ့မျက်လုံးတွေကို ကာလက် မမြင်နိုင်ပေ။
" ဘယ်သွားထိုင်မလဲဟင်"လို့ သူက မေးတော့ ကာလက်က သူ့လက်မောင်းကို ဆွဲပြီး -
" ပန်းခြံထဲ သွားထိုင်မယ်လေ "
ဒိုလားရက်စ်က ခြုံထည်ဇာနားကိုပါးစပ်နားထိ ဆွဲချကာ တိုးတိုးပြောသည်။
" ဟင့်အင်း ... မဖြစ်ဘူး၊ အလင်းရောင်ရှိနေသေးတယ်၊ အဒေါ့်မိတ်ဆွေ တစ်ယောက်ယောက် မြင်သွားရင် ဒုက္ခဖြစ်နေမယ် "
ဘုရားရှိခိုးကျောင်းနှင့် မြို့တော်ခန်းမအကြား အမှောင်ရိပ်ကျကျ တစ်နေရာကို ဒိုလားရက်စက ဆွဲခေါ် သွားသည်။ နှစ်ယောက်သား သံထိုင်ခုံ အစုတ်ကြီးပေါ်တွင် ထိုင်လိုက်ကြ၏။
" ကဲ ... ဒီမှာ စကားပြောလို့ ရတာပေါ့ "

မှုန်ပျပျ အလင်းရောင်တွင် ဒိုလားရက်စ်က ခြုံထည်ကို ခေါင်းပေါ်မှ ဆွဲချလိုက်သည်။ ဆင်စွယ်ရောင် မျက်နှာကလေး ဘွားခနဲ ပေါ်လာသည်။
" အင်း ... ကွန်ဆက်ကွိုင်တော့ အကြာကြီး စောင့်ရမှာပဲ၊ သူက ကျွန်တွေထိုင်တဲ့ နောက်ပိုင်းတန်းမှာ ထိုင် ရတယ်လေ "
ဒိုလားရက်စ် တိုးတိုးပြောပြီး ရယ်နေသည်။

" ကျွန်မ အဒေါ် ဂျူနီတာက သိပ်အံ့သြနေတယ်။ ညနေပိုင်း ၀တ်ကျောင်းဆက်တက်မယ်ဆိုလို့လေ၊ ငါ့တူမက ဘာသာရေး သိပ်ကို ကိုင်းရှိုင်းတာပဲတဲ့၊ အပြစ်တွေ ကျူးလွန်ထားတာ များနေလို့ပါဆိုပြီး ကျွန်မ ထွက်ခဲ့တာလေ "
ကာလက်က ရယ်ပြီး သူကလေး၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားလိုက်သည်။

" ကိုယ်တော့ မင်းလိုမိန်းကလေး ဘယ်တော့မှ အပြစ်ကျူးလွန်လိမ့်မယ် မထင်ဘူး "
" အို အပြစ်တွေရှိတာပေါ့၊ ညီအစ်မ၀မ်းကွဲတွေ ၀တ်ကောင်းစားလှဝတ်ရင် မနာလိုဖြစ်တယ်၊ အဖေ့ကို ကောင်းကင်ဘုံ ခေါ်သွားပြီး ကျွန်မ တစ်ယောက်တည်း ဆင်းဆင်းရဲရဲ ထားခဲ့တဲ့အတွက် ဘုရားသခင်ကို စိတ် ထဲက မကျေနပ်ဘူး။ ပြီးတော့ ကျွန်မဦးလေးက ယောက်ျားပေးစားမယ် "
" ဘာ ... ယောက်ျားပေးစားမယ် ဟုတ်လား၊ ဒါဖြင့် မင်း လက်ထပ်ရတော့မှာပေါ့နော် "
အကြောင်းမဲ့ အထိတ်တလန့် မေးလိုက်မိသည်။

" ကျွန်မ လက်ထပ်ချင်ထပ်၊ မဟုတ်ရင် သီလရှင်ဝတ်ရမယ်တဲ့၊ သူတို့ ကျွန်မအတွက် အပို အကုန်အကျ မခံနိုင်ဘူးတဲ့လေ "
" ဘာ အပိုကုန်တာလဲဟင် "
" သြော် ဒီလိုလေ၊ သူတို့မှာ သမီးတွေ အများကြီးရှိတယ်၊ ကျွန်မအတွက် အ၀တ်အစား ၀ယ်မပေး နိုင်ဘူးပေါ့၊ ဒီတော့ ကျွန်မကို အ၀တ်လေး ဘာလေး ၀ယ်ပေးနိုင်မယ့် လူတစ်ယောက်နဲ့ ပေးစားမယ်ပေါ့၊ အဲဒီလူကြီးကို ကျွန်မ လုံးလုံးမကြိုက်ဘူး၊ မိန်းမသုံးယောက် သေပြီးပြီတဲ့၊ ကလေးက ရှစ်ယောက်တဲ့။ ဦးလေး က ပြောတယ်၊ မြင်းရထားနဲ့ ဘာနဲ့ နင်ကောင်းကောင်းနေရမှာ တဲ့၊ ဒါပေမဲ့ အဲဒီအဘိုးကြီးကို ကျွန်မ ဘယ်လိုမှ မကြိုက်ဘူး"
သူ့လေသံက တဖြည်းဖြည်း ၀ဲသည်ထက် ၀ဲလာ၍ မနည်း နားထောင်ပြီး အဓိပ္ပယ်ကောက်ယူရသည်။

" ဒါပေမဲ့ ကျွန်မလေ လူငယ်တစ်ယောက်နဲ့ ဒီမနက် မတိုင်ခင်အထိ တစ်ခါမှ စကားမပြောဖူးဘူး၊ ကျွန်မကို ပျံတံတံ ကောင်မလေးလို့ ထင်မှာပဲနော် "
နေ လုံးလုံးဝင်သွားပြီဖြစ်၍ အမှောင်ထုက ထူထပ်လာသည်။
ကိုယ့်ကိုယ်ကို ဘာလုပ်လိုက်မိမှန်း မသိဘဲ ကလေးမကို ပွေ့ပြီး ကာလက် နမ်းလိုက်သည်။ သူ့အနမ်းကို တုံ့ပြန်နေသဖြင့် ကာလက် တအံ့တသြဖြစ်သွားသည်။ သို့သော် ခဏမျှသာ။ သူ့ရင်ခွင် ထဲမှ ရုန်းထွက်ပြီး ထရပ်လိုက်သည်။ ခေါင်းစည်းပ၀ါကို လက်ထဲတွင် တင်းတင်းဆုပ်လျက်။

ပထမ စပိန်စကားတွေ စက်သေနတ် ပစ်သလို ပြောနေသည်။ နောက်မှ -
" ကျွန်မကို အဲဒီလို ကောင်မလေးလို့ ထင်သွားလားဟင် " ဟု ပြောပြီး ထွက်ပြေးတော့သည်။ သို့သော် ကာလက် လိုက်ပြီး အမိဖမ်းနိုင်သည်။
" သြော် ... ဒိုလားရက်စ်ရယ်၊ ကိုယ် အဲလို မထင်ပါဘူးကွာ။ မင်းဟာ သိပ်လှတယ်၊ သိပ်သနားစရာ ကောင်းတယ်လို့ပဲ ကိုယ် ထင်တာပါ။ လာပါကွာ၊ ပြန်ထိုင်ပါဦး၊ ကိုယ့်ကို အားလုံးပြောပြပါလားဟင်၊ မင်းကို ဘယ်သူမှ မနမ်းဖူးသေးဘူးလား "
ခေါင်းငုံ့ပြီး တိုးတိုးကလေး ပြောသည်။

" ဟင့်အင်း၊ မနမ်းဖူးဘူး "
" လာပါ၊ ပြန်ထိုင်ပါဦး၊ ကွန် ... ကွန် ဘယ်သူ၊ အဲဒီမိန်းမကြီးက အိမ်ပြန်မတိုင်ဘူး မဟုတ်လား "
ပြန်ထိုင်ကြသည်။ ရုတ်တရက် ဒိုလားရက်စ်တွင် ပြောစရာ သိပ်မရှိသလို ငိုင်နေသည်။ ကာလက်က သူကလေး ကို ရင်ခွင်ထဲ ဆွဲပွေ့ထားလိုက်ချင်သည်။ မွတ်မွတ်သိပ်သိပ် နမ်းလိုက်ချင် သည်။ သို့သော် မရဲ တော့။ အတန်ကြာမှ သူ့ကို ယုံကြည်သွားသလို စကားစပြောသည်။

" ကျွန်မတို့ အဖေက စပိန်လူမျိုးလေ၊ ကျွန်မ မမွေးခင် စပိန်ဘုရင်က ကျူးဘားကို ပို့လိုက်တာ၊ ကျူးဘားမှာ ဧရာမအိမ်ကြီးနဲ့ နေရတယ်၊ အဖေ့အပေါင်းအသင်းတွေက သံတမန်တွေ၊ တစ်ယောက် နဲ့ တစ်ယောက် မတည့်ကြဘူး၊ အဲဒီမှာ ကျွန်မ ပြင်သစ်နဲ့ အင်္ဂလိပ်စကား စတတ်တာလေ၊ ဒါပေမဲ့ ကျွန်မအသံထွက် သိပ်ညံ့ပါတယ် "
ကလေးမက ကာလက်ကို ပြုံးပြုံးကလေး ကြည့်နေသည်။ အားတုံ့အားနာ အမူအရာဖြင့်။
" အို ... သိပ်နားထောင် ကောင်းပါတယ်ကွယ်၊ ကဲ၊ ဆက်ပါဦး "
လွန်ခဲ့သည့် သုံးနှစ်က ဒိုလားရက်စ်၏ အဖေနှင့် အမေ ဆုံးသွားသည်။ ဤသို့ဖြင့် နယူးအော်လီယန်းရှိ ဦးလေးတော်သူ တစ်ယောက်ဆီ ရောက်လာသည်။ ဦးလေးလုပ်သူက တူမ အတွက် အကောင်းဆုံး စီစဉ်ပေးခြင်းဖြစ်သည်။

သီလရှင်ဝတ်မလား၊ လင်ယူမလား။ ဆင်းရဲသူ မိန်းကလေးတစ်ယောက်အဖို့ သည်နှစ်လမ်းသာ ရှိ သည်။
" သူတို့က ပြောတယ်၊ နင် သီလရှင်ဝတ်လို့ ဖြစ်မှာ မဟုတ်ပါဘူးတဲ့၊ ဒီတော့ ယောက်ျားပဲယူတဲ့ "
သည်ကလေးမ သီလရှင်ဖြစ်ဖို့ မသင့်ဟူသည့် အချက်တော့ ကာလက်သဘောတူသည်။ သွားကလေး တစ်ချောင်း ကျိုးနေသည်ကို မနက်ကတည်းက သတိထားမိသည်။ နှုတ်ခမ်းကလေး ကိုခပ်စေ့စေ့ထားပြီး ရယ် တတ်သည်။ ဘာကြောင့် ကျိုးသွားတာလဲဟု မေးကြည့်တော့ -
" ဟာဗာနာမှာ မြင်းပေါ်က လိမ့်ကျတာလေ "
" ဘာမှ မသိသာပါဘူး "
" ဟာ သိသာတာပေါ့၊ သောက်ရမ်း အနေရခက်တာပဲ "
" ဘယ်လို ... ဘယ်လို "
ကာလက် တအံ့တသြ မေးလိုက်သည်။ ဒိုလားရက်စ် လှုပ်လှုပ်ရှားရှားဖြစ်သွား၏။

" ကျွန်မ ဘာပြောလိုက်လို့လဲဟင် "
ကာလက် ရယ်နေသည်။ ဒိုလားရက်စ်ပြောသည့် အင်္ဂလိပ်စကားတွင် ဒေါသသင့်စေမည့် အသုံးအနှုန်းတွေပါ ပါလာတတ်သည်။ ဒါကို သိလျက်နှင့် တအံ့တသြ ၀င်ထောက်မိသည့်အတွက် ကာလက် စိတ်မကောင်းဖြစ်သွား၏။ ခုမှတော့ ရှင်းပြရတော့မည်။
" မိန်းကလေးတွေအနေနဲ့ ယဉ်ယဉ်ကျေးကျေး ပြောမယ်ဆိုရင် "သောက်" ဆိုတဲ့ စကားလုံးကို မသုံးရ တော့ဘူးကွယ့် "
" အို ကျွန်မ တောင်းပန်ပါတယ် ရှင်ရယ်၊ ကျွန်မ အဖေအိမ် လာတဲ့လူကြီးတွေကျတော့ ခဏခဏ အဲလို ပြောတယ်နော် "

" ဒါပေါ့၊ သူတို့ဘာသာ ပြောပစေလေ "
" အဲဒီ စကားလုံးက မကောင်းဘူး ဟုတ်လားဟင် "
" အင်း "
" ကျွန်မ နောက်မပြောတော့ဘူးနော် "
ထိုစဉ် အထိန်းတော်ကြီး ရောက်လာသည်။ စပိန်စကားတွေ အပြန်အလှန် ပြောကြသည်။
" ဘုရားရှိခိုးပြီးသွားပြီ၊ ကျွန်မ ပြန်ရတော့မယ် "
" မနက်ဖြန်ကျရင်လည်း ခုလိုပဲ လစ်လာခဲ့ဦးနော် "
ကာလက် စိတ်အားထက်သန်စွာ ပြောလိုက်၏။ ဒိုလားရက်စ်က ခေါင်းညိတ်ပြီး "ဟုတ်ကဲ့ "ဟု ကတိပေးသွားသည်။

သည့်နောက်ပိုင်းတွင် သူတို့နှစ်ယောက် နေ့စဉ် တွေ့ဖြစ်ကြသည်။ စီစဉ်ထားသည့်အတိုင်း ကျွန်တွေ ၀ယ်ပြီးပြီ။ သစ်ဖြူတောကိုပို့ဖို့ အစီအစဉ် လုပ်ပြီးပြီ။ အလန်ဂျူဟန်က သူ့အလုပ်တွေပြီးလို့ ပြန်ဖို့ တာစူ နေပြီ။ သို့သော် ကာလက်က ယောင်တောင်တောင် လုပ်နေ၏။ နောက်ဆုံး ဒိုလားရက်စအကြောင်း ပြောပြ လိုက်သည်။ တစ်ညနေတွင် အလန်ဂျူဟန်ကို ခေါ်သွားပြီး သူ့ကောင်မလေးနှင့် ဆုံပေးသည်။
အလန်ဂျူဟန်က ပြင်သစ်သူမိန်းမနှင့် ပတ်သက်ပြီး နယူးအော်လီယန်းကို ကျွမ်းသူဖြစ်သည်။ ဘွန်ဒီယို ဆိုသည့် နာမည်ကို သူ မကြားဖူးဘူး။ စပိန်တွေနှင့် ပြင်သစ်လူမျိုးတွေ သီးသီးသန့်သန့် နေခြင်းကြောင့် များလား။
သို့သော် ကောင်မလေးကို တွေ့ပြီးသည်နှင့် အလန်က သဘောတူသွားသည်။

" တစ်ခုတော့ရှိတယ် ကာလက်၊ မင်း ဒီလိုချည်း မှောင်ရိပ်မှာ ခိုးတွေ့နေရုံနဲ့ ကိစ္စမပြီးဘူး၊ ငါလည်း မင်းကို အကြာကြီး မစောင့်နိုင်ဘူး "
ကာလက် က စိတ်ဆုံးဖြတ်ထားပြီးသား။ ဒိုလားရက်စ်မပါဘဲ နယူးအော်လီယန်းက မပြန်တော့။ ဘ၀တွင် ဘယ်တုန်း ကမှ သည်လောက် မပျော်ဖူးခဲ့။ သစ်ဖြူတောကို စပိန်သူ မိန်းမချောကလေးနှင့်အတူ ပြန်မည်။ သူလို မိန်းကလေးနှင့် စိုက်ပျိုးရေးလုပ်ငန်းမှာ အံဝင်ခွင်ကျဖြစ်မည်မုချ။ နှစ်နှစ်ကာကာလည်း ချစ်နေမိပြီ။

ဆက်ရန်
.

No comments: