ရသစာတမ်း
ရေချိုးဆိပ်(၁)
ရွာ့မနက်ခင်း။
မိုးမလင်းခင် လင်းကြက်တွန် ကတည်းက ရွာက နိုးနှင့်ပါပြီ။ သည်ခေတ်မှာတော့ တစ်ချို့ တောင်သူအိမ် တွေမှာ တရုတ်နာရီတွေ ခပ်ကြွားကြွားချိတ်ထားနိုင်ပေသိ ကျွန်မတို့ငယ်ငယ်က ရွာမှာ ဘုန်းကြီးကျောင်း တွေက လွဲလို့ နာရီမရှိကြပါ။ ရှေးကဗျာတွေထဲကလို ကြက်သံကို ဗဟိုပြု ရပါ၏။ ဘုန်းကြီးကျောင်း တွေ မှာတော့ ချိန်သီးနာရီကြီးတွေက ခံ့ညားလှသည်။ နာရီကြီးတွေကို ပြောင်လက်တောပ အောင် တိုက်ချွတ်ထားတာဆိုတော့ ရွာကျောင်းသာအို ချင်အိုမည်။ နာရီတွေက မအိုပါ။ ချိန်သီးတွေက ဘယ်တစ်ချက်၊ ညာတစ်ချက်။ ဂျောက်ဂျက်ဂျောက်ဂျက် မရပ်မနား ရှိတာကိုပဲ ကျွန်မတို့ သွားငေး ရမြဲပင်။ သည်ခေတ်တော့ နာရီကြည့်သွားသည်ဆိုလျှင် ရယ်စရာ ကောင်းရော့မည်။ အချိန်ပြည့်လို့ ဒေါင်ဒေါင် ဒင်ဒင်မြည်တာကလည်း ကျွန်မတို့ အဖို့ရာ ထူးဆန်းသည်။ စက်နာရီက နာရီထိုးသံ တစ်ရွာလုံး မကြားနိုင်ပါ။ သည်တော့ ဦးပဉ္စင်းတွေ၊ ကိုရင်တွေက ကြေးမောင်းထထိုးကြရသည်။
ထလော့... ရွာကလေး။ ရွာ့သူတော်ကောင်းတို့... ဆွမ်းထမင်း ဆွမ်းဟင်းချက်ကြကုန် လော့။ မိုးသော အရုဏ် မှာ ဦးပေါင်းကို ဆွမ်းတော်တင်လော့။ ၀မ်းအာဟာရပြည့်စုံသော် သစ်ခင်းကိုင်းခင်း ဆင်းကြ ကုန်လော့။ ရွာသူရွာသားတွေးကလည်း မနေ့ကပင်ပန်းခဲ့တာတွေ တစ်ညတာကျောချခဲ့တာနှင့်ပင် ပြေပျောက် ရလေပြီ။ ကျွန်မတို့ မိန်းကလေးတွေကတော့ နေ့ကလေမပြူတပြူမှာ ဧရာဝတီမြစ်မ ထဲ ရေခပ်ဆင်း ကြရသည်။ ရေတစ်အိုးခထစ်ခွင် ဒါမှမဟုတ် ခေါင်းပေါ်ရွက်ပြီး မျက်နှာသစ် ဆင်းကြရခြင်း ဖြစ်၏။ မြစ်ကမ်းပါးလုံးကြီးတင် ရသည့် ရွာတွေ ဆို ပေသိ ရေတစ်ထမ်းတစ်ရွက်တော့ ထမ်းရရွက်ရမြဲပင်။ ဇိုးဇိုး ဇပ်ဇပ် ရေတစ်ဖလားခပ်ချင်လို့ ရေတွင်းရယ်၊ ရေကန်ရယ်မရှိ။ ဧရာဝတီမြစ်မကြီး ရွာခြေမှာ ရှိနေတာ ကိုယ်က မခန်းနိုင်သော နတ်မြစ်လို အောင်မေ့ကြတာမဟုတ်လား။
"သောက်ပါလေ့အေ...ချုးပါလေ့...မြစ်ဆိပ်များငရုတ်တစ်လှမ်းခရီးတစ်ခုန်ရှိသာပါ...မြစ်ကထွက်မပြေပါဘူးဟဲ့...ရေတွေဘာက်ဘက်လန်အောင်ခပ်ထားစုပေါင်...သုံးရေတစ်အိုး၊ နရေတစ်အိုး ထည့် ထားပြီးရင်ကျန်သာသောက်ရေလောက်လိုပါ"
ကြီးတော် တို့ အမေတို့က ကျွန်မအစ်မ အပျိုတွေ မြစ်ဆိပ်ဆင်းခပ်တာကို မကြိုက်မရှိ ရေဆိုတာ။ အိမ်မှာ ပြည့်ကောင်းတာ၊ ရှိကောင်းတာ၊ ပေါကောင်းများကောင်းတာ အမှန်ပင်။ သို့သော် ကျွန်မအစ်မတွေမှာ ရေခပ် ကြရင်း စကားပြောကြရသည်။ မပျိုအချင်းချင်းသာ နားလည်နိုင်သော ဘာသာစကားတွေး ရေခပ်လမ်း မှာမှ ပြောဖြစ်ကြရသည်။ ဇာတ်ပွဲအကြောင်း၊ ဘုရားပွဲအကြောင်း၊ ကူနီထတောရွာက ဘဘကျော် နတ်ပွဲ သွားကြမည့်အကြောင်း...။
ဝတ်ချင်စားချင် ရှိရသည့် အကီင်္ျပုံဆန်းတွေအကြောင်း၊ ရက်ကန်းကျထမီ တွေအကြောင်း...။ ဒါမျိုးက ရေခပ်တုန်းမှာ ဆုံကြရ၊ ပြောကြရတာမဟုတ်လားး။ သည်တော့မြစ်ရေကို တစ်ခေါက်ခပ် ရလို့လည်း မမော၊ နှစ်ခေါက်ခပ်ရလို့လည်း မမော၊ ဆယ်ခေါက်ခပ်ရဦးတော့ခပ်နိုင်ကြပါသည်။ သို့သော် မျက်နှာကောင်း မရ၊ မြစ်များထွက်ပြေးမှာကျလို့တဲ့။ နရေတစ်အိုး ဆိုတာက နွားရေအတွက် ခပ်ရခြင်း ဖြစ်ပါသည်။ နွားစာကျင်းထဲ မှာ ပဲမှော်ပဲရိုးကျေ၊ ပြောင်းရိုးကျေနှင့် မြက်စိုစဉ်းကာ ရေနှင့် စပ်စပ်လောကာ ထည့်ရသည့် ရေကလည်း ကုန်တော့ အကုန်သား။ သုံးရေအိုး ကတော့ မီးဖိုချောင်သုံး ... လက်လေး... လက်ပေါ့ သုံးဖို့ပေါ့။ သောက်ရေ ကလည်း မြစ်ရေသောက်ကြီးပြင်းရ သူတွေဆိုတော့မြစ်ရေမှပဲ လေးလေးပင်ပင် နှင့် အာသာပြေရပါ၏။
"မြစ်ရေအေးအေးကြည်ကြည် မနက်စောစောထခပ်ကြပါဟဲ့ ... လှေမလူး၊ နွားမကူးခင် ခပ်မှသန့်သန့် ကလေး ရသာ...ဘုရားဆွမ်းတော်ရဟန်းဆွမ်းတော်အတွက်ဆွမ်းထမင်း ဆွမ်းဟင်းများ ရေကလေး သန့်သန့် နဲ့ ချက်ကြလောင်းကြ ဟဲ့...မနက်စောစောထငါ့မြေး... ရေချိုးဆိပ်မှာ မခပ်နဲ့... အထက်နား ၀ါးကြိမ်တောခြေ သွားခပ်ချေ"
အဘ က အိပ်ရာထပျင်းသော ကျွန်မကို စောစောနှိုးပြီး မြစ်ရေချိုခပ်ခိုင်းလေ့ရှိသည်။ ဘုန်းကြီးကျောင်းက စက်နာရီ ငါးနာရီ မှာ ကြေးမောင်းတစ်တုံး ထိုးလေ့ရှိရာ ထိုအချိန်မှာ မြစ်မရေထဲ အကူးအလူး နည်းကြသေးသည်။ လှေသမ္ဗာန်၊ စက်တပ်လှေ၊ မီးသင်္ဘောတွေ လှိုင်းကြီးထအောင် မဖြတ်သေးခင် ရေအကြည် ခပ်ခိုင်းခြင်း ဖြစ်ပါ၏။ အဘပြောတာ အမှန်ပါ။ မနက်စောစော မြစ်ဆိပ်ဆင်းရတာ ကြည်နူးစရာ ကောင်းလှပါ၏။ ရောင်နီပြေပြေကလေးအောက်မှာ မြစ်ရေသောင်စပ်လမ်းသည်ပင် ပကတိ အေးမြ တည်ငြိမ်လျက်။ မြစ်လေက တသွေးသွေး။ အိပ်မှုန်စုံမွှားစိတ်တို့သည်ပင် ကြည်လင် လန်းဆန်း သွားရပါ၏။
ကျွန်မတို့ငယ်ငယ် လူမှန်းသိကတည်းက ရွာဘေးက စီးဆင်းနေသည့်မြစ်ကြီး အဘတို့ကတော့ အရှေ့မြစ် ခေါ်ကြသည်။ အနောက်မြစ် က ချင်းတွင်း။ အဘ၏ သမီးအကြီးဆုံး (ကြီးတော်)က ရေစကြိုနယ် ဖြုံဘူးရွာ မှာနေတာဆိုတော့ အရှေ့မြစ်နှင့် အနောက်မြစ်ကြီးက ကျွန်းရွာတွေဆီ ကျွန်မတို့ ကူးလူးနေကျ ပင်။ ကျွန်းရွာ တွေ အရှေ့ဘက်ကမြစ်ကို အရှေ့မြစ်၊ အနောက်ဘက်ကမြစ်ကို အနောက်မြစ် ခေါ်ခြင်းဖြစ်ပါ၏။ သည်တော့ ကျွန်မတို့ ဥဒယလည်း ဧရာဝတီမြစ်ကို အရှေ့မြစ်လို့ပဲ သုံးကြ တော့သည်။

(၂)
"ငှက်ကလေး စိုးစီစိုးစီ... ဝင်းပေါက်မှာမြည်
ချိန်တန်ပြီ ညီမထွေး ရဲ့.. ဆွမ်းချက်စို့လေး...... "
ကျွန်မ အရွယ်ရောက်လို့ သည်ကဗျာလေးကို ဖတ်ရတော့မှ ငယ်ဘဝရွာ့မနက်ခင်း၊ ဧရာဝတီမနက်ခင်း ကို နောက် ကြောင်းပြန် ခံစားရပါ၏။ မနက်စောစောကြီးထပြီး မြစ်တစ်မြစ်ကို ကမ်းပါးထိပ်က ရပ်ကြည့်ပါ။ မြစ်တစ်မြစ် ၏ ကျက်သရေအရှိဆုံးအချိန်ကို တွေ့နိုင်ပါ၏။ ကိုယ့်ရွာဘေးက မြစ်ကြီး တစ်မြစ် စီးဆင်း နေတာကပင် အားရှိချင်စဖွယ်။ မြစ်ရေကြည်ကြည် ခပ်ချိန်မှာ ငှက်ကလေးတွေ ကျီကျီကျာကျာ အော်မြည် ကြပြီ။ အစ်မတွေက မြစ်ရေသန့်သန့်ဖြင့် ဆွမ်းချက်ကြပြီ။ ကျက်ပြီဆိုရင်တော့ ဦးပေါင်း ပါအောင် ခူးခပ်ပြီး ဆွမ်းတော်တင်ကြသည်။ ကျွန်မတို့ရွာတွေမှာ မြေအိုးနှင့် ထမင်းချက်ကြတာဆိုတော့ ဆန်ကအိုး တက်သည်နှင့် စလောင်းဖုံးအထိ မောက်မောက်ကလေးရှိနေတတ်ပါသည်။ စလောင်းဖုံး လက်ကိုင်ကလေး ထဲအထိ ထမင်း ရောက်တော့ ဦးပေါင်းဖူးဖူးကလေးရသည်။ ဦးပေါင်းမပျက်အောင် အောက်ဖက် က ယောင်းမနှင့် ကော်ကာ ဆွမ်းထမင်းပြင်ကြကပ်ကြရသည်။ ဦးပေါင်းဖူးဖူး ပဲ့အောင်ခူးလို့ ခပ်လို့ ကတော့ အဆူအငေါက်ခံရဖို့သာပြင်။
အကြည်ခံ ထားသော ဘုရားသောက်တော် ရေအိုးထဲက သောက်တော်ရေ ငါးခွက်ခပ်။ ရိုရိုသေသေကပ်။ ဆွမ်းထမင်း ပူပူကို ကြွေရေသုတ်အုပ်ကလေးထဲ ရွာကျောင်းလေးကျောင်းက ကိုယ်တော်တွေအဖို့ရာ ခူးနှင့်ခပ်နှင့် ရသည်။ ဝေယျာဝစ္စတွေပြီးတော့ ဆရာတော်ကျောင်းက ခုနှစ်နာရီ ကြေးမောင်းထိုးပြန်ပါ၏။ အမေတို့ အစ်မတို့ ကြီးတော်တို့ ဒွေးလေးတို့ အခင်းဆင်းကြရတော့မည်။ ထမင်းပူပူထဲ နှမ်းဆီ နှစ်ပေါက် သုံးပေါက်ဆမ်းပြီး ငပိကင် ရှိတော့ ငပိကင်၊ ချဉ်ပေါင်ငပိချက် ကလေး ညကကျန်တော့ ကျန်တာနှင့် စားကြရုံပင်။ ဒါဆိုလျှင် နေတစ်မွန်းတည့်စာ အဆာခံနိုင်ကြပြီ။
"မထူး..... နွားကျောင်းမထွက်ခင် နရေကလေးဖြည့်ခဲ့ဦး....မြစ်ထဲရေကူးမနေနဲ့နော်..... လက်ပံချောင် ဘက် မသွားနဲ့ ကမ်းပါးချောက်ကြီးနက်သယ်... နွားတွေဖောင်းကားကုန်းဘက် လွှတ်မြက်တွေပေါသယ်... ဂဘလိပ် မရောက်စေနဲ့" မှာလို့သာမှာတာပါ။ မြစ်ကမ်းပါးတစ်လျှောက်က မြက်စိုကွင်းကို နွားတွေ ကြိုက်သည်။ တစ်ပြန့်ကြီး စားနိုင်ကြသည်။ ဂဘထိပ်ဆိုတာက မြစ်ကမ်းပါးထိပ်ကိုပြောတာပါ။
တစ်ခါတစ်ရံ မြစ်ကမ်းပါး ဘက်ရောက်ကြတာကို ဂရုစိုက်ကြရပါသည်။ ကျွန်မတို့က မြစ်ရေထဲ ကူးခတ်ကြရင်း နွားကျောင်းရတာကို ပိုပျော်ပါသည်။ နွားတွေကလည်း မြက်စိုမြက်စိမ်း စားကြရ၊ ကျွန်မ တို့ ကလေးတွေကလည်း ရေကူးရေဆော့ကြရ။ ဟိုတုန်းဟိုအခါကတော့ ရွာ့နောက်ကျောထွက် လိုက်သည် နှင့် မြစ်ကိုလက်နှင့်ပုတ်နိုင်ပါပြီ။ ကျွန်မတို့ရွာ တွေမှာ မြစ်ကမ်းပါးရယ်လို့ သမန်းတော၊ ကိုင်းတော ထူထူကြီးတွေမရှိ။
ရွာမြေနှင့် မြစ်ကမ်းပါး က တိုးလျှိုပေါက်ဆိုတော့ ရေကြီးခါအလျောက်၊ ရေငယ်ခါဆိုတော့ ရေငယ်ခါ အလျောက် ရေပြည့်မြစ်၊ စည်းတိမ်သောင်ပါးကြားက စီးဆင်းနေသောမြစ်၊ ရေနီကြမ်းတွေ လှိုင်းထ နေသောမြစ်၊ တောင်လေက အကြေးလှန်သည့်မြစ်... ဧရာဝတီကို နွေနွေ မိုးမိုး ဆောင်းဆောင်း မမြင်ချငို့မရပါ။ မထီတွေ့ချင်လို့မရပါ။ ရှောင်လွှဲချင်လို့မဖြစ်ပါ။ ဧရာဝတီမြစ်ကို ခရီးသွားဟန်လွှဲ မြင်ရတာမျိုး မဟုတ်။ သိုးကနဲ၊ သန့်ကနဲလှမ်းမြင်ရတာမျိုးမဟုတ်။ မိုးလင်းကမိုးချုပ် မြစ်နှင့်အတူနေ၊ မြစ်ဘေးမှာ အိပ်၊ မြစ်ရေသောက်ကြသူတွေချည်းဖြစ်၏။
ပြောစကား တွေထဲမှာ "တို့ဖြင့် တစ်သက်လုံးမြစ်ကို မအေလုပ် နေကြသာပါအေ" ဆိုသည့်စကား ပါလေ့ရှိကြတာ သာကြည့်တော့..."
(၃)
ကျွန်မ ရေးခဲ့လှပါပြီ။ ကျွန်တို့ရွာ ဥဒယသည် ဧရာဝတီမြစ်ကို မေးတင်ထားသော ရွာကလေးဖြစ်ပါ၏။ ကျွန်မတို့ ရွာ၏ မြောက်ဘက် နှစ်ရွာကျော်မှာ ဥမ္မာဒန္တီပျို့ကို ရေးခဲ့သော ဆရာပပရွှန်းအပိုင်စားခဲ့သည့် ဆီမီးခုံရွာ ရှိသည်။ တောင်ဘက်နှစ်ရွာကျော်မှာတော့ ပထမ အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲမှာ စစ်ပြေငြိမ်းရေး စာချုပ်ချုပ်ဆိုခဲ့သည့် ရန္တပိုရွာရှိသည်။ မြစ်အနောက်ဘက်ကမ်း ကျွန်မတို့ရွာနှင့် မျက်နှာချင်းဆိုင် မှာတော့ ကုန်းဘောင်ခေတ်က ရွှေပြည်ဝန်လို့ ထင်ရှားကျော်စောခဲ့သော မြန်မာပညာရှိ သုခမိန် ယောမင်းကြီးဦးဘိုးလှိုင်၏ ဇာတိရေပုလဲ (ရွာပုလဲ) ရွာရှိသည်။ သမိုင်းဝင်ထင်ရှားခဲ့သော ထိုရွာသုံးရွာ ၏ ဖိုခုံလောက်ဆိုင် အလယ်တွင် ကျွန်မတို့ရွာကလေးကတော့ ရွာ့ဇနပုဒ်ကလေးမျှသာရှိပါ၏။ အဖေ က "တို့ရွာက သမိုင်းမကြီးပေသိ ဂိုဏးကြီးသယ် သမီးရဲ့"လို့ ကျွန်မတို့တစ်တွေကို ပြောပြ တတ်သည်။ ဘိုးဘွားစဉ်ဆက် မြေသီးမြေနှံကိုစား မြစ်ရေကို သောက် ရိုးရိုးသားသားရှိခဲ့ကြတာကို ဆိုလို လေသလား။ ကျွန်မတို့ ရွာတွေကို ရှေးက လှေရွာခေါ်ကြတယ်။ လှေနှင့် တက်နှင့် မြစ်ရိုး၊ မြစ်မ ထိုထိုပေါက် ၀မ်းစာရှာခဲ့ကြသူတွေ များပါသည်။ ကျွန်မတို့ မျိုးဆက်မှာပင် ဧရာဝတီနှင့် ခွဲမရချင်ခဲ့။ မြစ်နှင့် အတူ ကြီးပြင်းခဲ့ရတာ မဟုတ်လား။
သည်စာကိုရေးရင်းနဲ့ ကျွန်မတို့ ရေချိုးခဲ့ကြသည့် ရေချိုးဆိပ်ကို သတိရမိပါသည်။
ကျွန်မတို့ရွာ ရေဆိပ်သည် ညနေတိုင်လျှင် ဘုရားပွဲကျောင်းပွဲတမျှ စည်ကားနေတတ် ပါသည်။ လုပ်ခင်း၊ ကိုင်ခင်းပြန်တွေ သည်အချိန်ကျမှ ရေခပ်ကြ၊ ရေချိုးကြ။ လျှော်ကြဖွက်ကြရတာ မဟုတ်လား။ မြစ်ဆိပ်နှင့် ရွာကြားလမ်းကလေးမှာ လူတွေ ပုရွက်ကြောင်းလိုက်လို့၊ အော်ကြ၊ ဟစ်ကြ၊ ဆူကြညံကြ၊ မြစ်ဆိပ်မှာ ဆုံရသခိုက် အကြောင်း၊ နှမ်းအကြောင်း၊ ထန်းအကြောင်း၊ နတ်အကြောင်းတွေလည်းပါသည်။ မြစ်ဆိပ် သောင်းကျန်းနေကြသော ကျွန်မတို့ ကလေးတွေကို "စကားလုံး မပြောင်လိုက်တာတော်၊ သွား... တော်ရာ သွားဆော့ ချေကြ" လို့ ငေါက်ငန်းတတ် သေး၏။ ငေါက်ကာမှငေါက်ကရော မြစ်ထဲရောက်လို့ကတော့ ကျွန်မ တို့လည်း နှုတ်ခမ်းတွေပြာ၊ မျက်လုံးတွေနီ၊ လက်တွေပဲကြီးရေပွဖြစ်စေပြီး မြစ်ထဲကမတတ်ပြီ။ ရေကူးပြိုင်ကြ၊ ရေငုတ်ပြိုင်ကြ၊ ရေထဲငုတ်ပြီး တူတူပုန်းကြ၊ ရေထဲတင် စိန်ပြေးတမ်းကစား။ ၀ုန်းဒိုင်းကြဲ လို့။ တောထဲက နွားကျောင်းပြန် နွားရေတိုက်ရင်း မြစ်ထဲရောက်ကြတာဆိုတော့ မြစ်ရေကိုက်လှပြီ။
ဟေး....... တို့အိမ်က ကလေးတွေ မြစ်ထဲရှိကြသေးလားဟေ့ ..နွားကျောင်းပြန်ကတည်းက အိမ်ပြန် မရောက်ကြတာ.. ဆူလိုက်ငေါက်လိုက်ကြစမ်းပါဟေ့။
ချည်ရဲတုတ် (ချည်ရိုက်တုတ်) ဆိုတာ အ၀တ်လျှော်သည့်တုန်ကို ခေါ်ခြင်းဖြစ်၏။ ကျွန်မတို့ရွာတွေ မှာ ရက်ကန်းစင် တင်ရန် ချည်ခင်များကို ချည်စာနင်းရင်း တုတ်ဖြင့် ထုလေ့နှက်လေ့ရှိကြသည်။ အရိုက်နာလေ ချည်သားကောင်းလေဆိုတော့ သည်တုတ်ကြီးတွေနှင့် အားရပါးရ လွဲရိုက်ကြရသည်။ သည်တုတ်ကြီး တွေကို အ၀တ်လျှော်ဖွပ်သည့် နေရာသုံးတော့လည်း ချည်ရဲတုတ် ခေါ်ကြပါ၏။ သည်လို ဒေါ်ကြီး ဒေါ်လေး၊ အရီးလေး ဒွေးလေးတို့က ငေါက်ငန်းလွှတ် လို့သာ နွားတွေဆွဲပြီး အိမ်ပြန်ခဲ့ ရသော်လည်း မြစ်ဆိပ်က မခွာချင်သေး။ အပျိုတွေရေခပ်လမ်း ချောင်းကြ၊ ပိုးကြသူတွေကလည်း ဒုနဲ့ဒေး။
ဝါ၀င်ပြီဆိုလျှင် ကျွန်မရွာကို သတိရနေမိပါသည်။ ၀ါဆိုဦးကတည်း ရွာခြေရေစပ်စပ်ဝင်လေပြီ။ ရွာခြေ ၀ါးကြိမ်တောစပ်မှာ ရေတိုးငါးကလေးတွေ မြူးကြပြီ၊ ကျွန်မတို့ကလေးများအဖို့တော့ ၀ါးကြိမ်တော ခြံကြီးထဲ တိုးပြီး ငါးနုပ်ငါးသန်ဖမ်းကြခြင်းသည်လည်း ကစားနည်းတစ်မျိုးဖြစ်ပါသည်။ ကျွန်မကတော့ ကြီးတော် ချုပ်ပေးထားသော စပ်ထမီကို တိုတိုပါအောင်ဝတ်ပြီး ငါးမီးဖုတ်ချိုချို ကို သားရေစာအဖြစ် စား ကြသည်။
မြစ်ရေတိုးပြီဆိုလျှင် ရွာထဲကို အရင်မ၀င်သေးဘဲ ရွာ့တောင်ဖျားချောင်းပေါက်ကပန်းကာရွာ အရှေ့ကို ရေ၀ိုင်းသည်။ ပြီးတော့ ရွာ့မြောက်ဖျား ဘုန်းကြီး ကျောင်းနှစ်ကျောင်းကြား လမ်းနိမ့်ကို ခေါင်းထိုး စီးဝင်လေ့ ရှိပါသည်။ သည်အချိန်မှာ ကျွန်မတို့တစ်တွေ၏ ရေချိုးဆိပ်သည်လည်း ရွာ့မြောက်ဖျား ပြောင်းကြရပြီ။ ကျွန်မတို့ကလေးတွေကတော့ ဘုန်းကြီးကျောင်းနှစ်ကျောင်းကြားက ရေ၀င်ချိုင့်ကျင်း တွေလို ဖြစ်နေသော ရေစီးမြောင်းပက်လက်ထဲ နွားစာကျင်းတိုတွေ စီးကြပြီ။ ရေဆန်ကို တွန်းသွား လိုက်ကြ၊ ရေစုန် ကို ပြန်မျှောချလာလိုက်ကြ၊ သောသောညံလို့။ ဆူလွန်းမက ဆူလာလျှင်တော့ ဆရာတော် က ကျောင်းဝ ထွက်ပြီး ကြိမ်လုံးပြကာ လူစုခွဲရလေ့ရှိပါ၏။
မြစ်ရေတွေရွာထဲ ကမ်းပြည့်ကမ်းလျှံ ၀င်ပြီဆိုလျှင်တော့ တစ်ရွာလုံးရေဖုံးပြီ။ သည်အချိန်မှာ မြေပြင်ရယ် လို့ မြင်ရချင်လို့ မမြင်ရတော့။ ကြည့်လေရာရာ ရေတွေ... ရေတွေ။ မြစ်ရေနှင့် ရွာရေ တစ်ဆက်တည်းဖြစ်ရပါပြီ။ တစ်ပြင်တည်းဖြစ်ရပါပြီ။ ဒါကို အမေတို့က ရွာရေစတုတ်တိုက်ပြီ လို့ သုံးတာမှတ်မိပါ၏။ အိမ်အောက်ထပ်တွေ လူနေလို့မဖြစ်တော့ အိမ်အပေါ်ထပ် တက်နေကြရသည်။ မီးဖို လည်း အိမ်ပေါ်၊ လူနေလည်းအိမ်ပေါ်၊ စားလည်းအိမ်ပေါ်၊ အိပ်လည်း အိမ်ပေါ်။ ကျွန်မတို့၏ ရေချိုးဆိပ်လည်း အိမ်ပေါ်ဖြစ်ကြရပြီ။ အိမ်ရှေ့ကပြင်ပေါ်ကနေ ၀ုန်းကနဲခုန်ချလိုက်ကြ၊ ပြန်တက် လိုက်ကြ၊ လူကြီးတွေရှေ့မှာ သိပ်မကဲဝံ့ကြတော့ အိမ်နားသီမနေကြပဲ ရောက်လေရာရာ လက်ပစ်ကူး သွားကြရင်း ဆော့ကြသည်။ လှေလှော်ပြိုင်ကြ၊ ရေကူးပြိုင်ကြ၊ ဒါကလည်း လှေရွာက ကလေးတွေအဖို့ ကစားနည်း တစ်မျိုးပင်။ မြစ်နား ကမ်းနားကြီး ကြရသူတွေမို့လားမသိ။ ရေမကြောက်တတ်ကြသလို ရေကြောင့် ဒုက!္ခ! ရောက်ကြရပါတယ်လို့ လည်းမရှိ။
ရေကြီးချိန်မှာ လူကြီးတွေလည်း တစ်အိမ့်တစ်အိမ် လက်ပစ်ကူးသွားကြရုံကလွဲလို့ တစ်ခြားနည်းမရှိ။ လှေဆိုတာက အိမ်တိုင်းအိမ်တိုင်းရှိတာမဟုတ်။ နွားစစာကျင်းကို ကလေးတွေကတော့ ရေ၀င်ခါမှာ အားရသည် မရှိ။ တစ်ရွာလုံး ရေထဲမှာဆိုတော့ တစ်အိမ့်တစ်အိမ် အိမ်လည်ချင်လျှင် ရေချိုးရင်း လည် ရသည်။ အိမ်တိုင်းနွားတင်းကုပ်တွေကို မြှင့်ဆောက်ထား တတ်ကြသော်လည်း တစ်ချို့ ရေတိုးကြမ်းသည့်နှစ်တွေမှာ နွားတင်းကုပ်တွေလည်းမြုပ်၊ လူနေအိမ်တွေလည်းမြုပ်သည့် နှစ်တွေ ကြုံရ ဖူးသည်။ နွားတွေကို ရေ၀င်လွတ်ရာ အရှေ့ကြည်းတော ရွာတွေဘက်သွားပို့ကြရသည်။ြ

ကည်းတောရွာ တွေကို တိုးရေမရောက်တော့ ရေခြောက်မိုးခြောက် ထားနိုင်သည်။ ရေမခြောက်မချင်း နွားတွေပြန်လာလို့ မဖြစ်တော့ တစ်ချို့များကြည်းတောရွာတွေမှာ တစ်လလောက် ကြာတာမျိုးပင် ရှိကြသည်။ ရွာက နိမ့်ပါးသူများ ခမျာ နီးစပ်ရာအိမ်မြင့်ကိုခို၊ တစ်ချို့နှစ်တွေ့မှာ သစ်ပင်ကြီးတွေပေါ် လင့်စင်ထိုးကာ နေရတာမျိုးပင်ရှိခဲ့ဖူးပါ၏။ သည်တော့ရေနစ်လို့ မသေမြွေကိုက်လို့ တိမ်းပါးကြရသူများ ရှိခဲ့ဖူး သည်။ ရေကျပြီိဆိုလျှင်တော့ တစ်ရွာလုံးရွံ့နှစ်ရည်များဖြင့်ညှီကျန်ရစ်တော့သည်။ရေကြည်ရာ အထက်ဖက် ကုန်းမာမာ ဆီပြေးပြီး ရေခပ်ကြရ၊ ရေချိုးကြရပြီ။
ရေကျပြီဆိုသည်နှင့် အဝေးရောက်နေသူလူတွေ၊ နွားတွေ ရွာပြန်ကပ်ကြရပါပြီ။ ရွာလယ်လမ်းကတော့ မြေမာလမ်း ဆိုတော့ လျှောက်လိုရပါပြီ။ သစ်ပင်တွေမှာ တွယ်ကပ်နေကြသည့် မြွေတွေကို နှင်ရ ခြောက်ရ သည်။ မြစ်ရေကတိုက်လာသော နုန်းမြေတွေက သဘာဝ မြေဆီမြေနှစ်ဖြစ်ရပြီ။ မြစ်လုံးလည်းပေါ်ပြီ။ ရွာမြေလည်း ပေါ်ပြီ။
သည်ရက်ထဲ ကတောရွာ စာပေဟောပြောပွဲကအပြန် ကျွန်မညီမ၀မ်းကွဲတစ်ယောက် မန္တလေးကို လိုက်လာ ခဲ့သည်။ ညဘက်ရွာကြောင်းရပ်ကြောင်းတွေ ပြောဖြစ်ကြပါသည်။ မြစ်ရေ မ၀င်တာ နှစ်တွေကြာပြီ ဆိုတော့ သစ်ခင်းတွေမှာ မြေဆီသြဇာ ညံ့ကုန်ပြီဆိုပါ၏။ နွားစာကျက်တွေပျောက်၊ နွားစာရှားတာ တွေလည်း ကြားရသည်။ မြေက သဲဆန်လာလို့ သစ်ဥတွေ၊ ဖျင်းကုန်တာလည်းပါသည်။ အဆိုးဆုံး က ရေလိုချိန်မှာ ရေမရှိခြင်းဖြစ်၏။ တတ်နိုင်သူတွေက ရေစုတ်စက်တွေထောင်က အခင်းထဲ ရေသွင်းနိုင်သော်လည်း မသောင်သာသူ တွေအဖို့ရာတော့ ဂဏန်းလက်ကြိုးဖြစ်ကြရုံသာ။
"မြစ်ကလည်း မမထူးနှယ်... အနောက်ဖက် ဆုတ်သွားသာများ ကလေးချင်းမတည့်ကျလို့ ပေစုတ်စုတ် ရှောင်ဖယ်ဖယ် လုပ်နေသလိုပါတော်... သောင်ပြင်ကြီးဆိုသာ တစ်ပြန့်ကြီး... ရွာနဲ့မြစ်မနဲ့ ဝေးသွားတော့ မြစ်ရေ တစ်အိုး ရဖို့ သောနုတ္တိုမုဆိုး ဆန္ဒဆင်မင်းရှိတဲ့ တောထဲသွားရသလောက်ကြာသယ် အောက်မေ့ သာပဲ... အနောက်ဖက် စိုင်းသွားချက်တော့... တစ်သပ်ကြီး...
ကျွန်မ ညီမ ပြောနေချိန်မှာ ကျွန်မတို့ငယ်ငယ်က ရေချိုးဆိပ်ကို မြင်ယောင်နေမိပါသည်။ အခင်းက အပြန် ရေချိုးကြသူတွေ၊ နွားရေတိုက်ကြသူတွေ၊ ကလေး တရုန်းရုန်း၊ ခွေးတရုန်းရုန်း ဘယ်မှာရှိနိုင်ပါတော့မလဲ။ တစ်သက်လုံး က လှည့်မကြည့်ခဲ့ကြသော စက်တွင်း ကရေကို အားကိုးကြရပြီ။ ကျွန်မတို့ဘကြီး ဘိုးတိုက်ကြည် လှူခဲ့သော ရေတွင်းကလည်း ရေဆွံ့ချင်ချင်တဲ့။
"သောက်ပါလေ့... ချိုးပါလေ့...မြစ်ဆိပ်များငရုတ်တစ်လှမ်း ခရမ်းတစ်ခုန်ရှိသာပါ...မြစ်က ထွက် မပြေး ပါဘူး..."
ကြီးတော်တို့ ပြောခဲ့တဲ့စကားတွေ...။ အခုတော့ ပြေးပါပကော ကြီးတော်ရ့...။ ကျွန်မ ညီမ ပြောပုံဖြင့် မြစ်ကရွာ နှင့် လှမ်းလှမ်းကစီးသတဲ့။ ပင့်လို့ ဖိတ်လို့သာ ရကြေးဆိုလျှင် ဧရာဝတီ မြစ်ကြီးရယ်...။ကျွန်မတို့ ရွာနဘေး ကပ်ပြီး စီးတော်မူပါ။ မြေဆီသြဇာ နှစ်စဉ်ချတော်မူပါလို့ လျှောက်လိုက်စမ်းချင်သေးသည်။ သို့ပေသိ ဧရာဝတီ မှာလည်း သူ့ဝေဒနာနှင့် သူမဟုတ်လား။ သူ့ဒုက္ခနှင့်သူမဟုတ်လား။
ကျွန်မ ကတော့ ငယ်ငယ်တုန်းက ရွာခြေရေချိုးဆိပ် ကို လွမ်းနေမိပါ၏။
ပိတောက်ပွင့်သစ်
ဇန်နဝါရီ 2012
.

No comments:
Post a Comment