Wednesday, February 15, 2012

ရွှေစင်ဦး ၏ ဆေးရုံပေါ်မှာ အပိုင်း (၃)

 ဆေးရုံပေါ်မှာ (၁)
 ဆေးရုံပေါ်မှာ (၂)


(အဲဒီတော့မှ.. မမြသီ က .... တဟင်းဟင်း နဲ့ အမလေး မအိပ်ကြပါဘူး .. ကျမ တို့ နှစ်ယောက်ဘဲ အိပ်ရမှာ... သူတို့ က မအိပ်ရဲကြဘူးတဲ့... လူနာဘေးမှာ .... စင်္ကြန် မှာ ဖြစ်သလိုဘဲ အိပ်မယ် ပြောနေကြတယ်... ကျ

မ ကတော့ လူနာဘေး မှာလည်း အစောင့် ရှိလို့.. တနေကုန်လည်း ပင်ပန်း လို့  အေးအေး အိပ်ချင်တာ နဲ့ မရွှေစင် ကိုစောင့်နေတာ .... မနက် ကြရင်လည်း အစောကြီး ထချက် ရအုန်းမယ် လေ လို့ ပြော ပါတယ်....

အမလေးဗျာ... ဒီလောက် တိတ်ဆိတ်ငြိမ်သက်ပြီး လူသူကင်းမဲ့ နေတဲ့ အောက်ထပ် တခုလုံးမှာ ကျနော် တို့ နှစ်ယောက်ထဲပါလား...) ကို ဆက်ဖတ်ရန်..
 
သိရခက်တဲ့ မမြသီ ရဲ့ မျက်နှာပေး ကို ကျနော်သဘောပေါက်သွားပါတယ်.... သြ... တော်ရုံ အသဲ မကောင်း ဘဲနဲ့ ဒီလောက်လူသူကင်းမဲ့ပြီး တိတ်ဆိတ်ငြိမ်သက် နေတဲ့ မြေအောက်ထပ်ထဲမှာ တယောက် ထဲ ဘယ်နေရဲ မလည်း....

နေရာစိမ်း တခုဖြစ်တဲ့ အပြင် ... နှစ်ပေါင်းများစွာ ကထဲက တည်ဆောက်ထားတဲ့ ဆေးရုံကြီး တခုရဲ့ လူနာ ထားတဲ့ မြေအောက်ခန်း တခန်း (စဉ်းစားမိတာက... ဟိုတုန်းက ဆိုရင် လူနာ မဟုတ်ဘဲ လူမနာ တွေများ ထားသလားလို့... အသက်မရှိတော့ရင် လူမနာ လေ..) ... လောလောဆယ်ဆယ် တော့ ရွှေစင်ဦး တို့ကိုဘဲ ထားတာဆိုတော့ နေရတော့မယ်... ဒီနေ့ည မှာဘဲ နှစ်ယောက်ထဲ အိပ်ရ တော့မယ်... ကျန်တဲ့ လူနာစောင့် များ ကတော့ မိုးချုပ်စ လူသူမကင်းမဲ့ ခင်ကထဲက ယူစရာ ရှိတာယူပြီး မိုးလည်း ချုပ်ရော တယောက်မှတောင် ယောင်လို့ဆင်းမလာကြတော့ပါဘူး...

ခဏနေတော့... ရောက်တဲ့ နေရာပေါက် မဲ့ ရွှေစင်ဦးလည်း ... ဝါသနာ အရပေါက်ချင်လာပြန်ရော... အိမ်သာ ကလည်း နဲနဲဝေးပါတယ်...ဆေးထားတဲ့ အခန်းတွေ ကို ဖြတ်ပြီးမှ ထောင်ချိုးလေးမှာ သီးသန့် တည်ရှိတာပါ... မမြသီ ကို အဖော်ခေါ်ရင်လည်း တယောက်အကြောင်း တယောက်  မသိခင်ဆိုတော့ အားနာပါတယ်.... တယောက်ထဲ ဘဲ  သွားတော့မယ် လို့ ဆုံးဖြတ်လိုက်ပြီး .. အမ ရေ အိမ်သာ သွား လိုက် အုန်းမယ်နော် လို့ ပြောလိုက်ပါတယ်... သူလည်း တယောက်ထဲ နေရမှာ ကြောက်လို့ လား မသိဘူး...... ဟုတ် မရွှေစင် ကျမ လည်းသွားချင်နေတာ.. လိုက်မယ်လေ တဲ့ ... (တော်ပါသေးရဲ့)
အိမ်သာ ရောက်တော့ တယောက်တခန်းဝင်ကြပါတယ်... မမြသီ ရေ  ကြာရင်ကြာမှာ အခန်းကို ပြန် နှင့်လေ လို့ ပြောလိုက်ပါတယ်... အို.. မရွှေစင် ကလည်း ကျမ စောင့်နေပါမယ် တဲ့... အိမ်သာ အခန်းပြင် ကို တောင် ထွက်မစောင့်ရဲ ဘူးနဲ့ တူပါတယ်... ကျနော် အိမ်သာ ထဲက ထွက်သံကြားမှ ထွက်လာ ပါတယ်....

အခန်းပြန်ရောက်တော့ ကိုယ့်အိပ်ယာ ကိုယ်ခင်း ကြပါတယ်.. မမြသီ ကတော့ ခြင်ထောင် မပါလို့ ခြင်ဆေးထွန်း အိပ်ပါတယ်... မဟာသတ္တိရှင် ရွှေစင်ဦး ကတော့ ခြင်ထောင် ထောင်တဲ့ အပြင် ခေါင်းရင်း က မှန်ပြတင်းပေါက် မှာ မျက်နှာသုတ် ပဝါ တို့ ပုဆိုးတို့ နဲ့ လုံခြုံအောင် ထပ်ကာရပါတယ်... မမြင်အပ်သော အရာ များ ကို မှန်ပြတင်းက နေ မမြင် ရအောင်ပါ.... အခန်းကျယ် ကြီး ရဲ့ တံခါးမ နှစ်ခု ကို မမြသီ က အတွင်းကနေ လောခ် ချ ပါတယ်... ကျနော့် စိတ်ထဲကတော့ ... သရဲများဆိုရင်တော့ ဒီလော့ခ် လောက်ကတော့ အပျော့ပေါ့ လို့ စဉ်းစား မိပါတယ်...

ဘယ်လောက်ဘဲ ကြောက်ကြောက် တနေ့ကုန် ပင်ပန်းတဲ့ ဒဏ်နဲ့ အိပ်ပျော်သွားပါတယ်.. သရဲ တစ္ဆေများ ဘေးနားမှာ လာ က ရင်တောင်သိမှာ မဟုတ်ပါဘူး...

ဒီလိုနဲ့ တည လွန်မြောက်ခဲ့ပြန်ပါတယ်................

အခန်း (၃)

အစားအသောက် တွေ ကို ကိုယ်ဘာသာ ချက်ရတော့ မယ်ဆိုတော့... ချက်ဖို့ပြုတ်ဖို့ အိုးခွက် တွေ အားလုံး လိုလာပါတယ်.... ကျနော် တို့ မှာ ထမင်းအိုး နှစ်လုံးချက် အသေးတလုံး..... ရေနွေးကြိုတဲ့ အိုး ... ဓါတ်ဗူး.. ပုဂံ.. ဇွန်း..ဒါး...  တို့ဘဲ ပါတယ်... ဒါပေမဲ့ ဟင်းချက်ရတော့ မှာ ဆိုတော့ အားလုံး လိုအပ် တာတွေ ပြန် ဝယ်ရပါတယ်..

အနီးဆုံး ဈေးဖြစ်တဲ့... မင်္ဂလာဒုံ ဈေးကြီး ကို သွားပါတယ်... အစောပိုင်း ကတော့ တက်စီကားနဲ့ သွားတယ်.. သိပ်မဝေးတဲ့ အတွက် တထောင်ဘဲ ပေးရတယ်.... ဈေးကြီး က တော်တော်ကြီးပါတယ်... လျှပ်စစ် ဒယ်အိုး တလုံး ဝယ်ပါတယ်... သုံးသောင်းကျပ်ပေးရပါတယ်...  ကျန်တဲ့ တိုလီမုတ်စ လေးတွေ ဝယ် ပါတယ်...

ဟင်းချက်ဖို့ အသားငါးတန်း သွားပါတယ်... ငါးတွေ ပုဇွန်တွေ တော်တော်ပေါတာ တွေ့ပါတယ်... ကျနော် တို့ မန္တလေး မှာ တွေ့ရ ခဲ တဲ့ ငါးရံအူ များနဲ့ ငါရံခေါင်းများ ကို သီးသန့် ရောင်းတာ တွေ့ ပါတယ်... အူဖတ် တွေက ကြီးလည်း ကြီး... လတ် လည်း လတ် တယ် ... မေမေ ထမင်း စားမကောင်းဘူး ဆိုတဲ့ အသံ ပြန်ကြားတာနဲ့ ငါးရံအူ ဝယ်ပါတယ်... ဈေးသည် တွေ က သေချာ ကိုင် ပေးတယ်.... ငါးရံ သည်းခြေ များကို နို့ဆီခွက် လွတ် တခုနဲ့ သေချာထည့်ထားပါတယ်... ရောဂါပျောက်လို့ လာဝယ်ကြတယ် လို့ ပြောတယ်... ဘာရောဂါလည်း တော့ မသိပါဘူး....

ငါးသလောက် ဥ များကိုလည်း အပုံလိုက် တွေ့ပါတယ်... ငါးရံအူ တို့ ငါးသလောက်ဥ တို့ ဆိုတာ မန္တလေး က ကျနော် တို့ ဝယ်နေကြဈေးများမှာ အလွန် မှ တွေ့ရခဲပါတယ်....

ချစ်ဖေဖေ ကတော့ မနက် အစောစာ နဲ့ ညနေ စာကို ဆန်ပြုတ်ဘဲ သောက်တာဖြစ်ပြီး ထမင်း ကိုလည်း မနက်စာ တထပ် ဘဲ စားပါတယ်.... နောက်ပြီး ကြက်သား ဝက်သား များကို မစားပါဘူး... အကြောင်း ပြချက် ကတော့ သွားကြားညှပ် လို့ သွားများ ပျက်စီးလို့ပါတဲ့.... အဲလို... စားလာတာ နှစ်ပေါင်း တော်တော် ကြာပါပြီ... 
မနက်စောစော ဆန်ပြုတ် စား တဲ့ ရည်ရွယ်ချက် ကတော့ ... မြတ်စွာဘုရား တောင် ယာဂု ဘဲ စားတာ ယာဂု ဆိုတာ ဆန်ပြုတ် ဘဲတဲ့... အဲဒါဘဲ စားမယ်တဲ့... ညနေစာ ဆန်ပြုတ်စားရတဲ့ ရည်ရွယ်ချက် ကတော့...  ကျန်းမာရေး အတွက် မစားလေ ကောင်းလေ ဘဲ... ဆန်ပြုတ် ဆို တော်ရောပေါ့တဲ့...  အခု အားရှိအောင် လို့ အသားစားရမယ် ဆိုတာကို .... အသားမစားဖူး ဆိုတော့ ခက်ပြန်ပြီ....

ကျနော်တို့ မိသားစု အားလုံး ဟာ ဖေဖေ့ ကို မခွဲစိတ်ခင်မှာ တော်တော် ဂရုစိုက်ရပါတယ်... ဆရာဝန် များ က... လူနာ ဟာ ပေါက်ကွဲခါနီး ဗုံးတလုံး ပါတဲ့... သွေးကြောပွင့်နေတာက ၁% ဘဲ ဖြစ်တဲ့ အတွက် ဖြစ်ပါတယ်...

ဗဟုသုတ အနေ နဲ့ ပြောရရင် အိမ်သာထိုင်ရင်တောင် ဘိုထိုင် (sitting type) နဲ့ဘဲ သွားခိုင်းပါတယ် ... ငုတ်တုတ် ထိုင်တာနဲ့ မသွားခိုင်းပါဘူး... အဲလိုထိုင်တာများသွားရင် ပေါင်မှာ သွေးကြောကြီး တွေ ရှိတဲ့ အတွက် ပြန် အထ မှာ နှလုံးကို ထိခိုက်နိုင်ပါတယ်... တချို့ ရောဂါ ရှိမှန်း မသိတဲ့ သူတွေ တောင် အိမ်သာ အထွက် မှာ အတက်ခ်ရ နိုင်တဲ့ အတွက် လို့ ပြောပါတယ်... အိမ်သာ ရေချိုးခန်း ... ဘယ်သွားသွား တွန်းလှဲ နဲ့ဘဲ သွားရပါတယ်.... ကျနော် တို့ အားလုံး လဲ ဖေဖေ နဲ့ ဆန့်ကျင့်ပြီး သိပ် မပြောချင် တဲ့ အတွက် စားစရာ လည်း သူစားချင်တာဘဲ လုပ်ပေးမယ် ဆိုပြီး နေ့တိုင်း မနက်.. ည ဆန်ပြုတ် ပြုတ် ရပါတယ်......

ဆန်ပြုတ် က ကျနော် အကြိုက်ဆုံး အစားအစာ ထဲမှာ ပါပါတယ်... ဈေးထဲမှာ ဆန်ပြုတ် အတွက် ကြက်သား ဝယ်ရပါတယ်... ငရုပ်ကောင်း.. တရုပ်နံနံ... ကြက်သွန်မိတ်... ကြက်သွန်ဖြူကျော် ပြည့်စုံအောင် ဝယ်ပါတယ်... ဆန်ကတော့ ဖေဖေ ကြိုက်တဲ့ ပေါ်ဆန်းမွှေး မွှေးမွှေးလေး ဘဲ ဝယ်ပါတယ်... နောက်ပိုင်း တော့ မောင်လေး က မီနီမတ်ကက် တွေက ကောင်းမယ်ထင်တဲ့ ဆန်ထုတ် လေး တွေ ဝယ်လာပါတယ်.... ဆန်ပြုတ် နဲ့ အတူ စားဖို့ ငါးကြော် ကတော့ ငါးသလဲထိုး ကျွတ်ကျွတ်ကြော်... ငါးကျီးခြောက် ကျွတ်ကျွတ်ကြော်... လုပ်ပေးပါတယ်.... ဆွေမျိုး တွေ ကလည်း မပြတ် ကြော်ပေး ကြပါတယ်.... ကြက်ပေါင်းရည် များလဲ လုပ်ပေးကြပါတယ်...

ဆန်ပြုတ် ပြုတ်တဲ့ အခါ..... ကြက်သား ကို နူးအောင်ပြုတ်ပြီး ... ကြက်အသားတွေ ကို ကြေနေအောင် လုပ်ပြီး မှ နုပ်နုပ်စင်း ထဲ့ရပါတယ်.... နောက်ပိုင်း တော့ ငါး ကိုလည်း ချေပြီး ထဲ့ပါတယ်....  ကြက်ဥပြုတ် ကို လည်း ပါးပါးလှီးထဲ့ ပါတယ်.... ကျန်တဲ့ အဆာပလာ တွေ ထပ် ထည့် လိုက်တော့ ဆန်ပြုတ် က တအားမွှေးပြီး စားချင်စဖွယ် ပါဘဲ... ဆန်ပြုတ် ကို အများကြီး ပြုတ်ပါတယ်... ဘေးနားက ဆန်ပြုတ် သောက်ချင်တဲ့ လူနာတွေ ကို ဆန်ပြုတ် ဒါန ပြုပါတယ်...

ကျနော့် ဆန်ပြုတ် ကို မှန်မှန်သောက်တဲ့ လူနာ လေးဦး လောက် ရှိပါတယ်... ဖေဖေ တို့ နောက်မှ ခွဲမဲ့ လုံမ္မနီ ဆေးရုံအုပ်ကြီး ... ... မန္တလေး က နံမည်ကြီး မျက်မှန်ဆိုင် မှာ အလုပ်လုပ်သူ တယောက်..... မမြသီ ရဲ့ အကို (ဖေဖေ တို့ အရင် ခွဲပြီး ချုပ်ရိုးမကျက်သူ) နဲ့ ကျန်တာတော့ ခွဲဖို့ စောင့် နေတဲ့ လူနာစောင့် မပါဘဲ ... တကိုယ် တည်း ချီတက် လာတဲ့ အမျိုးသမီး တစ်ယောက် ဖြစ်ပါတယ်.... အဲဒီ အထဲက လူနာ နှစ်ယောက် ကတော့ မရဏမင်း ကို အရှုံးမပေး ချင်ဘဲ အရှုံးပေးသွားပါတယ်... သူတို့ အကြောင်းကိုလဲ ဆက်ပြီး ရေးပြပါမယ်...

ဈေးဝယ်တဲ့ အကြောင်းပြန်ဆက်ရရင်.... ဖေဖေ့ စားမဲ့ ထမင်းတနပ် အတွက် ဟင်းရွေးချယ်ရပါတယ် .... ငါးတမျိုးမျိုး နဲ့ အသီးအရွက်...  ပဲ .... ဓါတ်စာ အတွက် ကြွက်နားရွက် အဖြူအမဲ.... ဖေဖေ က ငါးကို မန်းကျီးမှဲ့ နဲ့ ချက်တာ ကြိုက်တော့ မန်ကျီးမှဲ့ လည်း ဝယ်ရပါတယ်... မင်္ဂလာဒုံ ဈေးကြီး က ဝယ်လို့ အင်မတန် ကောင်းတယ်...

မန္တလေး မှာ ဈေးဝယ်ရင်  အသား ငါးတွေ ကို တဆယ်သားဈေး မပြောကြဘူး... အစိတ်သားဈေးပြောပြီး အနည်း ဆုံး အစိတ်သား ဝယ်မှ အဆင်ပြေတယ်... ဒီမှာတော့ အားလုံး ကို တဆယ်သား ဈေးပြောပြီး တဆယ်သား လည်း ဝယ်လို့ ရတယ်... ကျနော် ကတော့ ငါးတွေ ပုဇွန်တွေ ပေါတာဘဲ သဘောကျ တယ်... 
ဖေဖေ့ ကို ငှက်ပျောသီး လည်း တနေ့ နှစ်လုံး လောက် ပုံမှန်ကျွေးတယ်... အဲဒီဈေးမှာ ဆေးမစိမ် တဲ့ တောသည်လေး တွေ ရောင်းတဲ့ ငှက်ပျောသီး ရင့်ရင့် ကြီး တွေလည်း ဝယ်လို့ အဆင်ပြေတယ်..... တခြား အသီးအနှံတွေ ကလည်း လတ်ဆတ်ပြီး ဈေးချိုပါတယ်... ကြက်ဥ ကလည်း အကြီးကြီး တွေ ... လတ်လည်း လတ် တယ် .. အဲဒီဘက်မှာ ကြက်ခြံတွေ ရှိတယ်ထင်တယ်... ဆေးရုံနားမှာတော့ အလုံး သေးတယ်... ဈေးလည်း ပိုတယ်...

ဖေဖေ ကို လတ်လတ်ဆတ်ဆတ် ကျွေးချင် တာကြောင့် ဈေးကို နေ့တိုင်း သွားတယ်... ... နောက်နေ့ တွေ ကျ ဘတ်စ်ကား နဲ့သွားတယ် ... ကားခ ၅ဝ ကျပ် ပေးရတယ်... ဒါပေမဲ့ ဝယ်ချင်ရာ ဝယ်ပြီး အလေးကြီး သယ်ပြီး ကားဂိတ် ရောက်အောင် ပြန် သွားရတာ အဆင်မပြေပါဘူး... ဆေးရုံမှာ ဈေးသွားရင် တခြား မသွားနိုင် တဲ့ သူတွေ .... ကူဖော်လောင်ဖက် မရှိတဲ့ သူတွေ မှာတာတွေပါ ဝယ်ပေး ရတယ်... ဝယ်ရတာ အမယ် များတယ်... တချို့ သူများကတော့ ဈေးသွားရင် တခြားသူ တွေကို မပြောတော့ဘူး.. သူများမှာတာတွေ  မသယ်နိုင်တော့ ... ကိုယ်ဖာသာ ဘဲ သွားကြတယ်....
ဘတ်စ်ကား နဲ့ အဲလို အလေးကြီးသယ် ရတာ အဆင်မပြေ တာ နဲ့ နောက်နေ့တွေကျ ဆိုင်ကယ် တက်စီ လေးနဲ့ သွားတယ်.... ပြန်တယ်...  တခါငှား ရင် ၅ဝဝ ကျပ် ပေးရတယ်... ကိုယ်တိုင် ဆိုင်ကယ် စီးတတ်တော့ ... ဆိုင်ကယ် မောင်းတဲ့ သူ နဲ့ ဆိုင်ကယ် အမျိုးအစား ကို သေချာ သတိထားပြီး ရွေးရတယ်... ဆိုင်ကယ် လည်း တောင့်တင်း ခိုင်မာ မှ လူ ကလည်း သန်သန်မာမာ အရပ်ရှည်ရှည် မှ ... တလွဲမတွေးကြ နဲ့နော်... ဆိုင်ကယ် တခုခုဖြစ်ရင် ခြေထောက်နဲ့ လှမ်းထောက်နိုင်အောင် အရပ်ရှည် ရတယ်လေ... ပုပုလေး သွားရွေးလို့ ခြေထောက်မထောက်နိုင်ရင် ကိုယ် ဘဲ နာမှာ မဟုတ်လား...

ဆေးရုံ မှာ ထမင်းဟင်းချက်ဖို့ မနက်၎နာရီလောက် ကထဲက ထရပါတယ်.... ထမင်းချက်တဲ့ နေရာမှာ မီးပလပ် ဦး ရပါတယ်.... နောက်တော့ ရွှေစင်ဦး လည်း လည် သွားပါတယ် ... ခုတင်ခြေရင်း က ပလပ် ကို ရအောင် လုပ်ထားပါတယ်... ကိုယ့်  အတွက် နေရာ လည်း ရော့ သွားတယ်...  ကိုယ် ချက်ရတာ စိတ်အေး လက်အေး လည်းဖြစ်သွားတယ်....အားလုံး အဆင်ပြေ သွားပါတယ်..... လူနာ တွေ မှာ မနက် ၆နာရီ သောက်ရမဲ့ ဆေး ပါ ပါတယ်.... အဲဒီဆေးမတိုက်ခင် အစားအသောက် ကျွေးထားရတာ ဆိုတော့ လေးနာရီ လောက် ထ မှ အဆင်ပြေပါတယ်.... တချို့ ကတော့ ရေနွေးတအိုး တည် ခနော ဆန်ပြုတ် လေး မာမီ ခေါက်ဆွဲလေး ... ဖောက်ထဲ့ ကြက်ဥလေး ဖောက်ထဲ့ ကြတယ်... 
ရွှေစင်ဦး လို ပွေလီ တဲ့ ချက်ပြုတ်သူ များအဖို့တော့ လည်း တော်တော် အချိန်ပေး ရ ပါတယ်... ည ကထဲက ဆန်ဆေး.. ရေထဲ့ ထား တရေးနိုးရင် နိုး ... မနိုးလည်း နိုးတဲ့ အချိန် ပလပ်တတ် လိုက်တယ်...... ရေနွေးတအိုး တည် တယ် ... ထမင်း ကျက်ရင် ဆန်ပြုတ် အတွက်ခွဲပြီး ... ကြေအောင် ဇွန်းပေါက်လေး နဲ့ ချေရပါတယ်... ပြီးမှ ရေနွေးထဲ့ ပြီး ပွက်အောင် .. နူးအောင် ပြန်တည် ရပါတယ်... အရင်ရက်က ကြော် ထားတဲ့ ငါးကြော် ကိုလည်း  ပျော့ တယ်ထင်ရင်.... ကျွပ်အောင် ပြန်ကြော် ပါတယ်... အဲဒီတော့..... အချိန် နဲနဲ ပေးရတယ်... ကြက်ဥ ကလည်း မနက်အစောစာအတွက် အနဲဆုံး ၂လုံး ပါအောင် ကျွေးရပါတယ်... ဆန်ပြုတ် တပန်းကန် ခွဲလောက်.... ငါးကြော်.... အိုဗာတင်း နဲ့ ကော်ဖီ ကို အများဆုံး ကျွေး ဖြစ်ပါတယ်....

မနက်စောစော ထပြီး ချက်ရတဲ့ အခါမှာ စောစောစီးစီး မှာ အိပ်ချင်မူးတူး ထလာကြတာရယ်... နောက်ပြီး လူနာ ဆေးတိုက် ချိန် အမှီ ပေါ့ပေါ့ပါးပါး လေး တွေ ဘဲ ချက်ပြုတ်ရတယ် ဆိုတော့ သိပ် စကားများချိန် မရှိကြသလို ... မြန်မြန်ဆန်ဆန် ဘဲ ချက်ပြုတ်  ပြီးသွားကြတယ်...

နေ့လည် ကျွေးရမဲ့ တနပ်ကတော့ ဈေးက အပြန်... ကောင်းနိုးရာရာ လေးတွေ ကို လူနာတွေ စားချင်အောင် ချက်ရပြုတ်ရ ပါတယ်... နေရာအနှံ က လာကြတဲ့ အတွက် အရပ်ရပ် က ချက်ပြုတ်နည်း မျိုးစုံ အပြင် ...  စိတ် အမျိုးမျိုး... ဘဝ အမျိုးမျိုး ဆိုတော့ သူတို့ ချက်ပုံပြုတ်ပုံ နဲ့ သူတို့ ပြောစကား တွေဟာ  တော်တော် စိတ်ဝင်စား ဖို့ ကောင်းပါတယ်....

ဆက်ရန်
.

17 comments:

Anonymous said...

မီးကော..မှန်ရဲ့လားအစ်မ..း)

sosegado said...

ဆေးရုံပေါ်မှာ ထမင်းချက်ခွင့် ပေးသင့်မပေးသင့် စဉ်းစားသင့်ပါတယ်၊
အိန္ဒိယနှင့်တော်တော်တူပါတယ် နယ်ဆေးရုံမှာ လူနာရှင်တွေ ထမင်းလုချက်ကြတယ်
ဖိတ်နေတာဟာတွေက ပဲဟင်းတွေလား ဘာတွေလား ခွဲမရဘူးးD

Anonymous said...

You are very patient and good girl for your dad.I lough when i read how you choose the man for motorcycle:D
Gyidaw

အင်ကြင်းသန့် said...

ဒီလို သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားရတာ ဘဘ တော်တော်ကံကောင်းတာပဲ။

ဖတ်လို့လည်းကောင်းတယ်။ အတွေ့အကြုံစုံဗဟုသုတတွေလည်းရတယ် မမရွှေစင်ရေ....။ အဆက်ကိုမျှော်နေမယ်။

ချစ်ညီမလေး

မေဓာဝီ said...

မကြိုက်တဲ့ထဲမှာ ဆန်ပြုတ်က ထိပ်ဆုံးကပဲ အမရွှေစင်ရေ ...
အဖိုးကတော့ အမရွှေစင်ဖေဖေလိုပဲ ယာဂုဆိုပြီး ဆန်ပြုတ် မနက်တိုင်း သောက်တယ်။
အမရွှေစင် ဆန်ပြုတ်ကတော့ သောက်လို့ ကောင်းမယ့်ပုံပါပဲ။
ငါးရံ့အူလဲ စားချင်လိုက်တာ။ မစားရတာ ကြာပေါ့ ...
မင်္ဂလာဒုံဈေးကို အမေလဲ ကြိုက်တယ်တဲ့ ၀ယ်လို့ကောင်းလို့ဆိုပဲ။

မြစ်ကျိုးအင်း said...

ရေးသမျှ လိုက်ဖတ်ရင်း မြေအောက်ခန်းထဲမှာ ထိတ်ရတော့မလို ၊ ဈေးတန်းထဲမှာ ဈေးဝယ်ထွက်ချင်သလိုတွေ ဖြစ်လာအောင်ကို ရေးပုံ ထိမိရိုးရှင်းတာလေး သဘောကျလွန်းတယ်။

လူနာတစ်ယောက်အတွက် အဲဒီလို ပြုစုပေးမယ့်သူ ရှိတာဟာ တော်တော်ကံကောင်းတာပါပဲ။

Angelhlaing(May everybody be happy and healthy! said...

စုံလို့ပါပဲလားမမရေ... အတွေ့အကြုံလေးတွေ ကအမှတ်ရချင်စရာ... စောင့်မျှော်နေတယ်..မမ:)

ချော(အစိမ်းရောင်လွင်ပြင်) said...

အစ်မရွှေစင်ရေ
လူနာတစ်ယောက်ကို ပြုစုရတာ တကယ်ကို မလွယ်ဘူးနော်
စေတနာ မေတ္တာပါမှ မငြိုမငြင်ပြုစုနိုင်မှာ
အစ်မရွှေစင်ကတော့ စေတနာရော မေတ္တာရောပါတဲ့အပြင် စိတ်ကလည်း ရှည်လိုက်တာ..
အရမ်းတော်တာဘဲ.. တကယ်ချီးကျုးပါတယ်။။
ဆေးရုံမှာက လူပေါင်းစုံတယ်ဆိုတာ တကယ်ဟုတ်တယ်နော်
ကိုယ်မသိသေးတဲ့ တစ်ခြားသူတွေရဲ့ ဘဝအတွေ့အကြုံကလည်း တကယ်ကိုစိတ်ဝင်စားဖို့ ကောင်းပါတယ်။။

ကိုဇော် said...

တကယ့် ဘဝဇာတ်ကြောင်းရှည်ကြီးပါပဲ။

ဆက်ပါဦး အစ်မရေ။

ချစ်စံအိမ် said...

လာဖတ်သွားပါတယ် မမရေ

မောင်သီဟ said...

ကိုမြစ်ပြောသလိုပါပဲ အစ်မရေ
သရဲလည်းရောကြောက်မိတယ် ကျွန်တော်တို့ယောက်ျား လေးတွေတောင်အဲလိုနေရာမှာ လန့်မိမှာအမှန် အိပ်ရဲလောက်ဖူးး)း)

စုချစ် said...

အစ်မရွှေစင်ရေ...မိဖကို ဒီလို ပြုစုခွင့်ရတာ အရမ်းကို ကုသိုလ် ထူးပါတယ်... စုချစ်တို့မှာ မိဖနဲ့ နီးနီးနားနား မနေရတော့ မိဖက နေမကောင်းရင် အဝေးကနေပဲ စိတ်ပူနေရတယ်.... သေချာ ပြုစုခွင့်မရလို့ စိတ်မကောင်းဖြစ်ရတယ်...

အစ်မက စာရေးကောင်းပြီးသားဆိုတော့ အစ်မရေးတဲ့နောက်ကို လိုက်ပါသွားတော့တာပဲ...
မင်္ဂလာဒုံဈေးကြီးတောင် ဈေးဝယ်ထွက်ချင်လာတယ်....တကယ်...း)

ဟန်ကြည် said...

ကိုယ်တိုင်က medical field ထဲမှာ အထိုက်အလျောက်ကျင်လည်ခဲ့ပေမယ့် မရွှေစင်လို လူနာမစောင့်ခဲ့ဖူးတော့ လူနာစောင့်ရဲ့ point of view ကို မြင်ယောင်မကြည့်မိခဲ့တာ ၀န်ခံရမှာပဲဗျာ...ဆေးရုံဆိုတာ လူ့အလွှာပေါင်းစုံ ပေါင်းဆုံတဲ့နေရာဖြစ်တော့ မရွှေစင်ရဲ့ ဆေးရောင်စုံပန်းချီကားကို ကြည့်ရတာ ဆေးသားကို စိုလက်နေတော့တာပဲ...၁ နဲ့ ၂ ကို ပြန်ဖတ်သွားပြီးပြီမို့ ၄ ကို စောင့်ဖတ်လိုက်ပါဦးမယ်...ရန်ကုန်ဆေးရုံက ကိုယ်နဲ့လက်လှမ်းဝေးလွန်းတော့ မရွှေစင်ဆီကပဲ ဗဟုသုတယူရတော့မှာပဲ...

seesein said...

ဆန်ပြုတ်ပါရဂူ မရွှင်ပါဗျို့....စားပြီးရင် စားချင် ဆန်ပြုတ်ပါ။ မယုံသောသူများ အလည်လာသော အခါ ဆန်ပြုတ်တိုက်ခိုင်းပါ....း)

ယခုအခါ သူမအား မောင်နှမများအားလုံးက ဘွဲ့တခု အပ်နှင်းပေးလိုက်ပါသည်။

အဟာရ ဗေဒပညာရှင်

porridge specialist (.....hospital)

Mandalay.

ချစ်ညီမ

Dream said...

ဖတ်လို့ဈာန်ဝင်မှ ဆက်ရန်တဲ့။း(
ညန်ညန်ရေးးးးဘာာာဂျို့.............. :D

PhyoPhyo said...

တော်လိုက်တဲ့ အစ်မရွှေစင်။
မရွှေစင်ရေးထားတာဖတ်လိုက်တာ ဈေးဝယ်တောင်ထွက်ချင်၊ ဟင်းတောင် ပွေလီချက်ချင်လာတယ်။

khin said...

Sister,
I'm not sure that you already posted part4 or I missed it when I was away from internet. Wish you the best.