(တကယ်တော့ လည်ပင်းနာတာ လည်ပင်းအကျိန်ကလေးက စလိုက်တဲ့ဇာတ်လမ်း။ ယခု တောင်ကြီး ကို ဆေးကု သွားရသည်အထိ အတော်ရှည်လျားလာပြီ။ ကိုရီးယား ဇာတ်လမ်းတွဲ ဖြစ်လာပြီ။ စပြီး ဘယ်လိုဖြစ် လာသလဲဆိုသည့် နောက်ကြောင်း play Back ကို နောက်မှ တွေး တော့မည်။ ပင်ပန်း သွားခဲ့တာရယ်၊ အိပ် ရေးပျက်ခဲ့တာရယ်ကြောင့် ထိုနေ့မွန်းတိမ်း တောင်ကြီးမှ အေးသာယာပြန်ရောက်ပြီး ညဘက် အိပ်ရာ စောစောဝင် လိုက်တာ တုန်းခနဲ အိပ်ပျော် သွားသည်။ တရေးမှမနိုးခဲ့။) ကို ဆက်ဖတ်ရန်...
မနက်မှ ကိုဘုန်းမြင့် က အေးသာယာဈေးမှ တို့ဟူးနွေး ဆိုသော ရှမ်းစာကိုသွားဝယ်ပြီး ကျွန်တော်တို့ကို မနက်စောစော ကျွေးသည်။ လည်ချောင်းက နာတာတာရှိသော်လည်း စားလို့ကောင်းသလိုရှိသား။ စားပြီး တာနှင့် တောင်ကြီး ကို တက်ဖို့ (ပြောင်းရွှေ့ဖို့)ပြင်ကြသည်။ အစီအစဉ်ဆွဲကြသည်။ ကျွန်တော်တို့ လင်မ ယား က မောချယ်ရီ ဘီအမ်ဘတ်စ်ကားနှင့် ပစ္စည်းများနှင့် တောင်ကြီးမြို့ကိုတက်၊ ကိုဘုန်းမြင့်တို့ လင်မ ယား က ဆိုင်ကယ်နှင့် လိုက်တက်ခဲ့ကြမည်။ ဆင်းရမည့် ကားဂိတ်မှာ စောင့်မည်။ ပြီးတော့မှ တည်းခိုမည့် ဘုန်းကြီးကျောင်း သွားမည်။
ကိုဘုန်းမြင့်က ပစ္စည်းနှင့်လူတွေကို ဆိုင်ကယ်နှင့် ဘတ်စ်ကားဂိတ်ကို နှစ်ခေါက်တဲ့ပေးသည်။ ကားဂိတ် အစ ဆိုတော့ လူချောင်သော ကားပေါ်နေရာ တက်ယူထားလို့ရသည်။ ပစ္စည်းတင်ခ မပေးရ။ လူတစ်ယောက် အေးသာယာ မှ တောင်ကြီးကို ၂၀၀ ကျပ်။ မောချယ်ရီ လူပြည့်အောင်ရပါသည်။ လမ်းမှာ အတက်အဆင်း လည်း ရှိသည်။ အေးသာယာမှ တောင်ကြီးကို မိနစ်သုံးဆယ်လောက်ပဲ ကြာသည်။ အောက်ဈေး ခေါ် စဝ်စံထွန်းဈေးဂိတ်မှာ ဆင်းရသည်။ ကိုဘုန်းမြင့်တို့ လင်မယား သူတို့မြေးဦးလေး (၂နှစ် သမီး) ပါ စောင့်နေ ကြသည်။ ထိုနေရာလမ်းမှာ တောင်ကြီးမြို့၏ အောက်လမ်းဖြစ်သည်။ ဆရာမသင်းမြစန္ဒီ ပြောသော ဘုန်းကြီးကျောင်းမှာ ဈေးအရှေ့ဘက်မှာ ရှိသည်။ ပစ္စည်းအချို့နှင့် ကျွန်တော် နှင့် ကိုဘုန်းမြင့်ဆိုင်ကယ်နှင့် ကုန်းလေးပေါ် ဈေးအရှေ့ဘက်ကို တစ်ခေါက်တက်ရသည်။ ပြီးမှ နောက်တစ်ခေါက် ပြန်ကဲ့ပေါ့။ ဇနီးနှင့် ကိုဘုန်းမြင့် ဇနီးက ကုန်းကြောင်းတက်ကြသည်။
ဘိုးဘွားရိပ်သာ ဘုန်းကြီးကျောင်း ဆရာမ ဆက်သွယ်ပေးထားသော ဦးဇင်း ဦးအိန္ဒ ကို မေးရသည်။ ဦးဇင်းလေး က အဆောင်တစ်ခုမှ ထွက်လာသည်။ အသက် နှစ်ဆယ်ကျော်လောက်ပဲ ရှိဦးမယ်။ ရှမ်း ၊ ပအိုဝ့် စသည်ဖြင့် မဟုတ်ဘူးထင်သည်။ အကျိုးအကြောင်းပြောပြတော့ သံဃာ့ဆေးရုံမှာ တက်နေသတဲ့။ ဘုန်းမြင့်ဆိုင်ကယ် နှင့် နှစ်ယောက်သား သံဃာဆေးရုံကို ပြေးရသည်။ ဆရာတော်ကြီးမှာ ကျန်းမာရေး မကောင်းသဖြင့် ရန်ကုန်တောင်ကြီး ဆေးရုံတွေလှည့်ပတ်တက်နေရသည်မှာ တစ်နှစ်ခန့်ပြီးဟုဆိုသည်။ လမ်းကောင်းကောင်း မလျှောက်နိုင်။ သီးသန့်ခန်းမှာ ဆရာတော်နှင့် တွေ့သည်။ ကျွန်တော်တို့ လာရောက် တည်းခိုမယ်ဆိုတာ ဆရာတော်က အတန်စဉ်းစားသည်။ ပြီးတော့မှ သူ့အားပြုစုနေကြသည့် ဦးဇင်း တို့ကို မေးသည်။ ဘယ်အခန်းတွေ လွတ်သေးလဲ။ တစ်၊ နှစ် လွတ်သေးတယ်။ နှစ်က အခန်းကျယ်။ ဒကာက ဘယ်နှစ်ယောက်လဲ။ တပည့်တော်က ပြုစုမယ့် ဇနီးနဲ့နှစ်ယောက်ပါ ဘုရား။ တပည့်တော် က ဒီစပ်စံထွန်းဆေးရုံမှာ ဓါတ်ရောင်ခြည် တစ်လလောက်တော့ ကင်ရမယ်ဘုရား။
ရေဖိုး၊ မီးဖိုးတော့ ဒကာကြီးတို့ လှူရမယ်။
တင်ပါဘုရား၊ လှူပါမယ့် ဘုရား။
မီတာခ တွေလည်း ဈေးကြီးလာတယ်။ ရေဖိုးမီးဖိုး သုံးသောင်းခွဲလောက် လှူရလိမ့်မယ်။
တင်ပါဘုရား၊ တပည့်တော် လှူပါမယ့်ဘုရား၊ လှူရမှာပေါ့။
သည်တော့မှ သူ့တပည့် ဦးဇင်းတွေကို အခန်းနံပါတ် (၁) ကိုပေးလိုက်ပါဟု မိန့်လေသည်။ လှူသင့် ပါသည်။ တကယ်တော့ ဒီလိုနေရာပေးတာပင် ကျေးဇှူးကြီးလှပါပြီ။
ကျွန်တော် ဒါတွေရေးပြနေသည်မှာ စာမရှည်ရှည်အောင် အရေးမပါတာတွေ ရေးပြနေခြင်းမဟုတ်ပါ။ ရောဂါတစ်ခုရလာပြီး တစ်မြို့တစ်ရွာမှာ ဆေးသွားကုပြီဆို နေရေးထိုင်ရေးကအစ အခက်အခဲရှိတတ ပါသည်။ ငွေကြွေးဖူလုံသူများအဖို့ အရေးမကြီးပေမယ့် ဆေးကုဖို့ ငွေကြေးကို ချင့်ချိန်တွက်ချက် နေရသူများ အတွက်အခက်အခဲ ရှိပါသည်။ အဓိကကတည်းခိုနေထိုင်ရေး၊ နောက်မှ ဆေးကုသရေး၊ နောက်မှ စားရေး သောက်ရေး၊ အားလုံးက ငွေကြေးမရှိဘဲ ဘာမှမရ။ ရောဂါတစ်ခုရလာလျှင် အထူးသဖြင့် ကင်ဆာ လို၊ အေအိုင်ဒီအက်စ် လို ရောဂါကြီးမျိုး ရလာလျှင် ငွေကြေးမရှိလို့ကတော့ ဘ၀ကူး ကောင်းအောင် ဘုရားအာရုံ ပြုပေတော့။
ကျွန်တော်ကတော့ ကံကောင်းပါသည်။ ကျွန်တော့်မှာ ကောင်းမွန်သော ပတ်ဝန်းကျင်ရှိသည်။ ဆွေမျိုး၊ အပေါင်းအသင်း ရှိသည်။ စာပေ ၀န်းကျင်ရှိသည်။ ဆွေမျိုးသားချင်းနှင့် စာပေမိတ်ဆွေတွေ ၀ိုင်းဝန်း ထောက် ပံ့သဖြင့် ကျွန်တော်၏ ကင်ဆာရောဂါ ကုသရေးမှာ အဆင်ပြေချောမွေ့ခဲ့သည်။
လူနာတွေနှင့် လိုက်ပါပြုစုသူတွေထားသော အဆောင်ခန်းတွေက ဘိုးဘွားရိပ်သာ ဘုန်းကြီးကျောင်း ကျောင်းမကြီး၏ အနောက်ဘက် အောက်ထပ်မှာရှိသည်။ ထို (လူနာဆောင်ဆိုပါတော့) အဆောင်တွေမှာ အားလုံး ၅ ခန်းရှိသည်။ လူ ၁၀ ယောက်ခန့် နေနိုင်သော ခန်းကျယ်က ၂ ခန်း။ လူ ၅ယောက်ခန့် တစ်ခန်း။ လူ၂၊၃ ယောက်ခန့်နေနိုင် တာက ၂ခန်းရှိသည်။ အခန်းနံပါတ် ၁၊၂၊၃၊၄ ပြီးတော့ မယ်တော်ဆောင် ဆိုပြီး အမည်ပေးထားတာရှိသည်။ ထိုမယ်တော်ဆောင်ဆိုတာက နှစ်ဦးလောက်ပဲ နေလို့ရသည်။ ရောက်စကတော့ ရန်ကုန် မြာက်ဥက္ကလာပက သားအိမ်ကင်ဆာလာကုနေသော အမျိုးသမီး နှင့် အဖော်အမျိုးသမီးနှစ်ဦး နေထိုင်ကြသည်။
သိပ်မကြာလိုက် (တစ်ပတ်ခန့်အကြာထင်သည်) ဆေးသွင်း၊ ဓာတ်ရောင်ခြည်ကင်တာ ပြီးဆုံးလို့ ရန်ကုန် ပြန်သွားသည်။ နောက်တော့ ထိုနေရာကို တောင်ဥက္ကလာပက စွန်လုပ်ငန်းလုပ်သော ကိုလှထွန်းတို့ လင်မယားရောက်လာသည်။ ကိုလှထွန်းမှာ ရောက်စကလည်းပင်းမှာ အကျိတ်ကြီး ထွက်နေတာ လက်သီးဆုပ် လောက်ရှိမည်။ အရည်တရွဲရွဲပင် ဖြစ်နေသည်။ သူကကင်ဆာ ရောဂါဖြစ်တာကို အသားစ ယူ ဓာတ်ခွဲပြီး သိရှိခဲ့ပေမယ့် မယုံကြည်လို့ဆိုတာ မြန်မာနာမည်ကြီး အနာပေါက် ဆရာတွေနောက် လိုက်နေတာနှင့် ရွာလည်နေခဲ့တာ ဖြစ်သည်။ နောက်ဆုံး ဆရာမနိုင် နှစ်ဆောင်ပြိုင်ဖြစ် တော့မှ တောင်ကြီး ကို ဓာတ်ရောင်ခြည်ကင်ဖို့ ရောက်လာတာ ဖြစ်သည်။ သည်တော့ ကင်ဆာဆေးသွင်း၊ ဓာတ်ကင် အသည်းအသန် ကုရပြီပေါ့။
အခန်း (၄)မှာ တည်းခိုဆေးကုသနေသူက ဦးမြင့်တဲ့။ သူလည်း အခြေအနေဆိုးသည်။ သွေးတိုး၊ ဆီးချို၊ သွေးချို ရှိသည်။ ကျောက်ကပ်က မကောင်းဟုဆိုသည်။ ပထမ အဲဒါအရင် ကုနေရသေးသတဲ့။ နောက်မှ ဆေးသွင်း၊ ဓာတ်ရောင်ခြည်ကင်။ သူလည်း လည်ချောင်းထင်သည်။ လျှာမှာ ဘာအရာသာမှမရှိတော့ဘူး။ သည်တော့ ငန်မှန်းမသိ ချိုမှန်းမသိ။ ငါးခြောက်တွေ စားချင်တယ်ဆိုစား၊ ငါသေတ္တာစား၊ သွေးတွေတိုးနှင့် ရှိသည်။ သူက ဇနီးရော၊ မရီးရော၊ အကူခယ်မရောပါသည်။ သားသင်္ဘောသားတောင် ခေတ္တရောက်လာ သေးသည်။ သူတည်းသည့် အခန်းက ၅ယောက်ခန့်ဆန့်သည်။ သူ့အသက်က ၇၀နားနီးနေပြီဟုဆိုတော့ ကုသရတာနည်းနည်းခက်မည်။ ပြီး အစားအသောက် ဆင်ခြင်တာမရှိ။ ဇနီး၊ မရီးတွေကလည်း စဉ်းစား တွေး ခေါ်မှု အားနည်း။ ဓာတ်ရောင်ခြည် ကုသလို့် ရက်စေ့ပြီး ရန်ကုန်ပြန်သွားတော့ ရောဂါပျောက်ကင်း ချမ်းသာ သော လူကောင်းပုံစံပင် မရောက်ရှိသေးဟုထင်သည်။
နံပါတ် (၃) အခန်းမှာ တည်းခိုဆေးကုသနေသူ လူနာကတော့ သံဖြူဇရပ်မြို့ ဦးမွန်တီးဆိုသူ မွန်တိုင်းရင်းသား ဖြစ်သည်။ သူက ဇနီးရယ်၊ သမီးဆရာဝန်မလေးရယ်၊ ပြီးတော့ ကူဖော်လောင်ဖက် ကလေးမလေး ရယ်ပါသည်။ သူတို့က မွန်တိုင်းရင်းသားစစ်စစ်။ သူတို့အချင်းချင်း မွန်ဘာသာ နှင့်ပြောနေတာ တစ်ခါတရံ ဆူညံနေသည်။ သူက သံဖြှူဇရပ်မြို့ မြို့မျက်နှာဖုံး လူချမ်းသာစာရင်းဝင်။ ကင်ဆာရောဂါ မဖြစ်ခင်က ရွှေဆိုင်ကြီးနှင့် စီးပွားရေး အောင်မြင်ခဲ့သည်။ သားသမီးတွေကို ပညာအမွေ ကောင်းကောင်း ပေးနိုင်သည်။ သမီးက ဆရာဝန်မလေး ဖြစ်သလို၊ သားတစ်ယောက်ကလည်း ဆေးကျောင်း တက်နေသည် ဟုဆိုသည်။
တစ်ယောက်က ဥပဒေကျောင်းသားတဲ့။ သူကလွန်ခဲ့တဲ့ ၆ နှစ်က စတင်ကင်ဆာဖြစ်တာ။ နှာခေါင်းက သွေးယိုစီးကျ။ နှာခေါင်းအတွင်း အသားစ ဘိုင်အိုစီယူတော့ ကင်ဆာတဲ့။ ဒါနှင့်ဓာတ်ရောင်ခြည် ကင် ကုသခဲ့ဖူးသည်။ သည်တုန်းက ရန်ကုန်မှာ ။ ယခု ၆ နှစ်ကြာမှ ထိုကင်ဆာက ပြန်ပေါ်လာခဲ့သည်။ သို့နှင့် တောင်ကြီး လာ ဓာတ်ရောင်ခြည် ကင်ရပြန်သည်။ သူက တစ်လခွဲ (ဓာတ်ကင်ရက် ရက်ပေါင်း ၃၀) မဟုတ်။ တစ်လ (ဓာတ်ကင်ရက် ရက်ပေါင်း ၂၀) နှင့်ပြီးသွားသည်။ ဒုတိယအကြိမ် ဓာတ်ရောင်ခြည် ကင်ရသည့် အတွက် ရက်လျော့သွားတာထင်သည်။ သမီး ဆရာဝန်မလေးက သူ့အမေကို ပြန်ခါနီးတော့ သည်လိုပြောနေတာ ကြားရသည်။
အမေရေ.... အဖေ့အတွက် ခုကတည်းက ပိုက်ဆံစုထားပေတော့။ နောက်တစ်ခါ ထပ်ဖြစ်ရင် ယိုးဒယား သွားရ မှ ဖြစ်တော့မှာ တဲ့။
ကင်ဆာရောဂါက ၆ ကြိမ်မှာ ၁၀ ကြိမ်လောက်အထိ ပြန်ပေါ်တတ်သည်ဟု ဆရာမိုးဟိန်း၏ ကျွန်တော်နှင့် ကင်ဆာ ရောဂါ ဆောင်းပါးတစ်ခုမှာ ဖတ်ရပါသည်။ ဆရာမိုးဟိန်းကတော့ ဓာတ်ရောင်ခြည်ကင် ကုသပျောက်ကင်းပြီး ၄ လအကြာမှာ ပြန်ပေါ်ခဲ့တာဖြစ်သည်။ ကျွန်တော် ယခုနေထိုင်သော ရွှေပြည်သာ ရပ်ကွက် က ကျွန်တော့်အိမ်နှင့် သုံးအိမ်ကျော်လောက်က ဆရာဝန်မလေးဆို ရင်သားကင်ဆာ ကုသပျေက် ကင်းခဲ့ပြီး ၀၀ဖြိုးဖြိုး။ ယောင်္ကျားလျာ ပုံစံ။ အနက်တိုင်း လမ်းလျှောက်တာ၊ အပြေးလျှောက်တာနှင့် ကျမ်းမာရေး လိုက်စားသူ။ မနှစ်ကတော့ ရောဂါပြန်ဖြစ်ပြီး ဆုံးသွားရှာသည်။ ကျွန်တော့်မိတ်ဆွေ တစ်ယောက် လည်ချောင်းကင်ဆာ ၅ နှစ် ဘာမှပြန်မဖြစ်သေး။ ကျွန်တော့် မိတ်ဆွေတစ်ယောက် ရဲ့ အစ်ကို အဆုတ်ကင်ဆာ၊ ပျောက်ကင်းတာ နှစ် ၂၀ ရှိပြီး အကောင်းပကတိ။ အင်း....ဘယ်လို ပြောရမလဲ။ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် ကံ ကံ၏အကျိုးတို့ကြောင့်လို့ပဲ ယူဆရတော့မည်။
ဦးမွန်တီး ၆ နှစ်မှာ ပြန်ပေါ်သည်။ ဓာတ်ရောင်ခြည် နှာခေါင်းမှာပင်ရသဖြင့် မျက်လုံးတစ်လုံး ကွယ်ခဲ့ သည်။ နောက်မျက်လုံး တစ်လုံးလည်း စိတ်မချရ။ သို့တိုင် သူကတော့ ခပ်အေးအေး။ ကွမ်းလေး တမြုံ့မြုံ့ ၀ါး နေတတ်သည်။ တစ်ခါတစ်ရံ ကျွန်တော့် အနီးလာထိုင်ကာ သူ့ဘ၀ ရှေးဖြစ်ဟောင်းတွေ ပြောပြ နေတတ် သည်။ ရေဒီယိုသတင်း နားထောင် နေတတ်သည်။ ထိုစဉ်က ဘုရားသုံးဆူဘက်မှာ ပြဿနာတွေ တက်နေ သည်။ ဘုရားသုံးဆူနှင့် သံဖြူဇရပ်က နီးသည်ဟု ဆိုသည်။
ဘိုးဘွားရိပ်သာ ဘုန်းကြီးကျောင်း၏ ညာဘက်ဘေး အနောက်ဘက် အရပ်ကပ်လျက်တွင် အောက်ဈေး ခေါ် စ၀်စံထွန်းဈေးရှိရာ လူနာစောင့် (သို့) လူနာအကူ အမျိုးသမီးများသည် ဈေးထွက်ဝယ်လိုက်၊ ချက်ပြုတ် စားသောက်လိုက်၊ တချို့ ဘုရားလည်းဖူးလိုက်နှင့် စိတ်ပျက်ငြီးငွေ့ဖွယ်ရာ ဆေးကုသရက် တွေကို ပျော်ပျော် ပါးပါးဖြတ်သန်းနေကြသည်ကို တွေ့ရသည်။
၂၅ ရက်အောက်တိုဘာလ တနင်္လာနေ့တွင် ဓာတ်ရောင်ခြည်ကင်ရန် ကျွန်တော်ဆေးရုံကိုသွားရမည်။ ထိုပထမဆုံးနေ့ကတော့ ဇနီးဖြစ်သူပါ စ၀်စံထွန်းဆေးရုံသို့ လိုက်ပါခဲ့ပါသည်။ ကြာသပေးတေးနေ့ ဒေါက်တာဦးနေ၀င်း ကို စပြသည့်နေ့ကတည်းက ဆေးစာအုပ်လုပ်ပေးသော သူနာပြုဆရာမလေးက လည်ချောင်း တွင် ဓာတ်ရောက်ခြည်ကင်နိုင်ဖို့ အမှတ်ခြစ် (marking) ပေးရန် မနက်ခုနစ်နာရီခွဲ အရောက် လာရန် မှာကြားထားသည်။
ဆေးရုံ ကို ကျွန်တော်တို့ တည်းခိုနေသော ဘုန်းကြီးကျောင်းမှ လမ်းလျှောက်သွားလျှာ မိနစ် ၂၀ လောက်ပဲကြမည်။ ဖြတ်လမ်းက သွားလျှင်တော့ ၁၅ မိနစ် အလွန်ဆုံး ကြာသည်။ ဖြတ်လမ်းကို ယောက်ဖ ဖြစ်သူ ကိုဘုန်းမြင့်ကရော ဘုန်းကြီးကျောင်းအဆောင်ကို အရင်ရောက် နှင့်သူများကပါ ညွှန်ပြ ထားသော်လည်း ပထမပိုင်းရက်တွေတွင် ဖြတ်လမ်းမှ မသွားဖြစ်။ ကျောင်းရှေ့ စ၀်စံ ထွန်းဈေးလမ်းမှာ ကျောင်းအရှေ့အရပ်ဘက်ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး ဘက်ထွက်ပြီး ထိုမှမြောက် ဘက်လမ်းမကြီးဘေး ပလက်ဖောင်းလမ်းအတိုင်း လမ်းပေါ်ပြေးသွားနေသော ဆိုင်ကယ်တွေကို ငေးရင်း တရွေ့ရွေ့လျှောက်သွားရတာ ကျွန်တော် နှစ်သက်နေပါသည်။
နောက်ပိုင်း ထိုရှုကွင်းမြင်ကွင်းတွေ ရိုးသွားမှ ဖြတ်လမ်းကို အသုံးပြုခဲ့သည်မှာ တောင်ကြီးမှ ပြန်သည်ထိ ဖြစ်သည်။
ဓာတ်ရောင်ခြည် ဆေးကုဌနသို့ ရောက်သောအခါ ပထမဆုံး ရောက်ခဲ့သော အခန်းရှိ သူနာပြုဆရာမကို သတင်း ပို့ လိုက်သည်။ ခဏထိုင်စောင့်ပါဦး ဦးလေး ဆို၍ လူနာစောင့်ရန် အခန်းက ခုံတန်းလျားမှာ ထိုင်စောင့်ရသည်။ သိပ်မကြာ ဒေါက်တာအေးအေးမြင့် ရောက်လာပြီး မင်ခြစ်ရန် လူနာတစ်ယောက် ပြီးတစ်ယောက် ခေါ်သည်။ ကျွန်တော့်အမည်ခေါ်တော့ ကျွန်တော်ဝင်သွားသည်.။
ဆရာဝန်က ခရမ်းပြာရောင် ပေစွန်းနေသော ခုတင်ပေါ်တက် လှဲခိုင်းသည်။ ပြီးလျှင် ကျွန်တော့ဆေးမှတ် တမ်းဖိုင် ကို ကြည့်ကာ ကျွန်တော့်လည်ချောင်းရှိကင်ဆာ စတင်ဖြစ်ျပွားရာတွင် ကြက်ခြေခတ် ခရမ်းပြာရောင်ခြစ်သည်။ လည်ချောင်းဘယ်ညာနှစ်ဖက်မှာ ကိုက်တံတွေ၊ မာကင်ကတ်တွေနှင့် အသေ အချာ တိုင်းတာပြီးမှ မင်ခြစ်သည်။
သည်နောက် ဓာတ်ရောင်ခြည် ပြန့်နိုင်သည့်ဧရိယာ (ထိုဧရိယာအတွင်း ဓာတ်ရောင်ခြည်ကင်သည့် ရက်ပေါင်း သုံးဆယ် (တစ်လခွဲ) ကာလနှင့် ဓာတ်ရောင်ခြည်ကင်သည့်ရက် ပြည့်မြောက်ပြီး တစ်ပတ် အကြာ ထိ ရေလုံးဝမထိရ။ ရေထိလျှင် မီးလောင်ဖုများ ဖြစ်လာနိုင်သည်ဟု ဆိုသည်။
လူနာနားနေခန်း ခုံတန်းလျားပေါ်များတွင် ဟိုယခင် တောင်ပေါ်တိုင်းရင်းသားတွေ ပရဲထိုးထားသလို အပေါ်ပိုင်း (လည်ချောင်း၊မျက်နှာ) ကင်ဆာအတွက် ဓာတ်ရောင်ခြည်ကင်မည့် လူနာများတွင် ခရမ်းပြာ ရောင် မင်ခြစ်မာကင်ပေးထားတာကို သူသူကိုယ်ကိုယ် တွေ့မြင်နေရသည်။ ထိုမျက်နှာ၊ လည်ချောင်း မင်ခြစ်ရာ နှင့် သွားလာနေသော သူကိုတွေ့လျှင် တောင်ကြီးမှာ ဓာတ်ရောင်ခြည် လာကင်သော ကင်ဆာရောဂါသည် ဆိုတာ တစ်မြို့လုံးလိုလို က သိကြပါသည်။
စ၀်စံထွန်းဆေးရုံ ဓာတ်ရောင်ခြည် ဆေးကုဌာနသို့ လာရောက်ဆေးကုသနေသူများမှာ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး ၀န်းကျင်အပြင် မော်လမြိုင်၊ ရေး၊ မြိတ်၊ ထားဝယ်၊ သံဖြူဇရပ်၊ မိတ္ထီလာ၊ ရေနံချောင်း၊ လယ်ဝေး၊ ပွင့်ဖြူ၊ တောငူ၊ တိုက်ကြီး ၊ ပုသိမ်၊ ဘိုကလေး စသည့်ဖြင့် နယ်ပေါင်းစုံလေသည်။ ငွေကြေး အပေါ် မူတည်ပြီး သင့်တော်ရာ တည်းခိုနေထိုင်ကြသည်။
တချို့က ဆေးရုံဝင်အနီးဝင်းထဲမှာပင် တစ်လခုနှစ်သောင်း၊ ရှစ်သောင်း၊ ငါးသောင်း၊ သုံးသောင်းပေးပြီးနေ တာ ရှိသလို ကျွန်တော် တို့လို ဘုန်းကြီးကျောင်းတစ်ကျောင်းကျောင်းမှာ အလှူငွေထည့်ဝင်ပြီး နေတာ လည်း ရှိ၏။ တချို့တည်းခိုခန်း၊ တချို့တတ်နိုင် သူတွေက အထူးကုဆေးခန်း၊ ဆေးရုံမှာပင် တစ်ရက် နှစ်ထောင် သန့်ရှင်းရေးခ တစ်ထောင် (ပေါင်း ၃၀၀၀) နှင့် အခန်းငှားနေကြတာလည်း ရှိသည်။ ဟိုတယ် မှာတော့ တစ်လ နှစ်သိန်း၊ နှစ်သိန်းခွဲလောက် ရှိသည်ဟုဆိုသည်။ တတ်နိုင်သူက တတ်နိုင်သလိုပေါ့။
ကျွန်တော့် သူငယ်ချင်း အ၀ကျွန်းချစ်မောင် (ရုပ်ရှင်တေးကဗျာ နှင့် News Watch ဂျာနယ်ပိုင်ရှင်) လည်း ကျွန်တော့်ရှေ့က တောင်ကြီးလာပြီး အဆုတ်ကင်ဆာကို ဓာတ်ရောင်ခြည်ကင်၊ ဆေးသွင်းကုသမှု ခံယူခဲ့ သေးသည်။ သူဘယ်မှာ တည်းခိုခဲ့သလဲ။ ကျွန်တော်မေးမကြည့်ခဲ့ရ။ တောင်ကြီး လာတာကတော့ လေယာဉ် နှင့် ဟုဆိုသည်။ ဟုတ်တာပေါ့။ သူက အဆုတ်ကို အကြီးစားခွဲစိတ်ထားခဲ့ရတာ။ ကျွန်တော် ကတော့ ဆွေမျိုး၊ မိတ်ေ်ဆွနှင့်စာပေသမား၊ ရေးဖော်တွေ ကျေးဇူးကြောင့် (ထိုမိတ်ဆွေများ ငွေကြေးပံ့ပိုးမှုကြောင့်) ကျွန်တော်ယခုကို တောင်ကြီးမြို့ လာရောက်ကုသနိုင်တာ ဖြစ်သည်။ ထိုကျေးဇူး တွေ ကတော့ ကျွန်တော့်တစ်သက်တာ မေ့နိုင်မည်မဟုတ်။ ဘ၀မှာ သည်တစ်ခါလောက် စာရေးဆရာ ဘ၀ကို ကျေနပ်တာမရှိတော့။
ထိုနေ့က ဓာတ်ရောင်ခြည် စတင်ကင်ရသည်။ (၂၅.၁၀.၂၀၁၀) ဖြစ်သည်။ လူနာခန်းမှာ ထိုင်စောင့်ရင်း မနက် ၁၀ နာရီသာသာလောက်မှ ထင်သည်။ ဓာတ်ရောင်ခြည်ကင်ဖို့ ကျွန်တော့်အမည်ကို ခေါ်ပါသည်။ ကျွန်တော်ဓာတ်ရောင်ခြည်စက် အခန်းထဲဝင်သွားတော့ ကိုယ်အလေးချိန် ပေါင်ချိန်ရသည်။ ၁၄၃ ပေါင်။ ကျွန်တော့်အရပ်က ၅ ပေ ၇လက်မလောက် ရှိသည်။ ယခင် ပေါင် ၁၅၀ လောက်ရှိတာ။ ဝေဒနာရရှိပြီး အစားအသောက်ပျက်လာ သဖြင့် ကျသွားဟန်တူသည်။ ပြီးတော့ ဓာတ်ရောင်ခြည် စက်ခန်းပေါက်ဝတွင် အခန်းတွင်းစီး ဖိန်ပ်နှင့် ဖိနပ်ချင်းလဲလှယ်ဝတ်ဆင်စေသည်။ စက်ခန်းတွင်းစီး ဖိနပ်က ရာဘာဖိနပ်တွေ ဖြစ်သည်။
ကျွန်တော့်ရှေ့က ဓာတ်ရောင်ခြည်ကင်သူ ထွက်လာတော့ ကျွန်တော်ဝင်သွားရသည်။ စက်ခန်းတံခါးကို သူနာပြုအကူ မိန်းကလေးနှစ်ဦးက အားစိုက်ဆွဲဖွင့်လိုက်သည်။ ကျွန်တော်ဝင်သွားလိုက်သည်။ စက်ခန်း အ၀င်ထောင့် ချိုးမှာကျွန်တော့်ရှေ့က ဓာတ်ရောင်ခြည်ကင်သူ ထွက်လာတာနှင့်ဆုံသည်။ ထိုထောင့် အချိုးမှာ ၁ ပေခွဲ ၄ ပေခန့် မှန်တစ်ချက်နံရံမှာ မြုပ်ခါတပ်ထားသည်။
ဆက်ရန်
.

No comments:
Post a Comment