Sunday, February 12, 2012

မောင်တင်ဆင့် ၏ ရထားပေါ်က ကင်ဆာတစ္ဆေ, အပိုင်း (၁ဝ)

ကင်ဆာနှင့် ရွာလည်နေကြသူများ

ကျွန်တော် သည် တောင်ကြီးမြို့ ဆေးရုံမှာ ကင်ဆာရောဂါကို ဓာတ်ရောင်ခြည်ကင် ကုသရင်း သုံးပတ်မှ လေးပတ် သို့ ရောက်လာသောအခါ ရန်ကုန်စာပေတောက စာပေမိတ်ဆွေများ၊ မိသားစု ဆွေမျိုး မိတ်သင်္ဂဟ များကို လွမ်းသည့်အလွမ်း သည်တငွေ့ငွေ့ နှင့် ရင်ထဲမှာ မီးထတောက်တော့ မတတ် ရှိလာပါသည်။ သို့နှင့် အလွမ်းပြေ ကဗျာတစ်ပုဒ် ရေးဖွဲ့မိသည်။ ကျွန်တော်က တစ်ခါတစ်ရံ ကဗျာ ရေးဖွဲ့မိသော်လည်း ကဗျာမြောက်ချင်မှ မြောက်တာသိနေသည်။ သို့တိုင် ကဗျာခံစားမှုကတော့ ကျွန်တော့်မှာလည်း ရှိပါသည်။ မြောက်သည် မမြောက်သည်ထား၊ ကျွန်တော့်ကဗျာကို ကဗျာဟု သဘောထား ကာ စာဖတ်သူအနေဖြင့် ဖတ်ကြည့်စေချင် ပါသည်။

သို့
စာပေမိတ်ဆွေများ
ရေးဖော်များ
တကယ်လို့သာ ငါ့မှာတောင်ပံရှိရင် မင်းတို့ဆီ ငါပျံသန်းလာပေရဲ့
မင်းတို့ဆီအရောက်
စီးဆင်းလာပေရဲ့
အခုတော့ တို့အားလုံး ကင်ဆာထဲမှာ
အင်းလေးကန် ရဲ့ ကျန်းမာရေး တို့တွေ ဘယ်လိုလုပ်ကြမလဲ
ပင်လုံ ဆိုတာ ဟောဒီ ငါရပ်နေတဲ့ ရှမ်းပြည်နယ် မှာ
ဟောဒီ တောင်ကြီးတစ်မြို့လုံး ရေခဲသေတ္တာထဲ ထည့်ထားသလို
မြူနှင်းတွေ ဝေ လို့
ပင်လုံကတော့ နွေးထွေးတဲ့ လေရဲ့ ပွေ့ဖက်မှုနဲ့ မွှေးမြေနေပေရဲ့
တောင်ကြီးမြို့ လမ်းမတော်ရဲ့ အမည်ကို ဗိုလ်ချုပ်အောင်ဆန်းလမ်းတဲ့
(ရန်ကုန် မှာ လည်းရှိသည်။ ကိုယ်ရောက်ဖူးတဲ့ တခြားမြို့တွေမှာလည်း ရှိပေရဲ့)

ရှမ်းပြည်နယ်က တိုင်းရင်းသားတွေ့ရဲ့ မျက်နှာတွေက ငြိမ်းချမ်းလို့ သင်တိုင်းအမည်း၊ တဘက်ကို ခေါင်းပေါင်း၊ မုံညင်း ဂေါ်ဖီ ပဲပုတ်၊ လက်ဖက်၊ ကော်ဖီ စိုက်ပျိုးကြ ခူးဆွတ်ကြ။
ရောင်းချ ခင်းကျင်းကြ၊ တစ်ယောက်နဲ့တစ်ယောက် မနာလို မရှုစိတ်တာ၊ ပြိုင်ဆိုင်တာ၊ တရားမဲ့ ပြုကျင့်တာ
ဟန်ဆောင်တာမရှိ။
သင်တိုင်းက မည်းပေမယ့် သူတို့အသည်းက ဖြူဖွေးလို့။

သူတို့ရဲ ငြိမ်းချမ်းနေမှုက တစ်ဦးကိုတစ်ဦး ကူးစက်လို့။
ရောင်းဝယ် ဖောက်ကားကြတယ်၊ အလုပ်ကို ကြိုးစားကြတယ်။ တစ်မူးရလို့ တစ်ပဲလှူကြတယ်။
တန်ဆောင်တိုင်းမီးပုံပျံပွဲ ၊ ကထိန်ပွဲတွေက သူတို့ဘ၀။
ဒီမှာ အေးမြလို့လားမသိ၊ ပုရွက်ဆိတ်တွေကို မတွေ့ရဘူး။
ကြွက်တွေလည်း သူဝပ်ကျင်းထဲမှာ ငြိမ်သက်လို့။

တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းဖြူစင်မှု ငါရပ်နေရာ ဟောဒီ ရှမ်းရိုးမမှသည် ကမ္ဘာကြီးကို ပြန့်စေသတည်း။
သည်အခါ ငါရဲ့ ကင်ဆာရောဂါ၊ တို့တတွေရဲ့ ကင်ဆာရောဂါ
ပိန်းကြာပေါ်က ရေလို လျောကျပျောက်ကွယ်စေသတည်း။
                        ( ၂၅၊ နိုဝင်ဘာ ၂၀၁၀)
ခေတ္တ တောင်ကြီးမြို့

လေးပတ်မြောက် ဓါတ်ရောင်ခြည်ကင်ပြီးတော့ ကျွန်တော်အခြေအနေမှာ အတော်လေး ကောင်းလာ သည်။
လည်ချောင်းထဲ နာတာတာ စပ်ဖျင်းဖျင်း ဖြစ်နေတာတွေ မရှိသလောက် ဖြစ်သွားသည်။ အစားအစာ ကိုလည်း ခံတွင်းတွေ့လာသည်။ လူကတော့ ပေါင်ချိန် ကျသွား၏။ အပူအစပ် (ငရုပ်သီးပါတာ) မစား ရသေး။ ငါးဟင်းအချိုချက်၊ ကြက်သား အချိုချက်၊ ပြုတ်ကြော်၊ အသီးအရွက် အမျိုးမျိုးကြော်၊  ပဲဟင်း အချိုချက်၊ ပဲပြား၊ ပဲငါးပိချက် ၊ ခရမ်းချဉ်သီးချက်၊ ကြက်ဥ၊ စသည်ဖြင့် ။ ခံနိုင်ရည်ရှိအောင် အစား ကို များများ စားနိုင်ဖို့ ကြိုးစားရသည်။ ရေကလည်း တစ်နေ့ ရေသန့်ဗူးနဲ ၄ ဗူးလောက်တော့ သောက်ပေးရ သေးတယ်။ ထိုကာလမှာ ဒေါက်တာအောင်ကျော်ထွေး က ထမ်းစမ်းဂူ လိုက်ပို့သည်။ အပြန်  တန်ဆောင်တိုင် မီးထွန်းပွဲ( မီးပုံးပျံလွှတ်ပွဲ) ကွင်းပို့ပေးသည်။ ပွဲတော်မစသေး။ ပြင်ဆင်တာ ကြည့်ခဲ့သည်။

ပွဲတော်ရက်မှာတော့ မသွားနိုင်။ နောက်စူဠာမဏိစေတီ ၀င်ဖူးသည်။ နောက်တစ်ပတ် မွေတော် ကက္ကူဘုရား သွားဖို့ ကားအဆင်ပြေတာနှင့် မသွားဖြစ်။ ထိုကာလတွင် ရောက်ရှိ လာသော တောင် ဥက္ကလာပ က  ကိုလှထွန်းတို့ လင်မယားနှင့် ကျွန်တော်တို့ လင်မယား နှစ်တွဲသာရှိတော့ပြီ။  အဆောင် မှာ ခြောက်ကပ်သွားပြန်သည်။ ထိုရက်များအတွင်း ဇနီးမှာ စကားပြောစရာ မိန်းမဖော်မရှိသဖြင့် ပျင်းလွန်း၍ ပိန်လိန် နေသည်။ သို့တိုင် နောက်ပိုင်း ရက်တွေမျာ တန်ဆောင်တိုင် မီးပုံးပျံပွဲလာ ဧည့်သည် များဖြင့် ဘုန်းကြီးကျောင်း မှာရော အဆောင်တွေမှာပါ တရုန်းရုန်း ဖြစ်နေခဲ့သဖြင့် အပျင်းပြေ သလို ရှိပြန်သည်။ တနင်္ဂနွေ တစ်ရက်တွင်တော့ အေးသာယာရှိ ဇနီး၏ အစ်ကိုဝမ်းကွဲအိမ်သို့ ထမင်းချိုင့် များဖြင့် ပျော်ပွဲစား ထွက်သလို ကျွန်တော်တို့ စုံတွဲနှစ်တွဲ အလည်သွားခဲ့ကြသည်။
ထိုစဉ် ကိုလှထွန်းမှာ ဆေးသွင်း ဓာတ်ရောင်ခြည်ကင် ကုသမှုခံယူပြီး လျှာအရသာပျောက် ကာ အစာ စားချင်စိတ် ပါ ပျက်သုန်းနေသဖြင့် စိတ်ဆင်းရဲနေသော ကာလဖြစ်သည်။ သူကရောက်စ ဆေးသွင်း ကုသ တာ တစ်ပတ်၊ ဓာတ်ရောင်ခြည်ကင်တာ တစ်ပတ်၊ ပေါင်းနှစ်ပတ်ပဲ ရသေးသည်။

သူဆေးကုဖို့အဆောင်ကို ရောက်လာတုန်းက သူ့လည်ပင်း ဘယ်ဘက်နံရံတွင် လက်သီးဆုပ်ခန့် အကျိတ်ကြီး ပါလာသည်။ အကျိတ်ကြီးမှာ ညိုမည်းနေပြီး (အမြင် မတော်မှာစိုးရိမ်) လည်ပင်းကို လက်ကိုင်ပ၀ါ ပတ်ကာ ဖုံးဖိထားတာ တွေ့ရသည်။ ကင်ဆာသမား အချင်းချင်းကိုတော့ သူပြသည်။

သူက တောင်ဥက္ကလာပ (၄) ရပ်ကွက်မှာနေသည်။ ယခင်က ယူအက်စ်သံရုံး လုံခြုံရေး လုပ်ဖူးသော်လည်း ယခုတော့ အလုပ်မှရပ်ဆိုင်းခံရပြီ စွန် လုပ်ငန်း လုပ်ကိုင် အသက်မွေးဝမ်းကျောင်းနေသည်။ သူ့လည်ပင်း ကင်ဆာ ကလည်း ကျွန်တော်တို့နှင့်မတူ ကွဲပြားသည်။ သူကအဖုအကျိတ်သာ ထွက်လာသည်။ အစား အသောက် စားသောက်လို့ နာကျင်ခြင်းမရှိ။ အစားအသောက်လည်း မပျက်။ သို့ကြောင့်လည်း တောင်ကြီးရောက် လာတော့ ပြည့်ပြည့်ဖြိုးဖြိုးရှိတော ဖြစ်သည်။ သူက ဆေးလိပ်သောက်သည်။ သူ့လည်ပင်း မှာ အကျိတ်ဖုအချို့ ထွက်လာတော့ အထူးကုဆေးခန်း သွားပြသည်ဟု ဆိုသည်။ သို့နှင့် အသားစ ကိုယူ၍ ဓာတ်ခွဲစမ်းသပ်ရာ အဖြေကကင်ဆာဟု ထွက်လာသတဲ့။ ဒါကို သူက လက်မခံနိုင်။ သို့နှင့် အထူးကုဆေးခန်း ပြောင်း၍ပြသည်။ အဖြေကမပြောင်း။ သို့နှင့်နာမည်ကြီး အဖုအကျိတ်ပျေက်စေ မြန်မာဆရာ တွေဘက် လှည့်သည်။ နာမည်ကြီး တယ်ဆိုသွားသည်။ သို့နှင့် ဆေးလိမ်းဆေးသောက် ဆေးစီး မပျောက်ပါ။

အချိန်တွေသာ ကုန်သွားသည်။ ငွေတွေသာ ကုန်သွားသည်။ အကျိတ်ကြီးတစ်လုံးက တဖြည်းဖြည်း ကြီး လာသည်။ ကိုက်ခဲလာသည်။ အရည်ထွက်လာသည်။ မခံမရနိုင်တော့မှ နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန် မှ တစ်ဆင့် ကင်ဆာဝပ်။ ထိုမှတောင်ကြီးသို့ ရောက်လာရသည်။ ရောက်စတစ်ပတ် ဆေးသွင်း။ ခံတွင်းပျက် သည် မှန်သော်လည်း သိပ်မဆိုးလှသေး။ လက်ဖက်ရည်သောက်နိုင်၊ ချာပါတီ စားနိုင် သေးသည်။ ထမင်းကတော့ သိပ်မစားနိုင်။ ရေ တစ်နေ့ (၄) ဗူးသောက်ပါဆိုသော်လည်း မသောက်ချင်။ သူက ရေနွေးကြမ်း မှ။ ဓာတ်ရောင်ခြည်ကင်တာ တစ်လပြည့်တော့ ဆေးထပ်သွင်းရသည်။ ပထမတစ်ခါ လိုပဲ ဆေးသုံးပုလင်း သုံးရက် ဆက်တိုက်။ ဘာအစာမှ စားမရ။ ရေပင်သောက်မရ။ တစ်ညလုံး တစ်နေ့လုံး အော့အန် နေသည်။ ညဘက်ဆိုလည်း သူအန်နေသော အသံဆိုးကြီးကို တစ်ဆောင် တည်း နေတာဆိုတော့ ကြားနေရပါသည်။ စိတ်မချမ်းမြေ့ကြ။ ကျွန်တော်တို့ မုန်းဟင်းခါး အချိုချက် (မုန့်ဟင်းခါးအတု) ချက်စားသည်။ သူ့ကို စားဖို့သွားပေးသည်။ မစားနိုင်။ လူမှာ မျော့မျော့ပဲ ကျန်သည်။ ဓာတ်ရောင်ခြည် ကင်ဖို့ဆေးရုံသွားတာ လူနှစ်ယောက်တွဲရသည်။ တဟင်းဟင်း နှင့် တုန်ယင် နေသည်။ ကျွန်တော် တို့ ဆေးသွင်း ပေးသောစပယ်ရှယ်လစ် ဒေါက်တာမကို ဒေါကန်ကြသည်။

သို့သော် ကျွန်တော်သည် သူရွာလည်နေမှုကြောင့်  သူ့ခန္ဓာထဲ လည်ပင်းမှာတစ်ဆင့် တွားသွားနေသော ကင်ဆာ တစ်ဖွဲ့ကြီး ဆေးပြင်းလက်နက်နှင့် ဖြိုခွင်းမှ အောင်နိုင်မည် ဆိုတာသဘောပေါက်လာသည်။ ဆရာဝန် က သူ့အသက်အရွယ် (အသက် ၅၃) သူ့ကိုယ် လေးချိန်န၊ သူ့အရပ်အမောင်း စသည်တို့ကို တွက်ချက် ကာ ဆေးရက်ဆက် သွင်းတာ ခံနိုင်မည်ဟု ယူဆပြီး သည်လို သုံးရက်သုံးပုလင်းဆက်တိုက် သွင်းချ လိုက်သည်ဟုဆိုပါ သည်။ နောက်တော့် သူ့ကို အားဆေးပြန်သွင်းပေးခဲ့ရသည်။ ဆေးသွင်း ဓာတ်ရောင်ခြည် ကင်ပြီး တစ်လကြာမှ ပေါင် ၁၅၀ ရှိသော သူသည် ပေါင် ၁၂၀ ပဲရှိတော့သည်။ ပေါင် ၃၀ ကျသွား၏။ ကိုလှထွန်းမှာ လူမမာကြီးလုံးလုံးဖြစ်ခါ အားအင်ကုန်ခမ်း၊ စိတ်ဓာတ်လည်း ကျပြီး ဆေးဆက် မကုတော့ဘဲ ပြန်မယ်တကဲကဲလုပ်နေ၍ သူ့ကို မနည်းဖျောင့်ဖျရပါသည်။ ယခုရှင်မယ်၊ သေမယ် မသိရသော်လည်း သူဆေးကုရင်းတန်းလန်းနှင့် ပြန်လျှင်မုချ သေလိမ့်မည်။ ရက်တိုတိုနှင့် ရေဝေး ရောက် သွားမည်။ နောက်တစ်ပတ်ကြာတော့ သူနည်းနည်း စားနိုင်သောက်နိုင်လာသည်။ သူ့လက်သီးဆုပ် လောက် အကျိတ်ကြီးကတော့ လည်ပင်းမှပျေက်ကွယ်သွားသည်။ သူနည်းနည်း ပြုံးနိုင်သည်။ သူ့ဇနီး မခင်ရွှေ မှာ သူစားချင်တာ အကုန်လုပ်ပေးနေသည်။ (ယခု ဒီစာအချော ပြန်ရေးနေစဉ် သူတို့လင်မယား ရန်ကုန် ပြန်ရောက်နေလောက်ပါပြီ)။

ကျွန်တော် ဓာတ်ရောင်ခြည်ကင်တာ ၄ ပတ်လောက် ရှိလာသောအခါ ရေးမြို့မှ ကိုဝင်းမောင် (အသက် ၄၃ နှစ်) နှင့် သူ့နှမဖြစ်သူတို့ ကင်ဆာရောဂါကုသရန် တောင်ကြီး သို့ရောက်ရှိလာကြ၏။ သူတို့က မွန်တိုင်းရင်းသား များ ဖြစ်သည်။ ကျွန်တော်တို့ တည်းနေသော ဘိုးဘွားရိပ်သာဘုန်းကြီးကျောင်း ကင်ဆာ လူနာဆောင် (၄) အခန်းမှာ တည်းခွင့်ရသည်။
ကိုဝင်းမောင် မှာ အသားဖြူဖြူ၊ အရပ်မနိမ့်မမြင့်၊ စကားပြောလျှင် မွန်သံ အတော်ဝဲသည်။ သူ့နှမကတော့ အသားညိုညို၊ အသက် ၃၉ နှစ် ဆိုပေမယ့် လျော့မတွက်နှင့်။ ကလေး ၉ ယေက်မွေးဖွားပြီးဖြစ်သည်ဟု ဆိုသည်။ ကိုဝင်းမောင် က ရေးမြို့မှာနေပြီး ဇနီးက ကလေးအငယ်နှင့်မို့ ခေါ်မလာနိုင်။ သို့နှင့် ဘီလူးကျွန်း ချောင်းဆုံမြိုကနယ် ကမာမို ကျေးရွာမှာနေသော နှမဖြစ်သူ ငွေရှင် ကို လှမ်းခေါ်ပြီး အကူအညီ တောင်းခေါ်လာခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။ သူတို့လည်း ကျွန်တော်တို့လိုပင် အဆောင် ရောက် မှ စဝ်စံထွန်းဈေးက ထမင်းပေါင်းအိုးဝယ်၊ ဒယ်အိုးဝယ် နှင့် လုပ်ရသည်။

ဆက်ရန်
.

2 comments:

Angelhlaing(May everybody be happy and healthy! said...

ဓါတ်ရောင်ခြည်နဲ့ ကုသခံရတဲ့ အသိမိတ်ဆွေ တစ်ချို့ သိပ်မကြာဘူး ဆုံးတက်လို့ ပြင်းထန်တဲ့ ကုသနည်းမို့ လူတွေတော်တော်လေး ကြောက်လန့်ကြသလို သေတကန်ရှင်တကန်လို့ မှတ်ပြီး မျက်စိစုံမှိတ်ကုကြရတာ တွေ့ဖူးတယ်မမရေ..စောင့်မျှော်လျှက်ပါလို့..

Thu said...

I do appreciate to Saya Mg Tin Sint's struggling steadily and remember to late our Ko Gyi Kyauk.
Thanks Ma Shwe Zin & et. el.