လူနီကလေးမှာဒေါသနှင့် မခံမရပ်နိုင်ဖြစ်လာပြီးလျှင် ၄င်းတွင်ထမ်းထားသော တင်းဘုတ်ကြီး အား မြေပေါ် သို့ တအားလွှဲ၍ရိုက်လိုက်ရာ၊ မိုးကြိုးပစ်သကဲ့သို့အလွန်ပြင်းထန်သော အသံကြီး နှင့်မြည်ဟီး သွားပြီး၊ မြေကြီးနှင့်တင်းဘုတ်ကြီးကို ရိုက်ခတ်မိသောနေရာတွင်လည်း၊ မီးတောက် မီးလျှံပမာ ဝင်းဝင်း ဝါဝါ ရောင်တွေထွက်လျက် ရုတ်တရက်ထိုအရောင်တွေ ပျောက်ကွယ်သွား လေ၏။
ဘိုးတေလည်း၊ လူနီကလေးအားစိစိကြည့်လျှက်၊ အနီးရှိအုတ်ခဲကြီးတခုကို ကုန်းကောက်ခါ မြေပေါ် သို့လွဲပေါက်ပြလေ၏။ လူနီကလေးလည်း ဒေါသလွန်ကဲလာလျှက်၊ မျက်နှာကြီးကို ရှုံ့တွတွန့်လိမ်ရင်း၊ ပါးစပ်မှ လည်း ဘာကိုပြောသည်မသိ၊ ဘိုးတေကို စိစိကြည့်၍ ပွစိပွစိ လုပ်ရာမှ လက်ကတင်းဘုတ်ကြီးကို ဘေးသို့ ပစ်ချလိုက်ပြီး လက်ခမောင်းခတ်လိုက်ရာ၊ ဖြောင်ခနဲ ဖြောင်ခနဲ လိုဏ်သံပါသော အသံကြီး ဖြစ်လာလေ၏။ ဘိုးတေလည်း ဒါးကိုပစ်ချလိုက်ပြီး၊ ခါးတောင်းမြှောင်လှ အောင်ကျိုက်ခါ ရုတ်ခနဲ လက်ခမောင်း ပြန်၍ ခတ်လေ၏။
ဤတွင်မှ၊ လူနီကလေးလည်း "လာခဲ့" ဟုခေါ်သလို ဘိုးတေကို ခေါင်းညိမ့်၍ ခေါ်လိုက်လေ၏။ ဘိုးတေလည်း ရဲရင့်စွာနှင့် "နင်လာခဲ့" ဟုသူ့ဘက်ကို လက်ပြ၍ခေါ်ပြန်ရာ၊ လူနီ ကလေးလည်း ဆွေ့ဆွေ့ခုန် ဒေါပွကာ၊ ဘိုးတေရှိရာသို့ ပြေးလာလေ၏။ ဘိုးတေလည်း လူနီကလေးပြေးလာသည်ကို ပြေးကြိုရာ၊ နှစ်ဦးရင်ဆိုင် ရပ်မိကြလေ၏။ ဆိုင်မိလျှင် လူနီကလေး၏ အရပ်မှာ၊ ဘိုးတေ၏ ဒူးနားတွင်သာ ရှိသဖြင့်၊ ဘိုးတေ မှာ ၄င်းကိုငုံ့၍ကြည်ရလေ၏။
ထိုအခိုက် လူနီကလေးသည် ဘိုးတေကိုမော့ကြည့်ပြီး မိမိကငယ်နေသည်ကို အားမရသလို၊ မြေကိုခြေနှင့် ဆောင့် လိုက်ရာ၊ လူနီကလေးမှာ တဖြည်းဖြည်းမြင့်တက်လာပြီး ထန်းပင်လောက်နီးနီး လူကြီးဖြစ်၍ သွား လေ၏။ ဘိုးတေ၏တပည့်များကား ခိုက်ခိုက်တုန်အောင် ကြောက်လှပြီး ဘိုးတေကား ကြောက်စိတ်ထက် ဒေါသစိတ် က ပြင်ထန်နေသောကြောင့် အံကိုခဲ၍၊ ထိုလူနီကြီး ခြေထောက်ဆီ သို့၊ ဒါးကိုကောက်ကာ တအား လွှဲ၍ အချက်ပေါင်းများစွာခုတ်လေ၏။ ဒူးအထက်သို့ ဒါးချက်ကျသွားသောအခါ၊ လေကို ခုတ်ရသလို၊ အကြောင်းမထူးသော်လည်း၊ ခြေမျက်စိနှင့် ခြေဘမိုးပေါ်သို့၊ ဒါးချက်ကျသည့်အခါတို့တွင်၊ ကျောက်တုံး ကိုခုတ်ရသလို တဒုတ်ဒုတ်မြည်လျှက်၊ မျက်နှာကြီးမှာ မဲ့ခွက်ပိန်ရှုံ့၍သွားသကဲ့သို့ ရှိလေ၏။
ဘိုးတေလည်း ဒါးကို အဆက်မပြတ် ခုတ်နေရာ၊ လူနီကြီးလည်း တဖြည်းဖြည်း ငယ်လာပြန်ကာ၊ ဘိုးတေနှင့် အလုံးတူ အရပ်တူဖြစ်လာလေ၏။ ဘိုးတေလည်း အရပ်မြင့်ရာမှ နိမ့် လာသောလူနီကလေးကို၊ ခေတ္တ အံ့အားသင့်ကာ ငေးကြည့်နေမိစဉ်၊ လူနီကလေးလည်း ဘိုးတေ၏ လက်ထဲကဒါးကိုဆွဲလုပြီး လွှင့်ပစ် လိုက်ကာ၊ နဘမ်းဝင်၍လုံးလေ၏။ ဘိုးတေလည်း မကြောက်သည့်မပြင် ရီချင်၍လာကာ၊ လူနီ ကလေးအား အလိုက်သင့်နဘမ်းလုံးလျှက် နေရလေ၏။ တခါတရံပူးလျှက် တခါတရံခွါလျက်၊ တခါတရံ အောက်ရောက် တခါတရံအပေါ်ရောက်နျင့် နေကြရာ လူနီကလေးမှာ အတန်ကြာလျှင်၊ ပူး၍လုံးရာမှ ခွာလိုက်ပြီ။လက်သီးနှင့် တချက်တချက် ပြေးဝင်၍နှက်လေ၏။ ဘိုးတေလည်းထိုနည်းအတိုင်း လက်သီးနှင့် ခံ၍ တွယ်ရလေ၏။
လူနီကလေး၏ လက်သီးနှစ်လုံးမှာ ဘိုးတေ၏ရင်ဘတ်ကို တဘုန်းဘုန်း ထိုးမိလျက်ရှိရာမှ လက်သီးများမှာ တဆုပ်မျှ ရှိရာက တစတစ ကြီး၍ကြီး၍ လာကာ နောက်ဆုံးတွင်ကိုယ်လုံး ကိုယ်ထည်က တိုး၍ မကြီးသော်လည်း၊ လက်သီးဆုပ်ကြီးမှာ တင်းတောင်းပမာကြီးထွားလာရကား ဘိုးတေကို ထိုးမိသော အခါများ တွင် အွတ်ခနဲ အွတ်ခနဲမြည်ကာ နောက်သို့ ပက်လက်လန် ကျသွားလေ၏။ ဘိုးတေ ပက်လက်လန်ကျသော်လည်း၊ လူနီကလေးမှာ မပြီးသေး လက်တဘက်ဖြင့် ဘိုးတေ၏ ရှပ်အင်္ကျီ လည်ပင်းကို ဆွဲကိုင် ထူမပေးကာ ဆက်လက်ထိုးပြန်လေ၏။ ဘိုးတေလည်းထိုးရပြန်လေ၏။ ဘိုးတေ၏ တပည့် တို့မှာကား နဘမ်းသတ်ပွဲကြည့်ရသလို ဖြစ်နေကာ ကြောက်ရမှာကို သတိမရဘဲ၊ နဘမ်းပွဲ ကြည့်ရသလို ကြည့်ကောင်းကောင်းနှင့် လက်ခုပ်လက်ဝါးတီး၍ အားပေးကာ ကြည့်၍နေမိကြလေ၏။
"ကိုဘိုးတေကွ-ဆရာကွ-လုပ်လိုက်-ဝမ်းစမိုး" စသောအားပေးသံများနှင့် လက်ခုပ်လက်ဝါး သံများမှာ ဆူညံ၍ နေလေ၏။ ထိုအတွင်းမှာပင် တဘက်သော မှောင်ရိပ်ဆီမှ သဲသဲရုတ်ရုတ် အုတ် အုတ်ကျက်ကျက်အသံများကို ကြားရသဖြင့် လှည့်ကြည့်ကြရာ မှောင်ထဲမှငုတ်တုတ်မဲတဲ မကောင်း ဆိုးဝါး သတ္တဝါကြီးတွေမှာ လူတွေကဲ့သို့ ဘိုးတေနှင့် လူနီကလေးတို့ နဘမ်းပွဲကို သဲသဲမဲမဲ ကြည့်နေကြသည်ကို တွေ့ကြ ရ၏။
လူနီကလေး နှင့် ဘိုးတေတို့လည်း၊ ဇွဲသန်သန်နှင့် သူတပြန် ငါတပြန် သတ်လျှက်ရှိကြ၇ာ ဘိုးတေမှာ၊ ဖတ်ဖတ်မော ၍ နေလေပြီ၊ လူနီကလေးကား မမောသည့်အပြင် သွက်သွက်ကြီးပင် အဆက်မပြတ် ထိုးလျက် ရှိလေ၏။ ဘိုးတေလည်းမောခြင်းကြီးမကမောလှ၍၊ နောက်ဆုံးတွင နိုင်လျှင်လည်းနိုင် မနိုင်လျှင်လည်း ရှုံးဟု အားအင်ရှိသမျှနျင့် ကျုံး၍ထိုးရာ လူနီကလေးထိပ်ရှိ ဇော်ဂျီ ဦးထုပ်သဏ္ဏာန် အသားပို၊ နီနီမောက်မောက်ကလေးမှာ ဘိုးတေ၏လက်သီးချက်နှင့် ရုတ်တရက်ပြုတ်ကျသွားလေ၏။ ထိုတွင် မှ လူနီကလေးလည်း၊ အထိုးကိုရုတ်တရက်ရပ်ကာ ကျသွားသော ဦးထုပ်သဏ္ဏာန်အသားနီ အထွတ် ကလေးကိုလွင့်စင်ကျရာသို့ ပြေးကောက်ခါ ပျောက်ကွယ်၍သွားလေ၏။
ဘိုးတေ လည်း ဤတွင်မှရပ်နားခွင့်ရကာ တပည့်များထံမှ ကဇော်ရေတခွက် တောင်းသောက်ပြီး၊ ဆိတ်သားကင် ကိုမြီးရင်း အမောဖြေလေ၏။ "ဟေ့-တပည့်ရေ ဟို-ငတိလေးပြေးပြီကွ။ မင်းတို့ ဘာမှ မကြောက်နဲ့တော့၊ ဒီတိုက်ပျက်ကြီးထဲမှာ ဒို့တတွေ အနှောက်အယှက်မရှိ ပျော်ပျော်ပါးပါးကြီး စံမြန်း ရတော့မယ်။ နက်ဖြန်ကာဒီထက်ပျော်ရမယ်ကွဲ့၊ ကဇော်စဉ့်အိုးနဲ့ တလုံးတလုံးဘောက်ပြီး၊ နေ့တိုင်း သောက်မယ်၊ ထမင်းမလိုဘူးကွ၊ ဆိတ်တို့၊ နွားတို့ နေ့တိုင်းမြီးနေရမှာပါ" ဟုပြောကာ ကျန်သော ကဇော် များနှင့် ပျော်ပါးသောက်စားလျက် ထိုညအတွက် အပျော်ကြီးပျော်ရွှင်ရင်း နံနက်မိုးလင်းခဲ့လေ၏။
ဘိုးတေတို့လည်း၊ နောက်နေ့ နေမွန်းလွဲချိန်လောက်မှ အိပ်ရာကနိုးကြလေ၏။ သာယာကြည်လင်သော ဘုရားရှိခိုးသံ ကလေးမှာ တိုက်ပျက်ကြီးအတွင်း မည်သည့်နေရာက ပေါ်လာသည်မသိရ၊ တောင်ကလိုလို မြောက်က လိုလို အတွင်းကလိုလို ပေါ်ပေါက်လာသော ကြောင့်၊ ဘိုးတေအမှုးရှိသော လူတစုမှာ ကြားရသော နေရာများကို တခုပြီးတခုလိုက်ကြည့်ကြရာ ၊ ပထမ၌မည်သူ့ကိုမျှ မမြင်ရသော်လည်း နောက်ဆုံး တိုက်ဒေါင့်တခုထဲသို့ ရောက်သောအခါ အလွန်လှပသော မိန်းမပျိုကလေးတယောက် ပုတီး လက်ကောက် နံ့သာပန်းမာန် လိမ်းကျံချယ်လယ်ကာ အလွန်သာယာသော အသံကလေးနှင့် ဘုရားရှိခိုး နေသည်ကို တွေ့ရသဖြင့် ဘိုးတေတို့မှာ အံ့သြပြီးမော့၍ ကြည့်နေကြစဉ် မိန်းမပျိုကလည်း ခပ်ပြုံးပြုံး ကလေး တချက်တချက်ပြန်ကြည့်သဖြင့် ဘိုးတေမှာ အတော်သဘောကျလာကာ။
"ဟေ့....တပည့်တို့ရာ၊ ဒီတခါမှ နေရာကျတာပဲဟေ့၊ ဥစ္စာစောင့်မချောချော ကလေး တွေ့ပြီ၊ ဥစ္စာယူ လူလည်း ကြိုက်ရအောင်၊ ကဲ-ပြောနေကြာရော့မယ် ငါလိုက်ဘမ်းမယ်ဟေ့...." ဟုဆိုကာ ခါးတောင်းကို မြှောင်နေအောင် ကျိုက်လျှက် လက်နှစ်ဘက်ကို ရှေ့သို့ဆန့်တန်း၍ လိုက်ဘမ်းလေ၏။ ဥစ္စာစောင်မ ကလေးလည်း၊ ဘမ်းလိုက်တိုင်း ပျောက်ချီ ပေါ်ချီနှင့် မရိုးမရွ စိတ်ကိုနှိုးဆွသလို ရှိခဲ့ရာ ဘိုးတေလည်း မချင့်မရဲ ရှိတိုင်းလိုက်၍ ၊ လိုက်၍ ဘမ်းရသည်မှာ တဟဲဟဲ.မော၍ နေလေပြီးနောက်ဆုံးတွင်
"တပည့်တို့လာကြဟေ့၊ ငါတယောက်ထဲ မနိုင်ဘူး အားလုံးလက်ချင်းဆက်ပြီး ဝိုင်းဘမ်းရအောင်" ဟု ဆို၍ ဘိုးစုတို့ ဘိုးနုတို့စသော လူတေတစုတို့မျာ ဥစ္စာစောင့်ကို အတင်းဝိုင်း၍ ဘမ်းကြရာ၊ ရှေ့နည်း တူစွာပင် ပျောက်ချီပေါ်ချီဖြစ်နေသည်နှင့် လူတစုလုံးချွေးတလုံးလုံးနှင့် မောနေကြလေ၏။
ထိုအခိုက်အလယ်မှ ဥစ္စာစောင့်မကလေးမှာ ပြုံးစနဲ့နဲ့နှင့် အမိခံတော့မလိုလို ဖြစ်နေစဉ်၊ တင်းဘုတ်ကြီး ရှင် လူနီကလေးလည်း၊ တင်းဘုတ်ကြီးထမ်းလျှက် ပေါ်လာပြီး ဥစ္စာစောင့်မကလေး အား ခက်ထန်လှသော မျက်နှာနှင့် ကြည့်လိုက်ရာ၊ ဥစ္စာစောင့်မကလေးမှာ ထိကရုန်းပင် လူတို့သလို ရို့ရို့ကလေး ခေါင်းငုံ့ကျသွားလေ၏။ လူနီကလေးက "သွား" ဆိုသော အထိမ်းအမှတ်နှင့် တနေရာသို့ လက်ညိုး ညွန်ပြ လိုက်သည်တွင်၊ မိန်းမပျိုနှင့်တကွ လူနီကလေးပါ ပျောက်ကွယ်သွားလေရာ ဘိုးတေတို့မှာလည်း အံ့အား သင့်ကာ ကျန်ရစ်လေတော့သတည်း။
ဘိုးတေတို့လည်း ထိုနေ့မှစ၍ တိုက်ပျက်တွင် အကြောက်အလန့်မဘက် အပျော်သက်သက်နှင့်၊ နေ့စဉ် နေ့တိုင်း အရက်ချက်ခြင်း၊ ကက်ဝိုင်း ဖဲဝိုင်းထောင်ခြင်း၊ နွား၊ ဆိတ်၊ ကြက်၊ ဝက်တို့ကို ခိုးဝှက်သတ်ဖြတ် စားသောက်ခြင်း ဖြင့်နေခဲ့ကြရာ၊ အခြားလူများထက် ဘိုးတေမှာ ညအခါများတွင် ယခင်လူနီကလေးနှင့် နဘမ်းသတ်ပွဲ ကျင်းပနေရ၍ တပည့်များကဲ့သို့ အားရအောင်၊ ပျော်ရွှင်သောက်စားချိန်မရဘဲရှိလေ၏။ တပည့်များ မှာလည်း၊ ညစဉ်ညတိုင်း နဘမ်းသတ်ပွဲကို တွေ့မြင်ဘန်များသောကြောင့်၊ ရိုး၍နေကာ ဂရုစိုက်၍ မကြည့်တော့ဘဲ မိမိတို့ဘာသာ သောက်စားပျော်မြူး၍သာနေလေကြ၏။
ဘိုးတေလည်း ညစဉ် နဘမ်းလုံးရဘန်များသဖြင့် ငြီးငွေ့စပြု၍လာကာ၊ တခါတခါ မိမိက ရှောင်နေပါ သော်လည်းမရဘဲ လူနီကလေးကအတင်းလိုက်ဆွဲတတ်သဖြင့် မထိုးချင်ဘဲနှင့် ဇွတ်ကြဲ၍ ပြန်ထိုး ရပြန်သည်။
ထို့ကြောင့်တနေ့သ၌ ဘိုးတေလည်း လတ်ဆတ်သော အသားကင်တို့ကို ဂဇော်နှင့်မြည်းကာ မြိန်ယှက်စွာ သောက်စားတော့မည်ပြုနေစဉ်၊ လူနီကလေးလည်း နဘမ်းလုံးခ်ျိန်ကျ၍ ဘိုးတေရှိရာ သို့ ရောက်လာကာ၊ လက်ခမောင်းခတ်၍ ပြလေ၏။ ဘိုးတေလည်းစည်းစိမ်နှင့် သောက်မည် စားမည် ပြင်နေဆဲ ဖြစ်၍ "ဟေ့ကောင်.. မင်းတယ်ရှုပ်တယ်ကွာ၊ သွားမအားဘူး၊ ဒီမှာသောက်ကြ မလို့" ဟု ပြောပြော ဆိုဆို ဂဇော်ခွက်ကို မော့ချလိုက်ခါ အသားကင်ကို အားရပါးရကိုက်စား၍နေလေ ၏။ လူနီကလေး ကလည်း မရမက အတင်းဆွဲ၍ခေါ်နေလေ၏။ ဘိုးတေလည်းစိတ်မရှည်သဖြင့်
"ဟေ့..မလာဘူးကွာ၊ မင်းတယ်ရှုတ်တဲ့ငတိဘဲ။ လာအုံး လာအုံး၊ ငါ့ကိုနဘမ်းလုံး စေချင်ရင် စောင့်အုံး ငါ သောက်အုံးမယ်" ဟုဆိုသောကြောင့် လူနီကလေးလည်း အေးဆေးစွာ ဆောင့်ဆောင့်ထိုင်၍ ဘိုးတေ သောက်စား နေသည်ကို စောင့်စားကြည့်ရှုနေလေ၏။
ဘိုးတေလည်း သောက်ရင်းစားရင်း မူးမှန်းမသိမူး၍ လာပြီးလျှင်၊ လူနီကလေးအား သားကင်နှင့် ဂဇော်ခွက် မြှောက်ပြကာ "ဟေ့ကောင်..မိတ်ဆွေလာလေကွယ်၊ သောက်လှဲ့ ပါအုံးလား" ဟုပြောင်လှောင်၍ မေးရာ၊ လူနီကလေးလည်း မရယ်မပြုံး တည်တည်ကြီးကြည့်၍ နေလေ၏။ ဘိုးတေလည်း ထပ်၍မော့ကာ "ဟေ့မိတ်ဆွေရ၊ လာပါကွ သောက်ကြည့်စမ်းပါ" ဟုဆိုရင်း မူးမူးနှင့် အတင်း ထ၍ ဆွဲခေါ်လာပြီး သားကင်ကြီးကို ထိုး၍ကျွေးလေ၏။ လူနီကလေးလည်း တွေကြည့်နေရာမှ သားကင် ကို အားရပါးရကြိတ်လေ၏။
ဘိုးတေလည်း "ဟားဟားဟား ဒီလိုမှပေါ့ကွ၊ ရော့ရော့ ဒီတခွက်ကုန်အောင် မော့ချလိုက်" ဟုဆိုကာ ဂဇော်ခွက် ကို အတင်းထိုးပေးရင်း၊ ပေးပေးတိုက်တိုက် ဇွတ်အတင်းတိုက်လေရာ၊ လူနီကလေးလည်း ဂျိက်ကနဲ သောက်ချလိုက်ခါ၊ မျက်နှာကြီး ရှုံ့မဲ့သွားလေ၏။ ဘိုးတေလည်းအမဲ သားကင်တခုကို ထိုး ပေးပြန်၏။ လူနီကလေးလည်း အားပါးတရ ကြိတ်ပြန်၏။ ဘိုးတေ၏တပည့် များလည်း၊ အားရပါးရ ရယ်မောကာ..
"ဟာ..တို့ဆရာကတော့ လုပ်ပါလိမ့်မယ်၊ သူရဲလား၊ တစ္ဆေလား ဘာကောင်လဲ၊ ဒါတောင် ဇတ်သွင်းလိုက်ပြန်ပြီ။ ဟို..ဥစ္စာစောင့် ချောချောကလေးဟာ သူ့မဒီထင်တယ်၊ အကောင်ကလေး က ငယ်ပေမယ့် အတော်ပါဝါထွားပုံပဲ၊ တိုက်ကြီးထဲသူဗိုလ်လုပ်နေတဲ့ ငနဲထင်ပါရဲ့၊ ဆရာကလဲငါတို့ အပေါ် ဗိုလ်ဘဲ၊ တယ်နေရာကျ" ဟုပြောကာရယ်မောနေကြလေ၏။
ထိုအတွင်းလူနီကလေးလည်း ဂဇော်နှင့်သားကင်ကို ခံတွင်းတွေ့ဘိအလား၊ နောက်ထပ်၊ သောက်လိုစားလို သော အမူအရာနှင့် ကြည့်ကာကြည့်ကာ နှုတ်ခမ်းပါးနား ပြင်၍နေပြန်သဖြင့်၊ ဘိုးတေလည်း သဘောကြီးကျကာ"ဟားဟား" မောင်ကျန်တတို့ ဆိုတဲ့အထဲကပါလား ကဲကဲ စားစား၊ မိတ်ဆွေ သဘောရှိ၊ ဂဇော်တွေလည်း ဟိုဘက်ကစဥ့်အိုးကြီးနဲ့ အပြည့်ရှိလေရဲ့၊ လုပ်ပါ။ ဟုပြောကာ၊ သားကင်လင်ပန်း နှင့် ဂဇော်အိုးကြီးကို လူနီကလေးအနီးသို့ တိုးပေးလေ၏။ လူနီကလေးလည်း ဝမ်းသာ အားရ အံခွအောင်စားကာ သောက်ကာနေလေရာ၊ ဘိုးတေတို့ဆရာ တပည့်များလည်း လူနီကလေး နှင့်အတူ၊ သောက်စားပျော်ပါး၍ နေကြလေသတည်း၊ တခဏမျှကြာလျှင် လူနီကလေးနှင့်တကွ၊ ဘိုးတေ တို့လူတစုလည်း လူမှန်းမသိမူးယစ်ကာ၊ တုံးလုံးပက်လက်လဲ၍ အိပ်ပျော်သွားကြလေသတည်း။
ဘိုးတေမှာ ဂဇော်ဝါရင့်နေသော လူတစ်ဦးဖြစ်၍ လူမှန်းမသိအောင် အမူးလွန်သူပင် ဖြစ်လင့်ကစား၊ သူများထက် ဦးစွာ အမူးပြေ၍ သတိရကာနိုးလာလေ၏။ မိမိတပည့်များလည်း၊ သတိမရသေး၊ တုံးလုံး ပက်လက်ဖြစ်ကာ၊ အံဘတ် အော့ဘတ်တွေ အလူးလူးနှင့် အိပ်မောကျ နေသည်ကို တွေ့ရပြီးလျှင် မိမိအနီး တွင်လည်း ၊ ခြေပစ်လက်ပစ် အိပ်မောကျနေသော လူနီကလေးကို တွေ့ရသောကြောင့် ဘိုးတေ မှာ ညဦးကအဖြစ်အပျက်ကို သတိရမှ၊ လူနီကလေးမှာ ဂဇော်အမူးလွန်နေကြောင်းသိရလေ၏။
ပေါင်းသင်းမိ၍ မိတ်ဆွေဖြစ်ခဲ့သည်မှာ အတန်ကြာသော်လည်း၊ နေ့ခင်းအခါများတွင် စေ့စေ့စပ်စပ် မမြင်ဘူးသောကြောင့် ယခုကဲ့သို့ အခွင့်သင့်တုန်း နီးနီးကပ်ကပ် ကြည့်မည်ဟု အနားသို့တိုး၍ ကြည့်ရာ လူနီကလေးမှာ အရပ်ကလေးတတောင်လောက်မျှသာ ရှိသော်လည်း။ ခြေထောက်ကြီး တခုတခုမှာ လူကောင်ကလေး နှင့် အဆမတန် နှစ်ပြန်လောက်ကြီး၍နေသည်ကို တွေ့ရသဖြင့် ဦးခေါင်းမှာလည်း အလုံးအရပ် နှင့် မညီမျှဘဲ လူ၏ဦးခေါင်းမျက်နှာတမျှ ရှိနေသည်ကိုတွေ့လျက်၊ ဖောင်းမို့သော မျက်နှာကြီး မဲနက်ပြဲအာသော ပါးစပ်ပြဲကြီးနှင့်တကွ ပွယောင်းဖုကြွ တိုတောင်းလှ သော နှာခေါင်းကြီး နှင့် နီရဲသော အသားအရေကြီးများမှာလည်း၊ ဟင်္သာပြဒါားအရောင်ထွက်လျှက် ကြမ်းတမ်းထူထဲ၊ မွှေးညှင်းကြဲကြဲ နှင့်ရှိလေရာ။ ဘိုးတေလည်း လက်အငြိမ်မနေနိုင်တော့ဘဲ လူနီက လေး၏ အသားပေါ်သို့ လက်ညှိုး နှင် ထိုး၍ကြည့်ရာ၊ အသားမှာ လူများ၏ အသားဆိုင်ကဲ့သို့၊ နူးနူးညံ့ညံ့ ပြော့ပြော့ပျောင်းပျောင်း မရှိဘဲ အတွေ့အားဖြင့် လွန်စွာကြမ်းတမ်းလျှက် ပိန်းခဲသီးကို လက်နှင့်သုံးသပ်ကြည့်ရဘိသကဲ့သို့ မွှေးညှင်းပေါက်ကြဲကြဲကြီးတွေမှာ ဆူးညှောင့်သဏ္ဍာန်၊ လွန်စွာကြမ်းကြုတ်သည်ကို တွေ့ရလေ၏။
သို့.. ဘိုးတေလက်ညှိုးနှင့် တောင်ထိုး၊ မြောက်ထိုး၊ ထိုးစမ်းကြည့်နေသည့်အတွင်း၊ လူနီကလေးမှာ၊ ဆပ်ကနဲ ထ၍ထိုင်ပြီး၊ မျက်နှာကြမ်းကြီးနှင့် ဘိုးတေကိုစိုက်ကြည့်ကာ ဗြုံးကနဲ ထိုင်ရာမှထပြီး ဒယီးဒယိုင် နှင့် ထိုးသွားရင်း ဖြတ်ကနဲ ပျောက်ကွယ်သွားလေသတည်း။
ဘိုးတေလည်း လူနီကလေး ပျောက်သွားပြီးနောက် တပည့်များဘက်သို့ သေသေချာချာ ကြည့်လိုက်ပြန်ရာ အကြီးအငယ် အရွယ်အလတ်စသည်ဖြင့် အဆင်းသဏ္ဍာန် အမျိုးမျိုးနှင့် နာနာဘာဝ ကောင် အမျိုးမျိုးတို့မှာ၊ ဂဇော်စဥ့်အိုးကြီးနှင့် သားကင်ထည့်ထားသော၊ လင်ဘန်ြးကီး ကိုအလည်က ထားလျက်၊ အလုအယက်ဝိုင်းဖွဲ့ကာ သောက်စားနေကြလျက်၊ တချို့မဲမဲနက်နက် အကောင်တွေမှာလည်း အိပ်မောကျ နေသော၊ လူတစု အနီးတွင်ရှိသော အံဖတ်များကို မြိန်ရေယှက်ရေ ကောက်ယူကြကာ လွေးစားသောက် လျက်နေကြသည်ကို တွေ့ရလေ၏။
၎င်းတို့ကား၊ ဘိုးတေကို မမြင်ပေ၊ ဘိုးတေလည်းချောင်း တချက်ဟန့်ကာ မိမိတပည့်များကို အော်၍ လိုက်လံနှိုးလိုက်လေရာတွင်မှ။ မဲမဲသတ္တဝါကြီးတွေလည်း စားသောက် နေသော အရာများကို ပစ်ထားကာ ရုတ်တရက် ပျောက်ကွယ်သွားကြလေ၏။
သို့သော်ထိုနေ့မှအစပြုကာ လူနီကလေးနှင့်တကွ နာနာဘာဝတစုတို့မှာ ဂဇော်နှင့် သားကင်အမြီးကို အများကြီး လျှာလည်၍နေကြသည်နှင့် ဘိုးတေတို့အဘို့မှာ မလောက်နိုင်အောင် ရှိလေ၏။
မိမိတို့ စားဖို့သောက်ဖို့ ပြင်ဆင်ထားလျှင် မင်းသားတစုတို့ ရှေးဦးစွာဝင်၍ ကြိတ်ကြသဖြင့်။ ဘိုးတေ တို့လူစုမှာ မလောက်မငှဖြစ်၍ နေကြလေ၏။ ထို့ကြောင့်စားစရာများကို ပိုပိုမိုမိုလုပ်ရလေ၏။ နေ့စဉ်၊ နေ့တိုင်း မှာကား လူတစုနှင့် တစ္ဆေ၊ သူရဲ နာနာဘာဝတို့မှာ သောက်ဖော်စားဖက်ဖြစ်လာခဲ့ကြရာ၊ တဦးကို တဦးမကြောက်ကြတော့ဘဲ ရဲရင့်၍နေကြလေ၏။ ညဥ့်အခါတိုင်း သောက်စားမူးယစ်ပြီးကြလျှင် ဆိုသူဆို၊ ကသူက။ ဖဲချသူချနှင့်နေခဲ့ကြရာ၊ နာနာဘာဝတို့မှာလည်း ထိုနည်းကို အတုလိုက်ခါ အရိုးကောင် ကမ္မဌာန်းရုပ်သဏ္ဍာန်တို့နှင့် တလှုပ်လှုပ် တရွရွ၊ ကသူက တီးသူတီး လူတို့နည်းအတိုင်း အတုခိုး ၍ ဖဲရိုက်သူရိုက် ကက်ဆွဲသူဆွဲ အနဲနဲဖြစ်နေကြလေ၏။
ရွာနည်းချုပ်စပ် ရွာများတွင်လည်း၊ တနေ့တခြား၊ နွားပျောက်၊ ဆိတ်ပျောက်၊ ဝက်ပျောက်၊ ကြက်ပျောက်၊ များပြားလာရာ၊ တိုက်ပျက်ကြီးလက်ချက်ဟူ၍ ရိပ်မိလာရုံမျှမက ဘိုးတေတို့ လူစုလည်း၊ ရွာထဲတွင် ယခင်ကလို ဆူဆူပူပူ မရှိကြသဖြင့် ဘယ်အရပ်တွင် စားကျက်ကျလေသ နည်းဟု ၄င်းတို့၏ အသွားအလာ ကို ချောင်းမြောင်း၍ အရိပ်အကဲကြည့်ကြရာ တိုက်ပျက်ကြီးသို့ အမှတ်မဲ့ ရုပ်ဖျက် သွားကြသည်ကို တွေ့ရလေသောကြောင့် တစ္ဆေအမျိုးမျိုးနှင့် လူတေဂျဘိုးတို့ ခိုအောင်းသည့် အဆိုပါ တိုက်ပျက်ကြီးကို ရှေးကထက်ကြောက်ရွံ့ကြကာ၊ အနီးအပါးသို့ပင်၊ နွားကြောင်း မလာဝံ့ကြတော့ဘဲ ရှိလေ သတည်း။
ထို့ကြောင့်ကြာသော် ဘိုးတေတို့မှာ အစားသောက်ရှားပါးစပြုလာကြရာ၊ နာနာဘာဝတို့ က ဝင်စား ပြန်သည် တွင် ပို၍မလောက်မငှ၊ မဝတဝဖြစ်၍နေကြသဖြင့် ဘိုးတေလည်းတပည့်များကို ကြိမ်းဝါး မာန်မဲကာ "ဟေ့ မင်းတို့ကြိုးစားရှာကြဦးကွ၊ ဒီအနီးအနားမှာ မရရင် ရွာနားဘာနားသွားပြီး၊ ဗြောင်သာ ဆွဲခဲ့ကြဟေ့" ဟူ၍၄င်း လူနီကလေးအားလည်း။ "ဟေ့ မင်းတို့တတွေကလဲ၊ တို့ရှာထားတာခွသာစားနေ၊ မင်းတို့လဲ ကူညီပြီးရှာပေးကြအုံးကွ" ဟူ၍ ၄င်း အမျိုးမျိုးဆူပူကြိမ်းမောင်းလေ၏။ နာနာဘာဝ တို့ကလည်း၊ မိမိတို့အစွမ်းလျောက် ရှာဖွေပေး ကြလေရာ၊ စားစရာ ကြက်ဝက်များ အဆက်မပြတ် ရပြန်လေ၏။ သို့သော် ရွာသူရွာသားတို့လည်း ကျွဲ ၊ နွား ၊ ဆိတ် ၊ ဝက် ၊ ပျောက်ရှပါများသောအခါ မခံမ၇ပ် နိုင်အောင်ရှိလာကြ၍ ကြာသော် ပုလိပ်တို့ကို အကြောင်းကြားသဖြင့် နောက်ဆုံးတွင် ရွာသားနှင့် ပုလိပ် တို့က တိုက်ပျက်ကြီးထဲသို့ ဝင်ရောက်ရှာဖွေကြရန်ရောက်လာ၏။
သို့ရာတွင် နာနာဘာဝတို့က ခုခံခြောက်လှန့်ကာကွယ်ကြသဖြင့် ပုလိပ်နှင့် ရွာသားတို့မှာ ဘိုးတေတို့ လူစုကို မတွေ့ရဘဲ၊ တစ္ဆေသရဲတို့ ခြောက်လှန့်ခြင်းခံရ၍ ဖြစ်ခါသာ ပြန်သွားကြရလေ၏။ နောက်များ မကြာမှီ အခါတို့၌ကား ရွာသူ၊ ရွာသားတို့၏ လုံ့လကြောင့် နွား ၊ ဆိတ် ၊ ဝက် ၊ ကြက် များမရနိုင်ကြရာ၊ အခြားနေရာမှ မရလျှင် တိုက်ပျက်ကြီးအနီးအနားတွင်ရှိ သော သစ်ပင်ဝါးပင်တို့တွင် မှီခိုနေထိုင်ကြသော ကျီး ၊ ဌက် တိရစ္ဆာန်တို့ပါ ပြုတ်ပြုတ်ပြုန်းလေ၏။
သို့..နောက်ဆုံးတွင် လုံးလုံးစားစရာမရသည့် အချိန်တိုင်အောင်ရောက်ခဲ့ရာ၊ ဘိုးတေတို့ မှာ ရွာသို့ ပြန်၍ထမင်း ရှာဖွေစားသောက်နိုင်သော်လည်း၊ လူနီကလေးတို့ တသိုက်တွင်ကား၊ လူသားမဟုတ်၍ မစားနိုင် သောကြောင့် အခက်အခဲကြုံနေကြလေ၏။ ဘိုးတေတို့ဇာတ်သွင်းထား သဖြင့် အသောက်အစား ကိုလည်း လျာလည်၍နေကြရာ၊ နောက်ဆုံးတွင် မရဒသကချိုင် ဆိုသောနည်းဖြင့် ဘိုးတေတို့လူစုကိုပင် ပြန်၍ အမဲဘမ်းကာ တနေ့တယောက်မှန်မှန်စား၍ လာကြပြန်လေ၏။
ဘိုးတေတို့ကား ထိုအကြောင်းကို မရိပ်မိကြသေး။ အပေါင်းအသင်းတို့မှာကား တဖြည်းဖြည်း လျော့ပါးမှန်းမသိ လျော့၍လာကြလေ၏။ လူမစုံသဖြင့် မရှိသောလူများ၏နေရပ်သို့ လိုက်လံ စုံစမ်းပြန်ရာ ၌လည်း၊ မလာကြောင်းဖြင့်သာ ပြောကြလျှက်ရှိ၍၊ အရပ်တပါးသို့ ထွက်ခွါသွားကြသည် ဟူသော အထင် နှင့်သာ နေခဲ့ကြလေ၏။ သို့သော် ကျန်သောလူစုထဲကပင်၊ တညတစ်ယောက်ကျ လျော့၍ လျော့၍ လာကြပြန်ရာ၊ နောက်ဆုံးတွင် ဘိုးတေ၊ ဘိုးစု၊ ဘိုးနုတို့ ညီအစ်ကိုနှစ်ယောက်နှင့် စုစုပေါင်း သုံးယောက် သာ ကြွင်းကျန်ရစ်လေ၏။
လူလျော့ကတည်းက စ၍လည်း၊ ဘိုးတေတို့မှာ နာနာဘာဝ ကောင်တွေနှင့်မတွေ့ရ တော့ ဘဲ၊ တခါတရံ လူနီကလေး နှင့်သာ ရိုးကနဲ ရိပ်ခနဲမြင်ရ၍ မြင်ရသည့်အခါ၌လည်း၊ လူနီလေး နှင့်သာ ရိုးကနဲ၊ ရိပ်ကနဲမြင်ရ၍၊ မြင်ရသည့်အခါ၌လည်း လူနီကလေးမှာ ဘိုးတေတို့ကို ရှေးက လောက်မရောနှောဘဲ မျက်နှာဆိုးကြီး ဖြင့်သာ တွေ့ရ၍ ဘိုးတေတို့မှာ မတွေးတတ်အောင် ဖြစ် လာလေ၏။
ဆက်ရန်
.

No comments:
Post a Comment