Monday, February 13, 2012

မောင်တင်ဆင့် ၏ ရထားပေါ်က ကင်ဆာတစ္ဆေ, အပိုင်း (၁၁)

(ကိုဝင်းမောင် မှာ အသားဖြူဖြူ၊ အရပ်မနိမ့်မမြင့်၊ စကားပြောလျှင် မွန်သံ အတော်ဝဲသည်။ သူ့ နှမ ကတော့ အသားညိုညို၊ အသက် ၃၉ နှစ် ဆိုပေမယ့် လျော့မတွက်နှင့်။ ကလေး ၉ ယောက် မွေးဖွားပြီး ဖြစ်သည်ဟု ဆိုသည်။ ကိုဝင်းမောင် က ရေးမြို့မှာနေပြီး ဇနီးက ကလေးအငယ်နှင့်မို့ ခေါ်မလာနိုင်။ သို့နှင့် ဘီလူးကျွန်း ချောင်းဆုံမြိုကနယ် ကမာမို ကျေးရွာမှာနေသော နှမဖြစ်သူ ငွေရှင် ကို လှမ်းခေါ်ပြီး အကူအညီ တောင်းခေါ်လာခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။ သူတို့လည်း ကျွန်တော်တို့လိုပင် အဆောင် ရောက် မှ စဝ်စံထွန်းဈေးက ထမင်းပေါင်းအိုးဝယ်၊ ဒယ်အိုးဝယ် နှင့် လုပ်ရသည်။) ကို ဆက်ဖတ်ရန်....


သူတို့မောင်နှမက ရယ်ရသည်။ ရောက်စရက်မှာ သူတကာတွေချမ်းလို့ အဆောင်အခန်းထဲဝင် အနွေးထည် အထပ်ထပ်၊ စောင်၊ ဂွမ်းကပ်အထပ်ထပ်ခြုံပြီး ကွေးနေစဉ် တစ်ညတော့ သူတို့မောင်နှမ အင်္ကျီလက်ပြတ် နှင့် မွန်လိုပြောလိုက် ရယ်မောလိုက်လုပ်နေတာ ည ၁၀ နာရီကျော်၏။ ကျွန်တော့်မှာ တယ် သတ္တိကောင်းပါလားဟု ချီးကျူးလို့ မဆုံးသေး သူ့နှမ မငွေရှင် အအေးပတ်ကာ ချောင်းဆိုး အဖျားဝင် သဖြင့် ဆေးခန်းသွားဆေးထိုးလိုက်ရ၏။ နောက်ရက်မှာ အနွေးထည်တွေ ဝယ်လိုက်ကြရသည်။

နောက်တစ်ခုက ကိုဝင်းမောင်မှာ ငွေးကြေးပြည်စုံသော်လည်း အစားအစာကို အတော်ချွေတာ၏။ ပထမရက် တွေမှာ အသီးအရွက်တွေပဲ ကြော်စားနေ၏။ ကျွန်တော်က ကျီစယ်သည့် အနေနှင့် "ဟဲ့.... နင်တို့ အဟာရဖြစ်မယ့် အသားလေး ဘာလေးဝယ်ချက်ပြီး ကိုဝင်းမောင်ကို ကျွေးနော်။ ဒါမှ ဒဏ်ခံနိုင်မှာ (ထိုရက်များက ကိုဝင်းမောင် ဆေးသွင်း၊ ဓာတ်ကင်နဲ့ သွေးစစ်၊ ဓာတ်မှန်ရိုက်လုပ်နေရဆဲ။ သူတို့က ဓာတ်မှန်ရိုက်ပြီး သွေးစစ်ပြီး ရန်ကုန်အထူးကု ဆေးခန်းကြီးတွေမှာ လုပ်ပြီးဟုဆိုပြီး ဆေးမှတ်တမ်း တွေ၊ ဓာတ်မှန်တွေ ဇနီးနှင့်ပါသွားရာ တယ်လီဖုန်းဆက် ပို့ပေးဖို့လှမ်းပြော။ အဆင်သင့် ပို့ပေးတော့ ဒီကျရက် တွေ ကွာဟနေသဖြင့် ဆရာဝန်က အသစ် ပြန်စစ်ပြန်ရိုက်။ တယ်လီဖုန်းဖိုးတင် လေးငါးထောင် ကုန်သွားသည်ဟု ဆိုသည်။ အဲသည်လို အတွေးခေါင်တတ်သူလည်း ဖြစ်သည်) ဟု ပြောရသည်။ 

ပြီးတော့ စချင်နောက်ချင်တာနှင့် "ဒီမှာ မွန်မလေးရဲ့။ နင့်အစ်ကို မိန်းမက ငယ်ငယ်လေးဆို၊ ကင်ဆာရောဂါ က ပြောလို့ မရဘူး၊ ကိုယ်သေသွားရင် နောက်ယောက်ျားက ကိုယ်ရှာထားတာတွေ ခံစားသွား ရမယ်နော်။ ဒါ စေတနာနဲ့ပြောတာ"ဟု ခပ်တည်တည်နှင့်ပြောလိုက်သည်။ ကျွန်တော့်ဇနီးရော ကိုလှထွန်း ဇနီး ကပါ သို့ကလိုမျိုး ဝိုင်းပြောကြ၏။ မွန်မက သူ့အစ်ကိုကို ထိုအတိုင်းပြန်ပြောသည်ဆို၏။ "အစ်ကိုနော် ... သိပ်ကပ်စေးနှဲမနေနဲ့၊ အစ်ကိုသေရင် အစ်ကို့မိန်းမနောက်ယောက်ျားက အစ်ကို ရှာထားတာတွေ နဲ့ ကောင်းစားနေမှာ"ဟု။

သည်နောက်ပိုင်း ကိုဝင်းမောင်က သူ့နှမကို ငွေသုံးသိန်းအပ်ပြီးငါ့နှမ ချက်ချင်းတာချက်၊ ဝယ်ချင်တာ ဝယ် ဟု ဆိုသတဲ့။ ကျွန်တော်တို့မှာ ပြောပြောပြီးရယ်နေကြရပါသည်။ စိတ်ညစ်ညူးဖွယ်ရာထဲက ရယ်စရာ ပြုံးစရာကလေးတွေရှာကြရတာဖြစ်သည်။
ကိုဝင်းမောင်နှင့် ရင်းနှီးလာတော့ သူ့အပြောအရ သူက နှာခေါင်းတွင် ကင်ဆာနာဖြစ်တာဟု ဆိုသည်။ တကယ်က ပါးစောင်မှာဖြစ်တာကို မာကင်ပေးမှ သိရသည်။ အသက်ရှူမဝတာက စတင်သည်တဲ့။ နောက်တော့ မေးရိုး တစ်ဖက်ခြမ်းနှင့် နားများထိ ကိုက်ခဲလာခဲ့သည်။ သို့နှင့် ဆရာဝန်ပြ၊ မြန်မာ့ဆေးဆရာ လည်း ပြခဲ့သည်။ သည်လို တောမြို့မှာ လျှောက်ကုနေစဉ် မျက်လုံးတစ်ဖက် စောင်းရွေ့ သွားပြီး ယခုဝါးတားတား ဖြစ်နေပြီဟု ဆိုသည်။ သူ့မြို့က ဆရာဝန်မိတ်ဆွေက ကင်ဆာဖြစ်နိုင်ကြောင်း၊ ရန်ကုန်မြို့ တက်ပြီး အထူးကုဆရာဝန်တွေနှင့် ပြသသင့်ကြောင်း သူ့ကို အတင်းကို တိုက်တွန်း ခဲ့သည်ဟုဆိုသည်။

သို့နှင့် သူ ရန်ကုန်တက်လာ၊ ဗဟန်းရှိ မွန်ဘုန်းကြီးကျောင်းမှာ တည်ခိုပြီး အာရှတော်ဝင်၊ အက်စ်အက်စ်စီ နှာခေါင်း၊လည်ချောင်း ဆေးရုံရောက်၊ နှာခေါင်းမှ အသားစ(ဘိုင်အိုစီ) ဓာတ်ခွဲကြည့်တော့မှ ကင်ဆာ။
ကင်ဆာမှန်း သိပြီ။ သိုကတိုင် သူ ဆက်မကုသေး။ မြိုကလေးကို ပြန်သွား၏။ သူက ဓာတ်ရောက်ခြည် ကင်လျှင် ကုမရတော့ဘဲ သေမည်ဟု အရပ်စကားတွေကို အရိုးစွဲနေခဲ့သူ။ ဒါတောင် ကိုဝင်းမောင်က ထိုင်း၊ မလေးရှားတို့မှာ နှစ်ချီ၍ အလုပ်သွားလုပ်ခဲ့သူ။ ထိုင်းမှာ ဆောက်လုပ်ရေး ဆပ်ကန်ထရိုက်တာပင် လုပ်ခဲ့သူ။ ထိုင်းစကားမွတ်နေအောင်တတ်သူ။ သို့နှင့် ငွေးကြေးအတန်အသင့် စုဆောင်းမိပြီး ရေးနယ်မှာ ရာဘာစိုက်ခင်း လုပ်ငန်း လုပ်နေသူ သူဌေးလေး။ ရေးမြို့ရှိ သူ့ရွာက ရွာသူကြီကို တိုင်ပင်တော့ ဓာတ်သွား မကင်နဲ့။

ဓာတ်ကင်ရင် သေမှာပဲဟုပြောသတဲ့။(ဒါကြောင်လားမသိ။ သူပထမဆုံး ဓာတ်ရောင်ခြည်ဆေးကုဌာန (ဆေးရုံ)ကို ရောက်တော ရောင်ခြည်ခန်းက ဓာတ်ရောင်ခြည်ကင်ပြီး ထွက်လာသော ကိုလှထွန်း လက်မောင်း တွေ ပုခုံးတွေကို ကိုင်စမ်းကြည့်ပြီး "ပူသလား"ဟုမေးတော့ ကျွန်တော်တို့မှာ သူ့ကိုကြည့်ပြီး ရယ်ခဲ့ ရသေးသည်။ သူ့က ဓာတ်ကင်တယ်ဆိုတာ မီးပေါ် ဒယ်အိုးတင်သလို၊ ဂက်စ်ဝရိန် ဆော်သလို မီးနှင့်ထိုး ကင်သလို ဟု ထင်မြင်နေပုံရပါသည်.
သူ့မြို့က အထွေထွေရောဂါကု ဆရာဝန်လေးကတော့ ဓာတ်ရောင်ခြည်ကင်ခြင်း၊ ဆေးသွင်းကုသခြင်း ကုထုံး မှာ ကင်ဆာရောဂါအတွက် တစ်ကမ္ဘာလုံး ကုသနေကြတာ။ ကင်ဆာရောဂါဖြစ်လျှင် လောလောဆယ် ထိုကုထုံးမှလွဲ ၍ ဘာမှ မရှိသေးကြောင်း။ ဆေးစားရုံနှင့် ပျောက်ကင်းနိုင်သည့် သောက်ဆေး ပေါ်ထွက်ခဲ့ပြီဟု ဆိုသော်လည်း ဈေးသိပ်ကြီး၍ ဖွံ့ဖြိုးဆဲနိုင်ငံများ မသုံးစွဲနိုင်သေးကြောင်း ရှင်ပြသည် ဟု ဆိုသည်။

"ကိုဝင်းမောင် အမြန်ဆုံးကုဖို့လိုတယ်။ ရန်ကုန်သာ ပြေးပေတော့"
သို့တိုင် အာရှိတော်ဝင် မှာ ပြသနေစဉ် သူတည်းခိုနေရာ ဘုန်းကြီးကျောင်းသို့ မြန်မာပျောက်စေဆရာ ရောက်လာပြီး လိပ်ခေါင်း၊ အဖုအကျိတ်၊ ကင်ဆာရောဂါတွေက်ု လုံးဝပျောက်ကင်းအောင် ကုနိုင်ကြောင်း။ မပျောက်လျှင် တစ်ပြားမှ ပေးစရာမလိုကြောင်း။ ထိုဆရာဆိုသူနှင့် ရင်သားကင်ဆာအမြစ်ဆိုတာများ (ဖန်ဗူးထဲ ထည့်ထားတာ) ပြသပါသတဲ့။ သည်လိုသက်သေနဲ့ လက်တွေ့ပြတော့ သူ ယုံကြည်သွားသတဲ့။ ဒါနှင့်သူက ထိုဆရာကို မေးသတဲ့။

သူ့နှာခေါင်းက ကင်ဆာ ပျောက်နိုင်မလားမေးတော့ ပျောက်မယ်တဲ့။ ပျောက်လျှင် ၅သိန် ပေးရမည် ဖြစ်ကြောင်း။ မပျောက်လျှင် ပေးစရာမလိုကြောင်း။ ရဲရဲကြီးအာမခံ ပြောသည်ဟု ဆိုသည်။ သို့နှင့် ထိုဆရာဆေးခန်းရှိရာ ထိုဆရာအိမ်ရှိရာ မှော်ဘီသို့ လိုက်သွားသည်။ သူ့ဇနီးနှင့် (၂)နှစ်ခန့် ကလေးငယ်လည်း ပါသည်။ ထိုဆရာခြံဝင်းထဲက အိမ်မှာ အခန်းပေးထားသည်။ စားရေး သောက်ရေး ပါ တာဝန်ယူ၏။ ထိုအိမ်ဆေးခန်းမှာ လိပ်ခေါင်းရောဂါ လာရောက်ကုသနေသော လူနာတစ်ယောက်လည်း တွေ့မိသည် ဟု ဆိုသည်။

သို့နှင့် ကင်ဆာဖြစ်နေသည်ဆိုသော နှာခေါင်းဝန်းကျင်ကို ဆေးလိမ်းကုသသတဲ့။ သို့တိုင် ပါးစောင်၊ နားနှင့် နှာခေါင်း နာကျင်တာ၊ အသက်ရှူမဝတာ ပျောက်သွားခြင်းမရှိ။ တစ်ပတ်ခန့်ကြာတော့ ဆရာက နှာခေါင်း ထဲ ဇာဂနာနှင့် ထိုးကော်လေ၏။ နာလိုက်တာ ဦးလေးရာ။ ပြီးတော့ အမြစ်ဆိုပြီး နှာချေးဖတ်တွေ ကျွန်တော့် ကိုပြတယ်ဗျာ။ သူက ဒါ အမြစ်မဟုတ်ကြောင်း၊ ကင်ဆာအမြစ်ကို ထုတ်ပြမယ်လို့ ဆရာ ပြောခဲ့ကြောင်း၊ ဒါက နှပ်ချေးဖတ်တွေသာဖြစ်ကြောင်း၊ဘုန်းကြီးကျောင်းမှာ ပြတဲ့ အမြစ်မျိုး တွေ့ချင်ကြောင်း၊ ပြောတော့ ဆရာက ဟိုမှာ ပြတာက ရင်သားကင်ဆာဖြစ်ကြောင်း၊ ဒါကြောင့် အမြစ် က ကြီးတာဖြစ်ကြောင်း။

နှာခေါင်းက ဒါလောက်ပဲ အမြစ်ရနိုင်ကြောင်း ပြော၏။ ဒီဆေးဆရာ လူညာလို့ ကျွန်တော်သိသွားတယ်။ မယုံတော့ဘူး။ ဒါနဲ့ ပြန်ဖို့ပြင်ဆင်ရော မိန်မကကြောက်တယ်။ ပိုက်ဆံပေးဖို့ပြောတယ်။ ကျွန်တော်က ရောဂါမှ မပျောက်တာ ပေးစရာမလိုဘူးပေါ့။ သို့တိုင် ကိုယ့်ရပ်ရွာမဟုတ်သဖြင့် ဇနီးမှာ ပြဿနာရှာလျှင် ကလေး နှင့် ဒုက္ခရောက်မှာ ကြောက်ရွဲ့နေသည်။ သူ့ကို ဆရာပြောထားသောငွေ ၅ သိန်းပေးလိုက်ဖို့ အတင်း ကို ပြောနေ၏။ သို့နှင့် သူက ဇနီးကိုလိုက်ရောပြီး ၅သိန်းအစား တဝက်သာပေးဖို့ခွင့်ပြုလိုက်၏။ သို့တိုင် ဇနီးက သူမသိဘဲ ပြဿနာတက်မှာကြောက်ပြီး ၅ သောင်းသာ နုတ်ထားကာ ဆရာကို ၄ သိန်းခွဲ ပေးလိုက်၏။ ရန်ကုန်ပြန်ရောက်မှ ငါးသောင်းသာ နုတ်ထားကြောင်းသူသိတာ။ မိန်းမကို ဒေါသ ဖြစ်မိကြောင်း ကျွန်တော့်ကို ပြောပြသည်။
ထိုမြန်မာဆေးဆရာ၏ အမည်နှင့် လိပ်စာကို ကျွန်တော်က ကိုဝင်းမောင်ကို မေးတော့ သူက အပေါစား လိပ်စာကဒ် လေးတစ်ခု ထုတ်ပြပါသည်။ လိစာကဒ်က်ု ကျွန်တော် ဖတ်ကြည့်လိုက်သောအခါ ကျွန်တော် ကိုယ်တိုင် ထိုဆရာဆီမှာ သွားရောက်ကုသချင်စိတ် ပေါက်သွားအောင် ယုံ ကြည်ချင်စိတ် ပေါက်သွား ပါသည်။ ရေးထားတာ ဖတ်ကြည့်ပါ။

    မြန်မာနိုင်ငံ အဘိဓမ္မာ ဒေသနာနယ ဆေးပညာရှင်များ
    အဖွဲ့ချုပ်-အဖွဲ့ဝင်
    သမားတော်ဦး-----(ဒ.ဆ....)
    လိပ်ခေါင်း၊ ဂရင်ဂျီနာ၊ နို့နာ၊ ကင်ဆာ
    အထုကုဆေးခန်း

လိပ်စာအပြည့်အစုံ၊ တယ်လီဖုန်းနံပါတ်ပါသည်။ ကျွန်တော်ဖျားသွား၏။ ငွေကြေးဆုံးရှုံးတာ အကြောင်း မဟုတ်။ အချိန်မီကုသရမည့် ရောဂါမျိုး အချိန်တွေနှောင်းပြီး အသက်အန္တရာယ် ထိခိုက်မှာက ကာယကံရှင် ရောဂါသည်တွေအတွက် အများကြီးနှစ်နာသွားနိုင်သည်။
ကျွန်တော် လည်း ဓာတ်ရောင်ခြည်ကုသမှု ရက်စေ့မြောက်ပြီး ရန်ကုန်ပြန်ရန် နီးကပ်လာပါသည်။ ရောဂါဖြစ်နေစဉ် နှင့် ဓာတ်ရောင်ခြည်နှင့် ကုသနေစဉ် လူမှာ အတော်ကျသွားသည်။ သို့တိုင် ကျွန်တော့် မှာ ခံတွင်းသိပ်ပျက်ခြင်း မရှိသဖြင့် တဖြည်းဖြည်းပို၍ စားနိုင်လာ၏။

ကင်ဆာရောဂါမှာ ဖြစ်ပုံ တစ်ဦးနှင့်တစ်ဦးမတူပဲ ထွေပြားသလို ကုသမှုလည်း မတူကြပါ။ ကင်ဆာကုမှုမှာ ရှုပ်ထွေး ပွေလီပြီး ငွေကုန်ကြေးကျများပြားပါသည်။ ကင်ဆာရောဂါဖြစ်လျှင် စောစောသိ၊ မြန်မြန် ကုသတာ အကောင်းဆုံးနှင့် အသက်ချမ်သာရာ ရနိုင်ရာရသည်။ ကင်ဆာရောဂါ ပျောက်ကင်းစေနိုင်သော တိုင်းရင်းဆေး၊ နိုင်ငံခြားဆေးတွေ အမြောက်အများ ရှိသည်ဟုဆိုပါသည်။ တိုင်းရင်းဆေးဝါးအနေဖြင့် မြန်မာပြည် တွင် တစ်ပင်တိုင်မြနန်းဆေးမြစ် (ထိုမှထုတ်သောဆေး)မှာ နာမည်ကြီးပါသည်။ ပျောက်သည့် လူနာရှိချင် ရှိပါမည်။ ကျွန်တော်မဆုံဖူးပါ။ ခေတ်မီကုထုံးကတော့ ဓာတ်ရောင်ခြည်ကင်ခြင်းနှင့် ကီမိုသရဖီ (Chemotherapy) ခေါ် ဓာတုဆေးသွင်းခြင်း ရှိပါသည်။

ကျွန်တော်တောင်ကြီးမြို့ကို ဓာတ်ရောင်ခြည်ကင် ကုသမှုယူရန် သွားရောက်ခါနီး တစ်ရက်တွင် မိတ်ဆွေ စာရေးဆရာ ဆင်လှ(ကိုကျော်မင်း)တို့ အိမ်ကို ရောက်လာပြီး ငွေကြေးအချို့ထောက်ပ့ကာ သူမနေ့ကမှ အင်တာနက် က ထုတ်လာသော ကင်ဆာရောဂါအတွက် (ဆေးမြီးတို)ကုထုံး စာရွက်တစ်ခုပေးသည်။ အမှန်တော့ ဓာတ်စာသဘောမျိုးဖြစ်သည်။ ဂျပန်ပြည်မှာ တွေ့ရှိအသုံးပြုကာ သုတေသနလည်း လုပ်ထားပြီး အောင်မြင်သည်ဟုလည်းဆိုပါသည်။ ထိုဓာတ်စာမှာ"အားလူးစိမ်းဖျော်ရည်" ဖြစ်သည်။

From : အေကေအက်စ် ၁၉၇၄ <aks1974@gmail.com>
Date: 2010/8/14
Subject : ကင်ဆာ
ကင်ဆာရောဂါအတွက် "ထူးတဲ့အားလူ"

ယနေ့ဂျပန်နိုင်ငံမှာ ဓာတ်စာဖျော်ရည်တစ်မျိုး ခေတ်စာနေပါတယ်။ လူအများ စိတ်ဝင်စားလာတယ်။ စတင်ဖော်ထတ်ဆော်သြခဲ့သူကတော့ ဂျပန်(ဗုဒ္ဓဘာသာ) ဘုန်းတော်ကြီး အရှင်တိုမီဇာဝ ဖြစ်ပါတယ်။ ထင်ပေါ် ကျော်ကြား လာတဲ့ ဓာတ်စာဖျော်ရည်ကတော့ အာလူးစိမ်းဖျော်ရည်ပါပဲ။

ဂျပန်နိုင်ငံမှာ အားလူးစိမ်ဖျော်ရည်ကြောင့် ရောဂါသက်သာပျောက်ကင်းသွားရတဲ့ လူနာတွေ၊ လူနာရှင် တွေဆီက ကျေးဇူးတင်ကြောင်းစာတွေ ပလူပျံသလို ရောက်ရှိလာတာ အရှင်တိုမီဇာဝ လက်ခံရရှိပါတယ်။ ဆရာတော်က ဒီနှစ်ထဲမှာ ကင်ဆာလူနာ အများအမြားဟာ အာလူးစိမ်းဖျော်ရည်ဓာတ်စာကို မှီဝဲခဲ့ကြပြီး ပမာဏ တော်တော်များများဟာ သိသိသာသာ သက်သာသွားပြီး သေမင်းနှုတ်ခမ်းဝက ပြန်လာနိုင်ခဲ့ ပါတယ် လို့ ဖော်ပြထားပါတယ်။

အသုံးပြုပုံကတော့ အာလူးစိမ်း လတ်လတ်ဆတ် သုံးလုံး(ကွမ်းသီးလုံးသာသာ)ကို ရေစင်အောင်ဆေးပြီး (အခွံမနွှာရ) ထုထောင်းပါမယ်။ ပြီးမှ ပိတ်စိမ်းပါးနဲ့ထုပ်ပြီး အရည်ရအောင် ညှစ်ယူရမယ်။ အဲသည် အရည်ကို နေ့စဉ် တစ်ကြိမ်(သို့)နှစ်ကြိမ် သောက်ရတယ်။ သောက်လို့ အဆင်ပြေအောင် ပျားရည် အနည်းငယ် ရောက်သောက်နိုင်ပါတယ်။

သုတေသီ"တိုမီဇာဝ"က သူ့ရဲ့"ကင်ဆာရောဂါ ကြောက်စရာမလို၊ ကျန်းမာစေကြောင်း နည်းလမ်းကောင်း"(The way to healthy life; cancer not to be feared)ဆိုတဲ့ စာအုပ်ထဲမှာ ကင်ဆာရောဂါ ခွဲစိတ်ကုသည့်တိုင်အောင် လူနာရဲ့ အကြောက်တရားကြောင့် ကင်ဆာကလပ်စည်းတွေ ပျံ့နှံ့ ကုန်ရပါတယ်။ ဒါအပြင် ပြင်းထန်တဲ့ ကုထုံးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို လူနာက ခံစား ရပါသေးတယ်။ အကျိုးဆက်အနေနဲ့ လူနာဟာ ခံတွင်းပျက်ခြင်း၊ အားအင်ချည့်နဲ့လာခြင်းတို့ ဖြစ်တတ် ပါတယ်။ အားလူစိမ်းဓာတ်စာကို သောက်ခြင်းအားဖြင့် ဘေးထွက်ဆိုးကျိုးတွေ မခံစားရဘဲ လူနာဟာ တစ်နေ့ တခြား အားအင်ပြည်ဖြိုးလာတာ တွေ့ပါမယ်။ အာလူပင်ဟာ ပင်ကိုယ်က အဟာရပြည့်နေတဲ့ အစာတစ်ခု ဖြစ်တဲ့အတွက် အကျိုးမယုတ်ပါဘူး။ သူ့ကို မှန်မှန်မှီဝဲခြင်းအားဖြင့် ကင်ဆာကလပ်စည်းတွေ ပွားများခြင်း ကို ဟန့်တားစေပါတယ်လိုက ဖော်ပြထားပါတယ်။

နောက်တစ်ချက်က အာကိတတက္ကသိုလ် ဆေးသုတေသနဌာန ပါမောက္ခ"ကာဂါမိ" ကပြောကြားရာမှာ "ကင်ဆာကလပ်စည်း ကို ထိန်းချုပ်စေတဲ့ ဓာတ်ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီဆေးနဲ့ ကြွက်လေး တွေမှာ စမ်းသပ်ကြည့်တဲ့အခါ အလားအလာကောင်းမွန်ကြောင်း တွေ့ရပါတယ်။ သူဟာ သူ့ရဲ့ တွေ့ရှိချက် ကို စာတမ်းပြုစုပြီး မနှစ်က (၂၀၀၉ ခုနှစ်က) ဂျာမနီနိုင်ငံမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ကင်ဆာညီလာခံ က(International Cancer Saciety Conference)မှာ ဖတ်ကြာတင်သွင်းခဲ့ပါတယ်။

ကျွန်တော် အဲသည်စာတမ်းကို အင်တာနက် မေးလ်ထဲက ကူးယူထားတဲ့အတွက် အသေအချာကို ဖတ်ကြည့်ပြီး ယုံကြည်သွားပါသည်။ အာလူးစိမ်းဖျော်ရည်ဆိုတာက သစ်သီးဖျောရည် တစ်မျိုးမို့ လူကိုလည်း ဒုက္ခပေးနိုင်စရာ အကြောင်းမရှိလို့ ယူဆသည်။ သို့နှင့် တောင်ကြီးသို့ ဓာတ်ရောင်ခြည် ဆေးကုသမှု့ သွားသည့် ကာလတစ်လျှောက်ရော၊ ဒီကနေ့အထိ ကျွန်တော် အာလူးဖျော်ရည်ကို တစ်နေ့ နှစ်ကြိမ်သောက်သည်။ 

လွယ်ကူအောင် စက်နှင့်ဖျော်ကာ သောက်သည်။ ကျွန်တော် ဓာတ်ရောင်ခြည် ကင်သည့် ကာလတစ်လျှောက် ခံတွင်းပြန်ကောင်းလာတာ ဒီအာလူးဖျော်ရည်သောက်လို့များလား။ ကင်ဆာဆဲလ် တွေ ပွားတာကို ရပ်တန့်အောင် အာလူး က တကယ်ပဲ ကာကွယ်တာလား။ ကျွန်တော် ကတော့ ဆက်သောက် နေပါသေးသည်။ ကင်ဆာသမားများနှင့် တွေ့တိုင်း အာလူးဖျော်ရည် အာနိသင် ကို ပြောပြသည်။ တချို့ လက်ခံတာလည်ရှိ၊ လက်မခံမယုံကြည်တာလည်း ရှိသည်။

မတတ်နိုင်ပါ။ သဗ္ဗေသတ္တာ ကံမသက္ကာ မဟုတ်လား။ (၈၊ ၁၂၊ ၂၀၁၀) ရက်နေ့ မနက်ပိုင်းမှာ (၃၀) ရက်မြောက် ဓာတ်ကင်ပြီး ထိုညနေပိုင်း ၃ နာရီမှာ ကျွန်တော် "ရွှေတောင်ရိုး" အဝေးပြေးယာဉ်နှင့် ရန်ကုန် ကို အောင်မြင်စွာ ပြန်လည်ထွက်ခွာလာခဲ့သည်။ ယခု စာရေးနေချိန်တွင် ဓာတ်ကင်ရောင်ခြည် ကင်ပြီး ၂ လ ပြည့်မြောက်ခဲ့ပြီ။

ဆက်ရန်
.

1 comment:

Angelhlaing(May everybody be happy and healthy! said...

၂လဆိုတဲ့ ကာလနဲ့တင် အံသြဖို့ ကောင်းနေပြီ သိထားဖူးတဲ့ အချို့ အလွဲတွေလည်း အမှန်မြင်ရလို့ မမရေ ကျေးဇူးပါလို့..စောင့်မျှော်လျှက်..