(၃၁)
ဝယ်တာဗီဒင်အိမ်ကြီးသို့ ဧည့်သည်များ ရုတ်တ်ရက် ရောက်လာပြီး စည်ကားစိုပြည်သွားသလို၊ ဧည့်သည် များ ပြန်သွားသောအခါ ရုတ်တရက် ခြောက်ကပ်သွားသည်။ အရေးကြီးသော ဧည့်သည်များ ဖြစ်သည့် ဗိုလ်ချုပ်ကြီး စမတ်နှင့် ၀န်ကြီးချုပ်ဟတ်ဇော့၊ အုပ်ချုပ်ရေးမှူး ဘလိန်းမယ်ကွန်းတို့လောက် သာ ဧည့်သည် ဟူ၍ ကျန်တော့သည်။
ပိုလိုကစားကွင်းထဲ၌ အမှိုက်များ ပြန့်ကျဲနေသည်။ အိမ်ထဲတွင် ရှန်ပိန်ပုလင်းလွတ်များနှင့် လျှော်ဖွပ် စရာ စားပွဲခင်း များ လက်သုတ်ပ၀ါများက တောင်ပုံရာပုံ ဖြစ်နေသည်။
စင်တိန်သည် အိမ်ကြီး ခြံကြီးနှင့်အတူ အိမ်ထဲရှိ ပန်းချီကာုးများ၊ ပန်းပုရုပ်များ စသည့် အနုပညာ လက်ရာ များပါ ရောင်းချနိုင်ရေးအတွက် လန်ဒန်ရှိ "ဆိုသဘီ" အနုပညာ အရောင်းအ၀ယ် လေလံ ပညာရှင် မစ္စတာ ဒါဗင်ပေါ့ကိုပါ ဖိတ်ကြားထားရာ ရောက်ရှိနေသည်။ သူသည် ပစ္စည်းများကို တစ်ခု ချင်း ကြည့်ရှု အကဲဖြတ်နေရာ ရှာဆာက ဘ၀င်မကျ ဖြစ်နေသည်။
ထို့ကြောင့် နံနက်စာ စားပြီးချိန်တွင် စင်တိန်က ရှာဆာအား ခြံဝင်းထဲ ခေါ်လာပြီး အခြေအနေကို အမှန် အတိုင်း ရှင်းပြသည်။
"ဟိုလူကဆိုသဘီကပါ၊ ဆိုသဘီဆိုတာ ကမ္ဘာမှာ ရှေ့အကျဆုံး အနုပညာအရောင်းအ၀ယ် လေလံ တင်ဆိုင် က ကျွမ်းကျင်သူပါသား"
စင်တိန် သူ့သားကို လေပြေထိုးလိုက်သည်။
"ကျွန်တော် သိပါတယ် မေမေ၊ ကျွန်တော် နလပိန်းတုံး မဟုတ်ပါဘူး"
"ရှာဆာ ... ငါ့သား၊ သူက ၀ယ်တာဗီဒင်ကို င့ါတို့အတွက် ရောင်းပေးဖို့လာတာ" စင်တိန်က အသံကို ထိန်းပြီး ပြောလိုက်သည်။
"ပန်းချီကားတွေ ရောင်းဖို့ မဟုတ်လား"
"ပန်းချီကားတွေတင် မဟုတ်ဘူး၊ ကော်ဇော်တွေရော၊ ငွေထည်ပု့စ္စည်းတွေရော အားလုံး ရောင်းပေးဖို လာတာ၊ ဒီအိမ်ကြီးရော၊ ဒီဝင်းခြံရော ... အိုကွာ ... မင်းမြင်းတွေပါ အားလုံးရောင်းပေးဖို့လာတာ"
ရှာဆာ က စင်တိန်အား မသိနားမလည်သလို စိုက်ကြည့်လိုက်သည်။ ရှာဆာသည် အသက်လေးနှစ် အရွယ် ကတည်းက ဤအိမ်ကြီးတွင် နေခဲ့သည်။ သူမှတ်မိသမျှဆိုလျှင် ငယ်ငယ်တည်းက ဤအိမ် မှ လွဲ၍ တခြားအိမ် ၌ မနေခဲ့ဖူးပေ။
စင်တိန်က ရှာဆာအား အခြေအနေကို ရှင်းပြလိုက်သည်။
"ငါ့သား ... မေမေ့မှာ အားလုံး ဆုံးရှုံးကုန်ပြီ၊ စိန်တွေ ဓားပြတိုက်လုယက်ခံရပြီးကတည်းက မေမေ အခြေအနေအားလုံးကို နဂိုအတိုင်း ထိန်းထားနိုင်ဖို့ ကြိုးစားခဲ့တယ်၊ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး၊ အားလုံး သွားပြီး ရှာဆာ၊ အကြွေးတွေဆပ်ဖို့အတွက် ဒီအိမ်ကြီးနဲ့ ခြံကြီးကို ရောင်းရတော့မယ်၊ အဲဒါ တွေ ရောင်းပြီးယင် မေမေတို့မှာ ဘာမှကျန်တော့မှာ မဟုတ်ဘူး၊ မေမေတို့ သူဌေးမဟုတ်တော့ဘူး၊ စီးပွား ပျက်ပြီး ... အားလုံး ပျက်စီးဆုံးရှုံးပြီး
စင်တိန် အသံက တုန်ယင်လှိုက်မောနေသည်။
"တို့ဆင်းရဲပြီ ရှာဆာ ..."
စင်တိန်သည် သူမ ခံစားချက်ကို ဆက်ပြောရန် စကားလုံး ရှာမတွေ့ဘဲ ဖြစ်နေသည်။
ရှာဆာက နောက်ဆုံး အေးဆေးတည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"မေမေ သိပါတယ်လေ၊ ကျွန်တော့်မှာ ဆင်းရဲသား သူငယ်ချင်းတွေ ရှိပါတယ်၊ ကျောင်းက ကျွန်တော့် သူငယ်ချင်းအချို့ဟာ ဆင်းရဲကြရှာတယ်၊ သူတို့မိဘတွေ ဆင်းရဲလို့ သူတို့ စိတ်မညစ်ကြပါဘူး၊ ပျော်ပျော်ပဲ နေကြတာပဲ၊ ဆင်းရဲတာ မဆန်းပါဘူး မေမေ"
"အေးအေး ... မင်းက မဆန်းဘူးဆိုပေမယ့် မေမေကတော့ ဆန်းတယ်၊ ဆင်းရဲရမှာ မေမေ ကြောက် တယ်၊ ဆင်းရဲရတဲ့ အရသာ ကို မေမေ မခံစားကြည့်ချင်ဘူး"
"အင်းလေ၊ အခုအချိန်မှာ ကျွန်တော် လူကြီး ဖြစ်နေမယ်ဆိုယင် မေမေ့ကို ကျွန်တော် ကူညီနိုင်တဲ့ အနေအထား ဆိုယင် တစ်မျိုးပေါ့"
နောက်တစ်နေ့တွင် စင်တိန်သည် ဆိုသဘီမှ မစ္စတာဒါဗင်ပေါ့အား သင်္ဘောဆိပ်သို့ လိုက်ပို့သည်။ ထို သင်္ဘော ဖြင့်ပင် ဘလိန်းမယ်ကွန်၏ ဇနီး အစ္စဘယ်လာနှင့်သမီးနှစ်ယောက်လည်း အင်္ဂလန်သို့ လိုက်ပါ သွားကြသည်။
ဗိုလ်ချုပ်ကြီး ဂျိမ်းဘာရီမန်နစ်ဟတ်ဇော့သည် ၀ယ်တာဗီဒင် အိမ်ကြီးသို့ အလုံပိတ်ကားဖြင့် ရောက် လာသည်။ ကားတွင် ဘာအမှတ်အသား ဘာတံဆိပ်မှ တပ်မထားပေ။ သူသည် ဂျန်ခရစ္စမယန်စမတ် နှင့် ရဲဘော်ရဲဘက်ဟောင်း ဖြစ်သည်။
သူတို့နှစ်ဦးသည် တောင်အာဖရိက စစ်ပွဲအတွင်းက ဗြိတိသျှကို လက်တွဲတော်လှန် ဆန့်ကျင့်ခဲ့သူများ ဖြစ်သည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင်လည်း အတူပါဝင်ခဲ့သူများ ဖြစ်သည်။ ထို့နောက် တောင်အာဖရိက ပြည်ထောင်စု နိုင်ငံ ပေါ်ပေါက်ရေးတွင်လည်း ပါဝင်ခဲ့သည်။ လူဝစ္စဘိုသာ အစိုးရ၏ ပထမဆုံး ၀န်ကြီး အဖွဲ့တွင် နှစ်ယောက်စလုံး ၀န်ကြီးအဖြစ် ပါဝင်ခဲ့သည်။
ထို့နောက်တွင် သူတို့နှစ်ယောက်လမ်းခွဲခဲ့ကြသည်။ ဟတ်ဇော့သည် တောင်အာဖရိက ပထမဟူသော ကျဉ်းမြောင်း သော အမြင်နှင့် လမ်းစဉ်ကို စွဲကိုင်ခဲ့သည်။ ဂျန်စမတ်က နိုင်ငံတကာ နိုင်ငံရေး လမ်းကြောင်း ကို လိုက်ခဲ့သည်။ ဗြိတိသျှဓနသဟာယအဖွဲ့ ထူထောင်ရေးတွင်လည်းကောင်း၊ နိုင်ငံ ပေါင်းချုပ် အသင်းကြီး ဖွဲ့စည်းထူထောင်ရေးတွင်လည်းကောင်း ထိပ်တန်းမှ ပါဝင်လုပ်ဆောင်ခဲ့သည်။
ဟတ်ဇော့သည် ၀ယ်တာဗီဒင်အိမ်ကြီး၏ စာကြည့်တိုက်ခန်းထဲသို့ တစ်လှမ်းချင်း ၀င်သွားသည်။ ဂျန်စမတ် သည် စားပွဲရှည်ကြီးတွင် ထိုင်ရာမှ ထလိုက်ပြီး ဆီးကြိုကာ နှုတ်ဆက်သည်။ ထိုစာကြည့်ခန်း ကို စင်တိန် က သူတို့အတွက် စိတ်ကြိုက် သုံးရန် စီစဉ်ပေးထားသည်။
လက်ဆွဲနှုတ်ဆက်ရင်း ဟတ်ဇော့က စပြောသည်။
"ကျွန်တော်တို့မှာ ဋီကာချဲ့ ဆွေးနွေးစရာ ပရိယာယ်ဆင်စရာ အချိန်သိပ်များများ မရဘူး"
ဗိုလ်ချုပ်ကြီးစမတ်က စားပွဲတွင် ထိုင်နေသော ဘလိန်းမယ်လကွန်နှင့် ဒီနေရစ်တို့အား လှမ်းကြည့် လိုက်သည်။ ထိုနှစ်ယောက်သည် စမတ်ယုံကြည်အားအကိုးဆုံးနှင့် အစိုးရ အဖွဲ့သစ်အတွက် ရည်မှန်း ထားသော ၀န်ကြီးလောင်းနှစ်ဦး ဖြစ်သည်။ ၀န်င်္ကြီးချုပ်ဟတ်ဇော့နှင့် သူ၏ ဘဏ္ဍာရေးဝန်ကြီး နီကိုလက်စ်ဟာဗင်ဂါ တို့ စားပွဲတစ်ဘက်တွင် နေသားတကျ ထိုင်မိသည်အထိ သူတို့က ဘာမှ ပြန်မပြော သေးဘဲ စောင့်နေသည်။
ဟာဗင်ဂါသည် အသက် ၁၇နှစ်အရွယ်ကပင် ဟတ်ဇော့နှင့် လက်တွဲကာ ဗြိတိသျှတို့အား ကွန်မန်ဒို တိုက်ပွဲ ဆင်နွှဲခဲ့သည်။ ဟတ်ဇော့၏ အတွင်းရေးမှူးအဖြစ်လည်း ဆောင်ရွက်ခဲ့ပြီး ထိုစဉ်မှစ၍ သူတို့ နှစ်ဦး လက်တွဲ လာခဲ့ကြသည်။ ၁၉၂၄ခုတွင် ဟတ်ဇော့၏ နေရှင်နယ်လစ်ပါတီ အာဏာရချိန်မှစ၍ ဟာဗင်ဂါ သည် ဘဏ္ဍာရေးဝန်ကြီးအဖြစ် တောက်လျှောက် တာဝန်ယူခဲ့သည်။
"ဒီမှာ ကျွန်တော်တို့အတွက် စိတ်ချလုံခြုံရဲ့လား"
ဟာဗင်ဂါက စာကြည့်တိုက်အတွင်း မျက်စိတစ်ချက်ဝေ့ ကြည့်လိုက်ပြီး မေးလိုက်သည်။
"လုံခြုံစိတ်ချ ရပါတယ်၊ ကျွန်တော်တို့ပြောတာ ဘယ်သူမှ ကြားရမှာမဟုတ်ပါဘူး၊ ပွင့်ပွင့်လင်းလင်း ပြော နိုင်ပါတယ်"
စမတ်က အာမခံချက် ပေးလိုက်သည်။ သို့သော် ဟာဗင်ဂါက သူ့ဆရာဝန်ကြီးချုပ် ဟတ်ဇော့အား လှမ်း ကြည့်လိုက်သည်။.ဟတ်ဇော့က ခေါင်းညိတ်ပြလိုက်မှ ဟာဗင်ဂါက လေးကန်စွာ ပြောလိုက်သည်။
"တေးမင်းရော့စ်ဟာ တရားလွှတ်တော်ချုပ် အယူခံတော် မတီကနေ နှုတ်ထွက်စာတင်သွားပြီ"
ဟာဗင်ဂါက ကြေညာလိုက်သည်။ သူ့အဖို့ အကျယ်ချဲ့ ပြောစရာ မလိုတော့ပါချေ။ တေးမင်းရောစ် သည် တောင်အာဖရိကနိုင်ငံ လူသိအများဆုံးနှင့် အထင်ပေါ်ဆုံး လူတချို့ထဲတွင် အပါအ၀င် ဖြစ်သည်။ "မြောက်ပိုင်းမှခြင်္သေ့" ဟုအမည်ပေးထားကြသည်။ ဟတ်ဇော့အပေါ် သစ္စာအရှိဆုံး ပုဂ္ဂိုလ်တစ်ဦး လည်း ဖြစ်သည်။ ဟတ်ဇော့အာဏာရလာသောအခါ တရားရေးဝန်ကြီးနှင့် ဒုတိယ၀န်ကြီးချုပ် ဖြစ်လာ ခဲ့သည်။ ဟတ်ဇော့၏ အရိုက်အရာခံမည့်သူဟု မြင်ထားကြသည်။ သို့သော် သူသည် နောက်ပိုင်း၌ ကျန်းမာရေးး ချို့တဲ့လာသည်။ ထို့အပြင် နောက်ပိုင်း၌ တောင်အာဖရိကနိုင်ငံက ရွှေစံချိန်စနစ်အား လိုက်နာ ဆုပ်ကိုင် နေမှု အပေါ် သဘောထားကွဲလာသည်။ ထို့ကြောင့် သူသည် နိုင်ငံရေးမှ အနားယူ လိုက်ပြီး တရားလွှတ်တော်ချုပု အယူခံကော်မရှင်တွင် ရာထူးလက်ခံခဲ့သည်။
"ကျန်းမာရေးကြောင့် နှုတ်ထွက်တာလား"
ဂျန်စမတ်က မေးလိုက်သည်။
"မဟုတ်ဘူး၊ ရွှေစံချိန်ကိစ္စပဲ၊ ကျွန်တော်တို့က ရွှေစံချိန်စနစ် ဆက်လက် ဆုပ်ကိုင်ကျင့်သုံးနေတာကို ဆန့်ကျင့် ဖို့ သူက ရည်ရွယ်ထားတယ်" ဟာဗင်ဂါက ဖြေသည်။
"သူရဲ့ သြဇာတိက္ကမကလဲ အတော်ကြီးတယ်"
ဘလိန်းက ၀င်ပြောလိုက်သည်။
"ကျွန်တော်တို့ရဲ့ မူဝါဒေတွေအပေါ်မှာ လူထုသံသယ၀င်လာအောင် သူလုပ်မှာကို ခွင့်မပြုနိုင်ဘူး။ အခုအချိန်မှာ ရောင့်ရဲ ကြေညာချင်ဟာ အများကြီး ဒုက္ခပေးနိုင်တယ်။ ရွှေကိစ္စနဲ့ ပတ်သက်ပြီး ပူးတွဲ မူဝါဒ တစ်ရပ် သဘောတူညီချက်ရဖို့ဟာ ကျွန်တော်တို့ရဲ့ ပထမဦးစားပေး လုပ်ငန်း ဖြစ်မယ်၊ သူ့ရဲ့ ရပ်တည်ချက် ကို ဆန့်ကျင်မလား၊ ဒါမှမဟုတ် ကျွန်တော်တို့က အလျင်လက်ဦးမှု ယူပြီး လုပ်ရမလား၊ ကျွန်တော် တို့ နှစ်ဖွဲ့စုစည်းညီညွတ်ဖို့ကတော့ အဓိက အရေးအကြီးဆုံးပဲ"
ဟတ်ဇော့က စမတ်ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
"ခင်ဗျား အယူအဆကို ကျွန်တော် သဘောတူပါတယ်။ ကျွန်တော်တို့ ညွန့်ပေါင်းအစိုးရအဖွဲ့ မပေါ်ပေါက် လာခင်က ကြိပြီး သိက္ခာကျမှာ နာမည်ပျက်မှာမျိုးကို မလိုလားပါဘူး" စမတ်က ပြန်ပြော သည်။
"ဒီပြဿနာ က အကျပ်အတည်း အဲဒီကိစ္စမှာ ခင်ဗျားတို့ သဘောထားကို သိပါရစေဦး" ဟာဗင်က ဖြတ်မေးလိုက်သည်။
စမတ်က ပြန်ဖြေသည်။
"ကျွန်တော်တို့ရဲ့ သဘောထားကို ခင်ဗှား သိပါတယ်။ ဂရိတ်ဗြိတိန်က ရွှေစံချိန်စနစ်ကို စွန့်လွှတ်တုန်း က အဲဒီနမူနာကို ယူပြီး လုပ်ဖို့ ကျွန်တော် တိုက်တွန်းခဲ့တာ ခင်ဗျား သတိရိပါလိ့မ်မယ်။ ကျွန်တော်တို့ သဘောထား ဟာ အဲဒီအတိုင်းပဲ၊ မပြောင်းပါဘူး"
"ဘာ့ကြောင့် အဲဒီလိုပုံစံယူတယ်ဆိုတဲ့ အကြောင်းပြချက်တွေ ရှင်းပြပါဦး"
"အဲဒီတုန်းက ကျွန်တော်ကြိုပြောခဲ့သားပဲ၊ တောင်အာဖရိက ရွှေဈေးတွေ ဇောက်ထိုးကျလိမ့်မယ်လို့၊ ငွေမည်းတွေက ငွေဖြူတွေကို အမြဲတမ်း ဒုက္ခပေးတယ်လေ၊ ကျွန်တော်ပြောတာ မှန်တယ် မဟုတ်လား၊ ဘာတွေဖြစ်ခဲ့သလဲ၊ မတည် ရင်းနှီးမှုတွေ ဆုံးရှုံးပျက်စီးသွားတော့ ရွှေတွင်းလုပ်ငန်းတွေ ပျက်ပြား လာရတယ်။ အလုပ်သမားတွေ သောင်းနဲ့ချီပြီး အလုပ်လက်မဲ့ ဖြစ်လာရတယ်"
စမတ်က ရှင်းပြလိုက်သည်။
"ဗြိတိန်မှာလဲ အလုပ်လက်မဲ့ သန်းချီပြီး ရှိနေတာပဲဗျ" ဟာဗင်ဂါက ထောက်ပြလိုက်သည်။
"ရွှေစံချိန်စနစ်ကို ကျွန်တော်တို့ ဖက်တွယ်ထားခဲ့တဲ့အတွက် အလုပ်လက်မဲ့ပြဿနာကို ပိုပြီး ကြီးထွား လာခဲ့တယ်။ ရွှေတွင်းလုပ်ငန်းတွေအတွက် အခက်အခဲ အကျပ်အတည်းတွေ ဖြစ်လာခဲ့ရတယ်။ ကျွန်တော် တို့ စိန်ဈေးနဲ့ သိုးမွေးဈေးတွေလဲ ကျကုန်တယ်။ စီးပွားရေးကပ်ဆိုက်မှုဟာ ကျွန်တော်တို့ အတွက် ပိုပြီး နက်ရှိုင်း လာခဲ့တယ်" စမတ်က ဆက်ပြောသည်။
"ရွှေစံချိန် စနစ် ကို အခုအချိန်မျိုး နောက်ကျမှ စွန့်လွှတ်လိုက်ယင်ရော တိုင်းပြည်အတွက် ဘာအမြတ် အစွန်း ရလာနိုင်ဦးမလဲ"
"ပထမဆုံးအရေးကြီးဆုံးအချက်ကတော့ ကျွန်တော်တို့ရဲ့ ရွှေတွင်းလုပ်ငန်းတွေ ပြန်လည် ရှင်သန် လာမယ်။ ပြီးတော့ တောင်အာဖရိက က ငွေနဲ့ ဗြိတိန်ငွေလဲလှယ်နှုန်း ကျဆင်းလာမယ်။ ဒါဆိုယင် ကျွန်တော်တို့ရဲ့ ရွှေတွင်းတွေဟာ ရွှေတစ်အောင်စ ထုတ်ယင် အခုလေးပေါင်ရနေရာက ခုနှစ်ပေါင် အထိ တိုးလာရမယ်၊ နှစ်ဆန်းပါးဈေးပိုရမယ်၊ ဒီတော့ ပိတ်ထားတဲ့ ရွှေတွင်းတွေ ပြန်ဖွင့်လာလိမ့်မယ်၊ ဖွင့်နေတဲ့ ရွှေတွင်း တွေက တိုးချဲ့လုပ်လာလိမ့်မယ်။
ရွှေတွင်း အသစ်တွေ ထပ်ဖွင့်လာလိ့မ်မယ်။ လူဖြူနဲ့ လူမည်းတွေ သောင်းချီပြီး အလုပ်ရလာကြလိမ့်မယ်။ ဒီတိုင်းပြည်ထဲကို ငွေရင်းနှီးမြှုပ်နှံမှုတွေ ပြန်စီးဝင်လာမယ်။ အဲဒီ အလှည့်အပြောင်း ဖြစ်လာလိမ့်မယ်။ ဒါဆိုယင် ကျွန်တော်တို့ နိုင်ငံဟာ သာယာဝပြောတဲ့လမ်းကြောင်းပေါ် ပြန်ရောက်လာလိမ့်မယ်"
ရွှေစံချိန်စနစ်အား စွန့်လွှတ်ရေး၊ မစွန့်လွှတ်ရေးကို တစ်ဘက်နှင့်တစ်ဘက် အကြိတ်အနယ် ဆွေးနွေး ကြသည်။ ဘလိန်းနှင့် ရစ်တို့က ဗိုလ်ချုပ်ကြီး စမတ်ဘက်မှ ထောက်ခံဆွေးနွေးကြသည်။ တဖြည်းဖြည်း နှင့် ဟတ်ဇော့ တို့ဘက်က လိုက်လျောအလျှော့ပေးလာရသည်။
နေမွန်းတည့်ပြီး မကြာမီမှာပင် ဘာရီဟတ်ဇော့က ရုတ်တရက် ပြောလာသည်။
"အချိန်က စကားပြောလိမ့်မယ်၊ စတော့ အရောင်းအ၀ယ် ဈေးကွက်မှာ ပွက်လောရိုက်သွားလိ့မ်မယ်။ ခရစ္စမတ်မတိုင်ခင် ဈေးကွက်ဖွင့်ရက်သုံးရက်ပဲ ကျန်တော့တယ်။ ဒီတော့ ဈေးကွက်ပိတ်တဲ့အထိ ဘာမှ မကြေညာသေးဘဲ ဆိုင်းထားရမယ်။ ခရစ္စမတ်ပိတ်ရက်ကျမှ ကြေညာလို့ ဖြစ်မယ်"
ဆွေးနွေးပွဲအခြေအနေမှာ ပြတ်သားသွားပြီး ဟတ်ဇော့၏ အထက်ပါ ပြောကြားချက်သည် စမတ်၏ သဘောထား အမြင် အောင်ပွဲခံသွားပြီဟု ဘလိန်း နားလည်လိုက်သည်။ နှစ်ဆန်းရက် စတော့ ဈေးကွက် ပြန်ဖွင့်ချိန် မတိုင်မီတွင် တောင်အာဖရိက ရွှေစံချိန်စနစ် ကို စွန့်လွှတ်တော့မည်။ မိမိတို့ဘက်မှ အောင်ပွဲ ဖြစ်သည်။ ပေါ်ပေါက်လာမည့် ညွန့်ပေါင်း အစိုးရသစ်၏ ပထမဆုံးလုပ်ဆောင်ချက်သည် တိုင်းပြည် သာယာ ၀ပြော ရေး နှင့် မျှော်လင့်ချက်ရောင်ခြည်ကို ပေးစွမ်းမည့်လုပ်ရပ်ပင် ဖြစ်ပေလိမ့်မယ်။
"တေးမင်းကို ဈေးကွက် ပိတ်ပြီးချိန်အထိ ကြေညာချက် မထုတ်သေးဘဲ ဆိုင်းထားဖို့ ကျွန်တော် စွမ်းဆောင် နိုင်ပါတယ်"
ဟတ်ဇော့က ဆက်ပြောနေသည်။ လုပ်ငန်းပိုင်းဆိုင်ရာ အသေးစိတ်အချက်များသာ ဖြစ်တော့သည်။
ထိုနေ့ညနေပိုင်းတွင် ၀ယ်တာဗီဒင် အိမ်ကြီးရှေ့၌ ဘလိန်းသည် အခြားသူများအား လက်ဆွဲ နှုတ်ဆက် လိုက်သည်။ ထို့နောက် ၀က်သစ်ချပင်အုပ်အောက်၌ ရပ်ထားသော ဖို့ဒ်ကားဆီသို့ လျှောက် သွားသော ဘလိန်း၏ စိတ်ထဲ ၌ မျှော်လင့်ချက်ပန်းတိုင်ဖြင့် ပြည့်လျှမ်းနေသည်။
အိမ်ခြံဝင်းကြီးထဲမှ ကားများ တစ်စီးပြီး တစ်စီး မောင်းထွက်လာကြရာ ဘလိန်းကားက နောက်ဆုံးမှ လိုက်သွားသည်။ ၀န်ကြီးချုပ်ကားက ရှေ့ဆုံးမှ သွားသည်။ ထို့နောက်မှ ဒီနေးရစ်၏ ပလိုင်မောက်ကား က လိုက်သည်။ ရှေ့မှ ကားများသည် ၀င်းဘက်တောင်ကုန်းအတက် မြွေလိမ်မြွေကောက် လမ်းတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ဘလိန်းက သူ့ကားကို လမ်းဘေးတစ်နေရာ၌ ထိုးရပ်လိုက် သည်။ စက်ကို မသတ်ဘဲ ထားသည်။ နောက်ကြည့်မှန်ဖြင့် နောက်ဘက်သို့ လှမ်းကြည့်လိုက်သည်။ မိမိကား နောက်မှ ကားတစ်စီးမှ လိုက်မလာတာ သေချာသွားသည်။
ဘလိန်းသည် ကားကို ဂီယာထိုးလိုက်ပြီး ဂငယ်ဂွေ့ ပြန်ကွေ့ကာ နောက်ကြောင်းသို့ ပြန်လှည့်မောင်း လာသည်။ ၀ယ်တာဗီဒင်အိမ်ကြီး၏ အ၀င်အ၀ ဂိတ်ပေါက်သို့ မရောက်မီတွင်ပင် လမ်းမကြီးပေါ်မှနေ၍ လမ်းကလေးထဲသို့ ချိုးကွေ့ဝင်လိုက်သည်။ ထိုလမ်းကလေးသည် အိမ်ကြီး၏ ၀င်းခြံဘေးမှ ပတ်သွား သော လမ်းကလေး ဖြစ်သည်။ မိနစ်ပိုင်း အတွင်းမှာပင် ဘလိန်းသည် စင်တိန်၏ မြေပေါ်သို့ ပြန်ရောက် သွားသည်။ အိမ်နောက်ဘေးဘက် မလွယ်ပေါက်လမ်းတစ်လမ်းမှ ပြန်ဝင်လာခြင်း ဖြစ် သည်။ သူဝင်လာသော လမ်းသည် ထင်းရှူးပင်အုပ်များနှင့် ကွယ်နေ၍ အိမ်ကြီးမှ လှမ်းမမြင်နိုင်ပေ။
ကားကို သစ်ပင်အုပ်များကြား၌ ရပ်ထားခဲ့ပြီး ဆင်း၍ လမ်းလျှောက်လာသည်။ အိမ်ကလေး၏ တံခါး ပေါက်ကို တွေ့ရာ ခြေသံမကြားအောင် ပြောလိုက်သည်။ စင်တိန် ပြောထားသည့်နေရာအတိုင်းပင် ဖြစ်သည်။ ဘလိန်းသည် တံခါးဝ၌ ခေတ္တရပ်လိုက်သည်။ စင်တိန်က သူ့အသံကို မကြားသေးပေ။ သူ့ကို ကျောပေး ထားသည်။ ဘလိန်းက ခပ်တိုးတိုး ချောင်းဟန့်ပြီး အသံပေးလိုက်သည်။
စင်တိန် က နောက်သို့ ချာခနဲ လှည့်ကြည့်လိုက်ရာ ဘလိန်းက မြင်သွားသည်။
"ရှင် သိပ်ပင်ပန်းနေသလား"
"တစ်နေ့လုံး ဆွေးနွေးနေရတာပဲကွာ"
"လာ"
စင်တိန်က ဘလိန်းလက်ကို ဆွဲပြီး မီးလင်းဖိုဘေးမှ ကုလားထိုင်ဆီသို့ ခေါ်သွားသည်။ ဘလိန်းမထိုင်မီ မှာပင် သူ့ကိုယ်ပေါ်မှ ကုတ်အင်္ကျီကို စင်တိန်က ချွတ်ပေးလိုက်ပြီးလည်စည်းကိုလည်း ဖြေပေးလိုက် သည်။
"ကျွန်မ ရှင့် ကို အဲဒီလိုလုပ်ပေးချင်နေတာ ကြာပါပြီကော ရှင်ရယ်"
ကုတ်အင်္ကျီ ကို ဗီရိုဘေး၌ သွားချိတ်ထားလိုက်သည်။ ထို့နောက် အခန်းအယ်ကောင်ရှိ စားပွဲဆီသို့ သွားပြီး ၀ီစကီ နှင့် ဆော်ဒါ ကို အနေတော်ရောစပ်ပေးလိုက်သည်။
"အတော်ပဲလား"
စင်တိန်က မေးလိုက်ရာ ဘလိန်းက ခေါင်းညိတ်ပြလိုက်သည်။ သစ်သားတစ်ထပ် အိမ်ကလေး၏ ပတ်ဝန်းကျင် ကို လှည့်ပတ် ကြည့်ရှုပြီး ဘလိန်းက ပြောလိုက်သည်။
"လိုလေးသေးမရှိ အားလုံး ပြည့်စုံနေတာပဲ"
"ရှင်လာယင် အဆင်သင့် ဖြစ်အောင် ကျွန်မ တစ်နေ့လုံး ပြင်ဆင်မွမ်းမံနေတာ၊ အယင်တုန်းက ဒီအိမ်ကလေး မှာ အန်နေတာ၊ ဆာဂါရီနဲ့ လက်ထပ်ပြီးတော့ ဟိုအိမ်ပြောင်းသွားပြီးနောက်မှာ ဒီမှာ ဘယ်သူမှ မနေတော့ဘူး၊ အခုတော့ ကျွန်မတို့ နှစ်ယောက်အတွက် သီးသန့်ကမ္ဘာလေး ဖြစ်လာပြီ ပေါ့ ဘလိန်း"
စင်တိန် က ဆေးပြင်းလိပ် မီးညှိပြီး ကုလားထိုင်တွင် ထိုင်နေသော ဘလိန်းအားပေးလိုက်သည်။
ထို့နောက် သားရေကူရှင်တစ်ခုကို ဘလိန်း ခြေထောက်အောက်၌ ထားပေးလိုက်သည်။ ခြေနှစ်ချောင်း ဆန့်ထားသော ဘလိန်းဒူးပေါ်တွင် စင်တိန်က လက်ပိုက်ပြီး မေးတင်ကာ ဘလိန်းကို မော့ကြည့်နေသည်။
"ရှင် ဘယ်လောက်လောက်ကြာကြာနေမှာလဲ"
"မင်းရော ဘယ်လောက်ကြာကြာနေစေချင်သလဲ၊ တစ်နာရီလား၊ နှစ်နာရီလား၊ အဲဒီထက် ပိုကြာစေချင် သေး သလား"
"တစ်ညလုံးနေစေချင်တယ်လေ"
စင်တိန့်က သူ့ဘာသူသဘောကျပြီး ရယ်လိုက်သည်။ စင်တိန်သည် အိမ်ကြီးမှနေ၍ ခြင်းတစ်လုံးဖြင့် အစားအသောက်များ ယူလာခဲ့ရာ သူတို့နှစ်ယောက် ညစာအတူ စားကြသည်။
ထိုည ထိုအိမ်လေးထဲမှ အိပ်ခန်းကျဉ်းကလေးထဲတွင် သူတို့ နှစ်ယောက်အိပ်ကြသည်။
စင်တိန် မနိုးခင် ဘလိန်းက အိပ်ရာမှ အလျင်နိုးနေသည်။ နံနက်ခင်း နေခြည်ဦးတွင် အပြင်ဘက်၌ ငှက်ကလေး များ တေးဆိုနေသည်။
ဘလိန်း သည် သူ့ဘေး၌ အိပ်နေသော စင်တိန် မနိုးစေရန်၊ အနှောင့်အယှက် မဖြစ်စေရန် သာသာလေး ကိုယ်ကို စောင်းလှည့်လိုက်ပြီး စင်တိန်အား ကြည့်လိုက်သည်။ စင်တိန်က သူ့ရင်ဘတ်ေ ပေါ်တွင် လက်တစ်ဖက်ဖြင့် ဖက်ပြီး ကိုယ်တစ်စောင်း အိပ်နေသည်။
"သနားစရာကောင်းတဲ့ မိန်းကလေးပဲ၊ သူ့ကိုငါ ကူညီနိုင်တာရှိယင် ဒီအချိန်ဟာ ကူညီဖို့အကောင်းဆုံး ပဲ၊ သူတကယ် ဒုက္ခရောက်နေရတဲ့အချိန်ပဲ"
ဘလိန်း သည် စင်တိန့် မျက်နှာကို တစ်စိမ့်စိမ့်ကြည့်ပြီး တစ်ယောက်တည်း စိတ်ထဲမှ ပြောနေမိသည်။
ဂုဏ်သိက္ခာ စောင့်စည်းမှုနှင့် တာဝန်ဝတ္တရားက တစ်ဘက်ချစ်ခြင်းမေတ္တာကတစ်ဘက်၊ ထိုနှစ်ဘက် သူ့ရင်ထဲ၌ လွန်ဆွဲနေသည်။
မိမိဘေး၌ အိပ်မောကျနေသော ဤအမျိုးသမီးသည် သူမ၏ချစ်ခြင်းမေတ္တာအတွက် အပေးသမား သက်သက် ဖြစ်သည်။ မိမိထံမှ တစ်စုံတစ်ရာကိုမျှ မျှော်လင့်ခြင်း၊ တောင်းဆိုခြင်း အလျှင်း မရှိခဲ့။ မိမိတို့ နှစ်ဦး ၏ ပျော်ရွှင်ချမ်းမြေ့မှုကြောင့် သူတစ်ပါး မထိခိုက်မနစ်နာစေရ၊ စိတ်မဆင်းရဲစေရ ဟု ဆိုခဲ့သည်။ ဆိုသည့် အတိုင်း လည်း ရပ်တည်ခဲ့သည် အချစ်သက်သက်သမား၊ အပေးသက်သက်သမား၊ ယခုအချိန် အထိ မိမိ က ဘာတစ်ခုမှ တုံ့ပြန်ပေးဆပ်ခဲ့သည် မရှိသေး။
ဘလိန်းသည် အိပ်ရာပေါ်မှ အသာဆင်းလိုက်ပြီး ရေချိုးခန်းသွားကာ မုတ်ဆိတ်ရိတ် မျက်နှာသစ် လိုက် သည်။ ထို့နောက် အိပ်ခန်းဆီသို့ ပြန်လာသည်။ ခြေကိုအသာဖွ နင်းလာပြီး အိပ်ရာဘေး၌ ရပ် လိုက်သည်။
"ငါ အသာလေး ထွက်သွားယင် ရတယ်။ ငါသစ္စာဖောက်သွားတာကို သူဘယ်တော့မှ သိမှာ မဟုတ်ဘူး"
ဘလိန်း သည် သူ့စိတ်ထဲကပြောနေသော စကားလုံး ရွေးချယ်မှု မှန်မမှန် ပြန်စဉ်းစားနေသည်။ ထို့နောက် အတွေးများကို ဘေးဖယ်ပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
ဘလိန်း က ခုတင်ပေါ်သို့ ကိုယ်ကို ကိုင်းလိုက်ပြီး စင်တိန့်  မျက်ခွံကလေးကို ဖွဖွလေး နမ်းသည်။ မျက်တောင် တစ်ဖျပ်ဖျပ်ခတ်ကာ မျက်လုံးပွင့်လာသည်။ စင်တိန်က မျက်လုံး ရွှဲ့ကြီးများဖြင့် ဘလိန်းကို မော့ ကြည့်သည်။ အကြည့်ချင်းဆုံသွားတော့ စင်တိန်က လှလှလေး ပြုံးပြသည်။
"ဒါလင် ... ဘယ်နှစ်နာရီ ရှိပြီလဲဟင်"
စင်တိန်က ကနွဲ့ကလျ မေးလိုက်သည်။
"စင်တိန် ... မင်းနိုးပြီလား"
စင်တိန်က ကမန်းကတန်းထ ထိုင်လိုက်သည်။
"အို ... ဘလိန်း၊ အ၀တ်အစားတောင် လဲပြီးပြီလား။ မြန်လှချည်လား"
"ငါပြောတာ နားထောင်စမ်း စင်တိန်၊ သိပ်အရေးကြီးတယ် ကြားရရဲ့လား"
စင်တိန် က ခေါင်းညိတ်ပြလိုက်သည်။ အိပ်ချင်စိတ်များ သူမဆီမှ ထွက်ပြေးသွားကြပြီ။
"စင်တိန် ငါတို့ ရွှေစံချိန်စနစ်ကို စွန့်လွှတ်တော့မယ်"
သူ့ အသံက လိပ်ပြာမလုံသလို ဖြစ်နေသည်။ သူက ဆက်ပြောသည်။
"မနေ့က သူတို့ ဆုံးဖြတ်လိုက်ကြတယ်။ ဂျန်စမတ်နဲ့ ဘာရီ ဟတ်ဇော့လေ၊ နှစ်ဆန်းမှာ ဈေးပြန်ဖွင့်တဲ့ အချိန် ကျယင် ငါတို့ ရွှေစံချိန်ကို စွန့်လွှတ်လိုက်တော့မယ်"
စင်တိန်က ဘလိန်းအား ငါးမိနစ်ခန့် စိုက်ကြည့်နေသည်။ ရုတ်တရက် သူမ မျက်လုံးအစုံပြူးကျယ်လာ သည်။ ထို့နောက် အံ့အားသင့်မှုမှာ ပုံမှန်ပြန် ဖြစ်လာသည်။
"အို ဒါလင် ... ကျွန်မကို အခုလို ပြောတဲ့အတွက် ရှင့်မှာများ ထိခိုက်ဦးမှာလား"
သူမ အသံက အနည်းငယ်တုန်နေသည်။ ဘလိန်း၏ ဂုဏ်သိက္ခာနှင့် တာဝန်ကြီးမားလေးနက်မှုကို သူမ ကောင်းကောင်းသိသည်။
"ရှင် ကျွန်မကို တကယ်ချစ်တယ်၊ အဟုတ်ချစ်တယ်ဆိုတာ ကျွန်မ ယုံပါပြီ"
ဆက်ရန်
.
No comments:
Post a Comment