(၅၃)
ဆာရာသည် အမှောင်ထုထဲတွင် နှစ်ယောက်အိပ်ကြေးခုတင်ကြီးပေါ်၌ တစ်ယောက်တည်းရှိနေသည်။ ကလေး အကြီးနှစ်ယောက်က ဟိုဘက်အခန်းတွင်အိပ်သည်။ အငယ်ဆုံး ကလေးကို သူ့ခုတင်ဘေး၌ ပုခက် နှင့် သိပ်ထားသည်။
မြို့တော်ခန်းမမှ နာရီထိုးသံ လေးချက်ကြားရသည်။ ညသန်းခေါင်းယံမှစ၍ တစ်နာရီ တစ်ခါထိုးတိုင်း ဆာရာ နာရီသံကြားနေရသည်။ သူမ အိပ်၍ မပျော်၊ နောက်ဖေးမီးဖိုတံခါးကို ဖြေးဖြေးလေး တွန်းဖွင့်သံ ကြားရ ၍ ဆာရာ အသက်ပြင်းပြင်းပင် မရှူဘဲ ငြိမ်နားထောင်နေလိုက်သည်။
စတင်ဒါ အိမ်ထဲ ၀င်လာသံကြားရပြီး ရေချိုးခန်းထဲ၌ အ၀တ်အစားလဲလှယ်သံကိုပါ တစ်ဆက်တည်းကြားရ သည်။ တစ်ခဏကြာသောအခါ အိမ်ခန်းတံခါးပွင့်လာသည်။ ခုတင်ပေါ်တက်လာပြီး လှဲ့အိပ်လိုက်သည်။ ဆာရာ က အိပ်ချင်ယောင်ဆောင်နေသည်။ စတင်ဒါ ညဘက်အပြင်ထွက်ပြီး အပြန်နောက်ကျခြင်းသည် ယခု ပထမဆုံးအကြိမ်ဖြစ်သည်။ မင်းဖရက် ပြန်ရောက်လာပြီးနောက်ပိုင်းတွင် စတင်ဒါအပြောင်းအလဲကြီး ပြောင်းလဲ သွားသည်။
ဆာရာသည် အမှောင်ထုထဲတွင် အိပ်မပျော်နိုင်ဘဲ တွေးနေသည်။
" သူဟာ ဒုက္ခတွေသယ်ဆောင်လာတဲ့လူပဲ၊ ငါတို့အားလုံးကို သူဒုက္ခပေးဖျက်ဆီးတော့မယ်၊ ကျွန်မ ရှင့်ကို မုန်းတယ် မင်းဖရက်ဒီလာရေး"
နောက်တစ်နေ့ နံနက်စာ စားပွဲတွင် ဆာရာက စတင်ဒါအားမေးလိုက်သည်။
" မနေ့ညက ရှင် ဘယ်သွားတာလဲ "
" မင်း ပါးစပ်ပိတ်ထားစမ်း အမျိုးသမီး၊ မင်းက ငါ့အထိန်းတော် မဟုတ်ဘူး" စတင်ဒါ ရုတ်ခြည်း ဒေါသ ဖြစ်လာပြီး အော်ငေါက်လိုက်သည်။
" ရှင်ဟာ အန္တရာယ်ရှိတဲ့ လူမိုက်အလုပ်တွေမှာ ပါနေတယ် မဟုတ်လား၊ ရှင့်မှာ ကလေးသုံးယောက် ရှိတယ် ဆိုတာ သတိရစမ်းပါ စတင်ဒါ၊ မမိုက်ချင်ပါနဲ့ "
" တော်ပြီမိန်းမ ... ဒါယောက်ျားတွေအလုပ်၊ မင်းဝင်မရှုပ်နဲ့ "
ရိုအက်ဖ်စတင်ဒါ သည် နံနက်စာစားပြီးသည်နှင့် စတယ်လင်ဘို့ရှိ တက္ကသိုလ်သို့ ထွက်ခွာသွားသည်။ သူ သည် ထိုတက္ကသိုလ်၏ ဥပဒေမဟာဌာန၌ ကထိကအဖြစ် အမှုထမ်းနေသည်။ ပြဿနာမပေါ်၊ ဒုက္ခမဖြစ် လျှင် မကြာခင်ပင် ပါမောက္ခဖြစ်တော့မည်ကို ဆာရာသိနေသည်။
ဆာရာ သည် အိပ်ရာများသိမ်းဆည်းကာ အိမ်ကို သန့်ရှင်းရေးလုပ်ပြီးနောက် ကလေးများကို လက်တွန်း လှည်းကြီးတွင် တင်တွန်းကာ ရွာသို့ ထွက်သွားသည်။ လမ်းတွင် သူမလိုပင် တက္ကသိုလ် ဆရာကတော် တစ်ယောက် နှင့် တွေ့၍ ရပ်ပြီး နှုတ်ဆက်စကားပြောသည်။ ထို့နောက် ကုန်စုံဆိုင်တစ်ဆိုင်သို့ ၀င်ကာ ကလေးများ အတွက် သကြားလုံးဝယ်သည်။ သကြားလုံးဖိုး ပေးချေစဉ်တွင် စင်ပေါ်၌ တင်ထားသော သတင်းစာ များ၏ ခေါင်းစီးစကားလုံးများကို လှမ်းမြင်မိသည်။ သတင်းစာတစ်စောင်ပါ ၀ယ်လိုက်ပြီး ထိုဆိုင်မှ ပြန်ထွက်လာသည်။
လမ်းတစ်ဘက်သို့ ဖြတ်ကူးပြီး ပန်းခြံတစ်ခုထဲသို့ သွားသည်။ လက်တွန်းလှည်းကို ခုံတန်းတစ်ခုဘေး၌ ရပ် ထားလိုက်သည်။ သူမက ခုံတန်းပေါ်တွင်ထိုင်ပြီး ရထားပေါက်ကွဲသောသတင်းကိုဖတ်လိုက်သည်။ ထို့နောက် သတင်းစာကို ပြန်ခေါက်လိုက်ပြီး ထိုင်စဉ်းစားနေမိသည်။
မနေ့က စတင်ဒါသည် နေ့လယ်စာ စားအပြီးတွင် နေအိမ်မှ ထွက်သွားခဲ့သည်။ ရထားပေါက်ကွဲမှုမှာ ထိုည ၁၀ နာရီခန့်က ဖြစ်ခဲ့သည်။ အချိန်နှင့်အကွာအဝေးကို သူမ တွက်ဆကြည့်သည်။ သူမရင်ထဲ၌ မအီမသာ ဖြစ်သွားသည်။ လက်တွန်းလှည်းကို ပြန်တွန်းပြီး စာတိုက်သို့သွားသည်။ တယ်လီဖုန်းရုံးကလေးဘေး၌ လက်တွန်းလှည်း ကို ရပ်ထားပြီး တယ်လီဖုန်းရုံထဲဝင်ကာ ဆက်သည်။
" ဗဟိုအိတ်ချိန်း ... ကျွန်မကို ကိပ်တောင်းမြို့က ဗဟိုရဲစခန်းကို ပေးပါ "
" တယ်လီဖုန်း ခဏကိုင်ထားပါရှင် "
မိမိယောက်ျားအား အန္တရာယ်မဖြစ်စေဘဲ၊ မင်းဖရက်အား မည်သို့ ရဲလက်ရောက်အောင် လုပ်ရမည်ကို စဉ်း စားသည်။ မိမိတို့ မိသားစုဘ၀ပျက်စီးမှုမဖြစ်အောင် စတင်ဒါ ကို တားဆီးဟန့်တားရမည်မှာ မိမိတာဝန်ဟု ခံယူမိသည်။
" ကိပ်တောင်းမြို့ ဗဟိုရဲစခန်းက ပြောနေပါတယ်၊ ဘာအကူအညီပေးရပါမလဲခင်ဗျာ"
တယ်လီဖုန်း ထဲမှ အသံပေါ်လာသည်။
" ဟုတ်ကဲ့ ... အဲ မဟုတ်ပါဘူး ... ကျွန်မ တောင်းပန်ပါတယ်၊ ဘာမှမဟုတ်ပါဘူးရှင်၊ အရေးမကြီးပါဘူး "
ဆာရာက အထစ်ထစ်အငေါ့ငေါ့ပြောလိုက်ပြီး တယ်လီဖုန်းကို ပြန်ချထားလိုက်သည်။ တယ်လီဖုန်းရုံထဲမှ ကသုတ်ကယက် ထွက်လာပြီး ကလေးတွန်းလှည်းကိုတွန်းကာ အိမ်သို့ ပြန်လာသည်။ မီးဖိုခန်းထဲမှစားပွဲ၌ ထိုင်လိုက်ပြီး တသိမ့်သိမ့်ရှိုက်ငိုလိုက်သည်။ ရှာဆာသည် ဘလိန်းမယ်လကွန်အိမ်ရှေ့ရှိ လမ်း၏ တစ်ဘက် တွင် သူ၏ ဂျက်ဂွာ ကားကို ရပ်လိုက်သည်။ သို့သော် ကားပေါ်မှ သူမဆင်းသေး။ မိမိ ဘာလုပ်ရမည်ကို ထိုင် ပြီး စဉ်းစားလိုက်သည်။
နောက်ကြည့်မှန်ထဲမှနေ၍ မိမိမျက်နှာကို မိမိပြန်ကြည့်ကာ ခေါင်းဖြီးလိုက်သည်။ ဘယ်မျက်ခုံးအား အုပ်ထား သော အ၀တ်နက်စကလေးကိုလည်း နေသားတကျ ဖြစ်အောင် ပြင်လိုက်သည်။ ပြီးမှ ကားပေါ်က ဆင်းလိုက်သည်။
ဘလိန်း၏ နယူးလင်ရိပ်သာအိမ်ဂေဟာဝင်းကြီးထဲ၌ ကားများ ပြည့်ကျပ်နေသည်။ ကြီးမားသော ဧည့်ခံပွဲ ကြီးဖြစ်ရာ လူ ၂၀၀ ကျော် ၃၀၀ ခန့်ရှိမည်။ မယ်လကွန်ဘလိန်းသည် ပြည်ထဲရေးဝန်ကြီးဖြစ်ရာ သူ့သမီး စေ့စပ်ကြောင်းလမ်းပွဲ သည် အရေးကြီးသောပွဲကြီးပင်ဖြစ်သည်။
ရှာဆာ လမ်းတစ်ဘက်သို့ ဖြတ်ကူးလိုက်သည်။ အိမ်ရှေ့တံခါးမကြီးများ ဖွင့်ထားသည်ကိုတွေ့ရသည်။ ရှာ ဆာ ဟောခန်းကြီးထဲသို့ ၀င်လိုက်သည်။ လူများ ပြည့်ကျပ်နေပြီး ဧည့်ခန်းမှာ အရှိန်ရနေသည်။ တီးဝိုင်းက တီးမှုတ် နေပြီး ကသူများက ကနေချေပြီ။ ရှာဆာက အရက်ကောင်တာဆီသို့ လူများကြားမှ တိုးဝှေ့ဖြတ် သန်းပြီး သွားလိုက်သည်။ ဘလိန်းက ၀ီစကီဖြစ်ဧည့်မခံ၊ တကယ်တော့ ၀ီစကီမရနိုင်၍မဟုတ်၊ မျိုးချစ် ပုဂ္ဂိုလ်များသည် ပြည်တွင်းဖြစ် ကိပ်ဘရန်ဒီကိုသာ သောက်ကြသည်။ အယူအဆအရ ၀ီစကီဖြင့် ဧည့်မခံခြင်း ဖြစ်သည်။ ရှာဆာ ဂျင်ဂျာအေးတစ်ခွက်မှာလိုက်သည်။
" ငါ့ရဲ့ အရက်သောက်တဲ့နေ့တွေဟာ ကုန်ဆုံးခဲ့ပြီပဲ "
ရှာဆာက သူ့ကိုယ်သူ စိတ်ထဲမှ ပြောလိုက်သည်။ လက်ထဲတွင် ဖန်ခွက်ကိုကိုင်ပြီး တစ်ခန်းမှ တစ်ခန်းသို့ ကူး သွားသည်။ မိတ်ဆွေဟောင်းများနှင့် လက်ဆွဲနှုတ်ဆက်သည်။
" ပြန်တွေ့ရတာ ၀မ်းသာတယ်ရှာဆာ "
သူတို့က ပြောကြသည်၊ ရှာဆာ မျက်လုံး၌ အုပ်ထားသော အမည်းပြားကလေးကို မမြင်ချင်ယောင် ဆောင် နေ ကြသည်။
ရှာဆာ သူမကို လိုက်ရှာသည်။ သူမကို ထမင်းစား တွင် စားဖိုမှူး တစ်ယောက်၊ အိမ်ဖော် နှစ်ယောက် နှင့် အတူ နေ သည်။ မိမိနှစ်သက်ရာကို စိတ်ကြိုက်အ၀ယူစားနိုင်သော --- ညစာစားပွဲအတွက် အပြီးသတ် စီမံ ညွှန်ကြား နေသည်။
သူမ မော့ကြည့်လိုက်ရာ ရှာဆာကို မြင်သွားပြီး တုံ့ခနဲဖြစ်သွားသည်။ နှင်းဆီရောင် ပါးလွှားသော ညနေခင်း ၀တ်စုံ ကို ၀တ်ဆင်ထားပြီး သူမမျက်လုံးက အရောင်တောက်နေသည်။ ဆံကေသာက ပုခုံးတွင် ၀ဲဖျာ နေ သည်။
စားဖိုမှူး နှင့် အိမ်ဖော်တို့အား မျက်ရိပ်ပြကာ ထွက်သွားစေပြီး၊ သူမက ရှာဆာ့ထံ လျှောက်လာသည်။
" ဟဲလိုဘာရာ ... ငါ ပြန်ရောက်လာပြီ "
" ဟုတ်တယ်၊ ကျွန်မလဲ ကြားတယ်၊ ရှင် ပြန်ရောက်လာတာ ငါးပတ်တောင်ရှိပြီဆို၊ ကျွန်မ ထင်တယ်၊ ရှင် ... "
တာရာ က စကားစကို ရပ်လိုက်ပြီး ရှာဆာ့ မျက်နှာကို အကဲခတ်လိုက်သည်။ ပြီးမှဆက်ပြောသည်။
" ရှင်ဘွဲ့ထူး ဂုဏ်ထူး ရတယ်လို့ ကျွန်မကြားတယ်၊ ရှင် ဒဏ်ရာလဲ ရလာတယ်နော် "
တာရာက ရှာဆာ့ရင်ဘတ်မှ ဘွဲ့တံဆိပ်ကို လက်ဖြင့် သပ်ကြည့်လိုက်ပြီး ရှာဆာ့ မျက်နှာကို လှမ်းကြည့် လိုက်သည်။ ပြီးမှပြုံးပြပြီး ပြောလိုက်သည်။
" ရှင့်ကြည့်ရတာ ပိုပြီး ဖျတ်လတ်ရဲရင့်လာပုံရတယ် "
" ဟုတ်လား "
ဟုတ်တယ်၊ ဒါပေမယ့် ရှင်ပြောင်းလဲသွားတယ်နော် "
" မင်း အဲဒီလိုပဲထင်သလား "
" ထင်တယ်၊ ရှင်ပိုတည်ငြိမ်လာတယ် "
" ငါ မင်းကို စကားပြောစရာရှိတယ်၊ လေးလေး နက်နက် အရေးတကြီးပြောစရာရှိတာ "
" ပြောလေ ဘာများလဲ "
" ဒီမှာ ပြောလို့မဖြစ်ဘူး၊ ဒီလူတွေ ကြားထဲမှာ ပြောလို့မဖြစ်ဘူး "
" ဒါဖြင့် နက်ဖြန်ကျမှပြောပေါ့ "
" ဟာ ... နက်ဖြန်ဆို သိပ်နောက်ကျသွားလိမ့်မယ်၊ အခု ငါနဲ့ လိုက်ခဲ့ပါ "
" ရှာဆာ ... ရှင်ရူးနေသလား၊ ဒါဟာ ကျွန်မရဲ့ ပါတီပွဲ၊ ကျွန်မရဲ့ စေ့စပ်ကြောင်းလမ်းမယ့်ပွဲ "
" ငါ့ ဂျက်ဂွာကား ပါလားတယ်၊ ဈေးဆိုင်ရှိတဲ့ ဘက်က အ၀င်ပေါက်မှာ ရပ်ထားတယ်၊ ခြုံစောင်ကလေးပါ ယူခဲ့ဦး၊ အပြင်မှာအေးတယ် "
ဆာရှာ သည် မော်တော်ကားကို အိမ်နံရံနှင့်ကပ်ပြီး ရပ်ထားသည်။ ကားရှေ့မီးများကို ငြိမ်းထားသည်။ သူမ လာလိမ့်မည်မဟုတ်ဟု သူသိသည်။ သို့သော်လည်း ထိုင် စောင့်နေမိသည်။
သို့ရာတွင် ကားတံခါးကို ဆွဲဖွင့်ပြီး တာရာ သူ့ဘေး၌ ၀င်ထိုင်လိုက်သောအခါ ရှာဆာ အံ့အားသင့်သွား သည်။ သူမ သည် ဘောင်းဘီရှည်နှင့် ဆွယ်တာအင်္ကျီခေါင်းစွပ်ကို ၀တ်လာသည်။ အ၀တ်အစား လဲလာပုံ ကပင် သူမ ပါတီပွဲကို ပြန်မသွားတော့ဟု ပြသနေသည်။
" မောင်းလေ ... ဒီနေရာကနေ ဝေးဝေးသာ သွားပေတော့ " တာရာက အမိန့်ပေးလိုက်သည်။
ရှာဆာ ကားမောင်းထွက်လာသည်။ နှစ်ယောက်စလုံး စကားမပြောဘဲ ငြိမ်နေကြသည်။ လမ်းဓာတ်မီးတိုင် များမှ မီးရောင် က ကားထဲသို့ ၀င်လာတိုင်း ရှာဆာက သူမကို မသိမသာ လှမ်းလှမ်းကြည့်သည်။ သူမက ရှေ့ တည့်တည့် သို့သာ ကြည့်နေသည်။ မပြုံးတုံ့ပြုံးတုံ့ လုပ်နေသည်။ နောက်ဆုံးမှ သူမက စကားပြော လာ သည်။
" အလျင်စတုန်းက ရှင့်အတွက် ဘာမှမလိုအပ်ခဲ့ဘူး၊ ပစ္စည်းလဲ မလိုဘူး၊ လူလဲမလိုဘူး၊ ဒါကြောင့် ရှင့် အတွက် ကျွန်မ မရပ်တည်ခဲ့တာပဲ "
ရှာဆာ က ဘာမှပြန်မပြော၊ ငြိမ်ပြီးနားထောင်နေသည်။ ကာရာက ဆက်ပြောသည်။
" အခု ရှင် ကျွန်မကို လိုလာပြီလို့ ကျွန်မ ထင်တယ်၊ ရှင့်ကို ကျွန်မ ဒီညနေပြန်တွေ့တွေ့ချင်း အဲဒီလိုပဲ ခံစား ရတယ်၊ နောက်ဆုံးတော့ ရှင် ကျွန်မကို တကယ့်ကို လိုအပ်လာပြီပဲ "
ရှာဆာ ဆက်ပြီးငြိမ်နေသည်။ စကားလုံးများက လည်ချောင်းထဲ၌ တစ်ဆို့နေသည်။ စကားပြောဖို့ မကြိုးစား တော့ဘဲ သူမလက်ကို လှမ်းကိုင်လိုက်သည်။
" ကျွန်မ အခု ရှင့်အတွက် အဆင်သင့်ပြီ ရှာဆာ၊ ကျွန်မတို့ နှစ်ယောက်တည်း၊ နေလို့ရမယ့်နေရာသာ ခေါ် သွားပါတော့ "
လမ်းကလေးပေါ်သို့ လရောင်ဆမ်းထားသည်။ တာရာက ရှာဆာကို တွဲကူဖေးမပြီး လျှောက်လှမ်းသည်။ လျှောက် ဆင်းကြရင်း ဟက်ဟက်ပက်ပက်ရယ်လိုက်ကြသည်။ လမ်းတစ်ဝက်တွင် ရပ်ပြီး တအားဖက် နမ်း လိုက်ကြသည်။
ပင်လယ်ကမ်းခြေမှ သူ၏ စံအိမ်လေးထဲသို့ တာရာကို ခေါ်သွားပြီး မီးအိမ်ကို ထွန်းလိုက်သည်။ သူ အမိန့် ပေးထားသည့်အတိုင်း ၀ယ်တာဗီဒင်အိမ်ကြီးမှ အိမ်ဖော်များက လာရောက်ရှင်းလင်း သန့်စင် ထားသည်ကို မြင်ရမှ စိတ်အေးသွားသည်။ အိပ်စင်ပေါ်၌ အိပ်ရာခင်းအသစ်ခင်းထားသည်။ ကြမ်းပြင်ကို ရှင်းလင်းတိုက် ချွတ်ထားသည်။
တာရာ သည် အခန်းအလယ်ကောင်၌ ရပ်နေသည်။ သူမ မျက်လုံးအစုံက မီးအိမ်အရောင်တွင် တောက်ပ နေ သည်။ သူမ လက်မောင်းနှစ်ဖက်ကို ရှာဆာက လှမ်းဆုပ်ကိုင်လိုက်သောအခါ သူမ တုန်လှုပ် သွားသည်။
" ရှာဆာ ... ညှာညှာတာတာ ညင်ညင်သာသာနော် ... ကျွန်မ ကြောက်တယ် "
တာရာ သည် စေ့စပ်ကြောင်းလမ်းခြင်း ကြေညာမယ့်ညတွင်ပင် ချစ်သူခေါ်ရာ လိုက်ခဲ့ပါချေပြီ။
ဆက်ရန်
.
No comments:
Post a Comment