(၅၄)
စတင်းဒတ်ဘဏ်၏ ဖော့စဘတ်နယ်မြေ ဘဏ်ခွဲသည် ဗဟိုရန်းရွှေတွင်းနယ်မြေမှ ငွေကြေးကိစ္စအ၀၀ကို ကိုင်တွယ် ဆောင်ရွက်ပေးရသည်။ လူမည်း ရွှေတွင်းတူးသမား ထောင်ပေါင်းများစွာ၏ လုပ်ခကို ဤဘဏ်ခွဲ မှပင် ထုတ်ပေးရသည်။ ထိုဘဏ်မှ အကြီးတန်း စာရင်းကိုင်သည် အိုဘီ လျှို့ဝှက်အဖွဲ့၏ အဖွဲ့ဝင် ဖြစ်သည်။
သူ့နာမည်က ၀ီလီယံဒီကော့။ မင်းဖရက်သည် ထိုလူနှင့်တွေ့ပြီး မိနစ်ပိုင်းအတွင်းမှာပင် ထိုသူသည် ကိုယ်လုံး ကိုယ်ထည် သေးသော်လည်း စိတ်ဓာတ်ခိုင်မာပုံရကြောင်း၊ သတ္တိရှိပုံရကြောင်းနှင့် အဖွဲ့အပေါ် သစ္စာပြင်းပြပုံ ရကြောင်းများ သိမြင်လာသည်။
" ကြာသပတေးနေ့ညနေ ၆ နာရီနဲ့ ၆ နာရီကြားမှာ ငွေတွေရောက်လာလေ့ရှိတယ်၊ ငွေတွေကို သံချပ်ကာ ကား နဲ့ တင်ယူလာပြီး ရဲက မော်တော်ဆိုင်ကယ်နဲ့ လိုက်စောင့်ပေးတယ်၊ အဲဒီအချိန်မှာတော့ လုပ်လို့မဖြစ် နိုင်ဘူး၊ ပစ်ခတ်ခံရမှာ သေချာတယ်" ဒီကော့က ပြောသည်။
" ကျွန်တော် သဘောပေါက်ပါတယ်၊ ငွေက ဘယ်လောက်များများ ယူလာလေ့ရှိလဲ " မင်းဖရက်က ပြန် မေးလိုက်သည်။
" ပေါင်း ငါးသောင်းနဲ့ ခုနစ်သောင်းကြားရှိတယ်၊ လတိုင်းရဲ့ နောက်ဆုံး ကြာသပတေးနေ့ ဆိုရင်တော့ ရွှေ တွင်းအလုပ်သမားတွေအတွက် လစာပါယူလာတော့ ပေါင်း တစ်သိန်းနီးပါး ရှိတယ်၊ ဒီမှာ ပုံမှန် ၀င်ထွက် နေ တဲ့ ငွေက ပေါင်းနှစ်သောင်းခွဲလောက်ရှိသေးတယ် "
သူတို့ နှစ်ယောက်သည် " စရောင်းဒီ" ရွှေတွင်းမှ အရာရှိ တစ်ဦး၏အိမ်တွင် တွေ့ဆုံကြခြင်းဖြစ်သည်။ ထို အရာရှိ ကပင် ထိုဒေသအတွက် ပမာခံတပ်သားများကို စုဆောင်းခဲ့ခြင်းဖြစ်သည်။ သူ့နာမည်က လိုရင်း ဖြစ် သည်။ လူပုံက၀ပြီး မျက်နှာက နီရဲနေရာ ဇိုးသမားတစ်ယောက်မှန်းသိသာသည်။ ထိုသူသည် စိတ်ချ ယုံကြည် ရသည့်အသွင် ရှိသော်လည်း ဒဏ်ခံနိုင်မည့် ပုံစံမပေါ်ပေ။
" ကျေးဇူးပဲ၊ ဒီတော့ ဆက်ပါဦး "
" ဘဏ်မန်နေဂျာ မစ္စတာကက်ရိုက်က ဘဏ်နောက်ဖေးဘက် တံခါးကို ဖွင့်ပေးပြီး ငွေတွေကို အထဲသွင်း တယ်၊ အဲဒီအချိန်က ညနေဘက် ဘဏ်ပိတ်ချိန်ရောက်နေပြီ၊ မစ္စတာကက် ရိုက်ရယ် ကျွန်တော်ရယ် အကြီးတန်း ငွေရေတွက်တဲ့ စာရေးနှစ်ယောက်က ငွေတွေကို ရေတွက်ယူပြီး လက်ခံရကြောင်း ပြေစာရေး ပေးရတယ်၊ ပြီးတော့ ငွေတွေကို ငွေသိမ်းတဲ့သေတ္တာကြီးထဲထည့်ပြီး သော့ခတ်ရတယ်၊ သော့နှစ်ချောင်း ခတ်ရတယ်၊ တစ်ချောင်းကကျွန်တော် သိမ်းရတယ်၊ တစ်ချောင်းက မစ္စတာကက်ရိုက်သိမ်းတယ်"
" ရဲအစောင့် ပြန်သွားပြီးတော့ ငွေသေတ္တာကြီး မပိတ်ခင် အချိန်ဟာ အသင့်တော်ဆုံးအချိန် ဖြစ်မယ်ထင် တယ်" မင်းဖရက်က ချိန်ဆပြောလိုက်သည်။
" ဖြစ်နိုင်ကောင်းတဲ့အချိန်ပဲ၊ ဒါပေမယ့် အပြင်မှာ အဲဒီအချိန် နေမ၀င်သေးဘူး၊ အလင်းရောင်ရှိသေးတယ်၊ လမ်းပေါ် မှာလည်း လူအများကြီးရှိသေးတယ်၊ မစ္စတာကက်ရိုက်က ခေါင်းမာတဲ့လူ၊ အလွဲအချော် အမှား အယွင်း တွေ အများကြီး ဖြစ်သွားနိုင်တယ်၊ ကျွန်တော့်ကိုသာ ဦးဆောင်ဖို့တာဝန်ပေးမယ်ဆိုရင် ဘယ်လို စီစဉ်မယ် ဆိုတာ ပြောပြရမလား "
" ကျေးဇူးပါပဲ ... ခင်ဗျား အကူအညီအတွက် အများကြီးကျေးဇူးတင်ပါတယ် "
အစည်းအဝေးအပြီးတွင် ဖရီးမေဆင်ခန်းမမှ မစ္စတာကက်ရိုက်ထွက်လာသောအခါ ည ၁၀ နာရီရှိပြီဖြစ် သည်။ သူ၏ မောရစ်ကားကို ခန်းမနောက်ဘက်တွင် ရပ်ထားလေ့ရှိသည်။ ယနေ့ညနေတွင် ကားထဲ ၀င်ထိုင် လိုက်ပြီး မော်တော်ကားသော့ပေါက်ထဲသို့ သော့တံထိုးသွင်းလိုက်ချိန်တွင် သူ့ဇက်ပိုးသို့ အေးစက် မာကျော သောအရာဝတ္ထုနှစ်ခုက လာထောက်သည်။ တစ်ချိန်တည်းမှာပင် သူ့နောက်ဘက်မှ စကားသံ ပေါ်လာသည်။
" ခင်ဗျားကို ထောက်ထားသော ပစ္စတိုပဲ မစ္စတာကက်ရိုက်၊ ကျွန်တော်တို့ပြောသလိုမလုပ်ရင် ခင်ဗျား နောက်စေ့ ထဲ ကျည်ဆန်ဝင်သွားလိမ့်မယ်၊ ကျေးဇူးပြုပြီး ဘဏ်ကို မောင်းပေတော့"
အသက်ဘေး နှင့် နီးနေပြီဖြစ်၍ ကားနောက်ခန်းမှ လူနှစ်ယောက် ပြောသည့်အတိုင်း လုပ်ရတော့သည်။ ကားကို ဘဏ်ဆီ သို့ မောင်းသွားပြီး အနောက်ဘက် တခါးပေါက်အနားတွင် ရပ်လိုက်သည်။ လွန်ခဲ့သော လအနည်းငယ် အတွင်း ဘဏ်ဓားပြတိုက်မှုများ တစ်ခုပြီးတစ်ခု ဖြစ်ပွားခဲ့သည်။ ၀စ်ဝါတာစထရင်း ပြည်နယ် ၌ လေးကြိမ်ထက်မနည်းဖြစ်ခဲ့သည်။ တစ်ကြိမ်တွင် ဘဏ်အစောင့်တစ်ယောက် ပစ်သတ် ခံခဲ့ရသည်။
ကက်ရိုက် ကားပေါ်က ဆင်းလိုက်သည်နှင့် တစ်ပြိုင်နက် နောက်ခန်းမှ လူနှစ်ယောက်က သူ့ဘေးနှစ်ဘက် မှ ညှပ်ကာ ဘဏ်နောက်ဖေးတံခါးဝသို့ ခေါ်သွားသည်။ တစ်ယောက်က တံခါးရွက်ကို ပစ္စတိုဒင်ဖြင့် ခေါက် လိုက်သည်။ တံခါးချက်ချင်းပွင့်လာသဖြင့် ကက်ရိုက် အံ့အားသင့်သွားသည်။ သူ ဘဏ်ထဲရောက်သွားမှ ဘာကြောင့် တံခါးမြန်မြန်ပွင့်သွားမှန်း အဖြေပေါ်တော့သည်။ သူ၏ အကြီးတန်းစာရင်းကိုင် ၀ီလီယံဒီကော့ လည်း ဘဏ်ထဲရောက်နေသည်ကို တွေ့ရသည်။ ည၀တ် အင်္ကျီဘောင်းဘီတို့ဖြင့်တွေ့ရပြီး ဆံပင်လည်း ဖွာလန်ကြဲ နေသည်။ သူ့မျက်နှာတွင်လည်း စိုးရိမ်ကြောက်လန့်ပုံ ပေါ်နေသည်။ သူ့ကိုလည်း အိပ်ရာထဲမှ ဆွဲခေါ်လာသည် မှာ သိသာထင်ရှားသည်။
" ကျွန်တော့်ကို အတင်းအဓမ္မ ခေါ်လာကြတာပါ မစ္စတာကက်ရိုက်" သူက မန်နေဂျာကို လှမ်းပြောလိုက် သည်။
ကက်ရိုက် သည် အမျိုးသမီးနှစ်ယောက်ကို တွေ့လိုက်ရသောအခါ အမူအရာပြောင်းသွားသည်။ ဒီကော့၏ ဇနီး နှင့် မိမိတို့ ၏ ဇနီးဖြစ်နေသည်။
" ပီတာ ... အို ပီတာ ... သူတို့က ကျွန်မတို့ကို ဘာမှ မလုပ်ပါစေနဲ့နော်" သူ့ဇနီးက ကက်ရိုက်အားပြော လိုက်သည်။
ကက်ရိုက်က လူဆိုးများကို အကဲခတ်လိုက်သည်။ အားလုံးခြောက်ယောက်ဖြစ်သည်။ သူတို့အထဲမှ ခေါင်း ဆောင် ကို ကက်ရိုက်တစ်မုဟုတ်ချင်း ရွေးလိုက်နိုင်သည်။ အရပ်ရှည်ရှည်၊ ထောင်ထောင်မောင်းမောင်း လူတစ်ယောက် ဖြစ်ပြီး မျက်နှာဖုံးအောက်ဘက်မှ မုတ်ဆိတ်မွေး အမည်းများ ထွက်ပေါ်နေသည်။ အ၀ါရောင် မျက်လုံးအစုံက ကြောက်စရာကောင်းပြီး အကြင်နာတရားကင်းမဲ့ပုံကို ပြနေသည်။ ကက်ရိုက် ကျောချမ်း သွား သည်။
" ငွေသေတ္တာကြီးဖွင့်လိုက် "
ထိုသူက ပြောလာသည်။ သူ့အင်္ဂလိပ်စကားသံက ခပ်လေးလေးဖြစ်သည်။
" ငါ့မှာ သော့မရှိဘူး "
ကက်ရိုက်က ဖြေလိုက်သည်။ ထိုသူက သူ့ဇနီးမေရီကို လက်ကောက်ဝတ်မှ လှမ်းဆွဲလိုက်ပြီး ဒူးထောက် ထိုင်ချ ခိုင်းလိုက်သည်။ မေရီနားထင်ကို သူ့လက်ထဲက ပစ္စတိုနှင့် ချိန်ထားလိုက်သည်။
" ကျွန်တော့် မိန်းမ က ကိုယ်ဝန်ကြီးနဲ့ဗျ " ကက်ရိုက်က ပြောလိုက်သည်။
" သူ့ကို ဒုက္ခမရောက်စေချင်ရင် ခင်ဗျား ကျွန်တော် ပြောသလိုလုပ်ပေါ့ "
" ဖွင့်ပေးလိုက်ပါပီတာ၊ သူတို့ယူကြပါစေ၊ ဒါ ကျွန်မတို့ ပိုက်ဆံမှမဟုတ်ဘဲ၊ ဒါ ဘဏ်ပဲ၊ သူတို့ကို ပေးလိုက်ပါ " မေရီက ကြောက်လန့်တကြား အော်ပြောသည်။ ကြောက်လွန်း၍ ကြောက်သေးများပင် ဖျန်းဖျန်း ပါတော့ သည်။
ကက်ရိုက် ငွေသေတ္တာကြီးဆီသို့ လျှောက်သွားသည်။ အိတ်ဆောင် နာရီနှင့်ကြိုးကို ဆွဲထုတ်လိုက်သည်။ ကြိုး တစ်ဘက်တွင် သော့က တန်းလန်းပါလာသည်။ ဒေါသ ဖြစ်နေသော်လည်း မတတ်နိုင်တော့၍ ဖွင့်လိုက် ရသည်။ သူဖွင့်ပြီးသောအခါ ဒီကော့က ကျန်သော့တစ်ချောင်းဖြင့် ဆက်ဖွင့်လိုက်သည်။
တံခါးကို ဆွဲဖွင့်လိုက်သည်။ သူ့ အလုပ်စားပွဲသို့ ကက်ရိုက်မသိမသာ လှမ်းကြည့်လိုက်သည်။ ညဘက် အပေါ်ဆုံး အံဆွဲ တွင် သူ့ပစ္စတိုကို ထည့်ထားသည်။ ပွိုင့် ၄၅ ၀က်ဘလေအမျိုးအစားဖြစ်သည်။ ကျည်တစ်ကတ် အမြဲထိုးထားသည်။
" ပိုက်ဆံတွေ ထုပ်ပြီးသယ်ကြဟေ့ "
ကြောင်မျက်လုံး နှင့် ခေါင်းဆောင်က အမိန့်ပေးလိုက်သည်။ လူဆိုးသုံးယောက်က ပတ္တူအိတ်ကြီးများ ကိုယူ ပြီး ငွေသေတ္တာဆီသို့သွားသည်။
" ကျွန်တော့် မိန်းမကို ပြုစုပါရစေဗျာ "
ကက်ရိုက်က ပြောလိုက်သည်။ ကက်ရိုက်က သူ့မိန်းမဆီ သွားပြီး တွဲထူလိုက်သည်။ ထို့နောက် ကုလားထိုင် သို့ ခေါ်လာပြီး ထိုင်ခိုင်းထားသည်။ သူ့လှုပ်ရှားမှုကို မည်သူကမှ မဟန့်တားပေ။ မိန်းမကို ကုလားထိုင် ပေါ်၌ ထိုင်စေကာ အားပေးနှစ်သိမ့်ရင်း အံဆွဲကို ဆွဲဖွင့်လိုက်သည်။ ပစ္စတိုကို ဖျတ်ခနဲ မသိမသာ လှမ်းယူပြီး ကုတ်အင်္ကျီအိတ်ထဲထည့်လိုက်သည်။
ထို့နောက် မိန်းမကို ကုလားထိုင်ပေါ်တွင် ထားခဲ့ပြီး ဒီကော့ရှိသော နံရံဘက်သို့ လျှောက်သွားသည်။ အမျိုး သမီး နှစ်ယောက်စလုံး သည် သူပစ်မည့် ကျည်လမ်းကြောင်းနှင့် လွတ်သွားသည်။ သို့သော်လည်း လူဆိုး သုံး ယောက် ငွေအိတ်ကို မပြီး ယူလာသည်အထိ စောင့်နေလိုက်သေးသည်။
လူအားလုံး၏ အာရုံက ငွေအိတ်ကြီးဆီသို့ ရောက်သွားချိန် တွင် ကက်ရိုက်က ပစ္စတိုကိုထုတ်ပြီး ပစ်ခတ် တော့သည်။ မင်းဖရက် ၏ လျူဂါသေနတ်ကျည်ဆန်က သူ့ကိုယ်ခန္ဓာထဲဝင်လာကာ တစ်ကိုယ်လုံး နံရံသို့ မြောက်တက် ဆောင့် သွားချိန်အထိ သူဆက်ပစ်ခတ်သည်။ သူလည်း တစ်မုဟုတ်ချင်း --- ဆုံးသွားသည်။ သွေးများ အိုင်ထွန်းသွားတော့သည်။
ရန်းဘဏ်၌ပစ်ခတ်မှုဖြစ်ပွား
နှစ်ဦးသေဆုံး
ဘဏ်ဓားပြမှုအိုဘီအဖွဲ့နှင့်ဆက်နေ
ထိုသတင်းခေါင်းစဉ်မှ အိုဘီ အဖွဲ့ဟူသော စကားလုံးက ဆာရာ့အာရုံကို ဆွဲငင်လိုက်သည်။ ဆာရာသည် ကလေးများအတွက် သကြားလုံးဝယ်ယူပြီးနောက် သတင်းစာကိုပါ ၀ယ်လိုက်သည်။
ထို့နောက် လမ်းကိုဖြတ်ကူးပြီး ပန်းခြံထဲသို့ သွားသည်။ ကလေးအကြီးနှစ်ယောက်ကို မြက်ခင်းပေါ်သို့ ဆော့ကစား စေပြီး အငယ်ကို လက်တွန်းလှည်းထဲတွင်ပင်ထားကာ ခုံတန်းရှည်၌ သူမကထိုင်ပြီး သတင်းစာ မျက်နှာဖုံးမှ ဘဏ်ဓားပြတိုက်မှုသတင်းကို ဖတ်သည်။
" ယမန်နေ့ညက ဘဏ်ကို ၀င်စီးပြီး ဓားပြတိုက်ရန် ---- လူဆိုးများအား ဘဏ်မန်နေဂျာမစ္စတာ --ကက်ရိုက်က ဟန့်တားရန် ကြိုးပမ်းရာတွင် လူဆိုး-- သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဘဏ်မန်နေဂျာ --- ဆုံးသွားသည်။ ဓားပြတစ်ဦးလည်း သေနတ်မှန် သေဆုံးသွားပြီး၊ နောက်တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရသွား သဖြင့် ရဲက ဖမ်းဆီးမိသွားသည်။
" ကျန် ဓားပြလေးဦးသည် ငွေပေါင်တစ်သိန်းကျော်ယူပြီး ထွက်ပြေးလွတ်မြောက်သွားသည်ဟု သိရသည် ကို ထိုဘဏ်ဓားပြမှုတွင် အော်ဆီဝါဘရန်းဝစ်အဖွဲ့ပါဝင် ပတ်သက်နေကြောင်းကို ဒဏ်ရာရသွားသူ လူဆိုး အား ပမာဏမမြန်းစစ်ဆေးချက်အရ သိရှိရသည်ဟု ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော် ပြောကြားသည်။ အိုဘီအဖွဲ့၏ အဖျက်လုပ်ငန်းများကို စုံစမ်းစစ်ဆေးရန် အမိန့်ပေးလိုက်ပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီး ဘလိန်းမယ်လကွန်က ကိပ်တောင်းမြို့ပါလီမန်တွင် ကြေညာသည်။ အိုဘီအဖွဲ့ နှင့် ပတ်သက်၍ သတင်းပေးလိုသော လုပ်သားပြည်သူများသည် အနီးဆုံး ရဲစခန်းများ၊ သို့မဟုတ် ကိပ်တောင်းမြို့ တယ်လီ ဖုန်းနံပါတ် ၄၂၄၄၄ သို့ဖြစ်စေ၊ ဂျိုဟန်နက်စဘတ်မြို့ တယ်လီဖုန်း နံပါတ် ၇၈၁၁၄ သို့ဖြစ်စေ ဆက်သွယ် သတင်းပေးပို့ချက်မှန်သမျှကို အထူးလျှို့ဝှက်ထားမည်ဟု ၀န်ကြီးက အာမခံချက် ပေးထားသည်။
ဆာရာသည် ပန်းခြံထဲ၌ တစ်နာရီထိုးပါးထိုင်ကာ ဆုံးဖြတ်ချက် တစ်ရပ်ချနိုင်ရန် စဉ်းစားနေသည်။ မိသားစု အပေါ် သစ္စာရှိရေး နှင့် မိမိတို့ မျိုးတူလူများအပေါ် မျိုးချစ်စိတ်ထားရေး တာဝန်တို့အကြားတွင် ချီတုံ ချတုံဖြစ် ကာ ဓွန်တွဲ လွန်ဆွဲနေသည်။
သူမစိတ်ထဲတွင် ရှုပ်ထွေးေ၀၀ါးနေသည်။ လွတ်လပ်မှုနှင့် တရားမျှတမှုအတွက်ဟု အမည်ခံ အကြောင်းပြကာ မီးရထားကို ဖောက်ခွဲခြင်း၊ ဘဏ်ဓားပြတိုက်ခြင်းနှင့် အပြစ်မဲ့သူတို့အား သတ်ဖြတ်ခြင်း သည် မှန်ကန်ပါသလော၊ မိမိခင်ပွန်းနှင့် ကလေးများ ဒုက္ခမရောက်အောင် ကြိုးပမ်းခြင်းသည် သစ္စာဖောက် ဖြစ်နိုင်ပါမည်လော။ တစ်နိုင်ငံလုံး ပြည်တွင်းစစ် ချောက်ထဲထိုးကျသွားလျှင် ပရမ်းပတာ ကသောင်းကနင်း များ ဖြစ်ကုန်မည်ကို သူမ တွေးမိလာသည်။ ဆာရာ သတင်းစာကို ထပ်မံကြည့်ပြီး တယ်လီဖုန်းနံပါတ်များကို အလွတ်ကျက်မှတ်ထားလိုက်သည်။
ဆာရာ ထိုင်ရာမှ ထလိုက်သည်။ ကလေးအကြီးတစ်ယောက်ကို ခေါ်ကာ လှည်းထဲထည့်ပြီး ပန်းခြံထဲမှ တွန်းထွက် လာသည်။ စာတိုက်ဘက်သို့ သူမထွက်လာရာ စာတိုက်ဗိုလ် မစ္စတာအိုဘာဟိုစတာက သူ့ရုံးခန်း ပြတင်းပေါက်မှ သူမအား လှမ်းကြည့်နေသည်ကို သတိထားမိသည်။ စာတိုက်ဗိုလ်သည် အိုဘီ အဖွဲ့ဝင် တစ်ဦးဖြစ်ကြောင်း သူမသိနေသည်။ အိုဘီယူနီဖောင်းဖြင့် သူတို့ အိမ်သို့လာကာ သူ့ခင်ပွန်းအား အစည်း အဝေးတက်ရန်လာခေါ်ဖူးသည်ကို မှတ်မိနေသည်။
ဆာရာ တစ်ခုသတိရလာသည်။ တယ်လီဖုန်း ဆက်သွယ်မှု မှန်သမျှသည် စာတိုက်အိတ်ချိန်းမှသွားရ သည်။ မိမိတယ်လီဖုန်း ဆက်လျှင် အိုဘာဟိုစတာ ကြားကောင်းကြားသွားနိုင်သည်။ သို့မဟုတ် အော်ပရေတာက မိမိအသံကို မှတ်မိသွားနိုင်သည်။ ထို့ကြောင့် မူလအစီအစဉ်ကိုဖျက်ပြီး စာတိုက်သို့ မ၀င်တော့ဘဲ အသားဆိုင်သို့ တန်းသွားကာ ၀က်သားငါးဆယ်သား ၀ယ်လိုက်သည်။ ၀က်သားကြိုက်သော လင်တော်မောင် အား ညစာ ကောင်းကောင်းချက်ကျွေးရန် အိမ်သို့ပြန်တော့သည်။
သူမ မီးဖိုထဲဝင်သွားချိန်တွင် စတင်ဒါ၏ စာကြည့်ခန်းထဲမှ အမျိုးသားများ အသံကို ကြားရသည်။ စတင်ဒါ ယနေ့ တက္ကသိုလ်မှ စောစောပြန်ရောက်နေသည်။ မင်းဖရက်အသံကို ကြားလိုက်ရသောအခါ သူမအဖို့ သွေးခုန်နှုန်းမြန်သွားရသည်။ မင်းဖရက်က မိမိအပေါ်တွင် သက်ရောက်မှု ရှိနေသေး၍ မိမိအဖို့ အပြစ် ကျူးမိသလို၊ သစ္စာမဲ့သလို ခံစားလိုက်သည်။ မင်းဖရက် ဤအိမ်မရောက်လာသည်မှာ သုံးပတ်ရှိပြီ။
ဆာရာသည် ခင်ပွန်းနှင့် ကလေးများအတွက် ထမင်းစားခန်းစားပွဲပေါ်တွင် ညစာပြင်နေသည်။ အိမ်ရှေ့ခန်း မှ အမျိုးသားများ၏ အသံက သူမဆီသို့ ရောက်လာနေသည်။ " ကျွန်တော ဂျိုဟန်နက်စဘက်မြို့မှာ ရှိတုန်းက ... " ဟူသော မင်းဖရက်အသံကို သူမကြားလိုက်ရသည်။ ဘဏ်ဓားပြ တိုက်မှု နှင့် မင်းဖရက်ဂျိုဟန် နက်စဘတ် ရောက်နေချိန်တို့ကို ဆက်စပ်တိုက်ဆိုင် ကြည့်လိုက်သည်။
သေဆုံးသွားသူ နှစ်ယောက်ကို ဆာရာ တွေးလိုက်မိသည်။ မန်နေဂျာဇနီးတွင် ကိုယ်ဝန်ရှိနေပြီး ကလေးငယ် နှစ်ယောက်လည်း ရှိနေသေးကြောင်း သတင်းစာထဲ၌ သူမဖတ်လိုက်ရသည်။ ဘဏ်မန်နေဂျာ ဇနီး မည်သို့ခံစားရမည်ကို ကိုယ်ချင်းစာပြီး သနားလိုက်မိသည်။
" ဒီကိစ္စတွေ ဘယ်တော့မှ အဆုံးသတ်မှာလဲ၊ သူတို့လုပ်ငန်းတွေရပ်စေချင်လှပါပြီ၊ ငါတို့မိသားစုချည်း ထားခဲ့ပြီး မာနီအဝေး ကို ပြန်သွားစေချင်လှပါပြီ"
ဆာရာ တစ်ကိုယ်တည်းပြောနေမိသည်။ တကယ်တော့ သူမ ဆန္ဒသည် မျှော်လင့်ချက်မဲ့ဖြစ်နေပါသည်။
ဆက်ရန်
.
No comments:
Post a Comment