(၅၂)
မီးရထားကြီးတွင် တွဲပေါင်း ၁၃ တွဲပါသည်။ တွဲနံပါတ် (၁၂)နှင့် (၀၃)မှာ အလုံပိတ်ထားသော တွဲများ ဖြစ်သည်။ အခြားတွဲများ-- ထိသာဝင်ရှားစေရန် နေအပူရောင်ပြန်ကန်စေရန်အတွက် ထိုတွဲနှစ်တွဲကို ငွေရောင် သုတ်ထားသည်။ တွဲတစ်ဘက်တစ်ချက်တွင် " ပေါက်ကွဲစေတတ်သောပစ္စည်းများ"ဟု အနီရောင် စာတန်းကြီး များ ရေးထားသည်။
တူဗက်စ်မြစ် ၏ လမ်းခွဲဘူတာ၌ ယင်းကုန်ရထားကြီး ခေတ္တရပ်ပြီးနောက် အစီအစဉ်အတိုင်း ဆက်လက် မောင်းထွက် သွားသည်။ ရထားခေတ္တရပ်နားစဉ်က စောင့်ကြည့်နေသူအခြားရထားမောင်းတစ်ဦးက ဘူတာ ရှိ တယ်လီဖုန်းတွင် လူရှင်းခိုက် ဖုန်းခွက်ကို ကောက်ယူလိုက်သည်။
" ဗဟို ... မက်ဂျက်ဖောင်တိန်နံပါတ် (၁၁၁၆)ကိုပေးပါ "
ထိုသူက ဗဟိုတယ်လီဖုန်းရုံးမှ အော်ပရေတာကို ပြောလိုက်သည်။ အော်ပရေတာက တစ်ဘက် တယ်လီ ဖုန်းသို့ ဆက်သွယ်ခေါ်ယူသည်ကို သူခဏစောင့်နေလိုက်သည်။
" လိုင်းရပြီ ... ပြောတော့ "
အော်ပရေတာက ပြန်ပြောသည်။ သူက အော်ပရေတာ တယ်လီဖုန်းချသွားသံ ကလစ်ခနဲကြားရမှ သူ့စကား ဆက်ပြောသည်။
" ဗင်နှိုက်ကပ် ပြောနေတယ် "
" ဒီက ဓားဖြူပါ "
တစ်ဘက်တယ်လီဖုန်းထဲမှ အသံပြန်ပေါ်လာသည်။ သူ့အဖို့ ထိုအသံနှင့် ထိုနာမည်ကို မျှော်လင့်ထားပြီး ဖြစ် သော်လည်း တကယ်ကြားလိုက်ရတော့ ဇက်ပိုးမွေးညှင်းများပင် ထောင်တက်သွားသလို ဖြစ်သွား သည်။
" ရထား ဒီကထွက်သွားတာ နှစ်မိနစ်ရှိပြီ၊ အချိန်မှန်ထက် ၂၃ မိနစ်နောက်ကျတယ်၊ ပစ္စည်းတွေက တွဲနံပါတ် (၁၂) နဲ့ (၁၃)မှာပါတယ် "
" ကောင်းပြီလေ "
မင်းဖရက်ဒီလာရေးက တယ်လီဖုန်းကို ချလိုက်သည်။ သူ တယ်လီဖုန်းစောင့်နေသော လယ်တောအိမ်မှ အမျိုးသမီး ကို ပြုံးပြလိုက်ပြီး လက်ပတ်နာရီကို ကြည့်လိုက်သည်။ အမျိုးသမီးကြီးအား ပြောလိုက်သည်။
" ခင်ဗျား တို့ ကူညီတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်၊ ဒီကိစ္စအတွက် ခင်ဗျားတို့ကို ဘယ်လိုမှ ဒုက္ခ မဖြစ်စေရဘူးဆိုတာ ကျွန်တော်ကတိပေးပါတယ် "
" ဒုက္ခဆိုတာ မဆန်းပါဘူးရှင်၊ အလျင်တုန်းက ကျွန်မ မိခင်ကို မီးရှို့ပြီး ကျွန်မယောက်ျားကို သတ်သွား တာ ခံခဲ့ဖူးပါပြီ "
မင်းဖရက်သည် မော်တော်ဆိုင်ကယ်ကို စပါးကျီနောက်တွင် ရပ်ထားခဲ့သည်။ ဆိုင်ကယ်ကို ဆွဲယူပြီး လမ်းကလေး အတိုင်း ပြန်စီးလာရာ တစ်မိုင်ခန့်ရောက်သောအခါ လမ်းမကြီးသို့ရောက်သွားသည်။ မြောက်ဘက် သို့ ချိုးကွေ့ပြီး ဆက်စီးသွားသည်။ သုံးလေးမိုင်ခန့် ခရီးပေါက်သွားသောအခါ ရထားလမ်း နှင့် အပြိုင်ဖြစ်သွားသည်။ ရထားသည် တောင်ကြားပေါ်သို့ တက်သွားပြီးနောက် တောင်စောင်းကို ကွေ့ပတ် လိုက်သောအခါ ကျောဘက်မြင်ကွင်းမှကြည့်၍ ပျောက်ကွယ်သွားသည်။
မင်းဖရက် သည် မော်တော်ဆိုင်ကယ်ကိုရပ်ပြီး ရှေ့ဘက်နှင့် နောက်ဘက်တွင် လူရှင်းမရှင်းကြည့်လိုက် သည်။ ရှင်းသောအခါ တောင်စောင်းလမ်းအတိုင်း ဆက်လိုက်သွားသည်။ တောင်စောင်းနှင့် ကွယ်သွား သောအခါ မော်တော်ဆိုင်ကယ်ကို ရပ်လိုက်ပြီး ဒေါက်ထောက်လိုက်သည်။ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှု စစ်ဆေးလိုက်ပြန်သည်။
သူတို့၏ ယခုနေရာသည် ခုနကတယ်လီဖုန်းဆက်ခဲ့သော မုဆိုးမလယ်သူမကြီးတဲနှင့် အတော်ပင်ကွာလှမ်း သည်။ သို့မှသာ မုဆိုးမကြီးအပေါ် သံသယမပွားနိုင်ဘဲရှိမည်။ ယခုနေရာရှိ ရထားလမ်းကို ပင်မကား လမ်းမ ကြီးမှကြည့်၍ မမြင်ရပေ။ တောင်စောင်းကကွယ်ထားသည်။
သို့ရာတွင် လမ်းမကြီးနှင့် ရထားလမ်းမှာ သိပ်မဝေးသဖြင့် သူတို့အတွက် လွတ်လမ်းပြေးလမ်းသာသည်။ ထိုနေရာသည် တောင်ကြောပေါ်သို့ အတက်နေရာဖြစ်၍ ရထားမှာ လူလမ်းလျှောက်ရုံ သာသာ လောက်သာ မောင်းလာမည့် နေရာလည်း ဖြစ်သည်။ ယမန်နေ့များက ကုန်ရထားများ၊ ဤနေရာမှ မောင်းသွားချိန် တွင် မင်းဖရက် လာကြည့်ထားပြီးဖြစ်သည်။
မင်းဖရက် သည် မော်တော်ဆိုင်ကယ်ကို လမ်းပေါ်မျနေ၍ ဘေးဘက်မြက်တောထဲသို့ စီးပြီး ဆင်းသွား သည်။ မြက်တောထဲတွင် စောစောက သွားထားသော ဘီးအရာများကို တွေ့ရသည်။ မလှမ်းမကမ်း၌ သစ်ပင်ခြုံကွယ် များနောက်တွင် ရပ်ထားသော ထရပ်ကားများကို တွေ့ရသည်။ စုစုပေါင်း လေးစီး ဖြစ်သည်။ သုံးတန်ကားတစ်စီး၊ လေးတန်ကားနှစ်စီး၊ ဘက်ဖို့ဆယ်တန်ကားကြီးတစ်စီးတို့ဖြစ်သည်။ ဓာတ်ဆီ ကို ခွဲတမ်းဖြင့် ပေးနေ၍ ထိုကားကြီးတိုင်ကီအပြည့်ဆီရဖို့ ခက်ခက်ခဲခဲ ကြိုးစားရသည်။
ကားများရပ်ထားသောနေရာမှ ရထားလမ်းဆီသို့ ခြေလှမ်းတစ်ရာခန့်သာ လျှောက်ရမည်။ မင်းဖရက် လူများ သည် ကားများဘေး၌ မြက်ခင်းပေါ်တွင် လဲလျောင်းနားနေရင်း စောင့်နေကြသည်။ မင်းဖရက်၏ မော်တော် ဆိုင်ကယ်သံ တဖုတ်ဖုတ်ကြားသည်နှင့် သူ့လူများက လူးလဲထကြသည်။ မင်းဖရက် ရောက်လာသည် နှင့် သူ့ဘေးသို့ ၀ိုင်းအုံကြသည်။ စတင်ဒါက ထိပ်ဆုံးမှဖြစ်သည်။
" ရထားဒီနေရာကို ၉ နာရီခွဲမှာ ရောက်လာလိမ့်မယ်၊ ပစ္စည်းတွေပါတာ တွဲနံပါတ် (၁၂)နဲ့ (၁၃)၊ အဲဒီ ကနေ လုပ်ကြပေတော့ " မင်းဖရက်က သူတို့အား ပြောလိုက်သည်။
မင်းဖရက် တို့ အဖွဲ့သား တစ်ယောက်သည် ရထားဘက်မှ အလုပ်သမားဖြစ်သည်။ ထို့ကြောင့် သူက ရထား စက်ခေါင်းနှင့် တွဲနံပါတ် (၁၂)၊ (၁၃)တို့ အကွာအဝေးကို သတင်းပို့ထားသည်။ မင်းဖရက်နှင့် စတင်ခါ သည် သူတို့ကားများ စောင့်နေသောနေရာတည့်တည့်တွင် ထိုနှစ်တွဲရပ်စေရန်အတွက် စက်ခေါင်း ရပ်ရမည့် နေရာ အကွာအဝေးသို့ သွားရောက်တိုင်းထွာသတ်မှတ်ထားသည်။
စက်ခေါင်းရပ်ရမည့်နေရာ သံလမ်းအောက်တွင် ဖောက်ခွဲပစ္စည်းကိရိယာများကို ထည့်ထားလိုက်သည်။ ထို့ နောက် ထိုနေရာလောက်၌ စက်ခေါင်းရပ်သွားစေရန် မှန်းပြီး တစ်နေရာတွင် အချက်ပြမီးနီ ကို ချထား လိုက် သည်။
သူတို့ ထိုအလုပ်များလုပ်ပြီးသွားသောအခါ မိုးလုံးဝချုပ်သွားချေပြီ။ ထို့ကြောင့် နောက်တစ်ဆင့် ဆက်လုပ် ကြသည်။ သူတို့လူများကို သတ်မှတ်ထားသည့်နေရာများ၌ နေရာချထားပေးလိုက်သည်။ သူတို့အားလုံး သည် ကြံ့ခိုင် တောင့်တင်းသော လက်ရွေးစင်များဖြစ်သည်။ အနက်ရောင် အ၀တ်အစားများကို ၀တ်ဆင် ထားပြီး ရသမျှလက်နက်ကို စွဲကိုင်ထားသည်။ မင်းဖရက်နှင့် စတင်ဒါတို့ကမူ မင်းဖရက် ရေငုပ်သင်္ဘောဖြင့် ယူ လာသော ပစ္စည်းအထုပ်များထဲမှခေတ်မီ ဂျာမန်လူဂါ သေနတ်များကို ကိုင်ထားကြသည်။
မင်းဖရက် က အဓိက လှုပ်ရှားမည့် လူအုပ်စုကလေးကို ဦးဆောင်သည်။ စတင်ဒါက ရထားပေါ်မှ ပစ္စည်း များ သယ်ယူပြီး ထရပ်ကားပေါ်တင်ပို့မည့် လုပ်ငန်းအဖွဲ့ကို ဦးဆောင်သည်။ သူတို့ လုပ်ငန်းအဖွဲ့က အမှောင်ထု ထဲ ၌ ထိုင်စောင့်နေကြသည်။
အဝေးမှရထားလာသံသဲ့သဲ့ကို မင်းဖရက်က စတင်ကြားသည်။ လက်ခေါက်သုံးကြိမ်မှုတ်ပြီး သူ့လူများကို အချက်ပေးလိုက်သည်။ သူ့လက်ထဲတွင် ရထားလမ်းမိုင်းခွဲရန် ဘက်ထရီ သေတ္တာကို အသင့် ကိုင်ထားသည်။ သူတို့အားလုံး မျက်နှာဖုံးကို ချွတ်လိုက်ပြီး သံလမ်းဘေးမှ မြက်တောထဲ၌ ၀ပ်နေ ကြ သည်။
ရထားခေါင်းတွဲရှေ့မှ ရှေ့မီးအရောင် စူးစူးဝါးဝါး ပေါ်လာသည်။ ကုန်းအတက်ဖြစ်၍ အရှိန်လျော့ သွားသည်။ ရထားခေါင်းတွဲရှေ့ ၁၅ ကိုက်အကွာခန့်မှ သတိပေးအချက်ပြ မီးနီအရောင် တဖျပ်ဖျပ် ပေါ် လာသည်။ ရထား ဘရိတ်ဖမ်းလိုက်သဖြင့် သံလမ်းနှင့် သံဘီးကြိတ်ပွတ်သံ တကျွီးကျွီးပေါ်လာသည်။ မင်းဖရက် ထို ရထားဘရိတ် ဖမ်းသံကြောင့် ဘ၀င်ကျသွားသည်။
ရထား ကို ဘရိတ်ဖမ်းပြီး ရပ်လိုက်သဖြင့် မိုင်းခွဲပြီး ရပ်ခိုင်းစရာ မလိုတော့ပေ။ ဘရိတ်ဖမ်း လိုက်သော်လည်း မူလ အရှိန်ကြောင့် အနည်းငယ် ဘီးလိမ့်ရွေ့လျားနေဆဲရှိသည်။ ထိုစဉ်မှာပင် မင်းဖရက် သည် ရထားခေါင်း တွဲပေါ်သို့ ခုန်တက်လိုက်ပြီး အံ့အားသင့်နေသော ရထားမောင်းသမားနှင့် မီးထိုးသမား တို့၏ မျက်နှာကို လူဂါသေနတ်ဖြင့် ချိန်လိုက်သည်။
" ရထားရပ်လိုက် ... ရှေ့မီးကြီးပိတ်လိုက်၊ ပြီးတော့ အောက်ကိုဆင်း" မင်းဖရက်က အမိန့်ပေးလိုက်သည်။
စက်ခေါင်းမောင်းသမား နှင့် မီးထိုးသမားတို့ ရထားရပ်ပေးလိုက်ကြပြီး တွဲအောက်ဆင်းကာ လက်မြှောက် ထား လိုက်ကြသည်။ သူတို့နှစ်ယောက် တစ်ကိုယ်လုံးကို ကမန်းကတန်းရှာဖွေလိုက်ပြီး လက်များကို ကြိုး ဖြင့် ထုပ်ချည်လိုက်သည်။
ထို့နောက် မင်းဖရက်က ရထားနောက်ပိုင်းဆီသို့ ပြေးသွားသည်။ တွဲနံပါတ် (၁၂)နှင့် (၁၃)သို့ မင်းဖရက် ရောက်သွား သောအခါ စတင်ဒါနှင့် သူ့လူများက ထိုတွဲတံခါးကို ရိုက်ဖွင့်ပြီး တွဲထဲမှ လက်နက် ခဲယမ်းမီးကျောက် သေတ္တာများကို သယ်ချကာ ထရပ်ကားများဆီသို့ သယ်ပို့တင်ဆောင်နေကြပြီ ဖြစ် သည်။
" နောက်ဆုံး ဂတ်ဗိုလ်တွဲက အစောင့်ကော ဘယ်လိုလဲ " မင်းဖရက်က မေးလိုက်သည်။
" ဖမ်းချုပ်ထားလိုက်ပြီ" စတင်ဒါက ပြောသည်။
မင်းဖရက် ရထားခေါင်းတွဲဘက်သို့ ပြန်ပြေးသွားသည်။ သံလမ်းအောက်မှ သူထောင်ထားသောမိုင်းများကို ပြန်ဖြုတ်ယူ လိုက်သည်။ နောက်ပိုင်းမှတွဲများသို့ သူပြန်ရောက်လာသောအခါ ပထမ ထရပ်ကားတစ်စီးမှာ ပစ္စည်း တင်၍ ပြည့်သွားပြီဖြစ်သည်။
" အဲဒီကား မောင်းသွားတော့ "
စတင်ဒါက အော်ပြောလိုက်သောအခါ သူ့လူတစ်ယောက်က ကားခေါင်းခန်းပေါ် တက်သွားပြီး ရှေ့မီး ပိတ်ကာ မောင်းထွက်သွားသည်။
ဒုတိယထရပ်ကားပေါ်သို့ ပစ္စည်းများ ဆက်တင်ကြသည်။ မင်းဖရက်က လက်ပတ်နာရီကိုကြည့်ပြီး ၁၂ မိနစ် ဟုပြောလိုက်သည်။ ကြိုတင်စီစဉ် ခန့်မှန်းထားသည်ထက် စောပြီးနေသည်။ ပစ္စည်းများကို ချောချော မောမော သယ်ယူရွှေ့ပြောင်းနေစဉ်မှာပင် ရထားမောင်းသမား၊ မီးထိုးသမားနှင့် အစောင့်တို့သုံးဦး ကို လက်ပြန်ကြိုး တုပ်ကာ အစောင့်တွဲထဲထည့်ပြီး သော့ခတ်လိုက်ကြသည်။
" ကားအားလုံးပြည့်ပြီး နောက်ထပ် တင်လို့ မရတော့ဘူး " စတင်ဒါက အော်ပြောလိုက်သည်။
" ၄၈ မိနစ်ပဲကြာတယ်၊ အားလုံးကောင်းတယ်၊ ကဲ ... လူအားလုံး ရထားကခွာကြ" မင်းဖရက်က စတင်ဒါ နှင့် သူ့လူများကို ပြောလိုက်သည်။
" မင်းရရော "
စတင်ဒါက မင်းဖရက်ကို မေးလိုက်သည်။
" သွားနှင့်ပါ၊ ငါ့ဟာငါ ကြည့်ပြီးလိုက်ခဲ့မယ် "
ဘက်ဖို့ ထရပ်ကားကြီး မောင်းထွက်သွားပြီး လမ်းမပေါ်ရောက်ကာ ရှေ့မီးများဖွင့်လိုက်ချိန်အထိ မင်းဖရက် က စောင့်ကြည့်နေသည်။ သူ တစ်ယောက်တည်းသာ ရထားဘေး၌ ကျန်တော့သည်။ မိမိ ဘာ ဆက်လုပ်မည်ကို စတင်ဒါနှင့် သူ့လူများသာသိလျှင် ကန့်ကွက်ကြပေလိမ့်မည်။
တံခါးပွင့်နေသော လက်နက်နှင့် ဖောက်ခွဲပစ္စည်းများတွဲပေါ်သို့ မင်းဖရက် တက်လိုက်သည်။ တွဲထဲ၌ အဖြူ ရောင်သစ်သားသေတ္တာများ တစ်ဝက်ခန့် ကျန်ရှိနေသေးသည်။ ဒုတိယတွဲကို လုံးဝပင် မတို့မထိ ရပါသေးချေ။ အနည်းဆုံး လက်နက်နှင့် ဖောက်ခွဲပစ္စည်း ၂၅ တန်ခန့်၊ တစ်တွဲခွဲကျော် ဒီအတိုင်း ကျန်နေ သေးသည်။
မင်းဖရက်သည် အချိန်ကိုက် ကိရိယာကို ၁၅ မိနစ် အချိန်ကြာမှ ပေါက်ကွဲအောင်ချိန်ကိုက်လိုက်ပြီး ပစ္စည်း သေတ္တာ များ နှင့် ရထားတွဲနံရံကြား၌ ထားလိုက်သည်။ လွယ်လွယ်နှင့် မမြင်အောင် တွဲနောက်ဆုံးသို့ ရွှေ့ ထားသည်။ ထို့နောက် တွဲပေါ်မှ ခုန်ဆင်းပြီး ခေါင်းတွဲဘက်သို့ ပြေးသည်။ ထိုသုံးယောက်အတွက် သနား သလိုလို ရှိသော်လည်း စစ်ပွဲဆိုတာ အကျအဆုံးရှိရစမြဲပဲ သဘောထားလိုက်သည်။
မင်းဖရက်သည် ခေါင်းတွဲပေါ် ခုတ်တက်လိုက်ပြီး ရထားဘရိတ်ဖမ်းထားသည်ကို ဖြုတ်လိုက်သည်။ ရထားဘီးလိမ့်သံပေါ်လာပြီး ဆင်ခြေလျှောအတိုင်း ဆက်လိမ့်ဆင်းသွားသည်။ မင်းဖရက် ခေါင်းတွဲပေါ်မှ ချက်ချင်း ခုန်ဆင်းလိုက်သည်။ ရထားကုန်တွဲများက သူ့ဘေးမှ တရွေ့ရွေ့လိမ့်ဆင်းရွေ့လျားသွားသည်။
မင်းဖရက် က မော်တော်ဆိုင်ကယ်ထားခဲ့သော သစ်ပင်အုပ်သို့ ပြေးသွားသည်။ မော်တော်ဆိုင်ကယ်ပေါ်၌ အသင့် တက်ခွ ထိုင်လိုက်ပြီး နာရီကို တကြည့်ကြည့်နှင့် စိတ်စောလျက်ရှိသည်။
နောက်ဆုံး ရထားကြီးပေါက်ကွဲသွားသည်။ လိမ္မော်ရောင် မီးလုံးကြီးတက်သွားသည်။ မင်းဖရက်လည်း ဆိုင်ကယ်စက် ကို နှိုးလိုက်ပြီး တောင်ဘက်သို့ ဦးတည်ကာ အမှောင်ထုထဲသို့ မောင်းဝင်သွားတော့သည်။
အစကောင်းသည် ဟု မင်းဖရက်တွေးလိုက်သည်။ အနှောင်းသေချာရန် လုပ်စရာ အများကြီး ကျန် သေးသည်။
ဘလိန်းက ခြေသံကြား၍ မော့ကြည့်လိုက်ရာ ရုံးခန်းထဲသို့ ၀င်လာသော ရှာဆာသည် တံခါးဝတွင် တုံ့ခနဲ ဖြစ် သွားသည်။ ရှာဆာသည် လေတပ်ဝတ်စုံကို သပ်ရပ်စွာ ၀တ်ဆင်လာသည်။ ရင်ဘတ်ပေါ်တွင် တံဆိပ် များ နှင့် အာဖရိက ကြယ်ကို တပ်ထားပြီး ပခုံးပေါ်တွင် ရာထူးတံဆိပ်များ တပ်ဆင်ထားသည်။
" ကောင်းသော နံနက်ခင်းပါ ရှာဆာ၊ အခု မနက် ၁၀ နာရီပဲ၊ စောတော့စောသေးတယ်၊ ဒါပေမယ့် ၀ီစကီ သောက်မလား" ဘလိန်းက ခေါင်းညိတ်ခေါ်ပြီး ပြောလိုက်သည်။
" မနေ့က ကျွန်တော့် အပြုအမူတွေအတွက် လာတောင်းပန်တာပါ၊ ကျွန်တော့် အပြုအမူတွေက ခွင့်မလွှတ် နိုင်စရာပါပဲ"
" ထိုင်လေကွာ ... လူဆိုတာ အမှားတော့ရှိစမြဲပေါ့၊ အမှားကိုမြင်ရင် အမှန်ကိုရတတ်ပါတယ်၊ မင်း တောင်း ပန်တာ ငါလက်ခံပါတယ်၊ မင်းအပေါ် ဗွေမယူပါဘူး " ဘလိန်းကသာ ရေလက်တင်ကုလားထိုင်ကို မေးငေါ့ ပြပြီး ပြောလိုက်သည်။
ရှာဆာက ကုလားထိုင်၌၀င်ထိုင်လိုက်သည်။
" မနေ့က ကျွန်တော့်ကို အလုပ်တစ်ခုအကြောင်း ပြောသွားတယ်မဟုတ်လား "
ဘလိန်းက ခေါင်းညိတ်ပြလိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး အောက် ဘက်ပန်းဥယျာဉ်ကို လှမ်းကြည့်လိုက်သည်။ မိန်းမကြီးတစ်ယောက်သည် စက္ကူအိတ်ထဲမှ ပဲစေ့များကိုနှိုက် ကာ ခိုလေး များအား အစာကျွေးနေသည်။ ဘလိန်းသည် ခေတ္တစဉ်းစားလိုက်ပြီးနောက် သူ့အလုပ်စားပွဲသို့ ပြန်လှည့် လာသည်။
အဖုံး တွင် မည်သည့်စာမှရေးမထားသော ဖိုင်တွဲအနက်ကို ကောက်ယူလိုက်ပြီး ရှာဆာအားပြောလိုက် သည်။
" ဒီဖိုင်တွဲဟာ အထူးကန့်သတ်အဆင့်ရှိတယ်၊ အရေးကြီးတဲ့ အထူးလျှို့ဝှက်ချက် အစီရင်ခံစာတွေပါတယ်၊ ဒီဖိုင်တွဲ ကို ရုံးခန်းအပြင်ယူသွားလို့မရဘူး၊ ဒီမှာတင်ဖတ်၊ ဖီးမာရှယ်စမတ်နဲ့ ငါသွားတွေ့စရာရှိသေးတယ်၊ တစ်နာရီ လောက် နေရင် ပြန်လာမယ်၊ အဲဒီတော့ ဆွေးနွေးကြတာပေါ့ "
ဘလိန်း က ရှာဆာအား ဖိုင်တွဲကို လှမ်းပေးလိုက်သည်။
တစ်နာရီမပြည့်ခင်ပင် ဘလိန်းပြန်ရောက်လာသည်။ ရှာဆာက ဖိုင်တွဲကို ဖတ်နေဆဲပင်ရှိသည်။ လက်ထဲ တွင် ဖိုင်တွဲကို ဖွင့်ကိုင်ပြီး ဖတ်နေရင်းက ဘလိန်းကို မော်ကြည့်လိုက်သည်။ သူ့အမူအရာက မအီမသာ ဖြစ် နေသည်။
" မင်းဘယ်လိုမြင်သလဲ " ဘလိန်းကမေးလိုက်သည်။
" အိုဘီ (အော်ဆီဝါဘရင်းဝစ်) အဖွဲ့ကို ကျွန်တော်ကြားဖူးပါတယ်၊ ဒါပေမယ့် ဒီအထဲမှာပါသလို ဟုတ်လိမ့် မယ် လို့ ကျွန်တော်မထင်ခဲ့ဘူး၊ အခုမှ လျှို့ဝှက်စစ်တပ်မှန်း သိတယ်၊ ကျွန်တော်တို့ အစိုးရစစ်တပ်တွေ မြောက်ဘက် ကို သွားပြီး စစ်တိုက်နေတုန်း သူတို့လူတွေစုစည်းပြီး တော်လှန်ရေး လုပ်မယ်ထင်တယ်၊ ပြည်တွင်းစစ် ဆင်နွှဲလိမ့်မယ်ထင်တယ် " ရှာဆာက သူ့အမြင်ကို ပြောလိုက်သည်။
" သူတို့ စတင်လှုပ်ရှားနေပြီကွ၊ အခုအထိတော့ ခပ်ဆိုင်းဆိုင်းလေး လုပ်နေသေးတယ်၊ မကြာခင်ကတော့ သူတို့ ဦးတည်ချက် အသစ်တစ်ရပ်အတွက် တစ်စုံတစ်ရာလုပ်ခဲ့ကြတယ်၊ အခု ငါတို့ ဆွေးနွေးတာကို မင်းဘယ်သူ့ မှ မပြောနဲ့နော်၊ မင်းမိသားစုထဲ အရင်ဆုံးလူ ကိုတောင် မပြောနဲ့ "
" ဟုတ်ကဲ့ ခင်ဗျာ "
" လွန်ခဲ့တဲ့ နှစ်ပတ်လောက် တုန်းက ဒိုင်နမိုက်ရထားတစ်စီး တူဗက်စ်လမ်းမှာ ပေါက်ကွဲသွားတဲ့ သတင်း မင်း ဖတ်လိုက် ရသလား "
" ဟုတ်ကဲ့ ဖတ်လိုက်ရပါတယ်၊ တကယ့်ကို ကြောက်စရာကောင်းတဲ့ မတော်တဆဖြစ်မှုပဲ၊ ရထားမောင်းတဲ့ လူနှစ်ယောက် လဲ ပေါက်ကွဲတဲ့ ထဲ ပါသွားတယ်လေ "
" ဒီကိစ္စနဲ့ပတ်သက်ပြီး ငါတို့ အထောက်အထားသစ်တွေ ထပ်ရထားတယ်၊ မတော်တဆဖြစ်ပြီး ပေါက်ကွဲ တာလို့ ငါတို့ မယူဆဘူး၊ ရထားမောင်းသမားနဲ့ အစောင့်ကပါ အစောင့်တွဲထဲရောက်နေတာ တူးနေတယ်၊ သူတို့ သုံးယောက် ထဲက တစ်ယောက်ကို ခြေတွေလက်တွေမှာ ကြိုးတုပ်ထားတဲ့ လူတွေ့ရတယ်၊ ရထားတွဲ ထဲက ဖောက်ခွဲပစ္စည်းအမြောက်လဲပါသွားတယ်လို့ ယူဆရတယ်၊ အဲဒါတွေ ခိုးထုတ်သွားဖို့ ဖုံးကွယ် ဖို့ ကျန် တဲ့ဟာတွေကို ဖောက်ခွဲပစ်ခဲ့တာပဲ "
ဘလိန်း စကားကြားရ၍ ရှာဆာအံ့အားသင့်သွားသည်။
" ဒါဟာ အစပဲရှိသေးတယ်လို့ ငါထင်တယ်၊ သူတို့ တစ်ဆင့်ကို အစပျိုးပြီး ရှေ့အဖို့ အရှိန်အဟုန်မြှင့် တင်သွင်းမယ် လို့ ထင်တယ်၊ အဲဒီတော့ တို့က ဒီကိစ္စကို စုံစမ်းရှာဖွေပြီး ဖြိုခွင်းရမှာပဲ "
" ကျွန်တော် ဘယ်လိုကူညီနိုင်မလဲ ခင်ဗျာ "
" ဒီကိစ္စက ကြီးတယ်၊ တစ်နိုင်ငံလုံး အတိုင်းအတာကိစ္စ၊ ပြည်နယ်အသီးသီးက ရဲချုပ်တွေနဲ့ စစ်ထောက် လှမ်းရေးနဲ့ ပါ ငါအနီးကပ်အဆက်အသွယ်ယူထားတယ်၊ ဒီလုပ်ငန်းကြီးတစ်ခုလုံးကို ပူးပေါင်းညှိနှိုင်း ဆောင်ရွက် ရမှာပဲ၊ အဲဒီတော့ ငါ့အတွက် လက်ထောက်အရာရှိကောင် တစ်ယောက်လိုတယ်၊ ညှိနှိုင်း ဆက်သွယ်ရေး အရာရှိပေါ့၊ အဲဒီအလုပ်ကို မင်းကိုပေးဖို့ ငါကမ်းလှမ်းတာပေါ့ "
" ကျွန်တော့်ကို အခုလို ကမ်းလှမ်းတာ အများကြီး ဂုဏ်ယူပါတယ်ခင်ဗျာ၊ ဒါပေမယ့် ဘာဖြစ်လို့ ကျွန် တော့် ကို ရွေးတယ်ဆိုတာ မတွေးတတ်အောင် ဖြစ်နေတယ်၊ ကျွန်တော့်ထက် အရည်အချင်းရှိတဲ့လူတွေ အများကြီး ရှိဦးမှာပါ "
" မင်းကို ငါရွေးတာကတော့ တို့က တစ်ယောက်အကြောင်း တစ်ယောက်ကောင်းကောင်း သိနေပြီး နှစ် အတော်များများ ငါတို့ လက်တွဲ အလုပ်လုပ်ခဲ့ကြပြီး အတွဲညီညီလုပ်နိုင်ခဲ့ကြတယ်၊ မင်းမှာ ဦးနှောက်လဲရှိ တယ်၊ ဇွဲသတ္တိလဲရှိတယ်ဆိုတာ ငါသိတယ်၊ ရဲဝန်ထမ်းတစ်ယောက်ကို ငါမလိုချင်ဘူး၊ ငါရဲ့အတွေးအမြင် ကို လိုက်နိုင်တဲ့ လူ၊ ငါ့အမိန့်ကို နာခဲ့တဲ့လူ၊ ငါကကောင်းကောင်း--- သိတဲ့လူကို လိုချင်တယ်၊ အဲဒီအပြင် ... မင်း အတွက်လဲ --- တစ်ခုလိုနေတယ် မဟုတ်လား၊ ငါပြောတာမှန်ရဲ့လား" ခင်ဗျားပြောတာ မှန်ပါတယ်၊ ကျေး ဇူးပါပဲ "
အခုလောလောဆယ်မှာ မင်း နာလန်ထစမို့ ခွင့်ရထားတယ် မဟုတ်လား၊ မင်းကို လေတပ်ကနေ ပြည်ထဲ ရေးဌာန ကို တွဲဖက်ပေးဖို့ ငါချက်ချင်းအကြောင်းကြားလိုက်မယ်၊ မင်းရဲ့ လက်ရှိ လေယာဉ်အုပ်ခေါင်း ဆောင်ရာထူး နဲ့ လစာ ကို ဆက်ခံစားရမယ်၊ ဒါပေမယ့် မင်းငါ့ကိုပဲ တိုက်ရိုက်အစီရင်ခံရမယ် "
" ကျွန်တော် နားလည်ပါပြီ "
" အခုကိစ္စမှာ စုံစမ်းမှုအားလုံးကို တာဝန်ခံ လုပ်နေတဲ့ လူက ရဲအရာရှိ လူဝစ္စနေးလိပဲ၊ ဒီကိပ်တောင်းမြို့က ဗဟိုရဲစခန်း မှာ သူရှိတယ်၊ သူ့ကိုငါ မင်းနဲ့ မိတ်ဆက်ပေးမယ်၊ လူတော်တစ်ယောက်ပဲ၊ မင်းသူ့ကို သဘော ကျမှာပါ "
နောက်ထပ် တစ်နာရီခန့် သူတို့ ဆွေးနွေးတိုင်ပင် စီစဉ်ကြသည်။
" ဒီလောက် ဆို မင်းအတွက် လုံလောက်ပါပြီ၊ နက်ဖြန်မနက် ၈ နာရီခွဲ ငါ့ဆီသတင်းပို့ပေါ့ "
ရှာဆာ တံခါးဝသို့ ရောက်သောအခါ ဘလိန်းက လှမ်းပြောလိုက်သေးသည်။
" ဒါနဲ့ ... ဖြတ်ပြောလိုက်ရဦးမယ်၊ ရှာဆာ၊ သောကြာနေ့ညနော်၊ မင်းကို ငါဖိတ်ထားတုန်းပါပဲ၊ ည ၈နာရီတိတိ၊ လာဖို့ ကြိုးစားပါကွာ ... လာမယ် မဟုတ်လား "
ဆက်ရန်
.
No comments:
Post a Comment