(၄၆)
အဲဒီအမျိုးသမီးက မင်းထက် အသက် ငါးနှစ်ခြောက်နှစ်ကြီးလိမ့်မယ်
ဦးလေးသရွန့် က သတိထားပြီး စကားကိုရွေးကာ ပြောလိုက်သည်။ သူတို့နှစ်ဦးသည် တီဂယ်ဥယျာဉ်ထဲ၌ လမ်းလျှောက် နေကြရာ၊ ဆောင်းဦးရာသီ၏ အေးစက်သောလေက လာရောက် ထိတွေ့ နှုတ်ဆက် လာသည်။
" သူက ကျွန်တော့်ထက် သုံးနှစ်ပဲကြီးပါတယ်၊ အသက်ကွာခြားချက်က အကြောင်းမဟုတ်ပါဘူးဦးလေး၊ အဓိက အချက်ကတော့ ကျွန်တော်က သူ့ကိုချစ်တယ်၊ သူက ကျွန်တော့်ကို ချစ်တယ်၊ ဒါပဲပေါ့ "
မင်းဖရက် က ပြန်ပြောလိုက်သည်။ လက်ဝှေ့ပွဲ၌ ဒဏ်ရာရခဲ့သော သူ့ညာလက်မှာ ပလတ်စတာကိုင်ထား ရဆဲရှိပြီး လည်ပင်းမှနေ၍ သိုင်းချည်ထားရသည်။
" မာနိ ... မင်းအသက်က ၂၁ နှစ်မပြည့်သေးဘူး အုပ်ထိန်းသူတွေရဲ့ခွင့်ပြုချက်မရဘဲ မင်းလက်ထပ်လို့ မဖြစ်ဘူး "
" ဦးလေး က ကျွန်တော့်ရဲ့အုပ်ထိန်းသူပဲ "
မင်းဖရက်က ထောက်ပြလိုက်ပြီး ဦးလေးသရွန့်ကို လှမ်းကြည့်လိုက်သည်။
" မင်း မိန်းမကိုဘာလုပ်ကျွေးမှာလဲ "
" ဂျာမန်အစိုးရ ရဲ့ ယဉ်ကျေးမှုဌာနက ကျွန်တော့်ကိုစကော့လပ်ရှစ်ပညာသင်ဆုပေးမယ်၊ ဥပဒေဘွဲ့ ရတဲ့အထိ ကျွန်တော် ဒီဘာလင်မှာပဲ ဆက်သင်တော့မယ်၊ ဟိုင်ဒီရထားတဲ့ ပြန်ကြားရေးဝန်ကြီး ဌာနက အလုပ်ကလဲ အလုပ်ကောင်းတာပဲ၊ တိုက်ခန်းလဲ ရထားတယ်၊ နောက်ပြီး ကျွန်တော် ဥပဒေလုပ်ငန်း ကို စတင် မထူထောင်နိုင်ခင်မှာ ကြေးစားလက်ဝှေ့သမားဘ၀ကိုကူးပြီး အိမ်ထောင်ရေးလိုငွေကိုဖြည့်နိုင်မှာ ပါ၊ ဘွဲ့ရလို့ လုပ်ငန်းထူထောင်ပြီးရင် ကျွန်တော် တောင်အာဖ၇ိကကို ပြန်လာခဲ့မယ်"
" မင်းဘက်က အားလုံးစီစဉ်ပြီးနေပြီပဲ "
ဦးလေးသရွန့်က သက်ပြင်းချပြီး ပြောလိုက်ရာ ဖရက်က ခေါင်းညိတ်ပြလိုက်သည်။ မျက်ခုံးကွဲသွားသည့် နေရာ ကို ပလတ်စတာနှင့် ကပ်ထားရသည်။ ထိုဒဏ်ရာသည် သေရာပါအမာရွတ်ဖြစ်ပေတော့မည်။
" ကျွန်တော့်ကိုလက်ထပ်ခွင့်ပေးမယ် မဟုတ်လား ဦးလေး၊ ဦးလေးအိမ်မပြန်ခင်မှာ ကျွန်တော်တို့လက် ထပ် ချင်တယ်၊ ကျွန်တော်တို့နှစ်ယောက်စလုံးက ဦးလေးကိုယ်တိုင် ကျွန်တော်တို့ကို လက်ထပ်ပေးစေ ချင်တာ"
" မင်းပြောတာနဲ့ ငါတောင် သွေးကြီးသွားပြီ "
ဦးလေးအမူအရာက စိတ်အားငယ်သွားပုံရသည်။ မင်းဖရက်ဘယ်လောက်ခေါင်းမာသည်ကို သူအသိဆုံး ပင် ဖြစ်သည်။
" ဦးလေးဟာ ကျွန်တော့်ရဲ့အဖေပါ၊ တကယ်တော့ အဖေထက်တောင် ပိုပါသေးတယ်၊ ဦးလေးကိုယ်တိုင် လက်ထပ် ပေးမယ်ဆိုရင် ကျွန်တော်တို့အဖို့ တန်ဖိုးတုနှိုင်းမရတဲ့ လက်ဆောင်ပါပဲ "
" မာနိ ... မာနီ ... မင်းဟာ ငါ မမွေးခဲ့ရပေမယ့် ငါ့သားပါပဲကွာ၊ မင်းအတွက် အကောင်းဆုံးကိုပဲ ငါဖြစ်စေ ချင်ပါတယ်၊ မင်းကို ငါ ပြောချင်တာက ဖြစ်နိုင်ရင် ဒီကိစ္စကို မလောသေးဘဲ အချိန်ဆွဲထားဖို့ပါ "
" ကျွန်တော့်ကို ဘယ်အရာကမှ ဖျက်လို့မရနိုင်တော့ပါဘူး ဦးလေး "
" မာနီ ... မင်းအဒေါ် ထရုဒီကို ထည့်စဉ်းစားပါဦး "
" အဒေါ်ကတော့ ကျွန်တော် ပျော်ရွှင်ချမ်းမြေ့တာကိုပဲ လိုလားမှာပါ "
" ဟုတ်တယ်မာနီ၊ ဒါတော့ ငါလဲသိတယ် ... ဒါပေမယ့် မင်းဆာရာလေးကိုလဲ ထည့်စဉ်းစားပါဦးကွာ "
" သူ့အတွက် ဘာစဉ်းစားရမှာလဲ "
သူ့မျက်လုံး အကြည့်က ကြောက်စရာ ကောင်းလာသည်။ မေးရိုးကြီးများ ထောင်တက်လာသည်။
" ဆာရာက မင်းကိုချစ်တယ်မာနီ၊ သူမင်းကို အမြဲတမ်းချစ်နေတဲ့သူပါ၊ ငါတောင်တွေ့မြင်နေရတာပဲ "
" ဆာရာဟာ ကျွန်တော့် ညီမလေးပါ၊ ကျွန်တော်ကလဲ ချစ်ပါတယ်၊ ကျွန်တော် သူ့ကို အစ်ကိုတစ်ယောက် လိုချစ်တာပါ၊ ၅၂၈ သွယ်သောမေတ္တာနဲ့ချစ်တာပါ၊ ဟိုင်ဒီကိုတော့ ယောက်ျားတစ်ယောက်က မိန်းမတစ် ယောက်ကို ချစ်တဲ့ ၁၅၀၀ မေတ္တာချစ်ပါ၊ ဟိုင်ဒီကလဲ ကျွန်တော့်ကို အဲဒီလိုပဲ ပြန်ချစ်တာပါ "
" မင်းမှားနေပြီထင်တယ်မာနီ၊ ငါထင်ခဲ့တာကတော့ မင်းနဲ့ဆာရာဟာ ... "
" တော်လောက်ပါပြီဦးလေး ... ကျွန်တော် မကြားချင်တော့ပါဘူး၊ ဟိုင်ဒီကို ကျွန်တော်လက်ထပ်မယ်၊ ဦးလေးရဲ့ခွင့်ပြုချက်န့ ကိုယ်တိုင် လက်ထပ်ပေးမှုကို ရလိမ့်မယ်လို့ ကျွန်တော်ထင်တယ်၊ ကျွန်တော်တို့ရဲ့ မင်္ဂလာလက်ဆောင်အဖြစ် ဦးလေး အဲဒါ လုပ်ပေးမယ်မဟုတ်လား "
" ခွင့်ပြုပါတယ်၊ ငါကိုယ်တိုင်ပဲ လက်ထပ်ပေးပါမယ်သားရယ်၊ ငါ့နှလုံးသားထဲက ပျော်ရွှင်ချမ်းမြေ့မှုအတိနဲ့ လက်ထပ် ပေးပါမယ် "
ဦးလေးသရွန့်က လေးကန်စွာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။
ဟိုင်ဒီနှင့် မင်းဖရက်တို့၏ လက်ထပ်ပွဲကို ဂရန်းဒေါရပ်ကွက်၊ ဗိုလ်မှူးကြီးဆစ်မန်း၏ အိမ်ဥယျာဉ်ခြံ ကန်စောင်းမြက်ခင်းပြင်၌ ကျင်းပသည်။ စက်တင်ဘာ လဆန်းပိုင်း၏ ရွှေရောင်ဆန်းသောညနေခင်းဖြစ် သည်။ ဆောင်းဦးရာသီ၏ အငွေ့အသက်အဖြစ် သစ်ရွက်များက ရွှေဝါရောင်နှင့် အနီရောင်ဘက်သို့ အရောင် ပြောင်းနေကြချေပြီ။ အိုလံပစ်အသင်းများ ပြန်သွားကြပြီဖြစ်သော်လည်း ဦးလေး သရွန့်နှင့် ရိုအက်ဖ် စတင်ဒါက လက်ထပ်ပွဲတက်ရန် နေရစ်ခဲ့သည်။ လက်ထပ်မင်္ဂလာ အခမ်းအနားကို ဦးလေး သရွန့် ပင်ဦးစီးကာ ရိုးရိုးပင်ကျင်းပသည်။
ဟိုင်ဒီသည် မိဘမဲ့ဖြစ်ရာ ဗိုလ်မှူးကြီးဆစ်မန်းကအုပ်ထိန်းသူအဖြစ် ဆောင်ရွက်သည်။ ဟိုင်ဒီက မိတ်ဆွေ တစ်ဒါဇင်ခန့်ဖိတ်သည်။ အများစုမှာ သူမအလုပ်လုပ်သော ၀ါဒဖြန့်ချိရေးနှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ သူမ၏ အကြီးအကဲများနှင့် လုပ်ဖော် ကိုင်ဖက်များဖြစ်သည်။ သို့ရာတွင် အခြားဧည့်သည်များလည်းရှိသေး သည်။ ၎င်းင်းတို့မှာ ဟိုင်ဒီ ၏ ၀မ်းကွဲညီအစ်ကိုမောင်နှမများဖြစ်သည့် အနက်ရောင်ယူနီဖောင်းနှင့် အက်စ် အက်စ်တပ်သားများ၊ အပြာရောင်ယူနီဖောင်းနှင့် ရှေ့တန်းတပ်သားများ၊ ချောမောလှပသော အမျိုးသမီး ငယ်များဖြစ်သည်။
ဦးလေးဘုန်းတော်ကြီးသရွန့်က လက်ထပ် ထိမ်းမြားခြင်း မင်္ဂလာကို ရိုးရိုးနှင့် ခပ်တိုတိုပြုလုပ်ပေးပြီးသော အခါ ဗိုလ်မှူးကြီး ဆစ်မန်းက လက်ထပ်ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။ ထိုညစာစားပွဲကို ဥယျာဉ်ထဲရှိ သစ်ပင်တစ်ပင်အောက်မှနေ၍ တီးလုံးဖြင့် ဖြေဖျော်သည်။ မြက်ခင်းပေါ်တွင် ယာယီခင်းထား သော သစ်သားပြားများပေါ်၌ ဧည့်သည်များက တေးဂီတဖြင့်ကကြသည်။
မင်းဖရက်သည် ချစ်စရာဇနီးအသစ်စက်စက်ကလေးကို ပွေ့ပက်ကနေရာ ဧည့်သည်များထဲ၌ လှုပ်လှုပ် ရှားရှားဖြစ်သွားသည်ကိုလည်းကောင်း၊ အိမ်ဘက်မှ ကန်စပ်ဧည့်ခံပွဲဆီသို့ ဆင်းလာသော လူတစ်စုအား နှုတ်ဆက်ရန် သုတ်သုတ်ပျာပျာနှင့် ထွက်သွားကြသည်ကို လည်းကောင်း မင်းဖရက် သတိမထားလိုက်မိပါ ချေ။
မင်္ဂလာဧည့်ခံပွဲမှ ဧည့်သည်အားလုံး မတ်တတ်ရပ် လိုက်ကြသည်။ သတိအနေအထားဖြင့် မတ်မတ်တောင့် တောင့်တင်းတင်း ရပ်နေခြင်းဖြစ်သည်။ မင်းဖရက်လည်း ဇဝေဇ၀ါဖြစ်သွားပြီး ဟိုင်ဒီနှင့်အတူ အများသူငါ လိုလိုက်ပြီး ရပ်လိုက်သည်။ နောက်မှ ၀င်လာသော လူအုပ်စုကလေးသည် ယာယီသစ်သားခင်းအကစင် ပေါ်သို့ တက်လာသည်။
ဧည့်သည်အားလုံးက နာဇီအလေးပြုနည်းဖြင့် ညာဘက်ကိုမြှောက်လိုက်ပြီး "ဟိုင်း... ဟစ်တလာ"ဟု အော် လိုက်ကြသည်။ ထိုအချိန်ကျမှ မင်းဖရက်အဖြစ်အပျက်ကို သိတော့သည်။ သူနှင့် ဟိုင်ဒီတို့အဖို့ မယုံကြည် နိုင်လောက်အောင် ထူးခြားသော ဂုဏ်ပြုမှုကို ခံယူရရှိနေခြင်းပင် ဖြစ်သည်။
သူ့ဆီလာနေသူက အဖြူရောင်ဂျာကင်အင်္ကျီကို ဝတ်ထားသည်။ အင်္ကျီကို လည်ပင်းကြယ်သီးတပ်ပြီး ဂုဏ် ထူး ဆောင်ဘွဲ့တံဆိပ်တစ်ခု ကိုသာ ဆင်မြန်ထားသည်။ မျက်နှာက လေးထောင့်ပုံဖြစ်ပြီး ခိုင်မာပြတ်သား ပုံ ပြနေသည်။ မဟူရာကေသာများကို ရှေ့သို့ဖြီးချပြီး နဖူးပြောင်ပြောင်ကို အုပ်ထားသည်။ ကြီးမားသော နှာ ခေါင်းအောက်တည့်တည်၌ နှုတ်ခမ်းမွေးလေးရှိသည်။
မင်းဖရက်သည် ညာလက်က ပလတ်စတာကိုင်ထားရဆဲရှိသည်။ ထို့ကြောင့် ဘက်လက်ဖြင့် နာဇီ အလေးပြု နည်းအတိုင်း ပြုလိုက်ရသည်။
အထူးဧည့်သည် အဒေါ့ဖ်ဟစ်တလာက မင်းဖရက်ကို ပြုံးပြပြီး ခေါင်းညိတ်ပြလိုက်သည်။
"မင်းဟာ ဂျာမနီရဲ့မိတ်ဆွေလို့ ငါကြားထားတယ် ဟာဒီလာရေး" ဟစ်တလာက ပြောလာသည်။
"ကျွန်တော်ဟာ ဂျာမနီသွေးပါ။ စစ်မှန်တဲ့ မိတ်ဆွေပါ၊ ခေါင်းဆောင်ကြီးအပေါ်မှာ စိတ်အားအထက်သန်း ဆုံး ချီးကျူးသူပါ၊ ခေါင်းဆောင်ကြီး ယခုလို ရောက်လာပြီး ဂုဏ်ပြတဲ့အတွက် ကျွန်တော့်အဖို့ ကျေးဇူးတင် စကားပြောရအောင် စကားလုံးတောင်ရှာမရဘဲ ဖြစ်ရပါတယ်" မင်းဖရက်က ပြောသည်။
"မင်းဟာ အမေရိကန် နီဂရိုးလက်ဝှေ့သမားကို သူရသတ္တိပြောင်မြောက်စွာနဲ့ အောင်ပွဲခံလိုက်တဲ့အတွက် ငါ ဂုဏ်ပြုချီးကျူးပါတယ်"
ဟစ်တလာက လက်ကမ်းပေးပြီး လက်ဆွဲနှုတ်ဆက်ကာ ဆက်ပြောသည်။
"ဂျာမနီနိုင်ငံရဲ့ချစ်စရာသမီးပျိုကလေးတစ်ယောက်ကို လက်ထပ်နိုင်တဲ့အတွက်လဲ ဂုဏ်ပြချီးကျူးပါတယ်"
မင်းဖရက်က ဒဏ်ရာမရသော ဘယ်လက်ဖြင့် ပြန်နှုတ်ဆက်သည်။
"ပျော်ရွှင်ချမ်းမြေ့သော အိမ်ထောင်ဖြစ်ပါစေလို့ ငါဆုတောင်းပါတယ်၊ မင်းရဲ့ထိမ်းမြားလက်ထက်မှုဟာ မင်းနဲ့ ဂျာမန်ပြည်သူတွေ အကြား သံမဏိလို ခိုင်မြဲတဲ့ ဆက်ဆံမှုဖြစ်ပါစေ"
ဟစ်စလာက ထပ်မံခေါင်းဆတ်ပြလိုက်ပြီး ဟိုင်ဒီနှင့်လက်ဆွဲနှုတ်ဆက်လိုက်သည်။ ဝမ်းသာလွန်း၍ မျက် ရည်များပင် ဝေ့နေသော ဟိုင်ဒီကို ပြုံးပြလိုက်သည်။
ဆာရာဘတ်စတာသည် စတယ်လင်ဘို့ရှ်ရွာလယ် လမ်းတစ်လျှောက် စက်ဘီးစီးလာသည်။ အသွားအလာ နည်းသော လမ်းဖြစ်၍ သူမက လမ်းဘေးမှ လမ်းလျှောက်သွားသူများအနက် သူသိသောသူများကို ပြုံးပြ ခြင်း၊ လက်ပြ နှုတ်ဆက်ခြင်းတို့ကို ပြုလုပ်သွားသည်။ ကျောင်းစာအုပ်များကို ဘိုင်စကယ်နောက်ဘက် ကယ်ရီယာပေါ်တွင်တင်ပြီး သားရေကြိုးဖြင့် ချည်နှောင်ထားသည်။ ဦးထုပ်ကို မေးသိုင်းကြိုးဖြင့် ဆောင်း ထားသည်။
ထိုနေ့မနက်က ဆာရာသည် ဒုတိယအစမ်းစာမေးပွဲ အမှတ်စာရင်းကတ်ပြားရရှိခဲ့သည်။ ပထမအစမ်းတွင် အတန်း ထဲ၌ ပဉ္စမနေရာရခဲ့ရာမှ ယခု ဒုတိယနေရာသို့ တက်သွားသည်။ ဤသည်ကို အဒေါ်ထရူဒီအား အားရ ဝမ်းသာပြောချင်နေသည်။ ယခုနှစ်သည် အထက်တန်းကျောင်း၏နောက်ဆုံးနှစ်ဖြစ်သည်။ အောက်တိုဘာလ တွင် သူမအသက် (၁၇)နှစ်ပြည့်မည်။ ရှေ့လတွင် ဆယ်တန်းစာမေးပွဲဖြေရတော့မည်။
မိမိအတန်းထဲ၌ ဒုတိယရလာသဖြင့် မာနီဂုဏ်ယူဝမ်းမြောက်လိမ့်မည်ဟု ဆာရာတွေးမိသည်။ မာနီ၏အား ပေး လှုံ့ဆော်မှုကြောင့်သာ မိမိ ယခုလို အောင်မြင်မှုရခြင်းဖြစ်သည်။
ဆာရာသည် မင်းဖရက်အကြောင်း ဆက်တွေးမိသည်။ ဝက်သစ်ချပင်တန်းအောက်မှ စက်ဘီးစီးလာရင်း နေ့ လယ်အိပ်မက်မက်လာမိသည်။ မင်းဖရက်အဝေးသို့ရောက်နေသည်မှာ ကြာပြီ။ သို့သော် မကြာခင် သူအိမ် ပြန်ရောက်လာတော့မည်။ မိမိအတန်းထဲ၌ ဒုတိယရကြောင်း သိရပါက သူဝမ်းသာပေလိမ့်မည်။ ဤသည်ကို ဆာရာတွေးပြီး ကြည်နူးနေသည်။ သူပြန်ရောက်လာလျှင် မိမိ သူ့အတွက် စိုးရိမ်စရာ မလိုတော့၊ ညဘက် များတွင် တစ်ယောက်တည်း ငိုစရာလည်း မလိုတော့၊ မာနီ ရောက်လာတော့မည်။
မာနီနှင့် လက်ထပ်ကာ အိမ်ထောင်သည်ဖြစ်ရေးကို စိတ်ကူးယဉ်လိုက်သည်။ သူ စားဖို့ချက်ပြုတ်မည်၊ သူ့ အဝတ်အစားများကို လျှော်ဖွပ်ပေးမည်။ သူ့ခြေအိတ်ပြဲများကို ဖာထေးပေးမည်။ သူနှင့်အတူတွဲ၍ ဘုရားရှိ ခိုးကျောင်းသွားမည်။ အဒေါ်ထရူဒီက ဦးလေးသရွန့်အား ခေါ်သလို "မီနီယာ"ဟု ပါးစပ်ဖျားကလေးနှင့် ခေါ် လိုက်ချင်သည်။ ညတိုင်း သူ့ဘေးမှ လျောင်းအိပ်မည်။ သူ၏လှပသော ရွှေရောင်ဆံပင်များက မိမိ၏ဘေး ဘက်ခေါင်းအုံးပေါ်တွင် ပြန့်ကျဲနေမည်။ ကမ္ဘာပေါ်တွင် မင်းဖရက်မှတစ်ပါး အခြားမိမိလိုချင်တောင့်တတာ ဟူ၍ မရှိတော့ပြီကို ဆာရာအသိဆုံးဖြစ်သည်။
သူတို့အိမ် ဂိတ်ဝကို စာပို့လုလင်ရောက်နေသည်ကို ဆာရာလှမ်းမြင်ရသည်။ ဆာရာ သူ့ဆီသို့ ရောက်သွားပြီး စက်ဘီးပေါ်မှ ခုန်ဆင်းကာ မေးလိုက်သည်။
"ကျွန်မတို့အတွက် ဘာများပါသလဲ မစ္စတာဂေါ်ဘလာ"
စာပို့သမားက သူမအား ပြုံးပြပြီး သူ့သားရေအိတ်ထဲမှာ အညိုရောင်စာအိတ်တစ်အိတ်ကို ထုတ်ယူလိုက် သည်။
"ကြေးနန်း တစ်စောင်ပါတယ်၊ ပြည်ပက ပို့လိုက်တာ၊ ဒါပေမယ့် မင်းအတွက်မဟုတ်ဘူး မိန်းကလေး၊ မင်း အဒေါ်အတွက်"
"ဟုတ်လား၊ ဒါဖြင့် ကျွန်မလက်မှတ်ထိုးယူထားပြီး အဒေါ့်ကိုပေးလိုက်ပါ့မယ်"
ဆာရာက စာပို့သမား၏စာအုပ်တွင် ကြေးနန်းလက်ခံရရှိကြောင်း လက်မှတ်ထိုးပေးလိုက်သည်။ စက်ဘီး ကို အိမ်ဝ၌ထောင်ထားခဲ့ပြီး အိမ်လှေကားထစ်မှ ခုန်ကျော်ကျော်လွှားပြီး တက်လာသည်။
"ဒေါ်လေးရေ... ကြေးနန်းလာတယ်၊ ဒေါ်လေး ဘယ်မှာလဲ"
ထမင်းဟင်း အနံ့များ ဆာရာနှာခေါင်းထဲသို့ ဝင်လာရာ သူ့အဒေါ်ဘယ်မှာရှိသည်ကို သူချက်ချင်းသိသွား သည်။
"ကြေးနန်း လာတယ်"
ဆာရာက ပြောရင်းဆိုရင်း မီးဖိုးထဲသို့ဝင်ပြေးသည်။ အဒေါ်ထရူဒီသည် သစ်သားစားပွဲရှည်ကြီးဘေး၌ ရပ် နေသည်။ ဂျုံနယ်သော လက်လှိမ့်တုံးကို ကိုင်ထားသည်။ တံတောင်ဆစ်တွင်လည်း ဂျုံမှုန့်များပေကျံနေ သည်။
"ဘယ်လိုဖြစ်တာလဲ ဆာရာ၊ ညည်း ကလေးမဟုတ်တော့ဘူး၊ တည်တည် ကြည်ကြည်နေရမယ်လို့ အဒေါ် သင်ထားတယ်မဟုတ်လား"
"ကြေးနန်းစာလာလို့ပါ အဒေါ်၊ ဟောဒီမှာ"
"ငါ့လက်မှာ ဂျုံတွေပေနေတယ်၊ ညည်းပဲ ဖွင့်လိုက်ပါတော့အေ"
ဆာရာက စာအိတ်ထိပ်ဘက်အနားကို ဆွဲဖြဲပြီး ဖွင့်လိုက်သည်။
"ကျွန်မ ဖတ်ပြရမလား အဒေါ်"
"အေး... အေး... ဖတ်ပါ၊ ဘယ်သူပို့တဲ့ကြေးနန်းလဲ"
"ဦးလေးဘရွန့်ဆီကပါ၊ "သင်၏တာဝန်ကျေသော ခင်ပွန်းသရွန့်ဘိုင်အာမင်း"လို့ လက်မှတ်ထိုးထားတယ်"
"ခက်တဲ့ အဘိုးကြီးပဲ၊ တာဝန်ကျေသော ဆိုတဲ့ စာလုံးလေးလုံးကို မလိုအပ်ပဲထည့်ထားတော့ ပိုက်ဆံ အလကား ပိုကုန်တာပေါ့၊ ကဲ ဖတ်ပါဦးအေ ဘာတဲ့လဲ"
"အဲ... ဦးလေးက ရေးထားတယ်၊ "ငါ မင်းကို အသိပေးရမှာကတော့ မင်းဖရက်ဟာ... "
ဆာရာ့အသံသည် တိမ်ဝင်သွားပြီး ပျောက်သွားသည်။ လက်ထဲမှစာရွက်ကို စိုက်ကြည့်ရင်း သူ၏အမူအရာ က ညှိုးငယ်သွားသည်။
"ဆက်ဖတ်လေ ဆာရာ... ဆက်ဖတ်စမ်းပါဦး"
ဆာရာက အားယူပြီး ပြန်ဖတ်သည်။ သူမအသံက အားအင်ကုန်ခန်းနေသလိုဖြစ်ပြီး တိုးညှင်းနေသည်။
"ငါ မင်းကို အသိပေးရမှာကတော့ မင်းဖရက်ဟာ ဟိုင်ဒီခရမ်မာဆိုတဲ့ ဂျာမန်အမျိုးသမီးလေးနဲ့ ယနေ့ပဲ လက်ထပ်တယ်၊ ဘာလင်တက္ကသိုလ်မှာ ဆက်လက်စာသင်ဖို့ သူစီစဉ်ထားတယ်၊ ငါနဲ့သူ အိမ်ပြန်လိုက်လာ တော့မှ မဟုတ်ဘူး၊ မင်းလဲ ငါလိုပဲ သူ့ပျော်ရွှင်မှုကို ရှေ့ရှုမယ်လို့ ယူဆပါတယ်။ သင်၏တာဝန်ကျေသော ခင်ပွန်း သရွန့်ဘိုင်အာမင်"တဲ့"။
ဆာရာက ကြေးနန်းပုံစံစာရွက်ပေါ်မှ မော့ပြီး အဒေါ်ထရူဒီအား ကြည့်လိုက်သည်။ တူဝရီးနှစ်ယောက် တစ် ယောက်နှင့်တစ်ယောက် အပြန်အလှန် ကြည့်နေကြသည်။
"ငါတော့ မယုံနိုင်အောင် ဖြစ်နေပြီ၊ ငါတို့ မင်းဖရက်မှ ဟုတ်ပါ့မလား၊ သူ ငါတို့ကို ပစ်သွားဖို့ မကောင်း ပါဘူး"
ထရူဒီက စကားပြောနေရာမှ ဆာရာ၏မျက်နှာအမူအရာကို သတိထားမိသွားသည်။ ကလေးမ၏မျက်နှာက မီးဖိုးထဲမှ ပြာလိုပြာနှမ်းသွားသည်။
"အို... ကလေး... ဆာရာ"
ထရူဒီက ဆာရာဆီသို့ တိုးသွားပြီး လှမ်းကိုင်လိုက်သည်။ ဆာရာကလက်ထဲမှ ကြေးနန်းစာရွက်ကို အောက် သို့လွှတ်ချလိုက်သည်။ ဖင်ထိုင်ခုံပေါ်သို့ ခုန်တက်လိုက်သည်။ စက်ဘီးပေါ်တွင် မတ်တပ်ရပ်ပြီး အမြန်ဆုံး အားကုန်နင်းပြေးလေတော့သည်။ ခေါင်းပေါ်မှ ဦးထုပ်က လေအရှိန်ဟပ်ပြီး နောက်လန် ကျသွားသည်။ ဦးထုပ်မျှော့ကြိုးက လည်ပင်း၌ချိတ်နေပြီး ဦးထုပ်က နောက်ကျောတွင် ကပ်နေသည်။
သူမမျက်လုံးအစုံက ပြူးကျယ်ခြောက်သွေ့နေသည်။ အံ့သြထိတ်လန့်မှုကြောင့် မျက်နှာကပြာနှမ်းနေဆဲ ရှိ သည်။ စက်ဘီးက ရွာအပြင်သို့ ရောက်သွားသည်။ တောင်တန်းများဆီသို့ဦးတည်ကာ ဆက်နင်း နေသည်။ တောင်တက်လမ်းက မတ်စောက်ပြီး ကြမ်းတမ်းသောအခါ စက်ဘီးကိုထားခဲ့ပြီး ခြေကျင် ပြေးတက်သည်။ ထင်းရူးတောထဲမှ ဖြတ်ပြေးရာ ပထမတောင်ထိပ်သို့ရောက်သွားသည်။ ထင်းရူးပင် တစ်ပင်ခြေရင်း မြက်ခင်း ပြင်ပေါ်သို့ မှောက်လှဲချလိုက်သည်။
ထိုနေရာကလေးသည် သူမ၏အချစ်၊ သူမ၏ခန္ဓာကိုယ်နှင့် သူမ၏စိတ်ဝိညာဉ်တို့ကို မင်းဖရက်အား ပေးဆပ် ခဲ့သောနေရာပင်ဖြစ်သည်။
တောင်စောင်းအတိုင်း ပြေးဆင်းလာရသဖြင့် မောပန်းကာ အသက်ရှူမြန်နေခဲ့ရာမှ တစ်ခဏ ကြာသောအခါ ပုံမှန်ပြန်ဖြစ်လာသည်။ ဆာရာ ငြိမ်သက်စွာပင် လဲလျောင်းနေသည်။ ငိုလည်းမငို၊ ရှိုက်လည်း မရှိုက်၊ တံတောင်ဆစ် ကွေးပေါ်တွင် မျက်နှာအပ်ကာ မှောက်ထားသည်။
မွန်းလွဲပိုင်းမှ ညနေပိုင်းသို့ ကူးလာသည်။ အနောက်မြောက်ဘက်မှ လေတိုက်လာသည်။ မိုးသားတိမ်လိပ် များက သူမရှိနေသော တောင်ထိပ်ပေါ်သို့ တရိပ်ရိပ်တက်လာသည်။ အမှောင်ထုဖုံးလာသည်နျင့် မိုးစရွာ တော့သည်။ လေက အေးစက်နေသည်။ ထင်းရှူးတောကို လေတိုးသံက တဝေါဝေါတရွှီရွှီမြည်နေသည်။ မိုး စက်မိုးပေါက်များကြောင့် သူမတစ်ကိုယ်လုံးရွှဲရွှဲနစ်အောင် စိုတော့သည်။
ဆာရာသည် ဦးခေါင်းကို လုံးဝမဖော်၊ မမော့ဘဲနေသည်။ ချမ်း၍ခိုက်ခိုက်တုန်လာသည်။ အမှောင်ထုထဲတွင် နှလုံးသားထဲမှနေ၍ အော်ဟစ်နေသည်။
" မင်းဖရက် ... မင်းဖရက် ... ရက်စက်လိုက်တာကွယ် ... ဆာရာကို လုံးဝပစ်သွားပြီပေါ့ "
နံနက် မိုးမလင်းခင်ကလေးတွင်ပင် ရွာမှ လိုက်ရှာသောအဖွဲ့တစ်ဖွဲ့က ဆာရာကိုတွေ့သွားသည်။ ထိုအဖွဲ့ များသည် တစ်ညလုံး တောင်စောင်းများ၌ လိုက်ရှာခဲ့ကြသည်။ ဆာရာအား တောင်အောက်သို့ ပွေ့ ချိသယ်ယူသွားကြသည်။
" အဆုတ်အအေးမိသွားတာပါ မက်ဗရိုးဘိုင်အာမင် "
ဆရာဝန်က အဒေါ် ထရူဒီအား ပြောလိုက်သည်။ ထရူဒီက ဆာရာအား ဆေးရုံသို့မပို့ဘဲ အိမ်တွင်ပင် သူမ ကိုယ်တိုင် နေ့ရောညပါ ကိုယ်ဖိရင်ဖိ ပြုစုသည်။ အဖျားကြီးပြီး ကိုယ်သိပ်ပူနေ၍ ရေပတ်တိုက်ပေးသည်။ ဆာရာ့ခုတင်ဘေးတွင်ထိုင်ပြီး သူမလက်ကလေးကို တစ်ချိန်လုံးကိုင်ထားသည်။
ခြောက်ရက်နေ့မြောက်တွင် ဆာရာ အဖျားကျပြီး ထထိုင်လာနိုင်သည်။ ဆန်ပြုတ်ကြက်သားရည် အနည်း ငယ်ကို ကိုယ်တိုင်သောက်လာနိုင်သည်။ ဆရာဝန်က နောက်ဆုံးနေ့လာကြည့်ပြီး တံခါးပိတ်ကာ အသေး စိတ် စစ်ဆေးသည်။ ထို့နောက် ဆရာဝန်က အဒေါ် ထရူဒီအား မိးဖိုထဲသို့ခေါ်သွားပြီး တိုးတိုးတိတ် တိတ် ပြောပြသည်။
ဆရာဝန် ပြန်လျှင်ပြန်ချင်း ထရူဒီက ဆာရာ အိပ်ခန်းထဲသို့ ၀င်လာပြီး သူမအိပ်ရာဘေး၌ ၀င်ထိုင် လိုက်သည်။
" ဆာရာ ညည်းဘယ်တုန်းက နောက်ဆုံးရာသီလာခဲ့သလဲ "
အဒေါ် ထရူဒီက ဆာရာ၏ သေးသွယ် ပျော့ပျောင်းကာ အေးစက်နေသော လက်ကလေးကို တယုတယ ကိုင်ပြီး မေးလိုက်သည်။
ဆာရာက ဘာမှပြန်မဖြေဘဲ သူ့အဒေါ်ကို စက္ကန့်အတော်ကြာအောင် စိုက်ကြည့်နေသည်။ ထို့နောက်မှ ပထမဆုံး အကြိမ် ငိုကြွေးလိုက်သည်။ သေးသွယ်သော ပခုံးနှစ်ဘက် တစ်သိမ့်သိမ့်တုန်နေသည်။
" သမီးလေးရယ် ... သနားစရာကောင်းတဲ့ သမီးကလေးရယ်၊ ဘယ်သူနဲ့ဖြစ်ခဲ့တာလဲကွယ် အဒေါ့်ကို ပြောစမ်းပါ "
ဆာရာက ကျိတ်ငိုနေသည်။ သူမဆံပင်လေးကို ပွတ်သပ်ပြီး ထရူဒီက ချော့မော့နှစ်သိမ့်သည်။ ပွတ်သပ်နေ သော လက်က ချက်ချင်းရပ်သွားပြီး ပြောလိုက်သည်။
" မာနီ ... ဒါ မာနီနဲ့ ဖြစ်တာမဟုတ်လား "
ဆာရာက တသိမ့်သိမ့် ရှိုက်ငိုရင်း ဟုတ်မှန်ကြောင်း ၀န်ခံလိုက်သည်။ ထရူဒီ မျက်လုံးအစုံက ဆာရာ ခုတင်ဘေးရှိ စားပွဲပေါ်သို့ ရောက်သွားသည်။ မှန်ဘောင်သွင်းထားသော ဓာတ်ပုံတစ်ပုံကို စားပွဲပေါ်၌ ထောင်ထားသည်။ ဘောင်းဘီအတို စွပ်ကျယ်အင်္ကျီတို့ဖြင့် လက်ဝှေ့ရေးပြနေသော မင်းဖရက်ဓာတ်ပုံဖြစ်သည်။
" ဆာရီလေးအတွက် သင့်အစ်ကိုကြီး မာနီမှ အမှတ်တရ "
ဟုဓာတ်ပုံတွင် မင်းဖရက်က ရေးပေးထားသည်။
" တကယ်အဖြစ်ဆိုးတာပါပဲလား ... တို့ အခုဘာလုပ်ကြမလဲ "
နောက်တစ်နေ့ မွန်းလွဲပိုင်း၌ ထရူဒီ မီးဖိုထဲတွင် ချက်ပြုတ်နေစဉ် ဆာရာရောက်လာသည်။
" ဘာလို့ အိပ်ရာထဲက ထလာရတာလဲ ဆာရာရယ် "
အဒေါ်က ကရုဏာဒေါသောဖြင့် ပြောလိုက်သည်။ ဆာရာ့လက်ထဲတွင် မင်းဖရက်ဓာတ်ပုံအား မှန်ဘောင်မှ ဖြုတ်ယူလာသည်ကို တွေ့ရသည်။ ဆာရာက ထိုဓာတ်ပုံကို မီးဖိုထဲ ပစ်ထည့်လိုက်သည်။ ဓာတ်ပုံမှာ မီးလောင်ပြီး ပြာကျသွားသည်။ ထိုပြာများကို ဆာရာက မီးညှပ်ဖြင့်ရိုက်ပြီး အမှုန့်ဖြစ် ပျောက်ကွယ်သွား သည်အထိ လုပ်ပစ်လိုက်သည်။
ဆာရာသည် ကုလားထိုင်တွင်ထိုင်ပြီး မီးဖိုကို အတန်ကြာစိုက်ကြည့်နေပြီးမှ ပြောလိုက်သည်။
" ကျွန်မ သူ့ကိုမုန်းတယ် "
" ငါတို့ဆွေးနွေးကြရအောင်ဆာရီ၊ ဘာလုပ်ကြမယ်ဆိုတာ တို့ ဆုံးဖြတ်ရလိမ့်မယ် "
" ဘာလုပ်ရမယ်ဆိုတာ ကျွန်မသိပါတယ် "
ဆာရာ့အသံက အေးစက်မာကျောနေသည်။ ဆယ်ကျော်သက် အရွယ် မိန်းကလေးတစ်ယောက်၏အသံမျိုး မဟုတ်တော့။ ဘ၀၏ အထုအထောင်းဒဏ် ခံထားရသဖြင့် မာကျောနေသော မိန်းမကြီးတစ်ယောက်အသံမျိုးဖြစ်နေသည်။
ရိုအက်ဖိစတင်ဒါ စတယ်လင်ဘို့ခ်ျသို့ပြန်ရောက်ပြီး ၁၁ ရက်အကြာတွင် သူနှင့်ဆာရာတို့ လက်ထပ်ကြ သည်။ ၁၉၃၇ ခု၊ မတ်လ ၁၆ ရက်နေ့တွင် ဆာရာသားကလေး မျက်နှာမြင်သည်။ ကလေးက ထွားပြီး မအေကညှက်နေခြင်း၊ ဆာရာအဆုတ်အအေးမိဒဏ် ခံခဲ့ရခြင်းတို့ကြောင့် ခက်ခက်ခဲခဲ မွေးယူရသည်။
ကလေးမွေးပြီး မကြာခင်မှာပင် စတင်ဒါအား မီးနေခန်းထဲသို့ ၀င်ခွင့်ပြုလိုက်သည်။ ပုခက်ထဲမှ မွေးကင်းစ ကလေးငယ်ကို စတင်ဒါက စိုက်ကြည့်နေသည်။
" ရှင် သူ့ကို မုန်းသလား စတင်ဒါ "
ဆာရာက အိပ်ရာထဲမှမေးလိုက်သည်။ ဆရာ့ဆံပင်၌ ချွေးများစို့နေပြီး ခြေကုန်လက်ပန်းဖြစ်နေသည်။ စတင်ဒါက ခေတ္တငြိမ်နေပြီး သူမအမေးကိုဖြေရန် စဉ်းစားလိုက်သည်။ ထို့နောက် ခေါင်းခါလိုက်သည်။
" မမုန်းပါဘူး ... ဒီကလေးဟာ မင်းရဲ့သွေးပဲ၊ မင်းနဲ့ပတ်သက်တာဆိုရင် ငါဘာကိုမှ မမုန်းဘူး "
ဆာရာက လက်ကမ်းပေးလိုက်သည်။ စတင်ဒါက သူမခုတင်ဘေးသွားပြီး ဆရာ့လက်ကလေးကို တယု တယ ဖမ်းကိုင်လိုက်သည်။
" ရှင်ဟာ တကယ်စိတ်ကောင်း ရှိတဲ့လူပဲ၊ ကျွန်မဟာ ရှင့်ရဲ့ ဇနီးကောင်းတစ်ယောက် ဖြစ်ရစေ့မယ် စတင်ဒါ၊ ကျွန်မ ကတိပေးပါတယ် "
ဆက်ရန်
.
No comments:
Post a Comment