(၄၃)
၁၉၃၆ ခုနှစ်၊ သြဂုတ်လ (၁)ရက်၊ နံနက် ၉ နာရီတွင် ကမ္ဘာပေါ်ရှိ အကြီးဆုံး အိုလံပစ်ကွင်းကြီး၌ လူတစ် သိန်းကျော် ဖြင့် ပြည့်ကျပ်နေသည်။
ကွင်းလယ်ကောင်မှ မြက်ခင်းပြင်ကြီးသည် မြစိမ်းရောင် ကောဇောကြီးခင်းထားသည်နှင့် တူလှသည်။ ထိုကွင်းပတ်ပတ်လည်တွင် အဖြူရောင်မျဉ်းများ သားထားသော ပြေးလမ်းကြောင်းများရှိသည်။ အထူးတန်း ဘက်တွင် အလေးပြုခံ စင်မြင့်ဆောက်ထားသည်။ ကွင်းတစ်ဘက်ထိပ်၌မူ အိုလံပစ် မီးရှူးစင် ရှိသည်။
အားကစားကွင်းသို့အ၀င် လမ်းမကြီး တစ်ဘက်တစ်ချက်တွင် အညိုရောင်ယူနီဖောင်းဝတ် တပ်သားငါး သောင်းတန်းစီပြီး အသင့်စောင့်နေကြသည်။ အေးမြသော နံနက်ခင်းတွင် အမိုးဖွင့် တံခါးလေးပေါက် မာစီးဒီးကားတန်းကြီး အားကစားကွင်းဆီသို့ တရွေ့ရွေ့ မောင်းလာသောအခါ လူထုပရိသတ်ကြီး၏ အော်ဟစ်သံက တဖြည်းဖြည်းပိုကျယ်လာသည်။ စစ်သားများနောက်တွင် လူထုပရိသတ်က ထုနှင့် ထည်နှင့် ရှိနေသည်။ ရှေ့ပိုဖိပြီး အိလာသောပရိသတ်ကို စစ်သားများက တွန်းကန်ထားရသည်။
လူထုပရိသတ်ကြီးသည် မှန်ရောင်လို တပြောင်ပြောင်လတ်နေသော မာစီးဒီးကားတန်းကြီးမှ ရှေ့ဆုံးကား ကြီး၊ သူတို့ရှေ့မှ ဖြတ်သွားသောအခါ ညာလက်သီးကို မြောက်တင်ပြီး လဟိုင်း ဟစ်တလာ" ဟု ဟစ်ကြွေး ကာနာဇီအလေးပြုနည်းဖြင့် အလေးပြုကြသည်။
ကားတန်းကြီးရပ်လိုက်သည်။ ရှေ့ဆုံး မာစီးဒီးကားကြီးမှ အဒေါ့ဖ်ဟစ်တလာ ဆင်းလာသည်။ အညိုရောင် ရှပ်အင်္ကျီစစ်သည်တော်ဝတ် ဘောင်းဘီနျင့် ဖိနပ်ရှည်ကို ဆင်မြန်းထားသည်။ ဟစ်တလာ့နောက်မှ သူ့ရဲ့ လက်ရုံးများ ပါလာသည်။ ဂိုဘယ်က အပါးစားနွေရာသီဝတ်စုံကို ၀တ်လာသည်။ ဂိုအာရင်းက မိုးပြာရောင် လေတပ်မာရှယ်ဝတ်စုံကို တံဆိပ်များနှင့် အပြည့်အ၀ ၀တ်ဆင်လာသည်။ ထိုအချိန်တွင်ပင် မျှော်စင်ပေါ်မှ ကြေးခေါင်းလောင်းကြီး ထိုးလိုက်ပြီး ကမ္ဘာပေါ်မှ လူငယ်များအား စုဝေးရန် ဆင့်ခေါ်လိုက်သည်။
ဟစ်တလာနှင့် သူ့နောက်လိုက် အဖွဲ့သားများသည် အထူးတန်း စင်မြင့်အောက်ဘက်ရှိ ၀င်ပေါက်ထဲသို့ ၀င်ရောက်ပျောက်ကွယ်သွားသည်။ ထို့နောက် မိနစ်ပိုင်း အတွင်းမှာပင် အားကစားကွင်းတစ်ကွင်းလုံးရှိ အသံချဲ့စက် များမှနေ၍ သံပြိုင်ခရာမှုတ်သံပေါ်လာပြီး သံပြိုင်တေးသီချင်းသံ ဆက်လက်ထွက်ပေါ်လာ သည်။
အားကစားအဖွဲ့များသည် အားကစားကွင်းထဲသို့ အစီအစဉ်အလိုက် ချီတက်ဝင်ရောက်လာကြသည်။ ရှာဆာနှင့် ဒေးဗစ်တို့သည် ဘေးချင်းယှဉ်ပြီး ချီတက်လာရာမှ တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြ ပြီး ပြုံးလိုက်သည်။ သံပြိုင် သီဆိုနေသော အိုလံပစ်တေးဂီတသံ လှိုင်းက ထွက်ပေါ်နေပြီး ပွဲကြည့်ပရိသတ် တစ်သိန်းကျော်၏ တစ်ခဲနက်သြဘာပေးနေမှုကို ခံယူရသောအခါ သူတို့ စိတ်လှုပ်ရှားတက်ကြွလာကြသည်။ မေးစေ့ကိုမော့ပြီး လက်နှစ်ဖက်ကိုလွှဲကာ ရစ်ချက်စတော့၏ တေးဂီတ အတိုင်း စီးချက်ဝါးချက် ကျကျ ချီတက်နေကြသည်။
ရှာဆာတို့ လူတန်းရှေ့မှ အတန်းတွင် မင်းဖရက် ပါသည်။ သူသည် အများနှင့်အတူ လက်ညီညီလွှဲပြီး ခြေ လှမ်းညီညီလှမ်းကာ ရင်ကော့ပြီး တက်ကြွစွာ ချီတက်နေသည်။ သို့သော် သူ့မျက်လုံးကမူ အလေးပြုခံစင်မြင့်ပေါ်၌ရပ်နေသော ပုဂ္ဂိုလ်ကြီးများအနက် ရှေ့ဆုံးမှ အညိုရောင်ဝတ်စုံနှင့် ပုဂ္ဂိုလ်ကို စူးစိုက်ကြည့်နေသည်။ သူ့ဘေးတွင် မင်းညီမင်းသားများ၊ ဘုရင်များ ၀ိုင်းနေသည်။
မင်းဖရက်သည် " အလေးပြုစင်မြင့်ရှေ့ရောက်သောအခါ ညာလက်သီးကိုအုပ်ပြီး မြှောက်ကာ " ဟိုင်းဟစ်တလာ" ဟု တအားကြုံအော်လိုက်ချင်သည်။
သို့သော် မအော်မိအောင် သူ့ကိုယ်သူ မနည်းထိန်း ထားရသည်။ တောင်အာဖရိက အားကစားအဖွဲ့မှ ဘလိန်းမယ်လကွန် နှင့် အခြား အင်္ဂလိပ် စကားပြောသူ များက ဂျာမန် အာဏာပိုင်များနှင့် ထိုကိစ္စကို အကြိတ်အနယ် ဆွေးနွေးငြင်းခုံကာ အခွင့်အရေးရယူထား သည်။ မိမိတို့ အားကစားအဖွဲ့သည် အလေးပြုခံ စင်မြင့်ရှေ့တွင် ဟစ်တလာနှင့် ပုဂ္ဂိုလ်ကြီးများအား ဂျာမန်လို " ဟိုင်ုးဟစ်တလာ" လုပ်ပြီး အလေးမပြု ဘဲ၊ ခေါင်းကို ၄၅ ဒီဂရီစောင်းကာ မျက်လုံးဖြင့် ကြည့်ပြီး အလေးပြုရန်သာ ဖြစ်သည်။
သူတို့ထိုသို့ အလေးပြုသည့်အတွက် ဂျာမန်ပရိသတ်က လှောင်ပြောင်ကြသည်။ မင်းဖရက်သည် ဟစ်တလာလို ပုဂ္ဂိုလ်ကြီးအား ထိုက်ထိုက်တန်တန် အလေးမပြုရခြင်းနှင့် အလှောင်အပြောင် ခံရခြင်း တို့ကြောင့် ရှက်ကာ မျက်ရည်များပင်ဝိုင်းလာသည်။
အိုလံပစ်မီးရှူးတိုင်ထွန်းညှိခြင်း၊ ဟစ်တလာက အဖွင့်မိန့်ခွန်းပြောကြားခြင်းများကို ဆက်လုပ်သည်။ ထို့နောက် ခိုအကောင် ၅၀၀၀ ကိုလွှတ်တင်လိုက်ရာ ကောင်းကင်ပြင်၌ ခိုတောင်အဖြူများ တဖျပ်ဖျပ်ခတ် နေသော မြင်ကွင်းကဖုံးလွှမ်းသွားတော့သည်။ အားကစားကွင်းကြီး ပတ်ပတ်လည်ရှိ အလံတိုင်များတွင် ပြိုင်ပွဲဝင် နိုင်ငံများ၏ အလံများ တလူလူလွင့်တက်လာသည်။ ကျွမ်းဘားသမားများနှင့် အကသမားများက သရုပ်ပြ ကြသည်။ မီးရှူးမီးပန်းများ ပစ်ဖောက်သည်။ မာရှယ်ဂိုရင်း၏ လေတပ်လေယာဉ်များက မိုချုန်းသံ များအလား အသံမြည်ကာ ကွင်းပေါ်မှ သရုပ်ပြပျံသန်းသွားကြသည်။
ဘာလင် အိုလံပစ် ဖွင့်ပွဲကြီးကား အများမျှော်လင့်ထားသည်ထက်ပင် များစွာကြီးကျယ်ခမ်းနားနေသည်။
*
အိုလံပစ်ပိုလိုပွဲ ပထမအဆင့်ပြိုင်ပွဲတွင် တောင်အာဖရိကအသင်းသည် လွယ်လွယ်နိုင်မည်ထင်သော သြစတြေးအသင်း ကို အကြိတ်အနယ် ကစားနေရသည်။ လက်ဦးပိုင်းတွင် သရေဖြစ်နေသည်။ ရှာဆာက အတွေ့အကြုံနု နေ၍ ဘလိန်းက သွန်သင်ပြသနေရသည်။ ရှာဆာကလည်း ကြိုးစားသည်။
ထို့ကြောင့် ပွဲသိမ်းသောအခါ တောင်အာဖရိကအသင်းက နိုင်သွားသည်။ သို့သော် သူတို့သည် ဒုတိယပွဲ တွင် အာဂျင်တီးနားနှင့် ကစားရမည်ကို သိသောအခါ သူတို့၏ ပျော်ရွှင်မှုများလျော့ပါးသွားရသည်။
*
ဒေးဗစ်အေဘရာဟင်သည် မီတာ ၄၀၀ ပြေးပွဲပထမလူရွေးပွဲ၌ စတုတ္ထချိတ်သဖြင့် ဗိုလ်လုပွဲတက်ရန် အရွေးမခံ ရတော့ပေ။ ထိုနေ့ညက အေဘရာဟင်၏အတွဲ ဘလိန်းသမီးမယ်ဒီတာသည် ညစာပင်မစား တော့ဘဲ အစောကြီးအိပ်ရာဝင်သွားသည်။
ထို့နောက် နှစ်ရက်အကြာ မီတာ ၂၀၀ လူရွေးပွဲ၌ ဒေးဗစ်အနိုင်ရပြီး အကြိုဗိုလ်လုပွဲတက်ရသဖြင့် မယ်တီဒါ ပျော်မြူးသွားရပြန်သည်။
*
မင်းဖရက်ဒီလာရေး ပထမဆုံးယှဉ်ပြိုင်ထိုးသတ်ရသူမှာ ပြင်သစ် လက်ဝှေ့သမား မောရစ်အာကွစ် ဖြစ်သည်။ မောရစ်သည် လိုက်ဟဲဗီးဝိတ်တန်း၌ နာမည်မရှိသေးသူဖြစ်သည်။ လက်ရည်လည်း အတန်ငယ် နိမ့်သည်။
ထိုပွဲတွင် ဟိုင်ဒီခရမ်မာနှင့် ဗိုလ်မှူးကြီး ဆစ်မန်းတို့ လာကြည့်သည်။ သူတို့နှစ်ယောက်သည် ရှေ့ဆုံးမှ စတုတ္ထတန်းတွင် ထိုင်ကြသည်။ မင်းဖရက် သူ့ထောင့်နေရာမှနေ၍ ကြိုးဝိုင်းအလယ်သို့ ထွက်လာသော အခါ ဟိုင်ဒီစိတ်လှုပ်ရှားနေသည်။ ရင်ထဲ၌ တဒိတ်ဒိတ်ခုန်နေသည်။
အပြင်ဘက်တွင် ယုန်သူငယ်လေးလိုနေသော မင်းဖရက်သည် ကြိုးဝိုင်းထဲ၌မူ ကေသရာဇာခြင်္သေ့မင်းလို ဖြစ်နေသည်။ သူ့ပြိုင်ဘက်၏ လက်သီးချက်များက သူ့ကို တစ်ချက်နှစ်ချက်သာထိထိမိမိရှိသည်။ သူ ကသာ အပေါ်စီးမှ စိတ်ကြိုက်ထိုးသွားပြီး လွယ်လွယ်ကူကူဖြင့် အနိုင်ရသွားသည်။
ဗိုလ်မှူးကြီး ဆစ်မန်းက ထိုနေ့ညနေအဖို့ သူ့မာစီးဒီးကားကို ဟိုင်ဒီ ကြိုက်သလိုသုံးရန် ပေးလိုက်သည်။
*
အော်ပရာဇာတ်ရုံလှေကားထစ်များမှ သူတို့ဆင်းလာသောအခါ မာစီးဒီးကားနှင့် ယာဉ်မောင်းက အသင့် စောင့် နေသည်။ ကားနောက်ခန်း၌ သူတို့နှစ်ယောက်ဝင်ထိုင်လိုက်စဉ် မင်းဖရက်က နာကျင်၍ ရှုံ့တွသွား သည်ကို ဟိုင်ဒီမြင်လိုက်ရသည်။
" ဘာဖြစ်လို့လဲဟင် "
ဟိုင်ဒီက ကမန်းကတမ်း မေးလိုက်သည်။
" ဘာမှမဖြစ်ပါဘူး "
" ဒီနားက နာသလားဟင် "
ဟိုင်ဒီက သူ့ပခုံးကို လက်ကလေးနှင့် အသာထောက်ပြီး မေးလိုက်သည်။
" ကြွက်သား နည်းနည်းတင်းသွားတာပါ၊ နက်ဖြန်ဆိုရင် ကောင်းသွားမှာပါ "
" ဟန် ... တို့ကို ဟန်စာရပ်ကွက်က ငါ့တိုက်ခန်းကို မောင်းပေးပါ "
သူမက ယာဉ်မောင်းကို အမိန့်ပေးလိုက်သည်။ မင်းဖရက်က ဟိုင်ဒီကို မသိမသာ တစ်ချက်လှမ်းကြည့်လိုက် သည်။
" ကျွန်မမှာ လိမ်းဆေးကောင်းကောင်းရှိတယ် "
" မလိုပါဘူး ... ရပါတယ် "
မင်းဖရက်က အားနာသည့်အသွင်ဖြင့် ငြင်းလိုက်သည်။
" ကျွန်မ တိုက်ခန်းက အိုလံပစ်ရွာသွားတဲ့လမ်းပေါ်မှာရှိနေတာပါ၊ တကူးတကသွားရမှာမဟုတ်တော့ ခရီးလဲ မရှည်ပါဘူး၊ အချိန်လဲမကြာပါဘူး၊ ဟန်ကရှင့်ကို အိမ်အထိ ပြီးတော့လိုက်ပို့မှာပေါ့ "
မင်းဖရက်က ထပ်မံမငြင်းတော့သဖြင့် ဟိုင်ဒီလည်း ငြိမ်နေလိုက်သည်။ မင်းဖရက်သည် ဆာရာကို တွေးနေ မိသည်။ သူ့စိတ်ထဲမှနေ၍ ဆာရာ၏ မျက်နှာကလေးကို ပုံရိပ်ဖော်ကြည့်သည်။ ထင်ရှားပြတ်သားခြင်းမရှိဘဲ ၀ိုးတ၀ါး ဖြစ်နေသည်။ ယာဉ်မောင်းအား အားကစားရွာသို့ တန်းမောင်းရန် ပြောလိုက်ချင်သည်။ သို့သော် ထိုသို့ပြောရန် အင်အားမရှိဘဲ ဖြစ်နေသည်။ မသိမသာ အသားချင်း ထိမိသော အခါ သူ့ကိုယ်က တောင့်ခနဲ ဖြစ်သွားသည်။
" ဘာဖြစ်လို့လဲ ... နာလို့လား "
" နည်းနည်းလေးပါ "
မင်းဖရက်က အလိုက်သင့်ပင် ပြောလိုက်သည်။
" ကျေးဇူးပဲ ဟန်ရေ ... ကျွန်မတို့ကို ဒီလင်းထောင့်ကလေးမှာပဲ ချပေးခဲ့ပါတော့၊ ပြီးတော့ ရှင် ဟိုဘက်လမ်းက စောင့်နေနော် "
ကားရပ် လိုက်သည်နှင့် ဟိုင်ဒီက တံခါးဖွင့်ပြီး ဆင်းသွားရာ မင်းဖ၇က်အဖို့ နောက်မှလိုက်သွားရုံသာ ရှိတော့ သည်။ ဟိုင်ဒီနေသောအဆောက်အအုံထဲသို့ ၀င်သွားသည်။ လူနေတိုက်ခန်းအများအပြားရှိသော အဆောက် အအုံကြီးဖြစ်သည်။
" ကျွန်မအခန်းက အပေါ်ဆုံးထပ်မှာ၊ ဓာတ်လှေကားတော့မရှိဘူး၊ တောင်းပန်ပါတယ် မင်းဖရက်ရယ် "
လှေကားမှ တဖြည်းဖြည်းချင်း တက်သွားရာ မင်းဖရက်စိတ်အတော်ပြန်ငြိမ်သွားသည်။ အခန်းတစ်ခန်း တည်းသာ ရှိသော လူနေတိုက်ခန်းထဲသို့ ဟိုင်ဒီက သူ့အား ခေါ်သွားသည်။
" အဲဒါ ကျွန်မနေရာပဲ၊ အခုအချိန်မှာ ဘာလင်မှာ အခန်းရဖို့ သိပ်ခတ်တယ် "
သူမက တောင်းပန်ပြုံးကလေး ပြုံးပြလိုက်သည်။ ထို့နောက် ခုတင်ပေါ်တွင် ထိုင်ရန် မျက်ရိပ်ပြလိုက်ပြီး ပြော လိုက်သည်။
" အဲဒီမှာပဲထိုင် မင်းဖရက် "
ဟိုင်ဒီသည် သူမ၏ ဘလောက်စ် အင်္ကျီပေါ်မှ ဂျာကင်ကို ချွတ်လိုက်သည်။ အင်္ကျီကို ဗီရိုတွင်ချိတ်ရန် ခြေဖျားထောက်လိုက်သည်။ သွယ်ပျောင်းလှပသော လက်နှစ်ချောင်းကို အပေါ်သို့ မြှောက်ပြီး လှမ်းချိတ် လိုက်သောအခါ သူမ ကိုယ်ခန္ဓာအပေါ်ပိုင်းက လှုပ်ယမ်းခါယိမ်းသွားသည်။
မင်းဖရက်က အခြားတစ်ဘက်သို့ မျက်နှာလွှဲလိုက်သည်။ နံရံတစ်ဘက်တွင် စာအုပ်စင်ကိုတွေ့ရသည်။ ဂိုသစ်ရေးသော စာအုပ်တွဲများကို မြင်ရသည်။ သူ့အဖေကြိုက်သောစာရေးဆရာဖြစ်ကြောင်း မင်းဖရက် အမှတ်ရ မိလိုက်သည်။ သူမ၏ အဖြူရောင် အင်္ကျီပါးပါးအောက်မှ အလှအပတို့ကသာ သူ့မျက်စိထဲ၌ စွဲထင် နေသည်။
ဟိုင်ဒီက ရေချိုးခန်းသေးသေးကလေးထဲသို့ ၀င်သွားသည်။ ဘုံဘိုင်မှရေဖွင့်သံနှင့် ဖန်ပုလင်းချင်းထိသံကို ကြား ရသည်။ အစိမ်းရောင်ပုလင်း အသေးကလေးကို ကိုင်ပြီး ဟိုင်ဒီပြန်ထွက်လာကာ သူ့ရှေ့တွင် ပြုံးပြုံး လေး လာရပ်သည်။
" ရှင့် ကုတ်အင်္ကျီနဲ့ ရှပ်အင်္ကျီချွတ်ရလိမ့်မယ် "
မင်းဖရက် ဘာပြောရမှန်း မသိ ဖြစ်နေသည်။ သူ ထိုသို့တွေးမထားပေ။ နောက်ဆုံး အားယူပြီး ပြောလိုက်သည်။
" ဟာ .... အားနာစရာကြီး မသင့်ပါဘူး။
ထိုအခါ ဟိုင်ဒီက လည်ချောင်းသံကလေးဖြင့် ခိုးခိုးခစ်ခစ် ရယ်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။
" မရှက်ပါနဲ့မင်းဖရက်ရယ်၊ ကျွန်မကို သူနာပြုဆရာမလို့ သဘောထားလိုက် "
ပြောပြောဆိုဆိုပင် ဟိုင်ဒီက သူ့ကုတ်အင်္ကျီကို ၀ိုင်းကူချွတ်ပေးလိုက်သည်။ ထိုအခါ သူမကိုယ်ခန္ဓာအထက် ပိုင်းက သူ့မျက်နှာနားသို့ မလွှဲသာမရှောင်သာ အလိုအလျောက် ရောက်လာပြီး မထိခလုတ်ထိခလုတ် ဖြစ် သွားသည်။ ကလူသည့်နှယ် မြူ သည့်နှယ်ဖြစ်သွားသည်။
ဟိုင်ဒီက သူ့ကုတ်အင်္ကျီကို တစ်လုံးတည်းသော ကုလားထိုင်နောက်မှီ၌ ချိတ်ထားလိုက်သည်၊ ထို့နောက် သူ့ ရှပ်အင်္ကျီကို ၀ိုင်းချွတ်ပေးပြီး တရိုတသေခေါက်ကာ ကုလားထိုင်ပေါ် တင်ထားလိုက်သည်။
ဟိုင်ဒီ သည် ဆေးပုလင်းကို ရွှေနွေးနှင့်စိမ်လာ၍ နွေးနေသည်။ သူမ၏ သွယ်လျညွတ်ပျောင်းနူးညံ့သော လက်ချောင်းကလေးများဖြင့် မင်းဖရက်အသားကို တယုတယ ဖြည်းဖြည်းချင်းပွတ်ကာ ဆေးလိမ်းပေး သည်။
" စိတ်လျှော့ပြီး သက်တောင့်သက်သာနေလေ၊ သူ့အကျောတွေ ကြွက်သားတွေက တင်းပြီးမာနေတယ်၊ သူများ အသာလေးပွတ်ပြီး အကြော လျှော့ပေးမယ်၊ သူ့မှာ နာနေတာတွေ မကြာခင်ပျောက်သွားမှာပါ "
ဟိုင်ဒီက တိုးတိုးညှင်းညှင်းဖြင့် ကရုဏာသံ၊ ဆွဲဆောင်သံတို့နှင့် ပြောလိုက်သည်။ ထို့နောက် မင်းဖရက် ခေါင်းကို အသာကိုင်ဆွဲပြီး ရှေ့သို့ ငိုက်လိုက်သည်။
" ကျွန်မကို မှီထား မင်းဖရက်၊ အဲ ... ဟုတ်ပြီ၊ အဲဒီလိုမှီထား သူ့နဖူးက သူမဗိုက်သားကိုသွားထိပြီး နွေးခနဲ ဖြစ်သွားသည်။
" ရှင်ကသိပ်မာ၊ သိပ်သန်တယ်၊ ပြီးတော့ သိပ်ဖြူပြီး ချောတယ် "
သူမလက်များက သူ့ပခုံးနှင့် ကျောကုန်းကို အပြန်ပြန် အလှန်လှန် ပွတ်သပ်နေသည်။
မင်းဖရက်အဖို့ အသိတရားနှင့် ထိန်းချုပ်နိုင်မှုစွမ်းပကားတို့ကို အလွန်အင်အားကြီးမားသည့်အရာက တစ်မုဟုတ်ချင်း ၀င်ရောက်အနိုင်ယူကာ အလဲထိုးချလိုက်သည်။
ထိုအရာသည်ကား အချစ်။
မင်းဖရက်သည် ဟိုင်ဒီခါးကို တအားကြုံးဖက် လိုက်ပြီး ဗလုံးဗထွေး ပြောလိုက်သည်။
ဟိုင်ဒီ ... ကိုယ်မင်းကိုချစ်တယ် ၊ ခွင့်လွှတ်နော် .... ဒါပေမယ့် ကိုယ့်အချစ်ကို ဘယ်လိုမှ ... မျိုသိပ်လို့မရ တော့ဘူး "
" ဟုတ်တယ်မောင် ... ကျွန်မလဲ သိတယ်၊ ကျွန်မလဲ မောင့်ကို ချစ်တယ် "
ဟိုင်ဒီ ကလည်း တအားပြန်ဖက်လိုက်သည်။
ထိုညက နှစ်ယောက်စလုံးချစ်တယ် ... သိပ်ချစ်တယ်" ဆိုသော စကားလုံးကို ကြိမ်ဖန်များစွာ ပြောခဲ့ကြ သည်။
*
ဆက်ရန်
.
No comments:
Post a Comment