Monday, January 16, 2012

ဒဂုန်ခင်ခင်လေး ၏ မှော်ဆရာမှတ်တမ်း, အပိုင်း (၁၄)

(ဦးညိုတုတ်သည် သံတိုင် ၏ ခေါင်းကို မြတ်နိုးစွာပိုက်ထားရာမှ-
''ကဲဟေ့ ဘိုးဗျော့တို့ ဒီပျဉ်ပြားတွေ နေရာတကျ တဲအမိုးပေါ်တင်ပြီး မင်းတို့ အိမ်ပြန်နှင့်ကြတော့ ရော့ ရော့ ဂဇော်ဘိုးယူသွားကြ သိပ်လဲ မူးမနေနဲ့အုံး တော်တော်ကြာ မိုးလင်းတော့မယ်။ ဆရာဒီ မှာ သံတိုင် အတွက် စီရင်စရာကလေးတွေ ရှိသေးလို့၊ နေရစ်ရအုံးမယ်၊ အကယ်၍ အရေးကြီးတဲ့ လူမမာသယ် များ လာခေါ်လို့ရှိရင် ငါကိစ္စရှိလို့ တရွာသွားတယ်။ နက်ဖြန်မှ ပြန်လာလိမ့်မယ်၊ ပြော... ကြားလား၊ ကဲ ရော့ ပိုက်ဆံ၊ အိမ်တံခါးလဲ ဟောင်းလောင်း ကြီးထားပြီး အိပ်မနေ ကြနဲ့အုံးနော် အိပ် ချင်ရင် တံခါးလုံလုံ ပိတ်ပြီးမှ အိပ် ဟုတ်လား'') ၏  အဆက်

ဟု- တပည့်များကို မှာကြားပြန်လွတ်လိုက်ပြီး သံတိုင်၏  ဦးခေါင်းပြတ်ကြီးကို သူ့နည်းအတိုင်း စီမံပြုပြင် ၍ ချာချာလယ်နေသော ဆန်ကာအလယ် တည့်တည့်တွင် ချပြီး မန်းမှုတ်နေရာ၊ သံတိုင်၏ ခေါင်းကြီးမှ အသား တွေသည် တစ၊ တစ အရည်ပျော်၍  ၊ ချော်ရည်၊ ချော်မြုပ်တို့ကဲ့သို့ ပြိုးပြိုး ပြောင်ပြောင်နှင့် စီးဆင်းကြ သွားပြီး နောက်ဆုံးတွင် ခေါင်းခွံရိုး ဖြူဖြူကြိးသာ ကျန်ရစ်တော့လေ၏
 
ညောင်ဝန်မြို့ ကလေးကား မီးရထားလမ်း၊ သဘောင်္လမ်းရှိသော မြို့မဟုတ်ဘဲ အနည်းနယ် ချောင် ကြသည့်တိုင်အောင် မြို့ကလေးမှာ ရှမ်းကုန်းနှင့်သင်္ဘောကုန်းလယ်ရာ ဌာနကလေးတခု ဖြစ်သော ကြောင့် ကုန်းလမ်းဖြင့် မော်တော်ကား၊ နွားလှည်းများ ဥဒဟို သွားလာဝင်ထွက်လျက်ရှိ၏။

နေအိမ် တိုက်တာများ အထူးစည်ကား၍ ဥစ္စာပစ္စည်း ချမ်းသာကြွယ်ဝသူများလည်း အတော်ပေါများသော မြို့ကလေး ဖြစ်လေ၏။ အဆိုပါ ချမ်းသာကြွယ်ဝသူတို့မှာ အများအားဖြင့် မြေပိုင်၊ ယာပိုင်၊ လယ်ပိုင် ရှင် တွေနှင့် ဘိုးစဉ်ဘောင်ဆက်က စုဆောင်းသိုမှီထားသော မြေမြုပ်ပစ္စည်းအမွေပုံကြီးပေါ်တွင် အစဉ် အတိုင်း တက်ထိုင်၍ ငွေတိုး ကြေးတိုးများနှင့် အေးအေးကုတ်ကုတ်  ထိုင်စားပြီး။ အကြွားအဝါ ဂုဏ်တု ဂုဏ်ပြိုင် လည်း အထူးကင်းကြသူများဖြစ်လေ၏။

ဤမျှရိုးသား အေးချမ်းစွာ နေထိုင်သူများနှင့်ပြည့်စုံသော ထိုမြို့ကလေးမှာ အမြဲတမ်း ငြိမ်းချမ်းသာယာ ခဲ့သည်။ မြို့ဆင်ခြေဖုံးအရပ်ရှိ ပျဉ်ထောင်သွပ်မိုး တလိုင်းအိမ်းကလေးတခုအတွက် မြို့၏ ကြက်သရေကို အထူး ညိုးနွမ်း နေစေသည်ကိုကား၊ မည်သူမျှ သတိမထားမိကြ ဖြစ်လေ၏။
 
ဗိန္ဓောဆရာ ဦးညိုတုတ်မှာ ပထဝီ၊ တေဇောာ၊ အာပေါ၊ ဝါယော တို့ကို လှိုင်လှိုင်ရွက်၍ ဆေးကျမ်း ကို အလွတ် ရအောင်ကျက်ခါ၊ လာလာသမျှ သူနာ၊ ပင့်လာသမျှသူနာတို့အား ဖေါ်နည်းကားနှင့် ဖေါ်စပ် ထားသော ဆေးများ ကို ငှက်ပျောဘူးပုလင်းများ နှင့် ထည့်ကာ၊ စာတမ်းအမျိုးမျိုး ထိုးကပ်လျက် လေးထပ် ရှိသော  ဘီရိုစဉ်မြင့်၊ တခုနှင့်သားနားစွာ တင်ထားပြီး။ ခြေကြွမှန်မှန်ယူလျှက် လက်သပ်မွေးထားသော ဆေးပညာသင် အမည် တပ်ထားသော တပည့်ဖြစ်သူ ဘိုးဗျော့နှင့် ငတေကြီး တို့အား ဂဇော်ဘိုး လှိုင်လှိုင် ပေးထားသူ ဖြစ်လေ၏။

စင်စစ်ဦးညိုတုတ်မှာ ယူတ်မာညစ်ညမ်းလှ စွာသော သူရဲအာဏာရှင် အောက်လမ်းဆရာ တစ်ဦး ဖြစ်သော်လည်း မြို့ပေါ်တွင်  မိမိအတွက် လူအပေါင်း မခက်စေခြင်းငှာတကြောင်း၊ ၄င်း၏ ရည်ရွယ်ချက် အတိုင်း၊ အစစ အရာရာ လွယ်ကူစွာ ဖြစ်မြောက်နိုင်စေရန်တကြောင်း၊ ဗိန္ဓောဆရာ ဟူသော အမည်ကို ယူထား၍ အရေးတကြီးလုပ်စရာ ရှိသော ညများတွင်ကား တမြို့လုံးက ကျောစိမ့်အောင် ကြောက် ထားသော ငိုသံကြားတောင်ပေါ် ၀ယ် မဘွယ်သော အမှုကို လွတ်လပ်ချောင်ချိစွာ ပြုမူနေထိုင်လျက် ရှိခဲ့သူ ဖြစ်လေ၏။

အထူးသဖြင့် ထိုမြို့လေးရှိပစ္စည်းရှင် သမီးပျိုကလေးမျာမှာ မိန်းမချော၊ မိန်းမလှလေးတွေများလျက် ၄င်းတို့မှာ ရိုးသားသောမိဘများမှ ဆင်းသက်ပေါက်ပွားလာကြသူများ ဖြစ်သည့်အလျှောက် အိမ် ရှေ့လမ်းမ ကိုမျှ လမ်းထွက်၍မလျှောက်ဝံ့သော အိမ်တွင်ပုန်းမ အရိုးခံမကလေးတွေ ခေတ်မမှီရှာသူ ကလေး တွေဖြစ်နေပြီလျှင် မည်သည့် အပျိုအရွယ် ကလေးမှ လျပ်ပေါ်လော်လီသည့် မျက်နှာထား အမူအရာ မရှိဘဲ၊ မိဘ မောင်ဘွားတို့နှင့် လိမ္မာပိပြားစွာ နေထိုင်တတ်ကြ သူများဖြစ်ရာ ၄င်းတို့အား မြင်ချင်တွေ့ချင် သော မြို့ရှိကာလသားများမှာ ဘာသာရေးနှင့်ဆိုင်သော အခါကြီး ရက်ကြီးဖြစ် သည့် ၀ါဆို လပြည့်နေ့၊ သတင်းကျွတ်လပြည့်၊ တန်ဆောင်တိုင်လပြည့်နေ့ စသည့်ဥပုသ် နေ့များ တွင် ကျောင်းကန် ဘုရား၊ ဇရပ်  တန်ဆောင်းများတွင် မိဘ သားချင်းတစုတို့ စုရုံးလာရောက်ခါ ဥပုသ်သတင်း ဆောက်တည် တတ်ကြသည်ကို လိုက်ကြည့်မှသာလျှင် မြင်ရတတ်လေ၏။

ထိုသို့ သော အခါမျိုးတွင်ကား၊ တနှစ်လုံးလုံးအိမ်တွင်းပုံးကြခြင်းဖြင့် ဝါဝင်းသော အသားအရေ ကလေး များနှင့် မပြုမပြင် နဂိယဉ်သော ပင်ကိုယ်ချော မိန်းမပျိုကလေးတွေကို တေ့တေ့ တင်တင် တွေ့မြင် ရသူ လူပျို ကာလသား တို့မှာ အစွဲကြီး စွဲလမ်းသွားရှာကြတာ၊ အချို့မှာလည်း မိဘချင်း အကြောင်း သင့်လျှက် သားသမီးချင်း လက်ဆက်ပေးသည်ကို ခံရ၍ အချို့မှာ မိဘချင်းအကြောင်း မညီညွှတ် ၍ သမီးပျို ကလေး များကို အောင်သွယ် ဒလံ များနှင့် စေစားရှာကြတော့သည်။

သို့ရာတွင် ရိုးသား လိမ္မာသူ မိန်းမပျိုကလေးတွေသာ များရကား၊ မိဘမျက်ကွယ်တွင် ချစ်သူရှာခြင်း၊ ချစ်သူ ကို မိဘ မသိဘဲ လက်ခံဆက်သွယ်မှုမှာ မပြုကောင်းသော ကံငါးပါးကို ကြူးလွန်ရမည်ထက် ရှက်ကြောက် ထိပ်လန့်နေရှာကြသောကြောင့် အောင်သွယ်ဒလံတို့မှာ တပ်လန်၍သာ သွားရလေရာ၊ တချို့ ကာလသား များမှာ မိဘချင်းလည်းစေ့စပ်မရ၊ ကိုယ်တိုင် ကြိုးစားရန်လည်း အချက်မရ၊ အောင် သွယ်များ နှင့် ကြံ၍လည်း အကွက်မလယ်ကြဘဲ စွဲလန်းသည့် အာရုံကလည်း အတောမသပ်နိုင် အောင် ရစ်ပတ် ချုပ်ချယ်ခြင်း ခံနေရရှာသဖြင့်၊ အကြံအစီ အမျိုးမျိုးထုတ်ခါ ကြိုးစားရှာကြရာတွင် အချို့နှိုက်နှိုက် ချွတ်ချွတ် စုံစမ်းတတ်သော ကာလသားများမျာ ဗိန္ဒောဆရာ ဦးညိုတုတ်အား ပီယဆေး အတွက် အစွမ်းအစ ထွက်လိုထွက်ငြား စုံစမ်းသမှုပြုကြ၍ ဦးညိုတုတ်ကလည်း ဝင်လာသော လာဘ်ကို မပယ်လို သဖြင့် မိမိ၏ အောက်လမ်းပညာနှင့် စီမံထားသော ပီယဆေးများ ကို တိုးတိုးတိတ်တိတ် လက်သိပ်ထိုး ပေးသောကြောင့် အချို့ကာလသားများမှာ အကယ်ပင်ဆေး အစွမ်းပြ၍ ရသူရသွားကြသည်တွင် တစတစ နှင့် အကြံကုန်လက်ပမ်းကျနေသော ကာလသား များ ရပ်ကွက်တွင် ဦးညိုတုတ် ပီယဆေး တန်ခိုး ထက်မြက်ပုံ ကို ကြော်ငြာမကမ်းရဘဲ နာမည်ကြီးလျှက် ရှိရကား၊ ချစ်သူအတွက်နှင့် အကြံခက်သော လူပျိုလူရွယ် တိုင်း၊ ဆရာကြီဦးညိုတိုတ် ကို ကြည်ညို စွာလာရောက်ဆီးကပ်၍ မပြတ်အောင် ပူဇော်ပသ လျက် ရှိကြရလေ။

သို့ ဆေးနှင့်ဝါးနှင့် ကူ၍ ချစ်သူနှင့်နီးရအောင် ကြံဆောင်ကြသော်လည်း အများအားဖြင့် အလယ်အ လတ် တန်းစား မိန်းမပျိုကလေးများကိုသာ အဆက်အသွယ် အသွားအလာလွယ်ကူသောကြောင့် ကြံစီခွင့် အချက် ရ၍  သွားကြသော်လည်း၊ အိမ်ထဲက အိမ့်ပြင်သို့ ထွက်ခဲ့သော်လည်း အထက်တန်း ကျသည့် ကြွယ်ဝချမ်းသာသူ တို့၏ သမီးပျိုအချောအလှကလေးများအတွက်မူ၊ မည်သူမှ မတိုးနိုင်မ ကြံနိုင်နှင့် လက်မှိုင်ချ ရလျက် မိဘချင်းကြေနပ်မှသာ ရသော ဓမ္မတာကဲ့သို့  ရှိခဲ့လေ့၏။

သို့ရာတွင် လွန်ခဲ့သော တနှစ်ကျော်လောက်အခါမှစ၍ ဗိုင်းကောင်းကျောက်ဘိ၊ ပိရိလိမ္မာ၊ ဣနြေ္ဒ ရှင်မြင့် ကြရှာသော အိမ်တွင်းပုန်း အမျိုးသမီး အပျိုအရွယ်ထဲတွင် နာမည်အကြီးဆုံး၊ ရုပ်အချောဆုံး ပစ္စည်း အပေါဆုံး မိန်းကလေးအချို့မှာ မည်သည့်ကပ်မျိုး ဆိုက်ရှာကြသည်မသိ ၊အချို့မှာ အိမ် တွင်းက အိမ်ပြင် မထွက်ရရုံ မျှမက အပြင်ကဝင်လာသူတို့နှင့် အဆက်အသွယ်မရှိပဲ အရှက်တကွဲ အကျိုးနဲ အဘေမဖေါ် နိုင်ဘဲ သားသ္မီးမွေးကြရှာပြီး၊ အချို့မှာလည်း မိမိကိုယ်ကိုပင်စွန့်ပစ်ခါ အသက်   ကို အရှက်နှင့် လဲသွားကြ ရှာ၏။

ယင်းသို့ ဣနြေ္ဒရှင် အပျိုကလေးများ၏ မကြားဝံ့မနာသာ အဖြစ်မျိုး မှာဘယ်သို့သော အကြောင်းကြောင့် ဖြစ်ပေါ် ရသည်ဟု မည်သူမှ အတတ်မဆိုနိုင် ကာယကံရှင် မိန်းမပျိုကလေးများမှာလည်း မိမိတို့အဖြစ်ကို မိမိတို့ပင် မသိ၊ မိဘလုပ်သူတို့က ရိုက်မောင်း, ပုတ်မောင်း၍ မေးလည်းမပြောနိုင်၊ ချော့ချော့မော့မော့ မေး၍လည်း မဖြေနိုင်၊ လှိုင်လှိုင်ကြီးသာ ငိုကြွေးနေရှာကြလျှက်၊  အချို့မှာ အသက်ကိုပင် စွန့်ရှာသည့် အခြေ သို့ အရောက်ခံကြသလောက်၊ မည်သူတစ်ဦးတယောက်မျှ မည်သူနှင့်ကြူးလွန်မိကြသည် ဟု ထုတ်ဖော် ၀န်ခံခြင်းမပြုနိုင်ကြ သည်က ကံတူအကျိုးပေးကဲ့သို့ ဖြစ်ကြရတော့၏။

ကလေးမ များက လျပ်ပေါ်လော်လီ၍ ဖြစ်ရသည်ဟု ထင်ရန်ကလည်းအခတ်၊ မည်သူမည်ဝါ နှင့်ကြူးလွန် မိပါသည်ဟု မေးမရကြသည်ကတခက်နှင့်  ဤ ထူးဆန်းသောအဖြစ်အပျက်များမှာ မြို့ကလေး အေးချမ်းခဲ့သည့် နှင့်  အမျှ ရစရာမရှိအောင် ဖြစ်နေကြရလေတော့၏။
''ဟေ့..ဘိုးဗျော့တို့ ညကငါ့အိမ်ကို ဘယ်သူလာလဲဟေ့.... ''
ဟု နံနက် နေထန်းဖျားလောက်ရှိမှ ရောက်လာသောဦးညိုတုတ် က မေးလေ၏။ ဘိုးဗျော့နှင့် ငတေကြီး တို့ကား၊ ပဲပြုတ်နှင့်လဘက်ရေအကြမ်း သောက်လျှက်ရှိ၏။

''သြော်-ဆရာပြန်လာပြီ၊ ကျွန်တော်တို့ လဘတ်ရေသောက်ရင်းမျှော်နေကြတယ်။ လာဆရာ- ဟောဒီမှာ ပဲပြုတ်ပန်းကန် ကလေး ဦးဦးဖျားဖျား ဆရာစားဘို့ ခွဲထားတယ်''
တုတ်။  ။အေး-အေး စားတာပေါ့၊ ဒါနဲ့ ဘယ်သူများလာမေးတုန်းဟေ့-
ဗျော့။  ။တခြားလူတွေတော့ မလာပါဘူးဆရာ၊ ထွန်းမောင် ဆိုတဲ့ ဆရာ့ကောင်ကလေး တကောင်တော့ လာမေးတယ်။ ကျွန်တော်လဲ နံနက်မှလာ အခုဆရာကြီးမရှိသေးဘူးလို့ ပြောလိုက် တာနဲ့ စိတ်ပျက် ပြန် သွားလေရဲ့။

တုတ်။   ။  ဒီကောင်ကလေးပဲ င့ါကိုသိပ်ကပ်နေတယ် ငွေတွေကန်တော့တာလဲများလှပြီ။ သူကြိုက်နေတာ ကောင်မလေး ကလဲသူ့ ကိုပြန်ပြီးကြိုက်ပါတယ်တဲ့။ ဒါတဲ့ နှစ်ဦးနှစ်ဘက် မိဘတွေ သဘောမမျှလို့ ခိုးရာ လိုက်ပါ ခေါ်တာမရဘူးတဲ့၊ ကောင်မလေးက အတော်ခေါင်းမာနေတယ်တဲ့။ ဒါနဲ့ င့ါလာကပ် နေတာ ကလား။
ဟု ပြောကာ ပဲပြုတ်တဇွန်းစားရင်း လဘတ်ရည် ပန်ကန် ကို ပါးစပ်နားတေ့လေ၏။
တေ။   ။ သြော် -ဒါကြောင့်ကိုး၊ ကောင်ကလေးလက်ထဲမှာလဲ ငွေစက္ကူတွေတထပ်ကြီးကိုင်လို့...
(တုတ်) ဟင်ဟုတ်လား အေးလေကွာ ကောင်ကလေးလဲ အတော်စွဲနေတယ်၊ ဆရာ့ကိုငွေပေး ပေါင်းလဲ များလှပြီ။ ကောင်ကလေး မိဘများက အတော်ပစ္စည်းပေါတယ်။

(ဗျော့) ဒါနဲ့များ ကောင်မလေး မိဘများက ဘာကြောင့် သဘောမတူရတာလဲဆရာ။
(တုတ်) သိပါဘူးကွာ အရင်တုန်းက လူကြီးချင်း၊ မြေယာ တခုအတွက်နဲ့ စကားများကြဆိုထင်ပါရဲ့၊ ဒါပေတဲ့ ကောင်ကလေး နဲ့ ကောင်မလေးကတော့ မေတ္တာမပျက်ဘူး။
(ဗျော့) ဒါဖြင့်လုပ်ပေးလိုက်ပါ ဆရာရယ်။
(တုတ်) အေးလုပ်ပေးဘို့ပါဘဲ၊ ဒါထက် ကောင်မလေးဟာ ဒီမြို့ပေါ်မှာဖြင့် အလှဆုံး အချောဆုံး လို့ ထွန်းမောင် က ဆိုသည်။ သူ့ရည်းစားမို့ ပြောသလားတော့ မသိဘူး၊ ငါလည်း မမြင်ဘူးသေးဘူး။ တကယ်လို့သာ သူပြောသလို အချောဆုံးအလှဆုံးဆိုရင် ငါ့ ထွန်းမောင်အတွက်လုပ်မပေးလိုဘူး။
(ဗျော့) ဘာပြုလို့တုန်းဆရာရဲ့
(တုတ်) မင်းတို့လဲဆရာ့ အကြောင်းသိကြသားနဲ့ကွယ်။

(ဗျော့) ကောင်ကလေးငွေတွေလဲ ဆရာရတာမနည်းဘူးဆို ဒီလိုဖြင့်
(တုတ်) အေးလေကွာ ဒါပေတဲ့ ကောင်မလေးဟာ သူတို့ပြောသလောက် မလှရင်လဲ ငါအရေးမကြီး ပါဘူး၊ တကယ်လို့ လှနေရင်သာ ဒါပေတဲ့ကွာ ငါအလိုပြည့်ရင် ထွန်းမောင်လက်ပြန်ပေး လိုက်ရုံ ပေါ့
(ကြီး) ဟုတ်တယ်ဆရာ ဒါမှကောင်ကလေး အလိုလဲပြည့်၊ ဆရာ့အလိုလဲပြည့်၊ နှစ်ဦးနှစ်ဖက် အကျိုး ရှိမယ်။
(တုတ်) အေးလေကွာ၊ ကြည့်လုပ်တာပေါ့၊ ဟောဟေ့ပြောရင်း ဆိုရင်း ထွန်းမောင်ကလေး လာနေပြီ အသာနေကြ အင်းတယ် ခြေလှမ်းသွက်ပါကလား ဘာများအရေးကြီးလာသလဲ မပြောတတ်ဘူး။
ထိုအခိုက်တွင် အသားဖြူဖြူ မျက်လုံးကောင်းကောင်း နှာတံပေါ်ပေါ် ရင်အုပ်ကားကား အရပ်မြင့် မြင့်နှင့် သူငယ် တစ်ယောက် ဦးညိုတုတ်အိမ်ထဲသို့ အရေးကြီးသုတ်ပြာနှင့် ၀င်လာလေ၏။
(ထွန်းမောင်) ဆရာ ကျွန်တော် ညကလာမေးသေးတယ် မရှိဘူးဆိုလို့။

(တုတ်) အေး ဆရာ ခုဘဲရောက်သကွဲ့ မင်းပြာရီပြာယာဘဲ ဘာများအရေးကြီးလာသလဲဟေ့။
(မောင်) ကြီးတယ် ဆရာ ဒါကြောင့် ပြေးလာတာဘဲ။
(တုတ်) ဆိုးစမ်းပါအုံး
(မောင်) မလှရီတို့ အဘေအမေများ ၀ါဆိုဦးများ ရှင်ပြု ပဉ္စင်းခံလုပ်ဘို့ မြို့တက်ပြီးပရိက္ခရာကုန်တွေ သွားဝယ် ကြတယ်၊ မနေ့ကသွားကြတယ်ဆရာရဲ့ အိမ်မှာ မလှရီနဲ့ အဖေါ်မိန်းမကြီး တစ်ယောက် သာ ကျန်ရစ်တယ်။ အင်မတန် အခွင့်သာနေတာဘဲ။
(တုတ်) ဒါဖြင့် မင်း ကောင်မလေး ခေါ်ပြေးပါတော့လားလို့။

(မောင်) ခေါ်လိုက်တာမှဆရာရယ် သူနဲ့ တွေ့တိုင်းခေါ်တာဘဲ။ စာနဲ့ ရေးခေါ်တာတွေတော့ ထည့် လိုက်တောင် မပြောနိုင်တော့ဘူး၊ သူကိုက ဘယ်လိုများခေါင်းမာမှန်းမသိဘူး၊ သူတို့မျိုးရိုးမှာ ခိုးရာ လိုက်ဘူးသူ မရှိဘူးတဲ့၊ သူ့လက်ထက်မှ အမျိုးဂုဏ်မပျက်ပါရစေနဲ့တဲ့၊ ဒါမျိုးတွေနဲ့ ချည်းခုခံနေတာ ဘဲ။
(တုတ်) တကယ်မချစ်လို့ ထင်ပါရဲ့ကွာ

(မောင်) ချစ်ပါတယ်ဆရာ ချစ်လိုက်တာမှ တုန်နေတာဘဲ၊ သူချစ်တာ ကျွန်တော်သိတယ်ဆရာရဲ့ ခိုးရာ မလိုက်လို့ မချစ်ဘူးမထင်ပါနဲ့တဲ့ မရီဟာ ကိုထွန်းမောင်ကလွဲပြီး ဒီတသက်မှာ ဘယ်သူ့ အချစ်မှ လက်မခံ ဘူး၊ မိဘသဘောမတူရင် မိဘတသက် ထိုင်စောင့်ပါ့မယ်၊ ဘယ်အရွယ်ကျမှ ပေါင်းရ ပေါင်းရ စောင့် ပါ့မယ်၊ ခိုးရာကိုတော့ မလိုက်ပါရစေနဲ့၊ လို့ပြောနေတော့ ခက်တယ်ဆရာရဲ့ သူတသက်လုံစောင့်နိုင်ပေမဲ့ ကျွန်တော်က မစောင့်နိုင်ဘူးဗျ။ အတင်းဓမ္မဆွဲခေါ်ဘို့ရာလဲ၊ သူက အိမ်ကအိမ်ပြင်မထွက်တော့ မခက် ဘူးလား ဆရာ၊ ဒါကြောင့် ဆရာ့ကို အားကိုးတာဘဲ၊ ဆရာရဲ့ ဆေးအစွမ်းနဲ့ မလှရီ ကျွန်တော့်ဆီကို အလိုလို လာအောင် လုပ်ပေးနိုင်ရင် ဆရာ့ကို နောက်ထပ် ငွေ တထောင်ကန်တော့ပါ့မယ်။ အခုလဲ ငွေငါးရာ ပါပါတယ်ဆရာ ကြည့်စမ်းပါဦး။

ဦးညိုတုတ်သည် မျက်မှောင်ကြီးကုတ်ခါ၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွေး၊ တို့ကို သပ်ရင်း၊ စဉ်းစား လျက်ရှိလေ၏။ တချက်တချက်၊ ကိုထွန်းမောင်လက်မှ ငွေစက္ကူများကို မျက်စိရောက်သွာလျှက် တချက် တချက်လည်း ပြီးစီးခဲ့သော မိမိအကြံအစည်များနှင့် မိမိအောင်သေအောင်သား စားခဲ့ရဘူး သည်များကို ပြန်လည် စဉ်းစားနေမိပြီ။ တခါတခါတွင်လည်း မိမိတပည့်ကြီးများဖြစ်သော ငနီ၊ ငနက်၊ ငနွားတို့နှင့် နောက်ဆုံး မွေးသည့် ရဲရဲတောက်တပည့်၊ သံတိုင်တို့ အစွမ်းများကို သွား၍ သတိရလျှက်ရှိလေ၏။ အထူးသဖြင့် ကား သူရဲ့သံတိုင်အား မိမိတပည့်များအနက်မှ အစွမ်းအထက် ဆုံးဟု ယူဆထားသည့် အတွက် တပွဲတလမ်းပွဲဦး စမ်းစေရကောင်းမလားဟု စိတ်ကူးနှင့် ဇယားချ ၍ နေလေ၏။ ထွန်းမောင်ကား မလှုပ်မရှက် ငြိမ်သက်စွာ စဉ်းစားနေသော ဆရာဦးညိုတုတ်ကို ကြည့်ကာ အားမလို အားမရ ဖြစ်နေ ရှာလေ၏။

'' ဘယ့်နှယ်တုန်းဆရာရယ်၊ ကျွန်တော့် ဆရာ့အပြင် အားကို စရာမမြင်ဘူး၊ ဆရာ့ကို အင်မတန် အားထား နေရပါတယ်၊ တဆိတ် ကျွန်တော့်ကို သနားသဖြင့် ကူညီပါဆရာရယ်၊ ဆရာ့ကျေးဇူးကို မမေ့ပါဘူး၊ အခုငွေငါးရာတင်မက နောက်ကန်တော့မဲ့ ငွေတထောင် ဆရာကို ညနေတခါထဲပုံပြီး ကန်တော့ပါမယ်၊ ဒါနဲ့လဲ မပြီးသေးပါဘူး၊ နောက် ဆရာလိုတယ်ဆိုရင် 'ဘာမဆို ကျွန်တော် တာဝန်ယူပြီး ဖြည့်စွမ်း ပေးပါမယ်'''
ဟု ရေငတ်သလိုအထပ်ထပ် ပြောလေ၏။ ဦးညိုတုတ်မှာ အင်းမလှုပ်၊ အဲမလှုပ် တွေဝေမြဲ တွေဝေ နေရာမှ ထွန်းမောင် ကို ခပ်တည်တည်လှည့်ကြည့်ကာ
''အေး ဆရာလဲ ဒါကို စဉ်းစားနေတာဘဲကွဲ့''
''ဒါဖြင့် ခပ်မြန်မြန်ကလေး ကျေးဇူးပြုပါဆရာရယ်၊ သူ့မိဘများမရှိတုန်း ကြံရမှ အစစခရီးရောက် မယ် ဆရာ့ရဲ့''
''အေးလကွယ် မင်အလိုပြည့်ပါမယ်၊ သို့သော် ဆရာမှာ တပည့်တွေရှိသေးတယ်၊ သူတို့လုပ်ပေးမှ ဒီကိစ္စ အောင်မြင်မှာကွဲ့''

''ဟောဒီ ကိုဘိုးဗျော့တို့ ကိုတေကြီးတို့လား ဆရာ အို သူတို့အတွက်လဲ ကျွန်တော် ကျေးဇူးသိမှာ ပေါ့ဆရာ ရဲ့ ကိုဘိုးဗျော့နဲ့ ကိုတေကြီးလဲ ငွေတရာစီ ကျေးဇူးဆပ်ပါမယ်''
ဘိုးဗျော့ နှင့် ငတေကြီးတို့မှာ ငွေတရာဟူသော အသံသည် မျက်လုံးတွင် အရောင်တွေ တဝင်းဝင်း ဖြာ၍ လာလေ၏။ ဦးညိုတုတ်ကား အင်းမလှုပ်၊ အဲမလှုပ် နေရာမှ တနေရာသို့ စူးစိုက်ရင်း
''ဒီကောင် နှစ်ကောင် တွင် မကဘူး၊ မင်းမမြင်နိုင်တဲ့ သူရဲ့တပည့်က လေးငါးယောက် ရှိသေးတယ် ကွဲ့၊ သူတို့ကမှ ကောင်မလေး ကို ဆရာ့ဆီ ရောက်အောင်ခေါ်လာနိုင်မယ်၊ ဘိုးဗျော့နဲ့ ငတေကြီးတို့ ကတော့ ကောင်မကလေး လာတုန်း လမ်းမှာ အနှောင့် အယှက်တွေ့ရင် ကာကွယ်ဘို့ မလှမ်းမ ကမ်းက မယောင်မလယ် လိုက်ဘို့ဘဲ''
''ဟာ ဒါဖြင့် ဆရာသဘောကျသလိုသာ အမိန့်ရှိပါခင်ဗျာ၊ အားမနာပါနဲ့''

''အေး ဒီလိုရှိတယ်ကွဲ့၊ မင်းပြောတဲ့ ငွေများကိုလဲ ဒီနေ့ညနေယူခဲ့ ဆရာရဲ့ တပည့်မျာူးအတွက် ကျွေးမွေး ထားရတဲ့ တနှစ်စာစရိတ်လဲ မင်းကခံရလိမ့်မယ်၊ အဲဒီအတွက်ကတော့ များများမဟုတ်ပါ ဘူးကွာ တနှစ်လုံးအတွက် လေးငါးခြောက်ရာလောက်ဆို တော်ပါပြီ''
''အို ဒါလောက်များ စောစောက ပြောရောပေါ့ဆရာရယ် ကျွန်တော့်မုန့်ဘိုးအတွက် အဘွားက ပေး ထားတဲ့ စပါးတွေကို ရောင်းထားတာ၊ ငွေ သုံးထောင် ကျော် ကိုယ်ပိုင်ရှိပါတယ်၊ မိဘပစ္စည်းမထိဘဲ ရနိုင် ပါတယ်''
''နို့ပြီး ဒါတင်မကသေးဘူး၊ ဆရာ့အတွက် မင်းက ကတိခံရမယ်၊ ငွေရေးကြေးရေး မဟုတ်ဘူးကွဲ့ တခြား ကိစ္စလေ၊ ဆရာလိုတာ တခုခုကို ကြည်ဖြူစွာပေးပါမယ်ဆိုတဲ့ ကတိဘဲ၊ အဲဒီကတိကို မင်း ထားနိုင်မလား''

''ဟာ ဒါကလေးများ ခက်တာလိုက်လို့ ဆရာရယ်၊ ဆယ်ခါ ကတိခံနိုင်တယ်၊ စိတ်ချပါ''
''မဟုတ်သေးဘူးကွဲ့ အခု လွယ်လွယ် ကတိခံပေမဲ့ နောင်ခါခဲခဲယှဉ်းယှဉ်း ဖြစ်ချင်ဖြစ်နေတတ်သေး တယ် မင်းစိတ်ကို နိုင်ရဲ့လား''
''နိုင်ပါတယ်ဆရာရယ်၊ ဆရာလိုတယ်ဆိုရင် ဘာဖြစ်ဖြစ် ကျွန်တော် သဘောတူကြည်ဖြူစွာ ဆောင် ရွက်ပေးပါမယ်''
''အေး အေး ဒါဖြင့် ကောင်းပြီ၊ မင့်ကောင်မလေးကို ဒီနေ့ခေါ်ချင်သလား''

''အမယ်လေး ကျေးဇူးပါဘဲခင်ဗျာ၊ မြန်မြန်နေရာကျလေ၊ ကျွန်တော်ဝမ်းသာလေပါဘဲ၊ ဒီနေ့ရရင် ဒီ နေ့ တခါထဲ ဝေးရာခေါ်ပြေးမှာဘဲ ဆရာရဲ့''
''ကဲ ကဲ ဒါဖြင့် ကောင်းပြီ ဒီနေ့ညနေ မင်းငါ့ဆီလာခဲ့ နို့ပြီးငါနဲ့ အတူတူ နေ၀င်ရီတရောအချိန်ကို ငိုသံကြားတောင် ပေါ်လာခဲ့''
''ခင်ဗျာ ငိုသံကြားတောင် အမယ်လေး၊ ဒီတောင်ပေါ်ဘာကိစ္စုသွားမှာတုန်း ဆရာရယ်၊ ဒီတောင် ဟာ အင်မတန် ကြောက်စရာ ကောင်းတယ် မဟုတ်လား၊ တခြားနေရာဆို မကောင်းလားဆရာရယ်''
''မင်းမသိ ပါဘူးကွာ ဒီတောင်ပေါ်မှာ ငါ့တပည့်သူရဲတွေနဲ့ ငါနေတဲ့ အိမ်ကလေးတခုလဲရှိတယ်၊ မင့် ကိစ္စ တွေကို ဟိုသွားလုပ်မှအောင်မှာ ဒါနဲ့ မင်းကြောက်သလား''

''ဟာ ကျွန်တော်ဒါလောက် သွေးမနည်းပါဘူး၊ သို့ပေသိ အင်မတန် လူပြောများတဲ့ တောင်ဆိုတော့ ဘေးအန္တရာယ် ပေါ်ပေါက်လာရင် ကျွန်တော်တို့ထက် မလှရီအတွက် ခက်ပြုနေမလားလို့''
''အမာလေးကွာ ခုထဲက စိုးရိမ်တတ်လှပါပေကော၊ ကဲကဲ ဆရာပြောမယ်ကွဲ့ အဲဒီတောင်ပေါ်မှာ ရှိတဲ့ နာနာဘာဝ တစ္ဆေ သူရဲတွေဟာ ဆရာရဲ့ တပည့်တွေချည်းဘဲကွ၊ ဆရာက မချောက်မလှန့် ကြနဲ့လို့ တား ထားရင် ချွတ်ချွတ်သံမှ မကြားရပါဘူး''
''သြော် ဒီတောင်ပေါ်က နာနာဘာဝတွေကို ဆရာနိုင်တယ်ဆိုပါတော့၊ ဒါဖြင့် ဆရာ အဲဒီတောင်ပေါ် တညည တခါတခါမြင်ရတဲ့ မီးစိမ်း၊ မီးနီ၊ မီးဝါ တွေဟာကကော၊ ဘာတုန်းဆရာရဲ့ စုန်းကဝေတွေ တောက်စား တာလဲ မဟုတ်နိုင်ဘူး၊ နတ်မီးပေါက်လို့ တချို့ကပြောကြတယ်၊ အဲ ဒါလဲဆရာရဲ့ နတ် တပည့် တွေလား''

''အေးလေကွာ ဆိုပါတော့၊ ဒီငိုသံကြားတောင် တတောင်လုံးအပေါ်မှာ ဆရာက အာဏာရှင်ဘဲဟေ့ ဘာမှ မကြောက်ပါနဲ့ နောက်ဆုံးကွာ မင့်ကောင်မလေးကို အဝေးခေါ်ပြေးလဲ သူ့မိဘမျာူးလိုက်ရှာလို့ တနေ့ပြန်တွေ့မှာ ဒီတောင်ပေါ်မှာသာ အေးအေးနေကြရင် ဘယ်သူမှလဲလိုက်မရှာဝံ့ဘူး၊ တကယ် လို့ လာရှာ တောင် ငါ့တပည့် သူရဲ တွေကို ချောက်လှန့်လွှတ်စေမှာဘဲ၊ ဆရာအလုံးစုံဖွင့်ပြောလိုက် မယ်ကွာ ၊ ဒီတောင်ပေါ် ကို ဘယ်သူမှမလာဝံ့အောင် ငါ့တပည့်သူရဲကြီးများနှင့် တောင်ပေါ်မှာ နဂိုရှိ ရင် နာနာဘာဝ များကို ပေါင်းပြီး အချောက်အလှန့်ခိုင်းထားတာပဲ၊ ဒါတင်မကသေးဘူး၊ ကန်ပက်လက် သင်းချိုင်းမှာ ရှိတဲံ သူရဲ့တစ္ဆေတွေကိုလဲ ငါတပည့်သူရဲတွေနဲ့ ပေါင်းပြီး ဆူညံ သောင်းကျန်းစေတယ်၊ သေတွင်းကန်ကို စောင့်တဲ့ ငရဲ့ကြီး အမှူးရှိတဲ့ တစ္ဆေသူရဲတွေကို အဆက် အသွယ်ထားပြီး ကန်ထဲဆင်းသမျှလူကို စားစေ တယ်၊

ဒါကြောင့် ဒီတဝိုက်မှာဖြင့် အထူးလူကြောက် များနေတာဘဲ၊ ပဋ္ဌမမူလ ရှေးတုန်းက ငိုသံကြားတောင်မှာ နတ်ရဲကြမ်း တာတော့ အမှန်ဘဲ ဒါပေတဲ့ ကာလကြာတော့ မကြမ်းပါဘူး၊ လူတွေသာ ရှေးကနာမည်ကြီး ဘူးတာနဲ့ လန့်နေကြတာ အခုလဲ ဒီနတ်သူရဲမရှိဘူး၊ သူ့တပည့် တစ္ဆေ၊ သူရဲ၊ အနည်းငယ်လောက်သာ ကျန်ပါတယ်၊ ဆရာရဲ့ တပည့် သူရဲတွေကို ဒီတောင်မှာ နေရာထိုင်ခင်းချထားလို့ ခုမှပြန်ပြီး သောင်းကျန်း လာတာပါ၊ မင်းတို့မြို့က လူတွေကတော့ ရှေးကအတိုင်းဆိုးလာတယ်ထင်တယ်၊ စင်စစ်မဟုတ်ဘူး၊ ဆရာ့တပည့် တွေ ရောက်မှ ပိုဆိုးလာတာဘဲ၊ အဲ ဒီလိုဖွင့်ပြောတော့ သိရောမဟုတ်လား၊ မင်းကိုယုံလို့ ပြောတာနော် ဘယ်ကိုမှ မပေါက်ကြားစေနဲ့ အကယ်၍ ပေါက်ကြားရင် မင်းလဲအသက်ရှင်တော့မယ် မဟုတ်ဘူး''

ထွန်းမောင်မှာ ဆရာကြီးကိုတစိမ့်စိမ့်ကြောက်လာ၏။ ငါလူပေါင်းမှားပြီထင်တယ်၊ ဒါကြီးမျိုးဟာ 'ဆုပ်လဲစူး စားလဲရူး'ဆိုသလို အပေါင်းခက်တဲ့ ဟာကြီးမျိုးဘဲ၊ သူပြောတာတွေဟာ တကယ်လား လုပ်ဇာတ်လား ဟုတ်သလောက်လဲ ဟုတ်ပါလိမ့်မယ်၊ သို့သော်လဲ ငါကြောက်အောင် (ရာပို ဖင်ခေါင်းကျယ်)သဘောနဲ့ ဖြီး နေတာလား၊ ဟယ် ဘာပဲဖြစ်ဖြစ်လေ၊ ငါကအလိုရှိလို့ သူ့ကိုကပ်ရမှ သူ့ မိုက်ကြေးခွဲတော့ ခံရမှာဘဲ၊ ဟုအောက်မေ့ကာ-
''ကျွန်တော်အတွက် စိတ်ချပါဆရာရယ်''
ဟု အာမခံလိုက်ရလေ၏။

''အေး ဒါဖြင့် မင်းစကားအတိုင်း ယူစရာရှိတာ အပြည့်အစုံယူပြီး ညနေလာခဲ့တော့ ဟုတ်လား''
'''ဟုတ်ကဲ့ဆရာ''
ထွန်းမောင်မှာ ချစ်ရည်းစားမလှရီကလေးနှင့် အမြန်နီးစပ်လိုခြင်းဖြင့် မည်သည့်ဘေးမှ မတွေး မမျှော် နိုင်တော့ဘဲ ဦးညိုတုတ် ကို ရဲရင့်စွာ အာမခံ၍ ပြန်ခဲ့လေသတည်း။
ထိုနေညကား အထူးမှောင်မိုက်၍ လရောင်၊ လျဉ်းကင်းမဲ့လျှက် ရှိလေ၏။ လကွယ် အဘိတ်နေ့ ဖြစ်လေရာ တညဥ့်လုံအဘို့ အလင်းရောင်ကို မျှော်လင့်စရာမရှိတော့ချေ၊ ထွန်းမောင်သည် နေဝင် ရီတရော အချိန် ကပင် ၊ ဆရာကြီးနှင့်အတူ ငိုသံကြားတောင်ပေါ်သို့ ရောက်လာခဲ့လေ၏။ ဘိုးဗျော့ နှင့်ငတေကြီးတို့ကား ထွန်းမောင် ပေးထားသော မိုက်ကြေးများနှင့် မြို့စွန်ရှိ ဂဇော်ဆိုင်တွင် အမြီး မြိုင်မြိုင်နှင့် ဒူးနန့်ကျန်ရစ်၏။ ၄င်းတို့ အလုပ် ကား ညဥ့် လူခြေတိတ်မှ အခါရသောကြောင့် အချိန်ကာလကို ငံ့လင့်ရင်းအာခေါင်တွင်းသို့ ဂဇော် တပုလင်းပြီး တပုလင်း၊ လောင်းထည့်နေကြ လေ၏။

ထွန်းမောင်မှာ ဆရာဦးညိုတုတ်နှင့်အတူ ငိုသံကြားတောင်ပေါ်တွင် ဦးညိုတုတ်၏ အလုပ်ဌာန ဖြစ်သော ယာယီ စံတဲနန်းကလေး ကို ကြည့်လျက်၊ တချက် တချက်နှာခေါင်းရှုံ့၍ နေမိလေ၏။  မ လှမ်းမကမ်းမှ လူရိုး အစုအပုံကြီးများကို၎င်း ၊ ပျဉ်ခေါင်တလားတို့ဖြင့်ပြီးသော တဲအိုကလေးကို၎င်း အပြန်ပြန်ကြည့်ကာ ဦးညိုတုတ်ကို တဖြည်းဖြည်း ရွံ့ရှာစက်ဆုပ်မိလေ၏။ နေဝင်ရိုးယီ အချိန်ဖြစ် ၍လည်း မိမိအနီးတွင် မဲကနဲ၊ ရိပ်ကနဲ၊ ဖြတ်သန်းသွားသော ကြီးမားသည့် အကောင်အထည် သဏ္ဍာန်ကြီးများကို မကြာခဏ မြင်ရခြင်း ဖြင့် မည်မျှသတ္တိကောင်းသော်လည်း ခေါင်းနဘမ်းကြီး၍ ကြက်သီးများ တဖျန်းဖျန်းထလျက် ရှိသော ကြောင့် လိုလိုမယ်မယ် ယူလာသော ခါးကြားမှ ဒါးမြောင်ကို မကြာမကြာ အားကိုး အားထား အဖြစ်နှင့် စမ်းသပ် မိတော့၏။

ဦးညိုတုတ်လည်း စကြာလည်သလို လည်နေသော စကောထဲမှ ခေါင်းခွံများကို စက်ဆုပ်ဘွယ် ကောင်းသော မျက်နှာထားကြီးဖြင့် မနားမနေ မန်းမှုတ်၍ နေလေရာ ခေါင်းခွံအမျိုးမျိုးထဲမှ မီးစိမ်း၊ မီးနီ၊ မီးဝါ တွေလည်း ဖြာကနဲ၊ ဖြာကနဲ၊ အဆက်မပြတ် တောက်လောင်နေလေ၏။ တဲကလေး ပတ်ဝန်းကျင် တဝိုက်ကား၊ ၄င်းမီးရောင်များကြောင့် အလင်းရောင်အတန်ငယ်ရလျက်ရှိ၏။ ထွန်း မောင်လည်း မနီးမဝေးမှ ထိုင်ကာ ဦးညိုတုတ်လုပ်သမျှကို ကြည့်ရင်း မြို့ပေါ်မှ ညအခါ မြင်ရသော မီးရောင်များ အကြောင်း ကို စဉ်းစားလျက်ရှိ၏။

ဆက်ရန်
.

No comments: