Wednesday, February 8, 2012

မောင်တင်ဆင့် ၏ ရထားပေါ်က ကင်ဆာတစ္ဆေ, အပိုင်း (၆)

မိမိကိုယ်ကို အကျယ်ချုပ် ချထားလိုက်သည်- ၂

ကျွန်တော်ရှေ့က ဓာတ်ရောင်ခြည်ကင်သူထွက်လာတော့ ကျွန်တော်ဝင်သွားသည်။ ဓာတ်ရောင်ခြည် စက်ခန်း တံခါးကို သူနာပြုအကူ မိန်းကလေးနှစ်ဦးက အားစိုက်ဆွဲဖွင့်လိုက် သည်။ ကျွန်တော် ၀င်သွားလိုက်သည်။ စက်ခန်းအ၀င် ထောင့်ချိုးမှာ ကျွန်တော့်ရှေ့က ဓာတ်ရောင်ခြည်ကင်သူ ထွက်လာတာ နှင့် ဆုံသည်။ ထိုထောင့်ချိုးမှာ ၁ပေခွဲ ၄ပေခန့် မှန်တစ်ချပ်နံရံမှာ မြှုပ်ခါတပ်ထားသည်။ ထိုမှန်ချပ်မှ နေ၍ ဓာတ်ရောင်ခြည်ကင်သည့် စက်ကိုလှမ်းမြင်နေရသည်။

ကျွန်တော် ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ ကျွန်တော်ရင်ခုန်နေပါသည်။ လူတစ်ရပ်ခန့် စက်အထိုင်။ ဂဏန်းလက်မ လို ဘယ်ညာမောင်းတံ မှာ စကောအ၀ိုင်းသာသာခန့် ဓာတ်ရောင်ခြည်ထုတ်လွှတ်ရာ အ၀ိုင်းကြီး နှစ်ဖက်။ လူနာတက်လှဲရန် စက်ခုတင်။ ခုတင်ကရှေ့နောက်ရွှေ့လို့ရသည်။ အနိမ့်အမြင့်ချိန်လို့ ရသည်။ ထိုစက်ခုတင်ပေါ်တက်ဖို့ သစ်သားခုံ လုပ်ထား၏။
ဦးတင်ဆင့် ခုတင်ပေါ် တက်လှဲလိုက်ပါသည်။ လက်ကို လေးမှာကပ်ထား။ ငြိမ်ငြိမ်နေနော်။ ရောင်ခြည် လွှတ်ရင် လှုပ်လို့ မရဘူး လှုပ်ရင်လွဲသွားလိမ့်မယ်။

စက်ခုတင် အနံ(ဗျက်) ကကျဉ်းသည်။ အလွန်ဆုံး တစ်ပေခွဲလောက်ပဲ ရှိမလားမသိ။ ၀ဖိုင့်သော လူတစ်ယောက် ဆို ခန္ဓာကိုယ် နှင့် ဆန့်မယ်မထင်။ အလျားကတော့ ရှည်သည်။ (၇)ပေလောက်တောင် ရှိမလားပဲ။ ဓာတ်ရောင်ခြည်ခန်း တာဝန်ခံကလေးမ (ရှမ်းမလေး ချောချော အေးငယ်ငယ်ဝင်းတဲ့) က အမှတ်ခြစ်ထားသော ကျွန်တော့်လည်ပင်းမှာ ကြက်ခြေခတ်မာကင်နှင့် ဓာတ်ရောင်ခြည်စက်နှင့် အသေအချာ ချိန်သည်။ အထူးကု ဓာတ်ရောင်ခြည်  ဆရာဝန်ပေးထားသော ရင်ခေါင်းအထက်ပိုင်း (ကင်ဆာဖြစ်နေရာ ကို နံပါတ်စဉ်များပေးထားသည်ဟု ဆိုပါသည်။ ထိုနံပါတ်စဉ်များကို နံရံမှာလည်း ပုံနှင့်တကွ ကပ်ထားသည်) နံပါတ်စဉ်ကဒ်နှင့် ပထမပိုင်းရက်တွေက တိုင်းတာချိန်တွယ်ပေးသည်။ ကျွမ်းကျင် ပညာရှင်ဖြစ်လျှင်မြန်သည်။ တစ်မိနစ်ထက် ပိုမကြာ။ အကူနှစ်ယောက်လောက် လည်း မီးဖွင့် မီးပိတ်၊ လူနာအတက်အဆင်း၊ ခေါင်းခု၊ စောင်ခု၊ တစ်ခါတရံ စောင်ခြုံလုပ် ပေးသည်။ အကူကလေးမ တွေက ခရမ်းပြာဝတ် သူနာပြုအကူအဆင့်တွေ ဖြစ်၏။

ကျွန်တော်စက်ခုတင်ပေါ် တက်လှဲလိုက်သည်။ ကျွန်တော့်ခေါင်းအောက်မှာ ခေါင်းနှင့်အံဝင် ခွင်ကျ အ၀တ်ဖုံး ထားသော ခွက်တစ်ခု (ခွက်ခေါင်းအုံး) ရှိသည်။ ခေါင်းချလိုက်တော့ လှုပ်ခြင်းရွှေ့ခြင်း မရှိတော့။ စက်ခုတင်ကို ရှေ့တိုးနောက်ငင်၊ အနိမ့်အမြင့် ရွှေ့ချိန်ပြီးသည် နှင့်သူနာပြုအကူများ၊ ဓာတ်ရောင်ခြည် တာဝန်ခံ ကလေးမတို့ အခန်းအပြင်သို့ ပြေးထွက်သွားကြသည်။ ကျွန်တော်လည်းမလှုပ်ရဲတော့။ စက်ခန်းမှာ လေအေးပေးစက် (Air Condition) ကြောင့်အေးစက်လို့နေသည်။ တောင်ကြီးမြို့ ရာသီဥတု နှင့် ပေါင်းတော့ ပိုပြီးအေးမြနေတယ်ထင်သည်။ စက်ခန်းတွင်းမှာ ၅ မိနစ်ထက်ပိုသည်နှင့် လူက တုန်ယင် ချင်လာတော့သည်။ ၅ မိနစ်ထက်ပိုလျှင် ကလေးမတွေကတံခါးပြန်ဖွင့်၊ ပြေးဝင်စောင်ခြုံပေး  လုပ်ပေး ရသည်။

ခဏကြာတော့ ဓာတ်ရောင်ခြည်ပေးသည့် စက်သံ 'ဂျီ' ခနဲကြားရသည်။ ရောင်ခြည်က မမြင်ရ၊ ဘာအနံ့ အရသာ မှ မရှိ။ ပူတာနာတာမရှိ။ သူက ခန္ဓာကိုယ်ထဲ ကိုယ်ပျောက်ဝင် လာတတ်သည်။ ဒြပ်မှုန် ကလေးတွေ၊ မျက်စေ့နှင့်မမြင်ရ။ ကင်ဆာတစ္ဆေကောင်ကလည်း ခန္ဓာကိုယ်ထဲ တိတ်တဆိတ် ၀င်ရောက်လာသည့် ကိုယ်ပျောက်ရောဂါ။ ဒါကြောင့် ကိုယ်ပျောက် ဓာတ်ရောင်ခြည်နှင့် တိုက်ခိုက် ရသည်လား။ ကီမိုသရဖီခေါ် ကင်ဆာဆေး ဆိုလျှင် အလင်းရောင် ပုန်းကွယ်ပြီး ခန္ဓာကိုယ်ထဲသွင်းရသည်။ ဓာတ်ရောင်ခြည် စက်သံ ကြားသည်နှင့် ကျွန်တော်တရားမှတ်သလို အမှတ်စဉ် စမှတ်တတ်သည်။ တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး။ ခေါင်မိုးဖြူဖြူ က ကောင်းကင်လား။

ပထမပိုင်းရက်တွေတွင် ကျွန်တော်လည်ချောင်းမျာ ဘာစားစားစပ်ပြီး နာနေသည်။ ရေသောက်ရတာပင် စပ်နေသည်။ လိမ္မော်သီးလို 'ချိုချသ်' အရသာကိုလက်မခံနိုင်။ အပူအစပ် လုံးဝမစားရ။ ကြက်သား၊ ငါး၊ ငရုပ်သီး လုံးဝ မပါသည့် အဖြူထည်ပဲ စားနိုင်သည်။ စ၀်စံထွန်းဈေးပေါ် အောက်ဈေးက ဘုန်းကြီးကျောင်း နှင့် ကပ်လျှက်ရှိသည်။ မုံညင်း၊ ဂေါ်ဖီပန်း၊ ခရမ်းချဉ်စသည်ဖြင့် အသီးအရွက် လက်လက်ဆတ်ဆတ်း။ ဈေးလည်း သက်သာ၊ ဓာတ်မြေသြဇာ သင့်မှုလည်း နည်းပါးပြီးတော့ ရာသီဥတုကြောင့် ရေခဲသေတ္တာ ထဲထည့်ထားသလို ဘယ်နှရက်ထားထား နွမ်းသွားဝါသွားတယ်မရှိ။ ပဲလိပ်ပြာ၊ ရွှေပဲ၊ ဘိုစားပဲ၊ ပဲအမျိုးမျိုး ကလည်း နို့ဆီဘူး၊ စလယ်ဝင်တောင်းတို့နှင့် ရောင်းတတ်သည်။ ကြက်သား ငါးလည်းပေါများ ဈေးသက်သာ သည်။ အပုံလိုက် ရောင်းကြ၏။ အထူးသဖြင့် ဟင်းသီးဟင်းရွက်၊ ကြက်ဥကြက်သားပေါများ လတ်ဆတ် တာလည်း ကျွန်တော့်လို လူနာတွေအတွက် အတော်အဆင်ပြေပါသည်။

နောက်ပိုင်းရက်တွေတွင် ဇနီးက ဆေးရုံမလိုက်တော့။ မနက်ဆို ဈေးထဲထွက် အသီးအနှံ ငါး(သို့) ကြက်သား တစ်ခါတစ်ရံ လည်း ပဲပြား၊ ပဲပင်ပေါက်။ ပဲပုတ်ကတော့ ရှမ်းစာဖြစ်သည်။ အနက်ရှစ်နာရီဆို ဘုန်းကြီးကျောင်းလူနာဆောင်မှာ လူနာများဓာတ်ရောခြည်ကင်ရန် အလျှိုလျှို ဆေးရုံဘက် ထွက်သွားကြသည်။ များသောအားဖြင့်တော့ ဆေးရုံကို လူနာနှင့် အတူဇနီး (သို့မဟုတ်) သားသမီး၊ တူ၊ တူမ အကူ တစ်ဦး (သို့မဟုတ်) နှစ်ဦးလောက်တော့ လိုက်ပါတတ်ကြ၏။ ကျွန်တော့်လို အဖော်မခေါ်ဘဲ လူနာ တစ်ဦးတည်း သွားရောက်ကုသခံ ကြတာလည်း အချို့ရှိပါသည်။ ဆေးရုံမှာ အခြား လုပ်စရာလည်း မရှိ။ ဓာတ်ကင်ရုံ သက်သက်မို့ ဆေးရုံက သိပ်လည်းမဝေးတာမို့ လူပိုသပ်သပ် ဖြစ်နေမည့် ဇနီးကို ခေါ်မသွားတော့ခြင်းဖြစ်သည်။ ကျွန်တော် ဆေးရုံသွားချိန် သူမကအဆောင်မှာ ချက်ပြုတ် ထားလျှင် ကျွန်တော်ပြန်ရောက်သည်နှင့် စားဖို့အဆင်သင့်ဖြစ်နေပြီ။ တချို့ဇနီးအပြင် သားသမီး၊ တူ၊ တူမစသည်ဖြင့် ပါလာ သူတွေ အဖို့ ကတော့တချို့က ဆေးရုံလိုက်၊ တချို့က ကျန်ရစ်ကာ ချက်ပြုတ်ထား။

ပထမပိုင်း ရက်သတ္တပတ်များတွင် ကျွန်တော်သည် မိမိကိုယ်ကို အကျယ်ချုပ်ချသလို နေထိုင်ခဲ့လေသည်။ မနက်ဆို ဆေးရုံ။ ဆေးရုံကပြန်လျှင် ဘုန်းကြီးကျောင်း အဆောင်။ အနက်စာစား။ တရေးတမော ကြိုးစား အိပ်။ အဆောင်မှာ ကျောင်းအောက်ထပ် ဖြစ်နေ၍ အေးစိမ့်နေတာက တစ်ကြောင်း၊ ဝေဒနာ သောကနှင့် စိတ်လှုပ်ရှား နေတာက တစ်ကြောင်း အိပ်လို့တော့ မပျော်လှပါ။ ဇနီးကတော့ အဆောင်နေ မိန်းမဖော် တချို့ နှင့် နေစာလှုံရင်း စကားစမြည်ပြောနေ တတ်သည်။ ညနေဘက်တွင် တရားထိုင်လိုက်၊ (တရားထိုင်ရတာ လည်း သမာဓိရသည့်အခါရ၊ မရသည့်အခါမရ) တစ်ခါတစ်ရံ စာထိုင်ရေးနေဖြစ်သည်။ တောင်ကြီးမြို့ လူခံတွေဖြစ်သော ကမ္ဗောဇ စာကြည့်တိုက်နှင့် လူငယ်ဖွံ့ဖြိုးရေး သင်တန်း မှ ကိုရဲအောင် နှင့် မေနှင်းကျော် တို့ တစ်ရက်တွင်ရောက်လာသည်။ စားစရာ လက်ဆောင် ပစ္စည်းတချို့နှင့် ဆရာဒီမှာ ဘာမှ လုပ်စရာ မရှိရင် ပျင်းနေမယ်ဆိုကာ သူသုံးနေသော ဓာတ်ခဲရေဒီယိုလေး တစ်လုံးပေးသွားသည်။ ထိုရေဒီယိုလေးက ကျွန်တော်နှင့်ပြင်ပ ကမ္ဘာကိုကြိုးတန်းပေးသည်။ ရေဒီယိုရသဖြင့် ကိုရဲအောင်ကို ကျေးဇူး လည်း တင်ကာ ၀မ်းလည်းသာနေမိသည်။ ကျွန်တော်က မေနှင်းကျော်တို့ စာကြည့်တိုက်မှ စာအုပ် အချို့ ငှားသဖြင့် နောက်ပိုင်းရက်တွင် စာကြည့်တိုက်မှ မဂ္ဂဇင်းအချို့နှင့် စာအုပ်တချို့ ငှားရမ်း လာ ပေးသည်။

ထိုအပြင် တောင်ကြီးရောက်ပြီး တစ်ပတ်လောက်အကြာ ညနေဘက်ကြီး ဇနီးဖြစ်သူမှာ ဆီးလမ်းကြောင်း ပိုဝင်ပြီး ဖျားချင်သလိုဖြစ်ရာ မေနှင်းကျော်ကိုပဲ ဖုန်းနှင့် အကူအညီ တောင်းရသည်။ သူမက ဆိုင်ကယ်နှင့် ဇနီးကို လာခေါ်ပြီး ဆေးခန်းပို့ပေးသည်။ ကျေးဇူး တင်လိုက်တာ။ ထိုအချိန်က ကျွန်တော်ကလည်း ထူထူ ထောင်ထောင် မဖြစ်သေး။ ပြီးတော့ သူစိမ်းမြို့မှာ ဘယ်နေရာ ဘာရှိမှန်းမသိ။ မြို့ခံမိတ်ဆွေရှိသည့် အတွက်သာ အဆင်ပြေ သွားတော့သည်။

ဇနီးလည်း ထိုတစ်ညနေဆေးထိုး၊ ဆေးသောက်ပြီး သက်သာသွားသည်။ တစ်ပတ်လောက်တော့ ဆေး သောက်ရသည်။
တစ်ရက်တွင် အောင်ပန်းမြို့နေ ဆရာမ သင်းမြစန္ဒီ လူနာမေးရင်းရောက်လာသည်။ လူနာကို အား ပေးရင်း၊ လိုသည့် အကူအညီပြောပါဆို၍ ကော်လံမပါသည့် အနွေးထည်၊ ကြွက်ဝမ်းဖြူလေးတွေကို ကြောက်ရွံ့ သော ဇနီးအတွက် ခြင်ထောင်တစ်လုံး ငှားရမ်းပေးဖို့ ပြောရသည်။ ဆရာမက လူကြုံနှင့် ပို့ပေးပါသည်။ ယခု ဘိုးဘွားရိပ်သာ ဘုန်းကြီးကျောင်းကို တည်းခိုဖို့လည်း ဆရာမကပဲ ဆက်သွယ် ပေးတာဖြစ်သည်။ သင်းမြစန္ဒီက အခြေအနေကိုကြည့်ပြီး သည်နေရာမကြိုက်လျှင် နောက်ထပ် ဘုန်းကြီးကျောင်း တစ်ကျောင်း ပြောင်းရွှေ့ပေးမည် ပြောသေး၏။ ကျွန်တော်က မပြောင်းလိုကြောင်း ဈေးနီး၊ ဆေးရုံနီး၊ သည်ကျောင်းမှာ အဆင်ပြေကြောင်း ပြောရသည်။ ဆရာမက ပြောသေးသည်။ ' အစ်ကို အားနေတာပဲ။ ဟိုနား ဒီနား စိတ်ပြေလက်ပျောက် လျှောက်သွားကြည့်ပေါ့' ဟုဆိုသည်။ ကျွန်တော် စိတ်ကျနေမှာလည်း ဆရာမ စိုရိပ်ဟန် တူပါသည်။

ကျွန်တော့်မှာ ဘယ်ကိုမှ သွားချင်လာချင်စိတ်မရှိ။ စိတ်ရင်ပြင်တစ်ခုလုံး ထိုစဉ်က အုံ့မှိုင်းနေသည်။ အစားအစာ စားလို့လည်း အဆင်မပြေသေး။ ကင်ဆာတစ္ဆေကလည်း ခြောက်လှန့်နေသည်။ တစ်ရက် နှစ်ရက် လောက်တော့ ဘုန်းကြီးကျောင်းမှထွက်၊ ကျောင်းရှေ့ စ၀်စံထွန်းဈေးလမ်းမှ ဗိုလ်ချုပ်အောင်ဆန်း လမ်းမထွက်ပြီး ထောင်ဘက် ဆက်လျှောက်။ တစ်ရက်ကတော့ အတော်ဝေးဝေး ရောက်သွားသည်။ အပြန် မှာ မောပန်း နေသည်။ သားကြီးက တယ်လီဖုန်းစကားပြောခွက်ထဲမှ ''ဖေ.....သိပ်အဝေးကြီး မလျှောက် နဲ့နော်'' ဟု စိုရိပ်ပူပန်စွာ လှမ်းပြောတာသတိရသည်။ နောက်ရက်တွင် ညောင်ပင်လမ်းမှ ချိုး ကွေ့ပြီး ပတ္တမြားဆေးခန်း ရှေ့လမ်းမှ ပြန်ကွေ့ပြီး ဘုန်းကြီးကျောင်း ပြန်သည်။

ပတ္တမြားဆေးခန်းနှင့် တည်ခိုနေသော ဘုန်းကြီးကျောင်းမှာ သိပ်မဝေး။ တချို့လူနာ အဲသည် ပတ္တမြား ဆေးခန်း (ဆေးရုံ) ဆေးသွားသွင်းတာရှိသည်။ ကျောင်းမကြီး အရှေ့ဘက်ဓမ္မာရုံမှာ တည်ခိုနေသော  ဘိတ်(မြိတ်) သားကိုမျိုးအောင် (သူကလျှာ အောက်မှာ ကင်ဆာ အဖုဖြစ်လာပြီး သွား ၁၂ ချောင်း နုတ်ပစ်ခဲ့ရသည်) ဆိုသူသည် ထိုပတ္တမြားဆေးခန်းမှာ ကီမိုသရဖီ ၁၂ လုံးသွင်းခဲ့ရသည်။  ခံတွင်းပျက်၊ အရသာ ဆိတ်သုန်း (senseless) ဖြစ်သွားခဲ့သည်။ ချိုတယ်၊ ငန်တယ်၊ သူ့လျှာက အရသာ မသိတော့။ ဆေးသွင်း ဓာတ်ကင်။ သူ့မှာ အကူယောက်ဖ လိုက်ပါခဲ့သော်လည်း တစ်လခန့် ကြာတော့ ပြန်သွားသဖြင့် တစ်ကိုယ်တည်း ဖြစ်သွားသည်။ အစားအစာ ကို ဆိုင်မှာဝယ်စား အဆင်မပြေလှ။ သို့နှင့် အဆောင်နေ လူနာမိသားစု တချို့ (ကျွန်တော်တို့ အပါအ၀င်) အစားအစာ သင့်တော်တာလေးချက်လျှင် သူ့ကို ခေါ်ကျွေး ကြသည်။ ဒုက္ခသည်ချင်း ရိုင်းပင်းသည့်သဘော ဖြစ်သည်။

နောက်ပိုင်းရက်တွေတွင် ကျွန်တော် လမ်းသိပ်မလျှောက်ဖြစ်တော့။ ဘုန်းကြီးကျောင်းထဲမှာ ပဲ လျှောက်သည်။ တရားထိုင်လိုက်၊ စင်္ကြံလျှောက်လိုက်။ အချိန်က နှေးကွေးလေးလံလွန်း လှသည် ထင်နေသည်။ ကျွန်တော်ရောက်ပြီး နှစ်ပတ်လောက်ကြတော့ အဆောင်နေဆေး ကုသ လာရောက်သူ သုံးဖွဲ့ ပြန်သွားသည်။ အသစ်ရောက်လာသည့် တောင်ဥက္ကလာပမှ ကိုလှထွန်းတို့လင်မယားနှင့် ကျွန်တော် တို့ ဇနီးမောင်နှံသာ အဆောင်မှာကျန်ရစ်သည်။ နေ့လယ်နေ့ခင်းတွေတွင် ဇနီးသည်မှာ ပျင်းလွန်းလို့ ပိန်လိန် နေသည်။ တီဗီကြည့်စရာ မရှိ။ လည်စရာ ပတ်စရာမရှိ။ စကားပြောဖော် မရှိ။ ဇနီးက ''မနက်ပိုင်း ချက်ပြုတ်ချိန် ဆို တော်သေးတယ်။ ချက်ပြုတ်ပြီးရင် ဘယ်လိုနေရမှန်းမသိဘူး။ ဘာမှ လုပ်စရာမရှိ။ ဘာမှ ကြည့်စရာမရှိ'' ကျွန်တော်ကိုယ်တိုင် တရားထိုင်လိုက်၊ မှတ်တမ်း ရေးလိုက်၊ လမ်းလျှောက် လိုက် လုပ်နေပြီး ဇနီးနှင့် စကားစမြည်ပြောဆိုခြင်း မရှိလှ။ ပြောစရာစကားလုံးတွေက ပျောက်ဆုံးနေသည်။

ကျွန်တော်သည် အဆောင်ဘေး (ကဋီတွေရှေ့) ရှိကွန်ကရစ်ခင်း စင်္ကြံလမ်းမှာ ကျားနာ တစ်ကောင်လို နေ့စဉ် ခေါက်တုံ့ပြန်လျှောက်နေခဲ့သည်။ ခြေလှမ်း ၂၀၊ ၂၅ ဆိုလျှင် ပြန်လှည့်၊ ညောင်းညာလာလျှင် ထိုင် တွေးလိုက်၊ ငေးလိုက်။ စာနည်းနည်းရေး၊ စာနည်းနည်းဖတ်။ ကျွန်တော်အချိန်တွေကို ကြိုးစား စားသော်လည်း ဒါလောက်နှေးကွေး နေသည့် အချိန်တွင် တစ်ခါမှမကြုံဘူးပါ။ အဆောင်ဧည့်ခန်းမှာ ချိတ်ထားသော နံရံမပေါ် မှာပြက္ခဒိန်တစ်ခုက ကျွန်တော့်ကို ငုံ့ကြည့်ရင်း လှောင်ပြောင်နေသည် ဟုပင် ထင်မိ၏။

ကုဋီစင်္ကြံလမ်းအဆုံး ရေစင်ဘေးမှာ ဆက်လျှောက်လိုက်လျှင် အဆောင်အနောက်ဘက်ရှိ ကော်ဖီခြံကို ရောက် သွားသည်။ ကော်ဖီပင်မှာ ကော်ဖီသီးတွေ ပြွတ်ခဲနေသည်။ တချို့မှည့် နေပြီ။ ကော်ဖီသီးက အကိုင်း တစ်လျှောက်သီးတာဖြစ်သည်။ မြရာသီ(ဘောင်ဘောင်သီး) လောက်သာ ရှိသည်။ အမြင့် လူနှစ်ရပ်စာ (၁၂ ပေ (သို့) ၁၅ပေ) လောက်သာ မြင့်သည်။ ထိုခြံလေးထဲ ဗူးပင်ညှပ်စိုက်၊ ဂေါ်ရခါးသီးပင် ညှပ်စိုက်ထားသည်။ ဂေါ်ရခါးသီး၊ ဗူးသီးများ စားသူမဲ့ကြွေကျနေ၏။ ဂေါ်ရခါးသီးပင်ကလည်း ဗူးလို နွယ်ပင်မျိုးဖြစ်သည်။ ထောပသီးပင် ကတော့ သရက်၊ ပိန္နဲလိုပင်ကြီးမျိုးဖြစ်သည်။ သူက အဆောင်ဘေးမှာ ပေါက်ရောက် နေပြီး အသီးတွေ တဖုတ်ဖုတ်ကြွေကျနေသည်။ တစ်ခါတစ်ရံကြွေကျ ဂေါ်ရခါးသီးနု ကိုကောက်ခါ အသားရောပြီး ချက်စားကြည့်၏။ ချိုမြ၍ အရသာရှိလှပါသည်။
ညနေဘက်တွေမှာ ထိုသို့စင်္ကြံလျှောက်ရင်း ကျွန်တော်သည် ထောင်ထဲရောက်နေသော အကျဉ်းသား များအကြောင်း တွေးမိလိုက်သည်။ ကျွန်တော့်မှာ သွားလိုရာသွားနိုင်သော လွတ်လပ်သူတစ်ဦး ဖြစ်သော်လည်း ကျွန်တော်စိတ်ကိုယ်က အကျဉ်းကျနေသည်။ ကင်ဆာဆိုသော ရောဂါကြီးက ကျွန်တော့် ကို သို့မဟုတ် ကျွန်တော့်စိတ်ကို အကျဉ်းချထား နေတာမြစ်မည်ထင်သည်။

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ရက်တွင် အနယ်နယ်အရပ်ရပ်မှ ဧည့်သည်တွေ ဘုန်းကြီးကျောင်း သို့တသောသော အုံးအုံးကျွတ်ကျွတ် ရောက်လာကြသည်။ တောင်ကြီး မီးပုံးပျံပွဲကလည်း နာမည်ကြီး ဖြစ်သည်။ တည်းခိုခန်းတွေ၊ ဟိုတယ်တွေ၊ ဘုန်းကြီးကျောင်း တွေပြည့်လျှံသွားတတ်သည်။ ဒေသခံ တွေရယ်၊ ဧည့်သည်တွေရယ် တရုန်းရုန်းသွားကြ လာကြလည်ကြပတ်ကြ။ တစ်နေ့လုံး၊ တစ်ညလုံး၊ ကျောင်းထဲ၊ အဆောင်ထဲ ၀င်လိုက် ထွက်လိုက်။

တောင်ကြီးမြို့ခံ ဒေါက်တာအောင်ကျော်ထွေးတို့ လင်မယားကတော့ မီးပုံးပျံပွဲတော် (တန်ဆောင်တိုင်ပွဲတော်ကွင်း) ကိုပို့ပေးမည်ဟုတော့ ပြောပါသည်။ ကျွန်တော် ဘုန်းကြီးကျောင်း ၀င်းအတွင်းက ဘယ်မှမထွက်ဖြစ်။ ဒေါက်တာအောင်ကျော်ထွေး ပို့ပေးလို့ နေ့ခင်းဘက်တစ်ရက်တွင် ထမ်းစမ်းဂူ၊ ဟိုပုံးကိုရင်လေးကို သွားရောက်ဖူးမျှော်ခဲ့ တာပဲရှိသည်။ ကျန်အချိန် ဘုန်းကြီးကျောင်းဝင်း အတွင်းက ဘယ်မှမထွက်ဖြစ်။ ထွက်ချင် စိတ်မရှိ။

မိမိကိုယ် ကို အကျယ်ချုပ်ချထားလိုက်သလို ချထားလိုက်ပါသည်။ အဆောင်က ကိုယ့်အခန်းမှာ တရား ထိုင်လိုက်၊ တရားဖြုတ်လျှင် ကုဋီရှေ့စင်္ကြံလမ်းမှာ လမ်းလျှောက်လိုက်။ စာနည်းနည်းပါးပါးရေလိုက်နှင့် အချိန် တွေကို တရွေ့ရွေ့ စားသုံး။

ဆက်ရန်
.

No comments: