တောဘဲကလေးတွေချစ်စရာ
ပြာမှောင်မှောင် ခိုမင်းအသွေးရယ်နဲ့
ရွာမယောင် မိုးဆင်လို့ပေးပြန်တော့
ပျိုးပင်ကလေးတွေ စိမ်းလဲ့ကြည်။
ဓနိတောမှာလေ ငါးပိ ပေါသနဲ့
မိချောထဘီ ရေတွေစိုလို့
စိန်ရွှေကို ပျိုမမက်ပါဘူး
ဓနိတောမှာလေ ငါးပိ ပေါသနဲ့
မိချောထဘီ ရေတွေစိုလို့
စိန်ရွှေကို ပျိုမမက်ပါဘူး
ဣနြေ္ဒနဂိုအရှက်ကို ဖုံးဝှက်လို့ငို။
အာလူးကြော် အညှီတစ်ပွဲရယ်နဲ့
ငါမူးပြီးနော် အတည်ဆဲမိလိမ့်....
ဟေ့.... ဒီငနဲက သောက်လေကွာ
နောက်တစ်ခါဖြင့် ၀ီစကီတစ်လုံး။
ထွေးလုံးသည် တကြော်ကြော် အော်၍နေလေရာ၊ သူ့အမေဒေါ်သန်းရွှေက "ဟဲ့သား ...ဘာတွေ ပေါက်ကရ လျှောက်ဆိုနေတာလဲ"
ထွေးလုံး မှာ သူ့ဘဲကလေး(၁၀)ကောင်နှင့် သိပ်ပျော်နေသည်။
မိုးရာသီ သူတို့ခြံထဲ မြေစိုစိုမှာ တီကျစ်စာပုံတွေ တူးဆွ၍ သူ့ဘဲကလေးများအား တီကောင်တွေ ကျွေးနေ လေသည်။
ဝမ်းဘဲ တို့မည်သည် တီကောင်ကို အကြိုက်ဆုံးဖြစ်၏
တစ်ချက်တူးလိုက်၊ တီကောင်တွေ ပေါ်လာလိုက်၊ ဝမ်းဘဲကလေးတွေ တွီစလီ၊ တွီစလီ မြည်လျက် လုစားလိုက်။ သူတို့နှုတ်သီးလေးတွေ တူရွင်းနှင့်မထိအောင် မနည်းသတိထားရသည်။ ထွေးလုံး သည် ပျော်လွန် လွန်း၍ သူ့နှုတ်ထဲ ရရာတွေ လျှောက်ဆိုနေသည်။ မအေလည်း သူ့သားလှမ်း ကြည့်၍ စိတ်ထဲကျေနပ် အားရလျက်....
"ဒီ မဟုတ်တရုတ်သီချင်းတွေ မင်းဘယ်က ရလာတာလဲကွ"
"သြော် အမေကလဲ အရက်ဆရာ ဦးဦးသော်တာ သူမူးရင် အရပ်ထဲ အော်အော်ဆိုသွားတာ ကြားရ ဖန် များလို့ တချို့တစ်ဝက် ကျွန်တော်ရနေတာအမေရဲ့"
ဒေါ်သန်းရွှေသည် နောက်ဖေးကြမ်းပြင်မှာ ပန်းကန်ဆေးရင်း....
"အရက်သမား သီချင်းတွေဟယ်"
စင်စစ် သီချင်းမဟုတ်ပေ။ ရှေးခေတ် ဒဂုန်မဂ္ဂဇင်းကြီးထဲတွင် ဆရာ ဒဂုန်နတ်ရှင်က 'ပါနောက်'အ မည်နှင့် ရေး ခဲ့သော ဟာသလေးချိုးတွေထဲမှ ဟိုတစ်ပိုဒ် သည်တစ်ပိုဒ်ဖြစ်သည်။
ထိုအချိန်က ဆယ့်လေးငါးနှစ်မျှ ရှိခဲ့သော မောင်သော်တာလေးက အလွတ်ကျက်မှတ်ခဲ့ရာ ယခု အသက် (၆၀)ကျော် ပင်စင်ရ ကျောင်းဆရာကြီး ဦးသော်တာက အရက်မူးရင်း ဆိုလေ့ရှိသဖြင့် အ ရက်သမား သီချင်း ဟု မအေက ပြောသည်ကို ထွေးလုံးက တယ်ပြီး မကျေနပ်လှ။
"ဆိုလို့တော့ ကောင်းတာပဲ အမေရယ် "
"ကဲ ကဲ ဒါဖြင့် ဆိုတော်မူပါရှင် ပါးစပ်ကဆိုရင်း လက်က တူးနေတော့ ဘဲကလေးတွေ ခေါင်းလဲ ထိမိခိုက်မိနေဦးမယ်၊ သြော်... ဒါနဲ့သားရေ... မင်းဘဲလေးတွေ တီကောင်တွေ ကျွေးပြီးရင် ညိုမနဲ့ ကြန်စုံတို့ သားအမိကို သွားပြီး မောင်းတိုင်ရွှေ့ခိုင်းလိုက်ဦး "
"ဟုတ်ကဲ့ အမေ "
"နောက်ပြီး အင်းထဲက ကန်စွန်းရွက်ညွန့်ကလေးများလဲ ခူးခဲ့ပါကွယ် "
"ဟုတ်ကဲ့ အမေ၊ ကျွန်တော့် ငါ့လူးတွင်းတွေက ငါးရချင်လဲ ရဦးမှာ "
ထွေးလုံးသည် (၁၁)နှစ်အရွယ် (၅)တန်း ကျောင်းသားကလေး ဖြစ်၏။ သူတို့ရွာကျောင်းမှ မူလ တန်း အောင်ပြီးနောက် နှစ်မိုင်မျှဝေးသော မြို့ပေါ်ရှိ အထက်တန်းကျောင်းသို့ ပြောင်းခဲ့ရသည်။ ထွေးလုံး၏ အမေ ဒေါ်သန်းရွှေနှင့်အဖေ ဦးထွန်းစိန်က ကျရာအလုပ်ကို လုပ်၏။
ဒေါ်သန်းရွှေက ရွာမှထွက်သော ဟင်းသီးဟင်းရွက်များကို နေ့စဉ်မြို့ပေါ်သို့ သွားရောင်းလေ့ရှိ၏။ သို့ဖြင့် သူတို့ ချွေချွေတာတာ စုစုဆောင်းဆောင်း လုပ်ခဲ့ရာ နွားမတစ်ကောင်ဝယ်၍ မွေးနိုင်ခဲ့၏။ ညိုမဟု နာမည်ပင် ပေးသည်။
ညိုမ ဇီးနှင့် အရင့်အမာရှိသော တစ်နေ့၌ ထွေးလုံး ညနေကျောင်းက ပြန်အလာတွင် "သားရေ.... ညိုမ ကိုသွားရှာချေဦး၊ သူ့မှာ မွေးခါနီးနေပြီ ကောင်မက မြက်နုက ကြိုက်ပါဘိသနဲ့ မတော်တဆ အင်းစပ်ထဲက နွံထဲ မွေးနေမှဖြင့် နွားကလေးနစ်နေမှာ စိုးတယ်"
ထွေးလုံးသည် သူတို့ရွာအနီးက ရွှေကြာအင်းဆီသို့ ဒိုင်းစိုင်းခဲ့လေ၏။ အင်းစပ်က တောင်ကမူစာ ရောက်သောအခါ မြက်နုကလေးတွေ တစ်ဝကြီးစားပြီး ကိုယ်ဝန်အရင့်အမာနှင့် မြက်ခင်းပေါ် တစောင်းလှဲကာ ခေါင်းထောင်၍ ပါးစပ်တလှုပ်လှုပ်နှင့် စားမြုံ့ပြန်နေသော ညိုမကို လှမ်းမြင်ရ သည်နှင့် လက်ထဲ ရှိ တုတ်ကလေးကို ဝှေ့ယမ်းလျက် တအားပြေးဆင်းသွားလေ၏။
တောင်ကမူစာခြေရင်းရောက်သော် သူ့ခေါင်းပေါ်မှာ တဖျပ်ဖျပ် တောင်ပံခတ်သံ ကြားရသော ကြောင့် အသာ မော့ကြည့်လိုက်တော့ လားလား တောဘဲငန်းဖြူကြီးတစ်ကောင် တောင်ပံမှာ ခရမ်း ရောင်မှန်ကူကွက် နှင့် လှလိုက်တဲ့ဖြစ်ခြင်း၊ ထွေးလုံးသည် ထိုဝမ်းဘဲကို တအံ့တသြ ငေးမောကြည့် ရှုနေစဉ် ဝမ်းဘဲ က အင်းလက်တက်ဖြစ်သော ချောင်းရိုးတစ်လျှေက် ပျံသွားပြီး အင်းစပ်ရှိ ကိုင်း တော်ပေါ် အရောက်တွင် သုံးလေးပတ် လှည့်၍ဝဲသည်။
ထို့နောက် ကိုင်းပင်များအကြားသို့ ထိုးဆင်းသွား၏။
တိရစ္ဆာန်ကို ချစ်ခင်နှစ်သက်တတ်သော ထွေးလုံးသည် ယင်းဝမ်းဘဲကို အနီးကပ်မြင်လိုစိတ် ပေါ် လာသောကြောင့် ချောင်းရိုးအတိုင်း အင်းစပ်ကိုင်းတောရှိရာသို့ ခြေဖွဖွကလေးနင်းကာ သွားလေ၏ မိုးဦး ကျသည်မှာ သိပ်ကြာသေးသည် မဟုတ်သောကြောင့် ချောင်းကလေးသည် ရေက သူ့ခြေသ လုံးဝက်မျှသာ ရှိသေးသည်။ ကိုင်းတောအနီးရောက်လျှင် သူသည် ချောင်းထဲဆင်းကာ ခါးကို ကုန်း ၍ ကုန်း၍ ဖြည်းဖြည်းချင်း လှမ်းကာ ကိုင်းတောချုံပုတ်များအတွင်းသို့ မျက်စိကစားရင်း အခုန ဝမ်းဘဲကြီးကို ရှာသည်။ ချောင်းကွေ့တစ်နေရာ၌ သူသည် ရုတ်တရက် နွံဗွက်အိုင်လေးတစ်ခုကို နင်းမိ၍ စွပ်ခနဲ ဒူးဆစ် ထိ ဝင်သွားသည်၌ လဆာကလေးတစ်လစ်ထုတ်မိကာ ခေါင်းနားပန်းကြီး သွားလေသည်။
မတော်တဆ သည်အသံကို ဝမ်းဘဲများ ကြားသွား၍ ထပျံပြေလေမလားပေါ့
သို့သော် တော်ပါသေး၏။ ဝမ်းဘဲ ထပျံသည် မမြင်ရ။ ထို့နောက် သူ့ခြေထောက်ကို နွံထဲမှ ဆွဲထုတ် ကာ တစ်လှမ်းချင်း ချွတ်နင်းလျှောက်ရင်း ကိုင်းပင်များ ချုံပုတ်များကို အသာဖြဲကာ ဖြဲကာ ချောင်း ကြည့်ခဲ့ရာ လေးငါးကိုက်မျှ သွားမိလျှင် ဆင်ငိုမြက်ကြီးများ ဝန်းရံလျက်ရှိသော မြက်ခြောက်သစ် ရွက်ခြောက်များ ပေါ်၌ ကျကျနန ဝပ်နေသော ဝမ်းဘဲမကို တွေ့ရလေ၏။ ဝမ်းဘဲမသည် ဖြူဖွေးနေ သော သူ့အမွေးအတောင် များကို နှုတ်သီးဖြင့် ထိုးဆွကာ သူ့ကိုယ်သူ သနေသည်။ ဦးခေါင်းကို ရှေ့ တိုး နောက်ငင် လုပ်ကာ ဟန်ရေးပြနေသည်။ ထွေးလုံးမှာ ပီတိဖြာနေ၏။
နောက်တစ်ခဏ အကြာ၌ ဝမ်းဘဲမသည် ဝပ်နေရာမှ ဖြုန်းခနဲထကာ တစ်ဟုန်ထိုး ပျံတက်သွား လေ သည်။
သူသည် လှုပ်ရှားသမှု မပြုဝံ့သေး။ ဝမ်းဘဲမသည် အပေါ်မှနေ၍ သူ့ဝပ်ကျင်းရှိရာကို သုံးလေးပတ်မျှ ပါးစပ် က ဂတ်ဂတ်ဂီးအော်မြည်လျက် ဝဲပျံပြီနောက် သူ့လာလမ်းအတိုင်း ပျံသွားလေ၏။ အောက်က ချောင်းကြည့် နေသော ထွေးလုံးမှာ ဝမ်းဘဲမ သူ့မျက်စိတစ်ဆုံး ရောက်သွားတော့မှ အသက်ရှူ ဖြောင့်လျက် တဒိတ် ဒိတ်ခုန်နေသောရင်ဖြင့် ဝမ်းဘဲမ အသိုက်ရှိရာသို့ ခပ်သွက်သွက် သွားလေ၏။
ဟာ... ဆင်ငိုမြက်ဖုတ်အလယ်မှာ ကိုင်းရွက်ခြောက်တွေ၊ ဘဲမွေးတွေအပုံကြီး ၎င်းကို ဖြဲကြည့်လိုက် တော့ ထွေးလုံး ဝမ်းသာလိုက်တဲ့ ဖြစ်ခြင်း။ ဝမ်းဘဲဥပြာပြာကြီးတွေ ငါးလုံး၊ အပေါ်ဆုံးတစ်လုံး လက်နဲ့ အသာ ကိုင်ကြည့်လိုက်တော့ ပူပူနွေးနွေးရှိသေး။ ခုနကလေးမှ ဥခဲ့တာကိုး။
ထိုစဉ် ထွေးလုံး စိတ်ထဲဝယ် အကြံတစ်ခု ဒိုင်းခနဲ ရောက်လာသဖြင့် ဥတွေကို မူလအတိုင်း ဖြစ် အောင် ဘဲမွေး တို့ဖြင့် ပြန်ဖုံးလိုက်ပြီး သူ့စိတ်ကူးနှင့် သူ အလွန်ပီတိဖြစ်လျက် သူ့လာလမ်းအတိုင်း ပြန်ခဲ့ကာ ညိုမ ကို အိမ်သို့ ပြန်မောင်းခဲ့လေ၏။
ထွေးလုံးတွင် အချစ်ဆုံးသူငယ်ချင်း သူ့ထက် နှစ်နှစ်ကြီးသော ခုနှစ်တန်းကျောင်းသားကြီး ဂွေးနီ မည် သော လူငယ်ရှိ၏။ ထွေးလုံးက သူတွေ့ထားသော ဝမ်းဘဲမအသိုက်နှင့် သူ့ဆန္ဒပြောသော အခါ "အေး မင်းဘဲဥလေးတွေ လိုချင်တယ်ဆိုရင် မင်းဒီဘဲသိုက်တွေ့ထားတာကို ဘဲမကြီးမသိစေနဲ့ ဝမ်းဘဲ ထုံးစံ ဆယ့်လေးငါးလုံး ဥပြီးရင် ဝပ်လိမ့်မယ်။ သီတင်းလေးပတ် (၂၈)ရက်ကြာတော့ အကောင်လေး တွေပေါက်မယ်၊ ဒီတော့ တို့ သူ့အမေကြီးပါ သွားဖမ်းယူမယ် "
"ဘဲမကြီး က အဖမ်းခံပါ့မလား၊ ထွက်မပြေးဘူးလား "
"သူ့ကလေးတွေ ချစ်တဲ့ဇောနဲ့ ထွက်မပြေးတဲ့အပြင်မင်းကိုတောင် သူ့နှုတ်သီးနဲ့ ဆွဲလိမ့်ဦးမယ်ကွာ "
သို့သော် ကြေကွဲဖွဝ်ရာကား ဘဲမကြီး ဥတစ်ဆယ့်နှစ်လုံးမြောက်ဥပြီးသော နောက်တစ်နေ့၌ မြို့မှ ရွှေကြာအင်း သို့ ပျော်ပွဲစားထွက်လာကြသော လူတွေလက်ချက်နှင့် သေနတ်မှတ်၍ သေဆုံးသွား၏ နေ့စဉ် ဘဲမကြီး သည် ထိုနေ့၌ ဘဲမကြီးမလာတော့သည်နှင့် မနေ့က တနင်္ဂနွေမှာ မြို့ကြီးသားတွေ သေနတ်နှင့် ပျော်ပွဲစား လာကြသည်ကို ဆက်နွယ်ကြည့်ခြင်းအားဖြင့် ဘဲမကြီး ကံကြမ္မာ သိလေပြီ။
ထွေးလုံး သည် ထိုအကြောင်းကို ဂွေးနီနှင့် ဆွေးနွေးသောအခါ သူတို့အိမ်မှာ ကြက်ဘဲများ မွေးမြူ သည်ဖြစ်၍ ထိုတိရစ္ဆာန်တို့အကြောင်း သိနေသော ဂွေးနီက ...ဟေ့ ... ထွေးလုံး မင်းဒီဘဲဥတွေ စားပစ် ချင်သလား၊ ဒါမှမဟုတ် ဘဲကလေးတွေ မွေးချင်သလား "
"ဟာ ငါ ဘဲကလေးတွေ သိပ်မွေးချင်တယ်ကွာ"
"ဒါဖြင့် ဒီလိုလုပ် ငါတို့အိမ် မှာ နေမကောင်းတဲ့ ငါ့ညီမလေးကို နေ့တိုင်း ကြက်ဥတစ်လုံး ကျွေးနေရလို့ ဥတွေ ကုန်ပြီ ဝပ်ချင်နေတဲ့ ကြက်မရှိနေတယ်၊ အဲဒီတော့ မင်းဘဲဥတွေကို ငါတို့ ကြက်မဥကျင်းထဲ ယူထည့်၊ ပေါက်တော့ရင် ဘဲကလေးတွေ မင်းအိမ်ယူသွား"
ယင်းသို့ဖြင့် ထွေလုံးတို့အိမ်က ညိုမက သူ့သားကလေး ကြန်စုံမွေးဖွားပြီး သုံးပတ်မျှအကြာတွင် ထွေးလုံး ၏ တောဘဲဆယ့်နှစ်လုံးသည် ဘဲကလေးဆယ်ကောင် ပေါက်သဖြင့် သူ့အိမ်သို့ ယူဆောင် ခဲ့လေ၏။
ဤနည်းဖြင့် အမိမဲ့ဘဲကလေးများအား မွေးစားအဖေလုပ်ခဲ့သော ထွေးလုံးမှာ သူ့ဘဲကလေးဆယ် ကောင်နှင့် ပျော်လှသည်။ နောက်ပြီး သူတို့အိမ်မှာ မိခင်နွားမကြီး ညိုမနှင့် သားကြန်စံကလည်း ရှိ နေသည်။ ယခု ကြန်စုံက နှစ်လသားရှိပြီ။ ဘဲကလေးတွေက တစ်လကျော်ကျော်လောက် ရှိပြီ။ အထီးအမ တော့ ခွဲမရသေး။
ထွေးလုံးသည် ထိုဘဲလေးများအား တီကောင် ဝလောက်အောင် ကျွေးခဲ့ပြီးနောက် ဓားမတိုလေး တစ်ချောင်း ခါးထိုးပြီး အိမ်မှ ထွက်လာခဲ့သည်။ ညနေ နေထန်းတစ်ဖျားခန့်ရှိ၍ မိုးသားမိုးတိမ်ကင်း စင်လျက် ရာသီဥတုသာယာနေသည်။ ရွာထိပ်က ညောင်ပိန္နဲပင်ကြီအောက် ရောက်သောအခါ သူတို့ ရွာသား ကျောင်းနေဖက်များ ဖြစ်ကြသော ဂွေးနီ၊ အောင်ထွန်း၊ အုန်းကျော် စေသော ကလေးများ ကစား နေကြသည် ။ ထိုနေ့သည် ကျောင်းပိတ်ရက်ဖြစ်သဖြင့် နေ့ခင်းကြီးကတည်းက လာရောက် ကစား နေသည်။
မီးခြစ်ဆံတမ်း ဂေါ်လီရိုက်ကြသည်။
သားရေကွင်း ပစ်ကြသည်။ မျောက်ပန်းလှန်ကြသည်။
ပိုက်ဆံတမ်း။
ကြည့်စမ်း သည်ခေတ်ကလေးတွေ သည်လောင်းကစားမှု မကင်းသောနည်းတွေ ကစားနေကြ သည်။ ထွေးလုံး မူ သူ့အိမ်မှုာ သူချစ်သော တိရိစ္ဆာန်ကလေးတွေ ရှိနေသည်မို့ အခြားကလေးအ ဖော်များနှင့် ကစားစရာ မလိုတော့။
ဒါကလေးတွေ ကျွေးမွေးပြုစုရသည်နှင့်ပဲ ပျော်နေသဖြင့် သူ့အချစ်ဆုံး သူငယ်ချင်းဂွေးနီက ကစား ရန် ဆီးခေါ်သည်မှ "ဟေ့အေးကွာ... ငါအင်းထဲ သွားပြီ နွားသားအမိ မောင်းတိုင်ရွှေ့ပေးရဦးမယ်"
မောင်းတိုင်ဆိုသည်မှာ ဆုံလည်တိုင်ပေါ်တွင်ဝါးဆစ်ခေါင်းတစ်လုနှင့် မောင်တံစွပ်ထား၍ ထိုမောင်း တံအဖျား မှာ နွားကြိုးကို ချည်၍ထားသည်။ မောင်းတံအရင်းဘက်မှာ အလေးဆွဲထား၍ မောင်းတံ အဖျား သည် အစဉ်သဖြင့် အပေါ်ထောင်နေသဖြင့် နွား၏ ခြေထောက်ကို ကြိုးမညိုနိုင်။ နွားသည် သူ့ချည်သော ကြိုးနှင့် မောင်းတံအရှည်နှစ်ခုပေါင်း အချင်းဝက်ရှိသော စက်ဝိုင်းအတွင်းမှာ လှည့် ကာပတ်ကာ အစာ စားနေရသည်။ ယခုလို မိုးတွင်းအချိန်မှာ လယ်များတွင် ကောက်ပင်များ ရှိနေပြီ ဖြစ်သောကြောင့် နွားများ ကို လွှတ်ထား၍ မဖြစ်တော့။ သည်လိုစားကျက်တွင် နွားများကို မောင်းတံ နှင့် လှန်၍ ထားရသည်။
ထွေလုံးသည် ရောက်သွားသောအခါ ညိုမသားအမိသည် သူတို့ လှည့်ပတ်နိုင်သော စက်ဝိုင်းအ တွင်းမှာ ခွာရာချင်းထပ်နေပြီဖြစ်သောကြောင့် အဆင်သင့်ပဲ ထွေးလုံးက မောင်းတိုင်ကို နေရာ ပြောင်းပေးလိုက်သည်။ ပထမမောင်းတံကို ချွတ်၊ ထိုနောက် မောင်းတိုင်ကို နှဲ့နှဲ့နုတ်၊ ပြီလျှင် အခြား တစ်နေရာ သို့ မောင်းတံကို ယူသွားပြီးလန်းဆန်းစိုပြည်သော မြက်များရှိရာနေရာမှ မောင်းတံ အဖျားချွန်ချွန် ကို မြေပျော့ပျော့တွင် ဆောင့်စိုက်၊ ထိုနောက် နွားမချည်ထားသော မောင်းတံကို နွားမနှင့် ဆွဲ ယူလာပြီး မောင်းတိုင်မှာ ပြန်စွပ်ပေးလိုက်သည်။ သူအဖေ ဦးထွန်းစိန် လုပ်ပေးထား သော မောင်းတိုင်။
ယင်းကိစ္စပြီးသောအခါ ထွေးလုံးသည် မောင်းတိုင်နှင့် တယ်ပြီးမဝေးလှသော ရွှေကြာအင်းထဲဆင်း ၍ ကန်စွန်းညွှန့်ခူးသည်။ သို့ခူးရင်း အင်းကမ်းစပ်မှ သူလုပ်ထားသော ငါးလူးတွင်းကလေးတွေကို လျှောက်ကြည့်ရာ ငါးရံ့ခေါင်းတိုကလေးနှစ်ကောင်နှင့် လယ်ငါးခူကြီးတစ်ကောင် ရလိုက်သဖြင့် ထွေးလုံး ဝမ်းသာ လှ၏။
နေကို မော့ကြည့်လိုက်သော် အချိန်ရှိသေးသဖြင့် ထွေးလုံးသည် အင်းကမ်းစပ်မှ ငါးလူးတွင်းက လေးတွေ ထပ်ပြီး လုပ်သည်။ သူ့ဓားမတိုလေးနှင့် ရေစပ်မှာ တောင်ုပ်လောက်နက်အောင် အချင်း တစ်မိုက်မျှရှိသော တွင်း ဝိုင်းဝိုင်း ကို တူးသည်။
ပြီလျှင် ရေစပ်က တွင်းနှုတ်ခမ်းတစ်ခြမ်းမှာ ရွှံ့ကိုချောပြောင်နေအောင် ပွတ်သပ်ထားလိုက် သည်။ ငါးခူ၊ ငါးရံ့ကလေးတို့သည် သည်လိုချောပြောင်နေသော ရွှံ့သားကိုတွေ့လျှင် တက်ပြီးလူးတတ် သည်။
ဤအခါ တစ်ဖက်သို့ လွန်ပြီး တွင်ူးထဲကျ၊ ဤတွင်းထဲမှာ ရေမရှိ။
ထွေးလုံးသည် သူ၏ ငါးလူးတွင်းကလေးများသို့ အင်းကမ်းပါးမှ လျှေက်သွားသူတို့ မမြင်ရ မသိရ အောင် တွင်းဝအပေါ်ဘက်မှာ ကိုင်းရိုးဆက် ကိုင်းဇောက်ကလေးတွေနှင့် အုပ်ထားသည်။
အချိန်မရွေး ငါးကလေးတွေက ကျနေတတ်တာပဲ။ မိုးရွာသည်။ ငါးမြူးသည် ဆိုသောအခါများတွင် တစ်တွင်း တည်း နှစ်ကောင် သုံးကောင်ပင် ရတတ်သည်။ သည်နေ့တော့ နေသာသဖြင့် ငါးမမြူး၊ ထို့ကြောင့် သူ့ငါးလူးတွင်း ဆယ့်လေးငါးတွင်းမှ ငါးသုံးကောင်တည်းသာ ရခဲ့သည်။
ညနေစောင်း နေဝင်ရီသရောအချိန်ခန့်တွင် နွားသားအမိကို မ၍ ကန်စွန်းရွက်စည်းကြိုးနှင့် ငါးသုံး ကောင် ကို သီတံနှင့် ဆွဲပြီး ရွာတွင်းသို့ဝင်လာသော ဆယ်နှစ်ကျော်ကျော်မျှ ရှိသေးသော သူငယ် ကလေးသည် မည်မျှကျက်သရေရှိပါသနည်း။
ဘဲကလေးတွေနာမည်
"အမေရေ..... ကျွန်တော် သူတို့လေးတွေကို နာမည်ပေးထားပြီး သူက မီးခိုး၊သူက မဲလုံး၊ သူက မှိုင်းပြာ၊ သူက ညိုမောင်၊ သူက ဖြူရော်၊ သူက ဝါနု၊ သူက ရင်ကျား၊ သူက ကျောကွက်၊ သူက ဘေးဖြူ သူက ရောင်စုံတဲ့ အမေ"
ဘဲကလေးများသည် သူနှင့်လက်ပွန်းတတီး နေနေကျ၍ အလွန်ယဉ်ကျေးနေသည်။ ထွေးလုံး ပတ်ချာလည်မှာ ပါးစပ်ကလေးတွေ တွီစတွီ တွီစတွီ မြည်လျက် လှုပ်လှုပ်ရွရွနေသည်ကို ထွေးလုံး က သူ့အမေအား တစ်ကောင်စီ တစ်ကောင်စီ ဦးခေါင်းကလေးတွေ လက်ညိုးနှင့် ထောက်ပြ၍ နာမည်ကလးတွေ မှည့်ခေါ်နေလေရာ သူ့အမေက....
"သားရဲ့.... နင့်ဘဲကလေးတွေက ငါ့မျက်စိထဲမှာတော့ ညိုညိုပြာပြာ၊ ဖြူဖြူဝါဝါကလေးတွေချည်း ပါပဲကွယ်။ တစ်ကောင်းနဲ့တစ်ကောင် ခွဲမသိပါဘူး"
"ကျွန်တော်ကတော့ သိတယ်၊ ဟောဒါ ညိုမောင်း၊ ဟောဒါ ရင်ကျား၊ ဟောဒါ ရောင်စုံ၊ ဟောဒါ ဘေးကွက်"
"မင်း ဘယ်လိုမှတ်သလဲ"
"မြင်နေကျတော့ အလိုလိုသိနေတာပေါ့ အမေရယ်၊ ကဲ....မကြီး မငယ်တို့ အမြွာပူးညီအစ်မလေ နံဘေးကလူတွေက ခွဲမသိကြဘူး။ ဟော သူ့အမေကတော့ သိနေတာပေါ့ အဲဒီလိုပေါ့ နောက်ပြီး သူများကျွဲတွေကို စုကျောင်းတဲ့ ကိုပေတူးကြီလေ၊ ကဲ ကျွဲတွေ အကောင်နှစ်ဆယ် အစိတ်ကို ဘယ် သင်း ဘယ်သူ့အိမ်က ကျွဲဆိုတာကို သူ ခွဲခြားသိနေတာကော၊ အဲဒါမှ အံ့သြဖို့ကောင်းတာ၊ အကြီး မငယ်တို့က ညီအစ်မနှစ်ယောက်တည်းရယ်၊ ကျွန်တော်ဘဲကလေးတွေ ဆိုတာကလဲ အမွေးအရောင်လေးတွေ နည်းနည်းစီ ကွဲကြသေးတယ်၊ ကဲ...ကျွဲတွေကျတော့ အားလုံးအရောင်တူ၊ ချိုတူ တွေလေ၊ မဟုတ်ဘူးလားအမေ"
"ဟုတ်ကဲ့ပါ သားရယ်"
"ကဲ ဘုန်းကြီးတွေ ကြည့်ဦး၊ အလှူမှာ ဘုန်ကြီးဆယ့်လေးငါးပါးကြွလာတယ်၊ သင်္ကန်းဝါဝါချည်းပဲ ဒါပေမယ့် အမေတို့ ကိုယ့်ကျောင်းက ဘုန်းကြီတော့ ကိုယ်မှတ်မိတယ်၊ ခွဲခြားပြီး သိတယ် မဟုတ် လား"
"ဟယ် ..... ငထွေလုံး၊ နင့်ဟာ တော်တော့ ဘယ်နှယ်တော် ဘဲကနေမကြီး မငယ်ရောက်၊ မကြီး မငယ်ကနေ ကျွဲရောက် ကျွဲကနေ ဘုန်းကြီးရောက် မစပ်မရာတွေ"
"သြော်... သဘောပြောတာပါ အမေရဲ့ ဒါနဲ့အမေ ဘုန်းကြီးနဲ့ ကျွဲနဲ့မတည့်ဘူးနော် ကျွဲတွေဟာ ဘုန်းကြီးတွေမြင်ရင် လိုက်ခတ်တာပဲ၊ ဘုန်းကြီးတွေ လယ်ကွင်းထဲများ ကြွရရင် ကျွဲအုပ်ကို ဝေးဝေး ကရှောင်ရတယ်၊ ကျွဲတွေက ဘုန်းကြီးတွေကို ဘာလို့ လိုက်ခတ်တာလဲအမေ"
"ဟဲ့.... ကျွဲတွေက ဘုန်းကြီးတွေရယ်လို့ ခတ်တာမဟုတ်ဘူး၊ သူတို့ မျက်စိထဲမှာ နီနီဝါဝါ အရောင် တွေကို လိုက်ခတ်တာ"
"ဟုတ်တယ် အမေ ဟုတ်မယ် တစ်ခါက ကျောင်းက ကိုရင်ကြီးရှင်တိဿနဲ့ ကျွန်တော် ဥသျှစ်ကုန်း ရွာက မသာသွားတော့ အပြန်မှာ ချုံကွယ်တစ်ခုကနေ ရုတ်တရက် ကျွဲုတစ်ကောင် ထွက်ပြေးလာ ပြီး ကိုရင်ကြီးကို လိုက်ခတ်တာ၊ ကိုရင်ကြီးက ပြေးရင် စိတ်ကူရပြီး သူဧကသီကြီ ချွတ်၊ ချုံတစ်ခု ပေါ်မှာ တင်ပစ်ခဲ့တော့ အဲဒီကျွဲကြီးဟာလေ ကိုရင်ကြီးကို ဆက်မလိုက်တော့ဘူး၊ အဲဒီချုံပေါ်က သင်္ကန်းကြီးကိုချည်း ဆောင့်ဆောင့်ခတ်နေတော့တာပဲ၊ ဟီး ဟီး ရယ်ဖို့ကောင်းလိုက်တာ"
"ရယ်မနေနဲ့ ငါ့သား၊ မင်းလဲ တစ်နေ့ ကိုရင်ဖြစ်နေရဦးမှာ"
"ဘယ်တော့လဲ အမေ"
"ကြန်စုံ ကြီးတော့လေ၊ ကြန်စုံကို ရောင်းပြီး မင်းကို ရှင်ပြုဖို့ တို့စိတ်ကူးထားတာပဲ"
"ဟင်.... ကြန်စုံကို မရောင်းနဲ့အမေ၊ ကြန်စုံကို မရောင်းရဘူး၊ ကြန်စုံမရှိတော့ ကျွန်တော်ငိုနေမှာ ဘယ့်နှယ်လုပ် ရှင်ပြုဖြစ်တော့မလဲ"
"ဟယ်... နောက် လေးငါးနှစ် လိုပါသေးတယ်ကွာ၊ ကြီးတော့ စိတ်ပြောင်းလာဦးမှာပေါ့"
"မပြောင်းဘူး အမေ၊ ဘယ်တော့မှ မပြောင်းဘူး"
ရန်သူ
ထွေးလုံးက သူ့ဘဲကလေးတွေ နာမည်ပေးသောအချိန်မှာ ဘဲကလေးတွေက ငယ်လှသေးသည်။ ကျောမကုန်းသေး၊ မွေးကြမ်း မထိုးသေး၊ ဥမှထွက်ခဲ့သော မွေးနုမွေးညင်းကလေးတွေသာ ရှိသေး သည်။ အဲသည်အရွယ်မှာ အင်မတန်ပျောက်တတ်ရှတတ်သည်။
နေ့အချိန်မှာ ကျီးရန် စွန်ရန်တွေ ရှိသည်။ ထို့ကြောင့် ထွေးလုံးသည် နေ့အချိန်မှာ သူမကြည့်နိုင် လျှင် ဘဲကလေးတွေကို အပြင်သို့ မလွှတ်တော့ဘူး။ ညအချိန်မှာ သူ့ဘဲကလေးတွေ အိပ်သောနေ ရာသို့ မြေကြွက်ကြီးများမဝင်နိုင်ရန် ရေနီဆီပုံးအပျက်များမှ သံပြားတွေကို လုံခြုံစွာ ဝိုင်းထားသည်။
သို့တိုင် သူ့ဘဲကလေးတွေ နာမည်ပေးပြီး လေးငါးရက်လောက်အကြာမှာ ဘဲကလေးတစ်ကောင် စတင်၍ ပျောက်လေသည်။
ထွေးလုံးသည် ညနေကျောင်းမအပြန် သူတို့နွားမ ညိုမတို့သားအမိကို မောင်းလှန်ထားသော ကွင်းပြင်ထဲမှ ပြန်မရုပ်သိမ်းမီ ဘဲကလေးတို့အား တီကောင်တူး၍ ကျွေးနေကျ၊ နေ့စဉ် အချိန်မှန် မှန် အပြင်ထွက် အစာစားနေကျဖြစ်သော ဘဲကလေးတို့သည် ထွေးလုံးလာသည်ကိုမြင်လျှင် ဝပ်နေရာမှ ထကြပြီး ပါးစပ်ကလေးတွေဖြဲ၍ တွီစတွီမြည်လျက် ဘဲခြံတံခါးဖွင့်ပေးလိုသည်နှင့် တစ်ပြိုင်နက် ရှေ့မှ ပေါက်ပြား သို့ မဟုန် တူရွင်းကို ထမ်းသွားသော ထွေးလုံးနောက်သို့ ခြေထောက်နားမှကပ်၍ လိုက်ကြသည်။
"ထိုနေ့ညနေ၌ ထွေးလုံးသည် တစ်ဖက်မှာ ချုံပုန်များရှိသော ခြံစည်းရိုးအနီးမှာ ဘဲကလေးတွေ တီကောင်တူးကျွေးနေစဉ် သူ့အမေက အိမ်နောက်ဖေးရေကပြင်မှနေ၍
"သားရေ မင်းဘဲကလေးတွေ ခဏထားပြီး အမေ့ကို ရေတစ်ခေါက်လောက် တင်ပေးစမ်းပါကွယ်" ဟု ဆိုသဖြင့် "ဟုတ်ကဲ့ အမေ" ဟု ပြန်ပြောပြီး လက်ထဲက ပေါက်ပြားကို ချခဲ့၍ အိမ်ဆီသို့ ပြန် လာခဲ့သည်။ ပေါက်ပြားကို ချမထားခဲ့၍ကား မဖြစ်။ ထိုပေါက်ပြားနှင့်ထွေလုံး သွားမည်ဆိုပါလျှင် ဘဲကလေးတွေက နောက်မှ စုပြုံလိုက်မည်သာ။
သူတို့သဘောမှာ လူ့ထက် ပေါက်ပြားက သူတို့အား တီကောင်ကျွေးသည်ဟု ယူဆဟန်တူသည်။ ပေါက်ပြားနားမှာ ဝိုင်းအုံ၍ ကျန်ရစ်ခဲ့သည်။
အကယ်တန္တိ အခြားတစ်စုံတစ်ယောက်က ဤပေါက် ပြားကို လာ၍ ယူသွားအံ့။ ထိုလူနောက်သို့ သူတို့ စုပြုံလိုက်ကြပေလိမ့်မည်။ စင်စစ် သူတို့စိတ်ထဲ တွင် သူတို့အား တီကောင်ကျွေးသည်မှာ လူကမဟုတ်၊ ပေါက်ပြားသာ ပဓာနဟု အောက်မေ့ကြ ကုန်သည်။
ဥပမာ...ကြည့်ပါ။ ထွေးလုံးအဖေရယ်၊ ထွေးလုံးရယ်၊ အမေရယ်၊ သုံးယောက်အတူလာပြီး ဘဲခြဲကို ဖွင့်ပေး၊ ပေါက်ပြား ကိုင်သူ၏နောက်ကိုသာ သူတို့လိုက်ကြသည်။ ဤပေါက်ပြားက သူတို့အား တီကောင် ကျွေး သည်ဟု ဘယ့်ကလောက် အစွဲအလမ်းကြီးနေသလဲဟူမူ သူတို့နေ့စဉ် မြင်နေကျ ထွေးလုံး တို့ မိသားစုမဟုတ်ဘဲ အခြားတစ်ယောက် ပေါက်ပြားထမ်းသွားသည်ကို မြင်လျှင်လည်း ထိုလူနောက်မှ စုပြုံ လိုက်သွား တတ်သည်။
ထို့ကြောင့် ထွေးလုံးတို့၏အိမ်ခြံတံခါးဝမှာ ဘဲမထွက်နိုင်အောင် တစ်တောင်သာသာမြင့်သော ဝါးထရံ ကလေး ယက်၍ ကာထားရသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် လမ်းမကလူတစ် ယောက် ပေါက်ပြား ထမ်းသွာသည်ကို မြင်လျှင် နောက်မှ စုပြုံလိုက်သွားတတ်သောကြောင့် ဖြစ်၏။
အတော်ခက်တဲ့အကောင်မျိုး။
ပြန်ဆက်စို့....... ထိုနေ့ညနေက ထွေးလုံးသည် သူ့အမေအား ရေခပ်ပေးပြီနောက် (ဆယ်မိနစ် လောက်ပဲကြာတယ်) ပြန်လာပြီး ဘဲကလေးတို့အား တီကောင်ဆက်၍ တူးကျွေးနေသည်။ သို့စဉ် ထွေးလုံး သည် သူ့ဘဲအုပ်ကို ကြည့်ရသည်မှာ တစ်စုံတစ်ခု ချွတ်ယွင်းနေသည်ဟု အောက်မေ့လာ ၍ တစ်နှစ်သုံးလေး ရေတွက်ကြည့်တော့ ဟိုက်.... ကိုးကောင်တည်း။ သူထပ်ရေပြန်သည်။ ဟုတ် တယ် ကိုးကောင်တည်းပဲ။ ဟိုက် တစ်ကောင် ဘယ်ရောက်သွာပါလိမ့်။ အနီးပတ်ဝန်းကျင်ကို ကြည့် တယ်၊ မမြင်၊ ဘဲတို့၏သဘာဝမှာ တစ်ကောင်နှင့်တစ်ကောင်လည်း ခွဲမနေတတ်။ ဧကန္တ ဘဲကလေး တစ်ကောင်တော့ ပျေက်ပါပြီ။ ငါ ရေခပ်နေတုန်း ကျီးကန်းများ သုတ်သွားလေသလား၊ ဟင့်အင်း ကျီးကန်းလည်း သည်အနီးပတ်ဝန်းကျင်မှာ မမြင်ပါဘူး
ထွေးလုံးအိမ်မှာရှိနေလျှင် ကျီးကန်း သူတို့ခြံထဲတောင် မလာဝံ့ပါဘူး။ အဘယ့်ကြောင့်ဆိုသော် ထွေးလုံးလက်ထဲမှ သို့မဟုတ် ခါးမှ ခွလေးက အမြဲရှိနေ၏။
ကဲ.... ဒါဖြင့် စွန်များလား၊ ဟင့်အင်း စွန်တို့မည်သည် သည်လိုမိုးရာသီတွင် လူတို့ရပ်ရွာတွင် မနေ တတ်။ ဝါတွင်းကာလမှာ ဟိမဝန္တာတောသို့ သွား၍ ဝါဆိုနေကြသည်ဟု လူကြီးသူမများ ပြောကြ၏။
ထွေးလုံးသည် သည်ရာသီမှာ စွန်တစ်ကောင်တစ်မြီးမျှလည်း မမြင့်တော့ သူ့ဘဲကလေးတစ်ကောင် ပျောက်နေသည်ကို မစဉ်းစားတတ်အောင် ဖြစ်နေတော့၏။
သူ့ဘဲအုပ်ကို သူထပ်၍ထပ်၍ ရေသည်။ ဘယ်နှခါရေရေ ကိုးကောင်ဟာ ကိုးကောင်ပဲ။ နောက်ဆုံး ၌ ထွေးလုံးသည် သူ့ပုဆိုးစထဲသို့ တစ်ကောင် နှစ်ကောင် ကိုးကောင်ဟု ရေတွက်ထည့်ခဲ့ပြီး ထိုင် ရာမှထ၍ ငိုယိုကာ အိမ်သို့ ပြန်ခဲ့လေ၏။
"အမေရေ... ဘဲကလေးတစ်ကောင် ပျောက်သွားပြီဗျ"
ဝမ်းခေါင်းသံနှင့် လှမ်းအောင်ပြောလိုက်တော့ သူ့အမေက မီးဖိုချောင်ထဲမှ...
"ဟဲ့... ဘယ့်နှယ်လုပ် ပျောက်တာတုံး"
"သိဘူး... အမေ ရေခပ်ခိုင်းလို့ ရေခပ်ပြီးပြန်လာတော့ တစ်ကောင်လျော့နေတာပဲ"
"မင်း မျက်စိမှားသလားကွယ်"
"မှားပါဘူး၊ အခုပဲ တစ်ကောင်စီဖမ်းပြီး ကျွန်တော့်ပုဆိုးထဲထည့်ခဲ့ပြီ အမေ လာကြည့်ပါဦး"
သူ့အမေလည်း အိမ်အောက်ဘဲခြံသို့ ဆင်းလာတော့ ထွေးလုံးသည် ဘဲခြံဝမှာ ဆောင့်ကြောင့်ထိုင် ၍ သူ့ပုဆိုးခါးပုံစထဲမှ တစ်ကောင်စီထုတ်ကာ "ဟောဒါက ဝါနု၊ ဟောဒါက ညိုမောင်၊ ဟောဒါက မီး ခိုး၊ ဟောဒါက ရင်ကျား၊ ဟောဒါက ဖြူရော်၊ ဟောဒါက မှိုင်းပြာ၊ ဟောဒါက မဲလုံး၊ ဟောဒါက ကျောကွက်၊ ဟောဒါက ရောင်စုံ၊ ကဲ... ကုန်ပြီ၊ ဘေးဖြူရယ် ပျောက်သွားတာပေါ့"
"ကျီးကန်းများ ထိုးသလားကွယ်"
"ကျွန်တော်တို့ခြံထဲ ကျွန်တော်ရှိရင် ဘယ်ကျီးကန်းမှ မလာရဲဘူး"
"စွန်တို့ ချိုးသိန်းတို့လဲ ဒီအချိန်မှာ မရှိပါဘူး။ ကြွက်တွေများ ဆွဲသွားသလား၊ အဲဒီအနားမှ ကြွက် တွင်းများ ဆွဲသွားသလား၊ အဲဒီအနားမှာ ကြွက်တွင်းရှိသလား"
"ဘာတွင်းမှ မရှိပါဘူး။ ကျွန်တော် ပေါက်ပြားနဲ့လျှောက်ပေါက်ထားတာ မြေတွေမွလို့"
"ဒါဖြင့် မြွေများလား"
"မြွေဆို ကျွန်တော်တွေ့ရမှာပဲ၊ မြွေဆိုတာ သူ့သားကောင်ကို ဘယ်တော့မှ ချီယူမသွားဘူး၊ ရတဲ့နေ ရာမှာ မျိုတာပဲ၊ ကဲ... ဒီတော့ ကျွန်တော် ရေခပ်နေတဲ့အချိန်ဟာ ခဏလေးပဲ၊ အဲဒီအတွင်းမှာ ဘဲက အငယ်လေးမို့ သူမျိုပြီးသွားလဲ မဝသေးဘူး၊ နောက် တစ်ကောင်ပြီးတစ်ကောင် သူ ဗိုက် မပြည့် မချင်း မျိုနေဦးမှာပဲ"
"အင်း... ငါ့သားပြောတာမှန်ပါတယ်၊ ဒါဖြင့် ဘယ်လိုက ဘယ်လိုများ ပျောက်ပါလိမ့်ကွယ်၊ ကဲ... တိတ်ပါ သားရယ်၊ ကိုယ့်မှာ ကိုးကောင်ကြီးများတောင် ကျန်သေးတာပဲ"
"ဘေးဖြူလေးကို သနားတာ အမေရဲ့၊ ဘာကောင်များ စားသွားတာပါလိမ့်"
"ကဲ... တိတ်တိတ်၊ ဘဲခြံကိုပိတ်ခဲ့၊ ညိုမတို့သားအမိဆီ သွားချေဦး"
ဘဲခြံတို့မည်သည် ကြက်ခြံလိုမဟုတ်၊ အပေါ်က အုပ်စရာမလို၊ ဒူးဆစ်လောက်မြင့်သော အကာရှိ လျှင်ပင် ဘဲများမထွက်နိုင်တော့ပြီ။ ထွေးလုံးသည် သူ့ဘေးဖြူလေးအတွက် ရင်ထဲက ဆွေးတသသ နှင့် ရွာမှ ကွင်းထဲသို့ ထွက်ရလေရာ သူ့အမေဘေး၌ ခုန်ပေါက်မြူးထူးနေသော ကြန်စုံလေးကိုမြင် လိုက်ရတော့မှ သူ့ဘဲကိစ္စကို ခေတ္တမေ့ပျောက်သလို ရှိသွား၏။ သို့သော် ထွေးလုံးခမျာ သူ့ဘဲက လေးများအတွက် ပူရသည်မှာ ဘေးဖြူတစ်ယောက်တည်းနှင့် မပြီးသေးချေ။ နောက်တစ်နေ့ နံနက် တွင် ဘဲခြံထဲ၌ပင် နောက်ထပ်နှစ်ကောင် ပျောက်နေပြန်လေ၏။
"အောင်မယ်လေး အမေရဲ့(ငိုသံပါကြီးနှင့်) လာကြည့်ပါဦးဗျ၊ ရောင်စုံနဲ့ မှိုင်းပြာနှစ်ကောင် မရှိတော့ ပြန်ဘူးဗျ"
ထွေးလုံးအဖေ ကိုထွန်းစိန်မှာ ပန်းရန်ဆရာဖြစ်၍ ထိုအချိန်၌ အခြားရွာတွင် ပန်းရန်သွားလုပ်နေသ ဖြင့် သူတို့ အိမ်မှာ သည်သားအမိနှစ်ယောက်တည်း။ မအေကြီးပဲ ဘဲခြံရှိရာ ဆင်းလာပြီး...
"ဟင်... ဘယ်လိုများ ပျောက်ရပြန်ပါလိမ့်ကွယ်၊ လူဝင်ခိုးတာဆိုလဲ"
"တစ်ကောင်မှ မချန်ဘူး၊ အားလုံးယူသွားမှာပေါ့ အမေရယ်"
"ဒါဖြင့် ခွေးဝင်ကိုက်သွားတာများလား"
"ဒီအနီးအနားမှာက ကြက်၊ ဘဲ ကိုက်တတ်တဲ့ ခွေး မရှိပါဘူး၊ ရှိလဲ ကျွန်တော်တို့ခွေးမျောက်ညိုက ကျွန်တော်တို့ခြံထဲ တခြားခွေး အဝင်မှမခံတာ၊ ဟင်း... ဘေးဖြူရယ်၊ ရောင်စုံရယ်၊ မှိုင်းပြာရယ်၊ နင်တို့ ကုသိုလ်ကံလေးတွေက ဆိုးလိုက်တာဟယ်"
"သြော်...သားရယ်၊ သတ္တဝါတစ်ခု ကံတစ်ခု၊ သေနေ့စေ့တော့ တစ်နည်းနည်းသေရမှာပဲ၊ တရားနဲ့ ဖြေ ပါကွယ်"
"အဖေ ရှိရင်တော့ ကောင်းမှာပဲ"
"မင်းအဖေ ရှိတော့ကော ဘာတတ်နိုင်မှာလဲ"
"တရားခံ ရှာနိုင်မှာပေါ့ဗျာ"
"ကဲ... သားမျက်ရည်တွေ သုတ်ကွယ်၊ ကျောင်းသွားဖို့ ပြင်တော့"
"ကျွန်တော် မသွားနိုင်ဘူး၊ ဒီဘဲကလေးတွေကို စိတ်မချဘူး"
"ကျောင်းမသွား လို့ ဘယ်ဖြစ်မလဲသားရယ်။ သွားသာသွားပါ။ အမေကြည့်ထားလိုက်ပါ့မယ်"
"အမေ ဈေးရောင်းသွားရင်ကော"
"တောင်းနဲ့အုပ်ပြီး အပေါ်က ခဲဖိခဲ့ပါမယ့်၊ ငါ့သား စိတ်ချလက်ချသာ သွား..."
"ခု သူတို့ကို အမေ အစာကျွေးလိုက်ပါဦး"
"ညက ထမင်းကြမ်းကျန်ကို ရေဖျော်ပြီး ကျွေးလိုက်ပါ့မယ်"
ထွေးလုံးသည် ယခုမနက် သူ့အမေ ချက်ထားသော ထမင်းပူပူနွေးနွေးကို မနေ့က သူ့ငါးလူးတွင်းမှ ရခဲ့သော ငါးဟင်း နှင့် စားပြီး အိမ်မှထွက်ခဲ့လေ၏။ သူ ကျောင်းသွားရသည်မှာ ဖြောင့်ဖြောင့်တန်း တန်းမဟုတ်သေးချေ။ လွတ်အိတ်ကို ပုခုံးစလွယ်သိုင်းပြီး ညိုမတို့သားအမိကို ကွင်းစားကျက်ထဲသို့ ပို့ခဲ့ ရသေး၏။ ရောက်သော် နွားမြီကီးကို မောင်းတံတွင် ချည်ပြီးမှ ကျောင်းသွားရန် တာလမ်းမကြီး သို့တက်ခဲ့ရ၏။ တာလမ်းပေါ်တွင် သူ့အား အသင့်စောင့်နေသော သူငယ်ချင်းဂွေးနီနှင့်တွေ့လျှင် သူ့ဘဲကလေး သုံးကောင် ပျောက်ရပုံကို အသေးစိတ်ပြောပြသည်။ သူတို့အိမ်မှာ ကြက်၊ ဘဲ မွေးနေ ကျဖြစ်သာ ဂွေးနီသည် အတော်ကြာ စဉ်းစားပြီးနောက်
"ငါ့စိတ်ထဲမှာ ဒီရန်သူတော့ ပေါ်လာပြီဟေ့"
"ဘယ်သူလဲ... ဘာကောင်လဲ"
"မပြောသေးဘူးကွာ၊ မျက်ဝါးထင်ထင်မိမှ မင်း သိရစေ့မယ်၊ ညနေ ကျောင်းဆင်းတော့ ငါ မင်းတို့ အိမ် လိုက်ခဲ့မယ်"
သူ့စကားအတိုင်း ဂွေးနီသည် ထွေးလုံးတို့အိမ် လိုက်လာပြီး ဘဲခြံကို ကြည့်လျက် ခေါင်းတစ်ချက် နှစ်ချက်ညိတ်၏။
"မင် ဘာခေါင်းညိတ်တာလဲ"
"ငါ့တွေးတောချက် မှန်နိုင်လို့ပါကွာ၊ ကဲ... မင်းဘဲကလေးတွေကော ဟိုတောင်းအောက်မှာလား"
"အေး... အမေက သူမရှိရင် အုပ်ပစ်ခဲ့တာကွ"
"ကဲ... ဖွင့်လိုက်ပါတော့"
ထွေးလုံးက ဖွင့်လိုက်၏။
"ဟိုက်... တစ်ကောင်ပျောက်သွားပြန်ပြီ၊ ခုနစ်ကောင်ရှိရမှာ ခြောက်ကောင်တည်း"
ထွေးလုံးသည် မျက်ရည်တွေဝဲလျက်
"အမေရေ...တစ်ကောင်ပျောက်ပြန်ပြီဗျ။ ကျောကွက်ရယ် မရှိတော့ပြန်ဘူး"
မီးဖိုချောင်မှ သူ့အမေက ထလာပြီး...
"ဟဲ့... ငါအပြင်ထွက်မယ်လုပ်တော့ အဲဒီတောင်းနဲ့ အုပ်ပစ်ခဲ့တာပဲ၊ ပြန်တောင် ဖွင့်မပေးရသေးဘူး၊ ငါ မေံနေလို့၊ ဒီကောင်းထဲမှာ ဘာကောင်ကဲ ဝင်နိုင်မှာမို့လဲ။ အောက်က မြေကြီးမှာများ ကြွက် ဖောက်ရာ ရှိသလား"
ထွေးလုံး...
"မရှိဘူး"
ဂွေးနီ...
"အရီသန်းရွှေ ဘဲကလေးတွေ တောင်းအုပ်တော့ ဘယ်အချိန်လဲ"
"နာရီပြန် တစ်ချက်လောက်ပါဟယ်"
"သူတို့ကို အုပ်တော့ ဘယ်နှကောင်ရှိသလဲ၊ အရီးသန်းရွှေ ရေကြည့်မိသေးလား"
"ဒီ ရွစိရွစိကလေးတွေ ငါ မရေနိုင်ပါဘူးဟယ်၊ သူတို့ စုဝပ်နေတာ အပေါ်က တောင်းအုပ်လိုက်တာ ပဲ"
ဂွေးနီသည် ချောင်းတစ်ချက်ဆတ်လိုက်ပြီးနောက်
"ကဲ ထွေးလုံး၊ ဘဲကလေးတွေ အပေါက်ဖွင့်ထုတ်လိုက်၊ မနေ့က တစ်ကောင်ပျောက်တဲ့နေရာခေါ် သွားပြီး မနေ့ကလို တီတူးကျွေးနေ၊ အဲ... မင်း မနေ့က ရေခပ်တဲ့အချိန်ကျတော့ ငါ့ဆီပြန်လာခဲ့"
ထွေးလုံးသည် ပေါက်ပြားထမ်း၍ ဘဲကလေးတွေ သူ့နောက်မှ တွီစတိ တွီစိ မြည်လျက် ဝမ်းသာ အားရ လိုက်သွားကြသည်။ မနေ့ကနေရာရောက်တော့ ဂွေးနီမှာသည့်အတိုင်းပင် တီတူးကျွေးနေ သည်။ ဂွေးနီကတော့ သူတို့အိမ်ရေကပြင်မှာထိုင်၍ ကြည့်နေသည်။ ထွေးလုံးသည် သူ မနေ့က ရေ ခပ်ချိန်ရောက်ပြီလို့ထင်သောအခါ ပေါက်ပြားချခဲ့၍ ဂွေးနီရှိရာသို့ ပြန်လာခဲ့သည်။
ဂွေးနီ... "လာ... ဒီကနေအသာကြည့်နေ၊ ငါထင်တာမှန်ရင်တာ့ ဘဲကလေးတစ်ကောင်တော့ စတေးရဦးမှာပဲကွ"
ဘဲကလေးများသည် ထွေးလုံးချထားခဲ့သော ပေါက်ပြားပတ်လည်မှာ တူးဆွထားသော မြေပွပွတွင် နှုတ်သီးနှင့်လျှောက်ထိုး၍ တီကောင်ရှာနေကြသည်။ တယ်ပြီး မကြာလိုက်ပါ။ ခြံစည်းရိုးဟိုဘက်ချုံ ပုတ်ထဲရှိ ကျောဝါဝါ ဗိုက်ဖြူဖြူ ကြောင်ကြီးတစ်ကောင် ရုတ်တရက် ခုန်ထွက်လာတဲ့ပြီး ဘဲကလေး တစ်ကောင်ကို ချီသုတ်သွားလေ၏။
ထွေးလုံးက ရေကပြင်မှခုန်ချကာ ထိုကြောင်အား သူ အမိဖမ်းနိုင်မည်ဟု ဆဲဆိုရေရွတ်လျက် တအား ပြေးလိုက်သည်။ သို့သော် ထိုကြောင်၏အရိပ်အယောင်မျှ မမြင်ရတော့ပြီ။ ဂွေးနီက အေး ဆေးလျက် ခြံစည်းရိုးဟိုဘက် ကူးမည်ပြုနေသော ထွေးလုံးအား "ဟေ့... မင်းလိုက်နေလို့ အပိုပေါ့ ကွ၊ ဒီအချိန်မှာ ဟိုကြောင် က သူ ပုန်းဆိုနေကျနေရာမှာ မင်းဘဲကလေးစားရလို့ တစ်ဝက်လောက် ကုန်နေရော့မယ်"
ထွေးလုံးကိုယ်မှ အသားများ တဆတ်ဆတ်တုန်လျက်...
"ကျွန်တော် အဲဒီကြောင်ကို သတ်ချင်လိုက်တာ"
"ဒီကြောင် သတ်ချင်တဲ့လူဟာ မင်းတစ်ယောက်တည်း မဟုတ်ဘူး။ တို့အပိုင်းမှာ ကြက်ဘဲမွေးတဲ့သူ အားလုံးကပဲ"
"ဘယ်သူ့အိမ်က ကြောင်လဲကွ မင်းသိလား"
"သိတာပေါ့။ ဦးဘသိန်း ဒေါ်ထွေးနွယ်တို့အိမ်က သူတို့အချစ်တော်ကြီးပဲ၊ မင်းအိမ် ဘဲကလေးရှိမှန်း သူ မနေ့ကမှ စသိလို့ သိသိချင်းတစ်ကောင်၊ ဟော ညက နှစ်ကောင်၊ နေ့လယ်က မင်းအမေ တောင်းနဲ့မအုပ်ခင် တစ်ကောင်၊ အခု တစ်ကောင်"
ထွေးလုံး သ် မျက်ရည်ရွှဲရွှဲနှင့် သူ့ဘဲကလေးတွေ စိုက်ကြည့်နေရာမှ
"အခု ပါသွားတာ ညိုမောင်းရယ်ကွ၊ တောက်... မနေ့က ဒီအချိန်ကနေပြီး အခုဒီအချိန် (၂၄)နာရီ အတွင်းမှာ ငါးကောင်ဆွဲတော့ မလွန်လွန်းဘူးလားကွ"
"အေး... မနေ့ညက သူလာတဲ့အချိန်မှာပဲ ခုည သူလာလိမ့်ဦးမယ်"
"ငါ မအိပ်ဘဲ စောင့်ချောင်းနေပြီး လှံနဲ့ထိုးသတ်မယ်"
"ရမလားကွ၊ ကြောင်က ညမျက်စိမြင်တဲ့အမျိုး၊ မင်းက သူ့ဘယ့်နှယ်လုပ်မြင်မလဲ၊ မီးခွက်ကြီးကိုင် စောင့်နေရင် ကြောင်က ဟီးဟီးလို့တောင် ရယ်သွားလိမ့်ဦးမယ်"
"တောက်... အဖေရှိရင် ကောင်းမှာကွာ"
"မင်းအဖေရှိရင်လဲ... ဒီလိုနေရာမျိုးမှာ ကြောင်ကို ဘာမှမတတ်နိုင်ဘူး"
"ဒါဖြင့် တို့ ဒီကြောင်ကို ဘယ့်နှယ်လုပ်ရမလဲကွာ၊ ဒီလိုပဲ ကြည့်နေရတော့မှာလားကွ"
"ရပါတယ်၊ ကဲ... ဒီညနေ မင်း လုပ်စရာရှိတာလုပ်၊ ငါအိမ်ပြန်မယ်၊ ညစာ ထမင်းစားပြီးတော့ ငါလာ ခဲ့မယ်၊ ဘဲကလေးတွေကို လူမကြည့်နိုင်တဲ့အချိန်မှာ တောင်းနဲ့အုပ်ထားနော်၊ မင်းတို့ဘဲခြံက ကြောင်မလုံဘဲကိုးကွ"
ပြောပြီး ဂွေးနီ ပြန်သွားသည်။
ညရီတမှောင်ရှိသောအချိန်၌ ဂွေးနီသည် သူ့စကားအတိုင်း ပြန်လာ၍ ထွေးလုံးက "ကဲ... တို့ဘာ လုပ်ကြမလဲ"၊ ဂွေးနီက "တို့ ဘာမှမလုပ်နိုင်ဘူး၊ လုပ်နိုင်တဲ့လူဆီကို သွားကြရလိမ့်မယ်"
"ဘယ်သူ့ဆီလဲ"
"ရွာတောင်ပိုင်းက စစ်ပြန်လက်သမားဆရာကြီး ဦးတေနောင်"
ထွေးလုံးသည် သူ့အမေအားပြောပြီး သူငယ်ချင်းနှစ်ယောက် ရွာရိုးလျှောက်ခဲ့ကြရာ ဦးတေနောင် ၏အိမ်သို့ရောက်သောအခါ ကျောင်းဆရာကြီး ဦးသော်တာကိုပါ နှစ်ယောက်သား လက်ဖက်ရည် ကြမ်း သောက်နေသည်ကို တွေ့ရလေသည်။
ဦးတေနောင်က...
"ဟေ့... သူငယ်လေးတွေ ဘာကိတ်"
လူကြီးတွေအနား သူတို့ကိုယ်ကလေးတွေ ယို့ယို့နှင့် ထိုင်လိုက်ကြပြီး ဂွေးနီက...
"ကျွန်တော်တို့အပိုင်းမှာ ကြောင်သောင်းကျန်းထနေပြန်ပြီ အဘရဲ့"
"ဘယ်သူ့အိမ်က ကြောင်လဲကွ"
"ဦးဘသိန်း ဒေါ်ထွေးနွယ်တို့အိမ်က ကြောင်ပါခင်ဗျာ့"
"တော်တော်ဆိုးနေပြီလား"
"ကမ်းကုန်နေပါပြီ ခင်ဗျား၊ ဟောဒီ ထွေးလုံးတို့အိမ်က ဘဲကလေးတွေတောင် (၂၄)နာရီအတွင်းမှာ ငါးကောင်စားပစ်ပါပြီ ခင်ဗျာ့"
ဤတွင် ကျောင်းဆရာကြီး ဦးသော်တာက မျက်မှောင်ကုတ်စဉ်းစားလျက်... "ဦးတေနောင်ရဲ့ ဒီ ကြောင် တို့ ခွေးတို့ဆိုတာဟာ ဆုံးမပေးရင်ရပါတယ်။ ဥပမာ... ခွေးတစ်ကောင် ကြက်ကိုက်လာမယ် ဆိုရင် အဲဒီကြက်ပြပြီး ခပ်စပ်စပ်ကလေး ရိုက်ထားလိုက် မှတ်သွားရော၊ နောက်မကိုက်တော့ဘူး၊ ကြောင်လဲ ဒီလိုပဲ"
ဤတွင် ဂွေးနီက...
"ဆရာကြီး ပြောတာ ဟုတ်ပါတယ်။ ဒါပေမယ့် အဲဒီအိမ်က ကြောင်ရှင်အမျိုးသမီးတွေက သူတို့ ကြောင် ကြက်ဘဲကိုက်တာကိုပဲ ဝမ်းသာနေကြတယ်လေ၊ ဘာကြောင့်ဆို သူတို့ခြံထဲကို ကြက်ဘဲ လာတာကို မကြိုက်ဘူးတဲ့ ခင်ဗျာ့"
ဆရာကြီး... "ဘာလို့လဲ။ သူတို့ခြံထဲ ကြက်ဘဲဖျက်ဆီးနိုင်တဲ့ အပင်များစိုက်ထားလို့လား"
"ဘာမှ ဖြစ်ဖြစ်မြောက်မြောက် စိုက်တာလဲ မဟုတ်ပါဘူး၊ ကြက်တွေက အမှိုက်တွေ လာလာယက် တာ မကြိုက်ဘူးတဲ့လေ"
"တယ်.. မသိသား ဆိုးရွားတာတွေပဲ၊ ဒီလို သစ်ရွက်တွေ အမှိုက်တွေဆိုတာက ကြက်ဘဲရှိမှ သူတို့ က ယက်ပြုထိုးဆွနေကြတော့ ခြတွေ၊ ပုရွက်ဆိတ်တွေ အနေနိုင်ဘူး။ မြွေကင်း မခိုအောင်းနိုင်ဘူး ဆိုတာ နားမလည်ကြဘဲကိုး..."
ဦးတေနောင်... "ဒီ ဦးဘသိန်းတို့ ဒေါ်ထွေးနွယ်တို့ဆိုတာ ခြံကြီးကျယ်ကျယ်၊ အိမ်ကြီးရခိုင်နဲ့နေပြီး အောက်သက်ကျေတာမဟုတ်ဘူးဗျ၊ သူတို့အိမ်မှာ ကြက်ဘဲတိရစ္ဆာန်မမွေးဘူး၊ တခြားကလာတာ လဲ မကြိုက်ဘူးဆိုတာကိုပဲ သူတို့ကိုယ်သူတို့ အထက်တန်းကျလှပြီ၊ လူကြီးလူကောင်းတွေဖြစ်နေပြီ လို့ ယူဆနေကြတာဗျ"
ဦးသော်က "ကဲ... ဒါဖြင့် သူတို့အိမ်က ကြောင်က တခြားအိမ်ကကြက်ကလေး ဘဲကလေးတွေ လိုက်ကိုက် နေတယ်ဆိုတာ မသိကြဘူးလား"
ဂွေးနီ... "သိပါတယ် ခင်ဗျာ၊ သူတို့အိမ်နားက ကိုကံညွှန်တို့၊ ကိုအောင်ချစ်တို့ ကြက်ကလေးတွေ တစ်အုပ်ပြီးတစ်အုပ် ကုန်ပေါင်းများလှလို့ သွားပြောတော့ "သူတိုခြံထဲ လာရင်ကိုက်မှာပဲ၊ ကိုက်ပ စေ၊ မလာအောင် ကိုယ့်ကြက် ကိုယ်ထိန်းကြ"တဲ့။ ကိုကံညွှန်တို့က "ခင်ဗျားတို့ခြံထဲတင် မဟုတ်ဘူး ကျုပ်တို့ခြံထဲလာပြီးတော့ နေ့ရောညရော ကိုက်တာပဲ"ဆိုတော့ သူတို့ကြောင်ဟာ သူတို့အိမ်နဲ့ သူတို့ခြံဝင်းထဲက ဘယ်မှသွားတာမဟုတ်ဘူးတဲ့လေ"
ဦးတေနောင်... "အဲဒါ မသိသားဆိုးရွာတာပဲဗျ၊ ကြောင်ဆိုတဲ့အကောင်မျိုးဟာ ကြက်ကလေး ဘဲက လေး စားဖူးပြီး ခံတွင်းတွေ့သွားပြီဆိုရင် မစားရ မနေနိုင်တော့ဘူး။ ရွာရိုးကိုးပေါက် လျှောက်ကိုက် တော့တာပဲ၊ အဲဒါကို မိန်းမဉာဏ်တွေနဲ့ ဘယ်စဉ်းစားတတ်မလဲလေ"
ဦးသော်တာ.. "ဒါဖြင့် သူတို့အိမ်က ဦးဆောင်ယောက်ျား ဖိုးဘသိန်းကို ပြောပါလား"
ဂွေးနီ... "အဲဒီလူကြီးကလဲ မယားက ငါးခြောက်ဆိုရင် ဆီဆမ်းပြီးသား လူစားကြီဗျ၊ ကျွန်တော်တို့ က ပြောတော့... "ငါ့ကြောင် မင်းတို့ဆီလာကိုက်တယ်ဆို ဖမ်းသတ်လိုက်ပေါ့ကွ"တဲ့။ ခက်တာက ကြောင်ဆိုတာ အပြင်ဘက်မှာ သူစိမ်းသူဖမ်းလို့ ဘယ်တော့မှ ရတာမျိုးမဟုတ်ဘဲ။ သူတို့အိမ်ထဲ အတင်းဝင်ဖမ်းမှပဲ ရမယ်"
ဦးသော်တာ... "ဒါဖြင့် ရပ်ကွက်လူကြီး သွားတိုင်ကွာ၊ ကြက်ဘဲဆိုတာ ပြည်သူ့ဟင်းလျာ၊ ဒီကြောင် ဟာ ရွာရိုးကိုးပေါက် ပြည်သူ့ပစ္စည်းကို ဖျက်ဆီးနေတာပဲ၊ ရပ်ရွာလူကြီးက အရေးယူသင့်တယ်"
ဦးတေနောင်... "ဦးသော်တာ ပြောတာမှန်တယ်၊ ရပ်ရွာလူကြီးတာဝန်ပဲ၊ ဒါနဲ့ ကျုပ်တို့မြန်မာပြည်မှာ ဒီလိုရပ်ရွာလူကြီးတွေ မဖွဲ့ခင်ကတည်းက ကချင်ပြည်နယ်မှာရှိတဲ့ ဓလေ့ထုံးစံလေး သဘောကျသ ဗျာ"
ဦးသော်တာ... "ဘယ်လိုတုံး စစ်ပြန်ကြီးရဲ့"
ဦးတေနောင်... "ဒီလို အိမ်ကြောင်ဆိုးလဲ ရွာထဲမှာ မရှိရဘူးဗျ။ ဒါပေမယ့် ညညမှာ တောကြောင် တွေက လာတတ်ကြတယ်။ အဲဒီတောကြောင်တွေကို ရအောင်ဖမ်းနိုင်တဲ့သူကို ရွာထဲမှာ ကြက်ဘဲ မွေးတဲ့အိမ်တိုင်းက ကြက်သားခွဲလေးတစ်ကောင်စီ ပေးရတယ်။ ကြက်ကလေးမရှိရင် ကြက်ဥပေး ပေါ့လေ၊ သူတို့ ကျေးရွာအန္တရာယ် ကာကွယ်တဲ့ဆုကြေးပေါ့"
ဦးသော်တာ... "တယ်နိပ်ပါလားဗျ၊ ကောင်းတဲ့ဓလေ့ပဲ"
ဦးတေနော်... "ဒီတောကြောင်သာ မဟုတ်သေးဘူး ကြက်ဘဲအကောင်ကြီးတွေတောင် သုတ်တတ် ကုတ်တတ်တဲ့ စွန်တို့၊ ချိုးသိမ်းတို့၊ လင်းယုန်တို့ကို ထောင်လို့သော်လည်းကောင်း၊ ပစ်ခစ်လို့သော် လည်းကောင်း ရရင် အဲဒီလူကိုလဲ အားလုံး ကြက်ကလေးတစ်ကောင်စီ ပေးရတာပဲ"
ဦးသော်တာ... "ဟန်သဗျ၊ အဲဒီစနစ်ကတော့... "
ထွေးလုံး... "ဒါနဲ့ မသိလို့ မေးပါရစေ ဘကြီး၊ ဒီလို မိုးရာသီဝါတွင်းကာလမှာ စွန်တွေ၊ သိမ်းတွေ၊ လင်းယုန်တွေ ကျွန်တော်တို့ဆီ မလာကြတာဟာ သူတို့ဟာ ဟိမဝန္တာတောထဲသွားပြီး ဝါဆိုနေကြ လို့ဆို"
ဦးသော်တာက ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီ...
"တို့မြန်မာများ ကြံဖန်ပြီးတော့ ဝါတွင်းကာလနဲ့ပတ်သက်ပြီး ပြောတတ်ကြာတာကွ"
ဂွေးနီ... "နို့ မဟုတ်ဘူးလား"
ဦးသော်တာ... "ဘယ်ဟုတ်ရမှာလဲကွ၊ စွန်တို့၊ သိမ်းငှက်တို့၊ လင်းယုန်တို့ဆိုတဲ့ သားစိမ်းငါးစိမ်း ငှက်တွေကို မိုးတွင်းမှာဆိုရင် သူတို့အတွက်အစာ ကြွတ်တို့၊ မြွေတို့၊ ဖားတို့၊ ငါးတို့ပေါတဲ့ အင်းအိုင် ဒေသတွေ သွားနေကြတာကွ၊ မိုးကုန်လို့ အဲဒီမှာ ဖားငါးရှာလာတော့မှ လူတို့ရပ်ရွာဆီ စားကျက် ပြောင်းလာပြီး မင်းတို့မွေးတဲ့ ကြက်ဘဲတွေကို သုတ်ကြတော့တာကွ"
ထွေးလုံး... "အင်း... ဟုတ်မှာပဲ၊ ဒီသားစိမ်းစားတဲ့ ငှက်တွေက ဝါဆိုတယ်လို့ပဲဗျာ၊ ကြံကြံဖန်ဖန် ဘုန်းကြီးတွေပဲ ဝါဆိုတာကြီးကို၊ ဒီစွန်တို့၊ သိမ်းတို့၊ လင်းယုန်တို့ဆိုရင် ကျွန်တော် မကြောက်ပါဘူး ဗျာ၊ ခွလေးတစ်ချောင်းနဲ့ ကျွန်တော့်ဘဲတွေကို ကျောင်းနိုင်တာပဲ၊ အခု ညဘက်ပါလာပြီး အလစ် သုတ်နေတဲ့ကြောင်တော့ ဘယ်လိုလုပ်ရမယ် မသိဘူး"
ဦးသော်တာ... "ငါ ခုနပြောသလို ရပ်ရွာသူကြီး သွားတိုင်ကွာ"
ဦးတေနောင်... "ဒီအထိ မလိုပါဘူးဗျာ၊ ဒီကြောင် ကျုပ် သုတ်သင်နိုင်ပါတယ်၊ ဦးသော်တာ ခင်ဗျား ကြောင်သားစားလား"
ဦးသော်တာ... "ကျုပ်က လူစားတာမှန်သမျှ အကုန်စားတယ်"
ဦးတေနောင်... "အဲ... ဟုတ်ပြီ၊ ဟေ့ ဂွေးနီ၊ အဲဒီကြောင် ဘယ်လောက်ကြီးသလဲကွ"
ဂွေးနီ... "နှစ်ပိဿာ သုံးပိဿာပဲ ဘကြီးရေ"
ဦးတေနောင်... "ဒီအကောင်ကြီးဆိုရင် အုန်းနို့နဲ့နှပ်လိုက်ရ ပထမတန်းပေါ့ကွာ၊ အုန်းသီးလိုနေပြီ"
ဦးသော်တာ... "အုန်းသီးခြောက်တွေ ကျုပ်အပင်မှာ ရှိပါရဲ့၊ တက်မယ့်လူ လိုနေတယ်"
ဂွေးနီ... "ကျွန်တော် တက်နိုင်တယ် ဘကြီး"
ဦးတေနောင်... "အေး... ဟုတ်ပြီ၊ ကဲ... မင်းတို့ ငါ့ထောင်ချောက်ယူရအောင် လာတာမဟုတ်လား၊ ဟော့ဟို လှေကားခုံးအောက်မှာ ယူသွားကြပေရော့"
စစ်ပြန်လက်သမားကြီး ဦးတေနောင်၏ကြောက်ထောင်ချောက်မှာ တစ်ပေပတ်လည် သေတ္တာရှည်၊ အလျားနှစ်ပေခွဲလောက်ရှိသည်။ ကြောင်ဝင်ပေါက်ကို ဖင်ပိုင်းဟုဆိုကြပါစို့။ ခေါင်းပိုင်း၏လက်တစ် ဝါးလောက်နေရာမှာ ကြောင်စာထားရန် သံဆန်ခါကာထားသော အကန့်ကလေးရှိသည်။ သေတ္တာ ၏လေးပုံတစ်ပုံနေရာမှ အပေါ်က မောင်းတိုင်ထူ၍ ကြောင်ဝင်ပြီး ပိတ်သွားရန် မောင်းတံဆင်ထား သည်။
သေတ္တာအတွင်းမှာ ပျဉ်ပြားတစ်ခု၊ ကြောက်တတ်နင်းလိုက်က မောင်းတံပြုတ်သွားရန် ကြိုးနှင့်စီမံ ထားသည်။ ဂွေးနီသည် ဤထောင်ချောက်အလုပ်ကို ကျွမ်းကျင်နေပြီဖြစ်၍ ထွေးလုံးတို့ခြံထဲမှာ မောင်းတင်လိုက်သည်။ အပေါ်ဘက်မှ ဖွင့်၍ပိတ်၍ရသော ကြောင်စာအကန့်လေးထဲသို့ ဘဲကလေး တစ်ကောင်ကိုထည့်ပြီး ပိတ်ထားလိုက်သည်။ ကျန်ဘဲကလေးအားလုံးကို ကြောင်မမြင်ရအောင် တောင်းနှင့်မှောက်ထားလိုက်သည်။
ထိုကြောင် လာချိန်တန်လျှင်တော့ လာမည်။ ထောင်ချောက်ထဲက ဘဲကလေးကို သံဆန်ခါပေါက်မှ သူမြင်တော့ အပြေးဝင်၍ခုတ်မည်။ ဤမှာ ထောင်ချောက်မောင်းက ကျသွားကာ မောင်းတံနှင့်ဆွဲ ထားသော ပျဉ်ပြားက ဒေါက်ခနဲ့ကျ၍ ပိတ်သွားလေပြီ။
အားလုံးပြင်ပြီးသွားသောအခါ ထွေးလုံးကမေးသည်။
"ဟေ့... ဂွေးနီ၊ အထဲက ဘဲကလေးကို ကြောင်လက်သည်းနဲ့မကုတ်နိုင်ဘူးလားကွ"
"ဘယ်ကုတ်နိုင်မှာလဲ၊ သံဆန်ခါက သံကြိုးမျှင်မျှင်သေးသေးလေးတွေနဲ့ အပေါက်ကျဉ်းကျဉ်းက လေးတွေပဲ၊ ကြောင်လက် မဝင်နိုင်ဘူး၊ မင်းဘဲကလေးအတွက် ဘာမှမစိုးရိမ်နဲ့၊ ကြောင်မိပြီးတဲ့အခါ မှာ မင်း ဘဲကလေးပြန်ထုတ်ပြီး သူ့အဖော်တွေနဲ့ အိပ်ပါစေတော့၊ ကဲ... ငါပြန်မယ်၊ မနက်စောစော မှ လာခဲ့တော့မယ်"
"ဒီကြောင် လာမှလား၊ မိမှာလား"
"စိတ်ချစမ်းပါကွာ၊ ဘကြီးတေနောင်နဲ့ ငါနဲ့ စားနေကျပါ"
"ငါတော့ အဲဒီကြောင် မမိမချင်း ထိုင်စောင့်နေမှာပဲ"
ထွေးလုံးသည် သူ့စကားအတိုင်း မအိပ်ဘဲ ခြံဆီနားစွင့်လျက် စာကျက်နေ၏။ တယ်ပြီး မကြာလိုက် (၉)နာရီလောက်တွင် ဒေါက်ခနဲ ထောင်ချောက်ကျသံကြား၍ ထွေးလုံး ကပျာကသီ မီးခွက်နှင့်ဆင်း ကြည့်လိုက်တော့၊ ဟုတ်တာပေါ့၊ ဟုတ်တာပေါ့၊ စားနေကျ ကြောင်ဖားကြီး အထဲက မာန်ဖီပြီး သံ ဆန်ခါကို လက်သည်းနှင့်ကုတ်ခြစ်နေလိုက်သေး။ ထွေးလုံး စိတ်ထဲဝမ်းသာလိုက်တဲ့ဖြစ်ခြင်း။ "ဟင်း... ငါ့ဘဲကလေး ငါးကောင် အပင်းဆို့သွားတဲ့ အယုတ်တမာကောင်ကြီး၊ နင် ဝဋ်လည်ပြီမှတ်"
နံနက် ဝေလီဝေလင်းတွင် ဂွေးနီရောက်လာသော် ကြောင်ထောင်ချောက်နားမှာ ပီတိဖြစ်နေသော ထွေးလုံးကို တွေ့ရသည်။
သူတို့နှစ်ယောက်သည် ကြောင်ထောက်ချောက်ကို သယ်ဆောင်ကာ ဦးတေနောင်အိမ်သို့ ရွာ အပြင်လမ်းမှ သွားကြလေ၏။ ရေနွေးကြမ်းတစ်အိုးနှင့် ထိုင်နေသော ဦးတေနောင်ကို အသင့်တွေ့ ရသည်။
"ကြောင်ဖြစ်လျက် ကြွတ်မခုတ်၊ ကြက်ဘဲ ခုတ်သည့် ထိုကြောင်ယုတ်ကို သုတ်သင်ရန်မှာ လူတာဝန်တည့်"
ထိုနေ့သည် ထွေးလို့တို့ကျောင်းပိတ်ရက်ဖြစ်လေရာ ရပ်ရွာ၏ရန်သူအသားကို ဦးသော်တာ၏အုန်းနို့ နှင့်နှပ်ပြီး သူတို့လူသိုက် အောင်သေအောင်သား စားကြသတည်း။
တယ်ကောင်း...
ယခုအချိန်၌ ထွေးလုံးသည် အန္တရာယ်ကင်းရှင်းသွားပြီဖြစ်သော မီးခိုး၊ မဲလုံး၊ ဖြူရော်၊ ဝါနု၊ ရင်ကျား မည်သော ဘဲကလေးငါးကောင်နှင့် ပျော်ရွှင်စွာရှိလေသတည်း။
အပိုင်း(၂)
မီခိုး၊ မဲလုံး၊ ဖြူရော်၊ ဝါနု၊ ရင်ကျား မည်သော ထွေးလုံး၏ဘဲကလေး ငါးကောင်သည် တစ်နေ့တခြား ကြီးပြင်းလာခဲ့ရာ နှစ်လကျော်သောအခါ သိသိသာသာကြီး ဖွံ့ဖြိုးလာလျက် တစ်ကောင်လျှင် ကိုယ် အလေးချိန် နှစ်ဆယ်သားမျှရှိလာလေပြီ။ ပုံသဏ္ဍာန်လည်းပြောင်း၊ အသံလည်းပြောင်းလာသည်။ ငယ်ငယ်ကလို တွီစလီ တွီစလီ မဟုတ်တော့ဘဲ အထီးက လေချွန်သလို၊ အမက ဂတ်... ဂတ်... ဂတ် အော်၏။
အလို... မီးခိုးနှင့် မဲလုံးက အထီး။
ဖြူရော်၊ ဝါနု၊ ရင်ကျားတို့က အမကလေးတွေပါလား။
သူတို့၏ကိုယ်ပုံသဏ္ဍာန်များလည်း မွေးကင်းခါစကလို ကျောကော့ကော့လေးများမဟုတ်တော့ဘဲ ခါးကလေးတွေ ကုန်းပြီး၊ မွေးနု၊ မွေးညှင်းကလေးတွေထဲမှာ ရင်ဘတ်နှင့် တောင်ပံတို့၌ မွေးကြမ်း (ကြီးမွေး)တွေပေါက်လာချေပြီ။ ကိုယ်အင်္ဂါတို့လည်း သန်စွမ်းလာ၏။ မိုးရွာတုန်း မိုးရေထဲမှာ ငါးကောင်စုပြိုင်တူပြေးလိုက်ကြကာ ခြေဖဝါးသံလေးတွေ တဖျပ်ဖျပ်နှင့်။ နောက်ပြီး ရေအိုင်တွေ့ လျှင် ရေကူးလိုက်ကြသည်။
အောင်မယ်လေး ရေကူးပြီး အိုင်ထဲပြန်တက်လာတော့ သူတို့အမွှေးအလှေး ခါတယ်ပေါ့။ အတောင် ခတ်လိုက်ကြတာလေ။ တောင်ပံမွေးရှည်က မရှိတော့ အတောင်ရိုးလေးတွေ တမြှောက်မြှောက်နဲ့ လူကလေးတွေ လက်လှုပ်ရှားနေသည်နှင့်တူသေး။ ဟီဟိ... ထွေးလုံး ရယ်မိသည်။
သူ သိပ်ပျော်နေသည်။
သြော်... မူလ ဆယ်ကောင်အနက် ငါးကောင်ဆုံးပြီး သည်ငါးကောင်ကလေး ယခုချိန်ထိ သက်ဆိုး ရှည်နေရသည်ကား စစ်ပြန်ကြီး ဦးတေနောင်၏ကျေးဇူးပေတကား။
သူနှင့် ဂွေးနီ၊ ဦးဘသိန်း ဒေါ်ထွေးနွယ်တို့အိမ်က ကြောင်ဆိုးကြီးကို ထောင်ချောက်နှင့်ဖမ်းပြီး သွား ပို့တဲ့နေ့က ဦးတေနောင်ပြောသော စကားများကို သတိရလာသည်။ ဦးတေနောင် အိမ်ရှေ့ကပြင် တွင် လက်ဖက်ရည်ကြမ်းသောက်နေရာမှာ...
"ဟန်ခဲ့ကြရဲ့လား ဟေ့"
ဂွေးနီ... "ဘယ်လွတ်မလဲ ဆရာ"
"အေး အဲဒီနား ခဏချထားကြဦးကွ၊ ကဲ.. ဂွေးနီ မီးကျီခဲများများရအောင် မီးလှိုင်လှိုင်ထည့်ကွာ"
ဂွေးနီသည် ဦတေနောင်ထိုင်သော ကပြင်ရှေ့မြေကြီးပေါ်တွင် ဖိုခုံလောက်သုံးလုံးနှင့်ရှိသော မီးဖိုမှာ ထင်းများစွာ ထည့်လေသည်။
ထွေးလုံး... (ထောင်ချောက်ကြည့်၍) "အဘ ကြောင်ကြီး ဘယ့်နှယ်ထုတ်မလဲ"
ဦးတေနောင်... "ဟောဟိုတောင်းပေါ်မှာ တင်ထားတဲ့ အိတ်ကြီးယူလိုက်ကွာ"
ဆန်တစ်တင်းကျော်လောက်ဝင်သည့် ပလတ်စတစ်အိတ်ဖြူဖြူကြီး ထွေးလုံးက ယူပေးသောအခါ ဦးတေနောင် က...
"အဲဒါနဲ့ ထောင်ချောက်ဝစွပ်ပြီး ပိတ်ထားတဲ့ ပျဉ်ပြားဖွင့်ပေးလိုက်တော့ ဒီကောင် အိတ်ထဲရောက် လာတော့ တာပေါ့ကွာ"
ထွေးလုံး... "သိပြီ၊ သိပြီ၊ ကျွန်တော် ဒီကောင်ကြီးကိုသတ်မယ်"
ဦးတေနောင်... "မင်း ဘယ့်နှယ်လုပ် သတ်မလဲ"
ထွေးလုံး... "အိတ်အပေါက်ဝက စုကိုင်ပြီး မြေကြီးကိုင်ရိုက်မယ်၊ ဓားနှောင့်နဲ့ ခေါင်းထုမယ်"
ဦးတေနောင်... "ဒီလိုဆို ဘယ်တော်တော်နဲ့ သေမလဲ၊ တိရစ္ဆာန် ညှင်းဆဲသလို နေမှာပေါ့ကွ၊ သနားစရာ"
ထွေးလုံး... "ကျွန်တော့်ဘဲကလေး ငါးကောင်ကို သတ်ထားတာ ဒီကောင်ကြီး မသနားနိုင်ဘူး"
ဦးတေနောင်... "ဟာ... ဒီလို ဘယ်ဟုတ်ဦးမလဲကွာ၊ သူက မင်းဘဲကလေးတွေ သေစေဆိုတဲ့သ ဘောမဟုတ်ပါဘူး။ သူ့အစာအဖြစ်နဲ့သာ ကိုက်စားတာပါ။ သူ့မှာအပြစ်မရှိပါဘူး။ အပြစ်ရှိတာက သူ့ သခင် တွေပဲ၊ ကိုယ့်ကြောင် မဟုတ်တဲ့အလုပ် လုပ်လာတယ်ဆိုရင် ကုပ်ကိုင်ပြီးတော့ အဲဒီ ပထမဦး ဆုံး ကိုက်လာတဲ့ ကြက်ကလေးပြပြပြီး ခပ်ဆတ်ဆတ်ကလေး ရိုက်လိုက်၊ တစ်ခါက နှစ်ခါ မရိုက်ရပါ ဘူး။ ခွေးဖြစ်ဖြစ် ကြောင်ဖြစ်ဖြစ် မှတ်တတ်ပါတယ်။ ခုတော့ ဒီလိုမဟုတ်ဘူး။
ကိုယ့်အိမ်က ကြောင် သူများကြက်ဘဲကိုက်တာပဲ ဝမ်းသာနေတယ်ဆိုတော့ သူတို့ကြောင် သူတို့ ဖျက်ဆီးပစ်တာပဲ။ ကြောင်များဟာ ကြက်ဘဲ စားမိရင် ဘယ်တော့မှ ကြွတ်မခုတ်ဘူး၊ ကြွက်ထက် အရသာ တွေ့တဲ့ ဖမ်းရလွယ်ကူတဲ့ ကြက်ကလေး ဘဲကလေးတွေပဲ ရွာရိုးကိုးပေါက် လျှောက်စားနေပြီပဲ မှတ်ပေရော့၊ အဲသည်တော့ ဒီကြောင်က ပြည်သူ့အာဟာရ၊ ပြည်သူ့ပစ္စည်းဖျက်ဆီးတဲ့ ရပ်ရွာရဲ့ ရန်သူဖြစ်နေပြီး လူကို အကျိုးပျက်စီးစေတဲ့အတွက် လူ့ပြည်မှာမထားသင့်တော့ဘူး။ သို့သော် သူ့ကို သနားသော အားဖြင့် သတ်တဲ့အခါမှာ နှိပ်စက်ရာမရောက်ပါစေနဲ့၊ ဝေဒနာမခံစားရပါစေနဲ့၊ သူကိုယ်သူ နာလိုက် မှန်းတောင် မသိ၊ အမြန်ဆုံးသေအောင် ဟောဒီလို... "ဟု ပြောပြောဆိုဆို ဦးတေနောင်သည် အခုန ပလတ်စတစ်အိတ်ကို ကြောင်ထောက်ချောက်အပေါင်ဝတွင် စွပ်၊ ပျဉ်ပြားဖွင့်ပေးလိုက်၊ ကြောင်က ထွေးခနဲ အိတ်ထဲအရောက်၊ ကြောင်ကောင်လုံးပေါ်အောင် အိတ်ကိုစုကိုင်လိုက်ပြီး ကြောင်ခေါင်း ပုံသဏ္ဍာန် ကို ပလတ်စတစ်အိတ်ပါးမှာ မြင်ရသည်၌ နှာရောင်တည့်တည့်ကို တူနဲ့ ဆတ်ခနဲ တစ်ချက် တည်း ထုလိုက်လေသည်။ ကြောင်သည် တုတ်တုတ်မျှမလှုပ်တော့၊ ခဏကြာ၍ ပိတ်ထဲမှ သွန်ထုတ် လိုက်သောအခါ စန့်နေလေပြီ။
"မှတ်ထားကွ၊ ကြောင်တို့ ခွေးတို့သတ်တဲ့အခါ တခြားနေရာတွေ ရိုက်နှက်မနေနဲ့၊ ဟောဒီ နှာရောင် တည့်တည့်သာ အဲဒီလို ခပ်ဆတ်ဆတ်ကလေးထုလိုက်၊ တစ်ချက်တည်းနဲ့ ကိစ္စပြီးတာပဲ"ဆိုပြီး ကြောင်သေ ပျော့ခွေခွေကြီးကို ဦးတေနောင်သည် ဂွေးနီဆီကို ပစ်ပေးလိုက်တော့ ဂွေးနီက ကြောင် သေကို မီးမြိုက် လေ၏။ ထွေးလုံး ဦးတေနောင်၏မျက်နှာကို အံ့သြကြည်ညိုစွာနှင့် ကြည့်ကာ...
"အဘ... အဘဟာ ဒီပြင်လူကြီးတွေနဲ့ မတူဘူး"
"ဘယ်လိုမတူတာလဲကွ"
"တခြားလူကြီးတွေဆိုရင်လေ အိမ်မှာ ကြက်တို့၊ ဘဲတို့ ချက်စားကြမယ်ဆိုရင် ဒါဟာ လူကြီးတွေနဲ့ မလျော်ဘူး ဆိုတဲ့သဘော၊ သားတွေကို သတ်ခိုင်းကြတယ်၊ ဥပမာ ဂွေးနီတို့အဖေကိုကြည့်၊ ဂွေးနီကို ဆော် ခိုင်းတာပဲ"
ဂွေးနီ...
"အေးကွ... သူက လူကြီး၊ ငရဲကြီးမယ့်ကိစ္စ မလုပ်ချင်တော့ဘူးတဲ့လေ"
ဦးတေနောင်... "သြော်... မင်းအဖေက ငါလူကြီး ငရဲမသွားတော့ဘူး၊ သားကလေးတော့ သွားပါစေ တဲ့ လား၊ တယ်တော်တဲ့ အဖေပဲ၊ ငါသာဆိုရင်ကွာ မလွှဲမရှောင်သာတဲ့အလုပ်၊ ငရဲသွားနေမယ်ဆိုရင် ငါ့သားသမီး တွေတော့ မသွားစေရဘူးဟေ့... ငါပဲသွားမယ်"
ထွေးလုံး...
"အဘ... အခု ဒီကြောင်ကြီးသတ်လိုက်တာ အပြစ်ရှိတယ် မထင်ဘူးလား"
ဦးတေနောင်...
"မထင်ပေါင်ကွာ၊ အပြစ်ရှိတယ်ထင်ရင် ငါ ဒီအလုပ်မလုပ်ပါဘူး"
"ဟင်... သူများအသက် သတ်တာအပြစ်မရှိဘူး"
"သတ်သင့်လို့ သတ်တာကို မရှိဘူးလို့ ငါယူဆတယ်ကွ၊ ကဲကြည့်... ဒီကြောင်ဟာ ကြက်ကလေး ဘဲကလေး တွေ အသက်ပေါင်းများစွာကို သတ်ခဲ့ပြီ၊ သူရှိနေရင် နောက်လဲ ဆက်သတ်ဦးမယ်၊ ကြက်ဘဲရှင် လူပေါင်း များစွာ စိတ်မချမ်းမသာဖြစ်နေရဦးမယ်၊ ဒါကို ငါက တားမြစ်ပိတ်ပင်ရာရောက် တဲ့အတွက် ကုသိုလ်တောင်ရတယ်လို့ ငါထင်တယ်ကွ၊ နောက်ပြီး ရပ်ရွာပြည်သူလူထုအကျိုးစီးပွား ကို ကာကွယ်ပေးရာရောက်တယ်လို့လဲ ငါယုံကြည်တယ်ကွ၊ ငါဟာ ဘီအိုင်အေကတည်းက စစ်ထဲ ဝင်ပြီး တော်လှန်ရေး မှာရော စစ်တိုက်လာတဲ့အကောင်ပါကွာ၊ ဒီကြောင် သတ်တာများ ထည့်ပြောမ နေနဲ့၊ အများအကျိုး အတွက်ပါကွ၊
ဟေ့... ဒီမှာမို့လို့ ငါပြောခဲ့ပြီကောကွာ၊ ကချင်ပြည်နယ် ကျေးရွာ တွေမှာဆိုရင် ဒီလိုအန္တရာယ်ကောင် ရှင်းပေးတဲ့လူကို ကြက်သားခွဲကလေး တစ်အိမ်တစ်ကောင်စီ၊ ကြက်ငယ်ငယ်မရှိတဲ့လူက ကြက်ဥဘဲဥတွေ ပေးတာကွ၊ အခုတော့ ဒီကြောင်သားပဲ ကောင်း ကောင်းကြီးကြိတ်ရတော့မယ်"ဆိုပြီး ဦးတေနောင်သည် ထိုင်နေရာ မှထ၍ ထရံတွင် ထိုးထားသော ဓားဦးချွန်မြမြကိုယူက ဂွေးနီမီးမြိုက်နေသဖြင့် မည်းမည်းကြီး ဖြစ်နေသော ကြောင်သေကိုယူကာ ဓားသွားနှင့် တချွင်ချွင်မြည်အောင် ခတ်လေသော် ကြောင်အရေပြား သည် ဝက်ကလေးကင် အရောင်လို ဖြစ်လာလေ၏။ ကြောင်ကိုယ်ထည်မှာလည်း တောင့်တင်း မာကျောလို့ နေ၏။ ဟင်းကိုင် ဖို့သာ ရှိတော့၏။
ထိုအချိန်၌ နေရောင်ဖြာပြီဖြစ်၍ ဦးတေနောင်၏ကလေးမြေးငယ်များ အိပ်ရာမှထလာကြသော် သူတိ့အဘိုးလက်ထဲက ပစ္စည်းကိုမြင်လတ်သော် ဝမ်းသာအားရ "ကြားသော်... ကြားသော်"ဟု အော်ကြရာ ဦးတေနောင်က "အေး... ဟုတ်တယ်၊ သုံးပိဿာလောက်ရှိမယ်၊ ငရုတ်၊ ကြက်သွန်နီ၊ ချင်း၊ စပါးလင် ဘယ်လောက်စီ ထောင်းရမယ်ဆိုတာ သိတယ်မဟုတ်လား"
မြေးများက သံပြိုင်... "သိတယ်... သိတယ်၊ စားနေကျ ကြောင်ဖားတွေ ကြောင်သားကြီးစားမယ်"
ထို့နောက် ဦးတေနောင်က ဂွေးနီနှင့် ထွေးလုံးတို့အား "ကဲ မင်းတို့က ဦးသော်တာ အပင်က အုန်းသီး ရအောင် လုပ်ချေကြလေကွာ။ ငါက ဟင်းကိုင်ထားလိုက်မယ်၊ ဒီကောင်ကြီး သုံးနာရီလောက် နှပ်ရမယ်ကွ"
ထိုမှ တစ်နာရီမျှအကြာ ဦးသော်တာနှင့် ဂွေးနီက အုန်းသီးခြောက် တစ်ယောက်တစ်လုံးစီကိုင်၍ လည်းကောင်း၊ ထွေးလုံးက ငါးခူနှစ်ကောင်၊ ငါးသင်းအုံ့ သုံးကောင်ပါသော ငါးသီတံနှင့် ကန်စွန်း ရွက်စည်းကြီးကို ပိုက်၍လည်းကောင်း သုံးယောက်သားရောက်လာကြ၏။ ထွေးလုံးသည် ဂွေးနီ အုန်းပင် တက်နေစဉ်မှာ ညိုမနှင့် ကြင်စုံသားအမိကို ကွင်းထဲသွားလှန်းရင်း အင်းထဲမှ ကန်စွန်းရွက် နှင့် သူ့ ငါးလူးတွင်း မှ ငါးများရလာခြင်းဖြစ်သည်။
ယင်းတို့ကိုကြည့်၍
"ဟာ... သိပ်ကောင်းတာပေါ့ကွာ၊ ကန်စွန်းရွက် ငါးချဉ်ရည်ဟင်းနဲ့ ကြောင်သား အုန်းနို့နှပ်နဲ့ ကြောင် သား အုန်းနို့နှပ်နဲ့"
ထိုအချိန်တွင် ကြောင်သားဟင်းအိုးလည်း မီးဖိုပေါ်မှာ ကျွက်ကျွက်ဆူနေလေပြီ။
"ကဲ... ဒီတစ်ရေခန်းပြီးရင် နောက်တစ်ရေမှာ အုန်းနို့ထည့်လိုက်ရအောင် အုန်းသီးခြစ်ဖို့ လုပ်ကြ လေကွာ" ဟု ဦးတေနောင်က ပြောသည်။ ဂွေးနီနှင့် ထွေးလုံးသည် အုန်းသီးခြောက်အခွံနွှာ၊ အုန်းမှုတ်ခွက် အရည်တွေ သောက်ပြီး အုန်းသီးခြစ်ကြလေ၏။ ဤစဉ် ဦးတေနောင်၏မြေးငယ်များ က အင်္ဂလိပ်စာ ဖတ်နေကြလေရာ ဦးသော်တာက...
"ဒီခေတ်ကလေးတွေ ဟန်ကျတယ်ဗျာ၊ ကိုယ့်ရွာက မူလတန်းကျောင်းမှာပဲ အင်္ဂလိပ်စာ သင်ကြရ တယ်၊ ကျုပ်တို့ခေတ်တုန်းကဆိုရင် ကျေးရွာနဲ့ အင်္ဂလိပ်စာဟာ ဘုန်းကြီးနဲ့ ဘီးဗျ"
ဦးတေနောင်... "ဟုတ်လား ပြောပြပါဦးဗျ။ ခင်ဗျားတို့ခေတ်က ပညာရေး... "
ဦးသော်တာ... "ကျုပ်တို့မွေးခဲ့ရတာက အင်္ဂလိပ်ကျွန်ခေတ်လားဗျာ။ နယ်ချဲ့အစိုးရဟာ သူ့ကျေး ကျွန်များကို လူတန်းစားခွဲပြီး အုပ်ချုပ်ရမှာဖြစ်လေတော့ ကျောင်းတွေ ပညာရေးကစပြီး ခွဲခြားလိုက် တာပဲဗျ။ အဲဒီခေတ်က ကျောင်းသုံးမျိုးရှိတယ်ဗျ၊ "ဗာနေကလောစကူးလ်"တဲ့၊ "အင်္ဂလိုဗာနေကလာ စကူးလ်"တဲ့၊ "မင်ရှစ်စကူးလ်"တဲ့၊ ဗာနေကလောစကူးလ် ဆိုတာက ဗမာစာသက်သက်ပဲသင်တယ်၊ မြူနီစပါယ်ကျောင်း အထက်တန်းကျောင်းလို သုံးမျိုးသုံးစားခွဲပြီး ကျေးရွာတွေမှာရော၊ မြို့တွေမှာ ရော အများဆုံးရှိတယ်။ အင်္ဂလိုဗာနေကလာစကူးလ်ဆိုတာက အထက်တန်းကျောင်း၊ ငါးတန်းကစ ပြီး အင်္ဂလိပ်စာသင်တယ်၊ မြို့ပေါ်မှာပဲရှိတယ်၊
အစိုးရဟိုက်စကူးလ်လို့ခေါ်တယ်၊ "မင်ရှင်စကူးလ်" ဆိုတာက ခရစ်ယာန်သာသနာပြုကျောင်းတွေ၊ သူတို့က အင်္ဂလိပ်စာ အဓိကထားသင်တယ်၊ မြို့ တိုင်းမှာ မရှိဘူး၊ ရန်ကုန် မန္တလေးမြို့ကြီးများနဲ့ ပြင်ဦးလွင်၊ ကလော၊ တောင်ကြီးလို မျက်နှာဖြူတို့ စံမြန်းရာ တောင်စခန်းမြို့များမှာပဲရှိတယ်၊ အဲဒီ ကျောင်းသုံးမျိုးမှာ အစိုးရဟိုက်စကူးလ်က ကျောင်း လခပေးရတယ်၊ မစ်ရှင်စကူးလ်က ပိုပြီးပေးရတယ်၊ တော်ရုံတန်ရုံ မနေနိုင်ဘူး၊ အထက်တန်းစား ကျောင်းဆိုပါတော့၊ မြန်မာစာသက်သက် သင်ရတဲ့ မြူနီစပယ်ကျောင်းကတော့ ကျောင်းလခမရှိ ဘူး၊ ဆင်းရဲသားကျောင်း၊ ဒါပေမယ့် အဲဒီခေတ်က ဆင်းရဲသားတွေဟာ အလကားသင်ရတဲ့ကျောင်း တောင်မှ ဖြစ်မြောက်အောင် မနေနိုင်ကြပါဘူးဗျာ။ စာလေး မတတ်တခေါက် ဖတ်တတ်ရုံ၊ နှစ်တန်း ရောက်ထွက်၊ သုံးတန်းရောက်ထွက်နဲ့၊ ဟေ့... ဂွေးနီနဲ့ ထွေးလုံးတို့ ခုခေတ်မှာမူလတန်းကျောင်းဖြစ် နေတဲ့ အခုတို့ရွာက ဘုန်းတော်ကြီးကျောင်းဟာ အဲဒီတုန်းက ခုနစ်တန်း အလယ်တန်းကျောင်းခေါ် တယ်ကွ"
"ဟုတ်လား ဘကြီး"
"အေး ဟုတ်တယ်၊ အဲဒီတုန်းက ငါတို့ကျောင်းနေရပုံ ပြောရဦးမယ်၊ သူငယ်တန်းတုန်းက ဆယ့် လေးငါးယောက် ရှခဲ့တယ်ကွ၊ ဒုတိယတန်း၊ တတိယတန်းရောက်တော့ ခုနှစ်ယောက် ရှစ်ယောက် ရှိတော့သကွ"
"ဘာလို့လဲ ဘကြီး"
"သူတို့မိဘတွေက ဆင်းရဲတော့ ကျောင်းဆက်မထားနိုင်ဘူး၊ အိမ်မှာ ကျီးမောင်း၊ ကြက်နှင့် ကလေးထိန်းပေါ့ကွာ၊ တောက်တိုမည်ရခိုင်းဖို့ ကျောင်းနုတ်ကြရတယ်၊ အဲ... စတုတ္ထတန်းဆိုတာက တော့ တို့ရွာသားအများစုရဲ့ နောက်ဆုံးအတန်းဆိုပါတော့ကွာ၊ အဲဒီခေတ်တုန်းက စတုတ္ထတန်း၊ သတ္တမတန်း၊ နဝမတန်း၊ ဒသမတန်းတို့က အစိုးရစာမေးပွဲကိုးကွ၊ အဲဒီမှာ ရှုံးကြပါပြီဗျာ၊ ဒီလေး တန်းမှာ တို့ရွာက ငါနဲ့ထွန်းရွှေဆိုတဲ့ ငါ့သူငယ်ချင်း နှစ်ယောက်ပဲအောင်တယ်"
ထွေးလုံး... "ဘကြီးတို့နှစ်ယောက်က ဉာဏ်ကောင်းလို့ပေါ့နော်"
"ဉာဏ်ကောင်းလို့ မဟုတ်ပါဘူးကွာ၊ ကျောင်းမှန်မှန်တက်နိုင်လို့၊ တို့မိဘတွေက ချောင်ချောင်လည် လည်လေးရှိကြလို့၊ ကျန်နေတဲ့ ကလေးတွေ မိဘများက ဆင်းရဲကြတော့ ကောက်စိုက်ချိန်၊ ကောက်ရိတ်ချိန် တွေမှာ အိမ်မှာကူဖော်လောင်ဖက် သုံးကြတော့ ကျောင်းပျက်ကြရတယ်၊ ဒါနဲ့ ငါနဲ့ ထွန်းရွှေ နှစ်ယောက်တည်းပဲ ခုနစ်တန်းအထိ သင်နိုင်ကြတယ်"
ဂွေးနီ... "ဟင်.. ခုနစ်တန်း တစ်တန်းလုံးမှ ဘကြီတို့နှစ်ယောက်တည်းရယ်"
ဦးသော်တာ...
"ဒီလိုလဲ မဟုတ်သေးဘူးကွ၊ မူလတန်းကျောင်းရှိတဲ့ သဖန်းကုန်းနဲ့ ကန်ဦးရွာက ငါးတန်းကတည်း က လာနေကြတဲ့ ကျောင်းသားလေးယောက်ရှိသေးတော့ တို့ခုနစ်တန်းမှာ ကျောင်းသားခြောက် ယောက်ကွ"
ထွေးလုံး... "ခုနစ်တန်းကြီး တစ်တန်းလုံးမှာ ကျောင်းသားက ခြောက်ယောက်တည်း"
ဦးသော်တာ... "အေးကွ... အဲဒီခေတ်က ဒီလိုပဲ"
ဂွေးနီ... "အခု ကျွန်တော်တို့ ခုနစ်တန်းဖြင့် လူ တစ်ရာကျော်လို့ အေဘီခွဲထားရတယ်"
ဦးသော်တာ... "အေ... အင်္ဂလိပ်ကျွန်ခေတ်နဲ့ လွတ်လပ်တဲ့မြန်မာပြည်မှာ လူတွေ စီးပွားရေးအခြေ ဘယ်လိုနေသလဲဆိုတာ ပြတာပေါ့ကွာ၊ ဒါနဲ့ အဲဒီခေတ်က ငါတို့ခေတ်က ပညာရေးဆက်ပြောရဦး မယ်၊ ကျောင်းက အဲဒီသတ္တမတန်းခြောက်ယောက်ဖြေတာ ငါနဲ့ထွန်းရွှေ နှစ်ယောက်ပဲအောင်တယ် ကွ"
ထွေးလုံး... "ဟင် တခြားရွာက လာနေတဲ့လူတွေ တစ်ယောက်မှ မအောင်ဘူး"
ဦးသော်တာ... "ဘယ်အောင်မလဲကွ၊ ဒီကောင်တွေက စာလဲသိပ်သင်ချင်ကြတာ မဟုတ်ဘူး၊ မိဘ ကထားလို့သာ နေကြရတာ၊ သူတို့က ကျောင်းမှန်မှန်တက်ကြတာ မဟုတ်ဘူး။ လမ်းမှာ အိုင်တွေ့ ငါးပက်နေကြတယ်၊ ယုန်တွေ့ ယုန်လျှောက်လိုက်နေကြတာကိုးကွ၊ အဲဒီခေတ်က ပညာကို တန်ဖိုး ထားကြမှန်းလဲ မသိဘူး၊ မိဘတွေကလဲ မထားနိုင်ကြဘူးလေ၊ ကြည့်စမ်း... ငါတို့ရွာက ငါနဲ့ထွန်းရွှေ နှစ်ယောက် ခုနစ်တန်းအောင်ကြတော့ ရှစ်တန်းက မြို့ကျောင်းသွားကြရမယ်ဆိုတော့ ထွန်းရွှေမိဘ က ဆက်မထားနိုင်တော့ဘူး။ ငါ တစ်ယောက်တည်း ငါ့မိဘများက ချောင်ချောင်လည်လည်လေးရှိ လို့ မြို့ကျောင်းဆက်နိုင်ခဲ့တယ်၊ အဲဒီနေရာမှာ ငါ လူပျိုကြီးဖားဖားဖြစ်တောင်မှ အင်္ဂလိပ်စာ မသင်ခဲ့ ရသေးပုံကို ပြောပြချင်ပါတယ်။ မြို့မှာ အင်္ဂလိပ်စာနဲ့တွဲသင်တဲ့ ဂါးဗားမင့်ဟိုက်စကူးလ်ရယ်၊ မြန်မာ စာ သက်သက်သင်တဲ့ မြူနီစပါယ်အထက်တန်းကျောင်းရှိတာမှာ ငါဟာအင်္ဂလိပ်ကျောင်းပြောင်း မယ်ဆိုရင် ငါးတန်းပြန်ဆင်းရမယ်၊ မြူနီစပယ်ကျောင်းသွားမှ ရှစ်တန်းဆက်ရမယ်ဆိုတော့ သုံးတန်း သုံးနှစ်ကြီး အနာမခံနိုင်ဘူးဟေ့၊ မြန်မာကျောင်းပဲ ဆက်နေခဲ့တော့ ငါ အင်္ဂလိပ်စာနဲ့ ဝေးခဲ့ တော့တာပေါ့ကွာ"
"ဘကြီး အခုတော့ အင်္ဂလိပ်လို တတ်သားပဲ"
"အဲဒါ တက်ခဲ့ရပုံလေး ပြောရဦးမယ်၊ (၁၉၃၈)ခုနှစ်မှာ မြန်မာလို (၁၀)တန်းအောင်တော့ ကြည်မြင် တိုင် ဆရာဖြစ်သင်ကျောင်းသွားရတယ်ကွ၊ ဆရာဖြစ်က သီအိုရီရော၊ ပရက်တီကယ်လ်ရော သင်ရ တယ်ကွ၊ ပရက်တီကယ်လ်က ကျောင်းတွေကို ကိုယ်တိုင်သွားပြီးတော့ အတန်းတစ်တန်းမှာ သင် ခန်းစာတစ်ခုခု သင်ပေးရတယ်ကွ၊ တစ်နေ့ လမ်းမတော် အထက်တန်းကျောင်းမှာ ကိုးတန်းဆယ် ဆန်းကို သင်္ချာသင်ရအောင်သွားတာ၊ ငါ တော်တော် ရှိုးကျကျဝတ်သွားတယ်၊ အဲဒီအချိန်မှာ ငါ့အ သက်က (၁၉)နှစ်၊ ကိုးတန်း၊ ဆယ်တန်းကျောင်းသူလေးတွေကလဲ အပျိုတွေဆိုတော့... "
ဂွေးနီ... "ဟဲ... ဟဲ... ဘကြီးကရှိတ်မယ်ပေါ့"
ဦးသော်တာ... "အဲဒီခေတ်က အခု မင်းတို့သုံးနေကြတဲ့ "ရှိတ်"ဆိုတာ မပြောနဲ့၊ စစ်ပြီးစခေတ်မှာ သုံးလာတဲ့ "ဂေါ်"ဆိုတာတောင် မပေါ်သေးဘူး၊ "ပိုးတယ်"ဆိုတာပဲ ရှိသေးတယ်၊ နောက်ပြီး ပြောရ ဦးမယ်၊ အဲဒီတုန်းက ကျောင်းဆရာတွေဟာ ခေါင်းပေါင်းနဲ့ကျောင်းတက်ရတယ်ကွ၊ တို့ဆရာ လောင်းတွေလဲ ခေါင်းပေါင်းပေါင်းရတယ်၊ ဆရာမလောင်းတွေက ဘီးဆံထုံးထုံးပြီး ပဝါချရတယ်၊ အဲဒီနေ့က ငါ့စတိုင် ကောင်းကောင်းမှတ်မိသေးတယ်"
"ရှူးဖိနပ်က လိမ္မော်ရောင်ကွ၊ ပုဆိုးက ဗန်ကောက်လုံချည် ရွှေဖလားရောင်၊ ပိုးအပေါ်အင်္ကျီက အဝါနု၊ ခေါင်းပေါင်းက ပန်းနုရောင်"
"ဟာ... ဘကြီးတစ်ကိုယ်လုံး ဝါဝါဝင်းရွှေပါလား"
"နောက်ပြီး ဆေးတံကလဲ ခဲလိုက်သေးကွာ"
"ဟာ... အပြတ်သားနားနေတာပေါ့"
"အဲဒီတုန်းက စမတ်ကို ဂွမ်နေတယ်လို့ခေါ်တယ်ကွ၊ အဲဒီစတိုင်နဲ့ ငါကျောင်းထဲဝင်သွားတယ်ဆိုပဲ "ဟေ့... တို့ကျောင်း ဒီနေ့ ဆရာလှလှလေးလာတယ်"လို့ ပြောသံတွေ ကြားရတယ်ကွ"
"ဘကြီးကလဲ အဲဒီတုန်းက တော်တော်ချောပါလိမ့်မယ်၊ အခုတောင်မှပဲ ဒီရွာမှာ အသက်(၆၀)ကျော် အဘိုးကြီးချင်း အချောပြိုင်ရင် ဘကြီးက အပိန်ဆုံးနေမှာ"
"ဟာ... ဂွေးနီကလဲ... လူကြီးအားတိတ်အောင် အလုပ်စမ်းပါနဲ့ကွာ၊ ငယ်မူလေးများ ပြန်စမ်းပါရစေ၊ အဲဒီဗန့က မင်းတို့ပြောသလို ကောင်မလေးတွေရှိတ်ရင်း စာပြပြီး အောင်မြင်စွာပြန်အလာ မျက်နှာ ဖြူတစ်ယောက် ငါ့ရှေ့ရောက်တော့ တုံခနဲရပ်လိုက်ပြီး အင်္ဂလိပ်လိုတစ်ခုခု မေးတယ်ကွ၊ ငါက ဘာမှ နားမလည်ဘူး၊ ဒါကြောင့် ငါက ခေါင်းပေါင်းတကားကားနဲ့ ဦးခေါင်းကိုယမ်းရင်း ပါးစပ်က ဆေးတံချွတ်ပြီး "အိုင်နိုး... အိုင်နိုး" လို့ပြောလိုက်တယ်"
ဂွေးနီက...
"ဟင် ဘကြီးက အိုင်နိုး... အိုင်နိုးဆိုပြီး ခေါင်းယမ်းပြတယ်"
"အေးပေါ့ကွာ... အဲဒီတုန်းက ငါက အင်္ဂလိပ်စာမှာ No နဲ့ Know နှစ်မျိုးရှိတာမှ မသိသေးဘဲကိုးကွ၊ ငါက No ပဲသိပြီး ငါ... အိုင်နိုး အိုင်နိုးဆိုလိုတာက ခင်ဗျားပြောတာ ကျွန်တော် နားမလည်ဘူး၊ မသိ ပါဘူးပြောတာ၊ အဲဒီမှာ ကိုရွှေမျက်နှာဖြူ ငါ့မျက်နှာကြည့်ပုံက မရေမရာ မချေမငံ၊ မဲ့သလိုလိုနဲ့ ပြုံး သယောင်ယောင်ကွ၊ ဒီတော့ ငါ့စိတ်ထဲ ငါ ဘာပြောမိလို့လဲ၊ ငါ ဘာများအမှားပြုမိလို့လဲ၊ တအုံနွေး နွေးနဲ့ တစ်နေ့တော့ အင်္ဂလိပ်စာတတ်တဲ့ ငါ့မိတ်ဆွေတစ်ယောက် အကျိုးအကြောင်းပြောပြတော့ သူက ခွက်ထိုးခွက်လန်ရယ်မောပြီး "ကိုရင့်ဟာ... အိုင်နိုး... အိုင်နိုး... I Know... I Know ဆိုတာ က ကျွန်တော် သိတယ်၊ ကျွန်တော် သိတယ် ပြောရင်း ခေါင်းခါပြနေတော့ မောင်ရင့်ကို စိတ်မနှံ့ဘူး ထင်သွားမှာပေါ့ ကိုယ့်လူရဲ့"လို့ပြောပြီး စုပ်တသတ်သတ်နဲ့ "မောင့်ရင့်ရုပ်နဲ့ စတိုင်က မြို့အုပ်လား၊ ရှေ့နေလား ထင်နေရတော့ ဒီတော့ ကိုယ့်ပုံပန်းနဲ့ ကိုက်ညီအောင် အင်္ဂလိပ်စာတော့ သင်ဦးသူငယ် ချင်းရယ်"တဲ့။ အဲဒီခေတ်မှာ "အေဘီစီဒီ မတတ်ဘဲနဲ့ အရပ်ထဲကို လည်"ဆိုတဲ့ သီချင်းကလဲပေါ်နေ တော့ ငါ သိပ်ရှက်သွားတာပဲကွာ၊ ဒါကြောင့် ငါဆရာဖြစ်အောင်သော်လဲ အင်္ဂလိပ်စာမတတ်ဘဲနဲ့ တော့ အရပ်မပြန်တော့ပါဘူးလို့ ဆုံးဖြတ်ပြီး အိမ်ကိုစာရေးလိုက်တယ်။ မိဘများကလဲ တော်ပါပေ တယ်၊ ကျောင်းနေခွင့်ပေးလို့ ရန်ကုန်အင်္ဂလိပ်စာ အလွတ်ပညာသင်ကျောင်းတစ်ခုမှာ နေခဲ့ရတယ်"
ဒါပေမယ့် ဘကြီးပညာပါရမီက သိပ်ပြီးမရင့်သန်ခဲ့ဘူးကွာ၊ (၁၉၃၉)ခုနှစ် (၁၉၄၀-၄၁)ခုနှစ်၊ ဒီဇင် ဘာလ (၂၃)ရက်နေ့ မြန်မာပြည် ပထမဦးဆုံးအကြိမ် ဂျပန်ဗုံးလာချတော့ ရန်ကုန်မြို့ကြီးပျက်က ရော၊ ဘကြီးဟာ အင်္ဂလိပ်စာ နှစ်နှစ်ခွဲပဲသင်လိုက်ရတယ်၊ တက္ကသိုလ်မရောက်ခဲ့ဘူး၊ ဒါကြောင့် မြန် မာကျောင်းဆရာအဖြစ်နဲ့ပဲ ပင်စင်ယူခဲ့ရတယ်၊ ကဲ... အခုခေတ်ပညာရေးနဲ့ ဘယ်လောက်ကွာသ လဲ၊ မင်းတို့ဆိုရင် အခုကိုယ့်ရွာက မူလတန်းကျောင်းမှာပဲ အင်္ဂလိပ်စာကို စသင်ရတယ်၊ ကိုယ့်မြို့မှာ ဆယ်တန်းအောင်ပြီးရင် ရန်ကုန်တက္ကသိုလ်မသွားနိုင်တဲ့ လူတွေအဖို့ ဒေသကောလိပ်တွေရှိတယ်၊ စာပေးစာယူရနိုင်တာ၊ ဘယ်လောက်ကောင်းသလဲကွာ၊ မင်းတို့ ပညာသာကြိုးစားကြပေတော့၊ တောသားမြို့သားရယ်လို့ အင်္ဂလိပ်စာတတ်တဲ့ လူ၊ မတတ်တဲ့လူရယ်လို့ ခွဲခြားမရှိတော့ဘူး၊ အားလုံး ပညာရေးတစ်ပြေးညီ ဖြစ်နေပြီ၊ သိပ်ကောင်းတဲ့စီမံကိန်း"
ကျောင်းဆရာကြီး ဦးသော်တာ မြန်မာပြည်ပညာရေးအကြောင်း လေပန်းနေစဉ် ဂွေးနီက အုန်းနို့ ညှစ်နေခြင်းဖြင့်လည်းကောင်း၊ ထွေးလုံးက ကြောင်သားအိုး ထင်းမပြတ်ထိုးနေခြင်းဖြင့်လည်း ကောင်း၊ အုန်းနို့ လည်း ညှစ်ပြီးပြီ၊ ဟင်းအိုးပထမရေလည်း ခန်းပြီ၊ သည်တော့ ဦးတေနောင်က ထိုင် ရာမှထ၊ ဟင်း ကို အပေါ့အငန်မြည်းပြီး အုန်းနို့ရည်တွေ ထည့်လိုက်လေ၏။
ဂွေးနီ ထိုင်ရာမှထ၍ အညောင်းဆန့်သောအခါ ဦးသော်တာက...
"ဟေ့... မောင်ဂွေးနီ ထန်းရည်ကို အင်္ဂလိပ်လို ဘယ်လိုခေါ်သလဲကွ"
"တော်ဒီ"
"ဒါဖြင့် ဝစ်လ်ယူဘရင်းဆမ်းတော်ဒီ ဖော်မီ"
"ရက်ဆား ဖရောင်မ်ဝှဲယား"
"မောင်ခိုကြီးဆီသွားကွ၊ ငါ မနေ့ကတည်းက မှာထားတယ်၊ ထန်းဖိုးရည်သန့်သန့် တစ်ပင်တည်းက ချတာ ချည်း ငါးလုံးပေးလိုက်ပါလို့ ရော့... ပိုက်ဆံ"
ဆယ့်ငါးမိနစ်ခန့်အကြာ ဂွေးနီပြန်လာသောအခါ သူ့ကျောမျာပိုးလာသည့်နှစ်တောင်လောက်ရှည် သော ဝါးကျည်တောက်ကြီးထိပ်ဝမှာ အမြှုပ်တွေ ဝေနေသဖြင့် ဦးသော်တာက...
"ဟဲ့... ဒါ ငါးပုလင်း ကမယ်မဟုတ်ဘူး"
ဂွေးနီ... "ခုနစ်ပုလင်းဝင် ကျည်တောက်တဲ့၊ ဟောဒီမှာ ဘကြီးပိုက်ဆံ ငါးကျပ်လဲ ပြန်ပေးလိုက် တယ်၊ ကိုမောင်ခိုကြီး က ကျွန်တော်တို့က ဟင်းရတယ် ကြားလဲ သူလဲ လာစားမယ်၊ ဒီထန်းရည်ကို သူက ဆပ္ပလိုင်း လုပ်ရစေတဲ့"
ဦးတေနောင် သဘောကျသွားလျက်...
"အေး... ကောင်းတာပေါ့ကွ၊ ဒီသုံးပိဿာလောက်ရှိတဲ့ အကောင်ကြီးတို့ချည်း ဘယ်ကုန်နိုင်မှာလဲ၊ သူ ဘယ်အချိန် လာမလဲတဲ့"
ဂွေးနီ... "ဆယ်နာရီလောက်မှ သူ့ထန်းပင်တွ ကိုင်ပြီးမယ်တဲ့"
ဦးတေနောင်... "အေး... ဟင်းကျက်မှာနဲ့ အလောတော်ပေါ့ကွာ၊ ကဲ ဟင်းအားလုံးမကျက်မီ ရှေ့ တော်ပြေး ကလေး မြည်းလိုက်ရအောင်၊ ထွေးလုံးရေ... နောက်ထည့်တဲ့ အုန်းနို့ဆူပြီလား"
"ဆူတော့မယ် အဘ"
"တစ်ချက်မွှေ လိုက်စမ်းကွာ၊ ဆူရင်ပြော ဟော့ဟို ပန်းကန်ထဲမယ် ဆားနယ်ထားတဲ့ ကြောင်အူနဲ့ အသည်း ရှိတယ်"
ဦးသော်တာ... "ဒါတွေ ခင်ဗျားက တစ်ခါထည်းထည့်မချက်ဘူးလား"
ဦးတေနောင် "မချက်ရဘူးဗျ၊ အူတို့အသည်းတို့ သဘောမှာ တစ်ခဏနဲ့ကျက်ပြီး စားကောင်းတဲ့ အချိန်ကလေး ရှိတယ်၊ ကြာကြာချက်ရင် အကျက်လွန်ပြီး မာသွားရေ၊ စားမကောင်းတော့ဘူး"
ထွေးလုံး... "အဘရေ ဟင်းဆိုးဆူပြီ"
ဦးတေနောင်... "ဆူရင် အဲဟိုပန်းကန်ထဲက ကြောင်အူနဲ့ အသည်းထည့်လိုက်ကွာ၊ ထည့်ပြီး တစ်၊ နှစ်၊ သုံး မှန်မှန်ရေ၊ နှစ်ရာ့ငါးဆယ်ရောက်တော့ ဆယ်လိုက်၊ အဲဒါ နှစ်မိနစ် ကြက်ဥဟပ်ဘွိုင်ပြုတ် တဲ့ အချိန်ပဲ"
ဦးသော်တာ... "ဟင် ဦးတေနောင်က တယ်ပြီး တိကျလိုက်ပါလား"
ဦးတေနောင်... "ကျုပ်က တပ်မတော်ထွက်ကိုးဗျ"
ထွေးလုံးလည်း နှုတ်မှ ပွစိပွစိနှင့် ရေတွက်နေပြီး (၂၅၀)ပြည့်သောအခါ ကြောင်အူနှင့်အသည်းကို ပြန်ဆယ် ၍ ပန်းကန်ထဲထည့်လိုက်၏။
ဦးတေနောင်က...
"အေး... ဒီကို ယူခဲ့ကွာ"
သူ့ရှေ့ရောက်လေသော် သုံးလေးပိုင်းဖြတ်၍ ထက်ခြမ်းခွဲထားသော ကြောင်အူအခွေများကို ခါး လယ်က ခက်ရင်း နှင့်ထိုး၍ ကတ်ကြေးနှင့် လက်နှစ်သစ်ခန့်ဖြတ်ရင်း...
"ကဲ... ဦးသော်တာ... မြည်းကြည့်စမ်း"
ဦးသော်တာက တစ်ခု ယူဝါးရင်း...
"ဟာ... ထုတ်ထုတ် ထုတ်ထုတ်နဲ့ တယ်စားကောင်းတာပဲဗျာ"
ဦးတေနောင်...
"အဲဒါ ဒီအနေမို့ ဒီထက်ကျော်သွားရင် မာပျဉ်းသွားရောဗျ၊ အမဲအူ၊ ကြက်အူ၊ ဝက်အူ၊ ဘဲအူရော ဒီလိုပဲ၊ သူ့အနေတော် စားကောင်းတဲ့ ဝါးရတဲ့ အချိန်ရှိတယ်"
ဦးသော်တာ... "ဟုတ်တယ်ဗျို့... ကျွန်တော်တို့ ကျောင်းသားတုန်းက ရန်ကုန်မှာ အမဲအူ၊ ခေါက်ဆွဲ ကြော်တွေရှိတယ်ဗျ၊ ဟတ်က တရုတ်တွေကြော်တာ အမဲပုဆိုးကြမ်းတွေ၊ အူတွေ၊ ထပ်တစ်ရာတွေ ရေဆေးပြီး အစိမ်းလိုက် တွဲလဲဆွဲထားတယ်၊ စားမယ့်လူက မှာမှ ဓားနဲ့ ပါးပါးလှီးပြီး ခေါက်ဆွဲကြော် နဲ့ ကြော်တာ၊ ဒီ့ပြင် ဝက်သား၊ ဘဲသားတို့နဲ့ ကြော်သလောက်ပဲ ကြာတယ်၊ စားလို့သိပ်ကောင်းတာ ပဲဗျာ၊ အဲ... အိမ်တော့ ထုတ်ယူမသွားပါနဲ့၊ အေးလဲသွားရော မာပြီး ဝါးလို့မရတော့ဘူး၊ ဆိုင်မှာသာ ပူပူနွေးနွေး စားလို့ရတာ"
ဦးတေနောင်... "ဟုတ်တယ်... အူတို့ သဘောဟာ ဒီလိုပဲ၊ အသည်းလဲ ဒီလိုပဲ၊ အဲ... ကြောင်သည်း လေး မြည်းကြည့်ပါဦး"ဆိုပြီး ကတ်ကြေးနှင့် တစ်ဖဲ့ညှပ်ပေးလိုက်သည်။
ဦးသော်တာ ယူစားပြီး...
"ဟာ... တယ်ဆိမ့်တာပဲဗျာ"
ဦးတေနောင်... "ဒီထက်ကြာရင် မာသွားမယ်ဗျာ"
ဦးသော်တာ... "ဟုတ်ပ၊ ကျုပ်တစ်ခါ ကံညွှန်တို့ ချက်တာ သွားစားတယ်၊ မာတဲ့အပြင် ခါးသက် သက်တောင်နေတယ်၊ အူကလဲ မာပျဉ်းပျဉ်းကြီးနေတယ်၊ ခုဟာတော့ အလောတော် စားကောင်းရုံ လေး ပဲ၊ ကျုပ်တော့ ထန်းရည်နဲ့ ချတော့မယ်"
ဦးတေနော်...
"ချလဗျာ... ကျုပ်လဲ သောက်ချင်ပြီ"... ဆိုပြီး ဝါးဆစ်ခွက်နှစ်လုံးသွားယူပေးသည်။ ဦးသော်တာက ကျည်တောက် အဖျားပိုင်းကို ပေါင်ပေါ်တင်ငှဲ့ရင်း "ဟို... သူငယ်နှစ်ယောက်တော့ မသောက်ဘူး နော်"
ဂွေးနီနှင့် ထွေးလုံး...
"ဟုတ်ကဲ့... ကျွန်တော်တို့ မသောက်တတ်သေးပါဘူး"
"အေး... ကျောင်းသား မသောက်တာ ကောင်းပါတယ်ကွာ၊ ကြီးလဲ မသောက်ပါနဲ့ကွာ"
ဦးတေနော်... "ဒါတော့ ပြောရမလားဗျ၊ ထန်းရည်အရက်ဆိုတာ သူ သောက်ချင်လဲလူသောက်တာ ပဲ တား မရဘူး၊ မသောက်ျင်တဲ့လူကျတော့လဲ အတင်းတိုက်လို့မရဘူး၊ အေး... သောက်ရင် သောက်တတ်ဖို့ လိုတယ်ဗျ၊ သောက်တတ်ရင်ဆေး၊ မသောက်တတ်ရင် ဘေးဖြစ်တတ်...
ဦးသာရွှန်းပြောသလို "ကျုပ်သမက်က အရက်လဲ မသောက်တတ်ဘူးဗျ၊ ဖဲလဲ မရိုက်တတ်ဘူးဗျ၊ ကြက်လဲ မတိုက်တတ်ဘူးဗျ"တဲ့၊ ဒီတော့ ကြားရတဲ့လူတွေက "ဒါဖြင့် ခင်ဗျားသမက် တယ်လိမ္မာ တာပဲ၊ တော်တာ ပေါ့" ဆိုတော့ "မတော်ဘူးဗျ"တဲ့၊ "ကျုပ်သမက်က အရက်မသောက်တတ်ဘဲနဲ့ သောက်၊ ဖဲမရိုက်တတ်ဘဲ နဲ့ရိုက်၊ ကြက်မတိုက်တတ်ဘဲနဲ့ တိုက်တော့ အားလုံးဒုက္ခရောက်ကုန်တာ ပေါ့ဗျာ"တဲ့၊ အဟား... ဟား... ဟား"
ဤသို့လျှင်... ထန်းရည်ကို ပထမဦးဆုံးစား၍ရသော ကြောင်အူ၊ ကြောင်သည်း၊ ကြောင်ဦးနှောက် တို့နှင့် မြည်းရင်း စကားတပြောပြောနှင့် နေခဲ့ကြလေရာ ဆယ်နာရီကျော်ခန့်ရှိလတ်သော် ကြောင် သားဟင်း ဆီပြန်ပြီ။ ထန်းရည်ဒါယကာ ဦးမောင်ခိုကြီးလည်း ရောက်လာပြီး သူတို့သောက်ပွဲကြီး လှိုင်ဘောလယ်ကြလေ၏။ ဦးတေနောင်သည် ပထမဦးဆုံး ကြောင်သားတစ်တုံးကို ကော်ခပ်ယူ လိုက်ပြီး
"အောင်မယ် ဦးတေနောင်ရဲ့၊ ခင်ဗျားကြောင်သားက ဝက်သားလို အခေါက်နဲ့ အဆီတစ်ထပ်၊ အသားတစ်ထပ် ပါလားဗျ၊ ကံညွှန်တို့အိမ်မှာ ကျုပ်စားရတုန်းက အခေါက်နဲ့အဆီ မပါပါလားဗျာ"
ကိုမောင်ခို... "ဟာ.. ဒီကောင်တွေက ကြောင်သားမှ ချက်တတ်ကြတာမဟုတ်ဘဲ၊ ကြောင်ကို ကြွက်လို အရေခွံ ဆုတ်ပစ်တော့ ကြွက်သားလိုနေတော့တာပေါ့ဗျာ။ အခု အဘနောင်ချက်တာက အရေမဆုတ်ဘဲ အမွှေးမီးမြိုက်ချက်တာကိုးဗျ၊ မီးမြှိုက်နံ့ကလေးကော သင်းမနေဘူးလား
ဦးသော်တာ... "အေး... ကမ္ဘာ့လူထုအကြိုက်၊ စမုတ်ကင်းစမဲလ်ခေါ်တယ်ကွ၊ အုန်းနို့နံ့လေးနဲ့ ရော သင်းနေတယ်"
ဦးတေနော်... "ဟေ့... မောင်ခို၊ မင်း ထန်းရည်လဲ သိပ်ကောင်းတာပဲ၊ အရိုးစွဲပြီထင်တယ်၊ ဒါ လက် ငုတ်ရည်တွေပဲ"
ကိုမောင်ခို... "ဟုတ်တယ်... အဲဒီထန်းဖိုပင်က သုံးစစွဲတယ်၊ နှစ်စလွတ်သွားတယ်"
ဦးသော်တာ... "ဘာလဲ... စွဲတယ်၊ လွတ်သွားတယ်ဆိုတာက"
ကိုမောင်ခို... "ဒီလို ဆရာကြီးရဲ့... ထန်းသီးခိုင်မှာ သီးကုံးတွေပြွတ်နေတဲ့ သီးညှာတံနဲ့ အရင်းက အရိုးတံရှိတယ် မဟုတ်လား။ ထန်းဖိုမှာလဲ ဒီလိုပဲ၊ ထန်းလက်ဝါးကြီးတွေ ကားထွက်နေတဲ့ အညှာ တံနဲ့ အရင်းက အရိုးတံရှိတယ်၊ ထန်းရည် အရိုးမစွဲဘူးဆိုတဲ့ ထန်းစက ထန်းမမှာဆိုရင် သီးညှာတံ ကုန်တာနဲ့ ထန်းရည်ပြေးရော၊ ထန်းဖိုမှာလဲ ထန်းလက်ဝါးထွက်တဲ့ အညှာတံကုန်တာနဲ့ ထန်းရည်မ ထွက်တာ့ဘူး"
ဦးသော်တာ... "သြော်... သိပြီ သိပြီ၊ လက်ရင်းလက်ငုတ်ထိအောင် အရည်ထွက်မှ အရိုးစွဲတယ် ခေါ်တာ ပေါ့"
ဦးတေနောင်...
"ဟုတ်တယ်... ဒါကြောင့် လက်ငုတ်ရည်ခေါ်တာပေါ့"
ဦးသော်တာ...
"နေပါဦး... ထန်းပင်တိုင်း ထန်းစတိုင်း အရိုးမစွဲဘူးလား"
ကိုမောင်ခို... "မစွဲဘူး ဆရာကြီးရဲ့၊ ထန်းကိုင်တဲ့လက်နဲ့ ထန်းပင်အမျိုးအစားပေါ်မှာ တည်သေး တယ်"
ဦးသော်တာ... "ထန်းပင်မှာ အမျိုးမျိုး အစားစား ရှိသေးသလား"
ကိုမောင်ခို...
"ရှိတာပေါ့ ဆရာကြီးရဲ့၊ ထန်းသီးတွေကို သတိထားကြည့်မယ်ဆိုရင် တစ်ပင်နဲ့တစ်ပင် မတူဘူး၊ အရောင်အမျိုးမျိုးကွဲတာကိုတွေ့ရလိမ့်မယ်၊ ထန်းနက်၊ ထန်းညို၊ ထန်းပြာ၊ ထန်းဝါ၊ ထန်းဖြူ၊ ထန်း ကြောင် ခြောက်မျိုးတောင်ရှိတယ်၊ နောက်ပြီး အကြီးအသေး လုံးရှည် လုံးဝိုင်းလဲ ကွဲသေးတယ်"
ဦးသော်တာ...
"ထန်းသီးကြီးတဲ့ အပင်က ပိုပြီးထန်းရည်ထွက်မလား"
ကိုမောင်ခို... "ဒီလိုလဲ မဟုတ်သေးဘူး ဆရာကြီး၊ အသီးသေးပေမယ့် အလုံးရှည်ပြီး ထန်းစေံအိမ် နက်နဲ့ ထန်းပင်မှ ထန်းရည်အထွက်ကောင်းတယ်၊ အများအားဖြင့် ထန်းဖြူ၊ ထန်းဝါ၊ ထန်းကြောင် တွေဟာ အသီးကြီးတွေ ကြီးပြီး အလုံးဝိုင်းဝိုင်းနဲ့ ထန်းစေ့အိမ်တိမ်တယ်၊ ဘယ်တော့မှ ထန်းရည် များများမထွက်ဘူး၊ အရိုးလဲမစွဲဘူး၊ ဒါကြောင့် ကျွန်တော်တော့ ထန်းနက်၊ ထန်းညို၊ ထန်းပြာမှာ မှာ အခိုင်များများထွက်ပြီး အသီးရှည်ရှည်နဲ့ ထန်းစေ့အိမ်နက်တဲ့ အပင်ကိုမှ ရွေးပြီးတက်တယ်၊ ထန်းဖိုး မှာလဲ ထန်းစများများထွက်ပြီး ထန်းလက်ဝါးရှည်တဲ့ အပင်ကိုရွေးတယ်။
ဦးတေနောင်.. "ဟေ့….မောင်ခို၊ မင်းဒီနှစ် အရိုးဘယ်နှပင်စွဲလဲ"
ကိုမောင်ခို …" လေးငါးပင်တော့ သေချာနေပြီ အဘ"
ဦးတေနောင်…..
"ဒါဖြင့် နတ်တော်ပြာသိုအထိ မင်းထန်းရည် မပြတ်တော့ဘူးပေါ့"
ကိုမောင်ခို……
"နှစ်ပတ်လည်ဆက်မယ်၊ ပြာသိုမှာ သီးနုအတီ စ, ကိုင်မှာပဲ"
ဦးသော်တာ…."ထန်းသီးမှာ အကီးသီး၊ အတီးသီးနဲ့ ပြောကြပါတယ်၊ ဘယ်လို အသီးခေါ်တာလဲ"
ဦးသော်တာ…." သီးနု ကိုင်တယ်ဆိုတာကကော"
ကိုမောင်ခို .. " ထန်းသီးကလေးတွေ လက်သီးဆုပ်လောက်မှာ ထန်းရည်ထွက်အောင် လုပ်တာကို သီးနုကိုင်တယ်ခေါ်တယ်၊ ထန်းသီးကြီးတွေရင့်မှ ကိုင်တာကို သီးရင့်ကိုင်တယ်ခေါ်တယ်"
ဦးသော်တာ…"တစ်စရည်၊ လက်ငုတ်ရည် ဆိုတာကကော"
ကိုမောင်ခို…."ထန်းစ တစ်စတည်းကကျတဲ့ အရည်ကို တစ်စရည်ခေါ်တာပဲ၊ ဒီပြင် အစကကျ တာနဲ့မပေါင်းဘဲ သူ့ချည်းသာ သောက်တာ ပိုကောင်းတယ်၊ လက်ငုတ်ရည်ဆိုတာကတော့ ခုနပြော ခဲ့တဲ့အရိုးစွဲနဲ့ ထန်းစတို့ကို လက်ငုတ်ခေါ်တယ်၊ အဲဒီက ကျတာကို လက်ငုတ်ရည်၊ အခုကျွန်တော် တို့သောက်နေကြတာ လက်ငုတ်ရည်ပေါ့၊ ထန်းရည်ကောင်းတို့မည်သည်မှာ သောက်လိုက်ရင် အာခေါင်မှာ ရှသွားတယ်၊ လေတက်ပြီးရင်ချောင်ရမယ်၊ အခုကျွန်တော့်ထန်းရည် အဲဒီလိုနေရဲ့ လားဆရာကြီး"
ဦးသော်တာ…
"နေပါတယ်၊ ကောင်းပါတယ် ထန်းရည်ဆရာခိုကြီးရယ်"
ယင်းသို့ လူကြီးတွေ ထန်းရည်သောက်ရင်း ထန်းဋီကာဖွင့်နေစဉ်ဝယ် ထွေးလုံးနှင့် ဂွေးနီတို့သည် ဦးတေနောင်၏ သားများနှင့် ထမင်းတစ်ဝိုင်းစားကြ၏။ ကန်စွန်းရွက်, မန်ကျည်းသီးစိမ်းနှင့်၊ ငါးချဉ် ရေဟင်း၊ ထိုဟင်းထဲက ငါးဖတ်တို့ကို ငါးပိစိမ်းစား၊ ပီနံသီးနှင့်ထောင်း၊ သခွားသီးစိမ်း၊ ပဲစောင်းလျား သီးရေနွေဖျောတို့က ကြောင်သားအုန်းနို့ဆီပြန်ဟင်းကို အအီဖြေလျက် စားလို့ကောင်းလိုက်တဲ့ ဖြစ်ခြင်း။
ကြောင်သားနဲ့ အုန်းနို့ဆီပြန်
ပြည်တန်တဲ့ဟင်း…။
ပင်ကျရည် ခါးချိုပြင်းရယ်နဲ့
ကောင်းလိုက်တဲ့ ဖြစ်ခြင်း…..။
"ဟဲ့သား…..ဒီသီချင်း ဘယ်ကရပြန်တာလဲ"
ထွေးလုံးက သူ့တို့ခြံထဲတွင် ဘဲကလေးတွေ တီကောင်တူးကျွေးရင်း ဆိုနေသည်ကို အနီးတွင် သစ်ပင်တွေ ပေါင်းသင်နေသော သူ့အမေက မေးသဖြင့်……
"ဟိုလေ..ကျွန်တော်တို့ ဟိုကြောင်ကြီး အောင်သေအောင်သား စားတဲ့နေ့က ဆရာကြီးဦးသော်တာ လက်တန်း စပ်တဲ့ကဗျာ ကျွန်တော် မှတ်ထားလိုက်တာ အမေရဲ့၊ အဲဒီဆရာကြီးဆီ ကျွန်တော် ကဗျာစပ် တောင်သင်မလို့၊ ဆရာကြီးက သင်ပေးမယ်တဲ့"
"ဦးသော်တာဆီက ကဗျာစပ်ပဲသင်ပါနော်၊ အသောက်တော့ သင်မလာပါနဲ့"
"အမေကလဲဗျာ…ဆရာကြီးက လူငယ်တွေကို မဟုတ်တာ လုပ်ပေးမလားဗျ၊ ကျွန်တော်တို့ကို ဘယ်တော့မှ မသောက်နဲ့တောင် ပြောပါတယ်"
ထွေးလုံးက ကဗျာဝါသနာ ပါဟန်ရှိသည်။ ကဗျာဝါသနာပါသူသည် စာပေသမား ဖြစ်လာတတ်၏။ ထွေးလုံးသည် တိရစ္ဆာန်ကလေးကိုလည်း ချစ်တတ်၏။ တိရစ္ဆာန်ချစ်တတ်သူသည် မေတ္တာကရုဏ တရားရှိသူဖြစ်၏။ မေတ္တာကရုဏတရားရှိသူသည် လူ့လောက၌ မိုက်မဲသောအမှုကို မပြုတတ်ချေ။ လမ်းတွေ့ခွေးမြင် ခဲနှင့်ပေါက်ခြင်း၊ ကြက်ကလေး ငှက်ကလေးတွေ ပစ်ချင်ခတ်ချင်သော ကလေးတို့အား မိဘတို့က တားမြစ်ဆုံးမပေးဖို့သင့်၏။
ထွေးလုံး၏ ဘဲကလေးငါးကောင်တို့သည် ဦးဘသိန်း, ဒေါ်ထွေးနွယ်တို့၏ ကြောင်ကြီးကို သုတ်သင်ပြီးမှ အန္တရာယ်ကင်းရှင်းစွာ ခြံထဲမှာ လွတ်လွတ်လပ်လပ်နေရလျက် တစ်နေ့တခြား ကြီးပြင်းလာခဲ့ရာ ခြောက်လကျော်ခုနစ်လထဲ ရောက်သည်၌ အမွေးအတောင် ပြည့်စုံသော အကောင်ကြီးများ ဖြစ်ခဲ့လေ၏။
မီးခိုးက မှိုင်းပြာပြာ၊ မံလုံးက ဘဲနက်။ သူတို့ ဘဲထီးတို့မှာ ရှိအပ်သော အစိမ်းရောင် မှန်ကူကွက် တွေနှင့် အလွန်လှပ၏။
ဖြူရော်က အပျိုဖြစ်လာသောအခါ ဆွတ်ဆွတ်ဖြူသော ဘဲဖြူမ။ ၀ါနုကြီးလာသောအခါ အ၀ါရောင် မဟုတ်တော့၊ သနပ်ခါးရောင်။ ရင်ကျားကအမွေးရောင်စုသည့် ဘဲကျားမ ဖြစ်လာလေ၏။ ဘဲထီးတို့ မည်သည်ခေါင်းစိမ်းရ၏။ အမြီးတွင် အဆီဘူးရင်းမှာကပ်၍ အမွေးကလေးတစ်ချောင်းတည်း ကော့ထောင် ကွေးနေ၏။ ဤကားအရွယ်ရောက်ပြီဖြစ်သော ဘဲထီး၏ အဂါင်္။ ထို့ပြင် ဘဲထီးတို့ မည်သည်မှာ အသံကို ကျယ်လောင်စွာ မမြည်တတ်ချေ။ ရွှီးရွှီးရှဲရှဲမျှသာ။ ဘဲမတို့ကား တဂတ်ဂတ် နှင့်ဆူညံအောင် အော် တတ်ကြ၏။
ယခုထွေးလုံးအိမ်မှာ ဘဲထီးနှစ်ကောင်၊ ဘဲမသုံးကောင်။ ဘဲတို့မည်သည် ကြက်နှင့်မတူ၊ တစ်ကောင်နှင့်တစ်ကောင် ထိုးခြင်းဆိတ်ခြင်း မရှိ။ အလွန်သင့်မြတ်ကြ၏။
စားအတူ သွားအတူ အိပ်အတူ။ သူတို့သည် တစ်ကောင်ကောင်ကို ခေါင်းဆောင်ထားတတ်၏။ ထိုခေါင်းဆောင် ရှေ့ကသွားလျှင် အားလုံးနောက်ကလိုက်၏။ ခေါင်းဆောင်ရပ်လျှင် ရပ်၏။ ခေါင်းဆောင် အိပ်လျှင် အားလုံးစုပြုံအိပ်ကြ၏။
ထွေးလုံးတို့အိမ်က ဘဲအုပ်မှာ မဲလုံးမည်သော ဘဲနက်ကြီးက ခေါင်းဆောင်။ သူသည် အကောင် အထွားဆုံးနှင့် ဘဲချောဘဲလှကြီးဖြစ်၏။
ထွေးလုံးသည် သူ့ဘဲများကို ကြည့်မ၀ ရှုမငြီး။ သူ့ဘဲတို့သည် နာမည်ကို သူခေါ်လျှင် လာတတ်၏။ ငယ်စဉ်ကစပြီး တီးတူးကျွေးလေ့ရှိ၍ ထွေးလုံးသာ ရှေ့ကပေါက်ပြား သို့မဟုတ် တူရွင်းကိုထမ်း သွားလျှင် ဘယ်လောက်ဝေးဝေး လိုက်၏။ ထို့ကြောင့် ထွေးလုံးက ပြောစမှတ်ပြု၏။ နွားက ကြိုးနှင့် ဆွဲမှ မောင်းမှရတာ၊ ကျွန်တော့်ဘဲတွေကတော့ တူရွင်း ပေါက်ပြားနဲ့ဆို ဘယ်ခေါ်ခေါ်ရတယ်။
သူ့ဘဲတွေ သူ အလွန်ချစ်လှ၏။
"ထွေးလုံး မင်းဘဲတွေ ရောင်းမလား" မေး….
"တစ်ကောင်ကို တစ်ရာ ပေးတောင် မရောင်းဘူးဗျ"
သို့နှင့် တစ်နေ့သောညနေ ထွေးလုံးကျောင်းမှ ပြန်အလာ ခါတိုင်းသူ လာတာမြင်လျှင် တံခါးဝသို့ ပြောလာကြိုလေ့ရှိသော ဘဲတွေ တစ်ကောင်မှမမြင်။ ဒါနဲ့ အိမ်ပေါ်တက် လွယ်အိတ်ကိုချိတ်ပြီး ဘဲခြံထဲများ သွားအိပ်နေသလားဟု သွားကြည့်တော့လည်း တစ်ကောင်မျှ မတွေ့။
ထို့ကြောင့် " အမေရေ..ကျွန်တော့် ဘဲတွေကောဗျ" လို့အော်တော့ မီးဖိုချောင်ထဲမှ သူ့အမေက..
"ဟဲ့….ရှိမှာပေါ့ဟဲ"
"ခါတိုင်းလို ကျွန်တော့်လဲ လာမကြိုဘူး၊ ဘဲခြံထဲမှာလဲ မရှိဘူး"
"ဟဲ…ခြံဝင်းထဲ ဟိုဟိုဒီဒီ ချုံကြီးချုံကြားထဲ ၀င်ချင်ဝင်နေမှာပေါ့"
သို့သော် ထွေးလုံးသည် ဘဲမထွက်နိုင်အောင် ကာထားသော သူတို့ခြံထဲ ခြေချင်းထပ်အောင် ရှာသော်လည်း တစ်ကောင်တစ်မြီးမျှ မတွေ့တော့ပြီ။ အပြင်ထွက်သွားရအောင် အပေါက်လည်း တစ်ခုမျှမတွေ့။
"အောင်မယ်လေး ကျွန်တော့ဘဲတွေပျောက်ကုန်ပြီဗျ၊ ဒီတစ်အုပ်လုံး ဘယ်သူခိုးသွားသလဲ"
ဆယ့်တစ်နှစ်သားရှိပြီဖြစ်သော ထွေးလုံးသည် အော်ကြီးဟစ်ကျယ်ငိုလေ၏။
"အိမ်မှာ အမေရှိရက်သားနဲ့ မသိဘူးလားဗျ၊ ဘဲမဆိုတာ သူ့ဖမ်းရင် အင်မတန်အော်တာ"
မိခင်ဒေါ်သန်းရွှေသည် မီးဖိုချောင်ထဲမှ ရေကပြင်သို့ထွက်လာကာ သူ့သားဖြစ်ပုံကို ကြည့်၍ စဉ်းစားနေရာမှ တစ်စုံတစ်ခု သတိရလျက်….
"လူကလေး ဒီနားလာစမ်း"
သူ့သားကို အနီးသို့ခေါ်လိုက်ပြီ…
"နေ့ခင်း ငါအိပ်ရာထဲမှာ တုံးလုံးလှဲနေတုန်းက အိမ်ခေါင်မိုးပေါ်က တောဘဲငန်းတွေ အော်သံ ငါကြားလိုက်မိတယ် ထင်တယ်"
"အဲဒါ ဘာဖြစ်လဲဗျ"
"ဘာဖြစ်ရမလဲဟ၊ နင့်ဘဲတွေက ရိုးရိုးအိမ်ဘဲမှ မဟုတ်ဘဲ၊ တောဘဲငန်းမဥက ပေါက်တဲ့ တောဘဲငန်းတွေ မဟုတ်လား"
ထွေးလုံးရုတ်တရက် စဉ်းစားမိကာ…
"အင်းဟုတ်တယ်၊ အဲဒီတော့ ဘာဖြစ်နိုင်သလဲ အမေ"
"ဒီရာသီ တန်ဆောင်မုန်း နတ်တော်လဆိုတာက တောဘဲငန်းတွေ မြူးချိန်၊ သူတို့ကလေးတွေ အပျံ သင်တဲ့အချိန်၊ အဲဒီဘဲတွေ သူတို့အုပ် တို့ရွာဖြတ်လာရင်းနဲ့ မင်းဘဲလေးတွေ မြင်တော့ သူတို့အမျိုး မှန်းသိပြီး အပေါ်ကခေါ်လိမ့်မယ်၊ ဟုတ်မယ်ဟေ့"
ဒေါ်သန်းရွှေသည် ရေရေလည်လည် သဘောပေါက်လာဟန်နှင့်-
"ငါ့စိတ်ထဲ သင်းတို့နှယ် ငါ့အိမ်ခေါင်မိုးပေါ် ဘာလို့ ၀ဲလှည့်အော်နေကြပါလိမ့်လို့ အောက်မေ့မိသေး၊ ဟုတ်ပြီ…ဟုတ်ပြီ..ဒီတော့ မင်းဘဲကလေးတွေကလဲ သူတို့အမျိုးမှန်းသိပြီး သူတို့လို့ပဲ အပေါ်ကို ပျံကြည့်လိမ့်မယ်၊ သူတို့အတောင်အလတ်စုံနေပြီပဲ၊ သူတို့ပျံနိုင်မှန်းလဲ သိရော လိုက်သွားတာဖြစ် မှာပေါ့ကွ"
"အောင်မယ်လေးဗျာ၊ ဒါဖြင့် ကျွန်တော့်ဘဲကလေးတွေ ဆုံးပြီလား သူတို့ ပြန်မလာကြတော့ဘူး လား"
ထွေးလုံး ဖင်ထိုင်လျက်သားကျသွားပြီး လက်နှစ်ဖက် နောက်ပစ်ပြီး မြေကြီးထောင်၍ ငိုကြွေးလေ ၏။ မိခင်သည် သားအား ကရုဏာသက်စွာ ရေကပြင်မှဆင်းလာပြီး မျက်ရည်တွေသုတ်ပေးရင်း…
"တိတ်စမ်းပါဦး သားရယ်၊ ဒီမှာ သူတို့ကြီးပြင်းခဲ့တဲ့နေရာ၊ သူတို့အိမ်ရှိတဲ့ဌာနကို ပြန်မလာဘူး လို့လဲ မပြောနိုင်ပါဘူး၊ နောက်ပြီးတော့ အဲဒီဘဲအုပ်ဟာ ဒီအချိန်သူတို့အိပ်တန်း မပြန်ကြသေးပါဘူး၊ တို့ရွှေကြာအင်းထဲမှာ ရှိချင်ရှိနေဦးမယ်"
ဤစကားကြားသည်နှင့် တစ်ပြိုင်နက်တည်း ထွေးလုံးသည် ငေါက်ခနဲထပြီး သူ့ဘဲခေါ် အာဏာတည် ပေါက်ပြားကိုထမ်းကာရွှေကြာအင်းရှိရာသို့ တစ်ဟုန်းတည်း သုတ်ခြေတင်လေ သတည်း။
"ဟဲ့….နင့်ဘဲတွေ တေ့တွေ့မတေ့တွေ့ အပြန် နွားသားအမိတော့ မ,ခဲ့နော်"
သူ့အမေက လှမ်းမှာလိုက်သေး၏။ ဒေါ်သန်းရွှေကတော့ ဘဲတွေကို သံယောဇဉ်ရှိပုံ မပေါ်လှပေ။ သူ့နွားသားအမိကိုသာ တွယ်တာ၏။
ထွေးလုံးကား သည်အချိန်မှာ နွားတွေကို တယ်ပြီးဂရုမပြုနိုင်။ ညိုမတို့ထားရာ စားကျက်ထဲရောက် ၍ကြန်စုံ တပဲပဲအော်လျက် သူ့ကိုခေါ်သည်မှာ လှည့်မကြည့်နိုင်ဘဲ ရွှေကြာအင်းဆီသို့သာ အမြန် ပြေးသည်။ ကမ်းပါးရောက်သော် ဟုတ်တာပေါ့ဗျာ…ကမ်းမှ ခဲတစ်ပစ်လောက်အကွာတွင် ဘဲတစ်အုပ်၊ ကျွဲအုပ်ထဲတွင် ကိုယ့်ကျွဲ ကိုယ်မှတ်မိသကဲ့သို့ ထွေးလုံးသည် ဘဲအုပ်ထဲတွင် သူ့ဘဲသူ မှတ်မိလေသည်။
"ဟေ့..မီးခိုး၊မဲလုံး၊ဖြူရော်၊ ၀ါနု၊ရင်ကျား" ဟုဝမ်းခေါင်းသံကြီးနှင့် တအားခေါ်လေသော် ဘဲအုပ်သည် လန့်၍ အထက်သို့ ပျံတက်လေ၏။ ထိုအခါ ထွေးလုံးက ပေါက်ပြားနှင့် မြေကြီးကို ကုန်း၍ပေါက်ပြ၏။ ယင်း၌ဘဲငါးကောင်သည် ဘဲအုပ်မှ ခွဲထွက်လာကာ သူ့ဆီသို့ ဆင်းလာ၏။ မြေပြင်ပေါ် ရောက်သည်နှင့် ထွေးလုံးသည် သူ့ဘဲများကို ပွေ့ဖက်ယုယကာ…
"အောင်မယ်လေး ငါနင်တို့ ပျောက်သွားပြီ မှတ်လို့ရင်ထဲပူလိုကရတာ၊ သြော်…နင်တို့က ရေထဲက ငါးစားတဲ့ အမျိုးကိုး၊ ငါကျွေးပါ့မယ်ဟယ်" ဆိုပြီးနောက် သူ့နောက်က လိုက်လာသည့် သူ့ဘဲများနှင့် အတူငါးလူးတွင်တွေလျှောက်နှိုက်ရာ ငါးရံ့ခေါင်းတို၊ ငါးပနော်၊ ငါးသင်းအုံတစ်ကောင်စီရသဖြင့် ဤသုံးကောင်ကို ပေါက်ပြားနှင့်တစ်ပြီး ဝေခြမ်းကျွေးမွေးလေ၏။
ပြီးသော်…"ကဲ…ကုန်ပြီ၊ ဒီနေ့တော့ တော်ကြဦးစို့၊ အိမ်ပြန်မယ်" ဆိုပြီး သူကရှေ့မှပေါက်ပြားထမ်း၍ ၀မ်းဘဲများက နောက်မှ လိုက်လာကြသည်။
နွားသားအမိရှိရာသို့ ရောက်သည်၌ ညိုမကြီးကို မောင်းတံမှ ဖြုတ်၍ အိမ်ပြန်ကြရာတွင် ကြင်စုံက ၀မ်းသာအားရ အမြီးထောင်လျက် တပဲပဲအော်ကာ ရှေ့မှပြေး၊ မအေကြီးကလည်း တစ်နေ့လုံး ချည်ထားတာ ကြိုးညောင်းသဖြင့် သားနောက်က အတင်းပြေးလိုက်၊ ထွေးလုံးကလည်း သူ့ဘဲတွေ ပြန်တွေ့သောကြောင့် အလွန်ရွှင်မြူးပြီး အားလုံးပြေးကြလေရာ ဘဲတို့မည်သည်မှာ ကုန်းကြောင်း လိုက်ခြင်းအားဖြင့် မမီနိုင်သည့်အတွက် အထက်ပျံ၍လိုက်ကြသည်တွင် နွားအော်သံ၊ ၀မ်းဘဲ တောင်ပံခတ်သံတို့နှင့် ရွာအ၀င်ဝယ် တစ်ရွာလုံးမှ အထူးအဆန်းပဲဆိုကာ လူတိုင်းတအံ့တသြ လှမ်း၍ကြည့်နေကြလေရာ အိမ်မှ ဆီးကြိုနေသော သူတို့အမေလည်း မည်မျှဝမ်းသာလိမ့်မည်နည်း။
စာရှုသူလည်း ၀မ်းသာပါစေ။
ကဲ…ဤ၀တ္ထုတွင် လူသား, နွားနှင့် ၀မ်းဘဲတည်းဟူသော သတ္ထ၀ါသုံးမျိုး၏ မေတ္တာကို ဖော်ကျူးသည် ဖြစ်သောကြောင့် သိကြားနတ်များက ကောင်းချီးပေးသောအားဖြင့် ကောင်းကင်မှ နတ်သြဇာသီးသုံးလုံး ကျလာသည် ဆိုပါစို့။
စာဖတ်သူက တစ်လုံးစားပါ။
စာရေးသူအား တစ်လုံးပေးပါ။
ကျန်တဲ့တစ်လုံးတော့ ကျန်တဲ့လူတွေ စားပါစေဗျာ။
ပြီးပါပြီ
.
3 comments:
စာဖတ်သူ တစ်လုံးစားသွားပါတယ်မမ...:):) ကျေးလက်သဘာဝနဲ့ ထန်းပင်အကြောင်း ဗဟုသုတလေးတွေအတွက် ကျေးဇူးပါမမ..
အမရေ သိပ်ချစ်စရာကောင်းတဲ့ ဘ၀ပဲနော်
ဒါဟာ အခုချိန်မှာတော့ စိတ်ကူးယဉ်စရာ ဘ၀ဖြစ်သွားပြီး
ဘယ်တော့မှမဖြစ်နိုင်တော့မယ့်ဘ၀ပေါ့
ဖတ်လို့ကောင်းတယ်။ ဘာသာပြန်ဖို့တော့ မလွယ်ဘူး။ ဘာလို့ဆို အနောက်တိုင်းသားတွေက အိမ်မွေးခွေးတို့၊ ကြောင်တို့ကို ဒီလို သတ်စားတယ်ဆိုရင် မင်းတို့ လူစိတ်မရှိဘူးလား မေးလိမ့်မယ်။
အမှန်မှန် သူတို့ကမှ ဗုဒ္ဒဘာသာဖြစ်ဖို့ကောင်းတာ။
Post a Comment