Saturday, January 14, 2012

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၅၁)

(၅၁)

ကျောက်ဆောင်ထိပ်ဘက်သို့ ကွေ့ပတ်တက်သွားသော လမ်းလေးဘေး၌ အစိမ်းရောင်ဂျက်ဂွာကား ရပ်ထားသည်ကို ဘလိန်းမယ်လကွန်လှမ်းမြင်ရသည်။ ထိုကားကို ထိုနေရာတွင် ရက်ပေါင်းများစွာရပ်ထား ရာ စွန့်ပစ်ထားသောကားနှင့်ပင် တူနေသည်။
ဘလိန်း သည် သူ၏ဘင့်တလေကားကို ထိုကားနောက်၌ ရပ်ထားခဲ့ပြီး ကျောက်ဆောင်အစွန်သို့ လမ်းလျှောက် သွားသည်။ သူယခင်က ထိုနေရာသို့ မရောက်ဖူးခဲ့။ စင်တိန်ပြောပြ လမ်းညွှန် လိုက်သည့် အတိုင်း လာခဲ့ရာ၊ ဤနေရာသို့ ရောက်လာခြင်းဖြစ်သည်။ ကျောက် ဆောင်ထိပ်စွန်းမှနေ၍ အောက်ဘက် သို့ ငုံ့ကြည့်လိုက်သည်။ ကျောက်တောင်စောင်းမျာ မတ်စောက်သည်။ သို့သော် အောက်ဘက်ပေ ၃၀၀ ခန့်အကွာရှိ စမစ်ဝင်ကယ်ပင်လယ်ကွေ့သို့ ဆင်းသွားသော ကွေ့ကွေ့ ကောက်ကောက် လမ်းကလေးကို တွေ့ရသည်။

ပင်လယ်ကွေ့ကမ်းစပ်တစ်လျှောက်တွင် စင်တိန်ပြော လိုက်သည့်အတိုင်း တဲအိမ်ကလေးသုံးလေးလုံး၏ အမိုး များကို လှမ်းမြင်ရသည်။
ဘလိန်း က ဂျာကင်အင်္ကျီကို ချက်ကာ သူ့ကားရှေ့ခန်းထဲသို့ ပစ်ထည့်လိုက်ပြီး ကားတံခါးကို သော့ခတ် ပိတ် လိုက် သည်။ ထို့နောက် ကွေ့ကွေ့ကောက်ကောက် လမ်းကလေးအတိုင်း တောင်ဘက်သို့ ဆင်း သွားသည်။ ဘလိန်းသည် စင်တိန်၏ မေတ္တာရပ်ခံချက်ကြောင့်သာ လာခြင်းမဟ်ုတ်။ သူကိုယ်တိုင်က ရှာဆာ အပေါ် ချစ်ခင်မှုနှင့် တာဝန်သိမှုတို့ကြောင့် ယခုလို လာခြင်းဖြစ်သည်။
ရှာဆာ သည် မိမိ၏ မယားပါသားသော်လည်းကောင်း၊ သားမက်သော်လည်းကောင်း ဖြစ်လာနိုင်သည်ဟု ဘလိန်း အတိတ် က မကြာခဏ တွေးခဲ့သည်။ သို့သော် ယခုမူ တစ်ခုမှ ဖြစ်မလာနိုင်တော့သဖြင့် စိတ်မ ကောင်း ဖြစ်ရသည်။

အစ္စဘယ်လာ သေသည်မှာ ယခု သုံးနှစ်နီးပါး ရှိလာပြီဖြစ်သော်လည်း စင်တိန်နှင့်ဘလိန်းတို့ လက်မထပ် နိုင်ခဲ့သေးပေ။ အစ္စဘယ်လာသေသည့်ညက စင်တိန် သူ့ဆိမှ ထွက်ပြေးသွားပြီး နှစ်လသုံးလ ရှောင်နေခဲ့ သည်ကို ပြန်သတိရလာသည်။ မိမိအမျိုးမျိုး ကြိုးပမ်းသော်လည်း အချည်းအနှီး ဖြစ်ခဲ့သည်။ အစ္စဘယ်လာ သေသည့် ညက စင်တိန်အတွက် အလွန်အမင်း ထိတ်လန့်စရာတစ်ခုခုတော့ ဖြစ်ခဲ့ပေလိမ့် မည်ဟု ဘလိန်း တွေးမိသည်။

သူတို့နှစ်ယောက် ပြန်လည်တွေ့ဆုံ သင့်မြတ်လာသည်အထိ စင်တိန်က ထိုအကြောင်းကို တစ်လုံးတစ်ပါဒ မျှ မပြောပေ။ သူမနှင့် အစ္စဘယ်လာတို့ မည်သို့ဖြစ်ခဲ့သည်ကို အရိပ်အယောင်ပင် မပြခဲ့ပေ။ စင်တိန်ကို အစ္စဘယ်လာ ထံ ခေါ်ပေးခဲ့သည်မှာ မိမိမှားကြောင်း သိလာသည်။ ထိုဖြစ်ရပ်၏ ဒဏ်ရာဒဏ်ချက်များက ယခု အထိ မပျောက်သေးပါချေ။
စင်တိန် က လက်ထပ်ဖို့ လုံးဝမပြော။ ဘလိန်းက ပြောလျှင်တောင် စိတ်ဆိုးခဲ့သည်။ ဘလိန်းဘ၀တွင် စင်တိန် ကို လူသိရှင်ကြား တရားဝင်ဇနီးအဖြစ် လက်ထပ်ယူရေးထက် ပိုအရေးကြီးသော ပိုပြီး လိုလား သော ကိစ္စဟူ၍ သူ့တွင် မရှိတော့ပေ။ ထို့ကြောင့် လက်ထပ်ဖို့ မကြာခဏ ပြောလေတိုင်း စင်တိန်က ငြင်းခဲ့ သည် သာဖြစ်သည်။

" ဘလိန်းရယ် ဒီကိစ္စမပြောပါနဲ့ ... မမေးပါနဲ့နော်၊ တောင်းပန်ပါတယ်... ဘာကြောင့်ဆိုတာ ကျွန်မ ပြောလို့ မဖြစ်လို့ပါ၊ ကျွန်မတို့ အခုအတိုင်းပဲ ပျော်ပျော်ရွှင်ရွှင် ဆက်နေသွားတာပေါ့၊ တစ်ယောက် နဲ့ တစ်ယောက် တကယ်ချစ်ရင်ပြီးတာပဲ "
" မင်း ငါ့ရဲ့ တရားဝင်ဇနီးမယားဖြစ်လာဖို့ ပြောနေတာပါ၊ တို့အချစ်ကို ဖျက်ဆီးဖို့မဟုတ်ဘဲ ပိုမို ခိုင်မာအောင် လုပ်ဖို့ ပြောနေတာပါကွာ "
" ဒီကိစ္စ အခုတော့ ခဏဘေးဖယ်ထားလိုက်ပါဦး အချစ်ရယ် "
" ဒါဖြင့် ဘယ်တော့လဲစင်တိန်၊ ဘယ်တော့လဲ ... ပြောစမ်းပါ "

" ဒါတော့ ကျွန်မ မသိဘူး၊ တကယ်မသိတာပါ အချစ်ရယ်၊ ကျွန်မသိတာ တစ်ခုပဲရှိတယ်၊ အဲဒါကတော့ ရှင့် ကို သိပ်ချစ်တာပဲ "
မိမိတို့ကိစ္စ အဆင်မပြေသလို ရှာဆာနှင့်တာရာတို့လည်း အဆင်မပြေဖြစ်ခဲ့ရသည်။
ဘလိန်း ကျောက်ဆောင် အောက်ခြေသို့ ရောက်သွားပြီး ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက် သည်။ စမစ်ဝင်ကယ်ပင်လယ်ကွေ့တွင် ကျောက်ဆောင်များဖြင့် ၀ိုင်းရံနေသည်။ ကမ်းစပ် ပင်လယ်ရေက တည်ငြိမ် ကြည်လင်နေသည်။ ပတ်ဝန်းကျင်အလှကို ခေတ္တမျှ ကြည့်ရှုခံစားလိုက်သည်။
ကမ်းခြေ ၌ တဲအိမ်ကလေးလေးလုံးကို တွေ့ရသည်။ တစ်လုံးနှင့်တစ်လုံး ခပ်လှမ်းလှမ်း ခြားပြီး ဆောက်ထား သည်။ တဲသုံးလုံးမှာ ပြတင်းပေါက်များအားလုံးပိတ်ထားသည်၊ ဟိုဘက်ဆုံးအိမ်မှာ သူရှာနေသော အိမ်ဖြစ် သည်။ ထိုအိမ်ဆီသို့ ဘလိန်းလျှောက်သွားသည်။

အနားရောက်သွားသောအခါ ပြတင်းပေါက်များ ဖွင့်ထားသည်ကို တွေ့ရသည်။ သို့သော် နေဒဏ်လေဒဏ် ကြောင့် အရောင်အဆင်းပျက်နေသော လိုက်ကာနှင့် ခန်းဆီးများ ကာထားသည်။ ကမ်းစပ်တွင် လှေတစ်စီး ရှိသည်။
အိမ်အရှေ့ဘက်တံခါးဝသို့သွားသည်။ တံခါးပွင့်နေသဖြင့် အထဲသို့ လှမ်းဝင်သွားသည်။ အခန်းတစ်ဘက် ထောင့်ရှိ မီးဖို၌ မီးငြိမ်းနေသည်။ အလယ်ကောင်ရှိ စားပွဲပေါ်တွင် ပေကျံနေသော ပန်းကန်ပြားများနှင့် မတ်ခွက် များ ပြန့်ကျဲနေသည်။ စားပွဲခြေထောက် တစ်ချောင်းမှနေ၍ ပုရွက်ဆိတ်များက အပေါ်ရှိ စားကြွင်း စားကျန်များဆီသို့ တက်နေသည်။ ကြမ်းခင်းမှာလည်း သဲတရှပ်ရှပ်ဖြစ်နေသည်။ နံရံတစ်ဘက် တွင် နှစ်ဘက် အိပ်စင်တစ်လုံးရှိသည်။

အပေါ်ထပ်အိပ်စင်၌ မွေ့ရာမရှိ။ အောက်ထပ် စင်ပေါ်မှ မွေ့ရာပေါ်တွင် စောင်အစိမ်းကိုခြုံပြီး ဖရိုဖရဲ ဗြုတ်စ ဗျင်းတောင်း နှင့်အိပ်နေသူမှာ ရှာဆာကုတ်နေဖြစ်သည်။ မွန်းတည့်လှပြီဖြစ်သော်လည်း ရှာဆာ အိပ်နေဆဲ ရှိသည်။ အိပ်စင်ပေါ်၌ တွဲလောင်းကျနေသော ရှာဆာ့လက်အနားတွင် ကုန်လုဆဲ ၀ီစကီပုလင်း နှင့် ဖန်ခွက်ရှိ နေသည်။ အသားအရေက နေလောင်ထား၍ ကြေးရောင်ထနေသည်။ ဆံပင်က ရှည်ပြီး မုတ်ဆိတ်ပါးမြိုင် မွှေးများက မရိပ်တာကြာပြီဖြစ်မှန်းသိသာသည်။ ၀ဲဘက်မျက်စိက ဟောက်ပက် ဖြစ်နေသည်။

" ရှာဆာ "
ဘလိန်းက နှိုးလိုက်သည်။ ရှာဆာက ခပ်တိုးတိုးညည်းလိုက်သည်။ ဘလိန်းကအိပ်စင်နားသွားပြီး သူ့ပုခုံး ကို ကိုင်လှုပ်ကာ ထပ်နှိုးသည်။
" ထစမ်းရှာဆာ၊ ထစမ်း ...ဆွေးနွေးစရာရှိတယ်ကွ "
" သွား ... သွား ... မလာနဲ့၊ ကျွန်တော် တစ်ယောက်တည်းနေမယ် "
" ထစမ်းပါကွာ ... ထစမ်း "
ဘလိန်း က အတင်းလှုပ်နှိုးဖြင့် ရှာဆာ မျက်စိကို မဖွင့်ချင်ဖွင့်ချင်ဖြင့်ဖွင့်ပြီး ကြည့်လိုက်သည်။ ဘလိန်းကို မြင်သောအခါ သူ့အမူအရာပြောင်းသွားသည်။

" ခင်ဗျား ဒီမှာဘာလာလုပ်နေတာလဲ "
ရှာဆာက လျမ်းမေးရင်း မျက်စိအုပ်သည့် အမည်းပြားလေးနှင့် သားရေမြော့ကြိုးကွင်းကိုယူကာ ပျက် နေသော သူ့မျက်စိတွင် တပ်လိုက်သည်။
ရှာဆာ က အိပ်ရာမှထပြီး အခန်းပြင်သို့ ထွက်သွားကာ မျက်နှာသွားသစ်သည်။ ဘလိန်းက ခွေးခြေ တစ်လုံး ယူကာ နံရံဘေးတွင်ချပြီး ကျောမှီထိုင်လိုက်သည်။ ဆေးပြင်းလိပ် တစ်လိပ်ကို မီးညှိ သောက် လိုက်သည်။ ရှာဆာက အခန်းထဲ ပြန်ဝင်လာပြီး အိပ်စင်အစွန်း၌ ၀င်ထိုင်လိုက်သည်။ ၀ီစကီပုလင်းကို လှမ်းယူပြီး ဖန်ခွက်ထဲသို့ လက်ကျန်ကို အကုန်လောင်းထည့်လိုက်သည်။ ပုလင်းကို အခန်းထောင့်ရှိ ပုလင်းခွံ အပုံဆီသို့ လှိမ့်ပြီးလွှတ်လိုက်သည်။ ဖန်ခွက်ကိုကောက်ကိုင်ပြီး ပြောလိုက်သည်။

" တစ်ငုံလောက်သောက်ပါဦးလား "
ဘလိန်း က ခေါင်းခါပြလိုက်သည်။
" မေမေက လွှတ်လိုက်တာလား "
" မင်းကို ဘယ်နေရာမှာ ရှာတွေ့နိုင်မယ် ဆိုတာတော့ ပြောလိုက်တယ်၊ ဒါ့ပေမယ့် ငါ့ကို မင်းဆီ လွတ်လိုက်တာ တော့မဟုတ်ဘူး "
" သဘောကတော့ အတူတူပါပဲ၊ မေမေက ကျွန်တော့်ကို သူ့ဆီပြန်လာစေချင်တယ်၊ စိန်တူးဖို့၊ စပျစ်သီး ခူးဖို့၊ ၀ါဂွမ်းစိုက်ဖို့ လုပ်စေချင်တယ်၊ မေမေ ဒါပဲသိတယ် "
" မင်း ပြောတာတွေထက်ပိုပြီး သူအများကြီး သိပါတယ်၊ နားလည်ပါတယ်ကွာ "

" ဟိုအဝေးမှာ လူတွေစစ်တိုက်နေရတယ်၊ ဒေးဗစ်နဲ့ ကျွန်တော့် တခြားမိတ်ဆွေတွေ ဝေဟင်မှာ တိုက်ပွဲဝင် နေရတယ်၊ ကျွန်တော့်မှာ ဒုက္ခိတဖြစ်ပြီး ဒီညစ်ပတ်နေတဲ့နေရာမှာ လမ်းပျောက်နေရတယ် "
" ဒီ ညစ်ပတ်နေတဲ့နေရာ ကို မင်းစိတ်ကြိုက်ရွေးပြီး လာနေတာပဲကွာ "
" ကျွန်တော် ဒေါသမထွက်ခင် ခင်ဗျား ဒီကထွက်သွားရင် ကောင်းလိမ့်မယ် "
" သွားပါမယ်ကွာ ... သွားပါမယ်၊ မသွားခင် တစ်ခုတော့ ပြောချင်သေးတယ်၊ မင်းအပေါ်မှာ ငါအကွက် လွဲခဲ့ပြီ၊ ငါလာတာ မင်းကို အလုပ်တစ်ခုပေးချင်လို့ကွ၊ အရေးကြီးတဲ့ စစ်ရေးအလုပ်ပဲ၊ အခုတော့ မင်းဟာ အဲဒီအလုပ် နဲ့ မဖြစ်နိုင်တော့ဘူးဆိုတာ ငါမြင်ရပြီ"

ဘလိန်းက ထိုင်ရာမှ ထလိုက်ပြီး အခန်းတံခါးဝသို့ လျှောက်သွားသည်။ တံခါးဝတွင် ခေတ္တရပ်လိုက်ပြီး ရှာဆာအား လှည့်ကြည့်ကာ ပြောလိုက်သည်။
" ငါ မင်းဆီ ဖိတ်စာ တစ်စောင်လဲ ပို့မလို့ပဲ၊ သောကြာနေ့ ညမှာလုပ်မယ့် ပါတီပွဲဖိတ်စာပဲ၊ တာရာက ဟူးဘက်လန်ဂလေ ကို လက်ထပ်ဖို့ စေ့စပ်ကြောင်းလမ်းကြောင်း ကြေညာမယ်ပေါ့ကွာ၊ ဒါတွေဟာ မင်း အတွက် ရွှင်မြူးစရာများ ဖြစ်လာမလားလို့ ငါထင်ခဲ့တယ်၊ ဒါပေမယ့် ... အခုတော့ အဲဒါတွေ မေ့လိုက် ပါတော့ကွာ "
ဘလိန်းက ခြေလှမ်းကျယ်ကျယ်လှမ်းပြီး တစ်သမတ်တည်း ထွက်သွားသည်။ တစ်ခဏကြာမှ ရှာဆာက အိမ်အပြင် သို့ ထွက်ပြီး လှမ်းကြည့်သည်။ မြွေလိမ်မြွေကောက်လမ်းကလေးအတိုင်း ဘလိန်း ကျောက်ဆောင် ပေါ်သို့ တက်သွားသည်ကို မြင်ရသည်။ ဘလိန်းက နောက်သို့တစ်ချက်ပင် လှည့်မကြည့် တော့။ ဘလိန်း ကို မြင်ကွင်းမှ ပျောက်သွားသောအခါ ရှာဆာအဖို့ အထီးကျန် စွန့်ပစ်ခံဘ၀မျိုး ခံစား လိုက်ရ သည်။

" ငါ သူ့လိုဖြစ်ချင်ခဲ့တယ်၊ သူ့အတုခိုးခဲ့တယ်၊ ဒါပေမယ့် ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး "
ရှာဆာ မကျေမချမ်းအော်ပြောလိုက်သည်။ သူ့ဘယ်ဘက် မျက်လုံးကို အုပ်ထားသော အနက်စကလေးကို လည်း ကိုင်လိုက်မိသည်။
" ငါ ဘာဖြစ်လို့လဲ ... ငါဘာဖြစ်လို့ သူ့လိုမဖြစ်ရတာလဲ "
အိမ်ရှေ့လှေကား အပေါ်ဆုံး လှေကားထစ်တွင် ရှာဆာထိုင်ချလိုက်သည်။ ပင်လယ်ကွေ့ထဲမှ စိမ်းညို့ငြိမ်သက်နေသော ရေပြင်ကို လှမ်းကြည့်လိုက်သည်။ ဘလိန်းပြောသွားသော စကားများက သူ့ခေါင်းထဲသို့ တစိမ့်စိမ့်ပြန်ဝင်လာသည်။ အရေးကြီးသော စစ်ရေးအလုပ်ဟုဆိုသည်။ တာရာနှင့်တူ ဘက်လန်းဂလေတို့အကြောင်း စဉ်းစားမိပြန်သည်။

ရှာဆာ ထိုင်ရာမှ ရုတ်ခနဲ ထလိုက်သည်။ တစ်လုံးတည်းသာ ကျန်တော့သော ၀ီစကီပုလင်းကို သွားဖွင့်ပြီး တစ်စက် မကျန် သွန်ပစ်လိုက်သည်။
ထို့နောက် မိမိကိုယ်ကို ရေမိုးချိုးပြီး ကိုယ်လက် သန့်စင်လိုက်သည်။ မုတ်ဆိတ်မွေးပါးမြိုင်းမွေးများကို ရိတ် လိုက်သည်။ အသန့်ရှင်းဆုံး ရှပ်အင်္ကျီနှင့် ဘောင်းဘီကို ၀တ်လိုက်သည်။ မျက်စိဖုံးသော အမည်းပြားလေး ကို နေသားတကျ တပ်လိုက်သည်။ ထို့နောက် အိမ်ပြင်သို့ထွက်ကာ တံခါးကိုပိတ်လိုက်ပြီး သော့ကို ၀ှက်နေကျ နေရာ၌ ၀ှက်ထားလိုက်သည်။
ကျောက်ဆောင်ပေါ်ရှိ သူ၏ဂျက်ဂွာကားဆီသို့ တက်သွားသည်။ ကားတွင် ဘက်ထရီအားကုန်နေသည်။ ထို့ ကြောင့် ကုန်းကြောင်းလျှောက်ထွက်လာခဲ့ပြီး လမ်းမကြီးပေါ် ရောက်သောအခါ ကြုံရာကားကိုကားပြီး လိုက် သွားသည်။

စင်တိန်သည် သူမ၏စာကြည့်ခန်းထဲရှိ စားပွဲ၌ထိုင်ကာ စာရွက်ပုံတစ်ထပ်ကြီးနှင့် အလုပ်များနေသည်။ ရှာဆာ အခန်းထဲ ၀င်လာသည့်အသံ ကြားလိုက်သည်နှင့် မော့ကြည့်ပြီး ရုတ်ခနဲထိုင်ရာမှ ထလိုက်သည်။ သူ့ထံ ပြေးသွားတော့မလို လုပ်ပြီးမှ အသာချုပ်တည်းထားလိုက်သည်။
" ဟော ... သားပြန်ရောက်လာပြီလား၊ မင်းကြည့်ရတာ သန့်သန့်ရှင်းရှင်း ကြည်ကြည်လင်လင် ပါပဲလား၊ မေမေ က မင်းအတွက် စိတ်ပူနေတာ၊ မတွေ့ရတာ ငါးပတ်တောင်ရှိပြီ"
စင်တိန် သည် ရှာဆာမျက်လုံးပေါ်မှ အမည်းဖတ် ကလေးကို မြင်ရတိုင်း ကျောချမ်းသွားသည်။ အစ္စဘယ်လာ ၏ ကျိန်စာကို သတိရမိသည်။ စင်တိန်သည် စိတ်ကိုတည်ငြိမ်အောင် ထိန်းထားလိုက်သည်။ အနား သို့ ရောက်လာသော သားတော် မောင်ကို အနမ်းဖြင့် နှုတ်ဆက်လိုက်သည်။

" မင်း အိမ်ပြန်လာတဲ့အတွက် မေမေ သိပ်ဝမ်းသာတာပဲသားရယ် "
" ဘလိန်းမယ်လကွန် က ကျွန်တော့်ကို အလုပ်တစ်ခု ပေးနေတယ်၊ စစ်ရေးကိစ္စနဲ့ပတ်သက်တဲ့ အလုပ်တဲ့၊ အဲဒီ အလုပ် ကို လက်ခံရကောင်းမလားလို့ စဉ်းစားနေတာ "
" အရေးကြီး တဲ့ အလုပ်ဖြစ်မှာတော့ သေချာပါတယ် သားရယ်၊ မင်းအတွက် မေမေသိပ်ဝမ်းသာတာပဲ "

ဆက်ရန်
.

No comments: