ကင်ဆာသမားတယောက် ရဲ့ ဖွင့်ဟဝင်ခံချက်
ကျွန်တော် အခု အသက် ၅၁ နှစ်ရှိပါပြီ။ ကျွန်တော် ကင်ဆာရောဂါ စဖြစ်တုန်းက အသက် ၄၃နှစ်ပါ။ ကျွန်တော် အိမ်ထောင်ပြီး ၁၆ နှစ်အကြာ သားသမီး ၃ ယောက် ရပြီးချိန်မှာ အင်မတန် ကြောက်စရာ ကောင်းတဲ့ ကင်ဆာရောဂါဆိုတဲ့ အိက်မက်ဆိုးကြီး စတင်ဝင်ရောက်လာတာပါပဲ။ စဖြစ်တုန်းကတော့ ကျွန်တော် ကင်ဆာ နဲ့ မရင်းနှီး။ သူ့ကိုလည်း မသိတော့ ကြောက်ရမှန်း၊ လန့်ရမှန်း မသိခဲ့ပါဘူး အစ်ကိုရာ။ ဓာတ်ရောင်ခြည်ကင်ရင် ဘာဖြစ်မယ်တို့ ညာဖြစ်မယ်တို့ဆိုတာလည်း မသိပါဘူး။ မသိဆို ကျွန်တော် က အောင်လံမြို့မှာမွေး၊ အောင်လံမြို့မှာ ကျောင်နေ၊ အတန်းပညာကလည်း ရှစ်တန်းလောက် အထိသာ ရောက်ခဲ့တော့ ဗဟုသုတ ဝေးခဲ့တာလည်းပါမှာပေါ့။ ဒါကြောင့် ကင်ဆာရောဂါရဲ့ ထိုးနှက်ချက် ကို ကျွန်တော် သေကောင်ပေါင်းလဲ။ အလူးအလဲ ခံစားခဲ့ရပါတယ်လို့ ပြောပြသူမှာ ပြည်မြို့နေ အောင်လံသား ကိုမြင့်အောင်ဖြစ်သည်။
(က)
ကျွန်တော်တို့ စီးနင်းသွားသော အေးရှအိတ်စ်ပရက်စ် အဝေးပြေကားကြီး ပြည်မြို့၊ အဝေးပြေးဂိတ်ဝင်း အတွင်း အဆောင်(၂)၊ အခန်း(၂၉) ရှေ့ ထိုးဆိုက်လိုက်တော့ မွန်းတိမ်း ၂း၀၀ နာရီပင် ရှိပြီ။ တကယ်ဆိုလျှင် နေ့ခင်း ၁၂း၀၀နာရီ (သို့မဟုတ်) ၁း၀၀နာရီထဲက ပြည်ကိုရောက်သင့်၏။ ကားတွေက အဝေးပြေး အိပ်စ်ပရက်တပ်ထားသော်လည်း လိုင်းတိုကားတွေလို ခရီးသည်လမ်းကို အတင်အချတွေက များလွန်း လှသည်။ လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်၊ အနှစ်နှစ်ဆယ်လောက်ကတော့ သည်လိုမဟုတ်။ ယခုတော့ ဟိုင်းဝေးကားတွေကလည်းများလာ။ (ပြည်ကားကသည်တစ်ဂိတ်တည်းပင် တစ်နာရီ တစ်စီး ထွက် နေပါသည်။ တခြားကားတွေလည်း ရှိသေးသည်) သည်တော့ ပြိုင်ဆိုင်မှုက ပြင်းထန်လာ။ သည်တော့ တွက်ချေကိုက်ရေးအတွက် ဟိုင်းဝေးကား ဂုဏ်သိက္ခာကို မချမဖြစ်ချရတော့သည်ဟု ထင်ပါသည်။ ကားတွေစီးရတာတော့ သက်သောင့်သက်သာ ရှိသည်။ ကားခကတော့ လေးထောင်ကျော် ဖြစ်လာသည်။
ပြည်ဂိတ်ရောက်တော့ ကိုမြင့်အောင်အိမ် သွားရောက်ရေးကို သားဖြစ်သူ ရဲမွန်ထော အစီအစဉ်ဆွဲရသည်။ ဂိတ် မှာ ဆိုင်ကယ်ကယ်ရီရှိသလို သုံးဘီးဆိုင်ကယ်တွေလည်း ရှိသည်။ ဟိုင်းလတ်(သို့) ပတ်ပလက်ကာ လိုင်းတိုကားတွေလည်း ရှိသည်။ ရဲမွန်ထောက ဆိုင်ကယ်မား၊ ကားသမားတွေနှင့် သွားမယ့်နေရာကို ညှိနှိုင်း နေစဉ် ကျွန်တော်က နောက်နေ့မနက် ၇း၃၀ နာ၇ီ ပြည်- ရန်ကုန် ကားလက်မှတ်နှစ်စောင် သွားဖြတ်ထားလိုက်သည်။ အလုပ်က မလုပ်ရသေး။ အလုပ်က မလုပ်ရသေး။ ပြန်ဖို့ကသေချာ သွားသည်။ ဒါက ဘုရင့်နောင် ဖောင်ဖျက်သည့်နည်းဟုဆိုသည်။
ကိုမြင့်အောင်နှင့် ရပ်ဆွေရပ်မျိုးတစ်ဦးက ကျွန်တော့သားကို ကိုမြင့်အောင် အိမ် လမ်းညွန်မြေပုံ ဆွဲပေး လိုက်တာက ပြည်အဝေးပြေးကားဂိတ်နှင့် သိပ်မဝေးလှ။
သို့တိုင် ဘောဘောကြီးဘုရားအနီးဟုဆိုသဖြင့် ဘောဘောကြီးဘုရားက ကားဂိတ်ဝင်းနှင့် အတန်ဝေး သည့် ဟု ဆိုပါသည်။ အမှန်တော့ ဘောဘောကြီးဘုရား မဟုတ်။ ဘုရားကြီး ဘုရားသာ ဖြစ်သည်။ ဘုရားကြီး ဘုရားအနီး က ဆည်မြောင်းတိုးချဲ့ဝင်းမှာ ယခု အိမ်မြေ ၄၀ လောက်ပဲရှိသည်ဟုဆိုသည်။ သူတို့ဝင်း အနောက်ဘက်မှ လေယာဉ်ကွင်းရှိသည်ဟု လည်းဆိုပါသည်။ ဘုရားကြီးအနီးပြည်၊ အောင်လံ အဝေးပြေး လမ်းမကြီး ဘေးမှာ ရှေးဟောင်းသုတေသနဌာန၊ ပြည်မြို့ နည်းပညာ တက္ကသိုလ် တို့လည်းရှိသည်။
နောက်တော့ ရဲမွန်ထောက ကိုမြင့်အောင်တို့ဆီ ဖုန်းလှမ်းဆက်ပြီး သူရောက် နေပြီဖြစ်ကြောင်း၊ ကိုမြင့်အောင် အိမ်ကို ဘယ်လိုလာရမလဲ စသည်ဖြင့် လှမ်းမေးသည်။ ကိုမြင့်အောင်အိမ်မှာ ဖုန်းမရှိ။ ၅ မိနစ် ကြာမှ ပြန်ဆက်ရန်ဆိုတော့စောင့်နေရသေးသည်။ ရေအိမ်သွားဖို့ အချိန်ရသွား၏။ ၅ မိနစ်ပြည့်တော့ မှ ဘောဘောကြီးဘုရားအနီး မဟုတ်ဘဲ ဘုရားကြီးဘုရားအနီးဆိုတာ သိရသည်။ သုံးဘီး ဆိုင်ကယ်သမား က ကျွန်တော်တို့ စင်းလုံးငှားမှာ သိပြီးစောင့်နေပေးခဲ့သည်။ လိပ်စာ အတိအကျ သိရတော့ သုံးဘီး ဆိုင်ကယ် သမားက ချက်ခြင်းပေါက်သွားသည်။ ဘုရားကြီးဘေးလမ်းက တည့်တည့် ၀င်ခဲ့။ လူငယ် တွေ ဘောလုံးကန်နေတယ်။ မေးလိုက်ရတယ်။
သုံးဘီးဆိုင်ကယ်သမားနှင့် ဈေးနှုန်းညှိပြီး ကျွန်တော်တို့ကို ကားဂိတ်ဝင်းနှင့် အနီးဆုံး (သို့) လမ်းလျှောက်လာလို့ရတဲ့နေရာက တည်းခိုခန်း အရင်လိုက်ပို့ဖို့ ပြောရသည်။ သို့နှင့် သုံးဘီးဆိုင်ကယ်နှင့် ကားဂိတ်ဝင်းနှင့် သိပ်မဝေးသောနေရာမှ (မြို့တွင်း ရွှေဆံတော်ဘုရားသွားသည့် လမ်းဘေးမှာရှိသည်။ သည်နေရာက ပြည်မြို့၏ တိုးချဲ့ရပ်ကွက်ဟု) ဆိုသည်။ ပြည်မှ အောင်လံမြို့ဘက် ထွက်သော လမ်းအနီးမှာ ရှိသည်။)
’မင်္ဂလာမိုး’ ဧည့်ရိပ်သာဆိုသော သုံးထပ်တိုက် အဆောက်အဦးမှ တစ်ညတာအတွက် မှတ်ပုံတင်တွေပေး၊ ငွေပေးချေပြီးတော့ ကျွန်တော်တို့တည်းရမည့် ဒုတိယထပ်တက်ခါ အ၀တ်အစားအိတ်တွေထားပြီး လိုအပ်တော့ ကက်ဆက်၊ ကင်မရာ မှတ်တမ်းစာအုပ်၊ စသည်ဖြင့်ယူကာ ပြန်ဆင်းလာပြီး သုံးဘီးဆိုင်ကယ် နှင့် ကိုမြင့်အောင် အိမ်သို့။
သုံးဘီးဆိုင်ကယ် က ဘုရားကြီးသို့ ၅မိနစ်၊ အလွန်ဆုံး ၁၀ မိနစ်လောက်ပဲ မောင်းရသည်။ တွေ့တော့ လမ်းဘယ်ဘက် ရပ်ကွက်ထဲ ချိုးဝင်မိသေးသည်။ မေးတော့ လမ်းညာဘက် ဘုရားကြီးဘေးမှ ၀င်ရမည်။
ဘုရားကြီးမှာ ဂူပုထိုးစေတီ ပုံစံတည်ထားခြင်း ဖြစ်သည်။ လေဒဏ်၊ နေဒဏ်၊ မိုးဒဏ် နှစ်ပေါင်းများစွာ ခံလာရပြီ ဖြစ်သောကြောင့် ရေညှိအုတ်ရောင် မည်းညစ်ညစ်နှင့် ရှိသည်။ ပြုပြင်ခြင်း သိပ်ရှိ ပုံမရ။ ဘုရားပရ၀ုဏ် ၀င်းခြံခတ်ထားခြင်း မတွေ့ရ။ ဘုရားကြီးဘေးမှာ မြေလမ်းခြား၍ ရှေးဟောင်းသုတေသန ရှိတာကို တွေ့ရသည်။
ကိုမြင့်အောင် နှင့် စကားစမြည်ပြောပြီးအပြန် ဘုရားဖူးတော့ ကိုမြင့်အောင်အစ်ကို ကိုဝင်းလှိုင်က ဘုရားကြီး ဂူပုထိုးမှာ ဒွတ္တပေါင်မင်းကြီး တည်ခဲ့တာဟုဆိုပါသည်။ ပါဠိဆရာများရေးသော ပိဋကတ်တော် သမိုင်း စာအုပ်ထဲမှာတော့ သီရိခေတ္တရာ ပြည်ကို သဗ္ဗညုဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး ၁၀၁နှစ်အကြာမှာ (သာသနာသက္ကရာဇ် ၁၀၁ နှစ်) ဒွတ္တပေါင်မင်းကြီး ဘိသိက်ခံယူတော်မူသည်ဟု ဆိုသည်။ ယခု သာသနာသက္ကရာဇ် နှစ်ပေါင်း ၂၅၀၀ကျော်ပြီ။ သို့ကြောင့် အနည်းလေးသည် ဘုရားကြီးကို ဒွတ္တပေါင်မင်း တည်သည်ဆိုလျှင် နှစ်ပေါင်း ၂၄၀၀ ကျော်တော့ရှိလောက်ပြီ။ ဟုတ်၊ မဟုတ်တော့ ကျွန်တော် မသိ။ ကျွန်တော် စဉ်းစားနိုင်သလောက် စဉ်းစားကြည့်တာြ့ဖစ်သည်။ ဘုရားကြီးမှာ ခေါင်းလောင်းပုံ ပုထိုးကြီး ဖြစ်သည်။ အုတ်ထုနှင့် တည်ထားပြီး ဘုရား၏ထု (အချင်း) မှာ ပေ ၅၀ ထက်တော့ နည်းမည်မဟုတ်။
လူငယ်တွေ ဘောလုံးကစားနေတာကို ဘုရားကြီးဘေးလမ်းအနီးမှာ တွေရသည်။ ဆက်သွားတော့ ရပ်ကွက်ထဲရောက်သွားသည်။ ကျွန်တော်တို့ ကိုမြင့်အောင်ကို မေးနေစဉ် သူ့အစ်ကိုက ထွက်ခေါ်သည်။ သို့နှင့် ကိုမြင့်အောင်အိမ် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားသည်။ ကိုမြင့်အောင်က အိမ်ရှေ့မှာ ရေချိုး နေသည်။ အသားလတ်လတ်၊ ဥပတိရုပ် ကောင်းကောင်း၊ အပြုံးချိုချိုရှိ၏။
(ခ)
တကယ့်တော့ ကျွန်တော်လည်း လွန်ခဲ့သော သုံးလေးလကမှ ကင်ဆာရောဂါဖြစ်ခဲ့ပြီး ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့သို့ သွားရောက်၍ ဓါတ်ရောင်ခြည်နှင့် ရက်ပေါင်း ၃၀ (တစ်လခွဲ) ကြာကုသပြီး ရက်စေ့ခဲ့ ၍ ရန်ကုန်ပြန်ရောက်သည်မှာ နှစ်ပတ်(၁၄) ရက် ပဲရှိသေးသည်။ (ထိုကင်ဆာရောဂါ စတင်ဖြစ်သွားပုံ ကို ငါ့ခန္ဓာကိုယ်ထဲ ၀င်လာတာ ဘယ်သူလဲ။ ကင်ဆာ ဆိုတော့ စာမူ ရေးသားခဲ့ပြီး ) တကယ်တော့ ခရီးထွက်ဖို့ မသင့်သေး။ သို့တိုင်ကင်ဆာ ရောဂါသည် ကိုမြင့်အောင်နှင့် စကားစမြည် ပြောဖို့၊ ကင်ဆာရောဂါ ဖြစ်ကြပုံ အတွေ့အကြုံတွေ ဖလှယ်ဖို့၊ သားရဲမွန်ထောက အဖေလိုက်ခဲ့ပါ ခေါ်သဖြင့် (စိတ်ဝင်စားတာလည်း ပါသည်။) ယခုလိုပြည်မြို့သို့ တစ်ညအိပ် လိုက်လာခဲ့ခြင်းဖြစ်သည်။
သစ်သားစားပွဲရှည်၊ သစ်သားခုံတန်းရှည်မှာ ထိုင်ရင်း သိပ်မိတ်ဆက် စရာမလိုဘဲ ချက်ချင်း ရင်းနှီး သွားပါသည်။စားပွဲဝိုင်းမှာ ကိုမြင့်အောင်က ကျွန်တော်နှင့်မျက်နှာချင်းဆိုင်။ သူ့ဘေးမှာ သူ့အစ်ကို ကိုဝင်းလှိုင်။ ကိုဝင်းလှိုင်ရဲ့ ညာဘက် ထိပ်မှာက ကိုမြင့်အောင်ဇနီး မသီတာအောင်က ထိုင်နေပါသည်။ ကိုမြင့်အောင် မျက်နှာမှာ ကြည်လင်နေ၏။ လည်ပင်းအခြေအနေ အပေါက်မှာ အ၀တ်ဖြူဖြင့် အုပ်စီး ထားသည်။ ထိုအ၀တ်ဖြူ ဖယ်လိုက်တော့ ဆယ်ပြားစေ့ခန့် (လူငယ်တွေက ဆယ်ပြားစေ့ကို မြင်ဖူးမှာမဟုတ်) သို့မဟုတ် လက်မခန့် ဒါမှမဟုတ်လျှင်တော့ ငါးမူးပေါက်ခန့် အပေါက်ရှိသည်။ ထိုအပေါက် မှာ ကိုမြင့်အောင်လေရှူပေါက်ဖြစ်နေသည်။ နှာခေါင်းပေါက် အတုပေါ့။ နှာခေါင်းပေါက်က လည်ပင်း အခြေရောက်နေတာက ပီကာဆို၏။ မော်ဒန်ပန်းချီကား ရေးဆွဲထားခြင်းမဟုတ်။ ကင်ဆာရောဂါ ဒဏ်ရာ ဒဏ်ချက်သာ ဖြစ်သည်။ ထိုနှာခေါင်းပေါက်အတုနှင့် အသက်ရှူနေရသဖြင့်လည်း ကိုမြင့်အောင် မှာ အနံ့ဆိုတာမရှိတော့။ အနံ့ဆိုသော အာရုံခံစားမှု မရရှိတော့။ ထိုအခါ လျှာ၏ ရသာရုံ လည်း ဓါတ်ရောင်ခြည် တန်ခိုးကြောင့် ပျောက်ဆုံးနေပါပြီ။
ဒါသည် အသက်မသေသော်လည်း အသက်နှင့် လဲလှယ်လိုက်ရသည့် ကင်ဆာရောဂါ၏ ဆိုးကျိုးတွေ ရရှိခံစားလိုက်ရခြင်း ဖြစ်သည်။
(ဂ)
ဒါနဲ့ ကိုမြင့်အောင်က ကင်ဆာရောဂါ ဘယ်ခုနှစ်တုန်းက စဖြစ်တာလဲ၊ ဘယ်လို စဖြစ်တာလဲဆိုသည့် ကျွန်တော့် အမေးကို ကိုမြင့်အောင်၏အစ်ကို ကိုဝင်းလှိုင်နှင့်ဇနီး မသီတာအောင်တို့မှ ကူညီဖြေကြား ပေးခဲ့ပါသည်။
ကျွန်တော်အသက် ၄၃နှစ်လောက် ၂၀၀၂ ခုနှစ်မှစပြီး ဖြစ်တာပါ။ အခု ကျွန်တော်အသက်က ၅၁ နှစ် ရှိပါသည်။ စဖြစ်တော့ ကျွန်တော်အိမ်ထောင်ကျပြီး သားသမီး ၃ ယောက်ရတဲ့ အချိန်ပေါ့။ အင်မတန် ကြောက်စရာ ကောင်းတဲ့ ကင်ဆာဆိုတဲ့ ရောဂါဆိုးကြီး စတင်ဝင်ရောက်လာတော့ ကျွန်တော် ကင်ဆာမှန်း မသိဘူး။ သိလည်း ကြောက်ရမှန်းလန့်ရမှန်း နားမလည်ခဲ့ပါဘူး။ ကင်ဆာနဲ့ကျွန်တော် မရင်းနှီးသေးတဲ့ အချိန် ဓါတ်ရောင်ခြည် ကင်ရင်ဘာဖြစ်မယ်၊ ညာဖြစ်မယ်၊ သေတတ်တယ်။ ကုမရ တော့ဘူး စသည်ဖြင့် ဆိုတာမျိုးလည်း ဘာဆိုဘာမှ မသိပါဘူး ။
မသိဆို ကျွန်တော်က အောင်လံမြို့မှာမွေးပြီး အဲဒီမှာကြီး၊ အဲဒီမှာ ကျောင်းနေတော့ကာ ဗဟုသုတနဲ့ ဝေးတာလည်း ပါမှာပေါ့။တကယ်တော့ ဓါတ်ရောင်ခြည် ကင်တာ ကြောက်စရာ မဟုတ်ဘူးဆိုတာလည်း ကျွန်တော်မသိပါဘူး။ ကျွန်တော် ၁၉၈၆ ခုနှစ်မှာ အိမ်ထောင်ကျတယ်။ အိမ်ထောင်ကျပြီးတော့လည်း ဆည်မြောင်းဌာန မှာ ၀င်လုပ်နေသေးတယ်။ ရုံးဘက်မှာပါ။ အကူ စာရေးပေါ့။ နှစ်နှစ်လောက်ပဲ လုပ်ပြီး ထွက် လိုက်ပါတယ်။ အဲတော့ ပြည်ကိုရောက်နေပြီ။ ကျွန်တော်က သီရိခေတ္တရာသူ မသီတာအောင်နဲ့ အိမ်ထောင်ကျ ခဲ့တာကိုး။ ပထမတော့ ဆည်မြောင်းဝင်းမှာ ။ ဆည်မြောင်းဝင်းက ကျွန်တော်တို့ရဲ့ အရှေ့ဘက် အရပ်မှာ ရှိပါတယ်။ ဒါကြောင့် ဒီဆည်မြောင်း တိုးချဲ့ရပ်ကွက်ထဲ ရောက်နေတာပါ။
ဆက်ရန်
.
ကျွန်တော်အသက် ၄၃နှစ်လောက် ၂၀၀၂ ခုနှစ်မှစပြီး ဖြစ်တာပါ။ အခု ကျွန်တော်အသက်က ၅၁ နှစ် ရှိပါသည်။ စဖြစ်တော့ ကျွန်တော်အိမ်ထောင်ကျပြီး သားသမီး ၃ ယောက်ရတဲ့ အချိန်ပေါ့။ အင်မတန် ကြောက်စရာ ကောင်းတဲ့ ကင်ဆာဆိုတဲ့ ရောဂါဆိုးကြီး စတင်ဝင်ရောက်လာတော့ ကျွန်တော် ကင်ဆာမှန်း မသိဘူး။ သိလည်း ကြောက်ရမှန်းလန့်ရမှန်း နားမလည်ခဲ့ပါဘူး။ ကင်ဆာနဲ့ကျွန်တော် မရင်းနှီးသေးတဲ့ အချိန် ဓါတ်ရောင်ခြည် ကင်ရင်ဘာဖြစ်မယ်၊ ညာဖြစ်မယ်၊ သေတတ်တယ်။ ကုမရ တော့ဘူး စသည်ဖြင့် ဆိုတာမျိုးလည်း ဘာဆိုဘာမှ မသိပါဘူး ။
မသိဆို ကျွန်တော်က အောင်လံမြို့မှာမွေးပြီး အဲဒီမှာကြီး၊ အဲဒီမှာ ကျောင်းနေတော့ကာ ဗဟုသုတနဲ့ ဝေးတာလည်း ပါမှာပေါ့။တကယ်တော့ ဓါတ်ရောင်ခြည် ကင်တာ ကြောက်စရာ မဟုတ်ဘူးဆိုတာလည်း ကျွန်တော်မသိပါဘူး။ ကျွန်တော် ၁၉၈၆ ခုနှစ်မှာ အိမ်ထောင်ကျတယ်။ အိမ်ထောင်ကျပြီးတော့လည်း ဆည်မြောင်းဌာန မှာ ၀င်လုပ်နေသေးတယ်။ ရုံးဘက်မှာပါ။ အကူ စာရေးပေါ့။ နှစ်နှစ်လောက်ပဲ လုပ်ပြီး ထွက် လိုက်ပါတယ်။ အဲတော့ ပြည်ကိုရောက်နေပြီ။ ကျွန်တော်က သီရိခေတ္တရာသူ မသီတာအောင်နဲ့ အိမ်ထောင်ကျ ခဲ့တာကိုး။ ပထမတော့ ဆည်မြောင်းဝင်းမှာ ။ ဆည်မြောင်းဝင်းက ကျွန်တော်တို့ရဲ့ အရှေ့ဘက် အရပ်မှာ ရှိပါတယ်။ ဒါကြောင့် ဒီဆည်မြောင်း တိုးချဲ့ရပ်ကွက်ထဲ ရောက်နေတာပါ။
ဆက်ရန်
.
1 comment:
ဒီဟာကို ဆက်ပေးပါအုံးအမ..
တစ်ချို့ ဟာလေးတွေ pdf ပြောင်းပြီး သိမ်းထားတယ် အမရေ
Post a Comment