သူရဲကဏ္ဃိ
၁၉၃၉ ခုဧပြီလတွင်ရေးသည်။
၁၉၃၉ ခုဧပြီလတွင်ရေးသည်။
ယခု ဖော်ပြလတ္တံ့သော အဖြစ်အပျက်မှာ မြနမာပြည် အထက်ပိုင်းနှင့် ရှမ်းနယ်စပ်တွင် တည်ရှိ သော လူသိများ၍ ထင်ရှားသည့် မြို့ကြီးတစ်မြို့တွင် ဖြစ်ပျက်သော အကြောင်းအတ္ထုပ္ပတ္တိတစ်ခု ဖြစ် သော်လည်း ကာယကံရှင်များအတွက် ငဲ့ကွက်သော သဘောနှင့် မြို့ရွာအမည် နေရပ်တို့ကို သင့် လျှော်သလို လွှဲပြောင်း ရေးသားလိုက်ပါသည်။ သို့အတွက် စာဖတ်သူတို့ သည်ယခုအဖြစ်အပျက်ပါ မြို့ရွာ နှင့် အမည်နေရပ်တို့ကို အမှန်ဟု စွဲမှတ်ယူခြင်း မပြုစေလိုပါကြောင်း။
အလွန်တရာမဲမှောလျှက် မိုးတဖျောက်ဖျောက်ကျနေသော ညသန်းခေါင်အချိန်ဖြစ်၍ လောကဓါတ်ကြီးတစ်ခုလုံးမှာ ကမ္ဘာပျက်ပြီးစ အခါကဲ့သို့ အလွန်တရာ တိတ်ဆိတ် ခြောက်ကပ် လျှက်ရှိလေ၏။
ကြယ်ရောင် လရောင် ဟူ၍ကား အလျဉ်းမရှိ။ တိတ်ဆိတ်၍ အမှောင်တိုက်အတိသာ ဖုံးလွှမ်း လျက် ရှိသော် လည်း ကန်ပတ်လက်သင်းချိုင်းတွင်းမှ အသံကြီးတခုမှာ ခတ်ဖြေးဖြေးခတ်မှန်မှန်နှင့် တဒုတ်ဒုတ် လိုဏ်သံ ပေါက်ခါ ပေါ်လာတိုင်း ကြားရသူတို့တွင် ခေါင်းနဘမ်းကြီး၍ ကြက်သီးတဖြင့် ဖြင်း ထလောက် ပေ၏။
ငတေကြီးနှင့် ဘိုးဗျော့မှာ ခါးတောင်းမြှောက် လှ အောင်ကျိုက်လျက် ပေါက်ပြားတလက်စီနှင့် ပူ နွေးသောမြေပုံကိုဖော်ရင်း မောမောရှိတိုင်းဘေးတွင် ချထားသော် ကဇော်ပုလင်းကို ယူ၍မော့ပြီး မြေပုံကြီး ကို တူးဖော်နေကြရာ မြေပုံမှာမိုးနူးထားသော မြေစေးမြေကပ်များ ဖြစ်သောကြောင့် ပျင်းတွဲစေးကပ်ခါ ရုတ်တရက် တူးရာတွင် လွယ်ကူစွာမပြီး မြောက်ဘဲရှိချေ၏။
ငတေကြီးသည် တချက်တချက် လင်းလိုက်သော လျှက်ရောင်တွင် မြေပုံကို အကဲခတ်ရာ တူး လိုက်တိုင်း တဒုတ်ဒုတ် လိုဏ်သံပေါ်လာသော်လည်း လိုအပ်သောနေရာသို့ မရောက်နိုင်သေး ကြောင်း သိရှိရလေ၏။ မိုးအေးအေး ပင် ဖြစ်သော်လည်း ပင်ပန်းကြီးစွာ တူးဆွနေရသော အရှိန် ကြောင့် အင်္ကျီမရှိသော ငတေကြီး နှင့် ဘိုးဗျော့တို့၏ ကျောမွဲကြီးတခိုတွင် ချွေးပေါက် ချွေးသီးတွေ စိုရွှဲလျက် ရှိလေ၏။ မြေစိုင်ခဲ တို့ကို လေးငါးဆယ်ချက်ဆက်၍ တူးပြန်ပြီးနောက် ဘိုးဗျော့မှာ ပင်ပန်း လာဟန်နှင့် လက်မှ ပေါက်ပြားကို ဖျပ်ကနဲ လွှတ်ချလိုက်ခါ-
''နင့် မေကလွှား ခုတောင်မပေါ်သေးဘူး''
ဟုဆိုလျှက် ဂဇောပုလင်းကို လက်လှမ်းလိုက်ပြန်ရာ ငတေကြီးကလည်း ၄င်းနည်းတူ လက်မှ ပေါက်ပြား ကို လွှတ်ပြီး ဂဇော်ပုလင်းများ အနီးသို့ လာထိုင်ပြီး ပုဆိုးစုတ်ပေါ်တွင် တင်ထားသော အမဲသားကြော် တတုံး ကို ကုန်း၍နှိုက်ခါ အံ့စောင်တွင်တင်၍ကိုက်လေ၏။ ၄င်းတို့နှစ်ယောက်၏ ရုပ်ဟန်အမူအရာမှာ ကမ္ဘာပေါ် တွင် ကြောက်ခြင်းသည် အဘယ်နည်းဟူသော မေးခွန်းကို အမြဲ မေးနေသော မျက်နှာထားမျိုး ရှိကြ၏။ ကန်ပတ်လက်သင်းချိုင်းကား အခြားမြို့ရွာသင်းချိုင်းများ ထက် နာမည်ကြီးသော သင်းချိုင်းတခု ဖြစ်ပြီး လျှင် အချိန်ကလည်း သန်းခေါင်မိုးမှောင်ကလည်း ကျလျက် အစုံ့စုံ့ တက်၍နေသော မြေပုံမှတ်တိုင် တို့ အလယ်တွင် သောက်စားဘွယ် ဂဇော်ပုလင်း နှင့် အမဲသားကြော်ကို တည်ခင်းလျက် သောက်စားပွဲ ကျင်းပ ၍ နေကြသော လူနှစ်ဦး၏ သတ္တထူး ကို ချီးကျူးဘွယ် ဖြစ်လေ၏။
''ငါ့လခွေး ဒီတွင်းကတယ်နက်သကိုးကွ'' ဟု ဘိုးဗျော့ က ပုလင်း တခါမော့အပြီးအမဲကျော်ကိုက်ရင်း ပြောလေ၏။ ငတေကြီးကား အမဲ သားကြော် ပုလုပ်ပဗြဲနှင့်ပင် ဂဇော်ပုလင်းကို မော့လိုက်ပြန်လျက်
''မိုးရွာလိုက်တာ ကိုးကွ မြေကနူးပြီး စီးသွားတော့ တူးရတာကြာတာပေါ့''
ဟု ပြန်ဖြေလိုက်၏။ ၄င်းတို့နှစ်ယောက်မှာ သောက်ကာစားကာနေကြသော်လည်း မှောင်တည်း တွင် တယောက် ကို တယောက် သဲကွဲစွာ မမြင်ရ၊ တချက်တချက် လျှပ်လက်လိုက်မှ တယောက် ကို တယောက် ရိပ်ခနဲ မြင်လိုက်ကြရာဝယ် နှစ်ယောက်သား မျက်နှာချင်းဆိုင် ထိုင်နေကြောင်း သိရ လေ၏။ သို့သော် ဘိုးဗျော့ နှင့် ငတေကြီးတို့နှစ်ယောက်သား လက်နှိုက်စားနေသော အမဲတုံးကြော် များတွင် ဘိုးဗျော့ နှင့် ငတေကြီးတို့၏ လက်များသာမက ထန်းဆစ်ကြောကဲ့သို့ ငေါငေါထောင်နေ သော အမွေးဆူးများ ပါရှိသည့် လက်ကြီးတွေကို အမဲကြော်နှိုက်ရာတွင် မကြာခဏ ထိမိခိုက်မိကြ လေ၏။
ဘိုးဗျော့ကား ခပ်စွာစွာနှင့်-
''အံ့မာ မအေပေး တွေ သောက်စားကလေးရှိ ဒင်းတို့လက်တွေချည်းပဲ ရှုပ်လို့ သွားကွာ သွား တော် ကြတော့''
ဟု ဆိုဆို ပြောပြာ အဆိုပါ အမွှေးငေါငေါနှင့် လက်ကြမ်းကြီးများကို တွန်းထိုးပုတ်ခတ် ပစ်လိုက် လေ၏။
ငတေကြီး ကလည်း အနည်းငယ် ယစ်သံနှင့်-
''ဟေ့ ခွေးမသား တွေ နင်တို့ဟာ အရပ်ရပ်က ကျောင်းတကာ သောက်စားရှိရာစုရုံးစုရုံး၊ ဆိုတာလို ဘဲကွာ ဒါလောက်ဆို တော်ရောပေါ့ ငါတို့စားရတယ်ဘဲမရှိဘူး''
ဟု ညီးညီတွဲ့တွဲ့ ပြောလိုက်ပြန်၏။ ထိုအခိုက်လျှပ်စီး တချက်လင်းလိုက်ရာ ဘိုးဗျော့နှင့် ငတေ ကြီးတို့ ဂဇော်ဝိုင်း မှာ နှစ်ယောက်တည်းမဟုတ်ဘဲ မဲမဲငုတ်တုတ်လာထိုင်နေသော အကောင်ကြီး နှစ်ကောင် သုံးကောင် ကို တွေ့မြင်ရလေ၏။
(ငတေကြီး)အမာ- ကိုယ်တော်မြတ်တို့က လာလာချည်သေး၊ ဟေ့ တော်ကြကွ၊ ငါတို့အလုပ်မ ပြီး သေးဘူး၊ နောက်တခါ မောရင်သောက်ရအုံးမယ် မင်းတို့က ဘာမှလဲ သောက်သုံးမကျဘဲနဲ့။
(ဘိုးဗျော့) အို- ဘယ်ရမလဲကွာ ဒို့ဟာ ညာပြီးလာစားတဲ့ကောင်တွေ၊ ဒို့အလုပ်လဲ ကူလုပ်ရမယ် ဆရာ ရီးတီးရားတား လုပ်ရင် နင်တို့တော့ ဆရာကြီးကြိမ်နဲ့ ယူနှိပ်မှာ။
မဲမဲငုတ်တုတ် ကောင်ကြီး၏ မျက်နှာမှာ မီးခဲကဲ့သို့ဝင်းထိန်သော မျက်လုံးဝိုင်းစက်စက်ကြီးတွေ သည် ရီဖြဲဖြဲ မော့်ကြည့်ပြီး၊ ဘိုးဗျော့တို့အား ခေါင်းကြီး တငြိမ့်ငြိမ့်လှုပ်ပြကာ အမဲကြော်တုံးကို မျက် နှာရူးတိုက်၍ နှိုက်ကြ ပြန်လေ၏။ ဘိုးဗျော့သည် အမဲတုံးများကို သိမ်ကြုံးယူလိုက်ခါ မဲမဲကောင် ကြီး သုံးကောင်ကို တဆုတ်စီ ဝေလျှက် ကျန်သောနှစ်ခုကို ငတေကြီးတ၀က်၊ မိမိတဝက် ခါးပုံစ တွင်ဝေထည့်ရင်း- ''ကိုင်း- ကိုယ်တို့ ကြာရင် ကုန် တော့မယ်ရော့၊ ဒါတွေစားပြီးတို့ အလုပ်လာကူကြကွ'' ဟုဆိုကာ အသောက်ကို အပြီးသတ် ကြပြီး၊ မြေပုံကို ဆက်ခါတူးကြလေ၏။
ဤအကြိမ်ကား ဘိုးဗျော့ နှင့် ငတေကြီးတို့တူးသော မြေစိုင်ခဲများကို မဲမဲကောင်ကြီး သုံးကောင်က တွင်းနခမ်းမှ ထိုင်ခါ ယက်ဖယ်ပေးကြသောကြောင့် များမကြာမှီပင် ပျဉ်ခေါင်းကြီးပေါ်လာလေ၏။ ငုတ်တုန်မဲတဲ နှင့် သူရဲကြီးသုံးကောင်မှာ ထိုင်ရာကထပြီး လက်ကရွှံ့များကို ခါပစ်နေလေ၏။ ဘိုး ဗျော့နှင့် ငတေကြီးမှာ အဆိုပါသူရဲကြီးသုံးကောင်အား အလွန်ရင်းနှီးသော သူငယ်ချင်းများကဲသို့ ဖြစ်နေလေ၏။
(ဘိုးဗျော့)ကဲ ခေါင်းတော့ ပေါ်လာပြီ၊ ဟေ့ ငတေကြီး အပေါ်တင်ကြစို့-
(ကြီး) ငါ့လေခွေး- တို့နှစ်ယောက်ထဲမနိုင်ဘူးဟ၊ ငနီ၊ငနက်တို့၊ ငနွားတို့ကို ကူခိုင်းအုံးမှ ပြီးတော့ တွင်း ကိုလဲ အခြေမပျက် ပြန်ဖို့ခဲ့ရအုံးမှာ ရှိသေးတယ်။
(ဘိုးဗျော့) ဟေ့ ကောင်တွေလာ၊ လာ လာ လူလယ်လုပ်ပြီး ပြန်မသွားကြနဲ့အုံး ခေါင်းကို အပေါ်တင်ရ အောင်။
သူရဲသုံးကောင်လည်း တွင်းထဲမှ ခေါင်းကို လက်တံရှည်ကြီးများဖြင့် ဆွဲတင်ပေးကြရာ ပျဉ်ခေါင်မှာ တွင်းပေါ် သို့ ရောက်လာလေ၏။ ဘိုးဗျော့ကား မိုက်ကြေးခွဲရန် ကြံတုံးပင် စောစောက အမဲကြော် ဝေစု ပေးလိုက်ရသည်ကို မကျေမနပ်ဖြစ်ဟန် ရှိ၏။ ထို့ကြောင့်-
''ဟေ့ ကောင်တွေ ဆရာ့အိမ်ရောက်အောင် ကူထမ်းပို့ကြအုံးကွ တို့နှစ်ယောက်ထဲ မနိုင်ဘူး''
ဟု ဆိုပြန်သည်နှင့် သူရဲသုံးကောင်လည်း ပျဉ်ခေါင်းကြီးကိုဝင်၍ ထမ်းကြရပြန်၏။ ယင်းသို့ ခေါင်း ကို ထမ်းကြပြန်သောအခါမူကား သူရဲသုံးကောင်မှာ ဘိုးဗျော့တို့ထက် အလုံး၊အပေါက်၊ အရပ်၊ အမောင်း၊ နှစ်ဆ၊ သုံးဆ ထွားနေသော မဲမဲခေါက်ထူ အမွှေးငေါငေါ အကောင်ကြီးများဖြစ်ရကာူး ဘိုးဗျော့။ ငတေကြီး မှာ အရပ်ချင်းမမှီသည့်အတွက်ပင် ခေါင်းထမ်း သက်သာလာခဲ့ကြလေ၏။
ဘိုးဗျော့ ငတေကြီးတို့မှာ သင်းချိုင်းမြေ လူသေအလောင်းများ သူရဲ သူဘက်များနှင့် မိမိတို့ ဂုဏ် ကျေးဇူး ကြောင့် အထူးယဉ်ပါးနေသူများ ဖြစ်၍ သူရဲသုံးကောင်အား ခေါင်းတက်နဘမ်းတက်နှင့် အမြဲ လက်ပွန်းတတီး ဖြစ်လာကြသည်အားလျော်စွာ ငနီကြီးဆိုသောသူရဲမှာ နီကျင်ကျင် အသွေးအ အရောင် ကြောင့် ၄င်းတို့မှည့်ခေါ်ထားသော နာမည်ဖြစ်၍ ငနက်မှာလည်း နက်မှောင်သော အရောင် ကို အစွဲပြုလျက် ငနွားဆိုသူမှာကား ခေါင်းပြောင်ပြောင်တွင် ချိုကြီးနှစ်ချောင်း ပါဝင်သည်ကို အစွဲပြု ၍ မှည့်ခေါ် ထားခြင်း ဖြစ်လေ၏။ သူရဲမျာူးကလည်း လူတပိုင်း သူရဲတပိုင်း ကဲ့သို့ဖြစ်နေသော ငတေ ကြီးနှင် ဘိုးဗျော့ တို့အပေါ် တွင် မိမိတို့အတ္တဘောကို ယခုကဲသို့ ညဥ့်အချိန်များတွင် အမြဲထင်စေ မြင်စေလျက် လက်ရေ တပြင်စီး လုပ်ကိုင်စားသောက် နေထိုင်ကြသော အိမ်သူအိမ်သားများကဲ့သို့ အရောရော အထွေးထွေး နေကြသူများ ဖြစ်လေ၏။
ယင်းသို့ ညဥ့်နက်သန်းခေါင်အချိန်တွင် နေ့ခင်းအချိန်က မြေမြုပ်သင်းဂြိုလ်ထားသော အစိမ်းသေ မသာလောင်း ၏ ခေါင်းတလားကြီးကို ကန်ပက်လက်သင်းချိုင်းမျ လူနှစ်ယောက်နှင့် သူရဲများပူး ပေါင်း တူးဖော်ကာ ထမ်းလာကြဆဲ၌ ခေါင်းထဲမှ ပါလာသော အစိမ်းသေ မသာလောင်းမှာလည်း သာမဏေ သမဏော ဂေါဏေ ဂေါဏော ဆိုသောစကားအတိုင်း အပြင်မှ ဆောင်ကြဉ်းလာသော သူရဲမျာူးအား မိတ်ဆက် သဘောနှင့် အရောတ၀င်ပြုဘိအလား ခေါင်းထည်းမှ တင်းကြပ်စွာ ကြပ် စီး ထားသည်တိုင်အောင် အလောင်းကောင်ကြီးမှာ တကန်ုးကုန်းနှင့် ရုန်းထလျက်၊ ကြပ်စီးထား သည့် အနှောင်အဖွဲ့ များကို တဖျစ်ဖျစ်ညစ်၍ ဖြတ်ခါ သေချာစွာ တုတ်နှောင်ထားသော ခြေမကြိုး များကို ရုန်းဖြတ် ထွက်ပြီး ပျဉ်ခေါင်းမှ အဖုံးကြီးကိုဖွင့်ကိုင်ကာ အခေါင်းထဲတွင် ငုတ်တုတ် ထိုင်ပြီး ဖြီးစပ်စပ် ပြောင်စီစီ မျက်နှာကြီးနှင့် ပါလာလေ၏။
ဖုတ်ဝင်သော အလောင်းကောင်ကြီးမှာ လူသတ် ၍သေသော အစိမ်းသေမသာဖြစ်ရာတွင် လည်ပင်းတွင် တဲတဲ မျှသာ ကျန်အောင်ခုတ်ထားသော ဒါး ဒဏ်ရာကြီးကြောင့်လည်း။ ဝေါယာဉ်စီးသကဲ့သို့ ပျဉ်ခေါင်း ထဲမှ ငုတ်တုတ်ထိုင်ရက်နှင့် တလှုပ်လှုပ် ပါလာရာတွင် တခါတခါ ဦးခေါင်းကြီးမှာ ဒါးဒဏ်ရာအတိုင်း နောက်သို့ လှန်ချပြီး အရေပြားတဲတဲက လေးနှင့် တွဲလောင်းကြီး ဖြစ်သွားတတ်ရာ၊ အလောင်း ကောင်ကြီးမှာ ကိုင်ထားသော ပျဉ်ခေါင်းဖုံး ပေါ်ကန့်လန့်တင်လိုက်လျှက် လက်နှစ်ဘက်နှင့် တွဲတွဲကျ နေသည့် ဦးခေါင်းကြီးကို လည်တိုင်ပေါ် ပြန်ယူတင်ထာူးပြီး နေသားတကျ ပြုပြင်လိုက်၊ တခါ တခါလည်း ပျဉ်ခေါင်းကြီး ကို ထမ်းလာသူ ငနီ၊ ငနက်၊ ငနွားစသော သူရဲများကို ထိကပါး ရိကပါး ကျီစားသည့် သဘော နှင့် ခေါင်းပျဉ်ဖုံးကြီးနှင့် ထိ ခါ ရိုက်ခါ လိုက်လာပြန်သော အခါမူ အလား ရှည်လျားသော လက်ကြီးများနှင့် ပြန်လှန်တွန်းထိုး လိုက်ကြသောကြောင့် အလောင်းကောင်ကြီးမှာ ခေါင်းထဲတွင် ပက်လက်လှန် ကျသွားသည့် အခါ သွား၍ ဖင်ထိုင်ရက်လဲသည့်အခါလဲနှင့် အပြန်ပြန် ဖြစ်လာကြလေ၏။
မှောင်မဲသော သန်းလွှဲအချိန် ငိုသံကြား တောင်ထိပ်တွင် မီးကလေးမှိတ်တုတ်ကို တွေ့မြင်နိုင်လေ ၏။ တောင်အောက် တွင် နက်စောက်သော ရေကန်ကြီးတခုလည်း ရှိ၍၊ ထိုရေကန်မှာ တနှစ်တကြိမ် နှစ်ကြိမ် အမြဲ လူစားသည်ဟု ကျော်ဇောသတင်းဖြစ်လျှက် နာမည်ပျက်သောကြောင့် မည်သူမျှ ထိုကန်နားသို့ မကပ်ဝံ့ကြပေ။ ရွာနီးပါးချင်းမှသော်၎င်း၊ အမြို့မြို့အပေါ်မှသော်၎င်း၊ အစားခံရပါများ ၍ လုံးလုံးလျားလျား သပိတ်မှောက် ထားခြင်းခံရသော ကန်ကြီးဖြစ်လေ၏။ ထိုကန်မှာလူများ ကွင်း ရှောင်ကြသဖြင့် ရေချိုး၊ ရေခပ် မရှိ ကန်ဘောင်ရိုးကိုမျှ ရှောက်ဝံ့သူပင် မရှိတော့၍။ လူမစားရရင် ညဥ့်အခါ ကန်ထဲမှာ ၀ါးသော အသံကြီးများ ထွက်ပေါ်လာတတ်ပေ၏။
လူကိုမစားရသော် ရေသောက်ဆင်းလာသော ကျွဲ၊ နွား တိရစ္ဆာန်များကို စားပြန်ရာ၊ ကြာသော် ကျွဲ၊နွား တိရိစ္ဆာန် တို့ပါ ထိုကန်ကြီးကို ကွင်းရှောင်ကြပြန်၏။ ထိုကန်ကို နာမည်ကြီး၍ လူုအများက 'သေတွင်းကန်'ဟုခေါ် ကြပြီး၊ သူရဲ၊ တစ္ဆေအထူးကြမ်းလှသည်ဆိုသော ကန်ပက်လက် သင်းချိုင့်နှင့်လည်း ဖာလုံ သာသာ လောက်ဝေး၍ နတ်ကြမ်းလှသည်ဟု အထူးနာမည်ကြီးသော 'ငိုသံကြား'တောင်ခြေတွင် တည်ရှိ သောအဆိုပါ သင်းချိုင်းနှင့်ကန်တို့မှာ သုံးယောက်ပေါင်းသောင်းကျော် ဆိုသလို သုံးပွင့်ဆိုင် နာမည်ကြီးနေခြင်းကြောင့် ခရီးသွားပင် အထူးရှောင်ကြဉ်ကာ၊ လွန်စွာ အရေးမကြီးဘဲ ထိုအနီးအပါးမှ နေခင်း၊ နေ့လည်များမှာပင် ဖြတ်သွားသူမရှိသလောက် ရှားပါးလေ၏။
'မြို့မမည်ရွာမက' စည်ကားလှသော ညောင်ဝန်းမြို့ကလး (လွှဲပြောင်းထားသော အမည်ဖြစ်ပါ သည်) ရှိလူများ မှာ အဆိုပါ ငိုသံကြားတောင်ကြီးကို မိမိတို့မြို့ပေါ် နေ့အခါမျှော်ကြည့်လျှင် မှိုင်း မှိုင်းညိုညို မြင်ရပါသော်လည်း ညဥ့်အချိန်များမှာ တောင်ကြီးရှိရာဘက်သို့ မျက်နှာရဲရဲလှည့်ဝံ့သူ နည်းလှပေ၏။ အချို့ ရဲဆေးတင်ထားကာ ကာလသား လူပေ လူတေ တစုက တခါက အလောင်းအ စားနှင့် ကြည့်ကြဘူး သဖြင့် ငိုသံကြားတောင်ပေါ်ကြီးပေါ်မှ ညအခါ မီးကလေးမှိတ်တုတ်လင်း နေတတ်သည်ဟု သိကြရ၏။
သို့သော ထိုတောင်ကြီးမှာ သူရဲတစ္ဆေနှင့် နတ်ရဲသစ်ပင်တွေ့ရှိနေသောကြောင့် အလွန်လျင် ကြမ်း တမ်းလှ၍ ထိုတောင်ပေါ်တွင် မည်သူမျှနေထိုင်ဝံ့မည်မဟုတ်သည့် အမြင် ဤသို့မြင်ရသော မီး ရောင်ကလေး မှာလည်း စိမ်းချည်တခါ၊ ပြာချည်တလှည့် ရဲရဲတောက် နီမြန်းသည့်အခါ နီမြန်းသွား ကာ၊ အမျိုးမျိုး အဖြာဖြာပြောင်းလွဲ နေတတ်သည်ကို တွေ့မြင်ကြရသဖြင့်လည်း ထိုမီးမှာ လူနေမီး မဟုတ်ဘဲ နတ်ရဲများ၏ နတ်မီးပေါက်ဟု အယူရှိကာ ရဲ့ရဲမှ မကြည်ဝံ့ကြရှိလေ၏။ ထို့ကြောင့်ပင် ငို သံကြားတောင် တဝိုက်နှင့် သေတွင်းကန် ကန်ပက်လက်သင်းချိုင်းတို့ အနီးအပါးသို့ ညဥ့်အချိန် မဆိုထားဘိ နေ့အချိန် များတွင် ဖြတ်သန်းသွားလာဝန့်သူမရှိရာ၊ ဘိုးဗျော့နှင့်ငတေကြီးတို့၏ အလုပ် မှာအပြင်လူတဦး တယောက်မျှ မမြင်ဘဲ သူရဲသူဘက်တွေနှင့်သာ လွယ်ကူစွာလုပ်ကိုင် ဆောင် ရွက်လာကြရပေ၏။
သို့နှင့် ငတေကြီးနှင့်ဘိုးဗျော့တို့က ရှေ့မှ မီးတုတ်နှင့်လမ်းပြ၍ နောက်မှ ငနီ၊ငနက်၊ တို့တစုက တလှုပ်လှုပ် တရှက်ရှက်နှင့် ဖုတ်သက်ဝင်လိုက်လာသော အလောင်းကောင်ကြီးကို ပျဉ်ခေါင်းကြီး နှင့် တင်၍ ထမ်းခါ အမှောင်ထုကို ထွင်းဖောက်လျှက် ကန်ပက်လက် သင်းချိုင်းမှ ထွက်လာခဲ့ပြီး ချုံ နွယ်ပိတ်ပေါင်းတို့နှင့် အတိပြီးသော ငိုသံကြားတောင်ထိပ်ပေါ်သို့ အလောင်းကောင်ကြီးနှင့်အတူ တက်လာကြလေ၏။ မီးတုတ်ကြီး မှာ မီးတဖွားဖွားနှင့် မှောင်တိုက်ထဲမှ ဝှေ့ကာ ဝှေ့ကာ တဖြည်း ဖြည်း၊ ရွှေလျားလာပြီး ပျဉ်ခေါင်းကြီး ထမ်းရသော သူရဲများက နောက်မှလိုက်လျက် တောင်ခါးပန်းမှ ဖြတ်သန်း၍ တက်လာကြ လေ၏။ တောင်ခုလပ်ရှိ တဘက်သော မျက်နှာစာတွင်ကား အမင်္ဂလာတို့ ဖြင့် တန်ဆာဆင်အပ်သော တဘက်ရပ်တွင် တခုရှိလေ၏။ ထိုတဲအမိုးအကာဟူသ၍တို့မှာ ခေါင်း တိုင်လား ပျဉ်ချပ်များနှင့် သာ ပြီးလှ၏။
အသီးသီးသော လူသေတို့၏ အခေါင်းခွံနှင့် အရီုးမျာူးမှာ တဲအို၏ မျက်နှာစာတွင် မြင်မကောင်းအောင် အမဲရိုးလှောင်သော ဂိုထောင်တမျှ အစုလိုက်၊ အပြုံ လိုက် တွေ့မြင်နိုင်လေ၏။ တဲအိုတွင်းမှ တဝင်းဝင်းလက် နေသော မီးရောင်ကား ချားရဟတ်ကဲ့သို့ အဆက်မပြတ်အောင် တဖြည်းဖြည်း လှည့်လည် နေသော ဆန်ကော တစ်ခုပေါ်တွင် ဦးခေါင်းခွံ ၄-၅ ခုကို ပက်လက်လှန်တင်ထားပြီး ခေါင်းခွံထဲတွင် လက်ဝဲဂိုဏ်း အင်းတခုစီထည့်လျက် နက်ကြုတ် ကြမ်းထမ်း၍ နှုတ်ခမ်းတွဲတွဲ သူရဲရုပ် ပေါ်နေသော လူကြီးတစ်ယောက်က ဥုံ တဖွဖွနှင့် လက်သီး ဆိုပ်ကို နှုတ်ခမ်းနားကပ်ခါ ရွတ်ဆိုပြီး လက်ဟန်နှင့် ခေါင်းခွံရိုးထဲသို့ မန်းမှုတ်ထည့်လိုက်သည့် ခဏ ၌ချာချာလယ်နေသော ခေါင်းခွံတို့မှာ အ၀ါရောင်၊ အြုပာရောင် ရဲရဲတောက်အနီရောင် စသည်ဖြင့် ခေါင်းခွံတခုလျှင် အသွေးရောင် တမျိုးစီ ဖြစ်သော မီးတောက်များ ဟုန်းကနဲ ဟုန်းကနဲ ထ၍တောက် လျှက် ရှိလေတော့၏။
မန်းမှုတ်နေသော လူကြီးမှာ ထိုအရောင်များကို များစွာစိတ်တိုင်းမကျသေးသကဲ့သို့ ထပ်မံမန်းမှုတ် လျှက်ရှိစဉ်၊ ဘိုးဗျော့တို့လူစု မီးတုတ်ကြီးနှင့် တဲတွင်းသို့ ၀င်လာကြပြီး ငနီတို့ကလည်း ထမ်းလာ သော အလောင်းခေါင်းကြီးကို အဆိုပါ လူကြီးအနီးတွင် ချကာဆရာ့ အမိန့်ကို နာခံနေသော တပည့် မျာူးအလား၊ တဲနံရံတွင် ကပ်ခါ လက်ကလေးတွေ နောက်ပစ်၍ ငြိမ်သက်စွာ ရပ်ကြည့်နေကြလေ၏။ ခေါင်းတလုံးတည်းမှ ထိုးထိုးထောင်ထောင် ငုတ်တုတ်ထိုင်ရက်ကြီးနှင့် လိုက်ပါလာသော အစိမ်း သေအလောင်းကြီးမှာလည်း သူရဲ ငနီ ငနက် ငနွား တို့နည်းတူ မလှုပ်မရှက် ငြိမ်သက်စွာ ဆရာ့မျက် နှာကဲ စောင့်ကြည့်နေသကဲ့သို့ ရှိလေ၏။
ဆရာကြီးကား မန်းမှုတ်နေရာမှ တပည့်များကို စောင်းငဲ့ကြည့်ကာ
''ငတေကြီး တို့ရောက်ကြပလားဟေ့ ဒီအလောင်းကောင် ငါမှာတာဟုတ်ရဲ့လား၊ လူလဲမှားလာကြ အုံးမယ်'' ဟု ကြောက်စရာအသံသြကြီးနှင့် ပြောလိုက်လေ၏။
(ငတေကြီး) ဟုတ်ပါတယ်။ ဆရာကြီးရယ် လူမမှားနိုင်ပါဘူး၊ သူ့လည်ပင်းမှာ ဒါးရာကြီး အထင်အ ရှားပါ တယ်။
(ဆရာကြီး) အေး အေး မမှားရင်ကြိုက်ပြီ၊ ငါက ဒီအကောင့်ကို အင်မတန်အလိုရှိနေတာ၊ ဘာပြု လို့လဲ ဆိုတော့ ဒီကောင်က ရှင်နေတုန်းက အင်မတန်ဆိုးတဲ့ မိုက်တဲ့အကောင် လူကို ငါးခါတိတိ သတ်ဘူးတယ်။ သုံးခါ က သက်သေမရှိလို့ တရားသေလွတ်တယ်၊ တခါက ထောင်ခုနှစ်နစ်ကျဘူး တယ်၊ နောက်ဆုံး တခါတော့ ကြိုးမိန့်ကျရာက အယူခံတာနှင့် တသက်သကျွန်းကျသွားတာ အောင် ဘာလေနဲ့ ပြန်လွှတ် လိုကိတဲ့အကောင်၊ ဒါးလဲပြီးတယ် အမတေရှိသလိုလိုတောင် ပြောကြတယ်။ ဒီလိုအကောင်မျိုးကို တပည့်လုပ်ရမှ ငါ့မှာ ပိုပြီး တန်ခိုးရှိမယ်ကွ၊ ဒါကြောင့်ပေါ့ ဒီကောင်မသေခင် ထဲက ငါရွေးချယ်ထားတာ၊ နို့ပြီး ရိုးရိုးမမာ မကျန်းဖြစ်ပြီး သေတာလဲ ငါမကြိုက်ဘူး ။ အမှန်ပြောရ ရင်ဟေ့ ရိုးရိုးသေရင် ဒီအကောင် ဘယ်လောက် လူတုန်းက သွေးစွမ်းပေတဲ့ ငါယူသုံးလို့ ဖြစ်မှာမ ဟုတ်ဘူး၊ ဒါကြောင့် ငါပယောဂ လဲ ပါတယ်ဟေ့၊ သူရဲငနွား ကို သူ့နောက် အမြဲလိုက်ခိုင်းပြီး ကြံယူ ရတာကွ။
(ဘိုးဗျော့) သြော် ဒီကောင်သေတာက ဆရာ့ပယောဂဟုတ်လား၊ ကျွန်တော်တို့တော့ ထန်းရေ ဆိုင်မှာ ဘိုးဝန် ဆိုတဲ့အကောင်နဲ့ မူးပြီးစကားများလို့ ဘိုးဝန်က ဒါးနဲ့တချက်ခုတ်လိုက်တာ မျက်မြင် ဘဲဆရာ။
(ဆရာ) အေး- ဘိုးဝန်ဒါးနဲ့ ထခုတ်ဝံ့တာ ငနွားကြောင့်ပေါ့ ဘိုးဝန်ဆိုတဲ့အကောင်က အင်မတန် သတ္တိနဲ့တဲ့ အကောင် မိန်းမရှာလိုဘဲ သူ့စိတ်အတိုင်းဆိုရင် သံတိုင်လို တကျွန်းပြန်လူမိုက်ကို မော် လို့တောင် မကြည့်ရဲ ဘူးကွ။
(ဘိုးဗျော့) ဒါနဲ့များဘာကြောင့် ကျွန်းပြန်သံတိုင်ကို လယ်ပင်း တဲတဲကလေးကျန်အောင် ခုတ်သတ် ပါလိမ့်ဗျာ။
(ဆရာ) ငါပြောပြီကောကွ ငါတပည့် သူရဲငနွားကို သံတိုင်သွားရာနောက်လွှတ်ထားတော့ သံတိုင် နဲ့ ဘိုးဝန် ရန်ဖြစ်ကြတယ် ဆိုရင်ဘဲ ငနွားကဘိုးဝန်ကို စီးပြီး ဒါးနဲ့ကောက်အခုတ်ခိုင်းတာဘဲ သံတိုင်ကလဲ ဘိုးဝန် ဒီလောက်သတ္တိရှိမှာ မဟုတ်ဘူးဆိုပြီး ခပ်ပေါ့ပေါ့နေလိုက်တော့ မခုခံနိုင်ဘဲ တိ ကနဲ လည်ပင်ပြတ် ခံရတာပေါ့တပည့်ရ။
ဤတွင်မှ ဘိုးဗျော့နှင့် ငတေကြီးတို့လည်း မိမိတို့၏ ဂဇော်ဒါယကာ အောက်လမ်းဆရာ ဦးညိုတုတ်၏ ယုတ်မာ ညစ်ညမ်း အောက်လမ်းသွားပြီပြီ ဝင်္ကဥာဏ်ဘက်၍ သူတထူးအား ရက်စက် ပုံကို အလုံးစုံ သိတော့၏။ သို့သော်ဘိုးဗျော့နှင့်ငတေကြီးတို့မှာ မိမိတို့၏ ဂဇော်ဒါယကာ ဆရာရင်း တပည့်ရင်း အတွင်း ကျကျ အကျိုးဆောင်နေကြရသော တပည့်မျာူး ဖြစ်သည့်အားလျော်စွာ တရားတာ မတရားတာကို အထွေအထူး မတွေး ခပ်အေးအေးပင် ငြိမ်နေကြလေ၏။
ဦးညိုတုတ်လည်း ခေါင်းတလား ထည်းမှသံတိုင်၏ အလောင်းကို စေ့စေ့ကြည့်ကာ များစွာကြေ နပ်သော အမူအရာနှင့် ခေါင်းကိုအသာအယာ ငြိမ့်လျက်ရှိနေပြီးလျှင် ပါးစပ်မှ တစုံတရာ မန်မှုတ် အမိန့်ပြန်ပေးရာ ငုတ်တုတ် ထိုင်လျှက်ရှိသော သံတိုင်၏အလောင်းက ခေငါးကြီးတဆပ်ဆပ် ငြိမ့် ပြပြီး ပါးစပ်ကြီးကိုပြုံး၍ မျက်လုံး ကား မျက်ဖြူဆိုက်လျှက်နှင့် မျက်တောင်မခပ်ပြူးကြောင်ကြောင် ကြီးကြည့်နေလေ၏။ အောက်လမ်း ဆရာ ဦးညိုတုတ် လည်း သွားဖုံးမဲကြီးကို ပေါ်၍ပြုံးပြန်၏။ မျက်နှာတွင်ကား အတော်အားရ ကျေနပ် နေသော အမှတ်လက္ခဏာများ ပေါ်လွင်နေလေ၏။
''နေရာကျပြီဟေ့- ဒီလိုမှတ်ကျောက်တင်ခံရတဲ့ တပည့် တခါမှမတွေ့ရသေးဘူး။
ငနီကြီးဟာ သူ့ အလောင်လာတုန်းက တော်လှပြီးထားတာ ခုလို အစမ်းသပ်ခံတဲ့နေရာမှာ သံတိုင် လိုပြုံးပြုံးရီရီ နဲ့ ခေါင်းမငြိမ့်ရဲ့ဘူး။ ငါအမိန့် ပြန်လိုက်ရင်ဘဲ ငိုမဲ့မဲ့ မျက်နှာပျက်သွားပြီး ခပ်အင်အင်ခေါင်း ညိမ့် တယ် ငနက်နဲ့ ငနွားတို့တုန်းကတော့၊ ဘာမှမပြော နဲ့ ကြူကြူဟစ်ငိုကြတယ်၊ ဒါတောင်းဒင်းတို့လဲ လူတုန်း က သွေးနဲ့ကြတာမဟုတ်ဘူး၊ အခုသံတိုင်ကဖြင့် ထူးပါပေတယ်။ တော်တယ်၊ တော်တယ် ဒီလို တပည့်မျိုး ရမှ ဆရာလဲသူရဲ အာဏာရှင် ဖြစ်ရမှာကိုး၊ တပည့်တို့ရဲ့ ဒီလိုထက်မြတ်တဲ့ တပည့် မျိုးခိုင်း ရတော့ ရှေ့ရှောက်လို့ ဆရာ့အစွမ်းသတ္တိတွေ၊ အကျိုးခံစားမကုန်သလောက် တိုးပွားပေ တော့မယ်။ ကဲ ကဲ သံတိုင် ဒီနေ့ကစ၍ ငါ့ကိုဆရာရင်း အရှင်သခင်ရင်းဖြစ်တဲ့အတိုင်း အထူးရိုးသေ လေးစားရမယ် ငါခိုင်းတဲ့ အလုပ် ကို မဆုပ်မနစ်လုပ်ရမယ်။
ငါကလဲ မောင်မင်းကို တပည့်ရင်းတဦး သဘောထားပြီး ငါ့ဆီမျာရှိကြပြီးဖြစ်တဲ့ ငနီတို့ ငနက်တို့ ငနွား တို့ထက် မောင်းမင်းကိုပို၍ အရေးပေး ပြီး ကျွေးမွေးထားမယ်။ ဘာမှအားမငယ်နဲ့ ပျော်ပျော်သာနေ ဟောဒီက ဘိုးဗျော့နဲ့ ငတေကြီးတို့ ဟာလဲ ဆရာ့ရဲ့တပည့် မိုက်ခဲ၊ ငါ့ရဲ့တပည့်ဖြစ်တဲ့ ငနီဟာ ပိုးထိပြီး သေခဲ့တယ်။ ငနက်က ရေနစ် ပြီးသေခဲ့တယ်။ ငနွားကတော့ ထန်သမားမို့ ထန်းပင်ပေါ်က လိမ့်ကျပြီး သေခဲ့တယ်။ ငါ့တပည့် သံတိုင်ကတော့ လူသတ်လို့ သေတယ်။ မင်းတို့အားလုံး ဂုဏ်မငယ်ကြပါဘူးကွာ။ ဒါပေမဲ့ သံတိုင် က သတ္တိသာတယ်ဟေ့ ကိုင်း.. လာလာ ငါ့တပည့်''
ဟု အက်ကွဲ နက်ကြောသော အသံကြီးနှင့် ပြောရင်း သံတိုင်အလောင်မှ တဲတဲနေသော ခေါင်းကို ဖြုတ်ယူ လိုက်လျက် ရင်ခွင်တွင်ပိုက်ထားပြီး ကိုယ်ပိုင်းကြီးကိုမူ ငနီတို့သူရဲတစုကို ဆုလာဘ်အဖြစ် ပေးလိုက်သော အခါ၊ ငနီ၊ ငနက်၊ ငနွား စသော သူရဲတစုမှာ ခေါင်းမပါသော အလောင်းကြီးကို ပျဉ်ခေါင်းတည်းမျ ဒရွတ်တိုက် ဆွဲသွားပြီး တဲအိုအပြင်မှ အရိုးပုံအနီးတွင် ပျော်ပွဲသဘင်ပမာ၊ မြိန် ရှက်စွာ ကိုက်ဝါး စားသောက် နေကြလေ၏။
ဦးညိုတုတ်သည် သံတိုင်၏ ခေါင်းကို မြတ်နိုးစွာပိုက်ထားရာမှ-
''ကဲဟေ့ ဘိုးဗျော့တို့ ဒီပျဉ်ပြားတွေ နေရာတကျ တဲအမိုးပေါ်တင်ပြီး မင်းတို့ အိမ်ပြန်နှင့်ကြတော့ ရော့ ရော့ ဂဇော်ဘိုးယူသွားကြ သိပ်လဲမူးမနေနဲ့အုံး တော်တော်ကြာ မိုးလင်းတော့မယ်။ ဆရာဒီ မှာ သံတိုင် အတွက် စီရင်စရာကလေးတွေ ရှိသေးလို့၊ နေရစ်ရအုံးမယ်၊ အကယ်၍ အရေးကြီးတဲ့ လူမ မာသယ်များ လာခေါ်လို့ရှိရင် ငါကိစ္စရှိလို့ တရွာသွားတယ်။ နက်ဖြန်မှ ပြန်လာလိမ့်မယ်၊ ပြော... ကြားလား၊ ကဲ ရော့ ပိုက်ဆံ၊ အိမ်တံခါးလဲ ဟောင်းလောင်ကြီးထားပြီး အိပ်မနေကြနဲ့အုံးနော် အိပ် ချင်ရင် တံခါးလုံလုံ ပိတ်ပြီးမှ အိပ် ဟုတ်လား''
ဆက်ရန်
.
No comments:
Post a Comment