Monday, January 23, 2012

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၅၉)

(၅၉)

ဆ၀ပ်ဟင်းဒရစ်သည် သူတို့လူမျိုး ဆေးဆရာတစ်ယောက်ကို ခေါ်ပြီး မင်းဖရက်အား ကုသခိုင်းသည်။ ပူ လောင်ပြီး အနံ့စူးသော ဆေးများက ထိရောက်မှုရှိလှပြီး ၁၁ ရက်အတွင်း မင်းဖရက် ခရီးထွက်ရန်အသင့် ဖြစ်သွားသည်။ ထိုဆေးဆရာက ပေးလိုက်သော ဆေးများဖြင့်ပင် လိမ်းလိုက်ရာ မင်းဖရက် ပေး လိုက်သော ဆေးများဖြင့်ပင် လိမ်းလိုက်ရာ မင်းဖရက် အသားအရေသည် မြောက်ပိုင်းကပ္ပလီများလို ဖြစ်သွားသည်။

ဝီလင်ဒါ သတ္တုတွင်း၌ အလုပ်လုပ်နေသော လူမည်းများ မြောက်ပိုင်းဒေသသို့ အမြဲပြန်လေ့ရှိရာ သူတို့နှင့် ရောပြီး လိုက်သွားရန် စီစဉ်လိုက်သည်။ ဟင်းဒရစ် ၏ ကျွဲညီအစ်ကိုတစ်ယောက်ဖြစ်သူ သတ္တုတွင်းမှ လစား စာရေး တစ်ယောက်က မင်းဖရက်အတွက် ခရီးသွားလက်မှတ်များစီစဉ်ပေးသည်။ မင်းဖရက်သည် မျက်မှန် အနက်တပ်ပြီး ၀ီလင်ဒါရထားပေါ် တက်ကာ အခြားဌာနပြန် လူမည်းများနှင့် ရောလိုက်သောအခါ အမှောင်ထုထဲ ကျွဲဝင်သွားသလို ဖြစ်သွားတော့သည်။

အိုကာဟင်ဂျာဘူတာတွင် ဟင်းဒရစ်နှင့် မင်းဖရက်တို့ ရထားပေါ်မှဆင်းပြီး အခြားလူမည်းတစ်စုနှင့်အတူ ဘတ်စ်ကားဖြင့် ဟင်းဒရစ်၏ရွာသို့ သွားကြသည်။ နောက်နှစ်ရက် ကြာသောအခါ သူတို့နှစ်ယောက်သည် ပြီးခဲ့သော နှစ်က မိုးကောင်းသဖြင့် သဲကန္တာရထဲတွင် ရေထွက်နေရာ အများအပြားကို သူတို့ တွေ့ကြသည်။ မင်းဖရက်ခပ်ငယ်ငယ် မြို့ရွာများ၌နေစဉ်၌ကပင် သူ့အဖေနှင့် ဟင်းဒရစ်တို့သည် ဤတောတောင် သဲကန္တာရကြီးထဲ၌ နေလာခဲ့ကြသူများဖြစ်သည်။ ဟင်းဒရစ်သာ မပါလျှင် ဤနေရာသို့ မိမိ မည်သို့ မှပြန်လာတတ်မည် မဟ်ုတ်ကြောင်း မင်းဖရက်ကောင်းကောင်းသဘောပေါက်လာသည်။ မိမိ တစ်ယောက် တည်းသာဆိုလျှင် သဲကန္တာရထဲ၌ သုံးလေးရက်ထက်ပို၍ အသက်ရှင်မည် မဟုတ်ပေ။

တောင်ကုန်းအားလုံးမှာ ဆင်တူယိုးမှားဖြစ်ပြီး အားလုံးအတူတူပင်ဖြစ်နေသည်။ ဟင်းဒရစ်ကသာ မည်သည့် တောင်ဆိုသည်ကို မှတ်မိပြီး မင်းဖရက်အား တောင်ထိပ်ပေါ်ခေါ်သွားသည်။ တောင်ထိပ်ပေါ် ရောက်မှ ဘေးပတ်ဝန်းကျင်နှင့် အောက်ခြေကိုပြန်ကြည့်ပြီး မင်းဖရက်မှတ်မိသွားသည်။ အတိတ်က အရိပ် များလည်း တရေးရေးပေါ်လာသည်။ ဖခင်ဖြစ်သူ၏ ဒဏ်ရာရပြီးရောင်ကိုင်းနေသောလက်၊ ဝေဒနာ ခံစားပုံနှင့် နောက် ဆုံးတွင် မိမိအား ဘေးကင်းရာသို့ မောင်းထုတ်လိုက်ပုံများကို ပြန်မြင်ယောင် လာသည်။

ကျောက်တောင်ထိပ်တစ်နေရာမှ စိန်အိတ်ထည့်ထားခဲ့သော ပတ်ကြားအက်ကြောင်းကို အပြေးအလွှားရှာ ရာ နဂိုအတိုင်းတွေ့ရသည်။ ပတ်ကြားအက်ကြောင်းဘေး၌ ဒူးထောက်ထိုင်ချလိုက်ပြီး ပတ်ကြား အက်ကြောင်း ထဲသို့ ငုံ့ကြည့်လိုက်သည်။ သို့သော် ပတ်ကြားအက်ကြောင်းက အောက်ဘက်သို့ နက်ဆင်းပြီး မှောင်မည်းနေသဖြင့် ဘာမျှသဲသဲကွဲကွဲမမြင်ရပေ။
" မင်းရဲ့ စိန်တွေသွားပြီးလား၊ မရှိတော့ဘူးလား၊ ခွေးအတွေ စားသွားတာ ဖြစ်ပါလိမ့်မယ်ကွာ "
ဟင်းဒရစ်က နောက်ပြောင်လိုက်သည်။ မင်းဖရက်က သူ့စကားကို အလေးမထားနိုင်ပေ။ သူ့အိတ်ထဲမှ ငါးမျှားကြိုး အခွေကို ဆွဲထုတ်လိုက်သည်။ ကြိုးတစ်ဘက်ထိပ်တွင် ငါးမျှားချိတ်သုံးလေးခုနှင့် လေးပင်ရန် ခဲတုံးတစ်တုံးကို ချည်နှောင်ထားသည်။ ငါးမျှားချိတ်နှင့် မချည်ထားသော ကြိုးစကို ပတ်ကြားအက်ထဲသို့ တဖြည်းဖြည်းလျှောချကာ ကြိုးစားနေသည်။ ဟင်းဒရစ်သည် ကျောက်တုံးတစ်တုံး၏ အ၇ိပ်အောက်တွင် အေးအေး လူလူထိုင်ကာ ကြည့်နေသည်။ အားပေးခြင်း၊ ကူညီခြင်းမရှိ။ သူ့အဖို့ ငါးမရလျှင် ရေချိုးပြန်မည် ဆိုသလို စိန်မရပါက မင်းဖရက်အားဖမ်းပြီး အစိုးရလက်အပ်လိုက်လျှင် ဆုငွေပေါင် ၅၀၀၀ ရနိုင်မည် မဟုတ် ပါလား။

မင်းဖရက် ပတ်ကြားအက်ထဲသို့ ချကာ လှုပ်ရှားပေးနေသော ငါးမျှားချိတ်များက တစ်စုံတစ်ခု ကို သွားချိတ်မိပြီး ကြိုးစတင်းသွားသည်။ ထိုသို့ ချိတ်မိသည်ကို သိလိုက်သည်နှင့် မင်းဖရက်က ကြိုးစကို အပေါ်သို့ တဖြည်း ဖြည်းဆွဲတင်ကြည့်ရာ လေးပြီးပါလာသည်ကို သိရသည်။ ဆက်ပြီးဆွဲတင်သည်။ ကျောက်ပတ် ကြားအက်နံရံနှင့် တစ်စုံတစ်ရာခြစ်မိသံကိုလည်း ကြားရသည်။ တဖြည်းဖြည်းနှင့် ပတ်ကြားအက် ထဲ၌ အထုပ်တစ်ထုပ်ပုံသဏ္ဍာန်ကို လှမ်းမြင်ရသည်။ မင်းဖရက်ဆွဲတင်ရာ အိတ်က ဆွေးမြည့်နေသဖြင့် အပေါ် ရောက်သည်နှင့် ပေါက်ပြဲပြီး ဘေးသို့ စိန်များ လွင့်စဉ်ပြန့်ကျဲသွားသည်။
မင်းဖရက်က စိန်များကို လိုက်စုလိုက်သည်။ သူတို့ မူလက သဘောတူခဲ့သည့်အတိုင်း နှစ်ပုံအညီပုံလိုက် သည်။ မည်သူ ပထမကောက်ရမည်ကို ခေါင်းပန်းလှန်လိုက်ရာ ဟင်းဒရစ်က ပထမ ကောက်ခွင့် ရသွားသည်။ ဟင်းဒရစ်က နှစ်ပုံအနက် သူကြိုက်ရာတစ်ပုံကို ကောက်ယူလိုက်သည်။ မင်းဖရက်က ကျန်ရှိသော သူ့ဝေစုအပုံကို အသင့်ဆောင်လာသော ဆေးတံသောက်ဆေးအိတ်အလွတ်ထဲသို့ ထည့် လိုက်သည်။

" မင်းပြောတာ မှန်တယ်မာနီ၊ မင်းအပေါ်မှာ သံသယရှိတာ ငါမှားခဲ့တာပဲ "
ထိုညနေ တွင်ပင် သူတို့ မြစ်ကမ်းစပ်သို့ ရောက်သွားသည်။ မီးပုံဘေးတွင် နှစ်ယောက်သား အတူ ယှဉ်တွဲအိပ် ကြသည်။ မနက်လင်းသောအခါ ခရီးဆောင်အိပ်ရာလိပ်များကို ကိုယ်စီ သိမ်းဆည်းကြပြီး နှစ်ဦးသား မျက်နှာ ချင်းဆိုင်လိုက်ကြသည်။
" နှုတ်ဆက်ခဲ့ပါတယ် ဟင်းဒရစ်၊ တစ်နေ့တစ်ချိန်မှာ ကျွန်တော်တို့ ပြန်တွေ့ကောင်းတွေ့ကြမှာပါ "
" မင်းကို ငါပြောခဲ့သားပဲ မာနီ၊ ကန္တာရ တောကြီးထဲက အရှင်သခင်တွေက ငါတို့ကို အတူတကွ ပေါင်းစပ် ပေးထား တာပါ၊ ငါတို့ ပြန်တွေ့ကြလိမ့်မယ်လို့ ငါသေချာပေါက် ယုံနေတယ် "
" အဲဒီနေ့ကို ကျွန်တော် မျှော်နေပါမယ်ဗျာ "

" တို့ ပြန်တွေ့ကြတဲ့အခါ ကျရင်သာ၊ သားအဖသဘောတွေ့ကြမလား၊ ညီအစ်ကို သဘောတွေ့ကြမလား ရန်သူ သဘောတွေ့ကြမလားဆိုတာကတော့ အရှင်သခင်တွေက အဆုံးအဖြတ်ပေးပါလိမ့်မယ် "
ဟင်းဒရစ် က သူ့အထုပ်အပိုးကို ကောက်လွယ်ပြီး တောင်ဘက်စူးစူးသို့ တစ်ချိုးတည်းသွားတော့သည်။ နောက်ဘက် သို့ တစ်ချက်ပင်လှည့်မကြည့်ပါတော့ချေ။
မင်းဖရက် က သူ့ကို မျက်စိတစ်ဆုံးကြည့်နေလိုက်သည်။ ထို့နောက်မှ မြစ်ကမ်းပါးအတိုင်း အနောက်မြောက် ဘက်သို့ ဦးတည်ထွက်သွားသည်။ ထိုနေ့ညနေတွင် မင်းဖရက်သည် မြစ်ကမ်းစပ်မှ ရွာလေး တစ်ရွာသို့ ရောက်သွားသည်။ ထိုရွာမှ လူငယ်နှစ်ယောက်က သူ့အား မြစ်တစ်ဘက်ကမ်းရှိ ပေါ်တူဂီပိုင်နက် ထဲသို့ ပို့ပေးသည်။ ထို့နောက် တနင်္ဂနွေသုံးပတ်အကြာတွင် မင်းဖရက်သည် ပေါ်တူဂီပိုင် အင်ဂိုလာ နိုင်ငံမြို့တော် လူအန်ဒါသို့ ရောက်ရှိသွားသည်။ ဂျာမန်ကောင်စစ်ဝန်ရုံးသို့ တိုက်ရိုက် တန်းသွားပြီး သတင်းပို့လိုက်သည်။

မင်းဖရက်သည် ဂျာမန်နိုင်ငံဘာလင်မြို့မ လာမည့် အမိန့်ကို လူအန်ဒါမှနေ၍စောင့်နေသည်မှာ တနင်္ဂနွေ သုံးပတ်ကြာသည်။ မင်းဖရက်သည် သူ့အား ပေးအပ်ခဲ့သော တာဝန်ကိုကျေပွန်အောင် မဆောင် ရွက် နိုင်ခဲ့ပေ။ နာဇီဂျာမန်တို့အဖို့ လုပ်ငန်းအောင်မြင်ခြင်းသည် ခွင့်မလွှတ်နိုင်စရာပင်ဖြစ်သည်။
မင်းဖရက် သည် အငယ်ဆုံး စိန်ကလေးတစ်လုံးကို ထုတ်ရောင်း၍ စားသောက်နေထိုင်ကာ အပြစ်ဒဏ်ကို မျှော်လင့် နေသည်။ မနက်တိုင်း ဂျာမန်ကောင်စစ်ဝန်ရုံးနှင့် စစ်သံမှူးရုံးသို့ သွားရောက်သတင်းမေးသည်။
" ဘာအမိန့် မှ မလာသေးပါဘူး ဟာဒီလာရေး၊ စိတ်ရှည်ရှည်သာစောင့်ပါဗျာ" သူတို့က ဤမျှသာ ဖြေသည်။

နောက်ဆုံးတွင် သူ့အတွက် အမိန့်ရောက်လာသည်။ သူ့အား ဂျာမန်သံတမန်နိုင်ငံကူး လက်မှတ်ထုတ်ပေး သည်။ ပေါ်တူဂီကုန်တင်သင်္ဘောတစ်စီးဖြင့် ကနာရီကျွန်းအထိ လိုက်သွားသည်။ ထိုမှတစ်ဆင့် အရပ် ဘက် လေယာဉ်ဖြင့် စပိန်နိုင်ငံလစ္စဘွန်းမြို့သို့ ဆက်လက်သွားရောက်သည်။
လစ္စဘွန်းတွင်လည်း အမိန့်စောင့်နေရပြန်သည်။ ကိုယ့်ဘာသာနေရာရှာပြီး ငှားနေရင်း စောင့်ရသည်။ အမိန့် က လာမည့်ပုံပင်မရတော့။ ဗိုလ်မှူးကြီးဆစ်မန်းနှင့် ဇနီးသည် ဟိုင်ဒီတို့ထံ စာလှမ်းရေးသည်။ ထိုစာ များကို သံတမန်အိတ်ဖြင့် ဘာလင်သို့ ပို့လိုက်ကြောင်း သံမှူးကပြောသော်လည်း သူ့အဖို့ ပြန်စာလုံးဝ မရ ခဲ့ပေ။

မင်းဖရက်သည် နောက်ထပ် စိန်အသေး တစ်လုံးကို ထပ်ရောင်းလိုက်ပြီး တာဂတ်စ် မြစ်ကမ်းပေါ်ရှိ အဆောက်အအုံ ဟောင်းကြီးတစ်ခုမှ အခန်းကောင်းတစ်ခန်းကို ငှားနေလိုက်သည်။ စာဖတ်ခြင်း၊ စာရေးခြင်း၊ လေ့လာဆည်းပူးခြင်းတို့ဖြင့် အချိန်ဖြုန်းနေသည်။ တောင်အာဖရိကနိုင်ငံရေးသမိုင်းနှင့် မိမိ ကိုယ် ရေးရာဇ၀င်တို့ကို တစ်ပြိုင်တည်းရေးနေသည်။ ပုံနှိပ်ထုတ်ဝေရန်တော့ မရည်ရွယ်ပေ။ တစ်ချိန် တည်း မှာပင် ကျောင်းဆရာတစ်ဦးထံ၌ ပေါ်တူဂီစာနှင့် စကားကိုလည်း သင်လိုက်သေးသည်။ စာအုပ် အဟောင်းဆိုင် မှရသမျှ ဥပဒေစာအုပ်များကို ၀ယ်ပြီး ဂျာမန်၊ အင်္ဂလိပ်နှင့် ပေါ်တူဂီ သုံးဘာသာစလုံးဖြင့် လေ့လာ သည်။ ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းရေး အတွက်လည်း လက်ဝှေ့သမားတစ်ယောက်အလား လေ့ကျင့် နေသည်။

ကမ္ဘာစစ်အခြေအနေသည် အလှည့်အပြောင်း တစ်ရပ်ဖြစ်ကာ တစ်မျိုးပြောင်းသွားသည်။ အမေရိကန်က ဒုတိယ ကမ္ဘာစစ်ထဲသို့ ပါဝင်လာသည်။ ကောင်းကင်ပျံ ခံတပ်ကြီးများဟု တင်စားခေါ်ဝေါ်သည့် အမေရိကန် ဗုံးကြဲ လေယာဉ်များက ဂျာမနီမြို့ကြီးများကို ထောင်းထောင်းကြေအောင် ဗုံးကြဲချနေသည်။ ကိုလုံး မြို့ကြီး ပျက်စီးသွားသည့် ကြောက်စရာ သတင်းကို သတင်းစာထဲ၌ မင်းဖရက်ဖတ်လိုက်ရသည်။ ဟိုင်ဒီ ထံ စာတစ် စောင်ရေးလိုက်ပြန်သည်။ ပေါ်တူဂီရောက်မှ အကြိမ် (၁၀၀)မြောက်စာဖြစ်နိုင်သည်။

ထို့နောက် တနင်္ဂနွေ သုံးပတ်မြောက်တွင် မင်းဖရက်သည် ထုံးစံအတိုင်း ဂျာမန်ကောင်စစ်ဝန်နှင့် သွားတွေ့ သည်။ စစ်သံမှူးက သူ့အား စာတစ်စောင်ပေးလာသည်။ စာပေါ်မှ လက်ရေးမှာ ဟိုင်ဒီ့ လက်ရေး ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် သူအလွန်ပျော်သွားသည်။ ဟိုင်ဒီက စာထဲ၌ ရေးထားသည်။ မင်းဖရက်၏ ယခင် စာများကို လုံးဝမရခဲ့သဖြင့် မင်းဖရက်သေပြီဟု မှတ်ယူမိခဲ့သည်ဟုဆိုသည်။ ယခု မင်းဖရက် မသေကြောင်းသိရ၍ အလွန်အမင်း ၀မ်းသာမိကြောင်း ရေးသားထားသည်။ သူမနှင့်သားကလေး လိုသာ တို့တွဲရိုက်ထားသော ဓာတ်ပုံကိုလည်း စာနှင့်အတူ ထည့်ပေးလိုက်သည်။

ဓာတ်ပုံထဲမှ ဟိုင်ဒီသည် လွန်ခဲ့သော သုံးနှစ်က သူနောက်ဆုံးတွေ့ခဲ့ရချိန်ထက် နည်းနည်းပိုဝလာပြီး ပို၍ ခန့်ချော ချောလာသည်။ သားငယ်လိုသာလည်း အတော်ကလေး ကြီးလာပြီး ကျန်းမာသန်စွမ်းကာ ဆံပင် နုနုလေး များက ကောက်ကွေးကာ လှိုင်းထနေသည်။ မင်းဖရက်က ဟိုင်ဒီအား သားငယ်နှင့်အတူ လစ္စဘွန်း မြို့သို့ လိုက်လာနိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းရန် စာရေးလိုက်သည်။ မိမိစီးပွားရေး အခြေ အနေလည်း ကောင်းမွန်ကြောင်းရေးလိုက်သည်။ ဘာ့ကြောင့် ဟူ၍တော့ ဖော်မပြပေ။ သူတို့ မိသားစု သုံး ယောက်အတွက် သူ့တွင် အနာဂတ်အစီအစဉ်များရှိနေပြီဖြစ်ကြောင်း ရေးသားလိုက်သည်။

ဟိုင်ဒီသည် အိပ်ရာမှနိုးလာပြီး ဗုံးကြဲလေယာဉ်များ၏ အသံကို ကြားနေရသည်။ သူတို့ ဗုံးလာကြဲနေသည်မှာ သုံးညဆက်ရှိပြီးဖြစ်သည်။ ဘာလင်မြို့လယ်ကောင်လည်း ထောင်းထောင်းကြေ နေပြီ။ အော်ပရာဇာတ်ရုံကြီး နှင့် ဘူတာကြီးတို့လည်း ပျက်စီးနေညပီ။ ပြင်သစ်နှင့် ရုရှတွင် မဟာမိတ် တပ်များ အောင်ပွဲဆင်နေပုံအကြောင်း မင့်စ်မြို့တွင် ဂျာမန်တပ်သားတစ်သိန်းအား ရုရှတပ်များက ဖမ်းဆီး မိလိုက်ပုံ အကြောင်းမှန်တို့ကို ဟိုင်ဒီ က ၀ါဒဖြန့်ချိရေးဌာနမှတစ်ဆင့် သိထားရသည်။

သူမဘေးတွင် ဗိုလ်မှူးကြီး ဆစ်မန်းက အိပ်နေသည်။ သူ၏ ဟောင်သံများက သူမအဖို့ ဗုံးကြဲလေယာဉ်ပျံ အသံများ ထက်ပင် စိတ်အနှောင့်အယှက် ဖြစ်ရသေးသည်။ ဟစ်တလာကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့ ကြရာတွင် မအောင်မြင်ခဲ့ပေ။ ထိုကိစ္စ၌ ပါဝင်ခဲ့သူများ ဒုက္ခလှလှတွေ့ကြရပုံကို ဟိုင်ဒီ ရုပ်ရှင် ကား ကြည့်ထားရသည်။ ထိုသို့ ဒုက္ခရောက်ပြီး အသက်ဆုံးရှုံးခဲ့ရသူများထဲ၌ သူတို့အကြီးအကဲ ဗိုလ်ချုပ်ကြီး ဇိုလာလည်း ပါသည်။ ထို့ကြောင့် သူတို့အားလုံးကိုယ့်အတွက်ကိုယ် စိတ်ပူနေကြရသည်။

လုပ်ကြံမှု ကိစ္စ ပူးပေါင်းကြံစည်မှုတွင် ဗိုလ်မှူးကြီးဆစ်မန်းမပါကြောင်း ဟိုင်ဒီသိသည်။ သို့သော် သူသည် ပါဝင် သူများနှင့် လည်းကောင်း၊ ထိုအစီအစဉ်နှင့်လည်းကောင်း နီးစပ်သူဖြစ်၍ တစ်နွယ်ဝင် တစ်ပါသဘောမျိုးဖြစ်သွားနိုင်သည်။ ဟိုင်ဒီသည် ဆစ်မန်း၏ တိတ်တိတ်ပုန်းဇနီးဖြစ်နေရသည် မှာ တစ်နှစ်နီးပါး ရှိပြီး အကယ်၍ ဆစ်မန်း တစ်စုံတစ်ခု ဖြစ်သွားပါက မိမိတို့သားအမိအဖို့၊ အားကိုးရာမဲ့ ခိုကိုး ရာမဲ့ ဖြစ်ရတော့မည်။ အထူးခွဲတမ်းရသော အစားအသောက်များနှင့် ကင်းပြတ်ရပေတော့မည်။

ဗုံးကြဲလေယာဉ်များ ပြန်သွားပြီးနောက် တိတ်ဆိတ်ငြိမ်သက်သွားချိန်တွင် ဟိုင်ဒီသည် မင်းဖရက်စာများ အကြောင်း ကို စဉ်းစားနေမိသည်။ တကယ်တော့ ထိုစာများကို သူမ တစ်စောင်မှ မပြန်ခဲ့ပေ။ မင်းဖရက် လစ္စဘွန်း ၌ ရှိနေသည်။ ပေါ်တူဂီသို့ ဗုံးမကြဲပါချေ။
နောက်တစ်နေ့နံနက်စာ စားချိန်တွင် ဟိုင်ဒီက ဆစ်မန်းအား ထိုအကြောင်းများပြောပြသည်။
" တကယ်တော့ ကျွန်မထည့်စဉ်းစားနေရတာက လိုသာလေးအတွက်ပါရှင် " သူမက ရှင်းပြသည်။
ဆစ်မန်း ကလည်း သူတို့သားအမိ ရှေ့ရေးကို ဦးစားပေးစဉ်းစားလာသည်။ ထိုနေ့ မွန်းလွဲပိုင်းတွင်ပင် ဟိုင်ဒီ သည် လစ္စဘွန်းရှီ ဂျာမန်ကောင်စစ်ဝန်မှတစ်ဆင့် မင်းဖရက်ထံ စာတစ်စောင်နှင့် သူတို့သားအမိ ဓာတ်ပုံ ကို ပို့လိုက်သည်။

ဗိုလ်မှူးကြီး ဆစ်မန်းကလည်း မဆိုင်းမတွ လှုပ်ရှားလိုက်သည်။ သူ့တွင်ရှိနေသော သြဇာအာဏာ အရှိန်အ၀ါ ဖြင့် ဟိုင်ဒီတို့သားအမိအတွက် ခရီးသွားလက်မှတ်ရအောင် လုပ်ပေးလိုက်သည်။ သူတို့သားအမိ ကို တင်ပယ်ဖော့ဖ်လေဆိပ်သို့ သူ၏မာစီးဒီးကားနက်ကြီးဖြင့် လိုက်ပို့သည်။ နောက်ဆုံး ခွဲခွာ အနမ်းဖြင့် ဟိုင်ဒီ အား နှုတ်ဆက်လိုက်သည်။
နောက်သုံးရက် အကြာတွင် ဗိုလ်မှူးကြီး ဆစ်မန်းအား သူ့အိမ်၌ပင် လာဖမ်းသွားသည်။ နောက်တစ်ပတ် အကြာ တွင် သူ့အား ဂတ်စတာပိုဌာနချုပ်၌ စစ်ဆေးမေးမြန်းရင်းနှင့်ပင် သေဆုံးသွားသည်။ သေသည် အထိ သူက အပြစ်မဲ့ကြောင်း ခုခံကာကွယ်သွားသည်။

ပေါ်တူဂီ ကုန်တင်သင်္ဘောကြီးက တေဘယ်ပင်လယ်ကွေ့ထဲသို့ မောင်းဝင်သွားနေသည်။ မင်းဖရက်နှင့် ဟိုင်ဒီ တို့ နှစ်ယောက်ကြား၌ သူတို့ လက်နှစ်ဖက်ကိုဆွဲကိုင်ကာ အားဖရိကတိုက်ကြီးအား ပထမဆုံး အကြိမ် မြင်ဖူးသော လိုသာဒီလာရေးကလေးသည် ပျော်ရွှင်မြူးထူးနေသည်။
ဟဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားသည်မှာ နှစ်နှစ်ရှိသွားပြီဖြစ်သည်။ သို့သော် မင်းဖရက်သည် သူ့ မိသားစု ကို တောင်အာဖရိကသို့ ခေါ်မသွားမီ ကြိုတင်ပြင်ဆင်မှုများ စေ့စေ့စပ်စပ်လုပ်ခဲ့သည်။ စစ်အပြီး အတွင် အကျဉ်းစခန်းမှ လွတ်မြောက်လာခဲ့သော ဦးလေးသရွန့် ထံ ပထမဆုံး စာရေးသည်။ ဦးလေးထံမှ မိသားစု အကြောင်းများနှင့် နိုင်ငံရေးသတင်းများကို သိရသည်။ အဒေါ်ထရူဒီမှာ ကျန်းကျန်းမာမာရှိနေပြီ။ သမီးနှစ်ယောက် က အိမ်ထောင်ကျနေကြပြီဖြစ်သည်။

စတင်ဒါလည်း ဦးလေးသရွန့်နှင့်တစ်ချိန်တည်းတွင်ပင် လွတ်ပြီး သူ၏တက္ကသိုလ်၌ အလုပ်ပြန်ဝင်နေပြီဖြစ် သည်။ သူနှင့် ဆာရာ တို့မှာ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်ရှိကြပီးနောက်ထပ် ကလေးတစ်ယောက် ပင် ရတော့မည်ဖြစ်သည်။
နိုင်ငံရေး သတင်းများက မင်းဖရက်အတွက် အလားအလာကောင်းနေသည်။ အိုဘီနှင့် အခြားစစ်ပုံစံ အသင်း အဖွဲ့များ ပျက်သုဉ်းသွားပြီဖြစ်သော်လည်း ထိုအဖွဲ့များမှ အဖွဲ့ဝင်များသည် ဒေါက်တာဒယ်နီရယ်မာလန် ၏ အမျိုးသားရေးပါတီသို့ ၀င်ကြသောအခါ ထိုပါတီ ပြန်လည် အားကောင်း လာသည်။ အာဖရိကဖွား လူဖြူများ၏ စည်းလုံးညီညွတ်မှုသည် အမျိုးသားရေးပါတီ၌ မဏ္ဍိုင်ပြုပြီး အသိပ်သည်း အခိုင်မာလုံးအနေ အထားကို ရောက်နေသည်။

ဝန်ကြီးချုပ် စမတ်၏ ယူနိုက်တက်ပါတီမှာ အကျဘက်ရောက်နေသည်။ တောင်အာဖရိကနိုင်ငံ အကျိုးစီးပွား ထက် ဗြိတိသျှ ဓနသဟာယ အကျိုးစီးပွားကို ရှေ့တန်းပိုတင်သဖြင့် ကျဆင်းလာရခြင်းဖြစ် သည်။
စမတ် အဖို့ ပိုဆိုးသွားသည်မှာ ဗြိတိသျှ တော်ဝင်မိသားစုအား တောင်အာဖရိကသို့ ဖိတ်ကြားလိုက်သော နိုင်ငံရေး ကျားကွက်အရွှေ့မှားသွားမှုပင်ဖြစ်သည်။ တောင်အာဖရိက ပါလီမန်၌ တော်ဝင်မိသားစုက မိန့်ခွန်း ပြောသောအခါ ဒေါက်တာမာလန်နှင့် သူ၏ အမျိုးသားရေးပါတီမှ အမတ်များက ဆန့်ကျင် ကန့်ကွက်သော အားဖြင့် ပါလီမန် အစည်းအဝေးသို့ မတက်ကြပေ။
" မာနီ … မင်းပြန်လာခဲ့ပါ၊ မင်းလိုလူမျိုး၊ ငါတို့အများကြီး လိုအပ်နေတယ် " ဦးလေးသရွန့်က သူ့စာကို ဤသို့ နိဂုံးချုပ်ထားသည်။

သို့သော် မင်းဖရက်က ချက်ချင်းမလှုပ်ရှားသေးပေ။ ပထမဆုံး ဦးလေးသရွန့်ဆီသို့ စာပြန်ရေးသည်။ သူ၏ အတိတ် က နာမည်ဝှက် "ဓားဖြူ " ကိစ္စနှင့်ပတ်သက်၍ မည်သို့ အခြေအနေရှိနေသေးသနည်းဟု စုံစမ်းတီး ခေါက်လိုက်သည်။ အချိန်အတန်ကြာပြီးမှ ပြန်စာရောက်လာသည်။ ဤကိစ္စနှင့်ပတ်သက်၍ မည်သူ မှ စိတ်မ၀င်စားတော့။ မသိတော့ဟုဆိုသည်။ ပျောက်ဆုံးနေသော ဓားဖြူနှင့်ပတ်သက်၍ ရဲတွင် ဖိုင်တွဲရှိသေး သော်လည်း မည်သူကမှ မစုံစမ်းမကိုင်တွယ်တော့။ ဓားဖြူ ဘယ်ရောက်နေသည်ကိုလည်း ဘယ်သူ မှ မသိ တော့။ ဓားဖြူ မည်သူမည်ဝါ ဆိုသည်ကိုလည်း ဘယ်သူမှမသိ၊ နောင်လည်း သိဖို့ အကြောင်း မရှိတော့ဟု ဦးလေးသရွန့်က စာပြန်လာသည်။

မင်းဖရက်သည် ဟိုင်ဒီနှင့်သားကို လစ္စဘွန်းတွင် ထားခဲ့ပြီး ဇူးရစ်သို့ တစ်ယောက်တည်း ရထားနှင့်သွား သည်။ သူ့တွင် ကျန်သမျှစိန်အားလုံးကို ဇူးရစ်၌ ရောင်းလိုက်သည်။ စစ်ပြီးကာလ ဈေးနှုန်းများ ပြန်တက်လာ ရာ ဆွစ်ဇာလန်ရှိ ခရစ်ဒစ်ဆွစ်တွင် ပေါင်နှစ်သိန်းနီးပါးကို နံပါတ်ဖြင့် စာရင်းဖွင့် အပ်နှံ နိုင်ခဲ့သည်။

ကိပ်တောင်းမြို့ ရှိ သူတို့မိသားစု ရောက်သွားသောအခါ ခပ်အေးအေးပင် ကုန်းပေါ်တက်သွားသည်။ သူသည် အကယ်၍ လူသိရှင်ကြား နာမည်ကြီးလိုပါက အိုလံပစ် ရွှေတံဆိပ်ရှင် တစ်ယောက်အနေဖြင့် လုပ်၍ ရနိုင်သည်။ သို့သော် သူက မလုပ်။ မိတ်ဆွေဟောင်းများ၊ အိုဘီအဖွဲ့ဝင်ဟောင်းများ၊ နိုင်ငံရေး မဟာမိတ် များကိုသာ သွားရောက်တွေ့ဆုံ နှုတ်ဆက်သည်။
နောက်ဆုံးတွင် " ဘာဂါ" သတင်းစာက သူ့အား လာရောက်တွေ့ဆုံမေးမြန်းကာ သတင်းရေးသည်။ မင်းဖရက် က စစ်ကာလတွင် ကြားနေနိုင်ငံပေါ်တူဂီ၌ မိမိရှိနေခဲ့ကြောင်း။ မည်သည့်ဘက်မှ ၀င်မတိုက် လို၍ ဖြစ်ကြောင်း။ ယခုမိမိမွေးရပ်မြေသို့ ပြန်လာခြင်းမှာ အာဖရိကဖွား လူဖြူများ၏ မျှော်မှန်းချက် နှင့်အညီ နိုင်ငံရေး တိုးတက်ပြောင်းလဲမှုအတွက် တတ်နိုင်စွမ်းသမျှ ဖြည့်ဆည်းပေးရန်အတွက်ဖြစ်ကြောင်း ပြောကြား သည်။ အာဖရိက လူဖြူတို့၏ မျှော်မှန်းချက်မှာ ပြည်ပမှလွှမ်းမိုးချုပ်ကိုင်မှုကင်းသော တောင်အာဖရိက သမ္မတ နိုင်ငံရေးပင်ဖြစ်သည်။

မင်းဖရက်က အများကြိုက် အမှန်စကားတွေချည်းပြောသည်။ အားကစားကို တန်ဖိုးထားသော နိုင်ငံ၌ သူက အိုလံပစ်ရွှေတံဆိပ်ရှင်ဖြစ်သည်။ ကိုယ်ခန္ဓာကြံ့ခိုင်ပြီး ရုပ်ရည်ချောမောကာ ဥာဏ်ပညာ လည်း ရှိသည်။ ဇနီးချော နှင့် သားချောလည်းရှိသည်။ အဆင့်မြင့်နေရာများတွင်လည်း သူ့မိတ်ဆွေများရှိသေးရာ သူ့အဖို့ နေ့စဉ် မိတ်သစ်များတိုးလာနေသည်။
စတယ်လင်သို့ခ်ျမြို့မှ ကြီးပွားနေသော ရှေ့နေလုပ်ငန်းတစ်ခုတွင် မင်းဖရက်က အစုစပ်ဝယ်ယူပါဝင်လိုက် သည်။ သူ၏အခြားအစုစပ်မှာ ဗန်စကူးဟု နာမည်ရသော ရှေ့နေတစ်ဦးဖြစ်သည်။ သူသည် နိုင်ငံရေး၌ တက်တက်ကြွကြွရှိပြီး အမျိုးသားရေးပါတီ၌ ထင်ရှားသူတစ်ဦးဖြစ်သည်။ သူ၏ ထောက်ခံ အဆိုပြုမှုဖြင့်ပင် မင်းဖရက်သည် အမျိုးသားရေးပါတီသို့ ၀င်လိုက်သည်။ သူသည် ပါတီ၏ စည်းရုံးရေးမှူး ကောင်း တစ်ဦး နှင့် ရန်ပုံငွေအရှာဖွေကောင်းသူတစ်ဦးဖြစ်လာသည်။

မင်းဖရက်အဖို့ အမျိုးသားရေးပါတီ၌ တက်တက်ကြွကြွပါဝင် လုပ်ဆောင်ခဲ့သည့်အတွက် အကျိုးရလဒ်မှာ မကြာခင် ပင်ရရှိလာသည်။ ၁၉၄၈ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် အမတ်လောင်းစာရင်းခေါ်ယူ သည့် အချိန်တွင် မင်းဖရက်ဒီလာရေးအား သူ၏ အမျိုးသားရေးပါတီက ဟော်တင်တော့တော်လန် မဲဆန္ဒနယ် အတွက် အမတ်လောင်းအဖြစ် သတ်မှတ်ကာ စာရင်းသွင်းလိုက်သည်။

ထိုမဲဆန္ဒနယ်တွင် လွန်ခဲ့သောနှစ်နှစ်က ကြားဖြတ် ရွေးကောက်ပွဲပြုလုပ်ခဲ့ရာ ဒုတိယကမ္ဘာစစ်ပြန် သူရဲ ကောင်းတစ်ဦး ပင် ရှာဆာကုတ်နေသည် ၀န်ကြီးချုပ် စမတ်ပါတီမှ ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရထားသည်။ ယခုလည်း ရှာဆာသည် လက်ရှိအမတ်အဖြစ် ထိုမဲဆန္ဒနယ်၌ပင် စာရင်းသွင်းထားရာ ရှာဆာနှင့် မင်းဖရက် တို့ ထိပ်တိုက်ယှဉ်ပြိုင် မဲရွေးကြရတော့မည်ဖြစ်သည်။
ပါတီက မင်းဖရက် အား ပို၍စိတ်ချရသော အခြား မဲဆန္ဒနယ်၌ ပါဝင်အရွေးခံရန် အကြံပေးသေးသည်။ သို့သော် မင်းဖရက်က ရှာဆာနှင့် ထိပ်တိုက်ရင်ဆိုင်ရန် တမင်သက်သက်ရွေးချယ်လိုက်ခြင်းဖြစ်သည်။ ဝေါဗစ်ပင်လယ်ကွေ့ ငါးသင်္ဘောဆိပ်၌ သူတို့နှစ်ယောက် ပထမဆုံးအကြိမ် တွေ့ခဲ့ရပုံကို မင်းဖရက် ယနေ့ အထိ မမေ့သေးပေ။

မင်းဖရက်သည် ရွေးကောက်ပွဲ မဲဆွယ်ရေးအတွက် ကြိုဆိုပြင်ဆင်မှု အနေဖြင့်လည်းကောင်း၊ ငြိုးသူ ရန်ဘက် ရှာဆာအား အပိုင်ဖြတ်နိုင်ရေးအတွက်လည်းကောင်း ကုတ်နေမိသားစု၏ နောက်ကြောင်း ရာဇ၀င် ကို ပြန်လည်စုံစမ်းတော့သည်။ အထူးသဖြင့် ရှာဆာနှင့် သူ၏ မိခင်စင်တိန်ဒီသီရီကုတ်နေတို့ အကြောင်းကို အသေးစိတ်ပြန်လိုက်တော့သည်။ နောက်ဆုံးတွင် စင်တိန်၏ မိသားစုနောက်ကြောင်းနှင့် သူမ၏ ဘ၀အစုံစုံကို ပြင်သစ်မှ အလွတ်စုံထောက်အဖွဲ့ တစ်ဖွဲ့အား တာဝန်ပေးငှားရမ်းခိုင်းစေလိုက်သည်။

မင်းဖရက်သည် ပရီတိုးရီးယား ဗဟိုထောင်ရှိ ဖခင်ထံသို့ တစ်လတစ်ခေါက် သွားတွေ့သည်။ ထိုသို့ တွေ့ရင်း စင်တိန်တို့ မိသားစုအကြောင်း သိသမျှ ပြောပါရန် တောင်းပန်သည်။
မဲဆွယ်ပွဲများ စတင်ချိန်တွင် မင်းဖရက်သည် သူ၏ စုံစမ်းထောက်လှမ်းမှုများမှ အရေးကြီးသော အချက်များ သိရကာ အသာစီးရနေပြီကို သိလိုက်သည်။ ထို့ကြောင့် မဲရွေးပွဲသို့ ကိုယ်ရောစိတ်ပါ အားသွန်ခွန်စိုက် တာစူ လိုက်တော့သည်။

ဆက်ရန်
.

No comments: