(၅၅)
ရှာဆာသည် သူ၏ကိုယ်ပိုင်အပျော်စီးလေယာဉ်ဖြင့် ၀စ်ဝါတာစထရင်းမှ တစ်ဦးတည်း ပျံသန်းလာရာ ရမ်းစဖီး လေယာဉ်ကွင်းသို့ မှောင်မှ ရောက်လာသည်။ လေယာဉ်ကွင်းမှနေ၍ နယူးလင်းရိပ်သာရှိ ဘလိန်း အိမ် သို့ ကားဖြင့် တန်းသွားသည်။
တာရာ က သူ့အား တံခါးဖွင့်ပေးသည်။ တာရာသည် ရှာဆာကို မြင်လိုက်သောအခါ သူမ မျက်နှာကလေး က ၀င်းပ ကြည်လင် ကာ ရွှန်းလက်သွားသည်။
" အို ... ဒါလင် ... မောင့်ကို သတိရအောက်မေ့ လိုက်တာ "
သူတို့ နှစ်ယောက် ဖက်နမ်းလိုက်ကြရာ ဘလိန်း အသံကြားမှ လူချင်းခွာလိုက်ကြသည်။
" ဒီမှာ ကြည့်စမ်း ရှာဆာ၊ မင်းတို့အတွက် အရေးကြီးနေတာကို ငါဖျက်လိုဖျက်ဆီးမလုပ်ချင်ပါဘူး၊ ဒါပေမယ့် မင်း ရဲ့ အစီရင်ခံတင်ပြချက် ကို ငါကြားချင်လို့ ခဏလောက်တော့ အချိန်ပေးနိုင်မယ် မဟုတ် လား "
" ဖေဖေ ... ကျွန်မတို့ကို ထောက်လှမ်းနေတာလား" တာရာက သူမ ဖခင်ကို ဒေါသတကြီး ပြောလိုက် သည်။
" ထောက်လှမ်းစရာမလိုပါဘူးသမီးရယ်၊ အများလူမြင်ကွင်းမှာပဲဥစ္စာ၊ ကဲ ရှာဆာ ငါနဲ့လိုက်ခဲ့ "
ဘလိန်း က ရှာဆာအား သူ၏စာကြည့်ခန်းထဲသို့ ခေါ်သွားပြီး ကုလားထိုင်တွင်ထိုင်ရန် လက်ပြလိုက်သည်။
" အရက် သောက်မလား "
" ကျွန်တော် ဂျင်ဂျာအေးပဲသောက်ပါမယ် "
ဘလိန်းသည် သူသိမ်းထားသော ၀ိစကီကို ဖန်ခွက်ထဲသို့ သူ့အတွက် အနည်းငယ်ထည့်လိုက်သည်။ ရှာ ဆာကိုမူ ဂျင်ဂျာအေးဖန်ခွက်လှမ်းပေးလိုက်သည်။
" ကဲ ... မင်း တယ်လီဖုန်းထဲက ပြောလို့မဖြစ်ဘူးဆိုတာ ဘာအကြောင်းလဲ၊ ပြောစမ်းပါဦး "
" နောက်ဆုံးတော့ ကျွန်တော်တို့ ကံကောင်းလာတယ်လို့ပဲ ဆိုရမှာပဲခင်ဗျ "
ဘဏ်ဓားပြတိုက်ခံရမှုသည် အော်ဆီဝါ ဘရန်းဝစ်အဖွဲ့နှင့် ဆက်စပ်နေကြောင်းသိလျှင်သိချင်း ဘလိန်းက ရှာဆာ အား ဂျိုဟန်နက်စဘက်မြို့သို့လိုက်သွားရန် လွှတ်လိုက်သည်။ ဖမ်းမိသော ဘဏ်ဓားပြ တစ်ယောက် ကို စစ်ဆေးမေးမြန်းနေချိန်တွင် ရှာဆာသည် စီအိုင်ဒီဌာနချုပ်သို့ ရောက်သွားသည်။
" အဲဒီ ဖမ်းမိတဲ့ဓားပြဟာ စရောင်းသတ္တုတွင်းက အရာရှိ တစ်ယောက်ဆိုတာ သိထားတဲ့အတိုင်း ဟုတ်နေ တယ်၊ သူ့နာမည်က လိုရင်းတဲ့၊ ကျွန်တော်တို့ သိထားတဲ့ အိုဘီအဖွဲ့ဝင် နာမည်စာရင်းထဲမှာလဲ သူပါနေ တယ်၊ သူ့ဆီက အဖြေတွေ ခင်ဗျားကြားချင်တယ်လို့ ကျွန်တော် ရဲအရာရှိကို ပြောလိုက်တယ် "
" ခပ်ကြမ်းကြမ်း မကိုင်လိုက်ဘူးလား " ဘလိန်းက ဖြတ်မေးလိုက်သည်။
" ဒီလောက် အထိတောင် မလိုပါဘူး၊ လူပုံက မာပေမယ့် စိတ်မမာပါဘူး၊ လက်နက်ကိုင် ဓားပြတိုက်မှုရယ်၊ လူသတ်မှု ကြုံရာပါရယ်အတွက် ပြစ်ဒဏ် ဟာ သေဒဏ်ပဲလို့လဲ ထောက်ပြလိုက်ရော သူ ထုတ်ဖော်ဖွင့်ဟ ပြောတော့တာပဲ၊ မနက်က ကျွန်တော် ခင်ဗျားဆီ တယ်လီဖုန်းဆက် အစီရင်ခံတုန်းက သူပြောတာ အများ စု ကို ပြောပြခဲ့ပြီးပြီပဲ "
" ကဲ ... ကျန်တာ ဆက်ပြောပါဦး "
" ဓားပြတိုက်မှုမှာပါတဲ့ ကျန်လူသုံးယောက်ရဲ့ နာမည်ကိုလဲ ထုတ်ပြောပြတယ်၊ ကျွန်တော် ဂျိုဟန်နက်စဘက် က ဒီကိုပြန်မလာခင်ဘဲ ဖမ်းလိုက်နိုင်တယ်၊ ဒါပေမယ့် ဂိုဏ်းခေါင်းဆောင်ကိုတော့ ဘဏ်ဓားပြ တိုက်မှုမလုပ်မီ သုံးရက်မှ သူတွေ့ဖူးတာတဲ့၊ အဲဒီလူ နာမည်ကိုရော ဘယ်မှာနေတယ် ဆိုတာ ကိုရော သူ မသိဘူး "
" လူပုံပန်းသဏ္ဍာန်ကိုရော ပြောမပြဘူးလား "
" ပြောပြပါတယ်၊ ထောင်ထောင်မောင်းမောင်း ထွားထွားကျိုင်းကျိုင်းတဲ့၊ ဆံပင်နဲ့မုတ်ဆိတ်က အနက်၊ နှာခေါင်း ကျိုး နေတယ်၊ မျက်ခုံးတစ်ဖက်ပေါ်မှာ အမာရွတ်ရှိတယ်တဲ့၊ တော်တော်လေး အသေးစိတ်ကို သိရတဲ့ ပုံပန်းသဏ္ဍာန်ပါပဲ၊ ဒါ့ပြင် အရေးကြီးတဲ့ကိစ္စတစ်ခုလဲ ပြောပြတယ်"
" ဘာလဲကွ "
" နာမည်ဝှက်တစ်ခု ပါ၊ အဲဒီခေါင်းဆောင်ကို " ဓားဖြူ "လို့ပဲ သူတို့ကသိကြတယ်၊ ဟိုအဆင့် အမြင့်ဆုံး ကနေ သူတို့ကို အဲ့ဒီလူနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အမိန့်ပေးထားတယ်တဲ့ "
" ဓားဖြူတဲ့လား "
" ဟုတ်ပါတယ်၊ ခင်ဗျားဆီက တိုက်ရိုက် အမိန့်မရမချင်း အဲ့ဒီ နာမည်ဝှက်နဲ့လူပုံပန်းသဏ္ဍာန်ကို ဘယ်သူမှ မပြောပြသေး ဖို့ အမှုစစ်အရာရှိကို ကျွန်တော်မှာထားခဲ့ပါတယ် "
" ကောင်းတယ်၊ ဓားဖြူ ... အင်း အဲဒီစကားလုံးဟာ ငါတို့ မျှော်လင့်ထားတဲ့ ခလုတ်နှိပ်စကားလုံးများဖြစ် မလား၊ အိုဘီအဖွဲ့ နောက်ဆုံး လှုပ်ရှားဖို့ အချက်ပေးမှုများ ဖြစ်မလားလို့ ငါ စဉ်းစားနေတာ "
ဘလိန်းက ၀ီစကီကို တစ်ငုံငုံလိုက်ရင်းပြောသည်။ ရှာဆာအား မိမိထင်မှတ်ယုံကြည်ထားသည့်အတိုင်း တက်ကြွထိရောက်စွာ လုပ်ကိုင်လာနိုင်သည်ကို တွေ့ရသဖြင့်လည်း ၀မ်းသာမိသည်။
" အဲ့ဒီဂိုဏ်းက ဖမ်းမိထားသမျှ လူအားလုံးဟာ ဓားဖြူကို တော်တော် ကြောက်ရွံ့ကြတယ်ဆိုတာ " ထင်ရှားတယ်၊ အိုဘီလှုပ်ရှားမှုကြီးတစ်ခုလုံးကို သူက နောက်ကွယ်ကကြိုးကိုင်ထားတာ သေချာတယ်၊ သူ ပျောက် သွားတာလဲ စုပ်စမြုပ်စကို မပေါ်တော့ဘူး၊ ပါသွားတဲ့ဘဏ်ကငွေတွေလဲ ခြေရာကောက် လို့ မရဘူး၊ ငွေအားလုံးပေါင်း တစ်သိန်း နှစ်သောင်းခုနစ်ထောင်ကျော် ပါသွားတယ်လို့ နောက်ဆုံးသိရတယ် "
" အင်း တော်တော်များတာပဲ၊ အိုဘီအဖွဲ့ရဲ့ စစ်ရေး အသုံးစရိတ်ထဲ ရောက်သွားပြီလို့ပဲ ယူဆရမှာပဲ "
" ဓားဖြူဆိုတဲ့ စကားဝှက်နဲ့ပတ်သက်လို့တော့ သတင်းစာတို့ ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုနဲ့ တိုက်ရိုက် မပတ် သက်တဲ့လူတို့ကို အသိမပေးသေးဘဲ ဆက်လျှို့ဝှက်ထားရင် ကောင်းမယ်လို့ ကျွန်တော် အကြံပေး ပါရစေ "
" အေး ၊ သဘောတူပါတယ်၊ ဒါပေမယ့် မင်းရဲ့ အကြောင်းပြချက်တွေက ဘာတွေလဲဆိုတာ ပြောစမ်းပါဦး၊ ငါနဲ့ အမြင်ချင်း တူသလားလို့ပါ "
" ပထမအချက်ကတော့ ကျွန်တော်တို့ ဖမ်းချင်တဲ့သားကောင်ကို သတိပေးလိုက်သလို ဖြစ်မသွားစေချင်လို့ ပါ၊ သူ့ကို ခြေရာခံပြီး လိုက်နေပြီဆိုတာ သူမသိစေချင်လို့ပါ "
" ဟုတ်တယ်၊ ဒါတော့ အမြင်ချင်းတူတယ် " ဘလိန်း ခေါင်းဆက်ပြပြီး ပြောလိုက်သည်။
" ဒုတိယအချက်ကတော့ ဒီနာမည်ကို သုံးပြီး သတင်းပေးလိုတဲ့ သတင်းပေးတွေဆီက အတည်ပြုချက် လိုချင် လို့ပါ "
" အား ... အဲဒါတော့ ငါလိုက်မမီဘူးကွ၊ ရှင်းစမ်းပါဦး "
" အများပြည်သူတွေကို သတင်းပေးဖို့ ကူညီဖို့ ခင်ဗျား မေတ္တာရပ်ခံလိုက်တဲ့အတွက် တယ်လီဖုန်းတွေ အများကြီးလာတယ်။ ဒါပေမယ့် အများစုက အတုအလိမ်တွေ၊ တကယ်လို့ ကျွန်တော်တို့က စကားဝျက်ကို ထုတ်ပြော လိုက်ရင် အဲ့ဒီစကားလုံးသုံးပြီး ပြန်ဒုက္ခပေးလာနိုင်တယ်၊ လမ်းလွှဲလာနိုင်တယ် "
" အေး ... ငါနားလည်ပြီ၊ အဲ့ဒီစကားနဲ့ပါ သတင်းပေးလာမှ အမှန်လို့ တွက်လို့ရမယ်ဆိုပါတော့ "
" ဟုတ်ပါတယ် ခင်ဗျာ "
" ကောင်းပြီလေ၊ ဒီစကားဝှက်ကို ငါတို့ လောလောဆယ် လျှို့ဝှက်ထားလိုက်မယ်၊ တခြားပြောစရာ ဘာများ ရှိသေးသလဲ "
" လောလောဆယ်တော့ မရှိတော့ပါဘူး "
" ဒါဆိုရင် မင်း ဟိုသွားနေတုန်း ဒီမှာ ဘာတွေ ဖြစ်ခဲ့တယ် ဆိုတာ ငါပြောပြမယ်၊ ငါနဲ့ ၀န်ကြီးချုပ် နဲ့ တွေ့တယ်၊ အိုဘီအဖွဲ့ကို နိုင်ငံရေးအဖွဲ့အဖြစ် ကြေညာဖို့ ငါတို့သဘောတူကြတယ်၊ ဒါမှ ရဲနဲ့ စစ်ဘက်အပါအ၀င် ပြည်သူ့ဝန်ထမ်းတွေထဲက အဲ့ဒီ အဖွဲ့ထဲ ၀င်ထားသူတွေ အမြန်ဆုံးပြန်ထွက်ကြမှာ "
" ထွက်သွားပေမယ့် အဖွဲ့အပေါ် သူတို့ရဲ့ လိုလားစိတ်ကတော့ ပြောင်းသွားနိုင်မယ်မထင်ဘူး "
" ဟုတ်တယ် မပြောင်းနိုင်ဘူး၊ ဒီနိုင်ငံက လူ ၄၀ သို့မဟုတ် ၅၀ ရာခိုင်နှုန်းခန့်ဟာ ငါတို့ကို ဆန့်ကျင်ပြီး နာဇီ ဂျာမနီ ကို ထောက်ခံနေတယ် "
" ဒီအတိုင်း ဆက်ထားလို့မဖြစ်ဘူး၊ ၀န်ကြီးနဲ့ ၀န်ကြီးချုပ်တို့က တစ်ခုခုလုပ်မှဖြစ်မယ် "
" ဟုတ်တယ်၊ ငါတို့လဲ အဲဒါမြင်တယ် ငါတို့ရဲ့ စုံစမ်းထောက်လှမ်းမှုတွေ ပြီးပြည့်စုံတာနဲ့ တစ်ပြိုင်နက် အိုဘီ ဂိုဏ်းခေါင်းဆောင် တွေရဲ့ စာရင်း တော်တော်ပြည့်ပြည့်စုံစုံရတာနဲ့ တစ်ပြိုင်နက် ကိုင်မှာပဲ "
" သူတို့ကို ဖမ်းမှာလား "
" ဟုတ်တယ်၊ သူတို့ကို နိုင်ငံရဲ့ရန်သူတွေအဖြစ် ကြေညာပြီး အခု ဒုတိယကမ္ဘာစစ်ဖြစ်နေတဲ့ ကာလ အတွင်း မှာ ထိန်းသိမ်းထားမယ်"
" နည်းနည်းပြင်းထန်မနေဘူးလား ၀န်ကြီး၊ အဲဒီလို လုပ်လိုက်မှ တကယ်ပြဿနာပေါ်လာနိုင်တယ် "
" ဒါကြောင့် သူတို့အားလုံး တစ်ချိန်တည်း တစ်ပြိုင်တည်း အားလုံးလုပ်မှဖြစ်မှာပေါ့၊ တစ်ယောက်မှ အလွတ် မခံနိုင်ဘူး "
ဘလိန်းက ထိုင်ရာမှထလိုက်ပြီး ဆက်ပြောသည်။
" မင်းလဲ တော်တော်ပင်ပန်းနေပြီ ရှာဆာ၊ မဒမ်မိုဆယ် တာရာကလဲ မင်းကို ပြောချင်တဲ့စကားတွေရှိနေ တယ် ထင်ပါရဲ့၊ မနက်ဖြန်မနက် ၆ နာရီခွဲအရောက် ငါ့ရုံးခန်းလာခဲ့ "
သူတို့နှစ်ယောက် စာကြည့်ခန်းထဲမှ ထွက်လာကြသည်။ တံခါးဝရောက်သောအခါ ဘလိန်းက တစ်စုံတစ်ခု ကို သတိရပြီး ထပ်ပြောလိုက်သည်။
" ဒါနဲ့ စကားမစပ် ပြောရဦးမယ်၊ မင်းအဖေကြီး ဆာဂါရီ ဒီနေ့မနက်ပဲ မင်းအမေအိမ်ရောက်လာတယ် "
" သူ့မွေးနေ့ပါတီပွဲလုပ်ဖို့ လာတာပါ၊ ကျွန်တော်လဲ အဖေကြီးနဲ့ တွေ့ချင်နေတာပါ၊ အဖေကြီးရဲ့ မွေးနေ့ ပျော်ပွဲစား ထွက်ကြရင် ခါတိုင်းလိုပဲ ၀န်ကြီးနဲ့ ဖီးမာရှယ်စမတ်တို့ လာမယ်လို့ ကျွန်တော် မျှော်လင့် ထားပါတယ် "
" ဟာ ... ဘယ်အလွတ်ပေးလို့ဖြစ်မလဲ၊ လာမှာပေါ့ကွာ "
ဘလိန်းက စာကြည့်ခန်းတံခါးကို ဖွင့်ပေးလိုက်သည်။ တာရာသည် စာအုပ်စင်မှာ စာအုပ်ရွေးနေသယောင် နှင့် ယောင်ပေပေ လုပ်ကာ စောင့်နေသည်။ ဘလိန်းက ငါသိပါတယ် သာလိကာရယ် အပြုံးဖြင့်ပြုံးပြီးသမီး အား လှမ်းပြောလိုက်သည်။
" တာရာ ... ရှာဆာ ဒီညအိပ်ရေး၀၀အိပ်ပါစေကွာ၊ ငါပြောတာကြားလား၊ နက်ဖြန်ကျရင် အသေကောင် ကို အသက်သွင်းထားတဲ့ ဖုတ်ကောင်မျိုးနဲ့ ငါ အလုပ်မလုပ်ချင်ဘူး "
တာရာ နှုတ်ခမ်းစူသွားသည်။
နောက်တစ်နေ့နံနက်တွင် ဘလိန်း၏ ရုံးခန်း၌ ဆက်လက်တွေ့ဆုံဆွေးနွေးကြရာ သူတို့မျှော်လင့်ထား သည်ထက် အချိန်ပိုကြာသွားသည်။ ထို့နောက် ၀န်ကြီးချုပ်ရုံးခန်းသို့ သူတို့သွားကြသည်။ ၀န်ကြီးချုပ်ဖီး မာရှယ်စမတ် ကိုယ်တိုင်က ရှာဆာအား မေးခွန်းများမေးသည်။
" အဲဒီဓားဖြူဆိုတဲ့ အကောင်ဟာ ဘာကောင်ပဲဖြစ်ဖြစ် ငါတို့ လုပ်ရလိုချင်တယ်၊ ဒီကောင် နောက်ထပ်ပိုပြီး ဒုက္ခပေး မဖျက်ဆီးနိုင်ခင် မိမှဖြစ်မယ်၊ မင်းတို့လုပ်ငန်းမှာပါတဲ့ လူအားလုံးကို အဲဒါပြောလိုက်ပါကွာ "
" ဟုတ်ကဲ့ "
" ဒီစနေ တနင်္ဂနွေမတိုင်မီ စာရင်းအပြည့်အစုံ စားပွဲပေးရောက်စေချင်တယ်၊ သူတို့ကို ဖမ်းဆီးချုပ်နှောင်ပြီး ဒုက္ခ မပေးနိုင်အောင် လုပ်ထားရမယ် "
ဝန်ကြီးချုပ်နှင့် တွေ့အပြီး နံနက် ၁၀ နာရီကျော်ကျော်တွင် ရှာဆာသည် စီအိုင်ဒီ ဌာနချုပ်သို့ ရောက်လာ သည်။ မြေအောက်ထပ်တိုက်ခန်းတစ်ခုထဲတွင် အထူးစစ်ဆင်ရေးရုံးခန်း ဖွင့်ထားသည်။ တံခါးဝ၌ ရဲသား တစ်ယောက် အစောင့်ချထားသည်။ ရှာဆာက မှတ်ပုံတင်စာအုပ်၌ လက်မှတ်ရေးထိုးပြီး အခန်းထဲ ၀င်သွား သည်။ ထိုအခန်းထဲသို့ ၀င်ခွင့်စာရင်းတွင် ပါသူသာ ၀င်ရသည်။ ရဲတပ်ဖွဲ့ဝင်အများအပြားသည် အိုဘီ အဖွဲ့ သားများ၊ အိုဘီအဖွဲ့ကို လိုလားသူများ ဖြစ်နေသည်။ ရဲမှူးကြီး လူဝစ္စနေးလ်သည် သူ့အဖွဲ့သား များကို အလွန်ဂရုစိုက်ပြီး ရွေးချယ်ဖွဲ့စည်းခဲ့ရသည်။ သူနှင့်ရှာဆာတို့ အလုပ်လုပ်၍ အတွဲအဖက် မိသွားသည်။
နေးလ်သည် တယ်လီဖုန်းဆက်နေရာမှ စကားပြောခွက်ကို လက်နှင့်ဖုံးအုပ်ပြီး ရှာဆာအား လှမ်းပြောလိုက် သည်။
" မင်း ဘယ်သွားနေတာလဲ၊ ငါ ရှာဖွေရေးအဖွဲ့ တစ်ဖွဲ့ကို လွှတ်တော့မလို့၊ ထိုင်ကွာ ငါ မင်းကို ပြောစရာ တွေရှိတယ် "
သူ တယ်လီဖုန်း ဆက်နေသည်ကို ရှာဆာက ထိုင်ကြည့်နေသည်။ စစ်ဆင်ရေး ရုံးခန်းထဲ၌ အလုပ်များနေ ကြသည်။ စုံထောက် ရှစ်ယောက်နှင့် လက်ရေးတိုလက်နှိပ်စက် စာရေးမများကို နေးလ်က လက်ရွေးစင် ရွေး ချယ်ပြီး တာဝန်ပေးထားသည်။ သူတို့ အလုပ်လုပ်နေချိန်တွင် အခန်းထဲ၌စီးကရက် မီးခိုးများနှင့် လက်နှိပ် စက်ရိုက်သံများသာ လွှမ်းမိုးနေသည်။
နေးလ် စားပွဲပေါ်မှ အခြားတယ်လီဖုန်းတစ်လုံးက မြည်လာသည်။ နေးလ်က ရှာဆာအား လှမ်းကြည့်ပြီး ပြောလိုက်သည်။
" ကိုင်လိုက်စမ်းကွာ၊ သောက်အော်ပရေတာကလဲ လာသမျှ တယ်လီဖုန်းတွေ ငါ့ဆီချည်း ထည့်ပေး နေတာပဲ "
ရှာဆာ က တယ်လီဖုန်းကို ကောက်ကိုင်ပြီး ပြောလိုက်သည်။
" ကောင်းသောနံနက်ခင်းပါ၊ စီအိုင်ဒီဌာနချုပ်က ပြောနေပါတယ်၊ ကျွန်တော် ဘာများ ကူညီရမလဲ ခင်ဗျာ "
ရှာဆာက အင်္ဂလိပ်လို ပြောလိုက်ရာ တစ်ဘက်က ဘာမှ ပြန်မပြောဘဲ ငြိမ်နေသဖြင့် အာဖရိကဖွား လူဖြူ (အာဖရိကန်းနား) စကားဖြင့် ထိုအတိုင်း ထပ်မံပြောလိုက်သည်။
" ဟဲလို ... ကျွန်မ တစ်ယောက်ယောက်နဲ့ စကားပြောချင်လို့ပါ "
တစ်ဘက်မှပြောလာသူမှာ အမျိုးသမီးဖြစ်သည်။ ငယ်ရွယ်သော အမျိုးသမီးအသံဖြစ်ပြီး စိတ်လှုပ်ရှား နေသံ ပေါ်လွင်နေသည်။
" အော်ဆီဝါဘရင်းဝစ် အကြောင်း သိချင်တယ်လို့ သတင်းစာထဲမှာပါတာ တွေ့ရတယ်၊ ကျွန်မ အဲဒီကိစ္စ တစ်ယောက်ယောက် ကို ပြောချင်လို့ပါ "
" ကျွန်တော့်နာမည် ကုတ်နေပါ၊ လေယာဉ်အုပ်စု ခေါင်းဆောင်ကုတ်နေပါ၊ ခင်ဗျား ရဲကို ကူညီချင်တယ် ဆိုလို့ ကျေးဇူးတင်ပါတယ်၊ ခင်ဗျား ကျွန်တော့်ကို ပြောပြနိုင်ပါတယ် "
ရှာဆာ က ပျူငှာ ချိုသာပြီး တစ်ဘက်သား ဘ၀င်ကျအောင် ကြိုးစားပြောလိုက်သည်။ အမျိုးသမီးမှာ ကြောက်ရွံ့နေပုံရပြီး စိတ်ပြောင်းသွားမှာကို စိုးရိမ်နေရသည်။
" စိတ်အေးအေးထားပြီး အချိန်ယူပြောပါ၊ ရပါတယ်၊ ကျွန်တော် စောင့်နားထောင်နေပါတယ် "
" ရှင်က ရဲလား "
" ဟုတ်ပါတယ်၊ ခင်ဗျားနာမည် ဘယ်သူဆိုတာ ပြောချင်ပါသလား "
" ဟင့်အင်း ... ကျွန်မနာမည် မပြောချင်ဘူး "
ရှာဆာ သူ့စကားမှားသွားမှန်း သိလိုက်သည်။
" ရပါတယ်၊ မပြောလဲပဲ ဖြစ်ပါတယ် "
တစ်ဘက်မှ ဘာမှ ပြန်မပြောဘဲ အတန်ကြာ ငြိမ်နေသည်။ သူမ၏ အသက်ရှူသံပြင်းပြင်းကို ရှာဆာ ကြားရ သည်။
" အချိန်ယူပြီး စိတ်အေးအေးထားပါ၊ ခင်ဗျား ပြောချင်တဲ့ ဆန္ဒရှိတာကိုသာ ပြောပါ" ရှာဆာက ညင်သာစွာ ပြောလိုက်သည်။
" သူတို့ ... သေနတ်တွေခိုးထုတ်ကြလိမ့်မယ် " အမျိုးသမီးက လေသံသဲ့သဲ့လေးဖြင့် ပြောလိုက်သည်။
" ဘာသေနတ်တွေလဲဆိုတာ ကျွန်တော့်ကို ပြောပြနိုင်မလားခင်ဗျား " ရှာဆာက ဂရုတစိုက် မေးလိုက်သည်။
" ပရီးတိုးရီးယား က သေနတ်စက်ရုံလုပ်ထားတဲ့ မီးရထားအလုပ်ရုံက ခိုးထုတ်မှာ "
ရှာဆာ တစ်ကိုယ်လုံးတောင့်ခနဲဖြစ်သွားပြီး တယ်လီဖုန်းခွက်ကို လက်နှစ်ဖက်ဖြင့် ကိုင်လိုက်သည်။ စစ်ဘက် ဆိုင်ရာ လက်နက်နှင့် ခဲယမ်းမီးကျောက် ထုတ်လုပ်မှုအားလုံးကို ပရီအိုးရီးယားမြို့ရှိ မီးရထား အလုပ်ရုံမှ တာဝန်ယူ ထုတ်လုပ်ပေးနေရသည်။ ရိုင်ဖယ်နှင့် စက်သေနတ်ပြောင်းနှင့် ကိုယ်ထည်များ ကို ထိုအလုပ်ရုံမှ ထုတ်လုပ်ပေးသည်။ ကျည်ဆန်မဂ္ဂဇင်းများကို ပရီတိုးရီးယား မင့်စက်ရုံမှ ထုတ်လုပ်ပြီး ရထားအလုပ်ရုံသို့ ပို့ပေးသည်။ သေနတ်များကို ထိုအလုပ်ရုံတွင်ပင် အပြီးသတ်တပ်ဆင်ခြင်း ဖြစ်သည်။
" ခင်ဗျား ပြောတဲ့ကိစ္စက သိပ်အရေးကြီးပါတယ်၊ သူတို့ လက်နက်တွေကို ဘယ်ပုံဘယ်နည်း ခိုးထုတ်မယ် ဆိုတာ ပြောပြနိုင်မလားခင်ဗျာ "
" အသုံးမ၀င်တဲ့ သံတိုသံစတွေကို လက်နက်သေတ္တာထဲ ပုံမှားရိုက်ထည့်လိုက်ပြီး လက်နက်တွေ ခိုးထုတ် သွားမှာပါ" သူမက တိုးတိုးလေး ပြောလိုက်သည်။
" အဲဒါကို ဘယ်သူက လုပ်မှာလဲဆိုတာကော ပြောလို့ ရမလား၊ ဘယ်သူ့မှာ တာဝန်ရှိသလဲ "
" အလုပ်ရုံ က လူတွေကိုတော့ ကျွန်မ မသိဘူး၊ တာဝန်ခံလုပ်မယ့်လူ ဘယ်သူဆိုတာတော့ သိတယ် "
" သူ့နာမည်တော့ ကျွန်တော်တို့သိမှဖြစ်မယ် "
ရှာဆာ က ဆွဲဆောင်စည်းရုံးသည့် လေသံဖြင့် ပြောလိုက်သည်။ သို့ရာတွင် သူမက ဘာမှ ပြန်မပြောသေးဘဲ ငြိမ်နေသည်။ သူမ စိတ်ထဲ၌ လွန်ဆွဲနေသည်ကို ရှာဆာရိပ်မိသည်။ အတင်းအကျပ် ကိုင်လိုက်လျှင် လန့်ထွက်သွားနိုင်သည်။
" သူဘယ်သူဆိုတာ ကျွန်တော်တို့ကို ပြောမပြနိုင်ဘူးလား "
" သူ့နာမည်က ... "
အမျိုးသမိးက စကားစရပ်လိုက်ပြန်သည်။ အတော်ကြာ ငြိမ်သက်သွားပြီးမှ ပြောလာသည်။
" သူတို့က သူ့ကို ဓားဖြူလို့ခေါ်တယ် "
ကြားလိုက်ရသော ရှာဆာအဖို့ ရင်ထဲ၌ ဒိန်းခနဲ ဖြစ်သွားသည်။
" ခင်ဗျား ဘာပြောတယ် "
" ဓားဖြူ ... သူ့နာမည်က ဓားဖြူတဲ့ "
အမျိုးသမီးက တယ်လီဖုန်းချသွားရာ လိုင်းပြတ်သွားသည့် အသံက ကလစ်ခနဲ ပေါ်လာသည်။
" ဟဲလိုး ... ဟဲလိုး ... ခင်ဗျား အဲဒီမှာရှိသေးသလား၊ ဖုန်းမချနဲ့ဦးလေ "
သို့သော် ရှာဆာ နောက်ကျသွားချေပြီ။
ဆက်ရန်
.
No comments:
Post a Comment