Thursday, January 5, 2012

ဒဂုန်ခင်ခင်လေး ၏ မှော်ဆရာမှတ်တမ်း, အပိုင်း (၃)

စောမြအေး၏ မသာချသောနေ့ကား အထူးစည်ကားသလောက်၊ ထွန်းတင်မှာရူးနောက်ခမန်း ဖြစ်ရရှာ၏။ မရှက်နိုင်၊ မကြောက်နိုင်၊ အလောင်း တင် ရထားကိုကိုင်ရင်း၊ သင်းချိုင်းအရောက် တကောက်ကောက် လိုက်ခါ၊ ငါရမ်းလို့ဒါလင် သေရတယ်၊ ဒါလင် ကိုငါသတ်တာ၊ ဟုတဖြစ်ဖြစ်မြည်၍ လာပြီး၊ မစ္စတာဟဲရစ်ကြီး မှာလည်း မျက်လုံးနီကြီးကို၊ မကြာမကြာလက်ကိုင်ပုဝါ နှင့် ထုပ်ခါသုတ်ရင်း၊ နှာခေါင်းကြီး တရှုတ်ရှုတ် နှင့်လိုက်ပို့ရှာလေ၏။

အချို့လူတစုမှာကား၊ သေသူကိုလည်းသနား ကျန်ရစ်သူထွန်းတင်ကိုလည်း သနားနှင့်စပ်ကြားက မျက်ရည်များလယ်ကာ၊ "ဒါဟာမစ္စတာဟဲရစ် ကြီးပါလိုက်ဒီလိုဖြစ်ကုန်တာအေ့၊ ထွန်းတင် မူးပြီးကားမောင်း လို့ ဖြစ်တာမဟုတ်ဘူး၊ မစ္စတာဟဲရစ် ရဲ့မယားရှမ်းမကြီးကလင်ကို ဆေးခပ်ပြီး မတရား အနိုင်ယူ နေရရုံနဲ့ မပြီးသေးဘူး၊ လင်မရှိတဲ့အခါ အိမ်မှာခိုင်းထားတဲ့ အစေခံတွေ၊ ဒရိုင်ဘာတွေနဲ့ အမြဲအကျင့် ဖေါက်ပြန်နေတာကလား၊ နောက်ပြီး လင်မို့အိမ်ကထွက်သွားရင်၊ ဗျစ်တောက်၊ ဗျစ်တောက်၊ မြည်တွန် ကျန်ရစ်တာဘဲ၊ ဒီမိန်းမကြီး အိမ်က သစ္စာဖေါက်နေတော့ ခရီးသွားနေတဲ့ လင်သားကို ထိတာပေါ့၊ ထိရုံတင်မကဘူး၊ စပ်ကြားက သ္မီးရည်းစားနှစ်ယောက်မှာလဲ ကြားကဒါးစားခံသေကွဲ ကွဲရတယ်အေ"ဟု မဲ့ကာရွဲ့ကာ အတင်း ပြောရင်းမသာပို့လိုက်လာကြလေ၏။

"သေနာကောင်ကြီး ကိုယ့်ကိုယ်ကိုမှ မရှက်တယ်၊ လူငယ်တွေကမြင်းကြောထတဲ့ အထဲမှာ ကပ်မြှောင်လိုက် အနံ့ခံ သွားရေယိုပြီး၊ မူးမူးရူးရူးနဲ့နံ့ကြောကြီးဆွဲလိုက်တာ ကံကောင်းလို့မသာ မဖြစ်တာ ကလားအံ့ပါရဲ့တော်၊ ပြီးတော့သေခါနီးဆေးရုံတင်ထားရာက အရှက်မရှိ၊ တိတ်တိတ် ထွက်ပြေး သေးတယ်၊ ဆေးရုံအ၀တ်ကြိးဖါးယား ဖါးယားနဲ့သူမို့ လူတွေကြားထဲဝင်ရဲတယ် ဟဲရစ်ရယ်၊ ငါ့တော့ အံ့ရော-အံ့ရော"ဟု နေရော၊ ညာရော မျက်နှာချင်းဆိုင်မိတိုင်း ဘောက်တောခံ နေရသောဟဲရစ်မှာ၊ ခံနေကြဖြစ်၍ ရိုးနေသော်လည်း ဘေးကကြားသူများမှာမစ္စတာဟဲရစ်ကို သနားမိရှာလေ၏။
ထွန်းတင်ကား အရူးပမာ ကွယ်လွန်ရှာသူကလေးကို တွေးပြီး၊ တရေးရေး တစိမ့်စိမ့်လွမ်းပြီး ကုန်တိုက်ကြီး ရှိ ချစ်သူနေထိုင်လုပ်ကိုင်သော လက်ရာခြေရာကလေးများကို လာကြည့်သည့်အခါ ကြည့်၊ သင်းချိုင်းရှိ မြေပုံကလေးနားသို့ သွားထိုင်လိုထိုင်နှင့် တငိုင်ငိုင်၊ တငေးငေးအတွင်းဆွေး ဆွေးကာ၊ "ငါသတ်တာ၊ငါ သတ်တာ"ဟုသာမပြတ်ရွတ်၍ နေမိရှာတော့၏။

ယင်းသို့နှင့်ပင်၊ စောမြအေး သဂြိုလ်ပြီးနောက် ဆယ့်ငါးရက်မြောက်တွင် ထွန်းတင်သည်၊ အလုပ် မှ ခွင့်ယူထားသည့် အားလျော်စွာ၊ မကြာမကြာ လာတတ်သည့်အတိုင်း၊ နံနက်စောစောကားကလေး နှင့် မစ္စတာဟဲရစ်ရှိရာ ကုန်တိုက်ကြီး သို့ရောက်လာလေ၏။
"အလို-မစ္စတာထွန်းတင်ရောက်လာပြီးလား၊ ခင်ဗျားမလာရင် ကျုပ်လာမယ်လို့ကြံနေတုန်းခင်ဗျား ရောက်လာတာ အခန့်သင့်ဘဲ၊ ခင်ဗျားကိုပြောစရာတခုရှိနေတယ်..."
"ဘာလဲ-မစ္စတာဟဲရစ်ရဲ့"
"လာပါဗျာ၊ ဒီအနားမှာပြောလို့မကောင်းပါဘူး၊ ကျုပ်အလုပ်ခန်းထဲလိုက်ခဲ့ပါ"ဟုဆိုကာ ခေါ်သွား လေ၏။ ပရိုက်ဘိတ် အလုပ်ခန်းစားပွဲတွင် ထိုင်မိကြသောအခါ မစ္စတာဟဲရစ်က-
"ညက အိမ်မက်လိုလို၊ တကယ်လိုလိုနဲ့၊ ကစ်ဒီ ကျုပ်ဆီကိုရောက်လာတယ်"

"ဟင်-ဟုတ်လားပြောစမ်းပါအုံး"
"သူတယောက်ထဲ နေရတာ သိပ်ဝမ်းနည်းစရာကောင်းတာဘဲတဲ့၊ ကိုကိုတင်နဲ့လဲမတွေ့ရဘူးတဲ့၊ ကိုကိုတင် သူရှိနေတဲ့ နေရာကို မလာတာဟာ သိပ်ရက်စက်တာဘဲတဲ့၊ သူမှာတော့တနေ့မှမမေ့ဘူး အမြဲ သတိရ နေတာဘဲတဲ့၊ မျက်ရည်လယ်လယ်နဲ့ပြောရှာတယ်၊ နို့ပြီးတော့၊ ခင်ဗျားနေတဲ့အိမ်ကို သူလာလို့ မရဘူး တဲ့၊ ကျုပ်အိမ်ကိုတော့ လာလို့ရတယ်တဲ့၊ ဒါ ကြောင့်ချင်ဗျားနဲ့တွေ့ချင်းလွန်းလို့ သူနေတဲ့ နေရာ ကို အန်ကယ် နဲ့အတူတူလာခဲ့ကြပါတဲ့"
"အို-ဒါလင်-ဒါလင်-သူကျုပ်ကိုအထင်မှားနေတယ်၊ ကျုပ်လဲတနေ့မှမမေ့ဘူးဆိုတာ မစ္စတာဟဲရစ် အသိသား ဘဲဗျာ ၊ ကျုပ်ကသူ့ကိုသာပြီးတွေ့ချင်ပါသေးတယ်၊ ဘယ်မလဲ၊ သူ့ကိုဘယ်နေရာမှာ သွား တွေ့ရ မလဲ အခုချက်ချင်းသွားမယ်လေ။"

"သူနေတာဟာ၊ အရင်ကားမှောက်တဲ့နေရာက ကညှင်ပင်ကြီးမှာတဲ့၊ အဲဒီကိုလာရင်သူ့ကိုတွေ့ နိုင်တယ် ဆိုဘဲ၊ ကဲ-ခင်ဗျားကားနဲ့ဘဲသွားကြမယ်လေ၊ အိမ်ကကား ယူနေရင်မပေါကြီးသိလို့ ဆူနေအုံးမယ်၊ ပြီးတော့ တခုပြောချင်တယ်၊ ဒီတခါဖြေးဖြေးမောင်းနော်"
"လာပါ သွားမယ် ဖြည်းဖြည်းမောင်းမှာပါဘဲလေ၊ ကျွန်တ်ာကားမြန်မြန်မောင်းဘို့ကို အတော်စိတ် နာ နေတယ်၊ ကဲ-သွားစို့"
"အို-အခုလိုနေ့ခင်းကြီးမှာ မတွေ့နိုင်ဘူးတဲ့၊ ဒီညလာသာရင်လာခဲ့ပါတဲ့၊ နို့ပြီးကျုပ်ပါမှ ဖြစ်မယ်တဲ့ ညထွက် ရရင်လဲ မပေါကြီးက တမှောင့်ဘဲဗျ၊ ခင်ဗျားကားကြီး ပြင်မပြီးသေးဘဲ၊ ခုစီးလာတဲ့အော် စတင် ကားကလေးနဲ့ ဘဲသွားကြတာပေါ့"

"အို-ကိစ္စမရှိပါဘူးလေ၊ ညနေတိုက်ပိတ်တော့ ခင်ဗျားအိမ်မပြန်နဲ့ တခါထဲသွားမယ်၊ ဟိုရောက်မှာ နဲ့မှောင်မှာ နဲ့အတော်ဘဲ"
ထွန်းတင်ကား ချစ်သူလိပ်ပြာနှင့် တွေ့ရမည့်အတွက်အထူးသဖြင့် ကျေနပ်အားတတ်လျက်၊ ပေါ့ပေါ့ပါးပါး သွက်သွက် လက်လက်ဖြစ်လာလေ၏။ ထွန်းတင်နှင့်မစ္စတာဟဲရစ်တို့သည်၊ ညနေ ခြောက်နာရီခွဲ လောက်တွင် လာရှိုးလမ်းပေါ်၌ ကားကလေးကို ဖြေးဖြေးမောင်းနှင်လျက် ရှိကြလေ ရာ၊ ထွန်းတင်မှာ ကွယ်လွန် သူကလေးကို တရေးရေးမြင်ယောင်ကာ၊ မသေမှီကဤနေရာတွင် မိမိနှင့်နောက်ဆုံး၊ ကားအတူ စီးသွား ရှာ သည်တို့ကို စဉ်းစားလျက်၊ စိတ်မသက်မသာဖြစ်နေရှာလေ ၏။
သို့နှင့် မကြာမီ၊ ကညင်ပင်ကြီးအနီးသို့ရောက်လာကြ၍ ကားကိုထိုးရပ်လိုက်ခါ၊ အောက်သို့ ဆင်းလာ ကြရာတွင် ထွန်းတင်သည် ကညှင်ပင်ကြီးတွင် ပွန်းပဲ့နေသောဒဏ်ရာများကိုကြည့်ပြီး၊ ရင်ထဲတွင် မချိတင်ကဲ နှင့် မျက်ရေများဝဲကာ။

"မစ္စတာဟဲရစ်ကြည့်ပါအုံး ဗျာ၊ သစ်ပင်လုံးကြီးတောင်မခံနိုင်အောင် ပွန်းပဲ့ချိုင့်ဝင်နေလိုက်တာ၊ ဟော-ဒီ ကျောက်တုံးကလေးပေါ်မှာလဲ၊ ဒါလင့်ရဲ့သွေးစ၊ သေးနကလေးတွေတောင် ခုထက်ထိ ကျန်ရစ် နေရှာသေးတယ်" ဟုပြောပြီး၊ ခေါင်းကြီးအောက်ချလျက်၊ အနီးကျောက်တုံးကြီး တခုပေါ် သွားထိုင်ပြီး၊ ငိုင်ငိုင်ကြီး တွေဝေနေတော့ရာ၊ မစ္စတာဟဲရစ်ကြီးမှာလည်း၊ ကညင်ပင်ကြီးသို့ရောက် ခါမှ အဟောင်းကို အသစ်ဖြစ်ခါ၊ စိတ်ပိုမိုထိခိုက်လာပြီး ကံဆိုး ရှာသူကလေးအား သနားမဆုံး နိုင်တော့သဖြင့် ထွန်းတင်နှင့် အတူ ထိုင်ကာ တိတ်ဆိတ်စွာ အပြိုင်ဝမ်းနည်းနေရှာလေတော့၏။

ထိုခဏ၌ ထွန်းတင်၏စိတ်များမှာ ငုတ်တုတ်ထိုင်နေသော ၎င်း၏ကိုယ်မှာ ထွက်ခွါပျံဝဲပြီး၊ နမ်းမျှော် ရေတ့ခွန်အနီးတွင် ချစ်သူနှင့်နှစ်ကိုယ်တည်းကျီဆယ်ခဲ့ကြပုံများကို၎င်း၊ မူးမူးရူးရူး နှင့်စောမြအေးကို လိုက်ဘမ်းပုံ များကို၎င်း၊ ကွက်ကွက်ကွင်းကွင်းဇာတ်စုံခင်းပြလျက်ရှိလေတော့၏။ "အေးရယ်သေ ခြင်းသေရင် ကိုကိုတင် လို လူမိုက်တယောက်သာသေထိုက်ပါတယ်"ဟု ပါးစပ်မှယောက်ထွက်လိုက် မိသည်တွင် သတိဝင်လာခဲ့ပြီ၊ အနီးကမစ္စတာဟဲရစ်ကြီးမှာလည်း ဘာမပြော၊ ညာမပြောနှင့် တုဏှိ ဘောကြီး ဖြစ်နေသော စူးစိုက်မိရာအရပ်သို့ မျက်တောင်မျှမခတ်နိုင်အားဘဲ၊ အငေးသားတွေဝေ မိန်းမော၍ နေသည်ကို တွေ့ရလေ၏။ အချိန်မှာကားနေ၀င်၍၊ လထွက်စပြုနေပြီဖြစ်ရာ၊ ၎င်းတို့ အနီးအနား တ၀ိုက်တွင် မှုံဝါးဝါးကလေးလင်းနေလေ၏။ ထွန်းတင်လည်း၊ ငေးစိုက်ပြီး၊ ငိုက်ငိုက်ကြီး တွေဝေ နေသော မစ္စတာဟဲရစ်အား။

"ဘယ့်နှယ်လဲမစ္စတာဟဲရစ်ရယ်၊ အေးနဲ့တွေ့ရမယ်ဆို လ၊ လဲသာလာပြီ၊ ဒီမှာ ဒါလင်ရှိရိုးမအမှန် ဟုတ်မှ ဟုတ်ပါ့ မလား။"
ဟုလက်တို့ပြောလိုက်သည်တွင် ငုတ်တုတ်နစ်မြောနေသကဲ့သို့ ဖြစ်နေသာ မစ္စတာဟဲရစ်ကြီးမှာ အိပ်ရာမှ ဗျပ်ခနဲလန့်နိုးသူအလား၊ ပြူးတူးပြဲတဲဖြစ်သွားပြီးမှ နောက်တကြိမ် ထပ်ပြောသော ထွန်းတင်၏ စကားကိုနည်းလည်ကာ....
"အို-မစ္စထွန်းတင် မမြင်ဘူးလား၊ ကစ်ဒီကျုပ် နဲ့ ဒီနားမှာလာပြီး စကားပြောနေတယ်လေ၊ ခင်ဗျား ကိုတောင် ပြုံးကြည့်နေသေးတာဘဲ၊ ခင်ဗျားကလဲသူလာလို့မှ အားရ၀မ်းသာနှုတ်ဆက်ဖေါ် မရဘဲကိုး ဗျ၊ ဘာတွေများ စဉ်းစားခန်းဝင်နေသလဲ မသိပါဘူး"

ဟုညည်းညည်း ညူညူပြောသောကြောင့် ထွန်းတင်မှာမခံချည့်၊ မခံသာချည်းဖြစ်လာကာ...
"ဘာပြောတယ် မစ္စတာဟဲရစ် ဒါလင်လာတယ်ဟုတ်လား၊ ကျုပ်မမြင်ရဘူး၊ ကျုပ်ကိုဘာကြောင့် မမြင်စေ တာလဲ၊ ဒါလင်ဒီမှာရှိတယ်ဆို့လို့ အားရ၀မ်းသာနဲ့လာခဲ့ရတာ၊ ခင်ဗျားအသိသားဘဲဟာ"
"အို-ခင်ဗျား မမြင်ရဘူးလား၊ ကျုပ်ကမြင်တယ် အေးမေ့တာကိုး၊ အို-ကျုပ်အိပ်ပျော်သွားမိသလား မပြော တတ်ဘူး။ ဟာ-မအိပ်ပါဘူးလေ ခင်ဗျားကျုပ်အနားမှာ ထိုင်နေတာဘဲ အမြင်သား ခင်ဗျား ပြောလိုက်တဲ့ စကားလဲ အကြားသားဘဲ သြော် အင်း-အင်း- အိပ်မပျော်ပေတဲ့ နဲနဲမေ့သလိုလို ဖြစ်သွားတုန်းမှာ ကစ်ဒီနဲ့ တွေ့လိုက်တာ ထင်တယ်၊ နေအုံးဗျ၊ သူပြောသွားတာကိုကျုပ်အကုန်ပြန် မပြောရသေးဘူး၊

အေး-ကိုကိုတင်နဲ့အတူ ကားမြန်မြန်ကြီးမောင်းတာ စီးချင်သေးတယ်၊ သိပ်ပျော် တာဘဲတဲ့ ကိုကိုတင် ကားနဲ့ သွားတိုင်း အေးလဲအမြဲလိုက်စီးနေတာဘဲတဲ့၊ ပြီးတော့အခုပြန်လို့ရှိ ရင် အေးအန်ကယ်နဲ့ ကိုကိုတင် နှစ်ယောက်ကြားထဲကထိုင်ပြီး လိုက်လာခဲ့မယ်တဲ့၊ နောက်ပြီးတော့ ဘာပြုလို့မှန်းမသိဘူးတဲ့၊ ကိုကိုတင် နေတဲ့အိမ်ကို အေးလာလို့မရဘူး၊ အန်ကယ်နေတဲ့အိမ်တော့ လာလို့ရတယ်၊ ဒါကြောင့် အခုတခါထဲ လိုက်လာပြီး၊ အန်ကယ်တို့အိမ်မှာ တဲခိုနေပါရစေတဲ့၊ အန်ကယ်ကို အန်တီကြီးကဆိုရင်၊ အေး ကြည့်လုပ် ပေးပါ့မယ် အန်ကယ်ခေါ်ပါနော်လို့ပြောတယ်၊ ဒါနဲ့ကျုပ်ကလဲ ကစ်ဒီနေချင်ရင် လိုက်ခဲ့ပါ၊ အန်ကယ် ကျေကျေနပ်နပ်ခေါ်ပါတယ်လို့ ပြန်ပြော လိုက်တော့၊ သူလေအားရ၀မ်းသာနဲ့ ခင်ဗျား ရပ်ထားတဲ့ ကားနားကို ထွက်သွားတယ်၊ နောက်စကား ပြောလိုက်သံကြားတာနဲ့ လန့်ပြီး လှည့်ကြည့် လိုက်တော့မှ ခင်ဗျားဖြစ်နေတယ်"

"နို့-ကျွန်တော်နဲ့ မတွေ့ရတော့ဘူးလား၊ ဒါလင် ဒါလင် ကိုကိုတင်ကိုတော့ ဘာကြောင့် လာ မပြောတာလဲကွယ်"ဟု ညည်းညူမိလေ၏။ ထိုခဏ၌ကားဆီမှာ "ဘော်-ဘော်-ဘော်"ဟု သုံး ခါတိတိ ဟွန်းနှိပ်သံ ကြားရသောကြောင့်၊ အခြားကခရီးသွားကားတစီးမှတ်၍ မော်ကြည့်မိကြရာ၊ ဘယ်ကကားမျှ မပေါ်လာဘဲရှိလေ၏။ ထို့နောက် မိမိတို့ရပ်ထားသောကားမှ လူမမြင်ဘဲ တစုံတယောက်က နှိပ်လိုက် သဖြင့်၊ ဒုတိယတကြိမ် ဘော်-ဘော်-ဘော်နှင့် သုံးကြိမ်ဆင့်၍ မြည်ပြန် လေရာထွန်းတင်မှာ အားရ၀မ်းသာနှင့်
"ဟော-မစ္စတာဟဲရစ်၊ ဒါလင်အသံပေးတာဘဲ၊ ဒါလင် အို-ဒါလင်ရဲ့၊ ကိုကိုတင်မြင်ရအောင်၊ ဒါလင့် ၀ိညာဉ်လိပ်ပြာ ကလေးကို ပြစမ်းပါလားဒါလင်ရယ်"
ဟု ဆိုကာ၊ ကားဆီသို့ပြေးပြီး၊ မြင်လိုဇောနှင့် ကဒေါကမြောကြီး လိုက်ရှာလေ၏။

လသာသာ တွင် အမိုးချကာရပ်ထားသော အောစတင်ကားကလေး ပေါ်တွင်မူကား လူထား၍ ခွေးတကောင် ကြောင်တမြီးမှမရှိပါဘဲလျက်၊ ဟွန်းမီ အသံထွက်လာသောအခါ လူသေလျှင် တစ္ဆေ ဖြစ်သည်၊ အယူလွဲလျင် သူရဲဖြစ်သည်။ လောလောလတ်လတ်လေလျှင် အစိမ်းစားဖြစ်သည် စသော နာနာဘာဝ ၀ိနာဘာဝတို့အား အင်္ဂလိပ်ကပြားပြီပြီ လားလားမျှ အယုံအကြည်မရှိခဲ့သော မစ္စတာဟဲရစ်ကြီးသည်၎င်း၊ ခေတ်ဆန်ဆန်နှင့် အင်မတန်အင်္ဂလိပ်စိတ်ဝင်နေသောကြောင့် နာနာဘာဝ အစိမ်းတစ္ဆေ ၀ိညာဉ်လိပ်ပြာ၊ ဖုတ်ပြိတ္တာ၊ တို့အကြောင်းကို နားမှလေသံမခံဘူး၍ မယုံတယုံတွင် ချစ်သူ အတွက် ချစ်ဇော်တက်လွန်း၍သာ လိုက်ပါလာခဲ့သော ထွန်းတင်တို့မှာ တယောက်မျက်နှာ တယောက်ကြည့်ပြီး အံ့သြခြင်းကြီး အံ့သြကာ အံ့သြတာနှင့်အမျှလည်း ချစ်သူ့ လိပ်ပြာနှင့် နီးနီးကပ်ကပ် တွေ့ဆုံရသည့်အတွက် ၀မ်းသာအားတက်ခြင်းကြီးမက ၀မ်းသာအားရ ဖြစ်သွားကြလေ၏။

"ဒါလင် ဒါလင်ကိုကိုတင်မြင်ရအောင် ဒါလင့်ရုံပုံကလေးပြစမ်းပါ ဒါလင်ရယ် ဒါလင်ဒီအနီးအနား ရှိနေတယ် ဆိုတာတော့ ကိုကိုတင်ယုံကြည်ပါပြီ" ဟုပြောလိုက်လေရာ ထွန်းတင်၏အနားတွင် တယောက်ယောက် ဖြတ်သွားသကဲ့သို အေးကနဲလေတိုးသွားသည်ထင်ရပြီး တစုံတယောက်က တထောင့်ထွာ လောက်ရှိသော သစ်ကိုင်းစိုတခုနှင့် ပေါက်လိုက်သည်ကို ခံရလေရာ ထွန်းတင် မှာ အပင်မှ လတ်လတ် ဆတ်ဆတ်ချိုး ပြီး အစေးများထွက်ဆဲဖြစ်သော သစ်ကိုင်းကလေးကို ကောက်ယူ ကြည့်ရှုပြီး သက်ပြင်းကြီး ရှူမိကာ....

"ဒါလင် ဒါလင်ဒီလို မထိတထိကလေးကျီစားသလိုလုပ် မနေပါနဲ့ ဒါလင်ရယ် ဒါလင်ရဲ့ပုံသဏ္ဍန် ကလေး ကို ကိုကိုတင်မြင်ချင်လွန်းလို့ပါ မြင်သာရုံကလေးဖြစ်ဖြစ် ပြစမ်းပါဒါလင်ရဲ့"
ဟုမချိလိုက်လှဲအသဲကြားမှ ခွဲထုတ်လိုက်သည့်လေသံနှင့် လရောင်ဝိုးဝါးတွင် ကြိုးကြိုးစားစား ကြည့်မျှော်ပြီး ရော်ရော်ရမ်းရမ်းမှန်းမှန်း ဆဆနှင့်ပြောနေမိရှာ၏။ ထိုခဏတွင်ပင်  လရောင်အောင် ၌ တောက်ပ ပြောင်လက် အရောင်ထွက်နေသော မော်တော်ကား ဦးကလေးပေးတွင် မီးခိုးလိုလို တိမ်လိုလို ဖြူဖြူအရိပ် တခုရုတ်တရက် ပေါ်လာသည်ကို မြင်ရပြန်လျှင် ထွန်းတင်မှာ ထိုအာရုံကို စိတ်အား ထက်သန်စွာ စူးစိုက်ကြည့်နေမိပြီး ပါးစပ်ကလည်း....
"ဒါလင်ရေ- အေးရေ ကိုကိုအချစ်ကလေးရေ၊ အချစ်ရဲ့ဝိဥာဉ်လိပ်ပြာကလေးကို ကိုကိုတင်မြင်ရ အောင် ထင်ထင်ရှားရှား ပြလိုက်စမ်းပါကွယ်"ဟု ပြောပြီးကားကလေးအနီးသို့ တိုးမှန်းမသိ တဖြည်း ဖြည်း တိုးလာနေမိတော့၏။

မီးခိုးလိုဖြူဖြူအရိပ်ကြီးမှာ ကြည့်ရင်းကြည့်ရင်းပင် အောက်ခြေတွင် မီးခိုးတိမ်လွာသဏ္ဍန်အတိုင်း မြင်ရပြီး၊ အထက်နားမှာမူ လူ၏အရိပ်သဏ္ဍာန်အတိုင်းမြင်ရပြီး၊ အထက်နားမှာမူ လူ၏အရိပ်သ ဏ္ဍာန် လိုလိုဖြစ်လာသောကြောင့် ထွန်းတင်မှာ မျက်တောင်မျှမခပ်နိုင်ဘဲ အားခဲ၍ ကြည့်နေမိစဉ်၊ ခါးတ၀က်မျှသာသာပေါ်လာသော မိန်းမတယောက်၏ ပုံသဏ္ဍာန်ကိုတွေ့မြင်ရပြန်၏။ ဦးဆံကားဖါးဖါး ဝေေ၀ ချလျက် သစ်ရွက်စမိးများကို လစ်နှစ်ဘက်တွင်စွဲကိုင်ကာ အခိုးအငွေ့များ အထက်မှ အထင်အရှား ပေါ်ထွက်လာသည်ကို လရောင်လင်းလင်းတွင် အထင်းသာမြင်ရပြီး၊ ထိုမိန်းမ၏ မျက်နှာ ပုံသဏ္ဍာန် မှာ လည်း စောမြအေးပုံအတိုင်းဖြစ်လေရာ၊ ထွန်းတင်မှာငြိမ်သက်စွာ ကြည့်မနေနိုင်တော့ဘဲ...

"အေးရေ- အမယ်လေးကိုကို့ အချစ်ကလေးရဲ့"ဟု ဆိုကာထိုပုံသဏ္ဍာန်ကို လျှင်မြန်စွာ လှမ်းဘက် လိုက်သည်တွင် မြင်ရသော သဏ္ဍာန်မှာ ဖျပ်ခနဲကွယ်ပျောက်ပြီး မီးခိုးလိုလိုဖြူဖြူအတန်းကြီးမှာ လည်း လေထည်းတွင် လွင့်ပါး၍ တဖြည်းဖြည်းမှေးမှိန်သွားလေ၏။ ထွန်းတင်မှာ မချင့်မရဲကြိတ် မနိုင်ခဲမရနှင့် ကျန်ရစ်ခါ နောက်တကြိမ်ပေါ်လာဦးမည်လားဟု မိမိအနီး ပတ်ဝန်းကျင်တွင် မနေ မနားမျက်လုံးကို စေစားလျက် ရှိလေတော့သည်။
"မစ္စတာဟဲရစ် ဒါလင့်ကို ကျွန်တော်ရိပ်ခနဲ မြင်လိုက်ရတယ်၊ ဟောဒီကားဘော်ဒီပေါ်မှာလေ ကျွန်တော်လှမ်းဘက်လိုက်တော့ ဗြုံးကနဲပျောက်သွားတယ်"ဟုဆို၍ မစ္စတာ ဟဲရစ်ကလည်း စိတ်အား ထက်သန်စွာနှင့်.....
"ဟုတ်မှာဘဲ-ဟုတ်မှာဘဲ-ကစ်ဒီရဲ့ ၀ိညာဉ်လိပ်ပြာကလေးဟာ ကျုပ်တို့ရဲ့ အနီးအနားမှာ ရှိတယ် ဆိုတာ အများကြီး ထင်ရှားနေတာဘဲ"ဟုပြောကာ နှစ်ယောက်သား ကားအနီးတွင် ရပ်စောင့် နေကြပြန်လေ၏။

ထိုခဏ၌ ကားတံခါးတဘက်မှာ လူတဦးတယောက်ကဆွဲဖွင့်လိုက်သလို ဆပ်ခနဲအလိုလိုပွင့် သွားလျက် ကားရှေက်ထိုင်ခုံပေါ်သို့ လူတစုံတယောက်တက်ထိုင်လိုက်သကဲ့သို့ သိမ့်ခနဲဖြစ်သွား ပြီးပွင့်နေသော ကားတံခါးကိုလည်း လူမမြင်ရဘဲ ဂျောင်းခနဲတအားဆွဲပိတ်လိုက်သည်ကို မြင်ရပြန်သော အခါ ထွန်းတင်နှင့်မစ္စတာဟဲရစ်တို့ တယောက်မျက်နှာ တယောက်အံ့အားသင့်ကာ ကြည့်မိကြပြန်၏။ ထိုအခိုက်မှာပင် မစ္စတာဟဲရစ်သည် မိမိနားတွင်းသို့ အသံတခုကြားရသော ကြောင့် လယ်စောင်းကာ နားထောင်ပြီးလျှင်၊
"ဟော မစ္စတာထွန်းတင် သွားကြစို့တဲ့ပြောနေတယ် ကဲ-လာလေသွားကြမယ်"
ဟုပြောလိုက်သည်တွင် ထွန်းတင်လည်း ကားပေါ်တက်ခါ မစ္စတာဟဲရစ်နှင့် အတူပြန်မောင်းလာခဲ့ လေသတည်း။

"ဟင်-ကြည့်စမ်း ရှင်-အခု ထွန်းတင်ကားနဲ့ ပြန်လာတယ်ပေါ့လေ၊ ဘယ်အထိသွားပြီးကမြင်း ကြော ဆွဲလာလို့ ဒီအချိန်မှပြန်လာရလဲဟင် အရင်ဖြစ်ခဲ့တာ ပူပူနွေးနွေးကြီးရှိသေးတယ်၊ အမှတ် မရှိ သွားပြန်ပြီ ပေါ့လေဟု ဒေါ်ပေါကြီးကဆီးကြိုကာ နှုတ်ခွန်းဆက်လိုက်သည်တွင်....."
"ကျုပ်ကိစ္စရှိလို့သွားတာအလကား ဆူမနေစမ်းပါနဲ့လေ"ဟု လေပြေလေအေးနှင့် ပြောပြီးမစ္စတာ ဟဲရစ် သည်သူ၏ အခန်းထည်းသို့ ၀င်သွားလေရာ၊ ဒေါ်ပေါကြီးမှာ ဗျက်တီး၊ ဗျက်တောက်၊ မြည်တွန် တောက်တီး လျက်၊ အဆက်မပြတ်ဆူပူနေပြန်လေ၏။

"ခက်တယ်-ခက်တယ်၊ ဒီအဘိုးကြီးဟာ ထွန်းတင်နဲ့ပေါင်းမှ ကောင်းကောင်းပျက်စီးနေတော့ တာဘဲ၊ ဟေ့ ပြောလိုက်ပါပေ၊ ဒီကနေ့ကစပြီး ထွန်းတင်နဲ့ အခေါ်၊ အပြော၊ အပေါင်းအသင်း၊ မလုပ် ရဘူး၊ လုပ်ရင်သိကြရောပေါ့"ဟု ကလေးကို မအေကဆုံးမသလို ကြိမ်းမောင်းနေဆဲ၌၊ ဒေါ်ပေါကြီးမှာ၊ မိမိခေါင်းပေါ် သို့ ကြွက်လျောက်ပေါ်တွင်၊ အလှဆင်ထားသော ကြေးလင်ဘန်း ကြီးတခု၊ ဂျွမ်းကနဲ ပြုတ်ကျ လာသောကြောင့်၊ နာနာနှင့် နေရာပြောင်းကာ၊ နင်းကန်၊ ဆူပြန်၊ ဆဲပြန် လေလျှင်၊ နောက်တကြိမ် ရွေ့ထိုင် လိုက်သော ပက်လက်ကုလားထိုက် ဒေါက်ပြုတ်ကျသွားသော ကြောင့် "အမယ်လေးတော့" ဟု အော်ကာ၊ ကုလားထိုင်ရော လူပါ၊ ကြမ်းပေါ်တွင်ပုံရက်ကျရာမှ လူးလဲကာထပြီး ဆူမြဲတိုင်း ဆူကာ၊ ပြူတင်းပေါက်ဝ တခုသို့ထလာပြန်လေ၏။ ထိုတွင် ပြူတင်း ပေါက်မှခန်းဆီးတည့်သော တုတ်ကြီး ပြုတ်ကျလာပြီး၊ ဒေါ်ပေါကြီးနဖူးပေါ်သို့ အဆော်ခံရပြန်ရာ ဒေါ်ပေါကြီးမှာ တုတ်ကြီးကို ဆွဲလွင့်ပစ် လိုက်လေ၏။

မိမိအခန်းတွင်းရှိ ပက်လက်ကုလားထိုင်ပေါ်တွင် ငြိမ်သက်စွာထိုင်ကာ၊ သတင်းစာဘတ်နေသော မစ္စတာဟဲရစ် မှာ၊ ဒေါ်ပေါကြီးဖြစ်ပုံကို မြင်ရလျှင် သတင်းစာကွယ်ကာ ပြုံးပြုံးကြီးဖြစ်နေလေ၏။
သို့နှင့် ဒေါ်ပေါကြီးမှာ ဆူလေအထိအခိုက်များလေနှင့် ဖြစ်နေရာ နောက်ဆုံးမောလာ၍ အဆူရပ် ခါမှ၊ အထိအခိုက် လည်း သက်သာသွားလျက် ညဉ်လည်းနက်သည်နှင့် အိပ်ခန်းသို့ဝင်လေ၏။
ဒေါ်ပေါကြီး သည် မည်သို့စိတ်ကူးကြောင့်မသိ၊ ကျယ်သောအိပ်ခန်းကြီးအတွင်းမှာ၊ လင်မယား နှစ်ယောက် တယောက်အိပ် ခုတင်တခုစီနှင့် တနေရာစီ လိုက်ကာနှင့် ယာယီအခန်းငယ်ဖွဲ့ကာ၊ အသီးသီးအိပ်ကြမြဲ ဖြစ်သည့်အတိုင်း၊ ဒေါ်ပေါကြီးသည် မိမိခုတင်ပေါ်သို့လဲလျောင်းရင်း အတန်ကြာ အနားယူလျက်၊ ငြိမ်ငြိမ်သက်သက်နေရာမှ ခဏကြာသော်၊ ဗြုံးကနဲထပြီး ဒေါကြီး၊ မောကြီးနှင့် မစ္စတာဟဲရစ်အနီးသို့ရောက်လာကာ စားတော့၊ ၀ါးတော့မည့် မျက်နှာကြီးနှင့် စိုက်ကြည့်လျက်....
"ဟဲရစ်၊ အခုဘာလုပ်တာတုန်းဟင်၊ နင်ကငါ့ကိုကြောင်တောင်ထားပြီး ပမာမခန့်လုပ်ပြတာလား။"

ဟုကျားဟိန်းသံမျိုြးိကီးနှင့် ပြောလိုက်လျှင်၊ သတင်းစာတွင် စိတ်ဝင်စားနေသော မစ္စတာဟဲရစ်မှာ၊ ဒေါကြီး၊ မောကြီးဖြစ်လာသော ဒေါပေါကြီးကိုကြည့်ပြီး...
"ဘာလဲမပေါကြီး၊ ကျွန်ုပ်ဘာလုပ်သလဲ၊ မမြင်ဘူးလား ဒီမှာသတင်းစာဘတ်နေတယ်လေ၊ မပေါကြီးကျွန်ုပ်ကို ခဏခဏဆဲနေတယ်၊ ကျွန်ုပ်ဘာမှ အမြစ်မရှိဘူးမဟုတ်လား။"ဟု လေအေးနှင့် ပြောသော်လည်း၊ ဒေါကြီးနေသောမပေါကြီးမှာ၊
ဟင်-နင် အပြစ်မရှိဘူးလား၊ အခုနင့်အခန်းထဲမှာ မိန်းမတယောက်ဝင်သွားတာ ငါမြင်လိုက်တယ်၊ ငါ့ကို ကြောင်တောင် ထားပြီး နင့်မယားငယ်ကို အခန်းထဲခေါ်သိပ်တာ၊ အပြစ်ကြီးမဟုတ်ဘူးလို့ နင့်အမေလင် က ပြောသလားဟင်၊ ဘယ်မလဲ ဒီကောင်မ ငါကိုယ်တိုင် ဘိနပ်နဲ့ရိုက်ပြီး၊ လေးပေါင် လေးလက်ဖြဲလွှတ်မယ်၊ အခုထုတ်ပေးတဲ့။ ဟုဒေါသတကြီးနှင့် ဘီလူးမ ပတ်ကြမ်းတိုက်လေရာ မစ္စတာဟဲရစ် မှာ စိတ်ရှုပ်စွာနှင့်...

"မပေါကြီး ခင်ဗျားရူးနေသလား၊ ဒီအခန်းထဲမှာ၊ ခင်ဗျားနဲ့ ကျုပ်နဲ့နှစ်ယောက်ထဲအိပ်တယ်၊ ဟိုမှာလဲ တံခါး ပိတ်ထားတယ်၊ ဘယ်ကမိန်းမလာမလဲ။"
"မညာနဲ့ ငါကိုယ်တိုင် မျက်စိနဲ့ မြင်လိုက်တာ၊ ငါကကြည့်လိုက်မှန်းသိတော့ ဟောဒီလိုက်ကာ ကြားထဲရိပ်ခနဲ ကွယ်ပစ်လိုက်တယ်၊ ကောင်မခတ်ငယ်ငယ်ရယ်၊ ဘယ်မလဲ အခုထုတ်ပေးရင်ပေး- မပေးရင်နင့်ခေါင်းမွေးဆွဲနှုတ်ပစ်မယ်သိလား။"
"အို-သိပ်ခက်တဲ့မပေါကြီးဘဲ၊ မယုံရင် ခင်ဗျားရှာလေ မရှိဘဲနဲ့ ခင်ဗျားစိတ်ထင်တာကို၊ ကျွနိုပ် ဘယ်လို ရှာပေးနိုင်မလဲ။" ဟုဆို၍၊ ဒေါ်ပေါကြီးမှာ။
"အေးအေး ငါကိုယ်တိုင်ရှာမယ်၊ တွေ့ရင်နင့်ရော နင့် ကောင်မရော၊ နှစ်ကောင်စလုံး ဒါးနဲ့အသေခုတ် မယ် တဲ့။"

ဟု ဆိုကာ၊ ခုတင်အောင်၊ လိုက်ကာကွယ်၊ ထောင့်ကြို ထောင့်ကြားမျကန်၊ တခန်းလုံး အပ်ပျောက် ရှာနည်းရှာပြီး၊ ဘယ်နေရာမှမတွေ့သည့်တိုင်လည်း၊ မကြေမချမ်းကြီး ဖြစ်နေသေးကာ၊ မစ္စတာဟဲရစ် ရှိရာသို့၊ ခါးကြီးစုံထောက်၍ ထောက်လာပြန်လေ၏။
"နင့်ကောင်မ ကို ငါမျက်စိနဲ့ အတတ်မြင်လိုက်တာ အမှန်ဘဲ နင်ဘယ်လိုလှည့်ထုတ်ပစ်လိုက်တာ လဲ ဟဲရစ်"
"အို- သိပ်ခက်တဲ့မပေါကြီး ကျွန်ုပ်ဘာမှမသိဘူး။"
ထိုခဏတွင် ဒေါ်ပေါကြီး ကျော်ကိုနောက်မှနေ တစုံတယောက်က၊ ခတ်စပ်စပ်ကလေး ဗျန်းကနဲ ချလိုက်ခြင်းခံရ၍ ကပြာကရာလှဲ့ကြည့်လိုက်ရာ၊ မိမိနောက်ရှိလိုက်ကာကြားထဲသို့၊ မိန်းမတ ယောက် ရိပ်ခနဲ ၀င်သွားသည်ကိုမြင်၊ မြင်လိုက်ရပြန်သဖြင့်။

"ဟော-ဟော- ပြောရင်းဆိုရင်း၊ ငါကျောကိုဗျင်းကနဲပြီး၊ ဟောဟိုလိုက်ကာကြားထဲဝင်သွားတယ်၊ အတင့်ရဲလိုက်တာ၊ လင်ခိုးမငါ့ကိုပြောင်စရာ အောက့်မေ့နေတယ်၊ အသေဆွဲလုပ်ပစ်လိုက်မယ်။"
ဟုဆိုကာ လိုက်ကာကြားသို့ အပြေးအလွားလိုက်၍ ရှာလေ၏။
မပေါကြီးသွားသေအခါ၊ အလိုက်ကာအတွင်းအပြင် ဘာမျှမရှိပေ။ ထို့ကြောင့်မကြေချမ်းဖြစ်နေ မိစဉ်၊ မိမိကျောကိုဖျပ်ခနဲပုတ် လိုက်ပြန်၍ လှည့်ကြည့်ရာ၊ လိုက်ကာကို ကွယ်လိုက်သော မိန်းမရိပ် တခုကို တွေ့ရ၍၊ ကပြာကရာ  လိုက်ဘမ်းလျှင်၊ မြင်ရသောမိန်မမှာလိုက်ကာစကို လှည့်ကာပတ် ကာ ပြေး နေသောကြောင့်၊ မပေါကြီးလည်း ဒေါသတကြီးနှင့် အမောတကောလိုက်ကာကို လှည့်ကာ ပတ်ကာ အပြေးလိုက် ဘမ်း၍နေရပြန်လေ၏။

မစ္စတာဟဲရစ်မှာ၊ အခြားသူတဦးကိုမမြင်ရဘဲနှင့်၊ မပေါကြီး တယောက်ထဲလိုက်ကာကို ချာလပတ် လှည့်ပြေး နေသည်ကို မြင်ရသောကြောင့်၊ အံ့သြငေးကြောင်ကာကြည့်နေမိစဉ်-
"အန်ကယ်ရေ-အန်တီကြီးဆူလွန်းလို့၊ ငြိမ်အောင်အလုပ်ပေးထားလိုက်တယ်၊ သူမောလာရင် အိပ်မှာဘဲ၊ သိပ်ကျည့်စား လို့ ပျော်တာဘဲ၊ ဟား-ဟား-ဟား"
ဟုမိမိနားနားကပ်၍ ပြောလိုက်အသံကို ကြားရမှမစ္စတာဟဲရစ်မှာ၊ မပေါကြီးဆူတိုင်း၊ ကြေးလင် ပန်းပြုတ်ကျခြင်း၊ ခန်းဆီးတုတ်ပြုတ်ကျခြင်းများမှစ၍၊ ယခုဖြစ်သမျှအကြောင်းများမှာ၊ စောမြအေး လက်ချက်တွေမှန်း သိလာသဖြင့်၊ သတင်းစာနှင့်မျက်မှာကို ကွယ်ကာပြုံးပြုံးကြီး ကျေနပ်သွားရှာ လေတော့ သတည်း။

ယင်းသို့လျှင်၊ ထိုနေ့မှစ၍ စောမြအေး၏၀ိညာဉ်လိပ်ပြာကလေးမှာ မစ္စတာဟဲရစ်၏ နေအိမ်တွင် ရှိနေလျှက်၊ မစ္စတာဟဲရစ်၏ နေအိမ်တွင်ရှိနေလျှက်။ မစ္စတာဟဲရစ်အလုပ်တိုက်သို့ လာတိုင်း အတူ လိုက်လာပြီး၊ ကုန်တိုက်ကြီးအတွင်း အခြားစာရေးများ မရိုးမဖြောင့်လုပ်လျှင်၊ မန်နေဂျသိ အောင် လုပ်ပေးသည့်အခါလုပ်ပေးလျှက်၊ ထွန်းတင်အလုပ်တိုက်သို့လာတိုင်း၊ သူ၏မမြင်ရသော လက်ကလေးနှင့် နှုတ်ဆက် ကိုင်တွယ်ကာ၊ သူရှိကြောင်း အထိမ်းအမှတ်ပြရှာပြီး၊ ထွန်းတင်နှင့် အတူ လည်း၊ မကြာခဏ ကားစီး၍ လိုက်တတ်လေရာ၊ ထွန်းတင်မှာ ချစ်သူလိပ်ပြာကလေးနှင့် ယခု လို နီးနီးစပ်စပ် မပြတ် တွေ့နေရခြင်းကိုပင် အလွန်အမင်းကျေနပ်ရောင့်ရဲလျှက် စိတ်သက်သာရာရ ခဲ့လေ၏။

မစ္စတာဟဲရစ် မှာလည်း ထွန်းတင်ကျေနပ် စိတ်ချမ်းသာနေသည်ကိုမြင်ရသည် က တ ကြောင်း၊ စောမြအေး ကိုခင်မင်သနားရှိသည်တကြောင်း ၊ ထို့ကြောင့်၊ ကောင်းစွာလက်ခံထားခဲ့ သည်ဖြစ်ရာ၊ သူ့ပေါ်ကို အမြဲသြဇာပေးလျက်၊ မကြာခဏဆူပွတ် ကြိမ်းမောင်းလေ့ရှိသော ဒေါ်ပေါကြီးအားလည်း၊ ဆူတိုက် ပူတိုင်း စောမြအေးက ကျည့်စားသလိုလို၊ တကယ်လိုလိုနှင့် အခါ မပြတ်၊ အနောက် အယှက်ပေး နေခြင်းတို့ကြောင့် မကြခဏအရူးဖြစ်ရပုံကို သင်္ကာမကင်းနိုင် အောင်ရှိလာလေ၏။

ယင်းသို့ မသင်္ကာတိုင်းလည်း မစ္စတာဟဲရစ်ကြီးအား အမျိုးမျိုး ကြိမ်းဝါးမန်မဲဆူပူပြန်ရာ၊ ဆူလေ ပူလေအရူးဖြစ်ရလေလေသာ ရှိနေလျှင် ထိုအဖြစ်အပျက်များကို ဓါတ်သိဖြစ်သူ မစ္စတာဟဲရစ်မှာ စောမြအေး လက်ချက်ဟု အရိပ်အမြွှတ်မျှမပြောဘဲ၊ အမြဲသာလျှင် မိမိဘာမျှမသိကြောင်းနှင့်၊ ဘူးတလုံး ဆောင်ထားပြီး ကွယ်ရာတွင်မူကား ထွန်းတင်နှင့်အတွင်းကြိုတ်ပြုံးကြရလေတော့၏။ ဒေါ်ပေါကြီး မှာလည်း တနေ့တခြားမသင်္ကာစရာတွေ တွေ့နေရပြီး၊ မိမိဆူတိုင်းလည်း အရူးဖြစ်ရပါ များလာရုံမက၊ စောမြအေး၏ကြည့်စာသန်မှုမှာ အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်သကဲ့သို့ ဖြစ်လာလေ၏။

ဒေါ်ပေါကြီးမှာ "မဟုတ်ဘဲမကျော် မပုတ်ဘဲမပေါ်"ဆိုသဲ့သို့ အများပြောဆိုကဲ့ရဲ့ကြသော အတိုင်း ပင်၊ မစ္စတာဟဲရစ် အလုပ်သွားသော အချိန်များတွင်၊ အိမ်တွင်ငှါးထားသော လူရည်ချောချော ငယ်ရွယ်သူ စားပွဲထိုး ကောင်ကလေးနှင့် ပလူးပလဲမြောက်ပန်းလှန်လျက် ရှိသူဖြစ်ရာ၊ စားပွဲထိုးက လေးမှာလည်း၊ အကောင်လယ် အကောင်မွတ်ကလေးဖြစ်၍ ဒေါပေါကြီးထံမှကျသမျှ မြူပြီး၊ အချူ ကြီးချူနေသူဖြစ်ရကား၊ အမေ လောက်ကြီး သူပင်ဖြစ်လင့်ကစား နှစ်ပါးသွားရန်ဝန်မလေးလှဘဲ၊ အခန်းထဲအမြဲ သစ္စာနှံလေ ရှိသည်အတိုင်း၊ ထုံးစံဝတ္တရားမပျက်နေ့ဘက်တွင် အမှုထမ်းမြဲထမ်းလာ ခဲ့ရာ၌၊ ယခုတလောမူ အခန်းတွင်း သို့စားပွဲထိုးကောင်ကလေး ၀င်မိပြီးနောက်၊ ညနေမစ္စတာဟဲရစ် ကြီးပြန်မလာမှီ လူချင်းခွဲကြရမြဲ ကို ဘယ်လိုအကြောင်းကြောင့်မသိ ၀င်မိသည်နှင့်တပြိုင်နက် အခန်းတွင်းမှ ပြန်မထွက် နိုင်တော့ ဘဲ၊ ထွက်ပေါက်ကို တစုံတယောက်ကအပြင်မှနေကာ၊ သော့နှင့် အသေခတ်ထားခြင်းခံရလေရာ၊ အခြား ပြူတင်းပေါက် မှ ခုန်ချထွက်ပြေးရန်လည်း၊ သံတိုင်ကာ သောပြူတင်းများဖြစ်၍ မတတ်သာ၊ အတွင်းတွင် နှစ်ယောက်သားဗျာများလျက်နှင့်ပင် မစ္စတာဟဲရစ် ကြီးပြန်ရောက်၍ သော့ဖွင့်ပေးမှ ထွက်ကြရတော့၏။

သို့သော်ဒေါ်ပေါကြီး မှာ ဟန်ဆောင်ကောင်း စွာမန်မဲခြင်းဖြင့်၊ တစုံတယောက်တကျည့်စားပြီး မတရား လှောင်ထားသလိုလို၊ ရိုးသားစွာထင်မိ သောမစ္စတာဟဲရစ်မှာ နေ့စဉ်နှင့်အမျှ မိမိပြန်ရောက်ခါမှ တံခါပေါက်မှ သော့ကိုဖွင့်ပေးရဖန်များလာ သော်-
"မပေါကြီး၊ ဒီကောင်ကလေး နေ့တိုင်း၊ နေ့တိုင်၊ ခင်ဗျားအခန်းထဲကို ဘာကိစ္စလာရတာလဲ"
ဟုသော မေးခွန်းပေါ်ပေါက်လာပြီး၊ မပေါကြီးကလည်း အရှုံးမပေးဘဲ-
"ငါ့အိမ်က အစေခံဘဲ၊ ငါခိုင်းစရာရိှခေါ်ခိုင်းမှာပေါ့၊ အခန်းထဲမှာ ကောင်ကလေးနေ့တိုင်းလာပြီး အလုပ် လုပ်ရတယ်၊ နင့် ဘောင်းဘီတွေ၊ ဘိနပ်တွေ၊ သိမ်းရခေါက်ရတယ်၊ မှန်တင်ခုံတွေ၊ အိပ်ရာတွေ ရှင်းရတယ်ဟဲ့" ဟုပြောစေကာမူ-

"အို-ဒါတွေ သူလုပ်ဘို့မဟုတ်ဘူး၊ သူကစားပွဲထိုးဘဲ ထမင်းစားပွဲမှသာသူ့ အလုပ်ရှိတယ်၊ သူ့ကို နောက်ထပ် မခိုင်းပါနဲ့"ဟု ပြောသောကြောင့်၊ အခန်းထဲမှာ နှစ်ပါးမသွားသာအောင် ရှိလေရာ၊ မပေါကြီး မှာ ကောင်ကလေးနှင့် တနေ့မတွေ့ရမနေနိုင်ရှာသူ ဖြစ်၍၊ ကောင်ကလေးနေသော အစေခံတန်းလျားသို့ သွား၍ တွေ့မိသည်တွင်မှ အပြင်ကသော့ပိတ်ခံရပြန်လေရာ၊ ဤအကြိမ်မှာ မူမစ္စတာဟဲရစ်သည် ဒေါ်ပေါကြီး မရိုးသားကြောင်း  ကောင်းစွာရိပ်မိသွားသဖြင့်၊ များစွာဆူပူ ကြိမ်းမောင်းလေ၏။ တသက်လုံး နိုင်လာသော မပေါကြီးမှာ အရုံးမခံကက်ကက်လန်အောင် ပြန်၍ ရန်တွေ့ခြင်း ဖြင့်မစ္စတာဟဲရစ်မှာ အောင့်သက်သက် နှင့်အခံရခက်နေကာ၊ ဒေါ်ပေါကြီး၏ မတရား မှုကိုလက်ဆုပ်လက်ကိုင် ဘမ်းဆီး ပေးသော စောမြအေးကိုလည်း ကျေးဇူးအတင်ကြီး တင်နေရုံ မက။
"ကစ်ဒီ- ဒီကောင်မကြီး အကြောင်းကို အန်ကယ်ကောင်းကောင်းသိချင်တယ်၊ လက်ပူးလက်ကြပ် မိအောင် ဒီလိုကြီး ခဏခဏဘမ်းပြစမ်းပါကွယ်"
ဟုပင်၊ ကြိတ်၍ ပြောဆိုမှာထားမိလေ၏။

တသက်လုံးထင်သလိုပြုခဲ့သည်ကို တခုမျှမရိပ်မိလဲ၊ မိမိသြဇာကို ခေါင်းငုံ့ကာ ခံလာသူမိမိလင်၊ ယခုတလောတွင်မှ ထူးခြားလာခြင်းကို၎င်း၊ မိမိတို့လျှို့ဝှက်မှုကို လူသိအောင်အပြုခံရခြင်း၊ ဆူပူကြိမ်းမောင်း မိတိုင်း အရူးလုပ်ခံရခြင်းများကို စဉ်းစားမိလာသော ဒေါပေါကြီးမှာ ဤအိမ်တွင် တခုခု ရှိနေပြီဟု၊ ရိပ်မိလာသည့်အတိုင်၊ မိမိမလျှော်မှုကို ခေတ္တခဏရပ်စဲထားပြီး၊ မိမိအတွက် ဆေးဝါး ပယောဂ ၌ တသက်လုံး ကိုးကွယ်ဆီးကပ်လာသော အောက်လမ်းရှမ်းဆရာကြီးတဦးထံ သို့အမြန်သွား၍၊ အကြံအစည်နှင့်အကွယ်အကာများတောင်းလေမှဘဲဟုစိတ်ကူးပေါက် လာမိ သည့်အားလျှော်စွာ များမကြာမှီပင်၊ မိမိအမျိုးအဆွေများထံ အလယ်သွားဦးမည်ဟု၊ တောသံ၊ တောင်သံပေးပြီး၊ မူးဆေးတောင်ကြာ ရှိ၊ ဖေါ့ယား ခေါ်ရွာကလေးတရွာသို့၊ တိတ်တဆိတ် ထွက်ခွါာသါားလေရာ၊ ကျန်ရစ်သူ မစ္စတာဟဲရစ်ကြီးမှာ နားချမ်းသာ စိတ်ချမ်းသာနှင့် ရှိနေရုံမက၊ ညစဉ်ညစဉ် မိမိအိမ်တွင် မောင်ထွန်းတင် ကို ဒင်နားပါတီပေးလျက်၊ စောမြအေး၏၀ိညာဉ် ကလေးနှင့် ပျော်နေကြလေသတည်း။

ဆက်ရန်
.

3 comments:

AMK said...

ကျေးဇူး အစ်မရွှေစင်

ဟန်ကြည် said...

ဇာတ်လမ်းက တဖြည်းဖြည်းကောင်းလာပြီ မရွှေစင်ရေ...

Thuzar said...

ebook အနေနဲ့ ၀င်းဖေ၀င်း မနက်ဖန်အတွက်ဒီကနေ့ နဲ့ ဒဂုံခင်ခင်လေးရဲ့ မှော်ဆရာမှတ်တမ်းအားလုံး ကို pdf နဲ့ ကူးလိုပါတယ်။ ကျေးဇူးတင်ပါတယ်။