(ဦးညိုတုတ်လည်း စကြာလည်သလို လည်နေသော စကောထဲမှ ခေါင်းခွံများကို စက်ဆုပ်ဘွယ် ကောင်းသော မျက်နှာထားကြီးဖြင့် မနားမနေ မန်းမှုတ်၍ နေလေရာ ခေါင်းခွံအမျိုးမျိုးထဲမှ မီးစိမ်း၊ မီးနီ၊ မီးဝါ တွေလည်း ဖြာကနဲ၊ ဖြာကနဲ၊ အဆက်မပြတ် တောက်လောင်နေလေ၏။ တဲကလေး ပတ်ဝန်းကျင် တဝိုက်ကား၊ ၄င်းမီးရောင်များကြောင့် အလင်းရောင်အတန်ငယ်ရလျက်ရှိ၏။ ထွန်း မောင်လည်း မနီးမဝေးမှ ထိုင်ကာ ဦးညိုတုတ်လုပ်သမျှကို ကြည့်ရင်း မြို့ပေါ်မှ ညအခါ မြင်ရသော မီးရောင်များ အကြောင်း ကို စဉ်းစားလျက်ရှိ၏။) ၏ အဆက်
''သြော် လက်စသတ်တော့ မီးရောင်ဟာ ဒီကိုယ်တော်ကြီးရဲ့ အတတ်ဘဲကိုး''
ဟု တိုးတိုး ရေရွတ်ဆိုမိပြီးလျှင်၊ ဤမီးရောင်တို့မှာ ဦးညိုတုတ် အလုပ်လုပ်သောအခါတိုင်း ဖြစ်ပေါ် လာသည် ဟုလည်း ဆင်ခြင်မိလေ၏။
သို့နှင့်အချိန်ကား တစ တစ ကုန်ခဲ့လေ၏။ ဦးညိုတုတ်လည်း မန်းမှုတ်ခြင်းအလုပ်ကို ကြေနပ်သော မျက်နှာဖြင့်ရပ်စဲကာ၊ ထိုင်ရာမှထပြီး ထွန်းမောင်အနီး သို့ လာခဲ့လေ၏။
''ကဲ မောင်ထွန်းမောင် မင်းသတ္တိ အတော်ရှိပုံရတယ်၊ ငါ့တပည့်တွေကို ကြည့်မလား''
ဟု ပြုံးတုံးတုံး မျက်နှာထားကြီးနှင့် မေးလေ၏။ ထွန်းမောင်မှာ 'မကြည့်ဝံ့ပါဘူး' ဟု မဆိုချင်သော ကြောင့်
''ရိုးရိုးပြရင်တော့ ကြည့်ချင်ပါရဲ့ ဆရာ၊ ချောက်လှန့်နေရင်တော့ ကျွန်တော်လဲ ဒေါသခပ်ကြီးကြီး ရယ်''
''ဟား ဟား နာနာဘာဝကို ဒေါသကြီးနေလို့ အလကားပေါ့ကွဲ့၊ ကဲလေ ရိုးရိုးဘဲပြတာပေါ့ မချောက် မလှန့် စေရပါဘူး''
ဟုဆိုကာ တဘန်တဘက်သို့ မျက်နှာမူလျက်
''ကဲဟေ့ ငနီတို့ ငနက်တို့ ငနွားတို့ လာကြ ငါအနားရပ်နေကြစမ်း၊ ဟာဒီက ငါ့တပည့်ကလေးကို မင်းတို့ ပုံပြလိုက်စမ်း''
ဟုပြောလိုက်ရာ ထွန်းမောင်၏ မျက်စေ့တွင် ကြီးမားထွားကြိုင်းလျက် ဆင်ရေတမျှ ကြမ်းထူလှ သော ကိုယ်ကြီး တွေနှင့် စီကာ ရပ်နေကြသည့် သူရဲနီ၊ သရဲနက်၊ သူရဲ့ငနွား ချိုနှစ်ဘက်ပေါက် သော သူရဲ များကို ပြတ်သားစွာ မြင်ရလေ၏။ ထွန်းမောင်မှာ ရွံ့ကြောက်ကြီးဖြစ်ရာမှ က္ကနြေ္ဒရရ ဟန်မပျက် ကြည့် နေရတော့၏။
''ကဲ ကဲ မင်းတို့ သံတိုင်နဲ့ အတူလိုက်သွား ကူညီစရာရှိရင် ကူညီခဲ့''
ဟု ဆိုသည်တွင် သူရဲသုံးကောင်ဖျက်ခနဲ ပျောက်ကွယ်သွားလေ၏။ ဦးညိုတုတ်လည်း သံတိုင် ကို ခေါ်ပြန်၏။ သူရဲသံတိုင်မှာ ယခင်သူရဲ သုံးကောင်ထက် ရက်စက်ကြမ်းကြုတ်ပုံရ၏။ ထက်မြတ် ပုံလည်း ရ၏။ အလုံးအထယ်လည်း ကြီး၏။ ထူထဲကြမ်းတမ်းသော အရည်ပေါ်တွင် ငေါငေါထောင် ၍ နေသော အမွှေးများမှာ ချွန်မြသော အပ်ကြီးများကို စိုက်ထားဘိအလား အရောင်တလက်လက် ရှိတော့၏။ ခေါင်း မှာလည်း အပ်သွားကြီးတွေကဲ့သို့ အချွန်အတက်ထောင်သော အမွေးများအ လည်တွင် တွတ်တွတ် နီရဲသော အသားပို အမောက်ကြီးတခုပါလျက် မျက်နှာကြီးမှာ အဿမုခိခေါ် မြင်းခေါင်းသဏ္ဍာန်လို၊ နှုတ်သီးကြီး မှာ စူငေါငေါ နှင့် လွှသွားကဲ့သို့ အစွယ်များနှင့် တကွသော သွား ကြီးများအပြင် ပြူးကျယ် သော မျက်လုံးကြီးမှာ လေးဒေါင့်ဝိုင်းကြီးဖြစ်၍ အစိမ်းနုရောင်တွင် ရဲရဲ တောက်မျက်ဆံကလေးမှာ ကြာကြာ မကြည့်နိုင် စူးရှလှလေ၏။
ထွန်းမောင်ကား သံတိုင်ကို ကြာ ကြာမကြည့်ရဲတော့သလောက် ဖြစ်လာ၏။ ကြောက်စိတ် လုံးလုံးရှိသည် မဟုတ်သော်လည်း မြင်ရ ချက်ဆိုးဝါး၍ အဆင်မပြေလှသော သတ္တဝါကို ကြာကြာကြည့်မြင်လို စိတ် မရှိဖြစ်မိ၏။ ဦးညိုတုတ် သည် သံတိုင်အားခန့်ညား အောင်မြင်သော အသံကြီးနှင့် မလှရီအိမ်ကို လမ်းညွှန် ကာ မလှရီကို လိပ်ပြာရော လူပါခေါ်လာရန် အမိန့်တော်ပြန်လေ၏။ သံတိုင်လည်း ခေါင်းညွှတ်ခါ ဝန်ခံ လေ၏။ ဦးညိုတုတ်က
''ကဲ သွားတော့ မလှရီ ရေကြည်တပေါက် မစင်ရအောင် ငါထံအရောက်ဆောင်ကြဉ်းခဲ့ရမယ်၊ ငနီတို့ တစ်စု ကိုလဲ မင်းနဲ့ အတူခေါ်သွား၊ ငါ့လူနှစ်ယောက်ကလဲ နောက်နားက လိုက်ပြီး စောင့်ရှောက် လိမ့်မယ်၊ ကဲ သွားတော့''
ဟု နောက်ထပ်ပြောလိုက်ပြီးနောက် သံတိုင်လည်း ပျောက်သွားလေ၏။
အချိန်ညဥ့်နက်လာလေပြီ၊ ထွန်းမောင်သည် မိမိလက်ပတ်နာရီကို လက်နှိပ်ဓါတ်မီးရောင်နှင့် ထိုး ကြည့်ရာ၊ ဆယ့်နှစ်နာရီခွဲ နေသည်ကို တွေ့ရလေ၏။ ဦးညိုတုတ်နှင့် ထွန်းမောင်တို့လည်း တဲအိုရှေ့ မှောင်ထဲသို့ စူးစိုက် ကြည့်ကာ မလှရီကို မျှော်စောင့်လျက်ရှိလေ၏။ ထွန်းမောင်စိတ်ထဲတွင်ကား မလှရီလာလျှင် ဤ တောင်ပေါ်တွင် နေသင့် မနေသင့် စဉ်းစားလျှက်ရှိရာ၊ နာနာဘာဝသူရဲ သစ္ဆေ တွေကြား၌ မလှရီကို မထား လိုသောစိတ်များကြောင့် ဆရာဦးညိုတုတ်ကို တော်အောင်ကြည့် ပြောကာ တော်သင့်ရာသို့ ခေါ်သွားမည် ဟု စိတ်ပိုင်းဖြတ်ထားလေ၏။
''ဟေ့ အိပ်ချင်ပြီလားကွဲ့''
''ဟာ ဘာ အိပ်ချင်မလဲဆရာ ဇောနဲ့ဘဲ''
''လာလု ပါပြီကွဲ့၊ ဟော ဟော ပြောရင်းဆိုရင်း၊ မှောင်ထဲက တလှုပ်လှုပ်ဟာဘာလဲ''
ထွန်းမောင်သည် ဆရာဦးညိုတုတ်ပြရာဆီသို့ လက်နှိပ်ဓါတ်မီးနှင့် ထိုးကြည့်လိုက်ရာ ကြောက်မက် ဘွယ် အဆင်းသဏ္ဍာန် ရှိသော သူရဲသံတိုင်သည် သတိအလျဉ်းမရ အိပ်မွေ့ချခံရသူကဲ့သို့ ဖြစ်နေ သော မလှရီ ကလေးအား လက်ယပ်ခါ၊ ယပ်ခါဖြင့် ဆွဲညို့ခေါ်ဆောင်လာနေသည်ကို တွေ့ရလျက် မလှရီ၏ နောက်နား မှာမူ ဘိုးဗျော့နှင့် ငတေကြီးတို့ ငြိမ်သက်စွာ လိုက်ပါလာသည်ကို တွေ့ရလေ၏။
လက်နှိပ်ဓါတ်မီးရောင် မှာ အလျားလိုက် ထိုးကြည့်သဖြင့် ရှေ့ဆက်နောက်ဆက် လာနေကြသော အချင်းအရာစု ကို အလုံးစုံမြင်ရပြီးလျှင် စိတ်ညို့ခံရသူပမာ မျက်စိစုံမှိတ်ခါ ဆံပင်ဖားလျားနှင့် ကဘိုကရို လိုက်ပါ လာရှာသော မလှရီကလေးမှာ နဂိုကလှရာတွင် ယဉ်စစသနားစရာအသွင် ကလေး ဆောင်နေရှာ တော့၏။
အစက သာမညသာဟု ထင်ခဲ့သော ဦးညိုတုတ်မှာ သူရဲသံတိုင်နောက်မှ သတိကင်းစွာ လိုက်ပါ လာ ရှာသော မလှရီကိုမြင်လိုကိရသည့်တခဏ၌ မိမိစိတ်အာရုံကို ပြင်းပြတုန်လှုပ်ချောက်ချား စေတော့၏။ မူလကပင် မကောင်းမှုကို အားမနာတန်း ပြုခဲ့သော သူယုတ်မာကြီး တစ်ဦးဖြစ်သည့် အားလျော်စွာ ထိုမြို့ ကလေးတွင် မိမိတွေ့မြင် ဆက်ဆံရဘူးသော မိန်းမပျိုကလေးများ ထက် အဆပေါင်းများစွာ သာနေသူ မလှရီ ကလေးကို အတွေ့နောက်ကျလေခြင်းဟု စိတ်တွင်းက ညည်း ညူလိုက်မိပြီးလျှင် အနီးတွင် ဇောထက်သန်စွာ နှင့် မျှော်လင့်နေရှာသော ထွန်းမောင်ကိုပင် သတိမရဘဲ လောဘကြောဆွဲ၍ နေတော့ ၏။
''ဆရာ ဆရာ မလှရီ ပါလာပြီဆရာ ၊ဟန်ကြလာဘဲ ဆရာ့ကျေးဇူးကြီးပါပေတယ်၊ ကျွန်တော်ဘယ် လို နည်း နဲ့ မှ ခေါ်လို့မရတာ ဆရာ့အစွမ်းကြောင့် အလွယ်တကူ ပါလာတာပဲဆရာရယ်''
ဟု ထွန်းမောင်က အားရ၀မ်းသာပြောလိုက်မှာ ဦးညိုတုတ်သတိရပြီး စာမာန်ယစ်သော ခွေးကြီးအ လား၊ ထွန်းမောင် ကို မျက်နှာထားကြီးနှင့် စိုက်ကြည့်လေတော့၏။ ထွန်းမောင်မှာ ရုတ်တရက်မူ ပြောင်း လာသော ဆရာကြီးကို အံ့သြဝမ်းနည်းစွာ ကြည့်လျက်
''ဆရာ''
ဟု တုန်လှုပ်သောအသံနှင့် ခေါ်လိုက်မိမှ ဦးညိုတုတ်တွင် သတိရပြီး မိမိမျက်နှာထားကြီးကို အနိုင် နိုင် ပြင် လိုက်ခါ ''ဟေ့ မင်းငြိမ်ငြိမ်နေ ဟိုက ၀ိဥာဉ်လိပ်ပြာတခြား၊ လူတခြားလာနေရတာ သွားခေါ်လိုက်မယ်၊ ထိလိုက်၊ ကိုင်လိုက်မယ်ဆိုရင် လိပ်ပြာဟာလန့်ပြီး ပြန်မဝင်တော့ဘူး အဲဒီလို လိပ်ပြာပြန်မဝင်ရင် သေရော၊ မင်း ငါ့အမိန့်မရဘဲ ဘာမှမပြောနဲ့ ဒီနေရာကလဲ မရွှေ့နဲ့ ငါ့စကား နားမထောင်ရင် မင်း ရည်းစား သေလိမ့်မယ်'' ဟု ခပ်တည်တည် အသံကြီး၊နှင့်ပြောရင်း မျက်လုံးများမှာ လှရီထံမှ မခွာဘဲ စိုက်ကြည့် နေလေ၍ ထွန်းမောင်ကား မလှုပ်ဝံ့တော့ပြီ၊ ဦးညိုတုတ်စကားကို အထူးယုံစား၍ မိမိ မတော်တဆ မှားယွင်း သွားပါက မလှရီကလေး အသက်ဆုံးရမည်ကို မခံနိုင်ရှာသောကြောင့် အရုပ်ပမာ မလှုပ်ဝံ့ ဘဲ ငြိမ် နေရရှာတော့၏။
သို့နှင့် တဖြည်းဖြည်းလာနေသော မလှရီမှာ တဲအိုနှင့်နီးသည်ထက် နီးလာလေ၏။ ဦးညိုတုတ် မျက်လုံး များလည်း သားကောင်ကို မြင်သော ကျားရိုင်းကြီးအလား အရောင်များဝင်းဝင်းတောက် လျှက်ရှိတော့၏။ ထွန်းမောင် ကိုကြည့်လိုက်သောအခါလည်း မိမိဖြီးလုံးတွင် မိနေကြောင်းသိ၍ အား တက်ခါ...
"ဟေ့- မောင် ဆရာပြောတာ သတိထား၊ သူငယ်မ ကို မင်း ဘာမှသွားမပြောနဲ့ သတိမရှိဘူး၊ ပြီးတော့ ဆရာ့ ကိုယ်တိုင် သူ့လိပ်ပြာကိုပြန်သွင်းပေးရမယ်၊ လိပ်ပြာသွင်းပြီးမှ မင်းရည်းစား မင်းခေါ် ပေတော့ နားလည် လား၊ အဲ- အခု ဆရာ သူ့ကို ဟောဒီနောက်ကအခန်းထဲသွင်းပြီး၊ (၃)ရက်လုံးလုံး လိပ်ပြာ သွင်းရမယ်၊ မင်းအပြင်ကစောင့်နေ"
ဟုပြောရာ ထွန်းမောင်မှာ ဘာမှမပြောသာ၊ ဒါရိုက်တာစီစဉ်သ၍ဖြစ်နေရှာ၏။ အစက လိပ်ပြာသွင်း ဘို့ အကြောင်း များ မိမိမသိ၊ ဆရာကလည်းမပြော၊ မလှရီကလေးပါလာလျှင် ပါလာခြင်း အတူတွဲ၍ အချစ်ပွဲ ခံမည်သာဟု ကြိမ်းသေပေါက်တွက်ထားမိရာတွင် ယခုကဲ့သို့ အရေးထည်းရောက်မှ ဆရာ့ အကန့်အကွက် ခံရသဖြင့် ရင်ထဲတွင် ဒိတ်ခနဲဖြစ်ရရှာ၏။ သို့သော် ဤအရေးကား ချစ်သူ၏သေရေး ရှင်ရေးဖြစ်လေရာ၊ ထွန်းမောင် တွင် တစုံတရာ ဆင်ခြေမဝင်နိုင် ငေးငိုင်၍သာနေရရှာတော့၏။
"လိပ်ပြာသိပ်တာ သုံးရက်ကြာမယ်၊ သုံးရက်မစေ့ခင် မခေါ်ရ၊ မပြောရ၊ မထိမကိုင်ရဘူး၊ အဲဒါ စည်း မစောင့် နိုင်ရင် ကောင်မလေး အသက်မရှင်ဘူး။ အသက်ရှင်သည်တိုင်အောင် ရူးကြောင်ကြောင်ဖြစ် သွား တတ်တယ် သိရဲ့လား၊ သူ့ကို အတွင်းခန်းမှာ သုံးရက်ပိတ်လှောင်ထားပြီး၊ အခန်းထဲကို ဆရာ တစ်ယောက် ထဲဝင်ပြီး၊ လိပ်ပြာသွင်းမယ်၊ အဲ- သုံးရက်စိလို့ အပြင်ထွက်လာတဲ့အခါ ကောင်မလေး ဟာ မင့်လူ လုံးလုံး ဖြစ်မယ်၊ သူ့ကိုခေါ်လာရမလားလို့ ဆူလား ပူလားလဲ မလုပ်တော့ဘူး။ မင်းက သေဆိုသေ၊ ရှင်ဆိုရှင်ဘဲ။ ဒီတော့ သုံးရက်မစေ့ခင် မင်းက ဟောဒီအပြင်ဘက်မှာစောင့်နေ၊ တခါ ထဲမနေနိုင်လို့ အိမ်ပြန်ချင်တဲ့ အချိန် လဲ ပြန်နိုင်တာဘဲ"
ထွန်းမောင်မှာ ဆင်ခြေမတက်နိုင် ဇာတ်ဆရာစီမံသ၍ ငြိမ်ခံနေရ၏။ စိတ်ထည်းတွင်ကား ဆရာကြီး ၏ မျက်နှာထား ကို များစွာမသင်္ကာလှချေ။ သို့နှင့်လည်း "သူ့လက်ခုတ်တွင် ရေအသွင်"ဆိုသလို သူ ပြုပြင် သလို ခံရတော့မယ်ဖြစ်သောကြောင့်၊ ခပ်အောင့်အောင့်ပင် ကြိတ်ခံပြီး မိမိကိုယ်ကို မိမိအပြစ် တင်၍ နေရှာပြီး၊ ဆရာကြီးလုပ်သမျှကို မတုန်မလှုပ် ကျောက်ရုပ်ပမာ ထိုင်ကြည့်နေရရှာတော့၏။
ဦးညိုတုတ်သည် တဲအိုအတွင်းသို့ရောက်လာသော မလှရီအား အခန်းငယ်ထည်းသို့ ညို့ယူခေါ် သွားပြီး တံခါးပိတ် လိုက်လေ၏။ သူရဲသံတိုင်အမှူးရှိသော ငနီ၊ ငနက် စသည်တို့မှာ အခန်းဝတွင် ၎င်းတို့၏ အတ္တဘောကြီး ကို ထင်ရှားပြလျက် စောင့်ရှောက်နေကြလေ၏။ ဘိုးဗျောနှင့်ငတေကြီးတို့ ကား ထွန်းမောင် အနားတွင် စကားဖောင်လှအောင် ပြောနေကြ၏။ ထွန်းမောင်လည်း စိတ်တထင့် ထင့်နှင့်ပင် ဟန်မပျက် နေရင်း တခါခါလည်း ဘိုးဗျော့တို့မျက်နှာကဲကို၊ မသိမသာအကဲခတ်လေ၏။
ဘိုးဗျော့ နှင့် ငတေကြီးတို့မှာ ဂဇော်တံခိုးအတွက် လျှာအထူးသွက်၍ နေကြပြီး၊ ဆရာကြီးအခန်းထဲ ဝင်သွားသည် ကို တယောက်နှင့်တယောက် မျက်စနှင့် မေးငေါ့ပြကြသည်ကို ထွန်းမောင်မြင်လိုက်မိ ရာ မိမိမသင်္ကာမှု ကို ပို၍ခိုင်မာစေတော့၏။ ငါမိုက်တယ်၊ ငါဆပ်ဆော့မိတယ်၊ အခု ငါတွေးတဲ့အ တိုင်း မှန်ရင်၊ ငါဟာ နွားဖြစ်မှန်းမသိ ဖြစ်နေပြီ၊ ငါလောက် ရှက်စရာကောင်းတဲ့လူ ကမ္ဘာမှာရှိအုံးမ လား၊ ငါတွေးတဲ့ အတိုင်း များ မှန်နေရင် ငါမခံဘူး ဟု စိတ်ကူးနှင့် ကြိမ်းဝါးနေမိလေ၏။
ဤတွင်မျှမက ဘိုးဗျော့နှင့် ငတေကြီးတို့မှာ တချက်တချက်တွင် ထွန်းမောင်အား သရော်ပြောင် လှောင်သော မျက်နှာထားနှင့် မထီလေးစားကြည့်တတ်ကြပြီး၊ အခန်းဝတွင် စောင့်နေသော ငနီတို့ တစု ထံသို့လည်း ဂဇော်သံပါပါနှင့် "ဟေ့ကောင်တွေ၊ နင်တို့ အပေါက်စောင့်လားကွ" ဟု ၎င်း၊
"ဟေ့ သံတိုင်၊ မင်းက ဆရာကြီး အားကျပြီး၊ သရေယိုနေသလားကွ" ဟု ၎င်း၊ အနှောင့်အသွား မလွတ်သော အဖျားမဲသည့် စကားများကို ဆက်ခါဆက်ခါ ကြားရသောအ ခါ ထွန်းမောင်မှာ ဟုတ်ပါပြီ ငါထင်သလို ပါဘဲ ဒီအကောင်ကြီးဟာ အောက်လမ်းဆရာပြီပြီ ယုတ်မာ မိုက်ရိုင်းတာဘဲ-
"မလှရီ မလှရီ မင်းကလေး ငါမိုက်တာ နဲ့ ရေတိမ်နက်ရှာပြီထင်ရဲ့"ဟု အသဲဆပ်ဆပ်ခါအောင် နာ ကျည်း နေမိရှာ၏။
အချစ်သွေးသည် ထိပ်သို့ရောက်ပြီ၊ ကြောက်ရွံ့စိတ်လည်းမရှိတော့ပြီ၊ ခါးကြားထည်းက ဒါးကိုဆွဲမိ ၏။
"ဟေ့ ဒါဘာလဲ ဘာလုပ်တာလဲ၊ ငါ့ကိုနွားလုပ်ကြတာလား"
ဟု ခုနစ်သံနှင့် ထ၍ ပွက်လိုက်မိ၏။ ဘိုးဗျော့နှင့် ငတေကြီးမှာ အံ့အားသင့်လျက်-
"ဘာလဲ မောင်ထွန်းမောင် ဘာဖြစ်တာလဲ" ဟု ပြာပြာသလဲ မေးရာ- "ဘာ ဘာဖြစ်ရမှာလဲ၊ ခင်ဗျားတို့ လုပ်တာ၊ ဘာသဘောလဲ" ဟု ထပ်ဆူပြန်၏။
တခဏကြာသော် ဦးညိုတုတ်ထွက်လာလေ၏။ မျက်နှာကားခပ်ပြောင်ပြောင် ထားလျှက် "ခု နင်က ဘာဖြစ်ကြတာ လဲဟေ့၊ ဒီလိုဆိုရင်၊ ကောင်မလေး ဒုက္ခဖြစ်လိမ့်မယ်"
ဟု မျက်နှာထားနှင့်ပြောရာ ထွန်းမောင်ကား၊ ဦးညိုတုတ်ကို မှုံကုတ်အောက်သိုးသော မျက်နှာထား နှင့် ကြည့်နေမိ လေ၏။
ဦးညိုတုတ်သည် ထွန်းမောင်အား အဓိပ္ပါယ်ပါသော ပြုံးခြင်းဖြင့်ပြုံးကြည့်လိုက်ခါ
"မောင်ထွန်းမောင်၊ အခု ဆရာလုပ်နေရတဲ့ အလုပ်တွေဟာ မင့်အတွက် လုပ်နေရတာဖြစ်တယ်၊ မင်းစိတ်ထဲ မှာ ရှိတဲ့စိတ်ရိုင်းတွေကို ထုတ်ပစ်လိုက် စိတ်ကောင်းကောင်းထားနေ ပြီးတော့ စောစော က ဆရာ့ အပေါ်မှာ မင်းထားတဲ့ကတိများကိုလဲ စဉ်းစား၊ ဘယ်အလုပ်မျိုးမဆို ဆရာစားရှိတယ်ကွဲ့"
ဟုပြောလျှင် ထွန်းမောင်သည် ညိမ်မခံနိုင်သည့်အဆုံး၌ ဒေါသသံနှင့် ခံပြောမည်အပြုတွင် ဦးညို တုတ်က လက်ဝါး နှင့် ကာ၍ တစုံတရာမန်းမှုတ်လိုက်သည်တွင် ထွန်းမောင်မှာ ရုတ်တရက်သတိ လစ်ပြီး၊ နစ်မြော သွားလေ၏။
ထွန်းမောင်၏ထက်သန်စိတ်စော၍ ဇောကပ်လျက်ရှိသော ဝိညာဉ်သည် သံတိုင်၊ ငနီ၊ ငနက်၊ ငနွား စသော သူရဲတို့၏ ဝိညာဉ်များ နှင့် ပြေးတန်းလိုက်တန်း ကစားနေရသကဲ့သို့ရှိလေ၏။ တခါတရံ မိမိ ကို ထွက်ပေါက် မရအောင် ဝိုင်းထားလိုက် တခါတရံ မိမိလက်လွတ်ထွက်ပြေးလာသည်ကို အမိအရ လိုက်ဘမ်းကြ နှင့် ပြေးရလွှားရ၍ အမောကြီးမောနေကြောင်း သိရလေ၏။
သို့နှင့် နောက်ဆုံး၌ကား အချိန်ပေါင်းမည်၍မည်မျှ ရက်ပေါင်း မည်၍မည်မျှ ကြာသည်မသိ၊ ထွန်း မောင် မှာ အိပ်ရာမှ နိုးလာသလို ဘွားကနဲလန့်၍ နိုးလာပြီးလျှင် မိမိအား စိုးရိမ်စွာပွေ့ပိုက်ထား သော မလှရီ ကလေး ကိုပါ တွေ့ရသဖြင့် ကဗျာကရာ ထထိုင်ကာ...
"မလှရီ မလှရီ ဘာဖြစ်ကြတာလဲ၊ အခု ကျုပ်တို့ ဘယ်ရောက်လာကြသလဲ"
ဟုမေးမိလေ၏။ မလှရီမှာ ထွန်းမောင် သတိရလာသည်ကို အားရဝမ်းသာဖြစ်ရှာသည့် မျက်နှာက လေးနှင့်
"ကိုထွန်းမောင် သတိရပြီလား၊ မရီ စိုးရိမ်လိုက်တာ၊ ကိုထွန်းမောင်ရယ်"
ဟု အကောင်းပကတိ နဂိုအတိုင်း ချစ်ခင်ယုယစွာ မေးရှာလေ၏။ ထွန်းမောင်မှာ မိမိဆပ်ဆော့မိ၍ ရေတိမ် နစ်ခဲ့ရှာပြီကို အတတ်သိ၏။ သို့သော် မလှရီကလေးမှာ ဟိုအခါက သတိလက်လွတ်နေရှာ သည့် အလျောက်၊ မိမိဘယ်ဘဝရောက်ခဲ့သည်ကို ယခုအခါ လုံးဝသိရှိ သတိရရှာဟန်မတူသဖြင့် ထွန်းမောင်၏ အသဲနှစ်လုံးကို သွေးစက်စက်နှင့် ရေနွေးအဖျော်ခံရသလိုဖြစ်သွားမိပြီးလျှင်၊ အပြစ် ကင်းရှာသူ ကလေး အား သနားမဆုံးအောင်ရှိကာ သူ၏ဝမ်းနည်းစရာအဖြစ်အပျက်တို့ကို မသိ အောင် မိမိကသာ ဖုံးကာ ထားရန် တာဝန်ယူလိုက်မိတော့၏။
"မလှရီ မလှရီ သူ့အဖြစ်ကိုသူသိရင် သူ့ကိုယ်သူတောင် သေချင်ရှာမယ်၊ ငါမပြောဘူး၊ သူ့အဖြစ်ကို သူကိုယ်တိုင် အသက်ထက်ဆုံးမသိအောင် ငါဖုံးဘိလျှို့ဝှက်ထားတော့မယ်၊ ငါမိုက်လို့ဖြစ်ရရှာတာ၊ သူကလေး အပြစ်မဟုတ်ဘူး၊ ငါ့အပြစ်ကို ငါသာကြိတ်ခံမယ်၊ မလှရီကို သေတပန်သက်ဆုံး၊ ထင်းပုံ ခေါင်းချ ပေါင်းတော့မယ်၊ ဟို ခွေးမသားကြီးတော့လားကွာ၊ မကြေဘူး မကြေဘူး၊ ဒင်းတနေ့ ခွေး သေ သေရစေ့မယ်၊ ဒင်းက အောက်လမ်းဆရာမို့။ ပညာစွမ်းနဲ့ မပြိုင်နိုင်ပေမဲ့ နိုင်တဲနည်းနဲ့ ကလဲ့စား ချေမယ်၊ ခွေးမသားကြီး သိရောပေါ့"
ဟု တယောက်ထည်း ကြိမ်းဝါးကာ မလှရီကို ဝမ်းနည်းလှိုက်လှဲ၊ အသဲနာလှသော မျက်လုံးနှင့် ခပ် ပြုံးပြုံးကလေး စိုက်ကြည့်မိတော့၏။
"မရီ ဒီကို ဘယ်သူလိုက်ပို့သလဲဟင်၊ ကျုပ် သတိမေ့နေတာကော ဘယ်လောက်ကြာပြီလဲ"
"မသိဘူး ကိုထွန်းမောင် မရီလဲ လူကြီးတယောက်က ကိုထွန်းမောင်ဆီလိုက်ခဲ့လို့ လာခေါ်တာနဲ့၊ အို ဘယ်လိုများ လိုက်ချင်မှန်း မသိဘူး၊ ဒါနဲ့ ဒေါ်ဦးကြီးအိပ်ပျော်နေတုန်း တိတ်တိတ်ကလေးလိုက် လာ ခဲ့တာဘဲ၊ ဒီရောက်တော့ သတိရရခြင်း မျက်လုံးဖွင့်ကြည့်လိုက်တော့ ကိုထွန်းမောင် မေ့ပြီးလဲ နေတာ တွေ့ရတာဘ"
ထွန်းမောင်ကား နားစိုက်ထောင်ရင်း ခေါင်းတချက်ရမ်းလိုက်မိ၏။ "မဟုတ်ဘူး၊ ဒီရောက်ရောက် ချင်း ငါနဲ့တွေ့တာ မဟုတ်ဘူး၊ မလှရီ ဘာမှမသိရှာဘူး၊ ဟို အယုတ်တမာကောင်ကြီး မတရားချင် တိုင်း"ဟု စိတ်ထဲမှ ပြောမိ၏။ ဒေါပွ၏။ ပြေးသတ်လိုက်ချင်၏။ သို့သော် မလှရီ မရိပ်မိစေရန် စိတ်ကို ချုပ်လိုက်ရ၏။ မိမိတသက် ကား မကြေ၊ မလှရီအပေါ်တွင်ကား အနည်းငယ်မျှ အညှိုးအတွက်မ ထား၊ မိမိကြောင့် သူ့ခမြာ မတရားခံရသည်ဟု အဆမတန်သနား၏။ အချစ်စစ် အချစ်မှန်ဖြစ်၍ လည်း၊ မည်သည့် အဖြစ် ရောက်ရောက် စိတ်မဖောက်ပြားရက်တော့ချေ။
"မရီ အခုလို အိမ်ကထွက်လာတာ သူတို့တော့ ရှာနေကြရော့မယ်၊ ကျုပ်တို့ အဝေးပြေးရကောင်းမ လား၊ အရင်တုန်း ကဖြင့် လိုက်ပါ လိုက်ပါလို့ ခေါ်လိုကရတာ၊ သူက သိပ်ခေါင်းမာတာဘဲ"
"အို ကိုထွန်းမောင်ကလဲ မရီစိတ်လေ ကိုထွန်းမောင်ဆီကို သိပ်လိုက်ချင်တာဘဲ၊ အရင်ကခေါင်းမာ ခဲ့တာ တွေလဲ သတိရတယ်၊ ဒါပေမဲ့ အခုတမျိုးဖြစ်နေပြီ၊ မရီစိတ်ကို မရီမနိုင်ဘူး၊ ကိုထွန်းမောင် မရီ ကို ဆေးနဲ့ ဝါးနဲ့များ ပြုစားထားသလား"
"ကွယ် မရီကလဲ ကြံကြံစည်စည်၊ အဲဒါသိလား ဆေးကြောင့်မဟုတ်ဘူး၊ မေတ္တာကြောင့် မေတ္တာ ကြောင့်၊ ကိုထွန်းမောင် က မေတ္တာဓါတ်နဲ့ညှို့ခေါ်လို့ တသက်ခိုးရာမလိုက်ပါဘူးဆိုတဲ့ ကောင်မလေး တခါထဲ မနေနိုင် မထိုင်နိုင် ပြေးလာခဲ့ရတယ် မဟုတ်လားကွဲ့"
ဟု ဟန်မပျက်ပြောရသော်လည်း ထွန်းမောင်၏ရင်ထဲတွင် ဆူပွက်နေတော့၏။ "ငါမတရားဘူး သူတို့မျိုးရိုး ဂုဏ်ကို စောင့်ထိန်းပြီး လူကဲ့ရဲ့မခံရအောင်နေရှာတဲ့ မိန်းကလေးကို ငါမတရားသွေး အောင်ခေါ်ယူမိတယ်၊ ငါမတရား ပြုမိလို့လဲ ငါ့မှာ ယောက်ျားတကာတို့ မခံနိုင်တဲ့ဒုက္ခအခက်အခဲကြီး ကို ရင်ဆိုင်တွေ့ပြီး ခံလိုက် ရပြီ၊ မရီလဲ ငါကြောင့်... " ဟု စဉ်းစားကာ၊ မိမိမိုက်ပြစ်ကို မိမိတသက် ခေါင်းငုံ့ခံရန် သိန္နိဋ္ဌာန် ချလိုက်မိတော့၏။ သို့သော် မိမိထိုသို့ ပြုမူရခြင်းမှာ ချစ်လွန်းလှသဖြင့် ပြင်း ထန်သော အချစ်ဒဏ်ကို မခံမရပ်နိုင် သည့်ပြင်၊ မိဘချင်းလည်း တသက်စေ့စပ်လို့မရ၊ မလှရီက လည်း တသက်ခိုးရာ မလိုက်ဟုနေသောကြောင့် ကြံရာမရသဖြင့်၊ ဥာဏ်ကူရခြင်းမျှဖြစ်သည်ကို မိမိ တဦးသာ အသိဆုံး ဖြစ် တော့၏။
"ကဲ မရီ သွားကြစို့၊ ဒီနေရာမှာ ကြာကြာနေလို့ မတော်ဘူး"
"အခု ဘယ်ရောက်နေပြီလဲ၊ နောက် ဘယ်သွားမှာလဲ ကိုထွန်းမောင်"
"ဒီက ငိုသံကြားတောင်ခြေရင်းမှာဘဲ၊ ကျုပ်တို့အိမ်ကိုဘဲ သွားကြပါစို့"
"ဟင် ရှက်စရာကြီး၊ တခြားကိုသွားပါ၊ ဒီနားလဲ ကြာကြာမနေနဲ့ မရီ ကြောက်တယ်"
"အို ခုမှတော့ မထူးပါဘူး မရီရယ်၊ လာပါ အိမ်ရောက်တော့ အခန်းအောင်းနေတာပေါ့"
ဟု ပြောကာ မလှရီကို ချော့မော့ခေါ်ဆောင်လာခဲ့သည်တွင် မြို့ပြင်အရောက်မှာ ထွန်းမောင်၏မိဘ များ နှင့် မလှရီ၏မိဘများ သတင်းကြားနှင့် စုပေါင်းလိုက်လာကြသည်ကို တွေ့ရလေ၏။ နှစ်ဦးနှစ် ဖက်သော မိဘများလည်း ခရီးလွန်ပြီးသားဖြစ်နေသော သားနှင့် သမီးတို့အား အနှောက်အယှက် မပေးကြ တော့ရုံမက ၎င်းတို့မှာ သုံးလေးရက် အရပ်ရပ်နှံ့စပ်အောင် ရှာဖွေနေရကြောင်း၊ ယနေ့မှ ဂဇော်သမား လူမိုက်ဘိုးဗျော့ က ငိုသံကြားတောင်ခြေတွင် တွေ့မြင်ခဲ့ကြောင်း ပြောမှခေါ်ရန် လိုက်လာကြကြောင်း။
ဤမျှ ဆိုးဝါးကြမ်းတမ်းသော ငိုသံကြားတောင်ခြေသို့ သွားရပါမည်လား၊ အခြားနေရာသွားစရာ မရှိ တော့ဘူးလား ဟုပင် ဝိုင်းဝန်းအပြစ်တင်ကာ၊ မိဘနှစ်ဘက်တို့က ကြည်ဖြူစွာခေါ်သွားကြသဖြင့်၊ ထွန်းမောင် နှင့် လှရီလည်း ရှက်ရှက်နှင့် ခေါင်းငုံ့ကာ လိုက်ပါသွားရသည်တွင် ငါတို့သုံးလေးရက် လိုက်၍ ရှာနေရသည် ဟူသော မိဘများစကားအရ၊ ထွန်းမောင်မှာ ဦးညိုတုတ်အပေါ်တွင် ဒေါသ အိုးကို မီးထိုး သလို ဆူဝေသွားစေလျက်၊ လှရီတွင်ကား ငါထွက်လာသည်မှာ ခဏတာကလေးဖြစ်ပါ လျက် ဘယ် အတွက် သူတို့က သုံးလေးရက်ရှိပြီ ပြောရပါလိမ့်ဟု မအူမလယ်ကြီးဖြစ်၍နေကာ ထပ် ခါထပ်ခါ မေးတိုင်း လည်း၊ သုံးရက်လေးရက်ဟုသာ ဖြေကြသောကြောင့် မကြေမနစ်ဖြစ်နေတော့၏။
သို့နှင့် မိဘများ သဘောတူပေးစားထိမ်းမြားပြီးနောက်လည်း လှရီမှာ သုံးလေးရက်အရှုတ်အထွေး ကို မကြေနပ် နိုင်သေးဘဲ၊ လင်မယားအိပ်ယာထဲတွင် အေးအေးလူလူ စကားမမြည်ပြောကြတိုင်း-
"ကိုထွန်းမောင် မရီအိမ်ကထွက်လာတာ တခဏလေးရယ်နော၊ ပြီးတော့ သူတို့နဲ့ပြန်တွေ့ကြတာ ဘဲ၊ ဒါကို ဘယ်သူ့ မေးမေး မရီတို့ထွက်ပြေးတာ သုံးလေးရက်ရှိတယ်နဲ့ ခံခံငြင်းနေကြတာဘဲ၊ ကိုထွန်းမောင်ကော အိမ်က ထွက်လာတာ ခဏလေးဘဲမဟုတ်လား"
ဟုမေးတတ်ရာ ထွန်းမောင်မှာ ရင်ထဲတွင် ဆို့ကနဲဖြစ်သွားလျက် ချစ်သူကလေးကို ယုယစွာဖက်ပြီး
"ဟာ ပြီးတာပြီးပါစေ မရီရယ်၊ ဒါတွေပြန်ပြီး တွေးမနေစမ်းပါနဲ့၊ အဲဒီတုန်းက ကိုယ်လဲ သူရဲချောက်ခံ ရလို့ လန့်ပြီး မေ့နေတယ် ဆရာ၊ ဘာမှမသိဘူး၊ သူတို့ပြောတာ ဟုတ်ချင်ဟုတ်မလား မသိဘူး"
ဟု ဖာထေးညာလွှဲ နှင့်ပြီးလိုက်ရပြီး ဦးညိုတုတ်၏မျက်နှာကြီးကိုကား တွေးမိတိုင်း အခဲမကြေနိုင် အောင် ပေါ်လာတော့၏။
ထိုနောက်များ မကြာမှီ ဂဇော်ဘိုးဗျော့ နှင့် ငတေကြီးတို့သည် ထွန်းမောင်နှင့် အထူးပင် အလွမ်းသင့် လျက် ထွန်းမောင် ရက်ရက်စက်စက် စွန့်ကြဲပေးကမ်းခြင်းဖြင့် ထွန်းမောင်အား ဘုရားတဆူ ဂူတလုံးကဲ့သို့ ကြည်ညို လာပြီး ၎င်းတို့ဆရာကြီးမှာ ဂဇော်ဘိုးတမတ်ငါးမူးမှတပါး စားလောက် သောက်လောက် မကျသော ကြောင့် တနေ့တခြား အကြည်ညိုလျော့ပါးကာ ဆရာကြီး၏အကျင့် ယုတ်များကို သစ္စာမဲ့ လူမိုက်များ ပြီပြီ တခုမကျန် ဖောက်သည်ချတော့၏။
ဆက်ရန်
.

No comments:
Post a Comment