Sunday, February 5, 2012

မောင်တင်ဆင့် ၏ ရထားပေါ်က ကင်ဆာတစ္ဆေ, အပိုင်း (၄)

အေးသာယာမြို့သစ်ထဲကရွာကလေး

ကျွန်တော်သည် အောက်တိုဘာလ ၂၁ရက် (၂၀၁၀ခုနှစ်) မနက်လင်းအားကြီးချိန်တွင် ရှမ်းပြည်နယ် တောင်ပိုင်း က တောင်ကြီးမြု့၏ အေးသာယာမြို့သစ် အဝေးပြေးဂိတ်ကားဝင်းရှေ့က လက်ဖက်ရည်ဆိုင် တစ်ခု တွင် အံ့သြဖွယ်ရာ ရောက်ရှိနေပါသည်။
မိုးက တဖွေးဖွေး ကြွေကျလို့။

ကျွန်တော့်လည်ပင်းက အသံအိုးအနီးရှိ လက်သည်းခွံခန့် (ဆရာဝန်ကြီး အပြောအရ) အနာမှ မှန်ပြောင်း ထည့် အသားစယူပြီး ဓာတ်ခွဲစမ်းသပ်ကြည့်သည့် အဖြေရလာသောအခါ ကင်ဆာဆိုတာ သေချာသွားလေ သည်။ သို့နှင့်ရန်ကုန်ဆေးရုံကြီး ကင်ဆာဝပ်သွား၊ ဆရာဝန်ကြီး ဒေါ်မေကြည်နှင့် ပြသပြီး ဆွေးနွေး ပြီးသောအခါ တောင်ကြီးမြို့သို့ သွားရောက်ဓာတ်ကင်ဖို့ သေချာသွားသည်။ အနာမှာ အမြန်ဆုံး ဓာတ်ရောင်ခြည် ကင် ဖို့ လိုသည်ဟု ဆိုသည်။

သို့နှင့် ဆရာမကြီးနှင့် ဆွေးနွေးကြည့်ရသည်။ ရန်ကုန်ဆေးရုံကြီး ဝပ်မှာလည်း အမြန်ဆုံး ဓာတ်ရောင်ခြည် ကင် ဖို့ ဆောင်ရွက်ပေးလို့ ရမလားခင်ဗျာ၊ ကျွန်တော် အယ်ဒီတာစာရေးဆရာ။
"ကျွန်မ လည်း အမြန်ဓာတ်ကင်စေချင်ပါတယ်။ ဒါပေမဲ့ ဒီမှာက အဆင့်ဆင့်တင်ပြပြီး အစီအစဉ်အတိုင်း ခွင့်ပြုတဲ့ အခါ သုံးလေးလတော့ စောင့်ရမယ်။ ဒီမှာတော့ အမြန်လုပ်ပေးလို့မရပါဘူး။ ဆရာဝန် တစ်ယောက် အနေနဲ့လည်း စီနီယာ ကို ကျော်ပြီးလုပ်ပေးဖို့ မသင့်တော်ပါဘူး"
"ဟုတ်ကဲ့... ကျွန်တော် နားလည်ပါပြီ"
"မြန်ချင်ရင်တော့် ရှင် တောင်ကြီးသွားမလား၊ မန္တလေးသွားမလား"
သို့နှင့် ထိုနေ့က အိမ်ပြန်ရောက်သည်နှင့် ဇနီးကိုပြောမိသည်။

"မိန်းမရေ.. မမျှော်လင့်ဘဲ တို့လင်မယား ရှမ်းပြည်နယ်ကို ခရီးထွက်ရလိမ့်မယ်။ ဘုရားဖူးတော့ မဟုတ် ဘူး"
နယူမန္တလာထွန်းဆိုသော အဝေးပြေးကားနှင့် ဟိုင်းဝေးလမ်းမကြီး အလယ်ရိုးမအပေါ် ရောက်နေတော့ လည်း ကျွန်တော်ကဇနီးကို ပြောမိသေးသည်။
"အံ့သြစရာ မကောင်းဘူးလား။ တို့ဘယ်လိုမှ မမျှော်လင့်ဘဲ အဝေးပြေးလမ်းမကြီးပေါ်မှာ တို့လင်မယား ရောက် နေပြီ။ တောင်ကြီးမှာ တစ်လခွဲ နှစ်လနေရဦးမယ်။ ကြည့်စမ်း.. ကံကြမ္မာရဲ့ အကွက်ချစီစဉ်မှု၊ တို့ ဘာ မှ မတတ်နိုင်ဘူး"
ယခုတော့ အေးသာယာ အဝေးပြေးဂိတ်ဝင်းရှေ့က လက်ဖက်ရည်ဆိုင်မှာ ကျွန်တော်တစ်ယောက်တည်း ငုတ်တုတ်။ ဇနီးက အေးသားယာမြို့သစ်နေ အစ်ကို ဝမ်းကွဲဖြစ်သူ ကိုဘုန်းမြင့် ဆိုင်ကယ် နှင့် ခရီးသွား အိတ် တချို့ သယ်ကာ ကိုဘုန်းမြင့်အိမ် သွားနေလေသည်။

ပထမ ကိုဘုန်းမြင့်နှင့် မတွေ့လျှင် မနက်မိုးလင်းမှ ကားငှားသွာမယ်ပေါ့။ ကိုဘုန်းမြင့်နှင့်တွေ့တော့ ကိုဘုန်းမြင့် က မငှားနဲ့၊ ကားခဈေးကြီးတယ်၊ မြို့တွင်းမှာတောင် ရှစ်ထောင် တစ်သောင်း တောင်းတာ ဆိုတော့ ကျွန်တော်ဖြုံသွားသည်။ ကျွန်တော်တို့ ရန်ကုန်မှာ ဘယ်စီးစီးတစ်ထောင်ပဲ။ ၄၅ လမ်းမှာ မဂ္ဂဇင်း တိုက်ရှိ တုန်းက စာပေးစိစစ်ရေးကို ၁၂၀၀ ကျပ်ပဲ ပေးရသည်။ ၃၉ လမ်းရောက်သွားတော့လည်း ၁၂၀၀ကျပ်ပဲ။ မြို့တွင်း တစ်ထောင်ကျပ်၊ ရန်ကုန်မှာကတော့ တက္ကစီကားလည်းများ၊ စီးသူကလည်း များပေ သကိုး။
အေးစိမ့်မိုးက တဖျောက်ဖျောက်ကျဆဲ။ အေးသာယာမြို့သစ်သည် လူးလွန့်နိုးထလာလေပြီ။ ကား၊ ဆိုင်ကယ် နှင့် သင်တိုင်းအမည်းဝတ် ရှမ်းဘောင်းဘီ အမည်းဝတ်၊ အထမ်းတွေ အပိုးတွေနှင့် တိုင်းရင်းသား အချို့ ကို တွေ့ရပြီ။ ပအိုင့်၊ တောင်သူ၊ အင်းသား။

ကျွန်တော်တို့ လင်မယား တောင်ကြီးမြို့ကို သွားရတော့မယ်ဆိုတော့ အဆက်အသွယ်တွေ အရင်ဆုံး ရှာ ဖွေ ရသည်။ ယောက်ဖဖြစ်သူတွေဆီ ဆက်ရသည်။ ပြီးတော့ အရေးအကြီးဆုံး ဒေါက်တာ အောင်ကျော်ထွေး နှင့် အဆက်အသွယ်ရဖို့။ သူကမှ တောင်ကြီးမှာ အဆင်ပြေစွာ အမြန်ဆုံး ဆေးကုသ ခံယူနိုင်ရေး ကို ကူညီ နိုင်မှာပါ။ ဒါပေမယ့် သူက အလုပ်တာဝန်အရ မကြာခဏ ခရီးထွက်တတ်သည်။ သို့သော် ကံကောင်းသည်။ အောင်ကျော်ထွေးနှင့် အဆက်အသွယ် ရသွားပါသည်။

"ဟဲလို.... ဒေါက်တာ အောင်ကျော်ထွေး အိမ်ကလား"
"ဟုတ်ပါတယ်ရှင့်"
"ဆရာ နဲ့ စကားပြောချင်လို့ပါ"
"ဆရာ ရုံးသွားပါတယ်ရှင့်"
"ဘယ်အချိန် ပြန်ရောက်မလဲ"
"ညနေ ငါးနာရီလောက် ရောက်ပါမယ်ရှင့်။ အခုပြောတာ ဘယ်သူပါလဲ ရှင့်"
"ရန်ကုန်က ဦးတင်ဆင့်ပါ။ စာရေးဆရာဆိုရင် သူသိတယ်။ သူနဲ့စကားပြောစရာ အရေးတကြီး ကိစ္စ ရှိလို့ပါ"
"သြော်.... ဟုတ်ကဲ့ရှင့် ဆရာ၊ ကျွန်မပြောထားလိုက်ပါမယ်ရှင့်"

ယဉ်ကျေးသော ရှမ်းသံဝဲဝဲလေးနှင့် ဒေါက်တာအောင်ကျော်ထွေး ဇနီးဖြစ်သူနှင့် အဆက်အသွယ်ရတော့ ဒီမောင်ခရီး မသွားဖြစ်သေးတာ သေချာသွားပြီ။ စိတ်ချမ်းသာသွားပြီ။ ယောက်ဖဝမ်းကွဲ (အငယ်) ဖြစ်သူ ကို ဆက်သွယ်တာမရ။ ယောက်ဖ (အကြီး) ဖြစ်သူကို ဆက်သွယ်တော့ရသွားသည်။ သူက သူ့ညီကို ဆက်သွယ် ထားလိုက်မည်ဟု ဆိုသည်။ ရန်ကုန်ကထွက်လာခါနီး သူ့ဆီထပ်ဆက်ဖို့ပြောသည်။ ယောက်ဖ ကြီး က တောင်ကြီးမြို့ပေါ်မှာ နေသည်။ သူ့ဇနီးကလည်း အင်းလေးသူဖြစ်သည်။ သူတောင်ကြီးမြို့ပေါ်မှာ မြို့ပိုင် တာဝန်ကျစဉ်က ထိုအင်းသူနှင့် အိမ်ထောင်ကျခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။ ယောက်ဖအငယ်၏ ဇနီး ကလည်း အင်းသူပဲဖြစ်သည်။

ယခုတော့ ယောက်ဖအကြီးက ပင်စင်စား။ ယောက်ဖအငယ်က တောင်ကြီး အောက်ဘက် အေးသာယာ မြို့သစ် မှာနေသည်။ ကျွန်တော်က ယောက်ဖအငယ်နှင့်ကျွမ်းဝင်သည်။ ဇနီးနှင့် လက်ထပ်ခါစကတည်းက ခင်မင် နေသည်။ ယောက်ဖအကြီးကတော့ ကိုယ့်ထက်လည်းကြီး၊ ဆုံးဖူးတာ လည်းနည်းတော့ သိပ်ပြီး ရင်းနှီးမှုမရှ။ သို့နှင့် တောင်ကြီးရောက်လျှင် ယောက်ဖအငယ် အိမ်မှာတည်းပြီး ဆေးကုမည်ပေါ့။ စိတ်ကူးက အေးသာယာ နှင့် တောင်ကြီး ဆိုတာက တောင်ပေါ်နှင့် တောင်အောက်၊ ဆိုင် ကယ်၊ ကားတို့ နှင့် နာရီဝက် ထက် ပိုကြာုအောင်မသွားရ။ တောင်ကြီးပေါ် အတက်အဆင်း လမ်းနှစ်လမ်း ပေါ်က တောင်ကြီး ကို ပတ်တက်ရင်း အောက်သို့လှမ်းကြည့်လျှင် အေးသာယာကို တောက်လျှောက်လို မြင်နေခဲ့ ရလေသည်။

နောက်ထပ်ဆက်သွယ်မိတာက ဆရာဒဂုန်တာရာ၏တူမ။ ဆရာမ သင်းမြစန္ဒီ။ ဆရာမနှင့်လည်း ဆက်သွယ် လို့ရသည်။ ဘယ်မှာတည်းမှာလဲ။ ဘာကူညီပေးရမလဲ။ တောင်ကြီးရောက်လျှင် ဖုန်း ပြန်ဆက် လိုက် ဟု ဆရာမကလည်း စိတ်ဝင်တစား ပြောပါသည်။ ဆရာမ သင်းမြစန္ဒီ (မမြင့်စိန်)နှင့်ကတော့ ဆရာတာရာ မွေးနေ့ပွဲ နှစ်စဉ်သွားရင်း ရန်ကုန်ဆရာမ ရောက်သည့်အခါ တွေ့ဆုံရင်းရင်းနှီးနေပါသည်။ စာရေးဆရာ အချင်းချင်းဆိုတာ စာပေညီအစ်ကို မောင်နှမတွေမို့ သွေးချင်းက ပိုရင်းနှီးကြသည်။
ညနေဘက် ဒေါက်တာအောင်ကျော်ထွေးဆီ ဖုန်းပြန်ဆက်တော့ မရောက်သေး။ ဒါနှင့်မနက်မှ ဆက်တော့ မည်ဟု ဆိုကာ မနက်ဆက်တော့ ဆက်သွယ်လို့ ရသွားသည်။ သူက အစ်ကိုရောက်ရင် ကျွန်တော့ဆီ ဖုန်း ဆက် လိုက်ပါ။ ကျွန်တော် ဒေါက်တာဦးနေဝင်းကို ပြောထားမည်ဟု ဆိုပါသည်။ ဒေါက်တာဦးနေဝင်းမှာ တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံကြီး ကင်ဆာဝပ်က ဌာနမှူး အထူးကုဆရာဝန်ကြီး ဖြစ်ပါသည်။

"ဆရာတာရာ မွေးနေ့ပွဲ မေလက လာတုန်းက တောင်ကြီးတက်လာပြီး မင်းနဲ့တွေ့တော့တောင် အစ်ကိုပိန် သွား ပါလားလို့ မင်းကပြောတော့ ငါကွာ ကင်ဆာများဖြစ်နေလား မသိဘူးလို့ မင်းကို နောက်ခဲ့သေးတယ် လေ။ ခု တကယ်ဖြစ်နေတယ်ကွာ၊ လည်ချောင်းမှာတဲ့"

ဒီမနက် အရေးအကြီးဆုံးက အောင်ကျော်ထွေးဆီ ဖုန်းအဆက်အသွယ်ရဖို့ပင်။ သူက ဟန်းဖုန်းဖွင့်ထား မည် ဆိုသော်လည်း မနက်ပိုင်းဆို သူက အိမ်မှာ ကိုးနာရီလောက်အထိ ရှိတတ်သည်။ ကိုဘုန်းမြင့် ဆိုင် ကယ် နှင့် လက်ဖက်ရည်ဆိုင်ကို တစ်ခေါက်ပြန်လာလျှင် မနက်ခြောက်နာရီခွဲ ခုနစ်နာရီလောက် ရှိတော့ မည်။ စောတော့ စောသည်။ သည်အေးမြတဲ့ ရှမ်းပြည်တောင်ပိုင်းမှာလေ။ နောက်ပိုင်း တောင်ကြီး မှာနေရင်း သိလာရသည်က တောင်ကြီးမြို့က လူအများစုမှာ မနက်စောစော သိပ်မလှုပ်ရှားကြ။ (အိပ်ရာ ထဲက မထွက် တက်) ညဆိုလျှင်လည်း ခြောက်နာရီဆို လူပြတ်သလောက်ရှိပြီ.။ အေးတာကိုး။ 

ယခုလို မိုးလေက စိမ့်တိမ့် တိမ့်ဆို ဘယ်သိပ်ထွက်ချင်တော့မလဲ။ အိမ်ထဲမှာပဲ တက်နိုင်သမျှ ကုပ် နေကြမည်။ မလွဲ မရှောင်သာမှ။ ဆောင်းတွင်းကာလမှာလည်း အေးစိမ့်မှုက သူတို့ကို အိမ်ပြင်ထွက်ဖို့ ဟန့်တား နေသလို။ နွေကာလမှာတော့ ညဘက် လမ်းသလားတာတွေရှိသည်။ သည်နှစ် (၂၀၁၀) နွေကာလ (မေလ) ထဲ ကျွန်တော်တို့ တောင်ကြီး ကိုရောက်ခဲ့သည်။ ညဘက်စားသောက်ဆိုင်မှာ ထိုင်ဖြစ်သည်။ ၁၀နာရီလော်ထိ ထင်ပါရဲ့။ ကိုညွှန့်သစ်၊ မင်းထက်ခိုင်၊ နောက်မင်းနိုင်၊ ကဗျာဆရာတွေနဲ့ ကျွန်တော်။ ပြီးတော့ ဒေါက်တာအောင်ကျော်ထွေး၊ ကမ္ဗောဇစာကြည့်တိုက်က ကိုရဲအောင်၊ မေနှင်းကျော်။

နံနက် ၆း၄၅ နာရီမှာ ကိုဘုန်းမြင့်ဆိုင်ကယ်နှင့် ပြန်ရောက်သည်။ လွယ်အိတ်ကိုလွယ်၊ သားရေအိတ်တစ် လုံး နှင့် ကိုဘုန်းမြင့်ဆိုင်ကယ်နောက်က တက်လိုက်သည်။ မိုးဖွဲကလေးတွေက လွင့်ပျယ်သလောက်ရှိပြီ။ သို့ တိုင်ဆိုင်တချို့ ဖွင့်စပဲရှိသေးသည်။ တယ်လီဖုန်းဆက်ချင်တယ်ဟု ကျွန်တော်ပြောလိုက်သည်။ ဖုန်းဆိုင် တွေ ကားဂိတ်ဝင်းအနားမှာ မဖွင့်သေး။ သည်မှာက မနက်ရှစ်နာရီကျော် ကိုးနာရီပါးလောက်မှ လှုပ်ရှား သက်ဝင်လာတတ်ကြတာ။
ဆိုင်ကယ် က အဝေးပြေးကားလမ်းမကြီးကို ကျော်ဖြတ်ခါ အေးသာယာမြို့သစ် (တောင်ဘက်စူးစူး) ကျောက်ခင်း လမ်းပေါ် ပြေးသွားသည်။ အတန်ကြာသွားမိတော့ စတိုးဆိုင်ရှေ့ ရောက်လာ၏။ ဆိုင်က မဖွင့် သေး။

"ဆိုင်မဖွင့်သေးဘူး ကိုတင်ဆင့်ရေ၊ ဒီမှာ ဖုန်းဆက်လို့ရတယ် (ကုန်ခြောက်လည်း ဝယ်လို့ရသလို၊ ဓာတ်ဆီ လည်း ဝယ်လို့သည်) ဈေးဘက်မှာတော့ ဆိုင်တွေ ဖွင့်လောက်ပြီ"
မြေနိမ့်ပိုင်း ရေထွက်စမ်းပေါက်ဆိုသည့် နေရာရောက်တော့ ညာဘက်ကုန်းမြင့်ပေါ်မှာ ဆိုင်ကယ်ကွေ့ သွားသည်။ အေးသာယာမြို့သစ်ဈေးဘက်။
ဈေးကလည်းဖွင့်စ။ မနက် ခုနစ်နာရီနီးပါးရှိပြီ၊ ဈေးထောင့်အပြင် လမ်းတစ်ဖက်က စတိုးဆိုင်ကြီးတစ်ခုက ဖွင့်စ။ ကိုရီးယားဆံပင်ရှည်လေး။ ဘောင်းဘီရှည်နှင့် ဖြူဖြူချောချော ကလေးမလေးက ဆိုင်တံခါးဖွင့်ကာ ပစ္စည်း တွေ ပြင်ဆင်ချိတ်ဆွဲနေ၏။ ဆိုင်ကယ်ကို ဆိုင်ရှေ့ရပ်ကာ "ဖုန်းဆက်လို့ ရလားသမီး"ဟု မေးရ သည်။ "ရပါတယ်ရှင့်တဲ့"။ အော်တိုဖုန်းတွေ၊ ဦးဆုံးရန်ကုန်က သားကြီးဆီဆက်လိုက်သည်။ ရန်ကုန်မှာ ခြောက်နာရီ ဆို အိပ်တန်းထကြပြီ။

"ဖေတို့ အေးသာယာရောက်နေပြီ။ ဟုတ်တယ်၊ တောင်ကြီးက အေးသာယာမြို့သစ်ပေါ့၊ ကိုစိတ်ကုလား (ကိုဘုန်းမြင့်)နဲ့ တွေ့တယ်။ အဆင်ပြေတယ်၊ သား မီးဂရုစိုက်နော်၊ ညီလေးရော အိပ်ရာကထပြီလား။ အေး ....အေး... နောက်မှ အခြေအနေကို ထပ်ဆက်မယ်"
သားကြီး ဆီ ဆက်ပြီးတော့ ဒေါက်တာအောင်ကျော်ထွေးဆီ။ ကျေးဇူးပြု၍ "ပိုလာ" အိပ်ရာက နိုးနေပါစေ။
"ဟုတ်ကဲ့ရှင့်၊ သြော်.. အခုပဲ လမ်းလျှောက်ပြီး ပြန်လာတာ ဆရာရှိပါတယ်"
"ဟုတ်ကဲ့အစ်ကို"
"ငါရောက်နေပြီကွ၊ အေးသာယာမှာ၊ ဘယ်မချိန်လာရမလဲ"
"ဒီလိုလုပ် အစ်ကို ကိုးနာရီလောက် ကျွန်တော့်ဆီပြန်ဆက်ပါ။ ကျွန်တော် မေးထားလိုက်မယ်"
"အိုကေ"

ကျွန်တော် ဖုန်အဆက်အသွယ်ရသည့်အတွက် စိတ်သက်သာရာရသွားသည်။ သို့နှင့် ကိုဘုန်းမြင့်အိမ်သို့။ ဈေးမှ ကျောက်ခင်းလမ်းအတိုင်း ရေထွက်သို့ ပြန်သွားသည်။ ထိုမှ အရှေ့မြောက်ဘက်သို့။ ရေထွက်ဆို သည့် လမ်းဆုံလေးမှာ အုတ်ကန်များရှိသည်။ စမ်းပေါက်မှရေကို သွယ်ယူပေးထားဟန် တူသည်။ ရေက အုတ်ကန် မှာ ပြည့်လျှံနေပြီး ကြည်လင်အေးစက်နေလေသည်။
ကျောက်ခင်းလမ်းအတိုင်း အတန်ကြာသွားပြီးတော့ မှိုင်းပြာမှုန်ဝေနေသော တောင်ကြီးတောင်တန်း၏ တောင်ခြေအနီးရောက်သည်။ အိမ်လေးများက ကျိုးတိုးကျဲတဲ။ ကိုဘုန်းမြင့်အိမ်ကတော့ တစ်ထပ်အုတ်စီ အိမ် ဖြစ်သည်။ သူ့အိမ်သို့ သွားရာလမ်းမှာ မြေလမ်းဖြစ်သည်။ မိုးက ယခုရက်ထဲ မပြတ်သဖြင့် ဆိုင်ကယ် နှင့် ဝင်လို့မရလောက်အောင် ရွှံ့မြေဖြစ်နေသည်။ ကျွန်တော်က ဆိုင်ကယ်ပေါ်မှဆင်း၊ ဖိနပ်ချွတ်ကိုင်ကာ ချော်မလဲအောင် သတိထားပြီး တရွေ့ရွေ့။ သူကတော့ အိတ်တစ်လုံကိုတင်ကာ ဆိုင်ကယ်ကို ဒယီးဒယိုင် စီးကာ ဝင်သွားသည်။ ကိုက် ၁၀၀ လောက်ဝင်ရမလားပဲ။ မိုးလေကင်းစင်လျှင်တော့ မြေက ချက်ချင်းလို လူသွား လို့ ရအောင် ခြောက်သွေ့သွားတတ်သည်။

တောင်တန်းကြီးကို လှမ်းကြည့်လိုက်တော့ တောင်ထိပ်ပိုင်းက တိမ်ခိုးမြူခိုးတွေထဲ မြုပ်နေပြီး မိုးမှုန်လေး များနှင့် မှိုင်းပြာနေလေ၏။ ဆရာဒဂုန်တာရာ ပန်းချီကား မဲနယ်တောင်တန်းကို သတိရမိသည်။ အရှေ့ဘက် ကုန်းမြင့်ပေါ်မှာ ဘုန်းကြီကျောင်း၊ စေတီလေးတစ်ဆူ။ အဲဒါ ကျွန်တော်ပြောတဲ့ "နောင်ရင်" ဘုန်းကြီး ကျောင်းပေါ့ ဟု ကိုဘုန်းမြင့်က ပြောသည်။ သည်ဘုန်းကြီးကျောင်းက ကိုဘုန်းမြင့် အိမ်ရှေ့ ကုန်းပေါ်မှာ။ ကိုဘုန်းမြင့်အိမ်ကဆို ကိုက်၁၀၀ သာသာလောက်ဝေးသည်။ အဲသည် ဘုန်းကြီင်္းကျောင်း တယ်လီဖုန်း နံ ပါတ် ပေးထားခဲ့တာ။ ရန်ကုန်မှခေါ်တော့ တစ်ခါမှခေါ်မရ။
ကိုဘုန်းမြင့် အိမ်ကလေးက ရှမ်းပြည်နယ်၏ လက်ပေါက်အုတ်ဖြူတွေနှင့် တည်ဆောက်ထားသည်။ အိပ် ခန်းနှစ်ခန်း၊ မီင်္းဖိုတစ်ခန်းနှင့် ဧည့်ခန်းကျယ်ပါသည်။ အိမ်ခေါင်းရင်း (အရှေ့ဘက်)မှာ ဘုရားစင်ကဟီးနေ သည်။

တစ်ညလုံးကားပေါ်မှာ နာရီပိုင်းလောက် မှေးစက်ခဲ့ရပေမယ့် ယခု မအိပ်နိုင်သေး။ တို့ဟူးနွေးရှမ်းစာ၊ နွားနို့ သောက် ရှေးဖြစ်ဟောင်းစကားတချို့ပြောရင်း မနက်ကိုးနာရီ ရောက်သွားသည်။ ဒေါက်တာအောင်ကျော် ထွေးက ကိုးနာရီမှာ သူ့ဆီဖုန်းပြန်ဆက်ဖို့မှာထားတာ သတိမေ့လို့မဖြစ်။ ဒါက အရေးကြီးသည်။ ဦးတင်ဆင့် အနာက အမြန် ဓာတ်ရောင်ခြည်ကင်ဖို့ လိုတယ်ဆိုသော် ဆရာဝန်ကြီး ဦးထက်မြတ် ကပ် ပြောထားတာ အာရုံမှာ သံချောင်းခေါက်နေသည်။ ကိုးနာရီထိုးသည်နှင့် အပြင်ထွက်ဖို့ ဖုန်းဆက်ဖို့ ကိုဘုန်းမြင့် ကို သတိ ပေးရသည်။

ရွှံ့လမ်းကို ဖိနပ်ချွတ်ဖြတ်ရပြန်သည်။ လွယ်အိတ်ကိုလွယ်။ (လွယ်အိတ်ထဲမှာ ဆေးမှတ်တမ်းစာရွက်တွေ၊ အက်လ်ထရဆောင်း၊ အီးစီဂျီင်္နှင့် ဓာတ်မှန်ရိုက်ထားတဲ့ ဖလင်တွေ)။ ကိုဘုန်းမြင့် က ဆိုင်ကယ်နှင့် ထွက် လာ။ ကျောက်လမ်းရောက်သော်လည်း ခြေမဆေးရသေးဘဲ ရေထွက် (စမ်းပေါက်အုတ်ကန်) လမ်းဆုံလေး ထိ ဆိုင်ကယ်နော်ကမှတက်လိုက်။ ရေထွက် အုတ်ကန်မှာခြေဆေး။ ပြီးတော့ အလာတုန်းက ပိတ်ထားသော တောင်ကြီးလမ်းမအတွက် ကုန်စုံဆိုင်မှာ ဖုန်းဆက်ရသည်။ အောင်ကျော်ထွေးဆီ ချက်ချင်း ဆက်မရ။ သို့ နှင့် ရန်ကုန်းကဗျာဆရာ ဆရာမောင်လင်းရိပ်ဆီ ဆက်ကြည့်သည်။ ဆရာလင်းနှင့် ဖုန်းရတော့ ဆရာလင်း က ဝမ်းသာအားရ အခြေအနေကို မေးသည်။ တောင်ကြီးအေးသာယာမြို့သစ်ကို ရောက် နေကြောင်း၊ မိုးဖွဲ လေးတွေကျနေကြောင်း။ ယခု တယ်လီဖုန်းဆက်သည့် နေရာမှ အရှေ့ဘက်ကို လှမ်းမျှော်ကြည့်လျှင် ကြည်နူးဖွယ်ရာ မှိုင်းပြာနေသည့် တောင်တန်းကြီးကို မြင်နေရကြောင်း တိမ်ခိုးမြူခိုး တွေ ယှက်သန်းနေ ကြောင်း ကျွန်တော်ဖွဲ့နွဲ့ပြနေမိသေးသည်။ ဆရာကစာရေးဖို့ ကြိုးစားပါဟု တိုက်တွန်း နေသည်။

ဆရာမ သင်းမြစန္ဒီ ဆီ ဆက်သေးသည်။ ဆရာမနှင့်မတွေ့။ အပြင်ထွက်နေသည်ဟု ဆိုသည်။ သေချာတာ က ကိုဘုန်းမြင့်အိမ်ကနေ တောင်ကြီးကို နေ့စဉ်တက်ခါ ဓာတ်ရောင်ခြင်ကင်ဖို့က မလွယ်။ အထူးသဖြင့် ရွှံ့ လမ်း။ မိုးက ဘယ်တော့ပြတ်မယ်မသိ။ နိစ္စဓူဝ ကိုဘုန်းမြင့်က ဆိုင်ကယ်နှင့် ပို့ပေးဖို့လည်း မဖြစ်နိုင်။ သူတို့ မိသားစု မှာလည်း အလုပ်တွေနှင့်။ ဘတ်စ်ကား မောချယ်ရီဂိတ်ပင် သူ့အိမ်နှင့် လှမ်းသည်။ အဲတော့ သင်းမြစန္ဒီ ပြောသော ဘုန်းကြီးကျောင်းတည်းခိုဖို့ လုပ်ကြရသည်။ ယောက်ဖကတော့ သူ့အိမ်မှာ တည်းနိုင် သည်ဆိုနေသော်လည်း...။
ဒေါက်တာအောင်ကျော်ထွေးနှင့် ဖုန်းရတော့ ၁၀နာရီပင် ထိုးလုပြီ။ ဒေါက်အောင်ကျော်ထွေးက ၁၀နာရီ လောက် ဆေးရုံနှင့်နီးသော ညောင်ပင်ကြီးအောက်က လက်ဖက်ရည်ဆိုင်၊ မျက်စောင်းထိုးမှာ ဓာတ်ဆီဆိုင် အဲဒီကို လာခဲ့ပါတဲ့။ သူလည်းအဲသည်ကို။ ပြီးမှ ဆေးရုံကို ကင်ဆာဝပ်ကို။

ကိုဘုန်းမြင့် အိမ်တစ်ခေါက်ပြန်ရသည်။ ဆိုင်ကယ်ဦးထုပ်ယူ၊ ဆိုင်ကယ်လဲလှယ် စသည့်ဖြင့် အလုပ်ရှုပ်သွား သည်။ ဆိုင်ကယ်စီးဦးထုပ် တစ်ယောက်တစ်လုံးဆောင်းကာ တောင်ကြီးသို့။ နေရောင်ခြည် က ဝင်းပနေ ပြန်သည်။
အချိန် ၁၀ နာရီ။ ဒီကြာူး ကိုဘုန်းမြင့်က လမ်းမကြီးဘေးရှိ ပုဂ္ဂလိကဓာတ်ဆီဆိုင်တွင် ဓာတ်ဆီတစ်ဘူး တစ်ထောင်ဖိုး ဝင်ထည့်သေးသည်။ ဓာတ်ဆီတစ်ထောင်ကျပ်ဖိုး ဆိုင်ကယ်ထဲဖြည့်ထားလျှင် အသွားအပြန် ကောင်းကောင်း ရသည့်အပြင် တောင်ကြီးမြို့ပေါ် သွားလိုရာ သွားနိုင်သည်တဲ့။ ဆိုင်ကယ်၏ ကောင်းခြင်းက ဆီစားသက်သာခြင်း ဖြစ်သည်။ ဒါကြောင့် နယ်မြို့တွေမှာ ဆိုင်ကယ်က အများသုံး၊ ဆိုင်ကယ် က ဇာတ်လိုက်ကျော်၊ တောင်ကြီးမြို့မှာလည်း ကားထက် ဆိုင်ကယ်က သုံးလေဆ များနေသည်။

ထိုနေ့က ဒေါက်တာအောင်ကျော်ထွေးနှင့်တွေ့ပြီး ဆေးရုံကြီးသွား။ အောင်ကျောထွေးက ဒေါက်တာ ဦးနေဝင်း ဆီ အပ်ပေး။ ဆရာဝန်ကြီးက ဓာတ်ကင်ဖို့ ရက်ချိန်းပေး၏။ သည်နောက် သူနာပြုလေးက ဆေးမှတ်တမ်း ရေး၊ စာအုပ်လုပ်ပေး။ နောက် ကမ္ဗောဇစာကြည့်တိုက်သွား၊ မီလျံနာစာအုပ်ဆိုင်မှာ မဂ္ဂဇင်း အချို့ဝယ်၊ မြို့မ ဈေးကြီးမှာ ဆေးဝယ်။ ဘုန်းမြင့်ကိစ္စလေးတချို့လုပ်တာနှင့် ထိုနေ့နေ့လယ်စာကို တောင်ကြီး မှာပင် ဆီချက် တစ်ယောက်တစ်ပွဲနှင့် ပြီးရသည်။ အေးသာယာပြန်ဆင်းတော့ မွန်းတိမ်း သုံးနာရီ နီးနေပြီ။ သည်တော့မှ ဆရာမ သင်းမြစန္ဒီဆီ ဖုန်းဆက်သွယ်လို့ရသည်။
"ကျွန်မ ဘိုးဘွားရိပ်သာကျောင်းက ဦးဇင်းဦးအိန္ဒကကို ပြောထားတယ်။ အစ်ကို ဒီနေ့ပြောင်းလိုက်ပါ။ ဦးဇင်း နဲ့ သွားတွေ့ပြီး ဆရာတော်ကို ပြောပေါ့"
"မမြင့်စိန်ရေ။ အစ်ကို ညကလည်း ကားပေါ်မှာမအိပ်ရ။ အခုလည်း တမှေးမှ မအိပ်ရသေးဘူး။ တောင်ကြီး တက်။ ဆရာဝန်နဲ့တွေ့။ လုပ်စရာရှိတာလုပ်နဲ့ အစ်ကိုတော်တော် ပင်ပန်းနေပြီ။ မနက်မှ ပြောင်းနိုင်မယ်။ ညည်း ဘုန်းကြီး တွေကို ကြည့်ပြောပေးထားပါ"

"ကျွန်မက အခန်းမရမှာစိုးလို့ပါ။ ဘုန်းကြီးကျောင်းကို ရန်ကုန်က ကထိန်ခင်းမယ့်သူတွေ လာမယ်တဲ့။ ပြီး တော့ တန်ဆောင်တိုင်ပွဲလာကြမှာ ရှိသေးတယ်။ အဲဒါကြောင့် ပြောတာ၊ အစ်ကိုမနက်ကို ပြောင်း ဖြစ်အောင် ပြောင်းနော်။ ဒါဆိုဒီနေ့ နားလိုက်ဦး"
"ကျေဇူးပဲ မမြင့်စိန်ရ"
တောင်ခြေက အေးသာယာရွာကလေးဆီ ပြန်ရောက်တော့ လူမှာအတော်နွမ်းနေသည်။ ညနေဘက် ခေါက်ဆွဲပြုတ် စားတော့လည်း သိပ်မစားနိုင်။ မြန်မြန်ဓာတ်ကင်ဖို့ လိုပြီ။ ကင်ဆာဆဲလ်တွေ အရမ်းပြန့်မ သွားခင်။
ထိုညက ရခိုင်ပြည်နယ်ဘက်ကို ဂီရိမုန်တိုင်း ဝင်ရောက်နေလေသည်။ ရှမ်းပြည်နယ် တောင်ပိုင်းအထိ မိုးသက်လေက ရောက်ရှိခဲ့သည်လား။ အေးစက်သော မိုးဖျောက်ဖျောက်ကျသံကြား ကျွန်တော်လုံးဝ အိပ် စက်ခြင်းထဲ။

ထိုနေ့က ကျွန်တော်တို့ဆေးကုသရန် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရောက်သည့် ၂၁ရက်၊ အောက်တိုဘာလ ၂၀၁၀ခုနှစ် ဖြစ်သည်။
ဒေါက်တာ အောင်ကျော်ထွေးက  စဝ်စံထွန်းဆေးရုံနှင့် အနီးဆုံး လက်ဖက်ရည်ဆိုင်ဖြစ်သည့် ညောင်ပင် အောက် က ဆိုင်မှာ စောင့်မည်။ ရှေ့မျက်စောင်းထိုးမှာ ဓာတ်ဆီဆိုင်ရှိသည်ဟုဆိုသည်။ တကယ်က ရှေ့မှာ ပညာရေးကောလိပ် (တောင်ကြီးမြို့) ဝင်းလည်းရှိသည်။ အောင်ကျော်ထွေက ညွှန်းတာ ကိုဘုန်းမြင့်ပြော ပြတော့ သူက ချက်ချင်းဘယ်နားဆိုတာ သဘောပေါက်သည်.။ သူက တောင်ကြီးမှာ နှစ်ပေါင်း ၃၀ လောက် နေလာတာဆိုတော့။ ပြီတော့ ကားသမားလည်းဖြစ်သည်ဆိုတော့ နေရာ ကို မှန်းဆလိုက်နိုင်ခြင်း ဖြစ်သည်။

စဝ်စံထွန်းဆေးရုံက တောင်ကြီးမြို့၏ မြောက်ဘက်တွင်ရှိပြီး တောင်ကြီးမြို့ပေါ် အတက်လမ်း၊ အဆင်း လမ်းလွဲ အလွန်လေးမှာ ရှိသည်။ ကျွန်တော်နှင့် ကိုဘုန်းမြင့်တို့က ဆေးရုံကျော်ပြီး ဆိုင်ကယ်ကို မောင်း သွားရသည်။ စဝ်စံထွန်း ဈေးလမ်းလွန်းပြီးမှ ညောင်ပင်ကြီးတစ်ပင်ကို တွေ့သည်။ ညောင်ပင်က နှစ်ပေါင်း ရာချီ နေလောက်သော ဧရာမ ညောင်ပင်ကြီး။ ညောင်ပင်ကြီးဘေးက လမ်ကိုညောင်ပင်လမ်း။ (နောင်... စဝပ်စံထွန်းအနီး ဘိုးဘွားရိပ်သာ ဘုန်းကြီးကျောင်းမှာ တည်းခိုတော့ ကျွန်တော်ထိုလမ်းကို ပတ်လျှောက် ကြည့်သည်။ ထိုလမ်းထဲတွင် ငြိမ်ချမ်းဟိုတယ်နှင့် ပတ္တမြား အထူးဆေးခန်း သူတို့က Hospitalဆေးရုံဟု ဆိုင်းဘုတ် တတ်ထားသည်။)  ထိုလမ်းထဲမှာရှိတာ တွေ့ရသည်။

ဒေါက်တာ အောင်ကျော်ထွေးက လက်ဖက်ရည်ဆိုင် ဦးစွာရောက်နေခဲ့သည်။ ကျွန်တော်တို့ ဆိုင်ကယ်ဝင် သွာတာ တွေ့တော့ လက်မြောက် နှုတ်ဆက်လိုက်သည်။ သူက ကျွန်တော်ယူသွားတာ ရန်ကုန်ဆေးရုံကြီး မှ ပေးလိုက်သော ဆေးမှတ်တမ်းတွေကိုကြည့်သည်။ ကင်ဆာဝပ်မှ ရေးပေးလိုက်သော လွှဲစာ၊ အသားစ ဓာတ်ခွဲ စမ်းသပ်မှုအဖြေစာရွက် စသည်ဖြင့်။ ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်ကထတော့ နံနက် ၁၀ နာရီ ခွဲတော့မည်။ နေရောင်ခြည်က တောက်ပနေ၏။
ဒေါက်တာအောင်ကျော်ထွေးက ဆိုင်ကယ်တစ်စီး။ ကျွန်တော်နှင့် ကိုဘုန်းမြင့်က တစ်စီး စဝ်စံထွန်းဆေးရုံ ဘက် ပြန်လာခဲ့ကြသည်။ ကင်ဆာဓာတ်ရောက်ခြည်ဌာနက အရေးပေါ်ဌာန၏ အနောက်ဘက်မှာ။ ကျွန်တော် တို့ ယိုးဒယား ပိတောက်ပန်း ဝါဝါထိန်ထိန် အပင်တန်းရှိသော အရေးပေါ်နှင့် ဆေးဆိုင် ဘေးလမ်း က နေ ဝင်ခဲ့ကြသည်။

ကျွန်တော်တို့ ရောက်သွားတော့ ဆရာဝန်ကြီး ဦးနေဝင်းရောက်နေပြီ။ ဒေါက်တာဦးနေဝင်းက ရှမ်းပြည် နယ် ကင်ဆာဌာနတာဝန်ခံ ဆရာဝန်ကြီးဖြစ်သည်။ ထောင်ထောင်မောင်မောင်း အသားဖြူဖြူ၊ သူက အမြဲလို ဂျူတီကုန်ကို ထပ်ဝတ်ထားတတ်သည်။ ကျွန်တော်တွေ့ဖူးသမျှ ဘောင်းဘီအမြဲဝတ်သည်။ ဆရာကြီး နှင့် အတူ စပယ်ရှယ်လစ် ဒေါက်တာ ဒေါ်အေးအေးမြင့်လည်း ဆရာဝန်ကြီး လက်ထောက် အဖြစ် လူနာတွေကို ကူကြည့်ပေးသည်။

ဒေါက်တာအောင်ကျော်ထွေးနှင့် ဒေါက်တာဦးနေဝင်းမှာ ရင်းနှီးပြီးသား။ ဒေါက်တာအောင်ကျော်ထွေး ဒုဆေးရုံအုပ် အဖြစ် စဝ်စံထွန်းဆေးရုံကြီးမှာ ရှိကတည်းက ဆရာဦးနေဝင်းလည်း ရှိနေသည်။ နောက် အောင်ကျော်ထွေး က မိတ္ထီလာပြောင်းသွား၊ ယခုပြည်နယ် ဒုအုပ်ချုပ်ရေးမှူး (ကျန်းမာရေးဝန်ကြီးဌာန) အဖြစ် ပြန်ရောက်လာတော့လည်း ဆရာဝန်ကြီးဦးနေဝင်းက သည်ဆေးရုံမှာပဲ ရှိနေခဲ့သည်။ ဒေါက်တာ အောင်ကျော်ထွေး က ဆရာကြီးဦးနေဝင်းထံ ကျွန်တော့်ကို အပ်ပေးသည်။ ထိုနေ့က ကြာသပတေးနေ့။

ဆရာကြီးက တနလာင်္နေ့ ဓာတ်ရောင်ခြည် စတင်ကင်ရန် ရက်သတ်မှတ် ပေးလိုက်သည်။
အားဆေးဝယ်၊ သွားစရာရှိတာသွားနှင့် ထိုနေ့က မွန်းတိမ်းမှတောင်အောက် ပြန်ဆင်းရသည်။ လူမှာ အတော် ပင်ပန်းနေပြီ။ အေးသာယာရောက်မှ ဆရာမသင်မြစန္ဒီနှင့် ဖုန်းအဆက်အသွယ်ရသည်။ ဆရာမက  ဒီကနေ့ ဘုန်းကြီးကျောင်းကို ပြောင်းပါပြောနေလို့ မနည်းတောင်းပန်ရသည်။ အစ်ကို ည ကလည်း ကားပေါ် မှာ မအိပ်ရ။ ဒီကနေ့လည်း တစ်နေ့လုံး၊ အစ်ကိုအရမ်းပင်ပန်းနေခဲ့ပြီ။ သို့နှင့် ထိုညက ထမင်း မစားချင်၍ ခေါက်ဆွဲပြုတ် စားသော်လည်း ကောင်းကောင်းစားမဝင်။

လည်ချောင်းနာနေတာပါသလို ခံတွင်းကလည်း ပျက်ချင်ချင်။ စားချင်စိတ်မရှိ။ အားမပြန်အောင်သာ ကြိတ်မှိတ်စားနေရသည်.။ မြန်မြန်ဓာတ်ကင်ဖို့ လိုသည်။ ဦးတင်ဆင့် မြန်မြန်ဓာတ်ကင်ဖို့ လိုတယ်နော်ဟု ခွဲစိတ် ဆရာဝန်ကြီး ဒေါက်တာထက်မြက်စကား။ ဆရာ့အတွက် ရှေ့ အလားအလာ ကောင်းဖို့ဓာတ်ကင်ဖို့လိုမယ်၊ ဆရာဓာတ်ကင် လိုက်ပါဆိုသောစကား တွေက အကြိမ်ကြိမ် ကျွန်တော့် နားမှာ။ ကျွန်တော့သမီး ဆေးသွင်းတုန်းက အကြိတ်တွေပျောက်သွားပြီ ဓာတ်ကင်တော့မှ ဆုံးတော့တာပဲ ဆိုသည့် ဦးတင်ဦး (ကျူရှင်)စကား။

ဒီမှာ သာကေတမှာရှိတယ်။ အဲဒီဆရာက သိပ်စွမ်းတာ။ ဟုတ်ဟုတ် မဟုတ်ဟုတ် အစ်ကိုရာ သွားပြကြည့်ရအောင်ပါ။ ကျွန်တော်လိုက် ပို့မယ်ဆိုသော မိတ်ဆွေကဗျာဆရာစကား။ ဆရာမိုးဟိန်း (သား ဂျာနယ်ကျော်)၏ ကျေးဇူးရှင် (မိဘနှင့် မခြား) ဆရာဦးးအောင်ဇေယျလည်း လည်ချောင်းကင်ဆာနှင့် ဆုံးပါး သွားခံသလို။ ဆရာမိုးဟိန်းလည်း လည်ချောင်းကင်ဆာနှင့် ပင် ဆုံးပါးခဲ့လေပြီ။ ကိုမိုးဟိန်းကို ကျွန်တော့်မျက်လုံးထဲမထွက်။ ကျွန်တော့်တို့ ပိတောက်ပွင့်သစ် ၄၅ လမ်းမှာရှိစဉ်က် သူ့စာမူပေးရင်း ရောက်လာခဲ့သေးသည်။ သည်တုန်းက ဆရာ့မိခင် ဆရာမကြီး ဂျာနယ်ကျော်မမလေး Cover လုပ်မည်ဆိုပြီး သူ့အိမ် ပြည်သာယာ ဘောက်ထော်ကို ကျွန်တော် နှင့် ကဗျာဆရာညွှန့်သစ်တို့ ရောက်သွား ခဲ့ကြသေးသည်။

"အမှန်အတိုင်းပြောရရင် ဖေဖေနဲ့ ဘယ်သူ့မှ ပေးမတွေ့စေချင်ဘူး၊ ဖေဖေက အခြေအနေမကောင်းဘူး။ ဓာတ်ရောင်ခြည် ကင်တာ မအောင်မြင်ဘူး။ ကီမိုသွင်းတာလည်း မအောင်မြင်ဘူး။ ဖေဖေ့ရဲ့ နောက်ဆုံး အချိန်မှာ"
ဆရာမိုးဟိန်း သား ၏ စကားလုံးတွေက ကျွန်တော့်နား အာရုံမှာမထွက်။ ထိုအခိုက် ဆေးသွင်းပြီး ပြန်လာ သော ဆရာမိုးဟိန်းရောက်လာသည်။ ပိန်လှီယိုင်နဲ့နေသော ခန္ဓာ၊ တောက်ပသောအပြုံး။ ကျွန်တော့် လည်ပင်းကလည်း နာတာတာ။ ကျွန်တော်သောကတွေ တိတ်တခိုး ဝေလွင့်နေပါသည်။ ကင်ဆာ။ ထိုတစ္ဆေ သည် ကျွန်တော့်ကို အရိပ်အရောင် ပြနေခဲ့ပြီထင်သည်။
တကယ်တော့ လည်ပင်းနာတာ လည်ပင်းအကျိန်ကလေးက စလိုက်တဲ့ဇာတ်လမ်း။ ယခု တောင်ကြီးကို ဆေးကု သွားရသည်အထိ အတော်ရှည်လျားလာပြီ။ ကိုရီးယား ဇာတ်လမ်းတွဲ ဖြစ်လာပြီ။ စပြီး ဘယ်လိုဖြစ် လာသလဲဆိုသည့် နောက်ကြောင်း play Back ကို နောက်မှတွေးတော့မည်။ ပင်ပန်း သွားခဲ့တာရယ်၊ အိပ် ရေးပျက်ခဲ့တာရယ်ကြောင့် ထိုနေ့မွန်းတိမ်း တောင်ကြီးမှ အေးသာယာပြန်ရောက်ပြီး ညဘက် အိပ်ရာ စောစောဝင် လိုက်တာ တုန်းခနဲ အိပ်ပျော်သွားသည်။ တရေးမှမနိုးခဲ့။

ဆက်ရန်
.

1 comment:

Angelhlaing(May everybody be happy and healthy! said...

ကြားဖူးနားဝနဲ့တင် ကြောက်စရာကောင်းသလို မြန်လည်း မြန်တဲ့ ကင်ဆာအကြောင်း ရင်တစ်ထိတ်ထိတ်နဲ့ စောင့်မျှော် လျှက်ပါမမရေ..