Sunday, January 15, 2012

ညိုကို ၏ ချစ်မြတ်နိုးမှု နဲ့ သေခြင်းတရား

ချစ်မြတ်နိုးမှုနဲ့ သေခြင်းတရား
ညိုကို


အက်ပဲလ်ကွန်ပျူတာ (Apple Computer)နဲ့ ပစ်ကဆာအယ်နီမေးရှင်း စတူဒီယို (Pixar Animation Studios) တို့ကို ထူထောင်ခဲ့တဲ့ အမှုဆောင်အရာရှိချုပ် (CEO) စတိဗ်ဂျော့ဘ် က ဘွဲ့နှင်းသဘင် အခမ်းအနား တစ်ခုမှာ ဘွဲ့ရကျောင်းသားများကို ပြောခဲ့တဲ့ ဂုဏ်ပြုလက်ဆောင်စကားကို တစ်ဆင့် ပြန်လည် ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ အမေရိကန် ကယ်လီးဖိုးနီးယားပြည်နယ်၊ ပါလိုအယ်လ်ကိုက စတန်းဖို့ တက္ကသိုလ်မှာ ၁၂ ဇွန်၊ ၂၀၀၅ နေ့က ပြောခဲ့တာပါ။

ဒီနေ့မှာ ကျွန်တော်ဟာ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်တွေထဲက တက္ကသိုလ်ကြီးတစ်ခုရဲ့ ဘွဲ့နှင်းသဘင် အခမ်းအနား မှာ ခင်ဗျားတို့နဲ့အတူတူ ခုလိုရှိနေတာကို ဂုဏ်ယူမိပါတယ်။ ကျွန်တော် ဘွဲ့မရခဲ့ဖူးပါဘူး။ အမှန်အတိုင်း ပြောရရင် အခုပွဲဟာ ကျွန်တော့်အတွက် တက္ကသိုလ်ကောလိပ်တစ်ခုရဲ့ ဘွဲ့ဆိုတာနဲ့ ပတ်သက် လို့ နီးနီးစပ်စပ် ထိတွေ့ဖူးတဲ့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဒီနေ့မှာ ကျွန်တော့်ဘ၀ထဲက အဖြစ်အပျက် တွေ ပေါ်မူတည်ပြီး ခေါင်းစဉ်သုံးခုလောက် ပြောချင်ပါတယ်။ ဒါပါပဲ။ ဘာမှ သိပ်မကြီးကျယ် လှပါဘူး။ ခေါင်းစဉ်သုံးခုပါပဲ။
ပထမတစ်ခု ကတော့ ဖြစ်စဉ်တစ်ခုရဲ့ ကွင်းဆက်လေးတွေ အကြောင်းပါ။

ကျွန်တော် ရိဒ်ကောလိပ် မှာ ခြောက်လကျောင်းတက်ပြီး ကျောင်းထွက်ခဲ့ရတယ်။ ဒါပေမဲ့ ကျောင်းက တကယ် ခွာတာကတော့ ၁၈လကြာမှ ဖြစ်ပါ တယ်။
ဒီကြားထဲမှာ ကျွန်တော်တက်ချင်တဲ့ အတန်းတချို့ကို စာမေးပွဲအတွက် မဟုတ်ဘဲ လိုက်တက်ခဲ့တယ်။
ဘာဖြစ်လို့ ကျွန်တော် ကျောင်းထွက်ခဲ့ရသလဲ
 
ကျွန်တော် မမွေးခင်က စခဲ့တာပါ။ ကျွန်တော့်ကို မွေးစဉ်က ကျွန်တော့် အမေအရင်းဟာ အသက် တော်တော် ငယ်ပါတယ်။ လက်မထပ်ရသေးတဲ့ ကောလိပ်ကျောင်းသူ။ သူက ကျွန်တော့်ကို မွေးစားမယ်သူ့ တစ်ဦးဦး လက်ကို ပေးလိုက်ဖို့ ဆုံးဖြတ်ထားပါတယ်။ ပြီးတော့ ကျွန်တော့်ကို မွေးစားမယ့် မိဘတွေဟာ ဘွဲ့ရ ပညာတတ် ဖြစ်ရမယ်လို့လည်း အခိုင်အမာ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် ကျွန်တော် မွေးလာတာ နဲ့ ရှေ့နေ ဇနီးမောင်နှံ နဲ့ စာချုပ်စာတမ်း ရေးပြီး မွေးစားဖို့ကို အကွက်ချ စီစဉ်ပြီးသား။ တစ်ခုပဲ။ ကျွန်တော် တကယ် မွေးလာတဲ့ နောက်ဆုံးအချိန်ကျမှ သူတို့က သမီးလေး လိုချင်တာ ဖြစ် နေတယ်။

ဒီတော့ အဲဒီတုန်းက ကလေးမွေးစားချင်လို့ စာရင်းပေးထားတဲ့အထဲက အခု ကျွန်တော့်မိဘနှစ်ပါး ထံကို ညကြီးသန်းခေါင် ပဲ လှမ်းအကြောင်းကြားပါတယ်။
“ကျွန်တော်တို့ဆီမှာ မွေးစားသူရှာနေတဲ့ မွေးစကလေးယောက်ျားလေးတစ်ယောက် ရှိနေပါတယ်။ မွေးစား ချင် ပါသလား“
“ဟာ … သိပ်လိုချင်တာပေါ့“ သူတို့က ဖြေခဲ့တယ်။
နောက်မှ ကျွန်တော့်အမေအရင်း က သိခဲ့တာက၊ အဲဒီ ကျွန်တော့်အမေဟာ ဘယ်ကောလိပ်မှာ ဘွဲ့မရခဲ့ဖူး ဘူး။ ကျွန်တော်အဖေကလည်း ဘယ်အထက်တန်းကျောင်းကိုမှ မအောင်မြင်ခဲ့ဖူး ဘူး ဆိုတာ ပါပဲ။ ဒီအခါမှာ ကျွန်တော့်အမေရင်းက နောက်ဆုံးလက်မှတ်ထိုးတဲ့အချိန်မှာ ငြင်းဆိုပါတယ်။ ဒါပေမဲ့ တစ်နေ့ မှာ ကျွန်တော့် ကို ကောလိပ်ကျောင်းကို ရောက်အောင်ပို့ပါမယ်လို့ ကျွန်တော့်မိဘနှစ်ပါးက ကတိပေး ပါတယ်။ နောက်လ အနည်းငယ်ကျမှ ကျွန်တော့်အမေရင်းက စိတ်လျှော့ပြီး သဘောတူခဲ့တာ ဖြစ် ပါတယ်။

ကျွန်တော် ၁၇နှစ်သား အရွယ်ရောက်တော့ ကောလိပ်တက်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် ခပ်ရိုးရိုးပဲ တွေးပြီး ရွေးချယ်မိခဲ့တဲ့ ကောလိပ်က အခု စတန်းဖို့ တက္ကသိုလ်လိုပဲ ငွေကုန်ကြေးကျ သိပ်များတဲ့ ကျောင်း ဖြစ်နေပါတယ်။ ဒီတော့ သာမန်လက်လုပ်လက်စား မိဘနှစ်ပါး ရှာဖွေစုဆောင်း သမျှဟာ ကောလိပ်ကျောင်း စာသင်ခ တစ်ခုတည်းနဲ့ ကုန်ရတယ်။ ခြောက်လကြာတဲ့အခါမှာ ဒီလောက် ငွေတွေ ကုန်နေရတာ နဲ့ တန်ဖိုးကို ကျွန်တော် ဘယ်လိုမှ နားမလည်နိုင်တော့ပါဘူး။ ကျွန်တော့်ဘ၀အတွက် ကျွန်တော် ဘာလုပ်ချင် သလဲဆိုတာကို ကျွန်တော် နားမလည်ခဲ့သလို ကောလိပ်ကျောင်းသွားတဲ့အတွက် ဘာ ပိုထူးခြားလာမလဲ ဆိုတာကိုလည်း ကျွန်တော် မသိခဲ့ပါဘူး။ ပြီးတော့ ကျွန်တော့်မိဘတွေ တစ်သက်လုံး စုဆောင်းခဲ့သမျှ ငွေကြေးကို ကျွန်တော် သုံးပစ်နေရတာလေ။ ဒါနဲပဲ ကျွန်တော် ကျောင်းက ထွက်လိုက် ဖို့ ဆုံးဖြတ်လိုက်ပါ တယ်။ ဒီလိုလုပ်ရတာဟာလည်း အားလုံးကောင်းသွားဖို့ ဖြစ်မယ်လို့ ယုံကြည် ခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်တော်အတော့်ကို စိုးရိမ်ခဲ့တယ်။ ခုပြန်တွေးကြည့်တော့ ဒါဟာ ကျွန်တော့်ဘ၀ ရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့တယ်လို့ မြင်မိပါတယ်။

ကျောင်းက ထွက် တဲ့ အဲဒီမိနစ်ပိုင်းမှာပဲ ကျွန်တော် စိတ်မ၀င်စားတဲ့ မတက်မနေရ အတန်းတွေကို ကျွန်တော် ရပ်လိုက်ပါတယ်။ ပြီးတော့ ကျွန်တော် စိတ်ဝင်စားတဲ့ အတန်းတွေကို လိုက်တတ်တယ်။
သိပ်တော့ ကဗျာမဆန်လှပါဘူး။ ကျွန်တော့်မှာ နေစရာအဆောင် မရှိတော့ဘူး။ ဒီတော့ သူငယ်ချင်း အခန်း က ကြမ်းပြင်ပေါ် မှာ အိပ်ရတယ်။ အစားအသောက် ၀ယ်စားတဲ့အခါ ကိုကာကိုလာ ပုလင်းအတွက် အပေါင် ပေးရတဲ့ ငါးပြား(ဆင့်) ပြန်ရဖို့ ပုလင်းပြန်အပ်တဲ့အလုပ်ကို တကူးတက လုပ်ခဲ့ရတယ်။ အစားကောင်းကောင်းလေး တစ်ပတ်တစ်ခါ စားရဖို့အတွက် တနင်္ဂနွေနေ့တိုင်း မြို့ကိုဖြတ် ခုနစ်မိုင် လောက် လမ်းလျှောက် ပြီး ဟာရေးခရစ်ရှာနာ ဘုရားကျောင်း အထိ သွားရတယ်။

ကျွန်တော် ကျေနပ်ပါတယ်။ ကျွန်တော် စိတ်ဝင်စားတာ၊ စူးစမ်းချင်တာ။ စိတ်ကူးယဉ်သမျှ လုပ်ခဲ့ရတာတွေ အများစုဟာ တန်ဖိုးမမဲ့ခဲ့ပါဘူး။ ကျွန်တော် ဥပမာတစ်ခု ပြောပြမယ်။ အဲဒီအချိန်က စာလုံး ဒီဇိုင်း နဲ့ ပတ်သက်ရင် ကျွန်တော်တို့နိုင်ငံမှာ အကောင်းဆုံးလို့ ပြောနိုင်လောက်တဲ့ ဘာသာရပ် ပို့ချချက် တွေ ရိဒ်ကောလိပ်မှာ ရှိခဲ့တယ်။ ကျေင်းဝင်းတစ်ခုလုံးက ရှိသမျှ ပိုစတာတွေ၊ ဆိုင်းဘုတ်တွေ၊ အံဆွဲတွေ ပေါ်က လေဘယ်စာလုံးကအစ၊ စတာတွေဟာ သိပ်လှတဲ့ လက်ရေးစာလုံးတွေနဲ့ ဖြစ်ပါတယ်။ ကျောင်းက ထွက်လိုက်လို့ ပုံမှန်အတန်းတက်စရာ မလိုတော့တဲ့ ကျွန်တော်ဟာ အဲဒီစာလုံး ဒီဇိုင်း ဘာသာရပ် အတန်း တွေကို လိုက်တက်ခဲ့တယ်။ စာလုံးဒီဇိုင်းတွေကို လေ့လာတယ်။ စာလုံးတွေရဲ့ သိပ်မိုက် တဲ့ စာလုံးဒီဇိုင်းတွေ၊ သိပ္ပံပညာရပ်တွေမှာ မရနိုင်တဲ့၊ လှပတဲ့၊ အဆင့်ဆင့် ပြောင်းလဲ တိုးတက် လာတဲ့၊ သိမ်မွေ့ နူးညံ့မှုတွေကို တွေ့ရှိခဲ့ရတယ်။ ပြီးတော့ ဒါဟာ သိပ်စိတ်လှုပ်ရှားဖို့ ကောင်းတယ် ဆိုတာ ကိုလည်း ကျွန်တော် သိခဲ့တယ်။

ဒါတွေကို ကျွန်တော့်ဘ၀မှာ ဘယ်လိုအသုံးချလိုက်မယ်ဆိုတာ ဘယ်တုန်းကမှ မစဉ်းစား မမျှော်လင့်ခဲ့ပါ ဘူး။ ဒါပေမဲ့ နောက်ဆယ်နှစ်လောက်ကြာတဲ့အခါ ကျွန်တော်တို့ မက္ကင်တော့ရှ်ကွန်ပျူတာဒီဇိုင်းလုပ်တော့ ဒါတွေ အကုန် တစ်ပတ်ပြန်လည်လာခဲ့တယ်။ ဟိုတုန်းက လေ့လာခဲ့သမျှတွေကို မက္ကင်တော့ရှ် ဒီဇိုင်း လုပ်ရာ မှာ ပြန်အသုံးချခဲ့ရတယ်။ မက္ကင်တော့ရှ်ဟာ လှပတဲ့စာလုံးဒီဇိုင်းများ ပါဝင်တဲ့ ပထမဆုံး ကွန်ပျူတာ ဖြစ်လာ ခဲ့တယ်။ ကောလိပ်တုန်းကသာ ဒီဘာသာရပ်ကို ကျွန်တော် မလေ့လာ မသင်ကြား မိခဲ့ဘူးဆိုရင် မက္ကင်တော့ရှ် ကွန်ပျူတာမှာ လှပတဲ့ပုံစံမျိုးစုံတဲ့ အချိုးကျတဲ့ စာလုံး အစိပ်အကျဲစုံပါတဲ့ စာလုံးဒီဇိုင်း တွေ ပါလာစရာအကြောင်း မရှိပါဘူး။ နောက်တော့ ၀င်းဒိုးစ် (Windows)က မက္ကင်တော့ရှ်ကို ပုံတူ ကူးပြီး စာလုံး ဒီဇိုင်းတွေ လိုက်လုပ်လာခဲ့တဲ့အတွက် ဒါဟာ မက္ကင်တော့ရှ်ရဲ့ ကိစ္စတစ်ခုတည်း မဟုတ်ဘဲ အားလုံးသော ပီစီကွန်ပျူတာများအတွက် ဖြစ်လာပါတယ်။

ကျွန်တော် ကျောင်းက မထွက်ခဲ့ဘူး။ ပြီးတော့ ကျောင်းက စာလုံးဒီဇိုင်းဘာသာရပ်ကို သွားမတတ်ခဲ့ဘူး ဆိုရင် ကွန်ပျူတာတွေမှာ အခုရှိနေတဲ့ အင်မတန်လှပတဲ့ စာလုံးဒီဇိုင်းများ ရှိလာမှာ မဟုတ်ပါဘူး။ ဟုတ်ပါ တယ်။ ကောလိပ်မှာ ရှိစဉ်တုန်းကတော့ အနာဂတ်မှာ ဖြစ်လာမယ့် အဲဒီလို အကျိုးဆက်တွေကို ဘယ်မြင် နိုင်ခဲ့ ပါ့မလဲ့။ ဒါပေမဲ့ နောက် ဆယ်နှစ်အကြာမှာတော့ ဒါဟာ သိပ်ကို ရှင်းလင်း သေချာခဲ့ပါတယ်။

ထပ်ပြောရရင် ခင်ဗျားတို့ဟာ အနာဂတ် အကျိုးဆက်တွေကို ကြိုပြီး ဆက်စပ်ကြည့်ဖို့ မဖြစ်နိုင်ဘူး။ အတိတ် ကို ငဲ့ကြည့်ပြီးတော့သာ ကွင်းဆက်တွေံကို ရှာဖွေ ပြောဆိုနိုင်ကြတာပါ။ ဒီတော့ အခု ပြုလုပ် နေတဲ့ အကြောင်းဟာ အနာဂတ်မှာ တစ်စုံတစ်ရာအကျိုး ဖြစ်လာလိမ့်မယ်ဆိုတာကို ခင်ဗျားတို့ ယုံကြည် ထားဖို့ လိုအပ်တာပါ။ ပြီးတော့ ခင်ဗျားတို့ရဲ့ ပန်းတိုင်ဘ၀၊ ကံနဲ့ ခင်ဗျားရဲ့ နှလုံးသားကို ခင်ဗျား ယုံကြည် ထားဖို့ လိုအပ်တာပါပဲ။ အဲဒီယုံကြည်မှုဟာ ကျွန်တော့်ကို တိုးတက်စေခဲ့တာ။ ကျွန်တော့်ဘ၀ရဲ့ အပြောင်းအလဲ များ ကို ဖြစ်ပေါ်စေခဲ့တာပါပဲ။
ကျွန်တော် ပြောချင်တဲ့ ဒုတိယဇာတ်ကြောင်းကတော့ ဆုံးရှုံးမှာနဲ့ ချစ်မြတ်နိုးမှုပါ။

ကျွန်တော် ကံကောင်းခဲ့ပါတယ်။ ကျွန်တော့်ဘ၀ နုစဉ်မှာပဲ ကျွန်တော် ဘာကို မြတ်မြတ်နိုးနိုး လုပ် ချင်တယ် ဆိုတာ သိခဲ့တယ်။ ကျွန်တော် အသက်နှစ်ဆယ် မှာ ၀ူးဇ် နဲ့ ကျွန်တော်ဟာ ကျွန်တော့် မိဘ တွေရဲ့ ကားဂို ဒေါင် မှာ အက်ပဲလ်ကွန်ပျူတာကုမ္ပဏီ ကို စကြိုးစားကြတယ်။ ကျွန်တော်တို့ တော်တော် ကြိုးကြိုး စားစား လုပ်ခဲ့ပါတယ်။ ဆယ်နှစ်ကြာတဲ့အခါမှာ ကားဂိုဒေါင်ထဲက စခဲ့တဲ့ အက်ပဲလ်ဟာ အလုပ်သမား ၄၀၀၀ ကျော် နဲ့ အမေရိကန်ဒေါ်လာ သန်းနှစ်ထောင်တန် ကုမ္ပဏီအဖြစ် ကြီးထွား လာခဲ့တယ်။ ပြီးတော့ တကယ့် အမိုက်ဆုံး မက္ကင်တော့ရှ်ကွန်ပျူတာ ကို ဖန်တီး ထုတ်လုပ် နိုင် ခဲ့တယ်။ နောက်တစ်နှစ် မှာ ကျွန်တော် အသက်သုံးဆယ်ပြည့်တယ်။

ပြီးတော့ ကျွန်တော် အလုပ်ထုတ်ခံရတယ်။ ခင်ဗျား တည်ထောင်ခဲ့တဲ့ ကုမ္ပဏီက ခင်ဗျားကို အလုပ်ထုတ် ပစ်လို့ ရသတဲ့လား။ ဟုတ်ကဲ့ အက်ပဲလ် သိပ်ကြီးထွားလာတဲ့အခါ ကျွန်တော်တို့က လူတစ်ယောက်ကို ငှားခဲ့ တယ်။ ဒီကုမ္ပဏီ ကို ကျွန်တော်နဲ့အတူတူ ဆက်လက် ပျိုးထောင်နိုင်မယ့် ပါရမီရှင်လို့ ကျွန်တော် ယူဆ တဲ့ လူတစ်ယောက်ကို ရွေးခဲ့တာပါ။ ပထမနှစ်မှာ တကယ်ပဲ တိုးတက်အောင်မြင်ခဲ့တယ်။ ဒါပေမဲ့ ကုမ္ပဏီ ရဲ့ အနာဂတ်လမ်းကို စဉ်းစားကြတဲ့အခါ ကျွန်တော်တို့ သဘောထား ကွဲခဲ့တယ်။ ဒါရိုက်တာ ဘုတ်အဖွဲ့ မှာ မဲခွဲ ကြတော့ ဒါရိုက်တာ အများစုက သူ့ကို ထောက်ခံကြတာပဲ။ ဒါနဲ့ပဲ အသက် သုံးဆယ် မှာ ကျွန်တော် ကုမ္ပဏီ အပြင်ဘက် ကို ရောက်ခဲ့ရတယ်။ ပြီးတော့ ဒါဟာ လူသိရှင်ကြား၊ ရပ်သိ ရွာသိ ရှုံး ခဲ့ ရတာ ဖြစ်ပါတယ်။ ကျွန်တော့်တို့ရဲ့ အနာဂတ်ဘ၀ဟာ ရေစုန်မျောရတော့မလို ဖြစ်ခဲ့ပါတယ်။

ပထမလတွေမှာ ကျွန်တော် ဘာလုပ်ရမှန်း တကယ်ကိုပဲ မသိနိုင်အောင် ဖြစ်ခဲ့ရတယ်။ ကျွန်တော့်ကို လက်ဆင့်ကမ်းလိုက်တဲ့ အလံကို ကျွန်တော် ဆက်မသယ်နိုင်လိုက်တဲ့အတွက် ကျွန်တော့်ရှေ့က တီထွင် စွန့်စား လုပ်ငန်းရှင် စီးပွားရေးမျိုးဆက် ရဲ့ မျှော်လင့်ချက်ကို ကျွန်တော် ဖျက်ဆီးပစ်လိုက်သလို ခံစား ရတယ်။
ကျွန်တော် ဟာ ဒေးဗစ်ပက်ကက်နဲ့ ဘော့ဘ်နွိုက်စ်တို့ကို တွေ့ပြီး တောင်းပန်ဖို့ ကြိုးစားခဲ့တယ်။ သူတို့ မျှော်လင့်ချက် တွေကို ကျွန်တော် ဖျက်ဆီးခဲ့မိတာအတွက်ပေါ့။ ကျွန်တော်ဟာ လူသိရှင်ကြား အရှုံးသမား။ ကျွန်တော် ဒီနယ်ပယ် ကနေ ထွက်ပြေးသွားဖို့အထိ စဉ်းစားခဲ့မိတယ်။

ဒါပေမဲ့ ကျွန်တော့်ဘ၀ဟာ တဖြည်းဖြည်းချင်း ရောင်နီ ပြန်သန်းလာခဲ့ပါတယ်။ ဒါဟာ ဘာလဲဆိုတော့ ကျွန်တော် ဟာ ကျွန်တော် လုပ်ခဲ့တဲ့ အလုပ်ကို အခုထိ ကျွန်တော် ချစ်နေတုန်းဆိုတဲ့ ကိစ္စပါပဲ။ ကျွန်တော့် အလုပ် ကို ကျွန်တော် မြတ်နိုးနေတုန်းပဲ။ ကျွန်တော်အလုပ်က ထုတ်ခံရပေမဲ့ ကျွန်တော့်တို့ရဲ့ အက်ပဲလ် က ဒီအတိုင်းပဲ။ အက်ပဲလ်ပေါ်မှာ ဘယ်လိုထူးခြားပြောင်းလဲမှုမှ တစ်စက်ကလေး မရှိပါဘူး။

ကျွန်တော် အထုတ်ခံရတယ်။ ဒါပေမဲ့ အက်ပဲလ်ကို ကျွန်တော် ချစ်နေတုန်းပဲ။ ဒီတော့ ကျွန်တော် ဒီအလုပ် ကို ပြန်စ ဖို့ ဆုံးဖြတ်လိုက်တယ်။
တကယ်တော့ အဲဒီအချိန်တုန်းက ကျွန်တော် မမြင်ခဲ့ပါဘူး။ ကျွန်တော့်ဘ၀ရဲ့ ဖြစ်စဉ်တွေထဲမှာ အက်ပဲလ် က အထုတ်ခံခဲ့ရတာဟာ အကောင်းဆုံးတစ်ခုပါ။ အောင်မြင်မှုတွေနဲ့ လေးလံနေတဲ့နေရာမှာ ပေါ့ပါး သွက်လက် တဲ့ အသစ်တစ်ဖန်ပြန်စမှုနဲ့ အစားထိုးခွင့်ရခဲ့တယ်။ ဘယ်အရာမှ မသေချာပါဘူး။ ဒီအဖြစ် အပျက် ဟာ ကျွန်တော့်ဘ၀ရဲ့ ဖန်တီးနိုင်မှု အမြင့်ဆုံးကာလ တစ်ခုကို ၀င်ရောက်ဖို့အတွက် ကျွန်တော် လွတ်လပ် သွားခဲ့တာပါ။

နောက် ငါးနှစ်အတွင်းမှာ ကျွန်တော် နိက်စ် (NEXT) ဆိုတဲ့ ကုမ္ပဏီထူထောင်ပါတယ်။ ပြီးတော့ ပစ်ကဆာ (Pixar) ဆိုတဲ့ ကုမ္ပဏီကို ထူထောင်တယ်။ ပြီးတော့ အင်မတန် ထူးခြားတဲ့ အမျိုးသမီးတစ်ယောက်ကို ချစ် ခဲ့မိတယ်။ သူက ကျွန်တော့်ရဲ့ ဇနီး ဖြစ်လာတယ်။ ဗစ်ကဆာ ဟာ အရုပ်တွေကို ကွန်ပျူတာနည်းနဲ့ အသက်သွင်း တဲ့ ကမ္ဘာ့ပထမဆုံးရုပ်ရှင် တွိုင်းစတိုရီ (Toy Story) ကို ဖန်တီးခဲ့တယ်။ ဗစ်ကဆာဟာ အခု ဆိုရင် အရုပ်တွေကို လှုပ်ရှားလာအောင် ကွန်ပျူတာနည်းနဲ့ အသက်သွင်းနေတဲ့ ကမ္ဘာ့အအောင်မြင်ဆုံး ရုပ်ရှင် စတူဒီယိုကြီး ဖြစ်နေပါပြီ။

နောက်တော့ အရေးပါတဲ့ အပြောင်းအလဲတွေ -
အက်ပဲလ်က နိက်စ် ကို ၀ယ်လိုက်တယ်။ ကျွန်တော် အက်ပဲလ်ကို ပြန်ရောက်လာတယ်။ ပြီးတော့ နိက်စ်ရဲ့ နည်းပညာ တိုးတက် ဖွံ့ဖြိုးရေး အတွက် ကြိုးပမ်းလုပ်ဆောင်နေမှုဟာ ခေတ်သစ်အက်ပဲလ်ရဲ့ ပင်မ နှလုံးသား ဖြစ်လာခဲ့တယ်။ ပြီးတော့ လော်ရင်းနဲ့ ကျွန်တော်တို့ဟာ ထူးခြားလှပတဲ့ မိသားစုဘ၀ကို အတူ ရခဲ့ ကြတယ်။
ကျွန်တော်သာ အက်ပဲလ်က အထုတ်မခံရဘူးဆိုရင် အဲဒီဖြစ်ပျက်ပြောင်းလဲမှုကြီးတစ်ခုလုံး ပေါ်ပေါက်ခဲ့မှာ မဟုတ်ဘူး ဆိုတာ ကျွန်တော် အသေအချာ ပြောရဲတယ်။ ဒါဟာ ဆေးခါးကြီးတစ်ခုပါပဲ။ ဒါပေမဲ့ လူနာ အတွက် တကယ်ကို လိုအပ်ခဲ့တဲ့ ဆေးခါးကြီး။

တစ်ခါတစ်လေမှာ ဘ၀က ခင်ဗျားရဲ့ ဦးခေါင်း ကို အုတ်ခဲ နဲ့ ထုတတ်တယ်ဗျ။
ဒါကြောင့်တော့ ခင်ဗျားရဲ့ ယုံကြည်ချက်ကို လျော့ပါးမသွားစေနဲ့။ ကျွန်တော် လုပ်ခဲ့တဲ့အလုပ်ကို ကျွန်တော် ချစ်မြတ်နိုးနေခဲ့တာဟာ ကျွန်တော့်ဘ၀ကို ဆက်လက်ရှင်သန်စေခဲ့တာပဲလို့ ကျွန်တော် ယုံတယ်။ ခင်ဗျား ဘာကို တကယ်ချစ်မြတ်နိုး လဲဆိုတာ သိဖို့လိုတာပါပဲ။ ဒါဟာ ခင်ဗျားရဲ့ ချစ်သူတွေကို ချစ်မြတ်နိုး သလို၊ ခင်ဗျားရဲ့ အလုပ်ကို ချစ်မြတ်နိုးတဲ့ သစ္စာ။

ခင်ဗျားရဲ့ အလုပ်ဟာ ခင်ဗျားဘ၀ရဲ့ အဓိက အစိတ်အပိုင်းကြီးပဲ။ ခင်ဗျားဘ၀ရဲ့ အောင်မြင်ကျေနပ်မှုကို ရဖို့ အတွက် တစ်ခုတည်းသော နည်းလမ်းကတော့ ခင်ဗျားလုပ်နေတဲ့ အလုပ်ဟာ အင်မတန် ခမ်းနား ကြီးကျယ် တဲ့ အလုပ်လို့ ခင်ဗျား ယုံကြည်ဖို့ပဲ။ ခမ်းနားကြီးကျယ်တဲ့ အလုပ်တစ်ခုကို လုပ်နိုင်ဖို့အတွက် တစ်ခု တည်းသော နည်းလမ်းကတော့ ခင်ဗျားရဲ့အလုပ်ကို ခင်ဗျားချစ်မြတ်နိုးနေမှုပဲ၊ ဒီတော့ ဒါကို မတွေ့ရှိ သေးဘူးဆိုရင် ခင်ဗျားရဲ့ချစ်မြတ်နိုးမှု ဘာလဲဆိုတာ သေသေချာချာသိအောင်  ဆက်လက် ရှာဖွေ နေဖို့ပါပဲ။ ရှာဖွေပါဦး။ ကျောက်မချလိုက်ပါနဲ့ဦး။ ခင်ဗျားရဲ့နှလုံးသားက ချစ်မြတ်နိုးမှုမှာအခြေခံတဲ့ တခြားကိစ္စ တွေလို ပဲ တစ်နှစ်ထက်တစ်နှစ် ပိုကောင်းမွန်တိုးတက်လာတာကို တွေ့ရလိမ့်မယ်။ ဒီတော့ မတွေ့မချင်း ရှာပါ။ ကျောက်မချလိုက်ပါနဲ့ဦး။

ကျွန်တော် ပြောချင်တဲ့ တတိယအကြောင်းကတော့ သေခြင်းတရားပဲ။
ကျွန်တော် ၁၇နှစ်သားလောက်က ဖတ်ဖူးတာ တစ်ခုရှိတယ်။ နေ့စဉ်နေ့တိုင်း ဒီနေ့ဟာ မင်းရဲ့နောက်ဆုံး နေ့ပဲ လို့ သဘောထားပြီးနေပါ။ တစ်နေ့ကျရင် အဲဒီနေ့ဟာ သေချာပေါက် ရောက်လာမှာတဲ့။ အဲဒီစာလေး ကို ကျွန်တော်သိပ်သဘောကျမိတယ်။ အဲဒီကစပြီး လွန်ခဲ့တဲ့ ၃၃နှစ်လုံးလုံး နေ့စဉ်မနက်မိုးလင်းတိုင်း မှန်ရှေ့မှာ ရပ်ပြီး ကိုယ့်ကိုယ်ကိုယ် မေးကြည့်တယ်။ ဒီနေ့ဟာ မင်းဘဝရဲ့ နောက်ဆုံးနေ့ဆိုပါတော့ မင်းလုပ်ချင်တဲ့ အလုပ်ဟုတ်ရဲ့လား လို့ မေးတယ် အဖြေက မဟုတ်ဘူး။  ဆိုတဲ့ နေ့တွေများလာတဲ့အခါ ကျွန်တော် တခုခု ကို ပြောင်းလဲဖို့ လိုအပ်နေပြီဆိုတာ ကျွန်တော်သိလာတယ်။

ကျွန်တော်မကြာခင်မှာ သေရတော့မယ်ဆိုတဲ့အသိဟာ ကျွန်တော့်ဘဝရဲ့ ကြီးကျယ်တဲ့ ရွေးချယ်မှုအတွက် အကူအညီ ရခဲ့တယ်။ ဘာဖြစ်လို့လဲ....
အားလုံးသော မျှော်လင့်ချက်တွေ၊ အားလုံးသော ဂုဏ်ယူစရာတွေ၊ လက်ညိုးထိုးခံရမှာ ဆုံးရှုံးရမှာကို ကြောက်ရွံ့ စိုးရိမ်မှု တွေအားလုံး အားလုံးဟာ သေခြင်းတရားရဲ့ ရှေ့မှောက်မှာ အဓိပ္ပါယ် ကင်းမဲ့ ကုန် တယ်။

ငါတော့ တစ်ခုခုကို ဆုံးရှုံးတော့မှာပဲဆိုတဲ့ အတွေးထောင်ချောက်ထဲကို ကျရောက်မသွားဖို့အတွက် အကောင်းဆုံး ကတော့ ခင်ဗျား တစ်နေ့သေရမှာပဲဆိုတာကို သတိရဖို့ပဲ။ တကယ်တော့ ခင်ဗျားမှာ ဆုံးရှုံးစရာ ဘာမှမရှိဘူး၊ လက်ချည်းသက်သက်ပဲ၊ ခင်ဗျားရင်ထဲက ဆန္ဒကို ခင်ဗျားရဲ့ အသည်းနှလုံးရဲ့ အလို ကို မလိုက်နိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး။

လွန်ခဲ့တဲ့တစ်နှစ်လောက်က ကျွန်တော်မှာ ကင်ဆာရောဂါဖြစ်နေပြီလို့ ရှာဖွေတွေ့ရှိပါတယ်။ မနက်၇နာရီ ခွဲမှာ ကျွန်တော့် ကို တစ်ကိုယ်လုံး ရုပ်ြုမင်ဓာတ်မှန် (Scan) ရိုက်ပြီး ရောဂါရှာဖွေတယ်။ ကျွန်တော်ရဲ့ ပန်ကရိ ယ (သရက်ရွက်ကနေ အသည်းဘက်ကို ကန့်လန့်ဖြတ် တန်းပြီးအူထဲကို အရည်စီးဝင်တဲ့ ပြွန်)မှာ အကျိတ် တစ်ခု ထင်ထင်ရှားရှား တွေ့တယ်။ အမှန်အတိုင်းပြောရရင် ပန်ကရိယ ဆိုတာ ဘာမှန်းတောင် ကျွန်တော် အစ က မသိပါဘူး။ ဆရာဝန်တွေက ပြောတယ်။ 
 
ကင်ဆာဖြစ်ဖို့များတယ်တဲ့။ ကုလို့မရတာ များ တယ်တဲ့။ ကျွန်တော်နောက်ထပ် သုံးလကနေ ခြောက်လ လောက်ပဲ နေရဖို့များတယ်တဲ့။ ဆရာဝန်က  ကျွန်တော့်ကို စီစဥင်္စရာရှိတာတွေ စီစဉ်ဖို့၊ ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်ဖို့၊ အိမ်ပြန်ဖို့ အကြံပေးတယ်။ ဒါ ဟာ သေဖို့ရာ ပြင်ဆင်ခိုင်းတာပါပဲ။ ဒါဟာ ခင်ဗျားရဲ့ သားသမီးတွေ ကို ဆယ်နှစ်လောက် တဖြည်းဖြည်းချင်း ပြောပြစရာရှိတာတွေကို အကုန်စုပြီး မိနစ်ပိုင်း အတွင်း အပြီး ပြောခိုင်းတဲ့ အဓိပ္ပါယ်ပဲ။

တစ်နေ့လုံး အဲဒီ ကင်ဆာရောဂါနဲ့ ကျွန်တော်နေနေခဲ့ရတယ်။ ညနေပိုင်းကျတော့ ကျွန်တော် အသားမျှင် ကို ထုတ်ပြီး စစ်ဆေးတာခံရတယ်။ ကင်မရာသေးသေးလေးတစ်လုံးကို လည်ချောင်းကနေ မျိုချ၊ ဗိုက်ထဲ ရောက်၊ အူတွေကလီစာတွေကိုရောက်၊ နောက်တော့ ပန်ကရိယ။ ပန်ကရိယမှာရှိတဲ့  အကျိတ်က အသား မျှင်စ ကို ဖဲ့ထုတ်ယူ၊ ပြီးတော့အဏုကြည့်မှန်ဘီလူနဲ့ ကြည့်ပေါ့။ ကျွန်တော်ဟာ အတော်ပဲ တည်တည်ငြိမ် ငြိမ် ရှိနေခဲ့တယ်။ ကျွန်တော့် မိန်းမ ကတော့ စိတ်လှုပ်ရှားနေတာပေါ့။ သူက တစ်ချိန်လုံး အနားမှာ ရှိနေခဲ့ ပါ တယ်။ နောက်ဆုံးတော့ သူကပြောတယ် အဲဒီ အသားမျှင်ဆဲလ်ကို မှန်ဘီလူးနဲ့ကြည့်ပြီ ဆရာဝန်က ထ အော်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုပြဿနာဟာ ပန်ကရိယကင်ဆာ အမျိုးအစားထဲမှာ အတော် ရှားပါး တဲ့ ပုံစံဖ်ြနေလို့ပါ။ ဒီပုံစံးမျိုးဟာ ခွဲစိတ်ကုသရန် ပျောက်ကင်းနိုင်တယ်လို့ ဆိုလိုပါတယ်။ နောက်တော့ ကျွန်တော့်ကို ခွဲစိတ်တယ်။ အခု ကျွန်တော်နေကောင်းနေပါတယ်။

ဒီအဖြစ်အပျက်ဟာ ကျွန်တော့်ဘဝမှာ သေခြင်းတရားနဲ့ အနီးကပ်ဆုံး မျက်နှာချင်းဆိုင်ဖူးတဲ့ အဖြစ် အပျက် ပါပဲ။ နောက်ထပ် ဆယ်နှစ် အနှစ်နှစ်ဆယ်တော့ ဒိလောက်ထိ သေမင်းနဲ့ နီးနီးကပ်ကပ် မတွေ့ ရတော့ဘူး လို့ မျှော်လင့်ရတာပါပဲ။ အခုဆိုရင် ကျွန်တော့်မှာ အသက်ရှင်သန်နေထိုင်ခြင်းနဲ့ ပတ်သက်လို့ ခင်ဗျား တို့ကို သေသေချာချာ ပိုပြောနိုင်တာ တစ်ခုရှိလာပါတယ်။ သေခြင်းတရားဟာ ပညာနဲ့ယှဉ်တဲ့ သဘောထား ခံယူ ချက်ရှိရင် ဘဝအတွက် အသုံးဝင်တယ်ဆိုတာပါပဲ။

ဘယ်သူမှ မသေချင်ကြပါဘူး။ နတ်ပြည်နတ်ရွာ သွားချင်တယ်ဆိုတဲ့ သူတွေတောင်မှ ကောင်းကင်ဘုံဘဝ ကို သေခြင်း က တစ်ဆင့် မသွားချင်ကြပါဘူး။ ဒါပေမဲ့ သေခြင်းဟာ ကျွန်တော်တို့အားလုံး မလွဲမသွေ ရောက် ရှိရမယ့် နိဂုံးပဲ။ ဘယ်သူမှ မကျော်နိုင်၊ မလွန်ဆန်နိုင်ပါဘူး၊ ပြီတော့ ဒါဟာဖြစ်သင့်တဲ့ သဘာဝ တရားပါပဲ။ သေခြင်းတရား ဆိုတာ ဘဝကူးပြောင်းဖို့ရာ အကူအညီပေးမယ့် ကျွန်တော်တို့ရဲ့ အေဂျင့်ပဲ။ သေခြင်းတရား ဆိုတာ အိုဟောင်းမှုကို အဆုံးသတ်ပြီး အသစ်တွေကို ထူထောင်ပေးတာပဲ။ အခုနေမှာ အသစ် ဆိုတာ ခင်ဗျား တို့ပါပဲ။ ဒါပေမဲ့ တစ်နေ့မှာ သိပ်မကြာလှတဲ့ တစ်နေ့မှာပဲ ခင်ဗျားတို့ဟာ တဖြည်းဖြည်း အိုမင်းလာ ကြမယ်။

ပြီတော့ ဖယ်ရှားခံရဦးမယ်။ သိပ်ဇာတ်ဆန်သွားတာတော့ ဝမ်းနည်းဆရာပါပဲ။ ဒါပေမဲ့ ဒါဟာ အမှန် တရား လေ။
ခင်ဗျား တို့ရဲ့ အချိန်တွေဟာ အကန့်အသတ်ရှိနေတယ်။ ဒီတော့ တခြားသူတစ်ယောက်ရဲ့ ဘဝမှာ သွားနေပြီး အချိန်မဖြုန်းပါနဲ့။ တခြားသူတွှေရဲ့ ထောင်ချောက်ထဲမှာ ၀င်မနေပါနဲ့။ တခြားသူတွေ စဉ်းစား နေတဲ့ ဘဝ ထဲမှာ ကိုယ်သွားမနေပါနဲ။ ခင်ဗျားရဲ့ ရင်ထဲက စကားသံတွေကို သူများတွေရဲ့ စကားသံ တွေရဲ့လွှမ်းမိုး အုပ်စိုးမိုးမခံပါနဲ့။ အရေးအကြီးဆုံးကတော့ ခင်ဗျားရဲ့ အသည်းနှလုံး အလိုကို လိုက်ဖို့ပါပဲ။ ခင်ဗျား ရဲ့ နှလုံးသား က ခင်ဗျား တကယ်ဘာဖြစ်ချင်တယ်ဆိုတာ သိပြီးသားပါ။ ကျန်တာတွေက ဒုတိယတန်း မှာ။

ကျွန်တော် ငယ်ငယ်တုန်းကဖတ်ဖူးတဲ့ စာစောင်လေးတစ်ခုရှိတယ်။ နာမည်က The Whole Earth Catalog (ကမ္ဘာ့ ကက်တလောက်)တဲ့။ ကျွန်တော်တို့ မျိုးဆင်အတွက်တော့ အဲဒီစာစောင်ဟာ သမ္မာကျမ်းစာ ပါပဲ။ ဒီ ကနေ သိမ့်မဝေးတဲ့ မန်လိုပါ့စ်က စတူးဝပ်ဘရင်းဆိုသူက စီစဉ်ထုတ်ဝေတာပါ။ သူက သူ့ရဲ့ကဗျာဆန် တဲ့ အမွမ်းအမံတွေရဲ့ ပြင်ဆင်ထားတာပါပဲ။ ဒါဟာ ၁၉၆၀ ကုန်နှစ်ပိုင်းတွေတုန်းက ဖြစ်ပါတယ်။ ပီစီကွန်ပျူတာ တွေမပေါ်ခင်၊ ဒီတီပီ (ကွန်ပျူတာ စာစီစာရိုက်နဲ့ အပြင်အဆင်)တွေ မပေါ်ခင် ကပေါ့။ ဒီတော့လက်နှိပ်စက်။ ကပ်ကျေး၊ ပိုလာရွိုက်ကင်မရာတွေနဲ့ ဖန်တီးခဲ့ရတာပေါ့။ ဒါဟာ Google ကို အဖုံးပျော့ နဲ့ ထုတ်ဝေ သလိုပါပဲ။ ၃၅နှစ်မတိုင်ခင်က  Google လိုပဲ။

စတူးဝပ် နဲ့ သူ့အဖွဲ့ဟာ အဲဒီ ကမ္ဘာ့ကက်တလောက် ကို စာစဉ် တော်တော်များများ  ထုတ်ဝေခဲ့သည်။ တစ်နေ့မှာတော့ သူတို့ရဲ့ နောက်ဆုံးစာစောင်ထွက်လာခဲ့တယ်။ အဲဒါ ၁၉၇၀ ကျော်ခုနှစ်များမှပါ။ ကျွန်တော် က ခင်ဗျားတို့ အရွယ်လောက်ရှိဦးမှာပေါ့။ အဲဒီနောက်ဆုံးစာစောင်ရဲ့ ကျောဖုံးမှာ မနက်ခင်း နေရောင်ခြည် အောက်က ကျေးလက် လမ်းကလေးတစ်ခု ရဲ့ မြင်ကွင်းကို ဓာတ်ပုံရိုက်ပြီး ဖော်ပြ ထားတယ်။ တကယ်လို့ စွန့် စားမှုကို နှစ်သက်တဲ့ သူဆိုရင် အဲဒီလိုလမ်းပေါ်မှာ လမ်းလေးလျှောက်လိုက်၊ လာတဲ့ ကား ကို တားစီးလိုက် လုပ်နေမယ့် လမ်းလေးမျိုးပေါ့။ အဲဒီအောက်နားမှာ စာသားတချို့ ဖော်ပြ ထားပါတယ်။  Stay Hungry. Stay Foolish (မွတ်သိပ်နေပါ၊ ရူးသွပ်နေပါ) တဲ့။ ဒါဟာ သူတို့ရဲ့ နောက်ဆုံး နှုတ်ဆက်စကားပဲ။

ခုလောက်နဲ့ ကျေနပ်မနေပါနဲ့၊ မွတ်သိပ်နေပါတဲ့၊ ရူးသွပ်နေပါတဲ့။ ကျွန်တော့်အတွက်တော့ သိချင်တာတွေ၊ လုပ်ချင်တာတွေကို ခုလောက်နဲ့ ကျေနပ်မနေဘဲ အမြဲတမ်းမွတ်မွတ် သိပ်သိပ် ရှာဖွေနေချင်ခဲ့တယ်။ ရူးနေ ချင်ခဲ့တယ်။
ခုတော့ကာ ဘွဲ့ရပြီးခါစ လူသစ်များအနေနဲ့ အဲဒီလို ပြင်းပြင်းထန်ထန် အားထုတ်ကြိုးစားရှာဖွေနိုင်ကြပါ စေလို့  ခင်ဗျားတို့အတွက် ကျွန်တော်က ဆုတောင်းလိုက်ပါတယ်။

''Stay Hungry. Stay Foolish.''

အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။

(ဆရာ၊ မိဘ နဲ့ ကျောင်းသားများ မတ်တပ်ရပ်ပြီး လက်ခုပ်သြဘာပေးကြတာ ခုနစ်မိနစ်လောက် ကြာပါ တယ်။ စတန်းဖို့ တက္ကသိုလ် ရဲ့ သမိုင်းမှာ ဒီလောက်လက်ခုပ်သြဘာပေးခဲ့တာ မှတ်မိသလောက်တော့ မရှိ ဘူးလို့ ဆိုကြပါတယ်)

ညိုကို
၂ဝ၁၂ ဇန်နဝါရီ ရနံသစ်
.

3 comments:

သတိုး said...

Stay Hungry. Stay Foolish (မွတ်သိပ်နေပါ၊ ရူးသွပ်နေပါ)
တကယ် တန်ဘိုးရှိတဲ့ ပို့စ်ပါပဲ။ ကူးယူသွားပါကြောင်း...။ မျှဝေတဲ့ မရွှေစင်ကိုလည်း ကျေးဇူးပါဗျို့။
ခင်မင်သော...
သတိုး

ဖြိုး said...

တော်တော်လေးကိုတန်ဖိုးရှိပါတယ် ။မျှဝေတဲ့ အတွတ်ကျေးဇူးတင်ပါတယ်။

Angelhlaing(May everybody be happy and healthy! said...

ခုလောက်နဲ့ ကျေနပ်မနေပါနဲ့၊ မွတ်သိပ်နေပါတဲ့၊ ရူးသွပ်နေပါတဲ့။ ..ခွန်အားရှိသော စာလေးအတွက် ကျေးဇူးပါမမရေ..