Saturday, January 14, 2012

ဒဂုန်ခင်ခင်လေး ၏ မှော်ဆရာမှတ်တမ်း, အပိုင်း (၁၂)

သို့နှင့် ထိုညအဖို့တွင် သုံးယောက်သား သောက်စားယစ်ဝ၍ အိပ်ကြရာ၊ နံနက်လင်း လျှင် ဘိုးနုကို ရှာမတွေ့ တော့ချေ။ ဘိုးတေနှင့်ဘိုးစုလည်း ဘိုးနုကို လိုက်ရှာကြလေ၏။ သုံးယောက်သား ယှဉ်၍ အိပ်နေရာတွင် ဘိုးနုနေရာဘက်တွင် သွေးစွန်းသွေးကွက်လိုလို မြင်ရသဖြင့် သာ၍စိုးရိမ်လာ ကာ သေချာစွာ ထပ်မံစုံစမ်းကြည့်ရာ၊ မြေပေါ်တွင် ဒရွတ်တိုက်၍ ဆွဲယူသွားသော အကြောင်းရာ ကြီးတစ်ခု ထင်နေသည်ကို တွေ့ရပြန်၍၊ ထိုအရာအတိုင်းလိုက်ကြပြန်သည်တွင် အုတ်တိုက်ပျက် ကြီး၏တခုသော အခန်းဝ တွင် ခြေရာပြတ်၍ နေသည်ကို တွေ့ရသဖြင့် ရှေ့ရှိတံခါးကိုတွန်းသော် လည်းမရဘဲ၊ လွန်စွာခိုင်မြဲ ၍ နေသည်ကိုတွေ့လေ၏။

"ဟေ့- ဘိုးစုရေ၊ ဘိုးစုတော့ဘယ်နည်းနဲ့ မဆို ဒီအခန်းထဲမှာရှိမှာဘဲ၊ ဘာဖြစ်နေတယ်ဆိုတာ သိရ အောင် ဇွတ်ဖွင့်ကြည့်မယ်ကွာ"
ဟု ပြောကာတံခါးကို ထုရိုက်၍ဖွင့်ကြပြန်လေ၏။
ထိုအခါတွင် တံခါးမပွင့်ဘဲ တံခါးတွင်းမှ မျက်နှာဆိုးကြီးများနှင့် ထွက်၍လာသော လူနီကလေးနှင့် ရသေ့ကြီး တစ်ယောက်၊ ဘိုးသူတော်ဝဝကြီးတယောက်၊ ဆံတိုနှင့် ဘီလူးရုပ်ပေါက်နေသော ထမီ ဇောက်ထိုး ရင်လျှားထားသည့် မျက်ထောင့်နီနီ မိန်မးမကြီးတယောက်တို့မှ နှုတ်ခမ်း၊ ပါးစပ်တို့တွင် သွေးစ၊ သွေးန များ ပေကျံလျက်ဘိုးတေနှင့် ဘိုးစုတို့ကို မျက်စောင်းခဲ၍ ကြည့်ရင်း တဘက်သို့ လျှောက်ခါ ပျောက်ကွယ် သွားကြသည်ကို တွေ့ရသဖြင့် ဘိုးတေတို့မှာ မသင်္ကာမကင်းဖြစ်ခါ-
"ဟေ့- ဘိုးစု ငါတော့ ဒီကောင်တွေကို ဘယ်မသင်္ကာချင်ဘူး၊ တူတူချင်းစားနေပြီ ထင်တယ်၊ အတတ် သိရအောင် ဒီညမင်းနဲ့ငါနဲ့ အိပ်ချင်ယောင် ဆောင်ပြီး ချောင်းကြစို့၊ ကဲ ပြောနေကြာတယ် ကွာ ရွာပြန်ပြီး ဒါးရှည် ကောင်းကောင်းနှစ်လက် လောက်ရှာချေရအောင်"

ဟုဆိုကာ ပြန်လာကြပြီး ဒါးရှေကြီး နှစ်လက်ကို တနေ့လုံးထက်စွာ သွေး၍နေကြလေ၏။ ရွာရှိတ ချို့ လူများက မေးသောအခါလည်း ဘိုးတေက-
"ဒီနေ့ည တိုက်ပျက်ကြီးက သူရဲတွေကို ဒါးပွဲကျင်းပမလို့"ဟု ပြန်ပြောသောကြောင့် ကြားရသူများ မှာ -
"တို့ဘိုးတေကြီး ကတော့ နာမည်နဲ့ လိုက်အောင်မိုက်လဲ မိုက်ပါပေရဲ့"ဟု တိုးတိုးပြောကာ နေကြ လေ သတည်း။

ညဘက်သို့ရောက်လေ၏။ ဘိုးတေနှင့် ဘိုးစုတို့လည်း အခါတိုင်းကဲ့သို့ပင် က္ကနြေ္ဒမပျက်၊ တိုက်ပျက်ကြီး ထဲသို့ ၀င်ခဲ့ကြခါ ဂဇော်ခွက်နှင့် ကြက်ကြော်ကို နှစ်ယောက်သား သောက်စားရင်း ညဥ့်နက်လာသည်နှင့် မီးတဖို-ဖိုခါ ထိုအနီးမှာ နှစ်ယောက်ယှဉ်၍ အိပ်ကြလေ၏။ ကျောအောက် တွင် ဒါးရှေကို ထားလျက် မျက်လုံး ကို မှိတ်ခါ အိပ်ချင်ပြု၍ နေကြလေ၏။ ဘိုးတေကား ဇွဲကြီးနေသူ ဖြစ်၍ အိပ်ချင်လျက်ပင် အောင့်အင်း ကာ နာနာဘာဝတို့ အလာကို ချောင်းရန် ဇွတ်ပေခါ မအိပ်ဘဲ နေလေ၏။

ဘိုးစု ကား အိပ်ချင်ပြုနေရာမှ တကယ်အိပ်ပျော်သွားလေ၏။ ထိုအခိုက်၊ ချိုးချိုး ချွတ်ချွတ် အသံကြား သဖြင့် ဘိုးတေလည်း မျက်လုံးကို မှေး၍ကြည့်လိုက်ရာ၊ တင်းဘုတ်ထမ်းသော လူနီကလေးနှင့် ရသေ့ကြီး ဘိုးသူတော် ထမီဇောက်ထိုးရင်လျားနှင့် ခေါင်းမွေးစုတ်ဖွာ မိန်းမကြီး တို့ ဘိုးစုအနီးသို့ ရောက်နေ ကြသည် ကို တွေ့ရလေ၏။ ဘိုးတေလည်း ဘိုးစုကို အိပ်ချင်ပြုနေသည် ဟူ ၍ သာထင်နေလေ၏ သို့ရာတွင် မတော်တဆ အိပ်ပျော်နေလေသလားဟု သတိပေးဦးမည်ပြု သော်လည်း မပေးသာ။

မိမိက စကားပြောလိုက်လျှင် လူနီကလေးတို့ လုပ်ချင်ရာလုပ်ကြတော့ မည် မဟုတ်သဖြင့်တကြောင်း ဘိုးစုလည်း မိမိကဲ့သို့ပင် အိပ်ချင်ပြု၍ ကြည့်နေသည်ဟုပင်၊ ထင်သော ကြောင်းတကြောင့် မြုံကြည့်နေရာ မကြာခင်ပင် ဘိုးစုခေါင်းဘက်မှ ရပ်နေသော လူနီကလေး လည်း ထမ်းထားသော တင်းဘုတ်ကြီးနှင့် ဘိုးစု ခေါင်းကို ထုလိုက်ရာ လုံးနေသောခေါင်းသည်။ ဇကောပမာ အက်ကွဲကြေမွလျက် အပြားချပ်ကြီး ဖြစ်သွားကာ သွေးများလည်း ဖြာဖြာကျဆင်းလာ သည်ကို တွေ့မြင်ရလေ၏။ ဘိုးတေလည်း ထိတ်ထိတ်ပြာပြာ နှင့် အိပ်ရာမှ လူးလဲထပြီး ဒါးရှည် နှစ်လက်ကို တဘက်တချက် ဆွဲကိုင်ကာ လူနီကလေး သို့ တအားလွဲ၍ ခုတ်ပိုင်းလေ၏။ သို့သော် နာနာဘဝတန်ခိုးကြောင့် အကောင်အထည် ကို မထိ လေကိုသာ ခုတ်ပိုင်းမိလျှက် ရှိလေ၏။

ထိုအခိုက်တွင် ဆွဲသူကို မမြင်ရဘဲ။ ဘိုးစု၏ အလောင်းကြီးမှာ ဒရွတ်တိုက် ပါသွားသည်ကို တွေ့ မြင်ရသဖြင့် လူနီကလေးတို့ တသိုက်လည်း ပျောက်ကွယ်သွားကြသည်နှင့်ုအလောင်းကြီး ရွေ့သွားသည့် နောက်မှ တကောက်ကောက် လိုက်ခဲ့ရာ နောက်ဆုံးတွင် ယမာန်နေ့က တွေ့ရသော အခန်းတံခါးကြီး အနီးသို့  ရောက်ခဲ့လေ၏။ အလောင်းကြီး တံခါးဝသို့ရောက်လျှင် တံခါးရွက်ကြီးမှာ အလိုလိုပွင့်လာကာ ဘိုးစု၏ အလောင်းကြီးလည်း အတွင်းသို့ ဒရွတ်တိုက်ဝင်လာရာ ဘိုးတေလည်း ဒါးကို မြဲမြန်စွာ ဆုပ်ကိုင်လျက် ဇွတ်အတင်းဝင်၍ လိုက်သွားလေ၏။ အတွင်းသို့ရောက်လျှင် ဘိုးတေမှာ ဒါးကိုဆုပ်လျက် သွေးပျက် လုမခန်း ဖြစ်သွားလေ၏။

ထိုအခန်းကြီးကား တိုက်ပျက်ကြီးထဲရှိ တစ္ဆေသရဲ နာနာဘာဝအပေါင်းတို့၏ ပျော်ပါး သောက်စားရွှင်မြူးရာ ဟော်တယ်ကြီး သဘွယ် လွန်စွာလည်း ကျယ်ဝန်းလှပေ၏ ထိုမျှကျယ်ဝန်း သော အခန်းကြီးတခုလုံးတွင် များစွာသော လူသေအလောင်းတို့ဖြင့် ပြည့်နှက်လျက်ရှိပြီးလျှင် ထို လူသေတို့လည်း အချို့မှာ အရိုးချည်းကြံလျက်၊ တချို့ကပုပ်ယိဖောယောက်ကာ ပိုးလောက်တို့နှင့် ပြည့်လျှက် အချို့လည်း လောလော၊ လပ်လပ်သေပြီးစဖြစ်၍ အလောင်းတိုင်းတို့၏ ရင်ဘတ်တွင် ကား ထက်လှစွာသော လက်သီး တို့ဖြင့် ကုတ်ဆွဲဖြဲဖောက်ထားသကဲ့သို့ ပေါက်ပြဲ စုတ်ပြတ်ခါ အူ အသဲတို့မှာ ဖရိုဖရဲ ပြန့်ကြဲလျက် သွေးသံ တရဲရဲနှင့် ရှိသည်ကို တွေ့ရလျက် အလောင်းများမှာ လည်း မိမိတပည့်အသင်းသားများ သာဖြစ်လျက် သေသူ တို့၏ မျက်နှာမှာလည်း မရှုမလှသေရ သည့်အလား မျက်လုံးကြီးများ ပြူးထွက်၍ လက်ကားယား၊ ခြေကားယား လျှာကြီးများ တန်းလန်း ကျလျှက် အသက်ထွက်နေကြပုံကို မြင်ရသောအခါ သတ္တိကောင်း လှသော ဘိုးတေပင်လျှင် အသဲ တုန်၊ အူတုန် ဖြစ်၍လာလေ၏။

ထိုအခိုက်၌ ယခုပင်ဆွဲယူလာခဲ့သော ဘိုးစု၏အလောင်းအနီး၌ လူနီကလေးနှင့် ရသေ့ ကြီးဘိုးသူတော်၊ ထမိန်ဇောက်ထိုး မိန်းမကြီးတို့ပေါ်လာကြပြီး ဘိုးစု၏၀မ်းဗိုက်ကို မျက်ထောင့်နီ သူရဲမကြီးကထက်လှသော လက်သဲကြီးဖြင့် ကုတ်ဆွဲလိုက်ရာ ဗြိကနဲပေါက်ပြဲသွားပြီး အူအသဲနှင့် သွေးများ ပွက်ပွက် ထွက်ကျ လာသည်နှင့် တပြိုင်နက် လူနီကလေးနှင့်တကွ ရသေ့၊ ဘိုးသူတော် တို့ပါ အူအသဲတွေကို အလုအယက် ကိုက်ဆွဲ စားသောက်နေကြသည်ကိုတွေ့ရပြန်ရာ ဘိုးတေမှာ လည်း ထိတ်လန့်ခြင်းကြီး ထိတ်လန့် ကာခြာခနဲ နောက်သို့ လှည့်၍ ပြေးခဲ့လေ၏။ တံခါးအနီးသို့မ ရောက်မှီပင် နောက်က လူနီကလေး တင်းပုတ်ကြီးနှင့် ပြေးလိုက်လာပြီး တံခါးကြီးလည်း ဂျိန်းခနဲ ပိတ်သွားလေ၏ ဘိုးတေလည်း ဤတွင်မှ အလန့်ကြီး လန့်သွားကာ တံခါးကို ဒါးနှင့်ကလန့်၍ ဖွင့် လေ၏။ နောက်ကလည်း လူနီကလေးမှာ လိုက်လာပြီး မိန်းမကြီးကလည်း ရှည်လှသော လက်သည်းကြီးနှင့် လှမ်ကာ လှမ်းကာ ခြစ်ကုတ် ဆွဲခေါ်လေ၏။

ဘိုးတေလည်း လန့်လန့်နှင့် ဇွတ်ကန်၍ရုန်းရင်း အသံကုန်နင်းအော်လေ၏။ သို့နှင့် အော် သူအော် ဆွဲသူဆွဲနှင့် ဘိုးတေ၏ ကျောတခုလုံး သွေးတရဲရဲနှင့် အမဲဖျက်ထားသလို ရှိလေတော့၏။
နောက်ကဆွဲသူများကလည်း ကြမ်းသထက်ကြမ်း၍ ရမ်သထက်ရမ်းကာ ဘိုးတေအား ပေါင်ကိုဆွဲ ခေါင်းကိုလှဲနှင့် နေကြရာ၊ ဘိုးတေလည်း ကြံရာမရသဖြင့် နောက်ဆုံးတွင် တသက်လုံး မိုက်ဆိုးတေလာခဲ့သော လူပင်ဖြစ်လင့်ကစား ခလုတ်ထိမှအမိတ ဟူသော စကားပမာ ဘုရား ဘုရား ဟု တလိုက် မိသည်တွင် ရှေ့ကပိတ်ထားသော တံခါးလည်း ရုတ်တရက် ပွင့်သွားလေ၏။ ဘိုးတေလည်း တရှုထိုး ပြေး၍ ထွက်လာလေ၏။ နောက်ကလူနီကလေးတို့က စုလည်းညာသံပေး ကာတသဲသဲ ဆူညံလျက် လိုက်လာကြလေ၏။ ဘိုးတေလည်း ရွာဆီသို့ ရှေ့ရှုကာ အပြေးကြီး ပြေးခဲ့လေ၏။

လိုက်လာကြသော နာနာဘာဝတို့အနက်မှ လူနီကလးလည်း ရှေ့ဆုံးက ခေါင်းတည်လျက် ပါလာလေ၏။ ဘိုးတေ လည်း တဟဲဟဲနှင့် မနားဘဲပြေးခဲ့ရာ၊ နောက်ဆုံးတွင် ရွာတံခါးသို့ ပြေး ၀င်မိသည်နှင့် တပြိုင်နက် လူနီကလေး လည်း တင်းဘုတ်ကြီးနှင့် လှမ်း၍ နှက်လိုက်လေရာ ဘိုးတေလည်း အသံနက်ကြီးဖြင့် အမယ်လေးဗျ ဟုတခွန်းတည်းအော်တာ ရွာထဲသို့အ၀င်တွင် သွင်သွင်လည်အောင် လဲကျ သွားလေသတည်း။ နံနက်လင်းလျှင်ကား ရွာသူ၊ ရွာသားတို့မှာ ဘိုးတေသတိမရဘဲ ရွာထဲတွင် လဲနေသည် ကို တွေ့ကြ၍ တယောက်စကား တယောက်ကြားကာ တရွာလုံးစုရုံးလာကြပြီး တချို့ကလည်း ယခင်နေ့ က ဘိုးတေ ဒါးသွေးရင်းပြောသည့် စကားကို သွား၍ သတိရကြသဖြင့် တိုက်ပျက်ကြီးနားက နာနာဘာဝ တို့လက်ချက်ပင် ဟု သိရှိကြသော ကြောင့် ပယောဂ ဆရာတဦးဦးကို ပင့်ရန် စုံစမ်းကြလေ၏။

ထိုအခါတွင် မြို့အုပ်မင်းအိမ်၌ တည်းခိုနေထိုင်လျက် ပယောဂ ဘက်တွင် အထူးနာမည်ထွက် နေသော ကျွန်တော်၏ ကျေးဇူးရှင်ဆရာကြီးကို ရွာသူကြီးကိုယ်တိုင်လာ၍ု ပင့်သဖြင့် ကျွန်တော် လည်း ဆရာကြီး တပည့်ပီပီ ဆေးအိတ်ကို ထမ်းခါ ဆရာကြီးသွားရာ နောက်မှလိုက်ပါလာခဲ့ရပါ ကြောင်း။"

ရွာသို့ရောက်လျှင် လူသေကဲ့သို့ မေ့မြောနေသော ဘိုးတေဆိုသောသူကိုတွေ့၍၊ ဆရာကြီးလည်း ကုထုံးနည်း အတိုင်း ပရိတ်၊ ရေမန်း လက်ဖွဲ့၊ အင်းအိုင် စသည်များနှင့် ကုစားလေရာ၊ မကြာမီ သတိရ၍ လာလေ၏။

ဆရာကြီးလည်း ရွာသူကြီးနှင့် တရွ ရွာသားများ တောင်းပန်ခြင်းကြောင့် တိုက်ပျက်ကြီးက လူနီကလေး၏ အတ္ထုပ္ပတ္တိ ကို စုံစမ်းမေးမြန်းပေးရာ၊ နာနာဘာဝတို့လည်း ဘိုးတေကိုပူးဝင်လျှက် ရှေးအထက်ကျော် အခါက ထိုတိုက်ပျက်ကျောင်းကြီး တွင် ထွက်ရပ်လမ်းကို အထူးလိုက်စား၍ ဖိုတစ်ခုနှင့် အဂ္ဂိရတ် ထိုးနေသော ကျောင်းထိုင်ဆရာတော်ြံကီးတစ်ပါးသည်၊ တပည့်ရသေ့ကြီးတစ်ယောက်နှင့် ကပ္ပိယအဖြစ်နှင့် ထား ရှိသော ဘိုးတော်သူတော်ကြီးတစ်ယောက်နှင့် နေထိုင်ကြစဉ်၊ ထိုကျောင်းတိုက်ကြီးကို လှူသော ကျောင်းအမ သူဌေးကတော်ကြီးလည်း သူဌေးကြီးဆုံးပြီးနောက်

လူဆိုး ထားပြတို့ရန်ကို ကြောက်လန့်သည်တကြောင်း၊ ဘုန်းကြီးရဟန်းအနီးတွင် ဥပုသ်သီတင်း စောင့်သုံး၍နေလိုသည်က တစ်ကြောင်း များကြောင့် အဘိုးတန် ရွှေငွေ ပစ္စည်း ပစ္စယများနှင့်တပါတည်း ဘုန်းကြီး ကျောင်း သို့ရွှေ့ပျောင်းလာပြီး ကျောင်းကြီးအောက်တွင် နေထိုင်ကြောင်း ဘုန်းကြီးလည်း နေ့မီး ညမီးမစဲ အဂ္ဂိရတ်ကို တရှဲရှဲထို၍ နေခဲ့ရာတွင် သူဌေးကတော်ကြီးလည်း ရွေှ့ဖြစ် ငွေဖြစ်နည်းကို အလို ရှိသဖြင့် ဘုန်းကြီး အလိုရှိသော ရွှေ့ငွေပစ္စည်းများပါ ထောက်ပံ့ရင်း နေထိုင်လာခဲ့ကြရာ

ဘုန်းကြီး မှာလည်း မိမိကိုယ်ကို  ဝိဇ္ဇာလိုလို ဇော်ဂျီလိုလို အထင်ကြီး၍ နေခဲ့ကြစဉ်၊ တနေ့သောအခါ လေကြီးမိုးကြီးပြင်းထန်စွာ တိုက်ခတ်ရွှာသွန်းရာမှ မိုးသာ တိမ်တောင်တို့မှာ ဖြိုကနဲ ဖြတ်ကနဲ ဝင်းပြောင် တောက်လင်းလ၊ျှက်၊ မိုးချိန်းသံများ မစဲအောင် ထစ်ချုံးမြည်ဟီးကာ မဲနက်သော တိမ်တောင် တိမ်ခဲ အတွင်းမှ မိုးကြိုးကြီး ဂျွတ်ခနဲ ပစ်ချလိုက်ပြီး အဆိုပါ ဘုန်းတော်ကြီး ၏ အုတ်ကျောင်းကြီူးမှာ မိုးကြိုး လက်နက်ကြောင့် ရုတ်တရက် ပျက်စီး ပြိုကျသွားရာ အယူသန်သော ဘုန်းကြီး နှင့် တကွ ရသေ့ ဘိုးသူတော် ကျောင်းအမ သူဌေးကတော်ကြီးတို့မှာ တိုက်ပြိုရာတွင် ပိပြီး မချိမဆန့် သေဆုံးရသည်တွင် ဇော်ဂျီ စိတ်ဝင်နေသော ဘုန်းတော်ကြီးမှာကား လူနီ သူရဲကလေးဖြစ်၍ ရသေ့နှင့် ဘိုးသူတော်တို့လည်း သူရဲကြီး တွေ ဖြစ်ကြကာ သူဌေး ကတော်ကြီးမှာကာ မိမိပစ္စည်းကို စွဲလမ်းသူဖြစ်သဖြင့် ထိုနေရာမှာပင် ဥစ္စာစောင့် မကြီးဖြစ်၍ နေပြီး လျှင် လူနီကလေး၏ အုပ်ချုပ်ခြင်းကို လက်ခံကာ ထိုနေရာ၌များစွာသော နာနာဘာဝတစ္ဆေ သူရဲ အပေါင်းနှင့် နှစ်ပေါင်းများစွာ ဆိုသွမ်းလာသည်ဟု သိရှိရလေ၏။

ဘိုးတေလည်း ဆရာကြီးကယ်ဆယ်သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ရပြီးနောက် ရှေးကလို ဆိုးသွမ်း ဟော့ရမ်းမှုကို မပြုပါဟု အာမဝန်တာခံ၍ ဘုရားတွင် သစ္စာပန်ပြီး ယနေ့တိုင် ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ စွဲမြဲနေသည်ဟု သိရှိရပေကြောင်း။

ဆက်ရန်
.

No comments: