Wednesday, February 8, 2012

ခင်ခင်ထူး ၏ ကျာကျူး အပိုင်း (၄)

မကျာကျူးဆိတ်မွေးတာအကြောင်းမဟုတ်ဘူးနော် အိမ်ရှေ့က ကျုပ်ပန်းပင်တွေ စားပစ်ကုန်ဦး မယ် ပြီးတော့ ကျုပ်တို့စာရေးမရအောင် တပဲပဲ အော်နေမှာလည်း ထိန်းပေးဦး ကြားလားကျာကျူး ပန်းပင် တွေတော့ မစားစေရပါဘူး ဆရာမကြီးရဲ့ အော်တာတော့ ကျွန်မလည်း မတတ်နိုင်ဘူး ဆိတ်က စကားမှ မတတ်တာ။

ကျွန်မတို့လည်း ပြတင်းပေါက်က ခွာလိုက်ရတယ်။ ဆိတ်က စကားမှမတတ်တာဆိုတာက လူစကား နားမလည်ဘူးလေ လို့ ဆိုလိုချင်တာမဟုတ်လား။ ကျာကျူးနဲ့ ဆိတ်နှစ်ကောင်ကို ကျွန်မတို့ မမြင်ရတော့ ပေမယ့် လူနဲ့ဆိတ်အအော်ချင်းပြိုင်နေကြတဲ့ အသံတွေကိုတော့ ပွက်လောကြီးရိုက်အောင် ကြားနေရလေ ရဲ့ ကျာကျူးအော်သံကအော်လေ တိမ်ဝင်လေ။ ကျာကျူးကအော်လေ ဆိတ်နှစ်ကောင် ကပိုအော်လေ ခက်ကောင်းခက်ရချည့် ကျာကျူးဘာလုပ်ဦးမှာလဲ စောင့်ကြည့်ဖို့ပဲ ရှိတော့တာမဟုတ် လား။မအေလာမှ အကျိုးအကြောင်းမေးရတော့မှာပဲ။ ကျွန်မအိမ်သားကတော့ စာချိုးလေးနဲ့ထအော် လိုက်သေးတာပါ။

    ဆိတ်နှစ်ကောင်ထနောင်းပင်ညီနောင် က လွမ်းအောင်အာပြဲ အိပ်မပျော် ဆိတ်နှစ်ဖော် သံပြိုင်ကျူးတယ် ပဲ...ဟဲဟဲဟဲ...
    သည့်နောက်တော့ကျာကျူးတစ်ယောက် ဆိတ်ကျောင်းထွက်တော့တာပါပဲ။ ဆိတ်နှစ်ကောင် လည်း ကျာကျူး နဲ့ ယဉ်ပါးနေပြီပေါ့ ကြိုးတစ်ချောင်းနဲ့ တရွှတ်သိုးသီမရှိတော့ပါဘူး။ ဆိတ်နှစ်ကောင်က ဟိုတိုးသည်တိုးနဲ့ မှီရာသစ်ပင်ပန်းပင် လှမ်းဟပ်တတ်တော့ ကျာကျူးကိုယ်တိုင် နောက်ကနေ တုတ်တစ်ချောင်း နဲ့ လိုက်ရတယ်။ ကျွန်မတို့ အိမ်ရှေ့မှာ ရတန်သရွှေ့သစ်ပင်ကလေးတွေ ပန်းပင်ကလေး တွေ စိုက်ထားတာရှိတော့ ကျာကျူးဆိတ်နှစ်ကောင်ဘေးက ကင်းဝေးအောင် ကိုယ်ကလည်း လှမ်းကြည့် နေရသေးတာပါ။ စားသွားလို့ ဆူရငေါက်ရရင်လည်း ဆူတာငေါက်တာအ ဖက်တင်ဖို့ရှိလေတော့  ကျာကျူး ဆိတ်နှစ်ကောင်ကိစ္စထဲ ကိုယ်ပါပါရတယ်။ အိမ်ရှေ့ကလွတ်ပါပြီဆိုမှ စိတ်အေးရတာပါ တစ်ခါတော့ ကျွန်မက ကျာကျူးကိုခေါ်ပြောရတယ်။

    ဟဲ့ ကျာကျူးရဲ့ ညည်းတို့ဘယ်ကဆိတ်တွေများ အခါတော်ကျပါလိမ့်အေး ဆိတ်မွေးတယ် ဆိုတာ လူနေအိမ်ခြေနဲ့ဝေးတဲ့နေရာ အစာရေစာ ပေါတဲ့နေရာ လွတ်လွတ်ကင်းကင်းနေရာမှာမွေးရတာ အခုတော့ ညည်းကြည့်ရတာ ပင်ပန်းလိုက်တာအေ"
    ကျာကျူးက ခပ်အေးအေးပါပဲ အလိုတော်သူက ဘယ့်နှယ့်ကြောင့်ဆိတ်ပြသာနာထဲ ဝင်ပါပါလိမ့်ဆိုတဲ့ မျက်နှာနဲ့ ကျွန်မကို ကြည့်တယ်။ မပင်ပန်းပါဘူး ဆရာမကြီးရဲ့ ဆိတ်နှစ်ကောင်က ကျွန်မနဲ့ခင်သွားတော့ ပြောစကား နားထောင်ကြပြီ နီတိုးရော နီတူးရာ အပြင်ထွက်မပြေးကြတော့ဘူး

    ကျာကျူးဆိတ်နှစ်ကောင်က နီတိုးနဲ့နီတူးတဲ့လား သည်နာမည်တွေ ဘယ်သူပေးတာလဲ ကျွန်မ ပေးတာလေ နှစ်ကောင်စလုံးက အနီရောင်ဆိုတော့ နီတွေပါတယ် နီတိုးကသူများအပင်တွေကို သိပ်တိုး တာ ဒါကြောင့် နီတိုးခေါ်တယ် နီတူးကျတော့ ဂျစ်တူးတူးမို့လို့ နီတူးခေါ်တယ်။
    နေပါဦး ကျာကျူးရဲ့ ငါမေးမယ် မေးမယ်နဲ့ ဘယ်ကဆိတ်တွေ ဘယ်လိုရလို့ ဘယ်လို မွေးဖြစ်သွားတာတုန်း အရင်ကမွေးဖူးလို့လား။ ကျာကျူးက သည်အကြောင်းပြောချင်ချင်ပါ ဆိတ်တွေ က ကျွန်မတို့ လမ်းတောင်ဘက်က စောင်ရန်တစ်လျောက် ပေါက်နေတဲ့ အပင်တွေကို ရသလောက် လှမှ်းဆွဲ လိုက် ဝါးလိုက်လုပ်နေကြလေရဲ့ ကျာကျူးက ဆိတ်တစ်ကောင် လမ်းကူးဖို့ ပြင်နေတာကို အနားရှိတဲ့ခဲနဲ့ လှမ်းထုတယ်။

သည်ဆိတ်နှစ်ကောင်က လာလားတို့ဆိတ်တွေ တူမဲက ကျွန်မတို့ဦးလေးနှစ်ယောက် ရှိတယ်မှုတ်လား အကြီးဦးလေးက ပါကျဲ လာလားက ပါကျဲသားအကြီးကောင် ဟဲ့ပါကျဲက တရုတ် နာမည်မဟုတ်ဘူးလား ပါကျဲတို့ ဝူခုန်းတို့လေ ကုလားမှာလည်း ပါကျဲရှိတာပဲ ဆရာမကြီးရဲ့ ကျွန်မဦးလေးပါကျဲက တရုတ်ပါကျဲ မပေါ်ခင် ကတည်းက ပေါ်ပြီးသား တရုတ်ပါကျဲက နောက်မှ ပေါ်တာ။
သြော်အေး ပြောပါဦး အဲသည်ပါကျဲသား လာလားက ဆိတ်ဝယ်ချင်တယ်ဆိုပြီး နေ့တိုင်း ငိုတယ် ဒီကောင်ထမင်းမစားဘူး တအားငိုတယ် ဆိတ်ဝယ်မပေးဘူးနော် ငါအငိုမရပ်ဘူး လို့ပြောတယ် ငိုတယ်ငိုတယ် ညလည်း မအိမ်ဘဲငိုတယ် နေ့လယ်ထမင်းမစားဘဲငိုတယ် ငိုတယ် ငိုတယ် ငိုတယ် ။

ကိုင်းပါ ဆိတ်လိုချင်လို့ ငိုတယ်ဆိုပြီးပါတယ် ဆက်ပြော မဟုတ်ဘူး ဆရာမကြီးရဲ့ လာလားက သူများလိုမငိုဘူး မတရားသဖြင့်ငိုတာ အဲသလိုငိုမှ မပူဒီက ပိုက်ဆံချေးတာ။ ကျာကျူးမပူဒီက ဘယ်သူတုန်း လာလားငိုတာနဲ့ မပူဒီက ဘယ်လိုပိုက်ဆံချေးတာတဲ့လဲ။ မပူဒီက ဈေးထဲမှာ ဂျလေဘီတို့ ခါဂျာမုန့် တို့ ရောင်းတယ် မပူဒီက ပိုက်ဆံကို အတိုးနဲ့ချေးတဲ့ မိန်းမလေ။
သြော် ဟုတ်ပြီ ဆက်ပြော လာလားက မတရားငိုတော့ မပူဒီက လာပြောတယ် နင်တို့သားငိုတာ ခမည်းလိုတာတဲ့ ကလေးလိုချင်တဲ့ ဆိတ်နှစ်ကောင် ဝယ်ပေးလိုက်ကြတဲ့ ဒါနဲ့ ကျွန်မဦးလေး ပါကျဲအကြီးက ပိုက်ဆံမရှိဘူးတဲ့... မပူဒီက ငါ နှစ်ဆယ်တိုးနဲ့ချေးမယ် ငါသနားလို့ ချေးတာ ပြန်ဆပ်နော် ဆိုပြီး တော့ ပိုက်ဆံနှစ်သိန်းချေးတာပဲ.
နှစ်သောင်းဖြစ်ပါလိမ့်မယ် ကျာကျူးရယ် ....။

ဟုတ်တယ် ဟတ်တယ် နှစ်သောင်း... ဆိတ်ကလေးတွေက တစ်ကောင် တစ်သောင်းဆိုတော့ နှစ်သောင်း
"ဟဲ့အခုက ဆိတ်တွေက ကြီးကြပါပြီ.... တစ်ကောင်တစ်သောင်းရပါ့မလား"
"အခုကြီးတယ်လေ...လားလားတို့ဝယ်တုန်းက ငယ်ငယ်လေး.. လားလားဆိတ်လိုချင်လို့ ငိုတယ်ဆိုတာ ဘယ်သူက ပြောသလဲမသိဘူး... ကျွန်မတို့ အဒေါ်အကြီး မူနီယားရှိတယ် မှုတ်လား.. သူက ပိုက်ဆံလာယူ လှည့်ပြောတာနဲ့ လားလားအဖေ ပါကျဲက သွားယူတယ်... မပူဒီဆီကလည်း ချေးတယ် ဒေါ်ကြီးမူနီယား ဆီကလည်း သွားယူတယ်"
"ဒေါ်မူနီယားက ဘယ်မှာနေတာလဲ"

"မြသားမှာ နေတယ်သူတို့က သားသမီးမရှိတော့လားလားကို အရမ်းသည်းတယ်"
"ဟုတ်ပြီ...ပိုက်ဆံလေးသောင်းရပြီ...ဆိတ်ဝယ်လိုက်ရောလား။"
"မ၀ယ်ဘဲနဲ့ရတယ်"
"ဟဲ့ ဘယ်လိုမ၀ယ်ဘဲနဲ့ ရတာလဲ ကျာကျူးရဲ့"

"ဆိတ်ပိုင်က သူ့ဆိတ်တွေထဲက ခပ်ငယ်ငယ်နှစ်ကေင် ရွေးယူတဲ့...မွေးဖက်မွေးပေးတဲ့... ဆိတ်နှစ် ကောင်ကြီးရင် ပေါက်ဈေးတစ်ဝက်နဲ့ ငါပြန်ယူမယ်ဆိုတော့ ဦးလေးပါကျဲက ယူပြန်ရော"
ကျွန်ခေါင်းမလည်အောင် မနည်းသတိထားပြီး ပြန်ပြောရမှာပါ။ ကျာကျူးနဲ့ ကျွန်မတို့ ဒိုင်ယာလော့ဂ် ကိုခဏရပ်ပြီး ကျွန်မရှင်းပြချင်ပါသေးတယ်။ ကျာကျူးပြောသလိုဆိုရင် သူ့အမေရဲ့မောင် ဦးပါကျဲက သားအကြီးကောင် လာလားအပမှီသလို ငိုခဲ့တာကို အကြောင်းပြုပြီး ခမည်း ဆိတ်ဝယ်ဖို့ ဖြစ်လာ တယ်။ သညလိုဖြစ်ရတာလည်း ကျွန်မစဉ်းစားရသလောက်က ငွေတိုးချေးသူ မပူဒီက ပိုက်ဆံလှည့် ချေးတာပါပဲ။ ချေးငွေ က တစ်ရာ ကို နှစ်ဆယ်တိုးနဲ့ နှစ်သောင်းရရော။

တစ်ခါ ဦးပါကျဲရဲ့ အစ်မဖြစ်သူ ကသူတူခမည်းလိုတယ်ကြားလို့ ဆိတ်ဖိုးငွေနှစ်သောင်း လာယူလှည့် ဖြစ်ပြန်တယ်။ ဒါကိုလည်း ဦးပါ ကျဲက အလွတ်မခံဘူး။ သည်တော့ ငွေလေးသောင်းလက်ထဲ ပိုက်မိရော ပြောပါတော့။ ဆိတ်ဖိုး ပေးရတော့မယ်ဆိုတော့ ဆိတ်ရှင်ကသူ့ဆိတ်ကို အပြတ်မရောင်းဘဲ မွေးဖက်ပေးလို့ ငွေမကုန်ပြန် ဘူး။ သည်တော့ဦးပါကျဲမှာ ငွေလေးသောင်းနဲ့ ဆိတ်နှစ်ကောင်ရနှင့်ပြီ။ လာလားကလည်း ဆိတ်နှစ် ကောင်ရလို့ ကျေနပ်ပြီ။

အငိုတိတ်ပြီ။ သည့်ထက်အဆင်ပြေစရာ ဘာမှမရှိဘူးလို့ ပြောရုံကလွဲလို့ ဘာကျန်မှာတုန်း။ ဒါပေမဲ့ ပြဿနာကမပြီးသေးဘူး။
တစ်လလောက်ကြာတော့ ဒေါ်ပူဒီဆီက နှစ်ဆယ်တိုးနဲ့ ငွေချေးတယ်ကြားတော့ အစ်မဖြစ်သူက သူ့ပိုက်ဆံနှစ်သောင်း ကူမဲအထိလိုက်တောင်းသတဲ့။ ဒေါ်ပူဒီကိုလည်း ဈေးထဲရန်လိုက်တွေ့သတဲ့။ ကုလားမနှစ်ယောက်ထ သက်ကြရာက ဒေါ်ပူဒီကလည်း သူ့ငွေနှစ်သောင်း မချေးတော့ဘူး ချက်ချင်း ပြန်ဆပ်ပါ ဖြစ်ပြန်ရော။ ငွေကမရှိတော့ဘူး။ အစ်မဖြစ်သူကိုရော ဒေါ်ပူဒီကိုပါ ပြည့်ဝအောင် ငွေပြန် မပေး နိုင်တော့ မိန်းမနှစ်ယောက်က ဦးပါကျဲကို ဆိုလိုက် ပြောလိုက်ကြတာ ပွက်ပွက်ရိုက်လို့တဲ့။ ရန်တွေ့ရုံက အကြောင်း မဟုတ်ဘူး။ ငွေမရမယ့်အတူတူ ဆိတ်တစ်ကောင်စီယူကြမယ်လုပ်တော့ မူရင်းဆိတ်ပိုင်ရှင်က သူ့ဆိတ်တွေ ပြန်သိမ်းတယ်။

"ပြောပါဦး ကျာကျူးရဲ့...ဒါဖြင့် ဆိတ်ကညည်းတို့ဆီ ဘယ်လိုရောက်လာတာတုန်း"
"ဆိတ်တွေကပိုင်ရှင်ဆီ ပြန်ရောက်ပြီး ခြောက်လလောက်ကြာတော့ ဦးလေးပါကျဲရဲ့ညီ ဦးစွပ်ပရားဆီ ရောက်တယ်...ကျွန်မတို့ဦးလေးအငယ် သူလည်းကူမဲမှာနေတယ်"
"ဟုတ်ပြီး...မွေးဖက်ပေးတာလား"
"၀ယ်တာ ဆရာမကြီး...တစ်ကောင်တစ်သောင်းခွဲပေးရတယ် နှစ်ကောင်ဆိုတော့ ဘယ်လောက်လဲ"

"သုံးသောင်း"
"ဟုတ်တယ် သုံးသောင်း...ကျွန်မအမေရှိတယ်မှုတ်လား...အမေက ကူမဲအလည်သွားတော့ တစ်ကောင် ငါးထောင် အမြတ်ပေးမယ့် ငါ့ရောင်းပါလို့ တောင်းတော့ ဦးလေးစွပ်ပရားက တစ်ကောင် နှစ်သောင်း ရတယ် ဆိုပြီး အမေ့ကိုပေးတယ်"
"လက်ငင်းဝယ်လိုက်တာပေါ့"
"မဟုတ်ဘူး...."
"အကြွေး"

အဲဒါကလည်း သည်လိုပါ။ မောင်နှမချင်း လိုချင်ပါတယ်ဆိုလို့ ရှောရှောရှူရှူ ပေးလိုက်တာတော့လည်း မဟုတ်ဘူး။ ဆိတ်ဝယ်ထားတဲ့ ကိုစွပ်ပရားမိန်းမက နတ်ဝင်သည်။ ကုလားကပြားမပဲ။ ခြေလေးချောင်း ၀င်ရကောင်းလားဆိုပြီး လင်ကိုရန်လုပ်ရာက အစ်မကိုယူလိုက်တော့ ဖြစ်ရတာပေါ့။ သည်လို ဆိုပြန် တော့ယောက်မဖြစ်သူ နတ်ဝင်သည်က တစ်ကောင်ဖိုးလက်ငင်း ပေးရမယ်ဖြစ်လာလို့ ကျာကျူးအမေ က မပူဒီ ဆီသွားပြီး ငွေတိုးချေးရပြန်တယ်။ သည်တော့ မပူဒီဆီမှာ ငွေတိုးနဲ့နှစ်သောင်း။ ယောက်မ နတ်ဝင်သည် ဆီမှာ ငွေနှစ်သောင်း အကြွေးတင်ခံပြီး ရလာတယ်ပြောပါတော့။
ပြဿနာက ဆိတ်နှစ်ကောင် ၀ယ်တာတော့ဟုတ်ပါရဲ့။ ကူမဲက မန္တလေးကို သယ်လာဖို့ ကားကလည်း အတင် မခံဘူး။ ရထားကလည်း အတင်မခံဘူးသည်တော့ ထုံးဘိုဘက်ကနေ ကူမဲဘက်ကို ကျောက် လာချတဲ့ ကျောက်ကားကြီးကို ဆီးထားပြီး ကျာကျူးရယ် သူ့အမေရယ် ဆိတ်နှစ်ကောင်ရယ် တောင်း တောင်းပန်ပန်နဲ့ လိုက်လာကြရတယ်။ ကျောင်းကားကြီးက မန္တလေးစက်မှုဇုန်လမ်းခွဲရောက်တော့ အရှေ့ဘက်ချိုးချလိုက်ရော။ ကျာကျူးတို့သားအမိ တဟိုးဟိုးနဲ့အော်ပြီး ရပ်ခိုင်းကြရသတဲ့။

ကျွန်မတို့ အော်တော့ ရပ်တော့ပေးပါရဲ့.... ဒါပေမဲ့ ကျွန်မတို့အိမ်နဲ့ အဝေးကြီးလေ... ဒါနဲ့ ၆၂ လမ်းဘက်ကနေ ၆၈ လမ်းရောက်အောင် ဆိတ်တွေမောင်းခဲ့ရတယ်....ဆိတ်တွေက ဂဂျီဂဂျောင်လုပ် တာနဲ့မိုးချုပ်မှရောက်တယ်.... အိမ်ရောက်တော့ သူတို့လည်း ထမင်းစားရဘူး...ကျွန်မတို့လည်း ထမင်းမစားရဘူး.. ကျွန်မတို့လည်း ထမင်းမစားရဘူ... ဆိတ်လည်းငတ်တယ်... လူလည်းငတ်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျာကျူးတို့ ဆိတ်နှင်ကောင် ပိုင်ကြပါပြီ။ ဘယ်လိုကျွေးလို့ ဘယ်လိုမွေးမယ်ဆိုတာ မပြောနိုင်ပေမယ့် ဆိတ်အော်သံနဲ့ပဲ အိပ်တော့မယ်ဆိုတာလို ဖြစ်ရတော့မယ်ဆိုတာ သေချာနေပြီ မဟုတ်လား။ မနက်မိုးလင်း ဆိတ်ကျောင်းထွက်တဲ့ ကျာကျူး၊ ဈေးဘန်းခေါင်းရွက်ပြီး ဈေးရောက်ထွက် တဲ့မအေနဲ့ အလုပ်ထသွားတဲ့ ဖအေ။ သားအဖသုံးယောက်ညဘက်မှ ပြန်ဆုံကြရတာပါ။ ကျာကျူးက မနက်ဆယ်နာရီလောက် အိမ်ပြန်ဝင်၊ ဆိတ်တွေချည်းထား။ ရှိကောင်းရှိရာ တစ်လုတစ်ဆုပ် စားနေတာ ကျွန်မတွေ့နေရတယ်။ ညနေ သုံးနာရီလောက်ဆိုရင်တော့ မီးတောက်တ၀င်းဝင်းနဲ့ ကျာကျူးထမင်း ချက်ပြီ။ ထမင်းအိုးကို မီးတောက်က မျိုနေတာမျိုးနဲ့ ချက်နေလို့ ကျွန်မမှာ လှမ်းလှမ်းကြည့်ရတာ အမော။

ကျာကျူးရယ် မီးဂရုစိုက်တဲ့ ....အနားမှာ ရေတွေဘာတွေ ထားရတယ် ထင်းတွေ နင်းကန်မထိုးနဲ့.. မီးတွေနဲ့ ပစ်မထားနဲ့ ..လူအနားရှိပစေ။
အဲသလို လှမ်းပြောရင် ကျာကျူးက သိပ်မကြည့်သာဘူး။ မျက်လုံးပြူးပြီး ဆင်ခြေဆင်လက်တွေ တက်တော့တာပါ။
ဟိုတစ်နေ့က ဆရာမကြီး လှမ်းပြောလို့ ကျွန်မမီးလျှော့လိုက်တယ်လေ.. အဲသည်နေ့က ထမင်းမနပ် ဘူး ထမနဲ ဖြစ်သွားတယ်... အမေက ဆူရော။
ကျွန်မတောင် ကျာကျူးတို့အိမ်က ထမင်းမနပ်တဲ့ အမှုမှာ တရားခံဖြစ်လိုက်ရသေး။ ကျွန်မက ဘာဟင်းတွေချက် မှာတုန်းဆိုတော့ ပဲသီးနဲ့ ဘဲဥကြော်မယ်တဲ့။ အရွယ်နဲ့မမျှ ထမင်းအိုးထမ်း ဟင်းအိုးထမ်း ပင်ပင်ပန်းပန်း ရှိရှာတဲ့ ကျာကျူးကို ကြည့်ရင်း ကျွန်မ သနားမိတယ်။ မိဘနှစ်ပါးလုံးက အလုပ် ထွက် လုပ်ကြရသူတွေဆိုတော့ အချိန်ရယ် အခါရယ် မရှိဘူးကိုး။ ကျာကျူးချက်တာကိုပဲ အကောင်း လုပ်စားကြရတာပါ။

ပဲသီးနဲ့ ဘဲဥကြော် တာတော့ ဟုတ်ပါရဲ့ ... ပဲသီးရော ဘဲဥရော ၀ယ်ပြီးသားလား။
ပဲသီး က ရှိတယ် အမေမနေ့က ၀ယ်လာတာလေ... ဘဲဥကတော့ အကြွေးသွားယူလိုက်မယ်။
အကြွေး သွားယူလိုက်မယ်ဆိုတာ ကျွန်မတို့ ရပ်ကွက်အိမ်ဆိုင်ကလေးကို ရည်ညွှန်းပြီး ပြောလိုက် တာပါ။  ကျွန်မ က ဘဲဥကို ဆရာမကြီး တို့ အိမ် လာယူလှည့်ဆိုတော့ ဖြဲခနဲရယ်ပြတယ်။ ဆက်ပြောလိုက်တဲ့ စကားကြောင့် ကျွန်မရင်ထဲ မကောင်းလိုက်တာ။
ကျွန်မ က ဘဲဥသိပ်ကြိုက်တာ ဆရာမကြီးရဲ့.. ကျွန်မ အမေတို့လို့ အရွယ်ရောက်ရင် တစ်ခါတည်း ဘဲဥ ဆယ်လုံး ၀ယ်စားပစ်လိုက်မယ် တဲ့လေ။

ဆက်ရန်
ကလျာ မဂ္ဂဇင်း ဖေဖော်ဝါရီ 2012
(မတ်လ ထုတ် မှ ဘဲ ဆက်ဖော်ပါနိုင်ပါမည်)
.

1 comment:

ချစ်စံအိမ် said...

မမ ရေ စာလာဖတ်သွားပါတယ်ရှင်
လေးစားလျှက်ပါ