(``ဖွေးဖွေးက လိပ်ပြာဖမ်းခိုင်းတယ် ဆရာမကြီးကျွန်မက ဖမ်းမပေးဘူး... ဖွေးဖွေးကို လည်း မဖမ်းနဲ့လို့ ပြောရတယ်...ကျွန်မက လိပ်ပြာတွေ ပန်းပွင့်ပေါ်နားရင် ခြောက်ထုတ်ပစ်လို့ငို တာ’’့
ကျွန်မ က ကျာကျူးမှာ သနားစိတ်ကလေး ရှိရှာလို့ အောက်မေ့မိတယ်။ လိပ်ပြာကလေး တွေကို သမီးဖမ်းတယ် ဆိုတာလည်း မိရတယ်မရှိပါဘူး။ မိရင်လည်းအတောင်ပံကလေးတွေကို ကြည့်ပြီး ပြန်လွတ်မယ် ဆိုတာလည်း ကျွန်မသိတယ်။ ဒါပေမဲ့ ကျာကျူးက လိပ်ပြာဖမ်းတာကိုပဲ ခါးခါးသီးသီး ရှိနေလို့ သေချာအောင် မေးတော့မှ သိရတာပါ။ ) ကို ဆက်ဖတ်ရန်...

ပြောတာလည်း ကြည့်ဦးလေ။ ကျွန်မဖမ်းပေးရင် ကျွန်မကို လိပ်ပြာနုတ်မှာပေါ့ ဆရာမကြီးရဲ့" တဲ့။ ကျွန်မလည်း ကျာကျူးပြောမှ အားရပါးရ ရယ်မိတော့တယ်။ သည်စကားကလေးမ ဘယ်ကများကြား ထားပါလိမ့်။ လူကြီးတွေပြောတာကြားရာက သည်လိပ်ပြာကောင်လေးတွေလို့ ထင်ရှားတယ်နဲ့တူပါရဲ့။ ကျွန်မ က လိပ်ပြာဆိုတာ သည်လိပ်ပြာကို ပြောတာမဟုတ်ပါဘူးကျာကျူးရယ် ဆိုတော့လည်း မျက်လုံး လေး ပြူးလို့။
ကျွန်မတို့ ပန်းပင်တွေကြား တစ်ခါတစ်လေ တွေ့တတ်တဲ့ ခရုကောင်ကြီးတွေကို ကျွန်မကိုယ်တိုင် အူယားလွန်းလို့ ကျာကျူးလုပ်ပါဦးဆိုရင်လက်ကို ကျွတ်ကျွတ်အိတ်စွတ်ပြီး ကောက်တယ်။ ပြီးရင် လမ်းပေါ် မှာ တစ်ကောင်ချင်းသွားထားတော့တာပါ။ ခရုလုံးကြီးတွေကို အကြောက်အလန့်မရှိဘူး ခရုတွေပုံပြီး ပြီဆိုမှ ဆားဖြူးတော့တာပါ။ ကျွန်မက ကျာကျူးရဲ့ ခရုစစ်ဆင် ရေးကို မကြည့်ဝံ့ဘူး အဲသလို ခရုလုံးကြီးတွေကို မကြောက်တဲ့ကျာကျူးက လိပ်ပြာအသေ တစ်ကောင်တွေ့ရင်တော့ ငန်တော်ကျား တွေ့သလိုပါပဲ။ ထခုန်တော့တာပါ။
တစ်လောက ကျာကျူးကျွန်မတို့အိမ်ကို အကူးအသန်းမရှိပြန်ဘူး သူတို့အိမ်ကဘေးဘက် လှမ်းကြည့် တော့လည်း လူမရှိတာများလို့ ဈေးတစ်လှည့်ရောင်းကြပြန်ပြီနဲ့တူပါရဲ့အောက်မေ့မိတယ်။ ကျာကျူး ရရင် ရသလို ဈေးထရောင်းချင် ရောင်းတာဆိုတော့ မိုးလင်းရင်ထွက် မှောင်မှပြန်ရောက်နေ ကျကိုး။ ကျွန်မတို့ လမ်း ထဲမှာလည်း မျက်နှာစာမှာ အိမ်ခြေမရှိသလောက်ဆိုတော့ လူသူလေးပါး ရှင်းတယ်။ ရင်ပေါင်တန်း အိမ်တွေကလည်း ကလေးသူငယ်မရှိကြတာတစ်ကြောင်း၊ ကျာကျူးလို ကောက်ကာငင်ကာ ခိုင်းနိုင်တဲ့ အရွယ် မရှိတာ တစ်ကြောင်းဆိုတော့ ကျာကျူးမရှိတာ ကျွန်မအဖို့ရာ နှံကောင်များ လက်အဆစ်ပြုတ် သလိုပဲ။
တစ်ရက်တော့ မိုးတောင်မလင်းသေးဘူး၊ ဆိတ်အော်သံတွေကြားလို့ ဘယ့်နှယ့်ကပါလိမ့်လို့ အိပ်ရာထဲက တွေးမိတယ်။ အိမ်ရာကနိုးလို့ လှမ်းကြည့်တော့ ကျာကျူးတို့အိမ်ရှေ့က သစ်ပင်ကလေးမှာ ဆိတ် နှစ်ကောင် ပြူးပြူးပါလို့။ အဝေရာကိုင်းနှစ်ကိုင်း ခုတ်ပြီးချထားတာလည်းတွေ့တယ်။ အော်လိုက် တာလည်း ပွက်ပွက်ကြီးရိုက်နေတော့ စာရေးဆရာနဲ့ ဆိတ်ခြံ မဟန်နိုင်ဘူးဆိုတာ သေချာသွားပြီ။
ကျွန်မတို့လမ်းထဲမှာ နွားမွေး ဆိတ်မွေး မရှိကြဘူး။ လမ်းတိုလေးဆိုတော့ အိမ်က လည်းမများဘူး အိမ်မများသလို အကြောင်းဗာဟီရတွေကလည်း မရှိကြတော့ အရင်က ဘာသံမှ မကြားရသလောက်ဘဲ။ ကျွန်မတို့ ပြောင်းလာကာစက ကျွန်မတို့အိမ်နဲ့ မျက်နှာချင်းဆိုင် လူမနေတဲ့ဝိုင်း ကြီးထဲမှာ သံပန်းသံတံခါး လုပ်တဲ့လုပ်ငန်းအဖွဲ့တစ်ဖွဲ့ ရှိခဲ့ဖူးတယ်။ ယောက်ျားကြီးလေးငါးယောက်က သံတံခါးကြီးတွေ၊ သံထည်ပစ္စည်း တွေ တဒိန်းဒိန်း တဒေါင်းဒေါင်း ရိုက်ပုတ်ထုနှက်နေကြတဲ့ အသံတွေဆိုတာ နားမခံ သာဘူး။ အဆိုအဆဲ ကလည်း ပါသေးတာပါ။
သူတို့သုံးတဲ့ မီးစက်ကြီးကလည်း တစ်ရပ်ကွက်လုံး စကားပြောမဖြစ်ဘူး။ အဲသလောက် အသံမြည်တဲ့ မီးစက်မျိုး ကျွန်မမကြုံဖူးဘူး မြေကြီးတွေတောင်တုန်လို့ အနားက အိမ်တွေကရပ်ကွက် လူကြီး တိုင်တော့လည်း အကြောင်းမထူးဘူးဆိုလို့ စိတ်များတောင် ပျက်မိပါရဲ့ နောက်တော့လည်း ခြံဝိုင်းက ဈေးတည့်သွားလို့တဲ့၊ အုံလိုက်ပြောင်းသွားကြလို့ ခြံဝယ်သူဌေးကို ကျေးဇူးတောင် တင်မိပါရဲ့။ သံပန်းဆရာ က ထွက်ကာနီး ရပ်ကွက်ကို ရန်လုပ်သွားသေးတာပါ။ သည်ကတည်းက အင်မတန် အေးချမ်း သွားခဲ့တယ်၊ တစ်ကွက်ငုတ်ရပ်ကွက်ဆိုတာ့ လမ်းမကြီးနဲ့၊ လှမ်းတဲ့အပြင်၊ တစ်ဘက်လမ်းက လည်းလမ်း ပျက် ဆိုတော့ တ်ာရုံကားဆိုင်ကယ်အသွားနည်းတယ်။
အဲသလိုလမ်းထဲမှာ ကျာကျူးတို့အိမ်က ဆိတ်နှစ်ကောင် ရောက်လာခြင်းဟာ သံပန်းသံတံခါးလုပ် ငန်းရောက်လာသလိုပါပဲ။ ဆိတ်နှစ်ကောင်က ကိုယ့်နေရာမဟုတ်၊ ကိုယ့်သခင်မဟုတ်လိုက်လာ ရတာကို သိပုံ ပေါ်ပါရဲ့။ သံချီသံချနှစ်ကောင် ပြိုင်တူ၊ တစ်ခါတလေနှစ်ကောင် တစ်လှည့်စီ အော် နေကြတာ အရပ်အစဲမရှိကြဘူး။ လှမ်းမြင်ရသလောက်တော့ ဆိတ်နှစ်ကောင်က မတိမ်းမယိမ်းရယ်၊ ကျာကျူးက ရှေ့မတိုးတော့ဘူး။
"လာဟဲ့ လာလေ.... နငတို့ကို အစာကျွေးမှာလေ...ဒါအရင်က နင်တို့အိမ် မဟုတ်တော့ဘူး..နင်တို့ သခင်လည်း မဟုတ်တော့ဘူး....နင်တို့ ဆိတ်ဖြစ်ပြီး သည်လောက်တောင် နားမလည်ဘူးလား... ငါ နင်တို့ကို ဘာမှမလုပ်ဘူး....ငါ့စကားနားမထောင်ရင် နင်တို့ဘယ်လို အစာစားမလဲ...လာလေ"
ကျာကျူးက ဆိတ်ကိုအော်နေတဲ့အသံ ကျွန်မတို့အိမ်က ကြားနေရလို့ လှမ်းကြည့်ရင် ကျာကျူးက ဆိတ်လည်ပင်းကို ချည်ထားတဲ့ ကြိုးရှည်စကို တရွတ်ကန်ဆွဲ နေတာမြင်ရပြီ၊ ဆိတ်ကလည်း ပေရွက်ရွက် ဆိုတော့ ကျာကျူးရယ် နင့်လောက်တော့ အပျော့်ပေါ့ဆိုတဲ့ အာခံမှုနဲ့ နောက်ကို ပြန်ကန် ထားလိုက်တာ တစ်ထစ်မ ရွေ့ဘူး၊ ကျာကျူးကလည်းဆွဲ၊ ဆိတ်ကလည်းထောင့်ခံ။ ကျွန်မက ကျွန်မ အိမ်သားကို ခေါ်ပြတော့ သူကလည်း အသာကြည့်ရအောင်တဲ့။ ကျာကျူးက ကြိုးကိုလည်း မလွှတ်ရဲဘူး၊ မသကာ ကြိုးလွတ်ပြေးရင် လိုက်ဖမ်းဖို့ခက်ပြီလေ။ သူ့နဂိုချည်တိုင်မှာလည်း ကျန်တဲ့တစ် ကောင်က တပဲပဲ အော်လိုက်တာ နားမံသာဘူး။ တစ်ကောင်ကို ဆွဲလွဲနေတာတွေ့တော့ ကြောက်ရှာလို့နဲ့တူပါရဲ့။ ငယ်သံများ ပါလို့။ ခဏခဏတော့ ကျာကျူးက ဆိတ်ဆွဲရာပါရပါပြီ။ ပါးစပ် ကလည်းအသံစူးအသံကြောင် ကလေး နဲ့အော်နေသေးတာပေါ့။
"နင်တို့မိဘက မသင်ဘူးလား...သူများတွေ ဆိတ်မွေးတာ အကုန်လုံးလိမ္မာတယ်...ပြော စကား နားထောင် တယ်... နင်တို့မလိမ္မာဘူး စကားလည်း နားမထောင်ဘူး... မနေ့က ငါခေါ်တုန်းက အသာ လိုက်လာပြီးမှ အခုနင်တို့ သည်လိုလုပ်တာ ကောင်းသလား...နင်တို့စားဖို့ အဝေရာကိုင်းချ ကျွေးတာ လည်း နင်တို့မစားဘူး...မစားရင် ငတ်ကြလေ...နင်တို့ကိုဘယ်သူသနားမှာလဲ... အစာကျတော့ မစားဘူး.. ဆိတ်ချေးတွေကျတော့ ပါလိုက်တာ မနည်းဘူး...နင်တို့ဘာတွေနဲ့ ချီးပါတုန်း ငါ နားမလည်ဘူး"
ကျာကျူး က ပါးစပ်ထဲရှိတာတွေ ဗျစ်တောက်ဗျစ်တောက် အော်ရင်းဆိတ်ဆွဲတဲ့နောက် ပါနေတော့ တာပါ။ သူတို့ အိမ်ရှေ့ကွက်လပ်မှာက အိမ်မကြီးရဲ့နောက်ဘက် အုတ်ရေအိမ်တစ်လုံး ရှိတော့ ဆိတ်က ရေအိမ်ကို ပတ်ဆွဲလေ၊ ကျာကျူးကလည်း ကြိုးစကို ဆွဲရင်းလိုက်နေရလေ။ အခုမှ ကြည့် မိတယ်။ လူကလည်း ဂျစ်ခြောက်လိုက်လို့၊ ဆိတ်နှစ်ကောင် အော်သံတွေကြားမှာ ကျာကျူးအသံက မတိုးနိုင်ဘူး။ ကျွန်မ တို့ကတော့ ကြားနေရတာပေါ့လေ။ ပြတင်းပေါက်က ကျွန်မတို့နှစ်ယောက် ရပ်ကြည့် နေတာလည်း မြင်ပုံမရဘူး၊ ကျာကျူးအော်သံတွေကြားမှာ ကျွန်မတောင်ပါလာလေရဲ့။
"နင်တို့ အဲသလိုအော်နေ... ဟိုဘက်အိမ်က ဆရာမကြီးတို့က စာရေးဆရာတွေ.... သူတို့က ဆူတာ ပူတာ လုံးလုံး မကြိုက်ကြဘူး...နင်တို့အော်တာ အရေးမကြီးလူး ငါအပြောမခံရမှာ.. နင်တို့ ကလည်း အော်ကို အော်လွန်းပါတယ် ငါကသဘောကောင်းရင် ကောင်တယ်နော် မကောင်းရင် ဈေးထဲက ဆိတ်သားကုလားဆီ ပို့လိုက်မယ် ငါ့ကိုပေါ့ပေါ့ ကောင်မ မမှတ်နဲ့"
တစ်ခါ မှာတော့ ကျာကျူးက အနားကသစ်ငုတ်မှာ ကြိုးပတ်လိုက်တယ်။
သစ်ငုတ်ကိုတော့ ဆိတ်ကရုန်း မရဘူးကို။ ဆိတ်လည်းရပ်လိုက်ရသလို ကျာကျားခမျာလည်း ဖင်ထိုင် လျက်လဲ တော့တာပဲ။ ချွေးတွေ သံတွေနဲ့ မောပန်းတကြီး ဖင်ထိုင်ချလိုက်တော့မှ ကျွန်မတို့ ပြတင်းပေါက် က လှမ်းကြည့်နေတာကို မြင်သွားတာပါ။ ကျွန်မက "ကျာကျူး ဘယ်ကဆိတ်တွေလဲ... ဆိတ်ချောကလေးတွေပါကောဟဲ့"ဆို တော့ ကျာကျူးကသူ့ခေါင်းစုတ်ဖွားကို တဗျင်းဗျင်းကုတ်ရင်းက မျက်လုံး ပြူးကြီးနဲ့ လှမ်းကြည့် တယ်။ တစ်ခုခုပြောလိုက်တာမှန်းတော့ သိပုံပါ။ ဆိတ်အော်သံ တွေနဲ့ ဆိုတော့ လေလုံးမကွဲဘူးနဲ့ တူပါရဲ့။
"ကျာကျူးဆိတ်တွေလား...အကောင်ချောသာပဲလို့..."
ကျာကျူးက သစ်ငုတ်မှာ ချည်ထားတဲ့ ဆိတ်ကို ခဲသေးသေးတစ်လုံးနဲ့ လှမ်းထုရင်းက ပြုံးတယ်။ အားမပါ လှတဲ့ အပြုံးပါ။
"ချောတော့ ချောပါရဲ့ ဆရာမကြီးရယ် ဆိုးတာတော့ ဆိုးတယ်..... ကူမဲက လာလားပြောတာတော့ ဟိုမှာ ချည်ထားတဲ့ဆိတ် က သဦးစနေတဲ့...သဦးစနေဆိုတော့ ဆိုးတာပေါ့"
ကျွန်မက ကျာကျူးပြောလိုက်တဲ့ သဦးစနေ (သားဦးစနေ)ဆိုတာကို သဘောကျလို့ ရယ်တော့ ကျာကျူး က ငုတ်တုတ်ထိုင်လျက်က သွားဖွေးဖွေးလေးတွေပေါ်အောင် ပြုံးလေရဲ့။ သူ့စကားသူ သဘောကျ နေပုံပါ။ ကျွန်မက ဆိတ်တွေ ဘယ်ကရလာတာတုန်းဆိုတော့ ဆရာမကြီးသိချင်ရင် လာခဲ့ မယ်တဲ့၊ အခုတော့ ဆိတ်တွေ အပြင်ထုတ်ရဦးမှာဆိုပြီး သစ်ငုတ်မှာချည်ခဲ့တဲ့ ဆိတ်ကို ထဆွဲပြန်ရော။ ကျွန်မတို့ စကားပြော နေတုန်း ခဏကလေး အအော်ရပ်နေတဲ့ ဆိတ်နှစ်ကောင်က ကြိုးစလည်းထဆွဲ ရော ပြိုင်တူအော်ကြပြန်ရော။ ကျွန်မက ကျာကျူးကိုစချင်လို့ မျက်နှာတည်တည်နဲ့ လှမ်းပြောလိုက်တယ်။
ဆက်ရန်
.

No comments:
Post a Comment