..........သို့မဟုတ်...........
မပြီးသေးသော ပန်ချီကား
ဇော်ခိုင်ဦး
ဓါတ်ပုံပေါင်းများစွာကို မြင်ခဲ့ဖူး၏။ ယနေ့အထိ ထိုဓါတ်ပုံလောက်မစွဲ။ မြင်ခဲ့ဖူးသော ဓါတ်ပုံများထဲတွင် ရှုခင်းပုံတွေလည်း ပါသည်။ ပန်းချီကားကို ပြန်ရိုက်ပြထားသော ပုံမျိုးလည်းပါသည်။ သို့ပေမယ့် လွန်ခဲ့သောနှစ်များစွာက ဖျတ်ခနဲမြင်တွေ့ခွင့်ရလိုက်သော အဖြူအမည်းခပ်ဝါးဝါး ဓါတ်ပုံကားတစ်ချပ်က နှလုံးသားထဲ စူးစူးနစ်နစ် စွဲထင်နေစေခဲ့ သည်ဟု ဆိုရမည်။ ထိုဓါတ်ပုံမှာ ဓါတ်ပုံဝါသနာရှင် ပင်လယ်ပျော်ဦးလှဖေ၏ မှတ်တမ်း ဓါတ်ပုံလေး။ ၁၉၄၇ ခုနှစ်…လွမ်းစရာ့ရာသီဥတုတွင် မြင်ရသော (သို့)မြင်လိုက်ရသော အာဇာနည်ဗိမာန်ကြီး စတင်တည်ဆောက်နေစ အခါသမယပင်ဖြစ်သည်။
ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အုတ်ဂူဖြူဖြူတို့ကို ယာယီ ကာရန် ထားဆဲ သစ်သားခြံစည်းရိုးအနက်အလံတိုင်တစ်တိုင်တွင် လွင့်ထူထားသော ပြည်ထောင်စု အလံတော် ကြီးမှာ မှိုင်းပြာရီဝေနေသော နောက်ခံမိုးသားနှင့်အတူ မြင်နေရ သည်။ စတင်တည်ဆောက်နေစဖြစ်၍ အမိုးအကာ များလည်းမရှိသေး။ ထင်းထင်း ကြီးမြင် နေရသည်က အုတ်ဂူဖြူဖြူ နောက်မှ သက်တမ်းရင့် ကုက္ကိုပင်ကြီး များလားမသိ။ မိုးပေးထား သလိုလို…။
မိမိတို့ငယ်စဉ်က အာဇာနည်နေ့ကျရောက်ပြီဆိုလျှင် ၂၆ဘီလမ်းအတိုင်း ပွဲကုန်အရပ်ရှိ ၂၁.အ.ထ.ကမှ မြို့တော်ခန်းမ သို့ စကားတပြောပြောဖြင့် နှစ်ယောက် တစ်တွဲ သုံးယောက်တစ်တွဲတန်းစီပြီး လျှောက် ခဲ့ကြရသည်။ ၂၆ဘီလမ်းတစ်လျှောက်မှာ မြင်းခွာသံ တခွပ်ခွပ်ကြားခဲ့ရသည်။ နာရီစင်မှာ နာရီထိုးသံကြားခဲ့ရသည်။ ဈေးချိုရုံကြီး ၁၂ရုံလှမ်းမြင်ခဲ့ရသည်။ လမ်း ၈၀ထောင့်အရောက်တွင် နေ့တိုင်း မြင်နေကျ မြင်ကွင်းပေမဲ့ မရိုးတမ်းထပ်ကြည့်ရသည်က ကျုံးရေပြင်နှင့် မြို့ရိုး။ ၇၈ လမ်းနားရောက်ခါနီး လမ်းညာ ဘက်ရှိ Bekind to an imals by not eating them … ဟူသော အသားစား ရှောင်ကြဉ်ရေး အဖွဲ့ နှိုးဆော်စာလေးကိုလည်း ရွတ်ဆိုခဲ့ရသည်။
ကျုံးဘေးရှိ မြို့တော်ခန်းမရောက်လျှင် စနစ်တကျစီတန်းဝင်စေပြီး ကျဆုံးလေပြီးဖြစ်သော အာဇာနည် ခေါင်းဆောင်ကြီးများကို ငြိမ်သက်စွာ အလေးပြုခဲ့ရသည်။ ငယ်နုစဉ်ကျောင်းသား ဘ၀ဆိုတော့ ထိုစဉ်က ရခဲ့သော တန်ဖိုးမျိုးနားလည်ရကောင်းမှန်း မသိခဲ့။ တန်ဖိုးထား ရကောင်းမှန်းလည်း မသိခဲ့။ အခမ်းအနား ပြီးလျှင် ပြန်ရဖို့ အရေးသာ စိတ်စောနေခဲ့မိသည်။ ထိုစဉ်က ဦးညွှတ်အလေးပြုခဲ့ရသော အာဇာနည်ခေါင်း ဆောင်ကြီးများ အနက် ဗိုလ်ချုပ်အောင်ဆန်းကိုတော့ ခပ်ထင်းထင်းမှတ်မိခဲ့သည်။ နောင် လက်လှမ်း မီ သလောက် စာတွေဖတ်ဖြစ်လာသောအခါမှ မိမိငယ်စဉ်က ဦးညွှတ်ခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်းမှာ စာပေ ၀ါသနာဘက် တမ်းညွှတ်သော (၀ါ)စာရေးဆရာဖြစ်ချင်သော ပုဂ္ဂိုလ်ကြီးဟု သိလိုက်ရသည်။ အထက်တန်း ကျောင်းသားဘ၀၊ က္ကသိုလ်ကျောင်းသားဘ၀၊ သခင်ဘ၀၊ ဗိုလ်ချုပ်ဘ၀… တစ်လျှောက်လုံး စာရေး၊ စာဖတ် မပြတ်ခဲ့သောသူဟုလည်း ထပ်မံသိခွင့်ရ လိုက်ပြန်သည်။
ကိုယ်တိုင်အထက်တန်းကျောင်းသားဖြစ်မှ ပြဌာန်းစာ ဖြစ်သော ပင်ရင်းစကားပြေလက်ရွေးစင်စာအုပ်တွင် ရွှေဥဒေါင်း၊ မြမျိုးလွင်၊ မှော်ဘီ ဆရာသိန်းကြီး၊ သခင် ဘသောင်း၊ သိပ္ပံမောင်ဝ… အစရှိသော ကလောင် များ ထဲမှ အောင်ဆန်း ဟူသော ကလောင်အမည်လေးကို ထင်းကနဲတွေ့မြင်လိုက်ရသည်။ သေနင်္ဂဗျူဟာ စစ်ပညာ အောင်ဆန်းတဲ့။ တည်းဖြတ်သူဦးဘသောင်းပေးပို့လိုက်သဖြင့် ရှေးပညာရှိ လက်ဝဲသုန္ဒရ အမတ်၏ သေနင်္ဂဗျူဟာဟာ စစ်သမိုင်းနှင့်ဗျူဟစက္ကိ ပျို့နှစ်ရပ်ဖတ်ခွင့်ရခြင်းအပေါ် ၀မ်းမြောက် လှကြောင်း ရေးသားထားသည်။ တစ်နည်းဆိုရလျှင် ဦးဘသောင်း တည်းဖြတ် သော စစ်သမိုင်းစာအုပ်မှ ကိုအောင်ဆန်း ၏ အမှာမုခ်ဦး ပင်ဖြစ်သည်။
တက္ကသိုလ်ကျောင်းသားဘ၀က အများသူငါ ကျောင်းသားများထက် ကိုအောင်ဆန်းက ခေါင်းတစ်လုံး ပိုမြင့် ခဲ့သူအဖြစ်ပေါ်လွင်သည်။ အဓိက စာဖတ်ခြင်းပင်။ စာကိုအငမ်းမရ ဖတ်ခဲ့ရသူဖြစ်သည်။ သူ၏ အတ္ထုပ္ပတ္တိ ထဲမှ သူနေထိုင်သောအခန်းမှာ စာအုပ်သေတ္တာတွင်းမှ စာအုပ်များမှာ ခြတောင်ပို့ပမာ တစ်အုပ်ပြီး တစ်အုပ် ထုတ်၍ စာအုပ်သေတ္တာပေါ်မှာပင် တင်ကာ၊ ပစ်ကာထားပုံရ၏။ စာအုပ်တို့မှာ တစ်အုပ် ပေါ် တစ်အုပ် စီစီရီရီမရှိ၊ ဟိုစောင်းဒီရွဲ့နှင့် ထပ်လျှက်သာရှိ၏။ စားပွဲပေါ်၌၎င်း၊ စာအုပ်သေတ္တာ ပေါ်၌ ၎င်း တွေ့မြင်ရသော စာအုပ်များမှာ အလှူပွဲတွင် ပန်းပေါက်ပေါက်ကြဲထားဘိ သည်နှင့် မခြား ဘဲ ပြန့်ကြဲလျက် ရှိတော့၏။
စာသမားတစ်ယောက် ပီသစွာနေထိုင်ခဲ့သော မြင်ကွင်း၊ တက္ကသိုလ်ကျောင်းများ သမဂ္ဂ အစည်းအဝေး များတွင် အင်္ဂလိပ်လိုထည့်၍ပြောတတ်သူဟုလည်း ကျော်ကြားခဲ့ သည်။ အခြားကျောင်းသားများက ဗမာလို ပြောပါဗျ ၀ိုင်းအော်နေလည်း အမှုမထားဘဲ ပြောမြဲပင်ဆက်ပြောသည်။ ဘာကိုမျှမမှု၊ ပြောင်ကြ လှောင်ကြလည်း သူမလျှော့၊ စိတ်လည်းမဆိုး၊ ဂန္ထလောကမဂ္ဂဇင်းတွင် ဘာသာပြန်စာပေပြိုင်ပွဲ ၀င်ပြိုင် ဖူးသည်။ ထိုစဉ်က ကလောင်အမည်မှာ ပဲခူးကဝေဖြစ်သည်။
ဆရာကြီးခင်ဗျား…
ကျွန်တော်တို့ သမဂ္ဂအသင်းကြီး၏ ဆဌမနှစ်ပတ်လည်အစည်းအဝေးကို သီတင်းကျွတ်လဆန်း ၆ ရက်နေ့ ၇နာရီခွဲ အချိန် တွင် ကျင်းပမည်ဖြစ်ရာ မြန်မာပြည်နှင့် တကွ အိန္ဒိယပြည်၊ အင်္ဂလန်ပြည်ရှိ ခေါင်းဆောင်ကြီး များ ပညာချွန်သူများထဲသို့ ထိုနေ့အရောက် သ၀ဏ်လွှာများ ရေးသားပေးပို့ကြပါရန် တောင်းပန် ထားပါကြောင်း… ဆရာကြီးကလည်း ကျွန်တော်တို့၏ အသင်းကို ထောက်ပံ့သောအားဖြင့် ဆရာကြီး နှစ်သက်ရာ သ၀ဏ်စာတစ်ခုကို လေးချိုးနှင့်ဖြစ်စေ၊ ရိုးရိုးစကားပြေနှင့်ဖြစ်စေ မစပါမည် အကြောင်း ရိုသေ လေးမြတ်စွာ အစီရင်ခံပါသည် ခင်ဗျား။
အောင်ဆန်း
ဒုတိယဥက္ကဌ
ကိုအောင်ဆန်း သည် ဓမ္မစေတီ၊ မှာပုံတော် အစရှိသော ၀တ္ထုကြီးများကိုလည်း ရေးသားခဲ့သော ဆရာကြီး သခင်ကိုယ်တော်မှိုင်း ထံမှ သ၀ဏ်လွှာတောင်းခံခြင်းမှာလည်း စာပေစိတ်အပြည့်အ၀ရှိပြီး စာပေတန်ဖိုး နားလည်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်မှန်း မြင်တွေ့ နေရပြန်သည်။ ရှေးစာပေ၊ ခေတ်စာပေဟူ၍မခွဲခြားဘဲ စာစုံ ဖတ်ခဲ့သူ တစ်ယောက် အဖြစ်လည်း ဘေးတိုက်မှ တွေ့မြင်လိုက်ရပြန်သည်။
အယ်ဒီတာကိုအောင်ဆန်း
သတ္တိရှိရှိ၊ တာဝန်သိသိ
စာ၏၀န်တာ၊ ငါ့ဝန်တာဟု
တာဝန်သိစိတ်၊ ခြင်္သေ့စိတ်နှင့်
အင်္ဂလိပ်ကျောင်းအုပ်ရှေ့ကအယ်ဒီတာ။
ခြိမ်းခြောက်သော်လည်း မဖြုန်၊
ချော့မြှောက်သော်လည်း မတုန်၊
အိုးဝေအယ်ဒီတာ၏ဂုဏ်။
ငရဲခွေးကို
ရေးသူဖော်ခိုင်း၊ ရာဇ၀င်ရိုင်းရော့မည်
ခြောက်တိုင်းမကြောက်၊ ဒူးမထောက်သည်
ရဲရဲတောက် အယ်ဒီတာ။
ကျောင်းအထုတ်ခံကာ
အမှန်ဘက်က၊ ရပ်တည်ပြသည်
သမဂ္ဂအယ်ဒီတာ၊ သူခေါင်းမာ၍
၁၉၃၆ အရေးတော်ပုံ ပေါ်ခဲ့သည်။
အကယ်၍သာ
အယ်ဒီတာကိုအောင်ဆန်း၊ ရာဇ၀င်နွမ်းခဲ့လျှင်
လွတ်လပ်ရေးလမ်းပွင့်ပါ့မလား။
အယ်ဒီတာ့စားပွဲ၊ သူ့အံဆွဲမှ
ခဲစာလုံးတွေရဲ့တန်ဖိုးများ
လွတ်လပ်ရေးရဲ့ ရွှေတံခါး။
အထက်ပါ ကဗျာကိုဖတ်ပြီး စာရေးဆရာကိုအောင်ဆန်းအား ဦးညွှတ်လိုက်ပါ သည်။ ထာဝစဉ် ဦးညွှတ် လိုက် ပါသည်။
ဇော်ခိုင်ဦး
.

No comments:
Post a Comment