Thursday, February 9, 2012

မောင်တင်ဆင့် ၏ ရထားပေါ်က ကင်ဆာတစ္ဆေ, အပိုင်း (၇)

ဇရာနယ်နိမိတ် ဗျာဓိမြို့တော်သို့ တစ်ခေါက်

သရဏဂုံသုံးပါး ကို ဆောက်တည်ကာ လူနတ်ဗြဟ္မာ အပေါင်းကို မေတ္တာပို့ဆုတောင်းလိုက် ပါသည်။ လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ ၂၀ ဒီဂရီိစင်တီဂရိတ် အေးစက် လေထု က အနွေးထည် သုံးထပ်ကို ဖောက်ဝင်လာသည်။ ခေါင်းစွပ်သိုးမွှေးထည်က နားရွက်နှင့် ငယ်ထိပ် ကို နွေးထွေးမှုပေးကာ ကာကွယ်ထား သည်။ သို့တိုင်လေရှူရတာပင် အေးစက်။
ကျွန်တော် သည် ၂၀၁၀ နိုဝင်ဘာ ပထမပတ်ထဲ တောင်ကြီးမြို့ ဘိုးဘွားရိပ်သာ ဘုန်းကြီးကျောင်း ဓာတ်ရောင်ခြည် ကင် ရန် လာရောက်သော အနယ်နယ်အရပ်ရပ်မှ လူနာများထားရှိရာ အဆောင်နံပါတ် (၁) အခန်းကွပ်ပျစ်ပေါ် က ကောဇောစိမ်းပေါ်တွင် တင်ပျဉ်ခွေထိုင်လျှက်ရှိနေပါသည်.။

ဆောင်းငွေ့တွေ နှင့် အတူ သောကတွေကို ယူဆောင် လာသော ဗျာဓိမြို့တော်သားတွေက ကျွန်တော့် ပတ်ပတ်လည်မှာ နာကျင်ခြင်း၊ နွမ်းလျခြင်း၊ ကြေကွဲ ၀မ်းနည်းခြင်း၊ ပူပန်နခြင်းစသည့် ဝေဒနာတွေကို ဗျာဓိသား တွေက ကျွန်တော့်ခန္ဓာကိုယ်ထဲ ရိုက်ထည့်နှိပ်စက်လေသည်။  ဝေဒနာတွေကို ပေါင်းစုကာ သောက အဖြစ် ဖန်တီးနိုင်ဖို့ ဇရာနယ်နိမိတ်ကို ဖြတ်သန်းကာ ဗျာဓိမြို့သားများသည် ကျွန်တော့် ပတ်ပတ်လည်မှာ။

ကျွန်တော်သည် ဗျာဓီရန်သူများကို တွန်းလှန်နိုင်ရန် သို့မဟုတ် ခုခံနိုင်ရန် ကမ္မဌာန်းကို ကြိုးစား စိုက်ထူ နေမိပါသည်။ သမာဓိပန္နက်ကို နက်နကင်ထူးနေသော်လည်း သတိလက်နက်များက မကြာခဏ အပိုင်းပိုင်း ကျိုးကြေလွင့်စင်နေသေးသည်။ ၀င်လေ .. ထွက်လေ..၀င်လေ..ထွက်လေ။ ဖြစ်..တည်....ပျက်။ ကင်ဆာ ဆိုသော ဗျာဓိသည် ဗုဒ္ဓမြတ်စွာ၏ အဘိဓမ္မာ ဖြစ်တည်ပျက်ကို ပြောင်းပြန်လှန်ဖို့ ကြိုးစား နေခဲ့၏။ ဖြစ်ပြီးလျှင် ပျက်ရချေမည်။

အနိစ္စ။ သို့တိုင် သူက ရုပ်နာမ်ခန္ဓာမှာ ဖြစ်ပျက်ဓမ္မာကိုဖြစ်ဖြစ် ဓမ္မအဖြစ် ပြောင်း ပြောင်းနေခဲ့ပြီ။ ဖြစ်ပျက် ကို သူက လက်မခံ။ ဖြစ် ဖြစ် ဖြစ် ဖြစ်။ ကျွန်တော့် ခန္ဓာကိုယ် အစိတ်အပိုင်းတချို့မှာ ဖြစ်ဖြီး ပျက်ရမည့် ဆဲလ် (ရုပ်) တို့သည် ဖြစ်ပြီးရင် ဆက်ဖြစ်နေသတဲ့။ ဖြစ် ဖြစ် ဖြစ် ဖြစ်။ ၀င်လေ ထွင်လေ ၀င်လေ ထွက်လေ။ ငါ့လည်ချောင်းအသံအိုးမှာ လက်သည်းခွံလောက် အနာတဲ့။ နှာခေါင်းပေါက်မှာ ထုံဆေးပေးပြီး မှန်ပြောင်းထည့်ကာ အသားယူ၊ ဓာတ်ခွဲခန်းပို့ပြီး ဓာတ်ခွဲကြည့်လိုက်တော့ Squamous Cell Carcinoma တဲ့လေ။ ကာစီနိုမာ ဆိုတာက ကင်ဆာပေါ့။

စကွီးမော့စ် ဆိုတာ က ကင်ဆာအမျိုးအစားလေး။ ကဗျာဆရာကြီးဒေါင်းနွယ်ဆွေ ကင်ဆာရောဂါဖြစ်ပြီး ဆေးရုံကြီးကင်ဆာဝပ် မှာ တက်ရောက် ကုသနေတော့ ကျွန်တော်ရောက်ရောက်သွား သည်။ ဆရာမှာ ဓာတ်ရောင်ခြည် တဖြည်းဖြည်း ခပ်စိပ်စိပ်ကင်ရင်း အခြေအနေ ဆိုးရွား ယိမ်ယိုင်လာနေသည်။ ဘာမှစားချင် စိတ်မရှိ။ စားမရ။ ဗျာဓိကသူ့ကို တဆစ်ဆစ်ကိုက်ဝါး နေတာ ကျွန်တော် အာရုံမျာ ဖျောက်ဖျက် မရနိုင်ခဲ့။ ပူတယ်ကွာ မောင်တင်ဆင့်ရာ။ ဒီမှာ ကိုင်ကြည့်စမ်း။ ဆရာဒေါင်း၏ ဓာတ်ရောင်ခြည် ကင်ထားသည့်နေရာ ကျွန်တော့်လက်နှင့် ထိစမ်းတော့ ဗျဓိကပြုံးသည်။ ကျွန်တော့်လက်က အထိအတွေ့ မှာ ဆရာ့လည်တိုင်နှင့် ပခုံးသည် သားရေပြားတစ်ချပ်တင်ထားသလို မာတင်းနေပြီး မီးပေးထားသော ဒယ်အိုး မျက်နှာပြင် လို ပူလောင်နေသည်။ ကျွန်တော် ရုတ်တရက် ထိတ်လန့်ပြီး လက်ကို ရုတ်လိုက် မိသည်။

ငါသေတဲ့အခါ
ဘာအမွေပစ္စည်းများ
ထားခဲ့ပါရ။
အို....လောကတ၀ှမ်းလုံး
သဘောဓမ္မလွှမ်းဖုံး
အချောအလှ အဆန်ဆုံး
မနောမယပန်းကုံး ကဗျာတွေသီလို့
သည်းလွှာမြေမဟီ ကျောက်ဂူ လုပ်ကာ
မြှုပ်ခဲ့မည်ပ။

ဆရာဒေါင်း ကင်ဆာရောဂါနှင့် ဆုံးပါးသွားတော့ ၁၉၈၅ခုနှစ်၊ မတ်လ ၂၂ ရက် ဖြစ်သည်။ ဆရာ ဒေါင်းနွယ်ဆွေ ဆုံးပါးသွားတော့ အသက် ၅၃ နှစ်ပဲ ရှိပါသေးတယ်။ ဆရာဒေါင်းက ၁၉၃၂ ခုနှစ် ဖွားဖြစ်သည်။ မြတ်စွာဘုရား။ ဆရာဒေါင်း သေတုန်းက အသက်ငယ်ငယ် လေးပါလား။ ငါက အခု ၆၁နှစ် ပြည့် တော့မယ်။တကယ့်ကို ဇရာနယ်နိမိတ် ထဲ ရောက်နေပါပေါ့လား။ ဒါကြောင့် ဗျာဓိမြို့သားတွေနဲ့ တွေ့ဆုံ ရပေသကိုး။ ၀င်လေ ထွက်လေ။ ဖြစ် ပျက်၊ ၀င်လေ ထွက်လေ။ ဖြစ်...ပျက်။

ညနေကျရင် ဒေါက်တာအောင်ကျော်ထွေး ဇနီး ရှမ်းမချောချောလေး နန်းစုလှိုင် ကို ခေါ်ပြီး လာမတဲ့။ တစ်ခေါက် သူ ရန်ကုန်ရောက်တုန်းက မမျှော်လင့်ဘဲ စိုးမြင့်လတ်၊ ယဉ်မင်းပိုက် တို့နှင့်တွေ့ပြီး သောက် လိုက်ကြတာ ညသန်းခေါင်ကျော်သွားလို့ ဗိုလ်စိုးအိမ် လိုက်အိပ်ရတယ် ဆိုပဲ။
အင်း... ပန်းချီကိုပိုက် ကတော့ ခုဆို ၆၄ နှစ်။ အခုထိပျော်တုန်း။ အနုပညာစိတ်နနဲ့ ရွက်လွှင့်တုန်း။ ၀င်လေ ထွက်လေ..၀င်လေ ထွက်လေ။ ဒီအတိုင်းဆို သမာဓိတည်ဖို့ မလွယ်။ ၀င်လေ...ထွက်လေ...၀င်လေ...တစ်။ ၀င်လေ...ထွက်လေ ..နှစ်။ ၀င်..ထွက် သုံး။ ၀င်လေ...ထွက်လေ ...လေး။

အင်း....ငါး...ခြောက်....ခုနှစ် ..တစ်ဆယ်။
အလောင်းတော် သိဒ္ဓတ္ထမင်းသားသည် နတ်တို့၏ စည်းစိမ်တမျှသာ လူတို့၏ စည်းစိမ်ချမ်း သာကို ခံစားတော်မူပြီး သက်တော် ၂၈ နှစ်။ မဟာသက္ကရာဇ် ၉၆ ခုနှစ်သို့ ရောက်သောအခါ ဥယျာဉ်ကစားရန် ဥယျာဉ်တော် သို့ ထွက်တော်မူရာတွင် လေးလတစ်ကြိမ်စီ တုသိတာနတ်အပေါင်းတို့သည် ဘုရားအလောင်း နှင့် ရထားမှူး ကိုသာ မြင်စေပြီး ဗိုလ်ပါပရိသတ်အမတ်တို့ မမြင်စေသော (၁) သူအို၊ (၂) သူနာ၊ (၃) သူသေ၊ (၄)ရဟုန်းဟူသော နိမိတ်ကြီးလေးပါးကို မြင်စေတော်မူရာတွင် အလောင်းတော် သည် ဇာတိ၊ ပဋိသန္ဓေနေရခြင်း ဆင်းရဲဒုက္ခဘေး၊ ဇရာအိုရခြင်းဘေး၊ ဗျာဓိအနာရောဂါ ဖြစ်ရခြင်း ဒုက္ခဘေး၊ မရဏ သေရခြင်း ဒုက္ခဘေးတို့ကို တွေ့မြင်တော်မူလေရာ ငါလည်း မုချအိုရမည် မုချ နာရမည်၊ မလွဲဧကန် သေရမည်တကားဟု သံဝေဂရတော်မူသဖြင့် ထိုထိုဆင်းရဲဒုက္ခ ဘေးအပေါင်းမှ လွတ်ရာကို ရှောင်ရှား လိုရကား သက်တော် ၂၉ နှစ်၊ မဟာသက္ကရာဇ် ၉၇ ခု၊ ၀ါဆိုလပြည့် တနင်္လာနေ့ သန်းခေါင်ယံ အချိန်အခါ ဥတ္တရာသင်ဌ်နက္ခတ်နှင့် စန်းမြတ် ယှဉ်သောအခိုက်တွင် ဆန္ဒအမတ်မောင်ဆန်နှင့် စီးတော်မြင်း ကဏ္ဍကကို စီး၍ တောထွက် တော်မူခဲ့လေသည်။

ထို့နောက် ရဟန်းအသွင်ကိုပြုလျက် ဥရုဝေလတောအုပ်၌ ဒုက္ကရစယ ၆ နှစ်တိုင်တိုင် ကျင့ိကြံတော်မူလေ၏။ ထိုသို့ ခြိုးခြံစွာ ကျင့်ကြံတော်မူသော်လည်း သမ္ဓာသမ္ဗောဓိဥာဏ် တော်ကို မရရှိနိုင်။ အာဟာရကို မျှတစေလျှက် သဒ္ဓါ၊ ပညာ၊ ၀ီရိယ၊ သမာဓိတည်ဆောက်နိုင်သော အာနာပါန ကမ္မဋ္ဌာန်း စီးဖြန်မှသာလျှင် သဗ္ဗညုတ ဥာစ်တော်အရှင်ဘုရားအဖြစ်သို့ ရောက်ရှိတော်မူမည်ဟုကြံလျက် မဟာဗောဓိပင် ရှိရာ မောဓိ မဏ္ဍိုင်သို့ ကြွတော်မူလျက် အာနာပါနဈာန်ကို ၀င်စားတော်မူလေသည်။ သို့နှင့်မဟာသက္ကရာဇ် ၁၀၃ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့အကုန် အရုဏ်တက်သည်နှင့် တစ်ပြိုင်နက် စန်း နှင့် ၀ိသာခါ အကြိုက်တွင် လောကသုံးပါး၌ အတုမရှိသော အထွက်အထိပ် သ၀ိဿရ ဘုရားအဖြစ်သို့ ရောက် တော်မူလေသည်။

ဆရာတော်ဘဒ္ဒန္တအာစာရ၀ံသ (ဓမ္မာစရိယ)၏ ဗုဒ္ဓ၀င်စားသားများက ကျွန်တော့်အာရုံမှာ ပေါ်လိုက် ပျောက်လိုက်။ အာရုံတွေ  လွင့်ဝဲနေလိုက် သတိကပြန်ဆွဲယူလိုက်၊ ၀င်လေ...ထွက်လေ...ခုနှစ် ဆယ့်ငါး။ ၀င်...ထွက် ခုနှစ်ဆယ့်ခြောက်။ ကျွန်တော်သည် ၀င်လေထွက်လေကို နံပါတ်စဉ်နှင့် ချည် နှောင်လို့ နေမိပြန်သည်။ ကြာတော့ရင်ဘတ်ထဲ တလှိုက်လှိုက်နှင့် မောပန်းလာပါသည်။ လျော့... လျော့။ စိတ်တွေကိုကြိုးလျော့ထား။ ရုပ်နာမ် ခန္ဓ။ အနိစ္စဒုက္ခ အနတ္တ။ အနိစ္စအမြဲမရှိပါတကား။ ဒုက္ခ ဆင်းရဲခြင်းပါတကား။ အနတ္တ ငါမဟုတ်။ ငါ့ခန္ဓာ မဟုတ်ပါတကား။ ၀င်လေထွက်လေ ကိုးဆယ့်ငါး။ ဖျတ်ခနဲ သမာဓိက ငြိမ်သက်ရပ်တန့်။ ဖျတ်ခနဲ ပျက်ပြန်လွင့်ပါး။

နောက်ဆုံးတော့် တရားမှတ်တာဖြုတ်လိုက်သည်။ နာရီကြည့်လိုက်တော့ ၇း၄၅။ သြော်..ငါ့ အနာပါ နကမဖြစ်မြောက်ဘဲ ၄၅မိနစ် ကြာမြင့်သွားပါပကော။ ဆေးရုံသွားရမည်။ ဓာတ်ရောင်ခြည် ကင်ရဦး မည်။ သည် တစ်ပတ်နှင့်ဆို ဓာတ်ရောင်ခြည်ကင်တာ နှစ်ပတ်ရှိတော့မည်။ တစ်ပတ်ကို ၅ရက်။ စနေ့ တနင်္ဂနွေ နှစ်ရက် နားရမည်။ နှစ်ပတ်ဆိုတော့ ရောင်ခြည်ကင်တာ ၁၀။ လည်ချောင်း နာတာ စပ်တာ အတန် သက်သာလို့တော့လာသည်။ ကင်ဆာနှင့် ကျွန်တော်ကတော့ ဇရာနယ်နိမိတ် ဗျာဓိနိုင်ငံမှာ ရင်ဆိုင် တွေ့နေပေပြီ။

ကျွန်တော်သည် အနွေးထည်နှစ်ထပ်ပေါ်မှ ဂျင်းအင်္ကျိအပြာရောင်ကို ထပ်ဝတ်လိုက်သည်။ ဦးထုပ် ကို ဆောင်းလိုက်သည်။ ရေသန့်ဗူးကို ရေသန့်ဗူးကြီးမှ ရေဖြည့်လိုက်သည်။ စ၀်စံထွန်းဆေးရုံ ဓာတ်ရောင်ခြည်ဌာန စာအုပ် ကို အင်္ကျီအိတ်ကပ်ထဲထည့်။ တယ်လီဖုန်းစာအုပ်ယူ။ ဇနီးက ဆေးရုံ သွားတော့မလား ဟု အဆောင်ရှေ့ မီးဖိုချောင်မှာ အသီးအရွက်လှီးချွတ်နေရာမှ လှမ်းမေးသည်။
ကျွန်တော် က ရေတစ်ငုံသောက်လိုက်ပြီး ရှစ်နာရီထိုးတော့မယ် သွားမှပဲ။

ဦးမွန်တီး တို့ သားအဖ တွေတောင်သွားပြီမဟုတ်လားဟု ပြောလိုက်၏ ဦးမွန်တီးမှာလည်း ကင်ဆာ ရောဂါသည်ဖြစ် သည်။ သံဖြူဇရပ်မြို့မှ လာရောက်ဓာတ်ရောင်ခြည် ကင်နေသူဖြစ်သည်။ ဇနီးနှင့် သမီးဆရာဝန်မလေး က လိုက်ပါစောင့်ရှောက်ပေးနေ၏။ သူကနှာခေါင်းမှာ ကင်ဆာနာဖြစ်ပြီး ၆နှစ်ကြာမှ ပြန်ပေါ် လာသဖြင့်သည်တောင်ကြီးဆေးရုံရောက်လာ ဓာတ်ကင်နေခြင်းဖြစ်သည်။ ဗျာဓိမြို့သားတွေ သယ်ဆောင် လာသော ကင်ဆာကား အလွန်ပရိယာယ်ကြွယ်လေသည်။ တိတ်တဆိတ် ခြောင်းမြောင်း နေပြီး မမျှော်လင့်သည့်အချိန်၊ မမျှော်လင့်သည့်နေရာမှ ခြုံခို တိုက်ခိုက်တတ်သူလည်း ဖြစ်သည်။

တောင်ကြီးတစ်မြို့လုံးကတော့ ရေခဲသေတ္တာထဲ ရောက်နေသလို အေးမြနေသည်။ ကျွန်တော် သည် ဘိုးဘွားရိပ်သာဘုန်းကြီးကျောင်းမှ ထွက်ခွာလာပြီး ကျောင်းဘေးရှိ စ၀်စံထွန်းဈေးရှေ့ လမ်းမှ ဖြစ်ကာ မြောက်ဘက်လျှိုမြောင်ရပ်ကွက်ထဲ ဆင်းလာခဲ့သည်။ ထိုခြောက်ရပ်ကွက်မှ ဖြတ် သန်းလိုက်သည်နှင့် ဆေးရုံဝန်း ထဲ ရောက်သွားလေသည်။
ဆေးရုံဝင်း က ကုန်းပေါ်မှာ၊ သို့နှင့် ချောက်အတွင်းမှ ကွန်ဂရစ်လမ်းလေးအတိုင်း ကုန်းပေါ်တက် ရပြန်သည်။ မိုးရွာလျှင်တော့ ဒီချောက်ရပ်ကွက်လေးထဲ ရေတွေ ဒလဟော စီးကျလာတတ်သည်။ သို့တိုင် မိုးဆဲ သည်နှင့် ရေလည်းပျောက်ကွယ်သွားတတ်၏။ မိုးရွာလျှင် ရပ်ကွက်တွင် လမ်းတွေကို မိုးနတ်မင်းက ရေဆေးချ သလို အမှိုက်သရိုက်တို့ သန့်ရှင်းသွားတတ်၏။

ဆေရုံးဝင်း ထဲရောက်တော့ အရာထမ်းရိပ်သာဖြတ်၊ မူးယစ်ဆေးဝါစွဲ ကုသဆောင်ရှေ့က ဖြတ်ပြီး စင်္ကြံလမ်း အတိုင်း ခပ်ပြေပြေ တက်သွားရသည်။ စင်္ကြံလမ်းဘေးအလေ့ကျပင် နွယ်ပင်တို့က ပန်း ပွင့် ခရမ်းပြာ ပန်းရောင် အ၀ါရောင်တို့ လန်းဆန်းပွင့်ဝေနေတာကိုက ရှမ်းပြည်နယ်၏ အေးမြ လန်းဆန်း နေမှု ဖြစ်သည်။ ဘယ်ကြည့်ကြည့် ကြည့်လင် လန်းဆန်းလို့။ ဒါသည်ပင် ရောဂါများကို တစ်ဝက် သက်သာ စေမည်။ ရာဦဥတုက အစဉ်အေးမြလို့နေတာလည်း ကင်ဆာဓာတ်ရောင် ခြည်ကို သက်သက်သာသာ ဖြတ်သန်းစေနိုင်တာမျိုးဖြစ်မည်။

ကင်ဆာဝပ်ရောက်တော့ ဓာတ်ရောင်ခြည်ခန်းက တာဝန်ခံဆရာမလေး အေးငယ်ငယ်ဝင်းလေး ကို ရောက်ကြောင်း အမည်စာရင်းပေးရသည်။ ဆရာမလေးက ရောဂါသည်တစ်ဦးစီ၏ မှတ်တမ်း ဖိုင်ကို အစီအစဉ် အတိုင်း ထပ်ပေးထား၏။ လူနာများ နားနေခန်းက ခုံတန်းလျားမှာ ရေး၊ မြိတ်၊ ထားဝယ်၊ မော်လမြိုင်၊ သံဖြူဇရပ်၊ တောင်ငူ၊ ရေနံချောင်း ဆိတ်ဖြူ၊ မန္တလေး၊ ရန်ကုန်၊ ကျောက်မဲ၊ တိုက်ကြီးစသဖြင့် နယ်ပေါင်းစုံမှ ကင်ဆာလူနာတွေ၊ မိန်းမ၊ ယောက်ျား၊ လူငယ်၊ လူကြီး၊ အဖိုးအို အရွယ်စုံ၊ ဗျာဓိကား ဇရာနယ်ထဲမှာ သာမဟုတ် အသက်အရွယ် နယ်စည်းမခြား ၀င်ရောက်နှိပ်စက် ကလူပြုနေပေပြီ။
ကျွန်တော် ကား ဇရာနယ်နိမိတ်ထဲကလူ။ မုချမသွေ ဗျာဓိနှင့်ဆုံရမည်။ မုချမသွေ မရဏ ကလည်း စီးကြို နေပေလိမ့်မည်။

ဆက်ရန်
.

No comments: